အခန်း ၄၈: မင်း ဆေးလိပ်သောက်လား

အခန်း ၄၈: မင်း ဆေးလိပ်သောက်လား

ဖျောက်

တစ်ယောက်ယောက်က ယိုဟော့၏ မျက်နှာနံဘေးတွင် လက်ဖျောက်တီးလိုက်သည်။

တမင်တကာ အားလျှော့ထားသည်မှာ ဧရာမသတ္တဝါကြီးကို ခြောက်လှန့်မိမှာ စိုး၍ ဖြစ်နိုင်သည် သို့မဟုတ် သူ့ကို ထိတ်လန့်အောင်လုပ်မိမှာကို စိုး၍ပင်လားမသိ။

ယိုဟော့သည် ခဏလောက် အံ့အားသင့်နေပြီးနောက် နောက်လှည့်ကြည့်လိုက်သည်။

ချင်ကျိုးသည် သူ့လက်ကို ပြန်ရုပ်လိုက်သည်: "ဘာတွေ စဉ်းစားနေတာလဲ၊ မင်းက လှုပ်တောင်မလှုပ်ဘူး"

"ဘာမှမဟုတ်ဘူး" ယိုဟော့က ခေါင်းခါလိုက်သည်။

မီးခြစ်မှ မီးတောက်သည် တဖျပ်ဖျပ်လှုပ်သွားကာ တဖန်မီးငြိမ်းသွားပြန်သည်။

သင်္ဘောခန်းသည် မှောင်မည်းနေ၏။ ချင်ကျိုး၏ မျက်လုံးများသည်သာ ခပ်မှိန်မှိန် အလင်းပြန်နေသည်။

ယိုဟော့၏ စီးကရက်ကိုင်ထားသော လက်ချောင်းများသည် အနည်းငယ် လှုပ်သွားသည်။ ရင်းနှီးနေသော ခံစားချက်သည် နောက်တဖန် ပြန်ဝင်လာပြန်သည်။

သူက သတ္တဝါကြီးကို စူးစိုက်ကြည့်ရန် လှည့်လိုက်သည်။

ခဏကြာသော် ရုတ်တရက် အမှောင်ထဲတွင် ရေရွတ်လာသည်။ "မင်း ဆေးလိပ်သောက်လား"

ဤမေးခွန်းသည် အဆက်အစပ်မရှိ မေးလိုက်ခြင်းဖြစ်လေရာ ချင်ကျိုးသည် ခဏလောက် အံ့အားသင့်သွားသည်: "အခုလား"

ထိုအခါ ယိုဟော့သည် သူ့မေးခွန်းသည် ဘယ်လောက်ဒွိဟဖြစ်စေလဲဆိုတာ သတိထားမိသွားသည်: "မဟုတ်ဘူး...."

ထိုခံစားချက်သည် ခဏလောက်သာ ပေါ်လာခြင်းဖြစ်သော်လည်း ပျောက်ကွယ်သွားသည်နှင့် ချက်ချင်း အနည်းငယ် ဟာတာတာ ခံစားနေရသည်။

သူ ချင်ကျိုးကို အကြိမ်အနည်းငယ်သာ တွေ့ဖူးခြင်းဖြစ်သော်လည်း ထိုသူ စီးကရက်ဝယ်တာကို တစ်ခါမှ မမြင်ဖူးပေ။ ပိုဆိုးသည်က လူတစ်ယောက်ကို ရွေးကာ ထိုအကြောင်း မေးရသည်က အလွန်ထူးဆန်းသည်။ သူက စောစောက သူ့မေးခွန်းကို ပြန်စဉ်းစားမိကာ အလွန်တုံးအသလို ခံစားလိုက်ရ၏။

"ထားလိုက်တော့၊ ငါမမေးလိုက်ဘူးလို့ပဲ ယူဆလိုက်"

ယိုဟော့သည် သူ၏ ဂရုမထားဟန်သို့ ပြန်ရောက်သွားသည်။

ချင်ကျိုးသည် တစ်စုံတစ်ခုကို ပြောချင်နေသလိုပင်။

သို့ရာတွင် သူစကားပြောရန် ပါးစပ်ဟလိုက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်း သူ့ကိုယ်သူ ပြန်တားလိုက်သည်။ သူက ယိုဟော့ပခုံးကို သတိပေးသကဲ့သို့ နှစ်ကြိမ်တောက်လိုက်သည်။

ကျောက်တိုင်နောက်ကွယ်တွင် သတ္တဝါကောင်ကြီးသည် နောက်ဆုံးတွင် ချောင်းဆိုးနေရာမှ ပြန်သက်သာသွားပြီဖြစ်သည်။

ထိုအရာသည် တိတ်တဆိတ် ရွေ့လျားနေချေပြီ။

၎င်းသည် မီးစုန်းရောင်အနည်းငယ်ထနေသည့်အလား ထင်ရသည်။ သို့မဟုတ် ပုံမှန်မဟုတ်အောင် ဖြူဖျော့သောအသားစိုင်ကြောင့်ပင်လား ထိုအရာသည် အမှောင်ထဲတွင် သိသာပေါ်လွင်နေသည်။

ယိုဟော့သည် သူ၏လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ထိုအရာသည် ကျောက်တိုင်အနောက်မှ မျက်လုံးကျယ်များဖြင့် အပေါ်မှအောက်၊ ဘယ်မှညာ ကြည့်နေလေသည်။ သူ့ကိုယ်သည် အလွန်ကြီးမားလေရာ အသက်တစ်ချက်ရှူလိုက်တိုင်း သင်္ဘောခန်းတစ်ခုလုံးကို နိမ့်ချည်မြင့်ချည်လှုပ်ရှားသွားစေသည်။ ဆန့်ထုတ်ထားသော ခြေလက်များသည် အသက်ရှူထုတ်သည့် စည်းချက်နှင့်အညီ သင်္ဘောသစ်သားကြမ်းပြင်ထက်ကို ညင်သာစွာ ခေါက်နေသည်။

တောက် တောက်

ဤသတ္တဝါကြီးသည် ကြီးမားလှသော သန္ဓေပြောင်း ရေဘဝဲကောင်တစ်ကောင်နှင့် တူသည်။ သူ၏ ခြေလက်များသည် စမ်းလက်များသဖွယ် အတွင်းဖက်ခြမ်းတွင် စုပ်ခွက်များပင် တန်းစီနေသေးသည်။

သို့ရာတွင် ယင်းသည် ရေဘဝဲတစ်ကောင်ထက် ပို၍ ကိုးရိုးကားရားပုံပေါက်သည်။

ယိုဟော့သည် စက်ဆုပ်ရွံရှာစွာ အသက်အောင့်လိုက်၏။

အကျည်းတန်ရေဘဝဲ၏ လက်တံများမှာ အပြင်သို့ဆန့်ထုတ်လျက်ရှိသည်။ ယင်း၏ ကြီးမားသော ခေါင်းကြီးသည် ကျောက်တိုင်နောက်မှ ပြူထွက်နေကာ မျက်လုံးများမှာ လှည့်ပတ်ကြည့်နေလေသည်။

ရုတ်တရက် လက်တံတစ်ခုသည် ဒေါသတကြီး ရမ်းလိုက်သည်။

သားကောင်ကို ဖမ်းရန် ဆန့်ထုတ်လိုက်သည့် တောက်တဲ့၏ လျှာသဖွယ် လမ်းကြောင်းတစ်ဘက်သို့ ထုတ်လိုက်သည်။

အုန်း ခနဲ အသံထွက်ပေါ်လာ၏။

သစ်သားသေတ္တာအထပ်လိုက်သည် မြေပေါ်သို့ လဲပြိုကျသွား၏။

လက်တံဖြင့် တိုက်ရိုက် အရိုက်ခံလိုက်ရသော သေတ္တာမှာမူ သေးငယ်သော သစ်သားစများအဖြစ် ကွဲထွက်သွားသည်။

စိတ်မကောင်းစွာဖြင့် ထိုနေရာတွင် မည်သူမျှရှိမနေပေ။

အကျည်းတန်ရေဘဝဲသည် သူ့ကြီးမားသော ခေါင်းကြီးကို နောက်ထပ်လမ်းကြောင်းတစ်ဘက်သို့ ငဲ့စောင်းလိုက်ကာ မျက်လုံးများက နောက်မှလိုက်ကြည့်နေသည်။

သူ၏ အာရုံခံအရာများကို အားတက်သရော အသုံးချနေလေသည်။

သင်္ဘောခန်းသည် တိတ်ဆိတ်နေသည်။ ထိုအရာရွေ့လျားသွားစဉ် ထွက်လာသည့် သေးငယ်သော တစွပ်စွပ်မြည်သံတစ်ခုသာလျှင် ကြားနေရသည်။

......

ယိုဟော့သည် ပခုံးကို အကြိမ်အချို့ တိတ်တဆိတ် ပုတ်လိုက်သည်ကို ခံစားလိုက်ရသည်။

သူတစ်ဖက်လှည့်လိုက်ရာ ချင်ကျိုးက သူ့လက်ဖဝါးကို ပြနေသည်။ သူ့လက်ဖဝါးထက်တွင် မှိုတက်နေသော ဖော့ဆို့တစ်ခုရှိနေသည်။

တစ်ဖက်လူက တစ်ခုခုကို လက်ဟန်ဖြင့်ပြလာသည်။

ယိုဟော့သည် ချက်ချင်းနားလည်လိုက်သည်။

ချင်ကျိုး၏ အားနေသောလက်မှ လက်ညှိုးထောင်လာ၏:

လက်သုံးချောင်း ထောင်လာသည်နှင့် ယိုဟော့သည် သူ့လက်ထဲမှ မီးတစ်ဝက်ကျွမ်းထားသော စီးကရက်ကို လွှင့်ပစ်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ချင်ကျိုးသည်လည်း ဆန့်ကျင်ဘက်အရပ်သို့ ဖော့ဆို့ကို ပစ်လိုက်၏။

ဝှစ်ရှ်--------

လက်တံများသည် အလွန်မြန်သော အရှိန်ဖြင့် နောက်ကလိုက်လာသည်။ လေတိုးသံကိုပင် ကြားနေရသည်။

အကျည်းတန်ရေဘဝဲ၏ ကိုယ်မှာမူ တစ်လက်မမျှပင် မရွေ့။ လက်တံနှစ်ဖက်သည်သာ အရပ်မျက်နှာနှစ်ဘက်စလုံးသို့ ဆန့်ထွက်သွားသည်။

အံ့ဩစရာမရှိပေ။ သစ်သားဗီရိုသည် အရိုက်ခံလိုက်ရကာ လဲကျသွား၏။

လဲကျသွားသည်နှင့် တစ်ဖက်ခြမ်းသည် ကျောက်တိုင်နှင့် ညပ်နေသည်။

တခြားတစ်ဖက်တွင်ကား လူအရိုးပုံများသည် ပြန့်ကျဲသွားတော့သည်။

တင်ပဆုံရိုးများ၊ ဦးခေါင်းခွံများနှင့် ခြေထောက်ရိုးများ.... အားလုံးသည် မြေပေါ်သို့ ပြန့်ကျဲ လွင့်စင်သွားသည်။

တချို့သည် ယိုဟော့ရှိရာသို့ လွင့်ပျံလာသည်။

ယိုဟော့နှင့် ဦးခေါင်းခွံတစ်လုံးသည် တစ်ဦးကို တစ်ဦး ပြန်စိုက်ကြည့်နေကြ၏။

၎င်းတွင် အသွေးအသားများရှိနေသေးစဉ် လွန်ခဲ့သော နှစ်များက ထိုအရာသည် ရှေ့ကသင်္ဘောစုတစ်ခုမှ ကပ်ပတိန် သို့မဟုတ် သင်္ဘောသားတစ်ယောက်၏ဟာ ဖြစ်နိုင်သည်။ သို့မဟုတ် စာမေးပွဲဖြေရန် ဆွဲသွင်းခံရသော ဖြေဆိုသူတစ်ဦးဟာလည်း ဖြစ်နိုင်သည်။

ဦးခေါင်းခွံဆီသို့ လှမ်းလိုက်သော ယိုဟော့၏ လက်ချောင်းသည် ခဏလောက် ရပ်တန့်သွားသည်။ ထို့နောက် ပစ်မှတ်ပြောင်းလိုက်ကာ အိမ်ရိုက်သံများနှင့် သစ်သားစများကို လက်တစ်ဆုပ်ကောက်ယူလိုက်သည်။

တစ်ခွန်းမျှ မပြောဘဲ ထိုအရာများကို တစ်ခုပြီးတစ်ခု ပစ်လွှတ်တော့သည်။

တစ်ခုပစ်လိုက်သည့်အခါတိုင်း အကျည်းတန်ရေဘဝဲသည် လက်တံတစ်ချောင်း ဆန့်ထွက်လာသည်။

တစ်ခုပစ်လိုက်သည်နှင့် လက်တံတစ်ချောင်းက နောက်ကလိုက်လာသည်။

တစ်ခုကိုမျှ မလွတ်စေရ။ ယင်းသည် သိသိသာသာကို အလွန် တက်ကြွနေသည်....

သူဘယ်လိုပြောရမည်မသိ... ယိုဟော့သည် ရုတ်တရက် ခွေးပိုင်ရှင်များ အဘယ့်ကြောင့် သူတို့ခွေးများ လိုက်ဖမ်းရန် ဖရစ်ဘီး (frisbees) ပစ်ရသည်ကို နှစ်သက်မှန်း နားလည်သွားသည်။ (T/N frisbees ဆိုတာ မြန်မာလိုတော့ ဘာခေါ်လဲမသိ အလေးချိန်နည်းနည်းပါတဲ့ အဝိုင်းပြားတစ်ခုပဲ၊ ပန်းခြံမှာ ပစ်တမ်းဖမ်းတမ်းဆော့တဲ့ဟာမျိုး၊ မျက်လုံးထဲမြင်ချင်ရင် Captain America ရဲ့ ဒိုင်းလိုမျိုး အသေးစားလေး)

ချင်ကျိုးဘက်တွင်လည်း အတူတူပင်။

ခဏလောက် ထူးဆန်းသောတိုက်ပွဲတစ်ခု သင်္ဘောခန်းတွင် ဖြစ်ပျက်သွားသည်။

သူ့ကိုယ်သည် မလှုပ်ရှား၊ ချင်ကျိုးကိုယ်သည်လည်း မလှုပ်ရှားသလို အကျည်းတန်ရေဘဝဲသည်လည်း အလားတူ မလှုပ်မယှက် တည်ရှိနေသည်။

လက်များနှင့် လက်တံများသည်သာ ပျံဝဲထွက်နေသည်။

ထိုသို့ မိနစ်အနည်းငယ် ဆက်ဖြစ်နေကြ၏။

သင်္ဘောခန်းသည်ကား လုံးဝကို ပြိုပျက်လုနီးပါး။ စားပွဲ၊ ထိုင်ခုံနှင့် ဗီရိုများ အားလုံးသည် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသော်လည်း သားကောင်နှစ်ကောင်မှာကား မည်သည့်နေရာတွင်မျှ ရှိမနေ။

အကျည်းတန်ရေဘဝဲ: "........."

ဆရာကြီးနှစ်ယောက်သည် ခေါင်းထွက်ကြည့်လိုက်သည်။ သူတို့ရှေ့မှ ဖရိုဖရဲဖြစ်နေသောမြင်ကွင်းကို ကြည့်ကာ စိတ်ကျေနပ်သွားသည့်ဟန် ပြလိုက်ကြသည်။

သူတို့ ခဏလောက် နားနေကြသည်။

သင်္ဘောခန်းသည် ရုတ်ခြည်း တိတ်ဆိတ်သွားသည်။ အကျည်းတန်ရေဘဝဲ၏ မျက်လုံးများသည် တဖန် ပြန်လည် လှုပ်ရှားလာသည်။ သူ့ကိုယ်လုံး၏ လှုပ်ရှားမှုများမှာ စတင်၍ နှေးကွေးသွားသည်။

သူသည် စိတ်ပြန်လည် တည်ငြိမ်သွားပုံရသည်။

သူက အစာနှင့် ဂိမ်းကစားနေသည့်အလားပင်၊ စိုးရိမ်ကြောင့်ကျမှု မရှိပေ။

ယနေ့အစာသည် နည်းနည်းပို၍ ကျီစယ်တတ်ရုံမျှသာ။

သို့ရာတွင် အရေးမကြီးပါချေ။ သူက မစားခင် တူတူပုန်းတမ်းကစားရသည်ကို စိတ်မဆိုးပါ။

အားအင်အချို့ထုတ်သုံးလိုက်ပြီးနောက် သူ၏ အစားစားချင်စိတ်ကို ပို၍ တိုးပွားလာစေကာ ဆန့်ကျင်ဘက်အနေဖြင့် စားစရာသည် ပို၍ပင် အရသာရှိစေလိမ့်မည်။

သူက သဘောထားကြီးကြီး တွေးနေသည်။

သူတို့ တင်းခံနေလေလေ၊ ပို၍ အရသာ ရှိလေလေပင်။

သူတို့သာ ကြောက်လန့်နေပါက အသားသည် လုံးဝပျော့ပျောင်းနေကာ စားကောင်းတော့မည်မဟုတ်ပေ။

တစ်ခါတည်း အကုန်စားလိုက်ရမည်မှာ ပျင်းစရာကောင်းလွန်းသည်ဟုပင် ခံစားနေရသည်။ သူက အရင်ဆုံး တစ်ယောက်ကို ဗိုက်ပြည့်အောင် စားလိုက်ကာ နောက်တစ်ယောက်နှင့် တစ်နေ့လောက် ဆော့ကစားပြီးနောက်မှ စားလိုက်ဖို့ စီစဉ်ထားသည်။

ဆာလောင်မှုကို အတိုင်းအတာအခုအထိ ထိန်းသိမ်းထားစဉ် စားသောက်သည့် အလုတ်တိုင်းသည် ပို၍ပင် စိတ်ကျေနပ်စရာကောင်းနေလိမ့်မည်။

သူ၏ အစာလွတ်မြောက်သွားမှာကို စိုးရိမ်မနေပါ။

မည်သို့ပင်ဆိုပါစေ သူတို့ဘယ်လောက် ထွက်ပြေးဖို့ ကြိုးစားသည်ဖြစ်စေ သန်းခေါင်ယံအချိန်တွင် အစာသည် သူ့တံခါးဝသို့ နောက်တစ်ဖန် ရောက်လာပေဦးမည်။

ထိုအကြောက်တရား၊ စိတ်ပျက်အားလျော့မှုနှင့် အနည်းငယ် ကူကယ်ရာမဲ့မှုတို့သည် ပြောမပြတတ်အောင်ပင် အရသာကောင်းသည်။

........

.

ယိုဟော့သည် အကျည်းတန်ရေဘဝဲသည် ထိုသို့စဉ်းစားနေမှန်း မသိခဲ့ပေ။

သူက ပါးစပ်ကြီး အကြိမ်အနည်းငယ် ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေပြီး သွားရည်စက်အချို့ ကျနေသည်ကိုသာ တွေ့လိုက်ရသည်။

ပြတင်းအပြင်ဘက်မှ ဝင်ရောက်လာသည် အလင်းရောင်မှိန်ဖျော့ဖျော့အောက်တွင် ၎င်းသည် ပြောင်လက်နေသည်။

ယိုဟော့: "..........."

သတ္တဝါကြီး သွားရည်ကျနေသည်နှင့် သင်္ဘောခန်းထဲမှ အနံ့အသက်သည် ပို၍ပင် ပျို့အန်ချင်စရာကောင်းနေသည်။

ယိုဟော့သည် ခဏလောက် အသက်အောင့်လိုက်သည်... နောက်ဆုံးတွင်တော့ သူသည်းမခံနိုင်တော့ပေ။

နောက်သို့ပင် လှည့်မကြည့်ဘဲ ချင်ကျိုးကို အကြိမ်ရေအချို့ တွန်းလိုက်သည်။

ထို့နောက် သူ့လက်ချောင်းများဖြင့် တိတ်တဆိတ် နံပါတ်ရေတွက်လာသည်:

သူက ခါးကိုင်းကာ ပြေးထွက်သွားတော့သည်။

တစ်ဖက်တွင်လည်း ချင်ကျိုးသည် သူ့ကို စိတ်မပျက်စေဘဲ အလားတူ ပြုမူလိုက်သည်။

အကျည်းတန်ရေဘဝဲသည် ရုတ်ခြည်း စိတ်တက်ကြွလာသည်။ တစ်ဒါဇင်ထက်ပိုသော လက်တံများသည် သူတို့ကို တစ်ချောင်းပြီး တစ်ချောင်း တိုက်ခိုက်လာသည်။

အသံကြားလေရာတိုင်းကို လက်တံများဖြင့် ဖျက်ဆီးပစ်မည်သာ။

တစ်ချောင်းနှင့် မလုံလောက်လျှင် နှစ်ချောင်း ပို့မည်။

နှစ်ချောင်းနှင့် ဖမ်းဖို့ မလုံလောက်လျှင် သုံးချောင်းမြောက်ကို ပို့လွှတ်လိမ့်မည်။

ရှုပ်ပွကာ ဖရိုဖရဲဖြစ်နေသော သင်္ဘောခန်းသည် သူတို့နှစ်ယောက် တမင်တကာ ဖန်တီးထားသောအရာဖြစ်သည်။ သူတို့ကို ပို၍ အသာစီးရနိုင်သော အနေအထားတွင် ရှိနေစေသည်။

တစ်ယောက်က ကျောက်တိုင်ကို ဖြတ်ကျော်သွားစဉ် နောက်တစ်ယောက်သည် လှေကားပေါ်ကို ခုန်တက်လိုက်သည်။

တစ်ယောက်က သံဗီရိုအနောက်တွင် ပုန်းနေချိန်တွင် နောက်တစ်ယောက်သည် ပြိုလဲကျနေသော ပရိဘောဂများအကြားသို့ ပြေးထွက်သွားပေလိမ့်မည်။

...........

နှစ်မိနစ်ခန့် မကြာခင်မှာပဲ ယိုဟော့သည် ကျောက်တိုင်တစ်လုံးနောက်တွင် ငြိမ်ငြိမ်ရပ်နေသည်။

အကျည်းတန်ရေဘဝဲ၏ လက်တံများသည် ဖျတ်လတ်ကာ ပါးလျသည်။ သူ့လက်ထဲတွင် တစ်ဆုပ်စာကိုင်ထားသည်...

ချင်ကျိုးသည် လှေကားများထက်တွင် ကိုယ်တစ်ဝက်ဆောင့်ကြောင့်ထိုင်နေသည်။ သူ့နံဘေးတွင် ကျောက်တိုင်နောက်တစ်လုံးဖြစ်ပြီး အခြားအရာများအားလုံးသည် သူ့ခြေအောက်တွင် တည်ငြိမ်နေသည်။

အကျည်းတန်ရေဘဝဲကောင်သည်ကား...

သူ၏ လက်တံများသည် နှစ်ပိုင်းခွဲခံထားရသည်။ လက်တံများသည် ဖရိုဖရဲဖြစ်နေသော သင်္ဘောခန်းအတွင်း နေရာတိုင်းတွင် ရစ်ပတ်နေကာ လက်တံအဆုံးများသည်ကား ဆရာကြီးနှစ်ယောက်၏ လက်ထဲတွင်ဖြစ်သည်။

ထိုကြီးမားလှသောခေါင်းကြီးသည် ပုံမှန်ထက် ပိုနိမ့်နေသည်။ လက်ကားယား အနေအထားဖြင့် ယင်းသည် ပုံ့ပုံ့ကြီး လဲကျနေသည်။

ယိုဟော့က ချင်ကျိုးသို့ မေးလိုက်သည်။ "မင်းရဲ့ ကြိုးယူလာလား"

"ကံမကောင်းစွာနဲ့ပဲ စာမေးပွဲခန်းစောင့် ပစ္စည်းတွေ တစ်ခုမှ ယူလာခွင့်မရှိဘူး... " ချင်ကျိုး၏ နှုတ်မှ 'ကံမကောင်းဘူး' ဆိုတဲ့စကားထွက်လာသော်လည်း မျက်လုံးများကမူ အခန်းတစ်လျှောက် လူးလာကူးသန်းနေသည်။

သူက လှေကားထောင့်နားမှ ကြိုးတစ်ချောင်းကို ဆွဲယူလိုက်သည်။ စစ်ဆေးပြီးသောအခါ သူက ဆိုသည်: "ဒါတွေ့ထားတယ်။ အဲဒါက ရွက်တိုင်တွေကို ချည်ရင်သုံးတာဖြစ်နိုင်တယ်။ ဒီမှာ"

ချင်ကျိုးသည် လက်ဆန့်ကာ ကြိုးကို လှမ်းပစ်ပေးလိုက်သည်။

ယိုဟော့သည် လှမ်းဖမ်းလိုက်ကာ ချက်ချင်းပင် လက်တံများကို မြင်းမြီးပုံစံ ချည်လိုက်သည်။

"မင်းက တကယ်ပဲ...." ချင်ကျိုးကဆိုသည်။

အလွန်အေးစက်ကာ မာနကြီးပုံပေါက်သော်လည်း ဘာနှင့်မဆို ဆော့ကစားရတာ သဘောကျသည်။

ယိုဟော့သည် ချည်နှောင်ထားသော မြင်းမြီးကို လွှင့်ပစ်လိုက်ကာ သူ့ကို မော့ကြည့်လိုက်သည်။ ထိုသူ၏ အရေးမပါသော စကားပြောအပြီးကို မျက်နှာသေဖြင့် စောင့်ဆိုင်းနေလေသည်။

ချင်ကျိုးသည် အသံတစ်သံထွက်လာပြီး စကားလုံးများကို ပြောင်းပြောလိုက်သည်။ "ရယ်စရာကောင်းပြီး ဟာသဉာဏ်ရွှင်တယ်၊ အရမ်းစိတ်ဝင်စားစရာကောင်းတယ်"

သူထိုသို့ ပြောပြီးသောအခါ သူသည်လည်း ထို့နည်းတူ လှည့်ပတ်ရှာလိုက်ကာ ကြိုးနောက်တစ်ချောင်းတွေ့သွားသည်။ သူက လက်တံများကို ခြေထောက်အောက်တွင် အတူတူချည်လိုက်သည်။

သည်အကြိမ်တွင်တော့ နှစ်ဖက်ခွဲမြင်းမြီးပုံစံ ချည်ထားသည်။

အကျည်းတန်ရေဘဝဲ: "........."

ချင်ကျိုးသည် သူ့ကိုယ်ကို လက်တစ်ဖက်ဖြင့်ထောက်ကာ လှေကားထက်မှ အောက်ကိုခုန်ဆင်းလာသည်။

သူချည်ထားသော လက်တံများသည် လှေကားဘေးမှ အောက်သို့ တန်းလန်းကျနေသည်။ ထိုနေရာတွင် အသေကောင်ကဲ့သို့ ရှိနေလေသည်။

ချင်ကျိုးသည် ထိုအရာကို စစ်ဆေးကြည့်လိုက်ပြီးနောက် ဆို၏။ "ဒါကြီးကို စားလို့ရလား"

အကျည်းတန်ရေဘဝဲ: ".........."

ယိုဟော့: ".......မရဘူး"

ချင်ကျိုးသည် အတော်လေး အံ့ဩသွားသည်။ "မရဘူးလား၊ ဒါပေမဲ့ ဒါက ရေဘဝဲလက်တံတွေနဲ့ မကွာတဲ့ပုံပဲ"

ယိုဟော့သည် သူ့ကို မယုံကြည်နိုင်သလို ငဲ့ကြည့်လာသည်။

ချင်ကျိုးက ထိုသူသည် "မင်းရူးနေလား" ကဲ့သို့သော စကားမျိုးပြောလာမည်ဟု ထင်ထားသော်လည်း အဆုံးတွင်မူ ဆရာကြီးက စကားတစ်ခွန်းကို ပစ်ထည့်လိုက်သည်။ "သူ့ခေါင်းက ရုပ်ဆိုးလွန်းတယ်"

အကျည်းတန်ရေဘဝဲ: ".........."

သူတို့စကားပြောနေစဉ်မှာပဲ အကျည်းတန်ရေဘဝဲခေါင်းကြီးသည် လျင်မြန်စွာ အရွယ်အစားကြီးမားလာသည်။

သူက အားအင်အမြောက်အမြား စုစည်းထားသည်။

ထို့နောက် တဖျောက်ဖျောက်မြည်သံအချို့က နောက်မှထွက်ပေါ်လာသည်။ အတူတူစုချည်ထားသော လက်တံများသည် ရုတ်တရက် ပြုတ်ထွက်သွားသည်။

အကျည်းတန်ရေဘဝဲသည် အနှောင်အဖွဲ့မှလွတ်သွားသည်နှင့် ချက်ချင်းဆိုသလို သူ၏ လက်တံအကြွင်းအကျန်များကို ပြန်သိမ်းလိုက်သည်။

ကြီးမားသော ဖြူဖျော့ဖျော့ဆူဖြိုးသည့်ကိုယ်သည် တိတ်တဆိတ် အရွယ်အစားကျုံ့ဝင်သွားကာ နံရံမှ အက်ကြောင်းတစ်ခုကြားသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

ထိုအရာသည် မျက်စိတစ်မှိတ်အချိန်တွင် ပျောက်ကွယ်သွား၏။ သူကိုယ်တိုင် တမင်တကာ လက်လျှော့ထားခဲ့သော မြင်းမြီးပုံစံ အစည်းနှစ်ခုသာလျှင် ကျန်နေရစ်သည်။

အသက်ရှင်ဖို့အတွက် အမြီးကို ဖြတ်တောက်ပစ်လိုက်တယ်ပေါ့လေ။

.......ကောင်းပြီလေ။

ယိုဟော့သည် မီးခြစ်ကို နောက်တစ်ဖန် ဖွင့်လိုက်သည်။ အကျည်းတန်ရေဘဝဲပျောက်သွားသည့်နေရာကို လှမ်းလျှောက်သွားသည်။

ထိုနေရာတွင် သစ်သားပြားအကျိုးအပဲ့များရှိနေပြီး အချင်း တစ်မီတာထက်သေးသော အပေါက်တစ်ခုသဏ္ဌာန် ပေါ်နေသည်။ အပေါက်ကိုဖြတ်၍ မညီမညာကျောက်ဆောင် မျက်နှာပြင်များနှင့် သူတို့အကြားမှ နက်ရှိုင်းသော အက်ကြောင်းအချို့ကိုလည်း မြင်နေရသည်။

ပင်လယ်ပြင်မှ ဆားငန်ရည်အနံ့ကိုလည်း အက်ကြောင်းများမှတဆင့် အနံ့ရနေသလို လှိုင်းသံများသည်လည်း တိုးတိုး ကြားနေရသည်။

ခဏအကြာတွင် ချင်ကျိုးသည် ပြတင်းဘေးနားတွင် တိုးဖွဖွ လေချွန်လိုက်သည်။

ယိုဟော့၏ အာရုံကို ဆွဲဆောင်လိုက်သည်။

"ထွက်ပြေးသွားပြီ" ချင်ကျိုးသည် မှန်ပြတင်းကို ခေါက်လိုက်သည်။

ပြတင်းအပြင်ဘက်တွင်ကား နက်ရှိုင်းသောပင်လယ်ပြင်ဖြစ်သည်။

တစ်ဖက်ခြမ်းတွင် ကျောက်တန်းများရှိပြီး နောက်တစ်ဖက်ခြမ်းတွင်မူ ရေခဲများအောက်မှ ပင်လယ်ရေဖြစ်သည်။

ကြည့်ရသည်မှာ ဤစွန့်ပစ်ထားသောသင်္ဘောသည် ကျွန်းပေါ်တွင် ရှိနေသေးသည်။ ထိုအရာသည် ရှုပ်ထွေးသောအနေအထားတစ်ခုတွင် ညပ်နေခြင်းကြောင့် အစောပိုင်းက သူတို့ သတိမထားမိတာ ဖြစ်သည်။

ယိုဟော့သည် ထိုသို့တွေးကာ သင်္ဘောပြတင်းမှတဆင့် အပြင်ကို ကြည့်လိုက်သည်။

သိပ်မဝေးသော ပင်လယ်ထဲတွင် ဖြူဖျော့ဖျော့အရာတစ်ခုကို ဖျတ်ခနဲ မြင်ရသည်။ ထိုအရာသည် လှည့်တောင် မကြည့်တော့ဘဲ ရေကူးပြေးနေသည်။

ချက်ချင်းပင် ပင်လယ်ပြင်သည် သူ၏ တိတ်ဆိတ်တည်ငြိမ်သော အခြေအနေသို့ ပြန်ရောက်သွားသည်။

"ငါ ဆေးလိပ်မသောက်ဘူး" ချင်ကျိုးက ရုတ်တရက်ပြောသည်။

ယိုဟော့သည် ခဏလောက် ရပ်တန့်သွားပြီးနောက် သူ့ကိုယ်ကို ဆန့်လိုက်သည်။ သူက ချင်ကျိုး ပြတင်းကို မှီရပ်ကာ သူ့ကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။ "စောစောက မင်းအဲဒါကို မေးတာမလား"

ယိုဟော့သည် သူအခုထိ အဲဒါကို မှတ်မိနေမည်ဟု မထင်ထားပေ။

ချင်ကျိုးက ဆိုသည်: "အဲဒါကို ဘာဖြစ်လို့ မေးတာလဲ"

"အကြောင်းအရင်းမရှိဘူး" ယိုဟော့သည် ခဏလောက်တန့်နေပြီးနောက် "စီးကရက်ဖင်စီခံတစ်ခုကောက်ရတာနဲ့ ပိုင်ရှင်လိုက်ရှာနေတာ"

ချင်ကျိုးသည် ထိုမှိုတက်နေသည့်အရာကို သတိရသွားကာ မျက်ခုံးပင့်လိုက်သည်။

ယိုဟော့သည် ထွက်ခွာသွားပြီးဖြစ်သည်။

သင်္ဘောခန်းသည် ရှုပ်ပွနေ၏။

ယိုဟော့နှင့် ချင်ကျိုးသည် "စစ်မြေပြင်" ကို လှန်လှောရှာလိုက်ပြီးနောက် သေတ္တာအပျက်များနှင့် ပြိုလဲနေသည့် ဗီရိုများအတွင်းမှ အသုံးဝင်သည့်အရာများစွာ ရှာတွေ့လိုက်သည်။

ထိုအထဲတွင် ဖယောင်းတိုင်များ၊ မီးအိမ်တစ်လုံးနှင့် သံလိုက်အိမ်မြှောင်တစ်ခုလည်း ပါသည်။

အလယ်ခေတ်စတိုင်တံဆိပ်တစ်ခု၊ အိတ်ဆောင်နာရီတစ်လုံးနှင့် သံချေးတက်နေသော သေတ္တာတစ်လုံးတောင် ပါသေးသည်။

ယိုဟော့သည် မီးအိမ်ကို မီးညှိလိုက်ကာ အဆုံးတွင် မီးခြစ်ကို အနားယူခွင့်ပေးလိုက်တော့သည်။

နှစ်ဦးသား သံလိုက်အိမ်မြှောင်ဒိုင်ခွက်ကို မြှောက်ကာ သင်္ဘောခန်းအတွင်းမှ လေကြောင်းနောက်လိုက်ကာ ထွက်ပေါက်ကို ရှာကြသည်။

.

မကြာမီနောက်တွင်

ကျောက်ဂူအတွင်း ဖြေဆိုသူအုပ်စုသည် သူတို့၏ မီးတုတ်များကို မြှောက်ကိုင်ထားကာ အချက်အလက်များ မျှဝေနေကြသည်။

"တစ်ခုခုရှာတွေ့ကြလား"

"လှည့်ပတ်ပြီး ကမ်းရိုးတန်းတစ်လျှောက် နာရီဝက်လောက်ကြာအောင် သွားကြည့်ခဲ့တယ်၊ ဒါပေမဲ့ အဲဒီသတ္တဝါကြီးရဲ့ သဲလွန်စတစ်ခုတောင်မှ ရှာမတွေ့ဘူး"

"အဲဒါဆို... အရိုးတွေလဲ မရှိဘူးလား"

"မရှိဘူး မရှိဘူး"

"အိုး အိုး အိုး၊ အဲဒါဆို ကောင်းတယ် အနည်းဆုံးတော့ သူတို့ အသက်ရှင်နေတုန်းပဲလို့ မျှော်လင့်လို့ရသေးတယ်"

ယိုဟော့နှင့် ချင်ကျိုးပျောက်သွားပြီးနောက် သူတို့သည် အတော်လေး ကြောက်ရွံ့နေကြသည်။

သို့ရာတွင် ဗိုက်ကြီးသည် ရှုးရွှယ်မှ မီးတုတ်တစ်တုတ်ကို ကောက်ကိုင်ကာ အပြင်မှာ သူတို့ကိုအရှာထွက်ရန် ပြောနေမှတော့ ဘယ်လိုလုပ်ပြီး ထိုင်နေနိုင်ပါတော့မည်နည်း။ သူတို့ အလိုအလျောက်ပင် အသင်းများဖွဲ့လိုက်ပြီး သူတို့ကို အရှာထွက်တော့သည်။

သို့ရာတွင် တစ်နာရီနီးပါး ရှာဖွေပြီးနောက် ဘာတစ်ခုမျှပင် ရှာမတွေ့ခဲ့ပေ။

အလောင်းမတွေ့သည့်အတွက် မျှော်လင့်ချက်ရှိသေးသည်ဟု ဆိုနေကြသော်လည်း ထိုမျှော်လင့်ချက်သည် မည်မျှ သေးငယ်သည်ကိုလည်း ကောင်းကောင်းကြီး နားလည်ထားကြသည်...

အားလုံး ငြိမ်သွားကြသည်။ ထို့နောက် ထိုင်းမှိုင်းစွာသက်ပြင်းချလိုက်သည်။

သို့ရာတွင် သူတို့သက်ပြင်းပင် လုံးဝပြီးပြတ်အောင် မချရသေးခင် လူနှစ်ယောက်ပုံသည် ဂူဝတွင် ပေါ်လာသည်။

လူတိုင်း နောက်လှည့်ကြည့်လိုက်သောအခါ အရိုးဖြစ်သွားပြီဟု သူတို့ထင်ထားသော လူနှစ်ယောက်သည် လက်တံနှစ်စည်း၊ သံသေတ္တာတစ်လုံးနှင့် မီးအိမ်တစ်လုံးကို သယ်လာသည်ကို တွေ့လိုက်ရသည်...

သူတို့သည် ကုန်ပစ္စည်းအိတ်များနှင့် ပြန်လာခဲ့ပြီ။

အားလုံး: "..........."

ထိုအချိန်တွင် ဆရာကြီးနှစ်ယောက်မှ တစ်ယောက်သည် အမှတ်ပေးနံရံကိုပင် လှမ်းကြည့်လိုက်သေးသည်။ ယုန်အသေကောင်ရှေ့တွင် မတ်တပ်ရပ်နေပြီးနောက် သူက ရေရွတ်လိုက်သည်။ "ဘာဖြစ်လို့ ဒီတစ်ခေါက်က စည်းမျဉ်းချိုးဖောက်တယ်လို့ မသတ်မှတ်ရတာလဲ......"

ယုန်အသေကောင်: ".........."

မင်းတို့က သောက်ကျိုးနည်း အဲဒါကို စွဲနေတာလား။

...................xxxx....................

Translated by Akira ❣️

Aki has something to say:

အပြစ်ဒဏ်စွဲနေတာပါ ( ̄へ ̄)

Comment