အခန်း ၁၂၂: အလောင်းအစား

အခန်း ၁၂၂: အလောင်းအစား

ယိုဟော့သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။

ခြုံစောင်ကို သူ၏ သွယ်လျသောခါးတစ်လျှောက်တွင် လျော့တိလျော့ရဲ ပတ်ထားလျက် သူက ချင်ကျိုးကို တွေးဆဆဖြင့် ကြည့်လာသည်။ "စဉ်းစားကြည့်လိုက် လူတစ်ယောက်က ဘယ်လိုအခြေအနေမျိုးမှာ တခြားလူရဲ့ပိုင်ဆိုင်မှုကို အသုံးချနိုင်လဲ"

ချင်ကျိုး: "သူတို့ကိုယ်ပိုင်ပစ္စည်း မရှိတဲ့အခါမျိုး"

ယိုဟော့: "ဘယ်လိုလူမျိုးမှာ ငယ်ဘဝကပုံ တစ်ပုံမှမရှိတာ ဖြစ်နိုင်လဲ"

ချင်ကျိုးသည် ခဏလောက် အသံတိတ်သွား၏။ "ဒါမှမဟုတ် နောက်တစ်နည်းပြောမယ်ဆိုရင်__ ဘယ်လိုလူမျိုးမှာ ငယ်ဘဝဆိုတာ မရှိလောက်ဘူးလဲ"

သူတို့သည် အချင်းချင်း ရှုပ်ထွေးနေသောအကြည့်ဖြင့် ကြည့်လာကြသည်။

ဘယ်လိုလူမျိုးမှာ ငယ်ဘဝ မရှိလောက်ဘူးလဲ။

အကယ်၍ ၎င်းက ဘဝ၏ အစိတ်အပိုင်းတစ်ခုကိုသာ ရည်ညွှန်းခြင်းသာဆိုလျှင် လူတိုင်းတွင် မုချပိုင်ဆိုင်မည်သာ။ လူသားဖြစ်နေသရွေ့ ကိုယ်ကြီးပြင်းလာသည့် ဘဝတစ်ထောက် ရှိကြလိမ့်မည်။

သူက လူသားမဟုတ်တာသာ....မဟုတ်ခဲ့လျှင်ပေါ့။

154 သည် လူအများစုတွေးထင်ထားသည့် ထိုထိုသော 'လူသား' မဟုတ်တာသာ မဖြစ်ခဲ့လျှင်ပေါ့။ (T/N: လူသားဖြစ်ခဲ့လျှင်)

အဲဒီလိုဆိုရင် သူက ဘာလဲ?

ယိုဟော့သည် မတတ်သာဘဲ တည်ရှိမှုတစ်ခုကိုသာ စဉ်းစားမိသွားသည်___

စနစ်

ချင်ကျိုးမျက်လုံးထဲမှ အကြည့်အရဆိုလျှင် သူသည်လည်း တူညီသောအဖြေကို ရောက်သွားသည့်ပုံပင်။

ချူယွဲ့သည် ယခင်က စနစ်သည် သူ့မျက်လုံးထဲတွင် အချိန်အကြာကြီး တည်ရှိနေခဲ့ပြီး ကမ္ဘာကြီးကို သူ၏ ရှုထောင့်အမြင်မှတဆင့် ကြည့်ရှုခဲ့သည်ဟု ပြောဖူးသည်။

အကယ်၍ သူသည် သူ့ကိုယ်သူ ယိုဟော့၏ရှုထောင့်မှတဆင့် လေ့လာနေဆဲသာဆိုလျှင်ကော? ထိုသို့ဆိုလျှင် သူက ယိုဟော့၏ငယ်ဘဝကို သူ့ကိုယ်ပိုင်ကဲ့သို့ ယူဆခြင်းမှာ အမှန်တကယ် ဖြစ်နိုင်သောအရာပင်။

ထို့နောက် ယိုဟော့သည် 154 နှင့်ပတ်သက်၍ အကြောင်းအမျိုးမျိုးကို သတိရသွားသည်။ ဟိုအရင်က မသိလိုက်မသိဘာသာဖြင့် ကျော်သွားခဲ့သော ကိစ္စအသေးအဖွဲလေးများစွာ___

ထို့နောက် ရုတ်တရက် သူ့ကို တစ်ယောက်ယောက် စောင့်ကြည့်နေသကဲ့သို့ ခံစားရသော ပထမဆုံးအကြိမ်ကို သတိရသွား၏။ ထိုစဉ်က ပထမဆုံးစာမေးပွဲက စာမေးပွဲခန်းစောင့်နေရာရှိ ကော်ရစ်ဒါတွင် သူရပ်နေခဲ့စဉ်က ဖြစ်သည်။

ထိုအချိန်က သူသည် 154 နှင့် စကားပြောနေလျက်တန်းလန်း သူတို့မှလွဲလျှင် ကော်ရစ်ဒါတွင် တခြား မည်သူမျှ မရှိပေ။

အကယ်၍ 154 သည်သာ စနစ်ဖြစ်ခဲ့လျှင် ထိုအခြေအနေကို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။ ယင်းမှာ တစ်ဖက်လူ၏ တည်ရှိမှုကြောင့် ယိုဟော့သည် မသိစိတ်အရ ပို၍ သတိဝိရိယပိုသွားခြင်း ဖြစ်သည်။

ထို့နောက် အကယ်၍ စနစ်သည်သာ လူတစ်ယောက်ဖြစ်ခဲ့လျှင် သေချာပေါက် ခံစားချက်မရှိသည့် ပိုကာမျက်နှာ(စာဖတ်မရသောမျက်နှာ)နှင့် ဖြစ်လိမ့်မည်ဟု တစ်ခါက လူတစ်ယောက် နောက်ပြောင်ပြောခဲ့သည်ကို သတိရသွားသည်။

154 ၏ပုံသည် ဤမှန်းဆချက်နှင့် အလွန်ဆင်တူနေသော်လည်း အနည်းငယ်လည်း ကွဲပြားနေသေးသည်။

သူက ခက်ထန်၍ လေးနက်ကာ အရာရာကို အမြဲတမ်း စာအုပ်ကြီးအတိုင်း လုပ်တတ်သော်လည်း စာမေးပွဲခန်းစောင့်တာဝန်မရှိသည့်အချိန်မျိုးတွင် ရုတ်တရက် ပို၍အသက်ဝင်လာကာ သူ့အပြုအမူများမှာ တည့်တိုးဆန်လာတတ်၏။

အမှန်စင်စစ် ထိုတစ်ဖက်သက်မှန်းဆချက်နှင့်ယှဉ်လျှင် 154၏ လက်ရှိအကျင့်စရိုက်သည် စနစ်ကိုယ်တိုင်၏ စရိုက်လက္ခဏာများနှင့် ပိုနီးစပ်သည်။

ပြောရမည်ဆိုလျှင် သူက တစ်ချိန်က အဓိကလူနှစ်ဦးဖြစ်သည့် ယိုဟော့နှင့် ချူယွဲ့ထံမှ သင်ယူခဲ့ဖူးသည်လေ။

သူက တစ်ဦးထံမှ တည်ငြိမ်၍ တိတ်ဆိတ်သည့် စိတ်နေသဘောထားကို အမွေဆက်ခံခဲ့ပြီး ကျန်တစ်ယောက်ထံမှမူ တက်ကြွပြီး ရိုးစင်းဖြောင့်မတ်မှုကို လက်ခံခဲ့သောကြောင့် အဆုံးသတ်တွင် ထိုကဲ့သို့ နှစ်မျိုးနှစ်သွယ်ဒွန်တွဲနေခဲ့ခြင်းသာ။

...........

ဤကဲ့သို့သော အသေးစိတ်လေးများ များစွာရှိသည်။ ယိုဟော့ ထိုအကြောင်းစဉ်းစားလေလေ သူ အမှန်တရားနှင့် နီးကပ်လာသည်ဟု ခံစားလာရလေလေဖြစ်သည်။ 154 သည် စနစ်ကိုယ်တိုင်ပင် ဖြစ်သည်။

သို့သော်.....

"သိပ်တော့လည်း မဟုတ်သေးဘူး" ချင်ကျိုးသည် သူ့စကားလုံးကို သေသေချာချာ ရွေးချယ်နေသည်။ "တကယ်လို့ သူက တကယ်ပဲ ငါတို့ထင်တဲ့သူသာဆိုရင် အဓိပ္ပါယ်မရှိတဲ့အချက်နည်းနည်း ရှိတယ်။ အရင်ဆုံး သူ့မှာ ဒီလိုလုပ်ရမဲ့ အကြောင်းပြချက်မရှိဘူး____"

သူက စာမေးပွဲစင်တာအတွင်းတွင်ဖြစ်စေ၊ စာမေးပွဲခန်းစောင့်စီရင်စု သို့မဟုတ် နားနေဆောင်များတွင် ဖြစ်စေ၊ စနစ်၏ တည်ရှိမှုသည် နေရာတကာတွင် ရှိနေမည်ဖြစ်ပြီး အရာခပ်သိမ်းကို သိရှိသူဖြစ်သည်။

သူက အဘယ့်ကြောင့် သူ့ကိုယ်သူ လူပုဂ္ဂိုလ်အသွင်ယူစရာ လိုပါလိမ့်မည်နည်း။

"နောက်တစ်ချက်က...." ချင်ကျိုးသည် အတော်လေး လူယုတ်မာဆန်ဆန် လှောင်ပြုံးပြုံးလိုက်သည်။ "ဒုတိယအချက်က တကယ်လို့ သူသာတကယ် စနစ်ဆိုရင် ငါတို့တွေ အကြိမ် ၈၀၀ လောက် အဖမ်းခံရပြီး အပြစ်ပေးခံနေရလောက်ပြီ"

"ငါတို့တွေအကုန်လုံးကို အဖွဲ့ဖွဲ့ပြီး တစ်ခါတည်းနဲ့ အပြတ်ရှင်းဖို့ စောင့်နေတယ်ဆိုတဲ့ ဖြစ်နိုင်ခြေကိုတော့ ထည့်မတွက်လို့မရဘူး" ဟု ယိုဟော့က ဆိုသည်။

ချင်ကျိုးသည် တွေးကြည့်လိုက်ပြီးနောက် ဆိုသည်။ "အဲဒါကိုတော့ တကယ်ပဲ ထည့်မတွက်လို့မရဘူးဆိုပေမဲ့ နောက်တစ်ချက်ရှိသေးတယ်"

ယိုဟော့: "ဘာလဲ"

"သူက အားလုံးထက်သာလွန်တယ်လို့ ခံစားရတယ်ဆိုတာကို မမေ့နဲ့" ချင်ကျိုးက သတိပေးလာသည်။

ယိုဟော့သည် ခဏလောက် ကြောင်အသွား၏။ ထို့နောက် သူဘာဆိုလိုသည်ကို မြန်မြန်ဆန်ဆန် သဘောပေါက်သွား၏။

စနစ်သည် အလွန်အမင်း သွေးကြီး၍ သူက အားလုံးထက်သာလွန်သည်ဟု ခေါင်းမာမာဖြင့် မလျှော့တမ်း ဆိုနေသည်။

သူ၏ အကြွင်းမဲ့ဆင်ခြင်တုံတရားနှင့် စည်းမျဉ်းတို့ကို အကြွင်းမဲ့လိုက်နာတတ်မှုတို့မှာ သူ့ကို သာမန်လူသားများနှင့် မတူကွဲပြားစေသော အကြီးမားဆုံးလက္ခဏာရပ်တို့ဖြစ်သည်။ ထို့ပြင် ၎င်းကြောင့်ပင် သူက လူသားတို့၏ အမူအကျင့်ထက် များစွာထူးကဲသာလွန်သည်ဟု ယုံကြည်နေခြင်းဖြစ်သည်။

သူက ဘာကြောင့်များ သူ့ကိုအကျိူးအမြတ်ထွက်စေသည့် ဤလက္ခဏာရပ်တို့ကို စွန့်ပစ်၍ သူ့ကိုယ်သူ "သာမန်လူသား" တစ်ယောက်အဖြစ် ပြောင်းလဲပါမည်နည်း။

ယိုဟော့သည် ခဏလောက် အတွေးနွံနစ်သွားပြန်သည်။ သူက အခြားဖြစ်တည်မှုတစ်ခုကို စဉ်းစားမိသွား၏___

သူတို့လက်ရှိ ရှာဖွေနေသော စနစ်၏မိမိကိုယ်ကိုယ်ပြုပြင်ရေးပရိုဂရမ် ဖြစ်သည်။

154 သည် စနစ်မဟုတ်ပါက သူက ထိုပျောက်နေသည့် မိမိကိုယ်ကိုယ်ပြုပြင်ရေးပရိုဂရမ် ဖြစ်နိုင်သလား။

"ရောက်တတ်ရာရာ မှန်းဆနေမဲ့အစား ပိုပြီးရိုးရှင်းတဲ့လမ်းကြောင်းကိုသွားရတာပဲ ကြိုက်တယ်" ယိုဟော့က ဆိုသည်။

သူတို့ အပြင်က အသံများကြားလိုက်ရသောအခါ ချင်ကျိုးသည် ဘောင်းဘီဝတ်လိုက်ကာ ရှပ်အင်္ကျီအသန့်တစ်ထည်ကို လှမ်းယူလိုက်သည်။

"ကိုယ်လည်း အဲဒါကို သဘောကျပေမဲ့ နည်းနည်းတော့အန္တရာယ်များတယ်" သူ့နှုတ်ဖျားမှ အန္တရာယ်များသည်ဟု ဆိုနေပါသော်လည်း အမူအရာကမူ အလေးထားပုံမရ။

ယိုဟော့သည် 'ဪ' ဟုအသံပြုလိုက်ပြီးနောက် ပြန်မေးလာ၏။ "အခုချိန်အထိ အန္တရာယ်မများတဲ့အရာ တစ်ခုခုလုပ်ဖူးလို့လား"

ချင်ကျိုးသည် ပွင့်ပွင့်လင်းလင်း ဖြေလာ၏။ "မလုပ်ဖူးဘူး"

သူက သူ့အဖြေသူ ရယ်လိုက်သည်။

အရှေ့ကြယ်သီးမတပ်ထားသော ရှပ်အင်္ကျီကို လျော့တိလျော့ရဲ ဝတ်ဆင်ထားသောကြောင့် သူ၏ သန်မာတောင့်တင်းသော ရင်ဘတ်ကြွက်သားမြောင်းတို့ကို သိသိသာသာ မြင်နေရသည်။

"ဒါဆို ကိုယ်တို့စာမေးပွဲခန်းစောင့် A ကို အိပ်ရာထဖို့ ဒုက္ခပေးပါရစေလား" သူက ယိုဟော့ထံသို့ လက်ကမ်းပေးလိုက်သည်။ "ဆွဲထူပေးရဦးမလား"

"လစ်တော့"

ယိုဟော့သည် သူ့လက်ကို အသာအယာ ဘေးသို့ပုတ်လိုက်ပြီးနောက် အိပ်ရာမှ ထလိုက်၏။

ဆယ်မိနစ်ခန့်အကြာတွင် စာမေးပွဲခန်းစောင့်နေရာတစ်ခွင် သတိပေးသံတစ်သံ ထွက်လာသည်။

(ဖြေဆိုသူတစ်ယောက်က စာမေးပွဲခန်းစောင့်နေရာမှ အချက်အလက်ထုတ်လွှင့်မှုစနစ်ကို ဖျက်စီးလိုက်ပါတယ်၊ တာဝန်ရှိတဲ့ စာမေးပွဲခန်းစောင့်များ ကျေးဇူးပြု၍ ချက်ချင်း အပြစ်ပေးရန်လုပ်ဆောင်ပါ!)

(ဖြေဆိုသူတစ်ယောက်က စာမေးပွဲခန်းစောင့်နေရာမှ အချက်အလက်ထုတ်လွှင့်မှုစနစ်ကို ဖျက်စီးလိုက်ပါတယ်၊ တာဝန်ရှိတဲ့ စာမေးပွဲခန်းစောင့်များ ကျေးဇူးပြု၍ ချက်ချင်း အပြစ်ပေးရန်လုပ်ဆောင်ပါ!)

............

154 သည် ရေချိုးခန်းမှ ထွက်လာကာစဖြစ်ပြီး သူ၏ ညအိပ်ဝတ်စုံကို ဝတ်တော့မည့်ဆဲဆဲဖြစ်သော်လည်း ၎င်းကို 922 က ဆွဲယူသွားလေသည်။ "မြန်မြန်လုပ် ပြဿနာတက်ပြီ! ငါ့မျက်ခွံတွေ ဘာလို့တစ်နေကုန် လှုပ်နေပါလဲလို့ တွေးနေတာ"

"ငါ့ဘောင်းဘီတွေ အရင်ပြန်ပေးစမ်းပါ" 154 သည် သူ့ညအိပ်ဘောင်းဘီကို ပြန်ဆွဲယူလိုက်ကာ မျက်လုံးကို လှန်ကြည့်တော့မလိုဖြစ်သွားသည်။ "ငါကြားတယ်၊ ဘော့စ်နဲ့ အဲဒီလူ ထပ်ပြီး ပြဿနာရှာပြန်ပြီလား"

922 သည် စိတ်ထဲမှ ရေရွတ်လိုက်သည်: ရေချိုးခန်းထဲမှာ စပီကာလည်း မရှိဘဲနဲ့ ရေသံတွေကြားမှာကို အဲဒါကို ကြားရသေးတယ်လား၊ မင်းမှာ ခွေးနားရွက်များ ရှိနေသလား။

"ထားလိုက်ပါတော့ မင်းကြားလိုက်တယ်ဆိုတော့ ကောင်းတာပေါ့၊ မြန်မြန် ပုံမှန်ဝတ်စုံ လဲတော့!"

922 သည် မြန်မြန် ထိုအတွေးကို ချောင်ပို့လိုက်ပြီးနောက် အဝတ်သန့်များကို ပစ်ပေးလိုက်သည်။

154 သည် အဝတ်များကို မစစ်ဆေးဘဲ ဝတ်လိုက်ပြီးမှ လက်ဖျားနှင့် ဘောင်းဘီတို့မှာ အလွန်ရှည်လျားနေသည်ကို တွေ့လိုက်ရ၏။

သူက အဝတ်တို့ကို ပြန်ချွတ်ကာ 922 ၏ မျက်နှာသို့ ပစ်ပေါက်လိုက်၏။ "ဒါတွေက မင်းအဝတ်တွေ၊ ငါ့ကို နောက်တစ်စုံပေး"

"ဪ__ အဲဒါကြောင့် တစ်ခုခုမှားနေပါတယ်လို့"

922 အဝတ်လဲခြင်းအမှု ပြီးကာနီးတွင် 154 သည် တံခါးကို ဖွင့်လိုက်ပြီးဖြစ်သည်။

"မင်းအရင်ဆင်းနှင့်၊ ငါခဏနေ လိုက်ခဲ့မယ်!" 922 သည် ခြေတစ်ဖက်ကို ဘောင်းဘီထဲ ကြိုးစားထိုးထည့်နေရင်း ခြေတစ်ပေါင်ကျိုးဖြင့် ခုန်ဆွခုန်ဆွလုပ်နေ၏။

922 ထိုအရူးကျေးဇူးကြောင့် 154 သည် ချင်ကျိုးနှင့်ယိုဟော့ကို သတင်းထုတ်လွှင့်ခန်းတွင် တစ်ဦးတည်းတွေ့လိုက်ရပြီး သူတို့ကို တတိယထပ်သို့ တစ်ဦးတည်းခေါ်လာ၍ နောက်တွင်.... လက်နှစ်စုံ၏ အကျဉ်းခန်းထဲသို့ ဆွဲသွင်းခြင်း ခံလိုက်ရ၏။

154 သည်စိတ်ထဲတွင် ဆဲရေးတိုင်းထွာစကားများ ပြည့်သွားလေ၏။

"ဘော့စ် နှစ်ယောက်လုံး ဘာလုပ်တာလဲ"

154 သည် ထိုင်ခုံတစ်လုံးတွင် ဖိထားခံထားရပြီး စားပွဲ၏ တစ်ဖက်တစ်ချက်တွင် ချင်ကျိုးနှင့် ယိုဟော့သည် ရပ်နေကြ၏။ ချင်ကျိုးသည် မျက်လုံးတို့ကို မှေးကျဉ်းကာ သူ့ကို ပြောလာသည်။ "မင်းကို မေးစရာရှိလို့ အကျဉ်းခန်းကို ခဏငှားတာ"

154: "............."

"အဲဒါလောက်ကတော့ ဒီအတိုင်းပဲ ပြောရင်ရပါတယ်၊ ပြန်ပေးဆွဲသလိုမျိုး လုပ်စရာမလိုပါဘူး" သူက မတ်တပ်ရပ်ရန် ရည်ရွယ်၍ စားပွဲအစွန်းကို လှမ်းဆွဲလိုက်သည်။ "ဘာမေးစရာရှိလို့လဲ ဘော့စ်"

"ငါ မေးချင်တာက၊ မင်းက တကယ်ပဲ ဘယ်သူ__"

ချင်ကျိုးသည် ထိုနေရာတွင် ရပ်သွားသည်။ သူ့အမူအရာတွင် အနည်းငယ် တုံ့ဆိုင်းမှုတို့ ရှိနေသည်။

ယိုဟော့သည် သူဘာကြောင့် တုံ့ဆိုင်းသွားမှန်း အလိုလို နားလည်လိုက်သည်။

သူက 154 နှင့် အချိန်အကြာကြီး အလုပ်လုပ်ခဲ့သည်ဖြစ်ရာ ရုတ်တရက်ကြီး 'မင်းကတကယ်ပဲ ဘယ်သူလဲ' ဟု မေးရန်မှာ အတော်လေး နာကျင်စရာကောင်းသည်။

ချင်ကျိုးသည် သူ့ပါးစောင်ကို လျှာဖြင့်ထိုးလိုက်ပြီးနောက် တွေဝေနေဆဲရှိနေသည်။ ထိုစဉ် ယိုဟော့က သူ့အစား ပြောပေးလာသည်။

"မင်းက စနစ်လား"

154 သည် တဒင်္ဂခန့် ကြောင်အသွားပြီးနောက် သူ့မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။

ယိုဟော့၏ စကားလုံးတို့သည် အတန်ငယ် ရက်စက်သည်ဟု ဆိုနိုင်သော်လည်း သူ့တွင် သူ့ကိုယ်ပိုင် တွေးဆချက်များရှိထားသည်။

154 ၏ သရုပ်မှန်ကို အတည်မပြုရသေးခင် စနစ်၏မိမိကိုယ်ကိုယ်ပြုပြင်ရေးပရိုဂရမ် တည်ရှိမှုကို ဖော်ထုတ်လာမည်မဟုတ်ပေ။

သူက ဤမေးခွန်းကို ရွေးချယ်ခဲ့ခြင်းမှာ အကယ်၍ 154 သည် စနစ်စစ်မှန်ခဲ့ပါလျှင် အချက်အလက်အများကြီး မဖော်ပြမိအောင် ဖြစ်သည်။

ဒုတိယအနေဖြင့် သူသာ စနစ်မဟုတ်လျှင် တစ်ဖက်လူသည် ချက်ချင်း ငြင်းဆန်လိမ့်မည်သာ။ အပြစ်ကင်းစင်သော မည်သူမဆို ထိုအကျင့်မကောင်းသောသူနှင့်အတူတူ တစ်ဂိုဏ်းတည်း အသွင်းခံလိုမည်မဟုတ်။

ထိုအခါမှ မေးခွန်းထပ်မေးလျှင်တောင် သိပ်နောက်ကျလွန်းမည်မဟုတ်ပေ။

သို့သော် အဆုံးတွင် 154 ၏ တုံ့ပြန်မှုမှာ သူမျှော်လင့်ထားသကဲ့သို့ မဟုတ်ခဲ့ပါ။

သူ့တုံ့ပြန်ပုံမှာ သူ၏ရုပ်ဖျက်ထားသည့်အဖြစ် ပေါ်သွားသောကြောင့်မဟုတ်သလို ချက်ချင်း သူနှင့်စနစ်၏ ဆက်ဆံရေးကို ငြင်းဆန်ခဲ့ခြင်းလည်း မဟုတ်ပေ။

သူက အကြာကြီး တောင့်တင်းသွားပြီးမှ ဖြည်းဖြည်းချင်း မေးလာသည်။ "ကျွန်တော်က စနစ်နဲ့ ဆင်တူတယ်လို့ ထင်လို့လား"

သည်အကြိမ်တွင် ယိုဟော့သည် အလွန်မြန်ဆန်စွာ ဖြေလာလေသည်။ "မဟုတ်ဘူး၊ သိပ်မတူဘူး"

154 ၏မျက်နှာတွင် အသွေးအရောင်အချို့ ပြန်ရောက်လာ၏။

သူ့ပါးစပ်သည် အကြိမ်အနည်းငယ် လှုပ်ရှားသွားသည်။ သူ့ပုံမှာ တစ်ခုခုကို အချိန်ယူ၍ စဉ်းစားနေသည့်နှယ်ပင်။

အချိန်အတော်ကြာသွားပြီးနောက်တွင် အကျဉ်းခန်းပတ်ဝန်းကျင်သည် နောက်ဆုံး၌ ပြောင်းလဲမှုတို့ စတင်ပြသနေပြီဖြစ်သည်။ 154 သည် အလျှင်အမြန် တုံ့ပြန်လိုက်ပြီးနောက် ဆိုသည်။ "ကျွန်တော့်ကို..... စနစ်လို့ ယူဆလို့ရပေမဲ့ အဲဒါကလည်း သိပ်မတိကျဘူး"

သူက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် ခြောက်သွေ့နေသောနှုတ်ခမ်းတို့ကို သပ်လိုက်၏။ "နောက်မှ ပြောလို့ရမလား၊ အကျဉ်းခန်းက အသက်ဝင်လာတော့မယ်"

ယိုဟော့သည် သူနှင့် 154 ၏ ပထမဆုံး စကားကို သတိရသွားသည်။ သူသတိရသည်သာ မှန်ကန်ခဲ့မည်ဆိုလျှင် 154 သည် အကျဉ်းခန်းကို အထူးတလည် ကြောက်ရွံ့ပုံရသည်။

စနစ်သည် အကျဉ်းခန်းကို ကြောက်သည်တဲ့လား။

ထိုအတွေးက သူ့ကို ပို၍သက်သောင့်သက်သာဖြစ်သွားစေသည်။

သူကဆိုသည်။ "အပြည့်အဝ အသက်မဝင်ခင် နှစ်မိနစ်လောက်လိုသေးတယ်၊ မင်း ဇာတ်ကြောင်းရှည်ကို ချုံ့ပြောတာပဲဖြစ်ဖြစ် မဟုတ်ရင် ငါတို့နောက်မှ စည်းကမ်းတစ်ခုခုဖောက်လိုက်မယ်"

154 သည် ကြောင်အသွားသည်။ "စည်းကမ်းဖောက်မှာလား? ဒါက တမင်လုပ်တာလား?"

ယိုဟော့: "မဟုတ်ရင် ငါတို့ဒီမှာ မင်းနဲ့ ဘယ်လိုလုပ် စကားလာပြောမလဲ"

154: ".........."

154 သည် ငေးကြောင်ကြောင်ဖြင့် မေးလာသည်။ "ခင်ဗျားတို့ ကျွန်တော့်ကို ဒီထဲခေါ်ပြီး စကားနည်းနည်းပြောလို့ရအောင် သတိပေးသံမြည်အောင်လုပ်လိုက်တာလား"

ချင်ကျိုး: "ဟုတ်တယ် အရမ်းတော်တယ်မလား"

154 သည်ဆွံ့အသွားတော့သည်။

ခဏကြာသော် သူက မျက်နှာသေဖြင့်ပြောသည်။ "ဘော့စ် တကယ်က ကျွန်တော်နဲ့ ရက်အနည်းငယ်လောက် စောင့်ကြည့်မခံရဘဲ စကားပြောချင်ရင် ကျွန်တော့်ကို ဒီအတိုင်း ပြောလိုက်လဲရပါတယ်၊ ဘော့စ်အခန်းထဲမှာပဲ အဲဒီလိုလုပ်လို့ရတဲ့နည်းလမ်း ရှိပါတယ်... ဒီလောက်အားထုတ်ကြိုးပမ်းစရာ.. မလိုပါဘူး"

ချင်ကျိုး: "......."

သူ့အမူအရာကို ကြည့်ရင်း 154 သည် ကသိကအောက်နိုင်စွာ ထိုင်ခုံကို အနောက်သို့ အနည်းငယ် မကြွတကြွဆုတ်လိုက်သည်။

"မင်း စနစ်စောင့်ကြည့်တာကို ပိတ်လို့ရတယ်လား" ချင်ကျိုးက ဆိုသည်။

သောက်ကျိုးနည်း ဘာလို့ အဲဒါကို စောစောမပြောရတာလဲ????

"အဲဒါကို သတိပြုမိသွားနိုင်လို့ အရင်က လုပ်လို့မရဘူး၊ ဒါပေမဲ့ အခုကျ ပိုပြီး တည်ငြိမ်သွားပြီ" 154 က ချက်ချင်း ရှင်းပြလာသည်။ "ခင်ဗျားတို့ နေ့တိုင်း စောင့်ကြည့်ခံရတာကို သဘောမကျဘူးဆိုတာ သိတယ်၊ အဲဒါကြောင့် တကယ်တော့ မနေ့က ခင်ဗျားတို့အခန်းကို ပိတ်ဆို့လိုက်တယ်၊ ခင်ဗျားတို့စကားတွေကို စနစ် ကြားမှာမဟုတ်ဘူး"

ယိုဟော့သည် စိတ်ထဲက တွေးလိုက်သည်၊ အံ့ဩစရာမရှိတော့ဘူး။

သူတို့ ထိုမျှအကြာကြီး ဟိုယောင်ယောင်သည်ယောင်ယောင် လုပ်နေခဲ့တာတောင် သတိပေးချက် တစ်ခုမှ မရခဲ့တာ အံ့ဩစရာမဟုတ်တော့ပေ။

ချင်ကျိုးသည် သူ့မျက်နှာကို ပွတ်သပ်လိုက်သည်။ သူက ပျော်ရမလား၊ ဝမ်းနည်းရမလားပင် မသိတော့ပေ။

သူက 154 ကို စိတ်ရှုပ်စွာ အတန်ကြာအောင် စိုက်ကြည့်နေပြီးမှ တံခါးကို ညွှန်ပြလိုက်သည်။ "ကောင်းပြီ မင်းသွားလို့ရပြီ၊ ငါတို့မင်းကို နောက်သုံးနာရီကြာရင် လာရှာမယ်"

154 သည် ထိုအထဲတွင် တစ်စက္ကန့်ကြာအောင်ပင် မနေချင်တော့ပေ၊ အလျှင်အမြန် အခန်းအပြင်ကို ပြေးထွက်သွားလေသည်။

ထိုသို့ဖြင့် ဆရာကြီးနှစ်ယောက်သည် အခန်းထဲတွင် မတ်တပ်ကျန်ခဲ့လေသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် ကိုးရိုးကားရား ရယ်လိုက်ကြ၏။

***

သုံးနာရီသည် အကြာကြီးဟု ယူဆ၍မရသလို တိုတောင်းသည်တော့လည်း မဟုတ်ပေ။

ထိုသုံးနာရီကို သည်းခံကျော်ဖြတ်ပြီးနောက် ယိုဟော့နှင့်ချင်ကျိုးသည် 154 နှင့် 922 ၏ အခန်းတံခါးကို ခေါက်လိုက်၏။

922 သည် အောက်ထပ်သို့ နေ့လယ်စာသွားစားပြီဖြစ်သည်။ သူတို့အတွက် စကားပြောရန် အခွင့်ကောင်းပင်။

သည်တစ်ခေါက်တွင် 154 သည် အချိန်ဆွဲမနေတော့ပေ။

"ကျွန်တော် ဘယ်ကစပြောရမလဲ.. စဉ်းစားလိုက်ဦးမယ်... အစကနေစပြောရမယ်ထင်တယ် မဟုတ်ရင် အရမ်းပရမ်းပတာနိုင်သွားလိမ့်မယ်"

"ကျွန်တော်က တကယ်တော့ စနစ်ရဲ့ တစ်စိတ်တစ်ပိုင်းပါ.. အခြေခံအားဖြင့် စွန့်ပစ်ခံထားရတဲ့ အပိုင်းတစ်ပိုင်းပေါ့...."

ထိုအချိန်က စနစ်သည် ယိုဟော့နှင့် ချူယွဲ့မျက်လုံးတို့ထဲတွင်နေခဲ့သည်။ သူတို့မှတဆင့် ၎င်းသည် မြင့်မားသော အသိဉာဏ်အဆင့်အတန်းကို ပိုင်ဆိုင်ရန်နှင့် လူသားရှုထောင့်မှ စဉ်ဆက်မပြတ်သင်ယူ၍ အဆင့်မြှင့်တင်နိုင်ရန်အလို့ငှာ 'လူသား' လက္ခဏာရပ်တို့ကို ပျိုးထောင်ခဲ့ပြီး အမှီအခိုကင်းကင်း တွေးခေါ်နိုင်စွမ်းတို့ကို ပျိုးထောင်ခဲ့သည်။

ထိုချဉ်းကပ်မှုသည် အမှန်စင်စစ် အသုံးဝင်ခဲ့သည်။

အလွန့်အလွန်စောလျင်သောကာလက စနစ်သည် ယခုကဲ့သို့ မဟုတ်ခဲ့ပေ။

အချို့သောအခိုက်အတန့်မျိးတွင် သူက "လူသားဆန်သောအမူအကျင့်" အချို့ကို ပြသလိမ့်မည်ဖြစ်ပြီး အချို့သောရွေးချယ်မှုမျိုးကို လုပ်သောအခါ လူသားတို့၏ ပျော့ပျောင်းသောသဘာဝ၏ လွှမ်းမိုးမှုကိုပင် ခံရတတ်သည်။

အကြောင်းမဲ့ဖြစ်သည့်အချက်အလက်များ ပါလာသည်နှင့် ၎င်းရွေးချယ်သော ရွေးချယ်မှုများမှာ အန္တရာယ်အချို့ ပါလာတော့သည်။

ထို့နောက်တွင် လိုက်လာသည်မှာ ရံဖန်ရံခါစိတ်ရှုပ်ရခြင်းနှင့် နောင်တတို့ဖြစ်သည်။

စနစ်သည် ပင်ကိုအသိစိတ်အရ ဤသွင်ပြင်လက္ခဏာရပ်တို့ကို ဆန့်ကျင်သောကြောင့် ဤလက္ခဏာရပ်တို့သည် သိပ်ကြာကြာမခံပေ။ ၎င်းက မကြာမီ စိတ်ပြတ်သားစွာ ထို 'ပျော့ပျောင်းသောလူသားသဘာဝ' ကို ဖြတ်တောက်ခဲ့လေသည်။

ထိုဖြတ်တောက်ခံခဲ့ရသောအပိုင်းမှာ 154 ဖြစ်သည်။

"အချိန်အတော်ကြာအောင် ကျွန်တော်က အမှိုက်ပရိုဂရမ်တစ်ခုအနေနဲ့ နေခဲ့ရတယ်" 154 က ဆိုသည်။ "စနစ်ရဲ့ အရန်စခန်းမှာ... ကျွန်တော့်ကို ကွန်ပြူတာတွေထဲက အမှိုက်ပုံးတစ်ခုလိုမျိုး သတ်မှတ်လို့ရပါတယ်"

သူက အမှိုက်ပုံးအနေနဲ့ရှိနေစဉ် အခြေခံအားဖြင့် သူက အိပ်စက်နေသည့်ပုံစံဖြင့် ဖြစ်ပြီး ပြင်ပလောကရှိ လွှမ်းမိုးမှုတစ်ခုကိုမှ မခံခဲ့ရပေ။

၎င်းမှာ လွန်ခဲ့သော သုံးနှစ်မကျော်တကျော်ခန့် ချင်ကျိုးနှင့် ယိုဟော့ စနစ်ကို ဒုတိယအကြိမ် ဖျက်စီးရန်ကြိုးစားသည်အထိပင် ဖြစ်သည်။

"ဘော့စ်က ကျွန်တော့်ကို အရန်စခန်းကနေ လွှတ်ပေးခဲ့တာပါ" သူက ချင်ကျိုးကို‌ ပြောသည်။

"ငါကလား"

ချင်ကျိုးတွင် ၎င်းနှင့်ပတ်သက်၍ လုံးဝထင်မြင်ချက်မရှိပေ။ "ဒါဆို မင်းက ဒဏ္ဍာရီလာ မိမိကိုယ်ကိုယ်ပြုပြင်ရေးပရိုဂရမ်လား"

154 သည် ခဏတဖြုတ် တွေသွားသည်။ သူက ခေါင်းခါယမ်းကာ "မိမိကိုယ်ကိုယ်ပြုပြင်ရေးပရိုဂရမ်လား၊ ကျွန်တော်မဟုတ်ပါဘူး"

"ကျွန်တော် နောက်မှ လေ့လာထားတာတွေအရ ခင်ဗျားတို့နှစ်ယောက်က အရန်အစီအစဉ်အနေနဲ့ မိမိကိုယ်ကိုယ်ပြုပြင်ရေးပရိုဂရမ်တစ်ခု ချန်ထားခဲ့လောက်တယ်။ ခင်ဗျားရဲ့ လုပ်ပိုင်ခွင်ကို အသုံးချပြီး အဲဒါကို လက်ဝယ်ယူထားလိုက်နိုင်သွားတယ်" သူက ယိုဟော့ကို ပြောလာသည်။

"အဲဒါက တကယ်ကို ကောင်းတဲ့အရာဆိုပေမဲ့ ခင်ဗျားတို့လုပ်နေတဲ့အရာက အရမ်းအန္တရာယ်များလွန်းတယ်။ ကြည့်ရတာ ခင်ဗျားတို့က အရန်အစီအစဉ်တစ်ခုပဲ ရှိနေတာက မလုံလောက်ဘူးလို့ တွေးမိတာဖြစ်မလား? ဘယ်လိုပဲဖြစ်ဖြစ်ပါ ဘော့စ်က ကျွန်တော့်ကို အရန်စခန်းကနေ လွှတ်ပေးခဲ့တာပါ" 154 က ချင်ကျိုးကို ဆိုသည်။

"အမှိုက်အမျိုးအစားခွဲခြားမှုစင်တာ" မှထွက်လာပြီးနောက်တွင် သူသည် စနစ်၏ ပင်မခန္ဓာကိုယ် သတိပြုမိသွားမှာကို ကြောက်ရွံ့သောကြောင့် စနစ်အတွင်းရှိ ပျားပန်းခပ်မျှလှုပ်ရှားနေသည် နေရာတစ်ခုဖြစ်သည့် _ နားနေဆောင်တွင် တိတ်တိတ် ပုန်းနေခဲ့၏။

နောက်ပိုင်းတွင် စာမေးပွဲခန်းစောင့် A ကို စနစ် ထုတ်ပစ်လိုက်သည်ဆိုသည့်အကြောင်းနှင့် 001 သည် အသက်ဆုံးရှုံးလုနီးပါးဖြစ်ပြီးနောက် ပြန်လည်အားဖြည့်ရန်လုပ်နေသည်ဆိုတာကို သိလိုက်ရ၏။

"ကျွန်တော် နားနေဆောင်မှာ တစ်လကျော်အောင် ပုန်းနေခဲ့ပြီး ကျွန်တော့်အတွက် အကောင်းဆုံးရုပ်ဖျက်မှုက စာဖြေသူတစ်ဦးဖြစ်လာပြီး နောက်မှ စာမေးပွဲခန်းစောင့်တစ်ယောက်အဖြစ် ပြောင်းဖို့လို့ သိလာခဲ့တယ်"

ထိုသို့ဖြင့် 154 သည် ဖြေဆိုသူအုပ်စုအတွင်း ထိုးဖောက်ဝင်ရောက်နိုင်သည့်အခွင့်အရေးကို တွေ့လာခဲ့သည်။

စာမေးပွဲများကိုယ်၌သည် သူ့အတွက် အရမ်းအလုပ်မရှုပ်စေခဲ့ပေ၊ အဘယ့်ကြောင့်ဆိုသော် သူ၏ တည်ရှိမှုကိုယ်၌ကပင် လူတစ်ယောက်အတွက် အကြီးမားဆုံးမသမာနည်းတစ်ခုဖြစ်နေခဲ့ပြီး စနစ်၏စည်းကမ်းများအားလုံးမှာ အခြေခံအားဖြင့် သူ့ကို ကာကွယ်ပေးထားသောကြောင့်ဖြစ်သည်။

စနစ်သည် စာမေးပွဲများကို ဒီဇိုင်းထွင်မည်ဆိုသော်လည်း သူ့ကိုယ်သူထိခိုက်စေမည့် မည်သည့်အရာကိုမျှ လုပ်လိမ့်မည်မဟုတ်ပေ။

အတိတ်ကချင်ကျိုးနှင့် လက်ရှိယိုဟော့တို့နှင့် မတူညီစွာ သူက ရည်ရွယ်ချက်ရှိရှိ အလယ်အလတ်ဆန်သော်လည်း အတော်လေးကောင်းသော စွမ်းဆောင်ရည်မျိုးကို ထိန်းသိမ်းထားခဲ့သည်။

အဆုံးတွင် သူက စာမေးပွဲခန်းစောင့်တစ်ဦး အောင်မြင်စွာ ဖြစ်လာခဲ့၏။

ချင်ကျိုးသတိပြန်ရလာသောအခါ 154 သည် သူ့ကိုယ်သူ 001 ၏ အဖွဲ့ထဲသို့ ထည့်သွင်းခဲ့သည်။

ထိုနည်းအားဖြင့် သူ၏မိတ်ဆွေဆက်ဆံရေးနှင့် ကျေးဇူးတင်မှုကို ပြန်လည်ပြသခဲ့သည်။

စာမေးပွဲစောင့်ကြပ်နေသည့်အခါတွင်လည်း လူကြားထင်ရှားနေမည့်အဖြစ်ကို ရှောင်ရှားပြီး ရိုးရှင်းပြီးသာမန်ဆန်သည့် 154 ဟူသည့်အဆင့်ကို ရွေးချယ်ခဲ့သည်။

သူ့အရိုးထဲထိ စွဲမြဲနေသည်မှာ စနစ်၏ စည်းကမ်းလိုက်နာတတ်သည့်ဘက်ခြမ်းဖြစ်ပြီး ယိုဟော့နှင့်ချူယွဲ့တို့ထံမှတဆင့် လက်ခံရရှိခဲ့သည့် စရိုက်လက္ခဏာလေးများလည်း ရှိထားသည်။ ထိုအရာများ၏ကျေးဇူးကြောင့် မှတ်ဉာဏ်ဆုံးရှုံးထားသော ချင်ကျိုးသည် သူ့အပေါ်အမြင်ကောင်းလေသည်။

ထို့နောက် အနည်းငယ်ကြာသော် သူ့တွင် အပေါင်းအဖော်နှစ်ဦးရှိလာခဲ့သည်။

001 နှင့် 922 ဖြစ်သည်။

တစ်ဦးက သူ့ဘော့စ်ဖြစ်ပြီး ကျန်တစ်ဦးက လုပ်ဖော်ကိုင်ဖက်ဖြစ်သည်။ သူတို့၏ အကျင့်စရိုက်များမှာ လုံးလုံးကွာခြားသော်လည်း သူတို့အားလုံးသည် အချင်းချင်းအတော်လေး ကိုက်ညီကြသည်။

သူသည်လည်း တဖြည်းဖြည်း ပို၍ပို၍ လူသားဆန်လာကာ စနစ်နှင့် တူညီမှု နည်းနည်းလာခဲ့သည်။

တစ်ခါတလေ သူ့ကိုယ်သူ လူသားတစ်ဦးအနေဖြင့်ပင် စဉ်းစားလာခဲ့သည်။

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ရှိသော လူသားတစ်ဦး၊ ငိုနိုင် ရယ်နိုင်သော ပြီးပြည့်စုံသည့် လူသားတစ်ဦးဖြစ်သည်။

"လွန်ခဲ့တဲ့သုံးနှစ်အတွင်း ဒီအကြောင်း ဘာလို့မပြောခဲ့တာလဲ" ချင်ကျိုးက မေးသည်။

ထုတ်ပြောဖို့မဆိုနှင့် သူက မူမမှန်မှုတစ်ခုကိုမျှ မပြခဲ့ပေ။

154 : "....ဘော့စ် ပိုပြီး အကျိုးအကြောင်းဆီလျော်ရမှာပေါ့၊ ဘော့စ်မှာ မှတ်ဉာဏ်တွေပြန်ရထားတယ်ဆိုရင် အဆင်ပြေမှာဆိုပေမဲ့ မှတ်ဉာဏ်ပျောက်ဆုံးနေတဲ့အခြေအနေမှာ ကျွန်တော်က စနစ်ရဲ့တစ်စိတ်တစ်ပိုင်းပါလို့ ပြောလိုက်တာနဲ့ ကျွန်တော့်ကို ချက်ချင်း အမှိုက်ပရိုဂရမ်အဖြစ် ပြောင်းပစ်လိုက်မှာပေါ့"

ချင်ကျိုးသည် ခဏစဉ်းစားကြည့်လိုက်ပြီးနောက် ထိုသို့အလွန်ဖြစ်နိုင်ချေရှိသည်ဟု ခံစားလိုက်ရသည်။

ပြောရမည်ဆိုလျှင် သူက စနစ်အပေါ်သူ၏ သဘောမကျမှုကို ဖုံးကွယ်ထားရန် ဘယ်သောအခါမျှ မကြိုးစားဖူးပေ။

"ဒါပေမဲ့ အဲဒါကြောင့်ချည်းပဲတော့မဟုတ်ဘူး။ အဲဒီတုန်းက ကျွန်တော့်မှာရှိတာဆိုလို့ ကုတ်နာမည်တစ်ခုပဲရှိပြီး ဘာလုပ်ပိုင်ခွင့်အာဏာမှ မရှိခဲ့ဘူး" 154 က ဆိုသည်။

ရှာဖွေတွေ့ရှိပြီး ဖျက်စီးမခံရစေရန်အလို့ငှာ သူနှင့် စနစ်၏ ပင်မခန္ဓာကိုယ်ကြားမှ ဆက်နွယ်ချက်ကို အမြဲလိုလို ဖြတ်တောက်ထားခဲ့သည်။

ထိုသို့သော အခြေအနေမျိုးတွင် သူ့မှာ စနစ်ကဲ့သို့သော အာဏာတစ်ခုမျှမရှိခဲ့ဘဲ ပကတိသာမန်လူသားတစ်ဦးသာ ဖြစ်နေခဲ့၏။ အများဆုံး သူသည် အခြားသူများနှင့်ယှဉ်လျှင် ကိစ္စတော်တော်များများကို နှံ့စပ်ပြီး စည်းမျဉ်းများကို ပိုမှတ်မိရုံမျှသာ။

နောက်ပိုင်းတွင် ချင်ကျိုးနှင့်ယိုဟော့သည် တာဝန်ကျရှုံးခဲ့သော်လည်း သိသာထင်ရှားသည့် နောက်ဆက်တွဲအကျိုးဆက်များကို ချန်ထားခဲ့သည်ကို သိလာခဲ့သည်။

စနစ်ထဲတွင် ကြိုတင်မြှုပ်နှံထားခဲ့သော ချိန်ကိုက်ဗုံးများကဲ့သို့ bug များ ပိုပိုပြီး ပေါ်လာခဲ့သည်။

bug များကို အကာအကွယ်ယူ၍ 154 သည် ပါဝါအချို့ကို ရရန် စတင်ကြိုးစားလာခဲ့သည်။

သို့သော် သူက အလွန်ဂရုစိုက်ဆဲပင်။

"အဲဒါက ဘယ်လောက်အကူအညီဖြစ်မလဲ မသေချာသလို ဒီတစ်ခေါက်လည်း ခင်ဗျားတို့နှစ်ယောက် အောင်မြင်မလားဆိုတာ မသေချာလို့ ကျွန်တော် အမြဲတမ်း ချီတုံချတုံ ဖြစ်နေခဲ့တာပါ..."

154 က ဆိုသည်။ "စောစောက အကျဉ်းခန်းထဲတုန်းကတောင် ကျွန်တော် တွန့်ဆုတ်နေခဲ့တာ။ သေချာပေါက် ကျွန်တော် ခင်ဗျားတို့ကို ကူညီမှာ။ ခင်ဗျားတို့ကို သေချာပေါက် ကူညီမှာဆိုပေမဲ့ ဒါက အားလုံးကို ကူညီနေတာလား၊ တကယ်တမ်း အန္တရာယ်ပြုနေတာလားဆိုတာ ကျွန်တော်မသိဘူး"

သူသည် အလွန်အများအပြားတွေ့ခဲ့ပြီးပြီ။ အလွန်မြောက်မြားစွာသော သေဆုံးမှုများ။

သူ အမှိုက်ပရိုဂရမ်တစ်ခုအနေနဲ့ရှိနေသည့်အချိန်မှလွဲ၍ သူသည် စနစ်ထဲတွင် သေဆုံးသွားသောသူတိုင်းကို မှတ်မိသည်။

သူ ချင်ကျိုးနှင့်ယိုဟော့ကိုလည်း ထိုသို့ဖြစ်လာသည်ကို ထပ်မမြင်ချင်တော့ပေ။

အခန်းသည် ခေတ္တခဏ တိတ်ဆိတ်သွား၏။

အချိန်အတော်ကြာပြီးနောက် ချင်ကျိုးသည် ရုတ်တရက် ဆိုသည်။ "တကယ်တော့ အဲဒါက မထူးခြားဘူး"

"ဘာလဲ" 154 သည် အံ့အားသင့်သွားသည်။

"ဒီကမ္ဘာမှာ ဘယ်ဟာက အန္တရာယ်မများလို့လဲ၊ ငါ့အထင်တော့ တစ်ခုမှ မရှိဘူး။ မင်းအခု အရဲမစွန့်ရင် နောက်ပိုင်းမှာ အရဲစွန့်ရမှာပဲ" ချင်ကျိုးသည် အလျင်မလိုဘဲ စကားဆိုနေခဲ့သည်။ "ဆိုမှတော့ မင်းဘာကိုပဲ ရွေးချယ်ရွေးချယ် ကိစ္စမရှိဘူး၊ နောင်တအနည်းဆုံးချန်ခဲ့နိုင်မဲ့အရာကို ရွေးချယ်နိုင်ဖို့ပဲ"

ချင်ကျိုးသည် ခဏလောက် တန့်သွားပြီးနောက် ပြုံးလိုက်သည်။ "အရူးတစ်ယောက်ရဲ့ အဓိပ္ပါယ်မရှိတဲ့စကားဖြစ်ရင်ဖြစ်နေနိုင်ပေမဲ့ ကြိုးစားကြည့်လို့ အကျိုးမယုတ်ဘူးလို့ထင်တယ်။ စနစ်ကို အကြိမ်အနည်းငယ်လောက် ထပ်ပြီး ဖျက်ဆီးဖို့ကြိုးစားကြည့်ရင် မကောင်းဘူးလား"

"ငါတို့ကြိုးစားကြည့်ရင် သူ့ကို ဖျက်ဆီးလိုက်နိုင်ခြေရှိသေးတယ်၊ ငါတို့မကြိုးစားရင်တော့ ဒီမှာ ထာဝရ ပိတ်မိနေမှာပဲ"

154 သည် တိတ်ဆိတ်နေဆဲပင်။

ယိုဟော့သည် ရုတ်တရက် စကားထပြောသည်။ "တကယ်တော့ မင်း ဆုံးဖြတ်ပြီးနေပါပြီ"

154 သည် အံ့အားသင့်သွား၏။ "ဘာကိုလဲ"

"မင်းက ငါတို့ကို ကူညီပြီးနေပါပြီ" ယိုဟော့က ဆိုသည်။ "မင်းက ငါ့ရဲ့ပထမဆုံးစာမေးပွဲကို ကြီးကြပ်ခဲ့တယ်။ အဲဒီနောက်ပိုင်း စာမေးပွဲတွေတိုင်းမှာတောင် မင်းနဲ့အမြဲတမ်းတိုးခဲ့တယ်။ အဲဒါက ကျပန်းဖြစ်တာ၊ တိုက်ဆိုင်မှုတစ်ခုပဲလို့ ငါ့ကို မပြောနဲ့။ ငါ့မှာ အဲဒီလိုကံမျိုး မရှိဘူး"

154 သည် စကားပြောနိုင်စွမ်း ပျောက်ဆုံးသွား၏။

ဟုတ်သည်၊ သူ အမှန်စင်စစ် ဆုံးဖြတ်ချက် ချထားပြီးသားဖြစ်သည်။

သို့သော် သူသည် ပါးလွှာသောရေခဲပြင်ပေါ်တွင် လမ်းလျှောက်နေရသည့်အလားဖြစ်နေသည်။ မဆင်မခြင်လုပ်ရပ်တစ်ခုခုသည် ဒီအုပ်စုမှ လူများသေဆုံးသွားသည့်အဖြစ်နှင့် အဆုံးသတ်သွားစေမည်ကို ကြောက်ရွံ့သည်။

အခန်းသည် တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ ချင်ကျိုးသည် သူ့ကို စကားပြောရန် မတိုက်တွန်းခဲ့သလို ယိုဟော့သည်လည်း မတိုက်တွန်းခဲ့ပေ။

အတန်ငယ်ကြာသော် 154 သည် နောက်ဆုံး စကားပြောလာသည်။ "ကျွန်တော့်လုပ်ပိုင်ခွင့်က အကန့်အသတ်နဲ့ရှိတုန်းပဲ၊ သိပ်များများစားစား မလုပ်နိုင်ဘူး။ တကယ်လို့ စနစ်ရဲ့ပင်မကိုယ်ကသာ သတိထားမိသွားရင် ဒုက္ခများလိမ့်မယ်"

ချင်ကျိုးသည် ခေါင်းညိတ်လိုက်သည်။ "ငါ့ကို ချက်ချင်း အတိတ်ကို သတိရအောင် ကူညီပေးနိုင်လား"

154: "....မလုပ်နိုင်ဘူး"

"ဒါဆို ငါ့ကို အထူးနယ်မြေကို ပို့ပေးနိုင်လား၊ ငါ့ကိုယ်တိုင် အမိန့်ကို ရုတ်သိမ်းလိုက်မယ်"

154: "....အဲဒါလည်း မလုပ်နိုင်ဘူး"

"ငါ့အကျဉ်းခန်းထဲက အပျက်အစီးနေရာကြီးက ဗဟိုချက်မဟုတ်လား။ ငါတို့ကို အဲဒီကို ပို့ပေး"

154: "........"

ချင်ကျိုး: "........"

"ကျွန်တော် စိတ်ပြောင်းလို့ရသေးလား" 154 သည် ကိုးရိုးကားရားနိုင်စွာ မေးလာ၏။

ချင်ကျိုးသည် ရယ်မောလာသည်။

ယိုဟော့ကဆိုသည်။ "မင်း စာမေးပွဲအတွင်း စောင့်ကြည့်မှုကို တားဆီးနိုင်လား"

154 သည် နောက်ဆုံးတော့ သူလုပ်နိုင်သည့်နယ်ပယ်အတွင်းမှ အရာတစ်ခုခုကို တွေ့လိုက်ရ၍ ပြန်၍ အသက်ဝင်လာလေသည်။ "စာမေးပွဲစင်တာကြီးတစ်ခုလုံးကိုတော့ မလုပ်နိုင်ဘူး၊ မဟုတ်ရင် အရမ်း သိသာလွန်းသွားမယ်၊ တကယ်လို့ ဒီလောက်အချိုးအစားကြီးတဲ့ စာမေးပွဲကြီး ရုတ်တရက် အမှောင်ကျသွားရင် စနစ်က ကန်းနေတာသာမဟုတ်ရင် သတိပြုမိမှာပဲ။ ကျွန်တော် နယ်ပယ်သေးလေးအတွက် လုပ်ပေးနိုင်တယ်၊ ဥပမာ အိမ်လိုမျိုး၊ အဲဒါဆိုရင် ခင်ဗျားတို့ ပိုပြီးလွယ်လွယ်ကူကူ ဆွေးနွေးလို့ရသွားမယ်"

"ဒီအတိုင်း ငါတို့ကိုသာ စောင့်ကြည့်ခံရမဲ့အဖြစ်ကနေ လူကိုတိုက်ရိုက်ပိတ်ဆို့လိုက်။ အဲဒီလိုမျိုးက ပိုပြီးအဆင်ပြေလိမ့်မယ်"

154: "အဲဒီလိုလည်း လုပ်လို့ရတယ်၊ အဲဒါဆို မျက်ကွယ်ရာက အိမ်ထက်တော့ ပိုပြီးနည်းသွားလိမ့်မယ်"

သူက အကူအညီနည်းနည်းပါးပါးမျှသာ ဖြစ်သည်ဆိုသော်လည်း ဘယ်အရာထက်မဆို ပို၍အာမခံချက်ကောင်းသည်။

"ကျွန်တော် ကူညီပေးလို့ရတဲ့ အခြားကိစ္စလေးတွေလည်း ရှိသေးတယ်" 154 က ဆိုသည်။ "ဗဟိုချက်ကိစ္စကတော့.... ကျွန်တော် အကောင်းဆုံးကြိုးစားပေးမယ်၊ အခုလက်ရှိ ကျွန်တော် အဲဒီနေရာတွေနား ကပ်ဖို့ကြိုးစားတာနဲ့ စနစ်ရဲ့ပင်မကိုယ်က error တစ်ခုသတင်းပို့လိမ့်မယ်။ အဲဒါက ခင်ဗျားတို့နှစ်ယောက် အဲဒီကိုရောက်တာထက် ပိုအန္တရာယ်များတယ်"

သူက ရေရွတ်နေသည်။ "ပင်မကိုယ်က ကျွန်တော်နဲ့ပတ်သက်ပြီး သတိကိုဖြေလျော့သွားမဲ့နည်းလမ်းတစ်ခု ရှာမှဖြစ်မယ်"

ထိုစကားကို ကြားသော် ယိုဟော့သည် မိမိကိုယ်ကိုယ်ပြုပြင်ရေးပရိုဂရမ်ကို သတိရသွားသည်။ "ပြုပြင်ရေးရည်ရွယ်ချက်နဲ့ဆိုရင်ရော မဖြစ်နိုင်ဘူးလား"

154 သည် "အာ" ဟု အသံပြုလိုက်ပြီးနောက် လက်ခုပ်တီးလိုက်သည်။ "ပြုပြင်ရေးနဲ့ဆို အလုပ်ဖြစ်တယ်။ တကယ်လို့ ကျွန်တော်သာ မိမိကိုယ်ကိုယ်ပြုပြင်ရေးပရိုဂရမ်ကို ယူသွားနိုင်ရင်.. အပေါက် ဒါမှမဟုတ် bug တစ်ခုခုကို ပြင်ဖို့ဆိုတဲ့ ဆင်ခြေကိုသုံးပြီး လမ်းကြောင်းထွင်ခဲ့လို့ရပေမဲ့.... ခင်ဗျားတို့ရဲ့ ပြုပြင်ရေးပရိုဂရမ်က ဘယ်မှာလဲ"

"မင်းလည်း မတွေ့သေးဘူးလား"

154 သည် စိတ်ပျက်စွာ ခေါင်းခါလိုက်သည်။ "လူကိုရှာရတာ လွယ်ပေမဲ့ ပရိုဂရမ်ကို ရှာရတာခက်တယ်။ စနစ်ရဲ့ပင်မကိုယ်က နေရာတကာမှာရှိပြီး အရာရာကို သိမြင်နိုင်တယ်။ စနစ်ထဲမှာ ပရိုဂရမ်ကို ရှာရတာက ကောက်ရိုးပုံထဲ အပ်တစ်ချောင်းရှာရတာနဲ့ ညီမျှတယ်။ ကျွန်တော့်ထက်စာရင် ခင်ဗျားတို့နှစ်ယောက်အတွက် ပိုတောင် လွယ်ရင်လွယ်လိမ့်မယ်"

"ဒါပေမဲ့ ငါတို့ ဘယ်ကစရှာရမလဲ မသိဘူး"

"ကျွန်တော် မူလပထမက ရှိနေခဲ့တဲ့ နေရာမှာပဲဖြစ်နိုင်တယ်။ တကယ်လို့ နားနေဆောင်တစ်ခု ဒါမှမဟုတ် စာမေးပွဲစင်တာတစ်ခုမှာ မသင်္ကာစရာတစ်ခုခု ဒါမှမဟုတ် bug တစ်ခုခုရှိရင် အဲဒါကို အလေးပေးပြီးကြည့်။ အဲဒါက ခင်ဗျားတို့နှစ်ယောက်ထားခဲ့တဲ့ နောက်ဆက်တွဲအကျိုးဆက်တစ်ခုဖြစ်ရင်ဖြစ် မဟုတ်ရင် မိမိကိုယ်ကိုယ်ပြုပြင်ရေးပရိုဂရမ်ပဲ ဖြစ်လိမ့်မယ်"

မျက်စိတစ်မှိတ်အတွင်းတွင် 12 နာရီ ထိုးသွားပြီဖြစ်သည်။

အဆောက်အအုံအတွင်းတွင် စနစ်၏ အသံပေါ်လာလေရာ 154 ကို ထိတ်လန့်သွားစေသည်။

(စာမေးပွဲရဲ့ ဒုတိယအဆင့်ကို စတင်တော့မှာဖြစ်ပါတယ်။ တာဝန်ရှိတဲ့စာမေးပွဲခန်းစောင့်တွေ ဖြေဆိုသူတွေကို သူတို့ရဲ့သက်ဆိုင်ရာစာမေးပွဲစင်တာကို ပြန်လည်ပို့ဆောင််ပေးပါ)

(တာဝန်ရှိစာမေးပွဲခန်းစောင့်များ ဖြေဆိုသူတွေကို သက်ဆိုင်ရာစာမေးပွဲစင်တာကို ပြန်လည်ပို့ဆောင်ပေးပါ။)

သူတို့သုံးယောက်သည် တိတ်တဆိတ် အကြည့်ချင်းဖလှယ်လိုက်ကြသည်။

"သွားစို့ စနစ်ရဲ့အသံကို ကြားရရုံနဲ့တင် ကျွန်တော်လက်တောင် တုန်တယ်"

154 သည် ပြောရင်းဆိုရင်း တံခါးရှိရာသို့လျှောက်သွား၏။ ချင်ကျိုးနှင့် ယိုဟော့သည် သူ့နောက်က လိုက်လာသည်။

သူ တံခါးလက်ကိုင်ကို လှမ်းဆွဲလိုက်သည့်အချိန်တွင် တစ်ခုခုကို သတိရသွားပုံရပြီး ရပ်သွားလေသည်။

"ဘာဖြစ်လို့လဲ"

"မဟုတ်ပါဘူး၊ ခင်ဗျားတို့နှစ်ယောက်က တကယ်ပဲ ရူးနေပြီလို့... ပြောချင်လို့ပါ" 154 က ဆိုသည်။ "ကျွန်တာ်က စနစ်ကိုယ်တိုင်ဖြစ်နေမှာကို မကြောက်ဘူးလား။ ခင်ဗျားတို့ လာမေးရဲသေးတယ်နော်"

ချင်ကျိုးက ဆိုသည်။ "ကိစ္စမရှိပါဘူး ငါက အလောင်းအစားတစ်ခုလုပ်လိုက်ရုံပဲ"

154 သည် အံ့အားသင့်သွား၏။ "ဘာကို အလောင်းအစားလုပ်တာလဲ"

"ငါ့ရဲ့ သူငယ်ချင်းရွေးချယ်နိုင်စွမ်းကို အလောင်းအစားလုပ်လိုက်တာ" ချင်ကျိုးက ဆိုသည်။

သူငယ်ချင်း..

ထိုစကားလေးတစ်လုံးသည် 154 အတွက် အရာရာတိုင်းထက် အရေးပါသည်၊ အထူးသဖြင့် သူ၏သရုပ်မှန်ကို ဖော်ထုတ်လိုက်ပြီးကာစအချိန်တွင်ဖြစ်သည်။

၎င်းက တစ်ဖက်လူသည် သူ့ကို လွတ်လပ်တဲ့လူပုဂ္ဂိုလ်တစ်ဦး၊ ပကတိလူသားတစ်ဦးအဖြစ် မှတ်ယူလိုက်သည်ကို ဆိုလိုသည်။

154 သည် ပြုံးလိုက်သည်။

သူက ချင်ကျိုးနှင့် ယိုဟော့ကို တစ်ချက်ငဲ့ကြည့်ပြီးနောက် တံခါးဘက်သို့ ပြန်လှည့်သွားကာ သူ၏ ပုံမှန် မျက်နှာသေနှင့်တည်ငြိမ်သည့်အကြည့်အတိုင်း ပြန်ဖြစ်သွားသည်။

"922 ကိုတော့..."

"ကျွန်တော်အခွင့်အရေးရှာပြီး ပြောပြလိုက်ပါမယ်" 154 သည် ရုပ်တည်ဖြင့် ပေါက်ကရပြောတတ်သည်။ "ကျွန်တော် အဲဒီအရူးငိုသွားအောင် ခြောက်မိမှာ ကြောက်တယ်"

"အချိန်ကျပြီ ဘော့စ်တို့နှစ်ယောက်ကို စာမေးပွဲစင်တာကို ခေါ်သွားပေးမယ်"

သူက ယခင်ကဲ့သို့ပင် တည်ကြည်စွာ ပြောလိုက်သည်။

....................xxx..................

Akira - 154 က သနားစရာကောင်းသလို ချစ်စရာလေးနော် - သူ့ဘဝကလည်း လူမကျ စနစ်မကျနဲ့

နောက်ပိုင်း ပိုတောင်ငိုရဦးမယ် 

Comment