အခန်း ၁၃၀: ထုတ်ပယ်ခြင်း

အခန်း ၁၃၀: ထုတ်ပယ်ခြင်း

ထိုမေးခွန်းသည် အမေးမခံသင့်သောအရာဖြစ်သည်။ အမေးခံလိုက်ရသည်နှင့် သူတို့ရှစ်ယောက်စလုံး စတင် ထိုသို့ ခံစားလာရသည် (ဗိုက်ဆာလာသည်)။

တီးလီမှာ ပျာယာခတ်သွားသည်။ "ဘာဖြစ်လို့ အားလုံး တိတ်သွားတာလဲ"

သူတို့အားလုံး ပြောရမှာ တွန့်ဆုတ်နေကြ၏။

တီးလီ: "တကယ် ဗိုက်ဆာနေတာလား"

"ခဏ အခုတော့ အဲဒီစကားလုံးကို ထုတ်မပြောနဲ့ဦး" ယွီဝမ်သည် တံတွေးများ မျိုချလိုက်သည်။

သူ၏ ထိုအပြုအမူကို မြင်လိုက်သော် တီးလီမှာ ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားတော့သည်။

သို့သော် မကြာခင် ဤလူရှစ်ယောက်၏ မျက်နှာပေါ်မှ အကြည့်များမှာ သူ့ထက်ပိုဆိုးနေသည်ကို သတိထားမိသွားသည်။

ယိုဟော့မှာ စိတ်အခြေအနေမကောင်းဖြစ်နေပြီး ချင်ကျိုးကမူ ရယ်ချလိုက်ရမလားကို ဒွိဟဖြစ်နေပြီး ယန်ရှုးနှင့်ကျန်လူများမှာမူ.....ရှော့ခ်ရနေဆဲဖြစ်သည်။

အသိသာဆုံးမှာ ယွီဝမ်ဖြစ်၏။ သူသည် တီးလီထက်ပင် ပို၍ထိတ်လန့်တုန်လှုပ်နေပုံရသည်။

မှန်သည်ပင်။ တနေကုန်တနေခမ်း တိုက်ခိုက်ခဲ့ရပြီး ယခုမှ သူတို့ကမှ စင်စစ် ရန်သူဖြစ်နေသည်ကို သိလိုက်ရလျှင် မည်သူက သည်းခံနိုင်ပါမည်နည်း။

စိတ်အေးအေးထား စိတ်အေးအေးထား

တီးလီသည် သူ့ကိုယ်သူ စိတ်တည်ငြိမ်သွားစေရန် အသက်ပြင်းပြင်းအချို့ ရှိုက်သွင်းလိုက်၏။

သူ၏ ကျိုးကြောင်းဆင်ခြင်နိုင်သည့်အာရုံသည် သူ့ရှေ့မှ ဤလူရှစ်ယောက်စလုံးသည် အန္တရာယ်များသည်.. စာမေးပွဲက စီစဉ်ထားသော မှန်လူသားများထက်ပင် ပို၍အန္တရာယ်များသည်ဟု သူ့ကိုပြောပြနေသည်။

သို့သော် စိတ်ပိုင်းဆိုင်ရာအရ သူ ဤအုပ်စုနှင့် ဆန့်ကျင်ဘက်ကို မသွားချင်ပေ။

ရုတ်တရက် အတန်ငယ်လှမ်းသောနေရာမှ အသံအချို့ကို ကြားလိုက်ရသည်။

တီးလီသည် တစ်ဖက်လှည့်ကြည့်လိုက်ရာ ကတုံးဆံတောက်ကေနှင့်လူသည် ကောင်တာနောက်မှထရပ်လိုက်ကာ သူ၏ ထုံကျဉ်နေသောခြေထောက်တို့ကို သည်းခံရင်း သူတို့ရမှတ်ကို ခိုးကြည့်ဖို့ ကြိုးစားနေသည်ကို တွေ့လိုက်ရ၏။

တီးလီသည် စဉ်းစားမနေတော့ဘဲ ချက်ချင်း "ဝါး!" ဟု အာမေဋိတ်သံပြုလိုက်ပြီးနောက် စိတ်လှုပ်ရှားနေသည့်အသံဖြင့် ဆက်ပြောသည်။ "သိသားပဲ! 81 မှတ်! အရမ်းများတာပဲ!"

ယွီဝမ်: "???"

ဤကျောင်းသားသည် ရှိသမျှသရုပ်ဆောင်စွမ်းရည်တို့ကို အကုန်ထုတ်သုံး၍ "အစ်ကိုတို့ ဒီအတိုင်းဆက်သွားရင် အမှတ် ၂၀၀ ကျော်နဲ့ ပြီးသွားမှာပဲ၊ အဲဒီလိုဆို စာမေးပွဲအကုန်ပြီးသွားပြီလို့ ဆိုလိုတာမလား"

ယွီဝမ်က သူ့လက်ကို လှမ်းဆွဲ၍ အသံမထွက်ဘဲ ပြောလိုက်သည်။ "ခဏနေဦး၊ အရမ်းပုံကြီးချဲ့နေစရာမလိုဘူးလေ"

တီးလီက သူ့ကိုတစ်ချက် ဟန့်လိုက်ပြီးနောက် ယိုဟော့နှင့် ကျန်သောသူများကို ပြောလိုက်သည်။ "ကော ကြမ်းပေါ်က ဖန်ကွဲတွေနဲ့ ဘေးမကင်းဘူး၊ ကျွန်တော်တို့ တခြားတစ်နေရာရာရွှေ့ကြမလား.. မှန်လူသားတွေ ထပ်ပြီး ရောက်လာမှာကို ပိုစိုးရိမ်တယ်"

သူက အနီးနားမှ အပြင်လူတွေသိမှာစိုး၍ အဖြစ်မှန်ကို ဖုံးကွယ်ဖို့ ကြိုးစားနေသည်ကို အရူးပင် သိနိုင်သည်။

"အပေါ်တက်မယ်" ယိုဟော့က ဆိုသည်။

အုပ်စုလိုက် အပေါ်တက်သွားကြသည်။ တီးလီသည် ခဏလောက် တွန့်ဆုတ်နေပြီးမှ အံကြိတ်၍ သူတို့နောက်မှ လိုက်တက်သွားလေသည်။

"ဟိုဟာ...." တစ်ယောက်က တွန့်ဆုတ်တွန့်ဆုတ်နှင့် မေးလာသည်။ "ငါတို့ ဒီမှာ နေလို့ရလား"

ယိုဟော့က နောက်သို့ လှည့်ကြည့်လိုက်သည်။ စကားပြောလာသူမှာ မီးစုန်းရောင်အမျိုးသားဖြစ်သည်။ အကယ်ခံထားရသော်လည်း ဒဏ်ရာရထားသေးသော ကျောင်းသားသုံးယောက်မှာလည်း သူတို့ကို သနားစဖွယ် ကြည့်နေကြ၏။

"ဒီမှာနေမယ်" ဟူသောစကားတို့၏ အမှန်စင်စစ် နောက်ကွယ်မှ အဓိပ္ပာယ်မှာ: "ငါတို့ မင်းတို့နဲ့ ပူးပေါင်းလို့ရမလား" ဟူ၍ဖြစ်သည်။

အကယ်၍ လွန်ခဲ့သော နာရီဝက်ခန့်ကသာဆိုလျှင် ယိုဟော့သည် လက်ခံလိုက်မည်ဖြစ်သော်လည်း ယခု အခြေအနေမှာ မတူတော့ပေ။ သူတို့သည် မှန်လူသားများ ဖြစ်နေပြီ။ ဖြေဆိုသူများကို ပူးပေါင်းခွင့်ပေးဖို့က... သူတို့က ရူးနေလို့လား?

"မရဘူး" ယိုဟော့က ဆိုသည်။

အောက်ထပ်မှလူတို့မှာ အံ့အားသင့်သွားကြသည်။ သူတို့က တစ်ဖက်လူ သူတို့ကို ဤမျှတဲ့တိုးဆန်ဆန် ငြင်းပယ်လိုက်မည်ဟု မမျှော်လင့်ထားကြသည့်ပုံပင်။

"မင်းတို့ ပြန်ဆွေးနွေးကြည့်လို့ရမလား" မီးစုန်းရောင်လူ၏မျက်နှာမှာ ဖြူဖျော့နေပြီး သူ့ပါးနှစ်ဖက်တွင် ရှက်၍ အနီရောင်သန်းနေသော်လည်း ရှက်ရွံ့မှုကို သည်းညည်းခံထား၏။

ယိုဟော့သည် အမူအရာမပြောင်းလဲဘဲ ပြောသည်။ "ဆွေးနွေးစရာမလိုဘူး"

ချင်ကျိုးသည် သူ့ကို ဖျတ်ခနဲလှမ်းကြည့်လိုက်ပြီးနောက် ရုတ်တရက် စာမေးပွဲခန်းစောင့် A ကို စနစ်၏ 'ပြောရေးဆိုခွင့်ရှိသူ' တစ်ဦးအနေဖြင့် မြင်ယောင်ကြည့်၍ရသည်ဟု ခံစားလိုက်ရသည်။

"ငါတို့က ကိုယ်ကာယကြံ့ခိုင်မှုကလည်း အတော်လေးကောင်းပါတယ်___" မီးစုန်းရောင်အမျိုးသားက ကျန်ကျောင်းသားသုံးဦးဘက်သို့ စစ်ကူတောင်းသည့်အလား လှည့်လာ၏။

ကျောင်းသားများသည်လည်း အသံတိုးတိုးဖြင့် "ကျေးဇူးပြုပြီး" ဟု ဆို၍ အလွန်တရာမှ သနားစရာကောင်းနေတော့သည်။

"မင်းမြင်တဲ့အတိုင်း ငါတို့အကုန်လုံး တကယ်နေချင်ပါတယ်၊ ငါတို့က အံ့ဩစရာကောင်းလောက်အောင် အားကြီးတဲ့အဖွဲ့ဝင် မဟုတ်လောက်ဘူးဆိုပေမဲ့ လူအင်အားတော့ ဖြည့်ပေးနိုင်ပါတယ်" မီးစုန်းရောင်အမျိုးသားက ဆက်ပြောသည်။ "ငါတို့ မင်းတို့ရဲ့ စားစရာ၊ ဆေးဝါး... တခြားဘာအသုံးအဆောင်ကိုမှ မသုံးဘူးလို့ ကတိပေးပါတယ်"

သူ သေချာအလေးပေး၍ ပြောပြီးသောအခါ လေသံကို ဖျော့၍ ပြောလာသည်။ "ငါတို့က အဖွဲ့သားပဲ ရှာချင်တာပါ"

သူသည် နိုင်ငံခြားတွင် အကြာကြီးနေခဲ့ဖူးသူတစ်ဦးကဲ့သို့ ပြောဆိုနေခြင်းဖြစ်သောကြောင့် နိုင်ငံခြားသားကျောင်းသားသုံးဦးနှင့် ဆက်သွယ်ပြောဆိုရာတွင် အခက်အခဲမရှိပေ။ ထိုသို့ အာမခံပြီးနောက် တစ်ဖက်သို့လှည့်ကာ ကျောင်းသားများကို တိုးတိုးတိတ်တိတ် ရှင်းပြလိုက်သည်။

ကျောင်းသားများသည် ချက်ချင်း သူတို့ရင်ဘတ်ကို ပုတ်ကာ သေချာပေါက် ထိုကတိအတိုင်း လိုက်နာမည့်ပုံပြလာ၏။

ယိုဟော့သည် မျက်မှောင်ကြုတ်သွားသည်။

ချင်ကျိုးသည် လက်ညှိုးကို အကြိမ်အနည်းငယ် ဟိုထိုးသည်ထိုး လုပ်ကာ "ဘာလို့ အပူရှာနေတာလဲ၊ ခင်ဗျားတို့၊ ကျွန်တော်တို့၊ နောက်ပြီး ဟောဟိုက မျက်နှာမကောင်းတဲ့ ဟိုလူပါပေါင်းလိုက်ရင် လူများလွန်းတယ်၊ ခင်ဗျားတို့ မှန်လူသားတွေအများကြီး ထပ်ကြီး ဆွဲဆောင်မိမှာမကြောက်ဘူးလား"

မီးစုန်းရောင်လူမှာ တောင့်တင်းသွားသည်။

လူဖြူကျောင်းသားမှာ ဘာသာပြန်စကားကို ကြားပြီးနောက် အလျင်အမြန် ခေါင်းခါပြလာသည်။

တိုက်ခိုက်ရန်လာသော မှန်လူသား သုံးဆယ်နီးပါးသည် အကုန်လုံး အမြစ်ဖြုတ်ခံလိုက်ရသည်။ ၎င်းကိုကြည့်လျှင် ဤလူစု မည်မျှအားကြီးသည်ကို ပြနေ၏။ သူတို့နောက်သို့ လိုက်ခြင်းသည် တစ်ဦးချင်း တိုက်ခိုက်ရခြင်းထက် သေချာပေါက် သာမည်ပင်။ ထို့ပြင် ပထမတစ်သုတ်ပြီးသည်နှင့် ချက်ချင်း နောက်ထပ်တစ်သုတ် မလာလောက်ပေ။

မီးစုန်းရောင်အမျိုးသားက ဆိုသည်။ "ငါတို့ မကြောက်ဘူး"

ချင်ကျိုးက "အိုး" ဟုအသံပြုကာ "ကျွန်တော်တို့ကတော့ ကြောက်တယ်"

မီးစုန်းရောင်အမျိုးသား "......."

အကြိမ်ရေအချို့ ဆက်တိုက် အငြင်းခံလိုက်ရပြီးနောက် သူဆက်၍ တင်းမထားနိုင်တော့ပေ။

မီးစုန်းရောင်အမျိုးသားသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငိုက်စိုက်ကျကာ "ဒါ.... ဒါဆိုလည်း ရပါတယ်"

ကတုံးဆံတောက်ကေနှင့်လူသည် လှောင်ရယ်ရယ်လိုက်ပြီးနောက် ခပ်တိုးတိုး ဆဲရေးလိုက်သည် "အဲဒီတော့ ဘာဖြစ်သေးလဲ ငါက သောက်ရေးစိုက်မဲ့ပုံပေါက်နေလို့လား"

သူက ထိုသို့ပြောပြီးနောက် သူ၏ ထုံကျဉ်နေသောခြေထောက်တို့ကို တရွတ်ဆွဲ၍ အဝေးသို့ ထော့နင်းထော့နင်း ထွက်သွားသည်။ တစ်ကွေ့နှစ်ကွေ့ကျော်သွားပြီးနောက် အဝေးတွင် ပျောက်သွားတော့သည်။

မီးစုန်းရောင်အမျိုးသားသည်လည်း သက်ပြင်းချကာ သူ့မိန်းမကို တွဲရင်း ထွက်သွားလေသည်။

ကျောင်းသားသုံးဦးသာလျှင် နေရာတွင် တောင့်တင်းလျက် ကျန်နေခဲ့၏။

နှစ်ဦးမှာ ဂုတ်တွင် ဒဏ်ရာရထားသော်လည်း ကံကောင်းထောက်မစွာဖြင့် အချိန်မီကယ်တင်ခံလိုက်ရသောကြောင့် အသက်အန္တရာယ်တော့ မစိုးရိမ်ရပေ။

သူတို့သည် မသွားချင်သွားချင်ဖြင့် တစ်လှမ်းနှစ်လှမ်းသွားပြီးနောက် နောက်လှည့်ကြည့်ကာ ယိုဟော့ကို အင်္ဂလိပ်လို့ ပြောလာသည်။ "ကျေးဇူးပဲ ကျွန်တော်တို့နေလို့မရပေမဲ့ ခင်ဗျားတို့အကူအညီအတွက် တကယ်ကျေးဇူးတင်ပါတယ်"

ယန်ရှုးသည် အလျင်စလို အောက်ထပ်သို့ပြေးဆင်းလာသည်။ "ခဏလေး၊ ဒီမှာ သွေးတိတ်အောင်ထိန်းပေးတဲ့ ပလာစတာတွေနဲ့ ဒါက အယောင်ကျဆေး၊ ဒဏ်ရာတွေကုဖို့ သုံးလိုက်၊ ငါတို့မှာလည်း သိပ်အများကြီးမရှိဘူး ဒါပဲရှိတယ်"

ကျောင်းသားလေး၏ မျက်လုံးတို့မှာ တောက်ပသွားလေသည်။

သူတို့ကို ဦးဆောင်နေသောသူမှာ မှန်လူသားတစ်ဦး၏ အခေါ်ဆောင်ခံရခါနီးဖြစ်သွားသောသူဖြစ်သောကြောင့် အခြားသူများထက်စာလျှင် သူက ယိုဟော့တို့အုပ်စုပေါ် ပို၍ တွယ်တာသည်။ သူက ဘေးကပ်ရပ်မှတံခါးကို ညွှန်ပြ၍ ပြောလာသည်။ "ကျွန်တော်တို့ အဲဒီတိုက်မှာ နေလို့ရမလား"

ယန်ရှုးသည် မတားပေ။ "ဒီလမ်းကို ငါတို့ပိုင်တာလည်း မဟုတ်ဘူး၊ မင်းတို့ ကြိုက်တဲ့နေရာမှာ နေလို့ရတယ်"

ကျောင်းသားသည် ပြုံးပြလာ၏။ သူ၏ ပြာလဲ့သောမျက်လုံးတို့မှာ ဟက်စကီးခွေးတစ်ကောင်ကဲ့သို့ပင်။ "အဲဒီတိုက်ထဲမှာလည်း လက်နက်တွေရှိနိုင်တယ်၊ ခင်ဗျားတို့ နောက်ထပ်မှန်လူသားတွေနဲ့တွေ့ရင်၊ အဲဒီတိုက်ထဲကို 'Jonny!' လို့သာ လှမ်းခေါ်လိုက် ကျွန်တော်ပြေးပြီးလာကူလှည့်မယ်!"

......

နောက်ဆုံး စိတ်အားတက်ကြွနေသော ကျောင်းသားအုပ်စုကို နှင်လွှတ်လိုက်အပြီးတွင် ယိုဟော့နှင့်အဖွဲ့သည် အပေါ်ဆုံးထပ်သို့ ပြန်သွားကြသည်။

ဤအထပ်တွင် ရုပ်ရှင်ရုံမရှိဘဲ အဓိကအားဖြင့် ရုပ်သံလွှင့်ရာအခန်းနှင့် ရုံးခန်းများသာရှိသည်။ သူတို့ပတ်ပတ်လည်ရှိ ဖောက်ထွင်းမြင်ရသောပြတင်းပေါက်မှန်များမှတဆင့် အဆောက်အအုံ၏ အပြင်မှ အခြေအနေကို စစ်ဆေးနိုင်သည်။

ယိုဟော့သည် ပြတင်းအောက်ခြေဘောင်ပေါ်တွင် တက်ထိုင်လိုက်ရာ မီးစုန်းရောင်စုံတွဲသည် ဂရုတစိုက်ဖြင့် ဟိုသည်လျှောက်ရင်း ပတ်ချာလည်နေကာ ဘယ်သွားရမည်မသိဖြစ်နေပုံရသည်ကို တွေ့လိုက်ရသည်။

အဆုံးတွင်တော့ Jonny သည် ပြတင်းပေါက်ကိုဖွင့်၍ ဤကံဆိုးရှာသူ လမ်းပျောက်နေသော လူသားနှစ်ဦးကို လှမ်းခေါ်လိုက်လေသည်။

ရုပ်သံလွှင့်ခန်းတံခါးကို ချောက်ခနဲ ပိတ်လိုက်သည်။ နောက်ဆုံးဝင်လာသူမှာ အုပ်စု၏နောက်ဆုံးမှ လိုက်လာသော တီးလီဖြစ်သည်။

ယိုဟော့သည် ငေးကြည့်နေရာမှ ပြန်ရုတ်သိမ်းလိုက်ပြီးနောက် သူ့ဘက်သို့ လှမ်းကြည့်လာသည်။

သူက စကားပြောတော့မည့်အချိန်တွင် တီးလီက အရင်စကားထပြောသည်။ "ကျွန်တော်မသွားဘူးနော်၊ ကျွန်တော့်မှာ သွားစရာနေရာမရှိဘူး၊ ဒီလိုနေရာမျိုးမှာ ကိုယ်နဲ့ကိုက်ညီတဲ့အဖွဲ့သား ရှာတွေ့နိုင်ချေက အရမ်းနည်းတဲ့အပြင် လုံလုံလောက်လောက် အားကြီးတဲ့အဖွဲ့သားကို ရှာတွေ့ဖို့က ပိုလို့တောင် ခက်ခဲသေးတယ်"

ချင်ကျိုးသည် မြားကို မြှောက်လိုက်သည်။ "ဒါဆို မင်းက ကိုက်ညီတဲ့ရန်သူအုပ်စုနောက်ကနေ လိုက်တော့မယ်ပေါ့"

တီးလီ: "........."

သူက မေးသည်။ "ဒါဆို အစ်ကိုတို့ ဗိုက်ဆာလာရင် ကျွန်တော့်ကို ခြောက်ကပ်သွားအောင် စုပ်ယူစားမှာလား"

ယိုဟော့: "ပြောရခက်တယ်"

တီးလီသည် တံခါးကိုကျောပေးရပ်နေပြီး အနည်းငယ် သနားစရာကောင်းနေ၏။

"ငါထင်တာတော့ အဲဒီကျောင်းသားသုံးယောက်က တော်တော်လေးကောင်းပါတယ်" ချူယွဲ့ကဆိုသည်။ "သူတို့ကို သွားရှာလိုက်"

တီးလီသည် မကျေမနပ်ဖြင့် ညည်းညူနေသည်။ "သူတို့ကကောင်းပါတယ်..ဒါပေမဲ့ သူတို့မှာ သုံးယောက်တောင်ရှိနေပြီ၊ သုံးချောင်းထောက်ခွေးခြေခုံက ပိုပြီးတော့ အခြေငြိမ်ပါတယ်၊ ကျွန်တော်ပါပါရင် သိပ်ပြီး အခြေငြိမ်တော့မှာမဟုတ်ဘူး"

ယိုဟော့က ဆိုသည် "အခြေမငြိမ် ဖြစ်နေပြီးပြီပဲ"

"ဟမ်"

"အခုလေးတင် အဲဒီစုံတွဲ ဘေးကတိုက်ကို သွားတယ်"

"ပိုးစုန်းကြူးလို ဝတ်ထားတဲ့နှစ်ယောက်လား" ချူယွဲ့ကဆိုသည်။ "ငါးယောက်က အဆင်ပြေပါသေးတယ်..ရှောင်လီသွားလိုက်ရင် ကောင်းတာပဲ၊ သူတို့မှာ ခေါင်းဆောင်မရှိဘူး"

တီးလီသည် ရှောင်လီဆိုသည်မှာ သူ့ကို ရည်ညွှန်းနေခြင်းဖြစ်ကြောင်း နားလည်ဖို့ အချိန်ယူလိုက်ရသည်။

သူက ခေါင်းခါယမ်းလိုက်သည်။ "ကျွန်တော်မသွားဘူး၊ အဲဒီစုံတွဲကို မြင်ဖူးသလိုလိုပဲလို့ တစ်ချိန်လုံး ထင်နေတာ"

"အဲဒါမကောင်းဘူးလား" ယွီဝမ်က ဆိုသည်။ "မိတ်ဆွေဟောင်းတွေနဲ့ ပြန်တွေ့တာ"

တီးလီသည် သူ့ကို 'မင်းက အရူးလား' ဆိုသည့်ပုံဖြင့် ကြည့်လာသည်။ "ငါ စာမေးပွဲမှာတွေ့ဖူးသမျှ လူတွေထဲမှာဆို တက်ကြွလှုပ်ရှားတတ်တဲ့သူတွေကို ပိုပြီးမှတ်မိတတ်တယ်၊ သိပ်ပြီးမထင်ပေါ်တဲ့သူမျိုးတွေကိုသာ မေ့သွားတတ်တယ်၊ အခု ဘယ်လိုလူမျိုးက သိပ်ပြီးမထင်ပေါ်တာလဲ တွေးကြည့်လိုက်"

ယွီဝမ်: "အားနည်းတဲ့သူတွေလား"

တီးလီက ဆိုသည်: "အားနည်းတဲ့လူတွေက ပြောရရင် အဆင်ပြေတယ်၊ သူတို့က သိပ်ပြီးအားမကြီးလောက်ပေမဲ့ ကူညီချင်စိတ်ရှိကြသေးတယ်၊ ငါ့မှတ်ဉာဏ်က မဆိုးဘူး၊ တစ်ယောက်ယောက်ကသာ တစ်ခုခုကူညီဖို့ ကြိုးစားသရွေ့ သူတို့ကို ငါမှတ်မိနေမှာပဲ၊ ဘာဆိုဘာမှ မလုပ်တဲ့သူတွေလောက်သာ ငါမမှတ်မိတာ"

ယွီဝမ်က စဉ်းစားကြည့်လိုက်သည်။ "အင်း အဲဒီလိုနဲ့တူတယ်၊ ငါလည်း တကယ်တော့ သူတို့တစ်ခုခုလုပ်တာ မမြင်မိသလိုပဲ"

တီးလီက နှာမှုတ်လိုက်သည်။ "ငါ တဲ့တိုးပဲပြောလိုက်တော့မယ်၊ စောစောက သူတို့ခြေထောက်အောက်မှ မြားတစ်ချောင်းရှိတာတောင် ကောက်ယူရကောင်းမှန်း မသိကြဘူး"

ယွီဝမ်က သက်ပြင်းချလိုက်သည်။ "ကောင်းပြီလေ၊ မင်းက လူတွေကို သုံးသပ်တဲ့နေရာမှာ တော်တော်လေး ထက်တာပဲ"

"ဘယ်လိုဖြစ်ဖြစ်ပါ ကျွန်တော် အစ်ကိုတို့တွေကို မကြောက်ဘူး၊ ထွက်လည်း မသွားချင်ဘူး၊ ဒီလိုလုပ်ပါလား၊ အစ်ကိုတို့ဗိုက်ဆာလာပြီဆိုရင် ကျွန်တော့်ကို အသိပေးလိုက်၊ ချက်ချင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သွားပုန်းနေလိုက်မယ်" တီးလီက ဆိုသည်။

သူက ဤသို့အထိ ပြောလာမှဖြင့် ယိုဟော့နှင့် ကျန်လူများသည်လည်း သူ့ကို နှင်ထုတ်ဖို့ အတင်းအကျပ် မပြောတော့ပေ။

သူ့ကို ကန်ထုတ်လိုက်ခြင်းထက်စာလျှင် သူတို့၏ လက်ရှိအခြေအနေကို ကောင်းကောင်းနားလည်ရန် လိုအပ်နေသည်။

ဝူလိက ဆိုသည်။ "ကျွန်မ အခုလေးတင် ခေါင်းထဲမှာ စဉ်းစားကြည့်နေတာ၊ အရင်ဆုံး ကျွန်မတို့အားလုံးက နောက်ဆုံးအဆင့်မှာ မှန်ထဲကို ဝင်သွားဖူးပြီးတော့ ပြန်ထွက်လာကြတယ်၊ စာမေးပွဲရဲ့နောက်ခံအသိအရဆိုရင် ကျွန်မတို့ကို မှန်လူသားလို့ပဲ သတ်မှတ်ရမယ်"

"ဟုတ်တယ်"

ဝူလိက လက်ညှိုးတစ်ချောင်း ထောင်လိုက်သည်။ "ဒါဆို ပြဿနာတစ်ခုရှိတယ်၊ တကယ့်မှန်လူသားတစ်ယောက်က သူ့မူလစိတ်အခြေအနေအတိုင်း မရှိတတ်ဘူး၊ သူတို့တွေက မှန်ထဲကနေလာတဲ့ အစားထိုးလူသားတွေဖြစ်ပေမဲ့ ကျွန်မတို့ကျတော့ ကိုယ့်နဂိုမူလစိတ်အခြေအနေအတိုင်းရှိနေတယ်၊ ဒီလိုဆိုတော့ ကျွန်မတို့က တကယ့်မှန်လူသားအစစ်တွေနဲ့ နည်းနည်းလေး ကွာသင့်တယ်ဆိုပေမဲ့ ဘာက ကွာခြားနေတာလဲ"

"အခုတော့ ငါတို့မသိသေးဘူး" ယိုဟော့က ဆိုသည်။ "အသက်ရှင်လျက်ရှိတဲ့ မှန်လူသားတစ်ယောက်ကို နမူနာကြည့်မှဖြစ်မယ်"

ဝူလိက ခေါင်းညိတ်ပြသည်။ "ဟုတ်တယ်၊ ဆိုတော့ ငါတို့ မှန်လူသားအရှင်တစ်ယောက် ဖမ်းဖို့လိုတယ်"

ဤအစ်မသည် ပြန်ပေးဆွဲသည့်အမှုကို အလွန်သာမန်ကာလျှံဆန်ဆန် အကြံပေးနေခဲ့သည်။

သူက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလာသည်။ "နောက်ပြီး မေးခွန်းမှာက ဖြေဆိုသူတွေက ပုံမှန်ဆို အလိုအလျောက် မြို့သားတွေဖြစ်နေပြီ၊ သူတို့သရုပ်မှန်နဲ့ကိုက်ညီတဲ့ အပြုအမူကိုလုပ်ရင် အမှတ်ရမှာဖြစ်ပြီး အဲဒါနဲ့ ဆန့်ကျင်တဲ့အပြုအမူတိုင်းအတွက် အမှတ်နှုတ်ခံရမယ်၊ အဲဒါကြောင့် ဖြေဆိုသူတစ်ဦးက မှန်လူသားတစ်ယောက်ကို သတ်ရင် အမှတ်သုံးမှတ်ရပြီး သာမန်လူသားကို သတ်မိရင် သုံးမှတ် အနှုတ်ခံရမယ်၊ စနစ်က အရမ်းဉာဏ်များတယ်၊ သူက ဒီဥပမာတစ်ခုကိုပဲပေးထားပေမဲ့ အခုပုံအရဆိုရင် ရန်သူ့အတွက်လည်း အဲဒီသီအိုရီက မှန်တယ်"

သူက နောက်ထပ်လက်တစ်ချောင်း ထောင်လိုက်သည်။ "ကျွန်မတို့ မှန်လူသားကိုသတ်တာက မျိုးတူအချင်းချင်း သတ်မိတာနဲ့တူတာမို့ အမှတ်နှုတ်ခံရတယ်၊ ဆိုတော့ ကျွန်မတို့ အမှတ်ရချင်ရင်...."

သူက စကားကို ပြီးအောင် မပြောသောလည်း အားလုံး နားလည်လိုက်ကြသည်။

အခန်းသည် အတန်ကြာအောင် တိတ်ဆိတ်သွားကြ၏။

အချိန်ခေတ္တခဏခန့် တီးလီ၏ ဦးရေပြားတို့သည် ထုံကျဉ်သွားတော့သည်။

နောက်ဆုံးတွင် ယိုဟော့က ဆို၏။ "ငါတို့က အာမခံအောင်လက်မှတ်တောင်မှ မလိုချင်တာ၊ အမှတ်ရဖို့ကို စိတ်ပူနေလို့ ဘာအဓိပ္ပါယ်ရှိမှာလဲ"

အားလုံးက ဝါးလုံးကွဲ ထရယ်လာသည်။

ယွီဝမ်က အထူးသဖြင့် မြူးထူးစွာ ရယ်နေသည်။ သူ့တွင် စာမေးပွဲရမှတ်အတွက် အလွန်ပေါ့ပေါ့ပါးပါး သတ်မှတ်နိုင်မည့်နေ့ရက်မျိုး ရောက်လာလိမ့်မည်ဟု သူတစ်ခါမျှ တွေးမထားခဲ့ဖူးပေ။

သို့သော် ချူယွဲ့က ထပ်မံ သတိပေးလာ၏။ "စည်းကမ်းတစ်ခု သတ်မှတ်ထားတာကို မမေ့နဲ့ဦး၊ စာမေးပွဲတိုင်းရဲ့အဆုံးမှာ အမှတ် D ရတဲ့ ဖြေဆိုသူက တန်းပြီး အထုတ်ခံရမှာနော်"

"......."

အားလုံးသည် မရယ်နိုင်တော့ပေ။

ယွီဝမ်က မဝံ့မရဲ မေးလာသည်။ "အထုတ်ခံရတယ်ဆိုတာ ဘာဆိုလိုတာလဲ"

ချင်ကျိုးက အသံတိုးတိုးဖြင့် ဖြေလာသည်။ "မင်းရဲ့ တည်ရှိမှုကို ဖျက်ပစ်လိုက်တာ၊ နောက်တစ်နည်းပြောရရင် မင်းကိုပျောက်ကွယ်သွားပြီး....နောက်ထပ်ရှာမတွေ့တော့အောင် လုပ်လိုက်တာ"

သူက ထိုသို့ပြောပြီးသွားသောအခါ ယိုဟော့ဘက်သို့ ငဲ့ကြည့်လိုက်လေသည်။

...................xxx....................

Translated by Akira

Comment