Arc 1: နောက်ဆုံးညစာ အခန်း ၁ - အသေသတ်သော မေးခွန်း

Arc 1: နောက်ဆုံးညစာ

အခန်း - အသေသတ်သော မေးခွန်း

နှင်းကျနေသည်မှာ လေးနာရီခန့် ကြာပြီဖြစ်သည်။ ရပ်တန့်မည့်အရိပ်အယောင် စိုးစဉ်းမျှမရှိပေ။

ဤနေရာသည် လူသူကင်းမဲ့သော တောင်ပေါ်ရှိ သစ်သားအိမ်ငယ်လေးတစ်လုံးဖြစ်သည်။ နံရံထက်တွင် အမဲလိုက်ပစ္စည်းမျိုးစုံကို ချိတ်ဆွဲထားကာ အခန်းအလယ်တွင် ခြများကိုက်ဖြတ်ထားခြင်း ခံထားရသည့် သစ်သားစားပွဲရှည် တစ်လုံးက နေရာယူထားသည်။ စားပွဲပတ်ပတ်လည်တွင် လူတစ်စုထိုင်လျက်ရှိနေကြသည်။ ယောက်ျား၊ မိန်းမ၊ လူငယ်၊ လူကြီးအားလုံး ရှိနေကြသည်။ အယုတ်စွဆုံး နိုင်ငံခြားသားတစ်ဦးပင် ပါသေးသည်။

အခန်းကား အလွန်အေးလှသည်။ အခန်းအတွင်းရှိ လူအားလုံး၏ မျက်နှာများမှာ လေးနက်လျက်ရှိပြီး ခိုက်ခိုက်တုန်နေကြသော်လည်း မည်သူကမျှ မီးစမွှေးရန် လှုပ်ရှားခြင်းမရှိပေ။ စားပွဲပေါ်က အိုဟောင်းနေသော ရေဒီယိုတစ်လုံးမှ အသံထွက်ပေါ်လျက်ရှိသည်။

(ယခု ပေကျင်းစံတော်ချိန် ၁၇:၃၀ ရှိပြီဖြစ်ပါတယ်။)

(စာမေးပွဲစတင်ရန် မိနစ် ၃၀ ခန့် အလို ဖြစ်ပါတယ်၊ စာမေးပွဲဖြေဆိုမည့်သူများ စာမေးပွဲခန်းမသို့ အမြန် သွားရောက်ကြပါ။)

ရေဒီယိုအသံသည် အက်ကွဲနေပြီး ၁၉၅၀ ခုနှစ်ပိုင်းခန့်က ရေဒီယိုအသံလွှင့်ချက်များ နောက်ခံတွင် ကြားရလေ့ရှိသည့် တဂျစ်ဂျစ်မြည်သံကိုလည်း ကြားနေရသည်။ မမောနိုင်မပန်းနိုင် တစီစီ အသံမြည်နေ၏။

ယခုအကြိမ်မှာ ဒုတိယ အသံလွှင့်ချက်ဖြစ်သည်။ ပထမအကြိမ်မှာ လွန်ခဲ့တဲ့ သုံးနာရီခန့်က ဖြစ်သည်။ ထုတ်လွှင့်ချက်မှာ (စာမေးပွဲခန်းမ ၀၀၃၇၁၂ က ကြိုဆိုပါတယ်) ဟူ၍ဖြစ်သည်။ ယင်းအသံကြောင့် ချက်ချင်းဆိုသလို အမယ်အိုတစ်ယောက်သည် မူးမေ့လဲသွားရာမှ အခုအချိန်ထိပင် သတိပြန်လည်လာခြင်းပင်မရှိပေ။

ယင်းရေဒီယို အသံလွှင့်ချက်မှ ညွှန်ကြားချက်များကို နားမထောင်ဘဲ ရေဒီယိုကို ဖျက်ဆီးရန် ကြိုးစားသော အခြားတစ်ယောက်လည်း ရှိခဲ့သော်ငြား... ထိုသူသည် ဘက်ထရီများကို ထုတ်ပြီးသည့်နောက် အခန်းအပြင်သို့ သွေးရူးသွေးတန်းဖြင့် ထွက်ပြေးသွားခဲ့သည်။ ငါးမိနစ် ကြာမြင့်ပြီးနောက် သူ၏အလောင်း ခေါင်မိုးပေါ်မှ နှင်းထုနှင့်အတူ ပြုတ်ကျသွားတာကို သိလိုက်ရလေ၏။

ထိုအချိန်မှစ၍ မည်သူမျှ ထိုအရာကို မထိကိုင်ရဲကြတော့ပေ။

(ခန်းမအတွင်းသို့ ချက်ချင်းဝင်ရောက်ပေးပြီး အပြင်ဘက်တွင် လတ်လျားလတ်လျားသွားလာနေခြင်းကို ရှောင်ပေးကြပါ)

ယင်းစာသားကို သုံးကြိမ် ထပ်ခါထပ်ခါ ကြေညာသွားလေသည်။ အခန်းမှာလည်း အလွန်အမင်းကို ငြိမ်သက်နေတော့သည်။

အချိန်အတော်ကြာပြီးနောက် စားပွဲထိပ်ရှိလူထံမှ စိတ်ညစ်ညူးစွာ ငြီးတွားသံကို ကြားလိုက်ရသည်။

"ဒီတော့ ဘယ်သူ မရောက်သေးတာလဲ"

ထိုလူသည် အနည်းငယ် ကောက်ကွေးသောဆံပင်အဝါများကို ပိုင်ဆိုင်ထားပြီး ကိုယ်ဟန်မှာ ပိန်ပိန်ပါးပါး၊ အရပ်မနိမ့်မမြင့်နဲ့ ဖြစ်သည်။ လက်မောင်းနှစ်ဖက်တွင်လည်း တိရစ္ဆာန်မျိုးစုံကို တက်တူးထိုးထားသည်။ ခွေးပုံ လား ကုလားအုတ်ပုံလား မပြောနိုင်သော်လည်း အတော်လေးခြိမ်းခြောက်ဟန်ကို ပေးသည်။

ထိုသူ၏ဘေးတွင် ထိုင်နေသောလူမှာ အနည်းငယ် ကိုယ်ကို နောက်သို့ ယို့လိုက်ပြီး ပြန်ဖြေလိုက်သည်။

"လောင်ယွီ"

"လောင်ယွီက ဘယ်သူလဲ"

"တံခါးကနေ ဝင်လာတုန်းက အန်နေတဲ့ အရက်သမားလေ။ သူ့သားနဲ့ တူကို ခေါ်လာတဲ့ တစ်ယောက်"

ဖြေလိုက်သောသူက နှုတ်ခမ်းများကို သုံးပြီး နံရံဘက်ကို ညွှန်ပြလိုက်ပြီးနောက် "တိုးတိုးနေရန်" လက်ဟန်ပြလိုက်သည်။

နံရံဘေးရှိ ဆိုဖာတွင် လှဲအိပ်နေသူမှာ တူဖြစ်သူ ဖြစ်သည်။

ထိုသူမှာ အသက် ၂၇၊ ၂၈ ခန့်အရွယ် လူငယ်တစ်ယောက်ဖြစ်ကာ အရပ်မြင့်ပြီး သာမန်ထက် ထူးကဲသော အသွင်သဏ္ဌာန်ကို ပိုင်ဆိုင်ထားသည်။ သူ တံခါးဘောင်ကို ကိုင်လျက် ခေါင်းငုံ့ကာ အိမ်ငယ်လေးအတွင်း ဝင်လာသည့်အချိန်က အလွန်မျက်စိပသာဒ ဖြစ်စေသည့် နှင်းများဖုံးအုပ်ထားသော ထင်းရှူးတောအုပ်ပင် သူနှင့်ယှဉ်လျှင် မှေးမှိန်သွားသည်အထိပင် ဖြစ်သည်။ သို့သော် သူဝင်လာသည့်အချိန်မှစ၍ အချိန်တိုင်းလိုလို သုန်မှုန်နေသော မျက်နှာထားနှင့် ဖြစ်၏။ သူ့ကို ကြည့်ရသည်မှာ ခပ်တန်းတန်းနေတတ်ဟန် တူသည်။

အမြဲတမ်း မရပ်မနား စကားများပြောတတ်သည့် လောင်ယွီအဆိုအရ သူ့တူအမည်မှာ ယိုဟော့ ဟုသိရသည်။

"သူက လွန်ခဲ့တဲ့နှစ်လကမှ အမျိုးသားနေ့ အားလပ်ရက်တွေတုန်းက ငါ့ကို လာတွေ့ဖို့ ဟာပင်ကို ပြန်လာတာ။ အစက မနက်ဖြန်မနက်ဆို သူ့ကို လေဆိပ် သွားပို့ဖို့လေ၊ ဟား... အားလုံးငါ့အပြစ်တွေပဲ၊ အသုံးကို မကျဘူး"

လောင်ယွီမှာ လုံးဝ မူးယစ်နေသည်အထိ အရက်များသောက်ထားခဲ့သည်။ လူအနည်းငယ်ခန့် ရှိနေသေးသော ညအချိန်က သူသည် ဒယိမ်းဒယိုင်ဖြင့် လမ်းလျှောက်နေခဲ့ခြင်း ဖြစ်သည်။

ကလေးဆေးရုံအရှေ့ ပလက်ဖောင်းပေါ်တွင် တစ်စုံတစ်ယောက်က အမွှေးစက္ကူတစ်ထပ်ကို ထားခဲ့၏။ လောင်ယွီသည် ဒယိမ်းဒယိုင်ဖြင့် လျှောက်လာရာမှ ဟန်ချက်မထိန်းနိုင်တော့ချေ။ အမွှေးစက္ကူပေါ်သို့ ခြေတစ်ဖက်ချမိရုံမျှဖြင့် အရာအားလုံး ချာချာလည်ကာ သူကိုယ်တိုင်သာမက သူ့သားနှင့် တူဖြစ်သူပါ ဒီနေရာကို အပို့ခံလိုက်ရခြင်း ဖြစ်သည်။

သူတို့ သစ်သားအိမ်လေးထဲသို့ ဝင်လာခဲ့ချိန်က သူသည် မူးဝေသည့်ဒဏ်မှ မသက်သာသေးပေ။ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ယိုဟော့ရဲ့ ကိုယ်ပေါ်သို့ အန်ချလိုက်မိသည်။ လောင်ယွီမှာ အန်ထုတ်လိုက်ပြီးနောက် မူးဝေနေသည့် အခြေအနေမှ အမူးပြေသွားသော်လည်း ယိုဟော့ကို စကားပြောရန် အလွန်ပင် ကြောက်လန့်နေသေးသည်။

ဤနေရာသို့ ရောက်လာသူများမှာ မထင်မှတ်သော အချိန်မှာ လုံးဝမပြင်မဆင်ထားသော အခြေအနေနှင့် ရောက်ရှိလာခြင်းဖြစ်ရာ မိုက် ဟုခေါ်သော နိုင်ငံခြားသား တစ်ဦးသာ သူ့အိတ်ထဲတွင် သန့်ရှင်းသောအဝတ်တစ်စုံ ပါလာခဲ့သည်။

ယိုဟော့သည် အဝတ်အစားလဲပြီးနောက် အခြားသူများ၏ အဝေးတွင် နေပြီး စကားတစ်ခွန်းမှ မဆိုဘဲ ဆိုဖာပေါ်တွင် လှဲနေတော့သည်။

သူ့မျက်နှာကို လက်ဖြင့် ကာထားသည့် ကြားမှ ညာဘက်နားရှိ နားကပ်တစ်ဖက်ကို မြင်နေရသည်။ နားကပ်မှာ ဆီမီးအိမ်မှ အလင်းကြောင့် အလင်းပြန်ကာ တဖျပ်ဖျပ်တောက်ပနေသည်။

ကောင်းကင်သည် မှောင်ရိပ်ကျလာရမည်ဖြစ်သော်လည်း တောင်၏ပတ်ပတ်လည်မှာ နှင်းများဖြင့် ဖုံးလွှမ်းနေသောကြောင့် အပြင်ဘက်တွင် အလင်းရှိနေသေးသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် သစ်သားအိမ်လေးအပြင်ကို အလန့်တကြားဖြင့် ကြည့်လိုက်သည်။ သူတို့ ဖုန်းများရှိ အချိန်များမှာ တသမတ်တည်း မရှိဘဲ အချိန်ကိုသိရန် အိမ်တွင် ချိတ်ထားသည့် နာရီကိုသာ မှီခိုနေရသည်။ "ခြောက်နာရီတောင် ထိုးတော့မယ်၊ လောင်ယွီများ ... "

ဘန်း ဘန်း ဘန်း

သူမစကား မဆုံးသေးခင်မှာပဲ တံခါးကို တစ်ခုခုဖြင့် ရိုက်နေသော အသံကိုကြားလိုက်ရသည်။

အားလုံးထိတ်လန့်သွားကြသည်။ သူတို့အားလုံး အကြောက်တရားအပြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ ပြတင်းပေါက်တွင် အပုံလိုက် ရှိနေသော နှင်းထုကို တွန်းဖယ်၍ လောင်ယွီ၏ မျက်နှာမှာ မှန်ကိုဖြတ်၍ ပေါ်လာသည်။ သူက ပါးစပ်ကို ဟန်လုပ်၍ ပြောလိုက်သည် ။

"ငါပါ တံခါးဖွင့်ကြ"

အားလုံး စိတ်အေးသွားတော့သည်။

ကံကောင်းစွာဖြင့် ၆ နာရီမတိုင်ခင် ပြန်လာခဲ့ပြီး အသက်မသေခဲ့။

အိမ်ထဲဝင်လာသော နှင်းများဖုံးနေသည့် လူနှစ်ယောက်မှာ လောင်ယွီနှင့် သူ့သား ယွီဝမ် ဖြစ်သည်။

"အပြင်မှာ ဘယ်လိုလဲ" အားလုံး အလျင်စလိုဖြင့် မေးလိုက်ကြသည်။

လောင်ယွီက သူ့မျက်နှာကို အားဖြင့် မရိုက်ရသေးခင် အချိန်ခဏခန့် နေရာတွင် ခိုက်ခိုက်တုန်နေခဲ့သည်။ ထို့နောက် သူ့သားကိုလည်း ရိုက်လိုက်သည်။ သူတို့နောက်ဆုံး အနည်းငယ်နွေးလာတော့မှ ပြောသည်။

"နေရာတကာကို လျှောက်သွားခဲ့ပေမယ့် အသုံးမဝင်ပါဘူး၊ ဘယ်ကိုသွားသွား ဆယ်မိနစ်တောင် မပြည့်သေးခင် ဒီသစ်သားအိမ်ကို ပြန်တွေ့ရတာပဲ၊ ငါတို့ ထွက်လို့ မရဘူး"

"တခြားလူတွေရော တွေ့ခဲ့လား၊ ဒါမှမဟုတ် အိမ်တွေတောင် မရှိဘူးလား"

လောင်ယွီက စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။ "မရှိဘူး အံ့သြစရာကောင်းလောက်အောင်ပဲ"

အားလုံး၏မျက်နှာ အမူအရာများမှာ စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်။

ဖုန်းတွင် လိုင်းလုံးဝ မမိသည့်အပြင် အချိန်မှာလည်း တသမတ်တည်း မရှိ။ သစ်ပင်တွေအားလုံးကလည်း တစ်ပုံစံတည်းဖြစ်နေသည့်အတွက် မည်သည့်အရပ်က မြောက်၊ တောင်၊ အရှေ့၊ အနောက်ကိုပင် ပြောရန် ခက်ခဲလှသည်။ လုံးဝ မည်သည့်အရာမျှ ရှိမနေပါပေ။

ဒီအခြေအနေက အခုသူတို့ကြုံတွေ့နေရတဲ့ အကျပ်အတည်းပင် ဖြစ်သည်။

အို သူတို့ကို စာမေးပွဲအကြောင်း ကျယ်လောင်စွာ သတိပေးတတ်သော ရေဒီယိုအဟောင်းတစ်လုံးလည်း ရှိသေးသည်။ မင်းအမေတဲ့မှ စာမေးပွဲ။

လောင်ယွီဝင်လာတာနှင့် တစ်ပြိုင်နက် ရေဒီယိုမှ အနှောင့်အယှက်သံများ ထွက်လာသည်။ တစ်နေ့ခင်းလုံး ယင်းအနားတွင် ရှိနေရခြင်းက သူတို့ကို အလေ့အကျင့်လုပ်ပေးထားသည့်အတိုင်းပင် အကျင့်တစ်ခုဖြစ်လာသည်။ သူတို့ ချက်ချင်း ငြိမ်သက်သွားပြီး ရေဒီယိုကို လှမ်းကြည့်လိုက်ကြသည်။

(ဖြေဆိုသူအားလုံး စုံပြီဖြစ်ပါတယ်၊ စာမေးပွဲစည်းကမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်)

ယခုတင် စာမေးပွဲခန်းမကို ဝင်လာသည့် လောင်ယွီနှင့် ယွီဝမ်မှာ တံတွေးမြိုချလိုက်ကြသည်။

(စာမေးပွဲကို အချိန်အကန့်အသတ်တစ်ခုအတွင်းမှာ ကျင်းပမှာဖြစ်ပါတယ်)

( စာမေးပွဲ တရားဝင် စတင်ပြီးတာနဲ့ ဖြေဆိုသူများမှာ စာမေးပွဲချိန်အတွင်း ခွင့်ပြုချက်မရဘဲ အပြင်ထွက်ခွင့်မရှိပါ၊ အရေးပေါ်ကိစ္စရှိလျှင် ညွှန်ကြားချက်များ အတိုင်း လိုက်နာရမည်ဖြစ်ပြီး စာမေးပွဲခန်းစောင့်နှင့်အတူ ထွက်ခွာရမှာ ဖြစ်ပါတယ်)

(စာအုပ်ဖွင့် ကိုးကားလို့ရတဲ့ စာမေးပွဲများမှအပ မိုဘိုင်းဖုန်းများနှင့် အခြားဆက်သွယ်ရေး ပစ္စည်းများကို သုံးစွဲခွင့် မရှိပါ၊ အလေးထားသောအနေဖြင့် စက်ပိတ်ထားဖို့ တောင်းဆိုပါတယ်)

(အခုစာမေးပွဲမှာ အမှတ်-စနစ်ကို အခြေခံပါတယ်၊ ဖြေဆိုသူများမှာ အဖြေများကို (အထူးအခြေအနေများမှလွဲ၍) သတ်မှတ်ထားသော အဖြေစာရွက်တွင်သာ ဖြေရမှာ ဖြစ်ပါတယ်၊ သို့မဟုတ်ပါက အဖြေမှာ အကျုံးမဝင်ပါ)

ရေဒီယိုက အသံလွှင့်ချက်ပြီးနောက် အရာအားလုံး နောက်တစ်ကြိမ် ထပ်မံ တိတ်ဆိတ်သွားပြန်သည်။

ခဏအကြာ အခန်းအတွင်း ရုတ်တရက် ဆွေးနွေးသံများ ထွက်လာကြသည်။

"စာမေးပွဲစောင့်က ဘယ်သူလဲ"

"စာအုပ်ဖွင့်ကိုးကားလို့ရတဲ့ စာမေးပွဲလည်း ရှိသေးတာလား"

"အဖြေစာရွက်ဆိုတာ ဘာလဲ"

"ခင်ဗျားတို့တွေ ဆွေးနွေးနေတာကိုက မဟုတ်တာ၊ ခင်ဗျားတို့အားလုံး ရူးသွားကြပြီ" တက်တူးနှင့်လူက သူ၏ ဆွစ်စစ်တပ်သုံးဓားကို ကစားလိုက်သည်။ သူဘာတွေးနေလဲဆိုတာ ဘယ်သူမှ မပြောနိုင်ပေ။

"ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲ" ကိုယ်ဝန်ဆောင်အမျိုးသမီး၏ မျက်လုံးများမှာ ငိုကြွေးထားသဖြင့် ဖောင်းအစ်နေသေးသည်။ သူမက တိုးတိုးလေး ပြောလိုက်သည်။ "အဲဒီအကြောင်းကို မမေ့နဲ့ဦး..."

သူမက ခေါင်မိုးကို ထိုးပြလိုက်၏။

တက်တူးနှင့်လူက ထိုအလောင်းအကြောင်းစဉ်းစားလိုက်ပြီး မျက်နှာမှာ ဖြူဖျော့သွားသည်။ နောက်ဆုံး အခြေအနေကို လက်မခံနိုင်သေးခင် ခဏခန့် တောင့်တင်းသွားသည်။ ဆွစ်စစ်တပ်သုံးဓားကို ကိုင်လျက် တစ်နေရာကို ဝှေ့ယမ်းလိုက်သည်။ "ကောင်စုတ်လေး...

ယွီဝမ်က ဘယ်ညာကြည့်လိုက်ပြီး သူ့ကိုယ်သူ လက်ဖြင့်ညွှန်ပြလိုက်သည်။ "ခင်ဗျား... ကျွန်တော့ကို ပြောတာလား"

"ဟုတ်တယ် မင်း၊ ဒီကိုလာ" တက်တူးနှင့်လူက သူနှင့်အနီးဆုံးခုံကို ပုတ်ပြလိုက်သည်။

"ကျွန်တော် အာ... "

ယွီဝမ်က သူ့အစ်ကိုကို လှည့်ပတ်ကြည့်လိုက်သော်လည်း သူ့အစ်ကိုက လူသေတစ်ယောက်လို ဆိုဖာပေါ်မှာ လှဲနေသည်ကိုသာ တွေ့လိုက်ရသည်။ သူက စိတ်ထဲက အထွန့်တက်ချင်စိတ်တွေကို ချိုးနှိမ်လိုက်ပြီး ပြောလိုက်သည်။ " ကျွန်တော့်အသက်က ၁၈ နှစ်ရှိပြီ"

ကုန်ကုန်ပြောရလျှင် တက်တူးနှင့်လူက အလွန်ဆုံးမှ ၂၅၊ ၂၆ ရှိလိမ့်မည်။ သူ့ကို ကောင်စုတ်လေးလို့ ခေါ်ရဲသေးသည်။

"ငါမင်းကို ဘယ်လိုခေါ်လဲက အရေးမကြီးဘူး" တက်တူးနှင့်လူက စိတ်မရှည်စွာဖြင့် "ဒီကိုလာ၊ ငါမင်းကို မေးရဦးမယ်၊ မင်းကကျောင်းသားလား"

ယွီဝမ် - "ဟုတ်တယ်"

တက်တူးနှင့်လူက မျက်မှောင်ကြုတ်လိုက်သည်။ "မင်း စာမေးပွဲတွေဘာတွေ ဖြေတတ်လား"

လောင်ယွီက အမှတ်တမဲ့ဖြင့် ပြောလိုက်သည်။ "သူဖြေတတ်တယ်၊ သူက စာမေးပွဲဖြေရင်း ကြီးလာတာပဲလေ"

"ပါးစပ်ပိတ်ထားစမ်းပါ" ယွီဝမ်က သူ၏ အမူးသမား အဖေကို ရိုင်းရိုင်းစိုင်းစိုင်း ပြောလိုက်သည်။

သို့သော် သူ့အဖေကို သူပြောဆိုပြီး ပြန်အလှည့်မှာပင် အခန်းအတွင်းရှိ လူအားလုံးက သူ့ကို စိုက်ကြည့်နေကြတာကို တွေ့လိုက်ရသည်။

ယွီဝမ် : "................"

သူက သူပြောမည့်စကားကို စဉ်းစားပြီး ပြောလိုက်သည်။ "ကျွန်တော်က ဇွန်လကမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေပြီးတာ၊ ပြီးတော့ ပြီးခဲ့တဲ့သုံးလစလုံး အလေလိုက်နေတာ။ ကျွန်တော်.... ဟုတ်တယ် ကောင်းကောင်းမလုပ်နိုင်တော့ဘူး"

ကိုယ်ဝန်ဆောင် အမျိုးသမီးက တစ်နေ့ခင်းလုံး ကြောက်လန့်နေခဲ့ခြင်းဖြစ်သည်။ သူမက အားတင်းပြီး ပြုံးလိုက်သည် - "ငါတို့ထက်တော့ သာပါသေးတယ်၊ မင်းအတွက်က သုံးလပဲရှိသေးတာ၊ ငါတို့က အခုဆိုမေ့သွားတာ ကြာလှပြီ"

" မဟုတ်ဘူး "

ယွီဝမ်က ဒီအခြေအနေကို နည်းနည်း အဓိပ္ပါယ်မရှိဘူးလို့ ခံစားရပြီး သူကြောက်နေသည်ကိုတောင် မေ့သွားသည်။ "ခင်ဗျားတို့ ဝတ္တုတွေမဖတ်ဘူးလား၊ ရုပ်ရှင်တွေ မကြည့်ဘူးလား၊ ဒီလိုထိတ်လန့်စရာကောင်းတဲ့ အပြင်အဆင်မျိုးမှာ တကယ့်စာမေးပွဲအစစ်ကော ဟုတ်ပါ့မလား၊ ကြည့်ရတာ ဒါကတစ်ခုခုအစား အယောင်ပြတာပဲ ဖြစ်မယ်"

"ဘာအစား အယောင်ပြတာလဲ"

ယွီဝမ်က မျက်လုံးကိုလှန်ကြည့်လိုက်သည်။ "ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ။ ဘာပဲဖြစ်ဖြစ် သရဲကားတွေထဲမှာဆို လူတွေက နေရာတကာမှာသေကြတာပဲ၊ ဘယ်သူက ရုတ်တရက်ကြီး ခင်ဗျားကို သင်္ချာတို့ ရူပဗေဒတို့ စာမေးပွဲလာစစ်မှာလဲ၊ ဒီအိမ်က ပညာရေးဝန်ကြီးဌာနက ဆောက်ထားတာမို့လို့လား"

သူအကုန်မပြောရသေးဘူးလို့ ခံစားနေရတုန်းပဲ။ အဆုံးမှာထပ်ထည့်လိုက်သည်။ "ဟမ့်"

ဆိုဖာပေါ်မှာ ဝက်အသေကောင်လို လှဲနေသော သူ့အစ်ကိုဝမ်းကွဲက သူ၏ "ဟမ့်" ဆိုသောအသံကြောင့် နောက်ဆုံးတော့ နိုးသွားလေသည်။

ယွီဝမ်က သူ့ကိုလှည့်ကြည့်လိုက်သည်။

သူ ယိုဟော့ ထထိုင်လိုက်ပြီး လူအုပ်စုကြီးကို မျက်လုံးတစ်ဝက်တစ်ပျက်ဖွင့်လျက် ဝေ့ကြည့်လိုက်သည်ကို တွေ့လိုက်ရသည်။ ထို့နောက် ယိုဟော့က သူ့လည်ပင်းအနောက်ကို နှိပ်နယ်လိုက်၏။ အိုဟောင်းနေတဲ့ သစ်သားကြမ်းပြင်ပေါ်တွဲလောင်းချထားတဲ့ သူ့ခြေထောက်တွေက ရှည်လျားပြီး ဆိုဖာကိုတောင် သေးသွားသယောင် ထင်ရစေသည်။

အချိန်ကိုက်တွက်ချက်ထားသည်ဟုတောင် ထင်ရ၏။ သူ့လက်ကို ချလိုက်သည်နှင့်တစ်ပြိုင်နက် စင်ပေါ်ရှိနာရီက ၆ နာရီထိုးပြီဖြစ်ကြောင်း စပြီးအချက်ပေးတော့သည်။

ရေဒီယိုမှ တဂျစ်ဂျစ်မြည်သံများ ထပ်မံထွက်ပေါ်လာလေသည်။

(အခု ပေကျင်းအချိန် ၁၈:၀၀ နာရီထိုးပါပြီ၊ စာမေးပွဲ တရားဝင် စတင်ပါပြီ)

(နောက်ထပ်သတိပေးချင်တာက စာမေးပွဲဖြေဆိုသူတွေက စာမေးပွဲခန်းကို စာမေးပွဲစတင်ပြီးချိန်မှ ဝင်ရောက်ခွင့်မပေးပါဘူး။ နောက်ပြီး စာမေးပွဲဖြေဆိုနေချိန်အတောအတွင်း ခွင့်မပြုဘဲ ထွက်သွားခွင့်မပေးပါဘူး၊ မဟုတ်ရင် အပြစ်ပေးခံရမှာ ဖြစ်ပါတယ်)

(အခြားစာမေးပွဲ စည်းကမ်းများမှာ စံနှုန်းအတိုင်းပဲ ဖြစ်ပါသည်။)

ခြိမ်းခြောက်သည့်စကားကို သာမန်ဟန်ဖြင့် ပြောပြီးသည့်နောက် နှစ်စက္ကန့်ခန့် ရပ်တန့်သွားပြီး ဆိုလိုက်သည် -

(စာမေးပွဲကြာချိန် - ၄၈ နာရီ)

(ဘာသာ - ရူပဗေဒ)

ယွီဝမ် - "..............."

(အခု စာမေးပွဲမေးခွန်းများနဲ့ အဖြေလွှာများကို ဝေပေးတော့မှာဖြစ်ပါတယ်၊ ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်)

ရေဒီယိုက ကြေညာပြီးသည်နှင့် တစ်ဖန် ပြန်ငြိမ်သက်သွားပြန်သည်။

ယွီဝမ် - "..............."

သေစမ်း၊ စာမေးပွဲမေးခွန်းနဲ့ အဖြေလွှာတွေကို အရင်ကတည်းက ဝေပေးထားသင့်တာ မဟုတ်ဘူးလား။

ကိုယ်ဝန်ဆောင်အမျိုးသမီးက အလန့်တကြား အော်လိုက်သည်။ "အဲဒီနံရံမှာ"

သူမက မီးဖိုထက်က နံရံကိုဆိုလိုခြင်းဖြစ်သည်။ ဓားချက်များဖြင့် ပြည့်နေခဲ့သော နံရံအလွတ်ပေါ်တွင် ယခုစကားလုံးအချို့ ပေါ်လာခဲ့၏___

အကြောင်းအရာ:
နှင်းတောင်တစ်တောင်ပေါ် ရောက်လာသော ခရီးသွားလူတစ်စု..........

စာမေးပွဲအသေးစိတ်:
အဖြေကို ၆နာရီခြားတစ်ခါ ကောက်သွားမှာဖြစ်ပါသည်။ အကယ်၍ ၆ နာရီအတွင်း အမှတ်တစ်မှတ်မှ ရရှိခြင်းမရှိပါက ဖြေဆိုခွင့်ဆုံးရှုံးမှာဖြစ်ပြီး စာမေးပွဲမှ ထုတ်ပယ်ခြင်းခံရမှာ ဖြစ်ပါသည်။

ယင်းစကားလုံးများ အောက်တွင် ကြီးမားသော နေရာလွတ်တစ်ခုရှိသည်။ စာမေးပွဲစာရွက်တွင် အဖြေကို ချရေးရန် နေရာပေးထားသကဲ့သို့ပင် ဖြစ်လေသည်။

ဒါဘာမေးခွန်းလဲ။ ဘာကိုမေးတာလဲ။ ငါတို့က ဘာကိုဖြေရမှာလဲ။

အားလုံး ခေါင်းခြောက်သွားကြသည်။

၆ နာရီကို မပြောနှင့်။ နာရီ ၆၀၀ ပေးလျှင်တောင် သူတို့ အမှတ်ရအောင် မည်သို့ဖြေဆိုရမည်ကို မသိကြပါ။

ထိုအချိန်မှာ အခန်းထဲကို နှင်းမှုန်လေးများကို သယ်ဆောင်လာသော လေအေးတဝှေ့ကို ခံစားလိုက်ရပြီး အားလုံး တုန်ယင်သွားကြသည်။

လေလာရာဘက်ကို လှမ်းကြည့်လိုက်သောအခါ ယိုဟော့က ပြတင်းပေါက်ဘက်ဆီကို လမ်းလျှောက်သွားပြီး တစ်ဝက်ခန့် ဖွင့်လိုက်သည်ကို မြင်လိုက်ရသည်။

"မင်းဘာလုပ်နေတာလဲ" တက်တူးနှင့်လူက စိတ်တိုသွားသည်။

ယိုဟော့က လက်တစ်ဖက်ကို ဘောင်းဘီအိပ်ကပ်တွင်ထည့်၍ ကျန်လက်တစ်ဖက်က လက်လှမ်းနေပြီဖြစ်သည်။ အော်သံကြားလိုက်ရသည့်အခါ သူက ဖြတ်ခနဲ လှမ်းကြည့်လိုက်သည်။ သို့သော် အကြည့်မှာ တစ်ခဏမျှသာ ဖြစ်ရာ အေးစက်ပြီး ခက်ထန်သောပုံပေါက်နေသည်။

တက်တူးနှင့်လူက ပို၍ပင် စိတ်ဆိုးလာပြီး "မင်း ပြတင်းပေါက်မဖွင့်ခင် တစ်ခုခုပြောရမယ်ဆိုတာ မသိဘူးလား၊ တစ်ခုခုမှားယွင်းသွားရင် မင်းဘယ်လိုလုပ်မလို့လဲ"

"ခင်ဗျားက ဘယ်သူလဲ"

ယိုဟော့က ထိုစကားသုံးလုံး* ကို ဆိုလိုက်ပြီး ထိုသူကို နောက်ထပ် အာရုံစိုက်ခြင်း မရှိတော့ချေ။ သူက သူ့ဘယ်လက်ကို ဆန့်ထုတ်လိုက်ပြန်သည်။ *(who are you)

လောင်ယွီလည်း မတတ်သာတော့ဘဲ သူ့သားကို ခပ်တိုးတိုးနှင့် တိုက်တွန်းလိုက်သည်။ "မင်းမေးလိုက်"

အကြောင်းတစ်ခုခုကြောင့် လောင်ယွီကို ကြည့်ရသည်မှာ သူ့တူကို အမြဲတစေ ကြောက်ရွံ့နေသည့်ပုံဖြစ်နေသည်။

ယွီဝမ်က အော်လိုက်သည်။ "အစ်ကို ဘာလုပ်မလို့လဲ"

ယိုဟော့က သူ့ဘယ်လက်ကို ပြန်ရုတ်လိုက်ပြီး သူ့ကို ဝှေ့ယမ်းပြလိုက်သည်။ နောက်ဆုံးတော့ သူ့အဖြေကို ပြောပြလိုက်သည်။ "စာမေးပွဲခန်းမက ထွက်သွားရင် ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်ကို စမ်းစစ်ကြည့်နေတာလေ"

အခန်းထဲက လူအားလုံး ပင့်သက်ရှိုက်လိုက်သည်။ သူ့လက်ဖဝါးထက်သို့ လက်ချောင်းများမှ ရဲရဲနီနေသော သွေးများစီးကျလာခဲ့သည်။ ဖြူဖျော့နေသော သူ့အသားအရေပေါ်တွင် ပို၍ပင် ထိတ်လန့်စရာ ကောင်းနေလေသည်။

သူက ပုံမှန်အတိုင်းပင် သွေးများကို သုတ်လိုက်ပြီး ပြတင်းပေါက်ခုံနားတွင် ဟိုရွှေ့သည်ရွှေ့လုပ်နေသည်။ သံချေးတက်နေသော သံဘူးတစ်ခုကို ကောက်လိုက်ပြီး ပြတင်းပေါက်အပြင်ကို လှမ်းပစ်လိုက်သည်။

အားလုံး၏ အကြည့်အောက်မှာပင် ယင်းသံဘူးမှာ မုန့်မုန့်ညက်ညက်ကြေသွားပြီး နှင်းများအကြားလွင့်သွားသည်။

"စာမေးပွဲအသေးစိတ်" ကို ထပ်မံကြည့်လိုက်သည့်အခါတွင် အားလုံး၏မျက်ဝန်းထဲ၌ ကြောက်ရွံ့ခြင်းများဖြင့် ပြည့်နှက်သွားလေသည်။

နံရံဘေးတွင် ယိုဟော့က ပြတင်းပေါက်ကို ထပ်မံပိတ်လိုက်သည်။ သူ့မျက်လုံးအကြည့်များက သူတို့၏ နောက်ကျောများကို ဖြတ်သန်းသွားလေသည်။

စာမေးပွဲအတွေ့အကြုံအချို့ရှိသော ယွီဝမ်ကိုမူ.... ယိုဟော့သည် သူ့ကို ကောင်းကောင်းနားလည်သည်။

အထက်တန်းကျောင်း သုံးနှစ်အတောအတွင်း ဤအထက်တန်းကျောင်းသား လုပ်သမျှမှာ အချစ်မေတ္တာကိစ္စများနှင့် လွဲမှားနေသောသူငယ်ချင်းအုပ်စုဖြင့် အလေလိုက်နေခြင်းသာဖြစ်သည်။ တစ်ခါတစ်ရံ သူသည် အင်တာနက်ဆိုင်များတွင် ဂိမ်းကစားရန် အတန်းလစ်တတ်ခြင်းနှင့် eighth-grade syndrome အပြင်းစားအဆင့်ကို ခံစားခဲ့ရသူဖြစ်သည်။

(T/N eighth-grade syndrome ဆိုသည်မှာ အသက် ၁၂-၁၅ နှစ်အရွယ် ကျောင်းသားများတွင် ခံစားရလေ့ရှိသည့် မိမိကိုယ်ကို ထင်ပေါ်လိုစိတ်အားကြီးသောကြောင့် သာမန်မဟုတ်သောစွမ်းအား ပိုင်ဆိုင်ထားသည်ဟု ယုံကြည်နေသောရောဂါလက္ခဏာကို ဆိုလိုသည်။)

သူ့ထက်စာလျှင် ခွေးတစ်ကောင်ကို အားကိုးသည်ကမှ ပိုကောင်းလိမ့်ဦးမည်။

အခြားသူများမှာမူ....

လူအို၊ အားအင်ချည့်နဲ့နေသောသူ၊ နာမကျန်းသူ၊ ကိုယ်ဝန်ဆောင်သည်နှင့် လူမိုက်တစ်ယောက်တောင် ပါသေးသည်။

သေစေနိုင်သည့် အဆိပ် ငါးမျိုးလုံးက တည်ရှိနေသည်။

အဖွင့်မေးခွန်းမှာ အသေသတ်သော မေးခွန်းသာဖြစ်တော့သည်။

........................xxxx..........................

Translated by Akira ❣️

Comment