အခန်း ၆၃: အမြွှာမျှော်စင်

အခန်း ၆၃: အမြွှာမျှော်စင်

စာမေးပွဲခန်းစောင့်စီရင်စု၊ အနီရောင်သင်္ဘောဆိပ် ဆိပ်ခံတံတား။

အချက်ပြမီးသည် မှောင်မိုက်သောညခင်းအတွင်း တဖျတ်ဖျတ်လက်သွားသည်။ အနီးနားမှ အီလက်ထရွန်နစ်စခရင်တွင် ည ၉နာရီ ၃ မိနစ်ကို ပြနေသည်။

ဆိပ်ခံတံတားတွင် သင်္ဘောအဖြူ ဘေးကင်းစွာ ဆိုက်ကပ်လိုက်သည်နှင့် ညင်သာသော လှိုင်းပုတ်သံများ ကြားနိုင်ပေသည်။

ကြိုးလှေကားတစ်ခုအောက်သို့ ကျလာပြီးနောက် လူအချို့ တစ်ယောက်ပြီးတစ်ယောက် သင်္ဘောပေါ်မှ ဆင်းလာကြ၏။

စနစ်၏ ရင်းနှီးနေသောအသံမှာ ပါးလွှာသောလေထုထဲတွင် လွင့်ပျံလာသည်:

(ပြန်လည်ကြိုဆိုပါတယ်။)

လခွမ်းတဲ့မှ

လှေကားမှဆင်းလာသော ချန်ဖေးသည် ခြေချော်ကာ ဟွမ်ရွေ့၏ခေါင်းထက်သို့ တက်နင်းမိတော့မတတ်ဖြစ်သွားသည်။

"သင်္ဘောပေါ်ကတောင် မဆင်းတတ်ဘူးလား"

922 သည် သူ့ကိုခပ်သွက်သွက် လှမ်းဆွဲလိုက်ကာ နှစ်ယောက်သား အပုံလိုက်ပြုတ်ကျမည့်ဘေးမှ ကာကွယ်လိုက်သည်။

ချန်ဖေးမှာ အထိတ်တလန့်ဖြင့် ဘေးဘီဝဲယာကို ကြည့်နေသည်: "ဘာဖြစ်လို့ နောက်ထပ်စာမေးပွဲအသံလွှင့်စနစ် ထပ်ရှိနေသေးတာလဲ"

"ဒါကအခြေစိုက်စခန်းလေ။ စနစ်က နေရာတိုင်းမှာရှိတယ်။ ဒါနဲ့ နေသားကျနေတာ ကောင်းလိမ့်မယ်" ချင်ကျိုးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

အခြေစိုက်စခန်းတဲ့လား။

ယိုဟော့က မှတ်ထားလိုက်ပြီး အဝေးကို မျှော်ကြည့်လိုက်သည်။

ချင်ကျိုးပြောသည့်အတိုင်း သည်နေရာသည် ပုံမှန်ကမ်းရိုးတန်းမြို့တစ်မြို့နှင့် ဆင်တူသည်။

အဆောက်အအုံအမြင့်များမှ အလင်းများသည် တောက်ပဖြာဆင်းနေပြီး အချင်းချင်းထပ်ကာ အရောင်စုံလင်သောအဆင်ဒီဇိုင်းများအဖြစ် ပုံဖော်နေကြသည်။

ထိုနေရာတွင်ရပ်နေရင်းဖြင့် မြို့၏စည်ကားမှုကို ခံစားနိုင်သည်။

922 သည် ဖြေဆိုသူများကို တမင်ဖိပြောလိုက်သည်: "ကားပါကင်၊ မီးပွိုင့်မှာရပ်တဲ့အခါ၊ ကတ်ဖြတ်တဲ့အခါ၊ တံခါးဘဲလ်တီးတဲ့အခါ... ထားလိုက်ပါတော့ အဲဒါက နေရာတိုင်းမှာရှိတယ်။ အဲဒီတော့ စိတ်ထဲမှာပြင်ဆင်ထားတာ ကောင်းလိမ့်မယ်။ အချိန်တိုင်းမှာ ခြေချော်နေရင်တော့ မဟန်ဘူး"

ချန်ဖေးနှင့် ဟွမ်ရွေ့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လုံးဝ ကြက်သေသေသွားကြသည်။

021 သည်လည်း ဒေါက်ဖိနပ်အမြင့်ကိုစီးလျက် ဆင်းလာလေသည်။

သူ ဆိပ်ခံတံတားထက်သို့ ခြေချလိုက်သည်နှင့် စနစ်၏အသံ ထပ်မံထွက်ပေါ်လာသည်။

(ဒီဇင်ဘာ ၃၀ ည ၂၁:၀၅၊ အပြင်ဘက်အပူချိန် -4 ဒီဂရီစင်တီဂရိတ် ရှိသည်။ စာမေးပွဲခန်းစောင့် ယာဉ်အမှတ် 09271 သည် ဆိပ်ခံတံတား အမှတ်၁၃ တွင် ဆိုက်ကပ်ပါသည်။)

ချန်ဖေးနှင့် ဟွမ်ရွေ့သည် ထိုအသံကို ကြားလိုက်ရသောအခါ ဦးရေပြားများထုံကျဉ်လာသည်ကို ခံစားလိုက်ရသော်လည်း သည်တစ်ကြိမ်တွင်တော့ မတ်မတ်ရပ်နေနိုင်သွားသည်။

"ည ၉ နာရီတောင်ကျော်နေပြီ။ လမ်းမှာသာ ဘာမှမဖြစ်ခဲ့ဘူးဆိုရင် ငါတို့ တကယ်တမ်း နေ့အချိန်မှာ ရောက်လာနိုင်မှာ" 078 သည် မနေနိုင်တော့ဘဲ တီးတိုးရေရွတ်လိုက်သည်။

သင်္ဘောပြုပြင်ချိန်မှာ ၂ နာရီကြာ၏။

ဖြေဆိုသူများကို ကြိုပြီးနောက် စာမေးပွဲခန်းစောင့်စီရင်စုသို့ ပြန်လာသောလမ်းတွင် 021 ၏ စာမေးပွဲခန်းစောင့်ကတ် ပျောက်သွားသောကြောင့် ပြန်ယူရန် နောက်ပြန်လှည့်ခဲ့ရသည်။ ထိုအပြန်လမ်းခရီးတင် နောက်ထပ် ၄ နာရီ ကြာသွား၏။

078 သည် EQ အလွန်နိမ့်သော လူထူးဆန်းတစ်ယောက်ဖြစ်သည်။

သူသည် မူလက စည်းကမ်းချိုးဖောက်သော ဖြေဆိုသူများကို အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားရအောင် လုပ်လိုစိတ်ဖြင့် သင်္ဘောပြုပြင်ရသည့်အကြောင်း ညည်းတွားပြောဆိုချင်ခဲ့ရုံသက်သက်သာ ဖြစ်၏။ ပြောရမည်ဆိုလျှင် စာမေးပွဲခန်းစောင့်တစ်ယောက်ကို တိုက်ခိုက်သည့်အပြုအမူမှာ လွန်လွန်းပြီး မကြားဖူးသလောက်ပင်ဖြစ်သည်။

သို့ရာတွင် အဆုံးတွင်မတော့ ဖြေဆိုသူများမှာ စိတ်ပင်မလှုပ်ရှားဘဲ ယင်းအစား သူသည် 021 ကို ရန်စမိသွားသည်။

"ငါက နမော်နမဲ့နိုင်တယ်လို့ ပြောချင်နေတာလား"

"မဟုတ်၊ မဟုတ်ပါဘူး၊ သေချာပေါက် ဘယ်ဟုတ်ပါ့မလဲ။ ၉ နာရီတောင်ကျော်သွားပြီလို့ပဲ ပြောတာပါ။ တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး" 078 က ချက်ချင်း ရှင်းပြလာသည်။

အနှီမိန်းမပျိုသည် စိတ်အနှောင့်အယှက်ဖြစ်ရန် လွယ်ကူလှသည်ဖြစ်ရာ သူ့ခန္ဓာကိုယ်သည်တောင်မှ တတ်နိုင်သမျှ မြန်မြန် တောင်းပန်တတ်သည့် အကျင့်ရနေပြီဖြစ်သည်။

အရင်တောင်းပန်လိုက်၊ အခြေအနေတည်ငြိမ်သွားတာ ဘာမှမမှားဘူး။

021 သည် သေချာပေါက် နမော်နမဲ့နိုင်သူတစ်ယောက် မဟုတ်ပေ။ ဘယ်တော့မှ အရေးကြီးသောအရာတစ်ခုကို ပျောက်ဆုံးလိမ့်မည်မဟုတ်။

ကျွန်းပေါ်တွင် ကတ်ပျောက်ပြီး နှစ်နာရီကြာမြင့်မှ သတိထားမိရသည့် ရည်ရွယ်ချက်မှာ ညအချိန်ထိ အချိန်ဆွဲလိုခဲ့ခြင်းကြောင့်သာဖြစ်သည်။

စာမေးပွဲခန်းစောင့်စီရင်စုသည် စာမေးပွဲခန်းစောင့်များအားလုံး နေထိုင်ရာနေရာဖြစ်သည်။

ထိုထဲတွင် နောက်ပေါက်များပါသလို မူလအစောပိုင်းက စာမေးပွဲခန်းစောင့်များလည်းပါသည်။

ကနဦးစာမေးပွဲခန်းစောင့်များမှာ များများစားစားမရှိပေ၊ ၁၂ ယောက်မျှသာ။ အင်္ဂလိပ်အက္ခရာများသက်သက်ဖြင့် သူတို့ကုတ်နာမည်ကို ပေးရန်လောက်ငှသည်။ နောက်ပိုင်းတွင် ကိုင်တွယ်ရမည့်ပြဿနာများ ပိုများလာသည်နှင့်အမျှ စနစ်သည် ကနဦးစာမေးပွဲခန်းစောင့်များအုပ်စုတွင် ထပ်ဖြည့်ရန် ဖြေဆိုသူများအနက်မှ အားကောင်းသောလူအချို့ကို ရွေးချယ်ခဲ့သည်။

ပထမဖြည့်စွက်ချက်အပြီးတွင် စုစုပေါင်း စာမေးပွဲခန်းစောင့် ၅၀ ပြည့်သွားခဲ့သည်။

အနှီအသစ်ထပ်ဖြည့်ခဲ့သော စာမေးပွဲခန်းစောင့်များသည် အလျင်အမြန်ပင် ကျန်ရှိနေသော အက္ခရာများကို ယူလိုက်ကြပြီး အဖွဲ့သို့ဝင်သောအစဉ်အလိုက် ခွဲဝေသတ်မှတ်လိုက်ကြသည်။ ကျန်နေသောသူများမှာ အင်္ဂလိပ်အက္ခရာအပေါင်းအစပ်များဖြင့် စတင်သည်။ ယင်းမှာ အနည်းငယ် အင်္ဂလိပ်နာမည်များနှင့် ဆင်သည်။

ချင်ကျိုးသည် သူတို့ထဲမှတစ်ယောက်ဖြစ်သည်။

ထို့ပြင် သည်စာမေးပွဲခန်းစောင့်အုပ်စုသည် A နှင့်အတူ အလုပ်လုပ်ဖူးကြသည်။

021 သည် ထို့နောက် တိတ်တဆိတ် ရေတွက်ကြည့်လိုက်သည်----

သည်နှစ်များအတွင်း အစောပိုင်းစာမေးပွဲခန်းစောင့် ၅၀ အနက်မှ တစ်ယောက်သောသူသည် ဟိုးအရင်စောစောကတည်းက နားနေဆောင်တစ်နေရာသို့ ရာထူးအဆင့်ကျသွားခဲ့သည်။ ထူးခြားသောအခြေအနေမျိုးကြောင့်မဟုတ်ပါက စာမေးပွဲခန်းစောင့်တစ်ဦးသည် နားနေဆောင်သို့ သွားမည်မဟုတ်သည့်အတွက် သူသည် ထိုစာမေးပွဲခန်းစောင့်ကို လူချင်းမတွေ့ဖူးဘဲ ပုံကိုသာ မြင်ဖူးသည်။

၁၃ ယောက်ကမူ အမျိုးမျိုးသောတရားဝင်လှုပ်ရှားမှုများတွင် ထိခိုက်ဒဏ်ရာရကာ ပြန်လည်ထူထောင်ရေးစင်တာများတွင် ကုသမှုခံယူနေကြသည်။ သူတို့ကို ထိုနေရာတွင် တင်းတင်းကျပ်ကျပ် စောင့်ကြပ်ကြည့်နေသည်ဖြစ်ရာ ယခုလတ်တလောတွင် ဆေးရုံမှ ခွာနိုင်လိမ့်မည်မဟုတ်။

၂၆ ယောက်မှာ နိုင်ငံခြားသို့ စေလွှတ်ခံထားရသည်။ စာမေးပွဲတစ်ခုစီတိုင်းမှာ တိုတောင်းလှသည်မဟုတ်သည့်အပြင် လမ်းညွှန်ပြသရန် ယိုဟော့နှင့် ချင်ကျိုးကဲ့သို့သော ဆရာကြီးများမရှိသည့်အလျောက် စာမေးပွဲ အစောတလျင်ပြီးဆုံး၍ သည်ကို ပြန်ပြေးလာရန်မှာ သိပ်မဖြစ်နိုင်လှပေ။

နောက်တစ်နည်းပြောရလျှင် စိတ်ပြဿနာရှိနေသော ယိုဟော့နှင့် အလားတူ စိတ်ပြဿနာရှိနေသော ချင်ကျိုးမှလွဲလျှင် ဤစာမေးပွဲခန်းစောင့်စီရင်စုတွင် အစောပိုင်းစာမေးပွဲခန်းစောင့်များ ၈ ဦးရှိသည်။

သူ တို့ အား လုံး A ကို သိ ကြ သည်။

ယင်းမှာ ကြောက်စရာကောင်းလွန်းသည်။

021 သည် ယိုဟော့ ဘာစီစဉ်နေသည်ကို မသိပေ။ သူက အနှီစာမေးပွဲခန်းစောင့်ကြီးကိုယ်တိုင်သော်မှ သိလိမ့်မည်မဟုတ်ဟု သံသယဝင်မိသည်။

ထိုသည့်တိုင် ယိုဟော့ကို စောစောစီးစီး လူအများမှတ်မိသွားခြင်းသည်ကား သည်စာမေးပွဲခန်းစောင့် လုပ်လိုသောအရာကို အကူအညီမဖြစ်လောက်ဟု ခံစားမိသည်။

ထို့ကြောင့် သူသည် ယိုဟော့ကို ထိုစာမေးပွဲခန်းစောင့် ၈ ဦးနှင့် တတ်နိုင်သမျှ ဝေးအောင် ကြိုးစားရန်သာ တတ်နိုင်သည်။ ဝေးလေ ကောင်းလေသာ။

အက္ခရာအပေါင်းအစပ်များအဖြစ် ပြောင်းလဲပြီးနောက် နောက်ပိုင်းစာမေးပွဲခန်းစောင့်များ၏ ကုတ်နာမည်များကမူ နံပါတ်များဖြစ်လာခဲ့၏။ အစောပိုင်းစာမေးပွဲခန်းစောင့်များမှာ များသောအားဖြင့် အတော်အသင့် အဆင့်မြင့်ကြသည်။

မိန်းမပျို 021၏ လေ့လာချက်များကို အခြေခံကြည့်လျှင် စာမေးပွဲခန်းစောင့် ၄ ဦး 016၊ 025၊ 033 နှင့် 058 တို့ကို မကြာခဏဆိုသလို စီရင်စု၏ ဤအပိုင်းတွင် တွေ့ရတတ်သည်။

လူစည်ကားသော ပိုင်ဟွားလမ်းတစ်လျှောက် တည့်တည့်မတ်မတ် ဆင်းသွားလျှင် 016 နှင့် 025 ၏ လက်ရှိနေထိုင်ရာနေရာဖြစ်သည်။

025 သည် အထူးသဖြင့် ပြတင်းပေါက်နားတွင် ထိုင်လျက်ဆေးလိပ်သောက်ရသည်ကို နှစ်သက်သည်။

ထို့ပြင် ထိုနေရာတွင် 058 ညတိုင်းလိုလို သွားတတ်သည့် ဘားတစ်ဘားလည်း ရှိသည်။

တစ်ခါတလေ 058 သည် ည ၉ နာရီတွင် ပြန်တတ်ပြီး တစ်ခါတလေ ၁၁ နာရီတွင်ပြန်တတ်သည်။

021 သည် သည်လမ်းကို ၁၀ ကြိမ်ဖြတ်လျှောက်လာလျှင် ၁၀ ကြိမ်တွင် ၈ ကြိမ်ခန့် သူတို့ထဲမှ တစ်ယောက်မဟုတ် တစ်ယောက်နှင့် တွေ့တတ်သည်။ ယင်းမှာ ရှောင်လွှဲ၍မရပေ။

ဤကဲ့သို့သော ကြိမ်ဖန်ရေများကြောင့် သူသည် ထိုလမ်းမှ ဝေးဝေးရှောင်ရန် စိတ်ဆုံးဖြတ်ထားသည်။

***

"ခင်ဗျားတို့နှစ်ယောက်ကို အပြစ်ပေးစရာမလိုဘူး ဒါပေမဲ့ စောင့်ဆိုင်းနယ်မြေမှာတော့ နေရလိမ့်မယ်" 078 က ချန်ဖေးနှင့်ဟွမ်ရွေ့ကို လှမ်းခေါ်လိုက်သည်: "ဒီနေရာကို တိုက်ခန်းတွေနဲ့ ဖွဲ့စည်းထားတယ်။ ခဏနေရင် ခင်ဗျားတို့ကို ရိုးရှင်းတဲ့စာရွက်စာတမ်းကိစ္စတွေ လုပ်ဖို့ ခေါ်သွားမယ်"

"စောင့်ဆိုင်းနယ်မြေက ဘယ်မှာလဲ"

"ဟိုနားမှာ" 078 က ညွှန်ပြလိုက်သည်။

ချန်ဖေးနှင့် ဟွမ်ရွေ့သည် လည်ပင်းဆန့်ကာ လှမ်းကြည့်လိုက်ကြ၏။

ဆိပ်ခံတံတားအနီးမှ လမ်းအနောက်ဘက်တွင် မြင့်မားသောအမြွှာမျှော်စင်၏ ကောက်ကြောင်းကို ရမ်းဆမှန်းကြည့်၍ရသည်။

အချိုးညီလှစွာ အမြွှာမျှော်စင်သည် မိုးယံသို့မားမားစွင့်စွင့်ထိုးတက်နေသည်။ ပြတင်းပေါက်အတော်များများမှာ မီးထွန်းထား၏။

"ခင်ဗျားတို့ကြည့်တာ မှားနေပြီ။ အမြွှာမျှော်စင်က အပြစ်ပေးနယ်မြေ။ ခင်ဗျားတို့က အဲဒီဘေးက အဆောက်အအုံသေးလေးတွေဆီကို သွားရမှာ" 078 က ယိုဟော့နှင့် ချင်ကျိုးကိုညွှန်ပြ၍ အခြားဖြေဆိုသူနှစ်ယောက်ကို ရှင်းပြလိုက်သည်: "ဒီလူကြီးမင်းနှစ်ယောက်အတွက်ကတော့ အပြစ်ဒဏ်က သုံးရက်ကြာလိမ့်မယ်။ အဲဒီသုံးရက်အတွင်းမှာ ခင်ဗျားတို့က စောင့်ဆိုင်းနယ်မြေမှာ စောင့်ရမယ်။ သူတို့ပြစ်ဒဏ်ပြီးသွားတာနဲ့ ခင်ဗျားတို့အားလုံးကို နောက်စာမေးပွဲတစ်ခု စီစဉ်ပေးမယ်"

သူက စတင်၍ လျှောက်သွားလိုက်သည်: "ပိုင်ဟွားလမ်းကနေ သွားကြမယ်"

ထိုသို့ပြောနေရင်း ပိုင်ဟွားလမ်းဘားအပြင်ဘက်တွင် လူတစ်ယောက် ပေါ်လာသည်။

ထိုသူနှင့်ရင်းနှီးနေသောသူများဆိုလျှင် တစ်ချက်ကြည့်ရုံဖြင့် သူ့ကိုသတိထားမိနိုင်သည်။ ထိုသူသည် အစောပိုင်းစာမေးပွဲခန်းစောင့် 058 ဖြစ်သည်။

ချင်ကျိုးသည် သူ့ကိုမြင်လျှင် ချက်ချင်း တစ်ဖက်လှည့်လိုက်သည်: "မသွားဘူး"

078: "?"

021 သည်ပင် "မသွား" ဟူသောစကားလုံးမှာ လျှာဖျားတွင်သာ ရှိသေးသည်။ သူက ထိုစကားကို တိတ်တခိုးပြန်မျိုချလိုက်သည်။

001 သည် ဆေးမှားများသောက်ထားသလား။ သူက ဘာကိစ္စ ငါနဲ့တစ်ဖက်တည်းမှာ ရပ်နေရတာလဲ။

078 သည် ဘာပြောရမှန်းမသိဖြစ်နေသည်: "ပိုင်ဟွားလမ်းက ဘာဖြစ်လို့လဲ"

ချင်ကျိုးသည် ယိုဟော့ကို မျက်လုံးထောင့်မှ ဖျတ်ခနဲကြည့်လိုက်ပြီးနောက် အဓိပ္ပာယ်မရှိ စတင်ပြောတော့သည်: "ဘားက ဆေးလိပ်ငွေ့တွေနဲ့ ပြည့်နေတာ။ အဲဒါကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတာ တော်တော်ကြာပြီ"

078: "?"

ဘာဆေးလိပ်ငွေ့လဲ။ အဲဒီဘားမှာ ဆေးလိပ်မသောက်ရဘူးဆိုတာ သိရဲ့လား။

လူတစ်ယောက် အဲဒီကနေထွက်လာတာနဲ့ပဲ ဘားကို နာမည်ဖျက်လိုက်လို့မရဘူးလေ....

078 သည် ပြန်ခံမပြောရဲသည့်အတွက် သနားစဖွယ်သာ မေးလိုက်နိုင်သည်: "'ဒါဆို ဘယ်သွားကြမလဲ"

ချင်ကျိုးသည် ပိုင်ဟွားလမ်းမှ အဝေးဆုံးက နောက်ဖေးလမ်းကြားတစ်ခုသို့ ကြုံရာကျပန်း ညွှန်ပြလိုက်သည်: "ဟိုနေရာ"

078: ".... သေချာရဲ့လား"

ချင်ကျိုးက ခပ်ပြတ်ပြတ်အသံပြုကာ ထိုလမ်းကြားလေးထံသို့ ဆက်လျှောက်သွားလေသည်။

154 နှင့် 922 သည် မူလက သူ့လက်အောက်မှလူများဖြစ်လေရာ ချက်ချင်းဆိုသလို သူ့နောက်လိုက်သွားလေသည်။

021 သည်ပင် ကန့်ကွက်စရာမရှိ။ သူ၏ဒေါက်ဖိနပ်များစီးလျက် ချာခနဲလှည့်ကာ လိုက်သွားလေသည်။

078 သည် စိတ်ရှုပ်ထွေးစွာ သူတို့ကို ကြည့်နေသည်။ သူက တကယ်ကို မရူးသေးဘူးမလားဟု တွေးနေမိသည်။

မီးထိန်ထိန်လင်းနေသည့် လမ်းမှသွားရမည့်အစား မှောင်မိုက်နေသည့် လမ်းလေးမှသွားရန် အားသန်နေကြသည်....

ဘာတွေဖြစ်နေတာလဲ။ ပိုင်ဟွားလမ်းမှာ စောင့်ပြီးတိုက်ခိုက်မဲ့ သရဲတွေများ ရှိနေလို့လား။

တကယ် သရဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့အားလုံး တိတ်ဆိတ်သောနောက်ဖေးလမ်းထဲသို့ ချိုးဝင်လိုက်ကြသည်။

အရက်မူးနေသော 058 ကမူ အသိတစ်ယောက်နှင့်တွေ့ကာ ကျယ်လောင်စွာရယ်မောနေပုံရသည်။

တိတ်ဆိတ်နေသောကြောင့် သူ့ရယ်သံသည် သူတို့ရှိရာသို့ပင် ပျံ့နှံ့လာကာ တဖြည်းဖြည်း ဝေးဝေးသွားလေသည်။

021 သည် စိတ်သက်သာရာသလို တိတ်တခိုး သက်ပြင်းချလိုက်သည်။

ယိုဟော့သည်ကား 058 ကို သတိပြုမိပုံမရ။ သူက အောက်သို့ဆက်တိုက်ငုံ့ကာ ဖုန်းကို ကလိနေသည်။

များမကြာမီမှာပင် လမ်းကြားလေးမှ ဖြတ်သွားကြသည်။ သူတို့နှစ်ယောက် မျှော်လင့်ထားသည့်အတိုင်းပင် အသိတစ်ဦးနှင့်မှ ပက်ပင်းမတိုးခဲ့ပေ။

***

အမြွှာမျှော်စင်သည် စည်ပင်နေသောမြို့လယ်ခေါင်တွင် တည်ရှိသည်။ စည်ပင်နေသောမြို့နှင့် တာဝါကြားတွင် ကျောက်သားနံရံတစ်ခုဖြင့် ခြားထားသည်။

"ကျွန်တော်သူတို့ကို စောင့်ဆိုင်းနယ်မြေကို ခေါ်သွားမယ်။ ခင်ဗျားတို့ အရင်တက်နှင့်မလား"

078 သည် အမြွှာမျှော်စင်အောက်တွင် ရပ်တန့်သွားကာ ၎င်းဘေးမှ အဆောက်အအုံငယ်ကို ညွှန်ပြလာသည်။

ထူးထူးခြားခြား 021 သည် လိုက်လိုက်လျောလျော ပြောလာသည်: "ငါတို့ ဒီမှာပဲစောင့်နေမယ်။ မိနစ်အနည်းငယ်ပဲ ကြာမှာပဲ"

078 သည် ပြုံးရယ်ကာ ဖြေဆိုသူများကို အမြန်ခေါ်သွားသည်။

ယိုဟော့သည် သူတို့သုံးယောက် ညမှောင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို ကြည့်နေကာ အမြွှာမျှော်စင်ထက်သို့ မော့ကြည့်လိုက်သည်။

မြင့်မားသောမျှော်စင်အပြင်ဘက်တွင် အပြာရင့်ရောင် ရောင်ပြန်ဟပ်နေသည်။ ယင်းသည် ချဉ်းကပ်ရန်မလွယ်ဘဲ အေးစက်သော အသွင်ကိုဆောင်နေသည်။ ကြီးမားသော ဖန်ပြတင်းချပ်များမှတဆင့် အတွင်းမှအလင်းရောင်သည် ကြယ်များသဖွယ် တောက်ပနေသည်။

တဒင်္ဂခန့် ယိုဟော့သည် ထိုမြင်ကွင်းကို ရင်းနှီးနေသည်။ ပြောမပြတတ်သော ရင်းနှီးမှုတစ်မျိုး စွက်နေလေသည်။

တစ်ခါက သူသည် ယခုကဲ့သို့ မျှော်စင်အပေါ်သို့ မျှော်ကြည့်ဖူးသည့်အလားပင်။

ယိုဟော့သည် အကြည့်ကိုရုတ်လိုက်ကာ မသိစိတ်အရ ဘေးဘီကို ဝေ့ဝဲကြည့်လိုက်သည်။

သူက ရုတ်တရက် ရပ်သွားကာ မျှော်စင်များအရှေ့ဘက်မှ ဗီလာများရှိရာနေရာသို့ ညွှန်ပြလာသည်: "အဲဒီက ဘာလဲ"

ချင်ကျိုးသည် သူညွှန်ပြရာနေရာသို့ လှမ်းကြည့်လိုက်သည်: "အဲဒီမှာ ငါနေတာ"

ယိုဟော့၏ အမူအရာမှ ခဏလောက် ထူးဆန်းသွားသည်: "မင်းအဲဒီမှာနေတာ"

"ဟုတ်တယ်" ထို့နောက် သူက လှည့်ကာ ယိုဟော့ကို မျက်ခုံးပင့်လျက် ကြည့်လာသည်: "ငါတို့ဒီအကြောင်း ပြောနေလက်စနဲ့ အချိန်ရှိတုန်း သွားကြည့်ရင်မကောင်းဘူးလား"

မရှိဘူး။

အချိန်မရှိဘူး။

ပေးစရာဘာအချိန်မှမရှိဘူး။

021 ၏ နှုတ်ခမ်းများမှာ တွန့်သွားသည်။

သို့သော် အဆုံးတွင် ယိုဟော့သည် ခေါင်းညိတ်လိုက်သည်။

021 သည် တိတ်တဆိတ် တစ်ဖက်သို့ လှည့်လိုက်သည်။ ညခင်းကောင်းကင်ယံကို မျှော်ကြည့်ကာ ကြီးမားစွာ မျက်ဖြူလှန်လိုက်တော့သည်

တချို့လူတွေ... စိတ်မှာပြဿနာတစ်ခုရှိသွားတာနဲ့ ဘာကိုမဆို ခေါင်းညိတ်နေတော့တာပဲ။

..................xxx..................

Translated by Akira ❣️

Comment