အခန်း ၈၉: ကျိန်စာ ပိုဆိုးလာခြင်း

အခန်း ၈၉: ကျိန်စာ ပိုဆိုးလာခြင်း

154 သည် လက်တစ်ဖက်က ရေခွက်နှင့် ကျန်တစ်ဖက်တွင် အဖျားပျောက်ဆေးကိုကိုင်လျက် နေရာတွင် တောင့်တင်းစွာ ရပ်နေခဲ့သည်။

သူက ယိုဟော့ ရုတ်တရက်ကြီး လှမ်းလာလိမ့်မည်ဟု မထင်ထား၍ သူဘာလုပ်နေသည်ကိုပင် မေ့ခါနီးအထိ ဖြစ်သွားလေသည်။

"ဘော့စ်ရဲ့လက် ထိခိုက်ထားတယ်"922 သည် လျှောက်လာသည်။ သူ့အသံကမူ ခပ်တိုးတိုးသာ။ "1006 ပြောပုံအရဆို သူ့ဒဏ်ရာတွေက မင်းနောက်မှ ပေါ်လာတာဆိုတော့ သူက နည်းနည်းနောက်ကျပြီးမှ နိုးလာလောက်တယ်"

154 သည် အခုမှသာ အသိပြန်ဝင်လာ၏။ သူက ဆေးကို ရေထဲသို့နှစ်လိုက်ပြီးနောက် ဆိုသည်။ "ဒဏ်ရာဘယ်လောက်များလဲတော့ ငါတို့ မသိဘူး။ မစစ်ကြည့်ရသေးဘူး"

ချင်ကျိုး၏လက်သည် နံဘေးတွင် ချထားသည်။ သူ့လက်ဖဝါးများသည် ယိုဟော့လက်နှင့် ယှဉ်နိုင်လုနီးပါးပင် ကြည့်ရဆိုးနေလေသည်။

ယင်းမှာ သွေး၊ အသားနှင့် အောက်ခြေမှထွက်ပြူနေသော အရိုးတို့ရောနေသော ဒဏ်ရာနှင့်ဆင်တူသည်မှာ အသေအချာပင်ဖြစ်သော်ငြား ယိုဟော့သည် ချင်ကျိုး၏ဒဏ်ရာများက ပိုချောက်ချားစရာကောင်းသည်ဟု ခံစားနေရ၏။

တခြားသူတစ်ယောက်ကိုယ်ပေါ်တွင် ဖြစ်သောကြောင့်လားမပြောနိုင်၊ ယင်းမှာ ပိုကြည့်ရဆိုးနေသည်။

"ဘာဖြစ်လို့ မစစ်ကြည့်တာလဲ" သူက154 ကို မေးလာသည်။

"အိပ်နေတုန်း ဘော့စ်က မကြိုက်----ဟမ်" ရှင်းပြနေဆဲ တစ်ဝက်တစ်ပျက်သာရှိသေးသည်၊ ယိုဟော့သည် ချင်ကျိုး၏ ကော်လာကို လက်လှမ်းလိုက်ပြီးဖြစ်သည်။

အဖျားဒဏ်ခံစားနေရဆဲ ချင်ကျိုးသည် ၎င်းကို ခံစားမိသောအခါ မျက်မှောင်ကြုတ်သွား၏။

သူ့မျက်နှာဖုံးသည် ချွတ်ထားပြီး နံဘေးတွင် ချထားသည်။ မှိန်ပျပျ မြေအောက်မီးရောင်အောက်တွင် သူ့နှုတ်ခမ်းများနှင့် မျက်နှာတွင် အသွေးအရောင်ကင်းမဲ့နေ၏။

ပုံမှန်ဆိုလျှင် သူသည် ပျင်းရိကာ အထက်စီးဆန်နေလိမ့်မည်။ ကြံ့ခိုင်ပြီး ယုံကြည်အားထားရပုံရှိ၍ ဘယ်သောအခါမှ ပင်ပန်းခြင်း သို့မဟုတ် နေထိုင်မကောင်းခြင်း မဖြစ်သည့်အလားပင်။

သူ၏ ဤကဲ့သို့ ဖျားနာကာ ပင်ပန်းနွမ်းနယ်နေသည့် အသွင်အပြင်သည် ရှားပါးကာ အင်မတန် ပြင်းထန်သည့်ပုံပေါက်နေသည်။

ယိုဟော့၏ လက်ချောင်းများသည် တန့်သွား၏။ သူက လှုပ်ရှားမှုများကို နှေးလိုက်သည်။

သူဆက်လုပ်တော့မည့်ဆဲဆဲ သူ့လက်ကောက်ဝတ်သည် ဖမ်းဆုပ်ခံလိုက်ရ၏။

922 သည် ပင့်သက်တစ်ချက် ရှိုက်သွင်းလိုက်သည်။

ယိုဟော့သည် သူ၏ထိခိုက်ထားသောလက်ကို သုံးနေခြင်းမဟုတ်သောကြောင့် ကံကောင်းသွားသည်။ သို့မဟုတ်၍ အကယ်၍ ချင်ကျိုးသာ ထိုဒဏ်ရာပေါ်သို့ ထိုမျှအားသုံး၍ ဖမ်းဆွဲလိုက်ခဲ့ပါလျှင်............

အာ------

သူမခံစားနိုင်တော့ဘဲ ကြက်သီးထသွားသည်။

922 သည် သူ့လက်မောင်းကို ပွတ်သပ်လိုက်သည်။

154 သည် သက်ပြင်းချလိုက်ပြီးနောက် စကားဆက်ပြောလိုက်သည်။ "သူက တခြားသူ သူ့ကိုထိတာ မကြိုက်ဘူး။ တိုက်ခိုက်ခံရဖို့ ၈၀ - ၉၀ ရာခိုင်နှုန်းလောက်ရှိတယ်"

သူထိုသို့ပြောအပြီးတွင် ချင်ကျိုး နိုးလာလေသည်။

ချင်ကျိုးသည် မျက်စိကို တစ်ဝက်တစ်ပျက် ဖွင့်ကြည့်ရင်း သူ၏အိပ်ချင်မူးတူး လေးလံနေသော အကြည့်များသည် ယိုဟော့မျက်နှာဆီသို့ ရောက်သွား၏။

သူက အဖျားကြောင့် အိပ်မက်လား လက်တွေ့လားကို ခွဲခြားရန် ခက်ခဲနေလေသည်။

မကြာခင် ချင်ကျိုးသည် မျက်လုံးများကို ပြန်မှိတ်လိုက်သည်။ သူ၏ချောမောသော မျက်ခုံးတို့ကြား စုကျုံ့နေမှုသည် ပျောက်မသွားသေးသော်လည်း ယခင်ကလောက် တင်းတင်းကျပ်ကျပ် တွန့်ကွေးထားခြင်း မရှိတော့ပေ။

သူက ယိုဟော့လက်သို့ ဖိထားသည့်အားကို လျှော့ပေးလိုက်သော်လည်း လွှတ်မပေးခဲ့ပေ။ မျက်လုံးတို့ကို ဆက်လက်ပိတ်ထားရင်း သူ့လက်မဖြင့် ယိုဟော့၏လက်ကောက်ဝတ်ကို တစ်ကြိမ်နှစ်ကြိမ်ခန့် အသာအယာ ပွတ်သပ်နေလေသည်။

၎င်းသည် ရင်းနှီးကျွမ်းဝင်၍ စိတ်အေးစေရန်အားပေးသည့် အဓိပ္ပါယ်စွက်နေသည့် အလွန်သေးငယ်သော သာမန်အပြုအမူလေး တစ်ခုဖြစ်သည်။

တခြားသူများက ၎င်းကို သတိမထားမိဘဲ ယိုဟော့တစ်ယောက်သာလျှင် ခံစားမိလိုက်သည်။

သူက လက်ချောင်းများကို အနည်းငယ် ကွေးလိုက်သည်။

သူက သေချာပေါက် ရုန်းထွက်လိုက်၍ရသော်လည်း ရုတ်တရက် လေးတိလေးကန်နိုင်မှုတို့ အပြုံလိုက်ဝင်တိုးလာသည့်အလား လက်ကို မရုတ်လိုက်နိုင်ခဲ့ပေ။

နောက်ထပ် နှစ်စက္ကန့်လောက် တွေဝေမိန်းမောနေပြီးနောက် ချင်ကျိုးသည် မျက်လုံးတို့ ဖွင့်ကြည့်လာလေသည်။

ယခုအကြိမ်တွင်မူ သူက လုံးဝ နိုးကြားနေပြီဖြစ်သည်။ သူက တစ်ဖန် ယိုဟော့မျက်နှာကို ကြည့်နေပြီး နောက်မှ သူ့ဘေးပတ်လည်ရှိ တခြားသူများထံသို့ ဝေ့ဝဲကြည့်လာသည်။ ထို့နောက် မတ်မတ်ထထိုင်လိုက်ကာ သူ့လက်ကို ပြန်သိမ်းလိုက်သည်။

သူ့လက်ကောက်ဝတ်မှ ကိုယ်အပူချိန် ရုတ်တရက် ပျောက်သွားသည့်နောက် ယိုဟော့သည် လက်ကိုပြန်သိမ်းရင်း လက်ဆစ်တို့ကို ဟိုလှည့်သည်လှည့် လုပ်နေသည်။

"ထုံနေလို့လား" ချင်ကျိုး၏အသံသည် အက်ကွဲနေကာ ကြမ်းရှရှဖြစ်နေသည်။ "ငါက အိပ်ရင်နည်းနည်း သတိစွဲထားတတ်တယ်၊ မင်းကို နာအောင်လုပ်မိသွားလား"

စောစောက ထိုအပြုအမူများသည် သေချာပေါက် သူ မရည်ရွယ်ဘဲ လုပ်ခဲ့သောအရာများဖြစ်သည်။ သူမမှတ်မိတော့ပါချေ။

ယိုဟော့သည် ခေါင်းခါလိုက်သည်။ "ဒီအတိုင်းလှမ်းဆွဲလိုက်ရုံပါပဲ၊ အားမပါဘူး"

"မင်းလက်က ဘာဖြစ်တာလဲ" ချင်ကျိုး၏အကြည့်များသည် သူ၏တခြားလက်ကောက်ဝတ်တစ်ဖက်သို့ ရောက်သွားသည်။ သူက နောက်တစ်ဖန် မျက်ခုံးများတွန့်ချိုးသွားပြန်သည်။

ယိုဟော့: ".........မင်းအရင် ကိုယ့်လက်ကိုယ် ကြည့်သင့်တယ်"

922 သည် 154 ၏ ပခုံးကို ခေါင်းနှင့်တိုက်လိုက်ပြီးနောက် မနေနိုင်တော့ဘဲ ညည်းညူပြောလာသည်။

"ဘုရားသခင် ငါယုံကိုမယုံနိုင်ဘူး......"

154 သည် သည်းမခံနိုင်တော့သော အမူအရာရှိနေသည်။ ယင်းမှာ ဒဏ်ရာများကြောင့်ပဲလား၊ သို့မဟုတ် ထိုလူနှစ်ယောက်ကိုယ်တိုင်ကြောင့်ပဲလား သူမသိပေ။

သောက်ကျိုးနည်းအရိုးတွေတောင် မြင်နေရပြီ၊ ဒါတောင် အာရုံက တခြားသူဆီမှာပဲ ရောက်နေတယ်။ အဲဒီနေရာက အာရုံခံနိုင်စွမ်းတွေပျောက်သွားပြီလား၊ ဒါမှမဟုတ် သဘောထားကြီးလွန်းနေလို့လား။

သူတို့လိုမျိုး ကြီးကျယ်မြင့်မြတ်တဲ့သူတွေက တခြားသူတွေနဲ့ မတူကွဲပြားတာကြောင့် ဖြစ်နိုင်တယ်။

စာမေးပွဲခန်းစောင့်အုပ်စုနှင့် ရောနှောနေခဲ့သော ဖြေဆိုသူ ကျောက်ဟုန်သည် မနေနိုင်တော့ဘဲ တွေးနေမိသည်: ငါဘာပဲလုပ်လုပ် ဒီတစ်သက်တော့ သူတို့လို ဆရာကြီးတစ်ယောက်တော့ ဖြစ်လာတော့မှာမဟုတ်ဘူး။

အတိုချုံးရှင်းပြလိုက်ပြီးနောက် ချင်ကျိုးသည် လက်ရှိအခြေအနေကို နားလည်သွားသည်။ "ဒါဆို မြို့စားကို သတ်တဲ့နည်းလမ်းက မှားနေတာပေါ့"

ကောင်းချီ: ".........ဒါတွေအကုန်ပြောပြတယ်ဆိုတာ မင်းတို့ကို အဲဒီကျိန်စာက ဘယ်လောက်ပြင်းထန်လဲဆိုတာ နားလည်စေချင်လို့ပဲ။ အခု မင်းတို့နှစ်ယောက်မှာ အန္တရာယ်ရှိတယ်။ အသက်အန္တရာယ်ပေးနိုင်တယ်ကွ နားလည်ရဲ့လား။ တကယ်လို့ ဂရုမစိုက်ရင် မင်းတို့နှစ်ယောက်သား ဘုရားရှိခိုးကျောင်းမှာ အဲဒီသွေးသံတရဲရဲ လူတွေကို ညီအစ်ကိုလို့ခေါ်နေရလိမ့်မယ်! မြို့စားကြီးကိုသတ်တဲ့နည်းလမ်းအကြောင်း ဆွေးနွေးဖို့ ဘယ်သူ့မှာ အချိန်ရှိမှာလဲ"

"ငါနားလည်တယ်"

ကောင်းချီ: "မင်းဖင်ကြီးတဲ့မှ နားလည်နေလိုက်!"

ချင်ကျိုးသည် သူ့ကို မျက်ခုံးတစ်ဖက်ပင့်ရင်း ကြည့်လာသည်။

ကောင်းချီသည် သူ့ကို စက္ကန့်အနည်းငယ်ခန့် စိန်ခေါ်ကြည့်ဖြင့် ပြန်ကြည့်ပြီးနောက် ရုတ်ခြည်း သူ့မျက်နှာကို ပွတ်သပ်နေ၏။ လခွမ်းတဲ့မှ ငါဘာဖြစ်သွားတာလဲ။ ငါ 001 ကို ရန်သူဟောင်းတစ်ယောက်အစား ညီအစ်ကိုတစ်ယောက်လိုမျိုး ဆက်ဆံနေမိတယ်။

သူက မျက်နှာကိုအုပ်ထားရင်း A ရဲ့အမှားကြောင့်ဖြစ်ကြောင်း၊ သူငယ်ချင်းရဲ့ သူငယ်ချင်းက သူငယ်ချင်းပဲဆိုတဲ့ ရယ်စရာကောင်းလိုက်တဲ့ အိုင်ဒီယာ ကူးစက်ခံလိုက်ရတာဖြစ်မယ်ဆိုသည့်အကြောင်း စသည်တို့ကို တီးတိုးရေရွတ်နေလေသည်။

ကောင်းချီသည် တစ်ဖက်ပြန်လှည့်လာကာ ယိုဟော့ကို စူးစိုက်ကြည့်နေသည်။

ယိုဟော့နှင့်ချင်ကျိုးသည် ခုံတန်းလျားတစ်ခုတည်းတွင် ထိုင်နေကြသည်။ 922 နှင့် 154 ၏ နှစ်ယောက်ပေါင်းတိုက်တွန်းမှုနှင့် 021 ၏ အသံတိတ် စူးစိုက်ကြည့်မှုအောက်တွင်.... ယိုဟော့သည် ဆေးသောက်ရန် ငြင်းဆန်နေသည်။

154 သည် လက်ဖြန့်ပြလိုက်သည်။ လက်ထဲတွင် အဖျားပျောက်ဆေး၊ အယောင်ကျဆေးနှင့် နာကျင်ကိုက်ခဲမှုသက်သာဆေး စသည့်ဆေးဝါးအမျိုးမျိုးတို့ရှိနေသည်။

မိန်းမငယ် 021 သည် စာအုပ်တစ်အုပ်မှ စာမျက်နှာကို တစ်ဖက်သို့လှန်လိုက်သကဲ့သို့ အလျင်အမြန် သူ့အပြုအမူကို ပြောင်းလဲခဲ့သည်။ စောစောကတင် ဆေးပေးရန်ငြင်းဆန်နေခဲ့ပြီး ယိုဟော့လက်ကောက်ဝတ်သည်လည်း သွေးယိုစိမ့်နေသည်ကိုတွေ့လိုက်ရသည့်အခိုက် ရှေးဦးသူနာပြုဆေးသေတ္တာ သွားယူရန် အပေါ်ထပ်သို့ ကမန်းကတန်းပြေးသွားခဲ့သည်။

"တစ်လုံးဆိုရပြီ" ယိုဟော့က ဆို၍ ချင်ကျိုးကို တွန်းလိုက်သည်။ "မင်းကိစ္စကို အရင်ရှင်းလိုက်"

ထိုစကားတစ်ခွန်းကတင် ကောင်းချီကို ခံစားချက်မျိုးစုံ ပေးနေသည်။

လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ယိုဟော့ စာမေးပွဲခန်းစောင့်ယူနီဖောင်း ဝတ်ဆင်ဆဲအချိန်က သူသည် ချင်ကျိုးကို "မင်းလူတွေကို အရင်ရှင်း" ဆိုသည့်စကားကို မကြာခဏ ဆိုတတ်သည်။

ထိုအခါ ချင်ကျိုးသည် အမြဲလိုလို "ငါ့လူတွေလား၊ ရတာပေါ့။ နောက်တစ်ခါ သူတို့ကို လေ့ကျင့်ပေးတဲ့အခါ တုံ့ပြန်ချက်ပေးဖို့ စာမေးပွဲခန်းစောင့်ကြီးကို ဖိတ်လိုက်မယ်။ ဘယ်လိုသဘောရလဲ"

နေရာသည် အမြဲတမ်း အစည်းအဝေးခန်း၊ ထိန်းချုပ်စင်တာ၊ စင်္ကြံ၊ အပြစ်ပေးအဆောက်အဦ စသည့်နေရာတို့သာဖြစ်သည်။ သူတို့ကြားရှိလေထုသည် အမြဲလိုလို တင်းမာနေတတ်သည်။ A ၏ မျက်နှာအမူအရာသည် အမြဲအေးစက်နေပြီး 001 ၏လေသံကမူ အမြဲတမင်တကာရန်စလိုဟန် စွက်နေတတ်သည်။

ယင်းမှာ စာမေးပွဲခန်းစောင့်နေရာတွင် ဖြစ်နေကျအလေ့တစ်ခု ဖြစ်လာခဲ့သည်။

မမျှော်လင့်စွာဖြင့် နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးမှ တူညီသောစကားလုံးများကို တူညီသောလူထံသို့ပြောခဲ့သည်။ သို့သော် လုံးလုံး မတူညီသော အခြေအနေ၊ အကြောင်းအရာတစ်ခုအနေနဲ့ဖြစ်သည်။

ချင်ကျိုးသည် ယိုဟော့၏ သွေးအလိမ်းလိမ်းလက်ကို ဆွဲယူကြည့်ကာ မျက်မှောင်ကို ဆက်လက်တွန့်ချိုးထား၏။ ထို့နောက် သူက 154 ကိုပြောသည်။ "တစ်လုံးနဲ့ သေချာပေါက် မလုံလောက်ဘူး"

တစ်ဖက်တွင်မူ ယိုဟော့သည် တစ်ဖက်ကိုညွှန်ပြကာ 154 ကိုပြောလာသည်။ "သူ့ကိုအရင်ပေးလိုက်"

ချင်ကျိုး "......."

154 စကားမဆိုနိုင်ခင်မှာပဲ 021 သည် သူ့ကိုယ်သူ ထိန်းမထားနိုင်တော့ပေ။

မိန်းမငယ်က မျက်စိလှန်ကြည့်လိုက်ပြီးနောက် ဆေးနှစ်ပုံကို သွန်ချလာသည်။ "ဒီမှာ ဒီမှာ ဒီမှာ ဒါဆိုရပြီလား။ ရှင်တို့နှစ်ယောက်လုံးက ကျွန်မတို့ကပဲ ရှင်တို့ကို အတင်းအကျပ် အဆိပ်ကျွေးနေသလို လုပ်နေကြတယ်။ ဒီကဖြေဆိုသူက စောစောတုန်းက ဘုရားရှိခိုးကျောင်းက NPC တွေရဲ့အလှအပကို ကျွန်မကြည့်ရှုခံစားရအောင် ပြပြီးသွားပြီ။ သူတို့တွေဆို လုံးဝကို ပုပ်ပွခါနီးဖြစ်နေပြီ။ အဲဒီ NPC တွေလိုမဖြစ်အောင် ရှင်တို့ရဲ့ ယောက်ျားမာနတွေကို လွှတ်ပစ်လိုက်ပြီး နေမကောင်းဖြစ်နေတာ၊ နာကျင်နေတာကို ဝန်ခံလိုက်ပါတော့လား"

သူက ဆေးအပုံလိုက်နှစ်ပုံကို ဖန်ခွက်နှစ်ခွက်ထဲ ပစ်ထည့်လိုက်ပြီးနောက် သူတို့လက်ထဲသို့ အတင်းထိုးထည့်လာသည်။ "သောက်!"

***

ယိုဟော့နှင့် ချင်ကျိုးသည် ဤမိန်းမငယ်နှင့် အငြင်းအခုံမလုပ်နိုင်ပေ။ သူတို့၏ လူကြီးလူကောင်းဆန်သော သဘောထားကို ဆက်လက်ထိန်းသိမ်းထားရင်း တွန့်ဆုတ်တွန့်ဆုတ်နှင့် ဆေးသောက်ပြီး ဒဏ်ရာများကို ပတ်တီးစည်းလိုက်ကြသည်။

အကျိုးထိရောက်မှုမှာ သိပ်မသိသာသော်လည်း ဘာမှမလုပ်တာထက်တော့ သာသေးသည်။

ဆေးအရှိန်နှင့် နှစ်ယောက်သည် ပြန်အိပ်သွားကြ၏။

သုံးနာရီသည် အလွန်လျင်မြန်စွာ ကုန်လွန်သွား၏။ အကျဉ်းခန်းတံခါး အဆုံးတွင်ပွင့်လာသောအခါ ဖြေဆိုသူပထမအသုတ်သည် မျက်ရည်ရောနှပ်ပါပေရေနေသော မျက်နှာများနှင့် အော်ဟစ်ငိုကြွေးရင်း ပြေးထွက်လာကြသည်။

ကံကောင်းထောက်မစွာ သူတို့သည် ကြည့်ရဆိုးရွားနေရုံသာဖြစ်ပြီး မည်သူမျှ မထိခိုက်ခဲ့ပေ။

ကျန်ရှိနေသောလေးယောက်သည် ပို၍ဆက်ဆံရလွယ်ကူသည်။

ယိုဟော့နှင့်ချင်ကျိုး၏ အခြေအနေကို ထည့်သွင်းစဉ်းစားသည့်အနေဖြင့် 922 သည် နှစ်ယောက်သား အချင်းချင်းကူညီနိုင်အောင် အတူတူသွင်းချင်ခဲ့သည်။

အနှီသုံးနာရီအတွင်း ဒဏ်ရာများထပ်ပြီးပြန့်လာမလားဆိုတာ ဘယ်သူမှမပြောနိုင်ပေ။

သို့ရာတွင် စနစ်သည် နောက်တစ်ဖန် ရည်ရွယ်ချက်ဆိုးဖြင့် ထပ်မံပြောလာပြန်သည်။

သည်တစ်ခေါက် ၎င်း၏ပန်းတိုင်သည် ရှင်းသည်။ အပိုစာသားများမပါဘဲ စနစ်သည် သူတို့ကို အောက်ပါ အကျဉ်းခန်းများအတိုင်း တန်းပြီးနေရာချခဲ့သည်။

ချင်ကျိုး အခန်း ၁

ကောင်းချီ အခန်း ၂

ဖြေဆိုသူ ကျောက်ဟုန် အခန်း ၃

ထိုမျှသာ..

နှစ်ယောက်ကို သေချာပေါက် အတူတူ အကျဉ်းချ၍ရသော်လည်း စနစ်သည် လက်မခံခဲ့ပေ။

ယိုဟော့သည် နောက်တစ်ဖန် ဖယ်ထားခံခဲ့ရပြီး တတိယအသုတ်သို့ အတင်းအကျပ် ထည့်သွင်းခဲ့သည်။

ချင်ကျိုး အကျဉ်းခန်းအတွင်း ဝင်သွားပြီးနောက် 922 နှင့်154 သည် မြေအောက်ခန်းမှ ထွက်လာခဲ့သည်။

အခြားအကျဉ်းခန်းများကဲ့သို့ပင် အိမ်ငယ်အတွင်းတွင် အကျဉ်းခန်းသုံးခန်းနှင့် ချိတ်ဆက်ထားသည့် စခရင်သုံးခုရှိသော စောင့်ကြည့်ခန်းတစ်ခန်းလည်း ရှိသည်။

သူတို့ဘော့စ်၏ လွှမ်းမိုးမှုကြောင့် 922 နှင့် 154 ၏ အဘိဓာန်တွင် ဖြေဆိုသူကိုစောင့်ကြည့်သည်ဆိုသည့် အခြင်းအရာမျိုး မရှိခဲ့ကြ။

ယခုအကြိမ်သည် သူတို့ စောင့်ကြည့်ခန်းကို ပထမဆုံးအကြိမ် သုံးခြင်းဖြစ်သည်။ အဓိကအကြောင်းရင်းမှာ ထိုနေရာတွင် တစ်ယောက်တည်းအကျဉ်းချခံထားရသည့် ချင်ကျိုးကို စိတ်ပူသောကြောင့်ဖြစ်သည်။

စခရင်သည် အလွန်မြန်မြန်ဆန်ဆန်ပင် ပွင့်လာသည်။ သူတို့နှစ်ယောက်သည် ခုံတစ်ခုံကိုဆွဲကာ စခရင်ရှေ့တွင် လေးနက်သောအမူအရာနှင့် ထိုင်လိုက်ကြ၏။

သူတို့သည် ဖြေဆိုသူတို့၏ ကိုယ်ရေးကိုယ်တာကိစ္စများကို စိတ်မဝင်စားသောကြောင့် သူတို့ကို စောင့်ကြည့်စခရင်များမှ ကြည့်ရသည့်တာဝန်သည် ရှည်လျားပြီးပျင်းစရာကောင်းသောကိစ္စဖြစ်သည်။ ချင်ကျိုးကို စောင့်ကြည့်ရခြင်းကမူ....

တခြားသောစည်းကမ်းချိုးဖောက်သူတို့၏ စခရင်သည် အနည်းဆုံးတော့ အနည်းငယ် စိတ်လှုံ့ဆော်ပေးရာရောက်နိုင်သည်။ သူ့စခရင်ကမူ မပြောင်းလဲသော အပျက်အစီးအခင်းနေရာတစ်ခုဖြစ်သည်။

922 သည် အတန်ကြာအောင် ကြည့်နေပြီးနောက် မနေနိုင်တော့ဘဲ 154 နှင့် စတင်စကားပြောတော့သည်။

"ဒီအပျက်အစီးနေရာက ဘယ်နေရာလဲ" 922 သည် စပ်စပ်စုစု မေးလာသည်။ "ငါ အရင်က ဒီနေရာကို မမြင်ဖူးဘူးထင်တယ်"

154: "ဒါ လူတစ်ယောက် ပုံမှန်သွားလေ့ရှိတဲ့နေရာ မဟုတ်ဘူး၊ အဲဒါကြောင့် မင်းမမြင်ဖူးတာ ပုံမှန်ပဲ"

"လူတစ်ယောက် ပုံမှန်သွားတဲ့နေရာမဟုတ်ဘူးလား။ ဘာဆိုလိုတာလဲ"

"ပုံမှန်အခြေအနေမျိုးမှာ စာမေးပွဲခန်းစောင့်တွေတောင်မှ ဝင်လို့မရတဲ့ နေရာပဲ"

"အိုး"

922 သည် နားလည်သည့်အလား ခေါင်းညိတ်ပြသည်။

စခရင်တွင် တခြားအကျဉ်းခန်းနှစ်ခန်းမှာ အလွန် စည်ကားနေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ချင်ကျိုး၏စခရင်ကမူ အလွန်တိတ်ဆိတ်နေပြီး.... အထီးကျန်ဆန်သည့် ခံစားချက်အနည်းငယ် ရနေသည်။

922 သည် ခဏလောက် တွေဝေမိန်းမောရင်း မေးထောက်နေသည်။ ထို့နောက် ရုတ်ခြည်း တစ်စုံတစ်ခုကို သတိရသွား၏။ "ဟေး---- မဟုတ်သေးဘူးလေ၊ တကယ်လို့ စာမေးပွဲခန်းစောင့်တွေ ပုံမှန် ဝင်လို့မရတဲ့နေရာဆိုရင် ဘာဖြစ်လို့ မင်းက သိနေရတာလဲ 154"

***

021 သည် အပြစ်ဒဏ်ခံပြီးသွားသော လူအုပ်စုကို စာမေးပွဲစင်တာသို့ ပြန်ပို့ခဲ့သည်။

ကာလ်တန်တောင်ခြေ၌ 021 သည် ရပ်ကာ ချုံနွယ်ပိတ်ပေါင်းတို့ ပတ်လည်ဝန်းရံနေသည့် သံခြံစည်းရိုးတစ်ခုကို ညွှန်ပြလာသည်။ "ရှေ့ကို ဆယ်မီတာလောက် ဆက်သွားရင် ခြံစည်းရိုးမှာ အပေါက်နေရာတွေ့လိမ့်မယ်။ အဲဒီကနေဆို ရဲတိုက်ကိုတွေ့ရလိမ့်မယ်"

အပြစ်ဒဏ်အကျဉ်းခန်းမှ ရလာသည့်ထိတ်လန့်မှုသည် မပျောက်ကွယ်သေးသည့်အတွက် ဖြေဆိုသူများသည် ဖြည်းဖြည်းချင်း မလှမ်းချင့်လှမ်းချင်ဖြင့် ပြန်သွားကြသည်။

သူတို့အယောက်တိုင်းသည် ပင်ပန်းနွမ်းနယ်နေကြပုံပေါက်နေသည်။ မည်သူကမျှ စကားမဆိုခဲ့ကြချေ။

သူတို့က ခြံစည်းရိုးမှ တိတ်ဆိတ်စွာ ဖြတ်ကျော်လာကြပြီးနောက် ရဲတိုက်၏ မှောင်မိုက်နေသောအရိပ်အတွင်းသို့ သားရဲကောင်ခံတွင်းသို့ ဝင်နေသည့်နှယ် လှမ်းဝင်သွားကြသည်။

"မြန်မြန်သွားစို့၊ ရဲတိုက်ထဲမှာ မိန်းကလေးတချို့ ကျန်နေခဲ့တယ်" အဆုံးတွင် လူတစ်ယောက်သည် အသိပြန်ဝင်လာပြီးနောက် ခြေလှမ်းကို အရှိန်မြှင့်လိုက်သည်။

ထိုသတိပေးချက်ကိုကြားမှ လူတိုင်းသည်လည်း အသိစိတ်ပြန်ဝင်လာကြသည်။

"ငါ့လခွမ်း မေ့တော့မလို့ အဲဒီမှာ ဘယ်နှစ်ယောက်ကျန်ခဲ့လဲ။ လေးယောက်လား ငါးယောက်လား"

"ဘယ်နှစ်ယောက်ပဲဖြစ်ဖြစ် အဲဒီမြို့စားကြီးက သားရဲကောင်နဲ့မခြားဘူး။ သူဘာလုပ်မလဲ ဘယ်သူသိမှာလဲ"

အကယ်၍ ယခင်ကသာဆိုလျှင် သူတို့သည် စာမေးပွဲစင်တာသို့ ပြန်သွားရန် အလွန်ကြောက်ရွံ့နေကြလိမ့်မည်။

သို့သော် ယခု မတူတော့ပေ။

သူတို့အကုန်လုံး မြို့စားကြီးကို သတ်ဖူးသည်။

တစ်ဖက်လူသည် သေရွာမှ အသက်ပြန်ရှင်လာနိုင်သော်လည်း ကိစ္စမရှိပေ။ သူတို့သည် ရင်ထဲမှအကြောက်တရားကို ကျော်လွန်ခဲ့ပြီးဖြစ်သည်။

သူတို့ ရဲတိုက်သို့အလျင်အမြန် ပြန်သွားခဲ့ပြီးနောက် တံခါးကို ဝင်လိုက်သည့်နှင့် သွေးနံ့တထောင်းထောင်းနှင့် ကြုံလိုက်ရ၏။

"ဘာတွေဖြစ်သွား...."

သွေးနံ့သည် ဒုတိယထပ်တွင် ပို၍ပြင်းသည်။ ကျောက်ကျားထုံသည် အခန်းတစ်ခန်းအတွင်း ဓားတစ်ချောင်းကို ကိုင်လျက် ရပ်နေသည်။

သူက မကြာခဏ သူ့လမ်းကိုရှုပ်နေသည့် ဂါဝန်ကြီးကို ချွတ်ထားပြီး သူ့ကိုယ်ပိုင်အဝတ်အစားများကို ပြန်လဲဝတ်ထား၏။ သူ့မျက်နှာမှာ မည်းမှောင်ပြီး သုန်မှုန်နေ၏။

စောစောက တိုက်ပွဲသည် အင်မတန်မှ ဖရိုဖရဲနိုင်လှသည်။ ထို့ကြောင့် သူလူတချို့ကို ဂရုမစိုက်နိုင်ခဲ့ပေ။

ဘယ်လောက်အထိဆိုလျှင်.... မြို့စားကြီး ရဲတိုက်အတွင်း လျှောက်သွားနေသည့်အချိန် သူ့စာရင်းတွင် ထည့်ထားသောသူများကိုသာ ကာကွယ်နိုင်ခဲ့သည်။

သည်အခန်းသည် သူ လွတ်သွားသော အခန်းများထဲမှ တစ်ခန်းဖြစ်သည်။

ထိုအခန်းတွင် နှုတ်ခမ်းထောင့်တွင် ပါးချိုင့်လေးများနှင့် အလွန်ရှက်တတ်သော ကောင်မလေးတစ်ယောက်နေသည်။ အလွန်အပြုံးချိုသော ကောင်မလေးဖြစ်သည်။

ကျောက်ကျားထုံသည် ယခင်က သူနှင့်စကားတစ်ခါမျှ မပြောဖူးသော်လည်း သူ့အပြုံးကို မှတ်မိနေသည်။

ယခုအခါ ထိုမျက်နှာသည် ကုတင်ထက်တွင် မြို့စားကြီးချန်ခဲ့ခြင်းကို ခံထားရပြီး ဖြူဖျော့ကာ သွေးအလိမ်းလိမ်းနှင့် နောက်ထပ် မပြုံးရယ်နိုင်တော့ပြီ...

မြို့စားကြီးသည် ကုတင်မှ ခွာသွားသည်နှင့် ခေါင်းယမ်းကာ သူ့လက်မှသွေးများကို လျှာဖြင့်လျက်လိုက်သည်။ သူက သက်ပြင်းချကာ "ထပ်ပြီး မအောင်မြင်ပြန်ဘူး... သနားစရာကောင်းတဲ့ မိန်းကလေးရေ အိပ်စက်ပြီး အိပ်မက်ကောင်းကောင်းမက်လိုက်ပါ"

ကျောက်ကျားထုံသည် သူ့ဓားကိုမြှောက်ကာ သတ်ရန် ပြေးဝင်သွား၏။

သူသည် မြို့စားကြီးကို မည်သူ့အကူအညီမျှမပါဘဲ ငါးကြိမ်တိတိ သတ်ခဲ့သည်။

သူ မသိသော တစ်နေရာတွင်မူ အပျက်အစီးအခင်းနေရာတွင် ထိုင်နေသော ချင်ကျိုးသည် သူ၏ပိန်သွယ်သောလက်ကို နေရောင်အောက်တွင် ထောင်ကြည့်နေသည်။ ၎င်းသည် ဖြူဖွေးကာ အရိုးအပြိုင်းပြိုင်းဖြစ်နေသည်။

သူ့လက်ဆစ်များကို ဟိုသည်ချိုးလိုက်သည်တွင် အရိုးတို့သည် တိုးဖွစွာ ကွဲအက်သွားတော့သည်။

................xxx................

Translated by Akira ❣️

Comment