အခန်း ၁၀၀: ရွေးချယ်ထားသော စာမေးပွဲ

အခန်း ၁၀၀: ရွေးချယ်ထားသော စာမေးပွဲ

"သုံးကြိမ်လား"

"နောက်တစ်ကြိမ်ရှိသေးတာလား"

ချင်ကျိုးနှင့်ယိုဟော့သည် တစ်ပြိုင်နက်တည်းလိုလို စကားပြောလိုက်သော်လည်း သူတို့မေးလာသောမေးခွန်းမှာ မတူကြပေ။

မေးပြီးသွားသော် အချင်းချင်း ကြည့်နေကြသည်။

ချင်ကျိုးက ယိုဟော့ကို စူးစမ်းသည့်အကြည့်နဲ့ စိုက်ကြည့်နေသည်။

ယိုဟော့က မရေမရာ ပြောလိုက်၏။ "တချို့ကိစ္စလေးတွေ နည်းနည်းပါးပါး မှတ်မိတာပါ သိပ်အများကြီးတော့ မဟုတ်ပါဘူး"

"ဘယ်တုန်းက မှတ်မိတာလဲ" ချင်ကျိုးက မေးသည်။

ယိုဟော့က မဖြေပေ။

သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် အချိန်တစ်ခုတိုင်အောင် စူးစိုက်ကြည့်နေကြ၏။ ယိုဟော့သည် နားကပ်ကို ထိကိုင်ရင်း နှုတ်ခမ်းများကို လျှာဖြင့်သပ်လျက် ခေါင်းကို တစ်ဖက်လှည့်သွားသည်.....

သူဌေးချူသည် အကင်းပါးသော အမျိုးသမီးဖြစ်သည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် အခြေအနေကို သဘောပေါက်သွား၏--

ယိုဟော့က တချို့အရာများကို မှတ်မိလာပြီး.. လောလောလတ်လတ်မှ သတိရလာခြင်းဖြစ်မည်။ တစ်ဖက်တွင် ချင်ကျိုးကမူ သတိမရသေးပေ။

သူ(ချူ) သည်လိုအခြေအနေမျိုးနှင့် အလွန် အကျွမ်းတဝင်ရှိသည်။

ပြောရလျှင် ချင်ကျိုး၏ သရုပ်မှာ စာမေးပွဲခန်းစောင့်တစ်ဦး ဖြစ်နေဆဲဖြစ်သောကြောင့် အချုပ်ပြောရလျှင် သူ့ကို စနစ်က ထိန်းချုပ်၍ စွက်ဖက်ထားဆဲပင် ဖြစ်သည်။ သူ့မှတ်ဉာဏ်ကို ပြန်ရရန်မှာ မလွယ်ကူလောက်ပေ။

ထို့ပြင် 001 နှင့် A ကြားရှိ ရန်လိုနေသောဆက်ဆံရေးနှင့် ပတ်သက်၍ အမျိုးမျိုးသော ကောလာဟလများ ပျံ့နှံ့နေသည့်အချက်၊ သူတို့၏ မသင့်မြတ်သောဆက်ဆံရေးနှင့် ဘယ်သူမှားသည်မှန်သည်ကို ငြင်းခုံပြောဆိုပွဲကိုပါ ထည့်ပေါင်းလိုက်ပါက.....

လွန်ခဲ့သော နှစ်အနည်းငယ်က ချင်ကျိုးသည် သေချာပေါက် ထိုအကြောင်းများကို ကြားဖူးထားမည်မှာ အသေအချာပင်ဖြစ်ပြီး စနစ်အတွင်းသို့ ဝင်ရောက်ပြီးနောက် ယိုဟော့သည်လည်း ကြားဖူးထားလိမ့်မည်။

ဤကဲ့သို့သော အခြေအနေတွင် အမှန်တကယ်ပင် သူတို့နှစ်ဦးအဖို့ အတူတူဆက်လက်ရပ်တည်နေနိုင်ဖို့ မလွယ်ကူခဲ့ပေ။

သူတို့ကိုယ်၌ပင်လျှင် မည်မျှခက်ခဲခဲ့သည်ကို မေ့လျော့သွားခဲ့သည်သာ....

အစမှအဆုံး အကုန်မြင်ထားခဲ့သူ ချူယွဲ့အသိဆုံးသာဖြစ်သည်။

သူသည် လွန်ခဲ့သော နှစ်အချို့က ထိုညနေခင်းကို အစဉ်အမြဲ အမှတ်ရနေတတ်သည်။ ထိုအချိန်က ဖြေဆိုသူဘဝက ချင်ကျိုးသည် တခြားအပြစ်ဒဏ်တိုက်မှ ခုန်ကူးလာခဲ့ပြီး ထိုအချိန်က စနစ်၏ ဟာကွက်ကို အခွင့်အကောင်းယူကာ သူ့ကို အကူအညီတစ်ခု တောင်းခဲ့သည်။

သူက ပြောသည်။ "တကယ်လို့ ငါ မတော်တဆ စာမေးပွဲအောင်သွားတာပဲဖြစ်ဖြစ်၊ စာမေးပွဲပြန်ဖြေဆိုနိုင်တဲ့ အခွင့်အရေးတွေအကုန်လုံး သုံးပြီးသွားတာပဲဖြစ်ဖြစ် ဖြစ်လာခဲ့ရင် ကျေးဇူးပြုပြီး ငါ့ကို ကူညီပါ။ ငါပြန်လာမှ ဖြစ်မယ်"

ထိုအချိန်က သူသည် အလွန်အလျင်လိုနေပြီး အတွင်းသို့ပင် ဝင်မလာခဲ့ပေ။ အပြင်က အခြေအနေကို စောင့်ကြည့်နေရင်း အတော်အတန်မြင့်သော အလွှာရှိပြတင်းပေါင်တွင် ဆောင့်ကြောင့်ထိုင်နေခဲ့၏။

"ကျွန်မရဲ့လုပ်ပိုင်ခွင့်အာဏာက သူနဲ့အတူတူလောက်ပဲ။ ဘာလို့ သူ့ကို အကူအညီမတောင်းတာလဲ" ထိုအချိန်က ချူယွဲ့ သူ့ကို မေးခဲ့သည်။

ချင်ကျိုးသည် ပြတင်းအပြင်သို့ ကြည့်နေသည်ကို လွှဲလိုက်ပြီး ရယ်လိုက်၏။ "မင်းရဲ့ လုပ်နိုင်တဲ့အကန့်အသတ်နယ်ပယ်က သူနဲ့ နည်းနည်းကွာတယ်ဆိုတာ ငါသိတယ်၊ နောက်ပြီး ငါတို့ရဲ့ လူကြီးမင်း စာမေးပွဲခန်းစောင့်A ကို စည်းရုံးရတာ ဘယ်လောက်ခက်လဲဆိုတာ မင်းသိပါတယ်"

"ဒါဆို ရှင်ကျွန်မကို စည်းရုံးနိုင်မယ်လို့ ဘာလို့ထင်တာလဲ"

"အခြေအနေတူတဲ့နေရာမှာ ရှိနေတဲ့သူတွေက မိတ်ဆွေတွေတဲ့၊ ငါတို့က မိတ်ဆွေတွေမဟုတ်ဘူးလား" ချင်ကျိုးက ဆိုသည်။

ချူယွဲ့သည် ခဏလောက် စဉ်းစားကြည့်ပြီးနောက် ဆိုသည်။ "ထင်တာပါပဲ"

"ဒါပေမဲ့ ကျွန်မ မထိန်းချုပ်နိုင်တဲ့အရာတချို့ရှိတယ်" ချူယွဲ့က ထပ်ပြောသည်။ "စနစ် ရှင့်ကို အပြင်မောင်းထုတ်လိုက်ရင် ရှင့်မှတ်ဉာဏ်ကို နှောင့်ယှက်တာမျိုး သေချာပေါက် တစ်ခုခုလုပ်လိမ့်မယ်။ ကျွန်မ ရှင့်ကို အထဲပြန်ရောက်လာအောင် နည်းလမ်းရှာလို့ရတယ် ဒါပေမဲ့...."

"ငါသိတယ်" ချင်ကျိုးက ဆိုသည်။ "ငါပြန်လာလို့ရတယ်ဆိုရင်ပဲ အဆင်ပြေပါတယ်"

သူ့ပုံမှာ တခြားတစ်ခုခု ထပ်ပြောချင်နေပုံရသည်- ကတိ သို့မဟုတ် အာမခံချက်များလား။ သို့သော် အဆုံးတွင်မူ ဘာမှပြောမလာဘဲ ပြုံးသာ ပြုံးနေခဲ့သည်။

သည်လူတွင် မွေးရာပါ အထုံပါရမီတစ်ခုရှိသည်။

မည်သည့်ကိစ္စပဲဖြစ်နေပါစေ သူ့ကို အကြွင်းမဲ့ ယုံကြည်၍ရနိုင်သည်။

အဆုံးတွင် ချူယွဲ့သည် ခေါင်းညိတ်လိုက်သည်။

ချင်ကျိုးသည် အချိန်ကို စစ်ကြည့်ပြီး တစ်ဖက်တိုက်သို့ ပြန်ခုန်ကူးရန် လှည့်လိုက်၏။ ထွက်မသွားခင် သူက တစ်ခုခုကို ရုတ်တရက်သတိရသွားပုံရသည်။ ချူယွဲ့ဘက်သို့ ပြန်လှည့်လာကာ "ရှူး" ဟူသော လက်ဟန်ပြလျက် "ငါ့အတွက် ဒီအကြောင်းကို လျှို့ဝှက်ထားပေးပါ။ ကျေးဇူးပဲ"

..............

သူသည် ချင်ကျိုး "စာမေးပွဲခန်းစောင့်" တစ်ဦးအနေနှင့် ပြန်လာခဲ့သော ထိုနေ့လယ်ခင်းကိုလည်း အမြဲလိုလို မှတ်မိနေသည်။

ကနဦးစာမေးပွဲခန်းစောင့်များနှင့် စာမေးပွဲခန်းစောင့်အသစ်များ အကုန်လုံးကို အစည်းအဝေးသို့ ဆင့်ခေါ်ခံလိုက်ရသည်။

သူနှင့် ယိုဟော့သည် အမြင့်ဆုံးအခွင့်အာဏာကို ကိုင်ဆောင်ထားသူများဖြစ်သောကြောင့် သူတို့က အရင်ဆုံး ပင်မထိန်းချုပ်စင်တာသို့ သွားကြရသည်။ ပြန်လာသော် အစည်းအဝေးခန်းအပြင်ဘက် လျှောက်လမ်းတွင် ချင်ကျိုးနှင့် တိုးကြသည်။

ထိုနေ့က ရာသီဥတု သာယာသည်...

ထိုအချိန်က မျက်စိကျိန်းလောက်အောင်ပင် အလင်းရောင် စူးရှနေခဲ့သည်ကို သူမှတ်မိသည်။ ပြတင်းပေါက်မှ လျှောက်လမ်းသို့ ထိုးဖောက်ဝင်လာသောအလင်းရောင်သည် အလွန်တောက်ပလွန်းသောကြောင့် မျက်စိအတွက် အနည်းငယ် ကသိကအောက် ဖြစ်စေသည်။

သူ့နံဘေးမှ ယိုဟော့သည် ခြေလှမ်းများတုံ့ဆိုင်းသွား၏။ သူသည် စာမေးပွဲခန်းတံခါးအရှေ့တွင် ရပ်နေသူကို စိုက်ကြည့်နေခဲ့သည်။

တစ်ဖက်မှ ချင်ကျိုးသည် အတွင်းသို့ဝင်ရင်း မသိမသာ လှမ်းကြည့်လာသည်။ ခဏလောက် တွေးနေပြီးနောက် ရုတ်ချည်းမေးလာ၏။ "ငါ မင်းကို အရင်က တွေ့ဖူးလား"

................

ချူယွဲ့သည် အသိပြန်ဝင်လာ၏။

သူ့အရှေ့မှ ယိုဟော့နှင့်ချင်ကျိုးသည် သူ့မှတ်ဉာဏ်ထဲမှသူတို့နှင့် အတူတူပဲဖြစ်သော်လည်း မတူညီပြန်။

သူတို့သည် ယခုအကြိမ်တွင် ကိုယ်အတွင်းအပြင် နှစ်ခုစလုံး၌ ဟန်ပန်မများသော အထက်စီးဆန်မှုကို ပိုင်ဆိုင်ထားကြပြီး ယခင်ကထက်ပင် ပို၍ စိတ်အေးသက်သာ ဖြစ်နေကြသည်။

ယင်းမှာ အတော်လေး ကောင်းသည်။

မဟုတ်သေး အလွန်အင်မတန် ကောင်းသည်။

ယိုဟော့သည် သူ(ချူ) မသိမသာ သက်ပြင်းချလိုက်သည်ကို ကြားလိုက်ပြီး စိတ်ပူစရာရှိနေသည်ဟု ထင်သွားသည်။ "ဘာဖြစ်လို့လဲ"

သူဌေးချူက သူတို့နှစ်ယောက်စလုံး၏ ပခုံးကို ပုတ်ကာ မျက်နှာတွင် အပြုံးတစ်ခုနှင့် စနောက်လိုက်သည်။ "ဘာမှမဟုတ်ပါဘူး။ ဒီအတိုင်း ရုတ်တရက် ဘာပြောရမှန်းမသိတော့လို့၊ နင်တို့နှစ်ယောက်ကို နောက်နှစ်တစ်ရာတိုင်အောင် ပျော်ရွှင်ကြပါစေလို့ ငါဆုတောင်းပေးတယ်"

ယိုဟော့: "?"

ချင်ကျိုး: "???"

သည်အမျိုးသမီးက ကိစ္စတွေကို ပုံမှန်အတိုင်း မလုပ်တတ်တဲ့သူမှန်း မြင်သာနေသည်။ သူတို့နှစ်ဦး မည်ကဲ့သို့ ပြုမူရမည်ကိုပင် မသိတော့။

ချူယွဲ့က သူ့ကို မေးသည်။ "နားနေဆောင်ကို အပြစ်ဒဏ်အနေနဲ့ ပို့ခံလိုက်ရတာလား။ ဘာလို့လဲ"

ချူယွဲ့သည် ချက်ချင်း ပြန်မဖြေခဲ့။ သူက ပြန်ပြောလာသည်။ "ငါက ဒီကို နင်ဆွဲခေါ်တာ ခံခဲ့ရတာဆိုတော့ အခု ငါက ဖြေဆိုသူလား"

ယိုဟော့သည်လည်း မသေချာပေ။ "ငါလည်း မသိဘူး။ ဒါ ငါ့အတွက် ပထမဆုံးအကြိမ် အဖွဲ့ဖွဲ့တာပဲ။ မင်းကို ဆွဲခေါ်လို့ရတာကိုက အံ့ဩစရာကောင်းနေပြီ"

"နင့်မှာ စမ်းကြည့်ရဲတဲ့သတ္တိရှိတာကို ငါလည်း အံ့ဩနေတာ။ ဒါပေမဲ့ စဉ်းစားကြည့်လိုက် အဖွဲ့ဖွဲ့တာနဲ့ပတ်သက်တဲ့ စည်းကမ်းတွေမှာ အဖွဲ့ဝင်အရေအတွက် အကန့်အသတ်မရှိဘူးဆိုတာရယ်၊ ကတ်တစ်စုံကနေ အဖွဲ့တစ်ဖွဲ့ ဖွဲ့လို့ရတယ်ဆိုတာပဲ ပြောထားတယ်။ ဖြေဆိုသူဖြစ်ရမယ်လို့ တိတိကျကျ မရေးထားဘူး။ စနစ်ကလည်း နင် ဒီဟာကွက်ကို အခွင့်ကောင်းယူလိုက်မယ်လို့ မမျှော်လင့်ထားလောက်ဘူး"

ချင်ကျိုးသည် ကောင်းကင်ကို လက်ညှိုးထိုးလိုက်ပြီး "အစမ်းအနေနဲ့ စနစ်ကို ဆဲကြည့်လိုက်ချင်လား၊ သတိပေးမခံရရင် ဖြေဆိုသူလို့သတ်မှတ်လို့ရပြီ"

ချူယွဲ့သည် တွန့်ဆုတ်မနေဘဲ တစ်ခါတည်း သုံးမျိုး ဆဲပစ်လိုက်သည်။

ရပ်နားဆောင်မှ စပီကာငယ်သည် နှစ်ခေါက် တစီစီအသံထွက်လာသော်လည်း အဆုံးတွင် သတိပေးသံ မကြားရချေ။

ချူယွဲ့သည် ရုတ်ချည်း ထရယ်လိုက်သည်။

"အာ. ဒါဆို ငါစိုးရိမ်စရာမလိုဘဲ ကစားလို့ရပြီပေါ့" ချူယွဲ့က ဆိုသည်။ "ဟုတ်တယ် ငါ လူတစ်ယောက်ကို ပြဿနာရှာတဲ့နေရာမှာ ကူညီပေးလိုက်လို့ အပြစ်ပေးခံလိုက်ရတာ"

"မှတ်ဉာဏ်က ဘာလို့ အဖျက်မခံရတာလဲ"

"ဘာလို့လဲဆိုတော့ ငါက နည်းနည်းလေးပဲ ကူညီပေးခဲ့တာ" ချူယွဲ့၏ အပြုံးမှာ အတော်လေး လူဆိုးဆန်သည်။ "စည်းမျဉ်းအရဆိုရင် အဲဒါက တိုက်ဆိုင်မှု ဒါမှမဟုတ် အမှားတစ်ခုလို့ပဲ ယူဆလို့ရတယ်။ ဘာလို့ငါ့ကို အရမ်း အပြင်းအထန်ကြီး အပြစ်ပေးမှာလဲ၊ အဓိပ္ပါယ်မှ မရှိတာ"

သို့သော် ၎င်းမှာ ပေါ့တန်သော အပြစ်ဒဏ်တော့လည်း မဟုတ်ပေ။

သူ့လုပ်ပိုင်ခွင့်အာဏာများကို ရုတ်သိမ်းခံခဲ့ရပြီး စာမေးပွဲခန်းစောင့်ရာထူးမှ နှင်းတို့ဖုံးနေသည့် တောင်အလယ်က လူသူမရှိ ဗလာသက်သက်နေရာသို့ အရွှေ့ခံခဲ့ရခြင်းဖြစ်သည်။

ထိုသို့သော ဘာမှမရှိသောနေရာတစ်နေရာကို စောင့်ရှောက်ရပြီး မိတ်ဆွေဟောင်း၊ လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ယောက်နှင့်မျှ အဆက်အသွယ်လုပ်လို့မရသည့်အတွက် ထောင်ထဲတွင် ထိုင်နေရသည်နှင့်မခြားပါချေ။

စနစ်သည် လူတစ်ယောက်၏ သေရေးရှင်ရေးကို ဆုံးဖြတ်နိုင်သော အာဏာကို ချုပ်ကိုင်ထားသည့် ရက်စက်ပြီး သိလိုစိတ်များသော သူတစ်ဦးဖြစ်သည်။ ပြဿနာတစ်ခု ပေါ်လာသည့်အခါတိုင်း ထို "ဆိုးသွမ်းသောအရုပ်များ"ကို ဆွဲထုတ်ပြီး သူတို့ကို အပြစ်ပေးတတ်သည်။ အပြစ်ဒဏ်တစ်ခုနှင့် အလုပ်မဖြစ်လျှင် နောက်တစ်ခေါက်တွင် မတူသောအခြားတစ်ခုကို စမ်းသပ်ကြည့်လိမ့်မည်။

စနစ်သည် ပထမဆုံးအကြိမ် အားကြီးသော ပုဂ္ဂိုလ်နှစ်ဦး အလွန်တရင်းတနှီး ဆက်ဆံနေကြပြီး သူ့ကို ဒုက္ခပေးမည့်ဟန်ရှိသည်ကို သိသွားသည့်အချိန်က တစ်ယောက်ကို နှင်ထုတ်လိုက်ပြီး နောက်တစ်ယောက်ကို ထိန်းသိမ်ထားခဲ့သည်၊ တစ်ယောက်ကို မှတ်ဉာဏ်များဖျက်ဆီးပစ်ခဲ့ပြီး နောက်တစ်ယောက်ကိုမူ မူလအတိုင်း ထားခဲ့သည်။

သူက သူတို့နှစ်ဦးအတွက် ထူးခြားသော ခံစားချက်များကို နားမလည်နိုင်ဘဲ ခံစားချက်များကြားရှိ သိမ်မွေ့ညံ့သက်သော ကွာခြားမှုတို့ကို ခွဲခြားနိုင်စွမ်းမရှိချေ။ "လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တယ်" ဟူသော ဆိုရိုးစကားရှိသည်ကိုသာ သိထားသည်။ (T/N အငြင်းပွားရင်၊ ခိုက်ရန်ဖြစ်ရင် နှစ်ယောက်လုံးမှာ တာဝန်ရှိတယ်)

သို့ရာတွင် ထိုပြစ်ဒဏ်မှာ အသုံးမဝင်ခဲ့။

ဒုတိယအကြိမ်တွင်မူ ခြိမ်းခြောက်မှု ကြီးသည်ထက်ကြီးလာသည်ကို ရိပ်စားမိပြီး ထိုအန္တရာယ်ကြောင့် ပြိုလဲလုနီးပါးဖြစ်ခဲ့ရသည်။ ထို့ကြောင့်ပင် သူ့နည်းလမ်းကို ပြောင်းလဲလိုက်ကာ နှစ်ဦးစလုံး၏ မှတ်ဉာဏ်များကို ဖျက်ဆီးပစ်ခဲ့သည်။ ထို့ပြင် အခြားသူများကိုလည်း ပင်မထိန်းချုပ်စင်တာမှ နှင်ထုတ်ခြင်း၊ ရာထူးအာဏာကို ရုတ်သိမ်းခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် သင်းကွဲဖြစ်စေခြင်းကဲ့သို့သော မတူညီသော ပြစ်ဒဏ်အမျိုးမျိုး စမ်းသပ်၍ ပေးခဲ့ပြန်သည်။

ယခုအချိန်ထိ ထိုအပြစ်ဒဏ်များ၏ အကျိုးသက်ရောက်မှုမှာမူ မသိရသေးပေ။

သို့သော် သေချာသည်မှာ စနစ်ကို သေလောက်သည်အထိ ဒေါသဖြစ်စေခဲ့ခြင်းဖြစ်သည်။

ရပ်နားဆောင်အတွင်းတွင် စနစ်သည် ထပ်မံသတိပေးလာသည်။

( ည ၈ နာရီ ၂၉ မိနစ်ရှိပါပြီ၊ နောက်စာမေးပွဲ စတင်ပါတော့မယ်၊ ကျေးဇူးပြုပြီး ဘာသာရပ်ကို တတ်နိုင်သမျှမြန်မြန် ရွေးချယ်ပါ)

(ကျေးဇူးပြုပြီး ဘာသာရပ်ကို တတ်နိုင်သမျှမြန်မြန် ရွေးချယ်ပါ)

သူတို့သုံးယောက်သည် အုပ်စုရှိရာသို့ ပြန်လာကြသည်။ ချူယွဲ့သည် အနည်းငယ် နှမြောတသစွာ ပြောလာသည်။ "ဒါက ရှားရှားပါးပါးအခွင့်အရေးလေးပဲ၊ ငါ့မှာ ပြောစရာတွေအများကြီးရှိတယ် ဒါပေမဲ့...."

"စာမေးပွဲထဲရောက်မှ ပြောလို့ရတယ်မလား" အသေးစိတ်ကို မသိသော ယန်ရှုးက အကြံပြုလာ၏။

ချူယွဲ့က စိတ်အနှောင့်အယှက်မဖြစ်ပေ။ သူက ပြုံး၍သာ ဆိုလာ၏။ "ဒီကိစ္စတွေက အရမ်းသာမန်ကာလျှံကာ ပြောလို့မရဘူး၊ မဟုတ်ရင်...."

သူတို့အုပ်စု တတိယအကြိမ် အပြစ်ပေးခံရနိုင်သည်။

"ဒါပေမဲ့ ခြွင်းချက်ရှိတဲ့ စာမေးပွဲစင်တာတစ်ခုရှိတယ်"

"ဘယ်လိုလဲ"

"အဲဒီစာမေးပွဲစင်တာမှာ စိုးရိမ်စရာမလိုဘဲ စကားပြောလို့ရတဲ့နေရာတစ်နေရာ ရှိတယ်"

စိုးရိမ်စရာမလိုဘဲ စကားပြောနိုင်မည်တဲ့လား။

ယိုဟော့က သူ့ကို ကြည့်လာ၏။ သူက... စနစ်ရဲ့ စောင့်ကြည့်ခြင်းကို မခံရတဲ့ အကျဉ်းခန်းလိုနေရာမျိုးကို ဆိုလိုချင်တာများလား။

အကယ်၍သာ ထိုသို့သော နေရာအမှန်ရှိခဲ့သည်ဆိုလျှင် အများကြီး ပို၍ အဆင်ပြေလိမ့်မယ်။ ပြောရလျှင် အရေးကြီးသောကိစ္စများကို ဆွေးနွေးရန် စည်းကမ်းချိုးဖောက်ဖို့ကိုသာ အားကိုးနေရခြင်းသည် အင်မတန် ဒုက္ခများလွန်းသည်။

"ဒါပေမဲ့ မေ့လိုက်ပါ၊ ငါမပြောခဲ့ဘူးလို့ပဲ မှတ်လိုက်" ချူယွဲ့က ဆိုသည်။ "စာမေးပွဲတွေ ထောင်ချီပဲရှိတာဆိုတော့ အဲဒီစင်တာကို ကြုံလို့ရောက်သွားနိုင်ခြေက အရမ်းနည်းတယ်။ ဒီထဲမှာ အထူးတလည် ကံကောင်းတဲ့သူများ ရှိလို့လား။ ဘယ်လိုဖြစ်ဖြစ် ငါကံကတော့ မကောင်းဘူး။ ငါ အကုသိုလ်တွေအရမ်းအများကြီး ပြုခဲ့လို့ ဖြစ်နိုင်တယ်။ နင်တို့နှစ်ယောက်ကရော ဘယ်လိုလဲ"

ယိုဟော့သည် စကားပြောရန်ပင် အခွင့်အရေးပင်မရလိုက်။

ချူယွဲ့က ခေါင်းခါလိုက်ပြီး ဆက်ပြောသည်။ "ထားလိုက် ထားလိုက်တော့ ငါ့ထက်တောင် ဆိုးရင်ဆိုးနေဦးမှာ။ ပြောရရင် နင်တို့နှစ်ယောက်က စနစ်ထဲမှာ မိစ္ဆာဘုရင်တွေနဲ့ လက်ရည်တူတူပဲ။ နင်တို့က အခြေခံအားဖြင့် ဗီလိန်တွေပဲ"

ယိုဟော့ "............"

ယွီဝမ်က ထပြောသည်။ "တကယ်တော့ ကျွန်တော့်ကံက တော်တော်လေးကောင်းတယ် ဒါပေမဲ့..........."

သူ့ပတ်လည်မှာ ကံမကောင်းသော မောင်ဘဲဥတို့ ဝိုင်းရံထားမှဖြင့် သူ့ကံသည်လည်း ဘာမှ အလုပ်ဖြစ်လိမ့်မည်မဟုတ်။

(ကျေးဇူးပြု၍ ဘာသာရပ်ကို တတ်နိုင်သမျှအမြန်ဆုံး ရွေးချယ်ပါ)

(ကျေးဇူးပြု၍ ဘာသာရပ်ကို တတ်နိုင်သမျှအမြန်ဆုံး ရွေးချယ်ပါ၊ မလိုအပ်ဘဲ အချိန်မဆွဲပါနဲ့)

သတ်မှတ်ထားသောအချိန်မတိုင်ခင် မိနစ်ဝက်လောက် ကျန်နေသေးသည်မှာ အရှင်းကြီးဖြစ်သော်လည်း စနစ်သည် သူတို့ကို စက္ကန့်ဝက်လောက်သာ ကျန်တော့သကဲ့သို့ တိုက်တွန်းနေသည်။

ရုတ်တရက် ရှုးရွှယ်၏ အသံသည် တိုးညင်းစွာ ဖြတ်ဝင်လာ၏။ "အာ... ရှင်တို့က စာမေးပွဲစင်တာတစ်ခုကို သတ်သတ်မှတ်မှတ်ထားပြီး သွားချင်တာလား၊ ကျွန်မ စမ်းကြည့်လို့ ရနိုင်လောက်မလား..."

ချူယွဲ့သည် သူ့ကို တအံ့တဩ ကြည့်လိုက်သည်။ "ငယ်လေးက ဘယ်လိုလုပ်ပြီး စမ်းကြည့်မှာလဲ၊ ဒီကို စနစ်က လွှတ်လိုက်တာမို့လား" (*TN ငယ်ရွယ်တဲ့မိန်းကလေး)

ရှုးရွှယ်သည် ရှက်သွေးဖြာသွားပြီး အလျင်အမြန် လက်ယမ်းလိုက်သည်။ "မဟုတ်ပါဘူး၊ ကျွန်မအခြေအနေက နည်းနည်းလေး ထူးခြားတယ်... အင်း.. ပြောမယ်ဆို အရှည်ကြီးပဲ"

ယွီဝမ်က သူ့ကို အကျဉ်းချုပ်ပေးလိုက်သည်။ "ဒီကအစ်မက bug ပဲ"

"bug?" ချူယွဲ့သည် စိတ်ဝင်စားသွား၏။ "Bug တွေက ကောင်းတယ်၊ ငါတော့ bug ကို အကြိုက်ဆုံးပဲ၊ စာမေးပွဲစင်တာကို ရွေးလို့ရတယ်လို့ ပြောလိုက်တာလား၊ ဘယ်လိုမျိုးလဲ"

"ကျွန်မကို စင်တာကို ပုံဖော်ပြလို့ရတယ်၊ ဘာ ဘာသာရပ်လဲ၊ ဘာကိုစစ်ဆေးတာလဲ စတာတွေပေါ့၊ တစ်ခုခု ထင်ရှားတာမျိုး.. ပေါ်လာတဲ့ ထူးခြားလက္ခဏာရပ်လိုမျိုးကိုပြောတာ အကောင်းဆုံးပဲ"

ချူယွဲ့ကဆိုသည် "ငါလည်း အရင်က မဖြေဖူးဘူးဆိုတော့ နည်းနည်းပဲ သိတယ်"

သူက လက်ချောင်းတို့ဖြင့် သေးငယ်သည့်အဟလေးပုံစံ လက်ဟန်ပြလိုက်သည်။

"ဘာသာရပ်က သင်္ချာဖြစ်ရမယ်"

"သင်္ချာ" ဟုပြောလိုက်သည့်အခိုက်အတန့် လေထုသည် အနည်းငယ် လေးလံလာ၏။

"တစ်ခုခု ထင်ရှားတာဆိုရင်တော့...." ချူယွဲ့သည် မျက်မှောင်ကြုတ်ကာ စဉ်းစားနေသည်။ သူက ဖုန်းပေါ်မှ ဓာတ်ပုံတစ်ပုံကို ဆွဲထုတ်ကာဆိုသည်။ "ဒီအိမ်"

ဘေးတွင်ရပ်နေသော ယိုဟော့နှင့် ချင်ကျိုးသည်လည်း ပုံကို မြင်လိုက်ရ၏။

နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။

ချင်ကျိုးက ဆိုသည်။ "ဒါစာမေးပွဲခန်းစောင့်စီရင်စုက အိမ်မဟုတ်ဘူးလား"

ချူယွဲ့ "ဟုတ်တယ်"

ပုံထဲတွင် သေးငယ်သော အဆောင်အအုံတစ်ခုရှိသည်၊ ၎င်းသည် စာမေးပွဲခန်းစောင့်များစီရင်စုရှိ စာမေးပွဲခန်းစောင့်အချို့ နေသော ဗီလာငယ်လေးများနှင့် ချွတ်စွပ်ပင်။

သို့ရာတွင် ယိုဟော့အတွက်မူ သည်အိမ်သည် အနည်းငယ်ရင်းနှီးနေသည် အထူးသဖြင့် ပြတင်းပေါက်ဘေးရှိ ကမ်မဲလီယာပန်းဖြစ်သည်။

ထိုကမ်မဲလီယာပန်းသည် တခြားပန်းများနှင့် သိပ်မထူးခြားသော်လည်း ယိုဟော့ကမူ ယင်းသည် အတုကဲ့သို့ အလွန်တောင့်တောင့်ကြီး ဖြစ်နေသည်ဟု ခံစားနေရသည်။

"ဒီနေရာကို မှတ်မိလား" ချူယွဲ့က ယိုဟော့ကို မေးသည်။

"ငါ အရင်က ဒီမှာနေခဲ့တာလား"

"နင့်မှာ ခံစားသိတော့ ရှိနေသေးတယ်ထင်တယ်" ချူယွဲ့ကဆိုသည်။

"သူ့နေရာလား၊ အဲဒါက ဖယ်ရှားလိုက်ပြီမဟုတ်ဘူးလား" ချင်ကျိုးက ဆို၏။

အားလုံးသိထားသည်မှာ စာမေးပွဲခန်းစောင့် A ကို စနစ်မှ မောင်းထုတ်လိုက်ပြီးနောက် ပတ်သက်နေသည့်အရာများအားလုံးကို သာမန်လူတို့ သုံးစွဲ၍မရစေရန် ဖယ်ရှားပစ်ခြင်းတို့ ဝှက်ထားခြင်းတို့ကို လုပ်ခဲ့သည်။

သေချာပေါက် သည်ဗီလာသည်လည်း အပါအဝင်ပင်။

ချူယွဲ့က ပြောသည်။ "မဟုတ်ဘူး မူလက စည်းကမ်းတွေအရဆိုရင် အားလုံးကို အရန်မိတ္တူတော့ ထားထားရတယ်၊ အကြောင်းအရင်းမရှိဘဲ ဘာခြေရာလက်ရာမှမချန်ခဲ့ဘဲ ဖျက်ပစ်လိုက်လို့တော့ မရဘူး။ အဲဒါကြောင့် ငါဒီအိမ်ဆီ လာလို့မရအောင် စနစ်က စာမေးပွဲစင်တာတစ်ခုမှာ ဖွက်ထားခဲ့တာ၊ အခုဆို စင်တာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေပြီ"

ယိုဟော့သည် ရုတ်တရက် သူတို့ ပထမဆုံးစတွေ့စဉ်အခါက ချူယွဲ့သူ့ကို ပြောခဲ့သည်တို့ကို မှတ်မိသွားသည်။ သူက အဓိပ္ပါယ်ပြည့်ဝစွာ ပြောခဲ့ခြင်းဖြစ်သည်။ "စာမေးပွဲစင်တာတွေမှာ သဲလွန်စတွေ ချန်ထားခဲ့တာမျိုးရှိတတ်တယ်၊ စမ်းပြီး ရှာကြည့်"

သူက အဆိုပါသဲလွန်စလေးများသည် တစ်ဝက်မီးကျွမ်းနေသည့် စီးကရက်ကဲ့သို့သော အရာသေးသေးလေးများဖြစ်လိမ့်မည်ဟု အမြဲတမ်း တွေးနေခဲ့သည်။

မမျှော်လင့်စွာနှင့် တကယ်ပဲ အလွန်ကြီးသော အရာကြီးဖြစ်နေသည်။

ရှုးရွှယ်သည် ရုတ်တရက် ပြောသည်။ "ဟုတ်ပြီ၊ စမ်းကြည့်လိုက်မယ်၊ အတူတူ သင်္ချာကို ရွေးကြရအောင်"

(ကျေးဇူးပြု၍ နောက် ငါးစက္ကန့်အတွင်း ဘာသာရပ်ကို ရွေးချယ်ပါ။)

လူအားလုံးသည် မရေရာမသေချာပါသော်လည်း "သင်္ချာ"ဟု အမှတ်အသားပြုထားသော လမ်းရှိရာ ရှုးရွှယ်နောက်သို့ လိုက်လာနေဆဲပင်။

သည်နေရာမှ မြူခိုးဖြူတို့သည် အထူထဲဆုံးဖြစ်သည်။

ယိုဟောသည် မြူခိုးတို့ကို အချိန်အတန်ကြာအောင် ဖြတ်လျှောက်လာသည်။ သူ့ဘေးတွင် သူကလွဲ တခြားသူမရှိသကဲ့သို့ ခံစားလိုက်ရသည်။ နောက်ဆုံးတွင် မြူထုအဆုံးနေရာသို့ ရောက်သွားသည်။

မြူခိုးဖြူတို့ ပျက်ပြယ်ရှင်းလင်းသွားသည့်အခိုက် စနစ်၏ အသံထပ်မံထွက်ပေါ်လာလေသည်။

(ဒီစာမေးပွဲက စကေးကြီးမားသည့် ပူးတွဲစာမေးပွဲတစ်ခုဖြစ်ပါတယ်၊ ဖြေဆိုသူတို့ ကျေးဇူးပြု၍ အသင့်ပြင်ထားကြပါ။)

....................xxx.....................

Translated by Akira

Comment