အခန်း ၅၉: ဖြူဖျော့ဖျော့မျက်နှာတပ်

အခန်း ၅၉: ဖြူဖျော့ဖျော့မျက်နှာတပ်

ဂူအတွင်းမှ မီးငြိမ်းသွားသည်နှင့် လူတိုင်းသည် သတ္တဝါကြီး သည်ကို ပြန်ရောက်လာပြီမှန်း သိလိုက်ကြသည်။

အမှောင်ထုသည် ခဏလောက်သာ ကြာလိုက်သည်။

ရှေ့မှအတွေ့အကြုံအရ လူတိုင်းသည် အလွန်လျှင်မြန်စွာ မီးမွှေးနေကြသည်။

သို့သော် ဂူပြန်၍ လင်းသွားချိန်တွင် ချန်းဖေးနှင့် ဟွမ်ရွေ့သည် ကံမကောင်းစွာဖြင့် ပျောက်ဆုံးသွားပြီးဖြစ်၏။ စနစ်သည် နောက်ဆုံးအဆင့်ဖြေဆိုသူများကို သတ္တဝါကြီးထံသို့ နောက်တစ်ကြိမ် တိတ်တဆိတ်စေလွှတ်လိုက်ပြန်သည်။

ချင်ကျိုးနှင့် ယိုဟော့ကဲ့သို့ ရှေ့တစ်ခေါက်ကလို.... ဟမ်

"ယိုကော ဘယ်မှာလဲ" တီးလီသည် အနည်းငယ် ရှုပ်ထွေးသွားသည်။

သူသည် ယခုအခါ ယိုဟော့နှင့် ချင်ကျိုးကို စာမေးပွဲနီးမှ တွန်းကျက်သော စာကြည့်တန်းများနှင့် တစ်တန်းတည်းထားကာ သူတို့ကို တနေကုန် အကြည့်ပင်မလွှဲပဲ စူးစိုက်ကြည့်နေတတ်သည်။

သို့ရာတွင် ယခု သူတို့ထဲမှ တစ်ယောက်သည် မရှိတော့ပေ။

"သူက ဒီမှာ မဟုတ်ဘူးလ————"

ရှုးရွှယ်သည် နောက်လှည့်ကာ သူမနောက်သို့ ညွှန်ပြလိုက်သော်လည်း ထိုနေရာတွင် ချင်ကျိုးတစ်ယောက်သာ တွေ့လိုက်ရသည်။

သူ့ဘယ်ဘက်တွင် နေရာလွတ်တစ်ခုဖြစ်သည်။ သတ္တဝါကြီးမရောက်လာခင်က ယိုဟော့သည် ထိုနေရာတွင် ရပ်နေခြင်းဖြစ်ပြီး ယခုအခါ အရိပ်တောင်မျှ မကျန်ရစ်ခဲ့ပေ။

ရှုးရွှယ်သည် တအံ့တဩမေးလိုက်သည်: "သူဘယ်သွားတာလဲ၊ စောစောက သူစကားပြောနေတာ ကြားလိုက်တယ်"

ချင်ကျိုးသည် ကြိုးတစ်ချောင်းကို ဖြည်းဖြည်းချင်း ပြန်ရစ်သိမ်းနေသည်: "အဲဒါဆို သူဘာပြောလိုက်လဲ ကြားလိုက်လား"

"ငါ အမှတ်တွေကိုကြည့်နေတာဆိုတော့ ရှင်းရှင်းလင်းလင်း မကြားလိုက်ရဘူး........"

သူမနှင့် ဝူလိ၏ အဆင့်သည် ပုံမှန်အတိုင်း မြင့်တက်သွားသည်ဖြစ်လေရာ စိုးရိမ်စရာ ဘာမှမရှိပေ။ သို့ရာတွင် သူမသည် ယိုဟော့နှင့် ချင်ကျိုးအတွက် အလွန်စိတ်ပူနေခဲ့သည်။

ဤလူကြီးမင်းနှစ်ယောက်က သူတို့ကိုယ်သူတို့ ဂရုမစိုက်မှတော့ သူမက သူတို့ကိုယ်တာအတွက်ပါ စိတ်ပူပေးရသည်။

ရှုးရွှယ်သည် ပြန်စဉ်းစားကြည့်လိုက်သည်: "နင်တို့နှစ်ယောက် တစ်ခုခုကို အလောင်းအစားလုပ်နေတာ ကြားလိုက်တယ်"

"အင်း" ချင်ကျိုးကဆိုသည်: "ငါတို့ လောင်းထားတယ်"

သူတို့အဆင့် ကျသွားမလားဆိုတာနှင့်ပတ်သက်ပြီး သူတို့လောင်းခဲ့သည်။

အနိုင်ရသူက အနည်းငယ် ငါးမျှားခြင်း အလုပ်ကိုလုပ်ရုံမျှသာလိုပြီး ရှုံးသူကမူ ပျင်းစရာကောင်းသော နောက်ဆက်တွဲကိစ္စများကို ကိုင်တွယ်ရမည်ဖြစ်သည်။

ချင်ကျိုး အနိုင်ရသွားသည်။

သို့ရာတွင် လက်တံ အောက်ကျလာသည့်အချိန်တွင် တစ်စုံတစ်ယောက်က ညစ်လိုက်သည်။ စကားတစ်ခွန်းမှမဆိုဘဲ သူက အရှေ့သို့တက်သွားလေရာ ချင်ကျိုး၏ မျက်နှာရှေ့မှောက်တွင် လက်တံကြီး၏ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရသည်။

"ဒီ-ဒီတော့ အခုဘာလဲ၊ အခုဘာတွေဖြစ်နေတာလဲ" လူတစ်ယောက်က မေးလိုက်သည်။

"ငါက လူတစ်ယောက်ကို ပြန်ခေါ်ဖို့ အဲဒီကောင်ကို သွားရှာရမယ်။ မင်းတို့ကတော့ ကြိုက်ရာလုပ်လို့ရတယ်" ချင်ကျိုးသည် ရစ်ခွေထားသောကြိုးကို လက်မောင်းထက် သိုင်းလိုက်ပြီးနောက် ဂူမှထွက်ခွာသွား၏။

တီးလီသည် ခဏလောက် ရှော့ခ်ရသွားသည်။ ထို့နောက် သူသည် ဂူပေါက်ဝသို့ အလျှင်အမြန် ပြေးထွက်သွားသည်: "ခင်ဗျား အဲဒီကောင်ကြီးကို သွားတိုက်မို့လား၊ ကျွန်တော်လည်း လိုက်လို့ရလား————"

***

စနစ်၏ အပြစ်ပေးသည့်ယန္တရားသည် အမြဲလိုလို ချက်ချင်း အသက်ဝင်လေ့ရှိသည်။

စုပ်ခွက်များ တန်းစီရှိနေသော အကျည်းတန်ရေဘဝဲကောင်၏ လက်တံများ နောက်ဆုံးအဆင့် ဖြေဆိုသူနှစ်ယောက်ထံသို့ ရစ်ပတ်လိုက်သည့်အချိန်မှာပဲ ဘေးပတ်ဝန်းကျင်သည် ချက်ချင်း ပြောင်းလဲသွားသည်။

ခဏလောက် သူသည် ယနေ့အတွက်အစာမှာ အနည်းငယ် လေးလံသည်ဟု ခံစားလိုက်ရသည်။

တစ်ခုခုတော့ မဟုတ်သေးဘူး။

သို့သော် နောက်တစ်စက္ကန့်တွင် စုတ်ပြတ်နုံချာနေသော သင်္ဘောခန်းသည် ၎င်း၏ လုံးဝိုင်း၍ စူးရှတောက်ပနေသော မျက်လုံးများထက်တွင် ရောင်ပြန်ဟပ်လာပြီး ရင်းနှီးနေသော အနံ့အသက်ဖြင့် ကြိုဆိုလိုက်သည်။ ၎င်းသည် အလွန် မြန်မြန်ဆန်ဆန်ပင် စိတ်အေးလက်အေးဖြစ်သွား၏။

သူ၏ ပုံမှန်အစားစားရာနေရာသို့ ပြန်ရောက်လာချေပြီ။

သူက သည်နေရာကို ချောက်ကမ်းပါးရံမှ စားသောက်ဆိုင် ဟု အမည်ပေးထားသည်။

အဘယ့်ကြောင့်ဆိုသော် သင်္ဘောအိုကြီးသည် သည်နေရာမှ ကျောက်တန်းများထဲတွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ကာ ရေခဲလွှာများ တစ်လွှာပြီးတစ်လွှာ ဖုံးကာထားခြင်းခံထားရသည်။

သို့သော် တစ်ဖက်ခြမ်းကမူ လေထဲတွင် တန်းလန်းကြီးရှိနေသေးသည်။ တစ်နေ့ကျလျှင် ယင်းသည် ရေခဲကျောက်တန်းမှ လွတ်မြောက်ကာ ပင်လယ်ပြင်ထက်သို့ ပြန်သွားနိုင်မည့်အလားပင်။

သို့ရာတွင် ယနေ့ ချောက်ကမ်းပါးရံမှ စားသောက်ဆိုင်သည် အနည်းငယ် ဖရိုဖရဲဖြစ်နေသည်.......

မဟုတ်၊ လုံးဝကို ဗရုတ်သုတ်ခအခြေအနေပင်။

ဒါတွေအားလုံးသည် မနေ့ညက သူ၏အစာအရင်းအမြစ်နှစ်ခု၏ အားထုတ်ကြိုးပမ်းမှုများ ကျေးဇူးကြောင့်ပင်။

ရေဘဝဲသည် မည်သည့်နေရာကို ကြည့်လိုက်သည်ဖြစ်စေ ဒေါသများ အလိပ်လိုက်တက်လာသည်။

'မမြင်ရသရွေ့ အဆင်ပြေတယ်' ဆိုသည့် စိတ်ကိုနှလုံးသွင်းကာ သူသည် တွန့်လိမ်ကာ သူ၏ သားကောင်သစ်နှစ်ဦးကို ပါးစပ်အတွင်းသို့ ထိုးသွတ်လိုက်သည်။

သူတစ်ဖက်သို့ လှည့်လိုက်သောအခါ လူတစ်ယောက် သင်္ဘောပြတင်းပေါက်နားတွင် ရပ်နေသည်ကို သတိထားမိလိုက်သည်။

ရင်းနှီးနေသော ပုံစံ၊ ရင်းနှီးနေသော မျက်နှာတစ်ခု။ ယိုဟော့မှ မဟုတ်လျှင် ဘယ်သူဖြစ်မှာလဲ။

ရေဘဝဲ၏ နက်မှောင်သော မျက်လုံးများသည် အလန့်တကြားဖြင့် ပြူးကျယ်သွားသည်။

သူသည် မနေ့က ခေါင်းကိုက်ခဲစေသည့်အစာကို ထိုနေရာတွင်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူက အခုလေးတင်မှ ရောက်လာသကဲ့သို့ပင်..... သူ့ဘေးတွင် အိတ်တစ်အိတ်နှင့် လက်ထဲတွင် ဓားတစ်လက်ကိုလည်း တွေ့ရသည်။

ဘာတွေဖြစ်နေမှန်းမသိသောသူများကမူ သူဒီကို အသားစိမ်းလွှာယူဖို့ လာခဲ့သည်ဟု ထင်ကြပေလိမ့်မည်။

ရေဘဝဲ၏ နူးညံ့သော ပါးစပ်သည် အကြိမ်ရေအနည်းငယ် တုန်ယင်သွားသည်။ သူသည် သူ့ရှေ့မှလူကို မတိုက်ခိုက်ခင် သူ့အစာကို အရင်မြိုချရန် စိတ်ကူးလိုက်၏။

သို့ရာတွင် သူထိုသို့မလုပ်နိုင်ခင်မှာပဲ သူ့ပါးစပ်ထဲမှ အစာသည် ရုတ်တရက် လှုပ်ရှားသွားသည်။

သူသည် စူးရှ၍ ပူလောင်သော နာကျင်မှုကို ခံစားလိုက်ရသည်။ သူ၏လက်တံများသည် ချက်ချင်း ကွေးတက်သွားသည်။

မကြာခင်မှာပဲ အပ်နှစ်ချောင်းကဲ့သို့ စူးဆူးသည့်ဒဏ်ကိုခံစားရလိုက်သည်။ သူ၏မျက်လုံးများသည် တစ်ပတ်လည်သွားကာ သံချိတ်နှစ်ချောင်းသည် အသားပြင်ကို နက်နက်ရှိုင်းရှိုင်း စူးဝင်လျက် သူ့ပါးစပ်မှ ထိုးထွက်လာသည်ကို တွေ့လိုက်ရသည်။

ဘန်း ဘန်း ဘန်း————

သူ့ပါးစပ်ထဲမှ ခပ်အုပ်အုပ်အသံအချို့ ထွက်ပေါ်လာသည်။

အစာအသစ်သည် ရုတ်ခြည်း စတင်၍ ရုန်းကန်တော့သည်။ သူတို့သည် ပါးစပ်ထဲတွင် ပရမ်းပတာဖြင့် ရုန်းကန်နေကြကာ ရေဘဝဲကို နာကျင်မှုတွေ ဖြစ်စေနေတော့သည်။

ရေဘဝဲသည် သည်းခံနေသော်လည်း နောက်ဆုံးတွင် မထိန်းချုပ်နိုင်တော့ပေ။ နောက်တစ်ကြိမ် သူက အန်ထုတ်လိုက်သည်.......

ချန်ဖေးနှင့် ဟွမ်ရွေ့သည် မြေပေါ်သို့ ကျွမ်းထိုးမှောက်ခုံကျသွားသည်။

သူတို့သည် လွတ်မြောက်လာပြီဆိုတာကို သတိမထားမိသေးဘဲ မြေပေါ်တွင် မျက်လုံးများ ပိတ်လျက် ယက်ကန် ယက်ကန်ဖြင့် ရုန်းကန်နေကြဆဲပင်။

ထိုသို့ဆက်ဖြစ်နေသည်မှာ ချန်ဖေးမှ ဟွမ်ရွေ့ကို ကန်မိသွားကာ တစ်ဖက်လူက အော်ဟစ်လာသည့်အချိန်အထိပင်ဖြစ်သည်။ ထိုအချိန်မှသာ သူတို့သည် ရပ်တန့်သွားတော့သည်။

ချန်ဖေးသည် သူ့မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်သည်။ သူနှင့် ဟွမ်ရွေ့သည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြ၏။ သူတို့နှစ်ယောက်စလုံးသည် ထိတ်လန့်နေဆဲပင်။

သူတို့သည် အချိန်အတန်ကြာအောင် လေကိုလုယက်ရှူနေကြပြီးနောက် အနားမှ မိုးခြိမ်းသံကဲ့သို့ ကြုံးဝါးသံကြီး တဖြည်းဖြည်းချင်း စဲသွားလေသည်။

"ဘေးဖယ်" ယိုဟော့၏အသံသည် ရုတ်တရက် အနောက်မှ ထွက်ပေါ်လာ၏။

ယင်းမှာ သူ့၏ ပုံမှန်အသံပဲ ဖြစ်လောက်သော်လည်း ထိုအခိုက်တွင် သူ့အသံသည် အလွန်အမင်း တည်ငြိမ်နေလေသည်။

ချန်ဖေးနှင့်ဟွမ်ရွေ့သည် သူတို့၏ ထိတ်လန့်နေသော အခြေအနေမှ ပြန်အသိဝင်လာသည်။ သူတို့သည် နံဘေးတွင် စမ်းတဝါးဝါးဖြစ်နေကြသည်။

သူတို့ကျောနှင့် နံရံကပ်သွားကာ နောက်ဆုတ်စရာနေရာ ထပ်မရှိတော့သည့်အချိန်တွင် ယိုဟော့သည် လှေကားထစ်တစ်ခုထက်သို့ ခုန်တက်လိုက်ကာ ရေဘဝဲကို စတင်တိုက်ခိုက်တော့သည်။

"ငါတို့..... ငါတို့ အသက်ရှင်နေတုန်းလား" ချန်ဖေးသည် အလွန်အမင်း စိတ်ရှုပ်ထွေးနေတုန်းဖြစ်သည်။

ဟွမ်ရွေ့သည် ဟောဟဲလိုက်နေရင်း ပြောလိုက်သည်: "ရှင်တယ်၊ ရှင်တယ်ကွ..... တကယ်အလုပ်ဖြစ်တယ်"

လူသားများသည် အလွန်ထူးဆန်းသော သတ္တဝါများဖြစ်သည်။ သူတို့ ကျားခံတွင်းဝမှ လွတ်မြောက်လာနိုင်သည်နှင့် ကျားသည် ကြောက်စရာကောင်းသည်ဟု မခံစားရတော့ပေ။ သူတို့သည် ပို၍ သန်မာလာသကဲ့သို့၊ သို့မဟုတ် အနည်းဆုံးတော့ သူတို့ထင်ထားသည်ထက် ပိုသန်မာသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

ချန်ဖေးသည် ယိုဟော့၏ သွက်လက်ဖျတ်လတ်သော ပုံသဏ္ဌာန်ကို ကြည့်နေသည်: "ငါတို့ ဒီမှာထိုင်ပြီးပဲ ကြည့်နေတော့မှာလား"

ဟွမ်ရွေ့သည် သံချိတ်ကို တင်းတင်းဆုပ်ကိုင်ထားသည်: "ငါ့မှာ ထိန်းစရာမာနလည်း မရှိတော့ပါဘူး"

"ငါရောပဲ"

"သွားမလား"

ချန်ဖေးသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။ အတူတကွ သူနှင့် ဟွမ်ရွေ့သည် ပြေးထွက်သွားကြသည်။

***

လက်တစ်ဖက်က မြေပေါ်တွင် ကိုယ်ကိုထောက်ကန်ထားလျက် ယိုဟော့သည် စောင်းနေသော သင်္ဘောခန်းကြမ်းပြင်ကို အခွင့်ကောင်းယူကာ အတားအဆီးများအချို့အောက်မှ လျှောထွက်လိုက်သည်။

သူ့နောက်ကို လိုက်နေသော လက်တံများသည် အချိန်မီ မရပ်တန့်နိုင်သည့်အတွက် ထိုအတားအဆီးများသို့ တဟုန်ထိုး တိုးဝင်သွားလေသည်။ ထိုလက်တံများ ပစ်မှတ်မှားသို့ တိုက်မိသွားသည်နှင့် ယိုဟော့သည် ထိုအခွင့်အရေးကို အသုံးချ၍ ယင်းကို ဖြတ်တောက်ပစ်လိုက်သည်။

ဖြန်း——-

လက်တံအချို့သည် မြေပေါ်သို့ ကျသွား၏။ အကြိမ်အနည်းငယ် လူးလွန့်နေပြီးနောက် အသက်မဲ့သွားတော့သည်။

ယိုဟော့သည် တစ်ကိုယ်တည်း တိုက်ခိုက်ခြင်းကို ကျင့်သားရနေပြီးဖြစ်သည်။

သည်တစ်ခေါက် ချင်ကျိုးအနားမှာမရှိသောအခါ သူသည် သူနှင့်အတူ လက်ရည်တူတိုက်ခိုက်နိုင်သည့် အရည်အချင်းရှိသူတစ်ယောက် ရှိခြင်းသည် ဘယ်လောက်အကျိုးပြုသလဲဆိုတာကို ရုတ်တရက် နားလည်သွားသည်။

အများကြီးပို၍ အလုပ်ပြီးမြောက်လိမ့်မည်ဖြစ်ကာ အနည်းဆုံးတော့ သူ့ကို ချွေးမထွက်အောင် တားဆီးပေးလိမ့်မည်။

သို့ရာတွင် ဧရာမရေဘဝဲတစ်ကောင်ကတော့ သူတစ်ကိုယ်တည်း မကိုင်တွယ်နိုင်သည့်အရာတော့ မဟုတ်ပါချေ။

အလွန်ဆုံး မိနစ်အနည်းငယ် ပိုကြာရုံမျှသာ။

သူ့ကို အံ့ဩသွားစေသည်မှာ အစားခံရလုနီးပါးဖြစ်သွားသော ဖြေဆိုသူများသည် လုံးဝကြောက်ချီးပါသွားခြင်းမရှိဘဲ တိုက်ပွဲမှာပင် ဝင်ပါလိုက်ကြခြင်းဖြစ်သည်။

ချင်ကျိုးနှင့်ယှဉ်လျှင် သူတို့၏ ဖျတ်လက်မှု၊ သန်မာမှု၊ အရှိန်၊ ကျွမ်းကျင်မှုနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုတို့သည် ထိုသူ့လောက်မကောင်းပေ.... သူတို့သည် ထိခိုက်အောင် သိပ်မလုပ်နိုင်သလို စိတ်သည်လည်း လုံလုံလောက်လောက် မမြန်သော်ငြား သူတို့သည် အတန်အသင့်တော့ ကောင်းမွန်သော အသင်းဖော်များဖြစ်နေဆဲပင်။

ယိုဟော့သည် အိတ်သို့ စောင်းငဲ့ကြည့်လိုက်ကာ စိတ်ထဲမှ တွက်ချက်မှုတချို့ပြုလုပ်နေသည်။ သူသည် နောက်ထပ် လက်တံသုံးချောင်း ဖြတ်တောက်ပြီးလျှင် ထွက်ခွာမည်။

သို့ရာတွင် အကျည်းတန်ရေဘဝဲသည် သူ၏ တွက်ချက်မှုကို ရိပ်မိသွားပုံရသည်။ သူက မြန်နိုင်သမျှ မြန်မြန် သုတ်ခြေတင်တော့သည်။

သူဓားကို ပင့်မလိုက်သည်နှင့် ရေဘဝဲသည် လက်တံများကို တင်းမာလိုက်ကာ သင်္ဘောအောက်ခြေမှ အပေါက်တစ်ပေါက်ထဲသို့ ကိုယ်လုံးကို ပစ်ဝင်လိုက်လေသည်။ ကျဉ်းမြောင်းသော အက်ကြောင်းများကို ဖြတ်လျက် ယင်းသည် ပင်လယ်ထဲသို့ လစ်ထွက်သွားလေသည်။

"ထွက်ပြေးသွားတာလား" ချန်ဖေးသည် အပေါက်ကို စိုက်ကြည့်နေကာ မလှုပ်ရှားရဲပေ။

ဟွမ်ရွေ့သည် လှမ်းလျှောက်သွားကာ ဂရုတစိုက် အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူက သတင်းပေးလိုက်သည်: "ငါမတွေ့တော့ဘူး၊ ထွက်သွားတာဖြစ်လောက်တယ်"

"ထင်တာပဲ။ ရှေ့တစ်ခေါက်ကလည်း အဲဒီကနေထွက်သွားတာပဲ" ဟိုဟော့သည် အိတ်ကို ကန်လိုက်ပြီးနောက် လက်တံအချို့ကို အတွင်းသို့ ပစ်ထည့်လိုက်၏။ အလေးချိန်ကို စစ်ဆေးလိုက်ပြီးနောက် အနည်းငယ် စိတ်ပျက်သွားပုံရသည်။

သူ အိတ်အဝကို ချည်တော့မည်လုပ်နေချိန်မှာပဲ သင်္ဘောအောက်ခြေမှ တိုးညင်းသော တစွပ်စွပ်မြည်သံတစ်သံကို ကြားလိုက်ရသည်။

ယင်းသည် တစ်စုံတစ်ခု သင်္ဘောထံသို့ သူ့ကိုယ်သူ တိတ်တဆိတ် တွယ်ကပ်လိုက်သည့်အသံအတိုင်းပင်။

ယိုဟော့သည် မျက်မှောင်ကြုတ်လိုက်သည်။ သူက မော့ကြည့်လိုက်ကာ ဟွမ်ရွေ့ကိုပြောလိုက်သည်: "အဲဒီမှာ ရပ်မနေနဲ့"

သူပြောလိုက်သည့်အချိန်က လုံးဝနောက်ကျခါနီးပင်။

ယိုဟော့၏ ညွှန်ကြားချက်ကို အလိုအလျောက် လိုက်နာတတ်သော ဟွမ်ရွေ့၏ အလိုလိုတုံ့ပြန်မှုကျေးဇူးကြောင့် သူ့တွင် စဉ်းစားချိန်တောင် မရလိုက်ဘဲ ခန္ဓာကိုယ်သည် အလိုလို နောက်သို့ လဲကျသွားလေသည်။

သူလဲကျသွားသည်နှင့် ထူထဲသော လက်တံများသည် အပေါက်မှတဆင့် တိုးထွက်လာသည်။

နောက်ထပ်နည်းနည်းမျှလွဲသွားလျှင် သူသည် ပင်လယ်ထဲသို့ ဆွဲခေါ်သွားခံရလိမ့်မည်။

ထူးဆန်းသော တကျွိကျွိမြည်သံများသည် သင်္ဘောခန်းထဲတွင် ပြည့်လျှမ်းနေသည်။ ၎င်းသည် ချွဲကျိ၍ နူးညံ့သောအရာတစ်ခုသည် မာကျောသော အရာတစ်ခုနှင့် ပွတ်တိုက်နေသည့်အလားပင်။ ၎င်းသည်.. ထူးဆန်းသော ဆက်သွယ်မှုပုံစံတစ်မျိုး... ဖြစ်ပုံရသည်။

ယိုဟော့သည် ခံစားချက်မကောင်းပေ။

ထင်သည့်အတိုင်းပင် နောက်တစ်စက္ကန့်တွင် တစ်ပုံစံတည်းတူသော ရေဘဝဲသုံးကောင်သည် ကြမ်းပေါ်သို့ အပေါက်မှတဆင့် ပေါ်လာလေသည်။

သူတို့၏ လက်တံများသည် အထိန်းအကွပ်မဲ့စွာ ယမ်းခါနေကြကာ ဖြတ်သန်းသွားသည့်တစ်လျှောက် လေချွန်သံများပင် ကြားနေရသည်။

"................"

ယိုဟော့သည် သည်လို သတ္တဝါတစ်ကောင်သည် ရှုံးနိမ့်သွားပြီးနောက် သူ့မိဘများကို လှမ်းခေါ်လိမ့်မည်ဟု သူ မထင်ထားပေ။

ဧရာမရေဘဝဲတစ်ကောင်ဆိုလျှင် ကိုင်တွယ်နိုင်သည့်အခြေအနေဖြစ်ပြီး နှစ်ကောင်ဆိုလျှင် အဆင်ပြေရုံလောက်မျှသာ။

သို့သော်လည်း သုံးကောင်ကတော့ နည်းနည်း လွန်လွန်းသွားပြီမဟုတ်လား။

ထိုအကျည်းတန်သုံးကောင်သည် အလွန်အမင်းကြီးမားကာ ဆူဖြိုးကြသည်။ သင်္ဘောအိုကြီးသည် သေရေးရှင်ရေးအခြေအနေရောက်နှင့်နေပြီးဖြစ်ကာ ထိုသုံးကောင်ကို ထိန်းမထားနိုင်ပေ။

ယိုဟော့သည် အိတ်ကို ထောင့်တစ်နေရာသို့ ကန်ထုတ်လိုက်ကာ တခြားသူနှစ်ယောက်ကို ဆွဲခေါ်လိုက်ကာ သံဗီရိုနောက်သို့ ဆွဲသွင်းလိုက်သည်။

တကျွိကျွိမြည်သံတချို့ကြားလိုက်ရပြီးနောက် သူတို့အပေါ်မှ ကုန်းပတ်သည် နောက်ဆုံးတွင် ထိုဒဏ်များကို မလွန်ဆန်နိုင်တော့ပေ။ ချက်ချင်းပင် ကွဲအက်ပွင့်ထွက်သွားသည်။

***

သိပ်မဝေးသောနေရာတွင် ရေခဲပြင်ကြီးရှိသည်။

တီးလီနှင့် အခြားသူများသည် လိုက်လာရန် တောင်းဆိုနေသည်နှင့် ချင်ကျိုးသည်လည်း သူတို့ကို မတားမြစ်ခဲ့။

သို့နှင့် ဖြေဆိုသူအုပ်စုကြီးသည် ရေခဲထက်တွင် သုတ်သီးသုတ်ပျာဖြင့် လာနေကြသည်။ ရေခဲအောက်မှ "နတ်သားများ" ကိုဆွဲဆောင်မိမှာ စိုးရိမ်သည့်အတွက် အတတ်နိုင်ဆုံး ဆူညံသံများအလွန်အကျူး မထွက်လာရန် ကြိုးစားထိန်းချုပ်နေကြသည်။

"မရောက်သေးဘူးလား၊ ဘယ်လောက်ဝေးလဲ" ချင်ကျိုးနှင့် အတတ်နိုင်ဆုံး အမီလိုက်နေသော တီးလီသည် တိုးတိတ်စွာ မေးလိုက်သည်။

သူ၏ နောက်ဆုံးစကားလုံးများ ပြောလိုက်သည်နှင့်တပြိုင်နက် ကျယ်လောင်သော ပေါက်ကွဲသံများကို အဝေးတစ်နေရာတွင် ကြားလိုက်ရ၏။ မကြာခင်မှာပဲ ဆူဖြိုးသော အဖြူရောင် လက်တံကြီးများ ပေါ်လာတော့သည်။ သူတို့သည် အထိန်းအကွပ်မဲ့စွာ ယမ်းခါနေကြပြီး မြင်မြင်သမျှအရာတိုင်းကို ရိုက်ခွဲနေကြသည်။

ကောင်းပြီလေ။

အနှီရုတ်ရုတ်သဲသဲသံများကြောင့် ချင်ကျိုးပင် ဖြေစရာမလိုဘဲ အားလုံး အဖြေကို သိသွားကြ၏။

တီးလီသည် ထိုဧရာမလက်တံကြီးများကို ကြည့်ကာ စိတ်လှုပ်ရှားစွာ တံတွေးမြိုချလိုက်သည်: "ကျွန်တော်... ချီးပဲ... တစ်ကောင်တည်းနဲ့ မတူဘူးပဲ။ အဲဒီရေဘဝဲက မျိုးပွားနိုင်တာလား"

ချင်ကျိုးသည် အဝေးတစ်နေရာသို့ လှမ်းကြည့်နေသည်။ သူက မဖြေခဲ့ပေ။

ခဏကြာသော် သူက ရုတ်ခြည်း တခစ်ခစ်ရယ်လိုက်သည်။

တီးလီသည် သူ ရူးများသွားပြီလားဟု စိတ်ထဲက တွေးလိုက်၏။

သို့သော် ထိုအတွေးများကို ထုတ်မပြနိုင်ခင်မှာပဲ ချင်ကျိုးသည် လှည့်ကာ အားလုံးကို ပြောလိုက်သည်: "ခွင့်ပြုပါဦး"

အားလုံးသည် လွန်ခဲ့သောရက်အနည်းငယ်ကပင် ထိုသူ၏ ကျီစယ်တတ်သောအပြုအမူကို အသားကျပြီး ဖြစ်လေရာ၊ ထိုသူ၏ 'ခွင့်ပြုပါဦး' ဟု ရုတ်တရက် ပြောသံကို ခဏလောက် အသားမကျနိုင်ဖြစ်နေကြလေသည်။

"မဟုတ်၊ မဟုတ်သေးဘူး မဟုတ်သေးဘူး။ ခွင့်ပြုပါဦးလို့ မပြောပါနဲ့။ ကျုပ်တို့လုပ်ပေးနိုင်တာရှိရင် ပြောပါ"

သူတို့က အလွန်တိုးဖွသော အသံဖြင့် ပြောလိုက်သည်။

ချင်ကျိုး: "အကြိမ်အနည်းငယ်လောက် အော်လိုက်"

အားလုံး: "???"

ဟမ်

ထိုနတ်သားများအားလုံး ရေအောက်ကနေ ကြည့်နေတဲ့အခြေအနေကြီးမှာ ဘယ်သူ့ကို အကြိမ်အနည်းငယ် အော်ခိုင်းနေရတာလဲ။

တီးလီသည် အလွန် အံ့အားသင့်လွန်း၍ ဒူးထောက်လျက်ကျသွားမတတ်ပင်။

သို့သော် သူ့ဦးနှောက်သည် အလျင်အမြန် အလုပ်လုပ်သည်။ ထိုနေရာတွင် စက္ကန့်အနည်းငယ် တောင့်တင်းရပ်နေပြီးနောက်တွင် ချင်ကျိုး၏ရည်ရွယ်ချက်ကို နားလည်သွားသည်။

ထို့နောက် သူ့လက်နှစ်ဖက်ကို ပါးစပ်ရှေ့တွင် ခရာတစ်ခုအသွင်ပြုကာ သူက ဟစ်ကြွေးသံတစ်ချက်လုပ်လိုက်သည်။

အော်ဟစ်သံနှင့်ပင် မလုံလောက်၍ ရေခဲပြင်ထက်တွင် အကြိမ်အနည်းငယ်ပင် ခုန်ပေါက်နေသေးသည်။

ခဏလောက်ကြာသော် ဖြူဖျော့နေသောမျက်နှာငယ်များ ရာနှင့်ချီ၍ ပြေးလာလေသည်။

..................

***

သင်္ဘောခန်းထဲတွင် ဧရာမရေဘဝဲသုံးကောင်သည် ဝရုန်းသုန်းကား ပြေးလွှားသောင်းကျန်းနေဆဲပင်။

အစောပိုင်းက အနိုင်ကျင့်ခံထားရသောကြောင့်ပေလား၊ သူသည် ယခုအခါ အပေါ်စီးရထားသည်ဖြစ်လေရာ ပေါက်ကွဲထွက်ကာ သူ့ပါဝါကို ပြချင်နေလေသည်။

ကျကွဲသံများနှင့် တိုက်ခိုက်မိသံများမှာ အတောမသတ်အောင်ပင်။ လက်တံများပျံဝဲရာမှ ထွက်လာသော လေချွန်သံသည် အလွန်တရာမှ ချောက်ချားစရာကောင်းသည်။

ထို့ပြင် နောက်ခံတွင် အခြားအရာတစ်ခုလည်း ဖြစ်ပျက်နေသေးသည်။

ယင်းမှာ သူတို့အောက်ခြေမှ ရေခဲ အက်ကွဲသံဖြစ်သည်။

ကံမကောင်းစွာဖြင့် ရေဘဝဲများသည် စိတ်လှုပ်ရှားလွန်ကာ ထိုအခြင်းအရာကို လုံးဝ သတိမထားမိကြပေ။

သူတို့၏အင်အားကို ကြွားဝါပြီးနောက် တိုက်ခိုက်ရန် အသင့်ပြင်လိုက်ချိန်မှာ တစ်ဝက်ခန့် ပျက်ဆီးနေပြီးသော သင်္ဘောထက်တွင် လူသံများနှင့် ရုတ်ခြည်း ပြည့်လျှမ်းသွားသည်။

ရေဘဝဲသုံးကောင်သည် ရုတ်တရက် တောင့်တင်းသွားကြသည်။ ထို့နောက် သူတို့သည် စိတ်မရှည်စွာဖြင့် နောက်လှည့်ကြည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် ဖြေဆိုသူ သုံးဆယ်ကျော်သည် ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။

သို့သော် ယင်းမှာ အဓိကပြဿနာမဟုတ်ပေ။ အဓိကပြဿနာမှာ သူတို့အနောက်တွင်ဖြစ်သည်.........

ဖြူဖျော့နေသော လူမျက်နှာများသည် အစုလိုက်အပြုံလိုက် ပြုံတိုးလာကြသည်။ အဖြူရောင်လေထုနံရံကြီးတစ်ခုအလား ယင်းသည် ဆူနာမီတစ်ခုကဲ့သို့ ပြေးဝင်လာကြ၏။

"............................"

ရေဘဝဲများသည် သူတို့ဘာအပြစ် ကျူးလွန်မိခဲ့မှန်း သူတို့မသိပါချေ။

.................xxx....................

Translated by Akira ❣️

Akira has something to say:

ဗီလိန်လုပ်ရတာလည်း မလွယ်ပါဘူးကွယ်~~ ရေဘဝဲသားလေးက အဖေအမေတွေခေါ်လာပေမဲ့လည်း အကျိုးမရှိ

Comment