အခန်း ၉၃ အရိုးထိစွဲထင် မှတ်ကျောက်တင်

အခန်း ၉၃ အရိုးထိစွဲထင် မှတ်ကျောက်တင်

ချင်ကျိုးသည် မျက်လုံးတို့ကို အနည်းငယ်မျှ ဖွင့်ကြည့်လာပြီးနောက် အကြည့်သည် ယိုဟော့၏ နှုတ်ခမ်းထက်သို့ ကျရောက်သွား၏။

သူတို့၏ အသက်ရှူသံတို့မှာ ပြင်းထန်နေဆဲဖြစ်ပြီး နှစ်ဦးသား၏ ဝင်သက်ထွက်သက်မှာ ရောထွေး ယှက်တင်နေကြ၏။

သတိပေးသံသည် ဘယ်တုန်းကမျှ ဤမျှကြာအောင် မမြည်ခဲ့ဖူးပေ။ ယင်းမှာ ပျက်သွားသကဲ့သို့ပင် ဆက်လက်၍ မြည်ဟည်းနေ၏။

သို့သော် မည်သူကမျှ ဂရုပင်မစိုက်။

"စာမေးပွဲခန်းစောင့်ကြီး မင်း အသက်ရှူသံမှားနေပြီ" ချင်ကျိုးက အသံကိုနှိမ့်၍ ပြော၏။

အရောင်ဖျော့တော့တော့ မျက်ဆန်တို့သည် ထိုသူ၏ ဖုံးကွယ်သိုဝှက်ထားသော စိတ်ခံစားချက်တို့ကို လှစ်ဟပြသည်ဟု ဆိုကြသည်။

သို့သော် သူ့အရှေ့မှ လှပသောမျက်ဝန်းတို့တွင်ကား မြူနှင်းလွှာပါးတစ်လွှာ ထင်ဟပ်နေသည်။ မျက်ဝန်းပိုင်ရှင်၏ အသက်ရှူသံ မြန်လာသည်နှင့်အမျှ မျက်ခွံမှာ မပွင့်တပွင့်ဖြစ်နေပြီး သူတို့နောက်ကျောရှိ မြူခိုးထုထက်ပင် စိုစွတ်ပြီး ရီဝေနေတော့သည်။

ယိုဟော့သည် ခေါင်းကို တစ်ဖက်သို့စောင်းကာ နဂိုမူလအသွင်သို့ ပြန်ထိန်းနေပါသော်လည်း အချည်းနှီးပင်။

ခဏကြာသော် သူက ခေါင်းပြန်လှည့်လာပြီး ချင်ကျိုးကို ဖြေသည်။ "....အောက်ဆီဂျင်မလုံလောက်လို့ဖြစ်တဲ့ သာမန်တုံ့ပြန်မှုလေးပါပဲ"

"သာမန်တုံ့ပြန်မှု...." ချင်ကျိုးသည် ထိုစကားစုကို နောက်တစ်ခေါက် ရေရွတ်ကြည့်နေ၏။ သူက ပင့်သက်ရှိုက်ကာ ရယ်မောလာသည်။ "နေ့ခင်းဘက် လင်းလင်းထင်းထင်းကြီး အခြားယောက်ျားတစ်ယောက်နဲ့ နမ်းရှိုက်တာကလည်း တို့စာမေးပွဲခန်းစောင့်ကြီးရဲ့ သာမန်တုံ့ပြန်မှုပဲတဲ့လား"

"............"

ယိုဟော့၏ နှုတ်ခမ်းတို့သည် လှုပ်ရှားသွား၏။ သူက ခဏအကြာတွင် ဆိုလာသည်။ "ရဲတိုက်ထဲမှာဖြစ်ခဲ့တဲ့ကိစ္စကို အပြစ်မယူနဲ့တော့"

"ရဲတိုက်ထဲမှာ ဖြစ်ခဲ့တဲ့ကိစ္စ? ရဲတိုက်ထဲမှာက ကိစ္စတွေ အများကြီး ဖြစ်သွားတာပဲ"

ချင်ကျိုးက ဆက်ပြောသည်။ "မင်းက အစတုန်းက ဒီလိုအန္တရာယ်များတဲ့ကိစ္စကို အရဲစွန့်ပြီးမလုပ်ပါဘူးလို့ ကတိပေးထားပြီးမှ နောက်တော့ တိတ်တိတ်လေး ငါ့နောက်ကွယ်မှာ နတ်ဆေးဆရာနဲ့ အလဲအလှယ်လုပ်လိုက်တဲ့အချက်ကို ပြောချင်တာလား။ ဒါမှမဟုတ်.... ငါ့လက်ကို အတင်းအကျပ်ဆွဲယူပြီး ငါတောင် ဘာဖြစ်သွားမှန်း မသိလိုက်သေးခင် ကိုယ့်ကိုယ်ကိုယ် ဓားနဲ့စိုက်လိုက်တာကိုလား။ ဒါမှမဟုတ်သေးရင်... မင်းက ငါ့လက်ထဲမှာပဲ သေသွားပြီး ရာစုနှစ်တစ်ခုနီးပါးကြာတော့မှ မျက်လုံးပွင့်လာပြီး နောက်မှငါ့ကိုတစ်ခါလောက် ပွေ့ဖက်ပြီး လှည့်ဖျားဖို့ ကြိုးစားတဲ့အချက်ကို ပြောချင်တာလား"

ယိုဟော့: ".............."

"ရွေးချယ်စရာ သုံးခု ရှိတယ်၊ ခွင့်လွှတ်ခိုင်းဖို့ တစ်ခုကို ရွေးလို့ရတယ်" ချင်ကျိုးက ဆိုသည်။

ယိုဟော့: "မင်းကရော ဘာထူးလဲ။ ကိုယ့်ကိုယ့်ကိုယ် ဒုတိယအကြိမ် အလဲအလှယ်လုပ်ပြီး ဓားနဲ့ထိုးချင်နေတာလေ၊ ငါမသိဘူးများ ထင်လို့လား"

ချင်ကျိုးသည် မျက်လွှာချကာ သူ့ကို ငုံ့ကြည့်နေ၏။ သူက ရုတ်တရက် ဆိုသည်။ "ငါ့နှလုံးခုန်နှုန်းက အမြင့်တကာ့အမြင့်ဆုံးကို ရောက်နေပြီ၊ ဒေါသကြောင့်ပဲလား၊ တခြားတစ်ခုခုကြောင့်ပဲလားတောင် မခွဲခြားနိုင်တော့ဘူး"

သူ၏ လက်ညှိုးသည် ယိုဟော့၏ အောက်မေးရိုးထက်သို့ ကျရောက်သွားကာ လက်မနှင့် သူ၏ အောက်နှုတ်ခမ်းကို ပွတ်သပ်နေ၏။

ယိုဟော့၏ နှလုံးခုန်သံသည်လည်း အလားတူ မြန်ဆန်နေ၏။

သူက ချင်ကျိုး၏ လက်ချောင်းတို့ကို ငုံ့ကြည့်လိုက်ပြီးနောက် ကြမ်းရှရှအသံနှင့်ဆိုသည်။ "....ကြိုးတံတားသက်ရောက်မှုလို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာဖြစ်ရပ်တစ်ခုရှိတယ်"

(T/N ကြိုးတံတားသက်ရောက်မှုဆိုတာက ကြိုးတံတားပေါ်ဖြတ်လျှောက်သွားလို့ ရင်ခုန်တာကို တစ်ယောက်ယောက်ကြောင့် စိတ်လှုပ်ရှားရင်ခုန်တာနဲ့ အထင်မှားတဲ့ သက်ရောက်မှုကို ခေါ်တာပါတဲ့)

"ကြိုးတံတားသက်ရောက်မှု?" ချင်ကျိုးက တခစ်ခစ်ရယ်လိုက်သည်။ သူ့လက်မကို အသာအယာ ဖယ်ရှားလိုက်ပြီးနောက် ယိုဟော့၏ မပွင့်တပွင့် နှုတ်ခမ်းတို့ကို နမ်းရှိုက်ရန် အနီးသို့ ကိုင်းလာပြန်သည်။ "ကြိုးတံတားသက်ရောက်မှုမှာ မင်းရဲ့လည်ပင်းတွေ ရဲတွတ်သွားတဲ့အထိ နမ်းတာရော အကျုံးဝင်လား"

ချင်ကျိုး ခေါင်းညွှတ်လာသည့်အခိုက်အတန့် သူက အင်မတန် နီးကပ်လွန်းသောကြောင့်ပဲလား မသိ၊ လွန်ခဲ့ပြီးသောအချိန်က ဖြစ်ရပ်တစ်ခုသည် ယိုဟော့စိတ်အသွင်တွင် ပေါ်လာသည်။

ဝေတိဝေဝါးဖြစ်နေသော်လည်း ရင်းနှီးနေသလိုလို....

အိပ်မက်ထဲမှ ဖြစ်ရပ်တစ်ခုနှင့်ပင် ဆင်တူနေသည့်နှယ်။

***

ထိုနေ့သည်လည်း ယနေ့နှင့် ဆင်တူသည်။ နွေလယ်ဥတုဖြစ်သည်။

ရာသီဥတုက ပူလောင်အိုက်စက်နေသောကြောင့် ဖြစ်နိုင်သည်။ လူတစ်ယောက်အဖို့ စိတ်အလိုလိုက်ကာ စိတ်ခံစားချက်တို့ကြောင့် ယိမ်းယိုင်သွားရန် လွယ်ကူစေသောအခြေအနေမျိုးဖြစ်သည်။

ထိုအချိန်က ယိုဟော့သည် စာမေးပွဲခန်းစောင့် A ဖြစ်သည်။ ချင်ကျိုးသည်ကား စာမေးပွဲပြီးဆုံးခါနီးဖြစ်သည်။

၎င်းမှာ သူ၏ ၁၁ ကြိမ်မြောက် စည်းကမ်းချိုးဖောက်မှုဖြစ်သည်။ စာမေးပွဲစင်တာကို ရှင်းလင်းရန် တစ်ရက်ကြာပြီး ကျန်နှစ်ရက်ကို စာမေးပွဲခန်းစောင့် A ၏ အကျဉ်းခန်းတွင်နေရန် သတ်မှတ်ခံခဲ့ရသည်။

ထိုနေ့သည် ဒုတိယမြောက်နေ့၏ ညနေခင်းဖြစ်သည်။

ချင်ကျိုးသည် ရေတစ်ခွက်ကို ကိုင်ထားလျက် အိပ်ရာအစွန်းတွင် ထိုင်နေခဲ့သည်။ သူ့ဆံပင်တို့မှာ စိုစွတ်နေပြီး ရှပ်အင်္ကျီအသန့်၏ ကော်လာနားတွင် ကြယ်သီးအချို့ ဖြုတ်ထားကာ သူ၏သန်မာသော ရင်ဘတ်နှင့် ပခုံးကြွက်သားတို့ကို ဖွင့်ဟ ပြသနေ၏။

သူက ရေတစ်ငုံခန့် သောက်လိုက်ပြီးနောက် ယိုဟော့ဘက်သို့ လှည့်ကြည့်လာသည်။ "အကျဉ်းခန်းမှာ ရေချိုးခန်း ထည့်လို့ရအောင် အတိုက်အခံလုပ်ကြိုးစားထားတဲ့အတွက် ချစ်လှစွာသော စာမေးပွဲခန်းစောင့်ကြီးကို ကျေးဇူးတင်ပါတယ်။ အဲဒါသာမရှိရင် မင်း ငါနဲ့ အဆက်အသွယ်တွေ အကုန်ဖြတ်တောက်နှင့်နေလောက်ပြီ"

ယိုဟော့သည် ရေခွက်ကို ပြန်ယူသွားရန်အတွက် ချင်ကျိုးရေသောက်အပြီးကို နံဘေးတွင် ရပ်လျက် စောင့်နေသည်။

"စနစ်က ဘာမှ သံသယမဝင်ဘူးလား" ချင်ကျိုးက မေးသည်။

"ဒီအသုံးအဆောင်တွေက ဟိုးအရင်ကတည်းက အကျဉ်းခန်းတွေမှာ ရှိပြီးသား။ နောက်ပိုင်းမှာ ဖယ်ရှားလိုက်တာကိုမှ အခု ပြန်ထည့်လိုက်ရုံပဲ" ယိုဟော့က ဆိုသည်။ "နောက်လာမဲ့အကျဉ်းသားတွေလည်း သုံးလို့ရတာပေါ့"

သူက အလွန်တည်ငြိမ်စွာ ပြောနေသည်။ ချင်ကျိုးသည် ခဏလောက် အသိအမှတ်ပြုလိုက်ပြီးနောက် ဆိုသည်။ "မင်းရဲ့ အမူအရာကြောင့် စနစ်က အလိမ်ခံလိုက်ရတာဖြစ်မယ်"

".....မင်း ရေဆာတာလား၊ မဆာတာလား။ ရေနှစ်ငုံကို ငါးမိနစ်လောက်သောက်နေတယ်" ယိုဟော့က ဆိုသည်။

"စကားလမ်းကြောင်းလွှဲပြန်ပြီ" ချင်ကျိုးသည် နာခံစွာဖြင့် နောက်ထပ်တစ်ငုံသောက်လိုက်ပြီးနောက် ဆိုသည်။ "ငါတို့ပြောနေရင်း သိပ်အရေးမကြီးတဲ့ အကြောင်းအရာကို ရောက်သွားပြီဆိုတာနဲ့ စကားလမ်းကြောင်း ပြောင်းပစ်လိုက်တာပဲ။ ထွက်သွားဖို့ အလျင်လိုနေတာလား"

ယိုဟော့: "ပူတယ်"

အကျဉ်းခန်းသည် အမှန်တော့ သိပ်ပြီး မမွန်းကြပ်လှပေ။ လေဝင်လေထွက်စနစ်သည် သိပ်မဆိုးလှဘဲ ရေချိုးရာမှ ဖြစ်လာသည့် ရေငွေ့တို့သည်ပင် အလျင်အမြန် အငွေ့ပျံသွားသည်။

သို့သော် အပူအကြွင်းအကျန်တို့ ဆက်ရှိနေဆဲပင်။

ချင်ကျိုးက ဆိုသည်။ "လွန်ခဲ့တဲ့ မိနစ်နှစ်ဆယ်က ပိုပြီးတော့တောင် ပူတယ်ဆိုတာ အသိသာကြီးပဲ၊ ဒါပေမဲ့ အဲဒီတုန်းကတော့ ထွက်သွားဖို့ အလျင်စလိုဖြစ်မနေပါဘူး"

ယိုဟော့: "................."

ယိုဟော့သည် သူ၏ချောမောပြီး ပင်ကိုအရ အေးစက်စက်မျက်နှာပေးကို မာတင်းလိုက်ပြီးနောက် ချင်ကျိုးထံမှ ဖန်ခွက်ကို ဆွဲယူလိုက်သည်။ "စောစောက ငါပြောထားတဲ့ဟာသာ မှတ်ထားပါ။ ငါသွားတော့မယ်"

"ဘာပါလိမ့်"

"............."

သူက စကားဆုံးသည်နှင့် ချက်ချင်း မေ့ပစ်လိုက်ပြီဖြစ်သည်။

စာမေးပွဲခန်းစောင့် A သည် တကယ်ကို သူ့ကိုရိုက်ချင်နေပြီ။

ချင်ကျိုးသည် ခုတင်ပေါ်မှ ခုန်ဆင်းလိုက်ပြီးနောက် ဆိုသည်။ "မင်းပြောတာက ငါ့ကို စာမေးပွဲပြီးတာနဲ့ မြန်မြန်လစ်စေချင်တယ်ဆိုတာရယ်၊ ပိုဝေးလေ ကောင်းလေဆိုတာရယ်၊ ငါ စာမေးပွဲခန်းစောင့်တစ်ယောက် မဖြစ်လာရဘူးဆိုတာရယ်လား"

ယိုဟော့: "..............."

သူက ချင်ကျိုး စာမေးပွဲကို ကောင်းကောင်းမွန်မွန် အောင်မြင်သွားပြီး စနစ်ထံမှ ထွက်ခွာရန်နှင့် မီးပုံထဲကို ခုန်ဆင်းဖို့ ကြိုးစားနေတာကို ရပ်တန်းကရပ်စေချင်သည့်အကြောင်း ပြတ်ပြတ်သားသား ပြောခဲ့ခြင်းမျှသာ။

သို့ရာတွင်..... သူက ထိုကဲ့သို့ အဓိပ္ပါယ်ကောက်ယူချင်သည်ဆိုလျှင်လည်း မမှားတော့မမှားပေ။

"ငါ ဒီကို ရည်ရွယ်ချက်တစ်ခုနဲ့ လာခဲ့တာ။ မေ့သွားပြီလား။ ငါ့ကို စနစ်က ကန်ထုတ်လိုက်ရင်တောင် ဘာပဲလုပ်ရလုပ်ရ ရောက်အောင် ပြန်လာခဲ့မှာပဲ" ချင်ကျိုးက ဆိုသည်။

"မင်းရဲ့ ရည်ရွယ်ချက်က ငါနဲ့ အတူတူပဲ။ ဒီနေရာကို မင်းထက် ငါက ပိုသိတယ်။ ငါက စနစ်နဲ့ ပိုရင်းနှီးတဲ့အတွက် စနစ်က သူ့ရဲ့သတိအာရုံကို ဖြေလျော့ထားဖို့ ပိုလွယ်တဲ့အတွက် ရည်ရွယ်ချက်ပြည့်ဖို့ ပိုလွယ်ကူတယ်" ယိုဟော့သည် မျက်မှောင်ကြုတ်လိုက်သည်။ "မင်းမှာ ဒီနေရာမှာ ချည်နှောင်ထားခံရစရာ ဘာအကြောင်းအရင်းမှ မရှိဘူး"

သူက စိုးရိမ်ပူပန်မှုများကြောင့် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်နေ၏။

"အကြောင်းရင်းလား" ချင်ကျိုးက ဆိုသည်။ "ငါ့ရှေ့တည့်တည့်မှာ အကြောင်းရင်းတစ်ခု ရှိနေတာပဲ။ နောက်ပြန်တောင် လှည့်မကြည့်ပဲ စကားလုံးကြမ်းကြမ်းတွေ ပစ်လွှတ်နေတဲ့သူလေ"

ယိုဟော့သည် တံခါးရှေ့တွင် ရပ်လိုက်သည်။

"ငါ ရုတ်တရက်ကြီး နည်းနည်း သိချင်သွားတယ်။ မင်းအမြင်မှာ ငါတို့နှစ်ယောက်က ဘယ်လိုဆက်ဆံရေးမျိုးလို့ ထင်လဲ" ချင်ကျိုးက ဆိုသည်။

ယိုဟော့သည် ထိုနေရာတွင် ခဏလောက် ရပ်နေခဲ့သည်။ တဒင်္ဂခန့်ကြာပြီးနောက် ဆိုလာသည်။ "စာမေးပွဲခန်းစောင့်နဲ့ ဖြေဆိုသူ"

သူပြောပြီးသွားသောအခါ အခန်းထဲတွင် တိတ်ဆိတ်မှုတို့ ကြီးစိုးသွား၏။ သူ့အနောက်မှ အထက်စီးဆန်ပြီး ဘဝင်ကိုင်နေသောသူသည် ရုတ်ချည်း တိတ်ဆိတ်သွားလေသည်။

ယိုဟော့၏ မျက်နှာထားသည် တည်ငြိမ်နေသော်ငြား ဖန်ခွက်ကိုင်ထားသော လက်ဆစ်တို့မှာမူ အနည်းငယ် ဖြူဖျော့နေတော့သည်။

အလွန်ကြာမြင့်သွားပြီးနောက် သူက တံခါးဖွင့်ရန် ကြံရွယ်လိုက်သည်တွင် သူ့အနောက်မှ ခပ်ဖွဖွခြေလှမ်းသံကို ကြားလိုက်ရသည်။

မကြာမီ ချင်ကျိုး၏ ကိုယ်ရနံ့ကို ရလိုက်သည်။

သူက ခေါင်းကိုငုံ့ကာ ယိုဟော့နားရွက်နားကပ်၍ ပြောလာ၏။ "တခြားစာမေးပွဲခန်းစောင့်တွေနဲ့ ဖြေဆိုသူတွေက အတူတူ မအိပ်ကြဘူး စာမေးပွဲခန်းစောင့်ကြီးရဲ့"

ယိုဟော့၏ မျက်တောင်တို့မှာ တဖျပ်ဖျပ်တုန်ခါသွားကြ၏။

သူတို့နှစ်ဦး၏ အနေအထားမှာ သူ့ကို အနောက်မှ သိုင်းဖက်ထားသကဲ့သို့ ဖြစ်နေသော်လည်း နှစ်ဦးကြားတွင် ထိပ်တိုက်ရန်စောင်နေသည့် အငွေ့အသက်တို့လည်း ရှိနေသည်။

"ငါက မင်းရဲ့ ကျွဲမြီးတိုနေတဲ့စကားတွေနဲ့ နေသားကျနေပါပြီ။ မင်းက စိုးရိမ်လာလေလေ၊ လျှာစောင်းထက်လာလေလေပဲ။ တခြားဘယ်သူ့ကိုမှ မင်းဒီလောက် ပြင်းပြင်းထန်ထန်ပြောတာ မမြင်ဖူးဘူး။ အဲဒါကြောင့်ကိုပဲ ငါသေချာပေါက် ဒီကို ပြန်လာဦးမှာ" ချင်ကျိုးက ဆိုသည်။

"စနစ်က ငါ့ကို ကန်ထုတ်ပြီး မှတ်ဉာဏ်တွေ ဖျက်ပစ်လိုက်ရင်တောင်မှ ငါပြန်လာဦးမှာ"

...............

ရဲတိုက်သည် အတန်ကြာအောင် လောင်ကျွမ်းနေခဲ့သည်။ မီးငြိမ်းသွားမည့် အရိပ်အယောင် လုံးဝမရှိ။ အပြတ်ရှင်းလင်းသွားအောင် လောင်ကျွမ်းစရာ အများအပြားရှိနေသည့်အလားပင်။

မြို့စားကြီးနှင့် နတ်ဆေးဆရာ၏ ဝိညာဉ်တို့သည် အငွေ့ပျံသွားသည်မှာ ကြာမြင့်ခဲ့ပြီ။ ကျိန်စာပျက်ပြယ်သွားကာ အရာအားလုံး နဂိုအတိုင်း ပြန်ဖြစ်သွားသည့်အတွက် ခန္ဓာကိုယ်အကြွင်းအကျန်များနှင့် အလောင်းကောင်များ အားလုံးသည်လည်း တဖြည်းဖြည်းချင်း နဂိုမူလ အသက်ရှင်စဉ်က အခြေအနေသို့ ပြန်သွားနေကြသည်။

အသက်ပြန်ရှင်သန်လာသောသူတို့သည် နေမင်းကို နှုတ်ခွန်းဆက်ရန် မီးလျှံတို့ကြားမှ အပြေးထွက်လာကြသည်။

မီးလျှံကြားတွင် ရှင်သူရော သေသူပါ မူလအစမှတ်သို့ ပြန်ရောက်သွားကြသည်။

ရဲတိုက်ထောင့်တစ်နေရာတွင် ကြက်သွေးရောင်အခေါင်းတစ်ခုသည် အကြိမ်အနည်းငယ် လှုပ်ခါသွား၏။ အထဲမှ လူတစ်ယောက်သည် အပြင်သို့ထွက်ရန် ကြိုးစားနေရင်း အထိတ်တလန့် အော်ဟစ်နေ၏။

မြို့စားကြီး အသက်ပြန်သွင်းခံလိုက်ရသည့်အချိန်ကစတင်၍ အနှီအခေါင်းသည် သူ့အိပ်ရာအောက်တွင် ဖွက်ထားခံခဲ့ရသည်။

နှစ်ရက်သုံးရက်တစ်ခါဆိုသလို သူက "ငါ့ရဲ့အဲလစ်ဆာလေး" ဟုတမ်းတကာ သူနှင့်တူသော အမျိုးသမီးတို့ကိုရှာ၍ သူတို့ခေါင်းနှင့် ခြေလက်တို့ကို အပိုင်းပိုင်းဖြတ်ကာ အဲလစ်ဆာကို ပြန်ခေါ်ယူရန် ကြိုးစားလိမ့်မည်။

သို့သော် သူသည် အနှီသစ်သားအခေါင်းကို ဘယ်တုန်းကမှ ဖွင့်မကြည့်ခဲ့ပေ။

သူက ခုတင်အောက်တွင်သာ ဖွက်ထားခဲ့သည်။ ထိုနေရာတွင် ထားခဲ့သည့်နေ့မှစ၍ ယခုအချိန်အထိ.... တစ်ခါမျှပင် ဖွင့်မကြည့်ခဲ့ပေ။

အဆိုပါ စုန်းအတတ်နည်းစနစ်သည် ပြန်အသက်သွင်းမည့်လူနှင့် စတေးခံလူတို့ကို ဖယောင်းတိုင်စက်ဝိုင်းအတွင်းတွင် အတူတူ ထားရန် လိုအပ်သည်။

မြို့စားကြီးကိုယ်တိုင် မရေမတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ လုပ်ခဲ့သောကြောင့် ထိုလုပ်ငန်းစဉ်နှင့် အလွန်ရင်းနှီးသည်။

သို့သော်... သူ အမျိုးသမီးများ သွားရှာသည့်အခေါက်တိုင်း ဘယ်သောအခါမျှ အဲလစ်ဆာကို အတူတူ ခေါ်သွားခြင်းမရှိပေ။

ယင်းမှာ ခြေပြတ်လက်ပြတ်တို့ကို ကြောက်ရွံ့သောကြောင့် မဟုတ်ပေ။

သူက ထိုအရာတို့ကို အမြောက်အမြား မြင်ဖူးပြီးဖြစ်ကာ သူ့လက်နှင့်ပင် ကိုယ်တိုင်လည်း အကြိမ်များမြောင်စွာ ဖြတ်တောက်ခဲ့ပြီးဖြစ်သည်။ သူက အနှီအခေါင်းထဲရှိ မျက်နှာကို မမြင်ချင်ရုံသက်သက်သာ။ အခေါင်းအတွင်း လဲလျောင်းနေသော အမျိုးသမီးကို မမြင်ချင်ပေ။

အဘယ့်ကြောင့်ဆိုသော် အဆိုပါအမျိုးသမီးမှာ အဲလစ်ဆာ မဟုတ်သောကြောင့်ဖြစ်သည်။

အဲလစ်ဆာအစစ်သည် မြို့စားကြီး ပြန်လည်အသက်ဝင်လာသည့်နေ့ကတည်းက နတ်ဆေးဆရာ၏ ခေါ်ဆောင်သွားခြင်း ခံခဲ့ရပြီးဖြစ်သည်။

နတ်ဆေးဆရာသည် သူ့ကိုယ်သည် အလွန်အိုမင်းနေပြီဖြစ်ကာ သိပ်ကြာကြာမခံတော့ဟု ပြောခဲ့သည်။ သူ့အသက်နှင့် မြို့စားကြီးအသက်တို့သည် ချိတ်ဆက်နေ၏။ အကယ်၍ သူအားနည်းလျှင် မြို့စားကြီးသည်လည်း အားနည်းနေပေမည်။ သူသေသွားလျှင် မြို့စားကြီးသည်လည်း အလားတူ သေဆုံးရပေမည်။

သူက မြို့စားကြီး အသက်ရှည်ရှည်အနာကင်းကင်းနေထိုင်နေရန် သေချာစေရန် သူလွှဲပြောင်းယူဖို့ သင့်တော်သော ခန္ဓာကိုယ်တစ်ခုကို လိုအပ်သည်။

အမှန်စင်စစ် သူ့တွင် ရွေးချယ်စရာ ခန္ဓာကိုယ်များစွာရှိသည်။ သို့သော် ဘဏ္ဍာစိုးသည် မြို့စားကြီးနှင့် အရင်းနှီးဆုံး ဆက်ဆံရေးရှိသောသူကို ရွေးချယ်ပေးခဲ့သည်။

သူက မြို့စားကတော်သည် သူ့ယောက်ျားကို စစ်မှန်စွာ ချစ်ခင်မြတ်နိုးသည်ကို သိထား၏။ အကယ်၍ နတ်ဆေးဆရာက မြို့စားကတော်၏ ကိုယ်ကို လွှဲပြောင်းယူလိုက်ပါက သူသည် မူလကိုယ်ပိုင်ရှင်၏ လွှမ်းမိုးမှုကိုခံရပြီး အစဉ်အမြဲမြို့စားကြီးအပေါ် သစ္စာရှိနေနိုင်သည်။

ထို့ကြောင့် ထိုညက ဘဏ္ဍာစိုးသည် မြို့စားကြီးကိုသာ အသက်ပြန်သွင်းပေးခဲ့ပြီး နတ်ဆေးဆရာက မြို့စားကြီးကတော်၏ ကိုယ်ကို လွှဲပြောင်းယူလိုက်သည်။ အပြန်အလှန်အနေဖြင့် အစေခံများ၏ ဝိညာဉ်တို့ကို ပြန်လည် ဆင့်ခေါ်ပေးခဲ့သည်။

သို့သော် သူက ရဲတိုက်ထဲတွင် မနေခဲ့ပေ။ ယင်းအစား မြို့ထဲရှိ ဘုရားရှိခိုးကျောင်းသို့သွားကာ သီလရှင်ဟန်ဆောင်နေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် မြို့ထဲတွင် သူအသုံးချဖို့ လုံလောက်သော သက်ရှိလူသားပိုများသောကြောင့်ဖြစ်သည်။

ဘဏ္ဍာစိုးသည် မြို့စားကြီးနိုးလာလျှင် စိတ်ပျက်သွားမည်ကို စိုးရိမ်သောကြောင့် သူမျှားခေါ်လာသော အမျိုးသမီးကို အပိုင်းပိုင်းခုတ်ထစ်ပြီးနောက် မျက်နှာထက်တွင် မျက်နှာဖုံးတပ်ပေးခဲ့သည်။

သူက မြို့စားကြီးကို ပြောခဲ့သည်။ "အသက်ပြန်သွင်းတာ မအောင်မြင်ခဲ့ဘူး။ ဘာမှားယွင်းသွားလဲ ကျွန်တော်လည်း မသိတော့ပါဘူး"

မြို့စားကြီးသည် သွေးအိုင်နံဘေးတွင် ရပ်နေခဲ့ကာ မျက်နှာဖုံးတစ်ဝက်တစ်ပျက် ဖုံးကာထားပါသော မျက်နှာပြင်ကို မမှိတ်မသုန် စူးစိုက်ကြည့်နေခဲ့၏။ အချိန်အတန်ကြာပြီးမှ ဘဏ္ဍာစိုးကို ခိုင်းလိုက်သည်။ "သူ့ကို အခေါင်းထဲ ထည့်လိုက်"

ထိုအချိန်မှစ၍ သူက ထိုအရာကို မမြင်သလိုပင် နေခဲ့သည်။

သူက နတ်ဆေးဆရာကို အခြားကိုယ်တစ်ခုသို့ လဲလှယ်ပေးရန် ပြောလို့ရပါသော်လည်း ထိုသို့မလုပ်ခဲ့ပေ။

သူက တိတ်တဆိတ်သာ သူ၏ "အဲလစ်ဆာကို" အိပ်ရာအောက်တွင် ကွယ်ဝှက်ထားခဲ့ပြီး သူ သူ(မ)ကို ဘယ်လောက် လွမ်းဆွတ်နေသည်ကို ပြသရန် ရဲတိုက်ထဲရှိလူတိုင်းကို မျက်နှာဖုံးများ တပ်ဆင်ထားစေခဲ့သည်။

သို့ရာတွင်.... သူ(မ)သည်ကား ဘယ်သောအခါမျှ အသက်ပြန်ဝင်လာမည်မဟုတ်ပေ။

အနီရောင်အခေါင်းသည် နောက်ဆုံးတွင် ချိုးဖျက်ပွင့်ထွက်လာပြီးနောက် ဆံပင်စုတ်ဖွားနှင့် အမျိုးသမီးငယ်တစ်ဦး ထွက်လာ၏။ သူက ရဲတိုက်အတွင်း တစ်နေရာတွင် သူ၏ ကံမကောင်းအကြောင်းမလှခဲ့သော အမျိုးသားနှင့် ပြန်လည်ပေါင်းစည်းကာ အတူတူ ထိုနေရာမှ ထွက်သွားကြသည်။

မီးတောက်တို့ ဝန်းရံနေသော စင်္ကြံတွင် ဆီဆေးပန်းချီကားတို့သည် ကြမ်းပြင်တစ်လျှောက် ပြန့်ကျဲနေ၏။ ဆီဆေးတို့သည် ခြောက်သွေ့ကာ မီးဒဏ်ကြောင့် အက်ကွဲပြီး မကြာခင် မည်းနက်အောင် မီးကျွမ်းသွားတော့သည်။

မြို့စားကတော်၏ နှုတ်ခမ်းတို့သည် အလျှံငြီးငြီးတောက်လောင်နေသော အပူရှိန်အောက်တွင် ခပ်တင်းတင်းစေ့ ပိတ်ထား၏။ ကော့တက်နေသော အပြုံးမှသည် တဖြည်းဖြည်းချင်း ဖြောင့်တန်းနေသော လိုင်းတစ်လိုင်းအသွင်ပြောင်းသွားပြီးနောက် အနည်းငယ် အောက်သို့ မဲ့သွားလေသည်။ ထိုပုံတွင် အထီးကျန်မှုအနည်းငယ်နှင့် ပူဆွေးဝမ်းနည်းမှုအချို့ စွက်နေ၏။

သူ(မ) ခန္ဓာကိုယ်သည် တစ်ချိန်က ခမ်းနားထည်ဝါသော အိပ်ခန်းထဲတွင် လဲလျောင်းနေခဲ့ပြီး မြို့စားကြီး၏ မူလခန္ဓာကိုယ်သည်ကား ချစ်ချစ်တောက်ပူနေသော မြေကြီးအောက်တစ်နေရာတွင် မြှုပ်နှံခံထားရသည်။ မီတာထောင်ပေါင်းများစွာ ဝေးကွာနေပြီး တစ်ကိုယ်မှာ ပြာအဖြစ်လောင်ကျွမ်းသွားချိန်တွင် တစ်ကိုယ်ကမူ ကမ္ဘာမြေကြီးအောက်ခြေတွင် ပုပ်သိုးဆွေးမြေ့သွားပေလိမ့်မည်။ သူတို့ ကံကြမ္မာတို့ ဘယ်သောအခါမျှ ပြန်ဆုံတော့မည်မဟုတ်။

ရဲတိုက်အပြင်ဘက်တွင် ကျန်းယွမ်သည် လူအုပ်အတွင်းသို့ ယိုင်တိယိုင်နဲ့ဖြင့် တိုးဝင်လာသည်။ ကျိုးချီသည် သူ့ကို ပြေးကာ ပွေ့ဖက်နေ၏။ သူတို့နှစ်ဦးစလုံး ရယ်မောကာ ခုန်ပေါက်နေကြပြီး‌ နောက်ဆုံးတွင် ထိုင်ချလိုက်ကာ တစ်ဦးရင်ခွင် တစ်ဦးအပ်ကာ ငိုကြွေးနေကြ၏။

အဝေးနေရာတွင်မူ စာမေးပွဲခန်းစောင့်တို့သည် သတိပေးချက်တစ်စောင် ရခဲ့သည်။

စနစ်သည် သမိုင်းတစ်လျောက် အကြာရှည်ဆုံးသော သတိပေးသံကို ပေးခဲ့သည်။ သို့သော် စာမေးပွဲခန်းစောင့်သုံးဦးသည်ကား မှတ်စုအလွတ်တစ်ခုကိုသာ ရရှိခဲ့၏။

အဘယ့်ကြောင့်ဆိုသော် စနစ်သည် အပြစ်ပေးရန် အခြေခံအကြောင်းရင်း သို့မဟုတ် အပြစ်ပေးရန် လိုက်ဖက်ညီသည့် စည်းမျဉ်းစည်းကမ်းကို ရှာမတွေ့သောကြောင့် ဖြစ်သည် ....... မှတ်ဉာဏ်လုံးဝမရှိပါသော၊ နှစ်အချို့ကွဲကွာနေခဲ့ပြီး ယခုအခါ ဆန့်ကျင်ဘက် သရုပ်တို့ပိုင်ဆိုင်ထားပါသော သူနှစ်ဦးသည် အဘယ့်ကြောင့် အတူတူပြန်တွဲနိုင်ကြသေးသနည်း။

ထို့ကြောင့်ပင် အချစ်နှင့်အမုန်းသည် အလွန် ထူးခြားဆန်းပြားသော အရာတို့ဖြစ်သည်ဟု ပြောကြခြင်းဖြစ်မည်။

အချို့သည် စောလျင်စွာ မြေကြီးထဲတွင် ပုပ်သိုးဆွေးမြေ့သွားကြပြီ။

အချို့ကမူ အရိုးထိစွဲအောင် အမှတ်ထင်ထင်ဖြစ်နေပေလိမ့်မည်။

..................xxx..................

Translated by Akira

Comment