အခန်း ၁၉: ဟောင်းနွမ်းစုတ်ပြတ်နေသော လူရုပ်

အခန်း ၁၉: ဟောင်းနွမ်းစုတ်ပြတ်နေသော လူရုပ်

"အစ်ကို..." ယွီဝမ်က ကဝေမုဆိုးမ၏ ပါးစပ်အတွင်း ထိုးထည့်ထားသော အဝတ်စကို ကြည့်ပြီး တီးတိုးပြောသည် "အဲဒါ ဘယ်ကရလာတာလဲ"

ယိုဟော့က ဖြေသည်: "အခန်းထဲက ကောက်လာတာ"

သူကခဏလောက် စဉ်းစားလိုက်ပြီး ထပ်ဖြည့်ပြောလိုက်သည်: "မညစ်ပတ်ပါဘူး"

ယွီဝမ်: "..........."

'ချစ်လှစွာသောအစ်ကိုရယ်၊ အခုက ညစ်ပတ်တယ် မညစ်ပတ်ဘူးက အဓိကပြဿနာလို့များထင်နေတာလား'

သို့ပေမဲ့ အဝတ်စမှာ အမှန်ပင် အလွန်သန့်ရှင်းပါသည်။ အဆင်ဒီဇိုင်းမှာ ရှုပ်ထွေးပြီး အမွှေးနံ့ပင်ရနေသေးသည်။ ယင်းမှာ ကဝေမုဆိုးမအိမ်မှ ရသောအမွှေးရနံ့နှင့် နည်းနည်းဆင်သည်။

အားလုံးက သူတို့ကိုယ်သူတို့ ဖြေသိမ့်လိုက်သည်: 'အနည်းဆုံးတော့ ကဝေမုဆိုးမ မုန်းတဲ့အနံ့တော့ မဟုတ်ဘူးပဲလေ၊ ဟုတ်တယ်မလား'

သို့သော်.........

တကယ်ပဲ ဒီလိုမျိုး လုပ်လို့ရလို့လား။

ကဝေမုဆိုးမကို ဒေါသမထွက်စေဘူးလား။

ရွာသူကြီးထွက်မသွားခင်က ကဝေမုဆိုးမကို မည်သည့်အခြေအနေမျိုးဖြစ်ဖြစ် ဒေါသထွက်အောင် မလုပ်မိစေရန် သေသေချာချာ အလေးပေး၍ပင် ပြောသွားသေးသည်.... ထိုအချိန်ကနေ မိနစ်အနည်းငယ်မျှသာ ရှိသေးသည်။

"မင်းကို ကြည့်ရတာ စည်းကမ်းတွေ မချိုးဖောက်ဘဲ တစ်ရက်လေးတောင် မနေနိုင်ဘူးထင်တယ်" ကိုယ်ပိုင်စာမေးပွဲခန်းစောင့်အဖြစ် အတင်းအကြပ်ခိုင်းစေခံရသော ချင်ကျိုးက စကားထပြောသည်။

ယိုဟော့: "စောစောက စာမေးပွဲလိုအပ်ချက်တွေမှာ အသံသွားနေတုန်း ရပ်အောင်လုပ်လို့မရဘူးလို့များ ပြောသွားလို့လား"

ချင်ကျိုး : "တကယ်တော့ မပြောသွားဘူး"

ယိုဟော့: "အဓိကလူရဲ့ ပါးစပ်ကို ဆို့လို့မရဘူးလို့ရော ပြောသွားလား"

ချင်ကျိုး: "အဲဒါလည်း မပြောသွားဘူး"

ယိုဟော့: "အဲဒါဆို ဘယ်လိုလုပ်ပြီး စည်းကမ်းချိုးဖောက်တယ်လို့ ပြောလို့ရမှာလဲ"

ချင်ကျိုးက သဘောကျသွားသည့်ပုံရသည်။ သူက 'ဆက်လုပ်ပါ' ဟူသည့် လက်ဟန်ဖြင့် ယိုဟော့ကို ရှေ့ဆက်ခွင့်ပေးလိုက်သည်။ သူက ယိုဟော့မည်သို့ဆက်လုပ်မည်ကို ကြည့်ချင်နေသည့်ပုံရသည်။

ထို့နောက် ယိုဟော့ သူ့ဂျင်းဘောင်းဘီအိတ်ကပ်မှ ဖုန်းထုတ်လိုက်သည်ကို တွေ့လိုက်ရသည်။ အသံသွင်းသည့်ဖန်ရှင်ကို ဖွင့်လိုက်ပြီးနောက် ကဝေမုဆိုးမ၏ ပါးစပ်မှ အဝတ်စကို ဖယ်ပေးလိုက်သည်: "ဆက်ပြော"

အားလုံး: "..........."

ကဝေမုဆိုးမ: ".............."

"ဟုတ်သားပဲ၊ ဖုန်းတွေသုံးလို့ရတာပဲ"

အားလုံးက နားလည်သွားသည်။ ဤစာမေးပွဲတွင် ဖုန်းများကို ပိတ်ခိုင်းထားခြင်းမရှိပေ။ လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်ကပင် အချိန်ကြည့်ရန် ဖုန်းသုံးခဲ့ကြသေးသည်။ သို့သော် မည်သူကမျှ အသံသွင်းရန် သုံးလို့ရသည်ကို သတိမထားမိကြပေ။

ယိုဟော့၏ အပြုအမူက အားလုံးကို ဤသို့ပြုလုပ်လို့ရသည်ကို သတိပေးလိုက်ရာရောက်သည်။

ခဏအတွင်း လူတိုင်းက ဖုန်းများကိုဆွဲထုတ်လိုက်ကြသည်။ ဖုန်းခုနစ်လုံးဖြင့် ဖြေဆိုသူ ခုနစ်ယောက်၊ အားလုံး ကဝေမုဆိုးမဆီသို့ ဦးတည်ထားကြသည်။

နှစ်စက္ကန့်မျှအကြာ စာမေးပွဲခန်းစောင့် Mr.001 သည်လည်း သူ့ဖုန်းကိုထုတ်လိုက်သည်။

အသစ်ဝင်လာသော ချန်ပင်းက နောက်ဆုံးတွင် တုံ့ပြန်လာသည်: "တကယ်ပဲ ဒီလိုလုပ်လို့ရရဲ့လား၊ သူစိတ်မဆိုးဘူးလား"

ယိုဟော့: "အခုမှတော့ နောက်ကျသွားပြီ"

"..........."

လူသစ်နှစ်ဦးမှာ အခုမှ ပင်လယ်ဓားပြသင်္ဘောသို့ တက်လာသည့်နှယ် ရုတ်တရက် ခံစားလိုက်ရသည်။

ဘယ်သောအခါမျှ ပြန်ဆင်းခွင့်မရှိသော သင်္ဘောမျိုးဖြစ်သည်။

ချန်ပင်းက သူ့ဖုန်းကို တုန်ယင်စွာဖြင့် အကြာကြီးကိုင်ထားသော်လည်း ကဝေမုဆိုးမမှာ ယိုဟော့ကိုသာလျှင် စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

အခြားမည်သူကမျှ သူမအတွက် အရေးမပါသည့်အလား၊ ပထမဆုံး သူမကို စိတ်ဆွလိုက်သောသူသာလျှင် အဓိကလက်သည်တရားခံဖြစ်သည့်နှယ် ကြည့်နေသည်။

ကဝေမုဆိုးမ၏ မျက်ဆံများမှာ အလွန်ကြီးမားလေရာ ပို၍ပင်နက်ရှိုင်းပြီး မည်းမှောင်နေသည့်ပုံပေါက်နေသည်။ လှည့်ပတ်ကြည့်ရှုနေသည့်အချိန်က မသိသာသော်လည်း တစ်နေရာသို့ အသေကြည့်နေသည့်အခါတွင် လူသေမျက်လုံးများနှင့် တူလှသည်။

ထိုမျက်လုံးများဖြင့် စိုက်ကြည့်ခံရသော မည်သူမဆို ဆိုးဆိုးဝါးဝါး ကြောက်ရွံ့တုန်လှုပ်ခြင်းကို ခံစားရပေလိမ့်မည်။

မည်သို့ဖြစ်ပါစေ ယိုဟော့ကမူ ဂရုပင်မစိုက်ချေ။

ကဝေမုဆိုးမက သူ့ကိုကြည့်နေသော်လည်း သူကမူ အောက်သို့ငုံ့ပြီး ဖုန်းကိုကလိနေသည်။ စောနက အသံသွင်းထားသည်ကို သိမ်းနေလေသည်။

သူက အလွန်အေးဆေးနေလေရာ အခြားသူများမှာ အထိတ်တလန့်ဖြစ်ဖို့ပင် အနည်းငယ် ရှက်ရွံ့နေကြသည်။

·

ယိုဟော့က အသံသွင်းထားသည်ကို သိမ်းလိုက်ပြီး နာမည်ကို "ပေါက်ကရစကားများ" ဟုပြောင်းမှတ်လိုက်ပြီး ကဝေမုဆိုးမကို မေးလိုက်သည် "ဘာကျန်သေးလဲ"

သူမက ယိုဟော့ကို အချိန်အကြာကြီး မျက်နှာသေဖြင့် စိုက်ကြည့်နေပြီးနောက် စူးစူးဝါးဝါးထရယ်လိုက်ပြန်သည်။ ပါးစပ်ကို အဝတ်ဖြင့်ဆို့လိုက်သည့် အပြုအမူနှင့် အခုလေးတင် အသံသွင်းထားသည်တို့က အရေးမပါသည့်အရာများကဲ့သို့ပင် သို့မဟုတ်... နောက်မှ အကြွေးတောင်းမည်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်နိုင်သည်။

ကဝေမုဆိုးမ၏ ပိန်သေးသော လက်သည်းများ....လက်ချောင်းများက ယိုဟော့၏ လက်ကောက်ဝတ်ကို ဆုတ်ကိုင်လာပြီး တံခါးကိုဖြတ်၍ အထဲသို့ဆွဲသွင်းလိုက်သည်။

ထို့နောက် သူမခေါင်းကို စောင်းငဲ့၍ အခြားသူများကို ကြည့်လာသည်။

အခြားဖြေဆိုသူများမှာ သိပ်သတ္တိရှိကြသူများ မဟုတ်ချေ။ အကြည့်ခံလိုက်ရသည်နှင့် ချက်ချင်းဆိုသလို ထပ်မံတိုက်တွန်းစရာပင်မလိုပဲ အိမ်ထဲသို့ဝင်လိုက်ကြသည်။

ကဝေမုဆိုးမက စိတ်ကျေနပ်သွားသကဲ့သို့ ခေါင်းညိတ်လိုက်သည်။

လျန်ယွမ်ဟောက်မှာ အုပ်စု၏အစွန်ဆုံးတွင်ရှိနေသည်။ သူလှမ်းဝင်လာပြီးသည်နှင့် သူ့အနောက်မှတံခါးက တကျွီကျွီအသံပေး၍ ပိတ်သွားကာ သော့ခလောက်သံပါ ကြားလိုက်ရသည်။ သူ့နောက်မှ တစ်ခုခုက ကပ်လျက်လိုက်ပါလာသည့်နှယ်ပင်ဖြစ်သည်။

သူတို့က ပိတ်ထားသောတံခါးကို ကြည့်လိုက်ပြီး နောက်ဆုံးမေးခွန်းကို ရုတ်တရက် ပြန်အမှတ်ရသွားသည်: ကဝေမုဆိုးမအိမ်မှာ လူဘယ်နှစ်ယောက်ရှိသလဲ...

သူတို့မျက်နှာများအားလုံး ဖြူဖျော့သွားကြပြီး အလျင်အမြန် အတူတူ ပူးကပ်သွားကြသည်။ မည်သူကမျှ အုပ်စုမှ ခွဲထွက်မသွားရဲကြပါချေ။

·

ကဝေမုဆိုးမအိမ်မှာ မှန်းထားသည်ထက် ပိုကျယ်ဝန်းလေသည်။

ဂျစ်ပစီများသည် မည်သည့်နေရာတွင် နေစေကာမူ သူတို့ဘိုးဘေးဘီဘင်များ၏ ဓလေ့ထုံးတမ်းများကို အမြဲလိုက်နာတတ်ကြသည်။ အခန်းတိုင်းမှာ တဲပေါင်းမိုးတစ်ခုကဲ့သို့ တန်ဆာဆင်ထားပြီး သက္ကလတ်အပျော့စများနှင့် ကောဇောအချို့ ပြန့်ကြဲနေသည်ကို တွေ့ရသည်။

အခန်းအတွင်းမှ ရနံ့မှာ ပို၍ပြင်းရှလာပြီး အားလုံးကို မူးဝေလာစေသည်။

ပြတင်းဘောင်များနှင့် မီးဖိုအပေါ်တွင် အိုဟောင်းနေသော ရေနွေးကြမ်းခွက်များ၊ ဇွန်းများနှင့် ဗန်းများကို တွေ့ရသည်။ သစ်သားစားပွဲထက်တွင် မည်းညစ်နေသောအရာများ ထည့်ထားသည့် ကရားတစ်လုံးကို တင်ထားသည်။

ယိုဟော့က ကိုယ်ကိုကိုင်း၍ အနံ့ခံကြည့်လိုက်သည်။ ရေနွေးကြမ်းဖြစ်ေသော်လည်း ဆေးရွက်ကြီးနံ့ ခပ်ပျပျကိုလည်း ရနေသည်။

ကောင်းသောအနံ့မဟုတ်သော်လည်း အခန်းအတွင်းမှ အသက်ရှူကြပ်ဖွယ် ရနံ့ထက်တော့ ပိုကောင်းသည်။

တစ်ဦးတည်းသော စာမေးပွဲခန်းစောင့်မှာလည်း အလွန်ရိုင်းသောသူဖြစ်သည်။ ဝင်လာသည်နှင့် တစ်ယောက်ထိုင်ဆိုဖာတစ်ခုကို ရွေးချယ်၍ ထိုင်ချလိုက်သည်။

အိမ်ထဲတွင် ဝါးခြင်းတောင်းနှစ်တောင်းကို မီးလင်းဖိုရှေ့၌ တွေ့ရသည်။ အတွင်း၌ သိုးမွှေးချည်လုံးများနှင့် အပ် အတို၊ အရှည်နှစ်မျိုးစလုံး ရှိနေသည်။

ကဝေမုဆိုးမက လက်လှမ်းလာသည်။ သူမလက်မောင်းများထက်မှ လက်ကောက်များမှာ အချင်းချင်းရိုက်ခတ်နေကြပြီး သူမလက်မှာ အလေးချိန်ကြောင့် အောက်သို့ပို၍ နိမ့်ကျသွားသည်။

သူမက ဝါးခြင်းတောင်းအထဲမှ သိုးမွှေးလူရုပ် အနည်းငယ်ကို ထုတ်လာသည်။

ထိုလူရုပ်များမှာ သိပ်ကြည့်မကောင်းလှပေ။ မျက်နှာ၊ လက်များနှင့် ခြေထောက်များမှာ ဟောင်းနွမ်းနေသော ပြာနှမ်းနှမ်းပိတ်စဖြင့် လုပ်ထားခြင်းဖြစ်ပြီး လက်တံ ခြေတံများမှာ ပိတ်စသွတ်ထားသောကြောင့် ကသိကအောက် ဖုထစ်ထွက်နေသည်။ ထို့နောက်တွင် အကုန်လုံးကို သိုးမွှေးချည်အတုတ်ဖြင့် တွဲချုပ်ထားသည်။

လူရုပ်တစ်ရုပ်မှာ ပြီးစီးပြီးသားဖြစ်သည်။ ကဝေမုဆိုးမက ယင်းကို သူမအေပရွန်အတွင်းသို့ ထည့်လိုက်သည်။ အခြားအရုပ်များမှာ တစ်ဝက်တပျက်ဖြစ်နေသော အရုပ်များဖြစ်သည်။ အချို့မှာခြေလက်တံများ ပျောက်နေပြီး အချို့မှာ ခေါင်းများ ပျောက်နေသည်။ ကြည့်လိုက်ရုံဖြင့် ယင်းလူရုပ်များမှာ ကျိန်စာတိုက်ရန်သို့မဟုတ် ကံကြမ္မာဖတ်ရန်သုံးခြင်းဖြစ်မည်ဟု တွေးမိမည်ဖြစ်သည်။

ကဝေမုဆိုးမက အခန်းထောင့်မှ သစ်သားဘောင်တစ်ခုကို ညွှန်ပြလိုက်ပြီး နောက်ထပ် code အချို့ကို ဗလုံးဗထွေး ရေရွတ်ပြန်သည်။

သည်အကြိမ်တွင်မူ အားလုံးက အတွေ့အကြုံရှိပြီးဖြစ်သည်။ သူတို့က အသံသွင်းဖန်ရှင်ကို အိမ်ထဲသို့ဝင်လာကတည်းက မပိတ်ထားကြသောကြောင့် အလိုအလျောက် အသံသွင်းပြီးသား ဖြစ်သွားလေသည်။

·

ယိုဟော့က သစ်သားဘောင်ကို ကြည့်လိုက်လေရာ ပြီးနှင့်ပြီးသား အရုပ်အချို့ကို ဘေးချင်းကပ်လျက်ထိုင်နေသည်ကို တွေ့လိုက်ရသည်။

ကဝေမုဆိုးမက သူမအေပရွန်အတွင်းမှ အရုပ်ကိုလည်း အပေါ်တင်လိုက်ပြီး သိုးမွှေးနှင့် အပ်များကို အားလုံး၏ လက်ထဲသို့ ထိုးထည့်လိုက်သည်။

သူမက ဝါးခြင်းတောင်းကို ညွှန်ပြပြီးနောက် ပြောလိုက်သည်: "# ¥ * & ... (&%"

ဂျစ်ပစီဘာသာစကားဖြင့် ပြောကြားနေခြင်းဖြစ်သော်လည်း အားလုံးက သူမပြောချင်သည်ကို နားလည်လိုက်နိုင်သည်------သူမက ကျန်ရှိနေသောအရုပ်များကို အပြီးသတ်စေလိုခြင်းဖြစ်သည်။

ကဝေမုဆိုးမက သဲနာရီတစ်လုံးကို ထုတ်လာပြီး သစ်သားစားပွဲထက်သို့ မတင်မီ အထက်အောက်လှည့်လိုက်သည်။ ထို့နောက် မတ်တပ်ထရပ်လိုက်ပြီး ထွက်ခွာသွားတော့သည်။

သူမအပြင်ထွက်သွားသည်နှင့် အပြင်ဘက်မှ တဒေါက်ဒေါက်အသံများ ကြားလိုက်ရသည်။

ချန်ပင်းက အလျင်အမြန်တုံ့ပြန်လိုက်သည်။ သူက ပြတင်းပေါက်သို့ အလျင်စလိုပြေးသွားကာ အကြိမ်အနည်းငယ်ခန့် ဆွဲဖွင့်ကြည့်လိုက်ပြီးနောက် ပြောသည်: "အားလုံး သော့ခတ်ထားတယ်... သူကငါတို့ကို အထဲမှာပိတ်သွားတာ၊ ငါတို့ဘာလုပ်ကြမလဲ"

ယွီဝမ်က ဝါးခြင်းတောင်းကို နှုတ်ခမ်းများဖြင့် ထိုးပြ၍ "ဆိုလိုရင်းက ရှင်းနေတာပဲလေ၊ သဲနာရီကိုလည်း ချိန်သွားတယ်ဆိုတော့ သဲကျနေတာရပ်သွားတာနဲ့ ငါတို့ကို လွှတ်ပေးမယ်၊ ဒါမှမဟုတ် သဲမကုန်ခင် ဒီလူရုပ်တွေကို ပြီးအောင်လုပ်ရမယ် နှစ်ခုထဲကတစ်ခုပဲ"

အားလုံးက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ထို့နောက် ကြမ်းပြင်ပေါ်တွင် တွန့်ဆုတ်စွာဖြင့် ခြေယှက်လျက် ထိုင်ချလိုက်ကြသည်။ တစ်ဦးစီက မပြီးသေးသော အရုပ်တစ်ရုပ်စီကို ကောက်ကိုင်လိုက်ကြပြီး တွေဝေနေကြသည်။

လောင်ယွီက သက်ပြင်းချလိုက်ကာ ပြောသည်: "ငါတို့ ဘာများထပ်လုပ်နိုင်မှာလဲ၊ ချုပ်ကြတာပေါ့၊ ဒီတစ်ခေါက်အတွက် အဓိကလူက ကဝေမုဆိုးမဆိုတော့ သူပြောတဲ့အတိုင်း ငါတို့လုပ်ရမှာပေါ့၊ တစ်ခုခုဆိုရင် သဲနာရီထဲက သဲကုန်တဲ့အထိ အရင်ဆုံးစောင့်နေလိုက်ရုံပဲ၊ ဟုတ်တယ်မလား"

သူတို့အားလုံးက ယခု မသိစိတ်မှ ယိုဟော့ကို ခေါင်းဆောင်အဖြစ် သတ်မှတ်ထားကြသည်။ တစ်ခုခုပြောပြီးသည်နှင့် အမြဲတမ်း ယိုဟော့ကို ကြည့်ကြသည်။

သို့သော် သူတစ်ဖက်လှည့်ကြည့်လိုက်သောအခါ သူ့တူဖြစ်သူမှာ မထိုင်ဘဲ ကုတင်ဘေးတွင် မတ်တပ်ရပ်ကာ ပြတင်းအပြင်ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ဘာဖြစ်လို့လဲ" အားလုံးက စိတ်လှုပ်ရှားနေကြသည်။

"ဘာမှမဖြစ်ဘူး" ယိုဟော့က ဖြေသည်။

သူက ကဝေမုဆိုးမ ထွက်သွားသည့်နေရာကို ကြည့်လိုရုံသက်သက်သာဖြစ်သည်။

·

ပြတင်းပေါက်အပြင်တွင် ကဝေမုဆိုးမ၏ ခါးကိုင်းနေသောသဏ္ဌာန်ကို မြင်နိုင်လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် ခပ်ဝေးဝေးသို့ ရောက်သွားပြီးဖြစ်ကာ တောနက်အတွင်းတွင် ပျောက်ကွယ်သွားတော့သည်။

ယိုဟော့က လိုက်ကာကို နှိမ့်ချလိုက်သည်။

သူက မူလအစက မီးလင်းဖိုဘေးတွင် ထိုင်လိုခဲ့သော်လည်း ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

သစ်သားဘောင်၏ အောက်ဆုံးအခြေ ထောင့်တစ်နေရာတွင် လူရုပ်တစ်ရုပ်ထိုင်နေသည်ကို တွေ့ရသည်။ ယင်းမှာ ဖုန်တက်နေပြီး သိပ်မထင်ရှားသော်လည်း ယင်း၏ခြေထောက်မှာ ယိုဟော့၏ အာရုံကိုဆွဲဆောင်လိုက်နိုင်သည်။

သူက လျှောက်သွားလိုက်ပြီး အရုပ်ကို ကုန်းကောက်လိုက်သည်။

ပစ္စည်းအနေအထားနှင့် ဖုန်တက်နေသည်ကို ကြည့်ခြင်းဖြင့် ထိုအရုပ်ကို လွန်ခဲ့သောအချိန်အတော်ကြာကြာခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ရမည်။ လက်ရာမှာ ဖြစ်ကတတ်ဆန်းနိုင်လှပြီး ခန္ဓာကိုယ်နှင့် ချိတ်ဆက်ထားသော ခြေတံလက်တံများမှာ အားလုံးရွဲ့စောင်းနေသည်။ လက်များခြေများမှာ အရောင်တစ်ရောင်တည်းလည်း မဟုတ်ပါချေ။

ယင်းအချက်ကြောင့် လူရုပ်မှာ ထူးဆန်းပြီး သနားစဖွယ်ဖြစ်နေလေသည်။

သို့သော် ယင်းမှာ ယိုဟော့၏ အာရုံကို ဖမ်းစားလိုက်သော အကြောင်းရင်းမဟုတ်ပါချေ။

သူက ခြေထောက်တစ်ဖက်မှ အဆင်ဒီဇိုင်းကြောင့် သတိထားမိလိုက်ခြင်းဖြစ်သည်။

အရုပ်ကို အကြမ်းထည်သာသာလုပ်ထားသော်လည်း အဆင်ဒီဇိုင်းမှာမူ အလွန်လက်တွေ့ဆန်လှသည်။ ယင်းမှာ သက်ရှိလူတစ်ဦး၏ ခြေကျင်းဝတ်မှ တက်တူးနှင့် ဆင်တူနေလေသည်။ တက်တူးပုံမှာ သေးငယ်သော ခေါင်းလောင်းပန်းတစ်ပွင့်ပုံ ဖြစ်နေပြန်သည်။

ယိုဟော့က ထိုတက်တူးကို စက္ကန့်အနည်းငယ်ခန့် စိုက်ကြည့်နေပြီးနောက် ဆိုဖာထက်တွင် ထိုင်နေသောသူကို လှမ်းပုတ်လိုက်သည်။

ချင်ကျိုးက သူ့ခေါင်းကို လက်ထောက်လျက် စိုက်ကြည့်နေခြင်းဖြစ်သည်။ သူ့ကို ပုတ်လိုက်သောအခါ ပျင်းရိပျင်းတွဲဖြင့် ပြောလာသည်: "ပြော"

ယိုဟော့က အရုပ်၏ခြေထောက်ကို သူ့ကိုထိုးပြပြီး: "ရင်းနှီးမနေဘူးလား၊ ငါ့မှာ မျက်နှာတွေမမှတ်မိတဲ့ရောဂါရှိတယ်၊ ငါမှတ်မိတာ ဟုတ်ရဲ့လားတော့မသေချာဘူး"

ချင်ကျိုးက ဒီဇိုင်းကို ကြည့်လိုက်ပြီး : "ငါက ရင်းနှီးနေရမှာလား"

ယိုဟော့က စိတ်မရှည်စွာဖြင့် နှာမှုတ်လိုက်သည်: "ငါနောက်ဆုံးအကြိမ် အပြစ်ပေးခန်းကို သန့်ရှင်းရေးလုပ်တုန်းက ထွက်လာတဲ့ဟာလေ... မင်းအခန်းတံခါးအရှေ့မှာထားခဲ့တဲ့ ရေပုံးထဲကဟာ၊ အဲဒါမှာလည်း ဒီပုံရှိတယ်ထင်တယ်"

ချင်ကျိုး: "..........."

မင်းက အဲဒီအကြောင်း ထပ်ပြောထွက်ရဲသေးတယ်လား။

...............................xxx...............................

Translated by Akira ❣️

Akira has something to say:

ပုံမှန် Tuesday တိုင်း update ပေးပေမယ့် Assassinate update ပေးရင်းနဲ့ ဒီနေ့စောတင်လိုက်တယ်နော်။ Pi sama ရဲ့ ဝတ္တုကြိုက်တတ်ရင် သွားဖတ်လို့ရတယ်နော်။ ငြိမ့်ငြိမ့်လေးနဲ့ ခံစားရမှာပါ။ ကိုဗစ်တွေရော ကိုစစ်တွေရောက မပြီးမပြတ်နဲ့ဆိုတော့ အားလုံး အပြင်ထွက်ရင် ဂရုစိုက်ကြပါ။

Comment