အခန်း ၁၀၃: လူဆိုးဂိုဏ်းဝင် ရှစ်ယောက်

အခန်း ၁၀၃: လူဆိုးဂိုဏ်းဝင် ရှစ်ယောက်

ချင်ကျိုးက ယိုဟော့ကို စနောက်ချင်သောကြောင့်သာ ထိုသို့ပြောခဲ့ခြင်းဖြစ်သော်လည်း သူ့မေးခွန်းအတွင်းမှ ပြောလိုသည့်အရိပ်အမြွက်မှာ အလွန် ရှင်းလင်းနေသည်။

အကယ်၍ ယိုဟော့သာ တကယ်တမ်း ထိုအကြောင်းအရာကို ရှောင်သွားချင်ခဲ့လျှင် သူ ငြင်းဆန်လိုက်၍ ရသည်။

သို့သော် ယိုဟော့က စကားမဆိုခဲ့ပါချေ။

တံခါးလက်ကိုင်ကို ကိုင်ထားသောလက်မှာ ခဏတဖြုတ် တင်းကျပ်သွားပြီးနောက် ပြန်လည်ပြေလျော့သွား၏။ ချင်ကျိုး၏ အကြည့်အောက်တွင် သူသည် တိတ်ဆိတ်နေခဲ့သည်။ ပြောမထွက်နိုင်သော လျှို့ဝှက်ချက်တစ်ခု ရှိခဲ့သည်ကို အသံတိတ်အသိအမှတ်ပြုနေသကဲ့သို့ပင်။

ဤကဲ့သို့သော တိတ်ဆိတ်မှုမျိုးတွင် မပြောအပ်ဟု တားမြစ်ထားသည့် ခံစားမှုမျိုးလည်း မသိမသာ ကပ်ပါနေသေးသည်။

ချင်ကျိုးသည် သူ့ကို ငှက်ခြေသည်း၊ လက်သည်းတစ်ခု၏ ထိပ်ဖြင့် ကုတ်ခြစ်မိသွားသည့်အလား ခံစားလိုက်ရ၏။ ၎င်း၏ အချွန်ထက်ဆုံး ထိပ်ဖျားကိုသုံး၍ ခပ်ဖြည်းဖြည်း ညင်သာစွာ အပေါ်တက်လိုက် အောက်ဆင်းလိုက်လုပ်နေသည်။

မနာကျင်သော်ငြား သူ့နှလုံးသားကို ယားကျိကျိဖြစ်စေသည်။

အကျဉ်းခန်းသက်ရောက်မှုမှာ စတင်နေပြီ။ သူတို့ပတ်ဝန်းကျင်သည် တဖြည်းဖြည်း မှောင်မိုက်လာပြီး အခန်းတွင်းရှိ အရာဝတ္တုတို့၏ ကောက်ကြောင်းတို့ကို ကောင်းစွာမြင်ရရန် ခက်ခဲလာသည်။

မှောင်မည်းလာသော ပတ်ဝန်းကျင်တွင် ယိုဟော့သည် ချင်ကျိုးကို လှည့်ကြည့်လာ၏။

နောက်ခဏအကြာတွင် ချင်ကျိုးသည် သူ့ကို နမ်းရှိုက်လာသည်။

သူက ယိုဟော့ကို တံခါးတွင် ကျောဖြင့် အပ်ထားသည်။

ချူယွဲ့ပြောခဲ့သည့်အတိုင်းပင် စနစ်အတွင်းတွင်ရှိသောသူ တစ်ယောက်အနေဖြင့် သူ့အပေါ်စနစ်၏ လွှမ်းမိုးမှုနှင့် ထိန်းချုပ်မှုတို့မှာ ပို၍ ပြင်းထန်သည်။ သူ့မှတ်ဉာဏ်အမြောက်အမြားသည် အသေပိတ်လှောင်ခံထားရပြီး ယခုပင်လျှင် သူမမှတ်မိနိုင်ပေ။

သို့ရာတွင် သူတို့နှစ်ဦး ယခုကဲ့သို့ ထိတွေ့မိသည့်အခါတိုင်း သူ့နှလုံးသားသည် ယိုဖိတ်ပြည့်လျှံသွားသည့်အလား ခံစားရသည်။

အလွန်များပြားသော ခံစားချက်များ ပြည့်လျှံ ထွက်ကျလာသောကြောင့်ဖြစ်သည်....

သို့သော်ငြား ဤခံစားချက်များသည် ဘယ်ကရောက်လာမှန်း သူမသိပေ။

သူတို့နှစ်ဦးရဲ့အနမ်းသည် ဤကဲ့သို့ပင်။ အစတွင်အလွန်ကြမ်းတမ်းပြီး နောက်တွင် တဖြည်းဖြည်းချင်း ငြိမ်ကျသွားလိမ့်မည်။

ချင်ကျိုးသည် ယိုဟော့၏ နှုတ်ခမ်းနှင့် နှုတ်ခမ်းထောင့်လေးများကို ခပ်ဖွဖွ အနမ်းပေးလိုက်ပြီးနောက် ဆိုသည်။ "ငါ နောက်နေတာမဟုတ်ပါဘူး"

အကယ်၍ သူတို့သည် သူ့မိသားစု မဟုတ်ခဲ့ပါလျှင် သူသေချာပေါက် ထိုဒုတိယစကားတစ်ဝက်ကို ပြောခဲ့မည်မဟုတ်ပေ။

ယိုဟော့က သူ့ကိုကြည့်လိုက်ပြီးနောက် အသက်ကို ခပ်ညင်းညင်းရှူလိုက်သည်။ "ငါ့မှာ ထိုးထွင်းသိနိုင်တဲ့ အစွမ်းရှိတယ်"

သည်လိုအချိန်မျိုးတွင်ပင် သူ့လေသံတွင် သရော်တော်တော်ဟန် စွက်နေဆဲဖြစ်သည်။

အခန်းသည် ပို၍ မှောင်လာသည်။ သူ(ချင်) သူ့(ယို)အမူအရာကိုပင် ပုံမဖော်နိုင်တော့ပေ။

သို့သော် သူ့အသံကိုနားထောင်ရုံနှင့် သူ့ကိုယ်သူ တည်ငြိမ်အောင် အကောင်းဆုံးကြိုးစားနေခြင်းဖြစ်သည်မှာ ထင်ရှားသည်။

"ငါတို့အခု အပြင်မထွက်ရင် တံခါးကို ရှာတွေ့တော့မှာမဟုတ်ဘူး" သူ အပေါ်မှ လက်ချင်းယှက်ဆုပ်ကိုင်ထားသော ယိုဟော့လက်သည် သူ့ကို သတိပေးရန် အနည်းငယ် လှုပ်ရှားသွား၏။

ချင်ကျိုးသည် နားလည်သလို အသံပြုလိုက်ပါသော်လည်း အသံတွင် စိတ်မပါသည့်အလား။

သူက အခြားလက်တစ်ဖက်ဖြင့် ယိုဟော့၏ လည်တိုင်ဘေးခြမ်းကို ကိုင်ထားလျက် လက်မဖြင့် မေးဖျားပေါ်သို့ ဖိလိုက်သည်။

ယိုဟော့ ခေါင်းကို အနည်းငယ် ပင့်မော့လိုက်လေရာ သူ့မေးစေ့မှ လည်တိုင်တစ်လျှောက် ပါးလျသောကောက်ကြောင်းမှာ ပိုမို ဆန့်ထွက်လာသည်။ ချင်ကျိုးသည် ခေါင်းကိုငုံ့ကာ သူ့လည်ပင်းမှ မညီမညာငေါထွက်နေသောနေရာကို အသာအယာနမ်းလာသည်။

ယိုဟော့၏မျက်တောင်များမှာ တုန်ယင်သွား၏။ ထို့နောက် ချင်ကျိုးသည် ခေါင်းပြန်မတ်လိုက်ပြီးနောက်ဆိုသည်။ "သွားစို့ စာမေးပွဲခန်းစောင့်ကြီး"

စာမေးပွဲခန်းစောင့်ကြီးသည် သူ့ကို ထရိုက်လိုက်ချင်နေသည်။

***

ယွီဝမ် ချူယွဲ့နှင့် တခြားသူများနှင့်အတူ ဒုတိယထပ်မှ အောက်ဆင်းလာသောအခါ သူ့အစ်ကိုနှင့် သူ့ယောကျ်ားလေးသူငယ်ချင်းဖြစ်သူကို ဆိုဖာပေါ်တွင် ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။

ယိုဟော့က သူ့ဖုန်းကို လျှောက်ကလိနေချိန်မှာ ချင်ကျိုးကမူ ပါးပါးရှည်ရှည် စာအုပ်တစ်အုပ်ကို ကိုင်လျက် ရောက်ရာတတ်ရာ လှန်လှောကြည့်နေ၏။

လောင်ယွီ၏ အသေကောင်ကဲ့သို့ ခန္ဓာကိုယ်ကြီးသည် ခြေကားရာလက်ကားရား လဲနေသည်။ သူက ဆေးအချို့သောက်ပြီးနောက် အိပ်မောကျသွားခြင်းဖြစ်ပြီး သူ့အရှေ့တွင် ရေအပိုတစ်ခွက်ရှိသည်။ ယိုဟော့နှင့် ချင်ကျိုး ချထားခဲ့ခြင်း ဖြစ်ဟန်တူသည်။

ယွီဝမ်သည် ခြေလှမ်းကို နှေးလိုက်ပြီးနောက် သူတို့နှစ်ယောက်ကို အလွန်စေ့စေ့စပ်စပ် ကြည့်နေသည်။ သူတို့နှစ်ယောက်သည် အလွန်တရင်းတနှီး မနေမှန်း သတိထားမိသည်။

ဟိုးအရင် သူတိတ်တခိုး တွဲတုန်းကဆိုလျှင် ဆရာက ဟာသပြောသည့်အခါပဲဖြစ်ပါစေ၊ သူနှင့်သူ့ကောင်မလေးသည် တစ်ယောက်ကိုတစ်ယောက် ဖျတ်ခနဲ လှမ်းကြည့်ပြီး တစ်ယောက်ကိုတစ်ယောက် လေးလံသောစာကြည့်စားပွဲများနှင့် စာအုပ်ပုံများကြားမှ အတန်ကြာအောင် ကြည့်နေကြလိမ့်မည်။

စာသင်ခန်း အဝင်အထွက်တွင်လည်း တမင်တကာ တစ်ဖက်ခြမ်းသို့သွားကာ ကောင်မလေး၏စားပွဲပေါ်သို့ မသိမသာ လက်ချောင်းဖြင့် ခေါက်သွားပြီးမှ အဝေးသို့ ထွက်သွားလိမ့်မည်။

အတိုချုံးပြောရလျှင် သူက ရသမျှအခွင့်အရေးတိုင်းကို ဖမ်းဆုပ်ပြီး တတ်သမျှလှည့်ကွက်တိုင်းကို အသုံးချလိမ့်မည်။

အကယ်၍ အခွင့်အရေးမရှိလျှင်တောင် အခွင့်အရေးကို ဖန်တီးယူမှာဖြစ်သည်။

သို့သော် ဆိုဖာပေါ်မှ နှစ်ယောက်ကမူ လုံးလုံး ကွာခြားနေသည်။

ချင်ကျိုးက မည်သို့မည်ပုံရှိသည်ကိုမူ သူမသိပေ။ (*စရိုက်)

သို့သော် သူ့အစ်ကိုကမူ နဂိုအတိုင်း အေးစက်ကာ အမှုမထားသည့်ပုံအတိုင်းပင်။ သူ့မျက်လုံးများကို မှေးစင်းကြည့်နေသည်တွင် "အပြင်လူတွေ ဝေးနိုင်သမျှဝေးဝေး ထွက်သွားကြ၊ ငါ့ကို မနှောင့်ယှက်နဲ့" ဟူသော ခံစားမှုကို ပေးနေ၏။

ယွီဝမ်သည် နှုတ်ခမ်းစူသွားသည်။

သူက သူ့အစ်ကို၏ ချစ်သူမိန်းကလေးသည် ဘယ်လိုပုံစံရှိမည်ကို အမြဲသိချင်နေခဲ့ဖူးသည်။

သို့သော် ယခုမူ....

နတ်ဆိုးဘုရင်သည် နတ်ဆိုးဘုရင်ဖြစ်နေဆဲပါလေ။

သူက ရုတ်တရက် ဒါက သိပ်ပြီး ဘာမှထူးခြားတာလည်း မဟုတ်ပါဘူးဟု ခံစားလိုက်ရသည်။

ဒါက ဒီအတိုင်း....

သူ့အစ်ကိုက နောက်ထပ်နတ်ဆိုးဘုရင်တစ်ပါးကို ချစ်သူကောင်လေးအဖြစ် ခေါ်လာတာပဲ မဟုတ်ဘူးလား?!

ယွီဝမ်သည် သူ၏ အဆိုပါ မြူးထူးနေသော သုံးသပ်ချက်ဖြင့် နိဂုံးချုပ်လိုက်သည်တွင် နောက်ဆုံးလှေကားထစ်ကနေ ခြေချော်ကျခါနီးပင် ဖြစ်သွားသည်။

"ဘယ်လိုလဲ" ချင်ကျိုးက စာအုပ်ကနေ ခွာပြီး အပေါ်မော့ကြည့်လာ၏။

ချူယွဲ့က လက်ကို ယမ်းလိုက်ကာ "ဒုတိယနဲ့ တတိယထပ်မှာ ဘာမှမရှိဘူး။ ကလေးတွေရဲ့ အခန်းကို စစ်ကြည့်ပြီးပြီလား"

သူက ယွီဝမ်ကို မေးလိုက်သည်။

"အင်း အဲဒီမှာ ဘာမှမရှိဘူး။ ကျွန်တော် အံဆွဲတွေအကုန်လုံးကိုတောင် လှန်လှောရှာခဲ့သေးတယ်" ယွီဝမ်က ပြောရင်းဆိုရင်း ယိုဟော့၏ နံဘေးတွင် ဝင်ထိုင်လိုက်၏။ သူက တတ်နိုင်သမျှ ပုံမှန်အတိုင်းဖြစ်အောင် ကြိုးစားမေးလာသည်။ "အစ်ကို... အစ်ကိုတို့နှစ်ယောက်ရော ဘယ်လိုလဲ"

ယိုဟော့သည် ဓာတ်ပုံအယ်လဘမ်တစ်ခုကို လှန်ကြည့်နေသောကြောင့် ငုံ့လျက်ရှိသည်။ ယွီဝမ်၏စကားများကို ကြားသော် သူ့အပြုအမူတို့ ရပ်သွားကာ ယွီဝမ်ကို အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေ၏။

"ဘာ-ဘာလို့ ကြည့်နေတာလဲ" ယွီဝမ်က မေးသည်။

"အခု သက်သာသွားပြီလား" ယိုဟော့က မေးသည်။

ယွီဝမ်သည် ခေါင်းကုတ်လိုက်ပြီးနောက် "ဟား အခုက ဘယ်နှစ်ကို ရောက်နေပြီမို့လဲ၊ ကျွန်တော့်ရဲ့ အရာရာကို လက်ခံနိုင်တဲ့အစွမ်းက အမြဲတမ်း ကောင်းပါတယ်၊ နားလည်သဘောပေါက်ဖို့ အချိန်လေးပဲ လိုတာပါ။ ဘယ်လိုပဲဖြစ်ဖြစ်..... ဟား အစ်ကိုပျော်ရင် ပြီးတာပါပဲ"

.......

အနည်းငယ်လှမ်းသောနေရာတွင် ရပ်နေသော ချူယွဲ့သည် ရယ်လိုက်သည်။ "စာမေးပွဲခန်းစောင့်A မှာ ဒီလိုမျိုး ညီလေးတစ်ယောက်ရှိမယ်လို့ မထင်ထားဘူး။ တော်တော်ချစ်စရာကောင်းတာပဲ"

ယွီဝမ်၏ မျက်နှာမှာ ခရမ်းချဉ်သီးအသွင် ပြောင်းသွားတော့သည်။

အကယ်၍ ချူယွဲ့တကယ်ဆိုလိုသော "ချစ်စရာ" ဆိုသည်မှာ "အရူးလေး" ကိုဆိုလိုမှန်း သူသာသိလျှင် သည်လောက် နီရဲလာမည်မဟုတ်ပေ။

"ဧည့်ခန်းထဲရော မြေအောက်ခန်းမှာရော မရှိဘူး" ယိုဟော့က ဆိုသည်။

"အကျဉ်းခန်းကိုရော စစ်ခဲ့သေးလား" ယန်ရှုက ဘေးမှ ရေရွတ်နေသည်။ "အဲဒီနေရာကတော့ ဘယ်သူမှ မဝင်ရဲလောက်ဘူးထင်တယ်"

".....ငါတို့စစ်ခဲ့တယ်၊ အဲဒီမှာ မရှိဘူး" ယိုဟော့သည် မော့ကြည့်မလာသလို အမူအရာကလည်း မပြောင်းပေ။

ဝူလိနှင့်ရှုးရွှယ်သည် ပထမထပ်၏ တခြားဘက်ခြမ်းမှ လျှောက်လာကြပြီး ခေါင်းခါပြသည်။ "ကျွန်မတို့ဘက်မှာလည်း ဘာမှမရှိဘူး"

"အပေါ်၊ အောက်၊ အတွင်းနဲ့ အပြင်၊ အကုန်လုံးနီးပါး စစ်ခဲ့ပြီးပြီ" ရှုးရွှယ်က ဆိုသည်။ "စာတိုက်ပုံးထဲတောင်မှ စစ်ခဲ့သေးတယ်၊ ဘာမှမရှိဘူး"

ချူယွဲ့က စုတ်သပ်လိုက်သည်။ "ငါတို့ ဒီမှာနေလို့မရဘူးထင်တယ်"

"ပြောချင်တာက....အဲဒါက သူများအိမ်မှာလား" ရှုးရွှယ်သည် အနည်းငယ် စိုးရိမ်သွားသည်။ "ဘယ်လို စစ်ဆေးသင့်လဲ၊ ကျွန်မ တစ်အိမ်ပြီးတစ်အိမ် လျှောက်သွားကြည့်ရမလား"

သူက သူ့ကိုယ်သူ Firewall တွေကို ထိုးဖောက်ဝင်သော ဝန်ဆောင်မှုတစ်ခုအလား ပုံဖော်နေသည်။

သို့သော် ချူယွဲ့က ခေါင်းခါလိုက်သည်။ "မလိုဘူး။ မင်း တစ်ခေါက်နှစ်ခေါက် လုပ်လိုက်ပြီးတော့ ဘယ်လောက်တောင် ပင်ပန်းနေလဲ သိရဲ့လား။ ဒါက ပူးတွဲစာမေးပွဲဆိုတော့ ပထမအဆင့်က ရလဒ်တွေက ဒုတိယအဆင့်အတွက် အခြေခံအမှတ်ဖြစ်သွားလိမ့်မယ်၊ သူတို့တွေက ချိတ်ဆက်နေရမှာ။ ငါ့မှာ ဒါနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိတယ်။ ငါတို့ ဒုတိယအဆင့်ကိုရောက်တာနဲ့ ပုံမှန်အတိုင်း တခြားသူတွေနဲ့အိမ်တွေကို မြင်ရလိမ့်မယ်။ မေးခွန်းမှာ ပါနေပြီမဟုတ်လား။ ဒါက ကမ်းရိုးတန်းမြို့ပဲ"

"ဒါဆို ငါတို့ ဒီပထမအဆင့်ကို အပြီးသတ်ရမယ်" ချူယွဲ့သည် ဤအဆုံးသတ်သို့ရောက်သွားပြီးနောက် အဝေးသို့ ကြည့်လိုက်သည်။ "ဆယ်လီနဲ့ ရှာလီ ဟုတ်တယ်မလား၊ မင်းတို့အမေက ငါတို့တွေ ဒီမှာရက်အနည်းငယ် နေမယ်လို့ မှာသွားသေးလား။ ငါတို့ စောစောထွက်လို့ရလား"

သိပ်မဝေးသောနေရာမှ အခန်းငယ်လေးတစ်ခန်းအတွင်းမှ ခေါင်းနှစ်ခေါင်း ပြူထွက်လာ၏။ သူတို့က ဤကြောက်စရာကောင်းသော အန်တီကြီးစီ လှမ်းကြည့်လိုက်၏။

ထိုအခန်းမှာ သိပ်မကြီးပေ။ စာကြည့်ခန်းဖြစ်သည်။ အခန်းအတွင်းတွင် ကလေးစာကြည့်စားပွဲနှစ်လုံး။ ပန်းရောင်တစ်လုံးနှင့် အပြာရောင်တစ်လုံးဖြစ်သည်။ အစုံလိုက်လာသည့် စားပွဲများဖြစ်သည်။

ချင်ကျိုးသည် မြေအောက်ခန်းသို့ ငဲ့ကြည့်လိုက်သည်။ "ဒီကလေးဆိုးလေးတွေ ဘယ်တုန်းက စာကြည့်ခန်းထဲ ရောက်သွားတာလဲ"

"သတိမထားမိဘူး" ယိုဟော့သည်လည်း လှမ်းကြည့်လာသည်။

သူတို့ မြေအောက်ခန်းက တက်လာစဉ်က မောင်နှမနှစ်ယောက်သည် လှေကားတွင် မတ်တပ်ရပ်နေဆဲ ဖြစ်သည်။

မည်သူမှ မသိလိုက်ခင် တစ်ချိန်ချိန်က သူတို့ တိတ်တိတ်လေး နေရာရွှေ့သွားခြင်းဖြစ်သည်။

ဆယ်လီက အိမ်ရှေ့ခန်းမှလူတွေကို စိုက်ကြည့်နေရင်း ချီတုံချတုံ ဖြစ်နေပြီးနောက် ထွက်လာသည်။

သူ့လက်တစ်ဖက်တွင် စာရွက်တစ်ရွက်ကို ကိုင်ထားပြီး နောက်တစ်ဖက်က သူ့ညီမ၏လက်ကို ကိုင်ထားသည်။

"အမေက မမှာခဲ့ဘူး၊ ဒါပေမဲ့ ထွက်သွားလို့မရဘူး" ဆယ်လီ၏ ကလေးဆန်သောအသံမှာ မိန်းကလေးငယ်လေးတွေအသံကဲ့သို့ စူးရှသည်။ ရှာလီ၏ အသံနှင့် တစ်ထပ်တည်းနီးပါးပင်။

သူက လက်ထဲက စာရွက်ကို ယမ်းပြလိုက်ပြီး ပြောသည်။ "အမေနဲ့အဖေက ငါတို့အတွက် မေးခွန်းတစ်ခု ထားခဲ့တယ်။ ငါတို့ နေ့တိုင်း မေးခွန်းတစ်ခုဖြေရတယ်..... ဒါပေမဲ့ အဖြေကို မသိဘူး။ ငါတို့ကို ကူပေးမှရမယ်"

"ကောင်းပြီလေ မေးခွန်းကို ကြည့်ရအောင်"

ဆယ်လီက ကော်ဖီစားပွဲပေါ်တွင် စာရွက်ကို တင်လိုက်ပြီး နံဘေးတွင် မာကာဘောပင်တစ်ချောင်းကို တင်ထားသည်။

လူတိုင်းက အံ့အားသင့်သွားသည်။

၎င်းမှာ စာရွက်အလွတ်တစ်ခုသာဖြစ်သည်။ စာလုံးအနည်းငယ်မပြောနှင့် တစ်လုံးမှတောင်ရှိမနေ။

"ညတိုင်း ၈ နာရီက ဆယ်လီနဲ့ ရှာလီရဲ့ တွေးတောချိန်ပဲ" ဆယ်လီက နံရံပေါ်က နာရီကို ကြည့်လိုက်တယ်။

ဆိုလိုသည်မှာ ညဘက် ၈ နာရီမှ မေးခွန်းသည် စာရွက်ပေါ်တွင် ပေါ်လာလိမ့်မည်။

ပူးပေါင်းပါဝင်ရသည့်စတိုင် စာမေးပွဲတွေ ဆက်တိုက်ဖြေလာခဲ့အပြီးမှ ရုတ်တရက် စာရွက်ပေါ်က မေးခွန်းကို ဖြေရသည့်စတိုင်သို့ ပြောင်းသွားခြင်းသည် အတော်လေး ထူးဆန်းသည်။

ယိုဟော့က ဆယ်လီကို မေးသည်။ "အခု ဘယ်အချိန်လဲ"

"အခုက ဧည့်သည်တွေအတွက် အခန်းပြင်ရမဲ့အချိန်" ဆယ်လီက ခေါင်းမာစွာ ဖြေလိုက်သည်။ "အခန်းမရှိတဲ့ဧည့်သည်တွေက ညဘက် ကောင်းကောင်းအိပ်ရမှာမဟုတ်ဘူး"

ရှာလီက နောက်ကလိုက်ပြောလာသည်။ "ကောင်းကောင်းအိပ်မပျော်ရင် ဆိုးတယ်။ ရှာလီက ညလယ်ခေါင် နိုးလာမှာကို အကြောက်ဆုံးပဲ"

"ဒါဆို ငါတို့ရှစ်ယောက်ကို မင်းတို့ ဘယ်လိုလုပ်မှာလဲ"

ဆယ်လီက ခေါင်းမော့လိုက်ပြီး အပေါ်ထပ်ကို ကြည့်လိုက်သည်။

မျက်နှာကြက်သည် သူတို့ ကစားခန်းဖြစ်သည်။

ဒုတိယထပ်တွင် အခန်းနှစ်ခန်းရှိသည်။ ဘယ်ဘက်က တစ်ခန်းသည် မောင်နှမနှစ်ယောက်၏အခန်းဖြစ်ပြီး နှစ်ထပ်ကုတင်ဖြင့် ပြင်ဆင်ပေးထားပြီး အောက်ဘက်ကြမ်းပြင်တွင် ပြုတ်ကျပါက ဒဏ်ရာမရစေရန် ထူထဲသော မွေးပွကော်ဇောခင်းထားသည်။

ညာဘက်တွင် သူတို့မိဘများ၏ အိပ်ခန်းဖြစ်သည်။ ၎င်းတွင် အိပ်ရာအကြီးတစ်လုံးရှိပြီး လတ်တ‌လော အသုံးမပြုပေ။

ပထမထပ်မှာ ဧည့်သည်ခန်းနှင့် စာကြည့်ခန်းဖြစ်သည်။

မြေအောက်ထပ်ရှိ အကျဉ်းခန်းသည် လက်ကျန်သက်ရောက်မှုအချို့ရှိနေဆဲဖြစ်သောကြောင့် ယခုတွင်တော့ အသုံးပြု၍မရသေးပေ။

ဆိုလိုသည်မှာ အခန်းနှစ်ခန်းသာ သုံးလို့ရပြီး နှစ်ခန်းထဲတွင် ဧည့်သည်ခန်းမှာ အလွန်သေးငယ်သည်။

ဆယ်လီသည် ယခင်က မဖြစ်ဖူးခဲ့သော ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရသည်။

"ဒီလိုလုပ်စို့ မင်းတို့တွေက အိပ်ခန်းနဲ့ ဧည့်သည်ခန်းကို ယူလိုက်" ချင်ကျိုးက မိန်းမ လေးယောက်ဘက်ကို လှည့်ပြောလိုက်သည်။ "အခုတော့ သည်းခံလိုက်၊ တတ်နိုင်သမျှ ခွဲမနေကြနဲ့"

"ရှင်တို့တွေကရော" ချူယွဲ့က မေးသည်။

"ဆိုဖာကို သုံးလို့ရတယ်"

"ဆိုဖာကို သုံးလို့မရဘူး" ဆယ်လီက မေးစေ့ကို မော့ပြီး ပြောသည်။ "ဧည့်သည်တွေက အခန်းထဲမှာပဲနေရမယ်။ အမေက ပြော...."

ယိုဟော့သည် သူ၏ ခြိမ်းခြောက်စကားတွေကို သည်းခံပြီး နားမထောင်နိုင်တော့ပေ။ သူက လှမ်းသွားပြီး သူ့ပါးစပ်(နှုတ်ခမ်း)ကို လက်ဖြင့် စုပြီးပိတ်လိုက်သည်။

ဆယ်လီ "..........."

"ဟုတ်ပြီ ငါတို့ ဆိုဖာသုံးလို့မရလည်း ဖြစ်တယ်။ ငါတို့ ဒီကလေးစုတ်လေးတွေနဲ့ ရောပြီး ကျပ်ကျပ်သပ်သပ် နေလိုက်ရုံပဲ"

ချင်ကျိုးက ဆိုသည်။ ယိုဟော့နှင့် ချူယွဲ့ကလွဲလျှင် ကျန်သောသူများမှာ ထိတ်လန့်သွားသည်။

ကလေးနှစ်ယောက် ဆယ်လီနှင့် ရှာလီက ပိုလို့တောင် ထိတ်လန့်သွားသေးသည်။

ယိုဟော့သည် ဆယ်လီ သူ့ကိုယ်သူ ထိန်းနေရတာ ခက်ခဲနေသည်ကို မြင်သော် သူ့လက်ကို ဖယ်ပေးလိုက်ပြီး စကားပြောခွင့်ပေးလိုက်သည်။

ကလေးစုတ်လေးက စူးစူးဝါးဝါး အော်လာသည်။ "ဘယ်မှာအိပ်မလို့လဲ?!"

ချင်ကျိုးက သူ့ခေါင်းကို ပုတ်လိုက်သည်။ "မင်း အခန်းမှာလေ။ စိတ်မပူပါနဲ့ မင်းတို့ကုတင်တွေကို ငါတို့မယူပါဘူး။ ကြမ်းပြင်ကလည်း အဆင်ပြေပါတယ်"

ယွီဝမ်သည် ကြောက်လန့်တကြား တံတွေးမျိုချလိုက်သည်။

ကလေးစုတ်လေးနှစ်ယောက်နဲ့ တစ်ခန်းထဲမှာ အိပ်မယ်တဲ့။ အဲဒါက ရူပဗေဒစာမေးပွဲက မုဆိုး A နဲ့ အတူတူနေတာရယ်၊ နိုင်ငံခြားဘာသာစကားထဲက ကဝေမုဆိုးမကို ဖက်ပြီး အိပ်တာရယ်၊ ဒါမှမဟုတ် သမိုင်းစာမေးပွဲက မြို့စားကြီးနဲ့ တစ်ကုတင်တည်း အတူတူအိပ်တာနဲ့ အဆင့်တူတူပဲ။

ဒါက ဘယ်လို အစီအစဉ်ကြီးလဲ။

ဒါပေမဲ့ ဘယ်သူမှ မကန့်ကွက်ရသေးခင် ကလေးစုတ်လေးနှစ်ယောက်မှာ ပေါက်ကွဲထွက်နေပြီဖြစ်သည်။

ဆယ်လီက ချက်ချင်း ကန့်ကွက်လိုက်သည်။ "မရဘူး။ ငါတို့နဲ့ နေလို့မရဘူး!"

"ဘာလို့လဲ ကြမ်းပေါ်မှာ နေရာတွေ အများကြီးရှိတာပဲ"

"မရဘူးဆို မရဘူးပဲ" ဆယ်လီက ခေါင်းမာစွာ ငြင်းဆိုနေသည်။

သူ့အမူအရာမှာ တစ်ခဏတာ ထူးဆန်းသွားသည်။ ယင်းမှာ စိတ်အလိုမကျခြင်း သက်သက်ကြောင့်မဟုတ်ပေ။

"သူတို့က ငါတို့အခန်းကို ခိုးချင်နေတာ" သူက ရှာလီကို မကျေနပ်ကြောင်း ပြသလိုက်သည်။

လူတိုင်းက သူ ဘာလို့ ရုတ်တရက် သူ့ညီမကို မကျေနပ်ကြောင်း တိုင်ပြောနေသလဲဟု စိတ်ဝင်စားနေချိန်မှာပဲ ချင်ကျိုးကို စိုက်ကြည့်နေသော ရှာလီသည် ရုတ်တရက် မျက်မှောင်ကြုတ်ပြီး ပါးစပ် ဟ လိုက်သည်ကို သတိထားမိလိုက်သည်။

"သူ ငိုတော့မှာလား"

ယွီဝမ်က သတိအနေအထားဖြင့် မှတ်ချက်ချလိုက်သည်။

ထိုအချိန်မှ အားလုံးသည် စာမေးပွဲသတိပေးချက်မှ ကျန်သောအချက်ကို သတိရသွားသည်။ သူတို့ ရှာလီကို ငိုအောင်မလုပ်ရဟု သတိပေးချက်တွင် ပြောထားသည်။

အားလုံးက အလျင်စလို အခြေအနေကို ဖြေရှင်းရန် ကြိုးစားနေသော်လည်း ကံမကောင်းစွာဖြင့် ဘယ်သူမှ ကလေးတစ်ယောက်ကို ဘယ်လို ချော့ရမလဲ မသိကြပေ၊ အထူးသဖြင့် သည်လို လူမဟုတ် သရဲမဟုတ် ကလေးတစ်ယောက်ကို ဖြစ်သည်။

ကလေးမလေးသည် ချင်ကျိုးကို စိုက်ကြည့်နေရင်း စပြီး အော်ငိုတော့သည်။

ယိုဟော့သည် သူ့ဖုန်းကို ချလိုက်ပြီး လွတ်သွားသော လက်ဗလာဖြင့် သူ(ရှာလီ)၏ ဝကစ်ကစ်ခါးလေးကို ကလိယားထိုးလိုက်သည်။

ရှာလီ "............."

ရှာလီ သူ့ကို စားချင်သွားသည်။

........................xxx........................

Akira has something to say –

အခုရက်ပိုင်း Update တွေမမှန်လို့ အားနာပါတယ်။ Aki တော်တော်လေး မအားလို့ပါ... အလုပ်ကအချိန်ပြည့်ရှိတဲ့အပြင် မီးမမှန်တော့ တော်တော်အဆင်မပြေလို့ပါ.. နောက်ပိုင်း ကြိုးစားပြီး မှန်အောင်ပြန်ပေးပါ့မယ်.. စောင့်ရတာ စိတ်မရှည်တဲ့လူဆိုရင်တော့ အားလုံးပြီးမှ ဖတ်ချင်လည်း ဖတ်ကြပါလို့ TT

Comment