အခန်း ၇၃: စည်းကမ်းချိုးဖောက်မှု မှတ်တမ်း

အခန်း ၇၃: စည်းကမ်းချိုးဖောက်မှု မှတ်တမ်း

သူတို့ အနည်းငယ် အလွန်အကျူးဆော့ကစားမိသောကြောင့် bug တစ်ခု ပေါ်ပေါက်လာခဲ့သည်ဟု ပြောလို့ရသည်။

လူများနှင့်မြင်ကွင်း ရုပ်သေဖြစ်သွားသည့်တိုင် ခြွင်းချက်တစ်ခု ရှိနေသေးသည်———

ယင်းမှာ တဟုန်းဟုန်းတောက်လောင်နေသော မီးလျှံများဖြစ်သည်။

ယိုဟော့သည် မီးတောက်များကို စဉ်းစဉ်းစားစား ကြည့်လိုက်၏။

ထူထဲသော မီးခိုးလုံးသည် တလိပ်လိပ်ရွေ့လျားနေကာ သူတို့၏ မြင်ကွင်းကို ကာဆီးနေသည်။

အနှီရှင်းလင်းပြတ်သားနေသော ဆရာများနှင့်ကျောင်းသားများသည် ဖြည်းဖြည်းချင်း ဝိုးတိုးဝါးတားဖြစ်လာပြီး နောက်ဆုံးတွင် ခဲရင့်ရောင်မီးခိုးလုံးအကြား ပျောက်ကွယ်သွားတော့သည်။

ထိုအဖြစ်သည် လူများကို အလွယ်တကူ စိတ်ဓာတ်ကျစေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် အလွန်သဘာဝကျသော(အစစ်နှင့်တူသော) အခိုက်အတန့်အချို့ ရှိခဲ့သောကြောင့်ဖြစ်သည်။

အမှန်တကယ် ဤကဲ့သို့သော ကျောင်းမျိုးရှိခဲ့သည့်အလား၊ တစ်ဆက်တည်းဂါဝန် ဝတ်ဆင်တတ်သော မျက်နှာထားတင်းတင်းဖြင့် ဒါရိုက်တာတစ်ယောက် တကယ်ပင် ရှိခဲ့သည့်အလား၊ အမြဲလိုလို အိပ်ရေးမဝသော ဆရာ၊ဆရာမငယ်လေးများ တကယ်ပင် ရှိခဲ့သည့်အလား၊ အရပ်ပုပုလုံးလုံးဖက်တီးလေးတစ်ယောက်နှင့် သရဲများကိုပင် ရိုက်နှက်ဝင့်သည့် မိန်းကလေးများ ရှိခဲ့သည့်အလား။

သူတို့တွေထဲတွင် တစ်ကြိမ်တစ်ခါလောက် ဖြေဆိုသူဖြစ်ခဲ့ဖူးသူ ပါနေမလားဟု ယိုဟော့တွေးနေမိသည်။

ကျောက်ဝမ်ထူကဲ့သို့ပင် အဖြေမှားဖြေမိခြင်းကြောင့် သို့မဟုတ် အခြားတစ်ခုခုကြောင့် သူတို့သည် NPC များအဖြစ် ပြောင်းလဲခံရကာ သည်နေရာတွင် ကျန်ရစ်ခဲ့ကြသည်။

"အာရုံလွင့်နေပြန်ပြီလား" ချင်ကျိုးသည် ကိုယ်ကိုကိုင်းညွှတ်ကာ မေးလိုက်သည်။

"..........မဟုတ်ပါဘူး"

ယိုဟော့၏ ခြေလှမ်းများသည် ရပ်တန့်သွားသည်။

သူက ကော်လာကို နှာခေါင်းနှင့်ပါးစပ်ကို ဖုံးသည်အထိ ဆွဲတင်လိုက်ပြီး သူ့ဘေးပတ်လည်မှ မီးခိုးများကို ပိတ်ဆို့လိုက်သည်။ ချင်ကျိုး သူ့ကိုအာရုံစိုက်မနေခင် မျက်မှောင်ကြုတ်ကာ သူ့နားသန်သီးနှင့် လည်ပင်းဘေးတစ်လျှောက်ကို တို့ထိလိုက်သည်။

အကုန်လုံး ချင်ကျိုးလက်ရဲ့ ကျေးဇူးတွေပဲ။

အခုတော့ သူ(ချင်ကျိုး) သူ့အနားကို အနည်းငယ်တိုးကပ်၍ စကားပြောလာသည်နှင့် ယိုဟော့နားထဲတွင် သတိပေးခေါင်းလောင်းများ စတင်ကြားယောင်လာလိမ့်မည်။

တစ်ယောက်ယောက်က ကိုယ့်ကို ကလိထိုးရန် အသင့်ပြင်နေသည့်အတိုင်းပင်။ ငါးစင်တီမီတာလောက် အဝေးတွင်ရှိသော်လည်း စတင်၍ ချွေးပြန်လာကာ ယားကျိကျိ ခံစားနေရလိမ့်မည်။

သို့သော် တစ်ခုတည်းသော ကွာခြားချက်မှာ ထိုအခြင်းအရာသည် အလိုလိုသိစိတ်အရ တုံ့ပြန်မှုဖြစ်သည်။ တစ်ဖက်မှာမူ ယိုဟော့၏ အပြုအမူသည် ကျင့်ယူထားသော တုံ့ပြန်မှုဖြစ်သည်——–

အကျင့်ဖြစ်ရန် လိုအပ်သော အကြိမ်အရေအတွက်: ၁ ကြိမ်

အကျင့်ဖြစ်လာဖို့ ကြာချိန်: ၁ စက္ကန့်

ရလဒ်မှာ ချက်ချင်းလက်ငင်းမြင်နိုင်ပြီး အဆုံးသတ်ရလဒ်မှာ ထင်ရှားပေါ်လွင်သည်။

ဖြစ်နိုင်သည်မှာ ထိုနေရာသည် အတော်လေး ထိရှလွယ်သော နေရာဖြစ်သောကြောင့် ဖြစ်နိုင်သည်။

ဆရာကြီးသည် ကိုယ့်ကိုယ်ကိုယ်နှိမ့်ချ၍ တွေးလိုက်သည်။

နှစ်ဦးသား မီးခိုးများကြားတွင် အတန်ကြာသည်အထိ လျှောက်နေမိသည်။ ဝါးတားတားမြင်ကွင်းကလွဲလျှင် အလွန်အမင်း အသက်ရှူကျပ်သည်ဟု မခံစားရပေ။

ယိုဟော့သည် ရုတ်တရက် မေးလိုက်သည်: "မေးခွန်းတစ်ခုလောက် မေးမယ်"

"အင်း" ချင်ကျိုးသည် သူ့ကို အံ့ဩမှုအလျဉ်းမရှိဘဲ ငဲ့ကြည့်လာသည်: "ဘာမေးမလို့လဲ"

"ဒီလောက်အကြာကြီး စာမေးပွဲခန်းစောင့်လုပ်လာတာဆိုတော့ လူဘယ်နှစ်ယောက်များ အောင်အောင်မြင်မြင် စာမေးပွဲအောင်သွားတာ မြင်ဖူးလဲ"

"အောင်အောင်မြင်မြင် စာမေးပွဲအောင်သွားတာလား"

ချင်ကျိုးသည် ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် သူက သရော်တော်တော်ပြုံးလိုက်သည်: "အခြေအနေ နှစ်ခုရှိတယ်၊ မင်းက နှစ်ခုထဲက ဘယ်တစ်ခုကို ပြောချင်တာလဲ"

"အခြေအနေနှစ်ခုလား"

ချင်ကျိုးသည် သူ့ကိုယ်သူ ညွှန်ပြလိုက်သည်: "ပထမတစ်မျိုးက မင်းအရှေ့မှာပဲရှိတယ်၊ အောင်အောင်မြင်မြင် စာမေးပွဲအောင်သွားပြီး နောက်ပိုင်းမှာ စာမေးပွဲခန်းစောင့်ဖြစ်လာတဲ့သူတွေကိုပြောတာ။ ဒီလိုမျိုးကတော့ အများကြီးတွေ့ဖူးတယ်။ စာမေးပွဲခန်းစောင့်စီရင်စုက လူတိုင်းနီးပါးက ဒီလိုမျိုးတွေချည်းပဲ"

ယိုဟော့: ".........."

အစက သေချာပေါက် သူက ဒါကိုမေးနေခြင်းမဟုတ်ဟု ပြောချင်ခဲ့သော်လည်း အကြောင်းပြချက်အချို့ကြောင့် သူတို့ ကပ်ပတိန်ဘဲရန့်၏ သင်္ဘောပေါ်မှာတုန်းက ချင်ကျိုး၏ စကားများကို ရုတ်ခြည်း သတိရသွားသည်။

"မင်းပြောတော့...." ယိုဟော့က မေးလိုက်သည်: "မင်းက စာလက်ခံလို့မရဘူးဆို"

ချင်ကျိုး: "အင်း"

"အရင်က အပြင်ဘက်ကိုသွားဖူးလား"

"ဟင့်အင်း" ချင်ကျိုးက ဆိုသည်: "ဟုတ်တာပေါ့ ငါမမှတ်မိတော့တဲ့ အချိန်ကာလလည်း ရှိပေမဲ့ ငါမှတ်မိသလောက်ကတော့ ငါမရောက်ဖူးဘူး။ မင်းရဲ့ စောစောက မေးခွန်းကိုလည်း ငါဖြေပေးလို့ရတယ်——–"

"စာမေးပွဲကို အောင်အောင်မြင်မြင် အောင်သွားတဲ့ နောက်လူတစ်မျိုးကတော့ သူလိုငါလိုအမှတ်တွေပဲရပြီး လုပ်ဆောင်ချက်ကလည်း သာမန်ပဲရှိလိမ့်မယ်။ စည်းမျဉ်းစည်းကမ်းတွေအရဆိုရင် သူတို့က စာမေးပွဲခန်းစောင့် မဖြစ်လာဘဲ ဒီနေရာကနေ ထွက်သွားခွင့်ရှိတယ်" ချင်ကျိုးက ခဏနားပြီး ဆိုတယ်: "ငါတကယ်ပဲ သူတို့ကို မြင်ဖူးတယ်။ အဲဒီလိုလူ သိပ်အများကြီး မရှိသလို ပိုပိုပြီး နည်းနည်းလာတယ်။ ဒီကထွက်သွားပြီးနောက် တကယ်ပဲ အိမ်ပြန်သွားလား၊ ဒီကဖြစ်ခဲ့သမျှကို မှတ်မိသေးလားဆိုတာကတော့ ငါမသိဘူး....."

ပြောရမည်ဆိုလျှင် သူဘယ်တုန်းကမျှ အပြင်မထွက်ဖူးပဲလေ။

ယခုအချိန်တွင် ယိုဟော့သည် ဤစာမေးပွဲ၏ ရည်ရွယ်ချက်က ဘာလဲဟု မေးချင်နေခဲ့သည်။

သို့သည့်တိုင် သူပြန်စဉ်းစားကြည့်လိုက်သည်။ အထိန်းအကွပ်မဲ့သွားပြီဖြစ်သော အရာတစ်ခုကို ကြိုးစားနားလည်ရန် ပုံမှန်ဆင်ခြင်တွေးခေါ်မှုမျိုးကို သုံးနေခြင်းမှာ အဓိပ္ပါယ်မရှိလှပေ။

ဤစနစ်သည် အဖွဲ့အမျိုးမျိုး၏ ပူးပေါင်းအားထုတ်ကြိုးပမ်းမှုကနေတဆင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး မူလပထမက စစ်တပ်တွင်း လူရွေးချယ်စစ်ဆေးရန် အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု တစ်ခါက 021 ပြောခဲ့ဖူးသည်ကို သူမှတ်မိသည်။

စည်းစနစ်တကျ ပြောရမည်ဆိုလျှင် စစ်တပ်တွင်း ဖြစ်ပေါ်လာသောအရာများသည် ပုံမှန်အားဖြင့် အထိန်းအကွပ်မဲ့သွားခြင်းမျိုး မဖြစ်သင့်ပေ....

သို့သော် ၎င်းမှာ ပူးပေါင်းအားထုတ်ကြိုးပမ်းမှုများ ဖြစ်နေသောကြောင့် ပြောရန်ခက်သည်။ တစ်စုံတစ်ယောက်က သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ် အတောအတွင်း သေးငယ်သောမျိုးစေ့လေးတစ်ခုကို တိတ်တဆိတ် စိုက်ခဲ့ခြင်းများလား။

အကယ်၍ ထိုသို့သာဆိုလျှင်... သည်နေရာမှ ထွက်ခွာသွားသူများသည် သည်နေရာတွင်ဖြစ်ပျက်ခဲ့သမျှကို မှတ်မိကြသေးလား။

အပြင်ဘက်မှလူများသည် စနစ်သည် အထိန်းအကွပ်မဲ့သွားသည်ကို သိကြသလား။

စာမေးပွဲဖြေဆိုရန် အထဲကို သည်လောက်များပြားသော လူများ ဆွဲသွင်းခံရလာသည့်အခိုက် ၎င်းသည် ထူးဆန်းနေသည်ကို ဘယ်သူမှ သတိမထားမိကြဘူးလား။

စနစ်ထဲမှ အချိန်ကာလသည် လက်တွေ့မှအချိန်ကာလနှင့် ကွာခြားသောကြောင့် ဖြစ်နိုင်သည်။

အကယ်၍ သူတို့ သည်နေရာမှာ လအနည်းငယ်နေခဲ့လျှင် လက်တွေ့ဘဝတွင် တစ်ရက်နှစ်ရက်မျှသာ ကုန်လွန်သွားခြင်းများလား၊ သို့မဟုတ် နာရီအနည်းငယ်မျှလား။

ပြောရန်ခက်လှသည်....

အထိန်းအချုပ်ကင်းမဲ့သွားပြီဖြစ်သော စနစ်၏ စိတ်ထဲ မည်သည့်အရာကို တွေးနေသည်နှင့်စာလျှင် သူသည် တစ်ယောက်ယောက် ထွက်သွားဖူးသလားနှင့် ထွက်သွားနိုင်ခဲ့သလားကို ပို၍ စိတ်ဝင်စားနေမိသည်။

သည်နေရာတွင် ပိတ်မိနေသော လူတိုင်းကို လွှတ်ပေးလိုက်ရန်....ဖြစ်နိုင်သလား။

သူက လှည့်ပတ်ကြည့်လိုက်သည်။

သူမြင်ရသမျှမှာ ချင်ကျိုးနှင့်မီးခိုးကလွဲလျှင် ဘာမှရှိမနေပေ။

သို့သော် စာမေးပွဲစင်တာတစ်ခုတွင် ချင်ကျိုး ပြောဖူးသည်မှာ စနစ်သည် နေရာတိုင်းတွင် ရှိသည်။

သည်နေရာတွင် စနစ်ကို မည်သို့ဖယ်ရှားကြမည် သို့မဟုတ် လွတ်လမ်းအချို့ မည်သို့ရှာကြမည်ကို ဆွေးနွေးရန်မှာ အကြံကောင်းမဖြစ်နိုင်ပေ။

ထို့ကြောင့် ယိုဟော့သည် မေးခွန်းများ ထပ်မံမမေးတော့ပေ။

ချင်ကျိုးသည်လည်း ဒါကို သတိပြုမိသည်။

သူက တမင်တကာပင် စကားလမ်းကြောင်းကို ပြောင်းလိုက်သည်: "ဘာဖြစ်လို့ ရုတ်တရက် ဒါကိုမေးတာလဲ"

"ငါမင်းကို ပထမဆုံးနေ့မှာ မေးခဲ့ရင် မင်းဖြေမှာလား" ယိုဟော့က သူ့ကို စောင်းငဲ့ကြည့်လိုက်သည်။

"ပထမဆုံးနေ့လား" ချင်ကျိုးသည် အေးအေးလူလူ အရှေ့သို့လျှောက်သွားရင်း အချိန်တစ်ခုကို ပြန်ပြောင်းအောက်မေ့နေသည်: "....ငါမင်းကို မှတ်စုတစ်ခုနဲ့ စာမေးပွဲခန်းစောင့်နေရာကို ပြန်ခေါ်လာတဲ့ အဲဒီအချိန်လား"

ယင်းမှာ သေချာပေါက် သိပ်မကြာသေးပေ။ သို့ရာတွင် ၎င်းသည် သူတို့၏ ရှေ့ဘဝက ဖြစ်ပျက်ခဲ့သည့်နှယ် ခံစားနေရသည်။

သို့သော်ငြား ပြန်စဉ်းစားကြည့်လျှင် ရှင်းလင်းပြတ်သားနေဆဲပင်။

ယိုဟော့က အမှန်ပြင်ပေးလိုက်သည်: "မင်းရဲ့အာဏာကို အလွဲသုံးစားလုပ်ပြီး ငါ့ကိုခေါ်လာတဲ့အချိန်"

"ငါ့အာဏာကို အလွဲသုံးစားလုပ်တယ် ဟုတ်လား" ချင်ကျိုးက သူ့ကို သံသယဖြင့် ကြည့်လာသည်။ သူက တကယ်ပဲ မေ့သွားသည်လား သို့မဟုတ် မေ့ချင်ယောင်ဆောင်နေခြင်းလားကို မပြောနိုင်ပေ။

ယိုဟော့၏ စူးစိုက်ကြည့်နေသော အကြည့်အောက်တွင် သူက "အိုး" ဟုအသံပြုကာ ဆိုလာသည်: "ငါမင်းကို အမျိုးသမီးငယ်တစ်ဦးလို့ ရေးခဲ့တဲ့ဟာကို ပြောတာလား"

ယိုဟော့: "......"

သူ၏ခြေလှမ်းများ တန့်သွားသည်ကို တွေ့သော် ချင်ကျိုးသည် ဖြစ်သလို လက်တစ်ဖက်ကို မြှောက်လိုက်ပြီးနောက် ဆိုသည်: "ဒီလောက်မြန်မြန် စိန်းစိန်းဝါးဝါးကြီး မကြည့်ပါနဲ့၊ ငါ့မှာလည်း ငါ့အမှုအတွက် အသနားခံခွင့်ရှိသေးတယ်"

".............."

ချင်ကျိုး: "ငါက အင်မတန်မှ မတရားခံခဲ့ရတာပါ စာမေးပွဲခန်းစောင့်လူကြီးမင်း"

မင်းဖင်ကြီးကိုပဲ မတရားခံနေလိုက်။

ထိုစကားများမှာ ယိုဟော့၏ အေးတိအေးစက်မျက်နှာထက်တွင် ရေးသားထားသည်။

ချင်ကျိုးက ဆိုသည်: "မင်းသိသင့်ပါတယ်———"

ယိုဟော့: "ငါမသိဘူး"

"ကောင်းပြီလေ အဲဒါဆိုလည်း မသိဘူးပေါ့——-" ချင်ကျိုးက စကားလုံးပြောင်းပြောလိုက်သည်: "154 နဲ့ 922 ရဲ့ မှတ်စုတွေက လက်ရေးနဲ့ရေးထားတယ်ဆိုတာ သတိထားမိလား"

"အဲဒီတော့ ဘာဖြစ်လဲ"

"မင်းသာ ရှေ့လျှောက် ပိုအာရုံစိုက်ခဲ့မယ်ဆိုရင် စနစ်က ဘာကိုမှ လက်ရေးနဲ့မရေးတတ်ဘဲ၊ အချက်အလက်တွေကို တိုက်ရိုက် ဒီအတိုင်းပို့လိုက်မှာ မဟုတ်ဘူးဆိုတာ သတိထားမိမှာပဲ" ချင်ကျိုးက ဖြည်းဖြည်းချင်း ရှင်းပြနေသည်: "ငါအစက စနစ်ဆီကရတဲ့ အစီအရင်ခံစာမှာ ရေးထားတာက မင်းပဲ။ နောက်တော့ အဲဒါက အမျိုးသမီးငယ်လေးအဖြစ် ပြောင်းသွားပြီးတော့ အဲဒီနောက် မင်းအဖြစ် ပြန်ပြောင်းသွားတယ်။ အဲဒီလိုမျိုး ဟိုပြောင်းဒီပြောင်း သုံးခါလောက် ဖြစ်နေတာ"

ယိုဟော့သည် စနစ်ကို "ဉာဏ်မမီတဲ့ကောင်" ဟု အေးတိအေးစက် ဆဲဆိုလိုက်သည်။

ချင်ကျိုး: "ဟုတ်တယ် မင်းပြောတာမှန်တယ်"

"စနစ် ဒီလို ဆုံးဖြတ်ချက်ဝေဝါးနေတာကို မြင်ရတာ ရှားတယ်။ အဲဒါက ပျက်သွားသလိုမျိုးပဲ အစွန်းတစ်ဖက်ကနေ နောက်တစ်ဖက်ကို ခုန်ကူးနေတာ။ အဲဒီ မျက်နှာသေနဲ့ 154...."

ယိုဟော့သည် သူ့ကို လှမ်းကြည့်လိုက်သည်။

ချင်ကျိုးက သူ့နှုတ်ခမ်းပေါ်သို့ လက်ညှိုးတစ်ချောင်းကို တင်လျက်: "..... ငါပြောတယ်လို့ မပြောနဲ့၊ 154 က ငါတို့ကို မြန်မြန်သွားဖို့ လောဆော်နေတော့ ငါကလည်း အမျိုးသမီးငယ်လို့ ချရေးလိုက်ပြီး သူ့ကိုပေးလိုက်တာ။ ဘယ်လိုဖြစ်ဖြစ် ငါကလည်း အဲဒီကိုသွားမှာပဲဆိုတော့ အဲဒီကိုရောက်တာနဲ့ စည်းကမ်းဖောက်ဖျက်တဲ့သူ ဘယ်သူလဲဆိုတာ ပြောနိုင်မှာပဲလေ"

"အဲဒီနောက်တော့ ငါရှင်းပြစရာ မလိုလောက်တော့ဘူး" ချင်ကျိုးက ဆိုသည်: "အမျိုးသမီးငယ်က မရှိဘူးဆိုတော့ သေချာပေါက် အဲဒါက မင်းပဲလို့ ထင်သွားတာပေါ့"

သူထိုသို့ပြောလိုက်သောအခါ နောက်ဆုံးတွင် ယိုဟော့ သဘောပေါက်သွားသည်။

ထိုအချိန်က စည်းကမ်းချိုးဖောက်ခဲ့သူမှာ ရှုးရွှယ်ဖြစ်သည်။ သို့သော် ရှုးရွှယ်မှာ ထူးခြားဖြစ်စဉ်ဖြစ်သည် ——- သူက စနစ်၏ bug တစ်ခုဖြစ်သည်။ ကိစ္စတော်တော်များများတွင် သူ့ကို ဖြေဆိုသူတစ်ယောက် သို့မဟုတ် သက်ရှိလူတစ်ယောက်ဟုပင် သတ်မှတ်မခံရပေ။ ထို့ပြင် ကဝေမုဆိုးမက သူ့သမီးကို သူ့(ရှုးရွှယ်)ကိုယ်တွင် တွဲစပ်ထားခဲ့သောအခါ စနစ်က ရည်ရွယ်လိုသောမိန်းကလေးငယ်မှာ သူ့သမီးကို ပြောလိုခြင်း ဖြစ်နိုင်သည်။

ချင်ကျိုး၊ 154 နှင့် 922 သည် အလိုအလျောက် အနှီမိန်းကလေးငယ်ကို ရှာတွေ့မည်မဟုတ်ပေ။

ထိုသို့ဖြင့် စည်းမျဉ်းချိုးဖောက်နိုင်ချေရှိသူမှာ သူတစ်ဦးတည်းဖြစ်သည်။

"ဒီလိုရှင်းပြချက်မျိုးကို လက်သင့်ခံလို့ရလား" ချင်ကျိုးက ရပ်လိုက်သည်။

အလင်းတန်းတစ်တန်းသည် ကောင်းကင်သို့ ထိုးဖောက်လင်းလက်သွားသည်။ မကြာမီ မိုးခြိမ်းသံများ ကြားလိုက်ရသည်။

လေထဲမှ မီးခိုးများသည် လျှပ်စီးကြောင့် ထိုးခွင်းလင်းလက်သွားပြီး တဖြည်းဖြည်းချင်း ပို၍ မှိန်မှိန်လာကာ ပျောက်ကွယ်သွားတော့သည်။

မျက်စိတစ်မှိတ်အချိန်တွင် သူတို့ပတ်လည်မှ မြင်ကွင်းသည် ပြောင်းလဲသွားသည်။

ပျက်စီးယိုယွင်းနေသော ကျောင်းသည် ပျောက်ကွယ်သွားကာ သူတို့ခြေထောက်အောက်မှ မြေကြီးသည် စိုစွတ်နေသော မျက်နှာပြင်အဖြစ် ပြောင်းလဲသွားသည်။ သူတို့အရှေ့တွင် ရင်းနှီးနေသော မိုးမျှော်အဆောက်အအုံတစ်ခုရှိပြီး ဘေးပတ်ပတ်လည်တွင် ချောက်ကမ်းပါးများဖြင့် ဝန်းရံနေသည်။ ညကိုနောက်ခံထားလျက် အဆောက်အအုံ၏ ကြီးမားသောပြတင်းပေါက်များသည် မှိန်ပျပျ အေးစက်သောအလင်းတစ်ခုကို ရောင်ပြန်ဟပ်နေသည်။

၎င်းမှာ အမြွှာမျှော်စင်နှစ်ခုအနက် တစ်ခုဖြစ်သည်။ သူတို့ခုန်ဆင်းလာခဲ့သော တိုက်ဖြစ်သည်။

အောက်ခြေမှ အပေါ်သို့မျှော်ကြည့်လိုက်သောအခါ မျှော်စင်သည် အင်မတန်မှ မြင့်မားပုံရသည်။

သူတို့အရှေ့တွင် ဓာတ်လှေကားရှိဖို့ မဆိုထားနှင့် တံခါးပင် တစ်ချပ်မျှ မရှိပေ။ အဆောက်အဦပေါ်သို့ ဦးတည်နေသော စတီးလှေကားတစ်ခုသည်သာ ကပ်လျက်ရှိသည်။

အထပ်ပေါင်း ဒါဇင်အချို့မြင့်မားသော... လှေကားတစ်ခုဖြစ်သည်။

ထိုအရာမှလွဲလျှင် အခြားလမ်းကြောင်းမရှိပေ။

ရင်းနှီးနေသော အသံတစ်သံသည် နောက်တစ်ဖန် သူတို့ကို တိုက်တွန်းပြန်သည်:

(စာမေးပွဲဖြေဆိုသူအားလုံး ကျေးဇူးပြု၍ ဒီနေရာမှ ချက်ချင်း ထွက်ခွာပြီး အပြစ်ပေးစင်တာကို ပြန်သွားပါ။)

ချက်ချင်း....

ဘာလို့ ကိုယ်ကိုယ်တိုင် မစမ်းကြည့်ရတာလဲ???

ချင်ကျိုးသည် အပေါ်မော့ကြည့်လိုက်ပြီး အကွာအဝေးကို တွက်ချက်ကြည့်နေသည်: "ကြည့်ရတာ စနစ်က ဒေါသထွက်နေပုံပဲ"

ယိုဟော့သည် နှာမှုတ်လိုက်သည်။

ချင်ကျိုးသည် သူ့ကို ခဏလောက် ကြည့်နေပြီးမှ ရုတ်တရက် လှမ်းခေါ်လိုက်သည်: "စာမေးပွဲခန်းစောင့်ကြီး"

ယိုဟော့သည် သူ့ကို လှည့်ကြည့်လာသည်။

"မင်းကို အဲဒီနေ့က ပထမဆုံးတွေ့တုန်းက ငါ စိတ်အခြေအနေမကောင်းဘူးဆိုတာ မင်းကိုပြောပြဖူးလား" ချင်ကျိုးသည်လည်း သူ့ကို ကြည့်နေသည်။

ယိုဟော့၏ မျက်ခုံးသည် အနည်းငယ် တွန့်ချိုးသွား၏။

"မျက်မှောင်မကြုတ်နဲ့ ငါပြောတာ မပြီးသေးဘူး" ချင်ကျိုးက ထို့နောက်ဆိုသည်: "တကယ်တော့ 154 နဲ့ 922 က အဲဒီလိုပြောတာပဲ။ ငါကတော့ အဲဒါက တိကျတယ်လို့ မထင်ဘူး"

"ဒါဆို မင်းက ဘယ်လိုထင်လဲ"

"ငါလား" ချင်ကျိုးက ခဏနားလိုက်သည်။ ထို့နောက် ဆက်ပြောသည်: "အခုတော့ မမှတ်မိတော့ဘူး။ ငါ အဲဒီတုန်းက မင်းရှေ့မှာ ခပ်ရိုင်းရိုင်းတွေလည်း ပြောခဲ့တယ်။ ငါစိတ်ထဲက ပါလားမပါလားဆိုတာကတော့ မပြောတတ်ဘူး။ မင်းကို ပထမဆုံးစတွေ့တုန်းက မိတ်ဟောင်းဆွေဟောင်းနဲ့ ပြန်တွေ့ရတဲ့ ခံစားချက်မျိုး မရဘူးဆိုတော့ တော်တော်များများကတော့ မှန်တယ်ထင်တာပဲ။ ကြည့်ရတာ... အတိတ်က ငါတို့ဆက်ဆံရေးက သိပ်မကောင်းဘူးထင်တယ်"

ထိုအခိုက်အတန့်တွင် ယိုဟော့၏ နှလုံးခုန်သံမှာ စည်းချက်လွဲသွားသည်။

သူဘယ်လို ခံစားနေရမှန်း သူပြောမပြတတ်ပေ။

ချင်ကျိုးသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ မျက်လုံးများ မှေးကျဉ်းထားသည်ကို သူသတိပြုမိသွားသည်။

ခဏကြာသော် ချင်ကျိုးသည် မျှော်စင်ကို မေးငေါ့ပြလိုက်ပြီးနောက်: "ဒါပေမဲ့ ဘယ်လောက်ပဲ ဆိုးခဲ့ပါစေ ငါမေ့သွားပြီ။ သဘောတူညီမှုတစ်ခုလုပ်ရအောင် စာမေးပွဲခန်းစောင့်ကြီး။ ငါတို့ နောက် ဘာတွေပဲ မှတ်မိလာပါစေ၊ အငြိုးအတေးတွေ မထားကြေး"

ယိုဟော့သည် ဘေးသို့ယိမ်းလိုက်ကာ သည်ကမ်းလှမ်းချက်ကို နားထောင်နေသည်။ သူက စကားမဆိုခဲ့ပေ။

ခဏလောက် စဉ်းစားနေပြီးနောက် ချင်ကျိုးကို ကန်လိုက်ကာ ဆိုသည်: "မြန်မြန် အပေါ်တက်"

***

အဆိုပါ သောက်သုံးမကျသည့် လှေကားသည် ယိုဟော့ကို အဟန့်အတားဖြစ်စေသည့်အရာတစ်ခုတော့ မဟုတ်ပေ။

သူက အမြင့်ကိုမကြောက်သည့်အပြင် ကိုယ်ခန္ဓာကြံ့ခိုင်မှုစွမ်းရည်ကလည်း လုံလုံလောက်လောက် ကောင်းမွန်သည်။ အလွန်ဆုံးမှ ထိပ်သို့ရောက်ချိန်တွင် ချွေးစို့ရုံမျှသာ ဖြစ်လိမ့်မည်။

ချင်ကျိုးသည် သူ့ရှေ့အနည်းငယ်ကျောသည်။ နှစ်ဦးစလုံး၏ အရှိန်နှင့်ခံနိုင်ရည်မှာ မတိမ်းမယိမ်းဖြစ်သောကြောင့် သူတို့ကြား အကွာအဝေးမှာ သိပ်မကွာလှပေ။

ဘယ်လောက်ကြာသွားသည်မသိ၊ ယိုဟော့သည် သူ့အထက်မှ တရှဲရှဲသံ ကြားလိုက်ရ၏။

ချင်ကျိုးသည် ပလက်ဖောင်းထက်သို့ ခုန်တက်နှင့်ပြီးပြီဖြစ်သည်။ သူ့အသံမှာ ပျံ့လွင့်လာသည်: "ရောက်ပြီ"

ယိုဟော့သည် အသိအမှတ်ပြုသံတစ်ခုပြုလိုက်ပြီးနောက် နောက်ထပ် လှေကားတန်းနှစ်တန်းကို တက်လိုက်သည်။

ယခု သူပလက်ဖောင်းနှင့် ပိုနီးကပ်လာသောအခါ ပလက်ဖောင်းထက်သို့ ခုန်တက်ရန် အသင့်ပြင်လိုက်၏။ သို့သော် ချင်ကျိုးကမူ အစွန်းတွင် ဆောင့်ကြောင့်ထိုင်နေသည်။

သိပ်မဝေးသောနေရာတွင် ညခင်းတိမ်တိုက်များကြောင့် တစ်ဝက်တစ်ပျက် ဖုံးလွှမ်းနေသော တစ်ခြမ်းပဲ့လဝန်း၏ ငွေမှင်ရောင်အနားသတ်သည် သူ့ပခုံးကိုကျော်၍ မှိန်ပျပျ အလင်းများ ပက်ဖြန်းနေ၏။

အလင်းရောင်ကို ကျောပေးထားလျက် ချင်ကျိုး၏ ချောမောသော မျက်နှာအင်္ဂါရပ်များမှာ သာ၍ပင် ထင်ရှားပေါ်လွင်နေ၏။

သူ့လက်သန်းကို ယိုဟော့ထံသို့ ထိုးပေးလျက် သူ၏ အသံတိမ်တိမ်တွင် ပြုံးနေဟန် စွက်နေသည်။ "ငါ့ကမ်းလှမ်းချက်ကို စဉ်းစားပြီးပြီလား။ လက်ချင်းချိတ်ကတိပြုကြမလား"

ယိုဟော့: "........."

သူသည်လည်း မတ်တပ်ထရပ်ရန် အလျင်လိုနေခြင်းမရှိပေ။

လှေကားပေါ်မှာပဲ ဆက်နေရင်း အသက်ဝအောင်ရှူနေမိသည်။

သူသည် ချင်ကျိုး၏ သေးသွယ်၍ ထင်ရှားပေါ်လွင်နေသော လက်သန်းထက်သို့ အကြည့်ရောက်သွားပြီးနောက် မျက်လုံးပင့်ကာ ချင်ကျိုးကို ကြည့်လိုက်သည်: "လက်ချင်းချိတ်လိုက်တာနဲ့ ဘာကိုဆိုလိုတာလဲ"

"လက်ချင်းချိတ်လိုက်တာနဲ့ အခုကစပြီး ငါတို့က သူငယ်ချင်းတွေဖြစ်သွားလိမ့်မယ်"

ယင်းမှာ ချင်ကျိုး ကြိုတင်စဉ်းစားသော စကားဖြစ်သော်လည်း သူ "သူငယ်ချင်း" ဟူသော စကားလုံးကို ပြောလိုက်သောအခါ တစ်ခုခုမဟုတ်သေးသလို ခံစားလိုက်ရ၏။ တစ်စုံတစ်ရာ လစ်ဟာနေသေးသည့်နှယ်ပင်။

သို့ရာတွင် သူသည် ခဏတဖြုတ်ခန့်သာ နား၍ စကားကို အဆုံးသတ်ခဲ့သည်။

ယိုဟော့၏ အမူအရာမှာ မပြောင်းလဲခဲ့ပေ။

သူသည် အမြဲလိုလို ထိုအတိုင်းပင်။ ပျော်နေသည်ဖြစ်စေ၊ မပျော်ရွှင်သည်ဖြစ်စေ အမြဲတစေ အေးတိအေးစက်နှင့် အမှုမထားဟန်ပေါက်နေတတ်သည်။

သူက အသံမထွက်ခဲ့ပေ။ အချိန်အတော်ကြာပြီးမှ နောက်ဆုံးတွင် လက်လှမ်း၍ ချင်ကျိုး၏ လက်ဖဝါးထက်သို့ ရိုက်လိုက်သည်။

သူ့လက်ချောင်းများသည် ချင်ကျိုး၏ လက်ဖဝါးသို့ ရှပ်ကာထိသွား၍ လက်သန်းလေးသည် ချင်ကျိုး၏ လက်သန်းနှင့် ညင်သာစွာ ချိတ်သွားခဲ့သည်။

***

အဘိုးအိုသည် မိုးမြင့်အဆောက်အဦတစ်ခု၏ အပြင်ဘက်ရှိ ပလက်ဖောင်းထက်တွင် မတ်တပ်ရပ်ရင်း သွေးသောက်ညီအစ်ကိုဖွဲ့သူများ ရှိလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

စနစ်၏ ပေါက်ကွဲနိုင်သော သတိပေးချက်များကို လက်ခံရရှိခဲ့သည့် စာမေးပွဲခန်းစောင့်များသည် ဓာတ်လှေကားဘေးတွင် ရောက်နေပြီဖြစ်သည်။

021 078 154 နှင့် 922 တစ်ယောက်သော်မှ ပျောက်နေခြင်းမရှိ။

သူတို့သည် အားကြီးသောရန်သူနှင့် ရင်ဆိုင်တွေ့ရတော့မည့် ပုံပေါက်နေကြသည်။ ထိုနှစ်ယောက် ပလက်ဖောင်းထက်တွင် လက်ချင်းရိုက်နေကြတာကို ကြည့်ရင်း စာမေးပွဲခန်းစောင့်လေးယောက်သည် ချက်ချင်းဆိုသလို အံ့အားသင့်သွားကြသည်။

922 လက်ထဲမှ လိမ္မော်သီးသည် မြေပေါ်သို့ လိမ့်ကျသွား၏။

021 သည် အချိန်အတန်ကြာသည်အထိ အထိတ်တလန့်ဖြင့် ပါးစပ်ဟောင်းလောင်းဖြစ်နေပြီးမှ ဆဲရေးရန် တစ်ဖက်သို့ လှည့်သွားသည်။

ပြတင်းပေါက်ပွင့်သွားသောအခါ ယိုဟော့နှင့်ချင်ကျိုး တစ်ယောက်ပြီးတစ်ယောက် အခန်းထဲ လျှောက်လာကြသည်။

အဘိုးကြီးသည် သတ္တုအကန့်ကို ညွှန်ပြရင်း ဆိုလိုက်သည်: "ထိကြည့်လိုက်! မင်းတို့ ထိကြည့်လိုက်စမ်း! ပူလွန်းလို့ ကြက်ဥတောင် ကြော်လို့ရတော့မယ်။ ဒေတာဘေ့စ်ကြီးတစ်ခုလုံး ကမောက်ကမတွေဖြစ်ကုန်ပြီ"

ယိုဟော့သည် သည်နေရာက ထိန်းချုပ်ပြားအထိပင် သက်ရောက်မှုရှိလိမ့်မည်ဟု မမျှော်လင့်ထားပေ။

သူက လျှောက်သွားကာ ထိကြည့်လိုက်သည်။ ၎င်းသည် အမှန်တကယ်ပင် အလွန်ပူနေသည်။

စခရင်သည် loading လုပ်နေသည်မှာ ဘယ်လောက်ကြာနေပြီမှန်းမသိ တန့်နေလေသည်။

ချင်ကျိုးက လက်ချောင်းဖြင့် အကြိမ်အနည်းငယ် တောက်လိုက်သော်လည်း ဘာမှ တုံ့ပြန်မှုမရှိခဲ့ပေ။ သူက အဘိုးအိုကို မေးလိုက်သည်: "ခင်ဗျား ဒါကိုကြည့်နေတာလား"

"ပျင်းနေလို့ မှတ်တမ်းအဟောင်းတွေ လှန်လှောကြည့်ပြီး အတိတ်ကို ပြန်အောက်မေ့နေတာ" အဘိုးအိုသည် နည်းနည်းလောက် ထပ်စဉ်းစားကြည့်ပြီးနောက် ဖြည့်ပြောလိုက်သည်: "ဒါပေမဲ့... ဘယ်သူက ဘယ်သူဆိုတာတွေ ငါမမှတ်မိတော့ပါဘူး။ ဒီစာမျက်နှာမှာ ရပ်နေတာ မိနစ်နှစ်ဆယ်ကျော်သွားပြီ။ နောက်တစ်မျက်နှာကိုလည်း ပြောင်းလို့မရဘူး။ အကုန်လုံး မင်းတို့နှစ်ယောက်ကျေးဇူးတွေပဲ!"

ချင်ကျိုးသည် သတ္တုအကန့်ကို မှီလိုက်ကာ 154 နှင့်အခြားသူများကို လက်ယပ်ခေါ်လိုက်သည်: "မင်းတို့ ဘာအချက်အလက် ရထားလဲ။ ဒီရှင်းလင်းရေးတာဝန်က ခဏဆိုင်းငံ့ထားတာလား၊ ပြီးသွားပြီလား"

154 သည် ရိုးသားသော လူတစ်ယောက်ဖြစ်သည်: "ပြီးသွားပြီ။ စာမေးပွဲက ပျက်စီးသွားတယ်၊ စနစ်ကလည်း ခင်ဗျားတို့နှစ်ယောက်ကို နောက်စာမေးပွဲတစ်ခုကိုပို့ရလောက်တဲ့အထိ ဒုက္ခရောက်တာကိုကြည့်ပြီး မသာယာတတ်ဘူးဖြစ်နေတယ်...."

ချင်ကျိုးသည် နားလည်သမှုနှင့် ခေါင်းညိတ်ပြလိုက်သည်: "အဓိပ္ပါယ်ရှိတယ်"

"အခု ရှင်းလင်းရေးတာဝန်က ပြီးသွားပြီ။ ခင်ဗျားတို့နှစ်ယောက်မှာ ကတ်တစ်ကတ်စီဆွဲခွင့်ကျန်သေးတယ်။ ကတ်ဆွဲပြီးသွားတာနဲ့ ဖြေဆိုသူစောင့်ဆိုင်းနေရာမှာ သွားစောင့်လို့ရပြီ" 154 ကဆိုသည်: "ကျွန်တော်တို့မှာ ကတ်တွေရှိတယ်။ 922———- 922 ရေ"

"အမ်"

922 သည် အသိပြန်ဝင်လာခဲ့သည်။

သူက အိတ်ကပ်ထဲမှ ကတ်တစ်ထပ်ကို ထုတ်လိုက်ပြီးနောက် 154 ၏ လက်ထဲသို့ ထိုးထည့်လိုက်သည်: "မင်း ကုလားဖန်ထိုးလိုက်၊ ငါ့လက်တွေက အားနည်းတယ်"

154 သည် သူ့ကို အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ ကြည့်လိုက်သည်။

"ကောင်းပြီလေ......."

154 သည် ကတ်ကို နှစ်ကြိမ် ရောမွှေလိုက်သည်။ အခြားသူ သုံးယောက်သည် လှုပ်ရှားမည့်ပုံ မရှိတာကို တွေ့တော့ သက်ပြင်းချကာ သူ့ဘော့စ်နှင့်ယိုဟော့ထံသို့ လမ်းလျှောက်သွားလိုက်သည်: "ဒီမှာ တစ်ယောက်တစ်ခါ ဆွဲပါ"

ရှေ့က အတွေ့အကြုံရှိဖူးထားသဖြင့် အနှီကတ်များကို မြင်လိုက်သော ယိုဟော့သည် အံကြိတ်ချင်စိတ်သာ ဖြစ်လာခဲ့သည်။

သူက ချင်ကျိုးကို တွန်းလိုက်ကာ ဆိုသည်: "မင်းအရင်ဆွဲ"

ဒါကိုကြားသော ချင်ကျိုးသည် ရယ်မောလိုက်သည်။

သူက ယိုဟော့၏ကံကို သိထားသော်ကြောင့် မငြင်းခဲ့ပေ။ သူက 154 ၏ ကတ်ထုပ်ထဲမှ ကြုံရာ တစ်ကတ်ကို ဆွဲယူလိုက်သည်။

သူ တစ်ဖက်လှန်လိုက်သောအခါ နှုတ်ခမ်းစူသွား၏။

> နောက်ဆုံးအချိန်မှ တွန်းကျက်ခြင်း/ရိုက်သွင်းခြင်း

မှတ်ချက်: သိပ်ပြီးလုံ့လဝီရိယမရှိသော ဖြေဆိုသူတစ်ယောက်ဖြစ်တဲ့အလျောက် ဒီနှစ်များအတွင်းက စာမေးပွဲတွေဟာ သင့်ကို မယုံကြည်နိုင်စရာကောင်းတဲ့ အရည်အချင်းတစ်ခု ဖြစ်ပေါ်လာဖို့ ကူညီခဲ့ပါတယ်။ ၎င်းကို သိပ္ပံနည်းစနစ်အရ "စာမေးပွဲမတိုင်ခင်အချိန်လေးတွင်မှ အသိပညာများကို ကျယ်ပြန့်နှံ့စပ်စွာ စုဆောင်းခြင်း" လို့ခေါ်ပြီး "နောက်ဆုံးအချိန်မှ တွန်းကျက်ခြင်း" လို့ အများသိကြပါတယ်။ လူတိုင်း ဒါကို လုပ်နိုင်တာမဟုတ်ပါဘူး။ ကျွမ်းကျင်မှုရှိသူများသာလျှင် လုပ်နိုင်ကြပါတယ်။ ထိုသို့လုပ်ဆောင်နိုင်သူတွေဟာ မကြာမကြာ ထူးကဲသောကာလတိုမှတ်ဉာဏ်၊ ကြံ့ခိုင်သောစိတ်ပိုင်းဆိုင်ရာအထုံပါရမီ ရှိကြပြီး ပြင်းထန်သော နှောင့်နှေးကြန့်ကြာမှုအခြေအနေမျိုးကို ခံစားရတတ်ပါတယ်။ အလေ့အကျင့်ဆိုတာက အမှန်ပြင်ရန်ခက်ခဲသောအရာဖြစ်ပါတယ်။ 'နောက်ဆုံးအချိန်မှ တွန်းကျက်ခြင်းကတ်' ကို အသုံးပြုတဲ့ ဖြေဆိုသူတွေဟာ စာမေးပွဲစင်တာတစ်ခုမှာ ဒီကတ်ကိုသုံးလိုက်တဲ့အခိုက်အတန့် စွမ်းရည်တစ်ခုကို အလျင်အမြန်သင်ယူနိုင်ရန် ဖြစ်နိုင်ချေအချို့ရှိပါတယ်။။

မှတ်ထားဖို့က အရာတစ်ခုကိုသာ သင်ယူနိုင်မှာဖြစ်ပါတယ်။

ချင်ကျိုးစူပုပ်သွားသည်မှာ အံ့ဩစရာမရှိပေ။

ယင်းမှာ တိတိပပ ကောင်းမွန်သောကတ်တော့ မဟုတ်ပါ။

ယင်းကို စာမေးပွဲစင်တာတစ်ခုတွင်သာ သုံးနိုင်ပြီး အရာတစ်ခုကိုပဲ သင်ယူနိုင်လိမ့်မည်။ ထို့ပြင် သည်စွမ်းရည်သည် သင့်ကို အကျပ်အတည်းဖြေရှင်းရန် ကူညီနိုင်မည်ဟု အာမမခံနိုင်ပေ။

ယိုဟော့နှင့်ချင်ကျိုးကဲ့သို့သော ဆရာကြီးများအဖို့ သည်ကတ်သည် အမှန်တကယ်ပင်.... အသုံးမဝင်သောကတ်တစ်ကတ်ဖြစ်သည်။

ချင်ကျိုး၏ ဆိုးရွားသောကံသည် ယိုဟော့ကို အနည်းငယ် စိတ်သက်သာရာရသွားစေသည်။

သူသည် 154 ထံသို့ လှမ်းလျှောက်သွားကာ ကတ်တစ်ကတ်ကို ဆွဲယူလိုက်၏။

အမြဲတမ်း ကျောင်းသားကောင်းကတ်ဆွဲမိလောက်တဲ့အထိတော့ ကံမဆိုးလောက်ပါဘူး၊ ဟုတ်တယ်မလား။

သူ ထိုသို့ စဉ်းစားပြီးသွားသည်နှင့်တစ်ပြိုင်နက် ကတ်ကို တစ်ဖက်သို့လှန်လိုက်သည်။

ငါလူး

နောက်ထပ် သောက်သုံးမကျတဲ့ ထိပ်တန်းကျောင်းသားကတ်ပဲ။

အဘိုးအိုပင် ထိန်းမထားနိုင်တော့ပေ။ သူက ရယ်သံထွက်သွားပြီးနောက် ဆိုလိုက်သည်: "ကတ်ကောင်းပဲ"

ယိုဟော့၏ မျက်နှာသည် နောက်တစ်ဖန် ပြန်၍ စိမ်းဖန့်သွားတော့သည်။

အဘိုးအိုသည် သူစကားပြောမှားသွားပြီဟု သတိပြုမိသွားပြီး အလျင်အမြန် နောက်ဆုတ်သွားသည်။

အကြောင်းအရင်းအချို့ကြောင့် သူဤဖြေဆိုသူကို ပထမဆုံးအကြိမ်တွေ့စဉ်တွင် ထူးထူးခြားခြား သူနှင့် ရင်းနှီးလိုခဲ့သည်။ သူ့ကို မခံချိမခံသာဖြစ်အောင်ပြောခြင်းသည် လူတစ်ယောက်နှင့် ရင်းနှီးစေဖို့ အကောင်းဆုံးနည်းလမ်းတော့ မဟုတ်လောက်ပေ။

***

ကတ်ဆွဲသည့်စခန်းပြီးဆုံးသွားသည့်နောက် 154 သည် ယိုဟော့နှင့်ချင်ကျိုးကို သူတို့သွားလို့ရပြီဟု အချက်ပြလိုက်သည်။

ယိုဟော့သည် အဘိုးအိုကို နှုတ်ဆက်စကားဆိုပြီးနောက် ဓာတ်လှေကားဆီ လှမ်းလျှောက်သွားသည်။

အခြားစာမေးပွဲခန်းစောင့်များသည် ဓာတ်လှေကားအတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြသည်။

သို့ရာတွင် ချင်ကျိုးကမူ သတ္တုအကန့်နားတွင် ခဏလောက် တန့်သွား၏....

အဘယ့်ကြောင့်ဆိုသော် "မိနစ် ၂၀ ကျော်အောင် ရပ်နေခဲ့သည်" ဟုဆိုသော စခရင်သည် နောက်ဆုံးတွင်တော့ အသက်ဝင်လာသောကြောင့်ဖြစ်သည်။ စခရင်သည် နှစ်စက္ကန့်မျှ အချက်အလက်ကို ပြန်တင်ပြီးနောက် စာမျက်နှာအသစ်တစ်ခုကို ပြလာခဲ့သည်။

ချင်ကျိုးသည် ထွက်ခွာရန်ရွှေ့နေရင်း စခရင်ကို သာမန်ကာလျှံကာ စောင်းငဲ့ကြည့်လိုက်သည်။

သို့ရာတွင် သူနောက်ထပ် ခြေလှမ်းတစ်လှမ်းပင် မလှမ်းနိုင်ခင် သူ့မျက်လုံးများသည် ဖြည်းဖြည်းချင်း ပြန်လှည့်လာသည်။

အဘိုးအိုသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက မှတ်တမ်းများကို ကြည့်နေခြင်းဖြစ်သည်။

မှတ်တမ်းများကို အချိန်ကာလအလိုက် စီစဉ်ထားသည်။ ယေဘုယျအားဖြင့် စာမျက်နှာတစ်ခုတွင် မှတ်တမ်း ဆယ်ခုအထိ ပြနိုင်သည်။

သို့သော် အသစ်ပေါ်လာသောစာမျက်နှာသည်ကား ထူးခြားနေသည်။ စာမျက်နှာအလယ်တွင် တစ်ခုတည်းသော မှတ်တမ်းသည်သာ ထီးတည်းရှိနေသည်။ ယင်းမှာ

စည်းကမ်းချိုးဖောက်သူ: စာမေးပွဲခန်းစောင့်A

ချိုးဖောက်မှု: * နှင့် အလွန်အကျူး ရင်းနှီးသော ဆက်ဆံရေးရှိခြင်း။

..................xxx..................

Translated by Akira ❣️

Akira has something to say:

စနစ်က အတွေ့အကြုံရှိဖူးတော့ လန့်နေတာ XD

ရင်းနှီးသော ဆက်ဆံရေးဆိုတာ ဒါမျိုး

Comment