အခန်း ၇၁: နားကပ်
အမှန်စင်စစ် အိပ်မက်ဆိုးဟူသည် ကူးစက်ရောဂါတစ်ခုကဲ့သို့ပင် ပျံ့နှံ့တတ်၏။ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာခဲ့သည်။
ဤကျောင်းမှ ကျောင်းသားများသည် သည်အဖြစ်၏ ဂန္တဝင်သာဓကများဖြစ်သည်။
သူတို့အတန်းဖော်များမက်သော အိပ်မက်များကို မှီငြမ်းပြီး သူတို့ နောက်တစ်နေ့ညမက်သော အိပ်မက်များသည် ပိုလို့ပင် အမျိုးစုံလင်နေလိမ့်မည်။
သည်လိုနှင့် ရက်စက်ကြမ်းကြုတ်သော သံသရာတစ်ခုဖြစ်လာခဲ့သည်။
သိသာအထင်ရှားဆုံးအရာမှာ —— ယခင်က သူတို့၏အခန်းများ မပြိုပျက်သေးသည်ကပင် ကံကောင်းနေသေးသည်။ ယနေ့တော့ အဆောက်အအုံနှစ်ခုစလုံး ပြိုလဲကျသွား၏။
ယောက်ျားလေးနှင့်မိန်းကလေးဆောင်များသည် တစ်ခုနှင့်တစ်ခု လမ်းသေးလေးတစ်လမ်းသာခြား၍ မျက်နှာချင်းဆိုင် တည်ရှိကြ၏။ ယောက်ျားလေးများ မိန်းကလေးများ၏ လသာဆောင်ကို ကြည့်ရှုခြင်းကို ဟန့်တားရန် ဟိုဘက်အထပ်နှင့် သည်ဘက်အထပ်ကို ဖြောင့်တန်းမနေအောင် အနည်းငယ် တန်းလွှဲကာ ဆောက်ထားသည်။
ဘေးပတ်ဝန်းကျင်မှခြံစည်းရိုးများသည် မြားတစ်စင်းကဲ့သို့ ကောင်းကင်ထက်သို့ ချွန်တက်နေသည်ဖြစ်ရာ အဆော့သန်သော ကလေးများ ခိုးမဝင်အောင် ခြောက်လှန့်နေသည်။
ပုံမှန်အားဖြင့် သူတို့လုပ်နိုင်သောအရာမှ အတော်လေး အနည်းအကျဉ်းမျှသာရှိသော်လည်း ယခုမူ မိန်းကလေးဆောင်တစ်ခုလုံးသည် လဲကျလာကာ ယောက်ျားလေးဆောင်သို့ ဝင်တိုက်သွားလေသည်။
မိန်းကလေးများ အုပ်စုလိုက် ကောင်းကင်မှ ဆင်းသက်လာသည်ကို တွေ့လိုက်သောအခါ အော်ဟစ်နေသော ကောင်လေးများသည် ချက်ချင်းဆိုသလို ဟန်ကိုယ့်ဖို့ သိက္ခာထိန်းလိုက်ကြသည်။
ဆယ်ကျော်သက်ကလေးများသည် အလွန်ကာကွယ်လိုစိတ် ပြင်းထန်ကြသည်။ သူတို့က ချက်ချင်း အားပြန်မွေးကာ မိန်းကလေးများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးကြသည်။
သို့ရာတွင် မိနစ်အနည်းငယ်အတွင်း သူတို့ အထင်လွဲမှားနေတာဖြစ်နိုင်သည်ဟု သိသွားကြသည်။
အနှီမိန်းကလေးများသည် သူတို့ထင်မှတ်ထားသည်နှင့် လုံးလုံးလျားလျား ကွဲပြားနေကြသည်———
အော်ဟစ်နေသောသူများမှာ သူတို့ဖြစ်သည်။ ထူးထူးခြားခြား သည်းထန်စွာငိုကြွေးသူများမှာ သူတို့ဖြစ်သည်။ ထို့ပြင် သရဲများကို အလူးအလဲဖက်တွယ်ကာ လက်ဖြင့် ကုတ်ခြစ်တိုက်ခိုက်နေသောသူများမှာလည်း သူတို့ပင်ဖြစ်သည်။
အချိန်မီ မရှောင်ရှားနိုင်သော ကောင်လေးအချို့မှာ သရဲအဖြစ် အထင်မှားခံရကာ အကုတ်ခြစ်ခံခဲ့ရ၏။
အဘယ့်ကြောင့်ဆိုသော် မိန်းကလေးများသည် မျက်လုံးများအသေပိတ်ကာ တိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်သည်။
ဟန်လင်သည် ထိုကံမကောင်းသော မိန်းကလေးအုပ်စုထဲတွင်ဖြစ်သည်။ သူ(မ)သည် အသံအကျယ်ဆုံးအော်ဟစ်ကာ အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့သည်။
သူသည် ပြိုကျသွားသောတိုက်နှင့်အတူ ယောက်ျားလေးဆောင်အတွင်းသို့ တစ်ချိန်လုံး ငိုယိုရင်း ကျသွားခဲ့သည်။
ငိုယိုနေရင်း လှေကားမှ ပြေးဆင်းသွားကာ တွဲလောင်းခိုနေသော သရဲကို ဆံပင်မှ ဆွဲချသွားသေးသည်။
သူသည် အတွင်းစိတ်မှ အလွန်ကြောက်ရွံ့နေသောကြောင့် အလွန်အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သူ့ကိုလာကယ်မည့် သူရဲကောင်းဟူ၍ မရှိ၊ သူ့ကိုယ်သူသာလျှင် ကယ်တင်နိုင်သည်။
သူသည် လှေကားအောက်သို့ ဒယိမ်းဒယိုင်ဖြင့်ဆင်းလာရင်း သရဲကိုဘေးသို့ ကန်ထုတ်ကာ ခြေဗလာဖြင့် ပြေးဆင်းလာသည်။
ပုံမှန်အားဖြင့် ကာယချိန်တွင် မီတာ ၈၀၀ ခန့် ပြေးပြီးလျှင် အန်ထွက်တတ်သော်လည်း ယခုမူ ထိုမျှမကအကြိမ်ကြိမ် ပြုလုပ်ခဲ့ပုံရသော်လည်း သူဆက်လုပ်ရန် အားရှိသေးသည်။
ကျောင်းသည် ဖရိုဖရဲဖြစ်နေလေသည်။ သူတို့ဘယ်ရောက်နေမှန်းကိုပင် မပြောနိုင်ပေ။
ဟန်လင်သည် အဆောင်နားဝန်းကျင်တစ်လျှောက် ထိတ်ထိတ်ပြာပြာဖြင့် ပြေးလွှားနေရင်း နောက်ဆုံးတွင် အနှီတွဲလောင်းသရဲကို ခွာထုတ်နိုင်သွားသည်။ သို့သော် ထိုအစား ပို၍ပင် ဆိုးရွားသော အားကစားခန်းမထဲ ရောက်နေသည်ကို တွေ့လိုက်ရ၏။
အခေါင်းတစ်ခုမှာ အဖုံးပွင့်လျက်ဖြစ်နေပြီး သူ ချက်ချင်း လိမ့်ကျသွားတော့သည်။
တစ်ခုခုပုပ်သိုးနေသော အလွန်ဆိုးဝါးသည့်အနံ့ဆိုးသည် နှာခေါင်းတွင်း ပြည့်နှက်သွား၏။
သူ့ခြေထောက် လုံးဝ မရွေ့လျားနိုင်တော့သည်ကို ခံစားသိလိုက်၏။ သူ့လက်တွင် ကြီးမားသော ဒဏ်ရာတစ်ခုရှိနေပြီး ဒူးခေါင်းမှာ ယောင်ရမ်းနေပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းမှာ နာကျင်နေသည်။
ထိုအချိန်မှာပဲ သူ့အထက်မှ တရှဲရှဲမြည်သံများကို ကြားလိုက်ရသည်။
သူ ကြောက်လန့်တကြား အနောက်သို့ လှည့်ကြည့်လိုက်သည်။
အခေါင်းနံဘေးတွင် ဖုတ်ကောင် ခုနစ်ကောင်၊ ရှစ်ကောင်ခန့်သည် ပတ်လည်ဝိုင်းနေလေသည်။
သူတို့အရေပြားများသည် လုံးဝ ပုပ်သိုးဆွေးမြေ့နေသည်။ အချို့သောသူတို့၏ မျက်လုံးများမှာ တစ်ဝက်တစ်ပျက် အပြင်သို့ထွက်ကျနေပြီး အချို့သူများ၏ မျက်လုံးနေရာတွင် အမည်းရောင်အခေါင်းပေါက်ကြီးသာရှိသည်။
ဖုတ်ကောင်များသည် သူတို့လက်များကို အောက်ချထားကြသည်။ သူတို့အချင်းချင်း ဆက်သွယ်နေသည့်အလား ဂူးဂူးဂါးဂါးအသံများကိုလည်း ကြားနေရသည်။
သူတို့က အကြည့်မလွှဲကြဘဲ သူ့ကိုဆက်လက် စူးစိုက်ကြည့်နေကြသည်။ ပါးစပ်မှလည်း သွားရည်များသည် အမျှင်ရှည်တန်းများအဖြစ် တမျှားမျှားကျနေကြသည်။
သွားပြီ။ သည်တစ်ခေါက်တော့ သူတကယ် သည်မှာသေတော့မည့်ပုံပင်။
အနှီဖုတ်ကောင်များသည် လက်သည်းများကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်၏။
သူ အနည်းငယ် အနောက်သို့ ကိုယ်ကိုကျုံ့ဝင်ရန်ကြိုးစားလိုက်သော်ငြား ဘယ်ကိုမှ သွားစရာမရှိပေ။
သည်အခေါင်းသည် သူ့ကိုယ်ပိုင်ဖြစ်တော့မည်.......
သူ မသိစိတ်အရ မျက်လုံးမှိတ်လိုက်သော်လည်း မကြာခင် အက်ကွဲသံအချို့ ကြားလိုက်ရ၏။
များမကြာခင် ထိုအသံမှာ တစ်စုံတစ်ခု လဲကျသွားသောအသံဖြစ်သည်။ ယင်းမှာ အလွန်တိုးညင်းလှသည်။
ဟန်လင်သည် အားမွေးကာ မျက်လုံးဖွင့်ကြည့်လိုက်၏။ သူ့ဘေးပတ်ပတ်လည်မှ ဖုတ်ကောင်များအားလုံး လဲပြိုကျသွားပြီး သင်္ချိုင်းမြေပုံနားတွင် လူရိပ်နှစ်ခု ရပ်နေသည်ကို တွေ့လိုက်ရ၏။ တစ်ယောက်မှာ နီးကပ်ပြီး နောက်တစ်ယောက်မှာ အနည်းငယ် လှမ်းသည်။
သူ့အနီးနားမှတစ်ယောက်သည် အင်မတန်ချောမောသောပုံရှိသည်။ သူ့လက်တွင် တစ်နေရာရာမှ ယူဆောင်လာသည့် ပါးလွှာသောဓားရှည်တစ်ချောင်းကို ကိုင်ထား၏။
ဟန်လင်သည် ထိုကဲ့သို့သော ဓားကို တစ်ခါမျှ မမြင်ဖူးပေ။ မည်သို့ပင်ဖြစ်စေ ယင်းမှာ သူယခင်က မြင်ဖူးသောဓားများနှင့် မတူပါ။
ဓားသည် ပါးလွှာပြီးဗျက်ကျဉ်းသည်၊ ဓားသွားမှာမူ အလွန်ထက်သည်။ ယင်းတွင် အေးစက်သောအလင်းတစ်ချက် ရောင်ပြန်ဟပ်နေသည်။
ဓားကိုင်ဆောင်ထားသူသည် ပြတ်သား၍ ရိုးရိုးရှင်းရှင်း လှုပ်ရှားလိုက်သည်။ တစ်ချက်ယမ်းလိုက်သည်နှင့် ဖုတ်ကောင်တစ်ကောင်၏ ခေါင်းသည် လွင့်စင်ထွက်သွားသည်။
သူက ထိုခေါင်းများကို ညစ်ပတ်သည်ဟု ထင်ပုံရသည်။ တစ်ချက်ဖြတ်လိုက်ပြီးသည့်အခါတိုင်း ဓားဖျားကို အမြဲလိုလို ဆတ်ခနဲတောက်ကာ ခေါင်းကို အဝေးသို့ လွှင့်ပစ်လေ့ရှိသည်။
သူဖြတ်တောက်ပြီး၍ တစ်ဖက်သို့လှည့်လာသည့်အခါတွင် ဟန်လင် သူ့မျက်နှာကို နောက်ဆုံးတော့ တွေ့လိုက်ရသည်။
သူ သည်လူကို မှတ်မိသည်။ ညကိုယ်ပိုင်စာကြည့်ချိန်တုန်းက သူ့နောက်တွင် ထိုင်သောသူဖြစ်သည်။
ဟန်လင်က မသိလိုက်မသိဘာသာဖြင့် "ဆရာ A" ဟုခေါ်လိုက်မိသည်။
တစ်ဖက်လူ: "?"
ဟမ်.....
ဆရာA က ဘယ်တုန်းက ဘွတ်ဖိနပ်တွေ လဲလိုက်တာလဲ။
ဟန်လင်က ခဏလောက် တုန့်ခဲသွားသည်။
သူအတွေးလွန်နေစဉ်တွင် နောက်ထပ်ဖုတ်ကောင်အုပ်ကြီးသည် တစ်ဖက်ခြမ်းမှ တဟုန်ထိုး ပြေးဝင်လာကြသည်။
ဟန်လင်သည် အံ့အားသင့်စွာ အော်လိုက်သည်: "သတိထား———-"
ရလဒ်အနေဖြင့် သူနှင့်အနည်းငယ်ဝေးသောနေရာမှ လူသည် တစ်ဖက်လှည့်လာ၏။ လက်တစ်ဖက်က အုတ်ဂူကျောက်တိုင်ကို ထောက်ကန်ကာ မြေကျင်းကြီးကို လှမ်းကျော်လိုက်သည်။
သူခြေချရန် ရွေးချယ်လိုက်သောနေရာမှ အလွန်......တိကျသည်။
သူက ဆရာA ၏ နံဘေးတွင် ကွက်တိကျသွားသည်။
သူမြေပေါ်ခြေချလိုက်သည်နှင့် ဆရာA ၏ လက်ကောက်ဝတ်ကို ဆွဲကာ ဘေးသို့ယမ်းလိုက်သည်: "စာမေးပွဲခန်းစောင့်ကြီး ဓားခဏငှားပါရစေ"
သူပြောပြီးသည်နှင့်တစ်ပြိုင်နက် ဖုတ်ကောင်ခေါင်းများသည်လည်း မြေပေါ်သို့ကျသွားသည်။
သူက တစ်ချက်တည်းနှင့် ခေါင်းခြောက်ခေါင်း ဖြတ်လိုက်သည်။
ဓားငှားသူအမျိုးသားမှာလည်း ဟန်လင် မှတ်မိသောသူဖြစ်သည်။
ထိုသူမှာ ညကိုယ်ပိုင်စာကြည့်ချိန်က သူ့အနောက်နှစ်ခုံကွာတွင် ထိုင်နေသူဖြစ်သည်။
ဆရာB မဟုတ်လို့ တခြားဘယ်သူဖြစ်ရဦးမှာလဲ။
သို့သော်.........
ဘာဖြစ်လို့ ဆရာBရဲ့ ဆံပင်က နည်းနည်း တိုနေရတာလဲ။
ထို့ပြင် ဆရာB က ဆရာA ကို ဘာဖြစ်လို့ "စာမေးပွဲခန်းစောင့်ကြီး" ဟုခေါ်ရသလဲ။
ဟန်လင်သည် သည်အကြောင်း အချိန်ယူစဉ်းစားရန် အခွင့်အရေးမရခဲ့ပေ။
သူက ဆရာA ၏ အေးစက်သောအသံကို ကြားလိုက်ရသည်: "လွှင့်ပစ်လိုက်စမ်းပါ"
"မင်းသဘောပါပဲ" ဆရာB က ရွှင်မြူးစွာ ပြန်ဖြေလိုက်သည်။
ထို့နောက်.... ဟန်လင်သည် ဦးခေါင်းများ လေထဲသို့ ဝဲပျံသွားသည်ကို မြင်လိုက်ရသည်။
အနှီဆရာနှစ်ယောက်သည် ၎င်းတို့ကို အတော်ဝေးဝေးသို့ လွှင့်ပစ်လိုက်ပုံရသည်။
မည်သို့ပင်ဖြစ်ပါစေ သူနောက်ထပ် မမြင်ရတော့ပေ။
ဖုတ်ကောင်များ၏ အော်ဟစ်သံများကိုသာ ကြားနေရသည်။
ထိုအချိန်တွင် ဆရာA ကဆိုသည်: "ကိုယ့်အတွက်ကိုယ် ဓားတစ်ချောင်းတောင် မရှာနိုင်ဘူးလား"
သူ့အသံမှာ အလွန်အေးစက်နေသည်။ ဟန်လင်သည် အကယ်၍ သူသာဆိုလျှင် ပြန်မပြောရဲလောက်ဟု တွေးမိသည်။
သို့သော် ဆရာBက ရယ်သာရယ်နေသည်။ ထို့နောက် ပြန်ဖြေသည်: "အချိန်မရှိဘူး"
ဟမ်..........
အချိန်မရှိဘူးဆိုတာ အမှန်ပဲနေမှာပါ။
ပြောရမည်ဆိုလျှင် သူတို့ လက်ရှိ သည်လို အကျပ်အတည်းမျိုးတွင် ရောက်နေကြသည်လေ။
ဟန်လင် ထိုအကြောင်း စဉ်းစားမိလိုက်သည်။
နောက်တစ်စက္ကန့်တွင် ဖုတ်ကောင်ခေါင်းတစ်ခေါင်းသည် လေတွင်လွင့်ပျံလာသည်။
လှမ်းပစ်လိုက်သည့် အဝေ့အဝိုက်တစ်လျှောက် မျက်လုံးများပွင့်လျက် ဟန်လင်ရှေ့တည့်တည့်သို့ ကျသွား၏။
သူသည် အလိုအလျောက်တုံ့ပြန်မှုအရ အသံကုန်အော်လိုက်သည်။
သူအသံကုန်ဟစ်လိုက်သည်နှင့်တစ်ပြိုင်နက် တရှဲရှဲသံ ကြားလိုက်ရသည်။
အခေါင်းဘေးသို့ လူတစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီး ကြည့်ကောင်းသောလက်တစ်ဖက်သည် ထိုခေါင်းကို လှမ်းကောက်လိုက်သည်။ ထို့နောက် "ဝှစ်" ဆိုသောအသံနှင့်အတူ ခေါင်းသည် လွှင့်ပစ်ခံလိုက်ရသည်။
ဟန်လင်သည် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ဆရာB ထိုနေရာတွင် ဆောင့်ကြောင့်ထိုင်နေသည်ကို တွေ့လိုက်ရ၏။ အထက်စီးမှနေ၍ သူက လက်ချောင်းနှစ်ချောင်းမြှောက်ကာ သာမန်ကာလျှံကာ နှုတ်ဆက်လာသည်: "ဆောရီး လန့်သွားလား"
ဟန်လင်က လှမ်းခေါ်လိုက်သည်: "ဆရာB"
တစ်ဖက်လူ: "?"
ကိုယ်လူချောက မျက်ခုံးပင့်လိုက်၏။
ဟိုးအရင်က လူအချို့က သူ့ကိုအရာရှိဟု ခေါ်တတ်သည်။ ထို့နောက် သူ့ကို ချင်ကော သို့မဟုတ် ဖြေဆိုသူဟု ခေါ်သူများလည်း ရှိလာသည်။ သို့ရာတွင် သူ့ကို ဆရာဟု အခေါ်ခံရခြင်းမှာမူ ပထမဆုံးအကြိမ်ဖြစ်သည်။ ယင်းမှာ အနည်းငယ် ထူးဆန်းနေသည်။
"စာမေးပွဲခန်းစောင့်A" သည် လှမ်းလာသည်။ သူက ဓားဖျားမှ သွေးစက်များကို ဆတ်ခနဲ တောက်ချလိုက်သည်။
"မတ်တပ်ရပ်နိုင်လား" သူက ဟန်လင်ကို မေးလိုက်သည်။
ဟန်လင်က ခေါင်းညိတ်ပြ၏။
"ဒါက ကျောင်းလား၊ ဒီမှာ လူပုန်းစရာ နေရာရှိလား" ဖြေဆိုသူ "ချင်ကျိုး" က မေးသည်။
"မြေအောက်ကားပါကင်တစ်ခုတော့ ရှိတယ်၊ ဒါပေမဲ့.... ဒါပေမဲ့ အဲဒီမှာလည်း သရဲတွေရှိမယ်ထင်တယ်" ဟန်လင်သည် ထိုနေရာသည် ပုံမှန်အားဖြင့် တိတ်ဆိတ်၍ လူသူမရှိသောနေရာဖြစ်သောကြောင့် သရဲများပေါ်လာလောက်သည့် အကောင်းဆုံးနေရာဖြစ်သည်ဟု ထင်သည်။
ထိုနေရာသည် အခုလောလောဆယ် သက်ရောက်မှုအများဆုံးနေရာ ဖြစ်မည်ကို စိုးရိမ်နေသည်။
"အဲဒီမှာတံခါးရှိလား"
"ဝင်ပေါက်မှာ တံခါးနေရာရှိတာကိုတော့ မှတ်မိတယ်၊ အသေပိတ်လို့ရမယ်ထင်တယ်" ဟန်လင်က ဆိုသည်။ "နဂိုက ဗုံးကြဲတိုက်ခိုက်ရာကနေ ခိုလှုံရာအဖြစ်လုပ်ထားတာလို့ ကြားတယ်"
"အိုး အဲဒါဆိုကောင်းတာပဲ၊ အဲဒီမှာ ဘယ်လောက်သရဲများများ သတ်လိုက်လို့ရတာပဲ"
ဖြေဆိုသူ "ချင်ကျိုး" က ထိုသို့ဆိုသည်။
ဟန်လင်: ".........."
သူ ထိုသို့သော တွေးပုံတွေးနည်းကို လိုက်လို့မမီပေ။
ဟန်လင်က အခေါင်းအပြင်သို့ ကုတ်ကပ်ထွက်လိုက်ပြီးနောက် သင်္ချိုင်းတစ်ခုလုံး ရှင်းလင်းပြီး ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။
သည်မှာ ဖုတ်ကောင် သည်လောက်နည်းနည်းလေး မဟုတ်မှန်း သိသည်။ တခြားသူတွေက.... ဟင်း ခြောက်လှန့်ခံလိုက်ရတာလား။
အနည်းဆုံးတော့ ခဏတဖြုတ် အနားသို့ ကပ်လာမည်မဟုတ်။
သူကဆိုသည်: "ရှင်တို့ကို ကားပါကင်ကို ခေါ်သွားမယ်"
မိန်းကလေးက မျက်နှာနီမြန်းလျက် အရှေ့သို့လျှောက်သွား၏။
သူ့ကျောဘက်တွင် သည်နှစ်ယောက်ကာကွယ်ပေးနေသရွေ့ သူမကြောက်ပေ။
"ချင်ကျိုး" သည် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် လက်ချောင်းများကို ပွတ်သပ်ကာ ပြောလာသည်: "စာမေးပွဲခန်းစောင့်ကြီး တစ်ရှူးနှစ်ရွက်လောက် ချေးပါ"
"စာမေးပွဲခန်းစောင့်A" က သူ့ကို စောင်းငဲ့ကြည့်လိုက်သည်: "မင်းရဲ့ဘယ်မျက်လုံးတွေကများ ငါတစ်ရှူးသယ်ပြီး လျှောက်သွားနေတာ မြင်မိလို့လဲ"
ယင်းမှာ အလွန်ထူးဆန်းသည်။ သူ(A)က ဓားနှင့်ဖုတ်ကောင်များ ထိသွားသည့်အချိန် အသေအချာပင် စက်ဆုပ်ရွံရှာသွားသော်လည်း ဖုတ်ကောင်ခေါင်းများကို ထိတွေ့ထားသည့် သူ့နံဘေးတွင် ဝှေ့ယမ်းနေသော လက်ကိုမူ မဖြတ်တောက်လိုက်သလို အဝေးသို့လည်း ရှောင်မသွားမိပေ။
ဟန်လင်သည် ခြေလှမ်းအချို့လှမ်းလိုက်ပြီးနောက် သူ့အိပ်ကပ်ထဲမှ တစ်ရှူးတစ်ထုပ်ကို တိတ်တဆိတ် ကမ်းပေးလိုက်သည်။
ထို့နောက် တိတ်တိတ်လေး ပြန်လှည့်သွားလေသည်........
ဘာကြောင့်မှန်းမသိ ယခုအချိန် သူမည်သည့်စကားမှ မဆိုသင့်ဟု ခံစားနေရလေသည်။
ပထမအချက်က သူ့ရှေ့တွင် ကိုယ်လူချောနှစ်ယောက်ရှိနေသောကြောင့် အနည်းငယ်ရှက်ရွံ့နေသည်။
ဒုတိယအချက်က .... မသင့်တော်လှဟု ခံစားမိသောကြောင့်ဖြစ်သည်။
"ချင်ကျိုး" သည် သူ့ကို ကျေးဇူးတင်စကားပြော၍ သူ့လက်ကိုသုတ်ရန် နှစ်ရွက်ဆွဲထုတ်လိုက်ပြီးနောက် နောက်တစ်ရွက်ကို "စာမေးပွဲခန်းစောင့်A" ကိုလှမ်းပေးလိုက်သည်။
"စာမေးပွဲခန်းစောင့်A" သည် တစ်ရှူးကို ကြည့်လိုက်ပြီး လက်မခံခဲ့ပေ: "ဘာလဲ"
"ဓားကို သန့်ရှင်းဖို့လေ။ ဒီလောက်ဇီဇာကြောင်တဲ့ စာမေးပွဲခန်းစောင့်A က ဒီလို ဖုတ်ကောင်အရည်တွေ စွန်းနေတဲ့ဓားကို ဒီလောက်ကြာကြာ ကိုင်ထားနိုင်တယ်ပေါ့"
"ဖုတ်ကောင်အရည်တွေ စွန်းနေတဲ့ဓား" ဆိုသည့် စကားလုံးများကို ကြားလိုက်သောအခါ "စာမေးပွဲခန်းစောင့်A" သည် မျက်နှာသေဖြင့် လက်လှမ်းကာ တစ်ရှူးကို ဆွဲယူလိုက်၏။
သူတို့လမ်းလျှောက်သွားသည့်တစ်လျှောက် ခြေထောက်အောက်မှ မြက်ပင်များသည် တရှဲရှဲမြည်နေသည်။ ဓားသွားထက်သို့ တစ်ရှူးပွတ်တိုက်သံမှာ ခပ်ဖွဖွသာ ကြားရသည်။
ခဏတဖြုတ် အခြား မည်သည့်အသံမျှ မကြားရပေ။
အတန်ကြာသော် "ချင်ကျိုး" သည် ရုတ်တရက် စကားထပြောလာသည်: "စိတ်မကြည်ဘူးပဲ"
"စာမေးပွဲခန်းစောင့်A" ၏ ဓားသုတ်နေသော အပြုအမူမှာ တန့်သွားသည်။ ထို့နောက် သူ့ကို မျက်မှောင်ကြုတ်လျက် ကြည့်လာသည်: "ဘယ်သူလဲ"
"မင်းလေ"
"စာမေးပွဲခန်းစောင့်A" သည် ပြန်လှည့်ကာ ဓားကို ဆက်သန့်ရှင်းနေလေသည်။
"စဉ်းစားကြည့်ရအောင်.... ငါက အဆောင်ခန်းထဲက တခြားတစ်ယောက်ကို စာမေးပွဲခန်းစောင့်ကြီးလို့ ခေါ်လိုက်မိလို့များလား"
"ချင်ကျိုး" သည် အရှေ့သို့ ကြိုလျှောက်သွားကာ ထို့နောက် နောက်ပြန်လှည့်လာသည်။ သူက နောက်ပြန်လျှောက်နေရင်း ခေါင်းစောင်းကာ "စာမေးပွဲခန်းစောင့်A" ၏ အမူအရာကို လေ့လာနေ၏။
"..........."
အတန်ကြာအောင် စောင့်ကြည့်ခံလိုက်ရပြီးနောက် "စာမေးပွဲခန်းစောင့်A" သည် အဆုံးတွင် ထိန်းမထားနိုင်တော့ပေ။ သူက ပြောလာသည်: "ကောင်းကောင်းလျှောက်စမ်းပါ"
"အဖြေရတာနဲ့ ကောင်းကောင်းလျှောက်မယ်"
".............."
"အဲဒါဆို ဇောက်ထိုးလျှောက်"
"ချင်ကျိုး" သည် ရုတ်ခြည်း ထရယ်လိုက်သည်။
ထို့နောက် သူကဆိုသည်: "စာမေးပွဲခန်းစောင့်ကြီး ကျွန်တော်တို့နဲ့ သူတို့နှစ်ယောက်ထဲမှာ ဘယ်သူက အစစ်ဖြစ်ပြီး ဘယ်သူက အတုလို့ထင်လဲ"
"စာမေးပွဲခန်းစောင့်A" က အမူအရာကင်းမဲ့စွာ ဖြေလိုက်သည်: "ငါတို့"
သို့သော် ခဏအကြာတွင် သူက ရုတ်တရက် ဆိုလိုက်သည်: "ငါ အိပ်မက်မက်နေသလို ခံစားနေရတယ်"
"ဟင်?"
သူက အိပ်မက်မက်နေသလို ခံစားနေရသည်။
လက်တွေ့ဘဝက မည်သို့မည်ပုံဆိုသည်မှာ မရှင်းလင်းသော်လည်း အိပ်မက်များမှာမူ အမြဲလိုလို ဝေဝါးကာ ယုတ္တိမရှိပေ။
"မင်း စာမေးပွဲခန်းစောင့် ဖြစ်လာတယ်လို့ ရေးရေးလေးမှတ်မိတယ်၊ ဒါပေမဲ့ မင်းကိုယ်မင်း ဖြေဆိုသူလို့ မင်းကပြောတယ်"
"အဲဒီလိုလား"
"စာမေးပွဲခန်းစောင့်A" သည် တခြား ဘာမျှ မပြောခဲ့ပေ။
မည်သို့ဖြစ်စေကာမူ သူ့မှတ်ဉာဏ်များမှာလည်း အလွန်မသဲမကွဲဖြစ်နေလေရာ သေသေချာချာ မပြောနိုင်ပေ။
သည်နေရာတွင် သူ့ပင်ကိုစရိုက်နှင့် ရုပ်သွင်သာလျှင် မပြောင်းလဲဘဲ ရှိနေသော်လည်း ကျန်အရာများမှာ ဖြတ်တောက်ခံထားရသည်။ အတိတ်မရှိသလို အနာဂတ်လည်း မရှိပေ.....
ထိုသူနှစ်ယောက်ပြောတာ အမှန်ဖြစ်နေမလား။
သူတို့က အိပ်မက်ထဲက လာတာများလား။
ခဏစဉ်းစားလိုက်ပြီးနောက် ရုတ်တရက် "ချင်ကျိုး" ကို အဆက်အစပ်မရှိ မေးလိုက်သည်: "အဆောင်တုန်းက နောက်တစ်ယောက်ကို အစစ်လို့ ဘာဖြစ်လို့ထင်သွားတာလဲ"
"ချင်ကျိုး" ၏ နှုတ်ခမ်းထောင့်များ ကော့တက်သွားပြီးနောက်: "သဝန်တိုနေတာလား စာမေးပွဲခန်းစောင့်ကြီး"
အရှေ့မှ ဟန်လင်သည် ခြေချော်ခါနီးဖြစ်သွား၏။
"စာမေးပွဲခန်းစောင့်A": "........"
"ချင်ကျိုး" က ထို့နောက် ပြောသည်: "ကဲ ကဲ အတည်ပြောမယ်"
သူက မျက်လုံးများ မှေးကျဉ်းကာ တဒင်္ဂခန့် တွေးနေသည်။
ဘာလို့များလဲ။
မီးတွေ မဖွင့်ထားလို့လား။
သူ "စာမေးပွဲခန်းစောင့်A" ကို ပထမဆုံးမြင်တုန်းက အကြောင်းအချို့ကြောင့် သူက အနည်းငယ် ဝေးကွာနေသလို ခံစားခဲ့ရ၏။ သေချာပေါက် လသာဆောင်နားတွင်ရပ်နေခြင်းဖြစ်ပြီး အလွန်ဆုံး ငါးမီတာ၊ ခြောက်မီတာအကွာခန့်သာ ရှိလောက်သော်လည်း အလှမ်းကွာဝေးလွန်းသည်ဟု ခံစားခဲ့ရပြီး သူ့(A)ကို ပြတ်ပြတ်သားသား မမြင်ရပေ။
သူတို့နှစ်ယောက်ကြားတွင် အမျိုးမျိုးသော စိတ်ရှုပ်စရာအရာများ ရှိနေသကဲ့သို့ သူ့ကို တစ်ဖက်လူအား သေချာမမြင်ရအောင် ကာဆီးထားသည့်အလားပင်။
အကယ်၍ လရောင်သည်သာ နည်းနည်းလောက် ပိုတောက်ပခဲ့လျှင်.... သူပို၍ ရှင်းရှင်းလင်းလင်း မြင်နိုင်လောက်သည်ဟု ခံစားနေရသည်။
သူက ထိုသို့စဉ်းစားလိုက်ပြီးနောက် "စာမေးပွဲခန်းစောင့်A" ကို ပြောလိုက်သည်: "အခန်းက မှောင်လွန်းတယ်။ သူက နားကပ်တစ်ဖက် ဝတ်ထားလို့ဖြစ်မယ်၊ အဲဒါကြောင့် သူ့ကိုပိုရှင်းရှင်းလင်းလင်း မြင်ရတယ်"
.........
***
အောက်ထပ်တွင် အဖြူရောင်အမွှေးရှိသော မျောက်အုပ်ကြီးသည် ပျောက်ကွယ်သွားချေပြီ။
ဖက်တီးလေးကျန်းမင်သည် စကားပင်မပြောနိုင်တော့ပေ။ သည်ဆရာကြီးနှစ်ယောက်သည် အံ့အားသင့်စရာကောင်းလောက်အောင် ကျွမ်းကျင်လှသည်။ သူတို့သည် မြို့ကို လေဆင်နှာမောင်း ဆုတ်ဖြဲလိုက်သည့်အလားပင် မျောက်များနှင့်သရဲများကို ထိုးခွင်းသွားလေသည်။
သူက ကြောက်ရမည်ကိုပင် မေ့သွားပြီး ဘာကြောင့်မှန်းမသိ ရွှင်မြူးလာလေသည်။
စိတ်ရှုပ်စရာအကောင်းဆုံးအရာမှာ ကွင်းထဲမှ အလံတိုင်များသည် ချိုးဖဲ့ခံထားရပြီး မြေပေါ်တွင် လဲကျနေကြသည်။
ဆရာA သည် သူတို့ကို ဝါးတူများသဖွယ်သုံးကာ သူအနိုင်ပိုင်းလိုက်သည့် သရဲများနှင့်သားရဲကောင်းများအားလုံးကို တံစို့ထိုးထားသည်။ တံစို့ထိုး အသားကင်များကဲ့သို့ အရေအတွက်တစ်ရာကျော်မှာ နေရာတကာတွင် ပြန့်ကျဲတည်ရှိနေကြသည်။
အချင်းချင်းပူးကပ်နေကြသော ဖက်တီးလေးနှင့်အခြားကောင်လေးများသည် ကြည့်နေရင်း ဗိုက်ဆာလာကြသည်။
ချင်ကျိုးက ခေါင်းလှည့်လိုက်သော် ယိုဟော့ ခြေထောက်မြှောက်လိုက်သည်ကို တွေ့လိုက်ရသည်။ နောက်ဆုံးသရဲကောင်များသည် လေထဲသို့ ကန်ထုတ်ခံလိုက်ရပြီးနောက် အလံတိုင်တစ်ခုတွင် ကွက်တိ ထုတ်ချင်းပေါက်ဝင်သွားသည်။
သူက မြင့်မား၍ တစ်စစီကျိုးပဲ့ပျက်စီးနေသော နံရံထက်တွင် မတ်တပ်ရပ်လျက် သူ့ရှူးဖိနပ်ထိပ်ဖျားကို လက်ထဲရှိ စတီးပိုက်လုံးဖြင့် ခပ်ဖွဖွတို့ထိနေသည်။ သူက အဝေးသို့ မျှော်ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာ ယိုဟော့ကို ပြောလိုက်သည်: "ဗိုက်ဆာလား၊ စားသောက်တန်းက မီးလင်းနေတုန်းပဲ တစ်ခုခုသွားစားကြမလား"
ယိုဟော့: "..........."
အနားရှိကောင်လေးတစ်သိုက်: ".............."
ယိုဟော့သည် ထိုနေရာတွင် အေးတိအေးစက် ခဏလောက်ရပ်နေပြီးနောက် ဖက်တီးလေးကို လှည့်မေးလိုက်သည်: "ဘယ်အချိန်ရှိပြီလဲ"
ဖက်တီးလေး: "............"
"နှစ်-နှစ်နာရီ ဆယ်မိနစ်"
ဆယ်မိနစ်အတွင်း အဆောင်နေရာတစ်ဝိုက် တစ်ခုလုံးကို ရှင်းလင်းပြီးသွားပြီ......
သည်အတိုင်းသာ ဆက်သွားလျှင် သူတို့ အမှန်တကယ်ပင် စားသောက်ဆိုင်မှာ ညလယ်စာ သွားစားချိန်ပင်ရနိုင်သည်။
ဖက်တီးလေးသည် ခေါင်းခါယမ်းကာ အနှီရယ်စရာအတွေးများကို ခါထုတ်လိုက်သည်။
ချင်ကျိုးသည် ခုန်ချလိုက်ပြီးနောက် ယိုဟော့နှင့်အတူ စားသောက်ဆိုင်သို့ ထွက်သွားသည်။
ဖက်တီးလေးနှင့်အခြားသူများသည်လည်း အချင်းချင်းကြည့်ကာ သူတို့တကယ်ပဲ ညလယ်စာ သွားစားတော့မှာလားဟု တွေးသွားကြသည်။ ထို့နောက် သူတို့နောက်မှ ဘဲကလေးများအလား လိုက်သွားကြသည်။
သူတို့ ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးသည်။ ချင်ကျိုးက ရုတ်ခြည်း မေးလာသည်: "မေးခွန်းကို မဖြေရသေးဘူးနော်... စာမေးပွဲခန်းစောင့်ကြီး"
သူက ပထမစကားတစ်ဝက်ကို ပြောလိုက်စဉ် မူလက ထိုနေရာတွင်သာ ရပ်လိုက်ဖို့ ရည်ရွယ်ထားသည်ပင်။
သို့ရာတွင် သူက မပြည့်စုံဟု ခံစားလိုက်ရသည်၊ တစ်စုံတစ်ခု လိုနေသည့်အလား။
အဆုံးတွင် ထိုအခေါ်အဝေါ်ကို ဖြည့်လိုက်မှသာ.... မှန်သွားသလို ခံစားနေရသည်။
အိပ်မက်ထဲမှ အမျိုးသားသည် လတ်ဆက်သောလေများ တဟုန်ထိုး တိုးဝင်လာစေရန် သူ့ကိုယ်တွင် အပေါက်တစ်ပေါက် ဖောက်သွား... သကဲ့သို့ပင်။
ယိုဟော့သည် မသိစိတ်အရ ခေါင်းလှည့်လာ၏။ သူ(ချင်ကျိုး) သူ့နားကို ထပ်မံဆွဲလိုက်မည်ကို စိုးရွံ့သောကြောင့်ဖြစ်နိုင်သည်။
သူ့နှုတ်ခမ်းများကို တင်းတင်းစေ့ထားကာ မသိလိုက်မသိဘာသာ ပြောလိုက်မိသည်: "အဲဒါက တောက်ပလို့"
ချင်ကျိုး: "ဟင်"
သူထိုသို့ပြောပြီးနောက် ယိုဟော့သည် အကြောင်းပြချက်မှာ အလွန်ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ သူက ဆက်ပြောသည်: "မေ့သွားပြီ၊ ငါနိုးလာတော့ ဝတ်ထားတာပဲ။ ဘာဖြစ်လို့လဲဆိုတာ မမှတ်မိတော့ဘူး"
ချင်ကျိုးထံမှ အမေးခံရပြီးနောက် အဆုံးတွင် သူ ဘယ်တုန်းကမှ နားကပ်ကိုချွတ်ရန် မစဉ်းစားခဲ့ဖူးမှန်း သတိထားမိသွားသည်။
သူ ဘာကြောင့်ဝတ်ထားမိမှန်း သတိမရသော်လည်း နားကပ်ကို ချွတ်ပစ်ချင်စိတ် မရှိခဲ့ပေ။
................xxx................
Translated by Akira ❣️