အခန်း ၇: တတိယအကြိမ် စည်းကမ်းချိုးဖောက်ခြင်း

အခန်း : တတိယအကြိမ် စည်းကမ်းချိုးဖောက်ခြင်း

ဆရာလေးယို၏ စကားလုံးတို့က လူအုပ်ကို ကောင်းကောင်း တပ်လှန့်လိုက်နိုင်သည်။

သစ်သားအိမ်လေးက ချက်ချင်း ပြန်တိတ်ဆိတ်သွားပြီး အားလုံး ချောက်ချားသွားကြသည်။

မီးဖိုချောင်အထဲရှိ အသံလုံစနစ်က သိပ်မကောင်းသည့်အတွက် တစ်ခုခုကို တရွတ်ဆွဲသွားသည့်အသံကို ကြားနေရသည်။

သိပ်မကြာခင် ခပ်လေးလေးအသံတစ်ခု ကြားလိုက်ရသည်။ အသံမှာ... ကြီးမားပြီး ခဲနေသည့် တစ်စုံတစ်ရာကို ကောင်တာပေါ်သို့ ပစ်တင်လိုက်သံနှင့်တူသည်။

ခဏအကြာတွင် အရိုးများ လှီးဖြတ်နေသံကို ကြားရပြန်သည်။

အသံများမှာ တစ်သံပြီး တစ်သံထွက်ပေါ်လာ၏။

·

ဗီရိုအပေါ်မှ နာရီလက်တံသည် ဖြည်းညှင်းစွာ ရွေ့လျားနေသည်။ စက္ကန့်တိုင်းက ဒုက္ခကြီးစွာ ရှည်ကြာသည်ဟု ခံစားနေရ၏။

ရာစုနှစ်တစ်ခုခန့် အကြာတွင် မီးဖိုချောင်တံခါးက နောက်ဆုံးတော့ ပွင့်လာခဲ့သည်။

လေနှင့်ပါလာသောအနံ့မှာ ပို၍ပင် ထူးဆန်းလာခဲ့သည်။

စောစောက အနံ့နှင့် ဆင်တူသော်လည်း ယခုအခါမှာ သွေးနှင့် ငါးညှီနံ့ကဲ့သို့ အနံ့မျိုးထပ်လောင်းပါဝင်နေပေသည်။

မုဆိုး A က အမည်းရောင်အဝတ်စကို ထုတ်လိုက်ပြီး သူ့လက်များကို သုတ်လိုက်သည်။

သူ့ခေါင်းမှာ ပြူထွက်လာပြီး အားလုံးကို ပြုံးပြလိုက်သည် "ပြီးခါနီးနေပြီ.. မင်းတို့သိလား ကြိုတင်အေးခဲထားတဲ့ အသားက အရသာအရမ်းကောင်းတယ်၊ ရေခဲနည်းနည်းနဲ့သာဆို ဝါးလို့ကောင်းပြီး ကြွပ်ဆတ်နေရောပဲ..."

ယွီဝမ်က ကြမ်းပေါ်တွင် ပုံလျက်သားရှိနေသည်။ သူ့အစ်ကို နိုးလာပြီဖြစ်ရာ အခု သူ့မှာ ဆဲရေးတိုင်းထွာရန် အားရှိလာသည် "ချီးပဲ... ဘယ်လိုစိတ်ဝေဒနာရှင်လဲဟ"

သူပြောလို့အပြီးမှာပဲ သူ့အစ်ကို၏ ဗိုက်မှ အသံထွက်လာသည်ကို ကြားလိုက်ရသည်။

ယွီဝမ် : ".........."

မုဆိုး A က ရုတ်တရက် ပြုံးလိုက်ပြီး ပြောသည် "အာဟာ့ ငါကြားလိုက်တယ်နော်၊ ငါ့ရဲ့ အရသာရှိတဲ့ ဟင်းလျာတွေကို မျှော်နေတဲ့သူရှိတယ်ဆိုတော့ ငါဝမ်းသာတယ်၊ လာခဲ့ ဒီမှာအများကြီးရှိတယ်၊ ငါ့ကို ကူညီပေးဖို့ ကြင်နာတတ်တဲ့ ဧည့်သည်တစ်ယောက်လောက် လိုတယ်"

သူ၏ အကြီးလွန်နေသော မျက်လုံးများက လှည့်ပတ်ရွေ့လျားသွားသည်။

အားလုံးနီးပါးက နောက်သို့ ဆုတ်သွားကြပြီး ယိုဟော့တစ်ယောက်သာ မလှုပ်ရှားခြင်းဖြစ်သည်။

သူက နောက်သို့ မဆုတ်ရုံတင်မက ရှေ့သို့ပင် တိုးလိုသည့်ပုံပေါက်နေသည်။

ယွီဝမ်က သူ့ကိုဆွဲထားရင်းဖြင့် ကြောက်လန့်တကြား ကြည့်လိုက်သည်။

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး မင်းတို့တွေရှက်နေကြမှာပဲ ငါသိတယ်၊ ယဉ်ကျေးနေစရာမလိုပါဘူး" မုဆိုး A က ပြောသည်။ "ကိုယ့်ဘာသာပဲလုပ်လိုက်မယ်၊ အစားအသောက်ဆိုတာ ရဖို့ခက်တော့ ဂရုတစိုက်နဲ့ တည်ငြိမ်တဲ့သူမျိုးကို ရွေးမှဖြစ်မယ်၊ ပန်းကန်တွေ ကွဲကုန်ရင် နှမြောစရာဖြစ်ကုန်လိမ့်မယ်"

သူက သူ၏ကြီးမားသော ခန္ဓာကိုယ်ကြီးကို ယမ်းခါရင်း ဧည့်ခန်းထဲကို လမ်းလျှောက်ဝင်လာသည်။ သူ၏ ပုံမှန်မဟုတ်သော ကိုယ်ဟန်အချိုးအစားကြောင့် လမ်းလျှောက်ပုံမှာ အနည်းငယ် အချိုးမပြေဖြစ်နေသည်။

·

မည်သူကမျှ အသက်မရှူရဲကြချေ။ သူတို့မျက်လုံးများမှာ တစ်ခုသော အခန်းထောင့်ကို လှမ်းကြည့်လိုက်ကြသည်။

အခန်းထောင့်တွင် ရူးနေသောထိပ်ပြောင်နှင့်လူက အရိပ်ထဲတွင် ပုန်းနေသည်။ သူက သစ်သားအိမ်တွင် အခု လူပိုတစ်ယောက်ရှိနေသည်ကိုပင် သတိပြုမိသည့်ပုံမရဘဲ ရှေ့နောက်ယမ်းရင်း တောင်စဉ်ရေမရ စကားများကိုသာ ဆက်ရွတ်နေလေသည်။

တစ်ခုတည်းသော ကံကောင်းသည်ဟု ခံစားရစေသောအချက်မှာ မုဆိုး A က လူအများရှိသည့်ဘက်တွင် အာရုံရောက်နေပြီး ထောင့်တွင် တစ်ဦးတည်းရှိနေသူကို သတိပြုမိသည့်ပုံမပေါ်ခြင်းဖြစ်သည်။

ထို့ကြောင့် မုဆိုး A က ထိပ်ပြောင်နှင့်လူရှိရာဘက်သို့ လမ်းလျှောက်သွားသောအခါ အချို့လူများမှာ တိတ်တဆိတ် အသက်အောင့်ထားလိုက်ကြသည်။

"ဟမ်"

မုဆိုး A က ရုတ်တရက် ရပ်လိုက်ပြီး သူ့ခေါင်းကို လှည့်လိုက်သည်။

"ချီးပဲ"

ယွီဝမ်က တိတ်တဆိတ် ဆဲလိုက်သည်။

မုဆိုး A ၏ ခေါင်းအလှည့်မှာ အလွန်အမင်း ကြောက်စရာကောင်း၏။ သူ့ခေါင်းလှည့်သောပုံစံမှာ သာမန်လူတစ်ယောက် လုပ်နိုင်သောအရာမဟုတ်ပေ။ ယင်းမှာ ဇီးကွက်တစ်ကောင်ကဲ့သို့ပင်၊ သူ့မျက်နှာမှာ သူ့ပခုံးများပေါ်တွင် ရှိနေသည်။

သူက နောက်လှည့်လာသည်နှင့် သူ့ခြေထောက်နားတွင်ရှိနေသော ထိပ်ပြောင်နှင့်လူကို ကြည့်လိုက်သည်။

"အာ... ဒီမှာ နောက်တစ်ယောက်ရှိနေတာပဲ၊ ငါဘယ်လိုလုပ်ပြီး လွတ်သွားတာလဲ၊ ကြည့်ရအောင်" မုဆိုး A က ဆိုသည်။

သူ့ခြေထောက်များက အရမ်းဝလွန်း၍ ခက်ခက်ခဲခဲ ဆောင့်ကြောင့်ထိုင်လိုက်ရသည်။

ထိပ်ပြောင်နှင့်လူ၏ အကြည့်များက ဗလာကျင်းနေသည်။ သူ့မျက်နှာအရှေ့က ကြီးမားသော ဖြူဆုတ်ဆုတ် မျက်နှာကြီးကိုပင် မမြင်ချေ။

မုဆိုး A က လျစ်လျူရှုခံလိုက်ရ၍ မပျော်မရွှင်ဖြစ်သွားသည်။ သူက ထိပ်ပြောင်နှင့်လူ၏ မေးစေ့ကို ဆွဲလိုက်ပြီး မျက်နှာကို ပုတ်လိုက်သည် "ဟယ်လို ဧည့်သည်တော်ကြီး"

သူ့ကို နှစ်ခါပုတ်လိုက်သော်လည်း မအောင်မြင်ချေ။

မုဆိုး A က ခပ်ပြင်းပြင်း တစ်ချက်ရိုက်လိုက်သည်။

အားလုံး "..........."

ထိပ်ပြောင်နှင့်လူက အသိပြန်ဝင်လာသည်။ သူ့မျက်လုံးများက အာရုံပြန်စိုက်လာသည်။ ကျယ်ဝန်းသော အဝါရောင်မျက်လုံးများဖြင့် သူ့ရှေ့ရှိ မုဆိုး A ကို တိတ်တဆိတ်ကြည့်နေလေသည်။

နှစ်စက္ကန့်ခန့်အကြာတွင် မုဆိုး A ၏ ဖိနပ်မှာ သေးများဖြင့် စိုရွှဲသွားလေသည်။

မုဆိုး A : "............"

ဖြူဆုတ်ဆုတ်မျက်နှာကြီးမှာ ဆတ်ခနဲတွန့်သွားပြီး ကြီးမားသော အပြုံးတစ်ခုကို ပြုံးလိုက်ပြန်သည်။ "ဒီဧည့်သည်က ငါ့လိုအပ်ချက်တွေနဲ့ ကိုက်ညီတယ်ထင်တယ်၊ ဒီမှာ ငါ့ကို ပန်းကန်တွေ ကူသယ်ပေး၊ ရတယ်မလား"

ထိပ်ပြောင်နှင့်လူ၏ ခြေထောက်များမှာ ပျော့ခွေနေလေသည်။ လုံးဝလှုပ်လို့မရချေ။

"ထစမ်း" မုဆိုး A က မတ်တပ်ရပ်လိုက်ပြီး ထိပ်ပြောင်နှင့်လူကို ထူမလိုက်သည်။

ထိပ်ပြောင်နှင့်လူမှာ ရူးမတတ် တုန်ယင်နေတော့သည်။

"မတ်မတ်ရပ်စမ်း"

ထိပ်ပြောင်နှင့်လူမှာ ကြောက်ရွံ့နေပြီး ထိုနေရာတွင် တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ရပ်နေလေသည်။

မုဆိုး A က နောက်တစ်ခါ ပြုံးလိုက်ပြီး "တွေ့လား ဒါမှ လိမ္မာတဲ့ဧည့်သည်ပဲ၊ ငါနဲ့လိုက်ခဲ့"

ထိပ်ပြောင်နှင့်လူက အခြားသူများကို ပြန်ကြည့်လိုက်သော်လည်း သူ စကားပြန်မရခင်ပဲ မုဆိုး A က ဆိုသည်။ "အခြားသူတွေက လက်ရှိနေရာမှာပဲ နေနေမယ်လို့ မျှော်လင့်တယ်၊ တစ်ယောက်ယောက်က လှုပ်လိုက်တာနဲ့ ငါစိတ်မပျော်ရွှင်တော့ဘဲ အဲဒီဧည့်သည် အန္တရာယ်ရှိသွားလိမ့်မယ်"

အစက လက်ဟန်ခြေဟန်ပြဖို့ စဉ်းစားထားသောသူမှာ တိတ်တဆိတ် သူ့လက်များကို ရုတ်လိုက်သည်။ ထိပ်ပြောင်နှင့်လူမှာ နောက်တစ်ခါ နောက်သို့ ထပ်လှည့်မကြည့်ရဲတော့ချေ။ သူက မုဆိုး A ၏ အနောက်မှ ထိတ်လန့်စွာ လိုက်လာသည်။

·

မုဆိုး A က စားစရာများကို အကြမ်းပတမ်း ပြင်ဆင်နေပြီး မီးဖိုချောင်မှာ အသားစငယ်များဖြင့် ပွစိထနေသည်။

ကောင်တာပေါ်တွင် ကြွေရည်သုတ်ပန်းကန် ၁၂ စုံရှိပြီး ဖြတ်တောက်ထားသော အသားများက ဖန်ပန်းကန်လုံးထဲတွင် တောင်ကုန်းငယ်သဖွယ် မို့မောက်နေသည်။

အေးခဲအသားက အလွန်မာကြောပြီး ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းမှ ဖြစ်သည်ကို မပြောနိုင်ပေ။ အကြွင်းအကျန်များကို အိတ်ထဲသို့ ပစ်ထည့်ထားပြီး ထပ်မံ ကြပ်စည်းထားလေသည်။

ထိပ်ပြောင်နှင့်လူက သစ်ရွက်တစ်ရွက်အလား တုန်ယင်နေတော့သည်။ သူ၏ အဝါရောင်မျက်လုံးများမှာ စားပွဲပေါ်ရှိ သားသတ်သမား၏ ဓားပေါ်တွင်သာ အသေစိုက်ကြည့်နေတော့သည်။

"ဧည့်သည်တော်ကြီး ဘာကိုများကြည့်နေတာလဲ" မုဆိုး A က ရုတ်တရက် နူးနူးညံ့ညံ့ မေးလိုက်သည်။

ထိပ်ပြောင်နှင့်လူ၏ ခြေထောက်များမှာ အားပျော့သွားပြီး အလျင်အမြန် အကြည့်လွှဲလိုက်၏။

"အိုး ဒီမှာရပြီ" မုဆိုး A က သူ့လက်ထဲသို့ ပန်းကန် နှစ်ပန်းကန်ကို ထည့်ပေးလိုက်ပြီး ပြောသည် "ပန်းကန်တွေက နည်းနည်းလေးရင် လေးလိမ့်မယ်၊ ခင်ဗျား ခြေထောက်တွေက အရမ်းတုန်နေတော့ ဂရုစိုက်ပါဦး၊ မတော်တဆများ ကျကွဲသွားလို့ရှိရင်... ဒီမှာ ငါတို့အားလုံးအတွက် စားစရာ မလုံလောက်တော့ပဲ ဖြစ်သွားလိမ့်မယ်"

ထိပ်ပြောင်နှင့်လူက ကြောက်လန့်သွားသည်။

သူ မီးဖိုချောင်မှ ထွက်လာသောအခါ မုဆိုး A က အားလုံးကို ထပ်မံအလေးပေးပြောလိုက်သည် "မှတ်မိတယ်မလား၊ မင်းတို့ ငါ့ကိုကူညီနေတဲ့အချိန် ဂရုစိုက်ရမယ်၊ ဒီအခန်းထဲက တစ်ယောက်ယောက်ကြောင့် စားပွဲခွက်ယောက်တွေထဲက တစ်ခုခု ကျကွဲသွားတာနဲ့ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်၊ ဟင်းး...မင်းတို့တွေ ဆာလောင်ပြီး အခြားသူတစ်ယောက်ရဲ့အစာတော့ မဖြစ်ချင်ကြဘူးထင်ပါတယ် ဟုတ်တယ်မလား"

အားလုံးက ဒီစကားကို ကြားတော့ အဖြေနံရံကို ပြိုင်တူလှည့်ကြည့်လိုက်ကြသည်။

ယင်းအပေါ်တွင် စာကြောင်းတစ်ကြောင်း ——- ပန်းကန်ခွက်ယောက်များကို မပျက်ဆီးစေရ။

မူလအစက ဒီမေးခွန်းအလှည့်တွင် သေဆုံးနိုင်သည့် အများဆုံးလူအရေအတွက်မှာ တစ်ယောက်ပဲ ဖြစ်မည်ဟု တွေးထားပြီး ဒီလိုမျိုး ထောင်ချောက်မျိုးကို မတွေးမိကြချေ။

·

ထိပ်ပြောင်နှင့်လူနှင့် မုဆိုး A က ပန်းကန် ၁၃ ချပ်ကို ထုတ်လိုက်ပြီး စားပွဲရှည်တစ်လျှောက် စက်ဝိုင်းပုံစံ နေရာချထားလိုက်သည်။ ထို့နောက် အလယ်တွင် အသား ဖန်ပန်းကန်လုံးကို ထားလိုက်သည်။

နောက်ဆုံးပန်းကန် နေရာချထားပြီးသောအခါ ထိပ်ပြောင်နှင့်လူက စိတ်သက်သာရာရကာ သက်ပြင်းကို မှုတ်ထုတ်လိုက်ပြီး ထိုင်ခုံတွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။

"မလုပ်နဲ့"

လူတစ်ယောက်က အော်လိုက်သည်။

ထိပ်ပြောင်နှင့်လူက မင်သက်သွားသည်။ သူက လူအုပ်ကြီးကို ကြည့်လိုက်သည်။

သူက လောင်ယွီ အဖြေနံရံရှိရာဘက်သို့ မျက်လုံးဖြင့် ညွှန်ပြလိုက်သည်ကို မြင်လိုက်ရသည်။

ထိပ်ပြောင်နှင့်လူက အလျင်အမြန် လှမ်းကြည့်လိုက်သည်။

·

မေးခွန်းအသစ်ဖြစ်သွားသောအချိန်က ထိပ်ပြောင်နှင့်လူက အကျဉ်းခန်းမှ ပြန်လာခါစဖြစ်ပြီး အခန်းထောင့်တွင် ရူးသွပ်သည့် ပုံစံဖြစ်နေသည့်အတွက် ပြောင်းလဲမှုများကို သတိမမူမိချေ။

"လူ ၁၂ ယောက်ကိုသာ ကျွေးမွေးနိုင်တယ်" နှင့် "တစ်ယောက်က သေဖို့ကံပါလာတယ်" ဟူသော စာသားများကို မြင်လိုက်သောအခါ သူ့မျက်နှာမှာ ချက်ချင်းဆိုသလို ဖြူဆုတ်ဆုတ်ဖြစ်သွားသည်။

သူထိုင်နေသည့်နေရာက ကံမကောင်းသောထိုင်ခုံဖြစ်နေမလားဆိုတာ ဘယ်သူသိနိုင်မှာလဲ။

ထိပ်ပြောင်နှင့်လူက ခက်ခက်ခဲခဲ မတ်တပ်ထရပ်လိုက်သော်လည်း ကြီးမားသော လက်တစ်စုံက သူ့ကိုဖိချလိုက်သည်။

မုဆိုး A က သူ့နား အနီးသို့ ကပ်လာပြီး ပြောလိုက်သည် "ထိုင်မယ့်ခုံကို ရွေးချယ်ပြီးနေပြီပဲ၊ ပြောင်းလို့မရတော့ဘူး၊ အခုမှ မတ်တပ်ထရပ်နေလည်း အပိုပဲ၊ ထားလိုက်တော့"

"ထားလိုက်တော့" ဆိုသော စကားများက ထိပ်ပြောင်နှင့်လူကို နေရာမှာတင် ကြက်သေသေသွားစေသည်။

သူက ထိုင်ခုံတွင် ပုံလျက်ပြန်ကျသွားပြီး မလှုပ်ရှားတော့ချေ။

·

မုဆိုး A က အနည်းငယ် နောင်တရသွားသလို သက်ပြင်းချလိုက်သည် "ဟား... ဘယ်လိုလုပ်ပြီး အဲဒီလို မူးမေ့သွားရတာလဲ၊ ငါက အခုမှ အသားပဲ တည်ခင်းရသေးတယ်၊ ဝိုင်လည်း ရှိသေးတယ်"

အစားအသောက်တွေကို စားတောင်မစားရသေးဘူး။ တစ်ယောက်က မေ့လဲနေပြီ။

မုဆိုး A ၏ မျက်လုံးများက အခြားသူများကို လှည့်ပတ်ကြည့်လိုက်သည်။

"ငါ့ကို ဖန်ခွက်တွေ ကူသယ်ပေးဖို့ နောက်တစ်ယောက်လိုသေးတယ်" သူ့ပါးစပ်က တတွတ်တွတ်ရေရွတ်ရင်း သူတို့ဆီကို ကိုးရိုးကားရား လျှောက်လာလေသည်။ "ဘယ်သူ့ကို ခိုင်းရမလဲ၊ ငါက ကလေးသဘောကျတယ်၊ ကလေးတစ်ယောက်လောက်ကို ခိုင်းရအောင်..."

သူကပြောရင်းဆိုရင်း လှည့်ပတ်ကြည့်လိုက်ပြီး ယွီဝမ်ထံသို့ အကြည့်ရောက်သွားသည်။

ယွီဝမ်က အသက်ရှူဖို့ပင် မေ့သွားသည့်ပုံရသည်။

မုဆိုး A ကပြုံးပြီး လက်မြှောက်လိုက်သည်။

"ဒါဆို မင်းပဲဖြစ်ရမှာပေါ့ ငါ့....."

သူ့စကားဆုံးသွားသည်နှင့် ယိုဟော့က မပြောမဆိုဖြင့် ယွီဝမ်အရှေ့သို့ ရွှေ့လိုက်သည်။

".... ကလေး"

မုဆိုး A ဆန့်ထုတ်ထားသော လက်ချောင်းမှာ သူ့ကိုတည့်တည့်ထိုးထားလျက်ရှိသည်။

မုဆိုး A ၏ ဖြူဆုတ်ဆုတ် မျက်နှာမှာ တောင့်တင်းသွားသည်။

ယိုဟော့က သူ့ကို အေးအေးဆေးဆေး ကြည့်လိုက်သည် "ငါလား၊ အိုကေလေ"

မုဆိုး A "..........."

မင်းခေါင်းကြီးကိုပဲ အိုကေနေလိုက်။

သူက နည်းနည်းစိတ်ဆိုးနေပုံရသည်။

ယိုဟော့က ပြောလိုက်သည် "ဘာလဲ ပြောပြီးသားကို ပြန်ရုတ်သိမ်းမလို့လား"

မုဆိုး A က သူ့လက်ညှိုးကို ပြန်သိမ်းလိုက်ပြီး နှုတ်ခမ်းအစွန်းများကိုမဲ့၍ ပြုံးလိုက်သည်။ "မဟုတ်ဘူး၊ မဟုတ်ဘူး ဘယ်လိုလုပ်ပြီး အဲဒီလိုလုပ်ရမှာလဲ၊ အိမ်ရှင်တစ်ယောက်အနေနဲ့ ပြောပြီးသားစကားကို တည်ရမှာပေါ့"

သူက တခဏလောက် ကျွဲမြီးတိုသွားပြီး လက်ကို ဝှေ့ယမ်းလိုက်သည် "ကြင်နာတတ်သော ဧည့်သည်တော်ကြီး ကြွပါ"

သူက "ကြွပါ" ဟုဆိုသော်လည်း သူ့လေသံက "မင်းသွားသေလိုက်" ဟုပြောနေသလိုပင်။

မုဆိုး A က လှည့်လိုက်ပြီး မီးဖိုချောင်ထဲသို့ ဝင်သွားသည်။

ယိုဟော့က သူ့မျက်လုံးများကို မခွာဘဲ နောက်က လိုက်သွားသည်။

ယွီဝမ်က အံ့အားသင့်သွားသည်။ သူ့ကို အမြန်လှမ်းဆွဲလိုက်ပြီး တိုးတိုးပြောသည် "အစ်ကို ဘာလုပ်နေတာလဲ"

ယိုဟော့က တစ်ချက်ကြည့်လိုက်သည်။ "ဝိုင်သွားယူမလို့လေ"

"သူပြောတာ မကြားဘူးလား၊ မတော်တဆ ဖန်ခွက်တွေ ကျကွဲရင် အစ်ကို သေလိမ့်မယ်" ယွီဝမ်က စိတ်လောနေသည်။

ယိုဟော့: "... ငါက မသန်မစွမ်းမို့လို့လား၊ ဖန်ခွက်သယ်ရုံလေးနဲ့ ကျကွဲရအောင်"

ယွီဝမ်: "......"

မှန်တော့ မှန်ပါသည်။ ဒါပေမဲ့လည်း...

သူ့အစ်ကိုမှာ တစ်ခုခုကြံစည်ထားတာရှိသည်ဟု ခံစားနေရသေးသည်။

"အစ်ကို ကျွန်တော့်ကို အရင်ပြောပြ၊ ဘာဖြစ်လို့ ရုတ်တရက်ကြီး ဖန်ခွက်တွေယူဖို့ ဦးဆောင်လိုက်တာလဲ" ယွီဝမ်က အလျှော့မပေးချေ။

ယိုဟော့က အဖြေနံရံကို မေးဆတ်ပြလိုက်သည်။ ထို့နောက် ယွီဝမ့်လက်ထဲမှ သူအင်္ကျီလက်စကို ဆွဲထုတ်လိုက်ပြီး ပြောသည် "အဖြေအတွက် လိုအပ်ချက်တွေ တွေ့လား"

"တွေ့တယ်လေ၊ မျက်စိကန်းနေတာမှမဟုတ်တာ"

ယိုဟော့က အေးအေးဆေးဆေး ပြောလိုက်သည် "အဲဒါဆို ငါမင်းကို တစ်ခုသင်ပေးမယ်"

"ဘာကိုလဲ"

"ပိုပြီး အလေးပေးပြီး ပြောလေလေ၊ ပိုပြီး သံသယဖြစ်စရာကောင်းလေပဲ"

ယိုဟော့က ထို့နောက် လှည့်ထွက်သွားသည်။

ယွီဝမ်က နေရာမှာတင် ကြက်သေသေပြီး ရပ်နေသည်။ သူက သူ့အဖေကို အမြန်ကြည့်လိုက်သည်။ "အစ်ကိုက ဘာကိုဆိုလိုတာလဲ၊ ဘာဖြစ်လို့ ကျွန်တော် ဒီလောက်ရှုပ်ထွေးနေရတာလဲ"

လောင်ယွီက ပို၍ပင် ရှုပ်ထွေးနေပုံရသည်။

·

ယိုဟော့က မီးဖိုချောင်ဆီသို့ လျှောက်လာသည်။

မုဆိုး A က ဗီရိုသော့ ရှာဖွေနေတာဖြစ်သည်။

ကြေးကွင်းမှ တွဲလောင်းကျနေသော သော့စုစုပေါင်း ၇ ချောင်းရှိသည်။ သူက သုံးချောင်းကို ရွေးချယ်လိုက်ပြီး အနီရောင် ဗီရို၏ ညာဘက်အခြမ်းရှိ တံခါးများကို ဖွင့်လိုက်၏။ သူက ဝိုင်ခွက် ၁၃ ခွက်ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ပြီး ကောင်တာပေါ်တွင် အတန်းလိုက် စီလိုက်သည်။

ယိုဟော့က တွေ့ကရာ ဖန်ခွက်တစ်ခွက်ကို ကောက်ကိုင်လိုက်ပြီး သေချာကြည့်လိုက်သည်။

ရုတ်တရက် ကြည့်လိုက်လျှင် သာမန်ဝိုင်ခွက်တစ်ခွက်သာဖြစ်သည်။ မူမမှန်တာ တစ်ခုမျှ မတွေ့ရချေ။

မုဆိုး A က မျက်မှောင်ကြုတ်ပြီး အော်လိုက်သည် "ပြန်ချထားစမ်း မင်းကို ထိလို့ရတယ်လို့ ပြောလို့လား၊ ဧည့်သည်ဖြစ်ပြီး အခြေခံကျင့်ဝတ်လေးကိုတောင် နားမလည်ဘူးလား"

ယိုဟော့က မကျေနပ်သံပြု၍ ဖန်ခွက်ကို ပြန်ချထားလိုက်သည်။

သူက တံခါးကိုကျော်လိုက်ပြီး နာရီကို ကြည့်လိုက်သည်။ အေးတိအေးစက်အသံဖြင့် လောဆော်လိုက်သည် "ခင်ဗျားလုပ်နေပုံနဲ့ တစ်နေ့မှာ ထမင်းနှစ်နပ်စားဖို့တောင် အချိန်လောက်ရဲ့လား"

မုဆိုး A : "..........."

သူက ယိုဟော့ကို မျက်စောင်းထိုးလိုက်ပြီး တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ ထို့နောက် ဖျစ်ညစ်ပြီး ပြုံးပြလိုက်သည်။ "ရပါတယ် ရပါတယ်၊ ရက်ရောတတ်တဲ့ အိမ်ရှင်ဆိုတာ အမြဲတမ်း ဧည့်သည်ကို သည်းခံရမှာပေါ့၊ မင်းလည်း အရမ်းဗိုက်ဆာနေမှာပဲဆိုတာ ငါနားလည်ပါတယ်"

ယိုဟော့က အေးစက်စက် ပျက်ရယ်ပြုလိုက်သည်။

မုဆိုး A: "..........."

သူ့အတွက် ဒီလိုဧည့်သည်မျိုးနှင့်တွေ့ရတာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူက စကားပင်မပြောချင်တော့သဖြင့် ဝိုင် ပြင်ဆင်ရန် လှည့်သွားသည်။

မုဆိုး A အလုပ်များနေသည်ကို အခွင့်ကောင်းယူ၍ ယိုဟော့က ဗီရိုတံခါးကို ဖွင့်လျက်ကိုင်ထားပြီး အထဲရှိ ပစ္စည်းများကို ကြည့်လိုက်သည်။

"အိုကေ" မုဆိုး A က ရုတ်တရက် ထပြောသည် "ချောင်းကြည့်တယ်ဆိုတာ မယဉ်ကျေးတာပဲ"

ယိုဟော့က ဘာမှပြန်မပြောချေ။

မုဆိုး A က ထပ်ပြောသည် "ဇွန်းခက်ရင်းတွေ ချဖို့ကူပေးပါဦး၊ ကျေးဇူးပဲ"

ယိုဟော့က သူ့မျက်နှာပေးကို အကဲခတ်ရင်း ဗီရိုထဲမှ ထုတ်ပေးလိုက်သည်။

·

မုဆိုး A က သော့များကို သူ့ခါးရှိရာသို့ သေသေချာချာ ပြန်ချိတ်လိုက်သည်။ ထို့နောက် သူက ဗန်းဝိုင်းတစ်ခုကို ဆွဲထုတ်လိုက်ပြီး ဖန်ခွက်များကို ဗန်းပေါ်တွင် တစ်ခွက်ပြီး တစ်ခွက်တင်လိုက်သည်။

ယိုဟော့က ရုတ်တရက်ဆိုသည်။ "ကျွန်တော် တစ်ခုသတိထားမိတယ်"

မုဆိုး A ၏ လှုပ်ရှားမှုများက ရပ်တန့်သွား၏။ သူ၏ ဖြူဆုတ်နေသော မျက်နှာကြီးဖြင့် သူ့ကို ဇဝေဇဝါ ကြည့်လိုက်သည် "ဘာကိုလဲ"

ယိုဟော့ : "ခင်ဗျားက ဝိုင်ခွက်တွေကို ထူးထူးခြားခြား ဂရုစိုက်နေသလိုပဲ"

သူက ခဏလောက် တိတ်ဆိတ်သွားပြီး ရှင်းပြလိုက်သည်။ "မင်း အမြင်မှားတာပါ၊ ထမင်းစားပွဲပြင်တယ်ဆိုတာ အရမ်းအလေးထားပြီး လုပ်ရတဲ့အရာတစ်ခုပဲ၊ ငါက ပန်းကန်ခွက်ယောက်တိုင်းနဲ့ ပတ်သက်ပြီး အရမ်းဂရုစိုက်တယ်"

ယိုဟော့က တုံ့ပြန်အသံပြုလိုက်သည်။

မုဆိုး A က သူ့ကို သတိဝီရိယအပြည့်ဖြင့် ကြည့်လိုက်၏။

ယိုဟော့: "စောစောက ကျွန်တော်က နောက်လိုက်တာပါ"

မုဆိုး A: ".............."

·

ဧည့်ခန်းထဲတွင် ယွီဝမ်က သူ့အစ်ကိုကို စိတ်ပူနေတုန်းပဲ ဖြစ်သည်။ သူ၏ အကြောက်တရားကင်းမဲ့သော အစ်ကိုက မီးဖိုချောင်သုံးပစ္စည်းတွေကို လုံးဝဖျက်ဆီးပစ်လိုက်မှာကို သူက လန့်နေခဲ့သည်။

အဆုံးတွင် မုဆိုး A ၏ စိတ်ဆိုးမာန်ဆိုးဖြင့် အော်သံကို ကြားလိုက်ရသည်: "ထွက်သွားစမ်း"

ယိုဟော့က အသက်မပါသောမျက်နှာထားဖြင့် လက်ဗလာချည်း ထွက်လာသည်။

"ဘာတွေဖြစ်ကုန်တာလဲ"

အားလုံးက ကြောင်ကြည့်နေကြသည်။

"ဖန်ခွက်တွေ ဘယ်မှာလဲ" ယွီဝမ်က လက်ဟန်ခြေဟန်ပြလိုက်သည် "ဖန်ခွက်တွေ သွားယူတာမဟုတ်ဘူးလား၊ ဘယ်လိုဖြစ်လို့ မောင်းထုတ်ခံလိုက်ရတာလဲ"

ယိုဟော့က လူအုပ်စုရှိရာသို့ ပြန်မသွားသေးဘဲ လက်များကို အိတ်ကပ်ထဲထည့်လျက် ထမင်းစားပွဲအနားတွင် ရပ်နေသည် "သူစိတ်ပြောင်းသွားပြီး သူကိုယ်တိုင်သယ်ဖို့ ဆုံးဖြတ်လိုက်တယ်"

အားလုံးက အထိတ်တလန့် ဖြစ်သွားသည်။ မုဆိုး A ကို ဒေါသထွက်အောင်လုပ်တာ မကောင်းဘူးဟု ခံစားနေရလေသည်။

ဒီလူက မေးခွန်းရဲ့ အဓိကလူပဲလေ။

သူဘာလုပ်နိုင်လဲဆိုတာ ဘယ်သူသိမှာလဲ။ သူ့ပါးစပ်ကိုဖွင့်လိုက်ပြီး မင်းသေတော့မယ်လို့ ပြောလိုက်ရင် ဘယ်လိုလုပ်မလဲ။

အားလုံး တစ်ယောက်ကိုတစ်ယောက် ကြောက်လန့်တကြား ကြည့်နေသည့်အချိန်မှာပဲ မုဆိုး A က ဗန်းကြီးတစ်ချပ်နှင့်အတူ လျှောက်လာလေသည်။

ဗန်းပေါ်တွင် ဝိုင်ခွက်အများအပြားနှင့် ဇွန်းခက်ရင်းများ ပါလာသည်။

မုဆိုး A က ယိုဟော့ကို ဘေးသို့တွန်းလိုက်ပြီး သူကိုယ်တိုင် တစ်ခွက်ပြီး တစ်ခွက် နေရာချနေသည်။

အကြောင်းတစ်ခုကြောင့် ယိုဟော့က မုဆိုး A ပန်းကန်ခွက်ယောက်တွေ နေရာချနေတာကို စိတ်ဝင်စားစရာ အရမ်းကောင်းသည့်အလား နံဘေးတွေ ရပ်ပြီးဆက်ကြည့်နေသည်။

·

ယွီဝမ်က စိတ်လှုပ်ရှားလွန်း၍ သေနိုင်သည်။ သူက ယိုဟော့ကို သာမန်ထက်လွန်ကဲစွာ လက်ရောခြေပါသုံး၍ တီးတိုးပြောလိုက်သည်။ "အစ်ကို အစ်ကို ဒီဘက်ကိုလာလေ၊ အဲဒီမှာ ဘာရပ်လုပ်နေတာလဲ"

သို့သော် ယိုဟော့ကတော့ သူ့ကို မမြင်သည့်နှယ် မုဆိုး A ကို ဆက်၍ ပျင်းတိပျင်းရွဲ့ကြည့်နေသည်။

"ဘေးဖယ်စမ်း" မုဆိုး A က ယိုဟော့ကို ရိုင်းရိုင်းစိုင်းစိုင်း အော်ငေါက်လိုက်သည်။

အော်ငေါက်ပြီးနောက် သူက တစ်ဖက်လှည့်ကာ အခြားသူများကို ပြုံးပြလိုက်သည် "ဘာဖြစ်လို့ မတ်တပ်ရပ်နေကြတာလဲ၊ လာထိုင်ကြ၊ ငါတို့စတော့မှာ"

သူက ပြောနေစဉ်ပင် အနည်းငယ် ဗိုက်ဆာနေသည့်ပုံ ပေါက်နေသည်။ သူက ရပ်လိုက်ပြီး ဖန်ပန်းကန်လုံးထဲမှ အသားစိမ်းတစ်ဖက်ကို လှမ်းကောက်လိုက်သည်။

သူ့ပါးစပ်က တွင်းနက်ကြီးတစ်ခုလို ပွင့်ဟလာပြီး အသားတုံးတစ်ခုလုံးကို မြိုချလိုက်သည်ကို အားလုံးက ကြည့်နေကြသည်။ သူက အရိုးများကိုပင်မချန် မြိုချလိုက်သည်။ သူအရင်က ပြောထားသည့်အတိုင်းပင် ဝါးလို့ကောင်းပြီး ကြွတ်ဆတ်နေမည့်ပုံရသည်။

အဘွားအိုနှစ်ယောက်မှာ ကြမ်းပြင်ပေါ် မေ့လဲကျသွားသည်။

အခန်းတွင်းမှ ဂယောင်ခြောက်ခြားစိတ်မှာ ပိုကဲလာသည်။

·

မုဆိုး A က စားပြီးသည့်နောက် နှုတ်ခမ်းများကို သပ်လိုက်သည်။ သူက တိုးညှင်းစွာ ပြောသည် "အာ ရိုင်းပျသလိုဖြစ်သွားပါပြီ"

သူက ယိုဟော့ကို လက်ညှိုးထိုးလိုက်ပြီး အပြစ်တင်လိုက်သည် "အားလုံးက ဒီစိတ်အနှောက်အယှက်ပေးတဲ့ ဧည့်သည်က ငါ့ကို နည်းနည်းစိတ်တိုအောင် လုပ်လို့ဖြစ်သွားတာပါ၊ စိတ်တိုလာရင် ငါက ဗိုက်ဆာလာတဲ့ ပြဿနာရှိတယ်"

သူ့မျက်လုံးများက လှည့်ပတ်ကြည့်လိုက်ပြီး ပန်းကန်လုံးထဲမှ အသားစများကို ရေတွက်လိုက်သည် "အိုး သွားပြီ ငါက မတော်တဆ တစ်ခုစားမိသွားတော့ အခု ၁၁ ခုပဲကျန်တော့တယ်"

နံဘေးကလူများက သူ့ကို မျက်တောင်ပင်မခတ်ဘဲ ကြည့်နေကြသည်။

မုဆိုး A က နောက်ဆုံးဝိုင်ခွက်ကို ကောက်ကိုင်လိုက်ပြီး ပြုံးလိုက်သည် "အဲဒါဆိုရင် မင်းတို့ကို အနှောင့်အယှက်ပေးရတော့မှာပဲ... ဒီတော့ နောက်တစ်ယောက် ထပ်သေလို့ရသွားတာပေါ့"

သူတို့အားလုံး မျက်နှာများမှ သွေးများပျောက်ဆုံးသွားသည်။

အလုံးစုံ တိတ်ဆိတ်နေသောအချိန်မှာပဲ အေးစက်စက်အသံတစ်ခုက ရုတ်တရက် ထွက်လာသည် "ဒါက စည်းမျဉ်းကို ဆန့်ကျင်ရာမရောက်ဘူးလား"

စကားပြောလိုက်သူမှာ အခြားမဟုတ်၊ ယိုဟော့ပင်ဖြစ်သည်။

မုဆိုး A က မှင်တက်သွားသည်။ သူက ယိုဟော့ကို နောက်လှည့်ကြည့်ချင်သော်လည်း သူ၏ အချိုးအစားမကျသော ခန္ဓာကိုယ်ကြောင့် ထူးဆန်းသော ကိုယ်နေဟန်ဖြင့် လှည့်လာသည်။

"နောက်ထပ် မင်းပဲလား"

မုဆိုး A က မျက်မှောင်ကြုတ်လိုက်ပြီး ဒေါသူပုန်ထခါနီး ဖြစ်သည်။

ယိုဟော့က ရုတ်တရက် သူ့ခြေထောက်ကို မလိုက်ပြီး မုဆိုးကို ကန်လိုက်သည်။

ခဏအတွင်းမှာပဲ ကမ္ဘာကြီး ချာချာလည်သွားသည်။

ထို့နောက် ကျယ်လောင်သော ကျကွဲသံတစ်ခုကို ကြားလိုက်ရပြီး သူ၏ ဖြူဆုတ်ဆုတ်မျက်နှာကြီးမှာ မြေပေါ်သို့အပ်လျက် လဲကျသွားသည်။ မုဆိုး A နှင့်အတူ သူ့လက်ထဲက ဝိုင်ခွက်သည်လည်း ကျကွဲသွားလေသည်။

"............."

မုဆိုး A က သူ့ရှေ့တွင် ဖန်ခွက် ကျကွဲသွားတာကို နှစ်စက္ကန့်လုံးလုံး ကြည့်နေခဲ့သည်။ ထို့နောက် သူ့မျက်လုံးများမှာ ကြောက်ရွံ့စွာ ကျယ်လာခဲ့သည်။

·

အခန်းထဲမှ ဘယ်သူမှ မလှုပ်ရဲကြချေ။

အားလုံးက သူတို့၏ မာတောင့်တောင့် ကိုယ်နေဟန်အတိုင်း ဆက်ရပ်နေပြီး နေရာတွင် ကြက်သေသေနေကြသည်။

အလွန်လျင်မြန်စွာပင် အမွှေးများထောင်နေသော ကြက်ဖသည် စတင်အော်မြည်တော့သည်။

လွန်ခဲ့သော လေးနာရီလောက် မပြောင်းလဲခဲ့သော အဖြေနံရံမှာ ယခုတွင် နောက်လိုင်းတစ်လိုင်း ပေါ်လာခဲ့သည်။

စည်းကမ်းချိုးဖောက်မှု သတိပေးချက်: စာမေးပွဲ၏ လိုအပ်ချက်များကို မလိုက်နာခြင်း၊ စာမေးပွဲခန်းစောင့်များကို အသိပေးပြီးဖြစ်သည်။

စာမေးပွဲခန်းစောင့်များ: 001, 154, 922

အားလုံး: "..........."

ယွီဝမ်က အဖြေနံရံကို အံအားသင့်စွာ လှမ်းကြည့်လိုက်သည်။ သူက ရုတ်တရက် စာမေးပွဲခန်းစောင့်များအတွက် စိတ်မကောင်းသလို ခံစားလိုက်ရသည်။

·

တောအုပ်ထဲက အနောက်တိုင်းစတိုင် အဆောက်အဦးငယ်တွင် 922 က အသိပေးချက်ကို ကိုင်လျက် ရုံးခန်းထဲသို့ ပြေးဝင်လာသည်။

"ခေါင်းဆောင်...."

ချင်ကျိုးက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ပထမဆုံးတုံ့ပြန်ချက်မှာ နာရီကိုကြည့်လိုက်ခြင်းဖြစ်သည်။

"ကြည့်မနေနဲ့၊ သူ့ကိုပြန်ပို့လိုက်တာ တစ်နာရီပဲ ရှိသေးတယ်" 154 က အသက်မပါသော မျက်နှာထားဖြင့် ပြောလိုက်သည်။

ချင်ကျိုးက အသံပြုလိုက်ပြီး သူဝမ်းသာရမလား၊ စိတ်ဆိုးရမလားပင် မသိတော့ချေ။ "ဒီတစ်ခါ ဘာဖြစ်ပြန်ပြီလဲ၊ မေးခွန်းကိုဖြေဖို့ ရန်ဖြစ်တာလား"

154 က ခေါင်းခါလိုက်သည် "မဟုတ်ဘူး အဲဒါထပ် နည်းနည်းပိုပြီး ပြင်းထန်တယ်၊ သူက အဓိကလူကို သတ်ပစ်လိုက်တယ်"

ချင်ကျိုး: "သူက ဘာကို သတ်လိုက်တယ်"

154 က မျက်နှာသေဖြင့် ပြန်ပြောလိုက်သည်: "နားကြားလွဲတာ မဟုတ်ပါဘူး၊ မေးခွန်းရဲ့ အဓိကလူကိုယ်တိုင်က သေသွားပြီ"

ချင်ကျိုး: "........"

အခုမှ သဘောပေါက်သွားသော 922 က ထိတ်လန့်သွားသည်။ "မေးခွန်းရဲ့အဓိကလူက တကယ်ကြီး သေနိုင်တယ်လား၊ ဘာတွေဖြစ်သွားတာလဲ"

........................................xxxx......................................

Translated by Akira ❣️

Akira has something to say:

Arc 1 က အပိုင်း ၁၂ ပိုင်းရှိတာဆိုတော့ တစ်ဝက်ကျိုးလာပြီလို့ ပြောရမှာပေါ့၊ Arc 1 ပြီးအောင် အရှိန်ရနေတုန်း အမြန်ပြန်ပေးပါ့မယ်၊ Arc 1 အပြီးမှာတော့ MC နဲ့ ML ဆက်ဆံရေး နည်းနည်း တိုးတက်လာကောင်းပါရဲ့ <3 <3

Vote please if you enjoy reading it. Onegai!!

Comment