အခန်း ၈၄: စိန်ခေါ်ပွဲ

အခန်း ၈၄: စိန်ခေါ်ပွဲ

ဧည့်သည်နှစ်ဦး.... မဟုတ်သေး၊ ဓားပြနှစ်ဦးသည် အခြားသူများကို ခြိမ်းခြောက်ရာတွင် ချုပ်တည်းထားခြင်းမရှိကြပေ။ နတ်ဆေးဆရာကိုပင် သူကသာ အမှန်တကယ် ကူကယ်ရာမဲ့နေသောသူ၊ လူကောင်းတစ်ယောက်ဟု အထင်မှားသွားစေသည်။

ထိုတိရစ္ဆာန်များကို သည်နေရာသို့ သွေးသားစတေးခံများအဖြစ် အသုံးချရန် သူဝယ်လာခဲ့ခြင်းဖြစ်သည်။ သည်နေရာတွင် ဤကဲ့သို့ အသုံးပြုရန် မမျှော်လင့်ထားပေ။

သူသည် အခွံမျိုးစုံ - မိန်းမ၊ ယောက်ျား၊ လူငယ်၊ လူကြီး အစုံသို့ ပြောင်းလဲနိုင်သည်။ ထို့ပြင် သည်းခံနိုင်သေးသည်။ မတူညီသော ကိုယ်ခန္ဓာအစိတ်အပိုင်းများကို တွဲစပ်၍လည်း နေနိုင်သေးသည်..... သို့သော် တိရစ္ဆာန်ဘဝတော့ မရပေ။ မှိုတက်ခါနီးအခြေအနေအထိ အကျဉ်းစခန်းတွင် အကျဉ်းချထားခံရသည့်အကောင်များဆိုလျှင် မပြောနှင့်တော့။

၎င်းမှာ သူ့အတွက် အထိရောက်ဆုံး ခြိမ်းခြောက်နည်း ဖြစ်သည်။

ဝက်တို့၏ သူ့ကိုကြည့်နေသော မျက်လုံးများအောက်တွင် နတ်ဆေးဆရာသည် အခြေခံအားဖြင့် သူ့ကိုဘာပဲမေးလာလာ ဖြေဆိုရန် အသင့်ဖြစ်နေတော့သည်။

ယိုဟော့နှင့် ချင်ကျိုးသည် သူ့ထံမှ ယေဘုယျအခြေအနေကို သိလိုက်ရသည်----

ကာလ်တန်တောင်တွင် အမှန်တကယ်ပင် မဟူရာမရဏရောဂါ ဖြစ်သွားခဲ့သည်။ ရောဂါသည် အလွန်လျင်မြန်စွာ ပြန့်နှံ့သွားကာ ရှေးဟောင်းရဲတိုက်ကြီးအတွင်းရှိ ဘယ်သူ့ကိုမှ မသက်ညှာခဲ့ပေ။ မြို့စားကတော်သည် သူ၏အားနည်းသောခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့် နှစ်ရက်အတွင်းပင် ကွယ်လွန်သွား၏။

သူနှင့်အရင်းနှီးဆုံးသူ မြို့စားကြီးသည်လည်း ရောဂါပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး သူ့ထက် နှစ်ရက်သာ ပိုကြာကြာ ခံခဲ့သည်။

ထို့နောက်တွင်မူ အစေခံများအလှည့်ဖြစ်သည်။

ဒေါက်ဂလက် ဘဏ္ဍာစိုးခေါင်းသည် အကြာဆုံးခံခဲ့သူဖြစ်သည်။ သူက အစေခံများ၏ အလောင်းများကို လူများခေါ်၍ ရှင်းလင်းခဲ့ပြီး မြို့စားကြီးနှင့် သူ့အမျိုးသမီးအတွက် အခေါင်းတစ်ခု စီစဉ်ပေးခဲ့သည်။

မြေမြှုပ်သင်္ဂြိုလ်မည့်ရက်မတိုင်ခင်တစ်ရက်တွင် နတ်ဆေးဆရာသည် ရဲတိုက်သို့ ရောက်လာခဲ့၏။

ထိုအချိန်က နတ်ဆေးဆရာသည် သီလရှင်၏ခန္ဓာကိုယ်ကို ငှားမသုံးရသေးဘဲ သူ၏အခွံဟောင်းအတွင်း၌သာ ပုန်းအောင်းနေဆဲဖြစ်သည်။ သူ လမ်းလျှောက်သည့်အခါတိုင်း အနည်းငယ် ယိုင်နေတတ်သည်။

သေအံ့ဆဲဆဲအခြေအနေဖြစ်ဟန်တူသော ဤလူသည် ဒေါက်ဂလက်ကို ပြောလာသည်။ "ငါမင်းရဲ့ သခင်နဲ့ သူ့အမျိုးသမီးကို အသက်ပြန်သွင်းပေးနိုင်တယ်"

"သူတို့နဲ့ဆင်တူတဲ့ စုံတွဲတစ်တွဲသွားရှာခဲ့။ ပိုတူလေ ပိုကောင်းလေပဲ"

"ရုပ်ရည်နဲ့ အဆင့်အတန်းက ဒုတိယအရေးကြီးတယ်။ အရေးအကြီးဆုံးကတော့ သူတို့အသည်းနှလုံးနဲ့ ဝိညာဉ်ပဲ"

နတ်ဆေးဆရာက ဒေါက်ဂလက်ကို ထိုသို့ပြောခဲ့သည်။

သူ့ကို မျှော်လင့်ချက်ပေးပြီးနောက် သူက ထပ်ဖြည့်ပြောလိုက်သည်။ "ပြန်လည်အသက်သွင်းတဲ့ဖြစ်စဉ်က နည်းနည်းတော့ ထိတ်လန့်စက်ဆုပ်စရာကောင်းတယ်။ ဒါပေမဲ့ မြင့်မြတ်တဲ့ ရိုးရာဓလေ့တစ်ခုပဲ။ သူတို့ကို ပြန်အသက်သွင်းတဲ့သူတစ်ယောက်အနေနဲ့ မင်းကိုယ်မင်း လိုလိုလားလား စတေးရမယ်"

ဒေါက်ဂလက်က ဆိုသည်။ "ကောင်းပြီ"

ညနက်ချိန်တွင် သူသည် ခရီးသွားစုံတွဲတစ်တွဲကို လှည့်ဖျား၍ သူတို့ကို အသိစိတ်မဲ့အောင် လုပ်ပြီးနောက် အိပ်ခန်းအတွင်းသို့ ဆွဲခေါ်လာခဲ့သည်။

ထို့နောက် မြေမြှုပ်ခံရတော့မည့်ဆဲဆဲ အခေါင်းကို ကလော်ဖွင့်ကာ မြို့စားကြီးနှင့်ဇနီးကို ပြန်ယူလာခဲ့သည်။

တိတ်ဆိတ်နေသော အိပ်ခန်းလွတ်ထဲတွင် သူသည် မြို့စားကြီး၏ ဦးခေါင်း၊ ခြေလက်များ၊ ရင်ဘတ်နှင့် ခါးပိုင်းတို့ကို အပိုင်းပိုင်းဖြတ်၍ တစ်ဖန် ပြန်ဆက်ခဲ့သည်။ ဓားပေါ်သို့ တစ်စက်စက်ကျနေသော ဖယောင်းတိုင်မှ ဖယောင်းတို့သည် နို့နှစ်ရောင်အဖြူတစ်ထပ်အသွင်သို့ ခဲသွားခဲ့သည်။

သူက ဝိုင်ခွက်အနည်းငယ်သောက်ကာ ကြမ်းပေါ်တွင် တစ်ဒင်္ဂခန့်ထိုင်နေခဲ့ပြီးနောက် နတ်ဆေးဆရာ စောင့်ကြည့်နေစဉ် အဲလစ်ဆာကို ဖရဲသီးတစ်လုံးကဲ့သို့ ဖြတ်တောက်ခဲ့သည်။

အဖြူရောင်ဖယောင်းတိုင်များကို သူတို့ပတ်ပတ်လည်တွင် ထွန်းထား၏။

နတ်ဆေးဆရာသည် ကံဆိုးသူခရီးသွားနှစ်ယောက်ကို ညွှန်ပြကာ ဒေါက်ဂလက်ကို မေးလိုက်သည်။

"ဟုတ်ပြီ နောက်ဆုံးအဆင့်ပဲ ကျန်တော့တယ်။ ငါမင်းကို သေချာပြန်မေးမယ်။ ဒီကံဆိုးရှာတဲ့နှစ်ယောက်က တကယ်ပဲ မြို့စားကြီးရယ်၊ မြို့စားကတော်တို့နဲ့ ဆင်တူရဲ့လား။ တကယ်လို့ မတူရင် ဒါအောင်မြင်မှာ မဟုတ်ဘူး"

ဒေါက်ဂလက်သည် ထိုစုံတွဲရှေ့တွင် ဒူးတစ်ဝက်ထောက်လိုက်ပြီးနောက် သူတို့ကို နှိုးရန် ဝိုင်များ သူတို့ပေါ်သို့ လောင်းချလိုက်သည်။

သူက နတ်ဆေးဆရာကို နောက်ကျောပေးရင်း လှည့်မကြည့်ဘဲ ဖြေလာသည်။ "တူတယ်။ သူတို့က အလွန်မေတ္တာရှိနေကြတယ်"

စုံတွဲ၏ ဝမ်းနည်းပက်လက် အော်ဟစ်သံများအောက်တွင် ‌ဒေါက်ဂလက်သည် လက်လှမ်းကာ သူတို့ခေါင်းများထက်သို့ လက်ကိုတင်လိုက်၏။

---------

ထိုညက မြို့စားကြီးသည် အသက်ပြန်ရှင်လာခဲ့သည်။

သူ့ကိုယ်မှ ပုပ်သိုးနေသောအစိတ်အပိုင်းများကို ခရီးသွားထံမှ အစိတ်အပိုင်းများနှင့် အစားထိုးခဲ့၏။ သူ့မျက်နှာအပိုင်းအတော်များများလည်း အပါအဝင်ဖြစ်သည်။

သူမျက်လုံးဖွင့်လိုက်သောအခါ ငယ်ရွယ်သော ဘဏ္ဍာစိုးဒေါက်ဂလက်သည် သာမန်မျက်လုံးနှင့်ပင် မြင်သာသော အရှိန်မျိုးနှင့် အိုမင်းသွားလေသည်။ ချက်ချင်းဆိုသလို သူသည် လူအိုတစ်ယောက်ဖြစ်သွားခဲ့သည်။

အားလုံးသည် နတ်ဆေးဆရာပြောသည့်အတိုင်း ဖြစ်လာခဲ့သည်----

ကံမကောင်းသည်မှာ မြို့စားကတော်ကိုမူ အသက်ပြန်မသွင်းနိုင်ခဲ့ပေ။

***

နတ်ဆေးဆရာသည် နှုတ်ခမ်းများကို သပ်လျက် ဆိုသည်။ "အဲဒီအချိန်က မြို့စားကြီးရဲ့ မျက်နှာအမူအရာကို ငါမှတ်မိနေသေးတယ်။ သူ့ဘေးမှာ အပိုင်းပိုင်းဖြတ်တောက်ခံထားရတဲ့ သူ့ဇနီးရယ်၊ မှန်ထဲမှာ သူ့ရဲ့အပိုင်းပိုင်းတွဲစပ်ထားတဲ့ မျက်နှာတစ်ခုရယ်၊ မြေပေါ်မှာ သွေးတွေလွှမ်းနေပြီး မရင်းနှီးတဲ့ပုံနဲ့ ဘဏ္ဍာစိုးတစ်ယောက်လည်း ရှိသေးတယ်.........ဟားး"

သူက မျက်လုံးကို မှေးကျဉ်းလိုက်ပြီးနောက် အလားတူ ကြိုးတုပ်ခံထားရသော ဘဏ္ဍာစိုးအိုကြီးကို ကြည့်လိုက်သည်။ "မင်းက ငါကြုံဖူးသမျှထဲမှာ ရက်စက်အကြမ်းကြုတ်ဆုံးသူပဲ။ ငါ ပထမဆုံးအကြိမ်လုပ်တုန်းက မင်းလောက် စိတ်မခိုင်မာခဲ့ဘူး။ ဟန်ဆောင်မျက်ရည်တွေတောင်မှ ကျခဲ့သေးတယ်"

"ဒါပေမဲ့ မြို့စားကြီးကလည်း ငါ့ကိုအံ့ဩစေတာပဲ"

နတ်ဆေးဆရာ၏ အမြင်တွင် ရဲတိုက်သည် ပုန်းကွယ်နေသော ပါရမီထူးသူများကို ဖော်ထုတ်ပေးခဲ့သည်။

ဘဏ္ဍာစိုးသည် တွန့်ဆုတ်ခြင်းအလျဉ်းမရှိဘဲ လူတွေကို ဖရဲသီးများကဲ့သို့ ခုတ်ထစ်ခဲ့သည်။ ပြန်လည်အသက်သွင်းခံခဲ့ရသော မြို့စားကြီးသည်လည်း မိနစ်အနည်းငယ်မျှသာ ထိတ်လန့်သွားပြီး‌နောက် တည်တည်ငြိမ်ငြိမ်ပင် အခြေအနေကို လက်ခံခဲ့သည်။

ရဲတိုက်ထဲတွင် အစေခံများ များပြားလွန်းသောကြောင့် သူတို့ကို တစ်ယောက်ပြီးတစ်ယာက် ပြန်အသက်သွင်းရန်မှာ အလွန်ဒုက္ခများလွန်းသည်ဟု နတ်ဆေးဆရာက ဆိုခဲ့သည်။ သူ့တွင် သူတို့တွေ ဆက်လက်တည်ရှိနေနိုင်မည့် နည်းလမ်းတစ်ခုရှိသော်လည်း သူတို့သည် အသက်ရှင်သည်လည်းမဟုတ်၊ သေသည်လည်းမဟုတ်ဘဲ ရဲတိုက်ထဲတွင် သက်ဆုံးတိုင် ပိတ်မိနေမည့် တစ္ဆေများအသွင် ဖြစ်နေလိမ့်မည်။

မြို့စားကြီးသည် သူ့ကို ကျေးဇူးတင်ခဲ့သည်။

နတ်ဆေးဆရာက ဆိုသေးသည်။ "မင်းဇနီးကိုရော ဘယ်လိုလဲ၊ သူ့ကို ပြန်မြှုပ်လိုက်မှာလား"

မြို့စားကြီးသည် ကြီးမားသော သစ်သားအခေါင်းတစ်ခုကို ရှာပြီးနောက် ဒေါက်ဂလက်ကို အဲလစ်ဆာအား အထဲသို့ထည့်ရန် ညွှန်ကြားလိုက်ပြီးနောက် ပြန်ဖြေခဲ့သည်။ "ရတယ်။ ငါ ရံဖန်ရံခါ ဧည့်သည်တချို့ကို ဖိတ်လို့ရတယ်...."

"တကယ်လို့ အဲဒီမှာ ငါနဲ့ အဲလစ်ဆာလိုမျိုး လက်ထပ်ထားတဲ့စုံတွဲ ဒါမှမဟုတ် ချစ်သူစုံတွဲပါလာခဲ့ရင်" မြို့စားက ဆက်ပြောသည်။ "ငါ့မှာ စောင့်ဖို့ စိတ်ရှည်သည်းခံစိတ်တွေ အလုံအလောက်ရှိတယ်။ ဒေါက်ဂလက်က အမြဲတမ်း ငါနဲ့ အတူရှိနေမှာမလား"

‌ဒေါက်ဂလက်က နောက်က လိုက်ပြောလိုက်သည်။ "ကျွန်တော် အမြဲတမ်း ဒီမှာရှိနေမှာပါ။ ကျွန်တော် သခင့်အတွက် အသင့်တော်ဆုံး ချစ်ခင်ကြင်နာဆုံး ဧည့်သည်တွေကို ရှာပေးပါမယ်"

သခင်နှင့်အစေခံသည် ထူးဆန်းစွာ အတူတူ လိုက်ဖက်ညီကြသည်။

နတ်ဆေးဆရာက အနှီ "အဆက်မပြတ် အသက်ပြန်သွင်း၍ ခန္ဓာကိုယ် လဲလှယ်သည့် လုပ်ရပ်သည် ကျိန်စာကို ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်ကို ဆုံးရှုံးရလိမ့်မည်" ဟု အဆိုသွင်းစဉ်က သူတို့သည် ကျိန်စာကို ကာလ်တန်တောင်အနောက်ရှိ မြို့ငယ်လေးထံသို့ လွှဲပြောင်းပေးရန် တုံ့ဆိုင်းမနေခဲ့ပေ။

***

"ကျိန်စာကို ဘယ်လိုလွှဲတာလဲ" ယိုဟော့သည် တစ်ဖက်လူ၏ လက်ကောက်ဝတ်ကို ဖိလိုက်သည်။

နတ်ဆေးဆရာသည် တွန့်ဆုတ်နေပြီး စကားမပြောချင်ခဲ့ပေ။ သူက ထိုသူ၏ဆုပ်ကိုင်မှုမှ လက်ကို ဆွဲထုတ်ရန် ကြိုးပမ်းနေပြီး အနည်းငယ်မျှဖြစ်ဖြစ် နောက်သို့ ပြန်ဆုတ်ချင်ခဲ့သည်- အနည်းဆုံး ဝက်ထံမှ တစ်လက်မခန့်ဖြစ်ဖြစ်။ ကံမကောင်းစွာပင် သူမည်မျှအားကြိုးမာန်တက် ကြိုးစားပါစေ၊ ပြိုင်ဘက်သည် မြဲမြံစွာ ဆုပ်ကိုင်ထားခဲ့သည်။

နတ်ဆေးဆရာသည် သူ့မျက်နှာကြီး နီရဲလာသည်အထိ ရုန်းကန်နေ၏။

"မင်း ဘယ်လိုလုပ်ပြီး အမျိုးသမီးတစ်ယောက်ကို ဒီလောက် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံနိုင်ရတာလဲ" သူက သီလရှင်အရေပြားခြုံထားလျက် ယိုဟော့ကို မေးလာသည်။

ယိုဟော့ကမူ အရေးပင်မစိုက်။ "ငါ ဒီထက်ပိုပြီးတောင် ကြမ်းတမ်းနိုင်သေးတယ်"

နတ်ဆေးဆရာသည် ပါးစပ်ပိတ်သွား၏။

သူက ယိုဟော့နှင့် နီးကပ်စွာ တည်ရှိနေမှုကို အခွင့်ကောင်းယူကာ သူ့မျက်လုံးအတွင်းသို့ စူးစိုက်ကြည့်လာသည်။ တခြားနည်းလမ်းက အလုပ်မဖြစ်သောကြောင့် သူက ယိုဟော့ကို သွေးဆောင်ဖြားယောင်းကာ စိတ်ရှုပ်အောင် ကြိုးစားချင်ခဲ့သည်။

"ဒီက ချောမောတဲ့ လူကြီးမင်း၊ ငါ့မှာ တကယ်တမ်း များပြားတဲ့---- အား!"

သူ့စကား တစ်ဝက်တစ်ပျက်မှာတင် ချင်ကျိုးသည် သူ့နောက်ကျောကို ဒူးဖြင့် ဖိချလိုက်သည်။

နတ်ဆေးဆရာသည် မြေပေါ်သို့ လဲကျသွားပြီးနောက် နှုတ်ခမ်းအစုံမှာ ဝက်ကို နမ်းမိသွား၏။

"..............."

ချင်ကျိုးသည် ယိုဟော့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် နတ်ဆေးဆရာသို့ ခြိမ်းခြောက်ဟန်ဖြင့် ငုံ့ကြည့်လိုက်သည်။ "မင်းက လူမှားပြီး ဖြားယောင်းနေတာပဲ။ ဒီက ချောမောတဲ့လူကြီးမင်းက အရမ်း စိတ်ရှုပ်နေတာ မင်းမမြင်ဘူးလား။ ဒါပေမဲ့ သူနဲ့ယှဉ်ရင် ငါက နည်းနည်းပိုပြီး ရက်စက်တယ်"

သူ၏ ခပ်နိမ့်နိမ့်အသံသည် နတ်ဆေးဆရာ၏ နားဘေးတွင် ထွက်ပေါ်လာ၏။ ယင်းမှာ မကောင်းဆိုးဝါးတစ်ကောင်၏ အသံနှင့်ပင် တူသည်။ "ဝက်ကို ခုတ်ထစ်ရတာ ပြဿနာမရှိဘူး။ မင်းလိုလူမျိုးကို ခုတ်ထစ်ရတာလည်း ပြဿနာမရှိဘူး။ မင်းဆက်ပြီး ပူးပေါင်းမှုမရှိဘူးဆိုရင် မင်းဝက်တစ်ကိုယ်လုံးတောင် မရဘဲ ဝက်ခေါင်းတစ်ခေါင်းပဲ ရသွားမှာ စိုးမိတယ်"

"ဝက်နဲ့သိုး ပေါင်းလိုက်ရင်လည်း မဆိုးဘူးပဲ"

နတ်ဆေးဆရာ: "............."

ချောမောသည့်လူကြီးလူကောင်းသည် မကောင်းဆိုးရွားနှင့် လိုက်ဖက်ညီစွာ သီကျူးနေသည်။ သူက အေးစက်စက် ပြောလိုက်သည်။ "ရွေးချယ်စရာ သုံးခုရှိတယ်။ ငါမင်းကို ဆုံးဖြတ်ချိန် သုံးစက္ကန့်ပေးမယ်"

နတ်ဆေးဆရာသည် သူစိတ်ဝေဒနာရှင်စုံတွဲနှင့် ပက်ပင်းတိုးမိသလို ခံစားလိုက်ရသည်။

"၃"

"၂"

နတ်ဆေးဆရာသည် ချက်ချင်း ထုတ်ပြောလာတော့သည်။ "စားစရာနဲ့ဝိုင်"

"မြို့သူမြို့သားတွေအဖို့ မြို့စားကြီး ပြင်ဆင်ပေးတဲ့ စားစရာက လွှဲပြောင်းဖို့အတွက် ကြားခံပဲ။ အဲဒီဟာတွေကို စားပြီးသွားရင် သူတို့ကိုယ်သူတို့ စတေးခံဖို့ သဘောတူလိုက်တာနဲ့ အတူတူပဲ။ များများစားလေလေ၊ ပိုပြီးနက်နက်ရှိုင်းရှိုင်း အချုပ်ခံလိုက်ရပြီး ပိုမြန်မြန် ကျိန်စာသင့်လိမ့်မယ်"

"စားစရာနဲ့ဝိုင်လား"

ယိုဟော့သည် ရုတ်တရက် ကျိုးချီ ဘာမှမစားဘဲ ဖျားသည့်အဖြစ်ကို အမှတ်ရသွားကာ အိမ်တော်ထိန်းဘက်သို့ လှည့်သွားသည်။ "ရဲတိုက်ထဲမှာ ဧည့်သည်တွေကို ကျွေးတဲ့စားစရာတွေကလည်း ဒီလိုပဲလား"

ဒေါက်ဂလက်သည် ဘာစကားမှ မဆိုခဲ့ပေ။ ယင်းကိုပင် အသံတိတ်ဝန်ခံခြင်းဟု ယူဆ၍ရသည်။

နတ်ဆေးဆရာက ကြားဖြတ်ပြော၏။ "အမှန်ပဲ ဧည့်သည်တွေကို သွေးဆောင်ခေါ်လာပြီးရင် မြို့စားကြီးက မင်းတို့ ခန္ဓာကိုယ်ကို မသုံးဘူးဆိုရင်တောင်မှ ကျိန်စာရဲ့တစ်စိတ်တစ်ပိုင်းကို ပိတ်ပင်ဖို့ သုံးလို့ရနေတာကို ဘာကြောင့် အလဟဿအဖြစ်ခံမှာလဲ"

ယိုဟော့နှင့် ချင်ကျိုးသည် အချင်းချင်း ကြည့်လိုက်ကြသည်။ တစ်ချိန်တည်းမှာပဲ မျက်မှောင်ကြုတ်သွားကြ၏။

အကယ်၍သာ ကျိန်စာ၏နယ်ပယ်သည် မြို့အတွင်းကိုသာ ကန့်သတ်ထားခြင်းမဟုတ်ဘဲ ဖြေဆိုသူများကိုပါ ထည့်သွင်းထားခဲ့ပါက ဘုရားကျောင်းအတွင်းရှိ အနှီသွေးသံတရဲရဲ လူသေကောင်တစ်ပိုင်း လူများသည် အားလုံး မြို့သူမြို့သားများ မဟုတ်နိုင်ပေ။

"ကျိန်စာကို ဘယ်လိုဖယ်ရှားရမလဲ" ယိုဟော့က နတ်ဆေးဆရာကို မေးလိုက်သည်။

နတ်ဆေးဆရာက ဆိုသည်။ "စောစောက မင်းနားမထောင်ထားဘူးလား။ ငါပြောသလိုပဲ မင်း တခြားသူတစ်ယောက်ကို လွှဲပေးလိုက်ရုံပဲ"

"ငါကအပြီးတိုင် ဖယ်ရှားပစ်ဖို့ကို ပြောနေတာ"

ယိုဟော့သည် ကိုယ်ကိုကိုင်း၍ သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။

နတ်ဆေးဆရာ၏ မျက်လုံးများသည် သူနှင့် ဆုံသွားသည်။ သူက အရှုံးပေးကာ ပြောလိုက်သည်။ "ကျိန်စာသင့်သူကိုသတ်ရင်သတ် မဟုတ်ရင် မြို့စားကြီးကို သတ်ရမယ်"

"မင်း---"

ခေါင်းငိုက်စိုက်ကျနေသော ဘဏ္ဍာစိုးသည် ရုတ်တရက် ထောင်ကြည့်လာသည်။ သူက စကားပြောရန်ပြင်နေသည့်အခိုက် ချင်ကျိုးသည် ဝက်ခြေထောက်(ခွာ)ကို ထိုးထည့်လိုက်သည်။

နတ်ဆေးဆရာသည် ကျိတ်ရယ်လိုက်ပြီးနောက် ထပ်ပြောလာသည်။ "မြို့စားကြီးကိုသာ သတ်လိုက်"

သူ၏ အနှီတရားမမျှတသော စကားများတွင် နောက်ကွယ်၌သိုဝှက်ထားသော ရည်ရွယ်ချက်များ ပါနေသည်။ ချင်ကျိုးသည် ထောင့်တွင် ကွေးဝင်နေသော သွေးအလိမ်းလိမ်းနှင့်လူကို ဖျတ်ခနဲ ကြည့်လိုက်၏။ "ဘုန်းတော်ကြီး"

သွေးအလိမ်းလိမ်းနှင့်လူသည် ထိုနေရာတွင် အသေကောင်ကဲ့သို့ လဲနေခဲ့သည်။ ခဏကြာသော် သူက ဖျော့တော့စွာ မော့ကြည့်ပြီးနောက် ခေါင်းညိတ်ပြလာ၏။ "ငါ အဲဒါကို မှတ်မိတယ်......"

ချင်ကျိုး: "ကျေးဇူးပဲ"

သူ့မျက်လုံးများသည် နတ်ဆေးဆရာနှင့် ဘဏ္ဍာစိုးထံ လူးလာကူးသန်းနေသည်။ ထို့နောက် ရုတ်တရက် နောက်နောက်ပြောင်ပြောင်ဖြင့် ဆိုသည်။ "စစ်ဆေးမေးမြန်းမှု ယာယီပြီးဆုံးပါပြီ။ စာမေးပွဲခန်းစောင့်ကြီး သူတို့လုပ်ဆောင်ချက်ကို ဘယ်လိုထင်လဲ။ အဆင့် A B C ဒါမှမဟုတ် D"

ယိုဟော့သည် သူကိုင်ထားသည့်လက်ကို လွှတ်လိုက်ပြီးနောက် နတ်ဆေးဆရာကို မေးဆတ်ပြလိုက်သည်။ "ဒီတစ်ယောက်က အဆင့် C စာမေးပွဲပြန်ဖြေရမယ်"

နတ်ဆေးဆရာ: "..............."

အဲဒီနောက် သူက ဒေါက်ဂလက်ကို ညွှန်ပြလိုက်သည်။ "D ထုတ်ပယ်ခံရမယ်"

ချင်ကျိုးသည် လက်မြှောက်ကာ ညစ်ကျယ်ကျယ်နှင့် သူ့နဖူးကို ဖွဖွခေါက်နေသည်။ ထို့နောက် ညစ်ကျယ်ကျယ်ဖြင့် အလေးပြုကာ "ငါ့ကို မိနစ်ဝက်လောက်အချိန်ပေး"

ဒေါက်ဂလက်၏ ရွတ်တွနေသော နှုတ်ခမ်းထောင့်စွန်းများသည် အောက်သို့မဲ့သွားသည်။ သူ့မျက်နှာထက်ရှိ စိတ်ပျက်လက်ပျက် အရိပ်အယောင်သည် သိသာထင်ရှားနေသည်။

***

မြေအောက်ရှိ အမှောင်ထုသည် လူတွေကို အချိန်ကို မေ့လျော့သွားစေသည်။ ယိုဟော့နှင့်ချင်ကျိုး တဲငယ်လေးမှ ထွက်လာသောအချိန်တွင် ကောင်းကင်သည် မှောင်စပျိုးနေပြီဖြစ်သည်။

အဝေးရှိကောင်းကင်သည် တိမ်မည်းများဖြင့် အုံ့မှိုင်းနေ၏။ ၎င်းသည် ဖြည်းဖြည်းချင်း နီးကပ်လာလေသည်။

သူတို့သည် ပွဲတက်ကုတ်အင်္ကျီကို ဝတ်ဆင်လျက် ဘုရားကျောင်းသို့ပြန်လာချိန်တွင် အားလုံး ဘိုးလင်းပုလင်းများနားတွင် လူအုံနေသည်ကို တွေ့လိုက်ရ၏။ ခံစားချက်မှာ အနည်းငယ် ထူးဆန်းနေသည်။

ကောင်းချီသည် သူတို့ကို အဝေးမှ လှမ်းခေါ်လိုက်သည်။ "မင်းတို့တွေ နောက်ဆုံးတော့ ပြန်လာပြီပေါ့၊ အခုပဲ မင်းတို့ကို အနောက်ဘက်မှာ ထွက်ရှာတော့မလို့"

"ဘာဖြစ်နေကြတာလဲ" ချင်ကျိုးသည် လူအုပ်ကို ဝေ့ဝဲကြည့်လိုက်သည်။

ကောင်းချီ: "ငါတို့ သဲလွန်စတချို့ရှာတွေ့ထားတယ်။ လူနာတွေကို ကုသဖို့ဆိုတာ ဘာပြောချင်တာလဲဆိုတာ သိထားပြီးပြီ"

အားလုံးသည် ခေါက်ကုတင်အချို့ကို ပက်လက်လှန်လိုက်ကာ အောက်တွင် သွေးနှင့်ရေးထားသည်တို့ကို ယိုဟော့နှင့်ချင်ကျိုးကို ပြလိုက်ကြသည်။

"ထပ်နေတဲ့အပိုင်းတွေရှိတယ်။ အားလုံး စုစည်းလိုက်မယ်ဆိုရင် သူပြေတာက...." ကောင်းချီသည် အသက်ပြင်းပြင်းရှိုက်လိုက်ပြီးနောက် ဆိုသည်။ "သူတို့ကို သတ်ပြီး လွတ်လပ်ခွင့်ပေးလို့ရတယ်"

သူက ကုတင်တွေထဲကတစ်ခုကိုလည်း ညွှန်ပြကာ ဆိုသည်။ "ဒါက သေချာပေါက် ဖြေဆိုသူတစ်ယောက် ချန်ထားခဲ့တာပဲ။ လူနာတစ်ယောက်ကို သတ်ရင် သုံးမှတ်ရမယ်၊ အကန့်အသတ်မရှိဘူး"

သူတို့အားလုံးကို သတ်ပြီးသွားသည့်နောက် စာမေးပွဲ ပြီးဆုံးသွားလောက်သည်။

သို့သော် ယိုဟော့ အကြမ်းဖျင်း ရေတွက်ကြည့်လိုက်သည်။ ထွက်ပြေးသွားသော ဘုန်းတော်ကြီးမှလွဲလျှင် သည်နေရာတွင် မူလ ၂၅ ယောက်စလုံး ရှိနေသေးသည်။ မည်သူမျှ ပျောက်နေခြင်းမရှိ။

မည်သည့်ဖြေဆိုသူတစ်ယောက်ကမျှ အမှတ်ရရှိရန် လှုပ်ရှားခြင်းမရှိခဲ့။

ချင်ကျိုးသည် မျက်ခုံးပင့်ပြလိုက်သည်။

သူစကားမဆိုနိုင်ခင် ဖြေဆိုသူတစ်ဦးက ရေရွတ်လိုက်သည်။ "အဲဒါအပြင် ငါတို့ အခြားတစ်ခုလည်း တွေ့သေးတယ်။ ငါတို့ထင်တာတော့ ဒီလူနာတွေထဲမှာ အနည်းဆုံး လေး ငါးယောက်ကတော့ ငါတို့လိုပဲနေမှာ။ သူတို့တွေက တခြားစာမေးပွဲအသုတ်က ဖြေဆိုသူတွေပဲ"

အကယ်၍ သူတို့သာ NPC များသက်သက်သာဆိုလျှင် သူတို့သတ်ဖြတ်ရလျှင်လည်း ဝန်လေးနေမိမည်မဟုတ်။

ယခုအချိန်ထိ သတ္တဝါငယ်အချို့ကို မသတ်ဖူးသည့်သူ မည်သူရှိမည်နည်း။

သို့ရာတွင် သူတို့ကြားတွင် လူအစစ်များရှိနေသည်ဟု သိသွားသောအခါ မည်သူမျှ မလုပ်နိုင်တော့ချေ။

သုံးမှတ်။ ၎င်းသည် အများစုအတွက် အတော်လေး မက်စရာကောင်းသည့် နံပါတ်ဖြစ်သည်။

သို့ရာတွင် ကောင်းချီနှင့် ကျောက်ကျားထုံပြောခဲ့သည့်အတိုင်း သူတို့သည် ထိုမျှလောက် အရူးအမူးဖြစ်ရလောက်သည့်အဆင့်အထိ မရောက်သေးပေ။

သူတို့သည် ထိုအမှတ်သုံးမှတ်အတွက် ဖြေဆိုသူတစ်ယောက်ကို သတ်ဖြတ်ရလောက်သည်အထိ အသည်းအသန်မဖြစ်ကြသေးပေ။

သို့သော် မကြာခင် ဤစိတ်အခြေအနေသည် ပြိုကွဲသွားတော့မည်။ ချင်ကျိုးသည် အကျဉ်းစခန်းထဲမှ ရလာသော အချက်အလက်အကြောင်း အားလုံးကို ပြောပြလိုက်၏။

အားလုံး၏ မျက်နှာများသည် ချက်ချင်းပင် စိမ်းပုပ်သွားတော့သည်။

ကောင်းချီ၏မျက်နှာမှာ အားလုံးအနက် အစိမ်းဆုံးပင်။

သူသည် အားလုံး စုပေါင်းထားသည်ထက် ပိုပြီး သောက်ခဲ့သည်။ အကယ်၍သာ သူတို့ကို ကျိန်စာခတ်မည်ဆိုလျှင် သူသည် ထိပ်ဆုံးသုံးယောက်ထဲတွင် ရှိနေလိမ့်မည်။

***

မိုးမုန်တိုင်းသည် ညမရောက်ခင်ပင် စတင်ရွာသွန်းလာသည်။

မိုးကန့်လန့်ကာ၏ အောက်တွင် ရဲတိုက်အိုကြီးသည် လဲလျောင်းစောင့်ဆိုင်းနေသည့် သားရဲကောင်ကြီးတစ်ကောင်အလား ထီးထီးကြီး ရှိနေ၏။

အနောက်ဘက်တာဝါ၏ ပထမထပ်ရှိ ကြီးမားသော အိပ်ခန်းအတွင်းတွင် မြို့စားကြီးသည် အမျိုးသားအစေခံများထံသို့ ဒေါသပုန်ထနေလေသည်။ သူသည် ဆွဲလက်စ ဆီဆေးပန်းချီကားတစ်ချပ်ထက်သို့ ခွက်တစ်ခွက်ကို ပစ်ပေါက်ခွဲလိုက်ကာ အခန်းအနှံ့ ကန်ကျောက်၍ရသမျှအကုန်လုံးကို ကန်ကျောက်နေခဲ့သည်.....

အကြောင်းရင်းမှာ ဘဏ္ဍာစိုးကို မည်သည့်နေရာတွင်မျှ ရှာမတွေ့သောကြောင့်ပင်။

ဧည့်သည်များကို တင်ဆောင်လာသော တစ်ဒါဇင်သောရထားလုံးများသည် ပြန်လာချေပြီ။ တစ်ဦးတည်းသော ပျောက်ဆုံးနေသူမှာ ဒေါက်ဂလက်ဖြစ်သည်။

ဧည့်သည်များ အမှားလုပ်အောင် တိုက်တွန်းသည့်နေရာတွင် သူ အတော်ဆုံးပင် မဟုတ်ပါလား။ ဘာကြောင့် ဒီလောက်ထိ ကြာနေရသနည်း။

မြို့စားကြီးသည် သူ့လက်ပေါ်မှ လက်စွပ်ကို လှည့်နေ၏။ သူ့အနီးနားရှိ ခံစားချက်မှာ အလွန်ဆိုးရွားလွန်းသဖြင့် မည်သူမျှ အနားသို့ မချဉ်းကပ်ရဲကြပေ။

ခဏတဖြုတ် သူသည် ဒေါက်ဂလက် နတ်ဆေးဆရာနှင့် ပူးပေါင်းသွားခြင်းဖြစ်မလားဟု သံသယဝင်မိသွား၏။ သူ့နောက်ကွယ်တွင် တစ်ခုခုများ ကြံစည်နေကြတာများလား။

သို့သော် မကြာခင် သူ့ကိုယ်သူ ပြန်ဖြေသိမ့်လိုက်သည်။

လူတိုင်း သူ့ကို သစ္စာဖောက်နိုင်တယ်၊ ဒါပေမဲ့ ဒေါက်ဂလက်ကတော့ လုပ်မှာမဟုတ်ဘူး။

"သခင် ညစာစားချိန်ရောက်ပါပြီ" အမျိုးသား အစေခံတစ်ဦးက သတိပေးလာသည်။

အစေခံများမှာ သက်ရှိများမဟုတ်တော့ဘဲ သူတို့လုပ်သမျှအပြုအမူတိုင်းတွင် သေဆုံးခြင်းအငွေ့အသက်များ ထွက်နေသော်လည်း သူတို့သည် ကြောက်ရွံ့မှုကို ခံစားနိုင်သေးသည်။

မြို့စားကြီးသည် တဒင်္ဂခန့် တန့်သွားပြီးနောက် မှုန်မှိုင်းစွာ အမိန့်ပေးလိုက်လေသည်။ "တကယ်လို့ ဒေါက်ဂလက်ပြန်လာရင် ချက်ချင်းငါ့ဆီလာခဲ့ဖို့ ပြောလိုက်စမ်း။ သူ့ကို အချိန်တိကျမှုနဲ့ပတ်သက်ပြီး သူ့ကို သေချာသင်ပေးရမယ်"

သူပြောပြီးသည့်နောက် သူ၏ မျက်နှာဖုံးတပ်အပြုံးသို့ ပြောင်းလဲပြီးနောက် ညစာစားပွဲခန်းမသို့ ထွက်သွားသည်။

ယနေ့ညစာစားပွဲသည် အလွန်ထူးဆန်းနေသည်။

ဧည့်သည်များအားလုံးသည် ဝိုင်နှင့်ကြက်ကင်ကို ဂုဏ်သိက္ခာရှိသော မျက်နှာပေးများဖြင့် စူးစိုက်ကြည့်နေကြသည်။ လူကြီးလူကောင်း သုံးယောက်သာလျှင် ထူးထူးကဲကဲ လုပ်ဆောင်နေကြသည်----

သူတို့သည် တစ်ခုခုကျိန်စာသင့်သွားသည့်အလား ယိုဟော့နှင့်ချင်ကျိုးသည် မနေ့ညကကဲ့သို့ပင် အစားအစာများအားလုံးကို အေးအေးဆေးဆေး စားနေကြသည်။

ကောင်းချီသည်ကား.....

သူ့ကို ကယ်တင်၍မရတော့သည့်နည်းတူ ဒီအတိုင်း သူ့ကိုယ့်သူအလွတ်ပေးလိုက်ကာ စိတ်လွတ်ကိုယ်လွတ် သောက်နေ၏။

မြို့စားကြီးသည် ဖန်ခွက်ကို ညင်သာစွာ ခေါက်လိုက်ပြီးနောက် ပြုံးကာ ပြောသည်။ "ဘာဖြစ်ကြတာလဲ၊ ဒီနေ့ ကျွန်တော့်ရဲ့ ချစ်ခင်ရတဲ့ဧည့်သည်အပေါင်းတို့ စားချင်စိတ်မရှိကြဘူးလား။ ဒါကို စားဖိုမှူးတွေ သေချာဂရုတစိုက် ချက်ပြုတ်ထားတာပါ။ မစားရင် ကျွန်တော် နည်းနည်း ဝမ်းနည်းမိလိမ့်မယ်"

"...................."

ဟုတ်ပြီလေ အားလုံးက ခင်ဗျားပြောသလိုပဲပေါ့။

ဖြေဆိုသူများသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ကြ၏။ စစ်ထွက်ရတော့မည့်သူတစ်ဦး၏ မျက်နှာထားမျိုးဖြင့် ကြက်သားအရေခွံသေးသေးတစ်ဖက်ကို ကောက်ယူလိုက်ကြသည်....

မြို့စားကြီးသည် သူ့လက်ချောင်းတို့ကို ယှက်လိုက်သည်။ မျက်နှာဖုံးအောက်မှ မျက်ဝန်းတို့မှာ ကွေးညွတ်နေသည်။

ညနေခင်း ၁၀ နာရီခန့်တွင် ညစာစားပွဲ ပြီးဆုံးသွားသည်။

စားပွဲထိပ်တွင် ထိုင်နေသော မြို့စားကြီးသည် ဖြေဆိုသူများ ခန်းမထဲမှ ထွက်သွားသည်ကို ကြည့်နေကြသည်။ သူ့မျက်လုံးတို့မှာ ပြီးပြည့်စုံသော လူကြီးလူကောင်းနှစ်ယောက်နောက်သို့ အဆက်မပြတ် လိုက်သွားလေသည်။ စိတ်ထဲတွင် ‌ဒေါက်ဂလက်ပြန်အလာနှင့် သူနှင့်အတူပါလာမည့် သတင်းကောင်းတို့ကို စောင့်မျှော်နေလေသည်။

နောက်ဆုံးဖြေဆိုသူ ထွက်ခွာသွားသောအခါ အမျိုးသားအစေခံတစ်ဦး ရေးကြီးသုတ်ပျာဖြင့် ဝင်လာသည်။

"သခင်"

"အင်း ဒေါက်ဂလက်ပြန်လာပြီလား"

အမျိုးသားအစေခံ၏ မီးခိုးရောင်မျက်နှာမှာ ရောင်စုံပြောင်းသွားလေသည်။ သူက တောင့်တင်းစွာ ခေါင်းညိတ်လိုက်ပြီးနောက် ဆိုသည်။ "ဟုတ်ကဲ့ အခုပဲ ပြန်လာပါတယ်...."

"သူဘယ်မှာလဲ၊ ငါ့ကို အိပ်ခန်းထဲမှာ စောင့်နေတာလား"

အမျိုးသားအစေခံသည် တွန့်ဆုတ်နေ၏။ "မဟုတ်ပါဘူး"

မြို့စားကြီးသည် မျက်မှောင်ကြုတ်သွားသည်။ "ဘာလို့လဲ"

အမျိုးသားအစေခံသည် နောက်သို့ကျုံ့ဝင်သွားလေသည်။ "ဘဏ္ဍာစိုး....အမ်....သူ့ပြန်လာတာနဲ့ တန်းပြီးအိပ်ခန်းထဲဝင်သွားပါတယ်"

မြို့စားကြီးသည် အနည်းငယ် စိတ်ဆိုးသွားကာ ဇဝေဇဝါ ဖြစ်နေသည်။

သူက အမျိုးသားအစေခံကို လမ်းပြခိုင်းပြီးနောက် ဒေါက်ဂလက်၏ အိပ်ခန်းအတွင်းသို့ ခပ်တင်းတင်းမျက်နှာထားနှင့် တန်းဝင်သွားတော့သည်။

"မင်း သောက်ကျိုးနည်း ဘာတွေလုပ်နေလို့လဲ ဒေါက်ဂလက်" မြို့စားကြီးသည် တံခါးဖွင့်လိုက်သည်နှင့် ချက်ချင်း ကြိမ်းမောင်းလေသည်။

သူမျှော်လင့်ထားသော အဖြေသည် ထွက်မလာခဲ့။

သူတွေ့ဖို့ မျှော်လင့်ထားသောသူသည် ထိုနေရာတွင် မရှိပေ။

"သူဘယ်မှာလဲ!" မြို့စားကြီးသည် အစေခံကို စိန်းစိန်းဝါးဝါး ကြည့်လိုက်၏။

အစေခံသည် အိပ်ခန်းထောင့်တစ်နေရာကို ညွှန်ပြကာ: "ဟို... ဟိုမှာပါ...."

မြို့စားကြီးသည် လှမ်းကြည့်လိုက်လေသည်။

ဘဏ္ဍာစိုး၏ရှပ်အင်္ကျီနှင့် ပတ်ထားသော ဝက်တစ်ကောင်သည် ထိုနေရာတွင် အကြောသေလျက် လဲလျောင်းနေသည်။ ရှပ်အင်္ကျီကော်လာတွင် စက္ကူတစ်ရွက်ကို ချည်နှောင်ထားသည်။

မြို့စားကြီးသည် ခြေလှမ်းကျဲများဖြင့် လှမ်းသွားပြီး‌နောက် ၎င်းကို ဖြုတ်လိုက်သည်။

စာရွက်ပေါ်ရှိ လက်ရေးက ဆိုသည်။

သခင်၊ ကျွန်တော် ဒေါက်ဂလက်ပါ။ သခင်က ဧည့်သည်တွေဆီသွားပြီး ပြဿနာတချို့ ဖန်တီးခိုင်းခဲ့တာ။ အခု ဒီပြဿနာကို သဘောကျပါရဲ့လား။

မေတ္တာဖြင့်

"....................................."

မြို့စားကြီးသည် ဒေါသထွက်လွန်း၍ သေ‌တော့မတတ်ပင်။

သူ သားရေတုစာရွက်ကို တုန်ယင်နေသော လက်သီးဆုပ်အတွင်း လုံးချေရင်း အိပ်ခန်းထဲမှ ထွက်သွားလေသည်။

သူက လျှောက်သွားရင်း အမျိုးသားအစေခံကို ပြောလိုက်သည်။ "ငါအဲဒီဧည့်သည်နှစ်ယောက်ရဲ့ ခန္ဓာကိုယ်တွေကို ဒီည လိုချင်တယ်! တစ်ယောက်မှ ထွက်မပြေးသွားစေနဲ့!"

................xxx.................

Translated by Akira ❣️

Akira has something to say:

ဝက်ကလေးရေ အမျှ အမျှ အမျှ...

Comment