အမှောင်ထဲကရယ်သံ(တာတေ)

မှောင်ထဲက ရယ်သံ (စ/ဆုံး)
ရေးသားသူ...တာတေ

ကျုပ်တို့ အညာနွားဆိုတာ အားကြီးသနားဖို့ကောင်းတာဗျ။
ယာထဲလည်း လုပ်ရတယ်။ ရေစည်လည်း တိုက်ရတယ်။

ဆီဆုံလည်း ကြိတ်ရတယ်။ ကုန်ပစ္စည်းလည်း သယ်ရ၊
ဟိုနား ဒီနားသွားတော့လည်း လှည်းဆွဲရနဲ့ ဒင်းတို့ခမျာ
နားရတယ်ကို မရှိရှာတာဗျ။

လူက ဂရုစိုက်ပါမှ။ အစာမှန်မှန်ကျွေး ။

ရေမှန်မှန်တိုက်။ ရေချိုးချိန်ချိုးပေး။

နေထိုင်မကောင်းတော့လည်း ဆေးလေးဝါးလေး
ဂရုစိုက်တိုက်ပေးရတာပေါ့ဗျာ။

ကျုပ်ကတော့ အဘနွားကြီးတွေကို လွှတ်ဂရုစိုက်တာဗျ။

အစာရေစာ မှန်မှန်တိုက်ကျွေးနေတော့ နွားကြီးတွေက
ကျန်းကျန်းမာမာ ဝဝဖြိုးဖြိုး ဖြစ်နေတော့တာပေါ့ဗျာ။

အခုလည်း နွားစာကျွေးပြီးလို့ နွားတင်းကုတ်ရှေ့က
သရက်တုံးပေါ်မှာ ထိုင်ပြီး ဆေးလိပ်ကလေး
ဖွာနေတာဗျ။ တာတေမြို့ကျောင်းနေတုန်းက
ဆေးလိပ်ရဲ့ ဆိုးကျိုးတွေ သင်ခဲ့ရပါတယ်

ဒါပေမဲ့ မောနေတဲ့အချိန်မှာ ဆေးလိပ်ကလေး
ဖွာလိုက်ရရင် အမောကို ပြေသွားတာဗျို့။

"တာတေ အိမ်ရှေ့မှာ ဆန်စေ့လုံး ရောက်နေတယ်
ဆရာတော် လွှတ်လိုက်တာ ထင်တယ်။ လာတွေ့လိုက်ဦး"

အမေက အိမ်ဘေးပြတင်းပေါက်က ခေါင်းပြူးပြီး
ကျုပ်ကို အော်ပြောတယ်။ အဘက ရွာတောင်ပိုင်းက
အရီးမယ်ကျင်တို့ ဝိုင်းကို သွားလို့ဗျ။

ဆန်စေ့လုံးဆိုတာ ပုဗ္ဗာရုံကျောင်းက
ကျောင်းသားကလေးဗျ။ လူလေးက
သေးသေးညှက်ညှက်ကလေးမို့ သူ့ကို
ဆန်စေ့လုံးလို့ ခေါ်ကြတာ။ ဆန်စေ့လုံး
ဆိုတဲ့ကောင်က လူကောင်က သေးသေး၊
မျက်လုံးကပြူးပြူး၊ ပါးစပ်က ပြဲပြဲဗျ။

ဒါပေမဲ့ လွှတ်လျင်တဲ့ ကောင်ပါဗျာ။
ဆရာတော် ဦးဂုဏရဲ့ လက်စွဲပေါ့ဗျာ။

ဆရာတော့် အလိုက်အထိုက်ကိုလည်း
လွှတ်သိတာဗျ။ အားကြီး လူကင်းပါးတဲ့ကောင်။

ကျုပ်က အိမ်ဘေးက ပတ်ပြီး အိမ်ရှေ့ပေါက်ကနေ
အိမ်ပေါ်တက်လိုက်တယ်။

"ကိုကြီးတာတေ ဘာတွေ လုပ်နေတုံးဗျ"

ဟော တွေ့လား၊ အဲဒီလိုကောင်ဗျ။ နှုတ်စ
လျှာစကလည်း သွက်ပါ့ဗျာ။ ဒီကောင်လေးကို
ကျုပ်တို့ရွာသားတွေက အားကြီးချစ်ကြတာ။

"ဆန်စေ့လုံး ဘာလုပ်လာတာတုံး "

ကျုပ်က ပြုံးပြပြီး မေးလိုက်တယ်။
ဆန်စေ့လုံးက မျက်လုံးပြူးပြူးကြီးတွေနဲ့
ကျုပ်ကို ကြည့်ပြီး …

"ဆရာတော်က ကိုကြီးတာတေကို ခေါ်ခိုင်းလို့ဗျ"

"ဟေ ဟုတ်လားကွ ဆန်စေ့လုံးရဲ့၊ ဘယ်တော့
လာခဲ့ရမြာတဲ့တုံး "...

"အခု လာခဲ့ပါတဲ့ဗျာ"

"ဟေ အခု ဟုတ်လား၊ မင်း ဆရာတော် ဘာတွေများ
အရေးပေါ်နေလို့တုံးကွ"

"ဧည့်သည်တွေ ရောက်လာလို့ဗျ။ ဆရာတော်ရဲ့
ညီနဲ့တူလို့ပြောတယ်၊ ဘယ်က လာတာလဲတော့
ကျုပ် မသိဘူး"

"ဆရာတော့်ညီဆိုတော့ ဟိုတစ်ခါလာတဲ့
အရပ်ပုပုနဲ့ သျှောင်ထုံးနဲ့လူလား "

"ဟာ အဲဒါက ဘိုးလူနီပါ၊ အခုလာတဲ့ ဘိုးတော်က
တစ်ခါမှ မလာဖူးဘူးဗျ၊ သျှောင်ထုံးနဲ့ မဟုတ်ဘူး "

"သြော် …အေး အေး ၊ ဒါဆိုရင် ဝမ်းကွဲညီ
ဖြစ်လိမ့်မယ်၊ ကဲ မင်းပြန်နှင့် ၊ ငါ နောက်ကလိုက်ခဲ့မယ် "

"ဟာ မဖြစ်ဘူးဗျ၊ ဆရာတော်က ကိုကြီးတာတေကို
တပါတည်းခေါ်ခဲ့လို့ မှာလိုက်တာ "

"ဟေ ဒါဆိုရင်တော့ ခဏစောင့်ကွာ၊
ပုဆိုးလေး အင်္ကျီလေး လဲလိုက်ဦးမယ် "

ကျုပ်က ကျုပ်အခန်းထဲဝင်ပြီး ပုဆိုးနဲ့ အင်္ကျီ
လဲလိုက်တယ်။

"ကဲ ဆန်စေ့လုံး သွားကြမယ် ၊ အမေရေ ကျုပ်ကို
ဆရာတော်ခေါ်တဲ့ ကျောင်းကို လိုက်သွားလိုက်ဦးမယ် "

"အေး အေး လိုက်သွား၊ လိုက်သွား၊ ကိစ္စရှိလို့နေမှာပေါ့"

ပုဗ္ဗာရုံကျောင်းကို ရောက်တော့ ပန်းခြုံတွေကြားက
အုတ်လမ်းလေးအတိုင်း ဝင်လာခဲ့တယ်။ ဆရာတော်
သီတင်းသုံးနေတဲ့ နှစ်ထပ်တိုက်ကျောင်းကြီးထဲကို
ဝင်လိုက်တယ်။ ဆရာတော်က ကျောင်းကြီးရဲ့
အပေါ်ထပ်မှာဗျ။

ပွတ်လုံးတိုင်ကြီးတွေနဲ့ ပြောင်ပြောင်လက်လက်
လက်ရမ်းကြီးတွေ တပ်ထားတဲ့ လှေကားကြီးအတိုင်း
လှေကားအတိုင်း ကျောင်းကြီးအပေါ်ထပ်ကို
ကျုပ်တက်လာခဲ့တယ်။ ဘုရားခန်းမှာ
ထိုင်နေတဲ့ ဆရာတော်ကို ကျုပ် လှမ်းမြင်တယ်
ဆရာတော်ရှေ့မှာ လူနှစ်ယောက်ဗျ။
ကြုံ့ကြုံ့ကလေးတွေ ထိုင်နေကြတယ်။

တစ်ယောက်က အသက်ခြောက်ဆယ်လောက်ရှိပြီ။
တစ်ယောက်က အသက်လေးဆယ်လောက်ရှိမယ်။

ဆရာတော်ရော ဧည့်သည်နှစ်ယောက်စလုံးကရော
ကျုပ်ကို လှည့်ကြည့်ကြတယ်

ကျုပ်နဲ့ ဆန်စေ့လုံးက ဆရာတော်ကို
ဝတ်ဖြည့်လိုက်ကြတယ်။

"အေး အဲဒါ ကျုပ်ပြောတဲ့ မောင်တာတေပဲ၊
ကဲ ဆန်စေ့လုံး မင်းသွားလို့ရပြီ"

"တင့်ပါဘုရား "

ဆန်စေ့လုံးက ဆရာတော်ကို ကန်တော့ပြီး
နောက်ဆုတ် နောက်ဆုတ်သွားတယ်

"ဆန်စေ့လုံး သိပ်မဆော့နဲ့နော် "

"တင်ပါဘုရား၊ မဆော့ပါဘူးဘုရား "

"တာတေရေ နင့်အကောင့် ဆန်စေ့လုံးက
အားကြီးဆော့တာကွ၊ မနေ့ကကလည်း
သရက်ပင်ပေါ်က ပြုတ်ကျတာ ကံကောင်းလို့
မကျိုးတာဟေ့၊ ငါ့မှာ ဒဏ်ကြေလိမ်းဆေးတွေ
လိမ်းလိုက်ရတာကွာ"

ကျုပ်ရော ဧည့်သည်တွေရော လှေကားထိပ်ကို
ရောက်နေတဲ့ ဆန်စေ့လုံးကို ပြုံးပြီး ကြည့်နေကြတယ်။

"တာတေရေ ဟောဒီဘက်က ဦးညွှန့်တဲ့ကွ၊
ကျုပ်ညီတစ်ဝမ်းကွဲတော်တယ်၊ ဟိုဘက်က
သူ့သား မောင်ညိုမောင်တဲ့၊ ကျုပ်တူပေါ့ကွယ် "

"မှန်ပါ့ဘုရား"

"သူတို့က ကျောက်ဆည်နယ်ကကွ၊ သရက်ခြံလုပ်တယ်
သရက်ခြံမှ အကျယ်ကြီးဗျ၊ အဲဒါ အခုတော့
ဒုက္ခကြုံတွေ့နေလို့ဟေ့ ၊ ကျုပ်ဆီကို အားကိုးတကြီး
လိုက်လာကြတာ။အေး ဖြည်းဖြည်းပြောကြတာပေါ့ကွယ်၊
မောင်တာတေလည်း လာ ရှေ့ကိုတိုး၊ ရေနွေးကြမ်းလေး
သောက်ရင်း ပြောကြတာပေါ့ "

"မှန်ပါ့ဘုရား"

ကျုပ်က ရှေ့ကို တိုးထိုင်တယ်၊ ဦးညွန့်က
ကျုပ်ကို ရေနွေးကြမ်းပန်းကန် ငှဲ့ပေးတယ်။

ကျုပ်လည်း ရေနွေးကြမ်းကို မှုတ်ပြီး တစ်ကျိုက်
သောက်လိုက်တယ်။

"ဒီလိုကွ၊ တာတေရဲ့ ၊ ဟောဒီက ကျုပ်ညီ ငညွန့်က
အဲဒီသရက်ခြံကြီးကို ဝယ်လိုက်တာ နှစ်နှစ်ပဲ
ရှိသေးတယ်ကွ၊ သရက်ကတော့ လွှတ်သီးတာပေါ့ကွာ၊
စီးပွားလည်း ဖြစ်ပါတယ်၊ ဒါပေမဲ့ ခြံထဲမှာက
ပြဿနာ ရှိနေတယ်ကွ၊ ကဲ ငညွန့် မင်းပဲ
မောင်တာတေကို ပြောပြလိုက်ပေတော့ကွာ"

ဦးညွန့်က မျက်နှာကြည့်ရုံနဲ့ တော်တော်ကို
ရိုးသားတဲ့ လူမှန်း သိသာပါတယ်ဗျာ။

"ဒီလို မောင်တာတေရေ၊ ဦးရဲ့ ခြံထဲမှာ ဒီခြံကို
ဝယ်လိုက်စဉ်ကတည်းက အိမ်နှစ်လုံး ပါလာတယ်။

တစ်လုံးက အခု ဦးတို့မိသားစုနေတဲ့
နှစ်ထပ်အိမ်ကွ၊ ပြီးတော့ ဦးနေတဲ့
အိမ်နဲ့ ကိုက်ငါးဆယ်လောက်အကွာက
လျှိုလေးထဲမှာ သစ်သားတစ်ထပ်အိမ်ကလေး
တစ်လုံးရှိတယ်၊ ဦးတို့ ဒီသရက်ခြံကြီးကို
ရလိုက်တာကလည်း တော်တော်ကို
စျေးပေါပေါနဲ့ ရခဲ့တာကွ၊ ပိုင်ရှင်တွေက
ဘာဖြစ်တယ် မသိပါဘူးကွာ၊
ခြံကို လက်သိပ်ထိုးရောင်းပြီး ရန်ကုန်ကို
ပြောင်းသွားကြတာ "

"သြော် "

"ဒါပေမဲ့ မောင်တာတေရေ၊ ကျုပ်တို့မိသားစု
ခြဲံထဲကို ပြောင်းနေပြီး တစ်လလောက် ကြာတော့မှ
ဒီခြံကို ပိုင်ရှင်တွေ ဘာဖြစ်လို့ စျေးပေါပေါနဲ့
ရောင်းခဲ့တယ်ဆိုတာ သဘောပေါက်ကြတော့တာပေါ့ကွာ"

"ဟင် ဘာဖြစ်လို့တုံးဗျ အဘညွန့်ရဲ့"

"သူတို့ခြံက သရဲခြောက်တာကိုး မောင်တာတေရဲ့"

"ဗျာ သရဲခြောက်တယ် ဟုတ်လား အဘညွန့် "

ဦးညွန့်က ကျုပ်အမေးကို ပါးစပ်နဲ့ မဖြေဘဲ
ခေါင်းပဲ တဆတ်ဆတ် ညိတ်ပြတာဗျို့။

သူ့သား ကိုညိုမောင်ကတော့ ဆေးပေါ့လိပ်ကလေး
ဖွာရင်း သူ့အဖေ ကျုပ်ကို ပြောပြနေတာကို
နားထောင်နေတယ်ဗျ။

"ဘယ်လိုခြောက်တာတုံးဗျ အညွန့်ရဲ့"

"ဒီလိုမောင်တာတေရေ၊ စောစောက ကျုပ်ပြောတဲ့
အထဲမှာ လျှိုထဲက တစ်ထပ်အိမ်အကြောင်း
ပါရဲ့ မဟုတ်လား "

"ဟုတ်ကဲ့ ပါတယ်ဗျ"

"အေး အဲဒီတစ်ထပ်အိမ်ကလေးက ခြောက်တာဟေ့ "

"ဟင် ဘယ်လိုများ ခြောက်လို့တုံးဗျ၊ တော်တော်ဆိုးဆိုး
ဝါးဝါး ခြောက်တာလား "

"အေး ဆိုးဝါးတယ်လို့ပဲ ပြောရတော့မှာပေါ့ကွာ၊
ခြောက်ပုံက ဒီလိုကွ မောင်တာတေရဲ့ ၊ နေ့တိုင်း
ခြောက်တာမဟုတ်ဘူး ၊ လပြည့်လကွယ်ညတွေမှာမှ
ခြောက်တာကွ"

"ဟာ ဟုတ်လား၊ ဘယ်လိုခြောက်လို့တုံး"

"ရယ်တာဟေ့၊ရယ်တာ ၊ အော်ပြီးတော့ကို ရယ်တာ"

"ဗျာ ရယ်တာ၊ ဟုတ်လား၊ တယ်လည်း ထူးခြားပါလား၊
ဒီလိုအော်ရယ်တဲ့သရဲ တစ်ခါမှ မကြားဖူးပါဘူး"

"ဟုတ်ပါ့ မောင်တာတေရာ၊ ရယ်သမှ တဟားဟားနဲ့ကို
ရယ်တာကွ"

"ဟင် တစ်ညဆိုရင် ဘယ်နှခါလောက်ရယ်တုံး"

"ဟာ ညဆယ်နာရီလောက်က ရယ်တာ၊
မနက်မိုးလင်းခါနီးအထိပဲကွ၊ ဘယ်နှခါရယ်လည်းတော့
ကျုပ်တို့လည်း မသိပါဘူးကွာ"

"ဗျာ ဒါဆိုရင် တစ်ညလုံး ရယ်နေတာပေါ့ "

"ဟုတ်တယ် မောင်တာတေ ၊ လပြည့် လကွယ် ညတွေမှာ
တစ်ညလုံး ရယ်နေတာ၊ ပြီးတော့ အဲဒီရယ်သံနဲ့အတူ
သံကြိုးသံတွေလည်း ကြားရတယ်၊ တချွင်ချွင်နဲ့
နေတာပါပဲကွာ"

"ဟင် သံကြိုးသံ ဟုတ်လား အဘညွန့် "

"ဟုတ်တယ် မောင်တာတေ၊ သံကြိုးသံ ကြားရတာ
ချွင်ကနဲ၊ ချွင်ကနဲ မြည်နေတာကို အတိုင်းသား
ကြားနေရတာ "

"နေဦး အဘညွန့်ရဲ့ အဲဒီရယ်သံကြီးကို လူတိုင်း
ကြားရတာပေါ့ ဟုတ်လား "

ကျုပ်စကားကိုကြားတော့ ဦးညွန့်က ပျာပျာသလဲ
ဖြစ်သွားတယ်ဗျ၊ ပြီးတော့မှ ကျုပ်ကို သေသေချာချာကြည့်ပြီး

"အဲဒါ ဒုက္ခဖြစ်နေတာပေါ့ မောင်တာတေရဲ့၊
လူတိုင်း ကြားရတာ မဟုတ်ဘူး၊ ကျုပ်တို့တစ်အိမ်လုံး
ကျုပ်တစ်ယောက်တည်း ကြားရတာ၊ ကျန်တဲ့လူတွေ
တစ်ယောက်မှ မကြားရဘူး ၊ ဒီတော့ သူတို့က
ကျုပ်ပြောတာကို မယုံကြဘူးပေါ့။ ကျုပ်ပဲ
စိတ္တဇ ဖြစ်သလား ဘာလား တွေးကြတာပေါ့ကွာ"

"ဟင် ဟုတ်လား၊ ကိုညိုမောင်ရော မကြားဘူးလား "

ကျုပ်က ဆေးလိပ်ဖွာရင်း ငြိမ်ပြီးနားထောင်နေတဲ့
ကိုညိုမောင်ကို မေးလိုက်တယ်။

"မကြားဘူးကွ တာတေရ၊ အဘတစ်ယောက်ပဲ
ကြားရတာ"

"ဟာ တစ်မျိုးပါလားဗျ"

"အေး ဒါပေမဲ့ အခုတော့ သူတို့ ယုံသွားကြပါတယ်၊

ဦးတို့ခြံမှာက သရက်တွေခူးပြီး အမှည့်အုပ်ရတဲ့
အချိန်ဆိုရင် ညဘက်ပါ မီးထွန်းပြီး လုပ်ကြရတာကိုး၊

ဒီမှာတင် သရက်ခြံအလုပ်သမားထဲက တစ်ယောက်က
အဲဒီရယ်သံကြီးကို ကြားရတယ်၊ ဒီကောင့်နာမည်က
မောင်ချစ်လို့ ခေါ်တယ်၊ ချက်ချင်းကို စက်ဘီးကလေး
နင်းပြီး ရွာထဲကို ပြန်ပြေးတော့တာပဲဟေ့၊ ဘယ်သူမှ
ဆွဲထားလို့ကို မရတော့ဘူး၊ ဒီတော့မှ ကျုပ်အိမ်သားတွေက
ကျုပ်ပြောတာကို ယုံသွားကြတာ"

"နို့ အဘညွန့်တို့ အဲဒီအိမ်ကို သွားကြည့်သေးလား "

"ဟာ ကြည့်ပါပြီကော မောင်တာတေရယ်၊
အိမ်ထဲမှာ ဘာမှကို မရှိတာကွ၊ တစ်အိမ်လုံး
ရှင်းလင်းနေတာပါ "

ကျုပ်လည်း မျက်ခုံးတွန့်ပြီး စဉ်းစားမိတော့တာပေါ့ဗျာ။

"နေဦး အဘညွန့်ရဲ့၊ ဒီအိမ်မှာ အစက
ဘယ်သူနေသွားတာတုံးဗျ"

"အေး ဟုတ်ပြီ မောင်တာတေ၊ ဒီလိုကွ၊
အဲဒီသရက်ခြံပိုင်ရှင်ရဲ့ အဖေကြီးက အသက်
ခုနှစ်ဆယ်ကျော်လောက် ရှိပြီတဲ့၊ မန္တလေးမှာ
နေတာဆိုပဲ၊ ဘာအကြောင်းတွေ ရှိလို့တုံးဆိုတာတော့
ကျုပ် မသိဘူးပေါ့ကွယ်။ သွက်သွက်ခါအောင်ကို
ရူးသြားတာတဲ့ကြ "

"ဟင် ရူးသွားတာ ဟုတ်လား အဘညွန့် "

"ဟုတ်တယ်ဟေ့၊ ရူးသွားတာ၊ နာမည်က  ဦးမှုံတဲ့၊
ဒီအရူးအဖေကြီးကို ဘယ်သားသမီးကမှ ခေါ်ထားလို့
အဆင်မပြေဘူးပေါ့ကွာ၊ ဒီမှာတင် သူ့သားက
သရက်ခြံထဲမှာ အိမ်ကလေးတစ်လုံး ဆောက်ပြီး
ဖအေကြီးကို သူ့ခြံကြီးထဲ ခေါ်ထားရတာ၊
သူ့အိမ်နဲ့ သိပ်မဝေးတဲ့ နေရာမှာ ထားပြီး
စောင့်ရှောက်ရတာပေါ့ကွာ၊ ဘယ်လောက်တောင်
ရူးနေလည်းဆိုရင် သံကြိုးကြီး အမြဲခတ်ထားရတာ
တဲ့ကွ။သူ့သားကိုယ်တိုင် အစားအသောက်ကျွေး၊
ရေမိုးချိုး ဆေးတိုက်ပေါ့ကွာ၊ တစ်ခါတလေ
သူသောက်တဲ့ ဆေးပြယ်သွားရင် အခုလိုပဲ
တစ်ညလုံး ရယ်နေတာတဲ့ကွ၊ သံကြိုးကြီးဆွဲပြီး
အိမ်ထဲမှာ ဟိုလျှောက် ဒီလျှောက် လုပ်နေတာဆိုပဲ၊
သံကြိုးသံတွေ တချွင်ချွင်နဲ့ပေါ့ကွာ"

"နောက်တော့ အရူး ဦးမှုံကြီး ဘာဖြစ်တုံးဗျ"

ကျုပ်က ဦးညွန့် ပြောပြတဲ့ အရူးကြီး
ဦးမှုံအကြောင်းကို စိတ်ဝင်တစားမေးတယ်။

"အသက်ရှစ်ဆယ်နီးနီးလောက်မှာ သူ့ကို
ချည်ထားတဲ့ သံကြိုးနဲ့ပဲ ကြိုးဆွဲချ သတ်သေသွားတာတဲ့။

အဲဒီတော့ မကျွတ်မလွတ်တော့ဘူးပေါ့ကွာ၊
အခုလို ဖြစ်တော့တာပဲ၊ လပြည့် လကွယ် ညတွေမှာ
တစ်ညလုံး ရယ်နေတဲ့ အသံကြီးကို ကျုပ်ကြားသလို
သူ့သားလည်း ကြားသတဲ့ကွ၊ ဒီတော့
သူ့အဖေအတွက် အလှူအတန်းတွေလုပ်၊
ပရိတ်တွေရွတ်တဲ့၊ ဒါလည်း ဒီရယ်သံကြီးက
ရှိနေတုန်းပဲပေါ့ကွာ၊ နောက်ဆုံးတော့ သူ့သားလည်း
လက်လျော့ပြီး သရက်ခြံကြီးကို ရသလောက်နဲ့
ရောင်းပစ်ခဲ့တော့တာပေါ့ မောင်တာတေ"

"ဖြစ်မှဖြစ်ရလေဗျာ၊ အရူးဦးမှုံကြီးက
သရဲဖြစ်နေတာတောင် ရူးနေတုန်းထင်တယ်
အဘညွန့်ရ"

"အေး ဟုတ်လောက်တယ် မောင်တာတေ၊
ဒါကြောင့် သူ့သား အမျှဝေတာလည်း
မသိတာ နေမှာပေါ့ကွာ"

"အကုသိုလ်များ တော်တော်ကို ကြောက်စရာ
ကောင်းပါလားဗျာ"

ဆရာတော်က တစ်ခွန်းဝင်ပြောတယ်ဗျာ။
စောစောက ဦးညွန့်ပြောတာကို ဆရာတော်က
ငြိမ်ပြီး နားထောင်နေတာ။

"ဘုန်းဘုန်း တပည့်တော်ဖြင့် အခုလို ရူးနေတဲ့
သရဲမျိုးကို တစ်ခါမှကို မကြားဖူးတာဘုရား"

"အေးကွ၊ တာတေရ၊ ဒီဒကာကြီး ဦးမှုံဟာ
အကုသိုလ်တော်တော်ကြီးပေတာကိုး၊
ဘဝပြောင်းပြီး အပါယ်လေးပါးရောက်နေတာတောင်
စိတ္တဇရောဂါက ဆက်ခံစားနေရတယ်ဆိုတော့
တော်တော်ကို ဆိုးပေတာပဲကွယ်"

"နို့ အဘညွန့်တို့ ဆရာတွေ ဘာတွေပင့်ပြီး
မနှင်ဘူးလားဗျ"

"ဟာ နှင်ပါပြီလား မောင်တာတေရယ်၊
ဆရာတစ်ယောက်ဆိုရင် တော်တော်ကို
သတ္တိရှိတာကွဲ့၊ လပြည့်ညမှာ မီးအိမ်ထွန်းပြီး
အဲဒီအိမ်ထဲမှာ တစ်ယောက်တည်း ဝင်ပြီး
ဂါထာမန္တန်တွေရွတ်တာ၊ တစ်ခါတည်း
သူ့ဘေးနားမှာ တင်ကပ်ပြီး ရယ်လိုက်တာကွာ၊
ဆရာလည်း လန့်ပြီ စွတ်ပြေးတာ သရက်ခြံကြီးထဲမှာ
မနည်းကို လိုက်ဖမ်းယူရတယ်၊ လူလည်း
ပြူးကြောင်ကြောင်ကြီး ဖြစ်နေလို့
ကျုပ်မှာ ပရိတ်ရေတွေ၊ ဘာတွေနဲ့
မနည်းကို လုပ်ယူရတယ်။
နောက်နေ့ မနက်အစောကြီး
ပြန်သွားတော့တာပဲဟေ့။

တစ်ရက်နေပါဦးဆိုတာတောင် မနေတော့ဘူး။

အဲဒီလို သတင်းတွေက တဖြည်းဖြည်းပျံ့သွားတော့
ခြံထဲကို အလုပ်သမားတောင် သိပ်ငှားလို့
မရတော့ဘူး မောင်တာတေရ၊
ဒါကြောင့် ကျုပ်တို့သားအဖ ဒီကို ရောက်လာတာ၊
ကျုပ်အစ်ကို ဆရာတော်နဲ့လည်း
တိုင်ပင်ဖို့ပေါ့ကွာ၊ အခုနေဆိုရင်
ခြံပြန်ရောင်းတာတောင်မှ ဝယ်တဲ့လူ ရှိမှာမဟုတ်ဘူး။

ဟိုလူက ဒီသတင်းသိပ်မပျံ့ခင် သူခြံကို
ကျုပ်ဆီမှာ ထိုးရောင်းသွားတာ၊
အခုက သတင်းက ပျံ့နေပြီလေ"

"အဲဒါကြောင့် ဘုန်းဘုန်း မင်းကိုခေါ်တာ
မောင်တာတေရဲ့၊ မင်း စဉ်းစားကြည့်ပါ၊
ဖြစ်နိုင်ရင်တော့ လိုက်လုပ်ပေးစေချင်တယ်၊
ဘုန်းဘုန်းရဲ့ညီမှာ တော်တော်ကို အခက်ကြုံနေတာကွဲ့၊
မင်း သွားလုပ်မယ်ဆိုရင် ကျုပ်ပါ ကြွမှာပါ"

"ဟာ ဆရာတော်ပါ ကြွမှာဆိုတော့ တပည့်တော်
အားရှိလိုက်တာဘုရား "

ဦးညွန့်တို့ သားအဖက တော်တော်ကို
ဝမ်းသာသွားကြတာဗျို့။

"ဘုန်းဘုန်းလည်း ကြွမယ်ဆိုရင် တပည့်တော်က
ငြင်းစရာ ဘယ်လိုတော့မှာတုံးဘုရား၊
အမေနဲ့ အဘကိုပြောပြီး လိုက်လာရုံပေါ့ဘုရား "

"ဟာ ဒါဆိုရင် ဟန်ကျပြီပေါ့ကွယ်၊ ကဲ တို့ဆရာတပည့်
လိုက်သွားကြတာပေါ့ကွယ် "

ဆရာတော်ကိုယ်တိုင် လိုက်မှာဆိုတော့
အဘတို့ အမေတို့က ဘယ်တားတော့မှာတုံးဗျာ။

ဦးညွန့်တို့ သရက်ခြံကို ကျုပ်ရောက်တော့
လမကွယ်ခင်တစ်ရက်ဗျ၊ နတ်တော်လဆိုတော့
(၁၄)ရက်နဲ့ လကွယ်တာလေ၊ ကျုပ်တို့ရောက်တာ
လဆုတ်(၁၃)ရက်ပေါ့ဗျာ။

ကျုပ် အချိန်မဆိုင်းဘူးဗျ၊ ရောက်တယ်ဆိုရင်
ကျုပ် လုပ်စရာ ရှိတာတွေ စလုပ်ရတော့တာပေါ့ဗျာ။

ဦးညွန့်တို့ မိသားစုတွေကတော့ ဆရာတော်
ပါလာတာဆိုတော့ ဆွမ်းကွမ်းအတွက်
စီမံကြရတော့တာပေါ့ဗျာ။

ကျုပ်ကတော့ ကိုညိုမောင်ကိုခေါ်ပြီး
ခြံထဲမှာပဲ အလုပ်,လုပ်ရတော့တာပေါ့၊
လျှိုထဲက တစ်ထပ်အိမ်ကလေးကို ကျုပ်
သွားကြည့်တယ်။တံခါးတွန်းဖွင့်ပြီး
အိမ်ထဲကိုဝင်တယ်။ ကိုညိုမောင်လည်း
ကျုပ်နဲ့ အတူလိုက်ဝင်ပါတယ်

အိမ်ထဲမှာတော့ ရှင်းလင်းလို့ဗျ။ ဘာမှလည်း
မတွေ့ဘူး၊ လှုပ်လှုပ်ရှားရှာလည်း ဘာမှမရှိဘူးဗျ။

ဦးမှုံဟာ စိတ္တဇဝေဒနာသည်ကြီးဆိုတော့
တစ်ခုခုကို စွဲလန်းသွားပြီး လပြည့်ညနဲ့
လကွယ်ညရောက်မှ ဒီနေရာမှာ ပေါ်လာပြီး
တဟားဟားနဲ့ အော်ရယ်နေတာ ထင်ပါရဲ့။

ကျုပ်နဲ့ ကိုညိုမောင်နဲ့ သရက်ခြံထဲမှာထိုင်ပြီး
စီစဉ်ကြတယ်

"ကိုညိုမောင် ရွာထဲမှာ နတ်ဝင်သည် ရှိလားဗျ"

ကျုပ်က ရုတ်တရက် မေးလိုက်တော့
ကိုညိုမောင်လည်း အံ့သြသွားတယ် ထင်ပါရဲ့။

"ဟေ နတ်ဝင်သည် ဟုတ်လား၊ မောင်တာတေ၊
ဟား ရှိတယ်၊ ဒေါ်စိန်ပွင့်ဆိုတဲ့ မိန်းမကြီးတစ်ယောက်
ရှိတယ်၊ အမေဂျမ်း ခေါင်းစွဲဆိုလားပဲ၊ နတ်ဟောတာ
မှန်တယ်လို့ ပြောကြတာ၊ သူ့ကို ဟိုရွာ ဒီရွာတွေက
လာလာပြီး ပင့်ကြတယ် "

"ဟာ ဒါဆိုဟန်ကျပြီဗျ၊ ကဲ ကိုညိုမောင်
ရွာထဲဝင်ပြီး ကြက်တစ်ကောင် ဝယ်ဗျာ၊
ပြီးရင် အဲဒီနတ်ဝင်သည်ကြီးကို ခေါ်ခဲ့ဗျာ"

"အေး ဟုတ်ပြီ၊ ဒါဆို ငါသွားမယ်၊ ဒေါ်စိန်ပွင့်ကို
ဘာပြောရမှာတုံး "

"ဟာ မပြောနဲ့၊ မပြောနဲ့ ဒီရောက်မှ ကျုပ်ပြောမယ် "

ကိုညိုမောင် သိပ်မကြာဘူးဗျ၊ ပြန်ရောက်လာတယ်၊
ကြက်တစ်ကောင်လည်း ဝယ်လာတယ်၊ ပြီးတော့
ဒေါ်စိန်ပွင့်ဆိုတဲ့ မိန်းမကြီးလည်း ပါလာတယ်ဗျ။

"ကိုညိုမောင် ဆရာတော် မသိအောင် ခြံထဲမှာပဲ
ဒီကြက်ကို ချက်ထားဗျာ၊ ထမင်းလည်း ဆန်တစ်ခွက်လောက်
ချက်တာ၊ ပြီးရင် ထမင်းထုပ် ထုပ်ဖို့ ငှက်ပျောဖက်ကြီးကြီး
ခုတ်ထားဗျာ"

ကိုညိုမောင်က ထမင်းဟင်းချက်ဖို့ ထွက်သွားတယ်။
ကျုပ်က စိန်ပွင့်ကိုခေါ်ပြီး အိမ်ပေါ်ကို တက်ခဲ့တယ်ဗျို့။

အိမ်ပေါ်ရောက်တော့မှ ဒေါ်စိန်ပွင့်ကို အကျိုးအကြောင်း
အားလုံးပြောပြပြီး အကူအညီတောင်းရတာပေါ့ဗျာ။

နတ်ဝင်သည် ဒေါ်စိန်ပွင့်ကလည်း ဦးညိုမောင်
မိန်းမနဲ့က အတော်လေး ခင်ကြတာဆိုတော့
သူ ကူညီပါ့မယ်လို့ ပျာပျာသလဲ ပြောပါတယ်။

ညမိုးချုပ်မှ သူပြန်လာခဲ့မယ်လို့ ပြောပြီး
ရွာထဲကို ပြန်သွားတယ်ဗျ။ ဆရာတော်ကတော့
ဘုရားခန်းမှာ ဘုရားရှိခိုး ပုတီးစိပ်ပဲ လုပ်နေတယ်

မိုးချုပ်စရောက်တော့ ကျုပ် ထမင်းထုပ် ထုပ်တယ်။
ကိုညိုမောင်လည်း ကြက်သားချက်ကောင်းသားဗျ။

ထမင်းထုပ်ကို တောင်းလေးတစ်လုံးထဲထည့်ပြီး
ဒေါ်စိန်ပွင့်ကို ကျုပ်တို့ စောင့်နေတယ်။
ကိုညိုမောင်တို့ရွာသင်္ချိုင်းက သိပ်မဝေးပါဘူး။

ဒေါ်စိန်ပွင့်လည်း လာရှာပါတယ်။
ဒေါ်စိန်ပွင့် ရောက်တာနဲ့ ကိုညိုမောင်ရယ်၊
ကျုပ်ရယ် ၊ ဒေါ်စိန်ပွင့်ရယ် သရက်ခြံကြီးထဲက
ထွက်ပြီး ရွာသင်္ချိုင်းကို လာခဲ့ကြတယ်။

ကျုပ်က ခပ်ကြီးကြီးအုတ်ဂူကို လိုက်ရှာတယ်။
လကွယ်တော့ဆိုတော့ သင်္ချိုင်းတစ်လုံး
အမှောင်ဖုံးနေတာပေါ့ဗျာ။

ကြယ်ရောင်ကလေး ဝိုးတဝါးပဲ ရှိတာပေါ့။
ကိုညိုမောင်က လက်နှိပ်ဓါတ်မီးထိုးပြတယ်ဗျ။

သရက်ပွဲစားကြီး ဦးရာမ

အသက် (၇၀)

ဆိုတဲ့ အုတ်ဂူကြီးက တော်တော်ကြီးတယ်ဗျ။
ကျုပ်က အဲဒီအုတ်ဂူကြီးပေါ်တွင် အသင့်ပါလာတဲ့
ဖယောင်တိုင်ကို မီးထွန်းပြီး စိုက်လိုက်တယ်
ပြီးတော့မှ ထမင်းတောင်းထဲက ထမင်းထုပ်ကို
ဖြည်ပြီး ခင်းလိုက်တယ်။ ကြက်သားဟင်းနံ့က
မွှေးသွားတာပေါ့ဗျာ။ ပြီးတော့ အသင့်ပါလာတဲ့
သံရေပုံးကလေးကိုလည်း ဂူပေါ်မှာ ချထားလိုက်တယ်။

ဒေါ်စိန်ပွင့်က ဆံပင်ကို ဖားလျားဖြေချလိုက်တယ်။
ဂူရှေ့က မြေကြီးပြောင်ပြောင်ကလေးပေါ်မှာ
ကြုံ့ကြုံ့ကလေးထိုင်ပြီး လက်အုပ်ချီထားတယ်ဗျ။

ကျုပ် မဖဲဝါကို ပင့်ရတော့မှာပေါ့လေ။
သွက်သွက်လည်အောင် ရူးနေတဲ့ သရဲဆိုတာ
ကျုပ်လည်း ဒီတစ်ခါပဲ ကြားဖူးတာဗျ။

"မဖဲဝါ၊ သင်္ချိုင်းရှင်မကြီး မဖဲဝါ "

ကျုပ်ရဲ့ အသံက သင်္ချိုင်းတစ်ခုလုံးကို
လွှမ်းသွားမယ်ထင်တယ်။ ကိုညိုမောင်ကတော့
နည်းနည်းလန့်သွားပုံပဲဗျ။ နောက်ကို
ခြေနှစ်လှမ်းလောက် ထွက်သွားတယ်။

"အရှေ့နေထွက်၊ အနောက်နေဝင် ၊
တောင်တံငါကွန်၊ မြောက်ဓူဝံအတွင်း
မည်သည့်နေရာတွင် ရောက်ရှိနေသည်ဖြစ်စေ
ဒီနေရာကို အရောက်ကြွခဲ့ပါလို့ ကျုပ်တာတေက
ပင့်ဖိတ်ပါတယ်၊ သင်္ချိုင်းရှင်မကြီး မဖဲဝါခင်ဗျား၊
ကြွပါ၊ ကြွပါ၊ ကြွပါဗျာ "

ကျုပ် ခဏနေတော့ နောက်တစ်ခါ ထပ်ပင့်တယ်။
ပြီးတော့ နောက်တစ်ခါ ။

"ဝူး ၊ ဝူး ၊ ဝူး ၊ အီ ၊ အီ၊ အီ၊ ဝူး "

ဟော ဒါမဖဲဝါရဲ့ ခွေးကြီးအသံဗျ၊ ကျုပ်
ကောင်းကောင်း မှတ်မိတာပေါ့ဗျာ၊ လာနေပြီဗျို့။
မဖဲဝါ လာနေပြီ။

"ဝူး ၊ ဝူး ၊ အူး ၊ အူး ၊ အီ၊ ဝူး ၊ ဝူး "

ဟော ခွေးကြီးရဲ့အသံက နီးလာပြီဗျို့။
ဟာ လေအေးလေ တစ်ချက်တိုက်သွားတယ်ဗျို့။

သင်္ချိုင်းထဲက ထနောင်းပင်တွေ လှုပ်သွားတယ်။
ကျုပ်တောင်မှ စိမ့်ကနဲ ဖြစ်သွားတာဗျို့။

ဟော ဟော ဒေါ်စိန်ပွင့်ကြီး လက်အုပ်ချီထားတဲ့
လက်တွေ တဆတ်ဆတ် တုန်လာပြီဗျို့။

"ဖြောင်း ၊ ဖြောင်း ၊ ဖြောင်း"......

နဖူးနဲ့ လက်နဲ့ ရိုက်တဲ့ အသံဗျ၊ ဟာ လက်ကြီးတွေ
ကွေးကောက်နေပြီဗျို့၊

"ဟီး ဟီး ဟီး ဟီး ".....

ဒေါ်စိန်ပွင့်ကို မဖဲဝါ ဝင်စီးလိုက်ပြီဗျ။

"သင်္ချိုင်းရှင်မကြီးကို စားပွဲသောက်ပွဲများနှင့်
ကြိုဆိုပါတယ်ဗျ၊ အားရပါးရ သုံးဆောင်လိုက်ပါဗျာ "

ဟော ခုန်ပြီ၊ ခုန်ပြီ၊ သရက်ပွဲစားကြီးရဲ့ ဂူပေါ်ကို
လွှားကနဲ နေအောင် ခုန်တက်သွားပြီဗျို့၊ ဟာ
ပေါင်ကြီးကားကားကြီး လုပ်ထိုင်ပြီး ဆံပင်ဖားလျားကြီးနဲ့
ထမင်းတွေ စားပြီဗျို့။

"ခွပ်၊ ခွပ်၊ ဂလွပ်၊ ဂလွပ် "

ဟော ကြက်ရိုးတွေ တဂွပ်ဂွပ်နဲ့ ကိုက်နေတာဗျို့။
တော်တော်လေး စားပြီးမှ ကျုပ်ကို မျက်လုံးပြူးပြူးကြီးနဲ့
စိုက်ကြည့်တယ်။

ကျုပ်သိတာပေါ့ဗျာ။ ကျုပ်ပြောရတော့မှာပေါ့ ။

"ဒီလိုပါ မဖဲဝါ၊ ဒီရွာက သရက်ခြံကြီးတစ်ခြံထဲမှာ
သရဲကြီး တစ်ကောင် ရှိနေပါတယ်၊ လပြည့် လကွယ်
ညတွေမှာ တစ်ညလုံး အော်ရယ်နေတာဗျ၊ ဒါပေမဲ့
သူ့ရယ်သံကြီးကို လူတိုင်းတော့ မကြားဘူးဗျ။

ကြားတဲ့သူမှ ကြားတာ။ အခုတော့ ဒီခြံထဲမှာ
လူတွေ အလုပ်လာမလုပ်ရဲကြတော့ဘူး၊
ခြံရှင်မိသားစုလည်း တော်တော်ကို စိတ်ညစ်နေပြီဗျ။
အဲဒါ ဘာလုပ်ရမယ်ဆိုတာ မဖဲဝါ ပြောပြပါဗျာ"

ကျုပ်က ပြောပြီး အသာအကဲခတ်နေရတာပေါ့ဗျာ။

ကျုပ်နောက်ကို အသာလှည့်ကြည့်လိုက်တော့
ကိုညိုမောင်ရဲ့ မျက်နှာမှာ အတော်ကို ကြောက်နေတဲ့
ပုံက အထင်းပေါ်နေတာဗျ။

ဖယောင်းတိုင်မီးရောင်မှာ အထင်းသား မြင်နေရတယ်။

"တာတေ အဲဒီသရဲက ရူးနေတာ ၊ သူသေတာလည်း
မသိဘူး၊ သူ့ကို သံကြိုးခတ်ထားတယ်ပဲ၊
ထင်နေတာ၊ သူ့ကို အရူးပျောက်အောင်၊
အရင်လုပ်ရမယ်၊ နင် မှတ်ထား၊ ဆင်ခေါင်းတောင်မှာ
သရဲခြေထောက်ပင် ရှိတယ်၊ အမြစ်ကို
ယူခဲ့ပြီး မီးရှို့။ အဲဒီ မီးခိုးမှိုင်းကို သရဲ ရှုမိရင်
အရူးပျောက်သွားလိမ့်မယ်၊ ဒီတော့မှ အိမ်ပြင်ကို
ခေါ်ထုတ်၊ ငါ့နာမည်ပြောပြီး ခေါ်ခဲ့၊ မနက်ဖြန်
ညမှာ ငါ ခေါ်သွားမယ် "

ပြောရင်း စားရင်းနဲ့ ထမင်းတစ်ခွက်ချက်ရော
ကြက်တစ်ကောင်ချက်ရော ကုန်ပါရောလားဗျာ။

ပြီးတော့ သံပုံးကလေးထဲက ရေကို မော့သောက်ပြီး
လက်ဆေးလိုက်သေးတယ်။

ဟော ဟော ဒေါ်စိန်ပွင့်ကြီး  ဂူပေါ်မှာ လဲကျသွားပြီဗျ။
မဖဲဝါ ထွက်သွားပြီ၊ ထွက်သွားပြီ၊ ကျုပ်က
ကပျာကယာပြေးပြီး ဒေါ်စိန်ပွင့်ကို လှုပ်နှိုးရတာပေါ့ဗျာ။

"ဒေါ်စိန်ပွင့်၊ ဒေါ်စိန်ပွင့် ထ၊ထ "

ကိုညိုမောင်လည်း ပြေးလာပါတယ်၊ ဒေါ်စိန်ပွင့်ကို
ကျုပ်နဲ့ ကိုညိုမောင် တွဲပြီး ဂူပေါ်က ချပေးရတယ်ဗျ၊
စောစောက ဂူပေါ်ကို လွှားကနဲ လွှားကနဲ ခုန်တက်သွားတဲ့
နတ်ဝင်သည်ကြီးကို မနည်းကို ဂူပေါ်က ချပေးရတာဗျို့။

"ဝူး ဝူး ဝူး ဝူး အူး အူ အူး"

မဖဲဝါရဲ့ ခွေးနက်ကြီးအူတဲ့ အသံက တဖြည်းဖြည်း
ဝေးသွားပြီ။ ကျုပ်တို့လည်း သရက်ခြံကြီးထဲကို
ပြန်လာခဲ့ကြတယ်။အဲဒီညက ဒေါ်စိန်ပွင့်က
ကိုညိုမောင်တို့ အိမ်မှာပဲ အိပ်တယ်ဗျ။

ကျုပ်စိတ်ထဲမှာ တွေးနေတာက မဖဲဝါပြောတဲ့
ဆင်ခေါင်းတောင်က သရဲခြေထောက်ပင်ရဲ့
အမြစ်ဆိုတာကိုပေါ့ဗျာ။ ကျုပ် အဲဒီအပင်ကို
ကြားလည်း မကြားဖူးဘူးဗျ။ ဘယ်လိုရှာရမှန်းလည်း
မသိဘူး၊ အဲဒီအမြစ်ရမှာပဲ ရူးနေတဲ့သရဲကို
ထုတ်လို့ရမှာလေဗျာ။

မနက်မိုးလင်းတော့ ဒီအကြောင်းကို ကိုညိုမောင်ကို
ပြောတော့ ကိုညိုမောင်က ကျုပ်ကို ပြောတယ်ဗျ။

ရွာထဲမှာ ကိုကျားဆိုတဲ့ မုဆိုးတစ်ယောက် ရှိတယ်တဲ့။
ဒီလူကို ရှာခိုင်းရင် ရနိုင်တယ်လို့ ပြောတယ်။

ဒါနဲ့ အချိန်မဆိုင်းဘဲ ကျုပ်နဲ့ ကိုညိုမောင် ရွာထဲကို
သွားကြတယ်၊ နတ်ဝင်သည် ဒေါ်စိန်ပွင့်ကိုလည်း
တစ်ခါတည်း ခေါ်သွားရတာပေါ့ဗျာ။

ဒေါ်စိန်ပွင့်ကို ပို့ပြီးတော့ ကိုကျားကို သွားရှာရတာပေါ့ဗျာ။
တွေ့တယ်ဗျ။ ကိုကျားလို့ ခေါ်တဲ့ မုဆိုးကို တွေ့တယ်။

ကိုညိုမောင်က ကိုကျားကို မေးတယ်။

"ကိုကျား သရဲခြေထောက်ဆိုတာ ကြားဖူးလားဗျ"

"ဟား ဟား ဟား ဟား မင်းကွာ တော်တော်ရှာရှာ
ဖွေဖွေမေးတာပဲကွ၊ မင်း ငါ့ကို မေးမိပေလို့ပေါ့ကွာ၊
တခြားသူကိုသာမေးရင် မင်းကို ရူးနေတယ်လို့တောင်
ပြောမှာ"
"နို့ ကိုကျားကရော ကြားဖူးသလားဗျ"

ကျုပ်က ဝင်မေးလိုက်တယ်

"ကျုပ်ဆရာ မုဆိုးကြီး ပြပေးခဲ့လို့ ကျုပ်ကတော့
သိတယ်၊ လူတောင် မကြားဖူးတဲ့ အပင်မျိုးကွ၊
အားကြီးရှားတယ်၊ ဆင်ခေါင်းတောင်မှာပဲ ရှိတာ၊
တခြားဘယ်မှာမှ မတွေ့ဘူး "

"ဟာ …ဟုတ်ပြီဗျို့၊ ကိုကျားရေ ကျုပ်တို့
ကြားတာလည်း ဆင်ခေါင်းတောင်မှာလို့ပဲ
ကြားတာဗျ"

"ကျုပ် ပိုက်ဆံပေးဝယ်ပါ့မယ်ဗျာ၊
အဲဒီအပင်ရဲ့ အမြစ်ကို တူးပေးပါ၊
ဒီနေ့ နေမဝင်ခင် ရမှာဖြစ်မှာဗျ ကိုကျားရဲ့ "

ကိုညိုမောင်က ကိုကျားကို သေသေချာချာ ပြောတာဗျ။

"ဟာ ဒီလိုဆို စိတ်ချ၊ ငါ အမဲလိုက်မထွက်တော့ဘူး၊
ဆင်ခေါင်းတောင်သွားပြီး သရဲခြေထောက်
သွားတူးတော့မယ် "

ဒီတော့မှ ကျုပ်လည်း စိတ်ချသွားတော့တာပေါ့ဗျာ။
သရက်ခြံကြီးထဲကို ရောက်လာတယ်ဗျ။

"ဟာ ကိုကျား ပြန်လာပြီလား၊ အဆင်ပြေရဲ့လားဗျ"

"ညိုမောင်ရာ မိုးပေါ်မှာ သိကြား၊ လူ့ပြည်မှာ
ငကျားဆိုတာ မင်းမှ မသိတာကွာ"

ကျားဆိုတဲ့လူက ပျော်ပျော်နေတတ်တဲ့ လူဗျ။

ကိုညိုမောင်က ဝမ်းသာအားရနဲ့ ကိုကျားကို
စျေးသုံးပိုက်ဆံပေးတယ်။ ကိုကျားလည်း
ဝမ်းသာသွားတဲ့ ပုံပဲဗျ။ ညဆယ်နာရီလောက်
ရောက်တော့ ကျုပ်နဲ့ ကိုညိုမောင် ဆရာတော်ကို
ရှိခိုးပြီး ထွက်လာခဲ့တယ်။ကျုပ်က မျက်ကွင်းဆေးကို
သွေးပြီး ကွင်းလိုက်တယ်၊

သစ်စုန်းဆေးတော်ကြီးကိုလည်း ယူခဲ့တယ်။

လျှိုထိပ်က မြက်ခင်းကလေးမှာ ကျုပ်နဲ့ ကိုညိုမောင်
ထိုင်ပြီး လျှိုထဲက အိမ်ကလေးကို ကြည့်နေကြတယ်
လကွယ်ညလည်းဖြစ်ပြန် သရက်ခြံကြီးထဲမှာလည်း
ဖြစ်ပြန်ဆိုနေတော့ မှောင်ပိန်းနေတာဗျ။

ကိုညိုမောင်ကတော့ ခြံကြီးထဲမှာ သွားနေကျဆိုတော့
ငါးထောင့်ထိုး လက်နှိပ်ဓါတ်မီး ယူလာခဲ့တယ်။

ကျုပ်က နဂါးဆေးပေါ့လိပ်ကို မီးခတ်နဲ့ မီးညှိပြီး
ဖွာလိုက်တယ်၊ ကိုညိုမောင်ကတော့ ဆေးပြင်းလိပ်တို
ကလေးကို မီးညှိပြီး ဖွာနေတယ်ဗျ။ သံပြားကလေး
တစ်ချပ်လည်း ကျုပ် ယူလာတယ်ဗျ၊ဒါမှ
သရဲခြေထောက်မြစ်တွေကို မီးရှို့လို့ ကောင်းမှာပေါ့ဗျာ။

"ဟား ဟား ဟား ဟား ဟား "

ဟော ရယ်ပြီဗျို့၊ ရယ်ပြီ။ ကျုပ်ဖြင့် ဗြုန်းစားကြီး
ပေါ်လာတဲ့ ရယ်သံကြီးကြောင့် တုန်တောင်သွားတယ်ဗျ။
ကျုပ်ဖြင့် တော်တော့်ကို အံ့သြသွားတာဗျို့။

ရယ်သံကြီးကို ကျုပ် နားစိုက်ထောင်နေတုန်း
ကျုပ် နောက်ဘက်က ခြေသံတစ်သံ ကြားလိုက်ရတယ်။

"မောင်တာတေ ကြားလား ကြားလား "

ဟာ အဘညွန့်ပဲ ။ မှောင်ထဲမှာ စမ်းပြီးလိုက်လာတာဗျ။

"ကျုပ် ကြားတယ် အဘညွန့် "

"ဟာ တော်သေးတာပေါ့ကွာ၊ မောင်တာတေ
ကြားပေလို့ ကျုပ်ပြောတာကို မယုံမှာ
စိုးရိမ်နေတာကွ"

"ယုံပါတယ် အဘညွန့်ရဲ့၊ မဖဲဝါကိုယ်တိုင် ကျုပ်ကို
ပြောလိုက်တာပဲ၊ အခုလည်း သူခိုင်းတဲ့အတိုင်း
ကျုပ်လုပ်မှာပဲလေ"

"ဘယ် ဘယ်သူကွဲ့၊ မောင်တာတေ"

"မဖဲဝါလေ အဘညွန့်၊ သင်္ချိုင်းရှင်မ မဖဲဝါကို
ပြောတာလေဗျာ"

"ဟေ မင်းက မဖဲဝါနဲ့ကို အလုပ်လုပ်နိုင်တာကိုး၊
မောင်တာတေက လူသာငယ်တာ၊ အဆင့်က
တယ်မြင့်သကိုးကွဲ့"

"ဟာ ဒီလိုလည်း မဟုတ်ပါဘူးဗျာ "

"ဟား ဟား ဟား ဟား ဟား "

ရယ်သံကြီး ထွက်လာပြန်ပြီဗျို့၊ အဘညွန့်ရဲ့
ကျုပ်က ကြားတဲ့လူတွေဆိုတော့ နားထောင်နေကြတာပေါ့ဗျာ။

ရယ်လိုက်တာမှ လှိုက်လှိုက်လှဲလှဲကို ရယ်တာဗျ။
အားရပါးရကို ရယ်တာ။

"ချလွင် ချလွင် ချလွင် "

ဟာ အဘညွန့်ပြောတာ ဟုတ်သားပဲဗျ။ သံကြိုးသံကြီးကိုပါ
ကြားနေရတာ။

"ဟား ဟား ဟား ဟား ဟား "

"ချလွင် ၊ ချလွင်၊ ချလွင်၊ ချလွင် "

ကိုညိုမောင်ကတော့ အဘညွန့်နဲ့ ကျုပ်နဲ့ ပြောတာကို
ငေးသာကြည့်နေတော့တာဗျ။ သူက ဘာသံမှ
မကြားဘူးလေဗျာ။ တော်တော်ကို အံ့သြစရာကောင်းတဲ့
အဖြစ်ပါဗျာ။ ဒီလောက် ကြောက်စရာကောင်းတဲ့
ရယ်သံကြီးကို ကြားတဲ့သူက ကြားပြီး မကြားတဲ့သူက
မကြားဘူးဆိုတာ အံ့သြစရာပဲဗျို့။

လျှိုထဲက အိမ်ကလေးကို အမှောင်ထဲမှာ
ဝါးဝါးကလေးပဲ မြင်နေရတာ ။ အဲဒီအမှောင်ထဲက
ထွက်လာတဲ့ ရယ်သံကြီးက ကြားရတဲ့သူတိုင်းကို
ကြက်သီးမွေးညင်းထစေတာပေါ့ဗျာ။

ကျုပ်ဖြင့် ကျောထဲက စိမ့်ကနဲ စိမ့်ကနဲ ဖြစ်သွားပြီး
ကြက်သီးတွေ တဖျန်းဖျန်း ထသွားတာဗျို့။

"ကဲ အဘညွန့် အိမ်ပြန်တော့၊ ခဏဆိုရင် ကျုပ်တို့
အလုပ်စလုပ်ကြတော့မှာ "

"အေး အေး ဒါဆိုရင် ကျုပ် ပြန်ပြီ"

လို့ ပြောပြီး အဘညွန့်က အိမ်ကို ပြန်သွားတယ်။

"ကိုညွန့်မောင် အဘညွန့်ကို မီးထိုးပြလိုက်ပါ။
ညက တော်တော်မှောင်လာတယ်ဗျ။ ဒါ ပုံမှန်မှောင်တာ
မဟုတ်ဘူးထင်တယ် "

ကိုညိုမောင်က ဒီတော့မှ သတိရပြီး သူ့အဖေကို
မီးထိုးပြပေးလိုက်တယ်။ ညမှောင်ပုံကြီးကို
ကျုပ် မကြိုက်ဘူးဗျ။

လို့ ပြောပြီး အဘညွန့်က အိမ်ကို ပြန်သွားတယ်။

"ကိုညိုမောင် အဘညွန့်ကို မီးထိုးပြလိုက်ပါ
ညက တော်တော်မှောင်လာတယ်ဗျ၊ ဒါ ပုံမှန်မှောင်တာ
မဟုတ်ဘူးထင်တယ် "

ကိုညိုမောင်က ဒီတော့မှ သတိရပြီး သူ့အမေကို
မီးထိုးပြပေးလိုက်တယ်။

ညမှောင်ပုံကြီးကို ကျုပ် မကြိုက်ဘူးဗျ၊
ဒါဟာ ပုံမှန်မှောင်တာ မဟုတ်ဘူးဗျ။

ထူးထူးခြားခြား မှောင်နေတာ။
ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်လို့ မရအောင်
မှောင်နေတာ။ ဒါ အမိုက်မှောင်ကြီး
ကျနေတာဗျို့၊ ကျုပ် ကောင်းကောင်းသိတယ်။

မှောင်ထဲမှာ အော်အော်ပြီး ရယ်နေတဲ့ မကောင်းဆိုးဝါး
သရဲကြီးကြောင့် ဒီအနီးတစ်ဝိုက်မှာ အမှောင်မှောင်ကြီး
ကျနေတာဗျ။ ညဆိုတာ လမသာပေမဲ့  ကြယ်ရောင်
ကလေးတွေရှိရင် ဝါးဝါးကလေးတော့ မြင်ရတာပဲလေဗျာ။

ခုဟာက ဘာဆိုဘာမှ မမြင်ရအောင်ကို
ပိန်းပိန်းကြီး မှောင်နေတာဗျ။ဒါ ရိုးရိုးအမှောင်
မဟုတ်ဘူး၊ အမိုက်မှောင်ကျနေတာ။

"ကဲ ကိုညိုမောင် ထတော့၊ မီးထိုးဗျာ။
ဟိုအိမ်ကို သွားမယ် "

ကျုပ်က ရှေ့ကသွား ၊ ကိုညိုမောင်က
နောက်က လိုက်ပေါ့ဗျာ။ ငါးတောင့်ထိုးဓါတ်မီးကြီးကို
ကိုညိုမောင် ထိုးပြတယ်။

လျှိုကလေးထဲကို ရောက်တော့ တစ်ထပ်အိမ်ကလေးသို့
တန်းသွားတယ်။

"ဟား ဟား ဟား ဟား ဟား ဟား ချလွင် ချလွင်"

တော်သေးတာပေါ့ဗျာ၊ ဒီအသံကြီးကို
ကိုညိုမောင် မကြားပေလို့ပေါ့။ ကြားသာကြားရင်
ခုလောက်ဆို ထွက်ပြေးသွားမှာ သေချာတာပေါ့ဗျာ။

ကျုပ်လည်း လာသာလာရတာ ကြက်သီးတွေကတော့
တဖျန်းဖျန်းပါပဲဗျာ။

"ဟား ဟား ဟား ဟား ဟား "

အသံနက်ကြီးနဲ့ဗျာ၊ လှိုင်လှိုင်လှဲလှဲနဲ့ကို
ရယ်နေတာဗျို့။ ကိုညိုမောင်က မီးထိုးထားတယ်
ကျုပ်က သတိထားပြီး တံခါးကို တွန်းဖွင့်လိုက်တယ်
ဓါတ်မီးအလင်းရောင်က အိမ်ကလေးထဲမှာ
လင်းသွားတယ်။

ဟ နည်းတဲ့အကောင်ကြီးမှ မဟုတ်တာဗျာ။
ခေါင်မိုးနဲ့ ခေါင်းနဲ့ တိုက်မတတ်ပဲကိုဗျ။

ဟုတ်ပါ့ဗျာ။ သူ့ခြေထောက်မှာ သံကြိုးကြီးနဲ့ချည်လို့ဗျ။

ဒါကြောင့် သံကြိုးသံ တချွင်ချွင် ကြားနေရတာကိုး။

လူ့ဘဝတုန်းက ချည်ထားတဲ့ သံကြိုးက
သရဲဖြစ်တာတောင် ချည်လျက်သားကြီး
ဖြစ်နေတာ ဘာသဘောတုံးဗျ။ ကျုပ်လည်း
တွေးလို့ မရတော့ပါဘူးဗျာ။ ဒါမျိုးဆိုတာ
အချိန်ဆွဲလို့ မဖြစ်ဘူးဗျ။ ကျုပ် ချက်ချင်းပဲ
စက္ကူနဲ့ ထုတ်ထားတဲ့ သရဲခြေထောက်မြစ်တွေကို
အဆင်သင့် ယူလာတဲ့ သံပြားကလေးပေါ်မှာ
ပုံပြီး မီးခတ်နဲ့ မီးရှို့လိုက်တယ်။

ဟော ဆေးမြစ်တွေကို မီးစွဲသွားပြီဗျို့။

ဟာ ထွက်လိုက်တဲ့ မီးခိုးတွေဆိုတာ
အလိပ်လိုက်ပါပဲလားဗျို့။

"ဟား ဟား ဟား ဟား ဟား "

ရယ်သံကြီး ထွက်လာပြန်ပြီ။ မီးခိုးတွေကို
ကျုပ်က လေနဲ့ မှုတ်ပြီး အိမ်ထဲကို သွင်းလိုက်တယ်
ဟော မီးခိုးတွေ အိမ်ထဲဝင်သွားပြီ။

ဟာ ငြိမ်သွားပြီဗျို့။ သရဲကြီး ငြိမ်သွားပြီ၊
ရယ်သံကြီးလည်း ငြိမ်သွားပြီ၊ စောစောကလို
တဟားဟားနဲ့ အော်ပြီး မရယ်တော့ဘူးဗျ။

"ချလွင် "

ဟာ သံကြိုးကြီး ပြုတ်ထွက်သွားပြီဗျို့။
ကျုပ်လည်း မီးခိုးတွေ အလိပ်လိုက်ထွက်နေတဲ့
အောက်ခံသံပြားကလေးကို ယူပြီး အိမ်ထဲကို
ဝင်ခဲ့တယ်၊ ကိုညိုမောင်ကလည်း ဓါတ်မီးကိုင်ပြီး
ကျုပ်နောက်က ပါလာတာပဲဗျို့။

အိမ်ထဲမှာ သရဲခြေထောက် ဆေးမြစ်ရဲ့
မီးခိုးတွေက တလွင့်လွင့်နဲ့ပေါ့ဗျာ။

ဟော သရဲကြီး ထိုင်ချလိုက်ပြီဗျ။ ဟာ ငိုပြီဗျို့။
ငိုပြီ။ ရှိုက်ကြီးတငင်ကို ငိုတာဗျို့၊ သတိဝင်သွားပြီ
ထင်တယ်ဗျ။ ဝမ်းနည်းပြီး ငိုနေရှာတာဗျို့။
သူ့ဘဝကို သူသိသွားပြီ ထင်ပါရဲ့ ။

"ဝူး ဝူး ဝူး အီ အီး"

ဟာ မဖဲဝါရဲ့ခွေးကြီး အူတဲ့အသံပဲဗျ။
ဧကန္တတော့ မဖဲဝါကြီး ရောက်နေပြီထင်တယ်။

"ဝူး၊ ဝူး၊ ဝူး ၊ ဝူး ၊ ဝူး ၊အူး၊ အူး"

အလို ခွေးအူသံကြီးက သရက်ခြံကြီးထဲက
ထွက်လာတာဗျို့၊ မဖဲဝါကြီး ခြံထဲကို ရောက်နေပြီ
ထင်တယ်၊ ကျုပ် သူ့ကို ဆွဲထုတ်သွားမှပဲ။

"ဦးမှုံ ကျုပ်ပြောတာ နားထောင်ပါ၊ တကယ်တော့
ခင်ဗျားက ဘဝပြောင်းသွားပါပြီ၊ အခု သင်္ချိုင်းရှင်မ
မဖဲဝါကိုယ်တိုင် ခင်ဗျားကို လာခေါ်နေပြီ၊ ခင်ဗျား
အခုပဲ အိမ်ထဲက ထွက်ပြီး လိုက်သွားရမယ်။
ကဲ ထွက် ထွက် ထွက် "

ဟာ ထိုင်နေတဲ့ သရဲကြီးက ထလာပြီဗျို့ ။

"ကိုညိုမောင် နောက်ကိုဆုတ်နေ"

ကျုပ်က ကိုညိုမောင်ကို နောက်ဆုတ်ခိုင်းတယ်။
သွားပြီ၊ သွားပြီ၊ အိမ်ထဲက ထွက်သွားပြီ။
ဟော အပြင်ဘက်ကို ရောက်သွားပြီ။

"ဝူး၊ ဝူး၊ ဝူး၊ ဝူး "

ကိုညိုမောင်ကတော့ သရဲကြီးရဲ့ ရယ်သံကို
မကြားရသလိုပဲ။ မဖဲဝါရဲ့ ခွေးကြီးအူသံကိုလည်း
မကြားရဘူးဗျ။

"ဟီး ဟီး ဟီး ဟီး "

ဟာ ဒါမဖဲဝါကြီး ရယ်သံပဲဗျ၊ ကျုပ်အသံကြားတဲ့
ဘက်ကို လှမ်းကြည့်လိုက်တယ်၊ စောစောက
ကျုပ်နဲ့ ကိုညိုမောင် ထိုင်နေခဲ့တဲ့ လျှိုထိပ်က
မြက်ခင်းကလေးမှာ မားမားကြီး ရပ်နေတာဗျို့။

သူ့ဘေးမှာက နွားပေါက်တစ်ကောင်လောက်ရှိတဲ့
ခွေးနက်ကြီးဗျ၊ မဖဲဝါရဲ့ မျက်လုံးကြီးတွေက
အမှောင်ထဲမှာ ရဲရဲတောက်နေတာဗျို့။

အရပ်ကြီးကတော့ ဆယ်ပေလောက်ရှိမှာ။

သရဲကြီး မရယ်တော့ စောစောကလောက်
မမှောင်တော့ဘူးဗျ။ အမိုက်မှောင်ကြီး ပျောက်သွားပြီ။

"ကိုညိုမောင် မီးမှိတ်လိုက်တော့ "

ကျုပ်က တရွေ့ရွေ့သွားနေတဲ့ သရဲကြီးရဲ့
နောက်ခပ်လှမ်းလှမ်းက လိုက်ခဲ့တယ်။

ကိုညိုမောင်က ကျုပ်နောက်ကပေါ့ဗျာ။

မဖဲဝါက လက်ကြီးနှစ်ဖက်ကို အရှေ့ဘက်
ဆန့်ထုတ်ထားတယ်ဗျ။ သရဲကြီးက မဖဲဝါကို
မြင်သွားပြီ။ ဟော မဖဲဝါကြီး နောက်ကို လှည့်ပြီး
ထွက်သွားပြီဗျာ။ မဖဲဝါရဲ့ ခွေးကြီးကတော့
နောက်ကို တစ်ချက် တစ်ချက် လှည့်ကြည့်တယ်ဗျ။

သွားပြီ။ သွားပြီ။သရဲကြီး ပါသွားပြီ။

သရက်ခြံဆုံးအထိ ကျုပ်နဲ့ ကိုညိုမောင်
လိုက်ကြည့်ခဲ့ကြတယ်။ မဖဲဝါရော၊ ခွေးနက်ကြီးရော၊
အမှောင်ထဲမှာ အော်အော်ရယ်တဲ့ သရဲကြီးပါ
ကျုပ်ရဲ့ မြင်ကွင်းက ပျောက်သွားတော့မှ
ကျုပ်တို့ အိမ်ပြန်လာခဲ့ကြတယ်။

ကျုပ်က မကျိန်းသေးဘဲ စောင့်နေတဲ့
ဆရာတော်ကို အားလုံးလျှောက်ရတာပေါ့ဗျာ။

အဘညွန့်တို့ မိသားစုကတော့ ပျော်ရွှင်နေကြတာပေါ့။

ဆရာတော်ကလည်း ခေါင်းတညိတ်ညိတ်ပါပဲ။

နောက်သုံးရက်ကြတော့ ဆရာတော်နဲ့ ကျုပ်
ရွာပြန်ရောက်ခဲ့ကြတယ်။.....

Comment