တောင်တော်ဘုရင်မ(တာတေ)၂

အပိုင်း (၂)
' Episode - 2 '

တောင်တော်ဘုရင်မ  (ဝတ္ထုရှည်)

°°°°°°°°°°°°°°°°°°°°°°°°°°°°°
ရေးသားသူ...တာတေ

"စိတ်ချပါ နောင်တော်ဘုရား သူတို့လိုဟာမျိုးတွေ
အကောင်တစ်ထောင် လာပါစေ တပည့်တော် မမှုပါဘူးနောင်တော် တပည့်တော်ဟာ ကဝေပျံနဲ့ မောက်ကတော်က မွေးခဲ့တဲ့သူပါ တပည့်တော်ရဲ့ ကိုယ်ထဲမှာ စီးနေတဲ့သွေးကို ပြောင်းပြန်စီးအောင် နောင်တော်တို့ ပထမံတွေပဲစီမံပေးခဲ့ကြတာမို့လား။တပည့်တော် လူပေဟာတိုက်ပွဲတိုက်နေတဲ့ အချိန်မှာ အဲဒီကဝေတွေရဲ့စိတ်ကိုသိနေတဲ့သူပါ ဘုရား ဒင်းတို့ဘယ်လုပ်ဖို့ကြံစည်တယ်ဆိုတာကို ကြိုသိနေတဲ့ သူပါဘုရားဒါကြောင့် ဘယ်လောက်စွမ်းတဲ့ ကဝေဖြစ်ဖြစ် တပည့်တော် ယှဉ်ဝံ့ပါတယ်ဘုရား"

"အေး…သာဓု  သာဓု …သာဓု မောင်လူပေ"

ကျုပ်တို့မြင်းတွေ ရိုးမပေါ်ကို စပြီးတက်ပြီဗျို့။ဦးကြီးတော် ပထမံဦးစန္ဒာကပဲ ဦးဆောင်ပြီး ရှေ့ကသွားတာဗျို့

တောင်နှစ်တောင်လောက်ကို ဆင်းလိုက်တက်လိုက်
လုပ်ပြီးတဲ့အချိန်မှာ   လင်းတတွေ ဝဲနေတဲ့တောင်ကို
ကျုပ်တို့ စတင်ခဲ့ကြရောဗျို့။တောင်က ခပ်နိမ့်နိမ့်ဗျ။သစ်ခုတ်သမားတွေ။ဝါးခုတ်သမားတွေရဲ့တဲလေးတွေကိုခပ်လှမ်းလှမ်းမှာ လှမ်းမြင်နေရတယ်။
တဲတွေပေါ်မှာ မီးခိုးတွေ အူလို့ပေါ့ဗျာ။ထမင်း ဟင်းတွေ ချက်ပြုတ်နေကြတယ် ထင်ပါရဲ့ဗျာ။

သြော် ပြောရဦးမယ်ဗျို့ ။ကျုပ်တို့ရွှေရောင်တော်က
ထွက်လာတဲ့အချိန်က မနက်နေထွက်စအချိန်လေးဗျ။ဒီတော့ ဒီတဲတွေက မနက်စာ ချက်နေကြတာရှိမှာပေါ့ဗျာသိပ်မတတ်ရဘူးဗျ။ကျုပ်တို့ တောင်ထိပ်ကိုရောက်လာတယ်။

"နောင်တော်ဘုရား ဘေးကို ခဏရှောင်နေပါဘုရား
စုန်းမတွေ ဒီလောက်များပုံထောက်ရင် ဒီတောင်ပေါ်မှာကဝေကြီးကြီး တစ်ယောက် ရှိနေပုံပဲဘုရား တပည့်တော် တို့ ဒီတောင်ကို ဒီအတိုင်း ကျော်သွားခွင့်ပေးမှာမဟုတ်ဘူးဘုရား"

ဦးကြီးတော်က လမ်းဘေး ခပ်လှမ်းလှမ်းကို
ဖယ်ပေးလိုက်တယ်။

"မောင်တာတေ လာကွဲ့ ။ဒီအလုပ်တွေက ကျုပ်ရဲ့
အလုပ်တွေပဲ နောင်တော်တို့ လုပ်ရမယ် အလုပ်တွေ
မဟုတ်ဘူး"

ကျုပ်က စလွယ်သိုင်းလွယ်လာတဲ့ ဘိုးလူပေရဲ့
ဆေးလိတ်အိတ်ကို ဖြုတ်ပြီး လှမ်းပေးလိုက်တယ်
ဘိုးလူပေက သူ့ဆေးလွယ်အိတ်ကို လှမ်းယူပြီး
အထဲ ကဝေစက်ဖြတ် အရုပ်ကလေးကို ထုတ်ယူလိုက်တယ်။

လက်ကိုဆန့်ထုတ်ပြီး မန္တန်ရွတ်တယ်။ဘိုးလူပေ
မန္တန်ရွတ်ရင် ကျုပ်က သိပ်သဘောကျတာဗျ။
လွှတ်နားထောင်လို့ ကောင်းတာ။သစ္စာဆိုတဲ့အပိုင်းမှာအသံက ဂီတသံ ခပ်ပြေပြေလွင်လွင်ကိုနားထောင်ရသလိုပဲ။အမိန့်ပြန်တဲ့အပိုင်းကို ရောက်လာရင်တော့ဂီတသံအပြင်းစားတစ်ခုကို နားထောင်နေရသလိုပါပဲဗျာ။

ဟော ကဝေစက်ဖြတ် အရုပ်ကလေး ဝင်းကနဲ ဝင်းကနဲအလင်းရောင်တွေ ထွက်လာပြီဗျို့။ဟော ပျံပြီ ပျံပြီကဝေစက်ဖြတ်အရုပ်ကလေး ဘိုးလူပေရဲ့ လက်ထဲကနေဝီးကနဲ မြည်ပြီး ပျံထွက်သွားပြီဗျို့။တောင်ထိပ်မှာဝဲနေတဲ့ လင်းတတွေဆီကို တန်းပြီ ပျံသွားတာဗျို့။ဟာ …ကဝေစက်ဖြတ်ရုပ်ကလေးကနေ ဝင်းကနဲအလင်းတွေ ဖြာထွက်သွားပြီး လင်းတတွေကို ထိသွားပြီဗျို့။သွားပြီဗျို့။လင်းတတွေ အောက်ကို ဇောက်ထိုးကြီးတွေကျကုန်ပြီဗျို့။ဟော အမြင့်ဆုံးမှာ ပျံနေတဲ့ လင်းကြီးသုံးကောင်ပဲ ကျန်တော့တယ်ဗျို့။ဟာ…ကျန်တဲ့လင်းတသုံးကောင်က နောက်ကိုလှည့်ပြီး ပျံပြေးပြီဗျို့

"မောင်တာတေ အဲဒီလင်းတတွေကို လိုက်ကြည့်ထား"

ကျုပ်က မြင်းပေါ်ကနေ သေသေချာချာ လိုက်ကြည့်ထားလိုက်တယ်ဗျ။ဘိုးလူပေက မန္တန်တစ်ခုကို ရွတ်ပြီးလက်ဝါးနှစ်ဖက်ကို ရှေ့ကို ထုတ်ထားလိုက်တယ်ဗျဟာ…ပျံလာပြီဗျို့ ။ဝင်းကနဲ ဝင်းကနဲ အလင်းရောင်တွေလက်ပြီး ကဝေရုပ်ကလေး ပျံလာပြီဗျ။ကဝေရုပ်ကလေးကိုလက်နှစ်ဖက်နဲ့ ဖမ်းယူလိုက်တယ်။

"ကဲ…မောင်တာတေ ဟိုစုန်းမသုံးယောက် ဘယ်နေရာကိုဆင်းသွားတာ တွေ့တုံးကွဲ့"

စုန်းမသုံးယောက်ဆိုတာ စောစောက လင်းတသုံး
ကောင်ကို ပြောတာဗျ။

"ဟိုမှာ မြင်နေရတဲ့ တောင်စွယ်လေးကို ဆင်းသွား
တယ် ဆရာကြီး"

"ဒါဆိုရင် သူတိုရဲ့ လင်တော်မောင် ကဝေက အဲဒီမှာ
ရှိနေလို့ပေါ့ကွယ် …ကဲ မြင်းပေါ်ကဆင်း အဲဒီကို
သွားရအောင်"

ကျုပ်ရောဘိုးလူပေရော မြင်းပေါ်ကဆင်းပြီး မြင်းဖြူကြီးနှစ်ကောင်ကို ကျုပ်ကဆွဲသွားပြီး ဦးကြီးတော်ရဲ့မြင်းကြီးရပ်နေတဲ့ နေရာနားက ဇောင်ချမ်းပင်ကြီးမှာချည်ထားလိုက်တယ်။

ပြီးတော့ ရှေ့ကသွားနှင့်နေတဲ့ ဘိုးလူပေနောက်ကို
ပြေးလိုက်ခဲ့ရတာပေါ့ဗျာ။တောင်စွယ်လေးက
သိပ်မဝေးဘူးဗျ။သစ်ပင်အုပ်အုပ်ကလေးပေါက်နေတယ်ခပ်ဝေးဝေး လှမ်းကြည့်ရင် တောအုပ်ကလေးလိုဖြစ်နေတာဗျ။

ဟာ…ထွက်လာကြပြီဗျို့။စုန်းမသုံးယောက်က
ဘေးကရံပြီး ကဝေက အလယ်ကဗျ။

"မောင်တာတေ သစ်ပင်နောက်မှာ သွားနေ မတော်ရင် စက်တွေ ဘာတွေ ထိသွားမယ်"

ကျုပ်က သစ်တိုပင်ကြီးနောက်ကို ပြေးကပ်လိုက်တယ်ဗျ

"ဟိုမသာကောင်   သေးသေးလေး ဘယ်ထွက်ပြေး
သွားတာတုံး ခုမှကြောက်မနေနဲ့ ငါတို့မယ်တော်ကြီး
မယ်ဝင်္ကရဲ့ ကိစ္စမှာ ဝင်ရှုပ်ဖို့ လိုက်လာတဲ့ကောင်တွေကိုရှင်းပစ်ဖို့ ဒီနေရာကနေ စောင့်တာဟေ့ ဟဲ့ကောင်မတွေရှေ့ထွက်ပြီး စက်တွေ လွှတ်ကြစမ်း"

စုန်းမကြီးသုံးယောက်က ဆံပင်ဖားလျားကြီးတွေချပြီးရှေ့ကို ခြေနှစ်လှမ်းလောက် တိုးလာရောဗျ။သူတို့မျက်လုံးတွေ ပါးစပ်တွေကနေ စက်တွေ တလက်လက်နဲ့ထွက်ပြီး ဘိုးလူပေဆီကို ပြေးဝင်လာတယ်ဗျ။ဘိုးလူပေက သူ့ခေါင်းမှာ ပတ်ထားတဲ့
ပုဝါလေးကို ဖြုတ်ပြီး ဆက်ကနဲ ယမ်းလိုက်တယ်။
စုန်းမသုံးယောက်ရဲ့စက်တွေက အပိုင်းပိုင်း ပြတ်ထွက်ပြီး လွင့်သွားတယ်…

"သြော် …တော်တော်လာတဲ့ ကောင်ပါလား၊ ဟဲ့ စက်တွေပေါင်းပြီး လွှတ်စမ်း "

စုန်းမသုံးယောက်က လူချင်းပူးပြီး စက်တွေထုတ်ကြရောဗျို့။ထွက်လာတဲ့ စက်တွေက ကြိုးကျစ်သလို ပူးသွားတယ်။ပါးစပ်တွေ မျက်စိတွေထွက်လာတာဗျို့။ပါးစပ်နဲ့ မျက်စိက စက်လွှတ်တဲ့စုန်းမတွေက  ပိုပြီးပညာအဆင့်မြင့်တယ်လို့ကျုပ်ကြားဖူးတယ် ။ဘိုးလူပေကတော့ သူ့ပုဝါလေးကို ခေါင်းမှာ ပြန်ပေါင်းလိုက်ပြီး လက်ဝါးကလေးနှစ်ဖက်ကို
ပွတ်နေတယ်ဗျို့။

ဟော စုန်းမသုံးယောက် ပေါင်းလွှတ်တဲ့ စက်တွေက
ဘိုးလူပေဆီကို ပြေးဝင်လာပြီဗျို့။ဘိုးလူပေက ပွတ်နေတဲ့လက်ဝါးနှစ်ဖက်ကို ဖြန့်ပြီး ရှေ့ထုတ်ကာလိုက်တယ်ပြီးတာနဲ့ လက်ဝါးနှစ်ဖက်ကို ကပ်ပြီး ရှေ့ကို ဆောင်တွန်းသလို တွန်းပစ်လိုက်ရောဗျာ။ဟာ…ဘိုးလူပေရဲ့လက်ဝါးတွေထဲ ဝင်းကနဲ လက်သွားတာဗျို့။

"ဝုန်း"

"ဟာ …စုန်းမတွေရဲ့ စက်တွေ အပိုင်းပိုင်း ပြက်ထွက်သွားပြီး စုန်းမတွေပါ နောက်ကို လွင့်ထွက်သွားတာဗျို့။

ဟာ…စုန်းမ သုံးယောက် မြေကြီးပေါ်မှာ လဲကျသွားပြီးဆန့်ငင် ဆန့်ငင်ဖြစ်နေကြပြီဗျ။

"တောက် အသုံးမကျတဲ့ ဟာမတွေ သေတာတောင်
နည်းသေးတယ် ဒီအကောင့်စက်တွေလောက်ကိုတောင်မခံနိုင်တဲ့ ဟာမတွေ သေကြ သေကြဟေ့"

ကဝေပြောတဲ့အတိုင်းပဲဗျ။စုန်းမသုံးယောက်စလုံး
ငြိမ်သွားပြီဗျို့။

"ဟေ့ကောင် အချိန်မရှိဘူး လုပ်စမ်း မင်းမှာ
ဘာပညာတွေတတ်ထားတုံး တတ်ထားတာတွေ အကုန်ထုတ်သုံးစမ်း ကဝေကောင်"

ဘိုးလူပေက တောင်တော်ကို အရောက်နောက်ကျမှာစိုးရိမ်နေပုံပဲဗျ။ကဝေကို ဒေါသထွက်အောင် လှမ်းစလိုက်တယ်။

"သြော်.…မင်းက တို့မယ်တော်ကြီး မယ်ဝင်္ကရဲ့
အကြံအစည်တွေကို ပျက်အောင် ဖျက်စီးဖို့
အလျင်လိုနေတာလား ဆရာစုတ်ရဲ့ မင်းလို ပညာ
လောက်နဲ့ များ ငါတို့မယ်တော်ကြီးရဲ့ ထဘီအနား
တစ်ချက်ခတ်လောက်ပဲ ရှိတယ်ဟေ့ ရော့ မင်းအတွက်လူ့ဘဝနောက်ဆုံး အချိန်လို့ မှတ်ပေတော့"

ကဝေက ပြောပြောဆိုဆို နဲ့ ဖျောင်းက နဲ့မြည်အောင်လက်ခုတ်တီးလိုက်တာ ကဝေလက်ထဲမှာမြွေဟောက်ကြီး တစ်ကောင် ရောက်လာရောဗျို့။

"ခြီး ခြီး ခြီး"

မြွေဟောက်ကြီးက ပါးပျဉ်းကြီးထောင်ပြီး တခွီးခွီးနဲ့မာန်ဖီနေလိုက်တာဗျာ။

"ရော့ …ဟေ့ …ဆရာစုတ်"

မြွေဟောက်ကြီးကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး ဘိုးလူပေဆီကိုပစ်လိုက်တာဗျို့။

ကဝေက ပြောပြောဆိုဆိုနဲ့ ဖျောင်း ကနဲ့ မြည်အောင်လက်ခုပ်တီးလိုက်တာ ကဝေလက်ထဲမှာ မြွေဟောက်ကြီးတစ်ကောင် ရောက်လာရောဗျို့။

"ခြီး …ခြီး…ခြီး"

မြွေဟောက်ကြီးက ပါးပျဉ်ကြီးထောင်ပြီး တခွီးခွီးနဲ့
မာန်ဖီနေလိုက်တာဗျာ။

"ရော့ ဟေ့ ဆရာစုတ်"

မြွေဟောက်ကြီးကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ဘိုးလူပေဆီကိုပစ်လိုက်တာဗျို့။

"တောက် "

ဘိုးလူပေက တောက် တစ်ချက် ထခေါက်လိုက်
တာ။မြွေက ကဝေရဲ့လက်ကို အမြီးနဲ့ ဆတ်ကနဲ ပတ်လိုက်ပြီးလှည့်ပေါက်ရောဗျာ။ချက်ကောင်းမှ တကယ်ချက်ကောင်းဗျို့။ကဝေရဲ့ ဂုတ်ကိုခဲထားတာ။

"ဟဲ့ …လွှတ် လွှတ်  လွှတ်"

ကဝေက တိုက်မြွေ တန်ပြန်သွားပြီဆိုတာကို သိလိုက်တော့အလန့်တကြားနဲ့ အော်တော့တာပါပဲဗျာ။
မြွေကိုလည်း အတင်းဆွဲဖြုတ်တယ်ဗျ။

ဒါပေမဲ့ မြွေက ဂုတ်ကို ခဲထားတာ လုံးဝမလွှတ်ဘူးဗျ။တိုက်မြွေ တန်ပြန်တာလေဗျာ။လွှတ်ကြောက်စရာကောင်းတာဗျ။

ဟော…ကဝေကြီး မြွေဆိပ်တက်လာပြီဗျို့။
ဒယီးဒယိုင်နဲ့ ဖြစ်လာပြီး …

"ဟဲ့ …လွှတ်… လွှတ်စမ်း  လွှတ်စမ်း"

လို့ ကယောင်ကတမ်းနဲ့့ အော်တော့တာဗျို့။
ဟောဒူးထောက်ရက်ကြီး ပြုတ်ကျသွားပြီဗျ။
ဟော လဲသွားပြီ ။ကဝေရှေ့ကို ထိုးပြီး လဲသွားပြီဗျ
ဟာ တကိုယ်လုံး ချက်ချင်း ပြာနှမ်းသွားရောလားဗျာပြင်းလိုက်တဲ့ မြွေဆိပ်ဗျာ။

"တွေ့လား မောင်တာတေ အဲဒါ ကဝေတိုက်မြွေ ခေါ်တယ်အကိုက်ခံရရင် ဘယ်တော့မှ ဆေးမမီဘူးကွဲ့
ကဲ…လာ  လာ ခရီးဆက်ကြစို့"

ကျုပ်တို့နှစ်ယောက် မြင်းတွေပေါ်ကို ခုန်တက်လိုက်ကြတယ်။ဦးကြီးတော်ကတော့ ဒီကိစ္စတွေကို တစ်ခွန်းတောင်မပြောဘူးဗျ။ရှေ့ကနေ ဆက်သွားတယ်။ဘိုးလူပေနဲ့ကျုပ်က နောက်က လိုက်ရတာပေါ့ဗျာ။

နောက်တစ်တောင်တက်တော့မယ် အလုပ်မှာ …

"ဝုန်း… ဝုန်"

"မောင်လူပေ ကျားသံ ကြားလားကွဲ့ "

လို့ဦးကြီးတော်က ဘိုးလူပေကိုမေးတယ်။

"ကြားပါတယ် နောင်တော်"

"ကျားက အသံနားထောင်ကြည့်ရတာတော်တော်လေး ကြီးမယ်ပုံပဲကွဲ့"

"ဟုတ်ပါတယ်… နောင်တော် ဒီတောင်ပေါ်မှာ ဒီလောက်ကြီးတဲ့ ကျားမျိုး မရှိနိုင်ပါဘူးဘုရား ဒါ ကဝေကျားပါဘုရား"

"အင်း…ကျုပ်အထင်တော့ ကျုပ်တို့သွားမယ့် တစ်လမ်းလုံးမှာ အန္တရာယ်တွေ တောက်လျှောက်ရှိနေပုံပဲ မောင်လူပေ"

"မောင်လူပေ တစ်ယောက်တည်း ရင်ဆိုင်နိုင်ပါမလားနောင်တော် ကူပေးရဦးမလား"

"ဟာ…ရပါတယ် ဘုရား နောင်တော် စိတ်မပူပါနဲ့ဘုရား"

"ကဲ…ဒါဆိုရင် ဒီရှေ့ကို လာစမ်းကွယ်"

အသက်သုံးဆယ်လောက်ရှိတဲ့ ဦးကြီးတော်ကို
အသက်ခြောက်ဆယ်လောက်ရှိတဲ့ ဘိုးလူပေက
တော်တော်ကို ရိုသေပြီး ရိုကျိုးတာဗျ။

ဦးကြီးတော်က မြင်းကိုတုံ့ကနဲ ရပ်လိုက်တော့
ဘိုးလူပေရဲ့မြင်းက ရှေ့ကိုတက်သွားပြီး
မြင်းကို လက်ျာဘက် လှည့်လိုက်တယ်ဗျ။
ဘိုးလူပေက ဦးကြီးတော်ဘက်ကို မျက်နှာမူရက်သားဖြစ်သွားတယ်။ဦးကြီးတော်က မြင်းဘေးမှာအိတ်နဲ့စိုက်ပြီး ယူလာတဲ့ လှံတံကို ယူလိုက်ပြီး
လှံသွားနဲ့ ဘိုးလူပေရဲ့ခေါင်းကို တို့လိုက်တယ်။

ဟာ…လှံသွားကနေ အရောင်တွေ လက်ကနဲထွက်ပြီးဘိုးလူပေရဲ့ ခေါင်းထဲကို ဝင်သွားရောဗျို့။
နောက်တစ်ခါ ပခုံးကို လှံသွားနဲ့ထိတယ်။

ဟော…အရောင်တွေ လက်ကနဲ ဖြစ်ပြီး ကိုယ်ထဲကို
ဝင်သွားပြန်ရောဗျ။နောက်ပခုံး တစ်ဖက်ကိုလည်း
ဒီအတိုင်း လုပ်ပေးလိုက်တယ်။

"ကဲ …မောင်လူပေ ကျုပ်လူပေကို ပထမံသိဒ္ဓိတင်
ပေးလိုက်ပြီ ဘယ်လိုပညာသည်နဲ့ တွေ့တွေ့ ရင်ဆိုင်
ပေတော့ ကွယ်"

လှံတံကို အိတ်ထဲမှာ ပြန်စိုက်ပြီးတာနဲ့ ဦးကြီးတော်ရဲ့မြင်းက တောင်ပေါ်ကို စတက်ရောဗျို့။ဘိုးလူပေနဲ့ကျုပ်လည်း ဦးကြီးတော်ရဲ့ နောက်က လိုက်ရတာပေ့ါဗျာ

"ဝုန်း"

ဟာ …ကျာဟိန်းသံကြီး ကြားရပြန်ပြီဗျို့။ကြည့်ရတာတော့ ကျားက ကျုပ်တို့ကို အဆင့်သင့် စောင့်နေတဲ့ပုံပဲဗျို့။တောင်က ခပ်နိမ့် နိမ့် ဆိုတော့ တောင်ထိပ်ကိုသိပ်မတက်လိုက်ရဘူးဗျ။ရောက်လာတယ်။

"ဝုန်း"

ဟာ…ကျားကြီးဗျာ ။ကိုးတောင် ဘယ်ကလိမ့်မတုံးဗျာ။ဆယ့်ငါးတောင်လောက်ကို ရှိတာဗျ။ဦးကြီးတော်ကလှံတံကို ဆွဲထုတ်လိုက်တယ်။

ဘိုးလူပေက ကျုပ်ကို လှည့်ပြောတယ်။

"မောင်တာတေ မြင်းအောက် မဆင်းနဲ့ ဦးကြီးတော်နားမှာပဲ ကပ်နေခဲ့"

ပြောပြော ဆိုဆို နဲ့ ဘိုးလူပေက မြင်းပေါ်က ဆင်းပြီးခါးတောင် မြှောက်အောင် ကျိုက်လိုက်ရောဗျို့။
ပြီးတော့ ခေါင်းပေါင်းပုဝါကို ဖြုတ်ယူပြီး ရင်ညွန့်တည့်တည့်မှာ ပုဝါကို စည်းလိုက်တယ်။ ဆေးလွယ်အိတ်ကိုမြင်းကုန်းနှီးမှာ ချိတ်ထားခဲ့တယ်။

ဟာ…ဘိုးလူပေပါးစပ်က မန္တန်တွေ ရွတ်ပြီး ဂျွမ်းပစ်လိုက်ပြီဗျို့။

"ဝုန်း"

ဟာ …မီးခိုးတွေ အလုံးလိုက်ကြီး ထသွားလိုက်တာဗျာ။ဘာမှကို မမြင်တော့တာဗျ။တဖြည်းဖြည်း မီးခိုးတွေလွင့် သွားတော့မှ  ဟာ…ဘိုးလူပေ ကျားကြီးဖြစ်သွားတာကိုး။

"ဝုန်း"

ဟာ …ဘိုလူပေကျားက ဟိန်းလိုက်တာဗျာ။စောစောကကဝေကျားထက် အလုံးရော ဒေါက်ရော အပုံကြီးကြီးတာဗျို့။

ကဝေကျားကလည်း အမြီးကြီး တဘုတ်ဘုတ်ရိုက်ပြီးဘိုးလူပေကျားကို ကြည့်နေတာဗျ။

"ဝုန်း  ဝုန်း"

ဟော…ကျားကြီးနှစ်ကောင်က ခါးကြီးတွေနွဲ့နွဲ့ နွဲ့နွဲ့နဲ့
လျှောက်ရင်း တစ်ကောင်နဲ့ တစ်ကောင် ကျားချောင်းချောင်းနေကြတာဗျို့။

"ဂီး …ဂီး  …ဂရား"

သွားကြီးတွေဖြဲပြီး တစ်ကောင်ကို တစ်ကောင် မာန်ဖီနေကြတာ ကြောက်စရာကြီးပါဗျာ။ကျုပ်ဖြင့်ကြက်သီးတွေ တဖျန်းဖျန်းနဲ့တောင် ထလို့ဗျို့။

ဟော…ခုန်အုပ်ပြီဗျို့။ကဝေကျားက အပိုင်ထင်ပြီးတော့ခုန်အုပ်လိုက်တာဗျ။

"ဝုန်း"

ဘိုးလူပေကျားက လက်တုတ်တုတ်ကြီးနဲ့လှမ်းပုတ်လိုက်တာတင်းပုတ်ကြီးနဲ့  လှမ်းထုသလိုပဲဗျာ။ကဝေကျားကြီးခေါင်းကြီး ခါထွက်သွားပြီး မြေကြီးပေါ်ကို ဖင်ထိုင်ရက်ပြုတ်ကျသွားရောဗျ။

"ဝုန်း"

ဟော …ကဝေကျား ဒေါသတွေ ထွက်လာပြီဗျို့။
အသံကျယ်ကြီးနဲ့တစ်ချက်ဟိန်းလိုက်ပြီး နောက်ဂျွမ်းတစ်ချက် ပစ်လိုက်တယ်ဗျို့။ဟာ…နောက်ဂျွမ်းပစ်လိုက်တာကဝေကြီး အရွယ်ပိုကြီးသွားတယ်ဗျို့။ဟော တစ်ကောင်နဲ့တစ်ကောင် ပတ်ပြီး ချောင်းနေကြပြန်ပြီဗျို့။

"ဂီး ဂီး ဂီး ဂရား ဂရား"

ကျားကြီးနှစ်ကောင် မာတ်ဖီတဲ့အသံက တောင်တစ်
တောင်လုံးကို ဟိန်းပြီး တုန်နေတာဗျို့။

ဟော…ခုန်အုပ်ပြန်ပြီဗျို့။ဒီတစ်ခါ ကဝေကျားက
အမြင့်ကြီး ခုန်အုပ်တာဗျ။ကျုပ်သေသေချာချာ
ကြည့်နေတာဗျ။ဘိုးလူပေက ကျားက ခြေနှစ်ချောင်းရော လက်နှစ်ချောင်းရောပါ စုရပ်လိုက်ပြီး ခြေရောလက်ရောအားနဲ့ ကဝေကျားရဲ့ ရင်ဘတ်ကို ဆီးပြီးကန်ထည့်လိုက်တာဗျို့။

"ဘုန်း"

ဟာ…ဒီတစ်ခါတော့ ကဝေကျားကြီးနောက်ကို နှစ်လံလောက် လွင့်ထွက်ပြီးမှ မြေကြီးပေါ်ကို ပြုတ်ကျလေဗျာ။မြေကြီးပေါ်မှာ သုံးပတ်လောက်တောင် လိမ့်သွားတယ်ဟာ…မြေကြီးပေါ်ကနေ ချက်ချင်းလူးပြီး ထလာပြီဗျို့။

ဟာ…မနားတမ်းကို ပြေးဝင်သွားတာဗျာ။ဘိုးလူပေကျားကြီး အနေအထား ပုံမှန်မဖြစ်ခင်မှာကို ပြေးဝင်ပြီးကိုက်တော့တာဗျို့။

"ဝုန်း…ဂရား ဂရား"

ကိုက်ပြီဗျို့ ။ကြောင်ကြီးနှစ်ကောင် လုံးပြီး ကိုက်သလိုကိုက်တာဗျို့။ဖုန်တွေဆိုတာ ထလိုက်တာမှဗျာ။ဘာမှကို မမြင်ရတော့ဘူးဗျို့။

"ဂရား ဂရား ဂရား"

ဧရာမသတ္တဝါကြီးနှစ်ကောင်ရဲ့ တိုက်ပွဲကြီးအပြင်းအထန်ပဲဗျို့။

"ဘုရား ဘုရား ဘိုးလူပေ ဘာမှမဖြစ်ပါစေနဲ့"

ကျုပ်က မြင်းပေါ်ကနေ လက်အုပ်ချီပြီး ဘုရားမှာ
ဆုတောင်းလိုက်တယ်။

"မောင်တာတေ မစိုးရိမ်နဲ့ မင်းဆရာ ဘာမှမဖြစ်ဘူးကွဲ့"

"ဂရား …ဂရား ဂရား"

တိုက်ပွဲကတော့ ပြင်းထန်နေတုန်းပဲဗျ။ဆယ်မိနစ်လောက်ကြာတော့ ငြိမ်သွားပြီဗျို့။ငြိမ်စက်ပြီ။ဖုန်လုံးကြီးတွေထဲက ကျားတစ်ကောင် နွဲ့နွဲ့ နွဲ့နွဲ့နဲ့ ထွက်လာပြီဗျို့ကျုပ်မှာ ကပျာကယာ ကြည့်လိုက်ရတာဗျာ။ကျားကလည်းဖုန်တွေ လူးနေတော့ ဘယ်ကျားမှန်းကို မသိတာဗျ။ဦးကြီးတော်က လှံတံကိုယူပြီး ကျုပ်တို့ဘက်ကိုလှမ်းကြည့်နေတဲ့ ကျားကို လှံတံထောင်ပြီး ပြလိုက်တယ်ကျားက လှံတံကို မြင်တော့မှ သတိဝင်သွားပုံဗျ။

"ဝုန်း"

လို့တစ်ချက်ဟိန်းပြီး နောက်ဂျွမ်းထိုးလိုက်တယ်။
ဟော …ဖုန်လုံးကြီးတွေထဲကို ပြန်ဝင်သွားပြီဗျို့။
ခဏနေတော့ ဖုန်လုံးကြီးထဲက လူတစ်ယောက်
ထွက်လာတယ် ။ဘိုးလူပေဗျ။ဒီတော့မှ ကျုပ်မှာ
ရင်ထဲကို အလုံးကြီး ကျသွားတော့တာဗျို့။

ဘိုးလူပေက ရင်ဘတ်မှာ စည်းထားတဲ့  ပုဝါလေးကို
ဖြုတ်ပြီး သူမျက်နှာကို ချွေးတွေသုတ်လိုက်တယ်။
ဘိုးလူပေနောက်က ဖုန်လုံးကြီးလည်းတဖြည်းဖြည်းပျောက်သွားပြီဗျ။ကျုပ်က ကျားသေကြီးတစ်ကောင်ကိုတွေ့ရမယ်ထင်ပြီး ကြည့်တာပေါ့ဗျာ။ဟာ…ကျားမဟုတ်ဘူးဗျ။သေနေတာ လူကြီးဗျ။မူလရုပ်ပြန်တယ်ဆိုတာ ဒါပဲလို့ ကျုပ်က တွေးလိုက်မိတယ်။

"ဟိုတစ်ခါ မိတ္တီလာမှာ တပည့်တော်နဲ့ ရင်ဆိုင်ဖူးတဲ့ကဝေမိုးညိုဆိုတဲ့ ကောင်ပါဘုရား။အဲဒီတုန်းက ဒီကောင်လွတ်သွားတာ ဒီတစ်ခါမှပဲ မိတော့တယ်"

လို့ပြောရင်း ဘိုးလူပေက ခါးတောင်းကျိုက်ထားတဲ့
ပုဆိုးကိုဖြည်ချလိုက်တယ်။ပြီးတော့ ကျုပ်ကမ်းပေးတဲ့ရေဘူးထဲကရေကို တစ်ကျိုက်ကလေးပဲသောက်ပြီးမြင်းပေါ် ပြန်တက်တယ်။

ဦးကြီးတော်ကတော် ခေါင်းလေးညိတ်ပြီး ပြုံးနေတယ်။ကျုပ်က ဘိုးဘိုးလူပေမှာ သွေးတွေသံတွေထွက်ပြီးဖုန်တွေသံတွေ ကပ်နေလိမ့်မယ် ထင်တာဗျ။ဘိုးလူပေတို့ ပညာစွမ်းတွေကို ကျုပ်ဖြင့် အံသြ
လိုက်တာဗျာ။ဦးကြီးတော်က  အချိန်နောက်ကျမှာစိုးလို့ထင်တယ်ဗျာ။ မြင်းကို ချက်ချင်းမောင်းပြီး ရှေ့ကထွက်သွားတယ် ။ဘိုးလူပေနဲ့ ကျုပ်လည်း မြင်းတွေကိုဖနောင့်နဲ့တို့ပြီး လိုက်ရတာပေါ့ဗျာ။

ကျုပ်တို့ တောင်ပေါ်က အဆင်းလမ်းတစ်လျှောက်
တော်တော်လေးကြားအောင် ဆင်းလာပြီးတဲ့အချိန်မှာဦးကြီးတော်ရဲ့မြင်းက တုံ့ကနဲ ရပ်သွားတယ်။
ဘိုးလူပေရော ကျုပ်ရော အရှေ့ကို လှမ်းကြည့်လိုက်တော့ ကျုပ်တို့ရှေ့ဝါးနှစ်ရိုက်လောက်အကွာမှာမည်းမည်းကြီးဗျာ။ထန်းပင်ငုတ်ကြီးလို့ ထင်လို့
ကျုပ်က ကြည့်နေတာ။လှုပ်လိုက်တော့မှ မြွေကြီးမှန်း သိလိုက်တာဗျို့။

"ငန်းမြွေကြီး မောင်တာတေရဲ့ အကိုက်ခံလိုက်ရလို့ကတော့ချက်ချင်းမီးသွေးတုံး ဖြစ်သွားမှာပေါ့ကွယ် ဒါပေမဲ့ဒါမြွေအစစ် မဟုတ်ဘူး မောင်တာတေ
ကဝေတစ်ကောင် မြွေပုံစံ ဖန်ဆင်းထားတာကွ
မယ်ဝင်္ကကြီးက တစ်လုံးမှာ သူရဲ့လက်ရွေး တပည့်တွေခေါ်လာပြီး ချထားခဲ့တာပေါ့ကွယ် ကဲ မောင်တာတေ ဒီမြွေကို ရင်ဆိုင်ရဲပါ့မလား"

"ဟာ…ဆရာကြီး ကျုပ်က စောစောကတွေ့တဲ့ကျားကြီးကတည်းက တွယ်ချင်လွန်းလို့ လက်ယားနေတာဗျ"

"ကဲ …ဒါဆိုရင် မြင်းပေါ်က ဆင်းလိုက် ရော့…ဒီအင်းကိုယူ အဲဒါ  ဂဠုန်စက်အင်းပဲကွဲ့ အဲဒါနဲ့ ပြေးပြီးပစ်ပေတော့အနားအထိတော့ မကပ်နဲ့နော် ဘာမှမကြောက်နဲ့ နောင်တော်ဘုရားရော ကျုပ်ရော ရှိတာပဲ ဖြစ်မယ်မို့လား"

"ဟာ …ဖြစ်တာပေါ့ ဆရာကြီး"

ကျုပ်က ဘိုးလူပေရဲ့ လက်ထဲက အင်းချပ်ကို ယူလိုက်တယ်။ကျုပ်ရဲ့ ဆေးလွယ်အိတ်ကို မြင်းကုန်းနှီးမှာ ချိတ်လိုက်ပြီးထန်းပင်လုံးလောက်ရှိတဲ့ ငန်းမြွေအနက်ကြီးကို လှမ်းကြည့်လိုက်တယ်။ငန်းမြွေကြီးက ခေါင်းကြီးထောင်ပြီး ကျုပ်တို့သွားမယ့် လမ်းတည့်တည့်မှာကိုပိတ်ထားတာဗျ။

ကျုပ်က လက်ထဲက အင်းကို ကျစ်ကျစ်ပါအောင်
ဆုပ်လိုက်ပြီး လှစ်ကနဲ ပြေးထွက်လိုက်တယ်။ကျုပ်
ပြေးဝင်လာတာကို တွေ့တော့ ငန်းမြွေကြီးက ခေါင်းကြီးဟိုဘက် ဒီဘက် ယမ်းပီး လျှာနီနီကြီး တစ်လစ် တစ်လစ်လုပ်နေတယ်ဗျ။ကျုပ်က အင်းပစ်ဖို့
အကောင်းဆုံးနေရာကို ရောက်တော့ လက်ထဲက အင်းနဲ့ ငန်းမြွေကြီးတည့်တည့်ကို ပစ်ပေါက်လိုက်တယ်။

"ဝုန်း"

အသံအကျယ်ကြီး မြည်ပြီး မီးခိုးလုံးကြီး ထသွားတယ်ဗျ။ကျုပ်လည်း နောက်ကို ချက်ချင်လှည့်ပြေးလာခဲ့တယ်။မြင်းဘေးကို ရောက်လို့ လှည့်ကြည့်လိုက်တော့အခိုးအငွေ့တွေက ပြယ်လာပြီဗျ။

ဟာ…မြွေ မဟုတ်တော့ဘူးဗျ။လူကြီး။လူကြီးတစ်ယောက် ။ဒါကဝေကြီးပဲကိုး…

"အဲဒါ နဂါးနိုင် ဘလှိုင် ဆိုတဲ့ အကောင်းကွဲ့
မောင်တာတေရဲ့ ဒီကောင်က မြွေအားကြီးနိုင်တဲ့
ကောင် သူကိုယ်တိုင်လည်း မြွေအမျိုးမျိုးဖြစ်အောင်ရုပ်ပြောင်းနိုင်တယ်။နာနာရုပ်အတက် အင်မတန်ကျွမ်းကျင်တဲ့ အကောင်ကွ ပထမံဆရာကြီးတွေကိုယ်တိုင် ချထားတဲ့ ဂဠုန်စက်အင်းနဲ့တွေ့တော့နဂါးနိုင်ဘလှိုင်လည်း ဇာတ်သိမ်းသွားပြီပေါ့ကွယ်ဒီကဝေဆိုတဲ့ အကောင်တွေက လူ့လောကမှာဒုက္ခပေးဖို့ လူဖြစ်နေတဲ့ ကောင်တွေကွဲ့ မောင်တာတေရဲ့သူတို့ရှိနေလို့ လူလောက မှာ ဘာအကျိုးမှ
မရှိဘူး။သာသနာတော်အတွက်လည်း အနောင့်အယှက်ဖြစ်စေတဲ့ ကောင်တွေကွဲ့ ကျုပ်ကတော့ ဒီအကောင်တွေကို တွေ့ရာသင်္ချ ိုင်း ဓါးမဆိုင်းပဲကွဲ့"

"ကျုပ်လည်း ဒါမျိုးတွေကို အပြတ်တွယ်ချင်တာပဲ
ဆရာကြီးရဲ့"

နဂါးနိုင် ဘလှိုင်ကတော့ ဆန့်ဆန့်ကြီးဗျ။ကျုပ်သေသေချာချာကြည့်တော့ ခေါင်းမှာ ထဘီနီနီကြီးတစ်ထည်ပေါင်းထားတာဗျာ။သေချာတယ်ဗျ။ဒီလူရဲ့ ခြေဖဝါးမှာဘုရားပုံတွေ ရှိနေမှာပဲ။ခုလောက်ဆိုရင်တော့ အဝီစိရောက်သွားရောပေါ့ဗျာ။ကျုပ်တို့ တောင်ဆင်းလမ်းအတိုင်း ဆင်းလာတယ် ။ဘာအနှောင့်အယှက်မှ မရှိဘူးဗျ။နောက်တစ်တောင် မတက်ခင် မြေပြန့်လေးမှာမြင်းကို အသားကျစီးလာကြတယ်။

"နောင်တော် ဟိုရှေ့မှာ ရွာလေးတစ်ရွာပါလား"

ဘိုးလူပေ ပြောတော့ ကျုပ်လည်း မြင်းပေါ်ကနေ
ရှေ့ကို လှမ်းကြည့်လိုက်တယ်။ဟုတ်တယ်ဗျ။
ရွာကလေးက အိမ်ခြေနှစ်ဆယ် သုံးဆယ်လောက်
ရှိမယ် ။

"မောင်လူပေ ဒါစုန်းရွာကွဲ့ ရွာထိပ်မှာ ထဘီခြုံ
ဆရာကြီးတစ်ယောက် ရှိတယ်။သူတို့လည်း ကျုပ်တို့ကို

စောင့်တာပဲကွဲ့"

ဦးကြီးတော်က ပြောတာဗျ။ဘိုးလူပေ ကတော့ ခေါင်းလေးညိတ်ပြီး စဉ်းစားနေတယ်

"နောင်တော် ဒီပုံစံအတိုင်းဆိုရင်တော့ ကဝေမကြီး
မယ်ဝင်္ကက တစ်လမ်းလုံး နှောင့်ယှက်တော့မှာပဲ
နောင်တော် တပည့်တော်တို့ ဘုရင်မဆီကို အချိန်မီရောက်ပါ့မလားဘုရား"

"ရောက်ပါတယ် မောင်လူပေရဲ့ လပြည့်ဖို့က သုံးရက်တောင် လိုသေးတာပဲ တောင်ပေါ်မှာ အလုပ်လုပ်ရမှာကလပြည့် ညသန်းခေါင်ယံမှာ လုပ်ရမှာကွဲ့ မီပါတယ်"

ဘိုးလူပေက ဘာမှပြန်မပြောတော့ဘဲ စုန်းရွာကို
ဘာလုပ်ရမှန်းမသိအောင် ဖြစ်နေပုံပဲဗျ။

"မောင်တာတေ ဟိုရှေ့က မြက်ပင်တွေ လက်တစ်ဆုပ်လောက် မြန်မြန်ဖြတ်ယူခဲ့စမ်းကွယ်"

ဦးကြီးတော်ကိုယ်တိုင် ကျုပ်ကို ခိုင်းတာဗျ။ကျုပ်က မြင်းပေါ်က ခုန်ဆင်းပြီး ဆင်ငိုမြက်ပင်တွေကိုခပ်မြန်မြန် လိုက်ဖြတ်ယူလိုက်တယ် ။လက်တဆုပ်လည်းရရော ဦးကြီးတော်ဆီကို ခပ်သုတ်သုတ် သွားပြီးပေးလိုက်တယ်။ဦးကြီးတော်က အပင်တစ်ရာလောက်ရှိတဲ့ ဆင်ငိုမြက်တွေကို လက်ထဲမှာ ဆုပ်ပြီး ပါးစပ်ကတိုးတိုး တိုးတိုးနဲ့ပြောတယ်ဗျ။ပြီးတော့နဲ့ မြက်ပင်တွေကိုမြင်းပေါ်ကနေ လှမ်းပစ် လိုက်တယ်။မြက်ပင်တွေကမြက်ရိုင်းတောကြီးထဲကို ကျသွားတာပေါ့ဗျာ။

ဟာ…မြက်ပင်တွေကြားထဲမှာ လှုပ်လှုပ် လှုပ်လှုပ်နဲ့ဗျ။ဘာတွေလဲလို့ ကျုပ်က လှမ်းကြည့်တယ် ။လူခါးစောင်းလောက်ရှိတဲ့ မြက်ပင်တွေကြားထဲက ထလာတာလူတွေဗျ။လူတွေမှ အရပ်ထောင်ထောင် မောင်မောင်းဗလကောင်းကောင်းကြီးတွေဗျို့ ။ပုဆိုးကို ခါးထောင်းတွေကျိုက်လို့။ခေါင်းမှာလည်း ပုဝါတွေပေါင်းထားတယ်သူတို့မျက်နှာတွေတော့ မမြင်ရဘူးဗျ။

အပေါ်ပိုင်း ဗလကျင်းပြီး ကြွက်သားကြီးတွေအထစ်ထစ်ထနေလို့ဗျာ။ရှေ့ဘက်ရွာကို လှမ်းကြည့်ပြီး မြက်ပင်တွေကြားကနေ တရွေ့ရွေ့သွားနေကြတာဗျ။အားလုံးပေါင်း လူတစ်ရာလောက် ရှိမယ်။ရှေ့ကို သွားနေကြတာဆိုတော့ ကျုပ်တို့က သူတို့ရဲ့ကျောကုန်းတွေကိုပဲမြင်ရတာပေါ့ဗျာ။မြက်ပင်ရှည်ကြီးတွေကနေ တရွေ့ရွေ့သွားပြီ ရွာနားကို ကပ်နေကြတာဗျ။သြော်…ပြောဖို့မေ့နေလို့ဗျို့။အသားအရောင်တွေ အစိမ်းတွေဗျ။မြက်ပင်ရဲ့အရောင်မျိုးပဲဗျို့။ဒီတော့မှ ကျုပ်သဘောပေါက်တာပေါ့ဗျာ။ဦးကြီးတော်လက်ထဲမှာ ကိုင်ပြီးမန်းမှုတ်လိုက်တဲ့ မြက်ပင်တွေက လူတွေ ဖြစ်သွားတာပဲဗျ။

ဟော…ရွာနားရောက်သွားပြီ။ပြေးပြီဗျို့။လူအစိမ်ကြီးတွေရွာထဲကို ပြေးဝင်သွားကြပြီဗျို့။

"အောင်မလေးတော့ ကြောက်ပါပြီတော့"

"အောင်မလေးဗျ …ကြောက်ပါပြီဗျ"

"သေပါပြီဗျ… လွှတ်ပါဗျ နာလှပါပြီဗျ"

ရွာထဲက လူတွေရဲ့အော်သံတွေဗျ။ကျွတ်ကျွတ်ကိုညံနေတော့တာပါပဲဗျာ။ဟော…ပြေးပြီဗျို့။ပြေးကြပြီ ရွာထဲကလူတွေ ထွက်ပြေးကြပြီဗျို့။လူစိမ်းကြီးတွေက မနားတမ်းရိုက်တော့ မခံနိုင်တော့ ပြေးကြပေါ့ဗျာ။ပြေးတာမှ တစ်ဖက်တည်းပြေးတာ မဟုတ်ဘူးဗျို့။တောင်ပြေး မြောက်ပြေးနဲ့
ခြေဦးတည်ရာကို စွတ်ပြေးတော့တာဗျို့။

ဟော…လူတစ်ယောက်ကို လူစိမ်းကြီးတွေက ဖမ်းပြီးဝိုင်းရိုက်နေကြပြီဗျာ။

"ဟေ့ကောင်တွေ မင်းတို့ သေချင်လို့လား မင်းတို့က
ဘာကောင်တွေတုံး ငါ့ရွာကို ဝင်စီးပြီး လူတွေကို
ရိုက်လား နှက်လားနဲ့ ငါ့အကြောင်း သိသွားချင်သလားငါ့နာမည် ထဘီခြုံ ဆရာအုံတဲ့ကွ မဝင်္ကရဲ့ တပည့်ရင်းကွမင်းတို့ကို ငါသတ်မယ်"

ထဘီခြုံဆရာအုံရဲ့အသံက ကျယ်ရာကနေတဖြည်းဖြည်းတိုးတိုးသွားပြီး နောက်ဆုံး ပျောက်သွားရောဗျို့။

ဒီတော့မှ လူစိမ်းကြီးတွေက ရွာထဲက ပြန်ပြေးထွက်လာပြီးမြက်ပင်ရှည်ကြီးတွေကြားကို ပြန်ဝင်သွားကြတယ်ဦးကြီးတော်က မြက်တောကြီးဘက်ကို လက်နဲ့ယမ်းပြီးတစ်ခုခု ပြောလိုက်တယ်ဗျ။မြက်တောကြီးတစ်ခုလုံးငြိမ်သွားရောဗျ။

"ကဲ…မောင်လူပေရေ ကျုပ်တို့ ရွာထဲက ဖြတ်သွားလို့ရပြီကွဲ့ "

ပြောပြောဆိုဆိုနဲ့ ဦးကြီးတော်က ရှေ့ကထွက်သွားတယ်ကျုပ်တို့မြင်းတွေလည်း နောက်က လိုက်ရတာပေါ့ဗျာ။

ဒီတော့မှ ကျုပ်လည်း ပထမံပညာဆိုတာကို လက်တွေ့ကြုံလိုက်ရတော့တာပေ့ါဗျာ။ကျုပ်ဖြင့်အံ့သြလွန်းလို့ဦးကြီးတော်ကို ဘာပြောရမှန်းတောင် မသိတော့ပါဘူးဗျာ

ဦးကြီးတော် ဦးဆောင်ပြီး စုန်းရွာကို ဖြတ်ခဲ့ကြတယ်။ရွာထဲကိုဖြတ်ရင်း အိမ်တွေထဲကို လှမ်းကြည့်လိုက်တယ်ဗျ။အံ့သြစရာပဲဗျို့။တချို့အိမ်တွေမှာ လူခေါင်းခွံတွေတချို့အိမ်တွေမှာကျတော့ ကြောက်စရာ မျက်နှာကြီးတွေနဲ့ ရုပ်ထုကြီးတွေလည်း ရှိတယ်ဗျ။ရွာသူရွာသားတွေကတော့ အားလုံး စုန်းတွေချည်းပဲလို့ ဦးကြီးတော်အမိန့်ရှိတယ်ဗျ။

ကျုပ်တို့ ဖြတ်လာတဲ့ အချိန်မှာတော့ ရွာထဲမှာ လူ
တစ်ယောက်တောင်မှ မတွေ့တော့ဘူးဗျို့။အားလုံး
ထွက်ပြေးကုန်ကြပြီ။မြက်လူကြီးတွေရဲ့အထုအထောင်းကိုမခံနိုင်လို့ ပြေးကြတာပေါ့ဗျာ။စုန်းရွာကို ကျော်လာတော့စမ်းချောင်းလေးတစ်ခုကို ရောက်ခဲ့ကြတယ်ဗျ။

Comment