သင်္ချိုင်းအမှတ် ( ၉ )(တာတေ)အပိုင်း၂

ဒီနတ်မိစ္ဆာတွေကို နတ်ဘီလူးတွေက အလစ်မပေးဘဲ
အမြဲစောင့်ကြည့်နေကြတာ။ အခု ကျုပ်ပြောမယ့် အကြောင်းအရာက နတ်ဘီလူးတွေ စောင့်ကြပ်နေတဲ့ကြားကကို ဖြစ်သွားတဲ့အဖြစ်တစ်ခုပေါ့ မောင်တာတေရယ်။

ဒီဇာတ်လမ်းကို ပြောရမယ်ဆိုရင်စောစောက ပြောခဲ့တဲ့ စကားကိုပဲ ပြန်ကောက်ရဦးမကွဲ့။ ကျုပ်အဖေ ဆရာပွားကြီးနဲ့ အစ်ကိုနွံဖတို့ သွားပြီးနှိမ်နင်းခဲ့ကြတဲ့ ကဝေကြီးရဲ့ နာမည်က မိုးညိုတဲ့ကွဲ့ ။ က‌ေဝရာဇာကြီး မိုးညိုက
ငရဲမီးတောက်မထဘဲ နတ်မိစ္ဆာတွေနေတဲ့ အပါယ်ဘုံကို ရောက်
သွားတယ်။ သူလည်း တခြားနတ်မိစ္ဆာတွေလိုပဲ လူ့ဘဝကို ပြန်
ရောက်ဖို့ အမြဲကြံစည်နေတာပေါ့ကွယ်””

“သူတို့အကုသိုလ်တွေနဲ့ဆိုရင် လူ့ဘဝ ပြန်ရောက်ဖို့
ဘယ်လွယ်မှာတုံး ဆရာကြီးရယ်”

“ဟာ ဟုတ်တာပေါ့ ကွဲ့၊ ဒီကောင်တွေ လူပြန်ဖြစ်ဖို့ဆိုတာ အဝေးကြီးပေါ့ကွယ်၊ ဒါကြောင့်လည်း လူပြန်ဖြစ်ဖို့ နည်းမျိုးစုံနဲ့ ကြံကြတာကွဲ့။ သူတို့ တတ်ထားတဲ့ ပညာတွေကိုသုံးပြီး
နည်းမျိုးစုံ လုပ်ကြတာပေါ့ မောင်တာတေရယ်””

“ဒီကဝေတွေဟာ မချိမဆန့်သေပြီး မိစ္ဆာဖြစ်နေတာတောင် သူတို့ရဲ့ အတတ်တွေကို မစွန့်ကြသေးဘူးနော်ဆရာကြီး”

“ဟာ ဘယ်စွန့်လိမ့်မတုံးကွယ်၊ အဝီစိငရဲကို မရောက်မချင်း ဘယ်တော့မှ မစွန့်ကြဘူးကွဲ့၊ အဲဒီအထဲမှာ အခုပြောမယ့်
ကဝေကြီး မိုးညိုက အဆိုးဆုံးကွဲ့ မောင်တာတေရဲ့"

““ဟုတ်လား ဆရာကြီးရဲ့၊ ကဝေကြီး မိုးညိုက ဘာတွေများ လုပ်လို့တုံး”

“နတ်မိစ္ဆာဘုံကို ရောက်သွားတဲ့ မိုးညိုဟာ လူ့လောကမှာ လူပြန်ဖြစ်ပြီး သူတတ်ခဲ့တဲ့ ပညာတွေကိုလည်း အပြည့်ပြန်ရ
ချင်တယ်ကွဲ့"

““ဟာ တော်တော်အကြံကြီးတဲ့ ကဝေပါလား ဆရာကြီးရဲ့"

“ဟုတ်ပါ့ကွယ်၊ ဒါပေမဲ့ သူဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကို
ဖြစ်ရဖို့ဟာ မိုးညိုအတွက် လွယ်လွယ်ကူကူတော့ မဟုတ်ဘူးကွဲ့၊
အချိန်တွေ အကြာကြီးယူပြီး အားထုတ်ခဲ့ရတာကွဲ့”

“နေပါဦး ဆရာကြီးရဲ့၊ ကျုပ် နားမလည်လို့ တစ်ခုမေးပါရစေ"

“မေးလေ မောင်တာတေ၊ ဘာမေးချင်လို့တုံး”

"ဒီကဝေတွေဟာ သေပြီး နတ်မိစ္ဆာ ဖြစ်သွားတဲ့အချိန်မှာ သူတို့ရဲ့ ပညာတွေ သူတို့ဆီမှာ ရှိသေးလို့လား”

“ရှိတာပေါ့ မောင်တာတေရဲ့၊ ဒီကောင်တွေရဲ့ ရုပ်က
သေသွားပေမယ့် ရုပ်ပွားတစ်ခုနဲ့ နတ်မိစ္ဆာဘုံကို ရောက်သွားတာ
ကွဲ့၊ ဘဝတစ်ခုကို ပြောင်းသွားတာ မဟုတ်ဘူး၊ ဘုံတစ်ခု
ပြောင်း သွားတာ"

“ဪ၊ ဒါဆိုရင် ကဝေကြီး မိုးညိုရဲ့ အမှောင်မှော်
ပညာတွေဟာ သူ့ဆီမှာ အကုန်ရှိနေတာပေါ့ ဟုတ်လား ဆရာကြီး"

“အေး ဟုတ်တယ်ကွဲ့၊ ဒါပေမဲ့ သူတို့လုပ်ခဲ့တဲ့အကုသိုလ်တွေက သူတို့ကို လူပြန်ဖြစ်ခွင့် ဘယ်ပေးမှာတုံးကွယ်၊ဒါကြောင့်လည်း ဒီကောင်တွေ နည်းမျိုးစုံသုံးပြီး လူ့လောကကိုပြန်ရောက်အောင် ကြိုးစားကြတာပေါ့ မောင်တာတေရယ်”

"ပထမဆုံး မိုးညို၊ ဘာလုပ်တုံးဆိုရင် သူ့တပည့်တွေကို သူ နတ်မိစ္ဆာဖြစ်သွားတယ်ဆိုတာ မပြောဘဲ အလွန်အစွမ်းထက်တဲ့
ကဝေနတ်ကြီး ဖြစ်နေတယ်လို့ အိပ်မက်ပေးတာကွဲ့။ အိပ်မက်ထဲ
မှာလည်း သူ့ကိုယ်သူ အလွန်ခန့်ညားတဲ့ နတ်တစ်ပါးအသွင်
ဆောင်ပြီး တန်ခိုးတွေ ပြတာတဲ့ကွဲ့။ ဒီမှာတင် သူ့တပည့်တွေက
ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြတာပေါ့ကွယ်။ သူတို့ဆရာ ကဝေ
ရာဇာကြီး မိုးညိုဟာ ကဝေနတ်ကြီးဖြစ်ပြီး သူတို့ကို စောင့်ရှောက်နေတယ်လို့ ယုံသွားကြတာ မောင်တာတေရဲ့။ နတ်မိစ္ဆာကလည်းဒီအိပ်မက်ကို တပည့်တစ်ယောက်စီကို ပေးတာဆိုပဲ၊ ဒီမှာတင်အနယ်နယ်အရပ်ရပ်မှာရှိတဲ့ မိုးညိုရဲ့ တပည့်တွေဟာ စစ်ကိုင်းဘက်က မိုးညို သေခဲ့တဲ့ရွာမှာ စုဝေးပြီး အစည်းအဝေးလုပ်ကြတယ်တဲ့ကွဲ့။
အဲဒီမှာ ကဝေနတ်ကြီး ဖြစ်သွားတဲ့ သူတို့ဆရာကြီးကို
ပူဇော်ပသကြ၊ တင်ကြမြှောက်ကြ၊ ပင့်ကြသတဲ့ကွယ်။ ဒီမှာတင်
နတ်မိစ္ဆာ မိုးညိုက သူ့တပည့် ဟန် ဆိုတဲ့ ကဝေတစ်ယောက်
ကို ဝင်ပူးပြီး ဒီအစီအစဉ်ကို ချတော့တာတဲ့ဟေ့။ တပည့်တွေက
လည်း သူတို့ဆရာကြီးကို တကယ်ပဲနတ်ကြီးဖြစ်နေတယ်ထင်ပြီး
သူတို့ဆရာကြီး ခိုင်းတဲ့အတိုင်း လုပ်ကြဖို့ သဘောတူကြတယ်ဆိုပဲ”

နတ်မိစ္ဆာကြီး မိုးညိုက သူ့တပည့်တွေကို ဘာလုပ်ခိုင်း
တယ်ဆိုတာ ကျုပ် သိချင်သွားတယ်ဗျ။ ဒါပေမဲ့ ဘိုးလူပေကို
ဖြတ်ပြီးမမေးရဲဘူးလေဗျာ။ ဒီတော့ ဘိုးလူပေ ပြောပြတာကိုပဲ
ကျုပ်နားထောင်ရတော့တာပေါ့ဗျာ။

မြေလတ်ဘက်မှာ ကန်ချိုင့်ဆိုတဲ့ ရွာလေးတစ်ရွာ
ရှိတယ်ကွဲ့ ၊ အဲဒီရွာမှာ မောင်စိန်နဲ့ မိပန်းလို့ ခေါ်တဲ့ လင်မယား
နှစ်ယောက် ရှိတယ်။ မောင်စိန်တို့ မိပန်းတို့ဟာ ကန်ချိုင့်ဇာတိ
မဟုတ်ကြဘူးတဲ့၊ တခြားအရပ်ကနေ ပြောင်းလာတာဆိုပဲ။
တောင်ချိုင့်ကို ရောက်တော့ ကြုံရာကျပန်း
လုပ်ကိုင်စားကြရတာတဲ့ကွဲ့၊ မောင်စိန်က ယာထွန်ရင်လည်း ထွန်ပေးလိုက်တာပဲတဲ့။

နှမ်းကြဲ ပဲကြဲ ငှားရင်လည်း ကြဲပေးလိုက်တာပဲတဲ့၊ ပေါင်းနှုတ်
ငှားရင်လည်း လင်မယားနှစ်ယောက် လိုက်နှုတ်ကြတာပဲတဲ့။
သစ်ခုတ် ဝါးခုတ် ငှားရင်လည်း လိုက်ခုတ်တာပဲတဲ့ဘွဲ့။ ဒီလိုနဲ့
လင်မယားနှစ်ယောက် ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်ကြရ
သတဲ့၊ ကန်ချိုင့်တစ်ရွာလုံးက သူတို့ကို ခင်ကြတယ်တဲ့ကွဲ့။

ရပ်ထဲရွာထဲမှာ အလှူအတန်းရှိရင်လည်း လင်မယား
နှစ်ယောက် ချွေးတလုံးလုံးနဲ့ ချက်ကြပြုတ်ကြတာ ရွာထဲက
လူတွေက နားပါဦးလို့တောင် ပြောယူရတာဆိုပဲ။ ဒါပေမဲ့ ယာပိုင်နွားပိုင် မရှိတော့ ကြုံရာအလုပ်ကို
ပျံကျလုပ်စားနေတာပဲကွယ်၊ဘယ်မှာ ချောင်လည်တယ်လို့ ရှိမှာတုံးကွယ်၊ ဆင်းဆင်းရဲရဲနေကြထိုင်ကြရတာပေါ့။
တစ်ရက်ကျတော့ ထူးဆန်းတဲ့ လူတစ်ယောက် သူတို့အိမ် ရောက်လာတယ်တဲ့ကွဲ့၊ ဒီလူက အပေါ်ဖြူ အောက်ဖြူ
ဝတ်ထားတဲ့ ခေါင်းမှာလည်း ပုဝါဖြူလေးပေါင်းထားတယ်ဆိုပဲ။

“ဒါ မောင်စိန်တို့ မပန်းတို့ အိမ်လားကွဲ့"

“ဟုတ်ပါတယ်ဗျာ၊ ဟုတ်ပါတယ်”

အိမ်လို့သာ ဆိုရတယ်၊ တကယ်ကတော့ တဲသာသာလေးတဲ့ကွဲ့၊ အဲဒီအဝတ်ဖြူဝတ်ထားတဲ့လူက ပြောပြောဆိုဆိုနဲ့
အိမ်ပေါ်ကို တက်လာပြီး ဘုရားစင်ရှေ့မှာ ဝင်ထိုင်တယ်ဆိုပဲ။
ပြီးတာနဲ့ ဘုရားစင်ဘက်လှည့်ပြီး ဘုရားကို ကျကျနန ရှိခိုးသတဲ့။

ပြီးတော့မှ မောင်စိန်တို့လင်မယားဘက် လှည့်ပြီး ပြောတာတဲ့ကွဲ့။

အထက်ပုဂ္ဂိုလ်တစ်ပါး လွှတ်လိုက်လို့ ၊ကြွလာရတာပါ။

Comment