တောင်တော်ဘုရင်မ(တာတေ)၁

အပိုင်း (၁)
' Episode - 1 '

တောင်တော် ဘုရင်မ (ဝတ္ထုရှည်)  

°°°°°°°°°°°°°°°°°°°°°°°°°°°°°
ရေးသားသူ...တာတေ

မရမ်းသီးတွေ ပေါ်စအချိန်ဗျ။ကျုပ်တို့အညာမှာ အအေးတော့ လျော့သွားပြီ။နေ့ခင်း နေ့လည်ဆိုရင် အပူရှိန်လေးတိုးလို့ဗျ။

"ဟဲ …တာတေ လာဟေ့ ထမင်းစားမယ်"

ကျုပ်က နှမ်းပြာဖို့အဘ စကောယက်လက်စတွေ
ဆက်ယက်နေတာဗျ။မန်ကျည်းပင်အောက်က
သစ်သားကွပ်ပျစ်ပေါ်တွင်မှာလေဗျာ။ရေနွေးကြမ်းလေးသောက်လိုက် နဂါးဆေးပေါ့လိပ် ကလေးဖွာလိုက်လက်ဖက်ကလေး တစ်ဇွန်းခပ်ပြီး ဝါးလိုက်
စကောယက်လိုက်နဲ့ အညာသားစည်းစမ်လေး
ယစ်နေတာပေါ့ဗျာ။အဘကတော့ စောစောကတည်းကအိမ်ပေါ်တက်သွားပြီဗျ။

"အမေ ဘာချက်တုံး"

"အောင်မာ ဒီလာကြည့်တော့ သိလိမ့်မပေါ့"

ကျုပ်လက်ဆေးပြီး အိမ်ပေါ်တက်ခဲ့သဗျ။

"ဟ…ဝက်သားပါလား အမေရ"

"အေး…ငပိန်တို့ပေါ်တာ ဝက်ဂုတ်သားကို မရမ်းသီး
လေးတွေနဲ့ ချက်ထားတာ ညောင်ဦးပုန်းရည်ကြီးလေးတွေလည်း ကျန်သေးတာနဲ့ ဟောဒီမှာ သုတ်လို့
မောင်မခေါ်ပဲကို ဆူးပုတ်ရွက်အုပ်ပြီး ပဲဟင်းရည်သောက်ချက်ထားတာ နင့်အကြိုက်လေ"

အမေ့စကားတောင် မဆုံးသေးပါဘူးဗျာ။ကျုပ်က
ပါးစပ်ထဲကို ထမင်းသုံးလုံးလုပ်လောက် ရောက်သွားပြီဗျ

"ဟဲ့ ဖြည်းဖြည်းလည်းစားပါ တာတေရယ်ထမင်းလည်း နင်ပါဦးမယ်"

အဘကတော့ ကျုပ်စားနေတာကို ကြည့်ပြီး ပြုံးပြုံးကြီးဗျ

"ငွေစိန် နင့်သားကတော့ ဝက်သားဆိုရင် ခေါင်းမဖော်တော့ဘူးဟေ့"

ကျုပ်ဖြင့်ဗျာ အမေချက်ထားတဲ့ ဝက်ဂုတ်သားနဲ့
မရမ်းသီးချဉ်ဖြုံးဖြုံးလေးနဲ့ ထမင်း ဘယ်နှပန်းကုန်
စားမိမှန်းကို မသိပါဘူးဗျာ။ထမင်းစားပြီးလို့
နဂါးဆေးပေါ့လိပ်ကလေးဖွာပြီး အရသာခံနေတာဗျို့။

"တာတေရေ တာတေ"

"ဟင် ဘယ်သူများတုံး ကျုပ်က ဝိုင်းဝကို ကပျာ ကယာကြည့်လိုက်တယ်။ဟ  ဘိုးညိုတို့အိမ်ကပါလားဘိုးညိုသားမက် ကိုအုန်းညွှန်ပဲ။ဘိုးညိုဆိုတာဘန့်ဘွေးကုန်းက ဘိုးလူပေလာရင် တည်းနေကျအိမ်လေဗျာ။ဘိုးစိန်ညိုဆိုတာ လွှတ်စိတ်တိုတဲ့ ဘိုးတော်ကြီးလေဗျာဒီတစ်ခါတော့ သားကြီးမလာဘဲ သားမက်ကိုလွှတ်လိုက်တာဗျ။

"ဟာ…ကိုကြီးအုန်းညွှန် လာလေဗျာ"

"ဟဲ့ အုန်းညွှန် ထမင်းစားပြီးပြီလား မပြီးသေးရင်
စားလေ အရီး ဝက်သားချက်လို့ဟဲ့ နင်ညီတာတေတော့ထမင်းလေးပန်ကန်စားပြီး ငြိမ်နေပြီဟေ့"

"စားပြီးပြီ အရီးရဲ့ ခုပဲ စားပြီးတာ ထမင်းစားပြီးတာနဲ့ဘိုးတော် လွှတ်လို့လာရတာ ယောက်ဖတွေကလည်းမီးလောင်ကုန်း သွားနေကြတော့ ကျုပ်ပဲ အိမ်မှာရှိတာအရီးရဲ့ "

"အေး အေး နင့်ယောက္ခမ စိန်ညိုကတော့ ခုဆို ခုမှဟေ့မွေးကတည်းက စိတ်တိုလာတဲ့ကောင်ဟဲ့ ဒီအကောင်က"

"ဟား  ဟား  ဟား    ဟား"

ကိုအုန်းညွန့်ကြီးက အမေပြောတာ ကြားတော့ရယ်လိုက်တာဗျာ။

"အုန်းညွန့် ဒီတစ်သီး တော်တော်ရလားဟေ့ မင်းယောက္ခမ ယာက"

"ရတယ် ဘိုးဥာဏ်ရဲ့ နှမ်းအတင်းခြောက်ဆယ်လောက်ရတယ်"

"သြော် …ရသားပဲကွ ဒါဆို စိန်ညို ပျော်နေမှာပေါ့"

"ဟုတ်ပါ ဘိုးရာ နှမ်းရပေလို့ မရသာ မရရင် ကျုပ်တို့ကိုမဲမှာဗျ"

"ဟား   ဟား   ဟား  စိတ်ညိုကတော့ကွာ"

အဘတို့ အမေတို့ နဲ့ ဘိုးညိုနဲ့က ငယ်သူငယ်ချင်းတွေလေဗျာ။တစ်ယောက်အကြောင်း တစ်ယောက် သိပြီးသားတွေပေါ့ဗျာ။

"နေပါဦး  ကိုကြီးအုန်းညွန့်ရဲ့ ခုလာတာ ကိစ္စရှိလို့လား"

ကျုပ်က ကိုအုန်းညွှန့်ကို နဂါးဆေးလိပ်ကလေးတစ်လိပ်မီးညှိပြီး ကမ်းပေးရင်းနဲ့ မေးလိုက်တာဗျ။

"ကိစ္စရှိလို့ မင်းဆရာကြီး ဘိုးလူပေ ရောက်နေတယ်ကွတာတေရ။ဘိုးလူပေက ဒီတစ်ခါလာတာ တော်တော်ကိုအရေးကြီးတဲ့ပုံပဲကွ"

"ဟင် …ဘိုးလူပေ ဘယ်တုန်းက ရောက်တာတုန်း
ကိုကြီးအုန်းညွန့်ရဲ့"

"ဟ…အခုနလေးတင် ရောက်တာကွ အဲဒါ ရောက်တယ်ဆိုရင် အိမ်က လူတွေက ဘိုးလူပေကို ထမင်းပြင်ပြီးကျွေးကြတာ အဲဒါ ထမင်းစားရင်နဲ့ကို ပြောနေတာဟေ့တာတေကို သွားခေါ်ဖို့ ခရီးဝေးထွက်ရမယ်လိုတာတွေ ယူပြီး ချက်ချင်းလိုက်ခဲ့ဖို့တဲ့ကွာ"

"နို့ ဘိုးလူပေက ခုမှရောက်တယ်လည်း ဆိုသေး
ကျုပ်က ခုချက်ချင်း လိုက်ခဲ့ရမယ်ဆိုတော့ခရီးကဘယ်တော့ထွက်မှာမို့တုံး ကိုကြီးအုန်းညွှန့်ရဲ့"

"ဟာ …အခု ထွက်မှာတဲ့ဗျာ"

"ဗျာ…ဘိုးလူပေ ဘာတွေများ အရေးကြီးနေပါလိမ့်ဗျာ"

"ဒါတော့ မသိဘူးကွ ခုရောက်ပြီး အခုပြန်ထွက်မှာတဲ့ဟေ့ဒါကြောင့် မင်းကိုချက်ချင်း ခေါ်ခိုင်းတာ"

ကျုပ်က အဘနဲ့အမေ့ဆီမှာ ခွင့်တောင်းပြီးအဝတ်အပိုတစ်စုံကို ဆေးလွယ်အိတ်ကြီးထဲမှာထည့်ပြီး ကိုကြီးအုန်းညွှန့်နဲ့ လိုက်ချခဲ့ရတော့တာပေါ့ဗျာ။ခက်တော့ ခက်သားဗျ။ဆရာကြီးတွေရဲ့ လမ်းကြောင်းမှာက အခုထိုင်ရတာ။အခုထဆိုရင်ထရတာဗျ။

ကျုပ်ကလည်း ဘိုးလူပေ အရေးတကြီးဖြစ်နေပုံကို
ကြားတာနဲ့တင် လွှတ်စိတ်ဝင်စားနေပြီဗျို့။ဘန့်ဘွေးကုန်းကိုရောက်တော့ ဘိုးလူပေကထမင်းစားပြီးလို့ အကြမ်းထိုင် သောက်နေတာဗျ။ကျုပ်က ဘိုးလူပေကို တွေ့တွေ့ချင်း ကန်တော့လိုက်တယ်။

"မောင်တာတေ နေကောင်းလားကွဲ့  မိဘများရောနေထိုင်ကောင်းကြရဲ့လား"

"ကောင်းပါတယ် ဆရာကြီး"

"ကိစ္စက တော်တော်လေး အရေးကြီးနေတာကွဲ့အချိန်မီအောင် သွားရမယ့် ကိစ္စမို့လို့ ကျုပ်က မောင်တာတေကို ချက်ချင်းခေါ်ခိုင်းလိုက်ရတာကွဲ့"

"ဟုတ်ကဲ့ပါ ဆရာကြီး ကျုပ် အဆင့်သင့် ဖြစ်ပါပြီ"

"အေး…သာဓုကွယ် သာဓု သာဓု"

"ဘိုးညိုက သူကိုယ်တိုင် လှည်းကောက်ထားတာဗျ။ ဘိုးညိုနွားကြီးတွေက နွားဖြူကြီးတွေက နွားသန့် နွားချောကြီးတွေဗျ"

"ကဲ အုန်းညွန့် မင်းပဲ လိုက်ပို့ပေတော့ကွာငါ့ဆရာက တော်တော်ကို အရေးကြီးနေတာကွဲ့ မြို့အရောက် ပို့ပြီးမှ ပြန်ခဲ့ပေတော့ မြို့ရောက်ရင်လက်စနဲ့ စျေးလေးဘာလေးလည်း နည်းနည်းဝယ်ခဲ့ပေါ့ကွာ"

"ဟုတ်ကဲ့ အဘ ကျုပ် လိုက်ပို့လိုက်ပါမယ်"

"ကဲ …ဒါဆိုလည်း သွားကြစို့ကွယ်"

ဘိုးလူပေက ပြောပြောဆိုဆိုနဲ့ ရှေ့က ဆင်းရောဗျ။
ကျုပ်က သူ့လွယ်အိတ်ကို ယူလွယ်လိုက်တယ်ကျုပ်ဆေးလွယ်ကို စလွယ်သိုင်းလွယ်ပြီး ဘိုးလူပေအိတ်ကို ပခုံးမှာ လွယ်ရတာပေါ့ဗျာ။

"ဟဲ့ နွား"

ကျုပ်တို့ လှည်းပေါ်ထိုင်ပြီးတာနဲ့ ကိုကြီးအုန်းညွန့်
ကနွားငေါက်ပြီး ဝိုင်းထဲက ထွက်တော့တာပဲဗျို့။

"ကဲ…ကိုညို  ကျုပ်သွားပြီနော်"

"ဟုတ်ကဲ့ပါ   ဆရာ   ဟုတ်ကဲ့ပါဗျာ"

ဘိုးညိုက ပြတင်းပေါက်မှာရပ်ပြီး ဘိုးလူပေကို
လက်အုပ်ချီတယ်ဗျ။ကိုကြီးအုန်းညွန့်က လှည်းကို ခပ်သွက်သွက်ကိုမောင်းနေတာဗျို့။ကျုပ်တို့ကို မြို့အရောက် ပို့ပြီးရင်သူ့စျေးဝယ်ရဦးမှာလေ။ပြီးတာနဲ့ ရွာပြန်ရမှာမိုးချုပ်မှ အိမ်ပြန်ရောက်မှာပေါ့ဗျာ။

"မောင်တာတေရေ ကိစ္စက သေရေးရှင်ထက်အရေးကြီးတယ်ကွ"

"ဟုတ်ကဲ့ ဆရာကြီး"

"မောင်တာတေ ပန်ထွာဘုရင်မဆိုတာ ကြားဖူးသလား"

ကျုပ်ဝတ္ထုစာအုပ်ထဲမှာတော့ ဖတ်ဖူးသားဆရာကြီးရဲ့"

"သြော် …ဟုတ်လား အေး…အခု သွားမယ်ခရီးက
ပန်ထွာဘုရင်မကို အရအမိ ကယ်ရမယ့်ကိစ္စကွဲ့"

"ဗျာ…ဆရာကြီးကလည်း ကျုပ် ဝတ္ထုစာအုပ်ထဲမှာ
ဖတ်ဖူးတာက ပန်ထွာဘုရင်မဆိုတာ ကြာလှပါပြီပဲဗျာ။ပျူခေတ်က ရှိခဲ့တာတဲ့ ဒါကလည်း ဝတ္ထုလိုလို
ပုံပြင်လိုလိုပါ ဆရာကြီးရာ တကယ်ရှိတာဟုတ်ချင်မှ ဟုတ်မှာပါ"

ကျုပ်စကားကို ကြားတော့ ဘိုးလူပေက ပြုံးတယ်ဗျ။

"တကယ်ရှိတာပါ မောင်တာတေရဲ့"

"ဟင်…ဟုတ်လား  ဆရာကြီး ဒါပေမဲ့  ပန်ထွာဘုရင်မကပျူခေတ်ကတည်းကပဲလား အခု ဘယ်ရှိတော့မှာတုံးဆရာကြီးရဲ့"

"အခုလည်း ရှိတယ်ကွဲ့"

"ဟင် …ဟုတ်လား ဆရာကြီး ဒါဆိုရင် အသက်ဘယ်လောက်နည်းတော့မှာတုံး ဆရာကြီးရဲ့အဘွားအိုကြီး ဖြစ်နေရောပေါ့"

"ကျုပ်လည်း မတွေ့သေးဘူးကွဲ့ မောင်တာတေ"

"နို့ ပန်ထွာဘုရင်မက ဘယ်မှာနေတာတုံးဆရာကြီး"

"အဲ …ဒါကလည်း ကျုပ်မသိဘူးကွဲ့"

"ဗျာ…ဆရာကြီး စောစောကပြောတော့ ဘုရင်မကို
ကယ်ဖို့ သွားမှာဆို နေရာမသိတော့ ဘယ်လိုများ
သွားမှာတုံးဗျာ"

ကျုပ်စကားကို ကြားတော့ ဘိုးလူပေက ပြုံးပြန်ရောဗျ။

"မောင်တာတေ မေးတာ မေးထိုက်ပါတယ်လေ
ဒါပေမဲ့ မပူနဲ့ကွဲ့ ကျုပ်တို့က တနေရာကို သွားရုံပါပဲ
အဲဒီနေရာသိတဲ့သူက စောင့်နေလိမ့်မယ်"

"သြော်…ဒီလိုလား ဒါနဲ့ဆရာကြီးရဲ့ ကျုပ်ဖတ်ဖူးတဲ့
ဝတ္ထုထဲမှာက ပန်ထွာဘုရင်မက စစ်ရှုံးသွားလို့
ဒွတ္ထဘောင်ရဲ့ မိဖုရား ဖြစ်သွားတယ် ဆရာကြီးရဲ့"

"ဟား  ဟား   ဟား  ဒါက ဝတ္ထုဇာတ်လမ်း ရေးကြတာပါကွယ် ဘုရင်မက ဘယ်သူမိဖုရားမှ မဖြစ်ခဲ့ပါဘူး ဘုရင်ဖမ်းပြီး ခေါ်သွားတာက ပန်ထွာမိဖုရားရဲ့
နန်းတွင်းမှာ ခစားတဲ့ ပဉ္စလက်အတတ်ကို တစ်ဖက်ကမ်းခတ်အောင်တတ်တဲ့ ရှင်ထွေးဖြူပါကွယ် ရှင်ထွေးဖြူကသူတတ်ထားတဲ့ ပဉ္စလက်အတတ်နဲ့ သူကိုယ်သူ့ပန်ထွာဘုရင်မနဲ့ ချွတ်စွတ်တူအောင် ဖန် ဆင်းပြီးအဖမ်းခံလိုက်တာပါ။ဘုရင်ကလည်း ရှင်ထွေးဖြူကိုပန်ထွာဘုရင်မပဲ မိဖုရားမြှောက်ခဲ့တာပါ။ဘုရင်မကို ပထမံပုဂ္ဂိုလ်ကြီးတွေက ခေါ်သွားပြီးအလယ်ရိုးမပေါ်က တောင်ကြီးတစ်လုံးမှာထားလိုက်ကြတာကွဲ့အဲဒီတောင်ကိုလည်းဘုရင်မတောင်လို့အမည်ပေးလိုက်ကြတာဘုရင်မကအသက်ငါးရာ ပြည့်တိုင်း ထုံတစ်ခါကူးပြီးနေလာခဲ့တာ မောင်တာတေရဲ့ ပန်ထွာဘုရင်မက မသေပါဘူး "

"ထုံကူးတယ်ဆိုတာ ဘာတုံး ဆရာကြီးရဲ့ "

"မောင်တာတေ နားလည်အောင် ပြောရရင် အသက် ဆက်တာပေါ့ကွယ် အသက်ဆက်ပြီး ဘဝအသစ်နဲ့ ဆက်နေတာပေါ့ လူကလေးရယ်"

"ဒါဆိုရင် ပန်ထွာဘုရင်မက နတ်သမီး ဖြစ်သွားတာလားဆရာကြီး"

"ဟာ… မဟုတ်ဘူးကွဲ့ လူပါပဲ ဒါပေမဲ့ လူဘုံထဲမှာတော့မရှိတော့ဘူးကွဲ့ ဘုံနဲ့ ပြောရင် နတ်ဘုံထဲမှာပဲ ထည့်လိုက်ပြောရတယ်"

"ဒါဆိုရင်  ဆရာကြီး ဘုရင်မကို  ပန်ထွာလို့ပဲ ခေါ်တာပဲလားဗျာ"

"ဒါဆိုရင် ဆရာကြီး ဘုရင်မကို ပန်ထွာလို့ပဲခေါ်တာပဲလားဗျာ"

"ဟာ…အဲဒီလို မခေါ်ကြတော့ဘူးကွဲ့ အထက်ပုဂ္ဂိုလ်ကြီးတွေ ခေါ်တာကတော့ တောင်တော်ဘုရင်မလို့ခေါ်ကြတယ်။ကျုပ်လည်း အစကတော့ သူတို့ပြောပြောနေတဲ့ တောင်တော်ဘုရင်မဆိုတာ ဘယ်သူမှန်းသိတာမဟုတ်ဘူးကွဲ့ အခု ဒီကိစ္စပေါ်လာမှ တောင်တော်ဘုရင်မကို ခေါ်တာမှန်းသိတာ"after

"ပန်ထွာဘုရင်မအကြောင်းကို ဆရာကြီး သိတာ
ကြာပြီလား"

ကျုပ်ကလည်း မနေနိုင်ဘူးဗျို့။လွှတ်စပ်စုတဲကောင်လေဗျာ

"အထက်ပုဂ္ဂိုလ်ကြီးတွေက အခုကိစ္စကိုတာဝန်ပေးတော့မှ ကျုပ်ကို အကျိုးအကြောင်းတွေပြောပြကြတာပေါ့ကွယ့်"

"ဒီအကြောင်းတွေကြားတော့ ကျုပ်ဖြင့် ယုံတောင်
မယုနိုင်အောင် ဖြစ်သွားတာ ဆရာကြီးရဲ့ကျုပ်ကတော့ ဝတ္ထုထဲကအတိုင်း ပန်ထွက်ဘုရင်မဟာသရေခေတ္တဘုရင့်ရဲ့မိဖုရားဖြစ်သွားတယ်ပဲ ထင်တာဗျ"

ဘိုးလူပေက ခေါင်းခါပြပြီ ပြုံးတယ်

"ပန်ထွာဘုရင်မက သာမန်မိန်းမ မဟုတ်ဘူးကွဲ့
ဆုကြီးပန်ထဲကပဲ မောင်တာတေရဲ့"

"ဆုကြီးပန်ဆိုတာ ဘာတုံး  ဆရာကြီးရဲ့"

"ဆုကြီးပန်ဆိုတာက နောင်ပွင့်မူမယ် အရိမေတ္တယျ
ဘုရားရင်လက်ထက်မှာ တစ်ခု ခုဖြစ်ဖို့ ဆုတောင်း
ထားတဲ့သူပေါ့ကွယ်"

"နေပါဦး ဆရာကြီးရဲ့ ဝတ္ထုစာအုပ်ထဲ ကျုပ်ဖတ်ဖူး
တာကတော့ ပန်ထွာဘုရင်မက သူ့မျက်နှာကိုမြင်တဲ့
ယောင်္ကျားတိုင်း မူးမေ့အောင် လှတာဆို"

"ဒါကတော့ ဝတ္ထုရေးဆရာက  ရေးဖွဲ့တာပေါ့ကွယ်
ဒါပေမဲ့ ကျုပ်လည်း မမြင်ဖူးတော့ အတိအကျတော့
မပြောတတ်ဘူးကွဲ့ ကျုပ် မှန်းကြည့်တာတော့
နတ်မိမယ်တွေ နီးနီးတော့ လှလိမ့်မယ် ထင်တာပဲကွဲ့
ဘာဖြစ်လို့တုံးဆိုတော့ ဆုကြီးပန်လေကွယ့်ဆုကြီးပန် မိန်းမတွေဟာ နတ်မိမယ်တွေလို ချောကြတယ်လို့ကျုပ်မှတ်သားဖူးတယ် မောင်တာတေရဲ့"

"ဘုရင်မက ဘာဖြစ်လို့ အသက် ဒီလောက် ရှည်အောင်နေနိုင်တာတုံး ဆရာကြီးရဲ့"

"ပျူဘုရင်မဘဝမှာ ပန်ထွာမင်းသမီးဟာလောကီကို အထိပ်အထိပ်အထိ တက်မြောက်သွားခဲ့တယ်မောင်တာတေ"

"ဒါဆိုရင် ပန်ထွာဘုရင်မက အသက် ဘယ်လောက်အထိရှည်မှာတုံး ဆရာကြီးရဲ့"

"အတိအကျတော့ ကျုပ်လည်း မသိဘူးမောင်တာတေရဲ့ ဒါပေမဲ့ သူတို့တွေကနောင်ဘုရားပွင့်တဲ့အထိတောင်ရှိချင်ရှိကြမှာကွဲ့"

"ဒီကြားထဲမှာ သူတို့တွေ ဘာလုပ်နေကြာတာတုံး
ဆရာကြီးရဲ့"

"ဗုဒ္ဓရဲ့ သာသနာကို ဝိုင်းပြီး စောင်ရှောင့်နေကြတာကွဲ့ဗုဒ္ဓရဲ့ သာသနာမကွယ်အောင် အနှစ်ငါးထောင်ရှည်ကြာအောင် စောင့်ရှောက်ကြတာပေါ့ကွယ်
အကြောင်းအမျိုးမျိုးကြောင့် တစ်နေရာမှာသာသနာ့ကွယ်သွားရင် နောက်တစ်နေရာမှာထွန်းကားနေအောင် ဝိုင်းပြီးစောင့်ရှောက်ကြရတယ်မောင်တာတေရဲ့ ဗုဒ္ဓရဲ့ သာသနာ့ အိန္ဒိယမှာ ကွယတော့သီဟိုဠ်မှာထွန်းကားတယ် သီဟိုဠ်မှာကွယ်တော့
မြန်မာပြည်မှာ ထွန်းကားတယ် အဲဒီလို သာသနာ
မကွယ်အောင် ဝိုင်းပြီးစောင့်ရှောက်ကြရတော့ပေါ့ကွယ်"

ဘိုးလူပေ ရှင်းပြတော့မှ ကျုပ်နားလည်သွားတာဗျ။
အရင်တုန်းကတော့ ပထမံတွေ ဝိဇ္ဇတွေဆိုတာ ဘာအတွက် အသက်အရှည်ကြီး နေကြမှန်း ကျုပ်မသိဘူးဗျအခုမှသိတာ သူတို့လည်း သူတို့ဘုံဘဝတစ်ခုနဲ့နေကြတာတဲ့ဗျ။ဒါပေမဲ့ သူတို့ ဘုံဘဝကို နတ်ဘုံထဲမှာပဲထည့်ပြီး ရေတွက်နေတာဗျို့။လူတွေအနေနဲ့ မမြင်နိူင်ဘူးဗျ။သူတို့အချင်းချင်းပဲ မြင်ရတာလို့ပြောတယ်။

"နေပါဦး ဆရာကြီးရဲ့ အခု ပန်ထွာဘုရင်မက
ဘာအကြောင်းဖြစ်နေလို့ ဆရာကြီးက အရအမိ
ကယ်ရမယ်လို့ ပြောတာတုံး"

ကျုပ်ကလည်း လွှတ်စပ်စုတဲ့ကောင်ပါဗျာ။

"ဒီအကြောင်းကို ပြောခွင့်မရှိသေးဘူး မောင်တာတေရဲ့နောက်တော့ ဖြည်းဖြည်း ကျုပ်ပြောပါမယ်"

"ဟဲ့ နွား ဟာ  ဒီနွားဟာ  ဟဲ့ ဖြူကြီး တည့်တည့်ဆွဲလေပေကပ်ကပ် မလုပ်နဲ့ တောက်"

ကိုကြီးအုန်းညွန့် နွားငေါက်သံကို နားထောင်ရင်း
နတ်သမီးလောက် လှတယ်ဆိုတဲ့ ပန်ထွာဘုရင်မအကြောင်းကိုကျုပ်တွေးနေမိတော့တာပေါ့ဗျာ။
မြို့ကို ရောက်တော့ ညနေ သုံးနာရီ ကျော်ပြီဗျ။

ကိုကြီးအုန်းညွှန့် ကို နှုတ်ဆက်ပြီး ထားခဲ့တယ်။
ဘိုးလူပေက ကျုပ်ကို လက်တီကျောင်းတိုက်ကို
ခေါ်လာခဲ့တယ်။အဲဒီည ကျုပ်နဲ့ ဘိုးလူပေ
လယ်တီကျောင်းမှာ ညအိပ်ကြတယ်။

နောက်တနေ့ မနက် အစောကြီး ထွက်တဲ့ကားနဲ့
မန္တလေးကိုလိုက်တယ်။မန္တလေးမှာ ညမအိပ်ဘဲ
ကားပြောင်းစီးတယ်။ပိဿနိုးမြို့ဟောင်းရောက်တော့ဘိုးလူပေနဲ့ ကျုပ်နဲ့ ကားပေါ်က ဆင်းခဲ့ကြတယ်။တောင်တွင်းကြီးကိုတောင် ကျုပ်တို့မဝင်ဘူးဗျ။ဘိုးလူပေက ရွှေရောင်တော် ဘုရားကို တန်းသွားတယ်ကျုပ်လည်း ဘိုးလူပေလိုပဲ သုတ်ခြေတင်သွားရတာဗျ။ရွှေရောင်တော်ဘုရားကို ရှိခိုးပြီး အသံကျယ်ကျယ်နဲ့ပြောတော့တာပဲဗျို့။

"နောင်တော် ပထမံဘုရား ညီတော်မောင်လူပေ
ရွှေရောင်တော်ကို ရောက်ပါပြီဘုရား နောင်တော်
အခေါ်တော်ရှိတဲ့ မောင်တာတေလည်း ပါလာပါပြီဘုရား"

ဘိုးလူပေက လူတစ်ယောက်ကိုကြားအောင် လှမ်းပြောနေတဲ့ပုံပဲဗျ။ကျုပ်လည်း ဘုရားရှိခိုးရင်း ဘိုးလူပေပြောတာကိုနားထောင်နေလိုက်တာပေါ့ဗျာ။

"မောင်လူပေ ကျုပ်ရောက်နေပါပြီကွဲ့"

ဟာ …ကျုပ်တို့ နောက်က အသံတစ်သံ ပေါ်လာတာဗျ။ဘိုးလူပေရော ကျုပ်ရော နောက်ကို ချာကနဲ
လှည့်ကြည့်လိုက်တယ်။

"ဟာ  "

ကျုပ်ဖြင့် အံ့သြပြီး အော်လိုက်မိတဲ့ အထိပါပဲဗျာ။
အသက်သုံးဆယ်လောက် ရှိပြီဗျ။အရပ်က မနိမ့်
မမြင့် အသားက ဝင်းနေပြီ သျှောင်တစ်စောင်း ကလေးနဲ့ဗျ။ပိုးသားကို ချုပ်ထားတဲ့ ရှမ်းဘောင်းဘီနဲ့ရှမ်းတိုက်ပုံအနက်ကို ဝတ်ထားတယ်။ရှမ်းတိုက်ပုံမှာက ရွှေချည်တွေ ထိုးထားတယ်။ခေါင်းမှာလည်း ရွှေချည်ထိုးထားတဲ့ ပိုးပုဝါအနက်ကလေးပေါင်းထားတယ်။မျက်နှာက ကြည်လင်ပြီး မျက်လုံးတွေက အရောက်တောက်နေတယ်ဗျ။ကျုပ်တို့ကို ပြုံးပြီ နှုတ်ဆက်တယ်။

"မောင်လူပေ မောင်တာတေဆိုတာ ဒီသူငယ်လားကွဲ့"

"ဟုတ်ပါတယ် နောင်တော်ဘုရား'

ဘိုးလူပေက ရိုရိုသေသေကို ရှိခိုးတာဗျ။ကျုပ်လည်း ရှိခိုးရတာပေါ့ဗျာ။ဒါပေမဲ့ ဘိုးလူပေက
အသက်ခြောက်ဆယ်လောက်ဗျ။ဘိုးလူပေနောင်တော်လို့ခေါ်ပြီး ရှိခိုးနေတဲ့သူက အသက်သုံးဆယ်လောက်ပဲရှိသေးတာ။ကျုပ်တော်တော် အံ့သြသွားတာပေါ့ဗျာ။

"မောင်တာတေ ဒါက ပထမံဆရာ ဦးစန္ဒာကွဲ့မင်းက ဦးကြီးတော်ဘုရားလို့ ခေါ်နိုင်တယ်"

"မောင်တာတေက သတ္တိ အလွန်ကောင်းတယ်လို့
ဦးကြီးတော် ကြားဖူးတယ် ဟုတ်သလားကွဲ့"

"ကျုပ်လည်း ကြောက်တာပဲ ဦးကြီးတော်"

"ဟာ…မောင်တာတေ ဦးကြီးတော်ကို ကျုပ်လို
မပြောရဘူးကွဲ့ တူတော်လည်း ကြောက်တတ်ပါတယ်လို့ပြောရတယ်"

"ခွင့်လွှတ်ပါ နောင်တော်ဘုရား မောင်တာတေလေးကတောသားလေးမို့ပါဘုရား"

"မောင်လူပေရယ် ဘာထူးလို့တုံးကွယ် ကျုပ်တို့လည်းတောသားတွေပဲ မဟုတ်လား

"မောင်တာတေရဲ့ သတင်းတွေကို ကြားရတာ
ဦးကြီးတော်ဖြင့် သဘောကျသကွယ့် မောင်တာတေကစွန့်စားရတာတွေကို သဘောကျတယ်ထင်တယ်"

"ဟုတ်ပါတယ် ဦးကြီးတော်ဘုရား တူတော်က ထူးထူးဆန်းဆန်းတွေကို စိတ်ဝင်စားပြီး စွန့်စွန့်စားစားလုပ်ရတာကို သဘောကျပါတယ် ဘုရား"

ကျုပ်ပြောတာကို ဘိုးလူပေက ခေါင်းညိတ်ပြတယ်ဗျ။

"အေး…ဒါဆိုရင်တော့ ဟန်ကျတာပေါ့ကွယ်
အခုခရီးကလည်း ဘယ်လောက်စွန့်စားရမလဲ
မပြောတတ်သေးဘူးကွဲ့ မောင်တာတေရဲ့"

"မှန်ပါဘုရား တူတော် စွန့်စားဖို့ အဆင့်ပါပဲ  ဘုရား"

"မောင်လူပေရေ ကျုပ်လည်း အခုမှပဲ ပြည်တော်ဝင်ခွင့်ရတာကွဲ့ ထွက်ရပ်လမ်းမြန်းပြီးချိန်ကတည်းက
တစ်ခါမှကို ပြည်ထောင်ဝင်ဖို့ အခွင့်မသာခဲ့ဘူးလေကွယ်ဒီတစ်ခါမှပဲ အခွင့်သာ တော့ တာကွဲ့"

"မှန်ပါ နောင်တော်ဘုရား"

"မင်း ဒီသူငယ်လေးကို သွားခေါ်နေသခိုက်မှာမဖူးရတာ ကြာနေတဲ့ ရွှေတိဂုံဘုရားကြီးတို့မဟာမြတ်မုနိဘုရားကြီးတို့ကို ကျုပ်လိုက်ဖူးနေတာကွဲ့မောင်လူပေရဲ့ ပြည်ရွှေဆံတော်ကိုတောင်ကျုပ်ရောက်သေးတယ်"

ပန်ထွာဘုရင်မ ရှိတဲ့နေရာကိုသိတာ ဦးကြီးတော်ပဲ
ဖြစ်မယ်လို့ ကျုပ်တွေးလိုက်တယ်။ကျုပ်တွေးတာကိုဦးကြီးတော်က ချက်ချင်းသိတာဗျ။

"မောင်လူပေ လမ်းမှာ မောင်တာတေကို အနည်းအပါးပြောခဲ့ပြီးပြီထင်တယ်"

"ဟုတ်ပါတယ်  နောင်တော် မောင်တာတေ သိသင့်
သလောက် ပြောပြီးပါပြီဘုရား"

"အေး  အေး  ကောင်းတယ် ကောင်းတယ်
ဦးကြီးတော် ဘုရင်မ နေတဲ့နေရာကို သိပါတယ်ကွယ်ဦးကြီးတော်ရဲ့အထက်က ပုဂ္ဂိုလ်မြတ်ကြီးတွေကသေသေချာချာလမ်းညွှန်လိုက်ကြပါတယ်"

ဦးကြီးတော်က ကောင်းကင်ကိုမော့ကြည့်တယ်

"မောင်လူပေရေ အချိန်မလင့်ခင် ခရီးစထွက်မှထင်တယ်ကွဲ့ ။ကဲ  လာ သွားကြစို့"

ဦးကြီးတော်ကပဲ ဦးဆောင်ပြီး ရှေ့က သွားတာဗျ။
ရွှေရောင်တော်ဘုရားကနေ တော်တော်သွားလိုက်
တော့ တောစပ်ကိုရောက်တယ်ဗျ။

"ဟာ…မြင်းတွေပါလား"

ကျုပ်အံ့သြပြီး ပြောလိုက်မိတာဗျ။

"မောင်တာတေ မြင်းရော စီးတတ်ရဲ့လား"

ဦးကြီးတော်က ကျုပ်ကိုမေးတာဗျ။

"မှန်ပါ့ ဦးကြီးတော်ဘုရား တူတော် စီးတတ်ပါတယ်ဘုရား"

မြင်းကြီး သုံးကောင်ဗျ။လှလိုက်တဲ့ မြင်းတွေဗျာ။
သုံးကောင်လုံး မြင်းဖြူကြီးတွေပဲဗျို့။အလုံးရော ဒေါက်ရော မြင့်လိုက်တာဗျာ။မြင်းသုံးကောင်စလုံးမှာ ကုံးတွေတပ်ပြီးသားဗျ။ဦးကြီးတော် ပထမံဦးစန္ဒာက မြင်းကြီးတစ်ကောင်ပေါ်ကိုလွှားကနဲ့ ခုန်တက်လိုက်တယ်။ဦးကြီးတော် စီးတဲ့မြင်းရဲ့ဘေးမှာ လှံတစ်ချောင်းစိုက်ထားတယ်။လှံက အသွားခွနဲ့ လှံဗျ။ခရင်းခွလိုပုံစံပေါ့ဗျာ။ဘိုးလူပေလည်း မြင်းတစ်ကောင်ပေါ်ကို တက်လိုက်တယ်။ကျုပ်က ကျန်တဲ့မြင်းတစ်ကောင်ပေါ်ကိုတက်တယ်။ကျုပ်က ငယ်တော့ ခြေနင်းကွင်းနင်းပြီးလွှားကနဲ ခုန်တက်ရတာပေါ့ဗျာ။ခင်ဗျား မှတ်မိမှာပါကျုပ်ရေးခဲ့တဲ့ ကျောက်တလားချောင်း ဝတ္ထုထဲမှာတိမ်ညိုဆိုတဲ့ မြင်းကြီးကို စီးပြီးသွားခဲ့တာလေဗျာ။ကျုပ်က မြင်းကောင်းကောင်းစီးတတ်ပါတယ်။ကျုပ်တို့အညာမှာက လူချမ်းသားတွေ တော်တော်များများ မြင်းစီးကြတာပဲဗျ။ကျုပ်မှာ မြင်းမရှိပေမယ့်သူများမြင်တွေကို ကျုပ် အကုန်စီးဖူးတာချည်းပဲလေဗျာ။after

ဒီမြင်းတွေကို ဦးကြီးတော် ယူလာတာလား။
ဒီမြင်းကောင်းကြီးတွေဟာ  ဘယ်သူ့မြင်းတွေများတုံးလို့ကျုပ်တွေးနေမိတာဗျ။

"လူကလေး မောင်တာတေ မြင်းတွေကို ကိုးမြို့ရှင်
ယူလာပေးတာကွဲ့။ကိုးမြို့ရှင်ကို မောင်တာတေက
မမြင်ရဘူးလေကွယ် ကျုပ်တို့ကိစ္စ ပြီးသွားတော့
သူ့မြင်းတွေ သူ့ကို ပြန်ပေးရမှာပေါ့ကွယ်"

ကျုပ်ဖြင့် အံသြလိုက်တာဗျာ။ကျုပ်စိတ်က တွေးသမျှကိုရှေ့ဆုံးက မြင်းနဲ့သွားနေတဲ့ဦးကြီးတော်က အကုန်သိနေပါရောလားဗျာ။ဒီအတိုင်းဆိုရင်တော့
တာတေ ဘာမှမတွေးမှဖြစ်မယ် ထင်တယ်။

ပိသာနိုးမြို့ဟောင်းကနေ ခရီးစခဲ့တာဗျ။ဘိုးလူပေနဲ့
ကျုပ်စီးတဲ့မြင်းနှစ်ကောင်မှာ ရိက္ခာအိတ်တွေ ချိတ်ထားထားတယ်ဗျာ။ဦးကြီးတော်စီးတဲ့ မြင်းမှာတော့ ရိက္ခာအိတ်မပါပဲ လှံတံ တစ်ချောင်းပဲ ပါလာတာဗျ။ကျုပ်တို့ရိက္ခာအိတ်ထဲမှာ ဦးကြီးတော်အတွက်ပါ ပါပုံရတယ်လို့တွေးနေတာပေါ့ဗျာ။

"လူကလေး မောင်တာတေ ဟိုတွေးဒီတွေး မတွေးနဲ့ကွဲ့စိတ်ဆိုတာ လွှတ်ထားရင် ဒီအတိုင်းပဲ ဂုဏ်တော်ပွါးနေဂုဏ်တော်ပွားနေ"

ဦးကြီးတော်က ကျုပ်ကိုလှမ်းပြောပြန်ရောဗျ။

"မှန်ပါ့ ဘုရား"

လို့ ကျုပ်က ပြန်ပြောလိုက်ရတာပေါ့ဗျာ။ဘိုးလူပေကတော့ကျုပ်ကို တစ်ချက်လှမ်းကြည့်ပြီး ပြုံးတယ်ဗျ။မြင်းတွေနှင့်နေတဲ့ ရှေ့တူရှုကို ကျုပ်လှမ်းကြည့်လိုက်တော့ ရိုးတောင်တန်းကြီးဗျ။ဒါအလယ်ရိုးမပဲ ဖြစ်မယ်လို့ကျုပ်တွေးလိုက်မိတယ်။

"မောင်လူပေ မောင်တာတေကို ခရီးလမ်းပန်းကိစ္စ
နည်းနည်းပါးပါး ပြောပါဦးကွယ်"

ဦးကြီးတော်က ရှေ့ကသွားရင် ဘိုးလူပေကို လှမ်းပြောတာဗျ။ကျုပ်မြင်းနဲ့ဘိုးလူပေရဲ့မြင်းက ယှက်လျက်သားသွားနေကြတာလေဗျာ။

"ဒီလိုကွဲ့ မောင်တာတေရဲ့ ပန်ထွာဘုရင်မက ထုံကူးတာနှစ်တစ်ရာ ပြည့်ပြီကွဲ့ ဒီတစ်ခါ ထုံကူးပြီးရင် အနှစ်တစ်ထောင်တိတိ ဒီအတိုင်းနေသွားလို့ ရပြီကွဲ့"

"ဟာ… ဟုတ်လား ဆရာကြီး"

"အေး …အဲဒီနေရာမှာ အနှောင့်အယှက်တွေ ပေါ်လာတော့တာကွယ် အသက်တစ်ထောင်ကျော်ရှိတဲ့ကဝေမကြီး တစ်ယောက် ယောနယ်မှာ ရှိတယ်ကွဲ့သူက မကြာခင် သက်တမ်းကုန်တော့မှာ သူ့အသက်ကိုနောက်ထပ် ဆွဲဆန့်လိုလည်း မရတော့ဘူး ဒီတော့ကဝေမကြီးက သေမှာ သိပ်ကြောက်နေတာမောင်တာတေရေ"

"ဟင်…ဘာဖြစ်လို့တုန်း ဆရာကြီးရဲ့ လူတိုင်း တနေ့
သေမှာပဲ မဟုတ်လား"

"ဟုတ်တယ်…ဟုတ်တာပေါ့ မောင်တာတေ ဒါပေမဲ့
ကဝေသေရင် အဝီစိငရဲမှာ ခံရမှာလေကွယ်။သူက နှစ်ပေါင်းများစွာ မကောင်းတာတွေချည်းလုပ်ခဲ့တာမို့လား ဒီတော့ အဝီစိကို ဆင်းရတော့မှာလေဒီမှာတင် ဒီကဝေမက မကြံစည်သင့်တာကိုကြံတော့တာပေါ့ကွယ်"

"…ဟင် …ဘာတွေကြံလို့တုံး ဆရာကြီးရဲ့"

"ပန်ထွာ ဘုရင်မရဲ့ ဝိညာဉ်နဲ့ သူရဲ့ဝိညာဉ်ကိုနေရာချင်း လဲဖို့ပေါ့ကွယ်"

"ဗျာ …ဘယ်လိုများတုံး ဆရာကြီးရဲ့"

"ဒီလိုကွဲ့ မောင်တာတေရဲ့ ပန်ထွာဘုရင်မက
ထုံကူးတဲ့ အချိန်မှာ သူရဲ့ ဝိညာဉ်ကို ဇမ္ဗူရစ်ရွှေစင်နဲ့
သွန်းလုပ်ထားတဲ့ ဝိညာဉ်ဘူးထဲမှာ ထည့်ထားတာ
ပြောရရင်တော့ ရုပ်က တစ်နေရာ ဝိညာဉ်က တစ်နေရာပေါ့ကွယ် အဲဒီဝိညာဉ်ကို ပိဿနိုးက ထွက်လာကတည်းက ပါလာတဲ့ ကိုယ်ရံတော်တပ်မှူးနဲ့ တပ်သားကိုးယောက်က စောင့်ကြရတာ"

"ဗျာ ပိဿနိုးက ကိုယ်ရံတော်တွေ ဟုတ်လား ဆရာကြီးဒီလူတွေက အခုအထိ ရှိသေးလို့လား "

"ရှိတယ်  မောင်တာတေ လူ့ဘုံမှာမှ မဟုတ်တော့တာကျုပ် မောင်တာတေကို ပြောခဲ့တယ်လေ သူတို့ကိုဘုံစဉ် ရေရင်တော့ နတ်ဘုံမှာ ထည့်ရေတွက်လို့ရတယ်ဆိုတာလေ"

"သြော်…ဘုရင်မရဲ့ ကိုယ်ရံတော်တပ်က အခုထိ
ရှိနေသေးတာကိုး"

ကျုပ်က အံ့သြပြီး ပြောလိုက်မိတာဗျ။

ရှိတယ် မောင်တာတေ ရှိတယ်  ဘုရင်မရဲ့ ဝိညာဉ်ထည့်တဲ့ရတနာရွှေကြုတ်ကို သူ့ကိုယ်ရံတော်ကပဲ စောင့်နေကြတာပါကွယ်အဲဒါကို ကဝေမကြီးက ဘုရင်မရဲ့ ဝိညာဉ်ကိုရအောင်လုယူပြီး ဘုရင်မ ထုံက ပြန်ထမယ့်အချိန် အတိအကျကိုစောင့်လိမ့်မယ် အဲဒီအချိန်မှာ သူရဲ့ ဝိညာဉ်ကိုဘုရင်မရဲ့ ကိုယ်ထဲကိုဝင်ပြီး ဘုရင်မရဲ့ဝိညာဉ်ကိုသူ့ကိုယ်ထဲ သွင်းလိမ့်မယ်ကွဲ့"

"ဟာ…ဒီကဝေကြီးက တော်တော်ကို စွမ်းတာပါလားဆရာကြီးရဲ့"

"စွမ်းတယ်ကွဲ့ မောင်တာတေရဲ့ ဘုရင်မရဲ့ ဝိညာဉ်တော်ကို ပထမံပုဂ္ဂိုလ်တွေကလွဲရင် ဘယ်သူမှ ကိုင်ခွင့်ရှိတာမဟုတ်ဘူးကွဲ့ ဒါပေမဲ့ ပထမံပုဂ္ဂိုလ်ရဲ့ ခွင့်ပြုချက်ရရင်တော့ ကိုင်ခွင်ရှိတာပေါ့ကွယ် ဘုရင်မ ဝိညာဉ်ခွာတုန်းကလည်း ပထမံပုဂ္ဂိုလ်ကြီးတစ်ယောက်လာပြီးရတနာရွှေကြုတ်ထည့်ပြီး လုံခြုံတဲ့ နေရာမှာ ထားပေးရတာ။ဒါကိုမှ သူရဲ့ကိုယ်ရံတော် တပ်က စောင့်ကြတာပေါ့ကွယ် ဘုရင်မ ထုံက နိုးမယ့်အချိန်မှာလည်း ပထမံ ပုဂ္ဂိုလ်တစ်ယောက် ရောက်လာပြီးဝိညာဉ်ကြုတ်ကိုထုတ်ယူရတယ် ပြီးတော့မှ ဘုရင်မ နိုးချိန်မှာ ဝိညာဉ်ကြုတ်ကိုဖွင့်ပြီး ခန္ဓာကိုယ်ထဲကိုပြန်ထည့်ပေးရတာကွဲ့"

"သြော် …ဒီလိုလား"

"အေး…အခု ဘုရင်မ ထုံကနေ နိုးမယ်အချိန်မှာ ဒီကဝေမကပထမံပုဂ္ဂိုလ်တွေထက် ဦးအောင်လာပြီး ယုတ်ယုတ်မာမာကြံစည်မလို့ပဲကွဲ့ "

"အဲဒီလို လုပ်နိုင်ခဲ့ရင် သူ ဘာတွေဖြစ်မှာတုံး
ဆရာကြီးရဲ့"

"ဟ …မောင်တာတေ ဘုရင်မလို အသက်ထောင်နဲ့ချီပြီးသူနေတော့မှာပါ ပြီးတော့ ရုပ်ကလည်း ဘုရင်မရဲ့ရုပ်လေနတ်မိမယ်လောက်လှတဲ့ ဘုရင်မလေကွယ်အဲဒီရုပ်ကို ကဝေမကြီးက အပိုင်သိမ်းတော့မှာပေါ့ကွယ်ဘုရင်မရဲ့ ဝိညာဉ်ကတော့ ကဝေမကြီးရဲ့ ကိုယ်ထဲကိုရောက်ပြီး ကဝေမကြီး ဖြစ်နေတော့မှာပေါ့ ။ဒီမှာတင် သူက ဘုရင်မကို နှစ်ပေါင်းများစွာ ချုပ်နှောင်ဖမ်းဆီးထားမှာပေါ့ကွယ် "

"ဟာ… တော်တော် ယုတ်မာတဲ့ ကဝေမကြီးပါလားဗျာ"

"သြော် …မောင်တာတေရယ် ကဝေပါဆိုမှာကွယ်
ဘယ်မှာ အကောင်းကြံပါမတုံး "

ဦးကြီးတော်နဲ့ ကျုပ်တို့ စီးလာတဲ့ မြင်းတွေတောင်ခြေကို ရောက်ပြီဗျ။ကျုပ်က ညို့မှိုင်းနေတဲ့ ရိုးမတောင်ကြီးကိုတစ်ချက်မော့ကြည့်တယ်။ဒီတောင်တန်းကြီးရဲ့ ဘယ်နေရာမှာ ဘုရင်မတောင်တော် ရှိပါလိမ့်လို့ကျုပ်တွေးလိုက်မိတယ်ဗျ။ဦးကြီးတော်နဲ့ ဘိုးလူပေက ကောင်းကင်အနေအထားကိုမော့ကြည့်တယ်။

"မောင်လူပေ ဟိုမှာ ကြည့်ကွဲ့"

ဦးကြီးတော် ကြည့်ခိုင်းတဲ့ နေရာကို ဘိုးလူပေက
မော့ကြည့်တာပေါ့ဗျာ။လင်းတတွေဗျ။အကောင်နှစ်
ဆယ်လောက် ရှိမယ်ဗျ။ကောင်းကင်မှာ ဝဲနေတာဗျို့။

"ကဝေမက ကျုပ်တို့ လိုက်လာမယ်ဆိုတာ တွက်ထားပြီးသားကွဲ့ ကျုပ်တို့ လွယ်လွယ်နဲ့ သူဆီကို မရောက်လာအောင် တစ်လမ်းလုံး နှောင့်ယှက်ဖို့ သူရဲ့ တပည့်တပမ်းတွေကို ချထားခဲ့ပြီးသားကွဲ့ သူရဲ့ တပည်တပမ်းတွေဆိုတာကလည်း ပညာအနုအရင့် အမျိုးမျိုးတော့ရှိမှာပေါ့လေ ဒါပေမဲ့ ဒီလောက် အရေးကြီးတဲ့ခရီးမှာပညာနုတဲ့သူတွေ ခေါ်လာမယ်မထင်ဘူးကွဲ့ ဒီတော့ သတိထား  ထားပေတော့ မောင်လူပေရေ"

°°°
''
#

Comment