မှော်ဝင်ကြေးမှုန်(တာတေ)၃

မှော်ဝင်ကြေးမုံ အပိုင်း ၃ ဇာတ်သိမ်း

ကျွန်ုပ်ဧည့်ခံသောလက်ဖက်ရည်ကို တဖူးဖူးမှုတ်ပြီး ကပ်ပိယကိုထော်ကသောက်နေရင်းမှ-

"ဟာ ကိုပန်းဦး၊ဒီအတွက်တော့မပူနဲ့ဗျ၊ ကျုပ်မိတ်ဆွေပါဆိုပြီးဆရာတော့်ဆီမှာလျှောက်ပေးမယ်၊ ကျုပ်တို့ကျောင်းမှာပဲတည်းဗျာ၊ ဆရာတော်ကလည်းအလွန်သဘောကောင်းတာဗျ၊ ကျောင်းဝင်းကြီးကလည်းကျယ်လိုက်သမှ တိုက်ကျောင်းချည်းသုံးဆောင်ရှိတာဗျ၊ သံဃာကအားလုံးပေါင်းခုနစ်ပါးပဲရှိတယ်၊ ကျယ်ကျယ်ဝန်းဝန်းနဲ့နေလို့ရတာပေါ့ဗျာ။ ကိုပန်းဦးပြန်ချင်တော့မှသာပြန်ပါ"

ကျွန်ုပ်လည်းဝမ်းသာအားရနှင့် ကပ်ပိယကိုထော်နောက်သို့ လိုက်ခဲ့လေ၏။ ကိုထော်ပြောသလိုပင်ဆရာတော်က အလွန်သဘောကောင်းသည်ကိုကျွန်ုပ်တွေ့ရ၏။ ကျွန်ုပ်လည်းနေစရာ၊ စားစရာဘာမှမပူရတော့သဖြင့် ဘုန်းကြီးကျောင်းတွင်စားလိုက်၊ ရွာထဲလျှောက်သွားလိုက်နှင့် အသိမိတ်ဆွေများလည်းတိုးပွားလာရာ ကျွန်ုပ်ကိုသူတို့က တောင်တွေဟိုဘက်ကလာတဲ့လူဟုအအသိအမှတ်ပြုကြတော့၏။ သူတို့သည်ထိုတောင်တန်းကြီးများ၏ ဟိုဘက်ကိုရောက်ဖူးသူတစ်ယောက်မှမရှိကြပေ။ တောင်တန်းကြီးများ၏ဟိုဘက်ကို ရောက်ဖူးသူများယခင်ကသူတို့ရွာတွင်ရှိခဲ့သော်လည်းပြန်လာလျှင်အဘိုးကြီးအိုများဖြစ်သွားကြလေရာ နောက်ထပ်မည်သူမျှမသွားကြတော့ကြောင်း ပြောပြကြလေရာ ကျွန်ုပ်လည်းသူတို့ပြောသော တောင်တန်းကြီးများနှင့် တောင်တန်းကြီးများ၏ဟိုဘက်ကရွာဆိုသည်မှာ မည်သည်ကိုဆိုလိုမှန်းသိကိုမသိနိုင်ခဲ့ပေ။

"ပြန်လာတော့ အဘိုးကြီးအိုတွေ ဖြစ်သွားတယ်ဆိုတော့ သူတို့ကဟိုမှာအကြာကြီးနေခဲ့လို့လား"

"ဟာ ဘယ်ဟုတ်ရမှာတုံးဗျာ၊ သူတို့သွားတာတစ်နှစ်လောက်ပဲကြာတာ၊ ပြန်လာတော့အဘိုးအိုကြီးတွေဖြစ်ပြီး သေကုန်ကြတာဗျ"

"ဟင်"

ကျွန်ုပ်လည်း 'ဟင်' ဟုသာပြောနိုင်ပြီး အခြားဘာကိုမှမပြောနိုင်တော့ပေ။ သူတို့ပြောတဲ့တောင်တန်းကြီးတွေရဲ့ ဟိုဘက်ကရွာဆိုတာ ငါတို့ရွာတွေကိုပြောတာများလားဟု တွေးနေမိလေ၏။ ဤသို့နေလာရင်းနှင့် ကျွန်ုပ် မိဖုရားရွာမှာရောက်နေသည်မှာသုံးလပြည့်သွားလေတော့၏။

"ကိုပန်းဦးရေ၊ မနက်ဖြန်မှာ နေကြတ်လိမ့်မယ်ဗျ"

ကပ်ပိယကိုထော်က ကျွန်ုပ်ကိုနေကြတ်မည့်အကြောင်း ကြောက်လန့်တကြားနှင့် ပြောပြလေ၏။ ကျွန်ုပ်၏စိတ်ထဲတွင် နေကြတ်သည်ကို ကြောက်စရာတစ်ခုလိုဖြစ်နေတာဘာကြောင့်ပါလိမ့်လို့တွေးနေမိလေ၏။ နောက်တော့ ကျောင်းမှဆရာတော် သံဃာတော်များ လည်းစုဝေးကြပြီးနေကြတ်ချိန်တွင် ရွတ်ဖတ်သရဇ်ဇျာယ်ရမည့် ပါဠိတော်များကို ကြိုတင်တိုင်ပင်ကြလေရာ ကျွန်ုပ်မှာ မည်သိုမျှ မနေနိုင်တော့ဘဲ ကပ်ပိယကိုထော်ကို မေးမိလေတော့၏။

"နေပါဦး ကိုထော်ရဲ့၊ မနက်ဖြန် နေကြတ်မှာကိုဆရာတော်ကအစ စိုးရိမ်နေတာ ဘာသဘောတုံးဗျ၊ ဘာများကြောက်စရာရှိကြလို့တုံး"

ကျွန်ုပ် မေးလိုက်သောအခါ ကိုထော်က ဘေးဘီကိုအကဲခတ်သလိုကြည့်လိုက်ပြီးမျှ အသံခပ်အုပ်အုပ်ဖြင့် ကျွန်ုပ်အားပြောပြလေ၏။

"ကိုပန်းဦး ခင်ဗျားက တခြားကလာတဲ့ဧည့်သည်ဆိုတော့ ဒီကိစ္စကို ဘယ်သိမှာတုံး၊ ဒီလိုဗျ၊ ကျုပ်တို့ဆီမှာက နေကြတ်တဲ့အချိန်ရောက်ရင် အင်မတန်မှကြောက်စရာအကောင်ကြီးတွေ ရောက်လာကြတာဗျ"

"ဗျာ ဘယ်လိုဗျ ကိုထော်ရဲ့၊ အကောင်ကြီးတွေ ဟုတ်လား၊ ဘယ်လိုအကောင်ကြီးတွေတုံး"

ကျွန်ုပ်ကလည်း အံ့သြပြီး အလောတကြီး မေးလိုက်မိလေ၏။

"အရွယ်အစားက ထန်းပင်လောက်အရပ်ကြီးတွေနဲ့ ကိုယ်လုံးကအိမ်တစ်လုံးနီးပါးလောက်ရှိတာဗျ၊ ကြည့်လိုက်ရင်မည်းမည်းအရိပ်ကြီးတွေလို့ထင်ရတယ်"

"ဟာ ဟုတ်လားဗျ၊ ဘယ်ကရောက်လာတဲ့ အကောင်ကြီးတွေတုံး ကိုထော်ရဲ့"

"အဲဒါတော့ဘယ်သူမှမသိကြဘူးဗျ၊ နေကြတ်တာနဲ့အလိုလိုပေါ်လာတာပဲကိုပန်းဦးရဲ့၊ ပြီးရင်ရွာထဲမှာတွေ့သမျှနွားတွေ၊ ဆိတ်တွေကိုဆွဲပြီးစားတော့တာပဲဗျ။ အဲဒီအချိန်မှာလူတွေ့ရင်လူတွေကိုစားသွားရောဗျို့၊ ဒီရွာမှာလူလည်းအစားခံရဖူးတယ်ဗျ၊ နေကြတ်မယ့်နေ့မှာလူတွေကအိမ်တံခါးတွေအလုံပိတ်ပြီးအသံမထွက်အောင်နေကြတာဗျ။ နွားတွေ ဆိတ်တွေကိုတော့ ရွာထဲမှာဒီအတိုင်းလွှတ်ပေးထားရတာ၊ စားချင်ရင်စားဆိုပြီးကျွေးတဲ့သဘောပေါ့ဗျာ၊ ဘာမှမစားရရင်လူတွေကို မတွေ့တွေ့အောင်ရှာပြီး အန္တရာယ် ပေးမှာစိုးလို့ဗျ"

"ဟာ တော်တော်ဆိုးပါလားဗျာ၊ နေကြတ်တဲ့အချိန်ကြီးဟာ ခင်ဗျားတို့အတွက်ကြောက်စရာကြီးပဲဗျ"

"အဲဒါကြောင့် ကြောက်ကြတာပေါ့ ကိုပန်းဦးရဲ့၊ ဘုန်းကြီးကျောင်းတွေက သံဃာတွေကတော့ ကျောင်းတံခါးတွေပိတ်ပြီး ရွာသူရွာသားတွေ အန်တရာယ်ကင်းဖို့ ရွတ်ဖတ်သရဇ်ဇျာယ်ပြီး မေတ္တာ ပို့နေကြရတာပေါ့ဗျာ၊ ဒါပေမယ့် ထူးဆန်းတာတစ်ခုက အဲဒီအကောင်ကြီးတွေဟာ ဘုန်းကြီးကျောင်းဝင်းတွေအထဲကို ဘယ်တော့မှမဝင်ဘူးဗျ၊ နွားနောက်ကိုပြေးလိုက်ပြီးဖမ်းနေရာက ကျောင်းဝင်းထဲကိုနွားဝင်သွားရင် ဆက်မလိုက်တော့ဘဲ လှည့်ပြန်သွားတာဗျ"

"ခင်ဗျားပြောတာနဲ့တင် ကျုပ်မှာကြောက်လှပါပြီကိုထော်ရာ"

"နောက်တစ်ခုရှိသေးတယ်ဗျ။ အပြင်မှာဒီအကောင်ကြီးတွေနဲ့ ပက်ပင်းတိုးမိရင် သူတို့မျက်နှာကို ဘယ်တော့မှမကြည့်ရဘူးဗျ၊ အောက်ကိုငုံ့ပြီး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိကို ဒုတိယမွိ၊ တတိယမွိ ခံရွတ်နေရတယ်ဗျ"

"ဟင် ဟုတ်လား၊ အဲဒါဆိုရင် ဘယ်လိုထူးတုံးဗျ ကိုထော်ရဲ့"

"ဟာ အဲဒီလိုရွတ်ထားရင် ကိုယ်ပျောက်နေတာဗျ၊ လူကိုသူတို့မမြင်တော့ဘူး"

"ဟာ ဒါဆိုရင်ဟန်ကျတာပဲ ကိုထော်ရေ၊ မနက်ဖြန်ရောက်ရင် ခင်ဗျားပြောတာကိုရွတ်ပြီး ကျုပ်ရွာထဲကိုထွက်မယ်၊ ဒီကောင်တွေကိုကျုပ်မြင်ဖူးအောင် ကြည့်ချင်တယ်ဗျာ"

"မဟုတ်တာ ကိုပန်းဦးရယ်၊ ဒီလောက် အန္တရာယ် များတဲ့အချိန်မှာ ခင်ဗျားမို့လို့ ရွာထဲထွက်ချင်တယ်လို့ဗျာ"

"ကျုပ်က ဒီရွာကို ရောက်တုန်းရောက်ခိုက်မှာ အခုလိုထူးဆန်းတဲ့ အဖြစ်အပျက်ကြီးကို ကိုယ်တိုင်မြင်သွားချင်လို့ပါဗျ"

"အင်း ခင်ဗျားပြောတာလည်း ဟုတ်တာပဲလေ၊ ဒါပေမယ့် ခင်ဗျားလေ့လာမှုက အသက်နဲ့ရင်းပြီးလေ့လာရမှာနော်၊ ကိုပန်းဦး"

"စိတ်ချပါဗျာ၊ ကျုပ်မှာ ခင်ဗျားပြောထားတဲ့ သရဏဂုံသုံးပါးရွတ်တဲ့နည်းလမ်းလည်း ရထားပြီပဲ"

"ဟာ ကိုပန်းဦး၊ ဒါကလည်း ပါးစပ်ပြော ကိစ္စ တစ်ခုနော်၊ ဘယ်သူမှ စမ်းသပ်ဖူးတာမဟုတ်ဘူးဗျ"

"ဒါဆိုရင်လည်း ကျုပ်စမ်းမှာပေါ့ ကိုထော်ရာ"

"ကဲ ဘယ်လိုမှပြောမရရင်လည်း မနက်ဖြန်ထွက်ပြီး လေ့လာဗျာ၊ ဒါပေမယ့်သတိတော့ထားဗျို့။ အခြေနေမဟန်ရင်ပြေးသာပြေး၊ ကိုပန်းဦးကြားလား၊ ဟောဒီကျောင်းဝင်းထဲအရောက်သာပြေး၊ ကျောင်းဝင်းထဲရောက်တာနဲ့သူတို့ဆက်မလိုက်တော့ဘူး"

ကျွန်ုပ်အပေါ်တွင် စိတ်ရင်းစေတနာရင်းဖြင့် သတိပေးပြောဆိုနေသော ကိုထော်ကိုကြည့်၍ ကျွန်ုပ်မှာစိတ်ထဲတွင် မကောင်းဖြစ်ရလေ၏။ သို့သော် ကျွန်ုပ်မှာ ကျွန်ုပ်၏အိမ်သို့ပြန်ရန် သည်အခွင့်အရေးကိုမည်သို့မျှ လက်လွှတ်၍မရပေ။ နေကြတ်သည်မှာမိနစ်ပိုင်းသာကြာမြင့်တတ်သည်ဖြစ်ရာ ကျွန်ုပ်မှာမည်သို့မျှ ​နှောင့်နှေးကြန့်ကြာနေ၍မဖြစ်ပေ။ နောက်တစ်နေ့တွင် နံနက်ခုနစ်နာရီခန့်ကတည်းက ကျွန်ုပ်မှာကိုထော်ကို နှုတ်ဆက်ပြီးဘုန်းကြီးကျောင်းမှ ထွက်ရလေ၏။ ဆရာတော်များမှာကျောင်းကြီးများကို တံခါးအလုံပိတ်ထားကြပြီး ဖြစ်၏။ ကိုထော်က ကျွန်ုပ်ကိုတံခါးဖွင့်ပေးပြီး ချက်ချင်းပြန်ပိတ်လိုက်လေ၏။ ကျွန်ုပ်ရွာထဲကိုထွက်လာသည်ကို ဆရာတော်များမသိလိုက်ကြပေ။

ကျွန်ုပ်ရွာထဲသို့ ရောက်သောအခါ ရွာလမ်းများပေါ်တွင် လူတစ်ယောက်မှမရှိဘဲ နွားများ၊ ဆိတ်များသာ ရွာလမ်းပေါ်တွင် လျှောက်သွားနေကြသည်ကို တွေ့ရလေ၏။ နွားများ၊ဆိတ်များ ကားအမြဲတမ်းကြိုးချည်ခံထားရသည့် သတ္တဝါ များဖြစ်လေရာယခုကဲ့သို့ ကြိုးဖြုတ်၍လွှတ်ပေးထားသောအခါ အလွန်ကျေနပ်ပျော်ရွှင်နေကြပုံရလေ၏။ တစ်ရွာလုံးအနှံ့လျှောက်သွားနေကြသည်မှာ နေရာအနှံ့ဖြစ်နေသဖြင့် ကျွန်ုပ်မှာမနည်းပင် ရှောင်ရှား၍ လျှောက်ခဲ့ရလေတော့၏။

ရွာထဲမှအိမ်တိုင်းအားလုံး တံခါးများအလုံအခြုံပိတ်ထားကြပြီး လူရိပ်လူယောင်ဟူ၍ တစ်ယောက်တလေမျှပင် မတွေ့ရတော့ပေ။ အသံလည်းလုံးဝမကြားရလေရာ ရွာကြီတစ်ခုလုံးလူတစ်ယောက်မျှမရှိတော့ဘဲ အခြားအရပ်ဒေသသို့ရွာလုံးကျွတ်ပြောင်းရွှေ့သွားသကဲ့သို့ပင် ထင်ရလေ၏။ ကျွန်ုပ်လည်း ကျွန်ုပ်စတင်ရောက်ရှိခဲ့သော ညောင်ပင်ကြီးနှစ်ပင်ကိုလိုက်၍ရှာဖွေရာမျက်စိလည်နေသောကြောင့် အတော်လေးကြာအောင် ရှာလိုက်ရလေ၏။ ရွာကြီးတစ်ရွာလုံးတွင် နွာများ၊ဆိတ်များနှင့် လူဆိ၍ကျွန်ုပ်တစ်ယောက်သာ ရှိလေတော့၏။ ကျွန်ုပ်လည်းညောင်ပင်ကြီးအောက်တွင်ထိုင်နေရင်း ကောင်းကင်သို့မကြာမကြာမော့ကြည့်မိလေ၏။

"ဟော နေကြတ်ပြီ"

ကျွန်ုပ်တစ်ယောက်တည်း ပြောဆိုလိုက်ခြင်းသာ ဖြစ်လေ၏။ နေလုံးကြီး၏ ထောင့်လေးတစ်ခုမှ စတင်၍မည်းမည်းအကွင်းလေးပေါ်လာကာတဖြည်းဖြည်း အမည်းရိပ်ကကြီးလာလေတော့၏။

"အူး၊ ဝူး၊ ဝူး၊ အီး၊ အီး၊ ဝူး"

"ဟာ ဘာသံကြီးတွေပါလိမ့်"

ကျွန်ုပ်တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားလေတော့၏။ ကျွန်ုပ်ကြားရသော အသံကြီးများမှာ ရွာပေါ်မှကျော်၍ ထွက်လာသော အသံကြီးများဖြစ်လေရာ၊ ကပ်ပိယကိုထော်ပြောသောအရိပ်လို မည်းမည်းအကောင်ကြီးတွေပေါ်လာပြီဟု ကျွန်ုပ်သိလိုက်ရလေ၏။

"ဝမ်းဘဲ၊ ဝမ်းဘဲ၊ ဝမ်းဘဲ"

"ဝပ်ထရိန်း၊ ဝပ်ထရိန်း"

"ပဲ၊ ပဲ၊ ပဲ၊ ပဲ"

ရွာထဲမှနွားများအော်သံ ၊ဆိတ်များအော်သံ၊ အလန့်တကြားရုန်းကန်ထွက်ပြေးသံများကို ကျွန်ုပ်ကြားနေရလေရာ မွေးညင်းများပင်မကဘဲဆံပင်များပါ ထောင်ကုန်လေပြီဟု ကျွန်ုပ်ထင်မိလေတော့၏။ ကျွန်ုပ် ကောင်းကင်ကို တစ်ချက်မော့ကြည့်လိုက်လေ၏။ နေလုံးကြီးကို အမှောင်တော်တော်ဖုံးနေပြီလေ။ ရွာပေါ်သို့ကျနေသော နေရောင်လည်း ပျောက်သွားလေပြီ။ ရွာကြီးတစ်ခုလုံးမှုန်မှိုင်းမှိုင်းဖြစ်သွားလေရာ ရွာထဲတွင်လည်း မည်းမည်းအကောင်ကြီးများ သောင်းကျန်းချင်တိုင်းသောင်းကျန်းနေကြပြီဟု ကျွန်ုပ်တွေးလိုက်မိ၏။

"ဝပ်ထရိန်း၊ ဝပ်ထရိန်း၊ ဝပ်ထရိန်း"

"ဟာ"

ကျုပ်တွေးနေစဥ်မှာပင် ကျွန်ုပ်ရှေ့ရှိ ရွာ၏အစွန်ဆုံးလမ်းပေါ်တွင် နွားသိုးကြီးတစ်ကောင် အသက်လု၍ ပြေးလာသည်ကို တွေ့လိုက်ရလေ၏။ နွားဖြူကြီးမှာအလွန်သန်မာသော သတ္တဝါ ဖြစ်၍ဘို့ကြီးများပင် နောက်သို့ကောက်ထွက်နေလေ၏။

"ဝပ်ထရိန်း၊ ဝပ်ထရိန်း"

အသက်လု၍ပြေးရင်း ပါးစပ်မှလည်းကြောက်လန့်တကြားအော်ဟစ်နေသည်မှာသနားဖို့အလွန်ကောင်းလေ၏။ နွား၏နောက်သို့ကြည့်လိုက်သောအခါ ထန်းပင်အမြင့်လောက် အရပ်ကြီးရှည်၍ကိုယ်လုံးကြီးမှာ အိမ်တစ်လုံးအရွယ်လောက်ရှိသော မည်းမည်းအရိပ်ကြီးလိုလို အကောင်ကြီးတစ်ကောင်ပြေးလိုက်လာသည်ကို တွေ့ရလေ၏။ ကပ်ပိယကိုထော်က အဲဒီအကောင်ကြီးတွေကိုတွေ့လျှင် မျက်နှာကို မကြည့်ရဘူးဆိုသော်လည်းညောင်ပင်ကြီးကိုကွယ်ရင်း ကျွန်ုပ်ကြည့်လိုက်မိ၏။ မျက်လုံးကြီးများကလင်ကွင်းဝိုင်းလောက်ရှိပြီးပါးစပ်ကြီးများက စပါးငါးဆယ်ဝင် ပုတ်တစ်လုံး၏အဝလောက်ရှိသည်ကို ကျွန်ုပ်တွေ့ရလေ၏။ ပါးစပ်ထဲတွင်အစွယ်ကြီးများထွက်နေသည်မှာ ဝါးဘိုးလုံးခန့် ရှိသည်ကိုတွေ့ရလေသည်။ ပါးစပ်ထဲမှတွဲလောင်းကျနေသော လျှာအနီကြီးမှာ သင်ဖြူးဖျာတစ်ချပ် ဖြန့်ချထားသကဲ့သို့ တွဲလောင်းကြီးကျနေလေ၏။

"ဝပ်ထရိန်း"

ကျွန်ုပ်ကြည့်နေတုန်းမှာပင် ရှည်လျားသောလက်တံကြီးဆန့်ထွက်လာပြီး ရှေ့မှပြေးနေသည့် နွားဖြူကြီးကို ဖမ်းယူလိုက်လေတော့၏။ နွားဖြူကြီးမှာ ထို သတ္တဝါ ကြီး၏လက်ထဲတွင်ယက်ကန်ယက်ကန် နှင့်ပါသွားလေ၏။

"အီး၊ အီး၊ အီး"

အစာကိုဖမ်းမိသွားသော မည်းမည်းအကောင်ကြီးက အားရဝမ်းသာတစ်ချက်အော်လိုက်ကာ နွားဖြူကြီးကိုအရှင်လတ်လတ်ကိုက်စားလေတော့၏။ ကျွန်ုပ်ကြောက်လွန်း၍ဒူးများ တဆတ်ဆတ်တုန်နေလေတော့၏။ သည်တော့မှကိုထော်ပြောသောသရဏဂုံကို ရွတ်ဖို့သတိရသွားပြီး အဆက်မပြတ်ရွတ်မိလေတော့၏။ ကောင်းကင်မော့ကြည့်လိုက်သောအခါ နေလုံးကြီးတစ်လုံး အမှောင်ဖုံးနေလေပြီ။ ညောင်ပင်နှစ်ပင်အောက်သို့ လှည့်၍ကြည့်လိုက်သောအခါ မှန်ချပ်ကြီးတစ်ချပ်ထောင်ထားသကဲ့သို့ အလင်းကွက်ကြီးတစ်ခုပေါ်နေသည်ကို ကျွန်ုပ်သေသေချာချာတွေ့လိုက်ရလေရာ သရဏဂုံကိုမပြတ်ရွတ်ဖတ်နေရင်းမှ ထိုအလင်းကွက်ဆီသို့အရောက်သွား၍ ပထမခြေထောက်တစ်ဖက် လှမ်းဝင်လိုက်လေ၏။ ပြီးမှကျွန်ုပ်၏တစ်ကိုယ်လုံး ထိုးဝင်လိုက်လေတော့၏။

"ဟာ အိမ်ပြန်ရောက်ပြီ"

ကျွန်ုပ်၏ပါးစပ်မှ ယောင်၍ပြောလိုက်မိခြင်းဖြစ်လေ၏။ ကျွန်ုပ်မှော်ဝင်ကြေးမုံမှန်ကြီးရှေ့တွင် လွယ်အိတ်ကြီးလွယ်၍ ရပ်နေလျက်သား ရှေးဟောင်း ပစ္စည်း များထားသော အခန်းကြီးထဲသို့ ပြန်၍ရောက်ခဲ့လေ၏။ ကျွန်ုပ်လည်းနောက်သို့လှည့်၍ မှန်ချပ်ကြီးကိုကြည့်လိုက်သော်လည်း မှန်ထဲတွင် ဘာကိုမျှ မတွေ့ရပေ။ သည်တော့မှကျွန်ုပ်သဘောပေါက်သွားလေတော့၏။

"ဪ နေကဟိုမှာကြတ်တာပဲ၊ ဒီမှာကြတ်တာမှမဟုတ်တာ၊ ဒီမှာကြတ်မှ မှန်ထဲမှာရွာကြီးပေါ်မှာပေါ့"

ဟူ၍ စိတ်ထဲမှာပြောရင်း မှန် သေတ္တာ ၏တံခါးကိုခပ်မြန်မြန်ပိတ်လိုက်၍ ရှေးဟောင်းပစ္စည်း ထားသောအခန်းကြီးထဲမှအပြင်သို့ထွက်လိုက်ကာ လှေကားမှအောက်ထပ်သို့ ဆင်းလာခဲ့လေ၏။ ကျွန်ုပ်ဆင်းလာသည်ကိုမြင်လိုက်ကြသော ကျွန်ုပ်၏ဇနီးနှင့်ဆွေမျိုးများက ကျွန်ုပ်ကို သရဲတစ်ဆေတစ်ကောင်သဖွယ် အလန့်တကြားဝိုင်း၍ကြည့်နေကြလေ၏။ အချို့လည်းထပြေးတော့မလိုလုပ်ကြ၏။ အချို့က ကျွန်ုပ်အားလက်ညှိုးကြီးထိုးကာ -

"ဟိုမှာ ဟိုမှာ"

ဟုသာ ပြောနိုင်ပြီး မူးသလို၊ မေ့သလို ဖြစ်သွားကြလေ၏။ အချို့မှာ ဣတိပိသောကို ကျယ်ကျယ်ရွတ်၏။

"ဟဲ့ ဘာဖြစ်နေကြတာတုံး"

ဟု ကျွန်ုပ်က အသံမာမာနှင့်အော်၍ မေးလိုက်တော့မှ အားလုံးငြိမ်သွားကြကာ ကျွန်ုပ်ဘယ်သွားနေတာတုံးဟု ဝိုင်း၍မေးကြတော့၏။ ကျွန်ုပ်မှော်ဝင်ကြေးမုံမှန်ကြီးထဲမှ ဝင်သွားကာမိဖုရားရွာတွင်နေခဲ့သည့်အချိန်မှာ သုံးလအတိသာကြာသော်လည်း ကျွန်ုပ်ကို ကျွန်ုပ်၏ဇနီး နှင့်ဆွေမျိုးများက ပြောကြသည်မှာကျွန်ုပ်အိမ်မှပျောက်သွားသည်မှာ သုံးနှစ်တိတိကြာသွားပြီဟူ၍ ဖြစ်တော့၏။

ကျွန်ုပ်လည်းအလွန်အံ့သြမိရလေ၏။ သို့သော် ကျွန်ုပ်၏ ​မှော်ဝင်ကြေးမုံ မှန် သေတ္တာ ကြီးအကြောင်းနှင့် ကျွန်ုပ်ရောက်ခဲ့သောမိဖုရားရွာအကြောင်းကိုမူစိုးစဥ်းမျှပင် ပြောပြ၍မဖြစ်နိုင်ကြောင်းတွေးမိသဖြင့် ဘယ်သူမေးမေးကျွန်ုပ်က ဘူးခံ၍သာနေရလေတော့၏။ ကျွန်ုပ်၏ ဇနီးမေးသည်ကိုပင် ကျွန်ုပ်မဖြေခဲ့ပေ။ မည်သို့မေးမေးကျွန်ုပ်ကမဖြေသောအခါ သူတို့လည်းတဖြည်းဖြည်းနဲ့ လက်လျော့သွားကြလေတော့၏။ ကျွန်ုပ်ပျောက်ဆုံးသွားခဲ့သော အကြောင်းကို မေးမည့်သူပင်တဖြည်းဖြည်းမရှိတော့ပေ။

ကျွန်ုပ်၏သားမောင်ကျောက်နီအရွယ်ရောက်လာသောအခါ မဝိုင်းကြည်ဟုအမည်ရသောမိန်းကလေးနှင့် နေရာချပေးလိုက်ကာ ချွေးမမဝိုင်းကြည်မှမွေးလာသော အမွှာပူးမြေးကလေးများဖြစ်သည့် မောင်ချစ်အေး၊ မောင်ချစ်ထွေးကလေးတို့ကို ထိန်းကျောင်းရင်း ကျွန်ုပ်ပျော်ရွှင်စွာနေထိုင်လျက် ရှိပေတော့၏။ ကျွန်ုပ်၏ မှတ်တမ်းတွင်ဖော်ပြထားသော ကြေးပုရပိုက် ကလေးပေါ်မှ မှော်ဝင်ကြေးမုံဝှက်စာကို ဖော်နိုင်ခဲ့သူရှိခဲ့သော် ကျွန်ုပ်ကဲ့သို့ပင် မိဖုရားရွာသို့ အလည်အပတ် သွားရောက်နိုင်ပေလိမ့်မည်။ သို့သော် အန္တရာယ်  များလှသည်ကိုတော့ သတိချပ်စေချင်ပါ၏။

                                                                                               မှော်ဝင်ကြေးမုံပိုင်ရှင်
                                                                                                                   ဘိုးပန်းဦး

ဘိုးပန်းဦးရေးခဲ့တဲ့ ခရီးသွားမှတ်တမ်းကြီးကို ကျုပ်အစအဆုံးဖတ်ပြီးသွားပြီဗျ။ ဘိုးပန်းဦးဆိုတဲ့ လူထူးလူဆန်းကြီးကို ကျုပ်တော်တော်လေးစားသွားတယ်ဗျာ။
ကျုပ်စပ်စုတယ်ဆိုတာက ဘိုးပန်းဦးစပ်စုတာနဲ့ ယှဥ်လိုက်ရင်အသေးအဖွဲပဲဗျ။ ကျုပ် ကိုချစ်အေးတို့အိမ်က မှန်သေတ္တာကြီးကို တော်တော်စိတ်ဝင်စားသွားတယ်။ ပြီးတော့ဘိုးပန်းဦးရဲ့ မှတ်တမ်းထဲကကြေးပုရပိုက်ဝှက်စာကိုလည်း တော်တော်စိတ်ဝင်စားသွားတယ်။ စာအုပ်ကိုပြန်လှန်ပြီး ပုရပိုက်ဝှက်စာတွေကို ကျုပ်ချက်ချင်းပြန်ဖတ်လိုက်မိတယ်။ ဒါပေမယ့် ကျုပ်ဘာမှနားမလည်ဘူးဗျ။ နောက်တစ်ခေါက်ထပ်ဖတ်ကြည့်တယ်။ ဘာမှသိမလာဘူး။ နောက်တစ်ခေါက်၊ နောက်တစ်ခေါက် ၊နောက်တစ်ခေါက်။ အခေါက်ပေါင်းဘယ်လောက်ဖတ်မိမှန်းကို ကျုပ်မသိတော့ပါဘူးဗျာ။ ဖတ်ရင်းတွေးရင်းနဲ့ခေါင်းတွေနောက်လာတာပဲ သိတော့တယ်ဗျို့။

ဒါပေမယ့် တာတေဆိုတဲ့ကျုပ်က ဒါမျိုးကိုဘယ်တော့မှ အလျှော့ပေးမယ့်လူ မဟုတ်ဘူးဗျ။ ဒီဝှက်စာကို မရရအောင်ဖော်မယ်လို့ ကျုပ်ဆုံးဖြတ်လိုက်တယ်။ ဒီကြားထဲကိုချစ်အေးဆီကိုလည်း ကျုပ်မကြာမကြာရောက်တယ်။ ဘိုးပန်းဦးရဲ့ရှေးဟောင်း ပစ္စည်းခန်းကြီးထဲကိုလည်း ကျုပ်ကိုတံခါးမရှိ၊ဓားမရှိဝင်ခွင့်ပေးထားတယ်လေဗျာ။ ဘထွေးဦးကျောက်နီရော၊ အရီးဝိုင်းကြည်ရောက ကျုပ် ကိုချစ်ထွေးကိုရှာဖို့ကြိုးစားနေတာကိုသိတော့ ကျုပ်ဘာလုပ်လုပ်ခွင့်ပြုတယ်ဗျ။

ကျုပ်ကဘိုးပန်းဦးရဲ့မှတ်တမ်းထဲက ပခန်းကိုကြီးကျော်ကိုင်ခဲ့တဲ့ ဓားဆိုတာကိုလည်း တိတ်တိတ်ကလေးသွေးတိုက်ကြည့်တယ်။ ဓားကသွေးမသောက်တော့ဘူးဗျ။ ဓားမှာကပ်နေတဲ့ဝိဉာဥ်ခွာသွားပြီထင်တယ်။ မဟာရာဂျာရဲ့ကြေးလင်ဗန်းထဲကို လည်းနွားနို့ထည့်ပြီးတိုက်ကြည့်တယ်။ မသောက်တော့ဘူးဗျ။ ဘိုးပန်းဦးမရှိကတည်းက ဝိဉာဥ်ခွာသွားပြီထင်ပါရဲ့ဗျာ။ ကျုပ်ကတော့ ရှေးဟောင်းပစ္စည်း ခန်းကြီးထဲဝင်ပြီးစပ်စပ်စုစုတွေ အကုန်လုပ်ကြည့်နေတာဗျ။ ဒါပေမယ့် ထူးဆန်းတာတော့ ဘာမှမတွေ့ရသေးပါဘူးဗျာ။ မှော်ဝင်ကြေးမုံ ကိုလည်းကျုပ် မကြာမကြာ သေတ္တာ အဖုံးဖွင့်ကြည့်တယ်။ ဒီထဲကို ကိုချစ်ထွေးဝင်သွားတယ်ဆိုတာ ကျုပ်တစ်ယောက်တည်းသိထားတာဗျ။ ခုလောက်ရှိရင် ကိုချစ်ထွေး မိဖုရားရွာမှာ လျှောက်ပြီးလည်ပတ်နေမှာပေါ့ဗျာ။

မှော်ဝင်ကြေးမုံရဲ့ဝှက်စာကို သူဖော်လို့ရသွားလို့သာ မှန်ထဲကိုဝင်သွားတာပေါ့ဗျာ။ ဒါဆိုရင်ပြန်လာဖို့နည်းလမ်းကိုလည်း ကိုချစ်ထွေးသိလောက်ပါတယ်။ ကျုပ်လည်းနေ့ရောညရော ဝှက်စာဖော်တာပဲဗျ။ ဒါပေမယ့်ဘယ်လိုမှကိုဖော်မရတာ။ တခြားလူတွေနဲ့တိုင်ပင်ဖို့ဆိုတာကလည်း ဘယ်လိုမှမဖြစ်နိုင်ဘူးဗျ။ တိုင်ပင်ဖို့နေနေသာသာ ဘိုးပန်းဦးရဲ့မှတ်တမ်းကိုတောင် တခြားသူတစ်ယောက်ကို ပြလို့မဖြစ်ဘူးလေဗျာ။ ဘိုးပန်းဦးတစ်သက်လုံး လျှို့ဝှက်သွားတဲ့ ကိစ္စကို ကျုပ်ပြောပြလို့ဘယ်ဖြစ်မှာတုံး။ ဒီတော့လည်းကျုပ်တစ်ယောက်တည်း ကြိတ်မှိတ်ပြီး ရှာရတော့တာပေါ့ဗျာ။

ကျုပ် ဝှက်စာဖော်နေတာ ခြောက်လမကတော့ဘူးဗျ။ ခုထိအစအနတောင်မပေါ်သေးဘူး။ ကိုချစ်ထွေးပျောက်သွားတာလည်း ခြောက်လကျော်ပြီပေါ့ဗျာ။ ကိုချစ်ထွေးသတင်းကိုလည်းခုထိအစအနတောင်မရသေးဘူးဗျ။ ဘန့်ဘွေးကုန်းသားတွေကတစ်ဆင့် ကိုချစ်ထွေးပျောက်သွားတဲ့သတင်းကို ထနောင်းကုန်း၊ မီးလောင်ကုန်းအထိပါ ပျံ့နေပြီဗျို့။ ကြာလာတော့လူတွေက ကိုချစ်ထွေးကို 'ဘမျိုးဘိုးတူ ကိုချစ်ထွေး' လို့တောင် နာမည်ပေးထားကြပြီဗျ။

"သူ့အဘိုး ဘိုးပန်းဦးတုန်းက သုံးနှစ်ပျောက်သွားတယ်၊ ချစ်ထွေးကတော့ ဘယ်နှနှစ်ပျောက်မယ်မသိဘူး"

လို့ ပြောတဲ့သူက ပြောကြတာပေါ့ဗျာ။ ကျုပ်တို့ထနောင်းကုန်းသားတွေလည်း လူလေးစုမိရင် ဒီအကြောင်းပဲပြောနေကြတာဗျို့။ ကိုချစ်ထွေးပျောက်သွားတော့မှ ဘိုးပန်းဦးဇာတ်လမ်းကလည်း တစ်စခန်းထလာတော့တာပေါ့ဗျာ။

"အလကားပါအေ၊ ဘိုးပန်းဦးကြီးက တစ်ရပ်တကျေးမှာ အိမ်ထောင်တွေဘာတွေကျနေလို့ ရှိမှာပါတော်၊ နောက်မှမယားငယ်နဲ့ကွဲပြီး ပြန်လာတာရှိမှာပါ၊ အဲဒါကိုသူ့အမျိုးတွေကဖုံးဖိပြီး ပြောကြတာနေမှာပါ၊ အိမ်ပေါ်ထပ်ကပဲ ပြန်ဆင်းလာသလို ဘာလိုလိုနဲ့ ယုတ္တိ မရှိတာတွေလျှောက်ပြောကြတာပါ"

လူတွေများ ဒီအတိုင်းပဲဗျ။ နေရင်းထိုင်ရင်းဘိုးပန်းဦးက မယားငယ်ရနေသေးတော့တယ်ဗျာ။ ဒီကိစ္စ တွေကိုအမှန်အတိုင်းသိတာက ကျုပ်ပဲရှိတာဗျ။ အဲ ကျုပ်တစ်ယောက်တည်း တော့မဟုတ်ဘူးပေါ့ဗျာ။ ကိုချစ်ထွေးလည်းသိတာပေါ့။ သိလို့တောင်မိဖုရားရွာရောက်နေပြီပဲ။ ဪ မဟုတ်သေးဘူးဗျ။ ကျုပ်ရယ်၊ ကိုချစ်ထွေးရယ်သိသလို ခင်ဗျားလည်းသိတာပဲပေါ့ဗျ။ ခင်ဗျားလည်း ဘိုးပန်းဦးရဲ့မှတ်တမ်းကို ဖတ်ပြီးသွားပြီလေဗျာ။ ကျုပ်လည်းဒီလူတွေကိုအဖြစ်မှန်တွေ ဘယ်ပြောပြရဲပါ့မလဲဗျာ။ ကျုပ်ပြောလိုက်ရင်ယုံကြမှာမဟုတ်ဘူးဗျ။ တကယ်လို့တချို့တလေကယုံတယ်ဆိုရင်လည်း ကိုချစ်အေးတို့အိမ်သွားပြီးမှော်ဝင်ကြေးမုံကို ကြည့်ပါရစေလို့ပူဆာနေကြတော့ မှာပေါ့ဗျာ။

ကျုပ် ဒီကိစ္စ ကိုဘယ်သူမှမပြောပေမယ့် မဖဲဝါကိုတော့ ဝှက်စာ ကိစ္စ မေးဖူးတယ်ဗျ။ ကိုယ်တူကိုယ်ခွဲ အရုပ်ကလေးကတစ်ဆင့် ကျုပ်မေးတာလေဗျာ။ ထူးထူးဆန်းဆန်းပဲဗျ။ ခါတိုင်းကျုပ်ဘာမေးမေးပြောပြပေးတဲ့ မဖဲဝါက ဒီကိစ္စနဲ့ပတ်သက်ပြီး တော့ကျုပ်ကိုဘာတုံ့ပြန်မှုမှ မပေးခဲ့ဘူးဗျ။ သူနဲ့လုံးဝမသက်ဆိုင်တဲ့ ကိစ္စ မို့လို့ နေမှာပေါ့ဗျာ။ ကျုပ်လည်းကျပ်တစ်ယောက်တည်းကြိတ်ပြီးဖော်လိုက်တာ ကိုချစ်ထွေးပျောက်သွားပြီး ဆယ်လကြာတဲ့အချိန်မှာဝှက်စာကို ကျုပ်ကောင်းကောင်း ဖော်နိုင်သွားရောဗျို့။ ကျုပ်ဝှက်စာကိုကြည့်ရင်းနဲ့ တဖြည်းဖြည်း သဘောပေါက်လာတယ်ဗျ။ ဝှက်စာမှာ သရတွေချည်း ရေးထားတာကို သတိထားမိသွားတယ်။ ဗျည်းဆိုလို့တစ်လုံးမှမပါဘူးလေဗျာ။ ဒါနဲ့ဝှက်ထားတာ ဗျည်းတွေပဲဆိုတာ ကျုပ်သိသွားတယ်။ ခင်ဗျားစဥ်းစားကြည့်လေ။ ဗျည်းကသုံးဆယ့်သုံးလုံးရှိတာမို့လား။ ကျုပ်ဘယ်နေရာမှာ ဘယ်ဗျည်းကိုထည့်ရမှာတုံးဆိုတာ ကြံစည်လို့မရအောင် ဖြစ်သွားတာဗျ။

နောက်တော့ ကြာချင်သလောက်ကြာပါစေတော့၊ တစ်နေရာမှာ ဗျည်းသုံးဆယ့်သုံးလုံးထည့်ပြီး ရေးမယ်လို့တွေးပြီးရေးတော့ တာပေါ့ဗျာ။ ပထမဆုံးဝှက်စာ စာလုံးနေရာမှာဆိုရင်-

"ကေ၊ ခေ၊ ဂေ၊ ငေ၊ စေ၊ ဆေ၊ ဇေ၊ ဈေ၊ ညေ"

ဆိုပြီး အ,အထိရေးလိုက်တယ်ဗျ။ ဒုတိယဝှက်စာ စာလုံးနေရာမှာလည်း ဗျည်းတွေအကုန်ထိုးရေးကြည့်လိုက်တယ်။

"ကွ၊ ခွ၊ ဂွ၊ ငွ၊ စွ၊ ဆွ၊ ဇွ"

ဆိုပြီး ရေးလိုက်တယ်။ အသတ်စာလုံးကိုလည်း -

"က်၊ ခ်၊ ဂ်၊ ည်၊ စ်၊ တ်၊ ပ်"

တွေ ရေးကြည့်လိုက်တယ်။ တတိယစာလုံးနေရာမှာလည်း ဗျည်းတွေထည့်ရေးတယ်။ အသတ်တွေနေရာမှာလည်း ဗျည်းတွေလိုက်ထည့်ရေးတယ်။ ပြီးတော့မှ စာလုံးတွေ လိုက်တွဲဖတ်ကြည့်ရတာပေါ့ဗျာ။ တကယ်ကိုလနဲ့ချီပြီး လုပ်ရတာပါဗျာ။ ကိုချစ်ထွေးကတော့ ဘယ်လိုလုပ်ပြီးဖော်သွားတုန်း မပြောတတ်ဘူးဗျ။ ကျုပ်ကတော့တော်တော်ရှာယူခဲ့ရတာ။ နောက်ဆုံးတော့တွေ့တော့တာပေါ့ဗျာ။ ကျုပ်ကဘယ်တော့မှ ဇွဲလျှော့တဲ့ကောင် မဟုတ်ဘူးလေ။

                                            နေကြတ်စဥ်မှာ၊ ဝင်လိုက်ပါ

                                                 ထူးဆန်းတဲ့ရွာ၊ ရောက်သွားမှာ။

                                                နေကြတ်စဥ်မှာ၊ ပြန်ထွက်ပါ

                                                 ရောက်တဲ့နေရာ၊ မှတ်ထားပါ။

တစ်ခုတော့ ရှိတာပေါ့လေ။ ဘိုးပန်းဦး ပြန်လာတော့ မိဖုရားရွာမှာနေကြတ်တဲ့အချိန်မှာ အမိအရပြန်လာခဲ့တာကိုဖတ်ရတော့နေကြတ်တာနဲ့တွေးပြီးဖော်ခဲ့ရတာပေါ့ဗျာ။ကိုယ်စပြီးရောက်တဲ့နေရာကိုသေသေချာချာမှတ်ထားဖို့ လိုတယ်ဗျ။အဲဒီနေရာကနေပြန်ထွက်ရမှာ။ ဒီမှာနေကြတ်တဲ့အချိန်မှန်ထဲကိုဝင်ရမှာဗျ။ ဟိုမှာနေကြတ်တဲ့အချိန် ဟိုဘက်ကပြန်ထွက်ရမှာပေါ့ဗျာ။ ကျုပ်ကအမေနဲ့အဘကို ကြိုပြီးပြောထားရသေးတာဗျ။ ကိုချစ်ထွေးကိုလိုက်ခေါ်ဖို့ သတင်းစုံစမ်းနေတဲ့အကြောင်း ၊အခုတော့သတင်းရလာပြီလို့၊ပြောရတာပေါ့ဗျာ။ဒါပေမယ့်ကျုပ်အမေက ကျုပ်ကိုပြောသေးတာဗျ။

"ဟဲ့ တာတေရဲ့၊ ချစ်ထွေးကအသက်နှစ်ဆယ်လောက်ရှိပြီပဲဟာ၊ဒီရွာကိုမပြန်တတ်လို့နင်က လိုက်ခေါ်ပေးရမှာလား"

ကျုပ် အမေ့ကို ဘာပြန်ပြောရမှန်းတောင်မသိတော့ပါဘူးဗျာ။

"ဒီလို အမေရ၊ ကိုချစ်ထွေးကိုပညာသည်တွေ ဖမ်းပြုထားပုံရတယ်၊ကျုပ်ကအခုသတင်းစုံစမ်းနေတာ၊ သတင်းအတိအကျရရင်ကျုပ်ဆရာကြီးတစ်ယောက်ကို အကျိုးအကြောင်းပြောပြီး သွားကယ်ရမှာဗျ"

"ဪ ဒီလိုလား၊မသိပါဘူးတော်၊ ငါက ချစ်ထွေးရွာမပြန်တတ်လို့ နင်ကလိုက်ခေါ်ရမှာလားလို့ပါ"

ပြီးတော့အမေကကျုပ်ကိုဆက်ပြီးပြောသေးတာဗျ။

"နင်လည်း အဲဒါတွေသိပ်လုပ်တာနော်တာတေ၊သတိဝီရိယလည်းထားဦး၊ စုန်းတွေ၊ ကဝေတွေကနင့်ကို လုပ်လွှတ်လိုက်လို့ ရွာကိုရူးပြီး ပြန်လာရဦးမယ်"

"စိတ်ချပါအမေရာ၊ကျုပ်မှာဆရာကြီးတွေရှိပါတယ်၊ကျုပ်ကဆရာကြီးတွေကိုကူဖော်လောင်ဖက် လုပ်ဖို့ လိုက်လိုက်သွားတာပါဗျ"

ကျုပ်သိပ်မစောင့်လိုက်ရဘူးဗျ။ ဝှက်စာပေါ်သွားပြီးနှစ်လပဲကြာတယ်။ နေကြတ်ရောဗျို့။ ကျုပ်တို့ဆီမှာနေကြတ်တာကတော့ ဘယ်သူကစိတ်ဝင်စားမှာတုံးဗျာ။ကလေးတွေပဲမှန်ချပ်ကလေးတွေမှာ မီးခွက်မှိုင်းခံပြီးကြည့်ကြတာလေ။ ကျုပ်ကနေမကြတ်ခင်မှာ ကိုချစ်အေးကို အားလုံးကိုဖွင့်ပြောလိုက်တယ်။
အဲဒီညနေကဘန့်ဘွေးကုန်းသွားပြီး ကိုချစ်အေးကို ထန်းတောဘက်ခေါ်ခဲ့တယ်။ ထန်းရည်သောက်ရင်းကျပ်က အကြောင်းစုံပြောပြလိုက်တယ်။ ကျုပ်ပြောပြတဲ့သူ့အဘိုး ဘိုးပန်းဦးကြီးရဲ့ မှတ်တမ်းအကြောင်းကိုကြားတော့ ကိုချစ်အေးတော်တော်ကို အံ့သြတုန်လှုပ်သွားတာဗျ။

"တာတေရယ်၊ငါတို့အိမ်မှာလည်းစာတွေပေတွေဖတ်တာဆိုလို့ချစ်ထွေးတစ်ယောက်ပဲရှိတာကွ၊ငါကိုယ်တိုင်ကလည်းဘာစာမှဖတ်တာမဟုတ်ဘူး၊အဲဒီစာအုပ်ဘီရိုကိုဖွင့်ကြည့်ရမှန်းတောင် ငါတို့အိမ်သားတွေက သိတာမဟုတ်ဘူးကွ"

"ဟုတ်တယ် ကိုချစ်အေး၊အဲဒါကြောင့် ကိုချစ်အေး မသိတာ"

"ငါတို့အိမ်ကြီးထဲမှာ ဒီလောက်ထူးဆန်းတဲ့ ပစ္စည်း တွေရှိနေတာကို ငါအခုမှပဲသိတော့တယ်တာတေရာ၊ ဒါထက်မင်းဘယ်လိုလုပ်မယ် စိတ်ကူးတုံး"

"ဟာ ဘယ်လိုလုပ်ရမှာတုံးကိုကြီးချစ်အေးရ၊ကိုချစ်ထွေးနောက်ကိုကျုပ်လိုက်သွားပြီး ပြန်ခေါ်ခဲ့ရမှာပေါ့ဗျ"

"မဟုတ်သေးဘူး တာတေရ၊ဘိုးပန်းဦးတုန်းကဝင်လည်းဝင်တတ်တယ်၊ထွက်လည်းထွက်တတ်တယ်၊ ဒီကောင်ချစ်ထွေးက အဝင်ပဲတတ်ပြီးပြန်အထွက် မတတ်လို့လားကွာ"

"ဒီလိုတော့ ဟုတ်မယ်မထင်ဘူးဗျ။ ဟိုမှာ နေကြတ်ချိန်မရောက်သေးလို့စောင့်နေတာ ဖြစ်မှာပေါ့ဗျ"

ကျုပ်ပြောတော့ကိုချစ်အေးက ခေါင်းညိတ်တယ်။

"ဒါဆိုရင် ချစ်ထွေးနောက်ကို မင်းဘယ်တော့လိုက်မှာတုံး တာတေ"

"မနက်ဖြန်လေ ကိုကြီးချစ်အေး၊မနက်ဖြန် နေကြတ်လိမ့်မယ်"

"ဟေ မနက်ဖြန် ဟုတ်လား"

"ကိုကြီးချစ်အေးပါ လိုက်ခဲ့ပါလား"

ကျုပ်က ကိုချစ်အေးကြောက်တတ်မှန်းသိလို့ တမင်စလိုက်တာပါဗျာ။

"ဟာ မလိုက်ပါဘူးကွာ၊ မင်းပြောတာနားထောင်ရတာနဲ့တင်ငါတော်တော်ကြောက်နေတာပါတာတေရာ၊အေးလေမင်းကိုမလိုက်ဖို့ပြောလည်း မင်းကရမယ့်ကောင်မဟုတ်ဘူးဆိုတာငါသိပါတယ်၊ဒီလောက်မထူးဆန်းတဲ့ကိစ္စတွေမှာတောင်မင်းကစပ်စုချင်တဲ့ကောင်လေ၊ဒီလောက်ထူးဆန်းတဲ့ကိစ္စ မျိုးကိုမင်းဘယ်လက်လွှတ်မှာတုံး တာတေရာ"

"ဟုတ်တယ် ကိုကြီးချစ်အေး၊ကျုပ်ဒီမှန်ထဲကိုအခုတောင်ဝင်လို့ရရင် ပြေးဝင်လိုက်ချင်သေးတယ်ဗျာ"

"ငါယုံပါတယ်ကွာ၊မနက်ဖြန်မင်းသွားရင်ဟိုမှာမင်းနဲ့ချစ်ထွေးသုံးဖို့ ငါငွေတွေလည်းပေးလိုက်မယ်၊ ချစ်ထွေးမှာငွေရောပါသွားရဲ့လား မသိပါဘူးကွာ"

"ဟာ ပါမှာပါဗျာ၊သူလည်းဘိုးပန်းဦးမှတ်တမ်းဖတ်ပြီးမှသွားတာပဲ၊ ယူသွားမှာပါ၊ဒါပေမယ့်ကျုပ်ဒီလိုလုပ်တာတွေ၊ ကိုချစ်ထွေးလုပ်တာတွေကိုဘယ်သူ့ကိုမှပြောလို့မဖြစ်ဘူးနော်ကိုချစ်အေး၊ဒီသတင်းပွသွားရင်ခင်ဗျားတို့အိမ်ကို လူတွေအုံလာကြလိမ့်မယ်"

"ငါသိတယ်တာတေ၊စိတ်ချ၊ငါဘယ်သူ့ကိုမှ မပြောဘူး"

နောက်နေ့ရောက်တော့ကျုပ်အဘနဲ့အမေ့ကိုနှုတ်ဆက်ပြီးဘန့်ဘွေးကုန်းကိုထွက်လာခဲ့တယ်။ကျုပ်မှာထားတဲ့အတိုင်းကိုချစ်အေးကအသင့်စောင့်နေတယ်။ကျုပ်ကိုလွယ်အိတ်တစ်လုံးဆီးပေးတယ်။ကျုပ်က အိမ်ကယူလာတဲ့ အဝတ်အစားတစ်စုံကိုလွယ်အိတ်ထဲထည့်လိုက်တော့ ကိုချစ်အေးကကျုပ်သုံးဖို့ငွေ စက်ကူတစ်ထပ်ကိုပေးတယ်။ကျုပ်လည်းယူပြီးလွယ်အိတ်ထဲထည့်လိုက်တယ်။

"ဟာ နေကြတ်ပြီဟေ့၊လာကြ၊ လာကြ၊ မှန်ချပ်တွေ ယူခဲ့ဟေ့"

ရွာလမ်းပေါ်က ကလေးတွေ အော်ကြဟစ်ကြတဲ့အသံကို ရှေးဟောင်းပစ္စည်း အခန်းထဲရောက်နေတဲ့ကျုပ်ရော ကိုချစ်အေးရော ကြားကြတယ်ဗျ။ ရွာလမ်းပေါ်မှာ အော်ဟစ်နေတဲ့ဘန့်ဘွေးကုန်းက ကလေးတွေရဲ့အသံကပိုပြီးများလာပြီဗျ။

"ဟာ နေလုံးကြီးတစ်ဝက်မည်းသွားပြီဟေ့"

ကလေးတစ်ယောက်ရဲ့ စူးစူးဝါးဝါးအော်သံ ထွက်လာချိန်မှာကျုပ်က မှန် သေတ္တာရဲ့အဖုံးကို ဆွဲပြီးဖွင့်လိုက်တယ်။

"အို"  "ဟာ"

ကျုပ်ရော၊ ကိုချစ်အေးရောအ့သြသွားကြတာဗျို့။ခါတိုင်းဘာမှမမြင်ရတဲ့မှန်ကြီးထဲမှာရွာကြီးတစ်ရွာပေါ်နေတာဗျ။လူတွေ၊နွားလှည်းတွေသွားကြလာကြနဲ့အားလုံးလည်းပျော်နေတဲ့ပုံပဲဗျ။ကျုပ်တို့ကြည့်နေတုန်းမှာကြာပန်းတွေတပွေ့တပိုက်နဲ့ လျှောက်လာတဲ့ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ကိုတွေ့လိုက်ကြရတယ်ဗျ။

"ဟာ ချစ်ထွေး၊ချစ်ထွေး၊ အဲ့တာ ချစ်ထွေးကွ"

ကိုချစ်အေး ပြောတော့ ကျုပ်က အလန့်တကြားကြည့်လိုက်တော့ဟုတ်သားဗျ။ ကိုချစ်ထွေးရဲ့ဘေးကမိန်းမကလည်းတော်တော်ကိုချောတာဗျ။နှစ်ယောက်သားပြုံးလို့ပျော်လို့ပါဗျာ။

"တာတေ မင်းကိုကြီးချစ်ထွေးတစ်ယောက်ဟိုမှာအိမ်ထောင်တွေဘာတွေများ ကျနေပြီလားကွာ"

"မပြောတတ်ဘူး ကိုချစ်အေးရဲ့၊ဒါပေမယ့်မကျလောက်ပါဘူးဗျာ၊ ကိုချစ်ထွေးပျောက်သွားတာအခုဆိုရင်တစ်နှစ်ရှိပြီမို့လား၊ဟိုမှာသူရောက်နေတာ တစ်လပဲရှိသေးတာပါဗျာ"

"အေး ဟုတ်သားပဲ၊ ဒီလောက်နဲ့တော့ မကျလောက်သေးပါဘူးလေ"

"ကဲ ကိုချစ်အေး၊ဒီမှန်သေတ္တာကိုတံခါးလုံးဝပြန်မပိတ်နဲ့သိလား၊ အမြဲဖွင့်ထား၊ဒါမှကျုပ်တို့ပြန်ထွက်လာလို့ရမှာဗျ"

"ဟေ ဟုတ်လား၊စိတ်ချတာတေ၊ ငါအမြဲဖွင့်ထားမယ်၊ ပြီးတော့ ဒီအခန်းထဲကိုလည်းဘယ်သူမှ ဝင်လေ့ဝင်ထမရှိပါဘူးကွာ"

"ကဲ ဒါဆိုရင် ကျုပ်သွားပြီ"

ကျုပ်ကလွယ်အိတ်ကို ကိုယ်မှာစလွယ်သိုင်းလွယ်လိုက်ပြီးတော့ မှော်ဝင်ကြေးမုံရှေ့ကို လာလိုက်တယ်။ပထမကျုပ်ခြေထောက်တစ်ဖက်လှမ်းဝင်လိုက်တယ်။ ပြီးတော့တစ်ကိုယ်လုံးထိုးဝင်လိုက်တယ်။ ရှေ့မှာဘာအတားအဆီးမှမရှိသလိုဟာလာဟင်းလင်းကြီးပါဗျာ။ဟောရောက်ပြီ။ရွာစွန်ကိုကျုပ်ရောက်လာတာဗျ။ကျုပ်ရောက်တဲ့နေရာကဘိုးပန်းဦးရောက်တဲ့နေရာပဲဖြစ်မယ်ဗျို့။ရွာရဲ့အပြင်ဆုံးပတ်လမ်းထင်တယ်။ညောင်ပင်ကြီးနှစ်ပင်အကိုင်းချင်းဆက်နေတဲ့နေရာဗျ။ဒီနေရာကိုကျုပ်သေသေချာချာမှတ်လိုက်တယ်။ပြီးတော့မှမိဖုရားရွာထဲကိုကျုပ်ဝင်လိုက်တယ်။ကျုပ်အိမ်မှာတည်းကစိတ်ကူးပြီးသားပါ။ရွာဦးကျောင်းကိုမေးစမ်းပြီး တန်းလျှောက်လာခဲ့တယ်။ ဘုန်းကြီးကျောင်းထဲကိုဝင်လာတဲ့ကျုပ်ကို လူကြီးတစ်ယောက်ကြည့်နေတယ်။ ကျုပ်က...

"အဘထော်လားဗျ"

လို့ လှမ်းနှုတ်ဆက်လိုက်တော့ ချက်ချင်းပြုံးသွားပြီးခေါင်းညိတ်ပြတယ်။

"ကျုပ်က တောင်တန်းကြီးတွေဟိုဘက်ကရွာကလာခဲ့တာပါ၊ဟိုအရင်ရောက်သွားခဲ့ဖူးတဲ့ ဘိုးပန်းဦးတို့ရွာကပါ"

"ဟေ ပန်းဦးတို့ရွာကဟုတ်လား၊ ဒီမှာလည်းကိုပန်းဦးမြေးဆိုတာ တစ်ယောက်ရောက်နေတယ်"

"ကိုချစ်ထွေးမို့လား အဘထော်"

"အေး ဟုတ်တယ်၊မောင်ချစ်ထွေး၊အခုတော့ရွာထဲကသူ့အသိတစ်ယောက်ဆီသွားလည်တယ်ကွ၊မောင်ချစ်ထွေးရောက်တာတစ်လပဲရှိသေးပေမယ့်ရွာထဲမှာအသိမိတ်ဆွေအတော်များနေပြီကွ၊ ဒါထက်မောင့်နာမည်က ဘယ်လိုခေါ်တုံး"

"ကျုပ်နာမည် တာတေပါ အဘထော်"

"ဪအေး၊အေး မောင်တာတေတဲ့လား၊ ဒါထက် ကိုပန်းဦးတစ်ယောက် ဆုံးပြီဆို"

"ဟုတ်တယ် အဘထော်၊ ဘိုးပန်းဦး ဆုံးတာကြာပြီ"

"ဘယ်လိုဖြစ်တာတုံးကွာ၊သူနဲ့ကျုပ်နဲ့တွေ့ကြတော့အသက်အတူတူပဲမောင်တာတေရဲ့၊ ကျုပ်တောင် အခုမှ ငါးဆယ်ကျော်ပဲရှိသေးတာ၊ ကိုပန်းဦးဆုံးတာကြာပြီဆိုတော့ ငယ်ငယ်နဲ့ဆုံးတာပေါ့"

ကျုပ်လည်းဘယ်လိုရှင်းပြရမှန်း မသိတော့ပါဘူးဗျာ။ ဘိုးပန်းဦးဆုံးတော့အသက်ရှစ်ဆယ်တော်တော်ကျော်နေပြီဗျ။ သူတို့နဲ့ကျုပ်တို့နဲ့အချိန်ကွာတာကို ကျုပ်ရှင်းမပြတော့ပါဘူးဗျာ။

"ဟုတ်တယ် အဘထော်၊ ငယ်ငယ်နဲ့ ဆုံးသွားတာ"

လို့ပဲ ကျုပ်ကအလိုက်အထိုက်ပြောပြလိုက်တယ်။

"ပြီးတော့သူပြန်တဲ့နေ့ကနေကြတ်တဲ့နေ့ကွဲ့၊မသွားပါနဲ့လို့တားတဲ့ကြားထဲကလေ့လာချင်လို့ဆိုပြီး အတင်းထွက်သွားတာ၊ကျုပ်က ကိုပန်းဦးပြန်ရောက်မလာတော့ သေသွားတယ်ထင်တာ၊အခုမောင်ချစ်ထွေးရောက်လာတော့မှ သူ့ရွာကိုပြန်ရောက်သွားမှန်းသိလို့ ဝမ်းသာရသေးတယ်"

ကျုပ်ကို အိပ်စရာ နေရာအားလုံးလုပ်ပေးပြီး ထမင်းဟင်းတွေလည်း ကျကျနနကျွေးတယ်ဗျ။ခဏနေတော့ကျုပ်ကိုချစ်ထွေးကိုရှာဖို့ ရွာထဲထွက်ခဲ့တယ်။စျေးတန်းလေးနားရောက်တော့လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွေ့တယ်ဗျ။ ဘိုးပန်းဦး ရောက်တုန်းကဝင်ပြီးသောက်တဲ့လက်ဖက်ရည်ဆိုင်ပဲ ဖြစ်မှာလို့တွေးရင်းကျုပ်ဆိုင်ထဲဝင်ထိုင်လိုက်တယ်။ ဆိုင်ထဲမှာ လူငယ်အုပ်စုတွေ သူ့ဝိုင်းနဲ့သူဝိုင်းဖွဲ့ထိုင်နေကြတယ်ဗျ။လူကြီးပိုင်းလည်းနှစ်ဝိုင်းသုံးဝိုင်း တွေ့တယ်ဗျ။

ကျုပ်လည်းခုံလွတ်တစ်လုံးမှာဝင်ထိုင်လိုက်တယ်။ကျုပ်ထိုင်တဲ့စားပွဲနဲ့မျက်နှာချင်းဆိုင်စားပွဲမှာလူသုံးယောက်ထိုင်နေတယ်။အဲဒီထဲကတစ်ယောက်ကကျုပ်ကိုသေသေချာချာကြည့်နေလို့ကျုပ်လည်းပြန်ကြည့်လိုက်တယ်။

"ဟာ ကိုချစ်ထွေး"

ကျုပ်က ယောင်ပြီး အော်ခေါ်လိုက်မိတာဗျ။

"မင်း တာတေလား"

"ဟုတ်တယ်လေ၊ကျုပ်တာတေပါ၊ ထနောင်းကုန်းက"

ကိုချစ်ထွေးက ကျုပ်ထိုင်တဲ့ စားပွဲကို ချက်ချင်းထလာပြီးကျုပ်ကို တအံ့တသြနဲ့ကြည့်နေတယ်ဗျ။

"တာတေ၊ငါအံ့သြလိုက်တာကွာ၊ မင်းဘယ်လိုလုပ် ပြီးဒီကို ရောက်လာတာတုံး"

"ကိုကြီးချစ်ထွေးကိုခေါ်ဖို့ လိုက်လာတာလေဗျာ"

"ဟေ ဟုတ်လား၊ မင်းဘယ်လိုလုပ် လာတာတုံး"

"ကိုကြီးချစ်ထွေး လာသလိုပဲလာတာပေါ့ဗျ"

"ဟာဒါဆိုရင် မင်း ငါ့အဘိုးရဲ့မှတ်တမ်းကိုဖတ်ရလို့ပေါ့၊ ဟုတ်လား တာတေ"

ကျုပ်က ကိုချစ်ထွေးကိုသူပျောက်သွားတော့ ဖြစ်တဲ့အဖြစ်အပျက်တွေကိုပြောပြလိုက်တယ်။ ဒီတော့မှ ကိုချစ်ထွေးကအားလုံးနားလည်သွားပြီး ကျုပ်ကိုမေးတယ်။

"ငါ ရွာကပျောက်သွားတာတစ်နှစ်တောင်ရှိပြီဟုတ်လား တာတေ၊ဒီမှာတော့ငါရောက်တာ တစ်လပဲရှိသေးတယ်ကွ"

"ဟုတ်တယ်လေ ကိုချစ်ထွေးရာ၊ ကျုပ်တို့ဆီနဲ့ ဒီနဲ့ကအချိန်ချင်းမှ မတူတာ"

"သန်ဘက်ခါ နေကြတ်တော့မှာ တာတေ"

"ဟာ ဟုတ်လား ဒါဆိုရင် အဲဒီနေ့ ပြန်ကြတာပေါ့ဗျာ"

"အင်းအဲဒါကိုငါစဥ်းစားနေတာကွ၊ငါဒီမှာ မိန်းကလေးတစ်ယောက်နဲ့ သံယောဇဉ် ရှိသလို ဖြစ်နေတယ်ကွ"

"ဟာ မဟုတ်တာကိုကြီးချစ်ထွေးရယ်၊ခင်ဗျားပျောက်သွားကတည်းကအရီးဝိုင်းကြည်မှာ မျက်ရည်နဲ့မျက်ခွက် ဖြစ်နေတာ၊ ဒီနေ့အထိပဲဗျ"

"ဟေ ဟုတ်လား၊ တာတေ၊ အဘနဲ့အမေ နေကောင်းကြရဲ့လား"

"ကောင်းတော့ကောင်းကြပါတယ်၊ဒါပေမယ့် အရီးက ခင်ဗျားစိတ်နဲ့ မကြာမကြာနေမကောင်းဖြစ်တယ်ဗျ"

ကျုပ်ကလည်းပိုပိုသာသာပြောရတာပေါ့ဗျာ။ ဒါမှလည်းကိုချစ်ထွေးပြန်လိုက်မှာလေ။ ကျုပ်စကားကိုကြားတော့ကိုချစ်ထွေးငိုင်သွားတယ်။ခဏတွေပြီးစဥ်းစားပြီးမှ -

"ဒါဆိုရင် ပြန်ကြတာပေါ့ကွာ"

လို့ပြောတယ်ဗျ။ နောက်နှစ်ရက်ကြာတော့သူတို့ဆီမှာနေကြတ်တယ်။ကျုပ်ကအကျိုးအကြောင်းတွေကိုကပ်ပိယကြီးဦးထော်ကို ကြိုပြောထားတော့ကပ်ပိယကြီးက ကျုပ်တို့ဘယ်လိုရောက်လာကြတယ် ဆိုတာကိုသိသွားပြီးပြန်ဖို့ကို သဘောတူသွားတာပေါ့ဗျာ။ဘိုးပန်းဦးတုန်းကလိုပဲနေမကြတ်ခင်ကျုပ်နဲ့ကိုချစ်ထွေးရွာထဲကကြိုထွက်ကြတယ်။ တစ်ရွာလုံးအိမ်တွေတံခါးပိတ်ထားပြီးလူတစ်ယောက်မှအပြင်မထွက်တော့ဘူးပေါ့ဗျာ။ ရွာလမ်းပေါ်မှာ နွားတွေ ၊ဆိတ်တွေ၊ သိုးတွေပဲလျှောက်သွားနေတာဗျ။ ကျုပ်တို့နှစ်ယောက် ညောင်ပင်ကြီးနှစ်ပင်အောက်ကိုရောက်တော့ နေစကြတ်ပြီဗျ။

"အူး အီး ဟီး ဟီး ဝူး"

"ဝပ်ထရိန်း၊ ဝပ်ထရိန်း၊ ပဲ၊ ပဲ၊ ပဲ"

ဆိုတဲ့အသံတွေရွာထဲမှာဆူညံနေတော့တာပေါ့ဗျာ။နွားတွေ၊ဆိတ်တွေကြောက်လန့်တကြား ပြေးတဲ့အသံတွေကြားနေရတယ်။ကိုချစ်ထွေးရောကျုပ်ရောမတိုင်ပင်ပဲသရဏဂုံကို ဒုတိယမွိ၊တတိယမွိခံပြီးရွတ်မိလျက်သားဖြစ်နေကြတယ်။ခဏနေတော့ခပ်လှမ်းလှမ်းမှာထွက်ပြေးတဲ့နွားတစ်ကောင်ကိုလိုက်ဖမ်းနေတဲ့ထန်းပင်လောက်အရပ်ကြီးနဲ့မည်းမည်းအကောင်ကြီးတစ်ကောင်ကို လှမ်းမြင်လိုက်ရတယ်။ ကျုပ်တို့နဲ့တော့တော်တော်လေးဝေးပါတယ်။ဒါပေမယ့်ကြားရတဲ့အသံကြီးတွေကြောင့် ကြက်သီးတွေတဖြန်းဖြန်းထမိတော့တာပါပဲဗျာ။ ကိုချစ်ထွေးကို ကြည့်လိုက်တော့ မျက်နှာလေးငယ်ပြီး တော်တော်ကြောက်နေတဲ့ပုံပဲဗျ။

"ကိုကြီးချစ်ထွေး၊ ကိုကြီးသံယောဇဥ်ဖြစ်နေတဲ့ မိန်းကလေးကိုမခွဲနိုင်ရင်လည်း နေချင်နေခဲ့လေဗျာ"

"ဟေ..မ..မနေ...ပါဘူးတာတေရာ၊ငါဒါကြီးတွေကိုကြောက်လွန်းလို့ပါကွာ၊ငါ့ကို မထားခဲ့နဲ့နော်"

ကျုပ်က တမင်စတာပါဗျာ။ကောင်းကင်ကိုမော့ကြည့်တော့နေတစ်လုံးလုံးကြတ်နေပြီဗျ။ ညောင်ပင်ကြီးနှစ်ပင်အောက်ကိုလှည့်ကြည့်လိုက်တော့မှန်ချပ်ကြီးထောင်ထားသလိုအလင်းကွက်ကြီးတစ်ကွက်ပေါ်နေပြီဗျို့။

"ကဲ လာ ကိုကြီးချစ်ထွေး ပြန်ကြစို့"

လို့ပြောပြီးအလင်းကွက်ထဲကို ကိုချစ်ထွေးကို အရင်ဝင်ခိုင်းလိုက်တယ်။ ပြီးမှကျုပ်ဝင်လိုက်တယ်။ကျုပ်တို့နှစ်ယောက်စလုံးဘန့်ဘွေးကုန်းကဘိုးပန်းဦးရဲ့ ရှေးဟောင်းပစ္စည်းထားတဲ့အခန်းကြီးထဲကိုပြန်ရောက်လာကြတယ်။ကျုပ်က မှန်သေတ္တာ ရဲ့တံခါးကိုချက်ချင်းပိတ်ပစ်လိုက်တယ်။ကျုပ်နဲ့ကိုချစ်ထွေးအိမ်ပေါ်ထပ်ကနေဆင်းလာတော့ပထမဆုံးထအော်တာက ကိုချစ်အေးဗျ။

"ဟာ တာတေနဲ့ ချစ်ထွေး"

"ဟင် ချစ်ထွေး ဘယ်မှာတုံး"

အိုး တစ်အိမ်လုံးကိုကျွက်ကျွက်ညံသွားတော့တာပေါ့ဗျာ။အရီးဝိုင်းကြည်ကသူ့သားကိုချစ်ထွေးကိုဖက်ပြီးငိုတယ်။ကိုချစ်အေးက တူနဲ့သံတွေယူပြီးအိမ်ပေါ်ထပ်ကိုပြေးတက်သွားတယ်။ကျုပ်သိတာပေါ့ဗျာ။မှော်ဝင်ကြေးမုံကိုသံနဲ့ရိုက်ပြီး
အသေပိတ်ပစ်တော့မယ်ဆိုတာလေ။ဘထွေးကျောက်နီကကျုပ်ကိုကျေးဇူးတင်ကြောင်းအကြိမ်ကြိမ်အခါခါပြောတယ်ဗျ။ထိုင်ပြီးခဏလောက်စကားစမြည်ပြောပြီးတော့ကျုပ်ရွာကိုပြန်ခဲ့တယ်။  အိမ်ရောက်တော့ အမေက ကျုပ်ကိုဆီးပြောတယ်ဗျ။

"ဟဲ့ တာတေ၊ ချစ်ထွေးရော ပါလာလား"

"ပါတယ်အမေရ၊အခုပဲ ပြန်ရောက်ကြတာ"

"ပြန်ရောက်ပေဦးမှပဲကိုတာတေရေ၊ရှင်သွားလိုက်တာတစ်လနဲ့ခြောက်ရက် ရှိပြီတော့"

အမေကကျုပ်ကိုကြာတဲ့ရက်တွေတွက်ပြတာဗျို့။ တကယ်တော့ မှန်ထဲကမိဖုရားရွာကြီးမှာ ကျုပ်သုံးရက်ပဲကြာခဲ့တာပါဗျာ။

                    

Comment