မှော်ဝင်ကြေးမှုန်(တာတေ)၂

မှော်ဝင်ကြေးမုံ (အပိုင်း-၂)
ရေးသားသူ...တာတေ

ကျုပ်ကအဘနဲ့အမေကို အကျိုးအကြောင်းပြောပြပြီး ဘန့်ဘွေးကုန်းကိုလိုက်ခဲ့တယ်။ ဘန့်ဘွေးကုန်းကိုရောက်တော့ ဘထွေးကျောက်နီက ဝမ်းသာအားရဆီးကြိုတယ်ဗျ။ ဘထွေးရဲ့မိန်းမအရီးဝိုင်းကြည်ကတော့ မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့ ပေါ့ဗျာ။

                  "တာတေရေ၊ မင်းအစ်ကိုချစ်အေးလည်း မင်းကိုအကျိုးအကြောင်းတွေပြောပြပြီးရောပေါ့၊ ငါတို့လည်း ဘယ်လိုမှ မစဥ်းစားတတ်တော့ပါဘူးကွာ"

                ဘထွေးကျောက်နီကပြောတာဗျ။ ကျုပ်ကဘထွေးပြောတာကို ခေါင်းညိတ်ပြီး စဥ်းစားနေရတာပေါ့ဗျာ။

                  "ကိုချစ်ထွေး နောက်ဆုံးအိမ်ကထွက်သွားတာကို ဘထွေးတို့ အရီးတို့မြင်လိုက်ကြသလား"

                  "ဘယ်သူမှ မမြင်ဘူးကွ၊ ချစ်ထွေးစီးတဲ့ဖိနပ်ကလည်း ဒီအတိုင်းရှိနေတာပဲ တာတေရ"

                  "ဟင် ဟုတ်လား၊ ဒါဆိုရင် အပြင်ထွက်သွားတဲ့ လက်ခဏာမှမရှိတာ၊ တကယ်လို့ထွက်သွားရင်လည်း ဖိနပ်မစီးဘဲ ထွက်သွားတာပဲဖြစ်မယ်"

                  "ချစ်ထွေးက ဖိနပ်မစီးဘဲ အပြင်ထွက်လေ့မရှိဘူးကွ၊ ဝိုင်းထဲဆင်းတာတောင် ခြေထောက်ချည်းဆင်းတဲ့ကောင် မဟုတ်ဘူး၊ ဖိနပ်စိးပြီးမှ ဆင်းတာ"

                   "ကိုချစ်ထွေးပျောက်သွားတဲ့နေ့က ထူးထူးခြားခြားဘာတွေများ ဖြစ်သေးတုံးအရီးရဲ့"

ကျုပ်မေးလိုက်တော့ အရီးဝိုင်းကြည်က တွေပြီးစဥ်းစားတယ်ဗျ။

"နေဦး တာတေရဲ့၊ အဲဒီနေ့ကချစ်အေးနဲ့ ကိုကျောက်နီကလှည်းကောက်ပြီး ထိန်ကုန်းသွားကြတယ်၊ ထိန်ကုန်းကကိုဖိုးတုတ်ဆီမှာ နှမ်းမျိုးသွားဝယ်ကြတာ၊ အိမ်မှာအရီးရယ်၊ ချစ်ထွေးရယ်ပဲရှိတာ၊ ချစ်ထွေးကအပေါ်ထပ်မှာ၊ အရီးကအောက်ထပ်မှာ၊ ပဲနောက်လှော်ပြီး အခွံချွတ်နေတာ၊ ခဏနေတော့ရွာလမ်းပေါ်မှာ ကလေးတွေဆူညံဆူညံလုပ်နေကြတာကြားလို့ ဘာဖြစ်ကြတာတုံးဆိုပြီးအရီးက ထွက်ကြည့်သေးတယ်၊ ရွာလမ်းမှာကလေးတွေ ဖွေးဖွေးလှုပ်နေတာပဲဟဲ့၊ ဘာဖြစ်လို့တုံးလို့ငါကမေးတော့-

"နေကြတ်နေလို့ အရီးရ၊ ကျုပ်တို့တွေ မှန်မှာမှိုင်းခံပြီး ကြည့်ကြတာဗျ"

လို့ ပြောတာနဲ့ငါတောင်မော့ကြည့်လိုက်သေးတယ်၊

"ဟာ အရီး၊ ဒီအတိုင်းမကြည့်နဲ့ မျက်စိကန်းတတ်တယ်၊ ကြည့်ချင်ရင်ဒီမှန်ချပ်ခံကြည့်"

ဆိုပြီး တောင်ဘက်ဝိုင်းက စိန်ရီသားဆင်ပေါက်က ပြောလို့အရီးကသူ့လက်ထဲက မှိုင်းခံထားတဲ့မှန်ချပ်ယူပြီးတောင် ကြည့်လိုက်သေးတယ်၊ နေကတစ်ဝက်လောက်တောင်ကြတ်နေပြီဟဲ့၊ ငါဝိုင်းထဲပြန်ဝင်လာတော့ အိမ်ပေါ်ထပ်ပြတင်းပေါက်က ခေါင်းထွက်ပြီးချစ်ထွေးကလှမ်းမေးတယ်-

"အမေ ဘာဖြစ်လို့တုံး"

"ဘာမှမဖြစ်ပါဘူးဟယ်၊ နေကြတ်နေလို့ ကလေးတွေကြည့်နေကြတာပါ"

"ဗျာ နေကြတ်နေတယ် ဟုတ်လား"

"အေး ဟုတ်တယ်၊ နင်လည်းကြည့်ချင်ရင် ဟိုကလေးတွေလိုမှန်ကွဲလေးတစ်ခုရှာပြီး မှိုင်းခံကြည့်ပေါ့ချစ်ထွေးရဲ့"

လို့တောင် အရီးကပြောလိုက်သေးတယ်။ မွန်းတည့်ကာနီးတော့ ချစ်အေးတို့သားအဖ နှမ်းအိတ်တွေသယ်ပြီး ပြန်လာကြတယ်။

"ဝိုင်းကြရေ ထမင်းပွဲပြင်တော့ဟေ့ ၊ငါရောချစ်အေးရော ဆာနေကြပြီ"

ဒါနဲ့အရီးက ထမင်းဝိုင်းပြင်ပြီး၊ ချစ်ထွေးကိုထမင်းစားဖို့လှမ်းခေါ်တယ်။ ပြန်ထူးသံမကြားလို့အိမ်ပေါ်ထပ်ကိုတက်ကြည့်တော့ ချစ်ထွေးကိုဘယ်မှာမှရှာလို့မတွေ့ဘူး။

"နင်နောက်ဘက်ဝင်နေတုန်း အပြင်ထွက်သွားတာရှိမှာပေါ့ဝိုင်းကြည်ရယ်၊ လာ လာ စားမယ်၊ ချစ်ထွေးပြန်လာမှသူ့ဖာသာစားလိမ့်မယ်"

လို့ နင့်ဘထွေးကပြောလို့အရီးတို့ထမင်းစားကြတာပေါ့၊ အရီးတို့ထမင်းစားပြီးတော့လည်းပြန်မလာ၊ ညနေစောင်းလည်းပြန်မလာ၊ ညရောက်လည်းပြန်မလာနဲ့၊ အရီးတို့လည်းဟိုအိမ်သည်အိမ်တွေလိုက်မေးကြရတော့တာပေါ့ဟယ်၊ အဲဒီနေ့ကချစ်ထွေးကိုမြင်လိုက်တဲ့သူတောင် တစ်ယောက်မှမရှိပါဘူးတာတေရာ"

ကျုပ်လည်းအရီးပြောတာကို သာနားထောင်နေရတော့တာပေါ့ဗျာ။ ကျုပ်လည်းဘာမှပြန်မပြောတတ်ဘူးလေ။ ကိုချစ်အေးကကျုပ်ကိုအိမ်ပေါ်ထပ်ခေါ်လာတယ်။ ဘိုးပန်းဦးစိတ်တိုင်းကျဆောက်ခဲ့တဲ့အိမ်ကြီးက တော်တော်ကိုကျယ်တာဗျို့။ အပေါ်ထပ်မှာကျွန်းတံခါးကြီးတွေတပ်ထားတဲ့ အခန်းကြီးတွေဖွဲ့ထားတာဗျ။ တံခါးပိတ်ထားတဲ့အခန်းကြီးတစ်ခုကို ကိုချစ်အေးကတံခါးဖွင့်လိုက်တယ်။ သူရှေ့ကဝင်သွားတော့ကျုပ်ကနောက်ကလိုက်ဝင်ခဲ့တယ်။

"ဟာ"

ကျုပ်ပါးစပ်က 'ဟာ' လို့တောင်ယောင်အော်မိအောင် အံ့သြသွားတာဗျ။

"တာတေ ဒါတို့ဘိုးရဲ့ ​ရှေးဟောင်းပစ္စည်းတွေ ထားတဲ့အခန်းကြီးပဲကွ"

ကျုပ်ဖြင့်အံ့သြလိုက်တာဗျာ။ ပြတိုက်တစ်ခုတည်းကိုရောက်သွားသလိုပါပဲဗျာ။ ရှေးဟောင်း ပစ္စည်း တွေကိုသူ့နေရာနဲ့သူ့သပ်သပ်ရပ်ရပ်ကိုထားတာဗျ။ ဘယ်ခေတ်က ပစ္စည်း ဘယ်သူ့အသုံးအဆောင်ဆိုပြီးကတ်ပြားတွေမှာစာရေးပြီးထောင်ထားတာဗျို့။ တကယ့်ကိုပြတိုက်ကလေးတစ်ခုပါပဲဗျာ။ နံရံမှာအဆင့်ဆင့်ချိတ်ထားတဲ့ ဓားတွေကလည်းအလက်နှစ်ဆယ်လောက်ရှိမယ်ဗျ။ ငွေလင်ဗန်း၊ ကြေးလင်ဗန်းတွေကလည်း အများကြီးဗျ။ ရွှေချည်ထိုး၊ ငွေချည်ထိုးတွေနဲ့ ချုပ်ထားတဲ့ရှေးခေတ်ကမင်းညီမင်းသာတွေဝတ်တဲ့ အက်ျီတွေလည်းရှိတယ်ဗျ။ မှန်ပုံးထဲမှာထည့်ထားတဲ့ကျောက်လက်ဝါးကြီးတစ်ခုလည်း တွေ့တယ်။ ကနုတ်မျိုးစုံနဲ့ရွှေပိန်းချ သေတ္တာ နှစ်လုံးလည်းရှိတယ်။ ရှေးခေတ်ကအကောင်းစားကြွေထည် ပစ္စည်းတွေ လည်းအတော်များသဗျ။ ကြွေပန်းအိုးတွေ၊ ကြွေရေတကောင်းတွေ၊ ကြွေပန်းကန်ပြားတွေလေဗျာ။ တစ်နေရာမှာတော့နံရံကိုကပ်ပြီးထောင်ထားတဲ့ သစ်သား သေတ္တာ ပြားပြားတစ်ခုကိုတွေ့တယ်ဗျ။ အမြင့်ကခြောက်ပေကျော်ကျော်လောက်ရှိမယ်။ အကျယ်ကသုံးပေလောက်ရှိမယ်ဗျ။

နက်ပြောင်နေတဲ့ သစ်သားအနက်နဲ့လုပ်ထားတာ။ ထုကတော့ဆယ်လက်မလောက်ထူမယ်။ ပတ္တာတပ်ပြီးသော့ခတ်တဲ့မြောက်လက်လည်းတွေ့တယ်ဗျ။ ဒါဆိုရင်တော့အဖုံးဖွင့်လို့ရတဲ့ သေတ္တာပြားတစ်ခုပဲလို့ကျုပ်တွေးမိလိုက်တယ်။ သေတ္တာတစ်ခုလုံးမှာထွင်းထားတဲ့ ပန်းတွေကနုတ်တွေကတော်တော်ကိုလှတာဗျ။ ဒီ သေတ္တာ ပြားရဲ့သက်တမ်းကကျုပ်စိတ်ထင် နှစ်ရာချီနေလောက်ပြီဗျ။

"တာတေ ဒါကြီးကို မင်းစိတ်ဝင်စားလို့လား"

"ဟုတ်တယ်ကိုကြီးချစ်အေးရဲ့၊ ဒီ သေတ္တာ ပြားပြားကြီးကဘာထည့်တာတုံး"

"ဒါ သေတ္တာ မဟုတ်ဘူး၊မှန်ကွတာတေရ၊ ကိုယ်လုံးပေါ်မှန်ကြီး"

"ဗျာ မှန်ဟုတ်လား၊ ကြည့်မှန်လားဗျ"

"အေး ဟုတ်တယ် ကြည့်မှန်ကြီးကွ၊ ငါ့စိတ်ထင်တော့ကြည့်မှန်ပေါ်ကာစကရှားရှားပါးပါးဆိုတော့ မှန်ကိုအမြတ်တနိုးနဲ့ ထုပ်ထားတာထင်ပါရဲ့တာတေရာ၊ အဖုံးအပိတ်နဲ့ဆိုတော့ သေတ္တာ လိုဖြစ်နေတော့တာပေါ့ကွာ၊ တို့ဘိုးကလည်းလူထူးလူဆန်းကြီးဆိုတော့ ဒီလိုရှားရှားပါးပါး ပစ္စည်း မျိုးကိုသူကသိပ်ခုံမင်တာကွတာတေရ၊ ငါ့အဘပြောတော့ ဒီမှန် သေတ္တာ ကိုသစ်ကနက်သားနဲ့လုပ်ထားတာတဲ့ကွ"

ပြောပြောဆိုဆိုနဲ့ ကိုချစ်အေးကမှန် သေတ္တာ ကိုအဖုံးဖွင့်လိုက်တယ်။ ဒီတော့မှအထဲကမှန်ချပ်ကြီးကို မြင်ရတော့တာဗျို့။ အထဲမှာလည်းမှန်ရဲ့ထောင့်လေးထောင့်မှာ သစ်ကနက်သားကနုတ်ပန်းတွေဖော်ထားတာဗျ။ အလယ်ကမှန်ကြီးကလည်းကြည်လင်နေတာပါဗျာ။ ဒီလောက်ကြာတာတောင်မှန်ချပ်ကြီးမှာ ကွဲရာ၊အက်ရာ၊ အစင်းရာဘာမှ မရှိဘူးဗျ။

"မှန်ကတိုက်ထားသလိုကို ဝင်းနေတာဗျ၊ကိုချစ်အေးရဲ့"

"ချစ်ထွေးတိုက်ထားတာနေမှာပေါ့ တာတေရာ၊ ဒီကောင်ကဒီအခန်းထဲမှာပဲဝင်ပြီးအောင်းနေတတ်တာ၊ သူပျောက်သွားတော့ ဒီမှန် သေတ္တာ ကြီးကအဖုံးဖွင့်လျက်ကြီးရှိနေတာ၊ ဟိုနေ့ကမှငါအဖုံးပြန်ပိတ်ထားတာ"

ကျုပ်ကမှန် သေတ္တာ ကြီးရဲ့အဖုံးကိုပိတ်လိုက်ဖွင့်လိုက် သုံးလေးခါလုပ်ကြည့်တယ်။ ပတ္တာ ကလည်းသံချေးတွေဘာတွေကိုက်မနေဘူးဗျ။ ဒါလည်းကိုချစ်ထွေး ပြုပြင်ထားတာဖြစ်မှာပေါ့ဗျာ။ တစ်နေရာမှာတော့ကျွန်းဘီရိုတစ်လုံးဗျ။ ကျုပ်ကဘီရိုတံခါးကိုဆွဲဖွင့်လိုက်တော့ အထဲမှာစာအုပ်တွေမှအပြည့်ဗျာ။ ဒါဘိုးပန်းဦးကြီးဖတ်ခဲ့တဲ့စာအုပ်တွေပဲဖြစ်မှာလို့ ကျုပ်တွေးလိုက်မိတယ်။

"ချစ်ထွေးဝင်ဖတ်တာ အဲဒီထဲကစာအုပ်တွေပေါ့ကွ တာတေရ"

ကိုချစ်အေးပြောတော့ကျုပ်စိတ်ဝင်စားသွားတယ်။ သေသေချာချာစီထားတဲ့စာအုပ်တွေကိုကျုပ်ကြည့်လိုက်တော့ ဆေးကျမ်းတွေ၊ ဗေဒင်ကျမ်းတွေ၊ လက်ခဏာကျမ်းတွေ၊ နက်ခကျမ်းတွေ၊အဂ်ဂိရကျမ်းတွေ၊ လက်ရေးနဲ့ရေးထားတဲ့ကတ်ထူစာအုပ်ကြီးတွေ အများကြီးပဲဗျ။ အဲဒီထဲကမှစီထားတဲ့ စာအုပ်တွေပေါ်မှာတင်ထားတဲ့လက်ရေးမူစာအုပ်တစ်အုပ်ကိုကျုပ်တွေ့တယ်။ ဒီစာအုပ်ကကိုချစ်ထွေးဖတ်လက်စစာအုပ်ထင်တယ်ဗျ။ ကျုပ်အဲဒီစာအုပ်ကိုယူပြီးလှန်ဖတ်ကြည့်လိုက်တယ်။ ဟာ ဘိုးပန်းဦးရေးထားတဲ့စာအုပ်ဗျ။ ကျုပ် နည်းနည်းကျော်ဖတ်ကြည့်လိုက်တော့ မှန် သေတ္တာ ကြီးအကြောင်းလည်း ပါတယ်ဗျ။ ဒါနဲ့အဲဒီစာအုပ်ကို ကျုပ်ယူသွားပြီး ဖတ်ကြည့်ချင်တယ်လို့ ကိုချစ်အေးကိုပြောတော့ ကိုချစ်အေးကစာအုပ်ကိုယူပြီးဘထွေးကို ပြောလိုက်တယ်။ ဘထွေးကျောက်နီက ရှောရှောရှူရှူပဲကျုပ်ကိုခွင့်ပြုတယ်။

ဘိုးပန်းဦးရေးထားတဲ့ကတ်ထူစာအုပ်ကြီးကို ယူပြီးကျုပ်ရွာပြန်ခဲ့တယ်။ ကိုချစ်ထွေး ကိစ္စကို ကျုပ်လည်းတတ်နိုင်သလောက်စဥ်းစားပြီး လုပ်ပေးပါ့မယ်လို့ပြောခဲ့ရတာပေါ့ဗျာ။ လောကမှာလူတစ်ယောက်အကြောင်းမဲ့ပျောက်သွားတာဗျို့။ ကျုပ်ဖြင့်ဒီတစ်ခါပဲ ကြားဖူးတော့တယ်ဗျာ။ အိမ်ပြန်ရောက်တော့အဘနဲ့အမေက ကိုချစ်ထွေးအကြောင်းကိုမေးကြတယ်ဗျ။ ကျုပ်လည်းထူးထူးဆန်းဆန်းပျောက်သွားတဲ့ ကိုချစ်ထွေးအ​ကြောင်းကို ပြောပြရတာပေါ့ဗျာ။

"လူလေးပြောသလိုဆိုရင် ချစ်ထွေးကအိမ်ထဲမှာတင် ပျောက်သွားသလိုဖြစ်နေတာပဲ"

လို့ အဘကပြောတယ်။ ကျုပ်လည်း ဒီကိစ္စ အဖြေရှာမရတော့ ငြိမ်နေရတော့တာပေါ့ဗျာ။

"ဟဲ့ တာတေရဲ့၊ ချစ်ထွေးအဘိုး ဘိုးပန်းဦးတုန်းကလည်းဒီလိုပဲပျောက်သွားတာဟဲ့၊ သုံးနှစ်လား၊လေးနှစ်လားတောင်ကြာတာ၊ နောက်တော့ပြန်ရောက်လာတာပဲဟဲ့"

အမေကပြောတာဗျ။

"ပြန်ရောက်လာတော့လည်း တခြားကနေလာတာ မဟုတ်ဘူးဟဲ့၊ အိမ်ပေါ်ထပ်က ဆင်းလာတာပဲတဲ့လူလေးရဲ့"

အဘတို့က ဒီအကြောင်းတွေ ကောင်းကောင်းသိခဲ့တော့ ကျုပ်ကိုပြောပြတာပေါ့ဗျာ။

"ဘိုးပန်းဦးကြီးက သူဘယ်သွားနေတယ်ဆိုတာ ပြောသေးလား အဘရဲ့"

"မပြောပါဘူးကွာ၊ အဲဒီအကြောင်းမေးတိုင်း ဒီအကြောင်းမမေးပါနဲ့ချည်းပြောတာကွ၊ သူ့အိမ်သားတွေတောင် မေးလို့မရဘူး၊ ရွာထဲကလူတွေလည်းမေးလို့မရဘူး၊ ဒါနဲ့ပဲဒီအကြောင်းကိုမေ့မေ့ပျောက်ပျောက်ပဲ ထားလိုက်ကြတာပေါ့ကွာ၊ ကြာတော့လည်းဘယ်သူမှ စိတ်မဝင်စားတော့ပါဘူးကွာ"

အိမ်ထဲမှာတင်နှစ်ချီပြီးပျောက်သွားတဲ့ဘိုးပန်းဦးနဲ့ သူ့မြေးကိုချစ်ထွေးကိုကျုပ်တော်တော်စိတ်ဝင်စားသွားတာဗျို့။ တာတေဆိုတဲ့ကျုပ်ကတစ်ခုခုကိုစိတ်ဝင်စားမိပြီဆိုရင် အချိန်ပြည့်ဒါကိုပဲတွေးနေတော့တာဗျ။ အိမ်မှာအဘဆီကြိတ်တော့ ကျုပ်ကနေတတ်တဲ့လူမှမဟုတ်တာ။ ဆီဆုံဝင်စီးပြီးနှင်တံတစ်ချောင်းနဲ့ နွားမောင်းရတာပေါ့ဗျာ။ အဲဒီအချိန်မှာလည်းဘိုးပန်းဦးနဲ့ကိုချစ်ထွေးပျောင်သွားတဲ့အကြောင်းပဲကျုပ်တွေးနေတာဗျ။ ပြဿနာဆိုတာရှိရင်အဖြေဆိုတာလည်းရှိမှာပဲလို့ ကျုပ်တွေးမိတယ်ဗျ။ အလုပ်အားတာနဲ့ကိုချစ်အေးတို့အိမ်က ကျုပ်ယူလာတဲ့ဘိုးပန်းဦးရဲ့စာအုပ်ကြီးကို ဖတ်ဖို့ပြင်ရတော့တာပေါ့ဗျာ။ ဒီစာအုပ်ကိုကိုချစ်အေးတို့အိမ်က လူတွေကတော့ တစ်ယောက်မှဖတ်ကြပုံမပေါ်ဘူးဗျ။ ပျောက်သွားတဲ့ကိုချစ်အေးတစ်ယောက်ပဲဖတ်ထားပုံရတယ်။ စာအုပ်ငှားတဲ့နေ့ကတော့ ဘထွေးကျောက်နီကတစ်ခုတော့ပြောတယ်ဗျ။

"ငါ့အဘက ရှေးဟောင်းပစ္စည်းတွေကို လွှတ်စိတ်ဝင်စားတာကွ တာတေရ၊ သူရေးတာလည်း ပတ်ကားဖောင်တိန်အကောင်းစားကို ပတ်ကားမှင်အစစ်နဲ့ထည့်ရေးတာကွ၊ အဲဒီဖောင်တိန်ကလည်း ရှမ်းစော်ဘွားတစ်ယောက်ကိုင်ခဲ့တဲ့ ဖောင်တိန်တဲ့ကွ၊ ရှေးဟောင်းပစ္စည်း ပဲတာတေရဲ့"

ဒါကြောင့်ထင်တယ်ဗျ။ စာအုပ်ထဲက ရေးထားတဲ့မှင်ရောင်က အခုထိကို မမှိန်သေးဘူးဗျို့။ ကျုပ် စာအုပ်ရဲ့ ပထမမျက်နှာကို စပြီးဖတ်လိုက်မိတယ်။ စာရဲ့အပေါ်မှာခေါင်းစဥ်တစ်ခု တပ်ထားတယ်ဗျ။

           
                                                 { ခရီးသွား မှတ်တမ်း }

                  လောကမှာ လေးနက်တဲ့လူတွေဟာ ဘယ်အရာကိုမှ ပေါ့ပေါ့တန်တန်မတွေးကြသကဲ့သို့ ဘယ်အရာကိုမှလည်း ပေါ့ပေါ့တန်တန်မလုပ်ကြပေ။
                
                  ကျွန်ုပ်၏အဘ ဦးမိုးကြိုးကကျုပ်အား ပြောပြခဲ့ဖူးလေ၏။ သူ၏မိခင်ကသူ့အား မွေးဖွားရန်နေ့စေ့လစေ့အချိန်ရောက်သောနေ့မှာပင် ကောင်းကင်၌ မိုးရိပ်မိုးဆင်များတက်လာကာလေပြင်းများတိုက်၍မိုးကြိုးများအကြိမ်ကြိမ်ပစ်လေသည်ဆို၏။ မိုးကြိုးများပစ်ပြီးသည်နှင့် ကျွန်ုပ်၏ အဘွားမှာ ကျွန်ုပ်၏ အဘအားမွေးဖွားရန်ဗိုက်နာလာတော့ရာ အရပ်လက်သည်ဒေါ်စိန်ရှန်ကို လျှပ်စီးများတဝင်းဝင်းလက်နေသည့်ကြားမှ သွားခေါ်ခဲ့ရသည်ဆို၏။ တကယ်မွေးသောအခါတွင် ဝမ်းဆွဲသည်မှ များစွာအားမထုတ်ရဘဲ ကျွန်ုပ်၏ အဘကိုလွယ်လင့်တကူ မွေးဖွားနိုင်ခဲ့လေ၏။

                  ထိုနေ့က မကြုံစဖူးမိုးကြိုးများ ထူးထူးခြားခြား ပစ်သည်ကိုအကြောင်းပြု၍ ကျွန်ုပ်၏ အဘကို 'မောင်မိုးကြိုး' ဟူ၍မှည့်ခေါ်ကြလေတော့၏။

                 ကျွန်ုပ်ကို မွေးဖွားသောနေ့တွင်လည်း ထူးခြားသောဖြစ်စဥ်တစ်ခု ဖြစ်ခဲ့သည်ဟုအဘက ပြောပြခဲ့လေသည်။ အဘတို့အိမ်ဝိုင်းထဲတွင် စိုက်ထားသော 'တတိုင်းမွှေး' ပန်းပင်ကြီးမှာ ငါးနှစ်ခြောက်နှစ်သက်တမ်းရှိပြီဖြစ်သော်လည်း တစ်ခါမှပင် ပန်းပွင့်ခြင်းမရှိခဲ့ဟုအဘကပြော၏။ ကျွန်ုပ်၏ အဘဦးမိုးကြိုးကထိုပန်းပင်ကြီးကို ဒီနှစ်မှမပွင့်ရင်တော့ ခုတ်ပစ်တော့မည်ဟုစိတ်ကူးထားသည်ဆို၏။

               ကျွန်ုပ်၏မိခင်မှ ကျွန်ုပ်အား မွေးကာနီးလာသောအချိန် တွင်မှတတိုင်းမွှေးပန်းပင်ကြီးတွင် အဖူးများဖူးလာသည်ဆို၏။ ကျွန်ုပ်အားမွေးသောနေ့တွင် တတိုင်းမွှေးပန်းပင်ကြီးတွင် အပွင့်ဆယ်ပွင့်ကျော်တစ်ပြိုင်တည်းစု၍ပွင့်နေသည်ဟုဆို၏။ ထို့ကြောင့်အဘက ကျွန်ုပ်ကို 'မောင်ပန်းဦး' ဟုအမည်ပေးလိုက်လေ၏။

                  တတိုင်းမွှေးပန်းပင်ကြီးမှ ပန်းဦးများပွင့်သောညတွင် မွေးဖွားခဲ့သောကျွန်ုပ် မောင်ပန်းဦးတွင် ငယ်စဥ်ကတည်းကထူးခြားသောဝါသနာတစ်ခုရှိခဲ့လေ၏။ ထိုဝါသနာမှာရှေးဟောင်း ပစ္စည်းများကို ထူးထူးခြားခြား စိတ်ဝင်စားခြင်းဖြစ်လေ၏။ အလှူအတန်းရှိ၍ဘုန်းကြီးကျောင်းများသို့ ရောက်သည့်အခါတွင် အခြားသူများကဲ့သို့ပျော်ပျော်ပါးပါးနေလေ့မရှိဘဲ ကျောင်းတိုက်ကြီးအတွင်းရှိ ရှေးဟောင်းလက်ရာများ၊ ရှေးဟောင်းပန်းချီကားများ၊ ရှေးဟောင်းအသုံးအဆောင် ပစ္စည်း များကို ကျွန်ုပ်မှာစိတ်ဝင်တစားကြည့်နေရသဖြင့် တစ်ခါတစ်ရံအလှူတွင် ထမင်းစားဖို့ပင် မေ့သွားခဲ့ရလေ၏။ ကျွန်ုပ်အဘ ဆုံးသွားသောအခါ ကျွန်ုပ်သည်အမွေအနှစ်များစွာ ရခဲ့လေ၏။ အဘက နှစ်မွေခံသူဖြစ်လေရာ ကျွန်ုပ်ကသုံးမွေခံသူဖြစ်ရလေတော့၏။ အဘနဲ့အမေမသေမိ ကျွန်ုပ်ကိုအိမ်ထောင် ချပေးသွားခဲ့သည်ဖြစ်ရာ ကျွန်ုပ်တွင် 'မောင်ကျောက်နီ' ဟုခေါ်သောသားကလေးတစ်ယောက် ထွန်းကားခဲတော့၏။

                     အဘနဲ့အမေဆုံးသွားသောအခါ ကျွန်ုပ်ကစိတ်တိုင်းကျ ကျွန်းတိုင်များကိုစု၍ ကျွန်းအိမ်ကြီးကိုဆောက်လုပ်ခဲ့လေ၏။ ကျွန်ုပ်၏အိမ်ကို ရှေးဆန်ဆန်ပုံစံဆောက်လုပ်ခဲ့သဖြင့် ရွာသားများ၏ဝေဖန်မှုကိုပင် ခံခဲ့ရလေသည်။ တချို့ကဘုန်းကြီးကျောင်းနှင့်တူသည်ဟုပြောကြသကဲ့သို့ တချို့ကလည်း ရှမ်းစော်ဘွားတွေနေသည့် ဟော်နန်းကြီးနှင့် တူသည်ဟု ဝေဖန်ကြသည်။ မည်သူတွေမည်သို့ပြောသည်ဖြစ်စေ၊ ကျွန်ုပ်ကတော့ကျွန်ုပ်ဆောက်သောအိမ်ကြီးကို အလွန်သဘောကျမိလေ၏။ အိမ်ကြီး၏အပေါ်ထပ်တွင်အခန်းကျယ်ကြီးတစ်ခုကို သေသေချာချာဖွဲ့ထားလိုက်လေ၏။ ဤအခန်းထဲတွင်ကျွန်ုပ်စိတ်ဝင်စားသော ရှေးဟောင်း ပစ္စည်း များ၊ ထူးဆန်းသော ပစ္စည်း များကို စုဆောင်းသိမ်းဆည်းမည်ဟု ကျွန်ုပ်ဆုံးဖြတ်ထားပြီးဖြစ်လေရာ အိမ်ကြီးပြီးသောနေ့မှစ၍ ရှေးဟောင်း ပစ္စည်း များ၏သတင်းကိုအနံ့ခံကာမရရအောင် လိုက်၍ဝယ်ယူစုဆောင်းခဲ့လေတော့၏။

                     ရှေးဟောင်း ပစ္စည်း များအတော်ကလေးစုဆောင်းမိလာသောအခါ ရှေးဟောင်းပြတိုက်များတွင်ထိန်းသိမ်းထားသကဲ့သို့ ကျွန်ုပ်၏အခန်းကျယ်ကြီးထဲတွင် ထိန်းသိမ်းထားခဲ့လေ၏။ ပြတိုက်ကြီးများကဲ့သို့ စနစ်မကျသော်လည်း အတော်ကလေးသပ်သပ်ရပ်ရပ်ရှိအောင်တော့ စီစဥ်ထားနိုင်ခဲ့လေ၏။ ကျွန်ုပ်ဝယ်ယူစုဆောင်းခဲ့သော ရှေးဟောင်း ပစ္စည်း များအနက် ထူးခြားသော ပစ္စည်း သုံးခုပါဝင်ခဲ့လေ၏။

                       ပထမတစ်ခုမှာ ရှေးဘုရင်တစ်ပါး၏ လက်သုံးတော်ဓားတစ်လက်ပင်ဖြစ်တော့၏။ ကျွန်ုပ်ကိုရောင်းသူမှာ ပခန်းကိုကြီးကျော် ကိုင်ခဲ့သည့် ဓားအစစ်ဟုပြောပြီး ရောင်းခဲ့ခြင်းဖြစ်၏။ ရှေးဟောင်း ပစ္စည်း အရောင်းအဝယ်လောကသည် အလိမ်အညာများသောလောကဖြစ်လေရာ ကျွန်ုပ်မှာထိုသူပြောသည့် စကားကိုအယုံအကြည်မထားခဲ့ပေ။ သို့ရာတွင်ဓားရောင်းသူက သူ့ဓားဟာတစ်နှစ်တစ်ခါ သွေးသောက်ကြောင်း၊ သူ့ကိုသွေးမတိုက်လျှင်သူ့ဖာသာသူ ဓားအိမ်မှကျွတ်ထွက် ၍လူဖြစ်ဖြစ်၊ နွားဖြစ်ဖြစ်၊ ဆိတ်ဖြစ်ဖြစ် သွေးကိုသောက်တတ်ကြောင်း ပြောရာ ကျွန်ုပ်ကမယုံသဖြင့် ထိုသူကကြက်တစ်ကောင်၏လည်ချောင်းသွေးကို ကျွန်ုပ်ရှေ့မှာပင်ခံယူ၍ ဓားကိုဓားအိမ်မှ ဆွဲချွတ်လိုက်ကာသွေးခွက်ထဲသို့ စိုက်ထားလိုက်လေ၏။ ငါးမိနစ်မကြာမီမှာပင် ခွက်ထဲမှာသွေးများ ပြောင်သွားလေတော့ရာ ကျွန်ုပ်လည်းဤမျှ ထူးဆန်းသောဓားကို မဝယ်ဘဲ မနေနိုင်သဖြင့်ဝယ်ယူခဲ့လေတော့၏။

                       အိမ်သို့ရောက်သောအခါ 'ပခန်းကျော်ကြီးဓား' ဟုစာတန်းချိတ်ဆွဲ၍ ကျွန်ုပ်၏ ရှေးဟောင်းပစ္စည်း အခန်းတွင်သိမ်းဆည်းထားခဲ့လေ၏။ သည့်နောက်တွင်တော့ ကျွန်ုပ်၏အိမ်သားများမသိအောင် ကျွန်ုပ်ကိုယ်တိုင်တစ်နှစ်တစ်ခါကြက်သွေး၊ ဆိတ်သွေး၊ အမဲသွေးများ တိုက်ရလေ၏။ ပခန်းကျော်ကြီးဓားကလည်း ကျွန်ုပ်တိုက်သောသွေးများကို တစ်စက်မှမကျန်အောင် သောက်လေ၏။

                       ဒုတိယ ကျွန်ုပ်ရရှိခဲ့သော ရှေးဟောင်းပစ္စည်း မှာ ကြေးလင်ဗန်းကလေးဖြစ်၏။ ထိုလင်ဗန်းကလေးသည် မတိုက်မချွတ်ဘဲ အမြဲတမ်း သူ့အလိုလို ပြောင်လက်နေကာကြေးညှိတက်ခြင်းပင်မရှိခဲ့ပေ။ ထိုလင်ဗန်းကလေးကို ရောင်းသူက ကျွန်ုပ်အားပြောပြသည်မှာ ထိုလင်ဗန်းသည်အိန်ဒိယနိုင်ငံမှ နာမည်ကျော်မဟာရာဂျာတစ်ပါးအစားအသောက်စားသည့် လင်ဗန်းဖြစ်ကြောင်း၊ မည်သို့သောအဆိပ်ဖြစ်စေ၊ ဤလင်ဗန်းထဲသို့ထည့်လိုက်လျှင် လုံးဝအဆိပ်ဓာတ်ပြယ်သွားကြောင်း၊ သို့သော်တစ်ရံတစ်ခါတွင် ဤကြေးလင်ဗန်းကလေးက အစာတောင်းတတ်ကြောင်း၊ ထိုသို့အစာတောင်းသည့်အခါတွင် လင်ဗန်းကလေးအားတစ်ယောက်ယောက်လက်နှင့်ခေါက်သကဲ့သို့ အသံကြားရတတ်ကြောင်း၊ ထိုသို့ကြားသည့်အခါ တခြားဘာမှလုပ်ပေးရန် မလိုဘဲနွားနို့ကိုလင်ဗန်းနှင့် အပြည့်ထည့်ပေးရမည်ဖြစ်ကြောင်းတို့ကို ပြောရာကျွန်ုပ်ကမယုံကြည်ခဲ့ပေ။ သို့သော်ထိုညမှာပင် ကြေးလင်ဗန်းလေးကို တစ်စုံတစ်ယောက်ကခေါက်သကဲ့သို့ 'ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်' ဟူသော အသံများအဆက်မပြတ်မြည်နေလေတော့ရာ လင်ဗန်းရောင်းသူကနွားနို့များပြေးဝယ်၍ လင်ဗန်းနှင့်အပြည့်ထည့်ပေးလိုက်ရာ ကျွန်ုပ်လည်းအကဲခတ်ကြည့်နေလိုက်၏။ ဆယ်မိနစ်ပင် မကြာလိုက်ဘဲ လင်ဗန်းထဲမှနွားနို့များ ပြောင်သွားလေတော့ရာကျွန်ုပ်လည်း ထူးဆန်းသောကြေးလင်ဗန်းလေးကို စျေးကောင်းပေး၍ ဝယ်ယူခဲ့လေ၏။ ကြေးလင်ဗန်းလေးကို ရှေးဟောင်းပစ္စည်း အခန်းထဲတွင် ကျွန်ုပ်ကအမြတ်တနိုးသိမ်းထားလိုက်လေ၏။ ကြေးလင်ဗန်းကလေးက ကျွန်ုပ်အားသုံးလတစ်ခါသာ အသံပေး၍ နွားနို့တောင်တတ်လေရာ၊ ကျွန်ုပ်ကလည်းဂရုတစိုက်တိုက်ရလေ၏။ ကြေးလင်ဗန်းထဲတွင်​ ရေများတစ်ညထည့်ထားကာထိုရေကိုပုလင်းနှင့် ထည့်ထားပြီးလျှင် ရွာထဲမှ ပိုးထိသူ၊ အစာအဆိပ်ဖြစ်သူ၊ ကင်းကိုက်သူများကို ထိုရေဖြင့် ဒဏ်ရာကိုဆေးပေးခြင်း၊ ပါးစပ်မှ သောက်ခိုင်းခြင်းဖြင့် အဆိပ်များပြယ်ကုန်ကြသည်သာဖြစ်၏။ ကျွန်ုပ်ထံမှထိုရေများကို ရွာနီးချုပ်စပ်များမှပါလာရောက်ယူကြသော်လည်းထိုရေကို ကျွန်ုပ်မည်သို့ရရှိသည်ကိုမူ သိရှိသူမရှိကြပေ။ ကျွန်ုပ်ကလည်း ကျွန်ုပ်၏ရှေးဟောင်း ပစ္စည်း များ၏ထူးဆန်းမှုကိုမည်သူ့ကိုမျှ မပြောဘဲအမြဲတမ်းလျှို့ဝှက်ထားလေ့ရှိရာကျွန်ုပ်၏အိမ်သားများပင် ဤအကြောင်းများကို မသိကြပေ။

                    ကျွန်ုပ်ဝယ်ယူခဲ့သော ရှေးဟောင်းပစ္စည်း များအထဲမှ ထူးဆန်းသောတတိယ ပစ္စည်း အကြောင်းကို ပြောပြရပေတော့မည်။ ဤ ပစ္စည်း သည်ကျွန်ုပ်၏ဘဝတွင် အအံ့သြရဆုံး၊ အမြတ်နိုးဆုံး ပစ္စည်း တစ်ခုပင်ဖြစ်တော့၏။ ဤ ပစ္စည်း ၏ထူးဆန်းပုံကိုလည်း ဤမှတ်တမ်းတွင်ကျွန်ုပ်ရေးရပေလိမ့်မည်။ ဤ ပစ္စည်း ကားအခြားမဟုတ်။ ကျွန်ုပ်၏ရှေးဟောင်းပစ္စည်း အခန်းကြီးထဲတွင်နံရံ၌ခံ့ခံ့ငြားငြားမှီ၍ထောင်ထားသော '​မှော်ဝင်ကြေးမုံ' မှန် သေတ္တာ ကြီးပင်ဖြစ်တော့၏။ အလျားခုနစ်ပင် ၊ ဗြက်သုံးပေရှိသောမှန် သေတ္တာကြီးကို နက်မှောင်နေသောသစ်ကနက်သားဖြင့်လုပ်ထားသည့်အပြင် သေတ္တာ တစ်ခုလုံးကိုအလွန်လက်ရာမြောက်သော ကနုတ်ပန်းများဖော်ထားသည်ဖြစ်ရာ ရှေးဟောင်းပစ္စည်း များကိုအထူးနှစ်သက်တတ်သော ကျွန်ုပ်လိုလူအတွက် ဘယ်အချိန်မှာပင်ကြည့်ကြည့် ကြည့်လို့မဝနိုင်သော ရှေးဟောင်းပစ္စည်း တစ်ခုပင်ဖြစ်လေတော့၏။ သေတ္တာ ၏အထူမှာဆယ်လက်မသာထူ၍ သေတ္တာ အဖုံးကို ကြေးပတ်တာများဖြင့် တပ်ထားသည့်အပြင် သော့ခလောက်ခတ်၍ပိတ်ထားနိုင်အောင် ကြေးဖြင့်ပြုလုပ်ထားသော မျောက်လက်တစ်ခုလည်းပါရှိလေ၏။ သေတ္တာ အဖုံးကိုဖွင့်လိုက်လျှင် အတွင်း၌ အလွန်ကြည်လင်သော ညီညာပြန့်ပြူးသည့် မှန်ချပ်ကြီးကိုတွေ့ရမည်ဖြစ်၏။ ဤမှန်ချပ်ကြီးကို ပထမဆုံးအကြိမ် တွေ့ဖူးသူတိုင်းသည် ရင်ထဲတွင် တစ်ခုခု ခံစားသွားရသည်ချည်းဖြစ်၏။ ကြောက်ရွံ့သလို၊ စိုးရိမ်သလို မကြည့်ရဲသလိုခံစားမှုမျိုး ခံစားကြရသည်ချည်းဖြစ်၏။

                      ထိုမှန်ချပ်ကြီး၏ထောင့်လေးထောင့်တွင် လှပသောသစ်ကနက်သားကနုတ်ပန်းကလေး များက အုပ်ထားသကဲ့သို့ ဘေးနှုတ်ခမ်းသားများသည် သစ်ကနက်သားဘိတင်ပြားလေး၏အောက်တွင် မှန်ကိုစနစ်တကျ ဘောင်သွင်းထားသည်ကို တွေ့ရလေ၏။ ဤမှန်၏မူလဇစ်မြစ်ကို ကျွန်ုပ်လိုက်၍စုံစမ်းသော်လည်း တိတိကျကျမသိခဲ့ရပေ။ မှော်ပညာကိုတစ်ဖက်ကမ်းခတ်အောင်တတ်မြောက်သော မှော်ပညာရှင်ကြီးတစ်ယောက်၏ အစီအရင်ဟုသာ သိခဲ့ရလေ၏။ ထိုမှန် သေတ္တာ နှင့်အတူ ကြေးပုရပိုက်ကလေးတစ်ချပ်ပါ ပါလာလေတော့၏။ ကြေးပုရပိုက်ပေါ်တွင်ရေးထားသောစာများမှာ ဝှက်စာများဖြစ်နေလေရာကျွန်ုပ်မှာ အလွယ်တကူဖတ်၍မရနိုင်အောင် ဖြစ်ရလေ၏။

                       ကျွန်ုပ်လည်း မှန်သေတ္တာ ကြီးနှင့်ကြေးပုရပိုက်ကို အလွန်စိတ်ဝင်စားမိလေရာ စျေးစကားပြော၍ ညှိနှိုင်းဝယ်ယူခဲ့လေတော့၏။ ကြေးပုရပိုက်ပေါ်တွင် ရေးထားသောစာမှာ အောက်ပါအတိုင်းဖြစ်လေ၏။

                     ကျွန်ုပ်လည်း ရှမ်းပြည်မှ ဤမှန်ကြီးကို အိမ်ရောက်သည်အထိ အခက်အခဲအမျိုးမျိုးနှင့် သယ်ဆောင်လာခဲ့ရလေ၏။ အိမ်သို့ရောက်သောအခါ မှန်သေတ္တာ ကြီးကို ကျွန်ုပ်၏ ရှေးဟောင်းပစ္စည်း ထားသောအခန်းတွင်ကျကျနနထားလိုက်လေ၏။ နောက်တစ်နေ့မှစ၍ ကြေးပုရပိုက်ကို ဖတ်ကာ ဝှက်စာကို ဖော်ကြည့်လေရာမည်သို့မျှ ဖော်၍မရဘဲ ရှိလေတော့၏။ ကျွန်ုပ်လည်းဇွဲမလျော့ဘဲ ဆက်၍ဖော်မြဲဖော်နေခဲ့လေရာ တစ်နှစ်ခန့်ကြာသောအခါတွင်မှ ဖော်နိုင်ခဲ့လေတော့၏။ ဤနေရာတွင်ဝှက်စာကို ကျွန်ုပ်ဖော်ပြမယ်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော်ကျွန်ုပ်၏ နောင်လာနောင်သားများထဲတွင် ကျွန်ုပ်နှင့်ဝါသနာတူသူများ ပါရှိလာပါက ကျွန်ုပ်ကဲ့သို့ပြုလုပ်မည်စိုးသောကြောင့် ဖြစ်လေ၏။ ကြေးပုရပိုက်၏ အဓိပ္ပာယ် ကိုဖော်လို့ရသောအခါ ကျွန်ုပ်သည်စမ်းသပ်ရန်အချိန်ကို စောင့်ရလေတော့၏။ အချိန်ရောက်သောအခါကျွန်ုပ်သည် ရှေးဟောင်းမှန် သေတ္တာ ကြီးအရှေ့သို့ ရောက်လာကာ သစ်ကနက်အဖုံးကိုဖွင့်လိုက်လေတော့၏။

"ဟာ"

ကျွန်ုပ်ပါးစပ်မှယောင်၍ပင်အော်လိုက်မိလေ၏။ အဖုံးကိုဖွင့်လိုက်သဖြင့်ပေါ်လာသောမှန်ကြီးထဲတွင် လူများသွားလာလှုပ်ရှားနေကြသည်ကိုထူးဆန်းစွာတွေ့လိုက်ရသောကြောင့် ဖြစ်လေ၏။ ကျွန်ုပ်သည်ရုပ်ရှင်ပိတ်ကားကြီးတစ်ခုကို အနီးကပ်၍ ကြည့်နေရသကဲ့သို့ ရှိလေ၏။ ကျွန်ုပ်မြင်နေရသည်မှာရွာကြီးတစ်ရွာဖြစ်လေသည်။ ရွာထဲမှအိမ်တွေကိုလည်း ကျွန်ုပ်ကောင်းစွာတွေ့နေရသည်။ ရွာထဲမှလူများသည် ရွာလမ်းအတိုင်းသွားလာလှုပ်ရှားနေကြသည်ကိုကျွန်ုပ်မြင်နေရ၏။ အချို့ကမြင်းစီး၍ သွားနေကြ၏။ နွားလှည်းများမောင်းလာနေသည်ကိုလည်း ကျွန်ုပ်တွေ့နေရ၏။ ကျွန်ုပ်မြင်နေရသော နေရာတွင်ညောင်ပင်ကြီးနှစ်ပင်ရှိ၏။ ကျွန်ုပ်သည်ပုရပိုက်ပါ ဝှက်စာကိုအားလုံးဖော်နိုင်ပြီးဖြစ်လေရာ ကျွန်ုပ်ဘာလုပ်နိုင်သည်ကို ကောင်းစွာသိနေသည့်အလျောက် ကျွန်ုပ်ဆုံးဖြတ်ချက်ကိုချက်ချင်းချလိုက်မိလေတော့၏။ ကျွန်ုပ်၏ခြေတစ်ဖက်ကို မှန်ထဲသို့လှမ်းဝင်လိုက်ရာမည်သည့်အတားအဆီးမှမရှိဘဲဝင်သွားလေတော့၏။ ကျွန်ုပ်လည်းကျွန်ုပ်၏တစ်ကိုယ်လုံးကိုမှန်ထဲသို့ထိုးဝင်လိုက်ရာ-

"ဟာ"

ကျွန်ုပ်၏ပါးစပ်မှ ဒုတိယအကြိမ် တအံ့တသြအော်လိုက်မိတော့၏။ ကျွန်ုပ်မှန်ထဲတွင်တွေ့နေရသောရွာကြီးထဲသို့ ရောက်နေလေပြီ။ ကျွန်ုပ်ရောက်လာသောနေရာကိုသေသေချာချာမှတ်လိုက်၏။ ထို့နောက်ကျွန်ုပ်ရွာကြီးထဲသို့ တစ်လှမ်းချင်းလှမ်းဝင်ခဲ့လေတော့၏။ ရွာမှာအတော်လေးကြီးပုံရ၏။ ကျွန်ုပ်၏စိတ်ထင်ပြောရလျှင် အိမ်ခြေတစ်ထောင်လောက် ပင်ရှိပေလိမ့်မည်။

"ဟာ"

ကျွန်ုပ် တတိယအကြိမ်အော်လိုက်မိပြန်၏။ ကျွန်ုပ်ရှေ့မှလာနေသော လင်မယားနှစ်ယောက်မှာ ကျွန်ုပ်တို့ရွာမှ ဖိုးထောင်နှင့်မြရွှေတို့လင်မယားဖြစ်နေလေရာ ကျွန်ုပ်မှာပို၍ အံ့သြရပြန်လေ၏။ ဖိုးထောင်တို့လင်မယားဘယ်လိုဖြစ်လို့ ဒီရွာကို ရောက်နေတာပါလိမ့်။

"ဟေ့ကောင် ဖိုးထောင်၊ ဟဲ့ မြရွှေ"

ကျွန်ုပ်က စ၍နှုတ်ဆက်လိုက်ရာ ဖိုးထောင်တို့လင်မယား မှာအံ့သြပြီး ကျွန်ုပ်ကိုကြည့်နေကြလေ၏။ ခဏနေမှဖိုးထောင်က ကျွန်ုပ်ကိုပြုံးပြကာ-

"ဒီကဦးကြီး လူမှားနေပြီထင်တယ်၊ ကျုပ်ကဖိုးထောင်မဟုတ်ပါဘူး၊ ပြီးတော့ကျုပ်မိန်းမကလည်း မြရွှေမဟုတ်ပါဘူး၊ ကျုပ်က ကိုသုန်ပါ၊ ကျုပ်မိန်းမက ခင်ဆုံပါဗျာ၊ ဒါထက်ဒီကဦးကြီးက ဒီရွာကမဟုတ်ဘူးထင်တယ်"

ကျွန်ုပ်လည်းအလွန်ပင်အံ့သြသွားမိလေတော့၏။ ကျုပ်တို့ရွာကဖိုးထောင်နဲ့မြရွှေက ဒီရွာမှာကိုသုန်နဲ့ခင်ဆုံဖြစ်နေပါရောလာဟု ကျွန်ုပ်တွေးလိုက်မိကာ-

"ဪ စိတ်မရှိပါနဲ့ကွယ်၊ ဦးကြီးကဒီရွာကိုမရောက်တာ တော်တော်လေးကြာသွားလို့ လူမှားသွားတာပါ"

"ဟာ ကိစ္စ မရှိပါဘူးဦးကြီးရဲ့၊ ဒါစိတ်ဆိုးစရာမှမဟုတ်တာ"

ပြောပြောဆိုဆို ကိုသုန်တို့လင်မယားနှစ်ယောက် ထွက်သွားတော့ရာကျွန်ုပ်လည်းရွာလမ်းမကြီးအတိုင်း လျှောက်လာခဲ့လေ၏။ ကျွန်ုပ်သည်လျှို့ဝှက်ကြံစည်မှုများကိုအမြဲလုပ်တတ်သူ ဖြစ်လေရာ ကျွန်ုပ်တွင် ခရီးသွားသောလွယ်အိတ်တစ်လုံး လွယ်လျက်ပါလာလေ၏။ ကျွန်ုပ်၏လွယ်အိတ်ထဲတွင်ခရီးသွားလျှင်သုံးရန် ပိုက်ဆံများလည်းအဆင်သင့်ပါလာလေရာ ကျွန်ုပ်မှာစျေးတန်းဘက်သို့မှန်း၍လျှောက်လာခဲ့လေ၏။

စျေးတန်းသို့ရောက်သောအခါ လက်ဖက်ရည်ဆိုင်တစ်ဆိုင်အနီးတွင် မယောင်မလည်ရပ်၍ အကဲခတ်နေလိုက်၏။ ခဏကြာသောအခါ လူတစ်ယောက်ကကျုပ်ရှေ့မှာပင် ဆိုင်ရှင်ကိုပိုက်ဆံထုတ်ရှင်းရာကျွန်ုပ်အံ့သြမိပြန်၏။ သူတို့သုံးသောပိုက်ဆံမှာကျွန်ုပ်တို့သုံးသော ပိုက်ဆံနှင့်အတူတူဖြစ်နေသဖြင့် ကျွန်ုပ်မှာဝမ်းသာမိကာလက်ဖက်ရည်ဆိုင်ထဲသို့ ခပ်တည်တည်ပင်ဝင်၍ထိုင်လိုက်မိလေ၏။ ဆိုင်မှာဆိုင်းဘုတ်တော့တပ်မထားပေ။ သို့သော်ဆိုင်ထဲတွင် လက်ဖက်ရည်သောက်နေသူ ဆယ်ယောက်ကျော်လောက် ရှိလေ၏။

"လက်ဖက်ရည်တစ်ခွက်"

ကျွန်ုပ်က စားပွဲထိုးလေးကို ပြောလိုက်ရာ စားပွဲထိုးလေးက ဖျော်ဆရာထံမှ သွားယူ၍ပေးလေ၏။ ခဏနေသောအခါ...

"ဟာ"

ကျွန်ုပ် ယောင်၍အော်လိုက်မိပြန်၏။ ဆိုင်ထဲသို့ဝင်လာသောလူမှာ ကျွန်ုပ်တို့ရွာမှ ကိုဘဆန်းဖြစ်နေလေရာ-

"ဟေ့လူ ကိုဘဆန်း"

ဟု ကျွန်ုပ်ကနှုတ်ဆက်လိုက်ရာ ထိုသူက ကျွန်ုပ်ကို ကြောင်၍ကြည့်နေပြီးလျှင်-

"ကျုပ် ကိုဘဆန်း မဟုတ်ပါဘူး"

ဟု ပြောရင်းကျွန်ုပ်ထိုင်နေသော စားပွဲတွင်ဝင်၍ထိုင်လိုက်လေ၏။ "ဟာ ကိုဘဆန်း မဟုတ်လည်းထိုင်ပါဗျာ၊ လက်ဖက်ရည်သောက်ပါ"

ဟု ကျွန်ုပ်ကပြောလိုက်သောအခါ ထိုသူမှာပြုံး၍ကျွန်ုပ်ကို နှုတ်ဆက်လေ၏။

"ကျုပ်နာမည်က ကိုထော်ပါ၊ ရွာဦးကျောင်းဆရာတော်ရဲ့ ကပ်ပိယပါဗျာ၊ နို့ ဒီကမိတ်ဆွေက ဘယ်ရွာကလာတာတုံး၊ အရင်ကဒီရွာမှာ မမြင်ဖူးပါဘူး"

"ဟုတ်တယ် ကိုထော်ရဲ့၊ ကျုပ်ကဧည့်သည်ပါ၊ ဒီရွာကိုမရောက်တာကြာပါပြီဗျာ၊ ဒါထက်ဒီရွာကအရင်ထက် ပိုကြီးလာသလားလို့"

"ဟုတ်ပါ့မိတ်ဆွေရေ၊ ရွာကအများကြီးထပ်ချဲ့ထားတာဗျ၊ ဒါထက်ဒီကမိတ်ဆွေရဲ့နာမည်က"

"ဪ ဟုတ်သားပဲ၊ ကျုပ်နာမည်ကပန်းဦးပါ ကိုထော်"

"ဒါထက် ဟောဒီမိဖုရားရွာမှာ တည်းဖို့ခိုဖို့အသိမိတ်ဆွေများရော ရှိရဲ့လားကိုပန်းဦးရဲ့"

ကပပ်ပိယကြီးကိုထော်ပြောလိုက်တော့ ရွာနာမည်ကိုကျွန်ုပ်ကအမှတ်မထင် မှတ်ထားလိုက်ရလေ၏။

"မရှိပါဘူး ကိုထော်ရဲ့၊ အရင်တစ်ခေါက်ရောက်တုန်းက ခင်ခဲ့တဲ့မိတ်ဆွေရဲ့နာမည်ကိုလည်းကျုပ်ကမေ့တေ့တေ့ဖြစ်နေတာ၊ ရွာကြီးကလည်းပုံစံပြောင်းသွားတော့ကျုပ်မှာ ဘယ်လိုလိုက်ရှာရမှန်းကိုမသိအောင် ဖြစ်နေတာဗျို့"

Comment