ကျောက်ယား(တာတေ)

ကျောက်ယား(စ/ဆုံး)
မူရင်း....ဆရာတာတေ

ကျုပ်တို့ ထနောင်းကုန်းက သူကြီးက လွှတ်စိတ်တိုတဲ့
အဘိုးကြီးဗျ။သူ့အိမ်ဝိုင်းက အကျယ်ကြီးဗျ။
ဝိုင်းတစ်ဝိုင်းလုံး မန်ကျည်းပင်တွေ စိုက်ထားတာ
နည်းမှတ်လို့။ဆယ်ပင်တော့ အသာကလေးဗျ။
မန်ကျည်းသီးတွေ မှည့်ပြီဆိုရင် ရွာသားတွေကို
ခေါ်ပြီး အလေအလွင့် မရှိအောင် ခူးခိုင်းတာဗျ။
ပြီးတော့ ရသမျှ မန်ကျည်းသီးရောင်းလို့
ရတဲ့ငွေကို အမြဲတမ်း စတုဒီသာကျွေးတာဗျ။
သူကြီးက လှူတာတန်းတာ ဆိုတော့လည်း
ရွာသားတွေက မန်ကျည်းသီးခူးတာကအစ
ရောင်းတဲ့အထိကို တက်တက်ကြွကြွ  ဝိုင်းလုပ်ကြ
တာဗျို့။ကျုပ်လည်း ပါတာပေါ့ဗျာ။

"တာတေ မင်းရဲ့ တောင်ဘက်ကကိုင်းမှာ
အပြွတ်လိုက်ပဲကွ ဆွတ်လိုက် ဆွတ်လိုက်"

ကျုပ်က အပင်ပေါ်မှာ သူကြီးက အရပ်ပုပြတ်ပြတ်နဲ့
မြေကြီးပေါ်ကနေ သြဇာတွေ ပေးပေ့ါဗျာ။ဒါပေမဲ့
ကျုပ် အရင် စာအုပ်ထဲမှာ ရေးခဲ့သလိုပေါ့ဗျာ။
သူ့ချွေးမမှာ" နို့စွဲ"ဖြစ်တုံးက ရွာကလူတွေက
တော်တော်ကို ဝိုင်းဝန်းကြတာ။
ကျုပ်ကတော့ ရှေ့ဆုံးကပေါ့ဗျာ။အဲဒီအကြောင်း
ကျုပ်ရေးဖူးထားတာ ခင်ဗျား ဖတ်ဖူးမှာပါ
အဲဒီကိစ္စကြီး အောင်အောင်မြင်မြင် ပြီးသွားတဲ့နောက်
ပိုင်းမှာ သူကြီးက ရွာသားတွေအပေါ်မှာ
အရင်လောက် စိတ်မတိုတော့ဘူးဗျ။

ဟိုတုန်းကဆိုရင် ကျုပ်ကို သူကြီးက သိပ်ပြီးကြည့်လို့
ရတာမဟုတ်ဘူးဗျို့။ကျုပ်ကလည်း နေရာတကာမှာ
စစ်စပ်စပ်စပ်နဲ့ ပါတတ်တော့ သူကြီးကလည်း
ကျုပ်ကို မျက်စိစပါးမွေး စူးတယ်ထင်ပါရဲ့ဗျာ။
သူ့သားကိုသိန်းထင်နဲ့ သူ့ချွေးမမှာ
နို့စွဲ့ ကိစ္စဖြစ်တော့ ကျုပ်က ဦးဆောင်ပြီး
လုပ်ကိုင်ပေးခဲ့တော့မှ…

"တကယ်တော့ တာတေက စပ်စပ် စပ်စပ်ပါတာ
မဟုတ်ဘူးကွ ဒီကောင်လေးက ဗဟုသုတရှာတာ
လူသာငယ်တာ သူ့ဗဟုသုတက နည်းတာမဟုတ်ဘူး
သူကျေးဇူးကြောင့် ငါ့မြေး ရန်ရှင်းတို့ ရန်လင်းတို့
လူဖြစ်လာကြရတာ"

လို့ ကျုပ်ကွယ်ရာမှာ ပြောတယ်ဆိုပဲဗျ။
ဒီအကြောင်းတွေကို အသေးစိတ် သိချင်ရင်တော့
'သင်္ချိုင်းရှင်မ'မှာ ကျုပ်ရေးထားတဲ့ 'နို့စွဲ'ကို
ဖတ်ကြည့်ပေါ့ဗျာ။အသေးစိတ် သိရပါလိမ့်မယ်။

မနေ့ကမှာ သူကြီးအိမ်က မန်ကျီးသီးကိစ္စတွေ
ပြီးသွားလို့ ကျုပ်လည်း ဒီနေ့မှ နားရတာဗျို့။
နေလယ်ဘက်မှာ နေကလည်း ပြင်းလွန်းတော့
ကျုပ်လည်း ဘယ်မှကို မသွားတော့ဘဲ
ဝိုင်းထဲက မန်ကျည်းပင်ကြီးအောက်မှာ
လေတဖြူးဖြူးနဲ့ သစ်သားကွပ်ပျစ်ကနေ
မထတမ်းနေခဲ့တာဗျို့။ဝါးဘိုးခြမ်းကလေး
ခေါင်းအုံးလုပ်ပြီး နဂါးဆေးလိပ်ကလေး
ဖွာနေတာပေါ့ဗျာ။ကျုပ်ကတော့ သနပ်ဖက်
ဆေးပေါ့လိပ်ဆိုရင် မန္တလေးက နဂါးပဲ
သောက်တာဗျ။
ဆေးက ချိုပြင်းလေးဆိုတော့ ကျုပ်က
အားကြီးကြိုက်တာ။ကျုပ်တို့ဒေသမှတော့
အလှူအတန်းမှန်သမျှ နဂါးဆေးလိပ်ပဲ တည်တာဗျ။
ကျုပ်ကတော့ အလှူသွားတာတောင် နဂါးဆေးလိပ်
တစ်လိပ်တော့ အိတ်ထဲ ထည့်သွားတာဗျို့။
တကယ်လို့ အလှူမှာ နဂါးဆေးလိပ် မတည်ရင်
ကိုယ့်ဆေးလိပ် ကိုယ်ထုတ်သောက်ရတာလေ။

ပူတော့ အိပ်လို့လည်း မရဘူးဗျာ။မန်ကျည်းပင်ရိပ်မှာ
အအေးဓါတ်ကလေးယူပြီး မှိန်းနေတာပါ။

"ဟေ့ကောင် တာတေ။တယ်လည်းဇိမ့်ခံတဲ့ကောင်ပဲကွာ"

ဝိုင်းပေါက်ဝက အော်ပြောလိုက်တဲ့အသံ
ကြားလိုက်လို့ ကျုပ်ငေါက်ကနဲ ခေါင်းထောင်ကြည့်
လိုက်တယ်။

"ဟာ ကိုကြီးဖိုးသောင်ပါလား လာလေဗျာ
ဘယ်က ရောက်လာတာတုံးဗျ။မလာစဖူး
အလာထူးလို့ပါလား"

ကျုပ်က ဝါးခြမ်းမှာ အုပ်ထားတဲ့ ပုဆိုးခြမ်းကလေးကို
ယူပြီး ပုခုံးပေါ် တင်ထားလိုက်တယ်။ကိုဖိုးသောင်
ဆိုတာက မီးလောင်ကုန်းကဗျ။ကျုပ်နဲ့ လွှတ်ခင်တဲ့
လူလေ။ကိုဖိုးသောင်ကြီးက ကျုပ်လိုဘဲ သား
တစ်ယောက်တည်း ရှိတာ။သူ့မိဘများက
လူချမ်းသာတွေပါ။ယာတွေလည်း မနည်းဘူး။
ထန်းတောလည်း ရှိတယ်။ဒါပေမဲ့ ကိုဖိုးသောင်ကြီးက
လူချမ်းသာရဲ့ သားဆိုပြီး ထင်သလိုနေတဲ့လူ
မဟုတ်ဘူးဗျ လွှတ်ရိုးတာ။အလုပ်လည်း
လွှတ်လုပ်တဲ့လူ။အလုပ် မလုပ်ပဲ မနေနိုင်တဲ့လူဗျ။
ဒါပေမယ့် လူဆိုတာ ဝါသနာကလေးတော့
ရှိတာပေါ့ဗျာ။ကိုဖိုးသောင်ကြီးက ကြက်သမားဗျ။
ကြက်ကောင်းမွေးပြီး ကြက်တိုက်တယ်။
ကြက်တိုက်တယ်ဆိုပေမယ့် ကြုံရာနေရာမှာ လိုက်ပြီး
တိုက်တာတော့ မဟုတ်ဘူး။ဝိုင်းကြီးဝိုင်းကောင်းမှ
တိုက်တာ။ကျုပ်အိမ်ကို ကိုကြီးဖိုးသောင်
တစ်ခါမှ လာဖူးတာ မဟုတ်ဘူးဗျ။

"ကိုကြီးဖိုးသောင် လာ ဒီနာလေးက အေးတယ်ဗျ"

ကိုဖိုးသောင်က အသားညိုညို လူက ခပ်ဖိုင့်ဖိုင့်ပဲ။
သိပ်အဝေးကြီးတော့လည်း မဟုတ်ပါဘူး။
လူချမ်းသာသား ဆိုပေမယ့် ရှိုးနဲ့မိုးနဲ့ နေတာမဟုတ်ဘူးဗျ
တော်ရုံသင့်ရုံပဲ ဝတ်တာ စားတာပါ။
မိန်းမပေးစားလည်း မယူဘူး။လွတ်လွတ်လပ်လပ်
အေးအေးဆေးဆေးပဲ နေတဲ့လူဗျို့။
ကိုဖိုးသောင်က ခေါင်းက ထန်းဖလက်
ခမောက်ကလေးကိုချွတ်ပြီး ကွပ်ပျစ်မှာ ဝင်ထိုင်တယ်
ကျုပ်က ကျုပ်ဘေးမှာ ချထားတဲ့ ရေနွေးခရားထဲက
ရေနွေးကြမ်းကို ကပျာကယာငှဲ့ ပြီး တိုက်တယ်။

ကျုပ်တို့အညာသားတွေက နေပူလာရင်
ရေနွေးပူပူကိုပဲ သောက်ကြတာဗျ။
ရေအေးသောက်တဲ့အလေ့ မရှိကြဘူး။
ကျုပ်က နဂါးဆေးပေါ့လိပ် အသစ်တစ်လိပ်ကို
မီးညှိပြီး ကိုဖိုးသောင်ကို ပေးလိုက်တယ်။
ကိုဖိုးသောင်က မောလာတော့ နဂါးဆေးပေါ့လိပ်ကို
နှစ်ဖွာ သုံးဖွာ ဆက်ဖွါပြီး အမောပြေ ရှိုက်လိုက်တယ်။

"ကိုကြီးဖိုးသောင် ဘာနဲ့လာတုံး ကုန်းကြောင်းတော့
မဟုတ်လောက်ပါဘူး"

"လှည်းနဲ့ လာတာကွ တာတေရ။အိမ်က အလုပ်သမား
တစ်ယောက်ကို လှည်းမောင်းဖို့ ခေါ်လာတာ
တို့ဒွေးလေးအိမ်ဝိုင်းထဲမှာ လှည်းဖြုတ်ထားခဲ့တယ်။
တို့ဒွေးလေးကို သိရဲ့မို့လား ။အရီးမယ်တင်လေ"

"ရော်…ကိုကြီးဖိုးသောင်ကလည်း တာတေက
အရီးမယ်တင်ကို မသိဘဲ ရှိပါမလားဗျာ။
တာတေက အရီးတို့လက်ပေါ်မှာတင် ကြီးလာခဲ့တာဗျာ"

"သြော် ဟုတ်တာပေါ့။နို့  ခုတလော ဘယ်မှမသွားဘူးလား
ငါ့တို့ရွာဘက် ရောက်လာမလားလို့ ကြည့်နေတာသေးတာကွ"

"မရောက်ပါဘူး ကိုကြီးရာ။ဒီမှာက သူကြီးတို့
မန်ကျည်းသီးခူးတာနဲ့ ဝိုင်းလုပ်ပေးနေတာ
သူကြီးက ဝိုင်းထဲရော သူ့ယာထဲမှာပါ မန်ကျည်းပင်တွေ
အများကြီး ရှိတာဆိုတော့ ဝိုင်းခူးပြီး အစေ့ထုတ်
အသားဆွဲ ဝိုင်းလုပ်ပေးကြရတာ။သူကြီးက
မန်ကျည်းသီးရောင်းပြီး နှစ်တိုင်း အလှူလုပ်တာဆိုတော့
ကုသိုလ်ရကြတာပေါ့ဗျာ ။အဲဒါနဲ့ ကျုပ်လည်း
ခုတလော ဘယ်မှကို မရောက်တာဗျို့။

"သြော် ဒါကြောင့်ကိုး နို့ ငါတို့မီးလောင်ကုန်းဘက်ကရော
ဘာသတင်များ ကြားသေးတုံး"

ကိုဖိုးသောင်က ကျုပ်ကိုမေးတယ်။ကျုပ်က ခေါင်းခါပြ
လိုက်ပြီး.…

"မကြားမိပါလား ကိုကြီးဖိုးသောင်ရဲ့"

"ဒီလိုကွ တာတေရ ကိုကြီးဖိုးသောင်ရဲ့
ဘိုးထွန်းမောင်ဆိုတာ အားကြီးရယ်စရာပြောတဲ့
ဘိုးတော်ကြီးလေ"

"ဟုတ်ပါ့ဗျာ အခုလာတာ ဘထွေး ထွန်းမောင်ရဲ့သား
အငယ်ကောင် အောင်မောင်းကိစ္စကွ"

"အောင်မောင်းဆိုတာ ခပ်ဝဝကောင်မို့လား
ကျုပ်နဲ့ အသက်ချင်း မတိမ်းမယိမ်း ရှိမှာပါ"

"အေး ဟုတ်တယ် တာတေ အဲဒီကောင် အဲဒီကောင်"

"နို့ အောင်မောင်းက အခုဘာဖြစ်နေလို့တုံး"

"အောင်မောင်း ရူးသွားတယ် တာတေ"

"ဗျာ"

"ရူးသွားတယ် ဟုတ်လား ကိုကြီးဖိုးသောင်"

"အေး …ဟုတ်တယ် တာတေ ။အောင်မောင်းရူးသွားတယ်ကွ"

"ဟာ လွန်ခဲ့တဲ့ တစ်လလောက်ကတောင်
ကျုပ်နဲ့ ပုဗ္ဗာရုံကျောင်းက ဘိုးမင်းစိန်တို့အလှူမှာ
တွေ့သေးရောဗျာ။ဘာကြောင့်သေးလို့တုံးဗျ
ဖြစ်မှ ဖြစ်ရလေဗျာ ဘယ်လိုများ ဖြစ်ရတာတုံးဗျာ"

ကျုပ်က အောင်မောင်းအတွက် စိတ်မကောင်းပြီး
ပြောမိတယ်။
"ငါ့စိတ်ထင်တော့ ရိုးမပေါ်က ကျောက်ယားတောင်ကို
ဒီကောင် ရောက်သွားတယ်လို့ထင်တယ် တာတေရ"

ကိုဖိုးသောင်စကား ကြားလိုက်တော့ ကျုပ်တော်တော်
အံ့သြသွားတယ် ။
"ဘယ်လို ဘယ်လို ကျောက်ယားတောင် ဟုတ်လား"

"အေးလေကွာ မင်းမကြားဖူးဘူးလား ရိုးမပေါ်က
ကျောက်ယားတောင် ဆိုတာလေ"

"ဟင့်အင့် ကျုပ် မကြားဖူးဘူးဗျ"

"ဟာ တာတေလည်းကွာ လည်မလိုလိုနဲ့ တော်တော်
အ,သေးတာကိုး"
"ဟာဗျာ ကိုကြီးဖိုးသောင်ကလည်း ကျုပ်မှ မသိတဲ့ဟာ"
ကိုကြီးဖိုးသောင်က ကျုပ်ကိုကြည့်ပြီး ခေါင်းညိတ်တယ်
သူပြောတဲ့ ကျောက်ယားတောင်ဆိုတာက လူတိုင်းနီးပါး
သိကြတယ်ထင်တယ်။ကျုပ်ကတော့ တကယ်ကို
မသိတာဗျို့။

"ငါတို့ရွာမီးလောင်ကုန်းအနောက်ကို သုံးတိုင် လေးတိုင်
လောက်သွားရင် ငါးတွင်းကြီးဆိုတဲ့ ရိုးမအခြေက
ရွာကလေးကို ရောက်တယ်လေကွာ"

"အင်း ဟုတ်ပြီ ကျုပ် တစ်ခါတော့ ရောက်ဖူးပါတယ်"
(ကျုပ်တို့ အညာဒေသအခေါ် တစ်တိုင်ဆိုတာ
နှစ်မိုင်ကို ပြောတာဗျ)

"အေး အဲဒီငါးတွင်းကြီးတွင်းကနေ သစ်လုံးချတဲ့
လမ်းအတိုင်း ရိုးမပေါ်တက်ရင် နာရီဝက်လောက်ဆို
ကျောက်ယားတောင်ကို တွေ့ရော ။သိပ်အမြင့်ကြီး
မဟုတ်ပါဘူးကွာ"

"သြော် ဒါထက် နေပါဦးဗျ ကိုကြီးဖိုးသောင်ရဲ့
အဲဒီတောင်ကို ဘာဖြစ်လို့ ကျောက်ယားတောင်လို့
ခေါ်တာတုံးဗျ"

"ဒီလိုကွ တို့ရွာသားတွေကတော့ ဒီအကြောင်းကို
ဟိုကတည်းက ပြောနေကြကွ ယုံတမ်းစကားတော့
နည်းနည်းဆန်တာပေါ့ကွာ"

"ဘယ်လိုများတုံး ကိုကြီးဖိုးသောင်ရဲ့"

"ဒီလိုကွာ ဂျပန်တွေ စစ်ရှုံးတော့ တစ်ချို့တပ်ဖွဲ့ တွေက
ဒီဘက်ကနေ ဆုတ်ကြတာဆိုပဲ။အဲဒီတုန်းက
ဂျပန်တစ်တပ်က အခုလူတွေ ကျောက်ယားတောင်လို့
ခေါ်တဲ့တောင်မှာ တပ်စွဲထားတယ်ဆိုပဲ။
နောက်က အင်္ဂလိပ်စစ်တပ်ကလည်း
လိုက်လာတော့ ဂျပန်တွေဟာ အဲဒီတောင်မှာ
ကြာကြာမနေဘဲ ဆုတ်သွားတယ်တဲ့ကွ။
ဒီမှာတင် သူတို့နဲ့ ပါလာတဲ့ ရွှေတွေနဲ့ အဖိုးတန်ပစ္စည်း
တွေကို အဲဒီတောင်မှာ မြှုပ်ပစ်ခဲ့တယ်တဲ့ကွ
ဘယ်နားမှာ မြှုပ်တယ်ဆိုတာတော့ ဘယ်သူမှ
မသိသေးဘူးပေါ့ကွာ"

"သြော် ဒါဆိုရင် ရတနာသိုက်လို ဖြစ်နေတာပေါ့"

"အေးပေါ့ကွ တာတေရ အဲဒီလို ရွှေတွေမြှုပ်ပြီးတော့
သူတို့ဖမ်းလာတဲ့ လူသုံးယောက်နဲ့ ဂျပန်စစ်သား
တစ်ယောက်ကိုပါသတ်ပြီး ပစ္စည်းတွေ စောင့်ရမယ်လို့
အမိန့်ပြန်ခဲ့တယ်ဆိုပဲ"

"ဟင်…ဒါကို ဘယ်လိုသိကြတာတုံး"

"ဒီလိုကွ ဂျပန်တွေ ဆုတ်သွားတော့ တို့ရွာသား
တစ်ယောက်က သွားပြီး ချောင်းကြည့်တယ်ဆိုပဲ။
ဒီမှာတင် ခေါင်းဖြတ်သတ်ထားတဲ့ ဗမာသုံးယောက်နဲ့
ဂျပန်စစ်သားတစ်ယောက်ရဲ့အလောင်းကို
တွေ့တာပဲဟေ့ ။သူတို့နားမှာ ပေါက်ချွန်းတွေ
ပေါက်ပြားတွေပါ တွေ့တာတဲ့ကွ ကြည့်ရတာတော့
တွင်းတူးခိုင်းတဲ့လူတွေနဲ့ စောင့်ကြပ်ပြီး ခိုင်းတဲ့
ဂျပန်စစ်သား ဖြစ်ပုံရတယ်ကွ။အားလုံး မြှုပ်နှံပြီးတဲ့
အခါ ဒီနေရာကို ပေါက်ကြားမှာစိုးလို့ အားလုံးကို
သတ္ပစ္ခဲ့တဲ့ပုံပဲကြ"

"အင်း ဖြစ်နိုင်တာပေါ့"

"အဲဒီဂျပန်နဲ့ ဗမာသုံးယောက်ဟာ ကျောက်ယားတောင်က
ပစ္စည်းတွေကို စောင့်ရှောက်နေတဲ့ပုံ ရတယ်ကွ"

"ကျောက်ယားတောင်လို့ ဘာဖြစ်လို့ခေါ်တာတုံးဗျ
ကိုကြီးဖိုးသောင်ရဲ့"

"ဒီလိုကွ တာတေရ။အဲဒီတောင်က ကျောင်းတုံးကလေး
တွေထဲမှာ တစ်ချို့က လွှတ်လှတာကွ။ အနီရောင်
အပြာရောင် အစိမ်းရောင် အဝါရောင် စုံနေတာကွ။
ကျောက်ယားတောင်ရောက်တဲ့ လူတွေက အဲဒီ
ကျောက်တုံးကလေးတွေကို လှလို့ဆိုပြီး ကောက်လာရင်
ညဆို တစ်ကိုယ်လုံး ယားတော့တာပဲတဲ့ဟေ့။
နောက်နေ့ဆိုရင် ချက်ချင်းသွားပြန်ပို့ရတာကွ။
တချို့ဆိုရင် ဂျပန်စစ်သားသရဲကြီးက လည်ပင်းကို
အတင်းလာညှစ်တာတဲ့ဟေ့ ။အော်ကြ ဟစ်ကြရတော့
လန့်ပြီးပြန်ပို့ရတာဟေ့"

"ဟာ ဒါဆိုရင် ကျောက်ယားတောင်က အစောင့်တွေက
သူတို့ ပစ္စည်းတွေတင် စောင့်တာမဟုတ်ဘဲ
တစ်တောင်လုံးကို စောင့်နေပုံရတယ်ဗျ ကိုကြီးဖိုးသောင်းရဲ့"

"အေးကွ မင်းပြောလည်း ပြောစရာပဲ တာတေရ။
ကျောက်တုံးလေး ကောက်ယူလာရင်တောင်
ယားအောင်လုပ်ကြတာဆိုတော့လည်း လွန်သားလားကွ"

"သြော်…ဒါကြောင့် ကျောက်ယားတောင်လို့
ခေါ်တာကိုး"

"အေး …ဟုတ်တယ်ကွ ကျောက်တုံးလေးတွေ
ယူလာတိုင်းယားလို့ အဲဒီတောင်ကို ကျောက်ယား
တောင်လို့ ခေါ်ကြတာကွ"

"ဒါထက် ကိုကြီးဖိုးသောင်းရဲ့ ဝမ်းကွဲညီ အောင်မောင်းက
ဘယ်လိုဖြစ်တာတုံးဗျ"

ကိုကြီးဖိုးသောင်းက ကျုပ်မေးတာကို ချက်ချင်းမဖြေဘဲ
နဂါးဆေးပေါ့လိပ်ကလေးကို တစ်ချက် နှစ်ချက်
ဖွာနေသေးရောဗျာ။ပြီးတော့မှ ပြောတာဗျ။

"ရွာထဲက အောင်မောင်းသူငယ်ချင်း ဝက်သိုး ဆိုတဲ့ကောင်
ပြောတာကတော့ အောင်မောင်းကို လာ,လာပြီး
အိပ်မက်ပေးသတဲ့ကွ။ကျောက်ယားတောင်မှာ
ပစ္စည်းလာတူးဖို့ဆိုပဲ။အိပ်မက်က မက်တာ စိပ်,စိပ်လာပြီ
နောက်တော့ ညတိုင်း မက်လာတယ်ဆိုပဲ။
အဲဒီတော့ အောင်မောင်းက သူ့သူငယ်ချင်း
ဝက်သိုးကို ကျောက်ယားတောင်သွားဖို့
အဖော်တယ်တဲ့ ။ဒါပေမယ့် ဝက်သိုးက
မလိုက်ဘူးလို့ ပြောလိုက်တာတဲ့ကွ။
အဲဒီ ဝက်သိုး ပြောပုံဆိုပုံဆိုရင်တော့
အောင်မောင်းက ကျောက်ယားတောင်ကို
တစ်ယောက်တည်း သွားပြီး အဲဒီက တစ်ခု,ခု
ယူလာတဲ့ ပုံပဲကြ"

"ဟင် ဟုတ်လား အောင်မောင်းကို နည်းနည်းပါးပါး
မေးကြည့်လို့ မရဘူးလားဗျ"

"ဟာ …တာတေကလည်း ရူးနေပါပြီဆိုမှ
ဘာကိုမေးလို့ရမှာတုံး။ပြီးတော့ သူ့ပါးစပ်ကပြောတဲ့
စကားတွေကလည်း ဘာစကားတွေမှန်းကို
မသိတာကွ။မနေ့ကတော့ ငွေတွင်းကုန်းက
ဘကြီးစံမြတို့ ရွာကိုလာတုန်း အောင်မောင်းကို
သွားကြည့်တယ်"

"ဟာ …ဘကြီးစံမြက ဘာပြောတုံး"

"အောင်မောင်း ပြောနေတာ ဂျပန်စကားတဲ့ကွ"

"ဗျာ…ဂျပန်စကား ဟုတ်လား အောင်မောင်းက
ဂျပန်စကားတတ်လို့လား ကိုကြီးဖိုးသောင်ရဲ့"

"ဘယ်ကလာ ဂျပန်စကားတတ်ရမှာတုံး တာတေရာ
အောင်မောင်းဆိုတဲ့ ကောင်က ဗမာစကားတောင်
သိပ်ပီတဲ့ကောင် မဟုတ်ဘူးကွ"

"ဘကြီးစံမြကရော ဂျပန်စကားမှန်း ဘယ်လိုလုပ်သိတာ
တုံးဗ်"

"ဟကောင်ရ ဘကြီးစံမြက ဂျပန်စကားတတ်လိုက်တာမှ
မွှတ်နေတာကွ။သူက ဂျပန်စကားပြန်တောင် လုပ်ခဲ့ဖူးတာကွ"

"ဟာ ဟုတ်လား ဒါဆိုရင်တော့ ဟုတ်တာပေါ့"

ကျုပ်က စဉ်းစားရင်းနဲ့ နဂါးဆေးပေါ့လိပ်ကလေး
ဖွာနေတယ်ဗျ။ကျုပ်လိုပဲ ကိုကြီးဖိုးသောင်းကလည်း
တွေးနေတယ်။

"နေပါဦး ကိုကြီးရ အောင်မောင်းက ဂျပန်လို ပြောတော့
ဘာတွေများ ပြောတာတုံး ဘကြီးစံမြက ဘာသာပြန်
ပြသေးသလား "

"ဘကြီးစံမြ ပြောတာတော့ ဓါး  ဓါး အမိန့် အမိန့်
လို့ အော်နေတာတဲ့ကွ။ ဘာဓါးမှန်းလဲ မသိ။
ဘာအမိန့်မှန်းလည်း မသိဘူးကွ"

"ဘကြီးစံမြက ဂျပန်လို့ တတ်တာပဲဗျာ
နည်းနည်းပါးပါး မေးမကြည့်ဘူးလားဗျာ"

"မေးတယ်ကွ ဂျပန်လိုမေးတော့ ဒါပေမဲ့ ဘာမေးမေး
အောင်မောင်းက ဓါး ဓါး အမိန့် အမိန့်လို့ပဲ ပြောနေ
တာတဲ့ကြ"

ကျုပ်လည်း တစ်သက်နဲ့တစ်ကိုယ် ဂျပန်လိုသရဲကိုင်တာ
တစ်ခါမှ မကြားဖူးပါဘူးဗျာ။

"အေး အဲဒီကိစ္စကြောင့် မင်းဆီကို ငါလာခဲ့တာပဲ တာတေရ
မင်းက ဗဟုသုစုံတော့ ဒါကို ဘယ်လိုလုပ်ရင်
ကောင်းမလဲလို့ လာပြီးတိုင်ပင်တာကွ"

ကျုပ်နဲ့ ကိုကြီးဖိုးသောင်းကလည်း ရေနွေးကြမ်းငှဲ့ပြီး
သောက်ကြတာပေါ့ဗျာ။နဂါးဆေးပေါ့လိပ်ကလေး
တစ်ယောက် တစ်လိပ်စီဖွာပြီး တွေးကြတာပေါ့။
နေပူပူမှာ အညာသားစည်းစိမ်ကလေး ယူနေကြတာပေါ့
ဗျာ။ခဏကြာတော့မှ ကျုပ်ကပြောလိုက်တယ်။

"ဒီကိစ္စကို ကျုပ်လုပ်ပေးမယ် ကိုကြီးဖိုးသောင်
ဒါပေမယ် ဒါကို မလုပ်ခင် ကျောက်ယားတောင်ရဲ့
သဘောကိုတော့ ကျုပ်သေသေချာချာ သိချင်သေးတယ်ဗျာ
ဒီတော့ ဒီလိုလုပ်ဗျာ သန်ဘက်ခါဆိုရင်
မီးလောင်ကုန်းကို ကျုပ်လာခဲ့မယ် ။ပြီးရင်
ကိုကြီးဖိုးသောင် ကျုပ်ကို ကျောက်ယားတောင်
လိုက်ပို့ဗျာ"

"ဟာ ဟန်ကျတာပေါ့ကွာ ဒီကိစ္စကို မင်းလုပ်ရင်
အဆင်ပြေမယ်ဆိုတာ ငါသိပြီးသားကွ သြော်
ဒါထက် နေပါဦးကွ မင်းက ကျောက်ယားတောင်ကို
ဘာသွားလုပ်မှာတုံး တာတေ"

"အဲဒီက ကျောက်တုံးလေးတွေ သွားယူမလို့ဗျ။
တကယ်ယားတာ ဟုတ်,ဟုတ် ကျုပ်သိချင်လို့ဗျ"

"ဟား ဟား  ဟား  ဟား တာတေရာ မင်းကတော့
တကယ့်အကောင်ပဲကွာ ယားပါတယ်ဆိုတာတောင်မှ
တကယ်ယား,မယား စမ်းဦးမှာတဲ့"

"ဟာ ကိုကြီးကလည်း သူပြောလူပြော ယုံနေတာထက်
ကိုယ်ကိုယ်တိုင် စမ်းကြည့်တော့ သိရတာပေါ့ဗျ"

"အေးလေ မင်း မကြောက်ရင်လည်း စမ်းပေါ့ကွာ"

"ဟာဗျာ ဘာကိုကြောက်ရမှာတုံး ကိုကြီးရ"

"အေး ဒါဆိုရင်လည်း သန်ဘက်ခါ ငါ မျှော်နေမယ်
မင်း ဘယ်အချိန်လာမှာတုံး"

"မနက်အစောကြီးထပြီး ထမင်းကြမ်းလေး ဘာလေးစားပြီးတာနဲ့
ထွက်ခဲ့မှာ မီးလောင်ကုန်း ရောက်တာနဲ့
ကိုကြီးဖိုးသောင်က ကျုပ်ကို ရိုးမပေါ်က
ကျောက်ယားတောင်ကို လိုက်ပို့ပေတော့
ကိုကြီးဖိုးသောင်တို့ဆီမှာ နှစ်ရက် သုံးရက်တော့
ကျုပ်နေမှ ရမှာဗျ"

"ဟာ…ဟန်ကျတာပေါ့ တာတေရာ ငါတို့အိမ်မှာက
အဘရယ် အမေရယ် ငါရယ်ပဲ ရှိတာလေကွာ
အေး  မင်းလိုပဲပေါ့ကွ။မင်းကြိုက်သလောက်သာနေ
မင်း လိုအပ်တာသာပြော ဘာမှ အားနာစရာ
မရှိဘူး တာတေ။မင်း အခုလို လိုက်လာမှကိုပဲ
ငါက ဝမ်းသာသွားပြီလေကွာ ငါညီဝမ်းကွဲကို
ကယ်ပါ တာတေရာ"

"စိတ်ချပါ ကိုကြီးဖိုးသောင်ရာ ကျုပ် ဆက်ဆက်လာခဲ့
မှာဗျ"

ကျုပ်နဲ့ ကိုကြီးဖိုးသောင် ဟိုအကြောင်း သည်အကြောင်းတွေ
ထိုင်ပြောလိုက်တာ ညနေကို စောင်းရောဗျို့။
သည်တော့မှ ကိုကြီးဖိုးသောင် ပြန်သွားတယ်။
"ဟဲ့ …တာတေ အဲဒါ ဘယ်သူတုံး"

အမေက သည်တော့မှ  မေးတာဗျ။

"မီးလောင်ကုန်းက ဘကြီးထွန်းဆောင်ရဲ့သား
ကိုဖိုးသောင်ကြီးလေ အမေရဲ့"

"သြော် ဒါ ကိုထွန်းဆောင်သားလား။သူ့အဖေ
ထွန်းဆောင်က လူချမ်းသာပဲ"

အဘကလည်း တန်းလျားမှာ ထိုင်နေရင်းက
လှမ်းပြောလိုက်တယ်။

"နို့ ဖိုးသောင်က လာလည်တာလား"

"မဟုတ်ဘူးအမေရဲ့ သူ့ညီဝမ်းကွဲ အောင်မောင်းဆိုတဲ့
ကောင် ရူးနေလို့တဲ့ဗျ"

"ဟေ  ရူးနေတယ် ဘယ်လိုဖြစ်လို့တုံးဟဲ့"

"ရိုးမပေါ်က ကျောက်ယားတောင်ကိုက ဂျပန်သရဲ
ကိုင်တာတဲ့ဗျ။ရူးလိုက်တာမှ သွက်သွက်ကို လည်နေတာဆိုပဲ။
ပါးစပ်ကလည်း ဂျပန်လိုချည်း ပြောတာပဲဗျ"

"အို ဖြစ်ရလေတယ် နို့ ဒီသူငယ်က ဘယ်အရွယ်တုံး"

အမေက စိတ်မကောင်းဖြစ်သွားပြီး မေးတယ်ဗျ။

"အောင်မောင်းက ကျုပ်နဲ့ရွယ်တူဗျ အမေရ"

"ဟင် …အငယ်လေး ရှိသေးတာပဲ ဒီကောင် ဘာများ
သွားလုပ်မိလို့လည်းမှ မသိတာ နင့်လာခေါ်တာလား"

"ဟုတ်တယ်ဗျ ကိုကြီးဖိုးသောင်က ကျုပ်ကို အကူအညီ
လာတောင်းတာ သန်ဘက်ခါ ကျုပ် လိုက်သွားမယ်"

"တာတေ နင်က ဂျပန်သရဲကို ဘယ့်နှယ်လုပ်မှာတုံး
မတော်လို့ နင်ပါ ရူးသွားရင် ငါ ရင်ကျိုးမှာ တာတေရ
နေရာတကာ လိုက်ပါတိုင်းလည်း ကောင်းတာမဟုတ်ဘူး
ငတာတေရေ"

"ဟာ အမေကလည်း ဘာမှ မစိုးရိမ်ပါနဲ့ဗျာ ကျုပ် ဘာမှ
မဖြစ်ပါဘူးဗျာ"

အဲဒီလိုပြောပြီး ကျုပ်တွေးမိသွားတယ်ဗျ။ကျောက်ယား
တောင်က ယားတယ်ဆိုတဲ့ ကျောက်တုံးကလေးတွေ
သွားယူပြီး စမ်းကြည့်မှာကိုသာ အမေ သိသွားရင်
ကျုပ်ကို မီးလောင်ကုန်း သွားခိုင်းမှာတောင် မဟုတ်တော့
ဘူးဗျို့။

မီးလောင်ကုန်းကို ကျုပ်ရောက်တော့ နေထွက်သာသာ
ရှိသေးတာဗျ။ကျုပ်က ရွာလယ်လမ်းအတိုင်း ဝင်ချလာတာလေ။ဘိုးထွန်းမောင်ရဲ့ ဝိုင်းက
ရွာလမ်းမှာရှိတာ။ဝိုင်းရှေ့မှာ ကျုပ်ရပ်လိုက်တာနဲ့

"ဟာ တာတေ လာပြီဟေ့ ဟဲ မိနီ အစ်ကိုကြီးတာတေရဲ့
အိတ်ကို သယ်စမ်း"

ကိုကြီးထွန်းသောင် အသံဗျ။ကျုပ်ကို ထိုင်ပြီး မျှော်နေပုံရ
တယ် ။မိနိဆိုတာ သူ့တူမလေး ထင်ပါရဲ့။ခုနှစ်နှစ်
ရှစ်နှစ်သမီးကလေးပါ။ကျုပ်ဆီကို ပြေးလာပြီး
ကျုပ်လွယ်အိတ်ကို ဖြုတ်တော့တာပဲဗျ။လွတ်အိတ်ကြီး
ယူပြီး အိပ်ပေါ်ကို ပြေးတက်သွားတယ်။ကျုပ်လည်း
မိနီကလေးနောက်က လိုက်ရတာပေါ့ဗျာ။

"လာဟေ့ တာတေ"

ဘိုးထွန်းဆောင်နဲ့ အရီးမသိန်းရင်က ကျုပ်ကို
ဆီးကြိုကြတယ်။

"မင်းအဘနဲ့ အမေရာ နေကောင်းရဲ့လားကွဲ့"

"ဟုတ်ကဲ့ အဘ နေကောင်းကြပါတယ်"

"နို့ မနက်ခင်းစာ ဘာစားခဲ့တုံး တာတေ"

"ကျုပ် စားပြီးပါပြီ အဘ ထမင်းကြမ်းစားပြီးမှ
ထွက်လာတာပါ"

"ဟဲ့ ဖိုးသောင် မင်းညီကို လက်ဖက်တို့ မုန့်တို့
ချလေကွယ်"

"လာပြီ အဘရေ လုပ်နေတယ်"

"ကဲ တာတေရေ ညက အမေ ကြော်ထားတဲ့
မုန့်စလင်းထေင့်ကြော်လေးတွေ စားဦးကွ ပြီးတော့
ဒီမှာ လက်ဖက်စားကွ"

"ကျုပ်ဒို့ နေမမြင့်ခင် တောင်ပေါ်တက်ကြမှဗျ"

ကျုပ်က ကိုဖိုးသောင်ကို လောဆော်လိုက်တယ်။

"အေးပါကွာ သွားကြတာပေါ့ တာတေရာ
ငါထမင်းထုပ် ထုပ်လိုက်ဦးမယ် မင်း မုန့်စားဦး"

ဟုတ်တယ်ဗျ။ကျောက်ယားတောင်က ဒီကနေဆိုရင်
ခုနှစ်မိုင် ရှစ်မိုင်လောက်တော့ ရှိမှာဗျ။
ထမင်းထုပ် ပါမှဖြစ်မှာ။ကျုပ်က အရီးဒေါ်သိန်းရင်
ကြော်တဲ့ မုန့်စလင်းထောင့်ကြော်တွေ စားပြီး
ဆေးပေါ့လိပ်ကလေးဖွာနေတာဗျ။

"ကဲ တာတေ သွားကြစို့ဟေ့"

ကိုဖိုးသောင်ကြီးက တောင်းကလေးတစ်လုံးထမ်းလို့
တောင်းထဲမှာ ထမင်းထုပ်နှစ်ထုပ်နဲ့ ရေဘူးပါတယ်ဗျ။
ခါးမှတော့ ဓါးမလေးတစ်ချောင်း ထိုးလို့ဗျ။
ချုံလေးဘာလေး ခုတ်ရမှာပေါ့ဗျာ။

"ကဲ …အဘနဲ့ အရီး ကျုပ်ဒို့ သွားလိုက်ဦးမယ်"

"အေး …အေး တာတေရေ ညနေတော့ စောစောရောက်အောင်
ပြန်ခဲ့ကြဦးနော်"

"ဟုတ်ကဲ့ပါ  အရီး ညနေမစောင်းခင် ကျုပ်တို့
ပြန်ရောက်ကြမှာပါ"

ငါးကြီးတွင်းရွာ ရောက်အောင်ကိုပဲ အတော်လျှောက်ခဲ့
ရတာဗျ။ငါးကြီးတွင်းရွာက ရိုးမအခြေမှာ ကပ်လို့
တည်ထားတာ။အိမ်ခြေတော့ သိပ်မများလှပါဘူး။
အလွန်ဆုံးရှိမှ ခြောက်ပါပဲ။ကိုကြီးဖိုးသောင်က
ငါးကြီးတွင်းကိုကျော်ပြီး ရိုးမဘက်ကို တန်းသွားတာဗျ။
တောင်ခြေရောက်တော့ သစ်လုံးဆွဲတဲ့ လမ်းကလေး
တွေ့ရတယ်။

"တာတေ ဒါတောင်ပေါ်မှာ သစ်ခုတ်ပြီး သစ်လုံးချတဲ့
လမ်းလေကွာ ဒါပေမဲ့ လမ်းက အကောင်းသားကွ
လှည်းတောင် ဝင်လို့ရနေပြီ"

ကျုပ်က ကိုဖိုးသောင် ပြတဲ့လမ်းကို ကြည့်လိုက်တယ်။
သစ်လုံးကိုနွားနဲ့ဆွဲတဲ့ စွပ်ကြောင်းတွေ ထင်နေတာ
ပေါ့ဗျာ။လမ်းက တော်တော်ကို ကျယ်နေပါပြီ။

"ကဲ …တောင်ပေါ်တက်ကြစို့"

ကိုကြီးဖိုးသောင်က ရှေ့က ခပ်သုတ်သုတ် တက်တယ်။
ကျုပ်က နောက်ကလိုက်ပေါ့ဗျာ။

"ကိုကြီးဖိုးသောင် ထမင်းတောင်း ကျုပ်ကိုပေးလေဗျာ"

"ဟာ…နေပါကွာ မလေးပါဘူး"

"ပေးစမ်းပါဗျာ …ကိုကြီးဖိုးသောင်က အကြီး
ကျုပ်က အငယ်ပဲလေ ကျုပ်သယ်ပါ့မယ်"

ပြောပြောဆိုဆိုနဲ့ ကျုပ်က ထမင်းတောင်းကလေးကို
ဇွတ်ဆွဲယူပြီး ထမ်းလိုက်တယ်။လမ်းက ရှေ့မှာ
ကွေ့သွားတယ်။ကျုပ်ဒို့ လည်း ကွေ့ပြီးလိုက်ကြတယ်။
တော်တော်တော့ ကောင်းသားဗျ။လမ်းမှာ
နေပျောက်တောင် သိပ်မထိုးပါဘူး။
ကျုပ်တို့နှစ်ယောက် လျှောက်ရင်းနဲ့ နာရီဝက်ကျော်ကျော်
လောက်ရှိတော့ ရှေ့ကသွားနေတဲ့ ကိုကြီးဖိုးသောင်က
တုံ့ကနဲ ရပ်လိုက်တယ်ဗျ။

"တာတေ ရှေ့ကတောင်က ကျောက်ယားတောင်ပဲကွ
သိပ်အမြင့်ကြီးတော့ မဟုတ်ဘူး"

ကျုပ်ရပ်ပြီးကြည့်လိုက်တယ်။တောင်လက်မောင်း
ကတော့ တော်တော်လှတာဗျ။ညီညီညာညာကို
သွယ်တန်းနေတာ။ရိုးမနဲ့ ဒီတောင်က သီးသန့် လိုကို
ဖြစ်နေတာဗျို့။တောင်ကမူပုံမျိုး ဖြစ်နေတာ။
သစ်ပင်တွေကတော့ အုပ်အုပ်ဆိုင်းဆိုင်း
ပေါက်နေတာပဲ။

"ကဲ…တာတေ အဲဒီကို သွားစို့ "

ကျောက်ယားတောင်ကို သွားရင်ကနေ ကျုပ်
တွေးကြည့်တယ်ဗျ။ဒီဂျပန်တပ်ဟာ ဘယ်ကနေ
ဘယ်လိုဖြတ်တာလဲပေါ့ဗျာ။တွေးရင်းနဲ့ လာလိုက်တာ
တောင်ခါးပန်းကို ရောက်ရောဗျို့။
တောင်ခါးပန်းကနေ တောင်ထိပ်ကို ကျုပ်တို့
တက်တယ်။သိပ်မတက်ရပါဘူး။
တောင်ထိပ်ကိုရောက်ရောဗျ။တောင်ထိပ်ရောက်တော့
ကျုပ်က အကဲခတ်ကြည့်တာပေါ့ဗျာ။

ကျုပ်သဘောပေါက်ပြီဗျ။ဒီဂျပန်တပ်က စစ်ကိုင်းဘက်ကနေ
မုံရွာဘက်ကို ဖြတ်ချလာတာ ဖြစ်မယ်ဗျ။
မုံရွာကမှ အိန္ဒိယထဲကို ဝင်မယ့်ပုံထင်တယ်။
ကျုပ်လည်း သေသေချာချာသိတာတော့ မဟုတ်ဘူးပေါ့ဗျာ
ကျုပ်ဖတ်ဖူးတဲ့ စာလေးပေလေးနဲ့ အားပြုပြီး
တွေးကြည့်ရတာပေါ့လေ။ကျုပ်တို့ တောင်ပေါ်ကို
ရောက်တော့ နေမွန်းတည့်ကာနီးပြီဗျ။ကိုကြီးဖိုးသောင်နဲ့
ကျုပ်နဲ့ ကုက္ကိုပင်ကြီးတစ်ပင်အောက်က ကျောက်ဖျာချပ်
ကြီးတစ်ချပ်ပေါ်မှာ ကျုပ်ကထမင်းတောင်းကလေးချပြီး
ထိုင်ချလိုက်တယ်။

ကိုကြီးဖိုးသောင်က ထမင်းတောင်းထဲက
ရေဘူးကိုထုတ်ပြီးတစ်ငုံ နှစ်ငုံသောက်တယ်။
ပြီးတော့ ကျုပ်ကို ရေဘူးလှမ်းဘေးပေးတယ်။
ကျုပ်လည်း တစ်ငုံ နှစ်ငုံသောက်ပြီ ထမင်းတောင်းထဲကို
ပြန်ထည့်ထားလိုက်တယ်။
"ကဲ…တာတေ ထမင်းစားကြစို့ကွာ
အချိန်လည်း မနည်းတော့ဘူး"

"စားလေဗျာ"

ကျုပ်တို့နှစ်ယောက်ကျောက်ပေါ်မှာ ထမင်းထုပ်တွေ
ပြည်ပြီး စားကြတာပေါ့ဗျာ။ ကြက်သားဟင်းများ
မွှေးနေတာပါပဲဗျ။ ကိုကြီးဖိုးသောင်ရော ကျုပ်ရော
ဆာဆာနဲ့ကြိတ်လိုက်ကြတာ
ထမင်းတစ်ထုပ်ကြီးစီ ပြောင်းသွားရောဗျို့။
"ဒုတ်…ဒုတ် …ဒုတ်"
"ဘာတုံးဟ"
ကိုကြီးဖိုးသောင် လန့်သွားတယ်။ကျုပ်လည်း
တွေသွားတာပဲဗျ။ကျုပ်တို့ ထမင်းတွေသိမ်းပြီး
လက်ဆေးနေတုန်းမှာ  ကျောက်ဖျာကြီးအောက်က
မြည်သွားတာဗျ။ကိုကြီးဖိုးသောင်နဲ့ ကျုပ်နဲ့
နဂါးဆေးလိပ်ကလေးဖွာနေရင်း တွေးနေကြတာပေါ့ဗျာ။

"ဒုတ်  ဒုတ် ဒုတ်"

"ဟော မြည်ပြန်ပြီကွ တာတေရ ဒါ ဘာတုံး"

ကျုပ် ကျောက်ဖျာဘေးကို ဆင်းလိုက်တယ်။ကိုကြီး
ဖိုးသောင်လည်း ကျုပ်ဘေးမှာ လာရပ်တယ်ဗျ။
ကျုပ်မျက်လုံးတွေ လိုက်ကြည့်နေတယ် ။ဟော
ကျုပ် တွေ့ပြီ။အက်ကြောင်းဗျ။ဒါအက်ကြောင်း။
ကျောက်ဖျာရဲ့ ထောင့်စွန်းတစ်ဖက်မှာ ကျောက်ဖျာရဲ့
အက်ကြောင်းကို ကျုပ်သွားတွေ့တာဗျ။
ကျုပ် ချက်ချင်းသွားပြီး အက်ကြောင်းကို
တွန်းကြည့်တယ်။ဟော ရွေ့တယ်ဗျ။
ရွေ့တယ်။ကျုပ် လုပ်နေတာကို ဘာမှ နားမလည်ဘဲ
ကြည့်နေတဲ့ ကိုဖိုးသောင်ကြီးက ချက်ချင်း
ပြေးလာပြီး ကျောက်ဖျာကို ကူတွန်းတယ်။
ဟာ ရွေ့သွားပြီဗျို့။ရွေ့သွားပြီ။ဟာ  အောက်မှာ
ဂူပေါက်တစ်ခုပဲဗျ။ကျုပ်နဲ့ ကိုဖိုးသောင် ပွင့်တဲ့
အပေါက်ကနေ ငုံ့ကြည့်မိတယ်။

ဟင် အရိုးစုတွေပါလား။တစ်ခု  နှစ်ခု သုံးခု လေးခု။
ကျုပ်တို့ ငုံ့ကြည့်နေတဲ့ အောက်တည့်တည့်က
အရိုးစုက ခြေထောက်မှာ စစ်ဖိနပ်ကြီး စီးလို့ဗျ။
ဒါ ဂျပန်စစ်သားရဲ့ အရိုးစုထင်တယ်။

"အို"

ကျုပ် အံ့သြသွားတယ်ဗျ။ဂျပန်စစ်သားရဲ့
ရင်ဘတ်က အရိုးမှာ အပေါက်တစ်ခုဗျ။
ဒါ ဘာလဲလို့ ကျုပ်တွေးနေတာ။အပေါက်က
ပြားပြားအရာကလေးဗျ။ဟာ  ခြေထောက်မှာ
စီးထားတဲ့ စစ်ဖိနပ်ပေါ်စွန်းထင်းနေတဲ့ အရာတစ်ခုဗျ။
ဆေးရောင်စုံ စွန်းနေတဲ့ပုံပဲ။ကျုပ်တို့ တွန်းဖယ်လိုက်တဲ့
ကျောက်ပြားက ထောင့်စွန်းကလေးတစ်ခုဗျ။
ကျောက်ဖျာကြီးတစ်ချပ်လုံး ဆိုရင်တော့ ကျုပ်တို့
နှစ်ယောက်တည်းနဲ့ ဘယ်မှာရွှေ့နိုင်မလဲဗျာ။
စစ်ဖိနပ်ပေါ်က စွန်းထင်းနေတာ ခပ်ပြားပြားအရာပဲဗျ။
ရင်ဘတ်ရိုးမှာ ပေါက်နေတဲ့ အပြားရာနဲ့ ရွယ်တူ
လောက်ပဲဗျ။
"ဟာ…"

"ဘာတုံး တာတေ"

"ကျုပ်သိပြီး ကိုကြီးဖိုးသောင် ဒီဂျပန်စစ်သားရဲ့
အလောင်းမှာ ရင်ဘတ်ရိုးက အပေါက်ဟာ ဂျပန်ဓါးရာဗျ။
ဖိနပ်စွန်းနေတဲ့ နီကျင့်ကျင့် ပြားပြားအရာက
ဓါးအိမ်က ဆေးရောင် စွန်းနေတာဗျ။
အလောင်းရဲ့ ရင်ဘတ်မှာ ဓါးနဲ့ စိုက်လိုက်ပြီးမှ
ဓါးအိမ်ကို အလောင်းပေါ်ကို ပစ်ချလိုက်တာ။
ဖိနပ်ပေါ်ကို ကန့်လန့်ဖြတ် ကျသွားတာ။
ဓါးအိမ်က ဆေးရောင်တွေက နှစ်တွေကြာတော့
ကျွတ်ထွက်ပြီး စစ်ဖိနပ်ပေါ်မှာ စွန်းပေနေတာဗျ"

"အဲဒီတော့ ဘာဖြစ်တုံး တာတေ"

"ဘာဖြစ်ရမတုံး ကိုကြီးဖိုးသောင်ရဲ့ ဒီကျောက်ဖျာရဲ့
အပိုင်းလေးကို အခု ကျုပ်တို့ဖွင့်သလိုပဲ တခြားတစ်ယောက်
ဖွင့်သွားပြီးပြီဗျ"

"ဟေ ဟုတ်လား မင်းက အကြားအမြင်တွေ ဘာတွေ
ရနေတာလား တာတေ"

"ဟာ …ဘယ်က အကြားအမြင် ရမှာတုံး ကိုကြီးဖိုးသောင်ရာ
ကျုပ် ဆက်စပ်ပြီး တွေးကြည့်တာပါဗျာ"

"ဒါဆို ဘယ်သူဖြစ်မလဲတော့ မသိဘူးကွ"

"ဘယ်သူရှိမှာတုံး ကိုကြီးဖိုးသောင်ရဲ့ ကိုကြီးရဲ့ညီဝမ်းကွဲ
အောင်မောင်းပေါ့။ဒီဂျပန်စစ်သားအရိုးစုမှ စိုက်နေတဲ့
ဂျပန်စစ်ဗိုလ်ရဲ့ ဓါးကို နှုတ်ယူပြီး စစ်ဖိနပ်ပေါ်မှာ
ကန့်လန့်ဖြတ်တင်နေတဲ့ ဓါးအိမ်ကိုလည်း ရအောင်
ကောက်သွားတာဗျ"

"ဟေ ဟုတ်တယ်ကွ တာတေ ဟုတ်မယ် ထင်တယ်ကွ
ဒါကြောင့် အောင်မောင်းက ဂျပန်လို အော်နေတာပေါ့။
ဓါး  ဓါး အမိန့် အမိန့် ဆိုတာ ဒီကိစ္စပဲ ဖြစ်မယ်ကွ"

"ကဲ ကိုကြီးဖိုသောင် ဒါဆိုရင် ကျုပ်တို့ ပြန်ကြစို့ဗျာ။
ဒီက ကျောက်ခဲတွေလည်း ယူပြီးစမ်းစရာ မလိုတော့ပါဘူး
ကိုကြီးရာ သေချာပေါက် ယားမယ်ဆိုတာ ကျုပ်ယုံသွားပါပြီဗျာ။
ဂျပန်တွေရဲ့ပစ္စည်းတွေလည်း ဒီတောင်တစ်ဝိုက်မှာ
ဝှက်ထားမှာ သေချာပါတယ်။ဒီလူလေးယောက်လည်း
တစ္ဆေသရဲဘဝနဲ့ ဒီပစ္စည်းတွေ စောင့်နေရတယ်ဆိုတာ
ကျုပ် ယုံတယ် ကိုကြီးဖိုးသောင်"

ကျုပ်တို့နှစ်ယောက် ကျောက်ဖျာကို နေရာတကျ
ပြန်ပိတ်လိုက်တယ်။ပြီးတော့ မီးလောင်ကုန်းကို
ခပ်သုတ်သုတ် ပြန်လာတယ်။ဒီကောင်အောင်မောင်း
ဂျပန်အရိုးစုမှာ စိုက်ဝင်နေတဲ့ ဓါးကို နှုတ်ယူခဲ့မှာ
သေချာတယ်ဗျ။ဒီဓါးဟာ ဂျပန် သရဲအတွက်
တော်တော်ကိုအရေးပါတဲ့ပုံပဲ။ကျုပ်လည်း ဒါထက်တော့
ပိုပြီး မတွေးတတ်တော့ဘူးဗျို့။မီးလောင်ကုန်းကို
ပြန်ရောက်တော့ ဘာလုပ်ရမယ်ဆိုတာ ကျုပ်ချက်ချင်း
စဉ်းစားတယ်။

"ကိုကြီးဖိုးသောင် ဘထွေးထွန်းမောင်ကို ခေါ်ဗျာ
ထမင်းတစ်ပြည်ချက် ကြက်ကြီး.ကြီးတစ်ကောင်
အမြန်ချက်ဗျာ။ပြီးရင် ငှက်ပျောဖက်ကြီး.ကြီးခုတ်ပြီး
ထမင်းထုပ် ထုပ်ရမယ်။ပြီးရင် ဒေါ်တုတ်ကို ခေါ်ထားဗျာ
ဒီည အလုပ် လုပ်မယ်။ကြာသွားရင် အောင်မောင်းကို
မကယ်နိုင်ဘဲ ဖြစ်သွားလိပ်မယ့်မယ်"

ကျုပ်ပြောပြီးတာနဲ့ ကိုကြီးဖိုးသောင်က သူတို့အလုပ်သမားတွေခေါ်ပြီး
ပုံစံချတော့တာပဲဗျို့။ကြက်ဝယ်တဲ့သူကဝယ်
ထမင်းချက်တဲ့သူကချက်။ဟင်းချက်တဲ့ သူက
ချက်ပေါ့ဗျာ။ညမှောင်ရီသမ်းတော့ ဒေါ်တုတ် ရောက်လာ
တယ်ဗျာ။

"တာတေ ရောက်နေတယ်ဆိုတာ ကြားကတည်းက
ငါထင်တော့ ထင်သားပဲ ငါ့ကို ဘယ်တော့ လာခေါ်မလဲ
စောင့်နေတာ"

"ဒေါ်တုတ်ရေ ဂျပန်သရဲ့ဓါးကို အချိန်မိတွေ့ပြီး
ဘာလုပ်ရမယ်ဆိုတာသိမှာ ဖြစ်မှဗျ။ကြာသွားရင်
အောင်မောင်းမှာ လူစိတ်လုံးဝပျောက်သွားလိမ့်မယ်"

ညရှစ်နာရီလောက်ရောက်တော့ ထမင်းထုပ် အဆင်သင့်
ဖြစ်ပြီ။ကျုပ်ရယ် ဒေါ်တုတ်ရယ် ကိုကြီးဖိုးသောင်ရယ်
သူတို့ အလုပ်သမားနှစ်ယောက်ရယ် ထမင်းတောင်းကလေး
ထမ်းပြီး မီးလောင်ကုန်းသင်္ချိုင်းကို ထွက်ခဲ့တယ်ဗျ။
သင်္ချိုင်းကုန်းရောက်တော့ ဂူခပ်ကြီးကြီးတစ်လုံးအပေါ်မှာ
ထမင်းထုပ်ကို ဖြည်လိုက်တယ်။ဘေးမှာ ရေဖလားနဲ့
ရေအပြည့်ချထားလိုက်တယ်။

"အထက်ပုဂ္ဂိုလ်ကြီးများကို ဦးထိပ်မှာထား၍
ကျွန်ပ်တာတေက မေတ္တာရပ်ခံလိုက်ပါတယ်ဗျာ
အရှေ့နေထွက် အနောက်နေဝင် တောင်တံငါကွန်
မြောက်ဓူဝံအတွင်း မည်သည့်အရပ်တွင်
ရောက်နေသည်ဖြစ်စေ ရောက်ရာအရပ်မှ
သင်္ချိုင်းရှင်မကြီး မဖဲဝါ အမြန်ဆုံး ကြွမြန်းခဲ့ပါခင်ဗျာ
ကျွန်ပ် တာတေက စားပွဲ သောက်ပွဲနဲ့ ကြိုပါတယ်ဗျာ"

ကျုပ်က အသံကျယ်ကျယ်နဲ့ မဖဲဝါကို ပင့်လိုက်တယ်။
"ဟီး ဟီး ဟီး ဟီး ဟီး"

ဟာ ဒီတစ်ခါတော့ အတော်ကို မြန်တာပဲဗျို့။
ဧကန္တတော့ မဖဲဝါ ဒီအနီးအနားမှာတင် ရှိနေလို့
ဖြစ်မယ်ဗျ။

ဟော ခုန်တက်သွားပြီဗျို့

ဆံပင်ဖားလျာကြီးချထားတဲ့ ဒေါ်တုတ်ကို ဝင်ပူးလိုက်တဲ့
မဖဲဝါက ဂူကြီးပေါ်ကို လွှားကနဲ နေအောင် ခုန်တက်
သွားတာဗျို့။ဟာ…ဂူပေါ်မှာ ပေါင်ကြီးကားထိုင်ပြီး
စားပြီဗျို့။ဟာ ထမင်းတွေရော ဟင်းတွေရော
ပြိုက်ကနဲ ပြိုက်ကနဲ ကုန်တာဗျို့။ကိုကြီးဖိုးသောင်
ကတော့ မဖဲဝါ ဝင်ပူးထားတဲ့ သူတို့ရွာက ဒေါ်တုတ်ကြီးကို
မျက်လုံးပြူးသားနဲ့ ကြည့်နေတာပေါ့ဗျာ။
ခဏနေတော့ ထမင်းစားနေတဲ့ မဖဲဝ့ါက
ကျုပ်ကို မျက်လုံးပြူးကြီးနဲ့ မော့ကြည့်တယ်။
ပြောဖို့ အချိန်ကျပြီဆိုတာ ကျုပ် ချက်ချင်းသိလိုက်
တာပေါ့ဗျာ။

"သင်္ချိုင်းရှင်မကြီး မဖဲဝါဗျာ ဒီရွာကအောင်မောင်းဆိုတဲ့
လူငယ်တစ်ယောက်ဟာ ဗြုန်းစားကြီး ရူးသွားပါတယ်
ပါးစပ်ကလည်း ဂျပန်လိုပဲ အော်ဟစ်နေလို့ ဘာလုပ်ရမှန်း
မသိအောင် ဖြစ်နေကြတာမို့ သင်္ချိုင်းရှင်မကြီးကို
ပင့်ဖိတ်ပြီး ဒီအကြောင်းကို လျှောက်ထားတာပေါ့ဗျာ"

"ဂျပန်သရဲဟဲ့။
သူ့အောက်မှာ ဗမာသရဲသုံးကောင်ရှိတယ်။
ဂျပန်ဗိုလ်အမိန့်ပြန်ထားတာ။သူတို့ပစ္စည်းတွေကို
တောင်းခိုင်းထားတာ။သူတို့ကျွတ်ဖို့ အချိန်ရောက်ပြီ
ဓါးကို ဟိုကောင်လေးက ယူလာလို့ သူ့ရင်ဝမှာ
စိုက်ထားတာ။အဲဒါကို နှုတ်ယူလာတာ။
နှမ်းအိတ်ကြားမှာ ရှိတယ်။ဓါးရိုးထဲမှာ ဂျပန်ဗိုလ်ရဲ့
အမိန့်စာရှိတယ် ။အဲဒါကို တောင်မှာသွားပြီး
မီးရှို့ပြီးပစ်လိုက် အကုန်ကျွတ်သွားမယ်"

မဖဲဝါ ပြောလို့လည်းအဆုံး စားလို့လည်း ပြီးရောဗျ။
လက်ဆေးပြီး။ရေသောက်တယ်။ပြီးတော့ ကျုပ်ကို
တစ်ချက်ကြည့်ပြီး ခါးကြီးကော့သွားတယ်။
ဟာ  ဒေါ်တုတ် လဲကျသွားပြီ ကျုပ်နဲ့ ကိုကြီးဖိုးသောင်က
ဒေါ်တုတ်ကို ပြေးပြီး ထူကြတယ်

"ဒေါ်တုတ် ဒေါ်တုတ်"

"ဟင်"

ဒေါ်တုတ် သတိရသွားပြီ။ကျုပ်တို့လည်း ရွာကို
ခပ်သုတ်သုတ် ပြန်ခဲ့ကြတယ်။ဘိုးထွန်းမောင်ရဲ့
အိမ်ကို တန်းသွားပြီး နှမ်းအိတ်တွေကြားမှာ
လိုက်ရှာတယ်။ဟော တွေ့ပြီဗျို့။

ဂျပန်ဗိုလ်ရဲ့ ကင်ဒိုဓါးကြီးဗျာ။အောင်မောင်း
ယူလာခဲ့တာ။ကျုပ်နဲ့ ကိုကြီးဖိုးသောင် ဂျပန်ဓါးကြီးယူပြီး
ကိုဖိုးသောင်တို့ အိမ်ကို ပြန်ခဲ့ကြတယ်။
အိမ်ရောက်တော့ မဖဲဝါပြောသွားတဲ့ အမိန့်စာကို
ရှာကြည့်တာပေါ့ဗျာ။ကင်ဒိုဓါးရဲ့အရိုးကို ကြိုးစားပြီး
ဖွင့်ကြည့်ကြတယ်။တော်တော်ကြာအောင်
ဖွင့်ပေမယ့် ဓါးရိုးက မပွင့်ဘူးဗျ။

နောက်တော့ ကိုကြီးဖိုးသောင်က ရေနံဆီနဲ့
ဓါးရိုးကိုစိမ်ပြီး လှည့်ကြည့်တော့မှ ပွင့်သွားရောဗျို့။
နှစ်တွေကြာတော့ ဓါးရိုးရဲ့ အပိတ်က သံချေးတွေ
ကပ်နေတာဗျ။

ပွင့်သွားတဲ့ ဓါးရိုးထဲကို ရှာကြည့်တော့ စာရွက်ကလေး
တစ်လိပ်ဗျ။ကျုပ်အသာကလေး တုတ်ချောင်းကလေးနဲ့
ကော်ထုတ်လိုက်တယ်။စာရွက်တောင် ဆွေးကာနီးနေပြီဗျာ။
အသာကလေး ဖြည့်ကြည့်တော့ ဂျပန်စာတွေ
ရေးထားတာကို သွားတွေ့တယ်ဗျ။

ဟုတ်ပြီပေါ့ဗျာ။ဒါဆိုရင် မဖဲဝါ ပြောသွားတာ
ဟုတ်နေပြီပေါ့ဗျာ။ကျုပ်နဲ့ ကိုကြီးဖိုးသောင်လည်း
တစ်နေကုန် ပင်ပန်းနေတော့ အိပ်လိုက်တာနဲ့
တုံးကနဲ့ပဲဗျို့။နောက်တနေ့ မနက်စောစောမှာ
ကျုပ်တို့နှစ်ယောက် ကျောက်ယားတောင်ကို
ပြန်သွားရတာပေါ့ဗျာ။

ကျောက်ယားတောင်ရောက်တော့ ကျောက်ဖျာအကွဲပိုင်း
ကလေးကို ဟိုနေ့ကလိုပဲ ဖွင့်လိုက်တယ်။
ပြီးတော့ တုတ်ချောင်းကလေးတစ်ခုကိုခွဲပြီး ထိပ်မှာ
ဂျပန်ဗိုလ်ရဲ့ အမိန့်စာ စာရွက်လိပ်ကလေးကို
ညှပ်လိုက်တယ်။

အဆင့်သင့်ပါလာတဲ့ မီးခတ်ကလေးကို ခြစ်ပြီး
စက္ကူမီးရှို့လိုက်တယ်။

"ဂျပန်စစ်သားကြီးရော ဗမာဝိညာဉ်တွေပါ  ကြားကြစေဗျာ
ဂျပန်စစ်ဗိုလ်ရဲ့ အမိန့်စာကို ဖျက်ဆီးလိုက်ပြီဖြစ်လို့
အခုချိန်ကစပြီး သင်တို့ လွတ်လပ်သွားကြပြီ
သွားလိုရာကို သွားကြပေတော့ဗျာ"

မီးတောက်ကလေး တောက်နေတဲ့ ဂျပန်ဗိုလ်ရဲ့
အမိန့်စာ စာရွက်ဟာ တဖြည်းဖြည်း ပြာကျသွားတယ်
ကျုပ်နဲ့ ကိုဖိုးသောင်လည်း တွေ့သမျှ သစ်ကိုင်းခြောက်တွေယူပြီး ကျောက်ဖျာအောက်က
ဂူပေါက်ထဲကို ထည့်လိုက်တယ်။

ပြီးတော့မှ မီးရှို့လိုက်တယ်။သစ်ကိုင်းခြောက်တွေ ပြာဖြစ်သွားချိန်မှာ
အရိုးစုတွေလည်း ပြာဖြစ်ပြီး အားလုံးပျောက်ကွယ်သွား
တယ်။ကျုပ်လည်း ကျောက်ယားတောင်က ရောင်စုံကျောက်တုံး
ကလေးတွေ လက်နှစ်ဆုပ်စာလောက် ကောက်ယူလာတယ်။

ကျုပ်ဒို့ ရွာပြန်ရောက်တော့ အားလုံးကောင်းနေတဲ့
အောင်မောင်းကို တွေ့လိုက်ရတယ်။အံ့သြစရာပါဗျာ။

အောင်မောင်းက သူ ဘာဖြစ်သွားတယ်ဆိုတာကို
နည်းနည်းမှကို မသိတာဗျို့။
မီးလောင်ကုန်းက လူတွေဆိုတာ အံ့သြလိုက်ကြတာ
မပြောနဲ့ တော့ဗျာ။အဲဒီညက ကျုပ် မီးလောင်ကုန်းမှာ
တစ်ညထပ်အိပ်ဖြစ်တယ်။

ဒါပေမယ့် ကျောက်ယားတွေက မယားတော့ဘူးဗျို့။
ကျုပ်ဆီက ကျောက်တုံးလေးတွေကို ကိုကြီးဖိုးသောင်ကိုတစ်ဝက်
ပေးလိုက်တယ်။

"ကိုတာတေ ကျုပ်ယူလာတဲ့ ဂျပန်ဓါးကြီးကို
ကိုတာတေယူသွားပါ့တော့ဗျာ။ အမှတ်တရပေါ့။
ကျုပ်ကို ကယ်ပေးတဲ့ ကိုတာတေရဲ့ ကျေးဇူးကို
ကျုပ်တစ်သက် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူးဗျာ"

အောင်မောင်းက ဂျပန်ဓါးကြီး ကျုပ်ကိုပေးတယ်။
ပြီးတော့ ကျုပ်ကို လက်အုပ်ချီပြီး ကန်တော့သေးတယ်ဗျ
ကိုဖိုးသောင်ကြီးက ကျုပ်ကို လှည်းနဲ့ ရွာအရောက်
လိုက်ပို့ပါတယ်ဗျာ။

ကျုပ်ကတော့ ကျန်းကျန်းမာမာ ပြန်ဖြစ်သွားတဲ့
အောင်မောင်းအတွက်လည်း ဝမ်းသာရ။
ကျွတ်လွတ်သွားတဲ့ ကျိန်စာသင့် သရဲကြီးလေးကောင်
အတွက်လည်း ဝမ်းသာရတော့တာပေါ့ဗျာ။

ပြီးပါပြီ

Comment