ကျိန်စာသင့်ဓား(တာတေ)


တာတေတို့အညာမှာ အအေးဆုံးလပေါ့ဗျာ။ပြသိုလလေ။ မြောက်လေလေးများခပ်ကြမ်းကြမ်းဝှေ့လိုက်ရင်ခိုက်ခိုက်တုန်အောင် ချမ်းတဲ့လပေါ့ဗျာ။ ဒါပေမယ့် ဒီလိုလမှာပဲ နှစ်သက်စရာအညာရိုးရာဓလေ့လေးကလည်းရှိနေပြန်ရော။ ညတိုင်းရောက်ရင် သက်ကြီးရွယ်အို တွေရှိတဲ့ ဝိုင်းကိုသွား၊ မီးလှုံရင်း စကားဝိုင်းဖွဲ့ကြ၊ သက်ကြီးအိုတွေ ပြန်ပြောပြတဲ့​ရှေးဟောင်းနှောင်းဖြစ်တွေ နားထောင်ကြ၊ ဗဟုသုတ ရစရာတွေ ကိုမှတ်သားကြနဲ့ ကျေနပ်စရာကောင်းတဲ့ဆောင်းညတွေ ပေါ့ဗျာ။

ကျုပ်တို့လူငယ်တွေကအိမ်ကထင်းတုံးကြီးတွေထမ်းလာကြ၊ စားသောက်စရာတွေ စီစဥ်ကြ၊ ဝိုင်းပိုင်ရှင် အဘိုးရဲ့ မိသားစုကလည်း သူတို့ဝိုင်းထဲမှာ အခုလိုလာပြီး သူတို့အဘကိုတရိုတသေနဲ့ မေးမြန်းကြတဲ့ရွာထဲကလူငယ်တွေကို လက်ဖက်သုပ်၊ ထန်းလျက်ခဲ၊ ပဲကြီးလှော်၊ မြေပဲကြော်၊ မြေပဲပြုတ် တစ်ညတစ်မျိုး ကျွေးကြတာဗျ။ကျုပ်တို့အသွားဆုံးဝိုင်းက ဘိုးလိပ်ပု ဝိုင်းပဲဗျ။ ကျုပ်တို့ရွာမှာတော့ ဘိုးလိပ်ပုက ဗဟုသုတ အလွန်များတဲ့ ပုဂွိုလ်ကြီးပေါ့ဗျာ။

စာပေကျမ်းဂန်ကလည်း တတ်ဗျ။ အနယ်နယ်အရပ်ရပ်ကိုလည်း နှံ့အောင်သွားဖူးခဲ့တာဆိုတော့ ဘိုးလိပ်ပုမို့လို့စကားပြောရင် ကျုပ်တို့လူငယ်တွေဆိုတာမျက်တောင်ခတ်ဖို့တောင်မေ့နေကြတာဗျို့။ လူငယ်တွေကတော့ဘိုးလိပ်ပုကို ဘိုးပုကြီးလို့ပဲခေါ်ကြတာပေါ့။ အခုလို မီးလှုံရတဲ့ညတွေဆိုရင် လူငယ်တွေတင်မကဘူးဗျ၊လူကြီးတွေတောင်ဘိုးလိပ်ပုကြီးဆီကို လာပြီးပြောကြဆိုကြ မေးကြမြန်းကြ လုပ်ကြတာဗျ။

ဒီညလည်း ဘိုးလိပ်ပုဝိုင်းမှာ ထင်းရုံကြီးတွေ မီးဖိုပြီး မီးလှုံနေကြတာ။ လူဆယ်ယောက်ရှိတယ်ဗျ။ ကျောက်ခဲနဲ့ သံမဏိ ကလည်း ကျုပ်သွားလေရာ တကောက်ကောက်ပါတဲ့ကောင်တွေလေဗျာ။ အညာသားလေးတွေဆိုတော့ အနွေးထည် ညစ်ပေပေလေးတွေ ဝတ်ပြီး ပုဆိုးအပိုတစ်ထည်ကို ခြုံကြလို့ပေါ့ဗျာ။ ကြုံလို့ပြောရဦးမယ်ဗျ၊ဒီလိုအေးလွန်းတဲ့ညတွေဆိုရင်ကျုပ်တို့အညာသားတွေက ဝါစပ်စောင်ပွပွကြီးတွေရဲ့အခေါက်ကြားမှာဂုန်နီအိတ်ညှပ်ပြီးခြုံကြတာဗျ။နွေးမှနွေးဗျာ။ ဒါလည်းအညာသား စည်းစိမ်တစ်မျိုးပဲဗျ။

ပထမတော့ စကားဝိုင်းက ဟိုရောက် ဒီရောက်တွေ ပြောနေကြတာပေါ့ဗျာ။ နောက်တော့တဖြည်းဖြည်းနဲ့ ဦးတည်ချက် ပါလာတယ်ဗျ။

"ဘိုးရေပြောရဦးမယ် ဟိုနေ့က ငါးပိလာရောင်းတဲ့ မိန်းမကြီးဗျာကျိန်လိုက်တာဘိုးရယ် အလေးမမှန်ရင်မိုးကြိုးပစ်ပါစေတို့၊ ချိန်ခွင်ခိုးရင် မြွေပွေးကိုက်ပါစေတို့ သူ့ဆီမယ် ငါးပိဝယ်ရတာတောင် သူအကျိန်ရဲတာကြားပြီး ကြောက်မိတယ် ဘိုးရယ်"

လေးလေးတင်သောင်းက ပြောတာဗျ။ လေးလေးတင်သောင်းဆိုတာ သံမဏိတို့နဲ့ ဘထွေးတော်တယ်ဗျ။ လွှတ်ရိုးတဲ့ လူပျိုကြီးပါဗျာ။

"တင်သောင်းရေ ကျိန်စာဆိုလို့ ပြောရဦးမကွဲ့၊ ဘိုးကထိန်ကုန်းသားကွ၊ အိမ်ထောင်ကျတော့မှဟော့ဒီထနောင်းကုန်းကိုရောက်တာ။ ဘိုးတို့ထိန်ကုန်းမှာ ကိုညိုဆိုတဲ့လူတစ်ယောက်ရှိတယ်တဲ့။ ကိုညိုကဦးမင်းဒင်တို့ ဒေါ်လုံးစိန်တို့အိမ်မှာ အလုပ်သမားလုပ်ရတာဆိုပဲ ။ဦးမင်းဒင်မှာ မယ်တင်ဆိုတဲ့ သမီးတစ်ယောက်ရှိတယ်ဆိုပဲ။ ကိုညိုနဲ့မယ်တင်တို့က သက်တူရွယ်တူတွေတဲ့ကွ။ ဒီတော့လည်း ကိုညိုက မယ်တင်အပေါ်မှာ စိတ်ဖောက်ပြားမိတာမျိုး ရှိချင်ရှိမှာပေါ့လေ။ ဒါကိုမယ်တင်က ရိပ်မိတော့ ကိုညိုကို မေးသတဲ့"

"ဟဲ့ငညို နင့်ပုံစံကြည့်ရတာ တစ်မျိုးပဲ နင့်စိတ်က ငါ့အပေါ်မှာ ရိုးကောရိုးရဲ့လား"

ဒီတော့ ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ကိုညိုက ပြန်ပြောလိုက်သတဲ့။

"မမယ်တင်ရယ် ခင်ဗျားအပေါ်မှာ ကျုပ် မရိုးမသားစိတ်များထားခဲ့ရင် ခင်ဗျားအိမ်မှာ နွားချည်းဖြစ်ရပါစေရဲ့ဗျာ"

"ကိုညိုက ရှက်ရှက်နဲ့ ကျိန်ပြောလိုက်တာကွဲ့။ တကယ်ကတော့ သူမယ်တင်ကို ကြိတ်ပြီးကြိုက်နေတာ ဘဝချင်းကမတူတော့ သူဖွင့်မပြောရဲဘူး။ အဲ့ဒီနောက်သိပ်မကြာခင်ပဲကိုညို ပိုးထိပြီး ဆုံးသွားတယ်တဲ့ ။ မယ်တင်လည်း ရုံးထောင့်က ကိုသစ်ဆိုတဲ့လူနဲ့ အိမ်ထောင်ကျသွားသတဲ့။ ကိုသစ်က ထိန်ကုန်းကို လိုက်လာပြီးမယ်တင်တို့အိမ်မှာနေတယ်။ ဒါပေမယ့် မယ်တင်ရဲ့အဖေဦးမင်းဒင်ကကိုသစ်တို့မယ်တင်တို့ကို ရွာထဲမှာ အိမ်ခွဲပေးပြီး ယာလည်း လုပ်ကိုင်စားဖို့ ခွဲပေးတယ်။ နွားတစ်ရှဥ်းလည်း ပေးသတဲ့။ ကိုသစ်မိဘတွေကတော့ နွားမတစ်ကောင်ပေးသတဲ့။ နောက်တော့မယ်တင်တို့အိမ်မှာ နွားလေးတစ်ကောင်ပေါက်ရောတဲ့ဟေ့။ အဲ့ဒီနွားဇီးတည်ချိန်မှာ မယ်တင်အိပ်မက်မက်သတဲ့။ အိပ်မက်ထဲမှာ ကိုညိုရောက်လာပြီး မယ်တင်ကိုပြောသတဲ့"

"မယ်တင် ငါတော့မှားသွားပြီ။ နင့်ကို ကြိုက်ရဲ့သားနဲ့ ငါကလိမ်ပြီးကျိန်ခဲ့တာ။အခုအဲ့ဒီကျိန်စာကြောင့်နင့်အိမ်မှာ ငါနွားဖြစ်ရတော့မယ်"

"လို့ပြောသတဲ့ဟေ့။ အချိန်တန်လို့ ပေါက်လာတော့ နွားညိုလေးတဲ့ဗျာ။ မယ်တင်ကလည်း ဒီအကြောင်းကို ဘယ်သူမှ မပြောပဲ နွားလေးကို ငညိုလို့ ခေါ်သတဲ့။နွားငညိုကလည်း မယ်တင်များခိုင်းရင် ကျုံးရုန်းလုပ်တာဆိုပဲ။ဒါပေမယ့် သူ့ခမျာ သက်တမ်းသိပ်မရှည်ဘူးတဲ့ဟေ့။ ပိုးထိပြီးသေပြန်ရောတဲ့။ သေပြီးတော့လည်း နောက်တစ်ခါ အိပ်မက်ပေးပြန်တာပဲတဲ့"

"မယ်တင်ရေ နင့်ဆီကို ငါပြန်လာဦးမယ်"

"လို့ပြောပြီး မယ်တင်အိမ်မှာ နွားပေါက်ပြန်တာပဲတဲ့။ ဒီတစ်ခါတော့ နွားဖြူလေးတဲ့။မယ်တင်ကအဲ့ဒီနွားကိုလည်း ငညိုလို့ပဲ ခေါ်တာပဲတဲ့။ ဒီတော့ရွာထဲကလူတွေက ပြောကြတာပေါ့"

"မမယ်တင် ခင်ဗျားနွားကအဖြူကြီးကို ဘာဖြစ်လို့ ငညိုလို့ ခေါ်တာတုံး၊ ငဖြူလို့ ခေါ်ရမှာ မဟုတ်ဘူးလား"

"ငါ့နွားငညိုပြန်ပြီး ဝင်စားလို့ ငညိုလို့ခေါ်တာဟေ့"

"လို့ပြောတော့ ရွာသားတွေကလည်းဘာမှ မပြောလာတော့ဘူးပေါ့ကွာ။ ဒီတစ်ခါတော့ မယ်တင်က အလှုအတန်းလုပ်တိုင်း တိတ်တိတ်သွားပြီး နွားဖြူကြီးကိုအမျှဝေသတဲ့"

"ကိုညိုရေ အမျှအမျှအမျှဒီဘဝမျိုး ဒီတစ်ခါပဲဖြစ်ပါစေတော့ လူ့ဘဝကို ပြန်ရောက်ပါစေ"

"လို့ အမြဲပြောတယ်ဆိုပဲ။ နွားဖြူကြီးသေတော့ နောက်တစ်ခါ နွားလာမဖြစ်တော့ဘူးဆိုပဲ။ ဒါကြောင့် ကျိန်တယ်ဆိုတာ ပါးစပ်က ပြောလိုက်တာပဲ။ ပြောပြီးပျောက်သွားတဲ့ ကိစ္စ ဘာမှထိခိုက်စရာမရှိဘူးလို့မထင်ကြနဲ့ကျိန်စာဆိုတာထိတတ်တယ်။ လေထဲမှာတင် ပြီးပျောက်သွားတဲ့ကိစ္စ မျိုး မဟုတ်ဘူးကွဲ့"

"ဘိုးပြောသလို ဆိုရင်ကျိန်စာဆိုတာ ကြောက်စရာ တော်တော်ကောင်းတာပဲကိုး"

လေးလေးတင်သောင်းနဲ့ အတူတူပါလာတဲ့လေးလေးချက်ကြီးက ပြောတာဗျ။ လေးလေးချက်ကြီးဆိုတာ ကျုပ်တို့ရွာက ဝက်သားချက်လွှတ်ကောင်းတဲ့ လူလေဗျာ။ 'ဘင်ချိုဘစော' ဝတ်ထုမှာ လေးလေးချက်ကြိီးအကြောင်းကျုပ်ရေးခဲ့ဖူးပါတယ်။

"ဘိုပုဿျိန်တတ်တဲ့ ကိုညိုအကြောင်းပြောလို့ ကျုပ်သတိရတာလေးတစ်ခုပြောရဦးမယ်ဗျ"

ဘိုးရုံကဝင်ပြောတာဗျ။ ဘိုးရုံဆိုတာဘိုးပုနဲ့အသက်သိပ်မကွာဘူးဗျ။ အလွန်ဆုံးကွာရင် သုံးလေးနှစ်ပဲ။ဘိုးရုံကဘိုးပုလောက်သာ စာမတတ်တာဗျ။ အတွေ့အကြုံကတော့ မနည်းဘူး။

"ကျုပ်ငယ်ငယ်က နွားကျောင်းဖက် တစ်ယောက်ရှိတယ် ဒီကောင်နာမည်က ငဆင်တဲ့ဗျ။ ကစားရင် လွှတ်ငြင်းတဲ့ကောင်ဗျို့။ ငြင်းခုန်လို့မနိုင်ရင်ငဆင်ကကျိန်တွယ် ပြောတော့တာဗျ။ ဒီကောင်ကျိန်တာနှစ်မျိုးပဲကျိန်တာ။ မိုးကြိုးပစ်ရပါစေရဲ့ ဆိုတာရယ်၊ အမြင့်က ကျရပါစေရဲ့ ဆိုတာပဲ ။နောက်တော့ နွားကျောင်းရင်းငဆင်ကသစ်ပင်တက်ပြီး သရက်သီး ခူးတယ်။ ဒီတုန်းမှာ မိုးလေးမဆိုသလောက်ကလေး ညို့သွားပြီး......

"ဂျိန်းးးးးး"

ဆိုတဲ့အသံကြိီးကြားလိုက်ရတာပဲဗျာ။ အဲ့ဒီအချိန်မှာ ကျုပ်နဲ့တခြားနွားကျောင်းသားတွေက ငဆင်နဲ့ခပ်လှမ်းလှမ်းမှာရောက်နေကြတာ။ သရက်ပင်ပေါ် ကနေငဆင်ပြုတ်ကျသွားတာ ကျုပ်တို့လှမ်းမြင်ရတယ်။ ဒါပေမယ့် မိုးကြိုးထပ်ပစ်မှာကြောက်လို့ ဘယ်သူမှ ချက်ချင်းမသွားရဲ ကြဘူးဗျ။ ကောင်းကင်မှာကလည်း လျှပ်စီးတွေတဝင်းဝင်း လက်နေတာကိုး ဘယ်သွားရဲကြမတုံး။ နောက်တော့ကောင်းကင်ကတိမ်တိုက်တွေ လွင့်သွားပြီးလင်းသွားတော့မှ ကျုပ်တို့တွေ သရက်ပင်အောက်ကို ပြေးကြည့်ကြတာပေါ့။ ငဆင်ဆိုတဲ့ကောင် တစ်ကိုယ်လုံးမဲပြီးမီးကျွမ်းသလိုကို ဖြစ်သွားတာဗျ"

"အသက်ရော ရှိသေးလား ဘိုး"

"ဟားဟားဟားဟား"

"နားထောင်နေတဲ့သူတွေ ဝိုင်းရယ်ကြတယ်။ ထမေးလိုက်တာက ကျောက်ခဲဗျ။

"ကျောက်ခဲရယ် ငါ့မြေးစဥ်းစားကြည့်လေကွာ၊ မိုးကြိုးတည့်တည့်ပစ်ချလိုက်လို့ တစ်ကိုယ်လုံး မီးကျွမ်းသွားမှတော့ အသက်ကဘယ်ရှိတော့မလဲ"

ကျောက်ခဲက ရှက်ကိုး ရှက်ကန်းနဲ့ ခေါင်းငုံ့သွားရောဗျ။

"အဲ့တာဘိုးပြောမလို့ကွ၊ ငဆင်သေတာ သူအမြဲကျိန်ခဲ့သလိုပဲလေ မိုးကြိုးပစ်ခံရပြီးအမြင့်က ကျသေတာလေကွာ ။ဒါကြောင့် ဘယ်တော့မှ မကျိန်ကြနဲ့။ ကိုယ့်ကိုကိုယ်လည်း မကျိန်နဲ့။ သူများကိုလည်း မကျိန်နဲ့။ ကျိန်စာဆိုတာ ထိတတ်တဲ့ သဘောရှိတယ်"

ကျုပ်တို့လည်း ဘိုးရုံပြောတာကို ငြိမ်ပြီးနားထောင်နေကြတာပေါ့ဗျာ။ခဏကြာတော့စကားဝိုင်းက ဟိုရောက်ဒီရောက်ရောက်သွားပြန်ရောဗျ။ အဲ့ဒီလိုရောက်သွားရင်း နဲ့ဓားအကြောင်းကို ရောက်သွားပြန်ရောဗျို့။

"ဘိုးပုကထိန်ကုန်းကဆိုလို့ပြောရဦးမယ်ဗျ။ ထိန်ကုန်းကသော်ရွှေဆိုတဲ့လူတော့ တော်တော်ကို ပိုက်ဆံရသွားတာဗျ"

ဗိုလ်ပုချိုလို့ခေါ်တဲ့ လေးလေးကိုချိုက ပြောတာဗျ။ လေးလေးကိုချိုကအရပ်ပုပြတ်ပြတ်ကလေးမို့ သူ့ကိုဗိုလ်ပုချိုလို့ခေါ်ကြတာ။

"ပုချိုမင်းပြောတဲ့ သော်ရွှေဆိုတာ ကျော်သောင်းကြီးရဲ့ သားထင်တယ်"

"ဟာဟုတ်တာပေါ့ ဘိုးရဲ့၊ ဘိုးကျော်သောင်းကြီးရဲ့သား သော်ရွှေကိုပြောတာဗျ"

"အေးပြောစမ်းပါဦးကွ၊ ကျော်သောင်းကြီးသား ကထီတွေဘာတွေပေါက်လို့လား"

"ဟာ မဟုတ်ဘူးဘိုးရဲ့၊ ဓားရောင်းလိုက်တာ ဆယ်သိန်းတောင် ရဆိုပဲ"

"ဟေ ဓားဟုတ်လား ဘာဓားမို့ ဒီလောက်ပိုက်ဆံရတာတုံးကွ ပုချိုရဲ့"

"ဂျပန်ဓားတဲ့ ဘိုးပုရေ သော်ရွှေ တောထဲသွားပြီး ထင်းခုတ်ရင်းနဲ့ ရလာတာတဲ့ဗျို့၊ ဓားကြီးကသံချေးတွေ တက်နေလို့ တဖြည်းဖြည်း ချွတ်ယူရတာ ဆိုပဲ။ ဓားကဂျပန်ဗိုလ်တွေ ကိုင်တဲ့ဓားကင်ဒိုဓားတဲ့ဗျ။ ဓားပေါ်မှာလည်း ဂျပန်စာတွေ ပါတယ်ဆိုပဲ"

"အေးဟုတ်တယ်၊ ဂျပန်ဗိုလ်တွေကိုင်တဲ့ ဓားက ဓားပေါ်မှာသူတို့နာမည် ထိုးထားတာကွ"

ဘိုးရုံက ဝင်ပြောတာဗျ။

"ဟုတ်တာပေါ့ ဘိုးရုံရာ အဲဒီနာမည်ကြောင့် သော်ရွှေကြီးပိုက်ဆံတွေ ရသွားတာပေါ့ဗျာ။ ဒီလိုတဲ့ဗျ ဂျပန်ပြည်က အဲဒီစစ်ဗိုလ်ရဲ့ အမျိုးအဆွေတွေ လိုက်လာပြီး စုံစမ်းတဲ့အချိန်မှာ သော်ရွှေက သူရထားတဲ့ဓားကိုပြလိုက်သတဲ့။ ဒီမှာတင်တည့်တည့်ကို တိုးတော့တာပဲဗျ။ ဓားပေါ်မှာ အဲဒီဂျပန်ရဲ့နာမည်ပါတယ်ဆိုပဲ ။ ဒီမှာတင်ဂျပန်စစ်ဗိုလ်ရဲ့အမျိုးတွေက သော်ရွှေကို ဆယ်သိန်းပေးပြီး ဂျပန်ဗိုလ်ရဲ့ဓားကို ယူသွားသတဲ့ဗျို့"

"ဟာ ဒါဆိုရင် ကျော်သောင်းကြသား ပွသွားတာပေါ့"

"ပွသွားတာပေါ့ဘိုပုရဲ့၊ အောင်မာသော်ရွှေက သူ့အိမ်မှာ ဘုန်းကြီးတွေပင့်ပြီးဆွမ်းတွေဘာတွေကပ်လို့ဗျ။ပြီးတော့ဂျပန်စစ်ဗိုလ်ရဲ့ နာမည်ကိုသူမေးထားလိုက်တယ် ။အဲ့ဒီစစ်ဗိုလ်ရဲ့ နာမည်ကိုခေါ်ပြီး အမျှတွေဘာတွေ ဝေလို့ဆိုပဲ"

"ဟာ အဲ့ဒီဂျပန်စစ်ဗိုလ်ရဲ့ နာမည်က ဘယ်သူတဲ့တုံး လေးလေးရဲ့"

ကျုပ်ကလွှတ်စပ်စုတဲ့ ကောင်ဆိုတော့လေးလေးပုချိုကို မေးလိုက်တာဗျ။ လေးလေးကိုချိုက မျက်မှောင်ကြုတ်ပြီး စဥ်းစားတယ်ဗျို့။

"နေဦးကွ တာတေရ ငါမှတ်ထားပါတယ်။ အဲ နေပါဦး၊ ရာမာအိုကီ တဲ့ကွ"

"ရာမာအိုကီ ၊ရာမာအိုကီ"

ကျောက်ခဲနဲ့သံမဏိ ကဂျပန်စစ်ဗိုလ်ရဲ့နာမည်ကိုရွတ်နေတာဗျို့။

"ဘာတဲ့ ရာမာအိုကီ ဟုတ်လား"

"ဟုတ်တယ်ဘိုးရဲ့ ရာမာအိုကီတဲ့၊ ဓားပေါ်မှာကို သူ့နာမည်ထွင်းထားတာတဲ့၊ သူတို့ပြောတော့ သူတို့ဘုရင်ကိုယ်တိုင်အပ်နှင်းတဲ့ဓားဆိုလားပဲ ဘိုးရဲ့"

"ဟုတ်မှာပေါ့ ပုချိုရဲ့ ဒါကြောင့် ဒီအထိလာပြီး ဒီဓားကိုရှာကြဖွေကြ တာပေါ့ကွ၊ ပြီးတော့ဓားတစ်လက်ကို ငွေတွေဒီလောက်ပေးပြီး ဝယ်တာကိုပဲ ကြည့်လေကွာ"

ဘိုးပုကြီးပြောတာမဟုတ်ဘူးဗျ။ ဘိုးရုံကဝင်ပြောတာ။ဘိုးပုကတွေးပြီးစဥ်းစားနေတယ်။ ဘာကိုစဥ်းစားနေမှန်းတော့ မသိဘူးဗျို့။

"ဘန့်ဘွေးကုန်းကကိုမိုးညွန့်ကို ခေါင်းဖြတ်သတ်သွားတာ အဲဒီဂျပန်ဗိုလ်ပေါ့ကွာ၊
သေချာတာပေါ့ ရာမာအိုကီ သတ်သွားတာကွ"

"ဗျာ ဘာဖြစ်လို့သတ်ရတာတုံး ဘိုးရဲ့"

ကျုပ်ရဲ့ သိချင်စိတ်က မနေနိုင်တော့လို့ မေးလိုက်တာဗျို့။

"တာတေရဲ့ ကိုမိုးညွန့်က ဂျပန်တော်လှန်ရေးတပ်သားကွ ၊ဗိုလ်ချုပ်အောင်ဆန်းရဲ့တပ်တွေနဲ့ အချိတ်အဆက်ယူပြီး တော်လှန်ရေး လုပ်နေတာပဲကွ။ နောက်တော့ဘယ်လိုပေါ်သွားတယ်မသိဘူး။ ဂျပန်စစ်တပ်ရောက်လာပြီးကိုမိုးညွန့်ကို ဖမ်းတော့တာပဲ။ လူလေးမြင်မှာပေါ့။ ထနောင်းကုန်းကနေ ဘန့်ဘွေးကုန်းကို သွားတဲ့လမ်းမှာ ဘန့်ဘွေးပင်ကြီးသုံးပင်ပေါက်နေတဲ့နေရာမှာ ကျင်းတူးပြီး ခေါင်းဖြတ်သတ်ခဲ့တာကွ"

"ဪ အဲ့ဒီဘန့်ဘွေးပင်ကြီးတွေနားမှာလား"

လေးလေးချက်ကြီးက ဝင်ပြောတာဗျ။

"ဪ ဘိုးပြောတဲ့ကိုမိုးညွန့်ဆိုတာ ဘန့်ဘွေးကုန်းက ဦးရွှေလင်းရဲ့ ညီဆိုတာထင်တယ်"

လေးလေးပုချိုက ပြောတာဗျ။

"အေး ဟုတ်တယ် ဟုတ်တယ် ရွှေလင်းရဲ့ညီမဟုတ်ဘူးကွ၊ အစ်ကိုကွ၊ ကိုမိုးညွန့်က အိမ်ထောင်မရှိဘူး လူပျိုကြီးကွ"

"ဟင် ဂျပန်က ဘယ်လိုများသိသွားတာတုံး ဘိုးရာ"

"ဂျပန်အလိုတော်ရိတွေ သတင်းပေးတာရှိမှာပေါ့ကွာ"

"အဲ့ဒီ အလိုတော်ရိတွေကိုဖော်ထုတ်ပြီး ရွာကလူတွေကသတ်ပစ်ရမှာ ဘိုးရဲ့"

လေးလေးတင်သောင်းကြီးက ပြောတာဗျို့။

"ဟ တင်သောင်းရဲ့အဲ့လိုလုပ်ချင်တိုင်းလုပ်လို့ရမလား ၊မင်းတို့ကသိမှမသိတာ ဒီတုန်းကဂျပန်ကိုတုန်နေအောင်ကြောက်နေရတဲ့ အချိန်ကွ"

ဘိုးပုက လေးလေးတင်သောင်းကို ပြောလိုက်တာဗျ။

"နေဦး ကိုပုရဲ့၊ ကျုပ်ကြားတာတော့ ဘန့်ဘွေးကုန်းက ကိုရှင်းရယ်၊ ကိုထယ်ရယ်၊ ကျုပ်တို့ရွာက ကိုမှတ်ကြီးရယ် သုံးယောက်ပေါင်းပြီး ဖော်တာဆိုပဲဗျ"

"ကိုရုံ ဒီအကြောင်းကျုပ်က မသိလို့မပြောတာ မဟုတ်ဘူးဗျ။ ကလေးတွေရှေ့မှာမို့ မပြောချင်လို့မပြောတာ၊ ကိုရုံပြောသလိုအဲ့ဒီသုံးယောက် ဖော်လိုက်တယ်ဆိုတာဟုတ်တယ်။ ဒါပေမယ့် ဘာကြောင့်ဖော်ရတယ်ဆိုတာ အကြောင်းရှိတယ်။ဂျပန်ကသူတို့သုံးယောက်ကို ဖမ်းပြီးစစ်တာဗျ။ ဘယ်သူဆိုတာကိုဖော်ရင်ဖော်၊
မဖော်ရင် ထနောင်းကုန်းနဲ့ ဘန့်ဘွေးကုန်းက ယောကျာ်း မှန်သမျှ အကုန်ပစ်သတ်မယ်။ပြီးရင် နှစ်ရွာစလုံး မီးရှို့ပစ်မယ်ဆိုလို့ အများဒုက္ခ မရောက်အောင်ဖော်လိုက်ရတာဗျ"

"နေပါဦးဘိုးရဲ့ အဲ့ဒီဘိုးတော်က ထွက်ပြေးလို့မလွတ်လို့လား"

"ဟာ မဟုတ်ဘူးကွ၊ ဂျပန်ကညဘက်ကြီး ရောက်လာပြီး ထနောင်းကုန်းနဲ့ဘန့်ဘွေးကုန်းကို ဝိုင်းလိုက်တာကွ၊ ရွာထဲက လူတွေသိတော့ နောက်ကျသွားပြီ။ ကိုမိုးညွန့်လည်း ပြေးလို့မလွတ်တော့ဘူး"

"ကြုံတုန်း ကိုမိုးညွန့်ရဲ့ စိတ်ဓာတ်ကို ပြောရဦးမယ်"

ဘိုးပုက စကားစလိုက်တော့ ကျုပ်တို့အားလုံး ငြိမ်ပြီးနားထောင်နေကြတာပေါ့ဗျာ။

"သူ့ကိုသတ်တာ ထနောင်းကုန်းကလူဆယ်ယောက်နဲ့ ဘန့်ဘွေးကုန်းက လူဆယ်ယောက် ထွက်ရမယ်ဆိုလို့ ကျုပ်ပါသွားတယ်။ ဘန့်ဘွေးပင်ကြီးတွေနားမှာတချို့ကိုကျင်းတူးခိုင်းတယ်။ ကျုပ်ကတော့မတူးရပါဘူး ကြည့်ရုံပဲကြည့်ရတာဗျ။  အဲဒီမှာကိုမိုးညွန့်ကို လက်ပြန်ကြိုးတုတ်ပြီး ဆွဲခေါ်လာတယ်၊ ကျုပ်နှုတ်ခမ်းရောက်တော့ဒူးတုပ်ခိုင်းလိုက်တယ်။ ကိုမိုးညွန့်ကအဲဒီမှာ ပြောတော့တာဗျို့"

"ဟင် ဘာပြောတာတုံး ဘိုးရဲ့"

လေးလေးချက်ကြီးကအတင်းကိုမေးတော့တာဗျို့။

"ငါ့ကိုဖော်လိုက်တဲ့ဂျပန်အလိုတော်ရိသုံးကောင် မင်းတို့ကို ငါမကျေဘူးကွ မင်းတို့ခေါင်းတွေကို ငါ့ဓားနဲ့ ဖြတ်ကိုဖြတ်မယ်ဟေ့"

လို့အော်တာကွ။ပြီးတော့ဒူးမတုပ်ဘူး။ဂျပန်စစ်သားတွေက သူ့ဒူးကောက်ကွေးကို စစ်ဖိနပ်နဲ့အတင်းကို နင်းချကြရတာ။ သူ့ကို ခေါင်းဖြတ်တာ စောစောက ပုချိုပြောတဲ့ရာမာအိုကီကိုယ်တိုင်ပဲကွ။အဲ့ဒီမှာပြောရဦးမယ်ဟေ့ ကိုမိုးညွန့်က မသေခင် အံတကြိတ်ကြိတ်နဲ့နေတာကွ ဓားနဲ့ခေါင်းလည်း ဖြတ်လိုက်ရော ကိုမိုးညွန့်ရဲ့ ခေါင်းပြတ်ကြီးက ကျင်းထဲကို မကျဘဲဘေးကိုလွင့်ထွက်သွားတာဟေ့ ဘေးမှာသေနတ်ကိုင်ပြီးရပ်နေတဲ့ ဂျပန်စစ်သားရဲ့ လက်မောင်းကို ကိုက်ရက်သားတန်းလန်းကြီးဖြစ်နေလို့ ဂျပန်စစ်သားဆိုတာအော်လိုက်တာကွာ။ဂျပန်စစ်ဗိုလ်ရာမာအိုကီကသူ့ဓားနဲ့ သွားတွေကို ကလန့်ပြီး ဖြုတ်ပေးလိုက်ရတာ"

"ဟာ"

ကျုပ်တို့အားလုံးအံ့သြလိုက်ကြတာဗျာ။တော်လှန်ရေးသမား ဘိုးတော်ကြီးအတွက်စိတ်မကောင်းဖြစ်သွားကြတာပေါ့ဗျာ။ဒီအကြောင်းတွေ ကျုပ်တစ်ခါမှ မကြားဖူးဘူးဗျ။ ရွာကလူကြီးတွေကလည်း ဒီအကြောင်းတွေကို နောင်လာနောင်သားတွေ မသိစေချင်ဘူး ထင်ပါရဲ့ဗျာ။ ဒါပေမယ့် လေးလေးပုချိုပြောတဲ့ ဘန့်ဘွေးကုန်းကဘိုးရွှေလင်းရဲ့သား လင်းဦး တို့လင်းထူးတို့ဆိုတာ ကျုပ်နဲ့မြို့ကျောင်းမှာ အတူတူတက်ခဲ့တဲ့ ကောင်တွေဗျ။ဒီကောင်တွေလည်း သူတို့ဘကြီးအကြောင်းတစ်ခါမှ ကျုပ်ကိုမပြောဖူးဘူးဗျ။

ဒီညစကားဝိုင်းမှာတော့ ကျုပ်မကြားဖူးတာတွေ ကြားလိုက်ရလို့ ကျုပ်တော်တော်ကျေနပ်သွားတာဗျို့။ ဒါပေမယ့် အိမ်ပြန်ရောက်တဲ့အထိဘန့်ဘွေးကုန်းကလင်းဦးတို့ ဘကြီး တော်လှန်ရေးရဲဘော်ကြီးအကြောင်းကိုပဲတတွေးတွေးလုပ်နေမိတာပေါ့ဗျာ။အိမ်ပြန်ရောက်တော့ကျုပ်ကအဘကို ဒီအကြောင်းမေးတော့ အဘကကျုပ်ကိုပြောတယ်ဗျ။

"လူလေးရယ်ဒီအကြောင်းတွေက ပြောလို့ကောင်းတဲ့အကြောင်းတွေမှမဟုတ်တာ ပြောမနေနဲ့တော့"

"ဟဲ့တာတေ ဂျပန်ခေတ်ဆိုတာ ခေတ်ဆိုးခေတ်ပျက်ကြီးဟဲ့ အားလုံးဆင်းရဲငတ်ပြတ်ပြီး ရောဂါတွေအမျိုးမျိုးဖြစ်ကြ တော်လှန်ကြတာပေါ့ ။ ဒီတော့လည်း ခုနကပြောသလို ဂျပန်သတ်တာခံကြရတဲ့သူတွေ ရှိတာပေါ့ဟယ်။ ဒါကြောင့်လည်း ဂျပန်တွေစစ်ရှုံးလို့ ပြေးကြရတော့ လမ်းကနေစောင့်ပြီး ဝိုင်းသတ်ကြ ဖြတ်ကြတာ သူတို့လည်း အတုံးအရုံးပါပဲ။ဒီအကြောင်းတွေ ပြောရတာစိတ်မကောင်းစရာတွေချည်းမို့လို့ လူတွေက မေ့မေ့ပျောက်ပျောက်ပဲ နေကြတော့တာဂျပန်ခေတ်ပျက်ကြီး ထဲမှာ အကောင်းပြောစရာဆိုလို့တစ်ခုမှမရှိတာဟဲ့"

အမေရှင်းပြတော့ မှပဲကျုပ်လည်း သဘောပေါက်သွားတော့တာဗျို့။ ဒါကြောင့်ဒီအကြောင်းတွေကို လူတွေသိပ်မပြောကြတော့တာကိုး။ မနက်အစောကြီး အဘနဲ့အမေက ကောက်ညှင်းပေါင်း ၊နှမ်းလှော်ထောင်း၊ အမဲခြောက်ဖုတ် လုပ်နေကြတာဗျ။ ကျုပ်ကတော့စောင်နှစ်ထပ်ခြုံပြီး ကွေးလို့ဗျ။ ဒါလည်း အညာသားစည်းစိမ်ပေါ့ဗျာ။

"ဟဲ့တာတေ ထတော့လေ၊ ကောက်ညှင်းပေါင်း နဲ့ အမဲခြောက် စားရအောင်"

အမေနိုးတော့မှ ကျုပ်ကအိပ်ရာကထတာဗျ။ အဘနဲ့အမေကကျုပ်ကို စောင့်နေကြတာ။ ကျုပ်လာမှ ကောက်ညှင်းပေါင်း ထည့်ပြီးစားတာ။ ကောက်ညှင်း ကအဖြူပေါင်း ပဲပေါင်းလေးဗျ။ နှမ်းထောင်းလေးနဲ့တို့ပြီးစားလိုက် အမဲခြောက်ကိုဆီမြုပ်အောင်စိမ်ထားတာလေးနဲ့ စားလိုက်ကောင်းချက်ဗျာ။ဝိုင်းထဲကို လှမ်းကြည့်လိုက်တော့ မိုးလင်းနေပေမယ့် နှင်းတွေကျနေ တော့ပိတ်နေတာဗျို့။

"ကိုကြီးတာတေ နိုးပြီလား"

"ဟဲ့တာတေ စောစောစီးစီး ဘယ်သူတုံး"

"ကျောက်ခဲအသံပဲ အမေရ"

နိုးပါပြီကွ ဝင်ခဲ့လေ ကျောက်ခဲ"

နှင်းတောထဲကဖြတ်ပြီး ကျောက်ခဲကဝင်ထဲ ဝင်လာတယ်။သူ့နောက်မှာချမ်းလို့ကုပ်ပြီး ပါလာတာက သံမဏိ ဗျ။ ဒီကောင်နှစ်ကောင် အိမိပေါ်ကိုတန်းပြီးတက်လာကြတယ်။

"လာကြဟေ့ ကျောက်ခဲနဲ့သံမဏိ ဘိုးဉာဏ်တို့ကောက်ညှင်းပေါင်းစားတာကွ လာကြ"

အဘကကောက်ညှင်းပေါင်းစားဖို့ခေါ်ပေမယ့် ဒီကောင်နှစ်ကောင်ကဘာမှပြန်မပြောဘူးဗျ။ မျက်နှာလည်းမကောင်းကြဘူး။

"ဟေ့ကောင်တွေ မင်းတို့ဘာဖြစ်လာတာတုံး"

ကျုပ်ကဒီကောင်နှစ်ကောင်နဲ့ တွဲလာတာကြာပြီဆိုတော့ ဒီကောင်တွေအကဲကိုသိပြီးသားဗျ။

"ကျုပ်တို့ဘာမှမဖြစ်ပါဘူးကိုကြီးတာတေရာ၊ ရွာထဲမှာ ဖြစ်တာပါ"

"ဟေ ဟုတ်လားကျောက်ခဲ ရွာထဲမှာ ဘာဖြစ်လို့တုံး"

"ဘိုးမှတ်ကြီး ခေါင်းဖြတ်အသတ်ခံရလို့ ဗျ"

"ဘာကွ အောင်ကွန့်တို့ အဘိုးလား"

"ဟုတ်တယ်ဗျ၊ ညနှစ်ချက်တီးလောက်မှာ တံခါးဖွင့်ပြီးဝိုင်းထဲဆင်းသွားတာတဲ့၊ ကိုကြီးအောင်ကွန့်က သူ့အဘိုးနဲ့ အိပ်တာဆိုတော့ 'ဘိုးဘယ်သွားမှာတုံး'လို့မေးလိုက်သတဲ့။ ဘိုးမှတ်ကြီးက အိမ်သာတက်မလို့ဆိုပြီး ပြောသွားတာတဲ့၊ကိုကြီးအောင်ကွန့်လည်းပြန်အိပ်ပျော်သွားပြီး မနက်ငါးနာရီလောက်မှာ နိုးလာတော့ သူ့ဘေးမှာ ဘိုးမှတ်ကြီးကို မတွေ့လို့ ခေါင်းတွေဘာတွေများမူးပြီးလဲနေလားဆိုပြီး ဝိုင်းထဲကိုဆင်းပြီး ဓာတ်မီးနဲ့ လိုက်ထိုးတော့ အိမ်သာသွားတဲ့ လမ်းမှာဘိုးမှတ်ကြီးခေါင်းပြတ်ပြီး သေနေတာ တွေ့ရတာတဲ့ဗျို့"

"ဟင် ဘယ်လိုဖြစ်တာတုံး"

အဘနဲ့အမေက အံ့သြ ပြီးပြောတာဗျ။

"ဘိုးမှတ်ကြီးတို့ဝိုင်းမှာလူတွေမှ ကြိတ်ကြိတ်ကိုတိုးလို့ဗျ"

သံမဏိအသံလေးလေးကြီးနဲ့ တစ်ခွန်းဝင်ပြောတယ်။ ကျုပ်ကမျက်မှောင်ကြုတ်ပြီးစဥ်းစားနေတာဗျ။ ဒီအကြောင်းကို ညကတင် ဘိုးပုပြောသေးတယ်လေဗျာ။ ဘန့်ဘွေးကုန်းမှာ ဂျပန်ခေတ်တုန်းက အသတ်ခံရတဲ့ တော်လှန်ရေးသမား ကြဦးမိုးညွန့်မသေခင်က သူ့ကိုဖော်ပြီး ဂျပန်လက်ထဲအပ်တဲ့ကောင် တွေကို သူ့ဓားနဲ့ ခေါင်းဖြတ်သတ်မယ်လို့ပြောသွားတာတဲ့။ဒါပေမယ့် သေခါနီး လူတစ်ယောက်ရဲ့မကျေနပ်မှု တွေဒေါသတွေပဲ ဖြစ်မှာပေါ့ဗျာ။

သေပြီးသွားတဲ့ လူတစ်ယောက်ကတော့ ဘယ်လိုလုပ်လူသတ်မှာတုံး။ ကျုပ်စဥ်းစားတယ်၊ထပ်စဥ်းစားတယ်။ ဟာတစ်ခုတော့ရှိတယ်ဗျ။ ဦးမိုးညွန့်သေတာ အခုဆိုရင်အနှစ်သုံးလေးဆယ်ရှိပြီဆိုတော့တကယ်လို့များ ဦးမိုးညွန့်လူပြန်ဖြစ်နေရင်အသက်သုံးဆယ်ကျော်လောက်တော့အသာလေးရှိမှာဗျ။ နောက်ဘဝကိုရောက်သွားတဲ့ လူတစ်ယောက်အဖို့ အရင်ဘဝကမကျေနပ်မှုတွေကို မှတ်မိပါ့မလားလို့ကျုပ်တွေးမိတယ်။ ဒါတော့မပြောနိုင်ဘူးဗျ။ သေကာနီးမှာ ဦးမိုးညွန့်ရဲ့စိတ်က အတော်လေးဒေါသဖြစ်သွားတာ ။နောက်ဘဝရောက်ရင်လည်း သတိရရင်ရနေမှာ။ ဒါဆိုရင်တော်လှန်ရေးသမားကြီးဦးမိုးညွန့်က ကျုပ်တို့ရွာမှာများလူပြန်ဖြစ်နေသလား။ ကျုပ်လည်းမတွေးတတ်တော့ဘူးဗျ။

ကျုပ်ချက်ချင်းပဲကျောက်ခဲနဲ့ သံမဏိ နောက်ကိုလိုက်ခဲ့တယ်။ ဘိုးမှတ်ကြီးတို့ဝိုင်းက ရွာတောင်ပိုင်းမှာဗျ။ ကျုပ်တော့ရောက်တော့ တစ်ရွာလုံးလိုလို ရောက်နေကြပါပြီဗျာ။ ဝိုင်းရှေ့ကလမ်းပေါ်မှာရော ဝိုင်းထဲမှာရော လူတွေမှ ပြည့်ကျပ်သိပ်နေတော့တာဗျ။ ကျုပ်တို့လည်း လူကြားကပဲတိုးဝှေ့ပြီး ဝင်ခဲ့ရတာပေါ့ဗျာ။ အောင်ကွန့်တို့ဝိုင်းက သိပ်မကျယ်ဘူးဗျ။အိမ်သာကတော့ အိမ်အနောက်ဘက်ကဝိုင်းထောင့်မှာ ပေါ့ဗျာ။

ဟုတ်တယ်ဗျ ။အိမ်သာသွားတဲ့ လမ်းပေါ်မှာ ဘိုးမှတ်ကြီး ​​​ မှောက်ခုံလဲနေတာဗျ။ ခေါင်းကကိုယ်နဲ့တစ်လံလောက်မှာ ကျနေတာဗျ။ မျက်လုံးကြီးပြူးထွက်ပြီး ပါးစပ်ကြီးကဟနေတာဗျ။ ဒီပုံစံကိုကြည့်ရတာ မသေခင်မှာ ဘိုးမှတ်ကြီးတစ်ခုခုကိုတအားကြောက်လန့်သွားတဲ့ပုံပဲဗျ။

ဓားချက်ကလည်းတစ်ချက်တည်းလို့လူကြီးတွေပြောသံကျုပ်ကြားရတယ်။ တော်တော်ကိုပြတ်တဲ့ဓားနဲ့ခုတ်သွားတာဗျ။ ခုတ်တဲ့လူကအားလည်းတော်တော်သန်ပုံရတယ်။ ဓားကလည်းကောင်းအားလည်းသန်လို့သာ ခေါင်းကိုတစ်ချက်တည်းခုတ်ဖြတ်သွားတာလို့ လူကြီးတွေက ဝေဖန်နေကြတယ်ဗျ။

ဒါပေမယ့်ဗျာ အသက်ခုနစ်ဆယ်ကျော်လူကြီးတစ်ယောက်ကို ဒီလောက်ရက်ရက်စက်စက်သတ်သွားတာ ကျုပ်ဖြင့်အံ့သြလို့ မဆုံးပါဘူးဗျာ။ ထုံးစံအတိုင်းပေါ့ဗျာ။လူသတ်မှုဖြစ်လာတော့သူနဲ့ ရာအိမ်မှူးတွေ ဆယ်အိမ်ခေါင်းတွေရောက်နေရတော့တာပေါ့။ မြို့ကိုလွှတ်ပြီး ရဲစခန်းကို သတင်းပို့တဲ့လူက သွားပို့ပေါ့ဗျာ။

နောက်တော့ရဲတွေ ရောက်လာပြီး အလောင်းကို စစ်ဆေးလူတွေကိုစစ်ဆေးပြီးတော့မှ အမှုဖွင့် အလောင်းကို သဂြ်ိုဟ် ခွင့်ပြုကြတာပေါ့ဗျာ။ ကျုပ်တို့တစ်ရွာလုံးလည်း တိတ်ကိုသွားတာဗျ။ ဒါပေမယ့် ဟိုအိမ်မှာစုစု ဒီအိမ်စုစုနဲ့ တိုးတိုး တိုးတိုး လုပ်နေကြတော့တာပေါ့ဗျာ။

စကားဆိုတာ စပြီးကားလာတဲ့အတိုင်းပဲဗျို့။ ဘိုးမှတ်ကြီး တို့ဝိုင်းထဲမှာ ညဦးကတည်းက အရိပ်မဲမဲကြီး တွေ့လိုက်သလိုလိုတွေလည်းပြောကြရဲ့ဗျ။ဘိုးမှတ်ကြီးက ပဲမသေခင်မှာ 'အောင်မလေးဗျ' လို့အော်သွားသလိုလိုတွေ ပြောကြတာပေါ့ဗျာ။ ကျုပ်ကအောင်ကွန့်ကို မေးကြည့်တော့....

"ဘယ်ကဟုတ်ရမှာတုံး တာတေရာ ဘာအရိပ်မဲမဲကြီးမှလည်းမတွေ့ဘူး။ ငါ့အဘိုးကလည်း အောင်မလေးဗျလို့ အော်မသွားဘူး။ အလကားစကားတွေ ကားပြောကြတာပါကွာ"

လို့အောင်ကွန့်ကပြောတယ်။

"ဒါပေမယ့်တာတေရဲ့ ငါအဘိုးခုတလော မှိုင်မှိုင်နေတယ်ကွ ငါကဘိုးနေမကောင်းဘူးလားလို့ ခနခနမေးမိတယ်"

"ဒီတော့ဘိုးမှတ်ကြီးက မင်းကိုဘာပြောတုံး"

"ကောင်းပါတယ် မြေးရဲ့ ဘိုး ဘာမှမဖြစ်ပါဘူး"

လို့ပြောတာကွ ၊တခြားတော့ ဘာမှမပြောဘူးတာတေရ"

"တို့ရွာထဲမှာရော ဘိုးမှတ်ကြီးနဲ့ရန်ငြိုးရန်စရှိတဲ့လူများရှိဖူးသလားကွ၊ အောင်ကွန့်ရ"

"ဟာတာတေရာ မင်းသိတဲ့အတိုင်းပဲလေကွာ ၊ငါ့ဘိုးက ဘယ်သူနဲ့မှစကားခွန်းကြီးခွန်းငယ် မများဖူးပါဘူးကွာ"

ဒါလည်းဟုတ်တာပဲဗျ။ဘိုးမှတ်ကြီးက အင်မတန်စကားနည်းတာ။လူတွေနဲ့လည်းသိပ်မရောဘူးဗျ။သူဟာသူပဲ နေတဲ့လူဗျ။မှတ်မှတ်ရရ ပြောရရင်တော့ ဘိုးမှတ်ကြီး ခေါင်းဖြတ်အသတ်ခံရတာ လကွယ်ညဗျ။တပို့တွဲလကွယ်ညရောက်တော့ကျုပ်ကမအိပ်ခင်တွေးမိလိုက်သေးတယ် ။ ဒီလကွယ်ညမှာများ တစ်ယောက်ယောက်သေဦးမှာလားလို့ပေါ့ဗျာ။

"ကိုကြီးတာတေရေနောက်တစ်ယောက် ခေါင်းပြတ်ပြန်ပြီဗျို့"

ဒီတစ်ခါတော့ ကျောက်ခဲတစ်ယောက်တည်းဗျ။ အိမိပေါ်ကိုတန်းပြီး တက်လာတာ။ မျက်စိမျက်နှာလည်းပျက်လို့ပေါ့ဗျာ။ ကျုပ်ကထမင်းစားပြီးလို့နဂါးဆေးပေါ့လိပ်ကလေး ထိုင်ပြီးဖွာနေတာဗျ။ ဒီကောင်ကျုပ်ထိုင်တဲ့တန်းလျားမှာ ဝင်ပြီးထိုင်လိုက်တယ်။ အဘနဲ့အမေကမီးဖိုချောင်ထဲရောက်နေကြတော့ ကျောက်ခဲဝင်လာတာကိုမသိ​ကြဘူးဗျ။

"ကျောက်ခဲ ဘယ်သူခေါင်းပြတ်ပြန်တာတုံးကွ"

"ဘန့်ဘွေးကုန်းက ဘိုးရှင်းကြီးဗျ"

"ဟေ ဟုတ်လား"

"ဟုတ်တယ် ကိုကြီးတာတေ ဂျပန်တော်လှန်ရေးသမား ကြီး ဦးမိုးညွန့်ဆိုတဲ့ ဘိုးတော်ကြီးများ သတ်နေတာလား ကိုကြီးတာတေရာ"

"ဟာကွာ ဟိုကသေတာ ဖြင့်အနှစ်သုံးဆယ် ကျော်နေပြီ ဥစ္စာ ၊ ဘိုးရှင်းသေတဲ့နေရာမှာဘာတွေများထူးထူးခြားခြား ဖြစ်သေးလို့တုံး"

"ဘာမှမဖြစ်ဘူးဗျ။ ဘိုးရှင်းဘယ်အချိန်က တံခါးဖွင့်ပြီး ဝိုင်းထဲဆင်းသွားမှန်းတောင် သိတဲ့လူမရှိဘူးတဲ့၊ တစ်အိမ်လုံးအိပ်ပျော်နေကြတာတဲ့ဗျာ။ မနက်အိပ်ရာကနိုးတော့မှ ဘိုးရှင်းရဲ့သား ဦးအောင်ကင်းကြီးက သွားတွေ့တာတဲ့။ ​မှောက်ခုံကြီးလှဲကျပြီး ခေါင်းပြတ်ကြီးက တစ်လံလောက် ရောက်နေတာဆိုပဲ။
ဘိုးမှတ်ကြီး သေတုန်းကလိုပဲတဲ့ ၊မျက်လုံးကြီးပြူးပြိး ပါးစပ်ကြီးကဟသေ​နေတာတဲ့ဗျ။ မသေခင်တစ်ခုခုကို တအားကြောက်လန့်သွားတဲ့ပုံပဲတဲ့ဗျ"

"ဟေ ဟုတ်လားဒါနဲ့နေပါဦးကွ ကျောက်ခဲရဲ့ ဘိုးမှတ်ကြီးက ခေါင်းတုံးနဲ့နော် ဘိုးရှင်းကသျှောင်ထုံးနဲ့မို့လား"

"သျှောင်ထုံးမဟုတ်တော့ဘူးဗျ။ ခေါင်းတုံးကြီးဖြစ်နေပြီဗျ။ ဆံပင်တွေကျွတ်လို့ဆိုပြီး ခေါင်းတုံးတုံးထားတာကြာပြီတဲ့ဗျ"

"ဟဲ့ကျောက်ခဲပါလား"

အမေနဲ့အဘကမီးဖိုချောင်ကထွက်လာပြီး ကျောက်ခဲကိုမြင်တော့နှုတ်ဆက်တယ်။

"ဟုတ်တယ်အရီးရေ ဘန့်ဘွေးကုန်းက ဘိုးရှင်းကြီး ခေါင်းဖြတ်အသတ်ခံရပြန်ပြီတဲ့ဗျာ"

"ဟေ ဟုတ်လား ဘယ်လိုဖြစ်လို့ အသက်ခုနစ်ဆယ်ကျော်ကြီးတွေကို လိုက်သတ်နေရတာတုံး"

အမေကအံ့သြပြီးပြောတာဗျ။ အမေ့အသံမှာ ကြောက်ရွံ့တဲ့စိတ်ပါနေတာတော့ သေချာတယ်ဗျ။

"ကိုကြီးတာတေ ကျောက်ခဲအဲ့ဒီမှာလား"

"အေး ဟုတ်တယ်ဟေ့၊ သံမဏိလာကွ"

သံမဏိပါ ရောက်လာပြီဗျို့။ ဒီကောင်လည်းမျက်စိမျက်နှာတွေ ပျက်လို့ဗျ။

"သံမဏိမင်းကဘယ်ကလာတာတုံး"

ကျုပ်ကသံမဏိကိုမေးလိုက်တယ်။

"ကျုပ်အခုပဲ ဘန့်ဘွေးကုန်းက ပြန်လာတာဗျ။ လူတွေကြားထဲမှာကိုကြီးတာတေတို့၊ကျောက်ခဲတို့ကိုတွေ့မလားလို့ တောင်လိုက်ရှာသေးတယ်"

"ငါတို့မသွားတော့ပါဘူးကွာ ၊နို့ ဘိုးရှင်းသေတာကို မင်းကြည့်ခဲ့သေးလား"

"ဟာကြည့်ခဲ့တာပေါ့ ကိုကြီးတာတေရ၊ ကျုပ်တို့ရွာက ဘိုးမှတ်ကြီး သေတဲ့အတိုင်းပါပဲဗျာ။ လူကြီးတွေက ပြောတယ်ဗျ။ ဘိုးမှတ်ကြီးကိုသတ်တဲ့လူနဲ့ ဘိုးရှင်းကိုသတ်တဲ့လူနဲ့က တစ်ယောက်တည်းဆိုပဲဗျ။ ဘိုးရှင်းကိုလည်း တစ်ချက်တည်း ခုတ်တာပဲတဲ့ဗျ။ ဘိုးရှင်းမျက်နှာကြီးကကြောက်စရာကြီးပါဗျာ"

"ခေါင်းပြတ်ကြီးကလား"

ကျောက်ခဲက သံမဏိကိုမေးလိုက်တာဗျ။

"အေးပေါ့ကျောက်ခဲရ ခေါင်းကြီးကပြတ်နေတာပဲဟာ ကိုယ်နဲ့ခေါင်ကတော်တော်ဝေးတာကွ၊ မျက်နှာကြီးက တစ်ခုခုကိုကြောက်ပြီး အော်လိုက်တဲ့ပုံစံကြီးကွ"

"နို့ သူတို့အိမ်သားတွေက ဘိုးရှင်း အော်သံတွေဘာတွေများကြားလိုက်သေးလား"

"သူတို့အိမ်သားတွေရော မြောက်ဘက်ဝိုင်းကလူတွေရော ဘာသံမှမကြားဘူးတဲ့ဗျ"

"ဒါဆိုရင်တော့ အော်ချိန်ကိုမရလိုက်တာဖြစ်မယ်ကွ"

"အခုကျုပ်တို့ရွာထဲကလူတွေ ပြောသံတစ်ခုကြားခဲ့ရတယ်ဗျ"

"ဘာများတုံး သံမဏိရဲ့"

ကျုပ်ကသံမဏိကို မေးလိုက်တယ်။

"သက်ကြရွယ်အိုအဘိုးတွေကို မိုးချုပ်တာနဲ့ဝိုင်းထဲပေးမဆင်းတော့ဘူးတဲ့ဗျို့"

"ဟား ဟား ဟား ဟား ဟုတ်လားကွသံမဏိရဲ့၊ ဒါဆိုရင်ဘိုးဉာဏ်လည်းဆင်းလို့မဖြစ်တော့ဘူးပေါ့ကွ"

အဘကသံမဏိပြောတာကိုသဘောကျပြီး ရယ်ရောဗျို့ ။ နေ့လယ်စာထမင်းကြီးစားပြီးတော့ကျုပ်ကနဂါးဆေးပေါ့လိပ်ကလေးဖွာရင်း စဥ်းစားနေတာဗျို့။ ပြာသိုလကွယ်ညကဘိုးမှတ်ကြီး ကိုခေါင်းဖြတ်သတ်တယ်။ အခုတပို့တွဲညမှ ဘိုးရှင်းကို ခေါင်းဖြတ်သတ်တယ်။ ဒါဆိုရင်တပေါင်းလကွယ်ညမှာဘိုးထယ်ရဲ့ အလှည့်ဖြစ်ဖို့ သေချာနေတာပေါ့ဗျာ။

"တာတေရှိလားဗျို့"

ဝိုင်းဝကကျုပ်ကိုမေးတဲ့အသံကြားလို့ကျုပ်လှမ်းကြည့်လိုက်တယ်။ ဟာဒါဘန့်ဘွေးကုန်းကလင်းဦးပဲ။ တစ်ခုခုတော့ထူးပြီထင်တယ်ဗျို့။

"ဟေ့ကောင် လင်းဦးလာကွ ၊ငါရှိပါတယ်"

လင်းဦးလည်းမျက်နှာသိပ်မကောင်းဘူးဗျ။ မျက်နှာမကောင်းတာထက် တစ်ခုခုကို စိုးရိမ်နေပုံပဲဗျ။ အိမ်ထဲကိုဟိုကြည့်ဒီကြည့်လုပ်နေတယ်။

"လင်းဦး မင်းဘာဖြစ်လာတာတုံးအိမ်မှာဘယ်သူမှမရှိဘူးကွအဘနဲ့အမေကစောစောကလေးတင် ရွာထဲသွားကြတယ်"

"အေး ဒါဆို ရင်တော့မင်းကို ငါပြောမယ်တာတေ၊ ဒီအကြောင်းကို လုံးဝပေါက်ကြားလို့မဖြစ်ဘူးနော် သူငယ်ချင်း"

ဒီကောင့်မျက်နှာကိုကြည့်ရတာ တစ်ခုခုကို စိုးရိမ်နေတဲ့ပုံဗျ။

"မင်းငါတို့ဘကြီး ဦးမိုးညွန့်အကြောင်းကြားဖူးလား တာတေ"

"အေးငါကြားဖူးတယ် ၊အရင်တုန်းကတော့မကြားဖူးဘူးကွ၊ လွန်ခဲ့တဲ့တစ်လလောက်ကမှကြားဖူးတာ"

"ဒီလိုဆိုရင် ငါတိုတိုပဲပြောမယ်ကွာ၊ငါ့ဘကြီးမသေခင်ကအမြဲကိုင်ခဲ့တဲ့ဓားတစ်လက်ရှိတယ်ကွ"

"အေး"

"အဲ့ဒီဓားက တို့အိမ်ပေါ်ထပ်က ပစ္စည်း ဟောင်းတွေထားတဲ့အခန်းရဲ့နံရံမှာ ဓားအိမ်နဲ့ ချိတ်ထားတာကွ၊ငါတို့အဲ့ဒီအခန်းထဲကိုတော်ရုံနဲ့ မဝင်ကြဘူး။ ဒီမနက်မှငါ့အဘက ပစ္စည်း တစ်ခုရှာချင်လို့ ဝင်လိုက်တာ။ အဲ့ဒီမှာတင်ဒါကိုသွားတွေ့တာကွ"

"ဟေ ဘာကိုတွေ့တာတုံးလင်းဦးရဲ့ရှင်းရှင်းပြောစမ်း ပါကွာ"

"ငါ့ဘကြီး ဦးမိုးညွန့်ကိုင်ခဲ့တဲ့ဓားက သွေးတွေစီးကျနေတာကွ။ဘယ်အချိန်ကတည်းကစီးကျနေမှန်းမသိဘူးကွ။ ကြမ်းပြင်ပေါ်မှာ ချောက်ကပ်နေတဲ့သွေးကွက်ကြီးပေါ်ကို သွေးအသစ်ကတပေါက်ပေါက်စီးကျနေတာ။ ခြောက်တောင်မခြောက်သေးဘူးဟေ့။ဒါနဲ့အဖေကဓားကိုဆွဲထုတ်ပြီးကြည့်လိုက်တော့ ဓားတစ်ချောင်းလုံးသွေးတွေ ရွှဲနေတာတဲ့ဟေ့"

"ဟေ ဟုတ်လား လင်းဦး"

"အေး ဟုတ်တယ် တာတေ၊ မင်းသိတဲ့အတိုင်းပဲလေ ကွာ၊ ဟိုတစ်လကမင်းတို့ရွာက ဘိုးမှတ်ကြီး အသတ်ခံရတယ်၊ ညကငါတို့ရွာကဘိုးရှင်းအသတ်ခံရတယ်။ ဒီလူကြီးတွေကငါ့ဘကြီးဦးမိုးညွန့်နဲ့ အကြောင်းရှိခဲ့တဲ့လူတွေလေကွာ။ ဒီအချိန်မှာ ဒီအကြောင်းကိုငါတို့လူသိခံလို့ဘယ်ဖြစ်မှာတုံးတာတေရာ။လူတွေသာသိသွားရင်လူသတ်တာငါ့အဘလို့ထင်ကြမှာပေါ့ ။ သူ့အစ်ကိုအတွက်သူ့ညီက လက်စားချေတာလို့ ပြောကြမှာပေါ့ကွ"

"အေး ဟုတ်တာပေါ့လင်းဦးရ ၊စိတ်ချသူငယ်ချင်း ၊ဒီအကြောင်းငါ့ဆီကလုံးဝမပေါက်ကြားစေရပါဘူးကွာ"

"ပြီးတော့ဒီလိုထူးဆန်းတဲ့ ကိစ္စတွေကိုမင်းက ကြုံဖူးတာများနေလို့ မင်းကိုတိတ်တိတ်လာပြီးတိုင်ပင်တာကွ"

"အေးပါလင်းဦးရာ ၊မင်းအခု ဣနြေမပျက်ပြန်ပေတော့ ၊ဒီညငါလုပ်စရာတွေရှိတာငါလုပ်လိုက်မယ်၊ ဒါနဲ့နေဦးကွလင်းဦးရ မင်းတို့အဲ့ဒီဓားကို ဘာလုပ်ထားတုံး"

"အဘနဲ့ငါကဓားကသွေးတွေကို ဆေးပစ်လိုက်တယ်။ ပြိးတော့ကြမ်းပြင်က သွေးတွေကိုလည်း ဘာမှမကျန်အောင် တိုက်ချွတ်ဆေးလိုက်တယ်၊ ဓားကိုတော့ သူ့နေရာမှာပဲ ပြန်ချိတ်ထားလိုက်တယ် ။အေး အံ့သြ စရာတစ်ခုပြောရဦးမယ်တာတေရေ ဘကြီးရဲ့ဓားကထုတ်တောင်မကြည့်ပဲ ဒီအတိုင်းချိတ်ထားတာ နှစ်ပေါင်းလေးဆယ်ရှိပြီတဲ့ကွ။ဒါပေမယ့်ဓားအိမ်ကဆွဲထုတ်လိုက်တဲ့ ဓားကိုရေနဲ့ဆေးလိုက်တော့သံချေးတက်ဖို့နေနေသာသာ ဝင်းပြောင်ပြီး ပြတ်လိုက်တာမှ မြည့်နေတာပဲကွာ"

"ဟာဟုတ်လားကွ တော်တော်ထူးဆန်းပါလား လင်းဦးရ"

ညရောက်တော့မဖဲဝါရဲ့ကိုယ်ပွားရုပ်ကလေးကို ခေါင်းအုံးအောက်မှာထားပြီး မဖဲဝါကိုတိုင်တည်လိုက်တယ်။

"သခ်ျိုင်းရှင်မ မဖဲဝါခင်ဗျာ ဒီညကျုပ်ကိုအိပ်မက်ပေးပါလူနှစ်ယောက်ခေါင်းပြတ်ပြီးအသတ်ခံထားရပါတယ် ဓားတစ်လက်ကလည်းသွေးတွေစီးကျနေတယ်ဗျာ။ ဘာတွေဖြစ်နေတယ်ဆိုတာ သခ်ျိုင်းရှင်မကြီးပြောပြမှ သိရမှာမို့ပါ"

ကျုပ်နဲ့မဖဲဝါ အိပ်မက်ထဲမှာတွေ့နေကျ ဆယ့်နှစ်ရာသီပင်ကြီးအောက်မှာတွေ့တယ်။ ဆယ့်နှစ်ရာသီပင်ကြီးမှာပန်းအဝါတွေ ထိန်နေအောင်ပွင့်လို့ဗျ။ လေတွေကလည်း တဝီဝီနဲ့တိုက်နေတာဗျို့။ မဖဲဝါကတော့ခါတိုင်းလိုပဲဗျ။ ကျုပ်နဲ့ရွယ်တူကောင်မလေးလို ဖန်ဆင်းထားတယ်။ ဆံပင်မှာဆယ့်နှစ်ရာသီပွင့်အဝါလေးတစ်ပွင့်ပန်လို့ဗျို့။

"ဟဲ့တာတေ အဲ့ဒီဓားကမိုးညွန့်ရဲ့ကျိန်စာသင့်နေတာ ၊အခုမှကျိန်စာကအသက်ဝင်ပြီး လက်စားချေနေတာ လာမယ့်လကွယ်ညမှာ ငထယ်ကိုခေါင်းဖြတ်လိမ့်မယ်"

"ဟာမဖဲဝါရယ်၊ ဒီဓားကို ဘယ်လိုတားရမှာတုံးဗျာ"

"နင်မှတ်ထား လကွယ်ညမှာ အဲဒီဓားနားမှာ နင်သွားပြီးစောင့်နေ ဓားအိမ်ကဓားကျွတ်ထွက်လာတာနဲ့ ပျောက်သွားလိမ့်မယ်၊ လူသတ်ပြီးမှ ပြန်ရောက်လာပြီး ဓားအိမ်မှာစွပ်မှာ၊ ဒီတော့နင်ကဓားအိမ်ကမကျွတ်ခင် တစူးဝါးနဲ့ရိုက်ချလိုက်။
ဓားကထခုန်လိမ့်မယ်။ နင်ထပ်သာရိုက်၊ ဓားလှုပ်တိုင်းနင်ရိုက်ပေတော့၊ အဲဒီအချိန်လေးကျော်သွားတာနဲ့ ကျိန်စာပျယ်သွားလိမ့်မယ်"

ကျုပ်လန့်နှိုးလာတယ်။ နောက်နေ့ရောက်တော့လင်းဦးကျုပ်ဆီကိုရောက်လာတယ်။ ကျုပ်ကလင်းဥိီးကိုအကျိုးအကြောင်းပြောပြလိုက်တယ်။

"ဒါဆိုရင် လကွယ်ညရောက်တော့မင်းဆက်ဆက်လာခဲ့တာတေ၊ ငါတစူးဝါးရှာပြီး နှစ်တောင်လောက်ဖြတ်ထားလိုက်မယ်"

(တစူးဝါးဆိုတာ လူသေကို မီးသ​ဂြိုဟ်တဲ့အခါ ထိုးတဲ့ဝါးလုံးကိုပြောတာဗျ)

လကွယ်ညရောက်တော့ ညရှစ်နာရီလောက်မှာ ကျုပ်လင်းဦးတို့အိမ်ရောက်တယ်။လင်းဦးက ကျုပ်ကိုအပေါ်ထပ်ခေါ်သွားပြီး ဝါးထရံမှာချိတ်ထားတဲ့ဓားကိုပြတယ်။ ဪကျိန်စာသင့်နေတဲ့ဓားပါလားလို့ကျုပ်စိတ်ကတွေးလိုက်မိတယ်။
လင်းဦးအဘဦးရွှေလင်းက ကျုပ်ကိုအဆင်သင့်လုပ်ထားတဲ့ တစူးဝါးတစ်ချောင်းလာပေးတယ်။ ပြီးတော့လင်းဦးရော သူ့ညီလင်းထူးရော ဦးရွှေလင်းရောက ရေနွေးကြမ်း လက်ဖက်သုပ် ငါးခြောက်ဖုတ်တွေနဲ့ ဧည့်ခံလိုက်ကြတာဗျာ၊သားအဖသုံးယောက် ပြာနေတော့တာဗျို့။ ညဆယ်နာရီထိုးတော့အားလုံးကိုအိမ်အောက်ထပ်ဆင်းခိုင်းလိုက်တယ်။ အပေါ်ထပ်မှာကျုပ်တစ်ယောက်တည်းကျန်ခဲ့တယ်။

မှန်အိမ်လေး မှိန်မှိန်ကလေးထွန်းပြီး ကျုပ်စောင့်နေတယ်။ အဲပြောဖို့မေ့နေတာဗျို့။ ဓားကိုအခန်းထဲမှာ မထားတော့ပဲအပြင်ကိုထုတ်ထားလိုက်တာဗျ။ ပစ္စည်း ဟောင်းတွေထားတဲ့အခန်းရဲ့ အပြင်ဘက်ကဝါးထရံမှာ ချိတ်ထားလိုက်တယ်။ ကျုပ်ကအိမ်နံရံရဲ့ ဝါးကပ်ထရံဘေးမှာ ကပ်ပြီး ထိုင်နေလိုက်တယ်။ ညတစ်နာရီထိုးတော့ ဘန့်ဘွေးကုန်းကင်းတဲက တစ်နာရီသံချောင်း ခေါက်တယ်။

"ချွင်"

ဟော ဓားအိမ်ကနေ ဓားကျွတ်ထွက်လာပြီဗျို့။ဓားက 'ချွင်' ကနဲမြည်ပြီး တစ်ထွာလောက် ကျွတ်ထွက်လာတယ်။ငှက်ကြီးတောင်ဓားဗျ။ အရှည်နှစ်ပေခွဲလောက်ရှိမယ်။

"ချွင်"

ဟော ဓားထပ်ကျွတ်လာပြန်ပြီဗျို့။ကျုပ်ကလက်ထဲက တစူးဝါးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း မတ်တတ်ထရပ်လိုက်တယ်။ ရှေ့ကိုလည်း ခြေတစ်လှမ်း တိုးထားလိုက်တယ်။ဓားကဓားအိမ်ထဲကနေ တဝက်လောက်တော့ ကျွတ်ထွက်နေပြီ။

တကယ့်ကို အံ့သြ စရာပါဗျာ။အသက်ဝိဉာဥ်မရှိတဲ့ ဓားဟာ ကျိန်စာသင့်ပြီး အသက်ရှိသလို ဖြစ်နေတာကို ကိုယ်တိုင်မြင်နေရလို့သာ ယုံတော့တာဗျို့။

ကျုပ်စိတ်ထဲကသိနေတယ်ဗျ။ ဒိတစ်ခါဆို ဒီဓား ဓားအိမ်ကနေ အပြီးကျွတ်ထွက်တော့မှာဗျ။ မဖဲဝါကကျုပ်ကို ပြောလိုက်တာက ဓားအိမ်က ကျွတ်တာနဲ့ ဓားကပျောက်သွားမှာဆိုပဲ။ လူသတ်ပြီးမှ ဓားအိမ်ထဲကို သူ့အလိုလိုပြန်ရောက်နေမှာတဲ့ဗျ။ ကျုပ်တစူးဝါးကိုအပေါ်မြောက်ပြီး အဆင်သင့်ပြင်ပြီးကိုင်ထားလိုက်တယ်။

"ချွင်"

ကျုပ်လွှားခနဲခုန်ဝင်ပြီး ဓားကိုရိုက်ချလိုက်တယ်။

"ဘုန်း"

ဝါးထရံကိုတစူးဝါးနဲ့ရိုက်မိတဲ့အသံဗျ။

"ချွင်၊ ချလွင်၊ ချလွင်"

ဓားက ကြမ်းပြင်ပေါ်ကို ကျသွားတယ်။ဟော ခုန်ပြီဗျို့။

ဓားကတစ်ပေလောက်မြင့်အောင်ထခုန်တယ်။

"ဒုန်း"

ထပ်ခုန်တယ်ဗျို့။

"ဒုန်း"

ခုန်ပြန်ပြီဗျို့။

"ဒုန်း"

ဟောငြိမ်သွားပြီ၊ ငြိမ်သွားပြီ။ ဒါပေမယ့်ကျုပ်ကတော့ တစူးဝါးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး သတိနဲ့စောင့်နေရတာဗျ။

ဟာ ဓားက ခုန်တော့မခုန်တော့ဘူးဗျ။ ဒါပေမယ့် ကြမ်းပြင်ပေါ်မှာတဆက်ဆက်နဲ့ တုန်နေတယ်။

"ဒုန်း"

ကျုပ်တစူးဝါးနဲ့ ထောက်ပြီးဖိထားတယ်။ တော်တော်ကြာတဲ့အထိတုန်နေတုန်းဗျ။

ဟော ရပ်သွားပြီ။ရပ်သွားပြီ။ မတုန်တော့ဘူးဗျ။ မဖဲဝါပြောသလိုဆိုရင် ကျိန်စာသင့်တဲ့အချိန်ကျော်သွားပြီ ထင်တယ်ဗျ။

ဒါဆိုရင် ကျိန်စာလည်း ပျယ်ပြီပေါ့ဗျာ။ ကျုပ်ခေါ်လိုက်တော့မှ ဦးရွှေလင်းတို့သားအဖတွေ အိမ်ပေါ်ထပ်ကိုပြေးတက်လာတာဗျို့။

ကျုပ်ကအဖြစ်အပျက်ကိုရှင်းပြလိုက်တယ်။ ဘိုးထယ်တစ်ယောက်ကိုတော့ ကယ်လိုက်နိုင်တာပေါ့ဗျာ။ဒီအကြောင်းကိုဘယ်သူမှ မသိအောင်အုပ်ထားဖို့ ကျုပ်ကပဲ သတိပေးခဲ့တာပါ။

အဲဒီညက လင်းကြက်တွန်တော့မှပဲ ကျုပ်အိမ်ပြန်ရောက်ခဲ့တာပေါ့ဗျာ။

                                         

Comment