လရောင်၊ စောင်းသံ နဲ့ တောင်ငူဘုရင်(တာတေ)

လရောင်၊ စောင်းသံ နဲ့ တောင်ငူဘုရင်

အံ့ဩစရာပါပဲဗျာ။

ကျုပ်တစ်သက်မှာ အခန်းဆက်မက်တဲ့ အိပ်မက်ဆိုတာ ဒီတစ်ခါပဲ ကြုံဖူးပါတယ်ဗျာ၊ မဖဲဝါပြောလိုက်သလိုပဲဗျ။

“နင့်အိပ်မက်တွေက မဆုံးသေးပါဘူး၊ ဆက်ပြီးမက်ဦးမှာပါ ” ဆိုတဲ့အတိုင်း ကျုပ် ဆက်မက်ခဲ့တယ်။ ကျုပ်ဆက်ပြီးမက်တဲ့ အိပ်မက်က ဒီလိုဗျို့။

အင်းဝရွှေနန်းရှင်ဟာ နန်းစံသက် နှစ်နှစ်အကြာမှာ ပြည်ကို သိမ်း ပိုက်ခဲ့တယ်။ ရှစ်လကြာ ဝန်းရံပြီးမှ ပြည်ကို ရတာဗျ။

ပြည်ကို သိမ်းပိုက်ပြီး အင်းဝကို ပြန်ရောက်တဲ့အခါ မင်းတရား ကြီးက ကျုပ်တို့တပ်မှူးစက္ကကို ခေါ်ယူတွေ့ဆုံတော်မူတယ်။

တပ်မှူးစက္ကနဲ့ ဘုရင်မင်းမြတ်တို့ လျှို့ဝှက်တွေ့ဆုံပြီးတာနဲ့ တပ်မှူးက ကျုပ်ကို ခေါ်တွေ့တော့တာပဲဗျို့။ တပ်မှူးရဲ့ အိမ်တော်ထဲမှာ ကျုပ်နဲ့ တပ်မှူးနဲ့ နှစ်ယောက်တည်း တွေ့ရတာဗျ။ တပ်မှူးက ပန်းကနုတ်တွေ ဖော်ထားတဲ့ ကုလားထိုင်ကြီးမှာ ထိုင်လို့ဗျ။

ကျုပ်က ကြမ်းပြင်မှာထိုင်ပြီး ခစားရတာပေါ့ဗျာ။
“ဗိုလ်မင်း တာဘေ၊ အခုဆိုရင် မောင်မင်းဟာ သူလျှိုတို့တတ် အပ်တဲ့ အတတ်မျိုးစုံကို တတ်မြောက်ပေပြီ။ ဓားခုတ်၊ လှံထိုး အတတ်တွေ မြင်းစီးတဲ့အတတ်တွေလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်ပေတယ်။ ဗိုလ်မင်းရဲ့ ကြိုးစားအားထုတ်မှုတွေ၊ အထက်အရာရှိအပေါ် ကျိုးနွံမှုတွေ၊ လက်အောက်ငယ် သားတွေအပေါ်မှာ စာနာထောက်ထားမှုတွေကို ကျုပ်က တစ်ဆင့် မင်းတရားကြီး ကို လျှောက်ထားလို့ မင်းတရားကြီးကလည်း ကျေနပ်တော်မူပေတယ်။ အခုတော့ မင်းတရားကြီးက ကျုပ်ကို ဆင့်ခေါ်ပြီး ကျုပ်ကတစ်ဆင့် ဗိုလ်မင်းကို တာဝန် ပေးလိုက်ပြီ ဗိုလ်မင်း”

“မှန်ပါ တပ်မှူးမင်းဘုရား”

“ကျုပ်တို့မင်းတရားကြီးက ပြည်ကို အောင်နိုင်ပြီးတဲ့နောက် ဒုတိယ ပစ်မှတ်က တောင်ငူပဲ ဗိုလ်မင်း၊ ဒီစကားကိုတော့ အသက်နဲ့လဲပြီး လျှို့ဝှက်ပေ တော့ ဗိုလ်မင်းရေ”

"စိတ်ချပါ တပ်မှူးမင်းဘုရား”
“မင်းတရားကြီး မိန့်မှာချက်ကတော့ “ဗိုလ်တစ္ဆေကို တောင်ငူ နန်းတွင်းအရောက် ထိုးဖောက်ဝင်ရောက်စေ၊ နန်းတွင်းမှာ မြင်သမျှ ကြား သမျှတွေအားလုံးကို တပ်မှူးကတစ်ဆင့် ကိုယ်တော့်ဆီကို အဆက်မပြတ် သတင်းပို့ရမယ်၊ တပ်မှူးကလည်း ဗိုလ်တစ္ဆေဆီက သတင်းယူဖို့၊ သူလျှို တွေကို လက်ရွေးစင်ရွေးပြီးတော့ အဆင့်ဆင့်လွှတ်ချေ” တဲ့ ဗိုလ်မင်းရဲ့။ ဒီတော့ ဗိုလ်မင်းက တောင်ငူကို အမြန်ဆုံးသွားဖို့ ပြင်ပေတော့၊ ကျုပ်က တော့ ဗိုလ်မင်းသတင်းပို့လို့ရအောင် သူလျှိုအဆင့်ဆင့်ကို စီစဉ်ပေးမယ်၊ အားလုံးဟာသူလျှိုအလုပ်ကို အကျွမ်းကျင်ဆုံးလုပ်နိုင်တဲ့လူတွေချည်း ဖြစ်စေရမယ် ဗိုလ်မင်း” “မှန်လှပါ တပ်မှူးကြီးဘုရား”

“ဗိုလ်မင်းကို ကျပ် တစ်ခုတော့ ကြိုတင်ပြီး ပြောထားလိုတယ်”” “အမိန့်ရှိပါဘုရား”
“ကျုပ်တို့အင်းဝက ပြည်ကို သိမ်းလိုက်ပြီဆိုတော့ နောက်ထပ် သိမ်းမယ့်မြို့ဟာ တောင်ငူပဲလို့ တောင်ငူနန်းတွင်းကလည်း တွေးမှာပဲ ဗိုလ်မင်း၊ ဒီတော့လည်း သူတို့မြို့ကို အစောင့်အနေ ထူထပ်စွာ ချတော့မှာ ပဲပေါ့ ဗိုလ်မင်းရယ်။

အထူးသဖြင့်တော့ တောင်ငူဘုရင် သီဟသူရ နန်းတွင်းမှာ အစောင့်အနေ ပိုထူထပ်မှာပေါ့။ မြို့တွင်းမှာ တောင်ငူသူလျှိုတွေ ခြေချင်းလိမ် နေတော့မှာပေါ့။ ဒီအချိန်မှာ ကျုပ်တို့မင်းကြီးကလည်း ဗိုလ်မင်း ကို နန်းတွင်း အရောက်ထိုးဖောက်ပြီး ဝင်ရောက်ရမယ်လို့ အမိန့်တော်ရှိလိုက်တော့ အတော် လေးကို ခက်တော့တာပါ့ ဗိုလ်မင်းရယ်။ ဗိုလ်မင်းအနေနဲ့ တောင်ငူဘုရင်ရဲ့ နန်းတွင်းကို ဘယ့်နှယ်လုပ်ပြီး ထိုးဖောက်နိုင်မှာတုံး”

““ဒီအတွက်တော့ တပ်မှူးကြီး စိုးရိမ်တော်မမူပါနဲ့ဘုရား၊ ကျွန်တော်မျိုး ရအောင်ထိုးဖောက်ပြီး ထောက်လှမ်းပါ့မယ်ဘုရား”

“အလို ရဲတင်းလှချေကလား ဗိုလ်မင်းရယ်၊ ဒီလိုအချိန်မှာ မိသွား လို့ကတော့ အမျိုးမျိုးညှဉ်းပန်းနှိပ်စက်ပြီးမှ သတ်ပစ်မှာ ကျိန်းသေပဲ ဗိုလ်မင်းရေ” "စိတ်ချတော်မူပါ တပ်မှူးကြီးဘုရား၊ ကျွန်တော်မျိုး မင်းတရား ကြီးရဲ့ အမှုတော်ကို ကျေပွန်အောင် ထမ်းဆောင်မှာပါဘုရား၊ မင်းတရား ကြီး သိချင်တဲ့ နန်းတွင်းက လျှို့ဝှက်တဲ့သတင်းတွေကို တပ်မှူးကြီးဆီကို ကျွန်တော်မျိုး အဆက်မပြတ် ပို့ပေးနေပါ့မယ်ဘုရား၊ တပ်မှူးကြီးက တစ်ဆင့် မင်းတရားကြီးဆီကို ပို့ပေးပါဘုရား”

“ရဲဝံ့လေစွ ဗိုလ်မင်းရယ်၊ ဒါကြောင့်လည်း မင်းတရားကြီးက ဗိုလ်မင်းကို အားကိုးတော်မူပေတာပဲ။ ဗိုလ်မင်းရဲ့ အရည်အချင်းတွေကိုရှေးမဆွကပင် မင်းတရားကြီးက သိနေပုံရတယ်ကွဲ့၊ ဒါကြောင့် ဗိုလ်တစ္ဆေ ဆိုတဲ့ ဘွဲ့ထူးတပ်ပြီး ကျုပ်ရဲ့ သူလျှိုတပ်မှာ ဗိုလ်အဆင့်ကနေ စပြီးခန့်အပ် ပေတာကိုး။ ကျုပ်အထင်ပြောရရင်တော့ ဗိုလ်မင်းမှာ ကိုယ်ပျောက်တဲ့ အတတ် တွေဘာတွေများ ရှိနေသလား ဗိုလ်မင်းရယ်”

''ဟာ ဒီလိုလည်း မဟုတ်ပါဘူး တပ်မှူးကြီးဘုရား” ‘အေးလေ ဘယ်လိုပင်ဖြစ်စေ မင်းကြီးက အားကိုးတယ်ဆိုတာ အားကိုးထိုက်လို့ပေါ့ကွယ်၊ ပြီးတော့ မင်းတရားကြီးက ကျုပ်ကို မိန့်သေး တယ် ဗိုလ်မင်းရဲ့။ တောင်ငူဟာ ကျုပ်တို့အင်းဝကို ဂရုမစိုက်တဲ့ပုံ ရှိသတဲ့။ သူတို့မှာလည်း စစ်ဆင်၊ စစ်မြင်းတွေ အပြည့်အစုံရှိသလို စစ်သည်အင်အား ကလည်း မနည်းဘူးတဲ့ ဗိုလ်မင်းရဲ့။

ပြီးတော့ ကျုပ်တို့ အင်းဝမှာ လောကီ အတတ်မျိုးစုံကို ကမ်းခတ်အောင်တတ်တဲ့ ဗားမဲ့ဆရာတော်ကြီး ရှိသလို တောင်ငူမှာလည်း လောကီပညာရှင် ရှမုန်ယိုဆိုတာ ရှိသတဲ့။ ဒီတော့ လည်း တောင်ငူက အင်းဝကို မမှုဘူးဆိုတဲ့ပုံပေါ့ ဗိုလ်မင်းရယ်။ ဒါပေမဲ့ မင်းတရားကြီးက ဗားမဲ့ဆရာတော်ကြီးကို မတိုင်ပင်ဘဲနဲ့တော့ ဘာမှမလုပ်ဘူးကွဲ့။ ဆရာတော်ကြီး တစ်ခုခုမိန့်လို့သာ မင်းကြီးက စပြီးလှုပ်ရှားမှုပြု တာဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် အစစအရာရာတော့ ဂရုစိုက်ပါဗိုလ်မင်း။ ကဲ ကဲ ဗိုလ်မင်းလည်း သွားဖို့ လာဖို့ ကိစ္စတွေပြင်တော့၊ ကျုပ်လည်း စီစဉ်စရာတွေ စီစဉ်တော့မယ်”
လို့ ပြောပြီး တပ်မှူးကြီးစက္ကက ကျုပ်ကို ပြန်လွှတ်လိုက်တယ်။ ကျုပ်လည်း ပြင်စရာရှိတာတွေ ပြင်ဆင်ပြီး ခရီးထွက်ဖို့အချိန်ကို စောင့်နေ လိုက်တယ်။
တောင်ငူကို ကျုပ်မရောက်ခင် အင်းဝသူလျှိုတွေကို တပ်မှူးကြီး က ကြိုပြီးပို့ထားပြီဗျ။ တစ်လလောက်ကြာတော့မှ ကျုပ်ကို လွှတ်လိုက်တာ။ အင်းဝသူလျှိုတွေနဲ့ ချိတ်ဆက်ရမယ့်နေရာတွေ၊ ဆက်သွယ်ရမယ့် လျှို့ဝှက် သင်္ကေတတွေကိုပါ ပေးလိုက်တာပေါ့ဗျာ။

တောင်ငူမရောက်ခင် ရွာငယ်တစ်ခုကို ဝင်လိုက်တော့ အင်းဝ သူလျှိုတစ်ယောက်က ကျုပ်ကို စောင့်ကြိုပြီး အိမ်တစ်အိမ်ကို ခေါ်သွားတယ်။ “ဪ ကိုမြစံ လာဗျ၊ လာ ထိုင်ကြ၊ ဒီသူငယ်က” ““ဦးဒီပကို … ကျုပ်ပြောထားတဲ့ သူငယ်လေဗျာ၊ နာမည်က မောင်တာတေတဲ့ “

“ဪ ပြည်က ပန်းထိမ်သည်လေး ဆိုတာလား” “ဟုတ်ပါ့ဗျာ၊ ဟုတ်ပါ့ ဦးဒီပရေ”
“အေးပေါ့လေ၊ ပြည်ကပျက်သွားတော့ လုပ်ကိုင်စားသောက်ရတာ အဆင်သိပ်မပြေတော့ဘူးမှတ်တယ်”

“ဟုတ်ပါ့ ဦးကြီးရယ်၊ ဟိုအရင်ကတော့ အလုပ်အကိုင် အဆင် ပြေပါတယ်ဗျာ၊ စစ်မက်ဖြစ်ပွားပြီးတဲ့နောက်ကျတော့ အလုပ်အကိုင်တွေက မကောင်းလေတော့ ကျွန်တော်လည်း တစ်ရွာပပြောင်း သူကောင်းမဖြစ် ဆိုသလိုပါ့ ဦးကြီးရယ်၊ တောင်ငူကို ပြောင်းလာခဲ့တာပါ။ ဟောဒီက အစ်ကိုကြီးတစ်ယောက်လို ခင်ရတဲ့ ကိုမြစံကို အားကိုးပြီး လာခဲ့ရတာပါဗျာ။

“ဘာမှအားမငယ်လေနဲ့ မောင်တာတေ၊ ဟိုရက်ကတည်းက ကိုမြစံပြောလို့ ကျုပ်ကတောင် မောင်တာတွေကို မျှော်နေတာ။ တောင်ငူ ရွှေမြို့တော်ကြီးမှာ ကျုပ်ရဲ့ အစ်ကိုဝမ်းကွဲ ကိုယွန်းဆိုတာ ရှိသကွဲ့။ ပန်းထိမ် လုပ်ငန်းကြီး ထူထောင်ပြီး လုပ်ကိုင်နေတာ တော်တော်ကို ကြီးကျယ်နေပြီကွဲ့။ သူ့ပန်းထိမ်ဖိုမှာ အလုပ်လုပ်တဲ့ ပန်းထိမ်သည်တွေဆိုတာနည်းတာမှတ်လို့ ကွယ်။ လူလေးငါးဆယ်တော့ အသာလေး ရှိတယ်မောင်တာတေရဲ့၊ မောင်က ပန်းထိမ်လက်ရာ ကောင်းတယ်ဆိုတော့ ကျုပ်အစ်ကို ကိုယွန်းက ဝမ်းသာအားရ လက်ခံမှာပါကွယ်၊ သူက ဒီလိုလူမျိုးကို ရှာနေတာလေ။ သူ့ဆီမှာ လက်ဝတ်လက်စားတွေ အပ်နှံကြတာ အရပ်ထဲကတင်မဟုတ်ဘူး။

မောင်တာတေရ၊ ဘုရင့် နန်းတော်ကြီးထဲက နန်းတွင်းသူတွေ၊ ဝန်ကတော်တွေ၊ မှူးကြီး မတ်ကြီးတွေရဲ့ သားသမီးတွေပါ ပါတာကွဲ့။ ကဲ ဒီညတော့ ကိုမြစံနဲ့ လိုက်ပြီး တည်းခိုလိုက်ပေတော့။ မနက်ဖြန်မနက်စောစောလာခဲ့ကွဲ့။ ကျုပ်နဲ့ မောင်နဲ့ မြို့ထဲဝင်ကြတာပေါ''

“ကျေးဇူးကြီးပါပေတယ် ဦးကြီးရယ်”
လို့ ပြောပြီး ကျုပ်က အင်းဝသူလျှို ကိုမြစံ ဆိုတဲ့လူနဲ့ လိုက်ခဲ့တယ်။
နောက်နေ့မနက်ကျတော့ ဦးဒီပက ကျုပ်ကို လိုက်ပို့လို့ တောင်ငူ မြို့ထဲကို ဝင်လာခဲ့တယ်။ ကြက်ပျံမကျအောင် စည်ကားတဲ့ တောင်ငူဈေးနဲ့ မနီးမဝေးလေးမှာ ဦးယွန်းရဲ့ ပန်းထိမ်ဖိုကြီး ရှိတာဗျ။
တွေ့တာနဲ့ ဦးဒီပက အကျိုးအကြောင်း ပြောပြတယ်။ ဦးယွန်း ဆိုတဲ့ ပန်းထိမ်ဆရာကြီးက အပြောသမားမဟုတ်ဘူးဗျ။ လက်တွေ့သမား။ ကျုပ်ကို ပန်းထိမ်ဖိုထဲခေါ်ပြီး လက်ကောက်တစ်ကွင်းကို ဆောက်ဖြတ်ခိုင်းတယ်။ ကျုပ်က ကျုပ်လက်ရာကို အစွမ်းကုန်ပြလိုက်တာပေါ့ဗျာ။ ကျုပ် လုပ်ပြီးသွားလို့ လက်ကောက်ကို သူ့ဆီအပ်လိုက်တော့ ဦးယွန်းဆိုတဲ့ ပန်းထိမ်ဖိုပိုင်ရှင်က အံ့သြပြီး ကျုပ်ကို ကြည့်နေတာဗျို့။

“မောင့်လက်ရာကောင်းလှချည်လားကွယ်၊ မောင့်လိုလူမျိုးတွေ သိပ်ကိုရှားသွားပြီကွဲ့၊ မောင့်အရွယ်နဲ့ မလိုက်အောင်ကို မောင့်ပညာက ကြီးနေပါရောလား။ ဒါထက် မောင့်မှာ ပန်းထိမ်သည်မျိုးရိုး ရှိသလား”

“ဟုတ်ကဲ့ ရှိပါတယ် ဆရာကြီး၊ ကျုပ်အဖေက ပြည်က ပန်းထိမ် သည်ကြီးပါ။ နာမည်က ဦးသက်ပန်းလို့ ခေါ်ပါတယ်ခင်ဗျာ၊ ကျုပ်ကို အဘက ငယ်စဉ်ကတည်းက သူ့ရဲ့ပညာအမွေကို ပေးခဲ့တာပါ”

“ဪ ဒါကြောင့်ကိုး၊ ကဲ မောင့်လိုလူကို တွေ့မှတော့ ကျုပ်က ဘယ်လက်လွှတ်မှာတုံးကွယ်၊ မောင့်ကို သူများတွေထက် ပိုပြီးပေးပါ့မယ်၊မောင့်ပညာကြေးပေါ့ကွယ်၊ နို့ မောင့်နာမည်က ဘယ်သူ” “မောင်တာတေပါ ဆရာကြီး

“ကဲ အခုကစပြီး အလုပ်စလုပ်ချေတော့ကွယ်၊ မောင်နေဖို့ထိုင်ဖို့ ကျုပ်အားလုံးစီစဉ်ပေးမယ်။ ကဲ လာ၊ အလုပ်တစ်ခုစပြီး ချပေးမယ်၊ လက်ကောက်တစ်ရံကို မောင့်ပညာစွမ်းရှိသလောက် လုပ်ပေတော့ကွယ်၊ ဘယ်လိုပုံစံလို့ ကျုပ်က မသတ်မှတ်ဘူးကွဲ့”

“ဟုတ်ကဲ့ပါ ဆရာကြီး”
လို့ပြောပြီး ကျုပ်က အလုပ်လက်ခံလိုက်တယ်။ ခဏနေတော့ ကျုပ်ကို လိုက်ပို့ပေးတဲ့ ဦးဒီပ ပြန်ရောက်လာလို့ ကျုပ်က နှုတ်ဆက်စကား ပြောပြီး လက်အုပ်ချီကန်တော့လိုက်တယ်ဗျ။ ဆရာကြီး ဦးယွန်းကလည်း...

“ဒီပရေ မင်းခေါ်လာတဲ့သူငယ်က လက်ရာတော်တော်ကောင်း တာပဲကွာ၊ ဒီလိုသူငယ်မျိုး ရှာလာပေးလို့ မင်းကို ငါကျေးဇူးတင်ပါတယ် ငါ့ညီရာ”
လို့ ပြောလိုက်တယ်ဗျ။ ကျုပ်ကတော့ ပန်းထိမ်ဖိုကြီးထဲကို ပြန်ဝင် ပြီး အလုပ်ဆက်လုပ်နေတော့တာပေါ့ဗျာ။ တောင်ငူသားတွေက သဘော ကောင်းကြပါတယ်။ ကျုပ်ကို ပြည်ကရောက်လာတာဆိုပြီးတော့ ဖက်လဲ တကင်းရှိကြပါတယ်။ ပြည်မှာ စစ်ဖြစ်တုန်းက အကြောင်းတွေလည်း မေးကြတာပေါ့ဗျာ။ တောင်ငူသားတွေနဲ့ ကျုပ်နဲ့ တစ်ပတ်အတွင်းမှာပဲ ငယ်ပေါင်းတွေလို ဖြစ်သွားကြတာပေါ့ဗျာ။

ကျုပ်အကြိုက်ဆုံးပြောပါဆိုရင်တော့ တောင်ငူက ထန်းရည်ပဲဗျ။ ကျုပ်နဲ့ အလုပ်အတူတူလုပ်တဲ့ ပန်းထိမ်သည်တွေထဲမှာ အခင်ဆုံးကို ပြောပါဆိုရင်တော့ ကိုရစ်ပဲဗျ။ ကိုရစ်က ကျုပ်ထက်တော့ အသက်ကြီးတယ်။ လက်ရာကောင်း သလောက် သဘောလည်းကောင်းတယ်ဗျ။ စစ်မက်ဖြစ်ပွားလို့ ပြည်က တိမ်းရှောင်လာခဲ့တဲ့ ပန်းထိမ်သည်ဆိုပြီး ကိုရစ်က ကျုပ်ကို သိပ်ဂရုစိုက်တာဗျ။

တောင်ငူမြို့အကြောင်း တောင်ငူနန်းတော်ကြီး အကြောင်းတွေ အမြဲပြော ပြတတ်သလို မြတ်စောညီနောင်ဘုရားကိုလည်းလိုက်ပို့သေးတယ်ဗျ။
တောင်ငူမှာ အခြေချပြီးပြီဆိုတော့ကျုပ်အလုပ်ကို ကျုပ်စပြီးလုပ်ရတော့မှာပေါ့ဗျာ။ တောင်ငူနန်းတော်ကြီးရဲ့ ဝင်ပေါက် ထွက်ပေါက်တွေကို လေ့လာရသလို တံခါးမှူးတွေရဲ့ တံခါးဖွင့်ချိန် ပိတ်ချိန်တွေကိုလည်း လေ့လာရတာပေါ့ ဗျာ။

နန်းမြို့ရိုးရဲ့ လေးပြင်လေးရပ်က တံခါးတွေပိတ်ကာနီးရင် ကျုပ်က ရှိန်းအဝင်ဂါထာရွတ်ပြီး ကိုယ်ဖျောက်လိုက်တယ်။ ပြီးတာနဲ့ တံခါးမှူးရှေ့က ဖြတ်လျှောက်ပြီး မြို့တွင်းကို ကျုပ်ဝင်တော့တာပဲဗျ။ နေမဝင်ခင် မြို့ထဲမှာ လျှောက်သွားပြီး ဝန်စုမှူးစု၊ မင်းမှုထမ်းစု၊ ခဝါသည်စု၊ ဆတ်တာသည်စု၊ အနှိပ်သည်တန်း၊ နန်းတွင်းသမားတော်ရပ်၊ ဆင်ထိန်း၊ မြင်းထိန်းတွေ့နေတဲ့ နေရာ၊ ဆင်တင်းကုတ်၊ မြင်းစောင်း၊ မင်းစီးဆင်တွေပါမကျန် နေ့တိုင်း ကျုပ်လေ့လာမှတ်သားရတာပေါ့ဗျာ။ ဒီတော့မှ တောင်ငူမြို့ရဲ့ တည်ဆောက် ထားပုံကို ကျုပ်က အင်းဝပြည့်ရှင်ဆီကို သတင်းပို့နိုင်မှာလေ။

မြို့ထဲအနှံ့ လေ့လာပြီးတော့ နန်းဆောင်တွေကို လေ့လာရတယ်။ သီဟသူရဘွဲ့ခံ တောင်ငူဘုရင် နတ်သျှင်နောင်မင်းတရားကြီးရဲ့ စံနန်းတော်၊ မိဖုရားဆောင်၊ အပျိုတော်ဆောင်၊ ဓားကိုင်၊ ကြိမ်ကိုင်၊ မိန်းမစိုးကြီးတွေရဲ့ လှုပ်ရှားပုံတွေ၊ နန်းတွင်းသက်တော်စောင့်တပ်ရဲ့အင်အား၊ ဘုရင်ကို စောင့် ကြပ်ပုံတွေကို အရင်ဆုံးလေ့လာရတယ်ဗျ။ ပြီးတော့မှ တောင်ငူရဲ့ စစ်အင် အားကို အချိန်ယူပြီး ခန့်မှန်းရတယ်။ နန်းတွင်းက စစ်တပ်ရဲ့အင်အား၊ စစ်ဆင်၊ စစ်မြင်းတွေရဲ့ အရေအတွက်တွေကို ရေတွက်ပြီး အင်းဝပြည့်ရှင်ဆီ ကို စာချွန်ပို့လိုက်တယ်။

မနက်မိုးလင်းတာနဲ့ ပန်းထိမ်ဖိုကိုသွား၊ ဆရာယွန်းခိုင်းတဲ့ အပ် ထည်တွေကို လက်ခံယူပြီး မနားမနေလုပ်၊ ညနေကျတော့ အလုပ်ကိုနည်းနည်းစောသိမ်းလိုက်ပြီး

ကိုယ်ဖျောက်။ တောင်ငူနန်းတော်ထဲဝင်၊
တစ်ခါတစ်ရံကျတော့လည်း တောင်ငူသားတွေနဲ့ ထန်းတောလိုက်သွားရတယ်ဗျ။
အဲဒီလိုမှမလုပ်ရင် ကျုပ်ကို တောင်ငူသားတွေ သံသယဝင်လာမှာပေါ့ဗျာ။

ကျုပ်တို့ အင်းဝသူလျှိုတွေအချင်းချင်း ဆက်သွယ်တဲ့ လျှို့ဝှက်စကားက•••

“လရောင်လား”

“မဟုတ်ဘူး၊ စောင်းသံ”
မေးတဲ့သူက အမြဲတမ်း “လရောင်လား” လို့ မေးရတယ်။ ဖြေတဲ့ သူက အမြဲတမ်း “မဟုတ်ဘူး စောင်းသံ' လို့ ဖြေရတယ်။

သေချာအောင်မေးပြီးမှ စာချွန်အပ်လိုက်ရတာ။ လူချင်းသိနေရင် တောင် မေးကို မေးရတယ်ဗျ။ ဒါက သူလျှိုစည်းကမ်းပဲ။ ဒါပေမဲ့ ဒီစကား ဝှက်က မကြာမကြာ ပြောင်းသွားတယ်ဗျ။ အဲဒါကိုတော့ အင်းဝနေပြည် တော်က တပ်မှူးကြီးစက္က စီစဉ်နေတာဗျ။ တစ်ခါတလေမှာ မေးတဲ့သူက … ““ရှင်ကြီးလား”

လို့ မေးလိုက်ရင် ဖြေတဲ့လူက.. “မဟုတ်ဘူး ရှင်ငယ်” လို့ ဖြေရတယ်ဗျ။

တစ်ခါတလေကျတော့ မေးတဲ့လူက “တံခွန်လား”
လို့ မေးလိုရင် ဖြေတဲ့လူက ““မဟုတ်ဘူး ကုက္ကား” လို့ ပြောရတယ်။
အင်းဝမင်းကြီးဆီကို ကျုပ်ပို့တဲ့ စာချွန်တိုင်းမှာ တစ္ဆေဆိုတဲ့နာမည်အမြဲထိုးပေးရတယ်ဗျ။

ဒီညတော့ တောင်ငူမင်းတရားကြီးရဲ့ အတွင်းဆောင်ကိုရောက် အောင် ဝင်တော့မယ်လို့ ကျုပ်ဆုံးဖြတ်ပြီး နန်းတော်ထဲကို ကိုယ်ဖျောက်ဝင် လာခဲ့တယ်။

လပြည့်ညဆိုတော့ သစ်ရွက်သစ်ခက်တွေပေါ်ကို ဖြာဆင်းနေတဲ့ လရောင်ဟာ ထိန်သာနေတော့တာပေါ့ဗျာ။ နန်းဆောင်တွေရဲ့ ခေါင်မိုးတွေ ပေါ်မှာ လရောင်ထိုးဆင်းနေတယ်။ နန်းဆောင်တွေ တစ်ခုနဲ့တစ်ခု ဆက် ထားတဲ့လမ်းတွေက ဖြူးနေပြီး လရောင်က ဆွတ်ဖြန်းထားတာဆိုတော့ ကြည်နူးစရာပါဗျာ။ လမ်းလေးရဲ့ တစ်ဖက်တစ်ချက်မှာ ဖွေးဖွေးလှုပ်အောင် ပွင့်နေတဲ့ ပျိုမနိုင်ပန်းပင်လေးတွေက လရောင်ကို မော့ကြည့်နေကြသလိုပဲ ဗျ။

လရောင်အောက်မှာ လျှောက်နေပေမယ့် အရိပ်တောင်မထွက်တဲ့ ကျုပ်ကို ဘယ်သူမြင်ရမှာတုံးဗျာ။ လောကီပညာမှာ အစွမ်းထက်လွန်းလှတဲ့ အင်းဝနေပြည်တော်က ဗားမဲ့ဆရာတော်ကြီးကို ကျုပ်စိတ်ထဲမှာ ချက်ချင်း သတိရသွားပြီး လက်အုပ်ချီလိုက်မိတယ်။
တဖြည်းဖြည်းနဲ့ မင်းတရားကြီး စံမြန်းတဲ့ နန်းဆောင်တော်ကြီးနဲ့ နီးလာခဲ့ပြီ။ ဘုရင့်စံနန်းတော်ကြီးနဲ့ နီးလာလေလေ အစောင့်အနေက ထူထပ် လာလေလေပေါ့ဗျာ။ ကျုပ်လည်း အားလုံးကို စိတ်ထဲမှာ မှတ်သားပြီးသတိနဲ့ လျှောက်လာခဲ့တယ်။ အစောင့်ရဲမက်တွေကိုဖြတ်ပြီး လျှောက်လိုက်တဲ့အချိန်မှာတော့ ရင်ထဲမှာ တဒုန်းဒုန်းမြည်သွားတာပေါ့ဗျာ။ စံနန်းတော်ကြီးရဲ့ ပတ်ပတ်လည်မှာ တောင်ငူမင်းရဲ့ စစ်သည်တွေ အထပ် ထပ်ကို ချထားတာဗျ။

ကျုပ်လည်း စံနန်းတော်ကြီးထဲကို ဝင်ချလာတယ်။

ဒီမှာတင် သာယာလွန်းတဲ့ စောင်းသံကို ကျုပ်စပြီးကြားတော့တာပဲဗျာ။ လျှောက်နေတဲ့ ကျုပ်ရဲ့ခြေလှမ်းတွေဆိုတာ တုံ့ကနဲကို ရပ်သွားတာဗျို့။ သာယာလိုက်တဲ့

စောင်းသံဗျာ။ ကျုပ်တစ်သက်မှာ ဒီလောက် သာယာတဲ့ စောင်းသံမျိုး တစ်ခါမှ မကြားဖူးခဲ့ဘူးဗျာ။

ကျုပ် တောင်ငူကို မလာခင် နတ်သျှင်နောင်ဘုရင်ရဲ့ အကြောင်းကို တပ်မှူးကြီးစက္ကက ကျုပ်ကို ပြောပြခဲ့တယ်။ နတ်သျှင်နောင်မင်းတရားကြီး ဟာ စောင်းဘုရင်၊ ရတုဘုရင်လို့ သိခဲ့ရတယ်ဗျ။

အနုပညာမှာ အင်မတန်မှ ထူးချွန်ပြောင်မြောက်နေတော့ ပျော့ပျော့ ညံ့ညံ့ဘုရင်လို့ ထင်သွားရင်တော့ မှားသွားလိမ့်မယ်ဗျ။ အသက်ငယ်ငယ် ကတည်းက ဟံသာဝတီဘုရင်နဲ့အတူတူ သူ့ဖခမည်းတော်က ယိုးဒယားကို စစ်ချီတဲ့အခါ နတ်သျှင်နောင်မင်းသားလေးပါ လိုက်သွားခဲ့တာတဲ့ဗျ။ နှလုံး ရည်ပြည့်ဝသလို လက်ရုံးရည်ပါ ပြည့်ဝတဲ့ဘုရင်ဗျ။ ဘုရင်တွေထဲမှာတော့ ရှာမှရှားတဲ့ ဘုရင်တစ်ပါးပါပဲဗျာ။ ကျုပ်က တောင်ငူဘုရင်ကို တွေ့ရတဲ့ နေရာအထိ လျှောက်လာခဲ့တယ်။ နန်းတော်တိုင်တစ်လုံးမှာ ကပ်ရပ်လိုက် ပြီး စောင်းတီးနေတဲ့ တောင်ငူဘုရင်ကို မျက်တောင်မခတ်ဘဲ ကျုပ်ကြည့် နေမိတယ်။

လက်ချောင်းသွယ်သွယ်လေးတွေက စောင်းကြိုးလေးတွေကို ခတ် နေလိုက်တာ သာယာလွန်းတဲ့ စောင်းသံက နန်းဆောင်ကြီးတစ်ခုလုံးမှာ ပျံ့နေလေရဲ့။ စောင်းတီးရပ်လိုက်တော့ စောင်းသံရပ်သွားတယ်။ ရွှေသား ဖလားလေးကို လက်သွယ်သွယ်လေးတွေနဲ့ယူပြီး မော့သောက် လိုက်တယ်။ သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားတဲ့ မင်းချင်းတစ်ယောက်က ရွှေဖလားလေး ထဲကို ရွှေရေတကောင်းထဲက ရေကို ထပ်ထည့်ပေးလိုက်တယ်။

“တောင်ငူဘုရင်ဟာ သေရည်ကို သောက်နေတာလားလို့ ကျုပ်တွေးလိုက်မိတယ်”

နောက်နေ့ပို့တဲ့ စာချွန်လွှာမှာ ဒီအကြောင်းကို အဓိကထားပြီး ရေးရတော့မှာပေါ့လေ။ ဒါဟာ သိပ်ကိုအရေးကြီးတဲ့ကိစ္စပဲဗျ။ အဲဒီညက တောင်ငူဘုရင် စက်တော်ခေါ်သွားတော့မှ ကျုပ်လည်း ဘုရင်မင်းမြတ် ရဲ့ နန်းဆောင်ထဲက ပြန်လာခဲ့တယ်။ အိပ်ဖန်စောင့်မယ့် ရဲမက်တွေကြားက နေ ကျုပ်ဖြတ်လျှောက်လာခဲ့တယ်။

သာလိုက်တဲ့ လမင်းကြီးဗျာ။ ကျုပ်နားထဲမှာ တောင်ငူဘုရင်ရဲ့ စောင်းသံကို အခုထိ ကြားနေတုန်းဗျ။ လရောင်အောက်မှာ စကားပန်းတွေ အဆုပ်လိုက်ပွင့်နေတဲ့ စကားပင်ကြီးအောက်ကိုဝင်ပြီး ကျုပ်ရပ်နေ လိုက်တယ်။ စကားပင်ကြီးရဲ့အောက်မှာ ကွက်တိကွက်ကျား ကျနေတဲ့ လရောင်လေးတွေကို ကျုပ်ရပ်ကြည့်နေမိတယ်။

ဒီအချိန်မှာပဲ ကျုပ်စိတ်ထဲမှာ ခံစားမှုတစ်ခု ရုတ်တရက် ပေါ်လာ တယ်ဗျ။ ကျုပ်ကို တစ်ယောက်ယောက် ကြည့်နေတယ်လို့ ခံစားလိုက်ရ တယ်။ ကျုပ်က ရှိန်းပီးတဲ့လူလေ။ ကိုယ်ပျောက်နေတဲ့လူတစ်ယောက်ကို ဘယ်သူက မြင်ရလို့ ကြည့်နေမှာတုံးလို့ ကျုပ်တွေးလိုက်တယ်။

ဒါပေမဲ့ အဲဒီခံစားမှုက ပျောက်မသွားဘူးဗျ။ ကျုပ်လည်း ဘေးဘီ ကို လိုက်ကြည့်လိုက်မိတယ်။ ဘာကိုမှ ကျုပ်မတွေ့ဘူးဗျ။ ကျုပ်လည်း နန်းဆောင်တွေထဲကို လျှောက်သွားပြီး ကြည့်တယ်။ အရှေ့ဘက်မြို့ရိုးနား က အရွက်တွေပိတ်နေတဲ့ တောင်ပိန္နဲပင်ကြီးပေါ်ကိုတက်ပြီး သစ်ကိုင်းကြီး တစ်ခုပေါ်မှာ ကျုပ်အိပ်နေလိုက်တယ်။ တောင်ငူမြို့ထဲကို ဝင်တဲ့အခါတိုင်း ဒီအပင်ကြီးပေါ်မှာ ကျုပ်အိပ်နေကျဗျ။ မနက်မိုးလင်းလို့ မြို့တံခါးဖွင့်တာနဲ့ ကျုပ် မြို့ပြင်ကို ထွက်ခဲ့တယ်။

အိမ်ရောက်တာနဲ့ ရှိန်းထွက်ဂါထာရွတ်ပြီး ရေမိုးချိုး ဆရာယွန်းရဲ့

ပန်းထိမ်ဖိုကို ထွက်လာခဲ့တာပေါ့ဗျာ။

ကျုပ်နဲ့ ပန်းထိမ်လုပ်ဖော်လုပ်ဖက် သူငယ်ချင်းတွေဖြစ်တဲ့ ကိုရစ် တို့၊ သက္ကတို့၊ စိတ္တတို့၊ ကိုကေတုတို့၊ ဒတ္ထတို့၊ ဝဏ္ဏတို့၊ သီလတို့တောင် မရောက်ကြသေးဘူးဗျ။

ကျုပ်က ဆရာယွန်းပေးထာတဲ့ လုပ်လက်စအထည်ကို ပြီး အောင်ဆက်လုပ်နေလိုက်တယ်။ အထည်လုပ်ရင်း ညက ကျုပ်ကို တစ်ယောက်ယောက် ကြည့်နေသလို ခံစားရတဲ့အကြောင်းကို ပြန်တွေးနေ မိတယ်။

ကျုပ်ကိုသာ တကယ်မြင်ရင် ချက်ချင်းဝိုင်းဖမ်းကြမှာပေါ့ဗျာ။ ကျုပ်သွားခဲ့တဲ့နေရာက ဘုရင်စံမြန်းတဲ့ နန်းဆောင်လေ။ ရိပ်ကနဲတွေ့တာနဲ့ အသက်နဲ့ကိုယ် အိုးစားကွဲသွားမှာ အသေအချာပဲဗျ။

နေ့လယ်ထမင်းစားချိန်ရောက်တော့ ကျုပ်ကိုပေးထားတဲ့ အထည် က ပြီးသွားရောဗျ။ ကျုပ်လည်း ဆရာယွန်းကို ပစ္စည်းအပ်တယ်။ ဆရာ ယွန်းက ကျုပ်အတွက် အထည်ထပ်ပေးစရာ အဆင်သင့်မရှိသေးလို့ ကျုပ် အားသွားတယ်။ ဒါနဲ့ ကျုပ်လည်း ပန်းထိမ်ဖိုက ထွက်လာပြီး မြို့ထဲကို ဝင်ခဲ့တယ်။ ဒီအချိန်ကတော့ လူတွေဝင်ထွက်နေကြတာဆိုတော့ အစစ် အဆေးမရှိဘူးပေါ့ဗျာ။ ဒါပေမဲ့ ကျုပ်က နန်းတော်ထဲအထိဝင်မှာဆိုတော့ ရှိန်းဝင်ဂါထာရွတ်ပြီး ကိုယ်ဖျောက်ခဲ့ရတာဗျ။

ရဲမက်တွေကို အဆင့်ဆင့်ဖြတ်လျှောက်ပြီးတော့မှ တောင်ငူ ဘုရင်ရဲ့ နန်းတော်ထဲကို ကျုပ်ရောက်ခဲ့တယ်။ နန်းတော်ရဲ့ ပင်မ အဆောင် တော်ကနေ တောင်ဘက်ကို ချိုးလိုက်ရင် သီးသန့်အဆောင်တစ်ခု ရှိတယ် ဗျ။ အဲဒီ အဆောင်ရဲ့ရှေ့မှာ တောင်ငူရဲမက်တွေ အပြုံလိုက်ကို စောင့်နေ တာဗျို့။

ဒီအဆောင်ထဲမှာ တောင်ငူဘုရင် ရှိနေမယ်ဆိုတာ ကျုပ်တန်းသိ လိုက်တယ်။ ကျုပ်လည်း ရဲမက်တွေ အများကြီးကြားကနေ ဖြတ်လျှောက်ခဲ့ ရတယ်။ ရင်ထဲမှာ တဒုန်းဒုန်းနဲ့ကို ခုန်နေတော့တာဗျ။

ရွှေချည်ထိုးတင်းတိမ်စကို လေအတိုက်မှာ တင်းတိမ်လွင့်သွား တော့ ကျုပ်လည်း အခန်းထဲကို ဝင်လိုက်တယ်။ ဪ ဒါဟာ အတွင်းဆောင်ပဲဗျ။

တိုင်းပြည်ရဲ့ အရေးကြီးတဲ့ကိစ္စတွေကို တိုင်ပင်တဲ့နေရာဗျ။ တောင်ငူရဲ့ တပ်မင်းကြီးတွေနဲ့ ဘုရင်နဲ့ သီးသန့်တွေ့နေကြတာဗျ။

“တပ်မင်းကြီးတို့ အခုဆိုရင် အင်းဝဟာ ပြည်ကို သိမ်းလိုက်ပြီ၊ ရှစ်လလောက် ဝိုင်းပြီးမှ ပြည်ကို သူတို့ရသွားတာ၊ ပြည်ဘုရင် ရန်နိုင်စား ကိုတော့ မသတ်ဘဲ ဖမ်းဆီးထားကြတယ်””

“ကျွန်တော်မျိုးများလည်း ကြားသိပြီးပါပြီဘုရား” “အင်း၊ တပ်မင်းတို့ အင်းဝဘုရင်ဟာ ပြည်ကိုရပြီးရင် တောင်ငူ ကို လှည့်လာမှာ အသေအချာပဲဗျ”

“စိုးရိမ်တော်မမူပါနဲ့ဘုရား၊ အင်းဝဟာ တောင်ငူကို အလွယ် တကူ ကြံစည်တံ့မှာ မဟုတ်ပါဘူးဘုရား”

“တပ်မင်းကြီးတွေးတာ သဘာဝကျပါတယ်၊ တောင်ငူရဲ့ စစ်အင် အားဟာ အင်းဝကို ခုခံနိုင်တဲ့ အနေအထားရှိတာကို အင်းဝဘုရင် သိ လောက်ပါတယ် တပ်မင်းကြီး။ ပြီးတော့လည်း အင်းဝမှာ ဘုရင်အားကိုးတဲ့ ဗားမဲ့ဘုန်းကြီးရှိသလို ကိုယ်တော့်ရဲ့ တောင်ငူမှာ လောကီပညာသည် ရှင်မုန်ယိုရှိနေတာကိုလည်း သူတို့ သိကြမှာပေါ့ တပ်မင်း၊ ဒီတော့ တပ်မင်း ကြီးတွေးသလို အင်းဗဟာ တောင်ငူကို အလွယ်တကူ မကြံစည်လောက် ပေဘူးလို့ ငါကိုယ်တော်လည်း ထင်ထားခဲ့တာပဲ တပ်မင်းကြီးရဲ့”

““အရှင်မင်းမြတ်ရဲ့ အထင်ဟာ ကျိန်းသေမှန်မှာပါဘုရား” “မဟုတ်ပေဘူးတပ်မင်းကြီးတို့ ဒီမနက်ပဲ ကိုယ်တော်ရဲ့ သူလျှို ဆီက ပို့လိုက်တဲ့သတင်းကို ကိုယ်တော်ရတယ်။ အင်းဟော တောင်ငူကို တိုက်မှာ သေချာတယ်တဲ့ တပ်မင်းကြီးတို့၊ သူတို့ဘက်မှာ စစ်ပြင်ဆင်မှု တွေတောင် တိတ်တဆိတ် လုပ်နေကြပြီတဲ့။ ဒီတော့ ကိုယ်တော်တို့ဘက် ကလည်း တိတ်တဆိတ် ပြင်ဆင်မှုတွေလုပ်ကြမှ ဖြစ်တော့မယ်။ နန်းတွင်း သူ နန်းတွင်းသားတွေရော မြို့သူမြို့သားတွေရော မရိပ်မိအောင် လုပ်ကြ။ “ကိုယ်တော်နဲ့ တပ်မင်းကြီးတို့နဲ့ သုံးရက်တစ်ခါ တွေ့ဆုံစည်းဝေး ကြရမယ် တပ်မင်းကြီးတို့”

“မှန်လှပါဘုရား၊ ကျွန်တော်မျိုး တပ်မင်းကြီးများ လျှို့ဝှက် တိုင်ပင်ကြပြီးတော့အကောင်းဆုံးခံစစ်ကို လျှို့ဝှက်ပြင်ဆင်ကြပါမယ်ဘုရား၊ ကျွန်တော်မျိုးတို့ ပြင်ဆင်မှုအားလုံးကိုလည်း အရှင်မင်းမြတ်ရဲ့ ရှေ့တော် မှောက် အခစားရောက်တိုင်း တင်ပြပါ့မယ်ဘုရား”

“အေး ကောင်းပေတယ် တပ်မင်းကြီး၊ ကဲ တပ်မင်းကြီးတို့ ပြန်နိုင်ကြပါပြီ”

တပ်မင်းတွေက ဘုရင်ကို ရှိခိုးပြီး ထပြန်သွားကြတယ်။ တောင်ငူ ဘုရင်က နန်းဆောင်ထဲမှာ လက်နောက်ပစ်ပြီး စဉ်းစားခန်းဝင်နေတယ်။ ခြေလှမ်းတွေ ဖြည်းဖြည်းလေးလှမ်းကြွပြီး အခန်းထဲမှာ ကိုယ်တော်မြတ် တစ်ပါးတည်း စဉ်းစားခန်းဝင်နေတယ်ဗျ။

ကျုပ်လည်း နန်းဆောင်ထဲကနေ ပြန်ထွက်လာတယ်။ အပြင်မှာ ရဲမက်တွေကတော့ စောစောကလိုပဲ အများကြီးစောင့်နေတုန်းပဲဗျ။

ကျုပ်က မင်းတရားကြီးရဲ့ နန်းတော်ထဲက ပြန်ထွက်ပြီး အပျိုတော် ဆောင်နားက ဖြတ်လာခဲ့တယ်။ ညက ကျုပ်မော့ကြည့်ခဲ့တဲ့ စကားပင်ကြီး

အောက်ကိုရောက်တော့ တစ်ပင်လုံးဖွေးနေအောင် ပွင့်နေတဲ့ စကားပွင့်တွေ ကို ကျုပ်မော့ကြည့်လိုက်တယ်။

ဒီတုန်းမှာ ကျုပ်လည်ကို ပုဝါအဖြူလေးတစ်စက မြွေတစ်ကောင် ရစ်သလို ရစ်သွားရောဗျာ။ ကျုပ်လည်း အငိုက်ခံလိုက်ရတာဆိုတော့ ဘာမှ မလုပ်တတ်တော့ဘဲ လည်ပင်းကို ပတ်နေတဲ့ ပုဝါကို ဆွဲဖြုတ်တယ်။ ပုဝါက မပြတ်ဘူးဗျ။ ကျုပ်လန့်ပြီး နောက်ကိုလှည့်ကြည့်တော့ ကျုပ် အရွယ်လောက် မိန်းကလေးတစ်ယောက်ဗျ။ ကျုပ်နဲ့ နှစ်လံအကွာလောက် မှာ ရပ်နေတယ်။
ကျုပ်ကြောင်ပြီး ငေးကြည့်နေမိတယ်ဗျာ။

တော်တော်ကိုလှတဲ့ မိန်းကလေးပါလားလို့ ကျုပ်တွေးလိုက်မိ တယ်။ မျက်နှာရော အရပ်အမောင်းရော ကိုယ်လုံးကိုယ်ပေါက်ရော တကယ်ကို ပန်းပုရုပ်ကလေး ချထားသလိုပါပဲဗျာ။ အဖြူခံမှာ အစိမ်းရောင် ချိတ်ဆင်လေးနဲ့ လုံချည်ကိုပတ်ထားတာဗျ။ အပေါ်ကတော့ နန်းတွင်းသူ တွေဝတ်တဲ့ ခါးတောင်အင်္ကျီစိမ်းဖျော့ဖျော့လေး ဝတ်လို့ဗျာ။ ကျုပ် ဘာမှကို မလုပ်မိ မပြောမိဘဲ သူ့မျက်နှာလေးကိုပဲ စိုက်ကြည့်နေမိတာ။

ဒီတုန်းမှာပဲ ကျုပ်လည်ပင်းမှာပတ်နေတဲ့ ပုဝါဖြူလေးက တဖြည်း ဖြည်းတင်းနေအောင် ပတ်နေတယ်ဗျာ။ ကျုပ်က ပုဝါကို လက်နဲ့သပ်လိုက် တော့မှ ပုဝါက လျော့သွားတယ်။

မိန်းမလှလေးက လက်ဖြူဖြူသွယ်သွယ်လေးကို ဆန့်ထုတ်ပြီး လက်ဖဝါးနုနုလေးကို ဖြန့်လိုက်တယ်ဗျ။ ကျုပ်လည်ပင်းမှာ ပတ်နေတဲ့ ပုဝါဖြူလေးက မြွေတစ်ကောင်လို လျှော့ကျသွားပြီး လေထဲမှာ လွင့်သွား တယ်ဗျို့။ မိန်းမလှလေးရဲ့ ဖြန့်ထားတဲ့ လက်ဖဝါးလေးထဲကို ပုဝါဖြူလေး က ရောက်သွားတယ်။

“သင် ဘယ်သူတုံး၊ ဘယ့်အတွက် ကိုယ်ဖျောက်ပြီး နန်းတော်ထဲ ကို ဝင်ရတာတုံး၊ ညကတည်းက သင့်ကို ငါတွေ့တယ်။ ဒီအပင် အောက် မှာ သင်တော်တော်ကြာရပ်နေသေးတယ်။ သင်ဟာ သူလျှိုတစ်ယောက် မို့လား”

“မဟုတ်ရပါ နှမရယ်၊ မောင်ကြီးက ပန်းထိမ်သည်ပါ၊ ဆရာ ယွန်းရဲ့ ပန်းထိမ်ဖိုမှာ အလုပ်လုပ်ရတဲ့ ပန်းထိမ်သည်ပါ။ မောင်ကြီးဟာ ပြည်မြို့ပျက်လို့ ပြည်မြို့ကို စွန့်ခွာပြီး တောင်ငူမှာ သမာအာဇီဝနဲ့ အသက် မွေးနေသူပါ နှမရယ်၊ မောင်ကြီးဟာ ပြည်မြို့မှာနေစဉ်က မောင်ကြီးကို မွေးမြူစောင့်ရှောက်ပေးခဲ့တဲ့ ဘရသေ့က ရှိန်းဆေးထိုးပေးလို့ မောင်ကြီး ရှိန်းပြီးနေတာပါကွယ်၊ နန်းတော်ထဲကို ဝင်တာကလည်း မောင်ကြီး တောင်ငူထီးနန်းရဲ့ ကြီးကျယ်ခမ်းနားတာတွေကို တွေ့ဖူးမြင်ဖူးချင်လို့ ဝင် ကြည့်ရုံသက်သက်ပါ နှမရယ်။ မောင်ကြီးဟာ သူလျှိုမဟုတ်ပါဘူးကွယ်၊ ဒါထက် ကျုပ်ကိုယ်ပျောက်နေတာကို ဘယ်သူမှ မမြင်ပါဘဲလျက် နှမ တစ်ယောက်က ဘယ်လိုကြောင့်များ မြင်ရတာတုံးကွယ်၊ မောင်ကြီးဖြင့် အံ့ဩလိုက်တာ”

ကျုပ်က ပြောလိုက်တော့ မိန်းမချောလေးက ကျုပ်ကိုပြုံးပြီးကြည့်တယ်ဗျ။

“နှမရဲ့အဘိုးက ရှင်မုန်ယိုနဲ့ အလွန်ခင်မင်ကြတယ်၊ အဘိုးနဲ့ ပတ်သက်ပြီး ရှင်မုန်ယိုက နှမကို သူများမပြုစားနိုင်အောင် ဆေးထိုးပေး ရင်းနဲ့ မျက်ကွင်းဆေးပါ ထိုးပေးခဲ့တာ၊ နက္ခတ်မိပြီး ဆေးစွမ်းသွားခဲ့တယ်။ မောင်ကြီးလို ရှိန်းပြီးတဲ့လူတစ်ယောက်ကို ကောင်းကောင်းမြင်နိုင်တယ်” “မြင်တာတော့ ဟုတ်ပါရဲ့ နှမရယ်၊ မောင်ကြီး ရှိန်းပြီးတယ်ဆို တာကို နှမ ဘယ်လိုများ သိတာတုံးကွယ်”

“ကိုယ်ပျောက်တဲ့လူကို မြင်တာက သာမန်လူကိုမြင်တာနဲ့ မတူ ဘူး၊ အရိပ်လိုဖြစ်သွားလိုက်၊ လူလိုပြန်မြင်လိုက် ဖြစ်နေတာ”

“ဪ ဒါကြောင့် မောင်ကြီးကိုယ်ပျောက်တာကို နှမသိတာကိုး။ ဒါနဲ့ နှမက ပုဝါဖြူလေးကို ဘယ်လိုကြောင့် လေထဲမှာပျံအောင်လုပ်ပြီး မောင်ကြီးရဲ့ လည်ပင်းမှာ ရစ်ပတ်စေနိုင်တာတုံး နှမရဲ့”

“ဒါကတော့ နှမရဲ့ အဘိုးသင်ပေးထားတဲ့ ပညာတွေကြောင့်ပါမောင်ကြီး

“ဪ နှမရယ် မောင်ကြီးနာမည်က တာတေပါကွယ်၊ နှမရဲ့ နာမည်ကို သိခွင့်ရှိရင် သိပါရစေဗျာ”

“နှမနာမည်က ရှင်မင်းငယ်ပါ၊ ရွှေနန်းရှင်ရဲ့ မိဖုရားဆောင်မှာ အပျိုတော်လုပ်ပါတယ် မောင်ကြီး”

“မောင်ကြီးကတော့ ပန်းထိမ်သည်ဆိုတော့ကာ ရွှေထည်လက် ဝတ်တန်ဆာတွေ လုပ်လိုရင်တော့ မောင်ကြီးဆီကို လာခဲ့ပါ နှမရယ်၊ ဆရာယွန်းပန်းထိမ်ဆိုရင် တောင်ငူမှာ တော်တော်များများ သိကြပါတယ်လေ”
“နန်းတော်ထဲကို မောင်ကြီးက အမြဲတမ်းလာနေမှာပဲလား”

““မလာဝံ့ပါဘူး နှမရယ်၊ အခုတောင် တွေ့ချင်မြင်ချင်လွန်းလို့ အရဲစွန့်ပြီး လာခဲ့တာပါကွယ်၊ နောက်နောင်ကို လာဖို့ဆိုတာ မဝံ့တော့ပါ ဘူး နှမရယ်၊ ကဲ မောင်ကြီးကို သွားခွင့်ပြုပါကွယ်”

လို့ ပြောပြီး ကျုပ်လှည့်ထွက်လာခဲ့တယ်။ တကယ်တော့ ကျုပ် မပြန်ချင်သေးပါဘူးဗျာ။ ရှင်မင်းငယ်လေးရဲ့ မျက်နှာကို အကြာကြီးကြည့် နေချင်သေးတာတော့ အမှန်ပါပဲ။ လခြမ်းကွေးလေးလို ညီညာနေတဲ့ မျက်ခုံးလေးနှစ်ခုအောက်က မဟူရာရောင်နက်မှောင်ပြီး အရောင်တလက်လက် မျက်လုံးလေးတွေနဲ့ စိုက်ကြည့်နေတဲ့ အကြည့်တွေဟာ အင်းဝတစ္ဆေ ရဲ့နှလုံးသားကို ဆုပ်ကိုင်ပြီး ဖျစ်ညှစ်လိုက်သလိုပါပဲ။ မဆူမကြုံ မနိမ့်မမြင့် အရပ်ကလေးနဲ့ တည်ငြိမ်အေးချမ်းတဲ့ ရှင်မင်းငယ်ရဲ့ မျက်နှာလေးဟာ တစ်ခါမှ မချစ်ခဲ့ဖူးခဲ့တဲ့ နှလုံးသားအရိုင်းတစ်ခုပေါ်မှာ မြင်းရိုင်းတစ်ကောင် ကဆုန်ပေါက်ပြေးလွှားနေသလိုကို ခံစားလိုက်ရတာပါဗျာ။

အဲဒီညက ကျုပ် အိပ်မပျော်ဘူး။ လရောင်အောက်ကိုထွက်ပြီး ထိုင်နေတယ်။ ကျပ်နားထဲမှာ တောင်ငူဘုရင်ရဲ့စောင်းသံက ညို့နေတယ်။ နှလုံးရည်ရော လက်ရုံးရည်ပါ ပြည့်ဝလှတဲ့ တောင်ငူဘုရင်အကြောင်းကို တွေးမိလိုက်၊ ကျုပ်ကို မျက်လုံးနက်နက်ကလေးတွေနဲ့ စိုက်ကြည့်နေတဲ့ ရှင်မင်းငယ်လေးကို သတိရလိုက်နဲ့ အင်းဝပြည့်ရှင် နှင်းအပ်လိုက်တဲ့ တာဝန်တွေကိုတောင် မေ့တော့မလိုဖြစ်ခဲ့ရတယ်။ ဒါပေမဲ့...

“မောင်မင်းကို ငါကိုယ်တော် ယုံကြည်စိတ်ချစွာနဲ့ စေလွှတ်လိုက် တယ်ဆိုတာကိုတော့ ဘယ်တော့မှ မမေ့လေနဲ့ တစ္ဆေ”
လို့ နှစ်ကိုယ်ကြား အမှာတော်ရှိလိုက်တဲ့ ရွှေနန်းရှင်ရဲ့ စကားကို ပြန်ကြားလိုက်တဲ့အချိန်မှာ

“အင်းဝတိုက်မယ်ဆိုတာကို တောင်ငူသိသွားပြီ၊ တပ်မင်းတွေကို တိတ်တဆိတ် စစ်ပြင်ဖို့ တောင်ငူဘုရင် အမိန့်ပေးလိုက်ပြီ၊ နန်းတွင်းမှာ သူလျှိုရှိတယ်၊ သတိထားပါ"

ဆိုတဲ့ စာချွန်ကို ရေးပြီး အင်းဝရွှေနန်းရှင်ဆီကို အရောက်ပို့ဖို့ ပြင်ဆင်လိုက်ရတာပေါ့ဗျာ။ မင်းကြီးဆီကိုတော့ ကျုပ်က တိုက်ရိုက် လျှောက်တင်ခွင့်ရှိတာ မဟုတ်ဘူးလေဗျာ။ ကျုပ်ရဲ့ တပ်မှူးကြီးစက္ကက တစ်ဆင့် ပို့ရတာပါ။ ဒါပေမဲ့ ကျုပ်ပို့တဲ့ စာချွန်လွှာကို ဘုရင်ကိုယ်တိုင် အမြဲဖတ်တယ်ဆိုတာ ကျုပ်သိရတယ်ဗျ။

တစ်ပတ်လောက်ကြာတော့“မောင်တာတေ၊ ဟေ့ မောင်တာတေလို့ ဆရာကြီးယွန်းက ပန်းထိမ်ဖိုအဝကနေ ကျုပ်ကို လှမ်းခေါ်တယ်ဗျ။

ကျုပ်ကလည်း အလုပ်ထဲစိတ်ရောက်နေတော့ ချက်ချင်းမကြားဘူးဗျ။
ခဏနေမှ... ဗျာ
လို့ ပြန်ထူးလိုက်တော့တယ်။ “ဒီကို ခဏလာဦးကွဲ့”
လို့ ဆရာလွန်းက ကျုပ်ကို ခေါ်တယ်။ ကျုပ်လုပ်ပေးလိုက်တဲ့ အထည်ကို မကြိုက်လို့ ပြန်ပြင်ခိုင်းမလို့လားလို့ တွေးရင်း ရှေ့ကိုထွက်လာ ခဲ့တယ်။

“ဒီမယ် ကလေးမလေးနှစ်ယောက်က မောင့်ကို တွေ့ချင်လို့တဲ့” ဆရာယွန်းစကားကိုကြားတော့ ကျုပ်တော်တော်အံ့သြသွားတာဗျ။ ဆရာယွန်းက ပန်းထိမ်ဖိုရှေ့ခန်းက ဧည့်သည်တွေထိုင်တဲ့ ခုံတန်းလေးကို လက်ညှိုးထိုးပြလိုက်တယ်။

ဟာ ရှင်မင်းငယ်ပါလား၊ အို ကျုပ်ရင်တွေခုန်လိုက်တာ မပြောပါ နဲ့တော့ဗျာ။ သူနဲ့အတူတူ နန်းတွင်းသူတစ်ယောက် ပါလာတယ်ဗျ။ သူ့လိုပဲ အပျိုတော်ကလေးတစ်ယောက် ထင်ပါတယ်။

““မောင်ကြီးတို့ဆီမှာ အထည်အပ်ချင်လို့ပါ”

ကျုပ်က ဆရာယွန်းကိုခေါ်ပြီး အထည်လက်ခံဖို့ ပြောလိုက်တယ်။ ဆရာယွန်းက ကျုပ်ကိုပါ ထိုင်ခိုင်းပြီး အလုပ်ကို အတူတူလက်ခံကြတယ်။ ရှင်မင်းငယ်က လက်ကောက်ခုနစ်ကွင်းအပ်တယ်။ အားလုံး ပန်းလက်ကောက်တွေချည်းပဲဗျ။

““နှမ ဝတ်ဖို့လားလို့”

ကျုပ်က သူ့မျက်နှာလေးကိုကြည့်ပြီး မေးလိုက်တယ်။ ရှင်မင်းငယ် လည်း ကျုပ်လိုပဲ ရင်တွေခုန်နေပုံရတယ်ဗျ။ ရှက်ပြီး ခေါင်းငုံ့ပစ်လိုက် တယ်။

“မဟုတ်ပါဘူး မောင်ကြီးရယ်၊ ရှင်မင်းငယ်တို့လို အဆင့်အတန်း မျိုးက ရွှေတွေကို ဒီလောက်ဝတ်နိုင်ပါ့မလားရှင်၊ ရွှေနန်းရှင်ရဲ့ တူမတော် တစ်ပါး အပ်ခိုင်းတာပါ”

ရှင်မင်းငယ် ပြောလိုက်တဲ့စကားကို ကြားတော့ ဆရာယွန်းက အံ့သြပြီး ရှင်မင်းငယ်ကို မော့ကြည့်တယ်။ နန်းတွင်းသူလေးမှန်း ဆရာယွန်း သိသွားတာပေါ့ဗျာ။

အတိုင်းပေးဖို့ ယူလာတဲ့ လက်ကောက်တစ်ကွင်းကို သေသေချာ ချာအတိုင်းယူပြီးတော့ အလုပ်ကို ရိုရိုသေသေ လက်ခံလိုက်တယ်ဗျ။ အတိုင်းပေးဖို့ ယူလာတဲ့ လက်ကောက်ကိုလည်း ရှင်မင်းငယ်ကို ပြန်ပေး လိုက်တယ်။

ရှင်မင်းငယ်တို့ ပြန်တော့မယ်ဆိုတော့ ကျုပ်က လမ်းထိပ်အထိ လိုက်ပို့ပေးပါရစေလို့ ဆရာယွန်းကို ခွင့်တောင်းတော့ ဆရာယွန်းက ခွင့်ပြု တယ်ဗျ။ ဒါနဲ့ ကျုပ် ရှင်မင်းငယ်တို့နှစ်ယောက်နဲ့ အတူတူလိုက်လာခဲ့တယ်။

ကျုပ်ရင်ထဲမှာ ဖိုဖိုကြီးဗျ။ ပြီးတော့ ပျော်လည်းပျော်နေတယ်။ ရှင်မင်းငယ်ကလည်း ပြုံးရွှင်နေတာဗျ။ သူလည်း ကျုပ်လိုပဲဖြစ်နေသလား မှ မသိတာဗျာ။

“နှမရယ် မောင်ကြီးဖြင့် အရမ်းကိုအံ့သြသွားတာပဲဗျာ” ““ဘာကိုတုံး မောင်ကြီးရဲ့”

“နှမရောက်လာတာကိုလေ”

ရှင်မင်းငယ်က ဘာမှပြန်မပြောဘဲ ပြုံးနေတယ်ဗျ။

ဘယ်လောက်ကြည့်ကြည့် မဝနိုင်တဲ့ ရှင်မင်းငယ်ရဲ့ ကျက်သရေ ရှိလှတဲ့ မျက်နှာလေးကို ကျုပ်ပေးကြည့်နေမိတယ်။

ရှင်မင်းငယ်ကလည်း မျက်လုံးလေးစောင်းပြီး ကျုပ်ကို ခိုးကြည့်တယ်ဗျ။ ကျုံးနားရောက်တော့မှ ကျုပ်က နေခဲ့ပြီးတော့ သူတို့နှစ်ယောက်က တံတားပေါ်ကို လျှောက်သွား ကြတယ်။ ကျုပ်က ငုပင်ကြီးအောက်ကနေရပ်ပြီး ပေးကြည့်နေမိတယ်။ တံခါးအတွင်းကိုဝင်ပြီး ပျောက်သွားတော့မှ ကျုပ်လှည့်ပြန်ခဲ့တယ်။

ပန်းထိမ်ဖိုကို ကျပ်ပြန်ရောက်တော့ ဆရာယွန်းက ကျုပ်ကိုပြုံးပြီး ပြောတယ်ဗျ။

“ကိုယ့်လူက နန်းတွင်းသူတွေနဲ့ ဘယ်တုန်းကများ ရင်းနှီးသွားတာတုံးကွဲ့"

“ဆရာရယ် ကျုပ်က အလုပ်အားတဲ့အခါ မြို့ထဲဝင်ပြီး ဟိုသွား ဒီသွား လုပ်နေတာပါ၊ ဗဟုသုတရှာတာပါ ဆရာ၊ ဒီမှာတင် နန်းတွင်း သူလေးနဲ့ အမှတ်မထင် ဆုံမိသွားတာပါ"
Myanmar Book Shelf
““မောင့်သူငယ်မက ရှင်မင်းငယ်တဲ့လားကွဲ့” ““ဟာကျုပ်သူငယ်မ မဟုတ်ပါဘူး ဆရာရယ်” “အခုမဟုတ်သေးလည်း မကြာခင် ဟုတ်တော့မှာပါ မောင်တာတေရယ်”

ကျုပ်က ရှက်ပြီး ခေါင်းငုံ့လိုက်မိတယ်။

“နဖူးစာ ရွာလယ်ဆိုတဲ့ စကားရှိပြီးသားပဲကွယ်၊ မောင်တာတေရဲ့ ဖူးစာက တောင်ငူမှာရှိလို့ ဒီကိုရောက်လာတာပါ့ ”

ကျုပ်က ဘာမှပြန်မပြောဖြစ်ဘဲ တွေးနေလိုက်မိတယ်။

““မောင့်သူငယ်မက တော်တော်ကိုလှပြီး တော်တော်ကို ကျက် သရေရှိတာကွဲ့၊ ကိုယ့်လူက ကွေ့လည်းတွေ့တတ်ပါပေတယ်၊ ကဲကဲ အလုပ်ဆက်လုပ်ပေတော့ကွယ်””

ကျုပ်လည်း အလုပ်ခုံမှာ ပြန်ထိုင်ပြီး အလုပ်ပြန်လုပ်လိုက်တယ်။ ဒါပေမဲ့ အလုပ်ထဲမှာ ကျုပ်စိတ်မပါဘူးဗျာ။ ရင်ထဲမှာ အရမ်းကိုပျော်နေလို့ လားတော့ မသိဘူး။ မြင်လိုက်ရမှပဲ ကျုပ်မှာ ပိုလွမ်းလာသလိုပါပဲဗျာ။

နောက်နေ့ရောက်တော့ ဆရာယွန်းက ရှင်မင်းငယ် အပ်ခဲ့တဲ့ လက်ကောက်ခုနှစ်ကွင်းကို အားလုံး ကျုပ်ကို လုပ်ခိုင်းတယ်။ ကျုပ်က လည်း ဖခင်ကြီး ဦးသီဟ သင်ပေးထားတဲ့ ပန်းထိမ်ပညာကို အကုန်သုံးပြီး လုပ်ခဲ့တယ်။

ချိန်းထားတဲ့ရက်မှာ အမှီပေးနိုင်အောင် မနားတမ်း လုပ်ခဲ့ရတယ် ဗျ။ ရက်ချိန်းပြည့်တော့ ရှင်မင်းငယ် တစ်ခေါက်လာယူတယ်။ “နှမရယ် မောင်ကြီးတော့လေ နှမကို မတွေ့ရရင် မနေနိုင် လောက်အောင်ကို ဖြစ်နေပါပြီကွယ်"

လို့ ကျုပ်က ပြောလိုက်တော့ ရှင်မင်းငယ်က သူနဲ့ ပါလာတဲ့ အဖော်မသိအောင် ကျုပ်ကို တိုးတိုးလေး ပြောတယ်ဗျ။

“ကိုယ်ဖျောက်ပြီး လာခဲ့ပေါ့ မောင်ကြီးရယ်၊ ညနေစောင်းဆိုရင် နှမ အပြင်ထွက်လို့ရပါတယ်””

““တကယ်လား နှမ၊ မောင်ကြီး တကယ်လာမှာနော်” ရှင်မင်းငယ်က ဘာမှမပြောတော့ဘဲ ခေါင်းလးပဲ မသိမသာ ညိတ်ပြတယ်ဗျ။ အဖော်ပါလာတဲ့ နန်းတွင်းသူလေး မသိအောင် ပြောရတာ ဆိုတော့ များများလည်း ပြောလို့မရဘူးဗျ။ ဒါပေမဲ့ ကျုပ် တအားပျော် သွားတာပေါ့ဗျာ။

နန်းတွင်းကိုလည်း ဝင်ပြီးထောက်လှမ်းလို့ရမယ်၊ ရှင်မင်းငယ်နဲ့ လည်း တွေ့ရမယ်လေဗျာ။ ကျုပ်ဆီက သတင်းကို စောင့်နေမယ့် ကျုပ်ရဲ့ တပ်မှူးကြီးစက္ကနဲ့ အင်းဝရွှေနန်းရှင်တို့အတွက်လည်း သတင်းတွေ အဆက် ပြတ်လို့ မဖြစ်ဘူးဗျ။

အင်းဝရော တောင်ငူရောက စစ်ပြင်နေကြပြီလေဗျာ။ ဒီအချိန်မှာ ကျုပ်ရဲ့ သူလျှိုအလုပ်က အရေးအပါဆုံးအချိန် ရောက်ပြီပေါ့ဗျာ။

တပ်မင်းကြီးတွေက မြို့ရိုး မြို့တံခါးတွေကို မသိမသာ စစ်ဆေး နေကြတာကို ကျုပ်တွေ့တယ်။ တချို့နေရာတွေမှာ သူတို့စိတ်တိုင်းကျ ပြင်ဆင်ကြတယ်။

ရဲမက်တွေနဲ့ မြို့ရိုးအတွင်းကနေ ကာကွယ်ဖို့ စစ်ရေးလေ့ကျင့်တာ တွေလုပ်နေကြတယ်။ သိသိသာသာကြီး မလုပ်ကြတော့ နန်းတွင်းသူ နန်းတွင်းသားတွေက မရိပ်မိကြဘူးဗျ။ တောင်ငူဘုရင်ရဲ့ တပ်တွေကို အစုအဖွဲ့တွေခွဲပြီး သူ့နေရာနဲ့သူ တာဝန်တွေပေးပြီး လေ့ကျင့်မနကြတာမတွ လည်း ရှိတယ်။ မြို့တွင်းကိုဖောက်ပြီး ရန်သူဝင်လာရင် ခုခံဖို့ သူတို့ နေပြည်တော်ကြီး အင်းဝလက်ထဲမကျဖို့ကို တပ်မင်းကြီးတွေက အထူးစီမံ နေကြပြီဗျ။

ကျုပ်က မြို့တွင်းကို ကိုယ်ဖျောက်ပြီးဝင်တယ်။ သူလျှိုကိစ္စတွေကို နန်းတော်ထဲအထိ ထိုးဖောက်ပြီး အစွမ်းကုန်လုပ်တယ်။

တစ်ရက်မှာတော့ ထူးဆန်းတဲ့ ပုံပန်းသဏ္ဌာန်နဲ့ လူတစ်ယောက် တောင်ငူဘုရင်ရဲ့ နန်းဆောင်ထဲက ထွက်လာတာတွေ့လို့ ကျုပ်မှာ တင်းတိမ် စကြီးနောက်ကို ဝင်ပြီးပုန်းနေလိုက်ရတယ်ဗျ။

လူပုံက ထွားထွားကျိုင်းကျိုင်းကြီးဗျ၊ ရင်အုံကားကားနဲ့ ခေါင်းမှာ က ဆံပင်ကို သျှောင်တစောင်းမထုံးဘဲ ထိပ်တည့်တည့်မှာတင်ပြီး ထုံးထားတယ်။ နှုတ်ခမ်းမွေး၊ ပါးသိုင်းမွေး၊ မုတ်ဆိတ်မွေးတွေနဲ့ဗျ။ ကျုပ်စိတ်ထဲမှာ ချက်ချင်းသိလိုက်တယ်။ တောင်ငူဘုရင် အား ထားတဲ့ လောကီပညာရှင် ရှင်မုန်ယိုဆိုတာ ဒီပုဂ္ဂိုလ်ပဲဆိုတာ။ ကျုပ်ဖြင့် ကြက်သီးတွေ ဖျန်းကနဲ ဖျန်းကနဲ ထသွားရောဗျာ။

ရှင်မုန်ယိုကတော့ ကျုပ်ကို မြင်မသွားပါဘူးဗျာ။ တောင်ငူဘုရင် ဟာ လောကီပညာနဲ့ပါ စီရင်နေပြီဆိုတာ ကျုပ်သိလိုက်ရတယ်။ တောင်ငူ ဘုရင်စံမြန်းတဲ့ နန်းဆောင်ထဲကို ကျုပ်ရောက်သွားတော့ တောင်ငူရဲ့ မြို့ဝန် မင်းကို ဘုရင်က အမိန့်ပေးတော်မူနေတာဗျ။ ““မြို့ဝန်မင်းကြီး”

ဘုရား

“ရှင်မုန်ယိုဆီကို မင်းချင်းတစ်ယောက် အမြန်စေပြီး ရှင်မုန်ယို အလိုရှိတာကို ဘာမဆို မေးမြန်းပြီး မြို့ဝန်မင်းကြီးကိုယ်တိုင် စီစဉ်ပေးစေ” “အမိန့်တော်မြတ်အတိုင်း ဆောင်ရွက်ပါ့မယ်ဘုရား”

“ရှင်မုန်ယိုက မြို့ရဲ့ ထောင့်လေးထောင့်မှာ အင်းတွေမြှုပ်လိမ့် မယ်၊ ပြီးရင် ဘိုးတော်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့တဲ့ ကေတုမတီ ရဲ့ အထွတ်အမြတ် မြတ်စောညီနောင်ဘုရားရဲ့ ထီးတော်မှာ အင်းများစီမံ လိမ့်မယ်။ အဲဒီကိစ္စကိုလည်း မြို့ဝန်မင်းကြီးကိုယ်တိုင် လိုက်ပါပြီး ရှင်မုန်ယို အလိုရှိတာမှန်သမျှ မဆိုင်းမတွ ရရှိအောင် ဆောင်ရွက်ပေးစေ” “အမိန့်တော်မြတ်အတိုင်းပါဘုရား”

ကျုပ်က တောင်ငူရွှေနန်းရှင်ရဲ့ အတွင်းသတင်းတွေကို ရယူပြီး နန်းတော်ထဲက ပြန်ထွက်လာခဲ့တယ်။

ရှင်မင်းငယ် ခစားရတဲ့ မြောက်ဆောင်တော်ဘက်ကို ကျုပ်ဝင်လာ ခဲ့တယ်။ တောင်ငူဘုရင် အလွန်ချစ်မြတ်နိုးတော်မူခဲ့တဲ့ ရာဇဓာတုကလျာကတော့ အိမ်ရှေ့မင်းဘဝမှာတင် လပိုင်းလောက်သာ ပေါင်းသင်းနေထိုင်ခဲ့ ရပြီးတော့ နတ်ရွာလားခဲ့တာကို ကျုပ်သိပြီးသားလေဗျာ။ အတွင်းဆောင်မှာ ခစားနေတဲ့ ရှင်မင်းငယ်က ကျုပ်ကိုမြင်တော့ ချက်ချင်းထွက်လာပြီး ကျုပ် ကို လက်ဆွဲခေါ်သွားတယ်။ မြောက်ဆောင်တော်ရဲ့ အပျိုတော်တွေ အရောက်အပေါက်နည်းတဲ့ အခန်းတစ်ခုထဲကို ကျုပ်ကို ခေါ်သွားတယ်။

“မောင်ကြီး ဒီအခန်းက သခင်မရဲ့ အဝတ်အထည်တွေ သိမ်း ဆည်းတဲ့ အခန်းပေါ့။ မကဒီအခန်းကို အဓိကတာဝန်ယူရတဲ့သူပါ၊ တော်ရုံသူတွေ ဒီဘက်ကို မလာကြဘူး။ သခင်မရဲ့ ဝတ်လဲတော်တွေကို လျှော်ဖွတ်ပေးတဲ့ ခဝါသည်အုပ်တစ်ယောက်ပဲ ဒီကိုလာခွင့်ရှိတာ” လို့ ရှင်မင်းငယ်က ကျုပ်ကို ပြောပြတယ်။

ပြီးတော့ ရှင်မင်းငယ်က သူ့မျက်နှာလေးကို ငေးကြည့်နေတဲ့ ကျုပ်ကို ရွှန်းရွှန်းစားစားနဲ့ ပြန်ကြည့်တယ်။

“နှမရယ်၊ မောင်ကြီးကတော့ နှမကို စပြီးတွေ့တဲ့အချိန်ကစပြီး နှလုံးသားထဲမှာ စွဲနေအောင် ချစ်ခဲ့မိတာပါဗျာ။

“နှမလည်း ရှက်ပေမယ့် ပြောပါရစေတော့ မောင်ကြီးရယ်၊ မောင်ကြီးကို မြင်မြင်ချင်းပဲ နှမမေတ္တာသက်ဝင်မိပါတယ်”

ကျုပ်ဝမ်းသာလွန်းလို့ ရှင်မင်းငယ်ကိုဖက်ပြီး ရင်ခွင်ထဲကို ထည့် ထားလိုက်မိတယ်။ ရှင်မင်းငယ်က မရုန်းဘဲ ကျုပ်ကို ပြန်ဖက်ထားတယ်။ ကျုပ်ရင်ထဲမှာ ပျော်လိုက်တာဗျာ။ ဘယ်လိုပြောပြရမှန်းတောင် မသိတော့ပါဘူးဗျာ။ ကျုပ်နဲ့ ရှင်မင်းငယ်နဲ့ ခဏကြာအောင် စကားတွေ့ ပြောကြတယ်။ ပြီးတာနဲ့ ရှင်မင်းငယ်က သူ့သခင်မ လဲမယ့်ဝတ်လဲတော် တွေယူပြီး နန်းဆောင်ထဲကို ပြန်ဝင်သွားခဲ့တယ်။ ကျုပ်လည်း မြို့ထဲက ပြန်ထွက်လာတာပေါ့ဗျာ။

အင်းဝပြည့်ရှင်ဆီကိုတော့ တောင်ငူရဲ့ စစ်ပြင်နေမှုအခြေအနေ တွေ၊ ရှင်မုန်ယိုရဲ့ လောကီအစီအရင်တွေကို စာချွန်ပို့ရတော့မှာပေါ့လေ။ တောင်ငူမှာရောက်နေတဲ့ အင်းဝသူလျှိုက ကျုပ်တစ်ယောက် တည်း မဟုတ်ဘူလေ။ ဒါပေမဲ့ အားလုံးက ကျုပ်နဲ့ အဆက်အသွယ်ရှိကြ တဲ့သူတွေ ချည်းပဲဗျ။ ကျုပ်က လူခွဲပြီးထောက်လှမ်းခိုင်းထားရတာလေ။ မြတ်စော ညီနောင်ဘုရားရဲ့ ထီးတော်မှာ အင်းအစီအရပ်တွေလုပ်တာကအစ ကျုပ်ဆီကို သတင်းပို့ကြတယ်။

ကျုပ်က တပ်မှူးကြီးစက္ကဆီကို စာချွန်ထပ်ပို့ရတာပေါ့ဗျာ၊ ကျုပ်နဲ့ ရှမင်းငယ်နဲ့မကြာမကြာ တွေ့ဖြစ်ကြတယ်။ တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်လည်း ပိုကြီးလာကြတာပေါ့ဗျာ။

ရှင်မင်းငယ် ပြောပြတဲ့ နန်းတွင်းသတင်းတွေလည်း ကျုပ်ကြားရ တာပေါ့ဗျာ။ ဒါပေမဲ့ ကျုပ်အံ့သြတာက တောင်ငူဘုရင် စစ်ပြင်နေတာ အချိန်အတော်ကြာနေပြီဗျ။ အခုနောက်ဆုံး စားနပ်ရိက္ခာတွေကို မြို့ရဲ့ လေးပြင်လေးရပ်မှာ ကျီတွေဆောက်ပြီး သိမ်းဆည်းတဲ့အထိ လုပ်နေတာ တွေကို နန်းတွင်းသူ နန်းတွင်းသားတွေ နည်းနည်းမှ မသိကြတာကိုပဲဗျာ။

တောင်ငူသတင်းကို အမြဲမပြတ် ထောက်လှမ်းသလို အင်းဝရဲ့ သတင်းကိုလည်း မပြတ်နားစွင့်နေရတာဗျ။ ကျုပ်တို့ရဲ့ အင်းဝနေပြည်တော် မှာလည်း စစ်ပြင်ဆင်မှုတွေ တော်တော်ပြီးလာပြီဆိုတာ သတင်းရတယ်ဗျ။

စစ်ရေးက နီးလာလေလေ ကျုပ်တို့ သူလျှိုတွေက သတိထားကြရ လေပဲဗျ။ ဒီအချိန်မှာ တောင်ငူကလည်း အင်းဝသူလျှိုကို အမြဲရှာနေသလို အင်းဝကလည်း တောင်ငူသူလျှိုကို ရှာနေတာပဲဗျ။ မိလို့ကတော့ အမျိုးစုံ ညှင်းပန်းနှိပ်စက်ပြီး စစ်ဆေးမှာပဲ။

ကျုပ်လည်း တောင်ငူနန်းတွင်းကို နေ့တိုင်းကိုရောက်အောင်ဝင်ပြီးထောက်လှမ်းတယ်ဗျ။ ကျုပ်မြင်ရသလောက် ကြားရသလောက်တော့ဖြင့် တောင်ငူဘုရင်ဟာ သူ့တိုင်းပြည်ကို ရန်သူ့လက်ထဲမကျအောင် ပြင်ဆင်တဲ့ နေရာမှာ တော်တော်ကို အကွက်စေ့တာပဲဗျာ။ ဘုရင့်ရဲ့ တပ်မင်းကြီးတွေက လည်း အလွန်ကို တော်ကြပေတယ်။

နေ့စဉ်ရက်ဆက် ပြင်ဆင်နေတဲ့ တောင်ငူရဲ့ ခံစစ်ပြင်ဆင်မှုကြီးဟာ နောက်ဆုံးတော့ ပြီးဆုံးသွားပြီပေါ့ဗျာ။

တောင်ငူသားတွေကတော့ ဘာမှကို မသိကြတော့ ခါတိုင်းလိုပဲ ရောင်းဝယ်ဖောက်ကားပြီး သွားမြဲတိုင်းသွား လာမြဲတိုင်း လာနေကြတာပေါ့ဗျာ။
ဆရာယွန်းရဲ့ ပန်းထိမ်ဖိုကြီးကလည်း ခါတိုင်းလိုပဲ အလုပ်တွေ လုပ်နေကြဆဲပဲဗျ။ ကျုပ်လည်း တောင်ငူမှာရောက်နေတာ နှစ်နှစ်တောင် ပြည့်ကာနီးလာပြီဗျို့။

တောင်ငူသား တော်တော်များများနဲ့လည်း သိကျွမ်းခင်မင်လို့ပေါ့ ဗျာ။ ပန်းထိမ်သည် ကိုတာတေဆိုတာ လက်ရာတော်တော်ကောင်းတယ် ဆိုပြီး ပြောကြတယ်ဗျ။

အဲဒီလို များများပြောလေလေ ကျုပ်အတွက်က ပိုပြီးလုံခြုံလပေါ့ ဗျာ။ တစ်ရက်တော့ တောင်ငူဘုရင်ရဲ့ နန်းဆောင်ထဲကို ကျုပ်ကိုယ်ဖျောက် ပြီး ရောက်ခဲ့တယ်။

တောင်ငူဘုရင်နဲ့ တပ်မင်းကြီးတစ်ယောက်နဲ့ ပြောဆိုနေကြတာကိုကျုပ်ကြားရတာဗျ။

“တပ်မင်းစိတ္တ” “ခစားလျက်ပါဘုရား”

“ရှင်မုန်ယိုဆီကို အမြန်သွားကွဲ့၊ အင်းဝတပ်တွေ စစ်ချီတော့မယ်လို့ သူလျှိုဆီက သတင်းရတယ်။ သူတို့တပ်တွေဟာ တေဇအရပ်က ခံတက်ပင်တွေရှိတဲ့နေရာမှာ တပ်ချကြလိမ့်မယ် တပ်မင်းကြီးရဲ့၊ အဲဒီ သတင်းကို ရှင်မုန်ယိုဆီ အမြန်ပို့ပေတော့၊ ဒါမှ သူ့အတတ်ပညာနဲ့ အချိန်မီ စီစဉ်လို့ရမှာ”

“မှန်လှပါဘုရား၊ ကျွန်တော်မျိုး အခုပဲ လူလွှတ်ပြီး အကြောင်း ကြားလိုက်ပါ့မယ်ဘုရား””

ကျုပ်လည်း ခဏစောင့်ကြည့်ပေမယ့် နောက်ထပ် ဘာမှအခြေ အနေ မထူးတာနဲ့ တောင်ငူဘုရင်ရဲ့ နန်းတော်ထဲက ထွက်လာခဲ့တယ်။ မြောက်ဆောင်တော်ထဲ ဝင်လိုက်တော့ ကျုပ်ကို မျှော်နေတဲ့ ရှင် မင်းငယ်ကို တွေ့လိုက်ရတယ်။ ကျုပ်က ကိုယ်ဖျောက်ထားတာဆိုတော့ တခြားဘယ်သူမှ မမြင်ရဘူးဗျ။

ရှင်မုန်ယို ထိုးပေးတဲ့ မျက်ကွင်းဆေး အောင်ထားတဲ့ ရှင်မင်းငယ်တစ်ယောက်ပဲ ကျပ်ကိုမြင်ရပြီး ထိလို့တွေ့လို့ ရဘာပေါ့ဗျာ။ သူ့သခင်မရဲ့ ဝတ်လဲတော်သိမ်းတဲ့ အခန်းထဲမှာ ခါတိုင်းလိုပဲ ကျုပ်တို့ တွေ့ကြတယ်။

ရှင်မင်းငယ်က သူ့သခင်မရဲ့ ဝတ်လဲတော်တွေကို ခေါက်နေသလို သိမ်းနေသလိုလုပ်ပြီး ကျုပ်နဲ့ စကားပြောနေတာဗျ။ ဒီအချိန်မှာ တစ်ယောက် ယောက်က မြင်သွားခဲ့ရင်တောင်မှ ကျုပ်ကိုတော့ ဘယ်ပြင်မှာတုံးဗျာ။ ဝတ်လဲတော်တွေ ခေါက်နေတဲ့ ရှင်မင်းငယ်ကိုပဲ မြင်မှာပေါ့။ “နှမ ဒီနေ့ မျက်နှာမကောင်းပါလား”

လို့ ကျုပ်က မေးလိုက်တော့မှ ရှင်မင်းငယ်က သက်ပြင်းတစ်ချက် ချလိုက်ပြီးတော့ ပြောတယ်ဗျ။

“မောင်ကြီးတို့ပြည်ကို သိမ်းသလို နှမတို့ တောင်ငူကိုသိမ်းဖို့ အင်းဝတပ်တွေ စစ်ချီတော့မယ်တဲ့ မောင်ကြီးရဲ့”

“ဟင် ဟုတ်ရဲ့လား နှမရယ်၊ မောင်ကြီးတို့ အပြင်မှာတော့ လူတွေ့ ဘာမှမပြောကြပါဘူးကွဲ့ ”
“အရပ်သားတွေ သိမှာမဟုတ်သေးဘူး မောင်ကြီးရဲ့၊ နှမတို့ တောင် ဒီကနေ့မှ သိရတာ။ ရွှေနန်းရှင်က မိဖုရားတွေကို ဒီနေ့မှ အသိပေး လိုက်တာတဲ့၊ ဒါပေမဲ့ နှမတို့သာ မသိတာပါ၊ တပ်မင်းကြီးတွေက တိတ် တဆိတ် စစ်ပြင်နေတာ ကြာပြီဆိုပဲ မောင်ကြီးရဲ့။ အခုဆိုရင် နှစ်နှစ်စာ ရိက္ခာတွေလည်း စုပြီးသားလို့ ပြောတယ်။ ရွှေနန်းရှင်ဟာ အလွန်တော်ပါ ပေတယ်။ မြို့သူမြို့သားတွေ ထိတ်လန့်ကုန်မှာစိုးလို့ ထင်ပါရဲ့။ အခု အချိန်ကျလို့ အသိပေးလိုက်တာပေါ့ မောင်ကြီးရယ်””

“ရော် ခက်တော့တာပဲ နှမရယ်”

“ဟုတ်တယ် မောင်ကြီး၊ မနက်ဖြန်ကစပြီး မြို့တွင်းက နန်း ဆောင်တွေမှာ အစောင့်အနေ ထူထူထပ်တပ်ချတော့မယ်။ နှမတို့ နန်းတွင်း သူတွေ့လည်း ဘယ်ကိုမှ မသွားရတော့ဘူး။ ကိုယ်ခစားရတဲ့ အဆောင် တော်ထဲမှာပဲ နေကြရတော့မယ်။ မောင်ကြီးလည်း နှမဆီကို မလာနဲ့တော့၊ အင်မတန်မှ အန္တရာယ်ကြီးတယ် မောင်ကြီး၊ နှမကိုယ်တိုင်လည်း မောင်ကြီး နဲ့ မတွေ့ရဲတော့ဘူး”

သူရော ကျုပ်ရော တစ်ယောက်လက်ကို တစ်ယောက် တင်းတင်း ဆုပ်ပြီး တစ်ယောက်မျက်နှာကိုတစ်ယောက် မျက်တောင်မခတ်ဘဲ ကြည့် နေမိတယ်။

ရင်ထဲမှာလည်း ပူလောင်လို့ပေါ့ဗျာ။

ရှင်မင်းငယ်ရဲ့ ကျက်သရေရှိလှတဲ့ မျက်နှာလေးကို ကျုပ် ဘယ် လောက်ကြာအောင် ကြည့်နေမိတယ် မသိတော့ပါဘူးဗျာ။

“မောင်ကြီး ပြန်တော့နော်၊ ကံမကုန်ရင်တော့ ပြန်ဆုံကြရမှာပေါ့။

မောင်ကြီးရယ်”

လို့ ပြောလိုက်တော့မှ ကျုပ်သတိဝင်သွားပြီး ပြန်ဖို့ထလိုက်ရ တယ်။ ရှင်မင်းငယ်ရဲ့ ပါးလေးနှစ်ဖက်ကို ကျုပ် မြတ်မြတ်နိုးနိုး နမ်းလိုက် တယ်။ ရှင်မင်းငယ်ကလည်း ခြေဖျားလေးထောက်ပြီး ကျုပ်ရဲ့ ပါးနှစ်ဖက် ကို မြတ်မြတ်နိုးနိုး နမ်းတယ်ဗျ။

ကျုပ်လည်း မြောက်ဆောင်တော်ကနေ ပြန်ထွက်လာခဲ့တယ်။ လှမ်းနေတဲ့ ကျုပ်ရဲ့ ခြေလှမ်းတွေဟာ လေးလံလွန်းလှပါတယ်ဗျာ။ ရှင်မင်း ငယ်နဲ့ စပြီးတွေ့ခဲ့ကြတဲ့ စကားပင်ကြီးအောက်ကိုရောက်တော့ ကျုပ်ရပ် လိုက်ပြီး စကားပင်ကြီးကို မော့ကြည့်မိတယ်။ ကျုပ်ရင်ထဲမှာ လှိုက်ကနဲ ဖြစ်သွားတယ်ဗျာ။ ကျုပ်ရင်ထဲမှာ ငိုနေမိတယ်လို့ ကျုပ်ထင်လိုက်မိတယ်။

နန်းမြို့ရိုးရဲ့ အပြင်ကိုထွက်လိုက်တဲ့အချိန်မှာတော့ အရပ်သားတွေ က ဒီသတင်းကို မကြားကြသေးဘူးဗျ။ ပုံမှန်သွားလာနေကြတုန်းပဲ။ ရယ် မောပြောဆိုနေကြတုန်းပဲဗျ။
ညနေစောင်းတော့ ကိုရစ်တို့အုပ်စုကခေါ်လို့ ကျုပ်လည်း ထန်း တောထဲကို လိုက်ခဲ့တယ်။ ချစ်ရသူနဲ့ တွေ့ခွင့်ရဖို့ မလွယ်တော့လို့ ရင်ထဲ မှာ နာကျင်တင်းကျပ်နေတဲ့ ဝေဒနာကို ထန်းရည်အမူးသောက်ပြီး ဖျောက် ပစ်လိုက်ချင်ပေမယ့် သူလျှိုတို့ရဲ့ ကျင့်ဝတ်ထဲမှာ သတိလက်လွတ်ဖြစ်အောင် မသောက်ရဘူးလေဗျာ။
ကျုပ်တို့ ထန်းရေသောက်လို့ ခဏကြာတော့ ဝဏ္ဏရောက်လာ တယ်ဗျ။ ဒီကောင် မျက်စိမျက်နှာ ပျက်လို့ဗျို့။
“ရောင်းရင်းဝဏ္ဏ မောကြီးပန်းကြီးနဲ့ ဘယ်လိုအကြောင်းများရှိလို့တုံးဗျ”

ကျုပ်က ဝဏ္ဏကို မေးလိုက်တော့ ဝဏ္ဏက ဘာမှပြန်မဖြေသေးဘဲကိုရစ်ရဲ့ ထန်းရည်ခွက်ကိုယူပြီး တစ်ကျိုက်ကျိုက်နဲ့ သောက်ချလိုက်တယ်။ အမောပြေသွားတော့မှ

“ရောင်းရင်းတို့က ဒီရောက်နေတော့ ဘာမှမသိကြဘူးပေါ့ဗျာ၊ ကျုပ်တို့တောင်ငူသားတွေတော့ မျက်ကလူးဆံပြာဖြစ်ကုန်ကြပြီဗျ”
“ဟင် ဘာဖြစ်လို့တုံး ဝဏ္ဏရဲ့၊ ငါတို့လည်း ထန်းတောထဲရောက် တာ မကြာသေးပါဘူးကွ”
လို့ ကိုရစ်က ပြောလိုက်တယ်။
“အင်းဝဘုရင်ရဲ့တပ်တွေ စစ်ချီလာပြီတဲ့ ရောင်းရင်းတို့ရဲ့၊ တစ်ခါ ဖြင့် အကျိုးနည်းကြပြီပေါ့ဗျာ” “ဟေ ဘယ်လိုကွ”

သက္ကက လန့်ပြီးမေးလိုက်တာဗျ။ စိတ္တနဲ့ သီလကလည်း လက်ထဲ မှာ ကိုင်ထားတဲ့ ထန်းရည်ခွက်တွေ လွတ်ကျကုန်ကြတယ်။

ကြောက်ကြမှာပေါ့ဗျာ။ တိုင်းပြည်နှစ်ပြည်ရဲ့ မင်းနှစ်ပါးဖြစ်မယ့် စစ်လေ။ ရှိသမျှအင်အားကို အကုန်ထုတ်ပြီး တိုက်ကြမှာ။ ကြားထဲက မြေဇာပင်က စိစိညက်ညက်ကြေရမယ့် အဖြစ်လေဗျာ။

ကျုပ်တော်တော်ကို အံ့အားသင့်သွားတာဗျ။ နန်းတော်ထဲမှာတောင် ဒီသတင်းကို မကြာခင်ကမှ သိကြရတာ။ အရပ်ထဲကို ချက်ချင်းပျံ့လာ တယ်ဆိုတော့ တောင်ငူပြည့်ရှင်က သူ့ရဲ့ပြည်သူတွေသိအောင် တမင် သတင်းဖြန့်လိုက်တာပဲဖြစ်မယ်ဗျ။

“ဒီသတင်းက မှန်ရောမှန်ရဲ့လားကွာ”

ဒတ္ထက ကျုပ်တို့အထဲမှာ လူကြီးအဆန်ဆုံးကောင်ဗျ။ ဒီကောင်က အပြန်ပြန်အလှန်လှန် စဉ်းစားပြီးမှ မေးလိုက်တာဗျ။
“ဟုတ်မှာပါ ဒတ္ထ၊ အင်းဝက ကျုပ်တို့ပြည်ကို သိမ်းလိုက်တာ နှစ်နှစ်တောင် ရှိသွားပြီလေ၊ တောင်ငူကို သိမ်းဖို့ကြိုးစားတော့မှာပေါ့”
ကျုပ်ပြောတာကို ဒတ္ထက ခေါင်းညိတ်တယ်။ “ဒါဆိုရင် ဆရာယွန်း ဘယ်လိုလုပ်မလဲ မသိဘူးကွ ကိုရစ်က ဝင်ပြောလိုက်တယ်။

“အင်းဝတပ်တွေမရောက်ခင် အလုပ်တွေကို အပြီးသတ်လိုက်ပြီးတော့ ပန်းထိမ်ဖိုကို ပိတ်ပစ်လိုက်မယ်လို့ ပြောတယ် ရောင်းရင်းရဲ့“
ဝဏ္ဏက ဆရာယွန်းပြောတာကို ပြန်ပြောလိုက်တယ်။ ပြီးတာနဲ့ တစ်ယောက်တစ်ပေါက်နဲ့ ပြောကြတော့တာပေါ့ဗျာ။ ဒီသတင်းက ချက်ချင်းပျံ့ သွားပြီးတော့ ထန်းတောထဲမှာ ထန်းရည်သောက်နေတဲ့လူတွေ တဖြည်းဖြည်း ပျောက်သွားတယ်ဗျို့။

ကျုပ်တို့လည်း ခဏကြာတော့ လက်စသတ်ပြီး ပြန်ခဲ့ကြတယ်။ ကျုပ်တို့အရပ်ထဲ ပြန်ရောက်တော့ လူတွေ ဟိုနားစုစု ဒီနားစုစုနဲ့ ပြောနေ ကြတာပေါ့ဗျာ။ မျက်လုံးတွေကလည်း စကားပြောရင်း ဟိုကြည့် ဒီကြည့်နဲ့ စိတ်တွေမလုံခြုံကြတော့ဘူးဗျ။
နောက်နေ့ကစပြီး အရပ်ထဲမှာ သတင်းတွေမျိုးစုံအောင် ပျံ့တော့ တာပေါ့ဗျာ။ ဟုတ်တာရော မဟုတ်တာရော ပြောကြဆိုကြတော့တာပေါ့။ ရှင်မုန်ယိုရဲ့ အစီအရင်နဲ့ မြို့ရိုးပတ်လည်မှာရှိတဲ့ ခံတက်ပင်တွေ ကူးပစ်နေ ကြတယ်တဲ့ဗျ။ အင်းဝတပ်ကြီးရောက်လာရင် ရှင်မုန်ယိုက သူ့ရဲ့အတတ် ပညာနဲ့ တစ္ဆေ သရဲတွေကိုခေါ်ပြီး တိုက်ခိုက်မှာလို့ ပြောတဲ့လူက ပြောပြန်တယ်။ ကျုပ်ကတော့ နားမျက်စိကို အကုန်ဖွင့်ထားရတဲ့အချိန်ပေါ့ဗျာ။

Comment