သင်္ချိုင်းအမှတ် ၉(တာတေ)အပိုင်း၄


“မင်္ဂလာ ဆောင်ဖြစ်သွားတာပေါ့နော် ဆရာကြီး”

ဟာ...ဆောင်လိုက်ကြတာမှ လှလေးစိန်တို့ဘက်မှာ
တစ်ပွဲ၊ မောင်စိန်ပန်းတို့ဘက်မှာ တစ်ပွဲကွဲ့။ မင်္ဂလာဆောင်ပြီး
တော့ ကန်ချိုင့်မှာ တစ်လှည့်၊ ကိုလှတို့ မလေးတို့ဆီမှာ တစ်လှည့်နေကြတယ်တဲ့။ ကန်ချိုင့်ရောက်တော့လည်း ကိုစိန်တို့ မပန်းတို့အလုပ်တွေကို ဝိုင်းလုပ်ကြတာပေါ့ကွယ်။

ကိုလှတို့အိမ်နေတော့လည်း ကိုလှတို့ဆိုင်ကြီးမှာ ဝိုင်းလုပ်ကြကိုင်ကြသတဲ့။ ဒီတော့နှစ်ဖက်မိဘတွေကလည်း သဘောကျကြတာပေါ့ ကွယ်။ အင်းအဲဒီလိုနဲ့ အိမ်ထောင်သက် ခြောက်လလောက်ရှိတော့ လှလေးစိန်မှာ
ကိုယ်ဝန်ရှိလာရောတဲ့ကွဲ့။ ကိုယ်ဝန်ရင့်လာလို့ မွေးကာနီး
ဖွားကာနီးမှာ လှလေးစိန်က သူ့အမေ မလေးဆီကို ပြန်တာပေါ့
ကွယ်၊ မောင်စိန်ပန်းလည်း လိုက်လာတာပေါ့၊ ဒီလိုနဲ့ မီးဖွားဖို့
ရက်ရောက်တော့ ကိုစိန်နဲ့ မပန်းပါ လိုက်လာကြတယ်ဆိုပဲ။

မြို့ထဲက အရပ်လက်သည်နှစ်ယောက်ကိုလည်း အဆင်သင့်မှာ
ထားတာတဲ့ မောင်တာတေရေ

“ဒါနဲ့ ဘာလေးမွေးတုံး ဆရာကြီးရဲ့"

ကျုပ်ကလည်း မြန်မြန်သိချင် နေတော့ မေးလိုက်မိတာဗျ။

“အင်း ဘာမှမမွေးဘူးကွဲ့“၊

"ဗျာ၊ ဘယ်လို ဆရာကြီး၊ ဘာမှမမွေးဘူး ဟုတ်လား။"

“ဟုတ်တယ် မောင်တာတေ၊ တစ်ညမှာ လှလေးစိန်က
အိပ်မက် မက်တယ်။ အိပ်မက်ထဲမှာ သူမီးဖွားတာတဲ့ကွဲ့၊ သူတို့ ငှားထားတဲ့ လက်သည်ဝမ်းဆွဲမိန်းမကြီးနှစ်ယောက်က ဖွား
တာတဲ့ကွဲ့၊ အိမ်ရှေ့မှာ နှစ်ဖက်မိဘတွေရော သူ့ယောက်ျား
မောင်စိန်ပန်းက စိတ်ပူပြီး ခြေမကိုင်မိ လက်မကိုင်မိ
ဖြစ်နေတာဆိုပဲ၊ နောက်တော့ သားယောက်ျားလေး ဖွားတာတဲ့
ကလေးက ဖြူဖြူဖွေးဖွေးလေးဆိုပဲ၊ တော်တော်ကို ချစ်ဖို့ကောင်းတာဆိုပဲ၊ အိပ်မက်ကနေ လန့်နိုးသွားတော့ လှလေးစိန်က အလန့်တကြားနဲ့ မောင်စိန်ပန်းကို နှိုးသတဲ့။

“ကိုစိန်ပန်း၊ ကိုစိန်ပန်း ကလေးရော၊ ကလေး"

မောင်စိန်ပန်းကလည်း အိပ်ရာလန့်နိုးသွားပြီး

“ဟင် ကလေး ဟုတ်လား လှလေးစိန်၊ ဘယ်ကကလေးတုံး"

ကျွန်မ မွေးတဲ့ ကလေးလေ၊ ရှင့်သား နှင့် ရှင့်သား"

“ဟာ လှလေးစိန်ကလည်း မင်းမှ မီးမဖွားရသေးတာ၊
ကလေးက ဘယ်မှာရှိမှာတုံး၊ မင်းအိပ်မက် မက်နေတာ ဖြစ်မှာပါကွာ"

လို့ မောင်စိန်ပန်းက ပြောလိုက်တော့မှ လှလေးစိန်က
အံ့ဩသွားပြီး

“ဟုတ်လား၊ ကျုပ် အိပ်မက် မက်နေတာလား"
ဆိုပြီး သူ့ဗိုက်ကို လက်နဲ့ စမ်းကြည့်လိုက်တော့မှ
အလန့်တကြားနဲ့ ထပြီးငိုတော့တာတဲ့ဟေ့””

"ဟင် ဘာဖြစ်လို့တုံး ဆရာကြီး"

“လှလေးစိန် လွယ်ထားတဲ့ နေ့စေ့လစေ့ ကိုယ်ဝန်ကြီး
မရှိတော့ဘူးတဲ့ကွဲ့၊ ဗိုက်က ချပ်ပြားနေတာဆိုပဲ”

“ဗျာ၊ ဒါ ဘယ်လိုဖြစ်တာတုံး ဆရာကြီးရဲ့”

“သူတို့ ကတိပေးထားတဲ့အတိုင်း သူတို့ရဲ့ မြေးဦးလေးကို ပေးလိုက်ကြရတာပေါ့ကွယ်”

“ကလေးမွေးပြီးမှ ယူကြမှာ မဟုတ်ဘူးလား ဆရာကြီးရဲ့"

“ “လူဆိုတာ စိတ်ပြောင်းသွားနိုင်တာပေါ့ကွယ်၊ ကလေး
မျက်နှာလည်းတွေ့ရော ဘယ်မိဘက ကိုယ့်ကလေးကို ပေးတော့
မှာလဲ မောင်တာတေရယ်၊ ပြီးတော့ မောင်စိန်တို့ မောင်လှတို့
ကတိကဝတ် လုပ်ကြတဲ့ကိစ္စကို သူတို့သားသမီးတွေဖြစ်တဲ့
မောင်စိန်ပန်းတို့ လှလေးစိန်တို့က သိကြတာမှ မဟုတ်တာ၊
လွယ် ထားတဲ့ ကိုယ်ဝန်က ပျောက်သွားတယ်ဆိုတော့ မအေရော ဖအေရော ငိုကြတော့တာပေါ့ကွယ်”

“ဗိုက်ထဲက ကလေးကို ဘယ်လိုပညာတွေနဲ့များ ယူ
သွားကြတာတုံး ဆရာကြီးရဲ့ ”

“နတ်မိစ္ဆာတစ်ကောင်အတွက်ကတော့ ဒီလောက်
ကလေးဟာ အသေးအမွှားပါ မောင်တာတေရယ်”

“ဗျာ၊ နတ်မိစ္ဆာ ဟုတ်လား ဆရာကြီး”

“အေးလေကွယ်၊ နတ်မိစ္ဆာမိုးညို လုပ်တာလေကွယ်””

“ဗျာ၊ ဒါဆိုရင် ဝတ်ဖြူစင်ကြယ်ဝတ်ပြီး ရောက်လာတဲ့
အောင်ပင်လယ်ဆရာကျော်တို့ ရေပြာအိုင်ဆရာမြတို့ ဆိုတာ
အထက်လမ်းဆရာကြီးတွေ မဟုတ်ဘူးလား ဆရာကြီးရဲ့”

“ဘယ်ကဟုတ်မှာတုံး မောင်တာတေရယ်၊ အဲဒါ မိုးညို
လက်ရုံး တပည့်နှစ်ယောက်ပေါ့ကွယ်၊ ဒီကောင်နှစ်ကောင်က
စက်ကြိုးနင်းပြီး ကောင်းကင်မှာ တက်နေနိုင်တဲ့ ကဝေတွေကွဲ့"

"ဟာ ဒါဆိုရင် အထက်ဆရာတွေ ဟန်ဆောင်ပြီး လာတာပေါ့ ဟုတ်လား ဆရာကြီး”

“ဟုတ်တာပေါ့ ကွဲ့၊ ဒီလိုကိစ္စတွေကတော့ က‌ေ၀ တွေ
လုပ်နေကျ အသေးအဖွဲ့ကိစ္စတွေပါကွယ်၊ ကဝေတွေရဲ့ မာယာ
တွေပေါ့ကွယ်”

“ဒါဆိုရင် ဆရာကျော်တို့ ဆရာမြတို့ကို ဓာတ်စီးပြီး
ဦးစိန်တို့ ဦးလှတို့နဲ့ ကတိကဝတ်တွေလုပ်တဲ့ အထက်ပုဂ္ဂိုလ်ကြီး
ဆိုတာ ဘယ်သူတုံး ဆရာကြီးရဲ့”

“အဲဒါ နတ်မိစ္ဆာ မိုးညိုပေါ့ကွဲ့၊ သူ့ကိုယ်သူ အထက်
ပုဂ္ဂိုလ်ယောင်ဆောင်ပြီး ဓာတ်စီးတာပေါ့ကွယ်၊ ဘယ်လိုအထက်
လမ်းပုဂ္ဂိုလ်က ဒီလိုအလုပ်ကို လုပ်မှာတုံး မောင်တာတေရယ်”

“ဒါနဲ့ ဦးစိန်တို့ ဦးလှတို့က ဘာတွေပြောကြတုံး ဆရာကြီးရဲ့"

“ပြောတယ်ကွဲ့၊ ကိုစိန်က မျက်ရည်လေး စမ်းစမ်းနဲ့
ကိုလှကို ပြောပြတယ်။

“ကျုပ်မှားခဲ့တာပါ ကိုလှရယ်၊ ကျုပ်အပြစ်ပါဗျာ၊ ကျုပ်
တို့လင်မယား သိပ်ဆင်းရဲလွန်းလို့ ချမ်းသာချင်လွန်းတာနဲ့ အခုလိုကြံခဲ့မိတာပါဗျာ”

လို့ ပြောပြီး သူတို့ အိမ်ထောင်ကျကာစက သူတို့ဆီကို
အောင်ပင်လယ်ဆရာကျော် ရောက်လာတာကစပြီး အထက်ပုဂ္ဂိုလ်ကြီးနဲ့ ကတိကဝတ်ပြုပြီး သစ္စာရေသောက်ခဲ့ကြတာ မြေးဦးလေးပေးပါမယ်လို့ ကတိပေးခဲ့တာတွေ တစ်ခုမကျန် ပြောပြသတဲ့ကွဲ့။

ဒီတော့မှ ကိုလှကလည်း အံ့သြပြီး သူတို့ဆီကို၊ ရေပြာအိုင်ဆရာမြရောက်လာပုံကစပြီး သူတို့လည်း ကိုစိန်လိုပဲ သစ္စာရေသောက်ခဲ့ကြတဲ့အကြောင်း မြေးဦးလေး ပေးပါ့မယ်လို့ ကတိပြုခဲ့တဲ့အကြောင်းတွေ ပြန်ပြောပြသတဲ့။ ဒီတော့မှ အထက်ပုဂ္ဂိုလ်တွေကအကွက်ကျကျ စီမံပြီး လုပ်ခဲ့တဲ့အကြောင်းကို သဘောပေါက်သွား
ကြသတဲ့ကွယ်။ သူတို့စိတ်ထဲမှာတော့ သူတို့နဲ့တွေ့တော့ အထက်
ပုဂ္ဂိုလ်တွေလို့ပဲ ထင်နေကြတုန်းပေါ့ကွယ်။

အရပ်ထဲမှာတော့ ကလေးအဖတ်မတင်ဘူးလို့ပဲ သတင်း
လွှင့်ကြတာပေါ့လေ"

“ဒီကလေးကို နတ်မိစ္ဆာကြီးက ဘာလုပ်ဖို့ လိုချင်ရတာတုံး ဆရာကြီးရဲ့ ”

“ကျုပ်ပြောခဲ့ပါလား မောင်တာတေရဲ့ နတ်မိစ္ဆာဖြစ်သွားတဲ့ မိုးညိုက လူဘ၀ကို ပြန်လာဖို့ ကြံစည်တာပေါ့ကွယ်။သူ့လို
က‌ေ၀ကြီးတစ်ယောက်အနေနဲ့ လူ့ဘ၀မှာ ပဋိသန္ဓေနေရဖို့
မဖြစ်နိုင်တော့ဘူးလေ၊ ဒီတော့ ဒီမျိုးဆက်နှစ်ဆက်ကို သူက စောင့်ရှောက်ပေးပြီးမှ တတိယမျိုးဆက်ကို
သူယူသွားတာပေါ့ကွယ်”

“ဒီကလေးကို သူ ဘယ်လိုမွေးမှာတုံး ဆရာကြီးရဲ့ "

“သူကတော့ ဘယ်မွေးနိုင်မှာတုံးကွယ်၊ သူ့တပည့်
ကဝေမတစ်ယောက် မွေးမှာပေါ့၊ ဒီကလေး ကိုးနှစ်ပြည့်ရင်
အဲဒီကလေးရဲ့ ဝိညာဉ်နဲ့ သူ့ရဲ့ ဝိညာဉ်ကို လဲတော့မှာကွဲ့"

“ဟာ ဒါဆိုရင် ကလေးက သေသွားမှာပေါ့ ဆရာကြီးရဲ့"

“သေမှာပေါ့ကွယ်၊ သူ့ဝိညာဉ်က ကလေးကိုယ်ထဲကိုဝင်ပြီး ဆက်လက်ရှင်သန်လာမှာပေါ့ မောင်တာတေရဲ့”

“ဒါဆိုရင် သူ့ပညာတွေပါ ပါလားမှာလား ဆရာကြီးရဲ့”

“ပါလာမှာကွဲ့ မောင်တာတေရဲ့၊ ပညာတွေက ပိုတောင်
အစွမ်းထက်လာဦးမှာကွဲ့၊ နတ်မိစ္ဆာတစ်ကောင်ရဲ့ အစွမ်းတွေပါ
ထပ်ပြီးပါလာမှာ ဒါပေမဲ့ သူက လူ ဘယ်ပြန်ဖြစ်မှာတုံးကွယ်၊ လူဟန်ဆောင်ထားတဲ့ နတ်မိစ္ဆာတစ်ကောင်ပဲပေါ့။ အဲ
အချိန်ကျရင် သူ့ကို နှိမ်နင်းဖို့ဆိုတာ တော်တော်ကို
ခက်သွားပြီကွဲ့၊
သူကလည်း ပါးပါးနပ်နပ်ကို နေတော့မှာ၊ သူ့ကို လူတွေ မရိပ်မိ
အောင်ကို ပိပိရိရိနေပြီး လူ့လောကကို ဒုက္ခပေးတော့မှာကွဲ့””

“အခု ဒီကလေးက ဘယ်အရွယ်ရောက်ပြီတုံး ဆရာကြီးရဲ့"

“ကိုးနှစ်ပြည့်ပြီကွဲ့”

“ဗျာ”

"အဲဒါကြောင့် အစ်ကိုနွံဖနဲ့ ကျုပ်နဲ့ ခရီးထွက်လာကြရတာပေါ့ မောင်တာတေရယ်”

"ဒီကလေးက အခု ဘယ်မှာတုံး ဆရာကြီးရဲ့”

အဲဒါကို ကျုပ်တို့ မသိကြဘူးကွဲ့ ။

"ဟာ ဒါဆိုရင် ဒီကလေးကို ဘယ်လိုရှာကြမတုံး ဆရာကြီးရဲ့"

“နတ်မိစ္ဆာ မိုးညို က အခုလာမယ့် လကွယ်ညမှာကလေးနဲ့ ၀ိညာဉ်ချင်း လဲတော့မှာ မောင်တာတေရဲ့”

“ဗျာ၊ ဟုတ်လား ဆရာကြီး၊ ဘယ်နေရာမှာမှန်းမှ မသိတာ၊ ကျုပ်တို့ ဘယ်လိုလုပ်မတုံး ဆရာကြီးရဲ့”

“သေချာပေါက် ကျုပ်တို့သိထားတာ တစ်ခုတော့ ရှိတယ်ကွဲ့၊ သူတို့ ဝိညာဉ်လဲပွဲ လုပ်တဲ့အခါ သင်္ချိုင်းမှာပဲ လုပ်ကြရမယ်၊ ဘယ်သင်္ချိုင်းမှာ လုပ်မယ်ဆိုတာကို ကျုပ်တို့ သိဖို့ပဲလိုတယ်”

“ဗျာ၊ သင်္ချိုင်းမှာ လဲမှာ ဟုတ်လား ဆရာကြီး”

“ဟုတ်တယ်ကွဲ့၊ အဲဒါကြောင့် မောင်တာတေကို မဖြစ်မနေ ခေါ်ရတာ၊ မောင်တာတေရဲ့ မိတ်ဆွေ မဖဲဝါကို မေး မှဖြစ်
တော့မယ် ထင်တယ်ကွဲ့”

“ဪ ဒီလိုလား၊ ကျုပ် မဖဲဝါကိုပင့်ပြီး မေးပေးမယ်လေ ဆရာကြီး”

“ဟုတ်ပြီ မောင်တာတေ၊ အချိန်က သိပ်မရှိတော့ဘူးဆိုတော့ ဒီညပဲ မဖဲဝါကို မေး ပေးပါ။ ဒီအတွက် ဘာတွေလိုတုံးကွဲ့၊ ဟင်းတွေဘာတွေ ချက်မှာလား၊ လိုတာတွေ လုပ်ကွယ်၊
ရော့ ဒီမှာ ငွေတွေ ယူသွားကွဲ့"

"မယူပါဘူး ဆရာကြီး၊ ကျုပ်မှာ ပါလာပါတယ်၊ ကျုပ်
သူငယ်ချင်း တင်မြင့်အိမ်ကိုသွားပြီး လိုအပ် တာတွေ လုပ်လိုက်
မယ်၊ ညရောက်ရင် ကိစ္စပြီးမှပဲ ကျုပ်ပြန်လာခဲ့မယ်”

“သာဓုကွယ်၊ သာဓု သာဓု"

ဆရာကြီးနှစ်ယောက်စလုံးက ကျုပ်ကို သာဓုခေါ်ကြတယ်။ ကျုပ်က ဆရာကြီးနှစ်ယောက်ကို ကန်တော့ပြီး ဈေးဘက်
ကို ထွက်လာခဲ့တယ်။

ကျုပ်သူငယ်ချင်း ကားယားတင်မြင့်အကြောင်းကို ရှေ့
ပိုင်းက ထွက်ခဲ့တဲ့ စာအုပ်တွေမှာ ကျုပ်ရေးခဲ့ပါတယ်။

တင်မြင့်ကဈေးကောက်လေဗျာ။ လမ်းလျှောက်ရင် ကားယား ကားယားနဲ့လျှောက်လို့ ကျုပ်တို့က သူ့ကို ကားယားတင်မြင့်လို့ ခေါ်တာဗျ။

တင်မြင့်အကြောင်းကို သိချင်ရင် "ဈေးသရဲ” ဝတ္ထုမှာ
ပြန်ရှာပြီး ဖတ်ကြည့်နိုင်ပါတယ်ဗျာ။

ကျုပ် ဈေး‌ကောက် ရုံးခန်းလေးကို ရောက်တော့ တင်မြင့်က ကျုပ်ကို ဝမ်းသာအားရနဲ့ နှုတ်ဆက်တယ်ဗျ။

“ဟာ တာတေ၊ မင်းလည်း မြို့မရောက်တာတောင်
တော်တော်ကြာနေပြီနော်၊ လာကွာ၊ ဒီမှာထိုင်”

တင်မြင့်ရဲ့ အခန်းလေးက ကျဉ်းကျဉ်းလေးဗျ။ ကျုပ်က
လွတ်နေတဲ့ ခုံတစ်လုံးမှာဝင်ထိုင်လိုက်တယ်။

“မင်း ဘာလာလုပ်တာတုံး၊ ဈေးဝယ်လာတာလား၊ မြို့
ရောက်တုန်း နှစ်ညလောက်တော့ အိပ်သွားကွာ”

“ငါကိစ္စရှိလို့ လာတာကွ တင်မြင့်ရ၊ ငါတစ်ယောက်
တည်း မဟုတ်ဘူး၊ ငါ့ဆရာကြီးနှစ်ယောက်လည်း ပါတယ်။

"အောင်တော်မူ” ကျောင်းမှာ တည်းကြတာကွ၊ ငါ အခုလာတာက မင်းအကူအညီ လိုချင်လို့ကွ””

“ဟေ၊ ပြောလေကွာ၊ ငါဘာလုပ်ပေးရမှာတုံး”

“ငါ အမဲသား တစ်ပိဿာဝယ်ပြီး ဟင်းချက်ချင်တယ်ကွ၊ ပြီးတော့ ထမင်းလည်း ချက်ရမယ်၊ ညကျရင် မင်းနဲ့ငါ
သင်္ချိုင်းထဲကိုသွားပြီး မဖဲဝါ ပင့်ချင်တယ်ကွ၊ မင်း ငါနဲ့ လိုက်ခဲ့
ကွာ"

"ဟာ ဒါများ တာတေရာ၊ ကဲ ငါ အမဲသား သွားဝယ်ပေးမယ်၊ ပြီးရင် ငါ့အိမ်ကို သွားကြမယ်၊ အိမ်ကလူတွေ ဘုရားဖူး
သွားကြတယ်ကွ၊ တစ်ပတ်လောက်တောင် ကြာမှာ၊ အိမ်မှာ
ငါတစ်ယောက်တည်း ကျန်ခဲ့တာကွ၊ ငါ ငွေတွေလည်း အပ်ပြီး
သွားပြီဆိုတော့ ငါ အားသွားပါပြီ၊ အမဲသားဝယ်ပြီးရင် အိမ်ပြန်
လို့ရပြီ။ အိမ်မှာ မင်းနဲ့ ငါနဲ့ အတူတူချက်ကြတာပေါ့ကွာ၊ ပြီး
တော့ ဘာလိုသေးတုံး”

“တောင်းတစ်လုံးနဲ့ ငှက်ပျောဖတ် နှစ်ရွက်လောက်လို ချင်တယ်ကွ၊ ထမင်းတောင်း ပြင်ရအောင်လေကွာ”

“အဲဒါက အိမ်မှာ ရှိပါတယ်ကွ၊ ငါတို့ဝိုင်းထဲမှာ
ငှက်ပျောပင် သုံးလေးပင် ရှိတာပဲ တာတေရ”

"‌ ‌ေအး‌ ဒါဆိုရင် အဆင်ပြေပါပြီကွာ”

တင်မြင့်တို့အိမ်ရောက်တော့ ကျုပ်တို့နှစ်ယောက်တည်း
အေးအေးဆေးဆေး ချက်ကြပြုတ်ကြရတာပေါ့ဗျာ။ ညနေလေးနာရီလောက်ရောက်တော့ ထမင်းလည်းကျက်၊ ဟင်းလည်း နူးပြီဗျ။

ညခုနစ်ရီထိုးတာနဲ့ ထမင်းတောင်း ပြင်ကြတယ်။ အဲဒီ
ညနေက ညစာကို တင်မြင့်အိမ်မှာပဲ ကျုပ်စားလိုက်တာပေါ့ ဗျာ။

တင်မြင့်က ဟင်းချက်လည်း တော်တော်ကောင်းတာဗျ။ ကျုပ်ကဝက်သားကြိုက်တတ်မှန်းသိလို့ ဝက်သားဟင်း ချက်ကျွေးတယ်။

ညရှစ်နာရီထိုးတာနဲ့ ထမင်းတောင်းလေးထမ်းပြီး တင်မြင့်နဲ့ ကျုပ်နဲ့ မြို့သင်္ချိုင်းကို ထွက်လာခဲ့ကြတယ်။ တင်မြင့်က
လွှတ်အားကိုးရတဲ့ကောင်ဗျ။ ထမင်းတောင်းကို သူထမ်းတာ။
ထမ်းပြီးတော့ ကားယား ကားယားနဲ့ ကျုပ်နောက်က လိုက်တာ
ဗျို့။ သင်္ချိုင်းကုန်း မရောက်ခင် ကျုပ်က တင်မြင့်ကို မေးတယ်။

“တင်မြင့်၊ မင်း မကြောက်ဘူးလား”

" မင်းတစ်ယောက်လုံး ပါနေတာပဲဟာ၊ ငါကပါနေတာပဲဟာကို    ငါကဘာကို ကြောက်ရမှာတုံးကွ”

“တကယ်လို့ ငါက ထွက်ပြေးမယ်ဆိုရင် မင်း ဘယ်လို
လုပ်မှာတုံး”

“ဟကောင် တာတေရ၊ မင်းပြေးမှတော့ ငါက ဘာ
ဆက်လုပ်စရာရှိလို့တုံးကွ၊ မင်းရှေ့ကို ရောက်အောင် ပြေးရုံပေါ့
ကွာ"

"ဟား ဟား ဟား ဟား "

ကျုပ် တင်မြင့်ပြောတာကို သဘောကျပြီး ရယ်လိုက်တာဗျ။ ကားယားတင်မြင့် ဆိုတဲ့ကောင်က စကားပြောရင် ဘယ်
တော့မှ လိမ်ညာပြောတဲ့ကောင် မဟုတ်ဘူးဗျ။

ကျုပ်တို့နှစ်ယောက် သင်္ချိုင်းထဲရောက်တော့ ကြီးကြီးကို လိုက်ရှာတယ်ဗျ။ တချို့ဂူက ကြီးပေမယ့် ဆေးတွေဘာတွေ
မသုတ်တော့ ကြည့်မကောင်းဘူးဗျ။

""ရဟန်းအမ၊ ကျောင်းအမ""
""ဒေါ်ပဲ""

ဆိုတဲ့ အုတ်ဂူက ကြီးလည်းကြီးတယ်၊ပြန်သုတ်ထားတော့ သစ်သစ်လွင်လွင် ဖြစ်နေတာ။ အဲဒီဂူကိုကျုပ်က
ရွေးလိုက်တယ်။ ဂူပေါ်မှာ ငှက်ပျောဖက်ခင်းပြီး ထမင်း
ပြင်တာပေါ့ ဗျာ။ ပြီးတော့ အသင့်ယူလာတဲ့ ရေပုံးကို ရေခွက်တင်ပြီး ချထားလိုက်တယ်။ ဖယောင်းတိုင် တစ်တိုင်ထွန်းပြီး ဂူရဲ့ခေါင်းရင်းဘက်မှာ စိုက်ထားလိုက်တယ်။

ပြီးတာနဲ့ ကျုပ် မဖဲဝါကို စပြီးပင့်တယ်။ ကားယားတင်မြင့်က ဂူနားအထိ လိုက်မလာဘူးဗျ။ ခပ်လှမ်းလှမ်းက ကုလားမန်းကျည်းပင်အောက်မှာ ရပ်နေတယ်။

ကျုပ်မီးထွန်းလိုက်လို့လား မသိဘူးဗျ။ ကုက္ကိုပင် အုပ်
အုပ်ကြီးပေါ်က ကျီးကန်းတွေလန့်ပြီး ပျံသွားကြတယ်။ တင်မြင့်ကတော့ ပျံသွားတဲ့ ကျီးကန်းတွေကို ကြည့်နေတယ်ဗျ။

“အရှေ့နေထွက်၊ အနောက်နေဝင်၊ တောင်တံငါကွန်၊
မြောက်ဓူဝံ၊ အထက်ဘဝဂ်၊ အောက်အဝီစိအတွင်း ရောက်နေရာ
အရပ်၊ ရှိနေရာအရပ်ကနေ မြန်မကြာ လှမ်းကာကြွခဲ့ပါ၊ သင်္ချိုင်းရှင်မ မဖဲဝါ ခင်ဗျား၊ ထနောင်းကုန်းသား
ကျုပ်တာတေက ပင့်ဖိတ်ပါတယ်၊မဖဲ၀ါအတွက် စားပွဲသောက်ပွဲ
များလည်း ပြင်ပြီး ကြိုဆိုလို့ပါဗျာ၊ ကြွပါ၊ ကြွပါ၊ မဖဲဝါ၊ အမြန်သာ ကြွခဲ့ပါဗျာ”

ကျုပ်က မဖဲဝါကို ပင့်ဖိတ်ပြီး စောင့်နေလိုက်တယ်။ကျောင်း‌ အစ်မကြီးရဲ့ ဂူ‌ပေါ်မှ ထွန်းထားတဲ့ ဖယောင်းတိုင်လေးက
မှိတ်တုတ် မှိတ်တုက်နဲ့ပေါ့ဗျာ။

ခဏကြာတဲ့အထိ ဘာမှ မထူးဘူးဗျ။

ဒီတုန်းမှာပဲ သင်္ချိုင်းရဲ့ အနောက်ဘက်ကနေ မည်းမည်း
အ ကောင်ကြီးတစ်ကောင် သင်္ချိုင်းထဲကို ၀င်လာတယ်ဗျ။

ဒီကောင်ကြီးက နှစ်လှမ်းသုံးလှမ်းလောက် ဝင်လာပြီးတော့မှ ရပ်သွားတယ်။ မဖဲ၀ါအတွက်ပြင်ဆင်ထားတဲ့ ထမင်းပွဲကို လှမ်းကြည့်နေတယ်ဗျ။ ကျုပ်က မျက်ကွင်းဆေး
ကွင်းထားတာဆိုတော့ မြင်နေရတာပေါ့ဗျာ။

ခေါင်းက တင်းတောင်းကြီးတစ်လုံးလောက် ရှိတာဗျ။
မျက်လုံးကြီး နှစ်လုံးက မီးခဲကြီးတွေလို နီရဲနေတာဗျို့။ အရွယ်
ကရေနွေးကြမ်းပန်းကန်လုံးလောက် ရှိတယ်။ ခေါင်းမှာ ဆံပင်က ဖားလျားကြီးဗျ။ ပါးစပ်ကြီးထဲက တစ်ကောင်လောက်ရှိတဲ့ လျှာကြီးက တွဲလောင်းကျနေတယ်ဗျ။

ဒီကောင်ကြီး ရှေ့ကိုတော့ တပ်တိုးမလာဘူးဗျ။ ကျုပ်
စိတ်ထင်တော့ ဒီသင်္ချိုင်းကို တာဝန်ယူရတဲ့ သရဲကြီးဖြစ်မယ်ဗျ။

ဒီသရဲကြီး ကျုပ်ဆီကို ပြေးဝင်လာမှာ စိုးရိမ်ပြီး ကြက်သီးတွေ
ဖျန်းခနဲ ထသွားတယ်ဗျ။

မဖဲဝါကို ကျုပ် ထပ်ပြီးပင့်ဖိတ်လိုက်တယ်။

“ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ၊ ဝူး၊ ဝူး"

ဟော လာပြီဗျို့။ မဖဲဝါ လာပြီ။ မဖဲဝါရဲ့ ခွေးကြီးအူတဲ့
အသံကို ကြားလိုက်တယ်ဗျ။ ကျုပ်ကြားသလိုပဲ သင်္ချိုင်းစောင့်
သရဲကြီးလည်း ကြားသွားပုံရတယ်ဗျ။ ဒီသရဲကြီးတွေက မဖဲဝါ
ကတာ၀န်ပေးထားလို့ မဖဲဝါရဲ့ ကိုယ်စား
သင်္ချိုင်းစောင့်ပေးကြရတာဗျ။

ဟော သွားပြီဗျို့။ နောက်ကို ချာခနဲလှည့်ထွက်သွားပြီဗျို့။ မဖဲဝါ လာနေ‌တာကို ဒီကောင်ကြီး သိသွားပြီပေါ့ ဗျာ။

"ဝူ ဝူး ဝူး၊ ဝူး၊ အီ၊ အီ၊ အီ"

ခွေးအူသံကြီးက တဖြည်းဖြည်း နီးလာပြီဗျ။ ကျုပ်မြင်နေရတဲ့ သင်္ချိုင်းစောင့်သရဲကြီးနဲ့ ကျုပ်ကြားနေရတဲ့ မဖဲဝါရဲ့ ခွေးကြီး
အူသံကို ကားယားတင်မြင့်ကတော့ မကြားရမမြင်ရဘူးပေါ့ဗျာ။

ဒါကြောင့်လည်း ဒီကောင်က အေးအေးဆေးဆေးကို ဆေးပေါ့
လိပ်ကလေး မီးညှိပြီး ဖွာနေတာဗျ။ လာတုန်းက ခါးကြားမှာ
ထိုးထားတဲ့ သုံးတောင့်ထိုး လက်နှိပ်ဓာတ်မီးလေးကို တင်မြင့်က
လက်ထဲမှာ ကိုင်ထားတယ်ဗျ။ မီးတော့ မထိုးဘူး။ ဟိုကြည့်
ဒီကြည့်တော့ လုပ်နေတာပေါ့ ဗျာ။

“ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ""

ဟော နက်ကျော်ကြီး သချိုင်းထဲကို ဝင်လာပြီဗျို့။

လာပါပြီဗျာ။ မဖဲဝါ လာပါပြီ။ ဖြူဖြူ အရိပ်ကြီးက
အုတ်ဂူတွေအပေါ် တစ်တောင်လောက်အကွာကနေ ရိပ်ခနဲ ရိပ်ခနဲရွေ့လာတာဗျ။

ဟော ကျုပ် ထမင်းပွဲပြင်ထားတဲ့ ဂူပေါ်ကို ရောက်လာပြီဗျို့။
ဂူပေါ်မှာ ခြေစုံရပ်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်လိုက်ကြည့်
တယ်။

နဲတဲ့အရပ်ကြီး မဟုတ်ပါဘူးဗျာ။ ကျုပ်စိတ်ထင်တော့
ဆယ်ပေ၊ ဆယ့်ငါးပေလောက် ရှိမယ်ထင်တယ်ဗျ။

ဆံပင်ဖားလျားကြီးချပြီး လက်ဖက်ရည်ပန်းကန်လောက်ရှိတဲ့ မျက်လုံးနီနီကြီးတွေ သင်္ချိုင်းကုန်းတစ်ခုလုံးကို လိုက်ကြည့်နေတာဗျ။

ထဘီအနက်ကြီးကို ရင်လျားထားတယ်။ မဖဲဝါရဲ့ လက်
ချောင်းတွေက အတိုအရှည် မညီလှဘူးဗျ။ တချို့ လက်ချောင်း
တွေကတိုပြီး၊ တချို့ လက်ချောင်းတွေက ရှည်နေတယ်။

"ဟော ထိုင်ချလိုက်ပြီဗျို့၊ ဒူးခေါင်းကြီးတစ်ဖက် ထောင်ပြီး ထိုင်တာဗျ။ ကျုပ်ပြင်ပေးထားတဲ့ ထမင်းပွဲကို သေသေချာချာ
ငုံ့ကြည့်ပြီး ခေါင်းနှစ်ချက် သုံးချက် ညိတ်တယ်ဗျ။

ဟော စားပြီဗျို့၊ စားပြီ အားရပါးရကို စားတာဗျ။

အသားတုံး တစ်တုံးကို နက်ကျော်ကြီးဆီ ပစ်ကျွေးလိုက်သေး
တယ်ဗျ။ ထမင်းစားနေရင်းကနေ ကျုပ်ကို လှမ်းကြည့်တယ်။

ကျုပ်သိတာပေါ့ဗျာ။ ဘာကိစ္စရှိတုံးလို့ ကျုပ်ကိုမေးတဲ့
သဘောဗျ။

ကျုပ်က နတ်မိစ္ဆာဖြစ်သွားတဲ့ ကဝေရာဇာကြီး မိုးညို
အကြောင်းကို အကျဉ်းချုံးပြီး ပြောပြလိုက်တယ်။ ပြီးတော့ မလှလေးစိန်ရဲ့ ဗိုက်ထဲက သူထုတ်ယူသွားတဲ့ ကလေးဟာ အခုဆိုရင်ကိုးနှစ်ပြည့်ပြီမို့လို့ နတ်မိစ္ဆာမိုးညိုက
ဝိညာဉ်လဲတော့မယ့်အကြောင်းကို ပြောပြတယ်။ အဲဒါ သင်္ချိုင်းတစ်ခုထဲမှာ လဲမှာလို့ ဘိုးလူပေက ပြောတဲ့အကြောင်းနဲ့ အဲဒါ ဘယ်သင်္ချိုင်းဆိုတာ သိချင်လို့ပါလို့ ကျုပ်က ပြောပြလိုက်တယ်ဗျ။ ပြီးတော့ ဆရာနှံဖနဲ့ ဘိုးလူပေခိုင်းလို့ လာရတဲ့အကြောင်းလည်း ပြောပြလိုက်တယ်။

“တာတေ နင့် ဆရာကြီးတွေ အကြိတ်အနယ် လုပ်ယူရလိမ့်မယ်၊ လူ့လောကမှာ တစ်ခါမှ မရှိဘူးသေးတဲ့ ကိစ္စကို မိုးညိုက လုပ်မှာ။ ဝိညာဉ်လဲတဲ့ အဆင့်မှာ နိုင်အောင် မတိုက်နိုင်ရင်
ဒီကလေးက တဖြည်းဖြည်း ကြီးလာပြီး ဘယ်သူမှ မနိုင်အောင်
ဖြစ်သွားလိမ့်မယ်။ နောက်ဆုံး သာသနာတော်ကြီးကိုပါ အနှောင့်
အယှက်လုပ်လိမ့်မယ် တာတေ”

“ဟာ...ဒီအထိတောင်လားဗျာ”

“အေး ဟုတ်တယ်၊ ဒါကြောင့် နင့်ဆရာကြီးတွေက
သူတို့အသက်နဲ့ရင်းပြီး နှိမ်နှင်းပါ့မယ်လို့ အထက်ပုဂ္ဂိုလ်တွေဆီမှာကတိပြုခဲ့ကြတယ်။ မိုးညိုကလည်း သူ လူ့လောကကိုပြန်ရောက် ဖို့အတွက် နှစ်ပေါင်းများစွာ စီမံခဲ့ရတဲ့ ကိစ္စဆိုတော့အသေအလဲ တိုက်မှာပဲ တာတေရဲ့။ ဒါပေမဲ့ နတ်မိစ္ဆာတွေမှာလျှို့ဝှက်ချက် တစ်ခုရှိတယ်။ တိုက်ရင်းနဲ့ သူတို့အစွမ်းတွေကကုန်ကုန်လာ တယ်။ ဒီအခါမှာ သူတို့က အသွင်တစ်မျိုးပြောင်းပြီးတိုက်တတ် ကြတယ်။ နောက်ဆုံးမှာ အစွမ်းတွေလုံးဝကုန်သွားလိမ့်မယ်။ အဲဒီအချိန်မှာ နတ်မိစ္ဆာက ဂျွမ်းထိုးလိမ့်မယ်။ အဲဒါသူတို့အစွမ်း ပြန်ယူတာပဲ။ အဲဒီလို ဂျွမ်းထိုးတဲ့အချိန်မှာ မိမိရရနှိမ်နင်းနိုင်ရင် တော့ နင့် ဆရာကြီးတွေ နိုင်မှာ သေချာတယ် ""

“ကျေးဇူးတင်လိုက်တာ မဖဲဝါရယ်”

“အေး နောက်တစ်ခုက နတ်မိစ္ဆာ မိုးညို ကိုးနှစ်ကလေးနဲ့ ဝိညာဉ်လဲမယ့် နေရာက သင်္ချိုင်းနံပါတ်ကိုးမှာ”

“ဗျာ၊ သင်္ချိုင်းနံပါတ်ကိုးဆိုတာ ဘယ်သင်္ချိုင်းတုံးဗျမဖဲဝါရဲ့”

“သင်္ချိုင်းနာမည်ကို ပေါင်းရင် “ကိုး” ရတဲ့ သင်္ချိုင်းဟဲ့၊
အဓိကရ သချိုင်းကြီးလည်း ဖြစ်ရမယ်”

“ဟင် ဒါဆိုရင်”

ကျုပ်က ဘာပြောရမှန်း မသိတော့ဘူးပေါ့ ဗျာ။

“ဟဲ့ တာတေရဲ့၊ ဘိုးလူပေကို သေသေချာချာ ပြောလိုက်၊
နတ်မိစ္ဆာ မိုးညို၊ ကိုးနှစ်သားကလေးနဲ့ ဝိညာဉ်လဲမယ့် သင်္ချိုင်းဟာပေါင်းရင် ကိုးကျမယ့် သင်္ချိုင်း၊ ကြံတောသင်္ချိုင်းလို့ ကြားလား"

“ဟုတ်ကဲ့ပါဗျာ၊ ဟုတ်ကဲ့ပါ မဖဲဝါ၊ ဘိုးလူပေတို့
ဆရာကြီး စိုင်းနွံဖတို့ကို ကျပ် သေသေချာချာ ပြောလိုက်ပါမယ်
ဗျာ။"

ပြီးပြီ။ ကျုပ်လာတဲ့ကိစ္စတော့ ပြီးပြီဗျ။

ဟဲ့ တာတေ၊ နောက်တစ်ခု မှတ်ထားအုံး၊ ဝိညာဉ်လဲမယ့်
အချိန်ဟာ အခုလာမယ့် လကွယ်ည သန်းခေါင်ချိန်မှာ လဲမှာ၊
ကြံတောသင်္ချိုင်းထဲကကာလီမယ်တော်ဗိမ္မာန်အနောက်ဘက်မှာ”

“ကောင်းပါပြီ မဖဲဝါ၊ ကောင်းပါပြီဗျာ”

မဖဲဝါက အမဲသားဟင်းနဲ့ ထမင်းကို ဆက်စားတယ်ဗျ။
စားသောက်ပြီးတော့ လက်ဆေး၊ ရေသောက် လုပ်တယ်။ ပြီးတာနဲ့ သင်္ချိုင်းထဲက ပြန်ထွက်တယ်။

"ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ"

မဖဲဝါရဲ့ခွေးကြီး နက်ကျော်ရဲ့ အူသံရှည်ကြီးက တဖြည်းဖြည်း ဝေးဝေးသွားတယ်ဗျ။ ကျုပ်နဲ့ တင်မြင့်လည်း သင်္ချိုင်းထဲက
ထွက်ခဲ့တာပေါ့ ဗျာ။ တင်မြင့်က ကျုပ်ကိုအောင်တော်မူကျောင်း
အထိ လိုက်ပို့တယ်ဗျ။

ဆရာကြီးနွံဖနဲ့ ဘိုးလူပေက ကျုပ်ကို မျှော်နေကြတာပေါ့ဗျာ။ ကျုပ်ကို တွေ့တော့မှ ပြုံးပြုံးရွှင်ရွှင် ဖြစ်သွားပြီး

“မောင်တာတေ၊ ညစာ စားပြီးပြီလားကွဲ့”
လို့ ပျာပျာသလဲ မေးရှာတယ်ဗျ။

“စားပြီးပါပြီ ဆရာကြီး၊ ကျုပ်သူငယ်ချင်း တင်မြင့်
အိမ်မှာပဲ စားလိုက်တယ် ဆရာကြီးရဲ့"

“သြော် အေး အေး၊ သွားတဲ့ကိစ္စကော နေရာကျရဲ့လားကွဲ့"
“အဆင်ပြေပါတယ် ဆရာကြီးရဲ့”

လို့ ပြောပြီး တင်မြင့်နဲ့ အမဲသားဟင်းချက်တဲ့အကြောင်း
ကစပြီး မဖဲဝါ နောက်ဆုံးပြောသွားတဲ့ စကားအထိ ကျုပ်က
တစ်ခုမကျန် ပြန်ပြောပြလိုက်တယ်။

“ဟာ...ဒါဆိုရင်တော့ နေရာကျပြီပေါ့ ကွယ် မောင်တာတေရယ်
လို့ ဆရာနွံဖက ဝင်ပြောတယ်ဗျ။

“ကြံတောသင်္ချိုင်းဆိုတော့ ကျုပ်တို့ ရန်ကုန်ကို ဆင်းကြရမှာပဲ အစ်ကိုနွံဖရဲ့”

“ဟုတ်တယ် ကိုလူပေ၊ မနက်ဖြန်ကိုပဲ ခရီးစထွက်မှဖြစ်မယ်၊ လကွယ်ဖို့က လေးရက်ပဲ လိုတော့တာကွဲ့”

“ဟုတ်တယ် အစ်ကိုနွံဖ၊ မနက်ဖြန် ထွက်မယ့် ညနေ
ရထားနဲ့ လိုက်ကြရအောင်”

“ကောင်းသားပဲကွဲ့"

ဆရာနွံဖက ခရီးထွက်ဖို့ သဘောတူလိုက်တယ်။

““မဖဲ၀ါ ပြောသလိုဆိုရင် မိုးညိုနဲ့တိုက်တဲ့ တိုက်ပွဲကို
တိုတိုနဲ့ ဖြတ်လို့ရမှာ မဟုတ်ဘူး အစ်ကိုနွံဖရဲ့၊ အချိန်ဆွဲပြီး
တိုက်ရလိမ့်မယ်။ ဒါမှ ကြာလေ ဒီကောင် အစွမ်းကုန်လေ
ဖြစ်လာမှာ၊ နောက်ဆုံး အစွမ်းလုံးလုံးကုန်ရင် ဒီကောင် ဂျွမ်းထိုးပြီးအားပြန်ရလိမ့်မယ်။ အဲဒီအချိန်မှာ အစ်ကိုနဲ့ ကျုပ်နဲ့ ဒီကောင့်ကိုပွဲသိမ်းတိုက်ကြရမှာပဲ အစ်ကိုရဲ့”

“ဟုတ်တယ် ကိုလူပေ၊ မပူပါနဲ့ ကိုလူပေရာ၊ ဒီကောင်ကို နှိမ်နင်းဖို့ ကျုပ်တို့နှစ်ယောက်စလုံး ရက်ပေါင်း ကိုးဆယ်တိတိ
ဥပုသ်စောင့် ဝင်ခဲ့ကြပြီပဲကွာ”

ဒီတော့ ဘိုးလူပေက ဘာမှပြန်မပြောတော့ဘဲ ခေါင်းညိတ် ပြလိုက်တယ်။ ကျုပ်ဆရာကြီးနှစ်ယောက်ဟာ နတ်မိစ္ဆာကြီး
မိုးညို ကိုတိုက်ဖို့ တစ်ချက်မှ သတိမလစ်ကြဘူး ဆိုတာကို တွေ့
တော့ ကျုပ် တော်တော်ကို အံ့သြသွားတယ်ဗျ။

နောက်နေ့ ညရထားနဲ့ ကျုပ်တို့ ရန်ကုန်ကို ဆင်းလာခဲ့တယ်။ ရန်ကုန်ကိုရောက်တော့ ရွှေတိဂုံဘုရားကြီး အရှေ့မုခ်က
ဗဟန်းဘုန်းကြီးကျောင်းတစ်ကျောင်းမှာ တည်းခိုကြတယ်။ အဲဒီ
ကျောင်းက ဆရာတော်က ဆရာနွံဖကိုရော ဘိုးလူပေကိုရော ၊
ရင်းရင်းနှီးနှီး သိတာဗျ။ ဆရာနှစ်ယောက်ပေါင်းပြီး ဆင်းလာ
တော့ တော်တော်ကို အံ့သြနေတာပေါ့ဗျာ။

“ပထမံဆရာပွားကြီးရဲ့ တပည့်နဲ့ သားတော်ကြီးတို့
အတူတူလာကြတယ် ဆိုကတည်းက တော်တော်အရေးကြီးတဲ့
ကိစ္စမှန်း ဘုန်းကြီး ရိပ်မိပါတယ်လေ။ ကဲဘုန်းကြီးရဲ့ကျောင်းမှာ
စိတ်တိုင်းကျ တည်းကြခိုကြပေတော့ကွယ်၊ သြော် ဒါနဲ့ ဒီကလေးက ဘယ်သူတုံးကွဲ့”

Comment