အပိုင်း - (၄) _Unicode_


လွန်းနှင့်ပရဏဝုရ်ယိဏ်းတို့စတွေ့သည့်နေ့မှစပြီး အချိန်ဟာ သုံးရက်ကုန်ဆုံးသွားလေသည်။ထိုသုံးရက်လုံးတွင် လွန်းဟာပေါ်မလာခဲ့ချေ။သို့ကြောင့် ပရဏဝုရ်ယိဏ်း ဟာ သူတို့အသစ်ချထားသည့်စည်းဟာ အောင်မြင်သည်ဟုတွေးခဲ့သည်။သို့နှင့် သုံးရက်မြောက် သန်းခေါင်းယံအချိန်တွင် ပရဏဝုရ်ယိဏ်းဟာ ထုံးစံအတိုင်းတောင်ခြေရှိ ချောင်းတွင်ကိုယ်ခန္ဓာကိုဆေးကြောရန် တစ်ဦးတည်း ဆင်းလာခဲ့သည်။

ညအခါသည် အေးချမ်းလှသည်။ရေချောင်းမှရေကျသံဟာ ဝါးတစ်ပြန်စာလောက်ကနေ အတိုင်းသားကြားနေရသည်။ညည့်ဦးယံလေပြေဟာ သစ်ရွက်ကလေးများကို တိုက်ခတ်သွား၍ သစ်ရွက်လှုပ်သံသဲ့သဲ့လည်းကြားနေရသည်။ပရဏဝုရ်ယိဏ်း ရေချိုးနေကျနေရာသည် ရေချောင်း၏အနောက်ဘက်တွင်ဖြစ်ပြီး အနည်းငယ် ကျယ်ဝန်းသည်။ချောင်းဟာ တောင်ပေါ်ကနေ အကွေ့အကောက်များနှင့် စီးဆင်းလာရင်း တောင်ခြေရောက်သည့်အခါ အနောက်မြောက်သို့အနည်းငယ်ကွေးသွားပြီး နောက်ဆုံးမှာတော့ ရွာထိပ်မှစ၍ အနောက်သို့စီးဆင်းသွားလေသည်။ထို့အပြင် ရေချိုး၊ရေကူးရန်ရည်ရွယ်ကာ ချောင်းအားအနောက်ဘက်သို့အနည်းငယ်ချဲ့၍ ကန်သဖွယ်တူအောင် ဘေးမှ ကျောက်တုံးအနည်းငယ်စီတန်းထားလေသည်။

ယိဏ်းသည် ကိုယ်မှအသုံးအဆောင်များကို ချွတ်၍ ချောင်းစပ်ရှိ ရေအိုင်ထဲသို့အသာယာဆင်းလိုက်လေသည်။ညည့်ဦးယံသန်းခေါင်ချိန်ဖြစ်သည်နှင့်အမျှ တောခွေးတို့ဟောင်သံဟာလည်း အဝေးမှတစ်ချက်တစ်ချက်ကြားရလေသည်။ယိဏ်းသည် ကျောက်တုံးကြီးတစ်ခုကိုမှီ၍ ကောင်းကင်ယံရှိလမင်းကြီးကိုကြည့်နေလေသည်။ကောင်းကင်တွင် ကြယ်ကလေးများဟာလည်း မှိတ်တုတ်မှတ်တုတ်နှင့် လင်းနေကြသည်။လရောင်၏အောက်တွင် ယိဏ်း၏ဖြူဖွေးသောပုခုံးဟာ ရေများတင်ကျန်နေသဖြင့် တစ်ချက်တစ်ချက် လက်လက်သွားသည်။ အမှောင်ထဲတွင် ယိဏ်း၏အညိုရောင်မျက်ဝန်းများဟာ လရောင်ကြောင့် အရောင်လဲ့ကာရွန်းလက်နေသယောင်။မည်သူမျှမရှိသောထိုအချိန်ထိုနေရာတွင် ကိုယ်ခန္ဓာလာရောက်သန့်စင်ရခြင်းကို ယိဏ်းအင်မတန်နှစ်သက်လေသည်။ယိဏ်း၏ ထိုအေးချမ်းလှသောအချိန်လေးအား အဆုံးသတ်ရန်အကြောင်းဖန်လာခဲ့လေသည်။

''ဝေ့.....အဲ့မှာ ဘာလုပ်နေတာတုန်း ကန်ထဲဆင်းပြီး....''

အလှမ်းမကမ်း၌ ယိဏ်းသည် ခေါ်သံတစ်ခုကြားလိုက်လေသည်။ထိုအသံသည်လည်း ရင်းနီးနေသောအသံဖြစ်နေသည်။ရေကန်ထဲ၌ ရေချိုးနေသည်ကိုမြင်နေ၍ ဘာလုပ်နေသလဲ မေးခွန်းဟာ ကြောင်တောင်တောင်နိုင်လှသည်။
ယိဏ်း သည် လူလာသည့်အတွက် အဝတ်လှမ်းယူရန်ကြည့်လိုက်သည့်အခါ သူနှင့် အနည်းငယ်လှမ်းနေသေးသည်။ထို့ကြောင့် ယိဏ်းဟာ ကိုယ်ခန္ဓာဗလာကျင်းဖြစ်နေပြီး လူတစ်ယောက်သူ့အနောက်တွင် ရှိနေသည်ကိုသိသောအခါ ပူထူသွား၍ မတ်တပ်ထပြီးရပ်မိသွားသည်။ ယောင်ပြီးထမိသွားသည်ဖြစ်၍ အဝတ်မပါသည်ကို ချက်ချင်းသတိရသွားလေသည်။ အသံပိုင်ရှင်ဟာ လွန်းမှန်း ယိဏ်းသိလိုက်သည်။မျက်နှာများလည်းရဲကာနေလေပြီး နားရွက်များပါ နီလာသည်။
သို့သော် စိတ်လှုပ်ရှားသည့် အမူအရာမပြ။မျက်နှာထားကိုတည်ထားလေသည်။ထို့စဥ်အနောက်မှအသံထွက်လာပြန်သည်။

''ဟိုဝေး.....ဖင်ပြောင်ပြောင်လေးနဲ့ပါလား....နဂါးမင်းက....''

အသံပိုင်ရှင်ကား ယိဏ်းထင်ထားသည့်အတိုင်း လွန်းဖြစ်နေသည်။

''အ....အသင်လူသား သန်းခေါင်ယံအချိန်ကြီး ဒီနေရာကို ဘယ်....ဘယ်လိုရောက်နေတာလဲ....''

လွန်းဟာ ယိဏ်း၏အမေးကြောင့် တစ်ချက်ပြုံးလိုက်သည်။ထို့နောက် သူ၏ဖျင်ထည်တပတ်အား ယိဏ်းဘေးနားက ကျောက်တုံးပေါ်သို့ ပစ်ပေးလိုက်သည်။

''ရော့ပါ....တပတ်အရင်ခြုံလိုက်....မြင်ရတာ မျက်လုံးတောင်ကျိန်းတယ်....ပြောင်ပြောင်လက်လက်လေးဖြစ်နေတော့....''

လွန်းဟာ ယိဏ်းကိုစလိုက်သေးသည်။လွန်းဟာ ယိဏ်းအား နဂါးဆိုတာထက် စလို့ကောင်းတဲ့သူလို့ စိတ်ထဲတွင်မှတ်ယူထားသိလားမပြောတတ်ချေ။
ယိဏ်းနေရခက်မည်ဟူသောအတွေးကြောင့် လွန်းဟာ ယိဏ်းအပေါ်တက်လာရန် တစ်ခြားတစ်ဖက်ကိုကျောပေးထားလေသည်။
ယိဏ်းဟာ ချောင်းစပ်ကိုတက်လာပြီးနောက် လွန်းပေးသော ဖျင်ထည်တပတ်လေးအား သူ့အောက်ပိုင်းအားလုံခြုံအောင် ဖုံးလိုက်လေသည်။

''ကဲ.....နဂါးမင်း.....ဘယ်လိုလဲ....ရပြီလား....''

''ရ....ရပါပြီ......''

လွန်းဟာ ယိဏ်းကိုကြည့်ပြီးရယ်ချင်စိတ်ကိုမထိန်းနိုင်ဖြစ်နေသည်။ယိဏ်းကတော့ မျက်နှာကိုဟန်မပျက်တည်ထားလေသည်။

''မရည်ရွည်ပါဘူး ကိုနဂါး....ကျွန်တော်လည်း ရွာမှာ ဘုရားပွဲကိုပြင်ဆင်ဝိုင်းကူပေးနေရတာနဲ့ ရေကူးရအောင် ဒီချိန်ထွက်လာလိုက်တာ....တိုက်ဆိုင်သွားတာပါ....''

ယိဏ်းကတော့မည်သည့်စကားသံမှမထွက်ချေ။လွန်းသည် ယိဏ်းမျက်နှာပူနေသည်ကိုသိသောကြောင့် စကားလမ်းကြောင်းလွှဲလိုက်လေသည်။

''....ဒါနဲ့....ယိဏ်း..... နဂါးလည်းရေချိုးစရာလိုတယ်လား.....''

''လိုအပ်ပါတယ် အသင်လူသား....ကျွန်ုပ်တို့နဂါးတွေလည်း နာမ်ခန္ဓာနှင့်ဖြစ်တည်လို့ ကိုယ်ခန္ဓာသန့်စင်တာဟာ လိုအပ်ပါတယ်....''

''ဒါနဲ့....ယိဏ်း....ခင်ဗျားစကားပြောတာကထူးဆန်းတယ်နော် အခုဘက်ကလူတွေမပြောတဲ့စကားနဲ့.....''

''အသင်လူသားလည်း အကျွန်ုပ်ကို စကားပြောတာ ရဲတင်းတယ်လို့ပြန်ပြောပါရစေ....တစ်ဦးနှင့်တစ်ခုတွေ့တာ အခုအခါပါမှ နှစ်ခါသာရှိသေးသည်ကို.....ကျွန်ုပ်အား ယိဏ်း....ဟု အတိုချုပ်ခေါ်နေလေတာ....''

လွန်းသည် ယိဏ်းထံမှပြန်လည်ချေပသည့်စကားကိုမထင်မှတ်ထားသောကြောင့် မျက်ခုံးတစ်ဖက်ပင့်ကာပြုံးလိုက်လေသည်။

''ဪ.....ရိုင်းသွားတယ်ဆိုရင် ကန်တော့ပါ....ကျွန်တော်က အရှင်နဂါးမင်းနဲ့ခင်ချင်လို့လေ.....''

လွန်းဟာ ယိဏ်းအား စစနောက်နောက်နှင့် လက်အုပ်လေးချီကာ တောင်းပန်ဟန်လုပ်လိုက်လေသည်။

''လူသားနှင့်နဂါးတို့ဟာ မိတ်ဆွေအဖြစ်မတည်ရှိနိုင်ပါ....အသင်လူသားနှင့်အကျွန်ုပ်တို့ဟာ ရှေးရေစက်ကြောင့် တွေ့ရဆုံကြတာပါ....''

''ဒါဆို....တွေ့လက်စနဲ့ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနီးနီးနေကြရင် မကောင်းဘူးလား.....''

လွန်းဟာ ယိဏ်းအား စတင်ပြီး မိတ်ဖွဲ့စကားဆိုလိုက်သည်။

''အသင်လူသား....နဂါးတစ်ကောင်နဲ့ပတ်သက်မိရင် အသင့်အတွက် အန္တရာယ်အင်မတန်မှ များလှသည်...သို့ကြောင့် မရူးမိုက်လိုစေချင်....''

ယိဏ်းကတော့ ငြင်းဆိုလိုက်လေသည်။

''ကိုနဂါးနဲ့....ဘာစကားမှညှိပြီးပြောလို့ကိုမရဘူး....မသိဘူးဗျာ.....ဒီနေ့ကစပြီး နဂါးမင်းတွေဘာတွေမသိဘူး....ခင်ဗျားက သူငယ်ချင်းမရှိတဲ့သူမလို့ ကျွန်တော်က အနစ်နာခံပြီး ခင်ဗျားနဲ့အပေါင်းအပါလုပ်ပေးမယ်.....ကျွန်တော်ပိုင်တာလည်း ကျွန်တော့်ဟာ....ခင်ဗျားပိုင်တာလည်း ကျွန်တော့်ဟာပေါ့ မဟုတ်ဘူးလား....''

''အသင်လူသားကို နားမလည်နိုင်ပါ.....ရှုပ်ထွေးလွန်းလှသည်.....''

ယိဏ်းဟာ ဇွတ်ကြီးသော လွန်း၏စကားကို အပြိုင်ပြောမနေတော့ဘဲ....အင်းလိုက်သလိုနေလိုက်ရသည်။လွန်းကတော့ ဖျင်ထည်ဘောင်းဘီအတိုလေးနှင့် ရေထဲကို ​​​ခုန်ဆင်းချလိုက်သည်။

''ဗွမ်း..............''

ယိဏ်းဟာ အရပ်ရှည်သောကြောင့် ရေဟာ ယိဏ်း၏ရင်ဘက်လောက်သာရှိသော်လည်း လွန်းခုန်းဆင်းလိုက်သည့်အခါ ရေဟာ မေးစေ့လောက်ရှိသည်။

''အဟား....ဟား....ဟား....ဟား.....အခုမှဘဲ လန်းဆန်းသွားတော့တယ်....''

''အသင်လူသား.....အရမ်းကလေးဆန်လွန်းလှသည်....''

''အဲ့တာက ခင်ဗျားက ကျွန်တော့်လို ရေမှမဆော့ဖူးတာ....ဆော့ကြည့်မလား....''

''မဆော့ပါ.....''

''ကဲ....မပြန်နဲ့ဦး.....အဲ့မှာခဏထိုင်နေဦး....သစ်ပင်နားက သစ်မြစ်တိုနားမှာ....''

''အသင်ဘာအလိုရှိရပြန်ပြီနည်း....''

''မရှိဘူး.....မရှိဘူး.....ခင်ဗျားကို ပြစရာရှိလို့.....ဘာလဲလို့မမေးနဲ့.....​ရေချိုးပြီးရင် ပြောပြမယ်....ခင်ဗျားအဆောင်အယောင်တွေဝတ်ထားလေ....''

''နားမလည်နိုင်သော စကားများပင်....''

လွန်းဟာ ရေကိုတစ်ဝကြီး လက်ပစ်ကူးလိုက်....လိပ်ပြာကူး....ဖားကူး...မျောက်ကူး....ကိုယ်ဖော့ကူး....အစုံကို ကလေးတစ်ယောက်လို ပျော်ပျော်ကြီး ကူးနေလေသည်။ယိဏ်းကတော့ မျက်မှောင်ကြုတ်၍ လွန်းအားကြည့်နေလေရင်း အဆောင်အယောင်များပြန်ဝတ်နေလေသည်။စိတ်ထဲတွင်တော့ လွန်းအားဘာများပြောနေမယ်မှန်း မသိ။

နာရီဝက်ခန့်ကြာလောက်သည့်အချိန်တွင်ကား လွန်းဟာ ရေကူးရတာဝ၍ အပေါ်သို့ပြန်တက်လာခဲ့လေသည်။လွန်းဟာ ဘေးကိုကြည့်လိုက်သည့်အခါ အူတူတူလေးဟိုကြည့်ဒီကြည့်လုပ်ကာ ဘေး​တွင်ဝဲနေသောခြင်များကို လက်နှင့်ဝေ့ကာရမ်းနေသည့် ယိဏ်းကိုမြင်လိုက်ရသည်။လွန်းသည် ယိဏ်း၏အသွင်ကိုကြည့်ကာ တစ်ချက်ပြုံးလိုက်လေသည်။စိတ်ထဲတွင်တော့ ဒီလူ စကားတော့နားထောင်သား ဟုတွေးနေလေသည်။

''ကဲ....ရေလည်းဝသွားပြီဆိုတော့ အဝတ်လဲပြီး သွားကြတော့မလား.....ကိုနဂါး....''

''အသင် အကျွန်ုပ်အား အဘယ်သို့ခေါ်သွားရန်တွေးနေသည်လော....အသင်လူသား....''

''သွားရင် ဘယ်သွားရမလဲ....ကျိန်းသေပေါက် ရွာထဲကိုပေါ့....ကိုနဂါးနဲ့တွေ့မှတော့ ကိုယ်စောင့်ရှောက်တဲ့ရွာက အလှူလည်းကြည့်ရမှာပေါ့....မဟုတ်ဘူးလား....''

''ကျွန်ုပ် မလိုက်ချင်ပါ..... လူတွေထူထပ်ရင် အခက်တွေ့ရပါလိမ့်မယ်....''

''အော်....ဘာဖြစ်လဲ....ကျွန်တော်တစ်ယောက်လုံးရှိနေတာဘဲ....ပြီးတော့ စကားသိပ်မပြောဘဲ ရုပ်ကိုတည်ထားပေါ့....ခင်ဗျားက နဂါးပါလို့ ဘယ်သူမှတောင်သတိထားနေမှာမဟုတ်ဘူး.....လာ......အဆောင်အယောင်မချွတ်တောင် ဘာမှမဖြစ်ဘူး....​ခင်ဗျားရုပ်ရည်နဲ့ဆို လူတိုင်းက ဇာတ်မင်းသားဘဲထင်မှာ.....''

''ကျွန်ုပ်ကြောင့်အနှောက်အယှက်မဖြစ်စေချင်ဘူး....''

''ခင်ဗျား....မမြင်ဖူးသေးဘူးမလား....ကျွန်တော် လိုက်ပြမယ်....ကျွန်တော်တို့ရွာက ဘုရားပွဲက ဘယ်လောက်စည်သလဲဆိုတာ....''

''ကျွန်ုပ်.....မ....လိုက်....''

''ခင်ဗျားငြင်းရင် ဂူထဲနေ့တိုင်းလာမှာ....''

''အဲ့လိုတော့မလာနဲ့.....လိုက်ခဲ့ပါမယ်....''

ယိဏ်းဟာ လွန်းအားဂူထဲသို့မလာစေသဖြင့် သဘောတူလိုက်လေသည်။လွန်းလည်း ရေဝတ်လဲကာ အသင့်ပါလာသော အဝတ်အစားထုပ်လေးဖြည်ကာ လဲဝတ်လိုက်လေသည်။ပြီးသောအခါ ယိဏ်းအားခေါ်၍ ရွာဘက်သို့ထွက်လာခဲ့လေသည်။

ဆယ်မိနစ်လောက်လမ်းလျှောက်လာသည့်အခါမှာတော့ ရွာထဲဝင်လာခဲ့သည်။ရွာထဲဝင်သည်နှင့် ယိဏ်းဟာ မျက်နှာအမူအရာပြောင်းသွားလေသည်။ထို့နောက် ညောင်ပင်ကြီးတစ်ပင်နားအရောက်မှာတော့ ယိဏ်းဟာ ထိုညောင်ပင်ကြီး၏ အပေါ်ပိုင်းက ကိုင်းကြီးကို စိုက်ကြည့်နေသည်။ထို့နောက် လွန်းဘက်ပြန်လှည့်လိုက်သည်။

''ကဲ.....ညောင်ပင်ကြီးမြောက်ဖက်က ကျောင်းရဲ့တောင်ဘက် မုခ်ပေါက်ဘဲ....လာသွားရအောင်.....''

''ဒီအချိန်ကြီးထိ လုပ်ကြတာလား အသင်လူသား....ဘုရားပွဲက.....''

''လုပ်တာပေါ့....လုပ်တာမှ ခုနှစ်ရက်လုံးညလုံးပေါက်ဘဲ.....ခင်ဗျားကို ခင်မင်ရတဲ့အမှတ်တရအနေနဲ့ ဘုရားပွဲလိုက်ပြမယ်....လာ.....''

''အင်း.....''

လွန်းနှင့်ယိဏ်း မုံတဝကျောင်း၏တောင်ဘက်မုခ်ဦးအဝသို့ရောက်လေသည်။ထိုစဥ် မုခ်ဦးတောင်တန်းတန်း ညောက်ပင်အောက်နားတွင် အရက်သမား ကိုဇော်လင်းဟာ ယိုင်တိုင်တိုင်နှင့် ပုလင်းမော့ကာ မုခ်ဦးဘက်သို့လာနေကာ လွန်းကိုမြင်၍ လှမ်းနှုတ်ခေါ်ရန်လပ်ပြမည့်အချိန် သူ့မျက်လုံးထဲမှာ လွန်း၏နံဘေးကလူ၏အရိပ်ကို မြင်ကာ မျက်လုံးပြူးသွားလေသည်။အကြောင်းကား ယိဏ်း၏အရိပ်ဟာ နဂါးအသွင်ဖြစ်နေပြီး မုခ်ဦးဘေးနားကနံရံတွင်အထင်းသားပေါ်နေသည်ကို အရက်သမားကိုဇော်လင်း တွေ့မြင်လိုက်ရသောကြောင့်ဖြစ်သည်။

ကိုဇော်လင်းဟာ ထိုအရိပ်ကြီးကိုမြင်သည်နှင့် အမူးပြေသွားကာ အနောက်ပြန်လှည့်ကာ တန်းနေအောင်ပြေးသွားလေသည်။လွန်းကတော့ ကိုဖော်လင်းကိုသတိမထားလိုက်ချေ။ယိဏ်းကတော့ ကိုဇော်လင်းပြေးသွားတာကိုမြင်လိုက်ရသည်။သို့နှင့် နောက်တစ်ကြိမ် ညောင်ပင်ကြီး၏အပေါ်ပိုင်းကို ထပ်ပြီးကြည့်၍ ခဏကြာတော့ လွန်းနှင့်မုခ်ပေါက်ထဲသို့ ဝင်သွားကြလေသည်။

လွန်းနှင့်ယိဏ်းတို့ အထဲဝင်သွားသည့်အခုမှာတော့ အစောက ယိဏ်းကြည့်နေသည့်ညောင်ကိုင်းကြီးနောက်တွင် တောင်ပံလေးဖက်နှင့်အရာတစ်ခုက ခေါင်းကြီးထွက်လာကာ လွန်းတို့ကိုမျက်ဝန်းစိမ်းစိမ်းကြီးနှင့် စိုက်ကြည့်နေကာ ခဏမှာတော့ အနောက်ဖက်သို့ပျံထွက်သွားခဲ့လေသည်။



အပိုင်း(၅)/?






Comment