အပိုင်း - (၁၇) _Unicode_




နတ်ဆိုးမှင်စာမလေး အလက္ခယာဟာ  လွန်းကိုသူမ၏စူးရှသည့်မျက်လုံးများနှင့်ကြည့်နေလေသည်။လွန်းဟာ ထိုအချိန်တွင် ညာဘက်လက်ကိုဘေးသို့တန်းပြီး  ခေါက်ယပ်တောင်ကို မြေကြီးပေါ်မှ သူ၏အရိပ်ပေါ်သို့အထောင်လိုက်ပစ်ချလိုက်လေသည်။ကောင်းကင်ပေါ်မှလမင်းကြီးဟာလည်း အခုမှလပြည့်ကျော်စွန်းစွန်းရက်ကလေးဖြစ်၍ ဖြူဖွေးလင်းလက်နေသည့်စန္ဒာလမင်းကြီးဟာ  အတိုင်းသားထင်းနေလေသည်။လွန်း၏ ခေါက်ယပ်တောင် အောက်ကျသည့်အချိန်တွင်
လွန်း၏အရိပ်အောက်မှ လူရိပ်သုံးခုထွက်ပေါ်ကာလာခဲ့လေသည်။လက္ခယာ လွန်း၏အရိပ်ထဲမှထွက်လာသည့် အရိပ်သုံးခုကို သေချာအကဲခပ်ပြီးသတိထား၍နေလေသည်။လွန်းကတော့ အရိပ်ထဲမှထွက်ပေါ်လာသူတို့ကို မကြည့်ဘဲ အလက္ခယာ၏ ဘယ်အချိန်မလှုပ်ရှားမလဲဆိုတာကိုသာ အာရုံစိုက်နေလေသည်။






ထိုအချိန်တစ်ဖက်မှာတော့ ​မြစိမ်းရောင်ဂဠုန်နှင့် ဂဠုန်တို့ဟာ မုံတဝကျောင်းတောင်ဘက်အဝင်မုခ်ပေါက်နားတွင် တိုက်ခိုက်နှင့်နေပြီဖြစ်သည်။ဂဠုန်နှင့်နဂါး၊ လွန်းနှင့်အလက္ခယာတို့ဟာ ရွာသားများ၏မြင်ကွင်း၏အခြားတစ်ဖက်တွင်တည်ရှိနေပြီး သာမန်လူများဟာ သူတို့ကိုမမြင်ရနိုင်ချေ။



နဂါးနက်ဟာ မြစိမ်းရောင်ဂဠုန်အား ဦးစွာတိုက်ခိုက်လေသည်။သည်တစ်ခါတွင်တော့ နဂါးနက်ဟာ မြစိမ်းရောင်ဂဠုန်၏ကိုယ်ပေါ်ကိုရစ်ပတ်ပြီး ချုပ်ထားပြီး ကိုက်လေသည်။ထိုအချိန်တွင် မြစိမ်းရောင်ဂဠုန်ဟာ မပျံတော့ဘဲ မြေကြီးကိုအပေါ်မှ လေဟုန်စီးကာ ဝင်တိုက်လေသည်။ထိုသို့ခုန်ချလိုက်သောကြောင့် နဂါးနက်ဟာ အထိနာသွားလေသည်။သို့သော်အရမ်းမပြင်းချေ။မြစိမ်းရောင်ဂဠုန်ဟာ နဂါး၏ရစ်ပတ်ချုပ်နှောင်မှုကို အားသုံးကာ ဖယ်ရှားပြီး နဂါးနက်ကို သူ၏ မြစိမ်းရောင်အတောင်ပံချွန်များနှင့်ပစ်လေသည်။နဂါးနက်ဟာ မြစိမ်းရောင်ဂဠုန်၏တိုက်ခိုက်မှုကိုရှောင်လိုက်ကာ လေပေါ်သို့ပျံတက်သွားလေသည်။ထိုအချိန် မြစိမ်းရောင်ဂဠုန်ဟာ နဂါးနက်၏အနောက်ကိုလိုက်ကာ နဂါးနက်အားလိုက်ဖမ်းလေသည်။နဂါးနက်သည် အပေါ်တည့်တည့်ကိုသာပြန်တက်သွားလေသည်။မြစိမ်းရောင်ဂဠုန်ဟာလည်း အမိအရကိုလိုက်လေသည်။နဂါးနက်ဟာ အပေါ်မှာရှိသည့်တိမ်များအကြားဝင်သွားလေသည်။မြစိမ်းရောင်ဂဠုန် ထိုတိမ်ဆိုင်နားရောက်သည့်အခါမှာတော့ နဂါးနက်ဟာ ရုတ်တရက် တိမ်ဆိုင်များကြားထဲမှ ပြန်ထွက်လာပြီး အမြှီးနှင့်မြစိမ်းရောင်ဂဠုန်၏ခေါင်းကို အားပါပါနှင့်ရိုက်ချလိုက်လေသည်။မြစိမ်းရောင်ဂဠုန်ဟာ နဂါးနက်၏ရိုက်ချက်ကြောင့် မူးဝေသွားကာ ပြုတ်ကျသွားလေသည်။




လေထဲမှာမူးဝေကာပြုတ်ကျနေသည့် မြစိမ်းရောင်ဂဠုန်ကို နဂါးနက်ဟာ လေထဲတွင် ထပ်မံဝမ်းဗိုက်အားရိုက်ချလေသည်။ထို့နောက် ရစ်ပတ်၍မီးလောင်ချရန် မြစိမ်းရောင်ဂဠုန်၏အနီးသို့သွားလိုက်သည့်အခါတွင် မြစိမ်းရောင်ဂဠုန်ဟာ ရုတ်တရက် သူ၏အစိမ်းရောင်မျက်လုံးများကိုဝင်းနေအောင်ပြူးကာ နဂိုထက်လျှင်မြန်သောအရှိန်နှင့် နဂါးနက်ထက်မြင့်သည့်အပေါ်ကိုပျံပြီး နဂါးနက်အား သူ၏ခြေသည်းများအမိအရကုပ်ယူလိုက်ကာ လေထဲသို့ပျံတက်သွားလေသည်။မြစိမ်ရောင်ဂဠုန်၏ ချုပ်ကိုက်တာခံနေရသည့် နဂါးနက်ဟာ မြစိမ်းရောင်ဂဠုန်အား မီးနှင့်မှုတ်လေသည်။ မြစိမ်းရောင်ဂဠုန်ဟာ နဂါးနက်၏မီးတောက်များမှရှောင်တိမ်းရန် ဟိုဘက်ဒီဘက်ကိုပျံလိုက်လေသည်။မီးနှင့်မှုတ်လို့မရသောကြောင့် နဂါးနက်ဟာ သူ၏အမြှီးကိုသုံးကာ လေထဲတွင် ချွန်ထက်လှသောဓားသွားပမာထက်လှသည့် အသွင်ပြောင်းပြီး မြစိမ်းရောင်ဂဠုန်၏အတောင်ပံများအားလှမ်းခုတ်လေသည်။ထိုအရာကိုသိသည့်ဂဠုန်ဟာ သူ၏အတောင်ပံများကိုသံမဏိအသွင်မာအောင်တင်းလိုက်လေသည်။သို့သော်အချိန်မမှီချေ။ထို့ကြောင့် မြစိမ်းရောင်ဂဠုန်ဟာ နံရိုးအောက်အားဒဏ်ရာရသွားကာ သွေးများပန်းထွက်လာခဲ့လေသည်။ဒဏ်ရာရသွားသည့် မြစိမ်းရောင်ဂဠုန်ဟာ ဒေါသအကြီးအကျယ်ထွက်ကာ နဂါးနက်အား အောက်မြေပြင်ထံ အားနှင့်လွှဲကာပစ်ချလိုက်လေသည်။ဒီတစ်ခါတော့ နဂါးနက်ဟာ မြစိမ်းရောင်ဂဠုန်၏ ငှက်မွေးဓားသွားများအား မကာနိုင်ဘဲ ထိသွားကာ တစ်ချို့တစ်လေသောငှက်မွေးဓားသွားများဟာ နဂါးနက်၏ကိုယ်ပေါ်တွင်စိုက်လျှက်ပင်ကျန်နေလေသည်။သို့သော် မည်သည့်ဘက်ကမှမလျှော့မပေးဘဲ ဒဏ်ရာများနှင့် ဆက်လက်ပြီး တစ်ကောင်နှစ်တစ်ကောင် အော်ဟစ်မြည်တမ်းဟိန်းဟောက်ရင်း တိုက်ပွဲကိုတိုက်ခိုက်ကြလေသည်။

တစ်ဖက်မှာတော့ လွန်းနှင့်အလက္ခယာတို့ဟာ တောင်ဘက်မုခ်ဦး၏အနောက်ဘက်ကျသောနေရာရှိ ညောင်ညွှန့်ပင်ကြီး သုံးပင်နားတွင် တစ်ယောက်နှင့်တစ်ယောက် ဝါးတစ်ပြန်စာသာအကွာတွင် တောင်ဖက်၊မြောက်ဖက် မျက်နှာချင်းဆိုင်ရှိနေလေသည်။လွန်းဟာတောင်ဘက်ရှိ အလက္ခယာကိုကြည့်နေပြီး အလက္ခယာကတော့ မြောက်ဘက်ရှိလွန်းကိုကြည့်နေလေသည်။
ထိုစဥ်အချိန်မှာ လွန်းဟာ ယိဏ်းတို့တိုက်ခိုက်နေသည့်အသံများကိုကြားနေရလေသည်။သို့သော် ၊ အာရုံတော့မလွှဲရဲချေ။အဘယ်ကြောင့်ဆိုသော် သူအာရုံလွတ်သွားသည်နှင့် အလက္ခယာဟာ လွန်းကိုသတ်မည်ဖြစ်သောကြောင့်ဖြစ်သည်။နောက်ပြီး လွန်းဟာ အလက္ခယာနှင့်ယှဥ်လိုက်လျှင် လွန်းဟာ သာမန်လူသားတစ်ယောက်ဖြစ်ပြီး အလက္ခယာဟာ သူနားမလည်သည့် နတ်ဆိုးမှင်စာဆိုသော​ဖြစ်တည်မှု။လွန်းဟာ နဂိုထဲကကြောက်စိတ်မရှိသဖြင့် အလက္ခယာဟာ ဒီအတိုင်းယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သော်လည်း သူ့တွင် ပရလောကသားများနှင့်တိုက်ခိုက်ဖူးသည့် အတွေ့အကြုံမရှိချေ။သို့ပေမဲ့ သူ၏မသိစိတ်ထဲမှ စေခိုင်းသည့်အတိုင်းလုပ်ရန် လွန်းအား သူ၏ဆဌမအာရုံဟာ လှုံ့ဆော်နေလေသည်။အားကိုးစရာဟာလည်း မီးလောင်ရာများနှင့် သနားစရာဘီလူးသုံးကောင်သာရှိလေသည်။နောက်ဆုံး​တွင် မရှိတာထက်စာရက်လို့တွေးပြီး မသိစိတ်ကစေခိုင်းသည့်အတိုင်း ယပ်တောင်ကို ညာဘက်အောက်ရှိအရိပ်ပေါ်သို့ ပစ်ချလိုက်လေတော့သည်။




ပြုတ်ကျသွားသည့်လောက်ယပ်တောင်ဟာ မြေပြင်ပေါ်သို့ထိလိုက်သည်နှင့် အရိပ်သုံးခုထွက်လာလေသည်။လွန်းကတော့ သူ့​ဟာ သူ့အောက်မှ သူ၏အရိပ်ကိုသတိမထားဘဲနေလေသည်။ထိုအချိန်အရိပ်များဟာ တစ်ဖြည်းဖြည်း သူ့အရပ်ထက်ကျော်သွားသည်ကို လူပုံစံများဖြစ်သွားလေသည်။ထို့နောက်​ထိုထဲမှတစ်​ယောက်ဟာ လွန်းအားရိုသေစွာပြောလေသည်။



''ကျွန်တော်မျိုးရဲ့သခင်.....ကျွန်တော်မျိုးတို့ ဘီလူးသုံးကောင် သခင့်အားဒူးထောက်ကာ အရိုအသေပေးပါတယ်.....''

လွန်းဟာ သူ့ကိုအရိုအသေပေးနေသော သူသုံးဦးဘက်လှည့်လိုက်သောအခါ ချောမောခန့်ညားကာ လရောင်အောက်တွင်ထင်းနေသည့်ဖြူဖွေးသောအသားအရည်များနှင့်ဖုထစ်မို့မောက်နေသောကြွက်သားများနှင့် လောဝ်ဝမ်းတို့နှင့်မတိမ်းမယိမ်းအရွယ် သုံးယောက်ကိုတွေ့လိုက်ရလေသည်။ထိုသုံးယောက်စလုံးဟာ အပေါ်ပိုင်းဗလာကျင်းဖြစ်ပြီး အောက်ပိုင်းကိုတော့ စီလုံချည်ပုဆိုးကို ပေါင်ရင်းထိအောင်တိုကာ ကတောင်းကျိုက်ထားကြလေ​သည်။

''ဟာ......အာ.....မလိုပါဘူး မလုပ်ပါနဲ့.... အခုကျွန်တော်အသတ်ခံရမဲ့အရေးကြုံနေလို့.....အဲ့တာခေါ်လိုက်တာပါ.....''


လွန်း၏စကားကိုကြားသည်နှင့် သုံးယောက်စလုံးဟာ အမျက်ထွက်သည့်မျက်နှာအမူအရာဖြစ်သွားကြလေသည်။ထိုစဥ် အလက္ခယာဘက်မှလည်း အသံထွက်လာလေသည်။





''ကောင်လေး.....စကားဘဲပြောနေကြတော့မှာလား.....''




ထိုစဥ် သုံးယောက်ထဲမှ အရှိန်အဝါကြီးသည့်တစ်ယောက်ဟာ လွန်းကို စကားတစ်ခွန်းပြောလေသည်။



''ကျွန်တော့်ရဲ့သခင်......အဲ့လိုမှင်စာကိုတိုက်ခိုက်ဖို့ ကျွန်တော်မျိုးတို့သုံးယောက်စလုံးမလိုပါဘူး သခင်......နက္ခတစ်ယောက်နဲ့တင်လုံလောက်ပါတယ်....နက္ခ...သခင့်အသက်ကိုရည်ရွယ်နေတဲ့ မှင်စာကိုပညာပေးလိုက်ပါဦး.....''



လွန်းဟာ လက္ခလို့ထင်ရသည့်လူ၏စကားကိုခေါင်းညိမ့်လိုက်လေသည်။ထိုစဥ် နက္ခဆိုသည့် လူရုပ်အသွင်နှင့်ဘီလူးဟာရှေ့ကိုထွက်လာခဲ့လေသည်။ထို့နောက် နက္ခဟာ အလက္ခယာအားကြည့်လိုက်လေသည်။ ထို့နောက် အလက္ခယာဟာ ဓားနှစ်လတ်ကိုကိုင်ကာ လေပေါ်သို့ခုန်တက်ကာ ခုတ်လေသည်။သို့သော် နက္ခဟာ လျှင်မြန်သောအရှိန်နှင့် ဘေးသို့ရှောင်လိုက်လေသည်။ထို့နောက် နက္ခဟာ အလက္ခယာ၏အရိပ်ကိုနင်းထားလိုက်လေသည်။အလက္ခယာဟာ သူမ၏အရိပ်အနင်းခံလိုက်ရသည်နှင့် ရုတ်တရက်ကြီး မြေပြင်ပေါ်သို့ ပစ်လဲကျသွားလေသည်။ထို့နောက်လှုပ်မရတော့ချေ။အလက္ခယာဟာ နက္ခကိုကြည့်လိုက်သည့်အချိန်တွင် နက္ခ၏လက်ဝါးစောင်းဟာ အလက္ခယာ၏လည်ပင်းအားချိန်ထားလေသည်။



''မင်းလှုပ်လိုက်တာနဲ့ ခေါင်းပြတ်ပြီဘဲ......''


လွန်းဟာ နက္ခ အလက္ခယာကို တစ်ချက်ထဲနှင့်အနိုင်ယူလိုက်သဖြင့် အံ့သြသွားလေသည်။ထို့နောက်လွန်းဟာ အလက္ခယာတို့နားကိုသွားလိုက်လေသည်။ကျန်သော လက္ခနှင့် ဒက္ခ တို့ဘီလူးနှစ်ကောင်ကလည်းအနောက်ကလိုက်လာခဲ့လေသည်။


''အလက္ခယာ......ကျွန်တော်က မိန်းကလေးတွေကိုအားနဲ့အနိုင်ကျင့်တတ်တဲ့ ယောက်ျားသားတစ်ယောက်မဟုတ်ဘူး....ပြီးတော့ အလက္ခယာသာ ကျွန်တော့်ကိုသတ်ရင် ကျွန်တော် သူတို့ကိုမခေါ်ခင်အချိန်မှာထဲက သတ်လိုက်ရင်ရပေမဲ့ မျှတတဲ့တိုက်ပွဲကိုလိုချင်တဲ့အတွက် အချိန်ပေးခဲ့တာမလို့ ကျွန်တော်လည်း လက္ခယာကိုမသတ်ပါဘူး.....အကိုနက္ခ....သူ့ကိုလွတ်ပေးလိုက်ပါ....''



ထိုအခါ နက္ခဟာ လွန်းအားကြည့်ကာမေးလေသည်။


''သခင်......ဖြစ်ပါ့မလား......သူကသခင့်အသတ်ကိုရန်လာရှာတာ.....သခင်လွှတ်ပေးရင် နောက်တစ်ခါ သခင့်ကိုသူအန္တရာယ်မပေးဘူးလို့ မပြောနိုင်ဘူး....သခင် ''



''ရပါတယ်.....အဲ့အခါကျတော့ အဲ့အခါပေါ့​ဗျာ.....''



ဘီလူးသုံးကောင်စလုံးဟာ လွန်း၏စကားကိုဘာမှထပ်မပြောကြတော့ချေ။နက္ခဟာလည်း အလက္ခယာကို ချိန်ထားသည့်လက်အား ချလိုက်ပြီး အရိပ်ကိုလည်း ချုပ်ထားရာမှ လွှတ်ပေးလိုက်လေသည်။



''လွန်း......မင်း၊ တို့ကိုလွှတ်ပေးတာ နောင်တရစေရမယ်....''


အလက္ခယာဟာ ထိုသို့ပြောကာ ပျောက်ကွယ်သွားလေသည်။ထို့အချိန်လွန်းဟာ သူ့ကိုယ်သူပြုံးရင်း ဘီလူးသုံးကောင်ကိုကြည့်မိကာ ရုပ်တည်သွားလေသည်။



''နေပါဦး......အကိုတို့တွေက ကတောင်းကြီးကျိုက် ဘာမှလည်းမဝတ်ဘဲနဲ့ ဘယ်လိုဖြစ်ကြတာလဲ....အအေးပတ်မယ်ဗျ.....မအေးကြဘူးလား....''


ထိုအခါ ဘီလူးသုံးကောင်ဟာ သူတို့ကိုယ်သူတို့ကြည့်နေပြီး လွန်းအားပြန်ကြည့်ကာ ခေါင်းခါပြကြလေသည်။
သူတို့အဖြေကိုလွန်းဟာမကျေနပ်ဖြင့် ရွဲ့ပြောလိုက်လေသည်။



''ကောင်းတာပေါ့......မအေးရင်လည်း အကုန်ချွတ်ထားကြပြီး တန်းလန်းတန်းလန်းလေးတွေနဲ့ နေကြပေါ့......အဆင်ပြေတယ်မလား.....အပေါ်ဗလာ၊အောက်မပါနဲ့လေ.....''



ထိုစဥ် သုံးယေညက်စလုံးဟာ တစ်လေသံအတိုင်းထွက်လာကြလေသည်။



''သခင့်သဘောအတိုင်းပါ.....''

သို့နှင့် သုံးယောက်စလုံးဟာ ဝတ်ထားသည့် ကတောင်းကျိုက်ကိုချွတ်ရန်လုပ်လိုက်လေသည်။ထိုအရာကိုလွန်းဟာမြင်ပြီး တားလေတော့သည်။






''ဟာ.....ဟာ.....ဘာလုပ်ကြတာလဲ.....စနေတာ....စနေတာပါ.....ဘာလို့အဲ့လောက်စကားနားထောင်နေကြတာလဲ.....စလို့စမှန်းလည်းမသိကြဘူး.....ခက်ပါရောလားဗျာ....''



ထိုအခါ ဒက္ခလို့ပေးထားသည့်လူအသွင်ဘီလူးမှဖြေလေသည်။


''ကျွန်တော်ရဲ့အရှင်.....ကျွန်တော်မျိုးတို့ဟာ သခင်ပေးသည့်အသက်သာရှိပြီး သခင့်ရဲ့အစေခံတွေပါ။ဒါကြောင့် အရာရာဟာ သခင့်စေစားရာပါ သခင်.....''


ထိုကဲသို့သောအဖြေကို လွန်းဟာသဘောမကျချေ။ထို့ကြောင့် မေးခွန်းသတ်ရန်ကြံလေသည်။


''ကဲဒီလိုတွေး..... အကိုတို့သုံးယောက်စလုံးက အမျိုးသမီးတွေဗျာ......အဲ့မှာ ကျွန်တော်ကဒီလိုပြောမယ်ဗျာ.....အကုန်လုံးနဲ့ ကာမဂုဏ်ခံစားချင်တယ်လို့ပြောရင် သုံးယောက်စလုံး လက်ခံမှာလား.....''



သုံးယောက်စလုံးဟာ ခေါင်းငြိမ့်ပြလေသည်။ ထို့နောက် နက္ခမှဖြေလေသည်။


''ကျွန်တော့်ရဲ့သခင်သာအလိုရှိရင် အမျိုးသမီးမဟုတ်ဘဲ အခုလိုအမျိုးသားဖြစ်နေရင်တောင် သခင့်အတွက် သုံးယောက်စလုံးဟာ သခင့်ရဲ့ကာမစည်းစိမ်ကိုအပြည့်ဝခံစားရအောင် ခစားမှာပါ သခင်.....''



''ဟမ်......ဘာစကားကြီးလဲ......''


''ဗျာ......''

နက္ခ၏အဖြေကိုကြားသည်နှင့် လွန်းဟာ​ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။နက္ခဟာလည်း လွန်း၏တုန့်ပြန်မှုကြောင့် ''ဗျာ...''ဟုနှုတ်မှထွက်သွားလေသည်။ကျန်သည့်နှစ်ယောက်ဟာလည်း မျက်လုံးအဝိုင်းသားနှင့်ပင်။



''ဟာ........မဖြစ်ဘူး......အကိုတို့က တစ်ဖြည်းဖြည်း လောဝ်ဝမ်းနဲ့တူလာလိမ့်မယ် အဲ့လိုတွေဆက်ပြောနေရင်.....မဖြစ်ဘူး......လာ... ယိဏ်းတို့တွေဘာဖြစ်နေပြီလဲမသိဘူး.....သွားကြည့်ကြရအောင်....''





လွန်းဟာ စကားစများဖြတ်ကာ ယိဏ်းတို့တိုက်ပွဲသို့ပြေးလာခဲ့လေသည်။ပြေးရင်း အရှေ့တွင်ရှိသော ရေချိုးသည့်ကန်မှစီးလာသည့် ရေမြောင်းကိုနင်းမိရင်း ခြေချော်ကာ အောက်ကရေအိုင်ငယ်ထဲမှမြေကုန်းဘုလေးပေါ်ကိုဖင်ထိုင်ရပ်သားကျလေသည်။


''အားဗျာ........သေပါပြီ......အာ့.....ကျစ်...ကျစ်....ငါ့တင်ပါးတော့ပိန်သွားပြီလားမသိပါဘူးကွာ.....''

လွန်းတစ်ယောက် နဂါးနှင့်ဂဠုန်တို့တိုက်ပွဲမကြည့်ခင် အရင်ဆုံး သူဘာသာသူတစ်ယောက်ထဲ ချော်လဲသည့်ကိစ္စအရင်ရှင်းရတော့မည်ဖြစ်သည်။


''သခင်.....ကျွန်တော်မျိုးလက်ကိုတွဲပြီးထပါ သခင်.....''


လက္ခဟာ လွန်းကိုဆွဲထူလိုက်လေသည်။ထို့နောက် နက္ခဟာလည်း ဝင်တွဲကူလေသည်။ထို့နောက်လေးယောက်စလုံးဟာ ဂဠုန်နှင့်နဂါးတို့တိုက်ပွဲဘက်သို့လာရန် တောင်ဘက်မုခ်ပေါက်ဘက်သို့ဦးတည်လာကြလေသည်။လွန်းကတော့ ချော်လဲထားသဖြင့်ထော့နဲ့ထော့နဲ့နှင့်ပင်။လာရာလမ်းတွင် လွန်းသည် တစ်ခုခုကိုစဥ်းစားရင်း လျှောက်လာလေသည်။


"ဟို......အကိုလက္ခ.....''



''အသင့်ရှိကြောင်းပါ ကျွန်တော့်ရဲ့သခင်....''


''ဘာသခင်လဲ နားထဲထူးဆန်းလိုက်တာ.....ထားပါ ဒါနဲ့ပြောချင်တာကလေ အစောက ကောင်မလေးက မှင်စာလို့ပြောတော့ မှင်စာတွေကအားနည်းကြတာလား.....ပြီးတော့ ဘာတွေလဲ မှင်စာဆိုတာက....ကျွန်တော်မကြားဖူးဘူး.....''



လွန်း၏စကားကို လက္ခမှ ဖြေလေသည်။လွန်းကလည်း လမ်းကို ထော့နဲ့....ထော့နဲ့နှင့်လျှောက်ရင်း ​ပြန်ကြားရမည့်အဖြေအား နားထောင်နေလေသည်။


''ဒီလိုပါ....သခင်။မှင်စာဆိုတာက လူ့လောကတုန်းကလူသားတွေရဲ့မသေခင်ပြင်းပြတဲ့နောက်ဆုံးဆန္ဒကနေဖြစ်ပေါ်လာတဲ့ ဖြစ်တည်မှုမျိုးပါ။ပြီးတော့ မှင်စာတွေကအားနည်းတဲ့ သူတွေ မဟုတ်ပါဘူး။အစောက နက္ခက ထိုမိန်းကလေးကိုအနိုင်ရတယ်ဆိုတာကတော့ သခင့်ရဲ့ဘုန်းတန်ခိုးအရှိန်အဝါကို အစေခံဖြစ်တဲ့နက္ခကရရှိထားတဲ့အတွက် တစ်ချက်ထဲနဲ့ အနိုင်ရယူလိုက်ခြင်းပါ သခင်။ပြီးတော့ သူမက နတ်ဆိုးမှင်စာပါ....သူတို့မှင်စာတိုင်းပြည်ရဲ့လက်ဆယ်ချောင်း​တောင်ပြည့်အောင်မရှိတဲ့အတော်ဆုံးသူပါ။လူတွေဟာသူတို့မသေခင်မှာ ပြင်းပြတဲ့ဆန္ဒကို စိတ်အားထက်သန်နေခဲ့ရင် အဲ့ဒီ့လူသေသွားတဲ့အခါမှာ မှင်စာ၊ဖုတ်ကောင်၊နဲ့အခြားသော အင်အားကြီးမားတဲ့စွမ်းအင်ကိုပိုင်ဆိုင်နိုင်တဲ့ သူအဖြစ် ပြန်လည်ရှင်သန်လာ​ပြာတယ်။တစ်ချို့တွေဟာ နဂါးအဖြစ်ပြန်လည်ရှင်သန်တဲ့သူတွေတောင်ရှိခဲ့ဖူးတယ်လို့ ကျွန်တော်မျိုးကြားဖူးပါတယ်။ဒီကကျွန်တော်မျိုးတို့သုံးဦးမှာကျတော့ မသေခင်ထဲက လူသားမဟုတ်ဘဲ ဘီလူးများဖြစ်ကြပြီး ကျွန်တော်မျိုးတို့ဟာ သခင့်ရဲ့ကုသိုလ်ကောင်းမှုများ၊ဘုန်းတန်ခိုးများကြောင့် အခုလိုအဆင့်မြင့်သွားပြီး လူသားအသွင်ရတဲ့ ဘီလူးများဖြစ်သွားကြတာပါ...''



ထိုစကားကိုကြားလိုက်သောအခါ လွန်းဟာ
လက္ခတို့အား တစ်ချက်ကြည့်လိုက်လေသည်။


''ဝိုး......တော်တော်လေးမိုက်တာဘဲ.......''



''မခံယူဝံ့ပါဘူး..... သခင်......''

နက္ခဟာ ရိုကျိုးသောလေသံဖြင့်လွန်းအားပြောလေသည်။လွန်းကတော့ ပြောလည်းမပြင်ကြသည့်သူတို့၏အပြောများအား အိမ်ရောက်မှသေချာညှိကြမည်ဟုတွေးကာ ထားလိုက်လေသည်။





သို့နှင့် လွန်းတို့အားလုံးဟာ မုံတဝကျောင်းတောင်ဘက် မုခ်ပေါက်သို့ရောက်လာကြလေသည်။ထိုစဥ် အပေါ့အပါးခဏသွားရင်း ပြန်လာတော့လွန်းမရှိတော့တာကို သိလိုက်ရသဖြင့် ဘုရားပွဲတစ်ပတ်လုံးလိုက်ပတ်ရှာနေသည့် လောဝ်ဝမ်းဟာ လွန်းကို မုံတဝဘုန်းကြီးကျောင်း၏ ကျောင်းတောင်ဘက်မုခ်ပေါက်နားတွင်တွေ့လိုက်ရလေသည်။လောဝ်ဝမ်းသည် လွန်းဘေးနားက အပေါ်ပိုင်းအဝတ်မပါကြသည့် အရွယ်ကောင်းယောက်ျားသား တို့သုံးယောက်ဟာ လွန်းအားမဟုတ်တာ ကြံစည်နေကြသည်ဟု အထင်လွဲသွားလေသည်။အဘယ်ကြောင့်ဆိုသော် ထော့နဲ့.....ထော့နဲ့ဖြစ်နေသည့်လွန်း၊ ထို့အပြင် လွန်းအား ဟိုဘက်ဒီဘက်ဖေးမကာ တွဲထားပေးသည့်
အပေါ်ပိုင်းဗလာကျင်းနှင့်အရွယ်ရောက်​ပြီးသားလူပျိုများ၊ လမ်းကိုသေချာမလျှောက်နိုင်သောလွန်း....စသည်တို့ဟာ လောဝ်ဝမ်းအား စိတ်ထဲပူလောင်သွားစေလေသည်။




ထို့ကြောင့် လောဝ်ဝမ်းဟာ ဝတ်လာသည့် ရှပ်အင်္ကျီလက်ရှည်အား လက်ကောက်ဝတ်အပေါိသို့ပင့်ကာခေါက်လိုက်လေသည်။ထို့နောက် လွန်းတို့နားသွားကာ ရုတ်တရက်ကြီး လက္ခ၊နက္ခ၊ဒက္ခ တို့သုံးဦးတစ်ယောက်တစ်ချက် အားပါပါ လက်သီးနှင့်ထိုးချလိုက်လေသည်။



''ဟာ......လောဝ်ဝမ်း......မင်း ဘယ်လိုလုပ်လိုက်တာလဲ.....ရုတ်တရက်ကြီး မပြောမဆိုနဲ့ သူများတွေကို ထိုးလိုက်တာ...ဒါဘာအပြုအမူလဲ....''



''ဘာအပြုအမူလဲတော့ ငါမသိဘူး လွန်း...ငါထင်တာ သူတို့မင်းကို.....မတော်မတရားပြုကျင့်တော့မယ်ထင်လို့.....''



''ဟမ်.....''


လောဝ်ဝမ်း၏စကားကြောင့် လွန်းအပါအဝင်ကျန်တဲ့ သုံးယောက်စလုံးပါ မျက်လုံးပြူးကာ အံ့သြသွားကြလေသည်။



အပိုင်း - (၁၈ )/?

Comment