အခန်း ၃ (၃)

Page 78-83

Page-78

သုံဟွာအိပ်ပျော်နေတာကို မနှိုးမိစေရန် ဖုန်းကျို သူမရဲ့လူပုံစံကိုပြန်မပြောင်းမိအောင် ဂရုစိုက်နေရသည်။ သို့သော် သူမ အခုလက်ကိုင်ပုဝါလေးအဖြစ်နဲ့ဆိုရင် ကြမ်းပြင်အထိလျောကျလျက်ရှိတဲ့ စောင်အရှည်ကြီးကို မြှောက်ပြီးထွက်ဖို့ရာ လုံးဝမဖြစ်နိုင်ဘူး။ သူမလှည့်ကြည့်လိုက်တော့ သုံဟွာရဲ့ငွေရောင်ဆံနွယ်တွေဟာ ခေါင်းအုံးပေါ်မှာပြန့်ကျဲနေပြီး သူ့ရဲ့ခါးပေါ်မှာလည်း စောင်ပါးပါးလေးတစ်ထည် လွှမ်းခြုံထားတာကို မြင်ရလေသည်။ နှစ်တွေဘယ်လောက်ကြာကြာ သူ့ရဲ့မျက်နှာလေးကတော့ ခါတိုင်းလိုချောမောလျက်ရှိနေတုန်းပဲ။ ကြည့်ရတာ သူ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတယ် ထင်ပါရဲ့။ သူမ အခုပုံစံနဲ့ဆိုရင် လွတ်မြောက်ဖို့ရန် သူမရဲ့အာရုံငါးပါးကို ဖျောက်တဲ့မန္တာန်ကလွဲပြီး တခြားဟာတွေသုံးလို့မရဘူး။ သို့သော် လွတ်မြောက်ဖို့ နည်းလမ်းလုံးဝမရှိဘူးလို့လည်း ဆိုလို့မရသေးပါဘူး။ ဥပမာဆိုရင် သူမရဲ့နဂိုမြေခွေးလေးပုံစံကိုပြောင်းပြီး သုံဟွာကိုအိပ်မွေ့ချလို့ရသားပဲ။ ဒါပေမယ့် သူမသိအောင် ဒီလိုလုပ်ဖို့ကတော့ မလွယ်လောက်ဘူး။ တစ်ခုခုလွဲချော်မသွားအောင် သူမဘယ်လိုလုပ်ရပါ့မလဲ?

ဖုန်းကျို အချိန်ခဏလောက် အကြံထုတ်နေခဲ့တယ်။ တိတ်ဆိတ်ပြီးညမှောင်မှောင် အချိန်လေးအတွင်းမှာပဲ သူမ သတ္တိတွေနှစ်ဆတိုးလာခဲ့သည်။ သူမရဲ့ဂုဏ်သိက္ခာကိုထိန်းတာက ကောင်းတယ်ဆိုပေမယ့် ဆုံးရှုံးသွားတော့ရော ဘာဖြစ်လဲ? အတင်းပြောခံရရင်တောင်မှ အဆိုးဆုံးဖြစ်လာနိုင်ချေက သူမအဖေဆီက အရိုက်ခံရမှုလောက်ပဲရှိတာ။ သူမ တစ်ခါမှအရိုက်မခံဖူးတာလဲမဟုတ်။ အရင်ကလေးဘဝအရသာကို ခဏလောက် ပြန်ခံစားကြည့်ရုံလေးပဲဟာကို။ မျက်စိတမှိတ်အတွင်းမှာပဲ ဝမ်းနည်းခြင်းဝတ်စုံနဲ့ မိန်းမပျိုလေးတစ်ဦးအဖြစ်ကို ပြောင်းလိုက်တယ်။ သူမရဲ့လက်ချောင်းတွေနဲ့ သုံဟွာ့နဖူးကို အသာအယာထိလိုက်သည်။ သူဘာလှုပ်ရှားမှုမှ မရှိခဲ့ဘူး။ သူမ အံ့သြစွာနဲ့ သူမရဲ့လက်ချောင်းလေးတွေကို ကြည့်လိုက်တယ်။ အိပ်မွေ့ချတာ တကယ်ကြီးအောင်မြင်သွားတာလား? လူသားတွေပြောတဲ့စကားက အတော်မှန်တာပဲ 'သူရဲဘောကြောင်စွာ အစာရေဆာငတ်ပြီး သေရခြင်းထက် ရဲတင်းစွာ စားသောက်ပြီးသေရတာက အများကြီးပိုကောင်းတယ်' တဲ့။

Page-79

မတ်လမှာတောင် လေပြေလေညှင်းလေးတွေက အေးစက်နေတုန်းပဲဖြစ်သည်။ ထိုက်ချန်နန်းတော်တစ်ခုလုံး နှင်းတွေနဲ့ဖုံးလွှမ်းလျက်ရှိသည်။ ဖုန်းကျို စောင်ကိုမထွက်လိုက်ပြီး အိပ်ပျော်နေတဲ့သုံဟွာကို ပြန်လှည့်ကြည့်လိုက်တယ်။ ထို့နောက် ကြင်နာမှုရှိစွာ သူ့ရဲ့လက်ကလေးကို စောင်အတွင်းသို့ ထိုးထည့်ပေးလိုက်တယ်။ ပြီးတော့ ခဏလောက်ထပ်စဉ်းစားပြီးနောက် စောင်လေးကိုလည်း သူ့ရဲ့ခါးပေါ်ကနေ လည်ပင်းနားအထိ တိုးခြုံပေးလိုက်တယ်။ (အကြင်နာတွေပိုနေတာ ခွိခွိ🙊) သူမ မတ်တပ်ထအရပ်မှာ သူမရဲ့အနက်ရောင် ဆံနွယ်တွေနဲ့ သူ့ရဲ့ငွေရောင် ဆံနွယ်တွေဟာ အချင်းချင်းရောယှက်လို့နေခဲ့တယ်။ သူမ မည်သို့ပင် သေချာရှင်းလင်းသော်ငြား ဆံနွယ်လေးတွေတစ်ခုနဲ့တစ်ခု ရှုပ်ထွေးနေတုန်းပါပဲ။ အိပ်မွေ့ချထားတာ အချိန်ဘယ်လောက်ထိခံမလဲ မသိတာကြောင့် ချက်ချင်းပဲ ကတ်ကြေးလေးတစ်ခု ဖန်တီးပြီး သူမရဲ့ဆံနွယ်တွေကို ဖြတ်လိုက်တယ်။ ထို့နောက် ဆံနွယ်တွေကို လှပအောင်ထပ်မညှပ်နေတော့ဘဲ အလျင်အမြန်ထွက်သွားခဲ့လေသည်။ သို့သော် သူမ လက်ကိုင်ပုဝါလေးအဖြစ်နဲ့နေနေခဲ့တာ အတော်ကြာပြီဆိုတော့ သူမ လမ်းအလျှောက်မှာ ဟန်ချက်မထိန်းနိုင်ဘဲ အရှေ့ကပိတ်ကားချပ်ပေါ်ကို လဲကျသွားတော့တယ်။ လဲကျသံဟာ အတော်ကျယ်ပေမယ့် သုံဟွာကတော့ မနိုးသေးဘဲရှိနေသေးလေရဲ့။ (အိပ်ချင်ဟန်ဆောင်တယ်ဆိုတာ ဒါမျိုးမှအစစ်😂)

ဖုန်းကျို တံခါးပေါက်နားရောက်တော့ တစ်စုံတစ်ခုပြန်ယူဖို့တွက် ခြေနှစ်လှမ်းလောက်ပြန်ဆုတ်လိုက်တယ်။ သူမ ခန်းဆီးလိုက်ကာတွေဘက်ကို မျက်နှာမူကာ အိပ်မွေ့ချမန္တန်တွေကို မနားတမ်းရွတ်တော့သည်။ ထို့နောက် အခန်းထဲမှထွက်ပြီး တံခါးပိတ်ဖို့ အနောက်ကိုလှည့်လိုက်စဉ် ခရမ်းရောင်မြူခိုးတွေဟာ မိုးပြာရောင်ခန်းဆီးလိုက်ကာတွေပေါ်တွေမှာ ပျံ့နှံ့နေပြီး အိပ်ရာခြေရင်းဘက်က Jixiang ပင်းလေးဟာလည်း ညှိုးငယ်နေတာကို တွေ့ရတယ်။ သူမ တံခါးကိုအသာအသာ ပိတ်လိုက်တယ်။ ပြီးနောက် လျှောက်လမ်းလေးတွေမှတစ်ဆင့် သုံဟွာ နေ့တိုင်းအပန်းဖြေလေ့ရှိတဲ့ ဥယျာဉ်ငယ်လေးဘက်ကို ထွက်သွားတော့သည်။

Page-80

ဖုန်းကျို ဥယျာဉ်ထဲမှာရပ်နေရင်း အင်္ကျီလက်ထဲက တစ်စုံတစ်ခုထုတ်ယူလိုက်တယ်။ ထိုအရာကတော့ လိမ္မော်သီးတစ်လုံးခန့် ကြီးမားတဲ့ ညပုလဲလုံးကြီးတစ်ခုဖြစ်လေသည်။ သူ့ရဲ့ဖြာထွက်နေတဲ့အလင်းရောင်နဲ့ သူမ ချက်ချင်းပဲ 'ရေခဲမြက်စိမ်းပင်' လေးကို လိုက်ရှာတော့တယ်။

ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ အလွဲအချော်ကိစ္စတွေသာ မရှိခဲ့ဘူးဆိုရင် ဒီည သူမထိုက်ချန်နန်းတော်ထဲမှာ ရှိနေမှာမဟုတ်သလို သူမရဲ့အဖိုးတန် 'ရေခဲမြက်စိမ်းပင်' လေးကို ယူဖို့လည်း မေ့နေမှာသေချာတယ်။ ထိုအပင်ရဲ့အမြစ်တွေဟာ စိတ်ကျရောဂါအတွက် အရမ်းဆေးဖက်ဝင်ရုံသာမကဘူး သူ့ရဲ့ပွင့်ဖတ်လေးတွေကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးလို့လည်းရသေးတယ်။ တစ်နှစ်မှာ စီမင်း အနောက်ဘက်ကောင်းကင်က ဗုဒ္ဓဆီကိုအလည်သွားရင်း သူမအတွက် ဒီအပင်ကို လက်ဆောင်ယူလာပေးခဲ့တာဖြစ်သည်။ ဒီအပင်ရဲ့အစေ့ဟာ ကမ္ဘာပေါ်မှာ နောက်ဆုံးလက်ကျန်အစေ့လေးလို့လည်း သူပြောခဲ့သေးတယ်။ ထိုစဉ်က သူမ နတ်ဆိုးဘုရင်နဲ့ အလဲအလှယ်လုပ်ပြီး မြေခွေးလေးတစ်ကောင်ဖြစ်နေတာကြောင့် သူမမှာ ထိုအစေ့ကို ပုန်းဝှက်ဖို့ရာ နေရာမရှိခဲ့ဘူး။ ထို့ကြောင့် ဒီဥယျာဉ်လေးထဲမှာပဲ အစေ့ကိုစိုက်ထားခဲ့ရတယ်။ ထိုရေခဲမြက်စိမ်းပင်လေး အပွင့်ပွင့်လာချိန်မှာ သူမ သုံဟွာဆီကနေ ထွက်သွားခဲ့ပြီဖြစ်သည်။ ထိုစဉ်က သူမ နာကျင်မှုတွေနဲ့စိတ်ရှုပ်ထွေးနေတာဖြစ်လို့ ဒီအပင်လေးကို နုတ်ယူသွားဖို့ သူမ မေ့သွားခဲ့တယ်။ အခုတော့ သူမ နောင်တတကြီး ဒီအပင်လေးကို လာနုတ်ယူတာဖြစ်လေသည်။

နေရာအနှံ့မွှေနှောက်ရှာပြီးချိန်မှာတော့ ပန်းမွှေ့ရာငယ်လေးတစ်ခုအတွင်းမှာ ထိုအပင်လေးကိုရှာတွေ့ခဲ့တယ်။ အပင်လေးဟာ ပဒုမ္မာအမွှာပင်ရဲ့ဘေးမှာ မထင်မပေါ်ရှိလို့နေပါတယ်။ သူမ အပင်ရဲ့အမြစ်တွေကို မထိခိုက်မိအောင် အသာအယာနုတ်ယူပြီး အပင်လေးကို သေချာထုတ်ပိုးလျက် အင်္ကျီလက်ထဲကို ထည့်လိုက်တယ်။ ထို့နောက် ဥယျာဉ်ထဲကို ပတ်ကြည့်နေတော့သည်။ ထိုအချိန်တွေတုန်းက သူမဟာ ဒီနန်းတော်ကအစေခံငယ်လေးအဖြစ်နဲ့ပဲ ရှိခဲ့တာ။ မင်းသမီး Zhi’he က သူမကိုဥယျာဉ်ရဲ့အနားပတ်လည်ကို မလာဖို့တားမြစ်ထားခဲ့တာကြောင့် သုံဟွာနေ့စဉ်လာလေ့ရှိတဲ့ ဒီနေရာလေးကိုဝင်ကြည့်ဖို့ သူမ အခွင့်အရေးတောင်မရခဲ့ဘူး။ အဲ့ဒီနောက်ပိုင်း မြေခွေးလေးဖြစ်လာတော့ သူမ သုံဟွာရဲ့နောက်ကို နေ့တိုင်းတကောက်ကောက်လိုက်ကာ သူမသွားချင်တဲ့နေရာမှန်သမျှကို အကုန်သွားခဲ့တယ်။ မြေခွေးလေးတစ်ကောင်ရဲ့ မျက်လုံးထဲမှာမြင်တဲ့ ကမ္ဘာကြီးဟာ လူတစ်ယောက်ရဲ့ မျက်လုံးထဲမှာမြင်တဲ့ ကမ္ဘာကြီးပုံစံနဲ့ပဲ ကွာခြားနေခဲ့လို့လားတော့ သူမ မသိဘူး။ အခု သူမ မြင်နေရသမျှအရာတွေဟာ အတိတ်ကသူမမြင်တွေ့ခဲ့ရတဲ့ပုံစံနဲ့ အတော်ကွာခြားသွားလေပြီ။

Page-81

ဖုန်းကျို ဥယျာဉ်တစ်ခုလုံးကို ဝေ့ပတ်ကြည့်လိုက်တယ်။ အရွယ်သေးပေမယ့် အပြစ်ပြောစရာမရှိအောင် တစ်မူထူးခြားလှပတဲ့ဥယျာဉ်လေးပါပဲ။ (ဒါပေါ့ ဒါပေါ့ သီကျွင်းရဲ့ဥယျာဉ်လေးကိုး😌) တခြားတစ်ဖက်မှာ ခြံနှစ်ခြံကိုခြားထားတဲ့ ရေတံခွန်လေးတစ်ခုရှိသေးတယ်။ နံရံအမြင့်ကြီးတွေပေါ်မှာလည်း ဗောဓိနွယ်တွေကတွဲလဲခိုလို့။ သူတို့တွေက နေ့ဘက်ဆိုဘာမှသိပ်မထူးခြားပေမယ့် ညဘက်မှာတော့ အလင်းရောင် အနည်းငယ်ဖြာထွက်လေ့ရှိတယ်။ သူတို့ကို 'ညအလင်းရောင်' ဆိုပြီး စိတ်ကူးယဉ်ဆန်ဆန် ခေါ်ကြတာလည်း မထူးဆန်းပါဘူး။ အဝေးကကြည့်ရင် မီးပုံးငယ်လေးတွေ ချိတ်ဆွဲထားဟန် ထင်ရတာကြောင့် အရမ်းကိုလှပနေလေသည်။ ဥယျာဉ်ရဲ့အလယ်တည့်တည့်မှာတော့ တိမ်တွေထိအောင် မြင့်မားတဲ့ မေပယ်လ်ပင်ပင်ရှိတယ်။ အပန်းဖြေအိမ်လေးဘေးမှာတော့ ကြာပန်းတွေပြည့်နေတဲ့ ရေကန်ငယ်လေးတစ်ခုနဲ့ ထိုရေကန်လေးပေါ်မှာတော့ ရှုခင်းကြည့်ဖို့ အပန်းဖြေအိမ်လေးတစ်ခုရှိတယ်။ သူမ သက်ပြင်းချလိုက်သည်။ နှစ်တွေအများကြီးကြာသွားတာတောင် ဒီနေရာလေးက မပြောင်းလဲသေးဘူးပဲ။ ကံမကောင်းစွာနဲ့ အတိတ်ကအမှတ်တရတွေက ပြန်လည်အသက်ဝင်လာခဲ့တော့သည်။

ပုံမှန်ဆိုရင် သူမက သံယောဇဉ်ကြီးတတ်တဲ့ သူတစ်ယောက်မဟုတ်ပါဘူး။ အစမှာတော့ သုံဟွာကိုသတိရလွန်းလို့ အမြဲတစေမူးနေတတ်ပေမယ့် သူ့ကိုမေ့လိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့တစ်ပြိုင်နက် သုံဟွာနဲ့ပတ်သက်တဲ့ အဖြစ်အပျက်တွေအားလုံး သိသိသာသာမေ့ပျောက်နိုင်ခဲ့လေသည်။ ဒါပေမယ့် အခုက ဒီနေရာလေးဟာ သူမရဲ့အမှတ်တရတွေတော်တော်များများ ပြည့်နေတဲ့နေရာလေ။ မြင်နိုင်သမျှအရာတွေအားလုံး သူမရင်ထဲက ဝမ်းနည်ဖွယ်အတိတ်အကြောင်းကို အလွယ်တကူထိုးဆွနိုင်တာချည်းပဲ။ ဖုန်းကျို အဖြူရောင်စန္ဒာကူးပင်တွေနဲ့ ဆောက်ထားတဲ့ အပန်းဖြေအိမ်လေးထဲက စကျင်ကျောက်စားပွဲနဲ့ခုံလေးတွေကို အကြာကြီးငေးစိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူမကိုယ်သူမ အံ့သြစွာ သတိထားမိတာကတော့ ဗုဒ္ဓကျမ်းတွေကိုအလွတ်ရဖို့ အတော်လေးကြိုစားယူရတဲ့သူမဟာ အခုလိုမေ့ပျောက်ထားတဲ့ အတိတ်ပုံရိပ်ရှည်ကြီးကိုကျတော့ စက္ကန့်ပိုင်းလေးအတွင်း အသေးစိတ်မှတ်မိသွားတာကိုပါပဲ။ မှတ်မိတဲ့အတိတ် အဖြစ်အပျက်တွေဟာလည်း ရှင်းလင်းလွန်းလို့ သူမရဲ့မျက်စိရှေ့မှာ ထပ်ပြီးဖြစ်ပျက်နေသလားလို့တောင် ထင်မှတ်ရလေသည်။

သူမတို့မီးစာကြာပန်းအိမ်ထဲက လွတ်မြောက်လာပြီး သူမ သုံဟွာနောက် တကောက်ကောက် လျှောက်လိုက်နေတဲ့နေ့တွေတုန်းကဆိုရင် ဥယျာဉ်ထဲမှာ ဒီလိုအပန်းဖြေအိမ်လေးတောင်မရှိသေးဘူး။

တစ်ခါ နွေခေါင်ခေါင်အချိန် သူမရဲ့မြေခွေးအမွှေးတွေကြောင့် ပူအိုက်လွန်းလို့ သူမ ဒီကြာရေကန်လေးထဲကလှေပေါ်မှာထိုင်ကာ သူမကိုယ်ပတ်ပတ်လည်ကို ကြာရွက်နှစ်ရွက်နဲ့ အေးအောင်ပတ်ထားတာလေ။ သူမရဲ့သနားစဖွယ် အဖြစ်လေးကိုမြင်တော့ သုံဟွာ အဖြူရောင်စန္ဒာကူးပင်နှစ်ပင်ကို ကန်လေးပေါ်မှာထောင်ပြီး အပန်းဖြေအိမ်လေးတစ်ခု ဆောက်ပေးခဲ့တယ်။ အိမ်လေးရဲ့ကြမ်းပြင်မှာလည်း သူမကိုအေးနေစေဖို့အတွက် အစိမ်းရောင်မြက်ခင်းတွေကို စိုက်ထားပေးခဲ့သေးတယ်။ သူမ ထိုမြက်ခင်းပြင်ပေါ် လှဲချလိုက်တာနဲ့ ဇိမ်ကျလွန်းလို့ သုံဟွာဟာ မယုံကြည်နိုင်လောက်အောင် တော်လွန်းတယ်ဆိုပြီး တွေးမိခဲ့လေရဲ့။ (သုံဟွာကွာ မြေခွေးလေးကိုဂရုစိုက်တတ်လွန်းချက်က Zhi’he သဝန်တိုမယ်ဆိုလည်း တိုချင်စရာပဲ😍) နောက်မှ သူမ ထပ်သိရတာက သူ အဲ့ဒီထက်တောင် ပိုပြီးတော်တယ်ဆိုတာပါပဲ။ ထိုက်ချန်နန်းတော်မှာသုံးတဲ့ အမွှေးနံ့သာတွေ၊ လက်ဖက်ခြောက်တွေနဲ့ ကြွေထည်တွေအားလုံး သုံဟွာကိုယ်တိုင်လုပ်ထားတာပဲ။ ပြီးတော့ နန်းတော်နံရံတွေပေါ်က ပန်းချီကားချပ်တွေကိုလည်း သူပဲဆွဲထားတာ။ သူမ စိတ်ထဲကနေ တိုးတိုးတိတ်တိတ်ချီးကျုးလိုက်တယ်။ တစ်ဖက်မှာ သူမရဲ့ အပြစ်ပြောစရာမရှိတဲ့ ရွေးချယ်မှုကို(သဘောကျသူ) ဂုဏ်ယူမိသလို တစ်ဖက်မှာလည်း သူမသာ သူ့ကိုလက်ထပ်ဖြစ်မယ်ဆိုရင် သူမတို့တွေ ပရိဘောကပစ္စည်းဖိုးတွေ တော်တော်သက်သာမှာပဲ။ သူမတွေးလေလေ ပိုပျော်လေ၊ သုံဟွာကို ပိုပြီးသဘောကျမိလေ ဖြစ်လာခဲ့တယ်။

Page-82

သူမ သုံဟွာကို သဘောကျနေခြင်းကလည်း သူဟာ အရာရာပြည့်စုံကောင်းမွန်တဲ့သူတစ်ယောက်လို့ တွေးမိစေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့။ ဒါကြောင့်မို့ သူ အရာရာအသစ်တစ်ခုပြုလုပ်တိုင်း သူမဟာ ထိုအရာကို ကြိုက်နှစ်သက်အားပေးတဲ့ ပထမဆုံးသူတစ်ယောက် ဖြစ်ခဲ့တာပဲ။ တဖြည်းဖြည်းနဲ့ သုံဟွာလည်း သူပြုလုပ်ထားတဲ့အရာမှန်သမျှကို မြေခွေးလေးဆီကို ပထမဆုံးယူလာပြီး သူမရဲ့အမြင်ကိုတောင်းခြင်းက အကျင့်တစ်ခုလို ဖြစ်လာခဲ့သည်။ ထိုအရာကို သေချာပြုလုပ်ဖို့ သူ့မှာအချိန်တွေကပေါလွန်းနေတော့ ထိုပြုလုပ်ထားတဲ့အရာက အပြစ်ပြောစရာမရှိအောင် ကောင်းမွန်နေတာ မဆန်းပါဘူး။ ပြီးတော့ နှစ်တွေကြာတာတောင် သူ့အကျင့်က မပြောင်းလဲတာ သူ တစ်ယောက်တည်း အတော်အထီးကျန်နေမှာပဲလို့ ဖုန်းကျို တစ်ခါတစ်ရံတွေးမိလေရဲ့။

ထိုနေ့က သာမာန်နေ့လေးတစ်နေ့ပါပဲ။ သူမ အပန်းဖြေအိမ်လေးထဲမှာ ပက်လက်လှန်ကာ သုံဟွာသူမကို သဘောကျလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားနေတာဖြစ်သည်။ သူမ မိုးပေါ်ကကြယ်တွေကိုကြည့်ရင်းကြည့်ရင်း ဗိုက်ကဆာလာခဲ့တယ်။ ဗိုက်ဆာလေလေ သူမ ပိုဝမ်းနည်းလာလေလေဖြစ်ခဲ့သည်။ အပေါ်ကိုမော့ကြည့်နေပေမယ့် ကြယ်တွေကို သူမ မမြင်နိုင်တော့ဘူး။ ထိုအချိန်မှာပဲ သုံဟွာ ကြွေထည်ပန်းကန်ပြားတစ်ခုနဲ့ သူမရှေ့ကို ရောက်လာခဲ့တယ်။ ပန်းကန်ပြားပေါ်မှာကတော့ စားချင်စဖွယ် ငါးချိုချဉ်ဟင်းလျာလေးဖြစ်သည်။ အရသာရှိလှတဲ့အနံ့လေးက လေထဲမှာမွှေးကြိုင်လို့နေတော့တယ်။

သုံဟွာ ပန်းကန်ပြားကို စားပွဲပေါ်ချလိုက်ပြီး သူမကိုကြည့်လိုက်တယ်။ အကြောင်းတစ်ခုခုကြောင့် သူ့ရဲ့အသံဟာ အင်တင်တင်ဖြစ်နေခဲ့တယ် "ငါဒါကို ခုလေးတင်ချက်လာတာ မီးဖိုပေါ်ကချစ ပူပူလေးပဲရှိသေးတယ်"

ခုနကလေးတင်ပဲ သူမနဲ့သုံဟွာဟာ သိပ်ပြီးမလိုက်ဖက်လောက်ဘူးလို့ သူမတွေးနေတာ။ ဘာလို့လဲဆိုတော့ သူစိတ်ဝင်စားတဲ့အရာတွေကို သူမသိပ်မသိလို့လေ။ ဒါပေမယ့် အံ့သြစရာပဲ! သူလည်း သူမလိုအစားအစာကို ခုံမင်နှစ်သက်သူပဲလား! သူမစိတ်လှုပ်ရှားသွားပြီး သူ့ရဲ့ဒူးပေါ်မှတစ်ဆင့် စားပွဲပေါ်ကို အားယူခုန်တက်လိုက်တယ်။ ပထမတော့ ယောင်ပြီး လူပုံစံဖြစ်နေတယ်အထင်နဲ့ လက်လေးနဲ့တို့မြည်းဖို့ ကြံလိုက်တယ်။ ပြီးမှ သူမမြေခွေးလေးပုံစံ ဖြစ်နေတာကို သတိရသွားပြီး ရှက်ရှက်နဲ့ ပန်းကန်ထဲကိုသူမရဲ့လျှာနဲ့လျက်လိုက်တယ်။

Page-83

သူမ အချဉ်ရည်လေးကိုမြည်းစ စက္ကန့်ပိုင်းအတွင်းမှာပဲ တန့်သွားခဲ့သည်။

သုံဟွာ သူ့ရဲ့ပါးလေးကို လက်ပေါ်မှာထောက်ထားရင်း သူမကို ဂရုတစိုက်ကြည့်နေခဲ့တယ် "အရသာဘယ်လိုနေလဲ"

သူမရဲ့လျှာလေးကို ပြန်သွင်းလိုက်တယ်။ သူမ ဒီလိုအမူအရာလေးနဲ့ပဲ သူရဲ့ဟင်းလျာက တကယ့်ကို အလွန်အမင်း ရက်ရက်စက်စက် အရသာက ဆိုးရွားလွန်းတယ်လို့ပြောလိုက်ချင်တာ။ ဒါပေမဲ့ တစ်ချိန်တုန်းက ဒေါ်လေးပြောခဲ့ဖူးတဲ့ပုံပြင်လေးကို ရုတ်တရက်သတိရမိသွားတယ်။ ပုံပြင်လေးက ဟင်းချက်မကောင်းတဲ့ သတို့သမီးလေးအကြောင်းပေါ့။ သတို့သမီးလေးဟာ တစ်နေ့ စိတ်ကူးပေါက်လာတာနဲ့ ခင်ပွန်းဖြစ်သူကို ညစာချက်ပြုတ်ကျွေးမွေးချင်တယ်တဲ့။ ခင်ပွန်းဖြစ်သူကလည်း သူမတည်ခင်းကျွေးသမျှ ကုန်စင်အောင်စားပြီး အရသာရှိကြောင်း ချီးကျူးတာပေါ့။ ဒါပေမဲ့ စားသောက်ပြီးလို့ သိမ်းဆည်းတဲ့အချိန် သတို့သမီးလေးဟာ ထိုဟင်းလျာတွေကိုမြည်းစမ်းကြည့်လိုက်တော့ သိပ်ကိုဆိုးရွားလွန်းနေမှန်း သိသွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ခင်ပွန်းဖြစ်သူက သူမပျော်ရွှင်ဖို့အတွက် ချီးကျူးစကားဆိုပီး ဟင်းလျာအားလုံးကို ကျိတ်မှိတ်စားသောက်ပေးခဲ့တယ်ဆိုတာ သဘောပေါက်သွားခဲ့တာပေါ့။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ဦး ဘဝတစ်လျှောက်လုံး နားလည်မှုအပြည့်နဲ့ ပျော်ရွှင်စွာပေါင်းဖက်နေထိုင်သွားကြပြီး နောင်မျိုးဆက်သစ်တွေအတွက် ကြည်နူးဖွယ်အချစ်ပုံပြင်တစ်ပုဒ်ကို ချန်ထားရစ်ခဲ့တာပေါ့။

ဖုန်းကျို မျက်စိမှိတ်ကာ အံကြိတ်လိုက်တယ်။ ပြီးတာနဲ့ ပန်းကန်ထဲကဟင်းတွေကို အမွှေးတိုင်တစ်တိုင်ထွန်းစာတောင်မကြာတဲ့အချိန်အတွင်းမှာပဲ အားလုံးကုန်အောင် စားသောက်ပစ်လိုက်တယ်။ ပြည့်အင့်နေအောင် ကျိတ်မှိတ်စားပြီးတဲ့နောက် ဟင်းလျာတွေစားကောင်းကြောင်း ပေးသိနိုင်ဖို့ရာ သုံဟွာရှိရာဘက်ကိုလှည့်ပြီး တောက်တောက်ပပကြီးကိုပြုံးပြလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သုံဟွာတစ်ယောက် သူမရဲ့အင်တင်တင်အပြုံးကို မြင်ရတော့ တစ်ခုခုမှားနေလို့လားဆိုပြီး အချဉ်ရည်ကိုများ သူကောက်မြည်းလေမလားစိတ်နဲ့ပေါ့။

မျှော်လင့်သလိုပဲ သုံဟွာ သူ့ရဲ့လက်ချောင်းလေးနဲ့ အမူအရာတစ်ခုလုပ်လိုက်တယ်။ ဖုန်းကျိုလည်း ပန်းကန်ပြားကို သုံဟွာရှိရာဆီ တွန်းပို့လိုက်သည်။  သုံဟွာ တန့်သွားတယ်။ သူမကတော့ သုံဟွာရှိရာဆီ ပန်ကန်ပြားရောက်အောင် ဗိုက်လေးနဲ့တွန်းပို့နေတုန်းပဲ။ သုံဟွာ အချဉ်ရည်တွေပေနေတဲ့သူမနှာခေါင်းကို သူ့လက်ချောင်းလေးတွေနဲ့ ဖွဖွလေးတို့လိုက်ပြီး သူမကို နေ့တစ်ဝက်လောက်ကြာအောင် ငေးကြည့်နေခဲ့တယ် "ထပ်စားချင်သေးလို့လား ဒီနေ့တော့ ဘာမှမကျန်တော့ဘူး နက်ဖြန်ကျမှ ထပ်ပြီးလုပ်ကျွေးမယ်"

ဖုန်းကျို သူ့ကိုအူအူကြည့်လိုက်ပြီးနောက် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြကာ သူ့လက်ချောင်းကိုငုံခဲလျက် အချဉ်ရည်ထဲနှစ်ဖို့ ကြိုးစားလေတော့သည်။ နောက်ဆုံးတော့ သူမဘာကိုဆိုလိုနေသလဲဆိုတာ သဘောပေါက်သွားပုံရတယ် "ရတယ် အဲ့ဒါကို ငါမြည်းကြည့်ပြီးပြီ" သူ မျက်မှောင်တစ်ချက်ကြုံ့လိုက်ပြီး "အရသာက ကြောက်ခမန်းလိလိကိုဆိုးရွားတာ" သူ ဖုန်းကျိုကို ကြည့်ရင်းဆက်ပြောလေသည် "ဒါပေမယ့် ငါတို့က မျိုးနွယ်မတူကြတော့ အရသာခံနိုင်စွမ်းလည်း တူမှာမဟုတ်ဘူးဆိုပြီး မင်းမြည်းစမ်းကြည့်ရအောင် ယူလာခဲ့တာ" သုံဟွာ ထပ်ပြီးပြောပြန်တယ် "ငါထင်တာမှန်တယ်နဲ့တူတယ် မြေခွေးလေးတွေက ထူးဆန်းတဲ့အရသာကို နှစ်သက်ကြတာပဲ"

ဖုန်းကျို အရမ်းကိုအံအားသင့်သွားခဲ့တယ်။ သူမ စကျင်ကျောက်စားပွဲပေါ်မှာ လူးလှိမ့်ပြီး အော်ငိုနေတော့သည်။ သုံဟွာကလည်း စိုးရိမ်တကြီးမေးရှာပါတယ် "မင်း ငါးချိုချဉ်ကို အဲ့လောက်တောင်စားချင်နေတာလား" ထိုသို့ပြောပြီး သီကျွင်းတစ်ယောက်အပြင်ကို ခဏထွက်သွားလေတယ်။ ပြန်လည်းပြန်လာရော ဖုန်းကျိုမျက်စိရှေ့ကို ပန်းကန်ပြားတစ်ချပ်ထိုးပေးတယ်။ ထိုပန်းကန်ပြားဟာ အရင်ပန်ကန်ပြားထက် နှစ်ဆလောက်ပိုကြီးပြီး ဝဖြိုးဖြိုးငါးနှစ်ကောင်ကလည်း ဘေးချင်းကပ် လဲလျောင်းလို့နေတယ်။ ဖုန်းကျို မျက်လုံးတွေပြူးသထက်ပြူးကျယ်လာပြီး အော်ငိုလိုက် လူးလှိမ့်လိုက်၊ နောက်တစ်ခါထပ်ပြီးအော်ငိုလိုက် လူးလှိမ့်လိုက်နဲ့ ဖြစ်နေခဲ့တော့သည်။

ထိုနေ့မှစပြီး သုံဟွာ သူမဆီကို ပန်းကန်ကြီးကြီးနဲ့ ဝဖြိုးဖြိုးငါးချိုချဉ်နှစ်ကောင်ကို မနက်တိုင်းယူလာပေးခဲ့တယ်။ ဆိုးရွားလှတဲ့ အရသာအရည်အသွေးကတော့ နေ့တိုင်းကျမသွားအောင် ထိန်းသိမ်းနိုင်တာ အံ့သြစရာပါ။ ဒီလိုနဲ့ သုံဟွာဟာ ခန့်မှန်းလို့မရတဲ့ စိတ်ခံစားချက်တွေရှိတဲ့သူတစ်ယောက်လို့ ဖုန်းကျို ကောက်ချက်ချလိုက်တယ်။ အကယ်၍ သူမသာ ထိုငါးတွေကို မစားဘဲနေရင် သူ အတော်ဝမ်းနည်းသွားလောက်မှာ။ သို့သော် ဒီဆိုးရွားလှတဲ့အရသာကြီးကို စားနေရတာကလည်း ကောင်းတဲ့ဖြေရှင်းချက်မှမဟုတ်ဘဲ။ ဒီတစ်ခါတော့ သုံဟွာ သူမကို တော်တော်အထင်မြင်လွဲသွားခဲ့တာပဲ။
(သနားစရာ ဖုန်းကျိုလေး😥)
Page 84-87

Page-84

တစ်နေ့မှာ အဘွားထိုက်ရှန်တစ်ယောက် ထိုက်ချန်နန်းတော်သို့ အလည်အပတ်ရောက်ရှိလို့လာခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် သူမဆီမှာလည်း နှင်းမြေခွေးလေးတစ်ကောင် ပါလာတယ်လေ။ ဖုန်းကျို သုံဟွာရှေ့မှာပဲ ထိုနှင်းမြေခွေးလေးကို သူမ စားလက်စငါးချိုချဉ်တစ်ပိုင်း ချကျွေးပြလိုက်တယ်။ ငါးဟင်းရဲ့အရသာကိုမြည်းစမ်းပြီး ခဏတွင်းချင်းပဲ နှင်းမြေခွေးလေးဟာ ရုတ်တရက်ကြီး သူ့လည်ပင်းသူဆွဲကုတ်ပြီး အော်ငိုပါလေရော။ လက်သည်းလေးတွေနဲ့ သူ့လည်ချောင်းသူ မရပ်မနားကိုဆွဲကုတ်နေတော့တာ။ နောက်ဆုံးတော့ သူ ငါးတစ်ပိုင်းလုံးကို မတော်တဆမြိုချမိသွားတယ်လေ။ ချက်ချင်းပဲ သူ အားလုံးပြန်အန်ထုတ်ဖို့ ကြိုးစားတော့သည်။

ခြံထဲကိုတစ်ဟုန်ထိုးပြေးဆင်းပြီး သူ့ရဲ့အူတွေကိုဆေးကြောဖို့အတွက် ရေအပြင်းအထန်ရှာဖွေနေတဲ့ နှင်းမြေခွေးလေးကို ဖုန်းကျို ဂရုဏာသက်စွာ ကြည့်နေခဲ့တယ်။ ပြီးနောက် သုံဟွာဘက်လှည့်ပြီး "ငါတို့မြေခွေးတွေရဲ့ အရသာခံနိုင်စွမ်းက လုံးဝပုံမှန်ပါပဲ ရှင့်အတွက်ကြောင့်သာ အဲ့ဒီမကောင်းမကန်းအရသာကြီးကို ကျွန်မနေ့တိုင်းမျိုချပေးနေတာ" ဆိုပြီး ပြောပြချင်နေသလိုမျိုး မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်တယ်။ သူမရဲ့အမူအရာဂယက်ဟာ ထိရောက်သွားတယ်ထင်ပါရဲ့။ သုံဟွာ သူ့ခွက်ထဲကို လက်ဖက်ရည်အနည်းငယ်ထပ်ထည့်ရင်း သူမကို လေးလေးနက်နက်ကြည့်နေပြီးတော့မှ သဘောပေါက်သွားဟန်နဲ့ "ဟမ် အဲ့ဒါဆို မြေခွေးလေးတွေထဲမှာမှ မင်းရဲ့အရသာခံနိုင်စွမ်းက တမူထူးခြားနေတာပေါ့" ဖုန်းကျို လက်လေးနှစ်ဖက်ကို ရင်ဘတ်ပေါ်ဖိရင်း ဒယိမ်းဒယိုင်နဲ့ ခြေနှစ်လမ်းလောက် အနာက်ကိုဆုတ်မိသွားကာ စိတ်ပျက်စွာမြေပြင်ပေါ်ကိုလဲကျသွားတော့သည်။

တစ်ရက်ပြီးတစ်ရက် လျင်လျင်မြန်မြန် ကုန်ဆုံးသွားခဲ့တယ်။ သီကျွင်းရဲ့ပြောင်မြောက်တဲ့ဟင်းချက်လက်ရာကြောင့် ဖုန်းကျိုကိုယ်ပေါ်က အနီရောင်မြေခွေးအမွှေးတွေဟာ အစုလိုက်အပြုံလိုက်ကျွတ်ထွက်လို့နေပြီ။ သုံဟွာတစ်ယောက် သူ့ဘာသာသူ သူမကိုနားလည်လာဖို့စောင့်နေရင် ဟန်တော့မှာမဟုတ်ဘူး။ သူမ ကိုယ့်ဘဝကိုယ်ကယ်တင်သင့်ပြီလေ။ နည်းလမ်းတော်တော်များများစဉ်းစားပြီးတဲ့နောက် တိုက်ရိုက်ပြောခြင်းထက် ပိုကောင်းတာမရှိတော့ဘူးလို့ပဲ သူမတွေးလိုက်တယ်။ စိတ်ထဲရှိတဲ့အတိုင်းပြောဖို့ ဘယ်လိုလက်ဟန်ခြေဟန်သုံးရမလဲဆိုတာ အရင်ကြိုတင်စဉ်းစားရမယ်။ ဒီနေ့တော့ သတ္တိတွေစုစည်းပြီး သုံဟွာရဲ့ငါးချိုချဉ်ကို ငြင်းဆန်ပစ်မယ်ပေါ့။ အဲ့လိုနဲ့ စာဖတ်ခန်းဘေးကဖြတ်အသွားမှာ လန်ရှန်း သုံဟွာကို ပြောနေတာကြားလိုက်ရတယ်။ ပြောနေတဲ့အကြောင်းအရာ တော်တော်များများကတာ့ သူမအကြောင်းပေါ့။ သူမ ခိုးနားထောင်ဖို့မရည်ရွယ်ပါဘူး။ ဒါပေမယ့် မြေခွေးဖြစ်ရတဲ့ဘဝမှာ ကန့်သတ်ချက်တစ်ချို့ရှိတယ်လေ။ ဥပမာ နားကိုချက်ချင်းမပိတ်နိုင်တာမျိုးပေါ့။ သူမနားကိုပိတ်ဖို့ ရှေ့ခြေထောက်တွေကိုမကြွရသေးခင်မှာပဲ စကားလုံးတော်တော်များများက သူမနားထဲရောက်နေခဲ့ပြီ။

Page-85

ပထမဆုံးကြားရတာက လန်ရှန်းအသံပေါ့ "မင်း အိမ်မွေးတိရစ္ဆာန်လေးတွေမွေးရတာနှစ်သက်မှန်း ငါမသိခဲ့ဘူး မင်းဆီမှာ မြေခွေးလေးတစ်ကောင်ရှိနေတာ ငါအခုမှပဲ သတိထားမိတော့တယ်"

နောက်ထပ် ကြားရတာက သုံဟွာရဲ့အသံ "သူမက အရမ်းထူးခြားတယ် ငါတို့က ကံကြမ္မာအလိုအရဆုံတွေ့ရတာလို့တောင် ပြောလို့ရတယ်"

လန်ရှန်းရဲ့အသံ ထွက်ပေါ်လာပြန်တယ် "လျှောက်ပြောနေတယ် ငါ ဒီထက်လှတဲ့မြေခွေးတွေကို မမြင်ဖူးတာလည်းမဟုတ် ချင်းချူက ပိုင်မျိုးနွယ်တွေကိုကြည့်ပါလား လှလိုက်တာမှ ပြိုင်ဘက်ကင်းပဲ မင်းရဲ့မြေခွေးနီလေးက ဘာများထူးခြားနေလို့တုန်း"

"သူမက ငါချက်တဲ့ငါးချိုချဉ်ကို နှစ်သက်တယ်" (သီကျွင်းစုတ် သူ့ချာတူးလံဟင်းကိုကြိုက်တာနဲ့ပဲ ဟင်း😤)

လန်ရှန်းခမျာ ထစ်ထစ်အအလေးပြန်ပြောရှာသည် "အင်းနော် တကယ်ကိုအထူးအဆန်းလေးပဲ" (အယ် လန်ရှန်းတောင်သဘောတူတယ်ဟ👀)

သူတို့ရဲ့စကားပြောဆိုမှုဟာ ထိုနေရာမှာပဲ ရပ်တန့်သွားခဲ့တယ်။ တံခါးအပြင်ဘက် ဖုန်းကျိုတစ်ယောက်မှာတော့ သူမလက်ပေါ်က အမွှေးကျွတ်တွေကို ဝမ်းနည်းပက်လက်ကြည့်ရင်း ကြည်နူးရမလိုလို ဝမ်းနည်းရမလိုလိုနဲ့။ အဖြစ်အပျက်တွေက ထင်ထားသလိုဖြစ်မလာတဲ့အပြင် သုံဟွာကလည်း သူရမရဲ့ခံစားချက်တွေကို နည်းနည်းလေးတောင်မရိပ်မိခဲ့ဘူး။ သူ့ကြည့်ရတာ သူမကသူ့ရဲ့ဟင်းချက်လက်ရာကို ချီးမွမ်းခန်းဖွင့်လို့ သူမကိုသဘောကျတာလားမသိ။ အကယ်၍ သူမသာ ခုချိန်အထဲကိုပြေးဝင်သွားပြီး အရာအားလုံးအလိမ်အညာတွေပါလို့ပြောလိုက်ရင်.......အတွေးနဲ့တင် သူမတစ်ကိုယ်လုံးတုန်သွားသည်။ ဘယ်လိုပဲဖြစ်နေပါစေလေ ဒါဟာလှပတဲ့လိမ်ညာခြင်းပဲမလား။ ရှိမြဲတိုင်းသာရှိပါစေတော့။ သူမရဲ့အမွှေးတွေအားလုံးကျွတ်သွားရင်တောင် ဒီတစ်ခေါက်အမွှေးကျွတ်တဲ့ရာသီစောတယ်လို့ပဲ တွေးလိုက်တော့မယ်။

ဒီလိုဇွတ်တရွတ်ခေါင်းမာစွာ အနားမှာနေဖို့ကြိုးစားခဲ့တဲ့သူမ တစ်ညမှာ ကောင်းကင်ဘုံကနေ စိတ်ပျက်အားငယ်စွာ ထွက်ခွာသွားလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ။

လေနုအေးလေး ပြင်းပြင်းထန်ထန်တိုက်ခတ်လာတော့ ဖုန်းကျိုတစ်ယောက် အတွေးကမ္ဘာထဲမှာမျောနေတာ ရပ်တန့်သွားခဲ့တယ်။ အသက် ၃၀၀၀၀ ဆိုတာ ချင်းချူမှာ ကလေးအရွယ်ပဲရှိသေးတာ။ ဒါပေမဲ့ သူမကတော့ ထိုအရွယ်မှာတင် ဘဝရဲ့သင်ခန်းစာတစ်ချို့ကို သင်ယူပြီးခဲ့ပြီ။ ပြောကြတာတော့ ဝမ်းနည်းစရာတွေစွန့်ပစ်ပြီး ပျော်ရွှင်စရာတွေပဲသိမ်းဆည်းထားပါတဲ့။ အမှန်တိုင်းပြောရရင် ထိုက်ချန်နန်းတော်မှာနေခဲ့စဉ်တစ်လျှောက် ပျော်ရွှင်စရာအချိန်တွေထက် ဝမ်းနည်းစရာအချိန်တွေက ပိုများခဲ့တာပဲ။ ဒီနေရာမှာရပ်နေရုံနဲ့ တစ်ချိန်ကအဖြစ်အပျက်တွေကို ပြန်မြင်ယောင်စေတယ်။ အခု သူမ မှတ်မိတဲ့ ဖြစ်ရပ်အများစုက ကောင်းမွန်တဲ့အပိုင်းတွေချည်းပဲလေ။ ဒီအချက်နဲ့တင် သူမ ကိုယ့်ကိုကိုယ် ဝမ်းသာသင့်နေပြီ။

Page-86

အပန်းဖြေအိမ်လေးပေါ်ခုန်တက်လိုက်ပြီး သူမအမြဲထိုင်ဖူးချင်ခဲ့တဲ့ သလင်းကျောက်ထိုင်ခုံလေးပေါ် ထိုင်ဖို့ကြိုးစားလိုက်တယ်။ တကယ်တမ်းထိုင်လိုက်တဲ့အခါ သူမထင်ထားသလို သက်သောင့်သက်သာမရှိလှပါဘူး။ သုံဟွာကတော့ ဒီနေရာမှာမကြာခဏထိုင်ပြီး အနောက်ဘက်ကောင်းကင်ကပေးပို့လာတဲ့ ဗုဒ္ဓကျမ်းတွေကို သုံးသပ်လေ့ရှိတယ်။ ထိုအချိန်တွေဆို သူမကလည်း သုံဟွာရဲ့ခြေထောက်လေးပေါ်ခေါင်းအုံးရင်း ကြယ်တွေကြည့်လေ့ရှိတယ်။

ကောင်းကင်ဘုံမှာမြင်ရတဲ့ကြယ်တွေဟာ သူမအိမ်ကလှမ်းမြင်ရတဲ့ကြယ်တွေလောက်တောင် စိတ်ကူးယဉ်လို့မကောင်းဘူး။ ဒီကကြည့်ရင် သူတို့က ကောင်းကင်ရဲ့အစွန်းဘက်တွေမှာ တစ်သီးတစ်ခြားချိတ်ဆွဲနေပြီး ရောင်းမကုန်တဲ့ဖယောင်းတိုင်တွေနဲ့တောင်တူနေသေးတယ်။ တကယ်ကို ကြည့်ချင်စရာမရှိဘူး။ သုံဟွာ့ဘေးမှာ ကြာကြာလေးနေချင်လို့သာ ထိုကြယ်ကြည့်တာကိုအကြောင်းပြနေရတာ။ ဦးလေးရဲ့ဟွာဆိုရင် ဒေါ်လေးနဲ့လက်ထပ်နိုင်ဖို့ ဘယ်လိုစကားလုံးလှလှလေးတွေနဲ့ချုပ်ခဲ့လဲဆိုတာ ဖုန်းကျိုသေချာသိတယ်လေ။ သူမ အခွင့်အရေးရတဲ့တစ်နေ့ကျရင်  ဦးလေးလမ်းစဉ်လိုက်ပြီး သုံဟွာကို ချင်းချူဆီကိုပါအောင် ချောမော့ဆွဲခေါ်ရမယ်။ အဲ့ဒီအချိန်ကျရင် "ကြယ်တွေကိုကြည့်စမ်းပါဦး ဒီမှာမြင်ရတဲ့ကြယ်တွေက အဲ့လောက်လည်းချစ်စရာမကောင်းပါလားနော် ချင်းချူမှာ ဒီ့ထက်လှတဲ့ကြယ်တွေကြည့်ဖို့ တစ်နေ့နေ့တော့ ရှင့်ကိုခေါ်သွားအုံးမှပါ" ဆိုပြီး သူမ သုံဟွာကိုပြောမယ်လေ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ရာစုနှစ်ပေါင်းများစွာ အတိတ်မှာကျန်ရစ်ခဲ့ပြီ။ သူမပြောချင်တဲ့ စကားလုံးလှလှလေးတွေကိုလည်း တကယ်တမ်းမပြောခဲ့လိုက်ရဘူး။

သန်းခေါင်ယံတောင် ရောက်ခဲ့ပြီ။ ကောင်းကင်ဘုံရဲ့ စီစဉ်ခင်းကျင်းသံတွေတောင် ထွက်ပေါ်လို့လာပြီ။ ကောင်းကင်တစ်ဝက်လောက်ကိုတော့ လရောင်နွေးလေးက လွှမ်းခြုံထားဆဲပဲ။ ကြယ်တွေအားလုံးဟာလည်း နဂါးငွေ့တန်းမှာစုပုံလို့နေတယ်။ သူမလက်ပေါ်မေးထောက်ကာ မှိတ်ချည်လင်းချည်ကြယ်လေးတွေကို ငေးကြည့်နေလိုက်တယ်။ ထို့နောက် သူမကိုယ်သူမ တီးတိုးပြောဆိုလိုက်သည် "ချင်းချူမှာ ကြယ်တွေအတူကြည့်ဖို့ တစ်နေ့နေ့တော့ ရှင့်ကိုခေါ်သွားမယ်" ဖုန်းကျို အတွေးထဲမျောနရင်းက သတိပြန်ဝင်လာခဲ့တယ်။ ပထမတော့ သူမ အံ့သြသွားတယ်။ ပြီးတော့မှ ခေါင်းကိုတစ်ချက်ခါလိုက်ရင်း နှစ်နှစ်ကာကာပြုံးလိုက်သည်။ သူမရဲ့ တီးတိုးစကားသံလေးဟာလည်း မိုးပြာရောင်ကြာကန်လေးဘေးက ညလေအေးနဲ့အတူ လွင့်မျောသွားခဲ့တယ်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ သူမ ဒီနေရာမှာမထိုင်ဖြစ်ခဲ့သလို သူမဘာကိုမှမပြောမိခဲ့သလို အရာအားလုံး အမှောင်ထုထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

Yanfu ပင်ရဲ့ သစ်ကိုင်းတွေဟာ တံခါးပေါက်ကိုဖြတ်ကာ အရိပ်ကျလျက်ရှိတယ်။ မြေပြင်ပေါ်မှာလည်း ခရမ်းရောင် Yanfu ပွင့်ဖတ်လေးတွေ ဟိုနေရာသည်နေရာ ပျံကျဲလို့နေသည်။ သုံဟွာ လဝန်းပုံစံတံခါးပေါ်မှာ သက်သောင့်သက်သာမှီလို့နေတယ်။ သူအခု အဖြူရောင်ပိုးသား ညဝတ်အင်္ကျီပါးလေးကိုဝတ်ဆင်ထားပြီး အပေါ်မှာလည်း ဝတ်ရုံရှည်တစ်ထပ်ကို လျော့တိလျော့ရဲထပ်ဝတ်ထားတယ်။ အစကတော့ ဥယျဉ်ထဲဝင်သွားတဲ့သူမနောက်ကို တိတ်တဆိတ်လိုက်လာခဲ့တာ။ သူမဘယ်လိုများထွက်သွားမလဲဆိုတာ သိချင်မိတယ်လေ။ ပထမတုန်းက သူမလမ်းပျောက်နေတယ်လို့တောင်ထင်တာ။ လတ်စသတ်တော့ ဒီကောင်မလေးက သူစိုက်ထားတဲ့အပင်တစ်ပင်ကို တူးယူနေတာပဲ။ ပြီးနောက် ရှုခင်းတွေကိုတောင် ပျော်ပျော်ကြီးကြည့်နေလိုက်သေးတယ်။ သူမရဲ့အမူအရာက ချက်ချင်းပဲပျော်ရွှင်သွားလိုက် ချက်ချင်းပဲဝမ်းနည်းသွားလိုက်နဲ့။ တစ်စုံတစ်ခုကြောင့် စိတ်ထဲမှာလေးလံနေပုံပဲ။

Page-87

သုံဟွာအပေါ်ကိုငေးကြည့်လိုက်တော့ အိပ်မွေ့ချတဲ့ ခရမ်းရောင်မြူခိုးတွေဟာ သူ့အိပ်ခန်းထဲကနေ အပြင်ဘက်ကို ပျံလွင့်လို့လာနေတာကို တွေ့ရတယ်။ အခုဆို ထိုက်ချန်နန်းတော်တစ်ဝက်လောက်ကို ဖုန်းလွှမ်းနေလောက်ရောပေါ့။ မင်္ဂလာရှိတဲ့နိမိတ်တစ်ခုလို မြူခိုးတွေဟာ မွတ်မွတ်သိပ်သိပ်ရေးဆွဲထားတဲ့ တိမ်ပန်းချီနဲ့တောင်တူနေပြီ။ ဒီကောင်မလေးဟာ သူ့ကိုအိပ်ငွေ့ချဖို့အတွက်နဲ့ သူမရဲ့စွမ်းအားတွအကုန်လုံးကို အသုံးပြုပြီး အိပ်မွေ့ချမန္တာန်ကိုရွတ်ခဲ့တဲ့ပုံပဲ။ မြူခိုးတွေဟာ အရှေ့တောင်ထောင့်နားကစပြီး တရွေ့ရွေ့ပျံ့လွင့်သွားလိုက်တာ ခုနကကြားနေရတဲ့ စီစဉ်ခင်းကျင်းသံတွေတောင် ပြန်တိတ်ဆိတ်သွားတယ်။ မန္တာန်ရွတ်ခဲ့တဲ့သူကိုယ်တိုင်ကတော့ လုံးဝကိုသတိလက်လွတ်နဲ့ အတွေးထဲမှာနစ်မြောနေတုန်း။ တစ်ခဏအတွင်းမှာပဲ ခရမ်းရောင်မြူခိုးတွေဟာ ဥယျာဉ်ထဲအထိပျံနှံလာခဲ့တယ်။ ထို့နောက် ရေတံခွန်ကိုဖြတ်ကျော်ပြီး ခပ်မြင့်မြင့်သစ်ပင်တွေဆီရောက်လာတယ်။ နောက်တော့ စန္ဒာကူးအပန်းဖြေအိမ်လေးဆီကိုပါ တဖြည်းဖြည်း ကူးစက်လာတော့သည်။ သုံဟွာ အမှတ်စဉ် ၃ အထိရေတွက်နေလိုက်ပြီး ဒီလိုနဲ့ မြူခိုးတွေဟာ လရောင်အောက်မှာထိုင်နေတဲ့မိန်းမပျိုဆီကို ရောက်ရှိသွားတော့တယ်။ ထင်ထားတဲ့အတိုင်းပဲ သူမအိပ်ပျော်သွားပြီလေ။

သုံဟွာ Yanfu ပင်ရဲ့အကိုင်းတွေကိုဖယ်လိုက်ပြီး တံခါးပေါက်အနောက်ကနေ ဥယျာဉ်ထဲကိုဝင်လာခဲ့တယ်။ နန်းတော်တစ်ခုလုံး တိတ်ဆိတ်နေသည်။ ခါတိုင်းညတွေက မှိန်မှိန်လေးလင်းလေ့ရှိတဲ့ ဗောဓိပင်တွေတောင် အလင်းရောင်မရှိတော့ဘူး။ စန္ဒာကူးနံ့လေးကတော့ အပန်းဖြေအိမ်လေးထဲမှာ မွှေးပျံ့လို့နေဆဲပဲ။ သူ စားပွဲပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ သူမလေးကို ငုံ့ကြည့်လိုက်ရင်း မနေသာတော့တဲ့အဆုံး တခွိခွိရယ်ပါတော့သည်။ ဘယ်လိုလုပ်များ ဘာတစ်ခုမှမသိဘဲ ကိုယ့်ဂါထာကိုယ်ပြန်မိရတာလဲ? သူမဟာ ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော အတုံးဆုံးသူလေးပဲဖြစ်မယ်။ အေးလေ သူမရဲ့အဖေ Bai Yi သူမအတွက် ထက်မြက်တဲ့ခင်ပွန်းလောင်းတစ်ယောက်ကို အသည်းအသန်လိုက်ရှာနေတာ မဆန်းပါဘူး။ (ရီမနေနနဲ့သီကျွင်း  အဲ့ဒီခင်ပွန်းလောင်းက နင်ပဲဖြစ်မှာ ဟားဟား😂😂)

သုံဟွာ သူမပေါ်ကို မန္တာန်တစ်ခုရွတ်လိုက်တယ်။ ခရမ်းရောင်မြူခိုးတွေ ပျံ့လွင့်နေတဲ့ ဥယျာဉ်လေးထဲမှာ ဖုန်းကျိုတစ်ယောက် လက်ကိုင်ပုဝါလေးအဖြစ်ကို ပြန်ပြောင်းသွားပြီး သုံဟွာရဲ့ ရင်ဘတ်ကအင်္ကျီထဲမှာသိမ်းဆည်းခြင်းကို ခံလိုက်ရပါတော့တယ်။

Comment