အခန်း (၁)

အတွဲ (၁) Unicode version ဖြစ်ပါသည် 💟 လေးတွေ ပေးခဲ့နော် 💟

Page 1-3

Page-1

မိတ်ဆက်

မတ်လမှာဆို အစိမ်းရောင်မြက်ခင်းပြင်ကြီးတွေနှင့် ဧပရယ်လမှာဆို ကောင်းကင်အနှံ့ ငှက်ငယ်လေးတွေပျံသန်းလေ့ရှိသောနေရာကတော့ အရှေ့ပင်လယ်ရဲ့အစွန် မက်မွန်ပွင့်တွေဝေဝေဆာဆာပွင့်လျက်ရှိတဲ့ ဆယ်မိုင်မက်မွန်ခြံပဲဖြစ်သည်။

ကောင်းကင်ဘုံရဲ့မျိုးနွယ်စုနဲ့ ချင်းချူရဲ့အမြီးကိုးချောင်းမြေခွေးမျိုးနွယ်စုတို့ဟာ မကြာခင်မှာဆွေမျိုးတော်စပ်ရတော့မှာဖြစ်တယ်။ မျိုးနွယ်စုအကြီးအကဲတွေကြား ဒီဆွေးနွေးပွဲဟာ တစ်ရက်ပြီးတစ်ရက်သာကြာသွားခဲ့တယ်။ ဒီလိုနဲ့ နှစ်ပေါင်း ၂၂၃ နှစ်ကြာခက်ခဲပင်ပန်းစွာတိုင်ပင်ပြီးကြတဲ့နောက် နှစ်တစ်နှစ်ရဲ့တစ်မနက်ခင်းမှာတော့ နောက်ဆုံးဆုံးဖြတ်ချက်ကိုချနိုင်ခဲ့တယ်။

အားလုံးသေချာစွာညှိနှိုင်းရွေးချယ်ထားတဲ့ မင်္ဂလာပွဲရက်က မက်မွန်ပန်းတွေပွင့်ချိန်ဖြစ်တဲ့ နွေဦးနှောင်းမှာပဲဖြစ်တယ်။

နှစ်ပါင်းနှစ်ရာကျော်ကြာ ကံဆိုးစွာဝေးကွာနေရတဲ့ မင်္ဂလာဇနီးမောင်နှံနှစ်ယောက်ကတော့ အခြားသူမဟုတ်ပါဘူး ကောင်းကင်ဘုံရဲ့အိမ်ရှေ့မင်းသားရဲ့ဟွာနဲ့ ချင်းချူဘုရင်မ ပိုင်ချန်းတို့ပါပဲ။

တစ်လောကလုံးက ဒီသတင်းကိုဂုဏ်ပြုဖို့စောင့်နေတာ အတော်လေးကိုကြာသွားပြီ။ ကောင်းကင်မင်းကြီးရဲ့ထုံးစံအတိုင်း ဇနီးမောင်နှံနှစ်ယောက်ရဲ့ အပျော်ရွှင်ရဆုံးနေ့လေးကို မကြုံစဖူး တခမ်းတနားကြီးနဲ့ ကျင်းပမယ်ဆိုတာ ခန့်မှန်းလို့လွယ်ကူပါတယ်။ မင်္ဂလာပွဲရဲ့အဝင်ရှေ့ကစလို့ အရာရာတိုင်းဟာ ခံ့ညားထည်ဝါနေမှာသေချာတယ်။ ဒါပေမယ့် ပွဲကိုတခမ်းတနားဖြစ်အောင် ဘယ်လိုပုံစံနဲ့စီစဉ်နေလဲဆိုတာတော့ တွေးကြည့်ဖို့ရန် ခက်ခဲလှတယ်။

သို့သော်လည်း သတို့သားဘက်မှ ရှည်လျားလှတဲ့နတ်အစီအတန်းကြီး ယူဇီတောင်ပေါ် ဝမ်ရှန်းကန်ရဲ့ဘေးကနေ ချင်းချူဆီသို့ စီတန်းဝင်ရောက်လာတဲ့အချိန်မှာတော့ ကန်ရဲ့တစ်ဖက်မှာ ပုဝါကိုင်ပြီးစောင့်နေတဲ့မင်ဂူတစ်ယောက် ကောင်းကင်မင်းကြီးကိုလျော့တွက်ခဲ့လိုက်မိပါလားလို့တောင် တွေးမိလေရဲ့။

မင်္ဂလာပွဲကိုလာတဲ့နတ်အုပ်စုကြီးဟာ တော်ရုံတန်ရုံကြီးကျယ်တာမဟုတ်ဘူးပဲ။ တကယ်ကို မကြုံဖူးလောက်အောင်ကို လွန်လွန်ကျူးကျူး ခမ်းနားကြီးကျယ်တာပဲကိုး။

မင်ဂူဟာ ပိုင်ချန်းရဲ့ဘေးမှာနေလာတာခဲ့တာ ကြာပြီဖြစ်တဲ့တွက် ချင်းချူမှာတော့ အထိုက်အသင့် လေးစားခံရတဲ့သူတစ်ယောက်ပဲလေ။ နယ်ခံတစ်ဦးဖြစ်တာလည်း ကြာပြီဆိုတော့ မင်္ဂလာပွဲနဲ့ပတ်သက်လို့ ထုံးတမ်းတစ်ခုနှစ်ခုလောက်ကို သူသေချာသိတယ်။ (အစက ပိုင်ချန်းရဲ့အဖေ မင်ဂူကို တောင်တစ်တောင်ကနေ ချင်းချူဆီခေါ်လာတာလေ ပိုင်ချန်းတို့ဝတ္ထုထဲမှာပါတာ)

ကောင်းကင်ဘုံရဲ့ထုံးစံအရ သတို့သားဟာ သတို့သမီးကိုလာရောက်ခေါ်ဆောင်တဲ့အခါ သူကိုယ်တိုင်မလာရဘူး။ မိသားစုဝင်အကြီးအကဲတစ်ယောက်ယောက်က ခေါ်ဆောင်ဖို့တာဝန်ကို အမြဲယူရလေ့ရှိတယ်။

Page-2

မိုယွမ်ဟာ ရဲ့ဟွာရဲ့အကိုအဖြစ်သတ်မှတ်လို့ရတယ်။ ဒါကြောင့် မိုယွမ်က အခြားမျိုးနွယ်စုတစ်ခုရဲ့ အကြီးအကဲဆိုသော်ငြား သတို့သမီးခေါ်ဆောင်ဖို့အတွက် သူသာအသင့်တော်ဆုံးဖြစ်မယ်လို့ မင်ဂူတွေးမိတယ်။

ဒါဆိုရင် ဒီလိုဂုဏ်ရှိန်ဝါကြီးမားလှတဲ့ နတ်ဘုရားမိုယွမ်ရဲ့နောက်မှာ ရာထူးခပ်ကြီးကြီးမဟုတ်တောင် အလယ်လတ်တော့အနည်းဆုံးရှိတဲ့ နတ်ဘုရားတွေလိုက်ပါလာရမှာပဲ။ ကြည့်ရတာ လူတွေရဲ့ကံကြမ္မာကိုရေးတဲ့ စီမင်းနတ်မင်း လိုက်ပါလာဟန်တူတယ်။ ဒါ တကယ်ကို သင့်မြတ်လျော်ညီလှပါတယ်။

စီမင်းရဲ့အရှေ့မှာတော့ တစ်နှစ်လုံးနေမှအမြီးပဲဖမ်းလို့ရတယ်ဆိုပြီး ကျော်ကြားတဲ့နဂါး ကောင်းကင်မင်းကြီးရဲ့ သုံးယောက်မြောက်သား ရဲ့ဟွာရဲ့ဦးလေးသုံး လန်ရှန်းပဲဖြစ်တယ်။ သူ့ကိုကြည့်ရတာ အလုပ်ကိစ္စအတွက်လိုက်ပါလာတာထက် ပျော်ပွဲရွှင်ပွဲအတွက်လာတဲ့ပုံစံနဲ့တောင် ပိုတူနေသေးတယ်။

ဒီလိုကြီးကျယ်လှတဲ့ နတ်မင်းကြီးသုံးပါးဟာ သူတို့ရဲ့အရှိန်အဝါတွေနဲ့ ပွဲကိုဘယ်လိုတောင် တင့်တယ်စေတာလဲဆိုတာ မင်ဂူအချိန်အတော်ကြာအောင် စဉ်းစားယူခဲ့ရတယ်။

သို့သော် မိုယွမ်ဘေးမှ ခရမ်းရောင်ဝတ်ရုံကိုဝတ်ဆင်ထားတဲ့ ငွေရောင်ဆံနွယ်တွေနဲ့နတ်မင်းကြီး အမြဲတမ်းတစ်ကိုယ်တော်သမားလို့ ကျော်ကြားတဲ့၊ သေရေးရှင်ရေးအခြေအနေမှတစ်ပါး သူ့နန်းဆောင်ရဲ့အပြင်ဘက်ကို ခြေတစ်လမ်းတောင် ခွာလေ့မရှိတဲ့၊ ရံဖန်ရံခါမှသာ ပန်းချီကားတွေပေါ်မှာတေ့ွရလေ့ရှိတဲ့ (အပြင်မှမထွက်တာ မမြင်ဖူးတော့သူ့ပုံဘယ်လိုဆွဲမလဲလေ)၊ နတ်ငယ်လေးတွေရဲ့အကြောင်းကို ဘယ်တော့မှစိတ်ဝင်စားခြင်းမရှိတဲ့ သုံဟွာသီကျွင်းက... ဘယ်လိုဖြစ်လို့ မင်္ဂလာနတ်အုပ်စုကြီးထဲကတစ်ယောက် ဖြစ်နေရတာလဲ?

မင်းဂူ ဘယ်လိုပဲဦးနှောက်ခြောက်ခံစဉ်းစားစဉ်းစား ဖြေရှင်းချက်တစ်ခုလေးတောင် ရှာမတေ့ွခဲ့ဘူး။

ရေကန်ရဲ့တစ်ဖက်မှာ ရပ်နေတဲ့မင်ဂူမျက်လုံးတွေတောင် ပြာသွားတယ်။

အတန်းလိုက်အတန်းလိုက် စီတန်းထွက်ရှိလာတဲ့ နတ်မင်းတွေရဲ့ကိုယ်ယောင်ကိုယ်ဝါဟာ Yueya ပင်လယ်အော်ရဲ့ဘေးမှာ ရပ်တန့်သွားတယ်။ နတ်အုပ်စုကြီးဟာ ချက်ချင်းကန်ကိုမဖြတ်သေးဘဲ ကန်ရဲ့ဘေးမှာ စခန်းချလိုက်တယ်။ နောက်ဆုံးအဖွဲ့က နတ်ငယ်လေးတွေ အစီအရီထွက်လာကြပြီး နတ်မင်းကြီးတွေအတွက် စားကောင်းသောက်ဖွယ်တွေကို ပြင်ဆင်ပေးကြလေတယ်။

Page-3

အေးမြတဲ့လေညှင်းလေးတွေဟာ ဝမ်ရှန်းကန်ရဲ့ ရေမျက်နှာပြင်ကိုဖြတ်လျက် ညင်သာစွာတိုက်ခတ်လို့နေတယ်။ မိုးရွာပြီးတဲ့နောက် နွေဦးကာလရဲ့ နောက်ဆုံးအချိန်လေးကို အမိအရအသုံးချကာတိုက်ခတ်လျက်ရှိတဲ့အတွက်ကြောင့် ပန်းပွင့်လေးတွေတောင် အညှာတံမှ တဖြည်းဖြည်းကြွေကျကုန်ကြတယ်။ အချိန်က နည်းနည်းနောက်ကျနေပြီဆိုသော်ငြား ရှုခင်းတွေရဲ့အလှမှာ ညှို့ယူမခံရစေဖို့ကတော့ ခက်ခဲလေသည်။

ကောင်းကင်ဘုံရဲ့တတိယမင်းသား ရဲ့ဟွာရဲ့ဦးလေး၃ လန်ရှန်းဟာ ပျင်းရိစွာနဲ့ လက်ဖက်ရည်ခွက်နှုတ်ခမ်းကို ဆတ်ခနဲပုတ်လိုက်တယ်။ အထဲကလက်ဖက်ရွက်လေးတွေကို ရည်ရွယ်ချက်မရှိငေးလျက် ဘေးမှာထိုင်နေတဲ့စီမင်းနဲ့ ရောက်တတ်ရာရာစကားစမြည်ပြောပါတော့တယ် "ဒီကိုမလာခင်က ငါကြားဖူးတာ ချင်းချူမှာဘုရင်မနှစ်ပါးရှိတယ်တဲ့ ရဲ့ဟွာနဲ့လက်ထပ်တော့မယ့်ပိုင်ချန်းအပြင် နောက်ထပ် အငယ်လေးတစ်ယောက်ရှိသေးတယ်ထင်တယ်"

သုံဟွာသီကျွင်းနဲ့ယှဉ်ရင် နောက်လိုက်စီမင်းဟာ ရထူးငယ်ပေမယ့် လူသိများသူဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နတ်ပြည်တစ်ခုလုံးမှာမှ စွယ်စုံရနတ်မင်းနှစ်ဦးတည်းသာရှိတဲ့ထဲက သုံဟွာသီကျွင်းက ဗုဒ္ဓလမ်းစဉ် လောကုတ္တရာအကြောင်း အကုန်သိသူဖြစ်ပြီး စီမင်းကတော့ လောကီရေးဆိုင်ရာ စွယ်စုံရသူဖြစ်သည်။ မိသားစုတစ်ခုရဲ့ နောက်ဆုံးမျိုးဆက်သုံးခုကြားမှာ လျှို့ဝှက်ချက်လို့ခေါ်ထိုက်တဲ့ အရာမှန်သမျှကိုသူသိတယ်။

ဆယ်မိုင်လောက်ရှည်လျားတဲ့ နတ်အုပ်စုကြီးနဲ့ မနက်တည်းကလိုက်ပါလာခဲ့သော လောကီစွယ်စုံရစီမင်းဟာ နောက်ဆုံးတော့ စကားပြောဖို့လမ်းစရလာပြီလေ။ သူအလျင်အမြန် ပြောလိုက်ချင်သော်လဲ မျက်နှာထားကို နှိုးချင့်မျှော်ခေါ်ရာရောက်တဲ့အမူအရာအဖြစ် ဟန်ဆောင်ကာ လက်ဟန်အမူအရာတွေကအစ ယဉ်းကျေးတဲ့လောကဝတ်ပုံစံသို့ ပြောင်းလိုက်ပြီးတဲ့နောက် ဖြည်းဖြည်းချင်း ပြန်ဖြေခဲ့တယ် "အရှင်မင်းသားပြောတာမှန်ပါတယ် တကယ်ပဲ ချင်းချူမှာဘုရင်မနှစ်ပါးရှိတယ် အငယ်တစ်ယောက်ကတော့ ပိုင်မိသားစုရဲ့ တစ်ဦးတည်းသောမြေးမလေးပါပဲ သူမက မြေခွေးအဖြူနဲ့အနီစပ်ထားတဲ့ တစ်လောကလုံးမှာမှ တစ်ကောင်တည်းသော အမြီးကိုးချောင်းနဲ့မြေခွေးမလေး ပိုင်ဖုန်းကျိုပါ နတ်ပြည်မှာ နယ်မြေငါးနေရာနဲ့ အုပ်ချုပ်သူငါးယောက်ရှိသလို ချင်းချူမှာလည်း နယ်မြေငါးခုနဲ့ အုပ်ချုပ်သူငါးဦးရှိပါတယ် ဘုရင်မပိုင်ချန်းက အိမ်ရှေ့စံရဲ့ဟွာနဲ့ လက်ထပ်တော့မှာဆိုတော့ ချင်းချူရဲ့အုပ်ချုပ်မှုအာဏာကို အရှင်မဖုန်းကျိုလက်ထဲကိုအပ်ထားတာ နှစ်ပေါင်း၂၀၀ရှိနေပါပြီ သူမ အဲ့ဒီရာထူးကိုရတုန်းကဆို သူမရဲ့အသက်က ၃၂၀၀၀ ပဲရှိသေးတာ ဒါပေမယ့်လဲ ပိုင်ဇီမင်းကြီးက သူမကို ဒီရာထူးကိုဆက်ခံခွင့်ပေးခဲ့တယ် သူမရဲ့အသက်က အရမ်းငယ်ပေမယ့် ရာထူးကတော့အမြင့်ဆုံးပဲ ဒါပေမယ့်... သူမအကြောင်း တစ်ခုတော့ပြောစရာရှိတယ်"

Page 4-7

Page-4

နတ်ငယ်လေးတွေ လက်ဖက်ရည်လာထပ်ထည့်ပေးနေတဲ့အတွက် စီမင်းစကားကိုခဏရပ်ကာ အခိုးငေ့ွတွေကို အခွင့်ကောင်းယူပြီး လက်ဖက်ရည်သောက်နေတဲ့ သုံဟွာသီကျွင်းကို ခိုးကြောင်ခိုးဝှက်ကြည့်လိုက်သည်။

လန်ရှန်းကြည့်ရတာ ပြောမယ့်အကြောင်းရာကို အတော်လေးစိတ်ဝင်စားနေတဲ့ပုံရတယ်။ လက်ကိုဝေ့ရမ်းကာ "ဆက်ပြောလေ" ဟုဆိုပြီး မျက်လုံးထောင့်မှာလည်း အပြုံးရိပ်တွေသန်းလို့နေသည်။

စီမင်းခေါင်းငြိမ့်လိုက်ပြီး ခဏတာမျှစဉ်းစားကာ ဆက်ပြောလေတယ် "တကယ်တော့ ကျွန်တော်နဲ့အရှင်မဖုန်းကျိုသိတာအတော်ကြာပြီ အဲ့တုန်းက သူမရဲ့အသက်က နှစ်၂၀၀၀၀ လောက်ပဲရှိသေးတာ ပြီးတော့ သူမက ပိုင်ဇီ Dijun နားမှာပဲ အမြဲကပ်နေလေ့ရှိတာ Dijunရဲ့တစ်ဦးတည်းသောမြေးမလေးဆိုတော့ အရမ်းအလိုလိုက်ခံရပြီး သူမလေးကလည်း အမြဲ ရွှင်ရွှင်ပြပြနဲ့တက်ကြွနေတတ်တာ ဗရုတ်ကျတဲ့ကိစ္စတိုင်းမှာ သူမပါနေတတ်တယ် ကျွန်တော်တောင် သူမစတာခဏခဏခံရတယ် ဒါပေမယ့်..." စီမင်းစကားခဏရပ်လိုက်သည် "လွန်ခဲ့တဲ့နှစ်၂၀၀ ကျော်လောက်က သူမလူ့ပြည်ကို ခဏသွားခဲ့တယ် နှစ်အနည်းငယ်လောက်ကြာပြီး သူမပြန်လာတော့ ရုတ်တရက်ကြီးပိုရင့်ကျက်သွားခဲ့တယ် ပြောကြတာတော့ သူမပြန်ရောက်လာတဲ့နေ့က အဖြူရောင်ဝမ်နည်းခြင်းဝတ်စုံကို ဝတ်ဆင်ထားတာတဲ့ အခုနှစ်ပေါင်း ၂၀၀ တောင်ကြာသွားပြီဆိုတော့ သူမလည်းရင့်ကျက်လာပါပြီ ဒါပေမယ့် ထီးနန်းကိုဆက်ခံရမှာဖြစ်လို့ ပိုင်ဇီ Dijunက သူမကို အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်ပြီး ကူညီမယ့်သူမရှိမှာစိုးတာနဲ့ လွန်ခဲ့တဲ့နှစ် ၁၀၀လုံးလုံး သူမအတွက်သင့်တော်တဲ့ သတို့သားလောင်းကို လိုက်ရှာနေတာ သူမကတော့..."

"သူမကတော့..ဘာဖြစ်လဲ" လန်ရှန်းသိချင်ဇောနဲ့ မေးလေသည်။

စီမင်း ခေါင်းခါလိုက်ပေမယ့် မျက်လုံးတွေက သုံဟွာသီကျွင်းဆီကို အမှတ်တမဲ့ရောက်သွားလေတယ် "ဘာမှမဖြစ်ပါဘူး ဒီတိုင်း..သူမ လက်ထပ်ပြီးသားဆိုပြီး အတင်းငြင်းတယ်လေ သူမရဲ့ခင်ပွန်းကွယ်လွန်သွားပြီဆိုပေမယ့် နောက်ထပ်လက်မထပ်တော့ဘူးလို့ပြောတယ် ကျွန်တော်ကြားတာတော့ လွန်ခဲ့တဲ့နှစ် ၂၀၀လုံးလုံး သူမရဲ့ခေါင်းပေါ်က အဖြူရောင်ဆံထိုးလေးကို လုံးဝမဖြုတ်ဘူးဆိုပဲ သူမရဲ့အဖြူရောင်ဝမ်းနည်းခြင်းဝတ်စုံကိုတောင် မချွတ်ဘူးတဲ့"

လန်ရှန်း လက်နဲ့မေးကိုထောက်ကာ နောက်ကကျောက်တုံးခုံတန်းကိုမှီလျက် ပြန်ပြောခဲ့တယ် "မင်းပြောမှ ငါစဉ်းစားမိတယ် လွန်ခဲ့တဲ့နှစ် ၇၀ လောက်က Zhi'yue တောင်က Cang'yi ရဲ့သတို့သမီးကိစ္စလေ အဲ့ဒါချင်းချူနဲ့ပတ်သက်နေတာလား?"

Page-5

စီမင်းပြန်မဖြေခင် ခဏစဉ်းစားနေတုန်းမှာပဲ ဘေးမှာတစ်ချိန်လုံး တိတ်ဆိတ်စွာထိုင်နေခဲ့တဲ့ နတ်မင်းကြီးမိုယွမ် စကားစပြောခဲ့တယ်။ သူ့ရဲ့အသံက လုံးဝကြည်လင်ပြတ်သားလို့နေတယ် "အဲ့တာ ပိုင်ဇီ ဖုန်းကျိုကို Cang'yi နဲ့အတင်းပေးစားနေလို့ပါ" စီမင်းကြားထဲက ဝင်ထောက်ပေးလိုက်သည် "Cang'yi လား?" မိုယွမ်ဆက်ပြောတယ် "ဟုတ်တယ် Cang'yi သူတို့ ဖုန်းကျိုကိုကြိုးတုပ်ပြီး ဝေါယာဉ်ပေါ်ခေါ်သွားတာ သူမလက်မခံဘူးလေ ညရောက်တော့ Zhi'yue တစ်နန်းတော်လုံးကို အလွယ်တကူဖျက်စီးပစ်လိုက်တာပဲ"

သူပြောတဲ့အလွယ်တကူဆိုတာ မသိရင် နန်းတော်တစ်ခုလုံးက လေတွေတိမ်တွေနဲ့ပဲ ဆောက်ထားသလို။ စီမင်းကြားရတာ တစ်မျိုးကြီးဖြစ်နေ၏။ သို့သော် ဒီဇာတ်လမ်းအကြောင်း သူလဲရေရေရာရာမသိဘူး။ ဆက်ပြောနေရင် ဖုံးဖိထားတဲ့ဇာတ်လမ်းတွေအကုန်စပြီးပေါ်တော့မှာ "အာ..."

လန်ရှန်း ပြုံးကာ ယပ်တောင်ကိုဆွဲကိုင်လိုက်တယ်။ ထို့နောက် ခပ်တည်တည်နဲ့ မိုယွမ်ဘက်ကို မျက်နှာလှည့်လိုက်တော့တယ် "နတ်မင်းမိုယွမ်ပြောတာဟုတ်ပါတယ်"လို့ ပြောရင်း "ခုမှမှတ်မိတော့တယ် ဘယ်သူလဲမသိပြောဖူးတယ် အဲ့တုန်းက နတ်မင်းမိုယွမ်က အခမ်းအနားမှူးတဲ့ ပြီးတော့ ပြောကြသေးတယ် Cang'yi က သူ့နန်းတော်တစ်ခုလုံးကိုဖျက်စီးလိုက်တဲ့ မတော်လိုက်ရတဲ့ဇနီးကို အရမ်းချစ်တယ်တဲ့ နန်းတော်ကိုပြန်ဆောက်ပြီးတော့ ဖုန်းကျိုရဲ့ပုံတူကို နံရံမှာချိတ်ထားပြီး နေ့တိုင်းကြည့်ကာတမ်းတတယ်လို့ ကြားဖူးတယ်"

မိုယွမ် ဘာမှဆက်မပြောတော့ပေ။ စီမင်းကတော့ သက်ပြင်းချရင်း "တစ်ဖက်သတ်အချစ်လိုပဲ မပြည့်ဝတဲ့ဆန္ဒကလည်း တစ်ခုခုပဲ ကျွန်တော်လည်းကြားမိသေးတယ် Zhonghu တောင်က မိန်းမပျိုချင်က နတ်ဘုရားပိုင်ချန်းရဲ့ အကို၄ ပိုင်ကျန်းကို သဘောကျနေတာတဲ့ အဲ့တာကြောင့် နတ်မင်းကြီးကျီရန်ဆီကတောင် ပိုင်ကျန်းကိုခိုးယူဖို့ ကြိုးစားသေးတယ်ဆိုပဲ"

မိုးရေရွှဲနေတဲ့ပန်းလေးတွေဟာ လေတိုက်တိုင်း ယိမ်းထိုးလျက်ရှိတယ်။ ခမ်းနားကြီးကျယ်လှတဲ့ နတ်မင်းကြီးတွေလည်း လက်ဖက်ရည်သောက်ရင်း၊ အနားယူရင်း၊ ရှုခင်းကိုခံစားရင်းနဲ့ လောကီစွယ်စုံစီမင်းရဲ့ စကားတွေကိုနားထောင်နေကြတယ်။ တခြားလိုက်ပါလာကြတဲ့ နတ်ငယ်လေးတွေလည်း ဘာဝင်ပြောရမှန်းမသိဘဲ စီမင်းဆီက မကြားဖူးတဲ့လျှို့ဝှက်ချက်တွေကိုနားထောင်ရင်း အံ့သြစိတ်လှုပ်ရှားလျက်ရှိတယ်။ သို့သော် နတ်မင်းကြီးတွေရဲ့ရှေ့မှာ မသင့်တော်တဲ့ အပြုအမူမျိုး လုပ်မိမှာစိုးတာကြောင့် အံ့သြမှုတွေကို တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းပဲ တုံ့ပြန်ကြလေတယ်။ ဒီလိုနဲ့ ဝမ်ရှန်းကန်ရဲ့ဘေးမှာ အကြည့်ချင်းစကားပြောမှုပေါင်းများစွာ ဝဲပျံနေပါတော့တယ်။

Page-6

နတ်ငယ်လေးတစ်ယောက်ကတော့ စီမင်းကို လည်ချောင်းရှင်းဖို့အတွက် အလိုက်တသိနဲ့ လက်ဖက်ရည်ငှဲ့ပေးရှာပါတယ်။ စီမင်း ရေမျက်နှာပြင်ပေါ်က ဖုန်အစက်လေးနှစ်ခုကို ခွက်အဖုံးနဲ့ဖယ်ရင်း အကြည့်တွေကတော့ အဝေးမှာရှိနေတဲ့ သုံဟွာသီကျွင်းဆီကိုပဲ ရောက်လို့နေသည်။ ထို့နောက် တစ်စုံတစ်ခုကိုတွေးမိသွားသလို မျက်မှောင်ကြုတ်လေတယ်။

လန်ရှန်း လက်ဖက်ရည်ခွက်ကိုင်ထားရင်း ရယ်ကာစီမင်းကိုမေးလိုက်သည် "စီမင်း ဒီနေ့မင်းမျက်လုံးတွေ ဘာဖြစ်နေတာလဲ? ဘာလို့သုံဟွာဆီပဲ ခဏခဏကြည့်နေတာလဲ?"

နှစ်မီတာလောက်အကွာမှာ သုံဟွာသီကျွင်း သောက်လက်စလက်ဖက်ရည်ခွက်ကိုချကာ လှည့်ကြည့်လိုက်သောအခါ စီမင်း ရှက်ကိုးရှက်ကန်းနဲ့ပြုံးလိုက်လေသည်။

"ဗွမ်း!" ဘေးနား ကန်ရေမျက်နှာပြင်ပေါ်မှာ ကြီးမားတဲ့လှိုင်းလုံးကြီးတစ်ခု ရုတ်တရက်တက်လာခဲ့တယ်။

ဆယ်မီတာလောက်ရှည်တဲ့ လှိုင်းလုံးကြီးပျောက်ကွယ်သွားတဲ့အခါမှာတော့ Yue'ya ပင်လယ်အော်ရဲ့ဘေး နေရောင်အောက်မှာရပ်နေတဲ့ အဖြူရောင်ဝတ်စုံနဲ့မိန်းမလှလေးတစ်ဦး ပေါ်ထွက်လာခဲ့တယ်။

သူမရဲ့ ညက်ညောဖြူဖွေးလှတဲ့ လက်မောင်းလေးတွေဟာ နက်မှောင်တဲ့သူမရဲ့ဆံနွယ်တွေနဲ့ တခြားစီဆန့်ကျင်လို့နေတယ်။ ထိုဆံနွယ်တွေပေါ်မှာ အဖြူရောင်ပန်းဆံထိုးလေးတစ်ခုပန်ထားလေတယ်။ သူမရဲ့အဝတ်အစားတွေက ရေမစိုနိုင်တဲ့ပိတ်စမျိုးဖြစ်ပေမယ့် ရေစက်တွေကတော့ သူမရဲ့ကိုယ်ပေါ်ကနေ တစက်စက်စီးကျလို့နေတယ်။ ဒါ့အပြင် မနက်ခင်းလေပြေတွေကြားမှာ ရပ်နေတာဖြစ်လို့ သူမရဲ့ပိတုန်းရောင် ဆံနွယ်တွေဟာ ရေတွေနဲ့ရွှဲနေပေမယ့်လဲ တစ်ချို့ကတော့ မျက်နှာပေါ်မှာ လေလွင့်လျက်ရှိတယ်။ သူမရဲ့ပုံစံက အေးတိအေးစက်နိုင်ပေမယ့် မျက်လုံးထောင့်တွေမှာ နွေးထွေးတဲ့အပြုံးကို တေ့ွမြင်နိုင်ပါတယ်။ ခုနလေးကပဲ အားတက်သရောစကားပြောနေတဲ့ စီမင်းဆီကို သူမမခို့တရို့လေး ပြုံးပြလာတယ်။

စီမင်း ထိတ်ထိတ်ပျာပျာနဲ့ လက်ဖက်ရည်ခွက်ကိုကောက်ယူကာ သူ့မျက်နှာကိုဝှက်ဖို့ကြိုးစားပါတော့တယ်။ "မင်းမျက်နှာက အရမ်းကြီးနေတာ လက်ဖက်ရည်ခွက်နဲ့မရဘူး ဒါကိုသုံး" ဆိုပြီး လန်ရှန်း သူ့ရဲ့ယပ်တောင်ကို လှမ်းပေးလေသည်။

အလျင်အမြန်ပဲ စီမင်း သနားစဖွယ် ဒူးထောက်လိုက်တယ်။ မချိပြုံးပြုံးရင်း "အရှင်မဖုန်းကျို ဒီမှာရေကူးနေတာမသိလို့ပါ ကျွန်တော်မှားသွားပါတယ် ကျွန်တော်တို့ရဲ့ နှစ်တွေအများကြီးရင်းနှီးမှုကို စာနာထောက်ထားပြီးခွင့်လွှတ်ပေးပါ" လို့တောင်းပန်လေတယ်။

မိုယွမ် ဖုန်းကျိုကိုကြည့်လိုက်တယ် "ကန်အောက်မှာ ဘာလို့ပုန်းနေတာလဲ? တစ်ခုခုလုပ်ဖို့ကြံနေတာလား?"

Page-7

ရေပတ်လည်ကြားမှာရပ်နေတဲ့ အဖြူရောင်ဝတ်စုံနဲ့ဖုန်းကျို ဣန္ဒြေကြီးသလိုပုံစံနဲ့ ပြန်ဖြေလေတယ် "လေ့ကျင့်ခန်းလုပ်နေတာ"

"ဒါဆိုလည်း ဘာဖြစ်လို့တက်လာတာလဲ?" မိုယွမ်ပြုံးလိုက်တယ် "စီမင်းကို ခြောက်ဖို့လား?"

ဖုန်းကျို သနားစဖွယ်ဒူးထောက်နေတဲ့စီမင်းကို ကြည့်လိုက်တယ် "ခုနက Zhonghu တောင်က မိန်းမပျိုချင်အကြောင်းပြောတာကြားလိုက်တယ် သူမတကယ်ပဲ ကျွန်မဦးလေးကို သဘောကျနေတာလား?"

"..."

Page 8-10

Page-8

ပထမပိုင်း - ပြန်လည်ရှင်သန်လာသော ဗောဓိနွယ်များ
အခန်း (၁)

တစ်နေ့သောချိန်ခါမှာ ဗောဓိပင်တို့ကာရံထားတဲ့ ထိုက်ချန်နန်းတော်ထဲမှာ လွင့်မျာနေတဲ့တိမ်တွေလို နံရံထက်မှာတွဲလောင်းကျနေတဲ့ပန်းတွေကြားမှာရပ်ရင်း သုံဟွာ ဖုန်းကျိုနဲ့ပထမဆုံးစတွေ့ခဲ့ပုံကို ပြန်လည်တွေးတောနေခဲ့တယ်။

အဲ့ဒီ့အချိန်တုန်းက သူမလေးကို သူ လုံးဝစိတ်မဝင်စားခဲ့ဘူး။ ထိုက်ချန်နန်းတော်ထဲမှာတံခါးပိတ်နေတဲ့ နတ်မင်းတစ်ပါးဖြစ်တာနဲ့အညီ ရာသီဥတုအပြောင်းအလဲတွေ၊ နေဝင်နေထွက်၊ လပြည့်လကွယ်၊ လောကကြီးရဲ့ကံကောင်းမှုတွေ ကံဆိုးမှုတွေကလွဲပြီး ကျန်တာတွေကို သူ သိပ်အာရုံထားတာမဟုတ်ဘူး။

ကောင်းကင်မင်းကြီးရဲ့အဆက်မပြတ်တောင်းဆိုမှုကြောင့်သာ ထိုက်ချန်နန်းတော်မှထွက်ပြီး အိမ်ရှေ့စံရဲ့ဟွာရဲ့မင်္ဂလာပွဲကို လိုက်ခဲ့ရသော်ငြား သူ ဒီပွဲကိုလုံးဝစိတ်မဝင်စားခဲ့ဘူး။ ဒါကြောင့်မို့ ဝမ်ရှန်းကန်ရဲ့လှိုင်းလုံးတို့နဲ့အတူ ထွက်ပေါ်လာတဲ့ မိန်းမပျိုလေးကိုရော ကြည်လင်လှတဲ့သူမအသံလေးကိုရော သေချာမမှတ်မိတော့ဘူး။ ပြီးတော့ သူမ စီမင်းကို 'Zhonghu တောင်က မိန်းမပျိုချင်က တကယ်ပဲ ကျွန်မဦးလေးကို သဘောကျနေတာလား' လို့မေးတဲ့ချိန် ပြုံးရယ်သံလေးကိုလည်း သူ မမှတ်မိတော့ဘူး။

သုံဟွာ ဖုန်းကျိုကို ပထမဆုံးအကြိမ် သတိပြုမိတာက ရဲ့ဟွာရဲ့မင်္ဂလာပွဲမှာပဲဖြစ်သည်။

ကောင်းကင်ဘုံရဲ့ အိမ်ရှေ့စံမင်းသားက လက်ထပ်တော့မှာဖြစ်တယ်။ ဒါ့အပြင် သူလက်ထပ်မဲ့သူက အားလုံးက "ကူးကူး"လို့တလေးတစားခေါ်ဝေါ်ကြတဲ့ နတ်ဘုရားမပိုင်ချန်းလေ။ ဒါကြောင့် သူတို့နှစ်ဦးရဲ့မင်္ဂလာပွဲက အခြားသူတို့နဲ့မတူပဲ ကွဲပြားနေတာ သဘာဝပါပဲ။ နတ်ပြည်မှာရှိတဲ့နတ်တွေကို ရာထူးအဆင့် ၉ ဆင့်ခွဲခြားထားတယ်။ သတို့သားရဲ့ဆွေမျိုးတွေကို ထည့်မတွက်ဘဲ မင်္ဂလာပွဲသို့ ကံကောင်းထောက်မစွာဖြင့် ဖိတ်ကြားခံရသူတွေကတော့ ရာထူးအဆင့် ၅ ဆင့်မြောက်ကနေစပြီး ကျော်ကြားတဲ့နတ်မင်းကြီးတွေ၊ ဂုဏ်သရေရှိသူတွေနဲ့ တန်ခိုးအာဏာကြီးမားတဲ့နတ်မင်းကြီးတွေအားလုံးပါဝင်တယ်။

Page-9

Ziqing နန်းတော်မှာ အလင်းရောင်တွေနဲ့ လင်းထိန်လျက်ရှိသည်။ ဧည့်ခံပွဲကတော့ ကျင်းပနေဆဲပဲ။

ကောင်းကင်မင်းကြီးကတော့ ဟိတ်ဟန်ကြီးတယ်။ မည်သည့်ပွဲမျိုးဖြစ်ဖြစ် သေရည် ၃ ခွက်သောက်ပြီးတာနဲ့ ပြန်သွားတတ်တဲ့သူ့ရဲ့စည်းကမ်းက မြေးဖြစ်သူရဲ့မင်္ဂလာပွဲကိုတောင် ချွင်းချက်မထားဘဲ မူးပြီဟုဆိုကာ သူ့နန်းဆောင်သို့ ပြန်လေသည်။
တစ်ဖက်မှာလဲ ယခင်တည်းက သေရည်ဒဏ်ကိုခံနိုင်ရည်မရှိတဲ့ သတို့သားရဲ့ဟွာမှာ ယနေ့ညမှာပိုဆိုးနေသယောင်။ တတိယမြောက်စားသောက်ပွဲကို စရုံရှိသေး နတ်ငယ်လေးတစ်ပါးက သူ့ကို Xiwu နန်းတော်ထိ တွဲပို့ရလေသည်။ ဒါပေမယ့် အိမ်ရှေ့စံတစ်ယောက် ဒီလောက်ထိအခြေအနေဆိုးနေသော်လည်း ခြေလှမ်းတွေက မူမှန်နေဆဲဆိုတာ သုံဟွာ မြင်ဖြစ်အောင်ကိုမြင်လိုက်သေးတယ်။

ထိုနတ်မင်းနှစ်ပါး Ziqing နန်းတော်မှထွက်ခွာသွားပြီး မကြာမီ တခြားနတ်မင်းကြီးတွေလည်း အကြောင်းရှာကာ ထွက်ခွာကြပြန်တယ်။ ချက်ချင်းပဲ ဟိတ်ဟန်များတဲ့ပတ်ဝန်းကျင်ကနေ လွတ်လပ်တဲ့နေရာအဖြစ် ပြောင်းလဲသွားလေတယ်။ သုံဟွာသီကျွင်းလဲ လက်ထဲကဝိုင်ခွက်ကိုချကာ ပြန်ဖို့ဟန်ပြင်တော့သည်။ ဒါမှ မိမိကိုထိတ်လန့်နေတဲ့ နတ်သူငယ်လေးတွေ လွတ်လွတ်လပ်လပ်သောက်နိုင်မှာကိုး။

ဝိုင်ခွက်ကိုချပြီး ထိုင်ခုံမှထလိုက်စဉ် သုံဟွာ ခန်းမရဲ့အဝင်ပေါက်နားမှာ ရုတ်တရက်ပေါ်လာတဲ့ ခပ်ကြီးကြီးပန်းအိုးတစ်လုံးကို မြင်လိုက်ရတယ်။ ထိုပန်းအိုးရဲ့အနောက်မှာတော့ အဖြူရောင်ဝတ်စုံနဲ့ မိန်းမပျိုတစ်ဦးကို မသဲမကွဲမြင်နေရတယ်။ လက်တစ်ဖက်က ပန်းအိုးကိုကိုင်ထားပြီး ကျန်တစ်ဖက်က ဂါဝန်ကိုဆွဲမထားရတာကြောင့် သူမရဲ့ခေါင်းက မြေပြင်ဆီသို့ညွတ်လို့နေသည်။ သူမကို မည်သူမှသတိမပြုမိစေရန် စားပွဲတွေကို အကာအကွယ်ယူပြီး ခန်းမထောင့်က တိုင်လုံးတွေတစ်လျှောက် ခပ်မြန်မြန်သွားလို့နေ၏။

သုံဟွာ ရပ်နေရာကပြန်ထိုင်လိုက်ပြီး သက်တောင့်သက်သာဖြစ်အောင် လက်ပေါ်မှာမေးထောက်ကာ မှီလိုက်တယ်။

စင်ပေါ်က အကမယ်လေးတွေတောင် ဖျော်ဖြေမှုကနေ ခေတ္တအနားယူသွားကြပြီ။ ဝတ်စုံဖြူနဲ့မိန်းမပျိုကတော့ တစ်ယောက်ပြီးတစ်ယောက် တွန်းရင်းတိုက်ရင်း နောက်ဆုံးတော့ နေရာလွတ်တစ်ခုကို ရှာတွေ့သွားခဲ့တယ်။ သူမ ပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီ ကြည့်ပြီးတော့မှ ပန်းအိုးနောက်ကွယ်ကနေ အလျင်အမြန် လျှောထွက်လာခဲ့တယ်။ ထို့နောက် လက်ခုပ်တီးအားပေးနေကြတဲ့ ပရိတ်သတ်တွေကြားဝင်ထိုင်ပြီး ရောယောင်ကာ လက်ခုပ်ဝင်တီးလေသည်။ တစ်ချိန်တည်းမှာလဲ ပန်းအိုးကို ခြေလှမ်းချိတ်ကာ စားပွဲအောက်မှာ ဝှက်ဖို့ကြိုးစားနေခဲ့တယ်။

သို့သော် ဝှက်မရတဲ့အတွက် ပန်းအိုးကို သူမခြေထောက်နဲ့ ကန်သွင်းလိုက်တယ်။ မရပြန်ဘူး သူမ ထပ်ပြီးကန်သွင်းပြန်တယ်။

Page-10

သူမရဲ့နောက်ဆုံးအကြိမ်ကန်ချက်က အားပါသွားတာကြောင့် ပန်းအိုးဟာ ကူသူမဲ့စွာနဲ့ စင်ပေါ်ကအကမယ်တွေကိုဖြတ်ပြီး သုံဟွာသီကျွင်းရှိရာသို့ တည့်တည့်မတ်မတ် ဦးတည်သွားတော့တယ်။

ပန်းအိုးဟာ သုံဟွာရဲ့နဖူးနဲ့ ၃လက်မအလိုမှာ ရပ်တန့်သွားခဲ့တယ်။ နတ်မင်းတွေအားလုံးလည်း အံ့အားသင့်နေကြတာပေါ့။

သုံဟွာ ပါးကိုလက်တစ်ဖက်နဲ့ထောက်လျက် ကျန်တစ်ဖက်ကိုဆန့်ထုတ်ကာ ပန်းအိုးကို လေထဲမှာတင် ဖမ်းလိုက်တယ်။ ထို့နောက် တရားခံရှိရာလမ်းကြောင်းကို သူ ဝေ့ကြည့်လိုက်တယ်။

တစ်ချိန်တည်းမှာ အခြားနတ်မင်းတွေအားလုံးလဲ တူညီတဲ့လမ်းကြောင်းကိုပဲ လိုက်ကြည့်ကြလေတယ်။

ပြသနာစတဲ့တရားခံ ခဏတော့ ကျောက်ရုပ်ဖြစ်သွားတယ်။ ချက်ချင်းပဲ ဘေးနားမှာမတ်တပ်ရပ်နေတဲ့ သဲရောင်ဝတ်စုံနဲ့ နတ်သူငယ်ရှိရာဘက်ကိုလှည့်ပြီး စိတ်အရင်းခံပုံစံ၊ ဣနြေ္ဒရှိတဲ့အသံနဲ့ "မင်ဂူ ဘာဖြစ်လို့ အဲ့လောက် ပြဿနာရှာရတာလဲ? သူများခေါင်းကို ပန်းအိုးနဲ့ကန်ရတယ်လို့"

စားသောက်ပွဲပြီးသွားတဲ့ချိန်မှာ ဝတ်စုံဖြူ ဆံထိုးဖြူနဲ့ မိန်းမပျိုလေးဟာ ဖုန်းကျိုဖြစ်ကြောင်း နတ်သူငယ်လေးတစ်ဦးက သုံဟွာကိုပြောပြခဲ့တယ်။ သူမဟာ ချင်းချူရဲ့ ထီးနန်းကိုဆက်ခံခဲ့တဲ့ အသက်အငယ်ဆုံးသောဘုရင်မတစ်ပါးဖြစ်ကြောင်း ပြောပြလေတယ်။

အိမ်ရှေ့စံရဲ့ဟွာရဲ့ မင်္ဂလာပွဲဟာ အချိန် ၇ ရက်တာမျှ ကြာမြင့်ခဲ့တယ်။

ပြီးတော့ တစ်ဖန် ၇ရက်နေရင် နှစ် ၆၀ နေမှ တစ်ကြိမ်သာကျင်းပတဲ့ လန်ရှန်းရဲ့ ပန်းပွဲတော်နေ့ဖြစ်သည်။ ဒါကြောင့်ပဲ မင်္ဂလာပွဲအတွက် ကောင်းကင်သို့တက်ရောက်လာကြတဲ့ နတ်မင်းတွေဟာ မပြန်ကြသေးဘဲ နတ်ပြည်မှာပဲ ရက်အနည်းငယ်ဆက်နေခဲ့ကြတယ်။

Page 11-14

Page-11

သန့်စင်မြင့်မြတ်မှုနဲ့ကျော်ကြားတဲ့ တိတ်ဆိတ်ငြိမ်ချမ်းတဲ့နေရာတစ်ချို့ ကောင်းကင်ဘုံမှာ ရှိလေသည်။ ဘုံ ၁၃ ထပ်က Pundarika ကြာဖြူကန်ဟာဆိုရင် ယင်းနေရာတွေထဲက တစ်ခုဖြစ်တယ်။ ထိုကန်ဟာ သုံဟွာနေထိုင်ရာ ထိုက်ချန်နန်းတော်ရဲ့ဘေးမှာရှိနေတာကြောင့် တော်တော်များများ ကျူးကျော်ခြေချဖို့ရာ စိတ်တောင်မကူးဝံ့ကြဘူးလေ။

သို့သော် ထို"တော်တော်များများ" ဆိုတဲ့အထဲမှာ ကောင်းကင်မျိုးနွယ်နဲ့လက်ဆက်ခဲ့တဲ့ အဆင့်မြင့်နတ်ဘုရားပိုင်ချန်းတော့မပါဘူးပေါ့။

လေပြည်နွေးတို့တိုက်ခတ်တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ တူမဖြစ်သူဖုန်းကျိုအတွက် ပိုင်ချန်း Pundarika ကြာဖြူကန်ရဲ့ရှေ့မှာ တွေ့ဆုံပွဲနှစ်ခုစီစဉ်ထားခဲ့တယ်။

ပိုင်ချန်းဟာ သူမအသက် ၁၄၀၀၀၀ မှာ ခင်ပွန်းဖြစ်သူ ရဲ့ဟွာနဲ့ လက်ထပ်ခဲ့တာဖြစ်တယ်။ သူမလက်ထပ်တဲ့ အသက်အရွယ်က သင့်လျော်တဲ့အချိန်လို့ အမြဲယုံကြည်ခဲ့ပြီး အခြားသူတွေရဲ့အိမ်ထောင်ပြုချိန်ကိုလည်း ထိုအချိန်နဲ့ပဲ တိုင်းတာလေ့ရှိတယ်။ သေချာစဉ်းစားတွေးတောပြီးတဲ့နောက် တူမဖြစ်သူဖုန်းကျိုဟာ အသက် ၃၀၀၀၀ မျှသာရှိသေးပြီး လက်ထပ်ဖို့ငယ်ရွယ်လွန်းသေးတယ်လို့ ပိုင်ချန်းထင်မိတယ်။ ဒါပေမဲ့လည်း ဖုန်းကျိုအဖေ သူမအကို Bai Yi ကိုယ်တိုင် သေချာအကူအညီတောင်းထားတဲ့ကိစ္စ ဖြစ်ပြန်တော့ သူမ မငြင်းနိုင်ဘူးလေ။

နောက်ပြီး ကောင်းကင်ဘုံမှာ ပန်းပွဲတော်ကလည်းရှိနေတော့ တွေ့ဆုံပွဲအတွက် တိတ်ဆိတ်တဲ့နေရာကို ရှာဖို့ကလဲ မဖြစ်နိုင်ပြန်ဘူး။ တစ်ချိန်တည်းမှာ သုံဟွာသီကျွင်းဟာ ထိုက်ချန်နန်းတော်ထဲမှာပဲ အမြဲနေလေ့ရှိပြီး အပြင်ကိုထွက်ခဲတယ်ဆိုတဲ့အကြောင်း သူမကြားသိခဲ့ရတယ်။ သူ့နန်းဆောင်ရှေ့မှာ သတ်ဖြတ်မှု ဒါမှမဟုတ် မီးလောင်မှုတစ်ခုခု ဖြစ်ရင်တောင် အရေးတယူ ဂရုစိုက်တတ်တဲ့သူမဟုတ်ဘူး။ ပိုင်ချန်း နေ့တစ်ဝက်လောက် ခေါင်းခြောက်ခံစဉ်းစားပြီးတဲ့အခါမှာ စိတ်သက်သာစွာနဲ့ ထိုက်ချန်နန်းတော်ဘေးက ထိုရေကန်နားမှာ တွေ့ဆုံပွဲကို စီစဉ်လိုက်ပါတော့တယ်။

တွေ့စုံပွဲနှစ်ခုကို တစ်ခုပြီးတစ်ခု ဆက်တိုက်စီစဉ်ထားတာဖြစ်တယ်။

ကံမကောင်းစွာနဲ့ ဒီနေ့အစီအစဉ်တွေအားလုံး လွဲချော်ကုန်လေတယ်။ သုံဟွာသီကျွင်းဟာ ထိုက်ချန်နန်းတော်ထဲက ထွက်ရုံတင်မကဘူး တွေ့ဆုံပွဲရှိရာ အနီးအနားဆီကိုပါရောက်ရှိနေခဲ့တယ်။ သုံဟွာရှိနေတဲ့နေရာဟာ တွေ့ဆုံပွဲနဲ့ခြေလှမ်း၅၀ အကွာ အကိုင်းအခက်တွေဝေဆာနေတဲ့ မိုးမပင်ရဲ့နောက်ကွယ်မှာ ကွယ်ပျောက်လို့နေတယ်။ အပင်အောက်မှာ သက်တောင့်သက်သာနဲ့ ဝါးကုလားထိုင်ပေါ်မှာထိုင်ပြီး မျက်နှာကိုတရားစာအုပ်နဲ့အုပ်လျက် မျက်လုံးမှိတ်ကာ ခြေထောက်တွေကိုခရမ်းရောင်ဝါးတုတ်ပေါ်မှာတင်ရင်း ငါးမျှားလျက်ရှိတယ်။ (ဇိမ်ကျထှာဆိုရော👀)

Page-12

ဖုန်းကျိုတစ်ယောက် မနက်စာလေးစားလိုက် လက်ဖက်ရည်လေးသောက်လိုက်နှင့် ယောင်ခြောက်ဆယ်လုပ်ပြီးကာမှ ဘုံအဆင့် ၁၃ ထပ်ကိုထွက်လာခဲ့လိုက်တယ်။

ရေပြင်ထက်မှာ မျက်စိတစ်ဆုံးဖူးပွင့်နေတဲ့ ကြာပန်းဖြူတို့နဲ့အတူ တိမ်စွယ်တိမ်ညွန့်တို့ရဲ့အလှပါပေါင်းထည့်လိုက်တဲ့အခါ Pundarika ရေကန်ရဲ့အလှဟာ စာဖွဲ့လို့တောင်မမှီတော့ဘူး။

တွေ့ဆုံပွဲမှာရောက်နှင့်နေသူကတော့ အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ယပ်တောင်တစ်ချောင်းကိုလဲ တစ်ဖြတ်ဖြတ်ခတ်နေလေရဲ့။ ဖုန်းကျိုလာနေတာကိုမြင်တဲ့အခါ ကိုင်ဆောင်ထားတဲ့ယပ်တောင်ကို ပိတ်လိုက်ပြီး နှုတ်ခမ်းလေးတွေကွေးတက်သွားသည်အထိ ပြုံးပြရှာလေသည်။

တစ်ကယ်တော့ ဖုန်းကျိုကိုယ်တိုင်လဲ ထိုနတ်သားနဲ့ပတ်သတ်လို့ များများစားစားမသိလှပါဘူး။ ကောင်းကင်မျိုးနွယ်တစ်ခုရဲ့ အကြီးအကဲဖြစ်ပြီး လူ့ပြည်ကတောင်တစ်ခုမှာ တရားကျင့်ကြံနေထိုင်တယ်။ နောက်ပြီး ယဉ်ကျေးဖော်ရွေတယ်ဆိုတာလောက်ပဲ သိထားတာ။ သူ့ရဲ့အားနည်းချက်ကတော့ ဘယ်အရာမဆိုအနုစိတ်တတ်လွန်းတာပါပဲ။ အချိန်မလေးစားခြင်းနဲ့ ရိုင်းပျခြင်းဆိုတဲ့အချက်နှစ်ချက်ကို သူ သည်းခံတတ်လေ့မရှိဘူးတဲ့။ ဒါကြောင့်ပဲ ဖုန်းကျို တမင်သက်သက် တွေ့ဆုံပွဲကို နာရီဝက်လောက်နောက်ကျပြီးမှ လာခဲ့ခြင်းဖြစ်တယ်။

သို့သော် စိတ်ရှည်လက်ရှည်စောင့်နေတဲ့သူကိုမြင်လိုက်ရတော့ နောက်ထပ်နာရီဝက်လောက် ထပ်နောက်ကျလိုက်ရမှာလို့ပဲ စိတ်ထဲကအကြိမ်ကြိမ်တွေးနေမိတယ်။

နှစ်ကိုယ်ကြားတွေ့ဆုံပွဲလေးဖြစ်တာကြောင့် ဟိတ်ဟန်တွေထုတ်မနေတော့ပဲ ကိုယ်စီဝင်ထိုင်ကာစကားဝိုင်းကို စတင်လိုက်တော့တယ်။

Page-13

တွေ့ဆုံပွဲမှစကားပြောသံတွေရဲ့ အနှောင့်အယှက်ပေးမှုကြောင့် သုံဟွာ မျက်နှာပေါ်ကစာအုပ်ကိုဖယ်ကာ အသံလာရာဆီ လှည့်ကြည့်လိုက်တယ်။ သူလဲလျောင်းနေတဲ့နေရာနဲ့ ခြေလှမ်းငါးဆယ်လောက်အကွာမှာ ဖုန်းကျိုတစ်ယောက် ခေါင်းကိုငဲ့စောင်းပြီး စားပွဲပေါ်က ယွန်းခွက်လေးကို မျက်မှောင်ကြုံ့ကာကြည့်နေလေ၏။

အစေခံတွေသယ်လာတဲ့ ဗန်းပေါ်မှာတော့ စားသောက်ဖွယ်ရာတွေကအစုံအလင်ပါပဲ။ ဟင်းပွဲတွေကမြိုင်ဆိုင်နေတဲ့အပြင် Dongling ကျောက်စိမ်းနဲ့လုပ်ထားတဲ့ ဝိုင်ပုလင်းတောင်အစစ်ပါသေးတယ်။

နတ်ပြည်က ဟင်းပွဲတွေက ဒီလိုအစုံလိုက်လာလေ့ရှိပေမယ့် တစ်ဦးချင်းစီအတွက် သတ်သတ်တစ်စုံစီဖြစ်တယ်။ ချတဲ့ဟင်းပွဲတွေက အတူတူပင်ဖြစ်သော်လည်း ဝိုင်ရဲ့အရသာကတော့ တစ်ဦးချင်းနှစ်သက်ရာကိုလိုက်၍ ကွဲပြားလေသည်။

ထိုအပြာရောင်ဝတ်ရုံနဲ့ နတ်သားကပဲယပ်တောင်ကိုပိတ်ကာ စကားလမ်းကြောင်းစပါတော့သည် "တိုင်ဆိုင်လေခြင်းဗျာ ဟိုးအရင်ပဝေသဏီတည်းက ကျွန်တော်တို့မိသားစုက နတ်ငယ်လေးတွေရဲ့ ဘာသာရေးအကြီးအကဲဗျ နတ်ဘုရားပိုင်ချန်းနဲ့ စကားပြောဖြစ်တော့ သူ့တူမလေးက အရမ်းပဲယဉ်ကျေး..."

"သိမ်မွေ့တယ်" လို့ဆက်ပြောမဲ့စကားလုံးတို့ဟာ ဖုန်းကျို ဝက်ခြေထောက်တစ်ချောင်းလုံးကို လေလိုအမြန်နှုန်းနဲ့အပြီးသတ်စားသောက်လိုက်တာကို မြင်တွေ့ပြီး လျှာဖျားမှာတင်တစ်သွားလေတယ်။ ဖုန်းကျိုကတော့ ပန်းကန်ထဲကလက်ကျန် အချဉ်ရေတစ်စက်နှစ်စက်ကို တူနဲ့ခြစ်ယူရင်း "ယဉ်ကျေး ဘာဖြစ်လဲ" ဟု ကြို့ထိုးကာမေးလိုက်တယ်။

သူမရဲ့နှုတ်ခမ်းထောင့်မှာလည်း အချဉ်ရေတွေပေကျံလို့နေသည်။

လောကဝတ်တွေကို တန်ဖိုးထားလှတဲ့ ထိုနတ်သားကတော့ သူမကို မယုံနိုင်သလို ကြောင်ကြည့်နေရှာတယ်။

ဖုန်းကျို အင်္ကျီလက်ထဲကနေ မှန်သေးသေးလေးတစ်ချပ်ကို ထုတ်ယူရင်း " ကျွန်မမျက်နှာမှာ တစ်ခုခုပေနေလို့လား?" လို့ရေရွတ်ကာ မှန်ကိုမျက်နှာရှေ့ ထောင်လိုက်တယ် "အို.. ဒီနားမှာပေနေတာပဲ"

ချက်ချင်းပဲ သူမ အင်္ကျီလက်ကိုယူပြီး သုတ်လိုက်တယ်။ အဖြူရောင် အင်္ကျီစလေးခမျာ ဝက်ဆီတွေစွန်းထင်းသွားလေတယ်။

အသန့်ကြိုက်တဲ့ အပြာရောင်ဝတ်ရုံနဲ့နတ်သားရဲ့မျက်နှာကတော့ မိုးလိုမှောင်လို့နေပြီ။

ဖုန်းကျို မှန်ကိုနောက်တစ်ခါထပ်ကြည့်လိုက်ပြီး ဘာမှမပေတော့တာသေချာမှ အင်္ကျီလက်ထဲကို ပြန်ထိုးထည့်လိုက်တယ်။ သူမလက်ကဆီတွေဟာ မှန်ရဲ့လက်ကိုင်မှာ ပေကျံလို့သွားတယ်။

နတ်သားရဲ့မျက်နှာလည်း မိုးပြာရောင်ကနေ ခရမ်းရောင်သို့ပင် ကူးပြောင်းလာခဲ့ချေပြီ။

Page-14

ထိုအချိန်မှာပဲ တူပေါ်က အချဉ်ရည်နှစ်စက် ကျောက်စားပွဲပေါ်ကို ကျသွားလေတယ်။

ဖုန်းကျို တူကို ပါးစပ်နဲ့ကိုက်ထားရင်း လက်သည်းနဲ့ ပေနေတဲ့အချဉ်ရည်တွေကို ကုတ်ခြစ်ယူလိုက်တယ်။ မပြောင်နိုင်သေးတာနဲ့ သူမအင်္ကျီလက်နဲ့တောင် ထပ်သုတ်ပေးလိုက်သေးတယ်။

ပိုးပုဝါလေးကို လှမ်းပေးဖို့လုပ်နေတဲ့ နတ်သားငယ်ရဲ့လက်တွေဟာ လေထဲမှာတင်တန့်သွားတယ်။

နေ့တစ်ဝက်ခန့်ကြာအောင် တစ်ဦးကိုတစ်ဦး အကဲခတ်ပြီးကြတဲ့အခါ နတ်သားငယ်ရဲ့ မျက်နှာကတော့ မဲမှောင်လို့နေပြီလေ။ ထို့နောက် ကွဲအက်အက်လေသံဖြင့် "ဘုရင်မဖုန်းကျို ဆက်လက်သုံးဆောင်တော်မူပါ ကျွန်တော် အရေးတကြီးလုပ်စရာရှိသေးလို့ သွားခွင့်ပြုပါအုန်း နောင်နေ့ကျမှ ဆက်ပြောကြတာပေါ့" လို့နှုတ်ဆက်ပြီး မပြေးရုံတမယ်ထွက်ခွာသွားလေသည်။

သုံဟွာသီကျွင်း မျက်နှာပေါ်က တရားစာအုပ်ကိုဖယ်လျက် တူကိုကိုင်ကာ ဝမ်းနည်းစွာနဲ့ လက်ပြနှုတ်ဆက်နေတဲ့ ဖုန်းကျိုကို စောင့်ကြည့်နေခဲ့တယ်။ တစ်လက်လက်တောက်ပနေတဲ့ သူမရဲ့မျက်ဝန်းတွေထဲမှာ ခံစားချက်မျိုးစုံပြည့်နေပေမယ့် ထိုမျက်ဝန်းတွေရဲ့ နောက်ကွယ်မှာတော့ လျှို့ဝှက်အပြုံးတစ်ခု ရှိလို့နေတယ်။ သူမ အသံငယ်လေးနဲ့ "နှုတ်ဆက်ပါတယ်နော် ကျွန်မကို အကြာကြီးတော့မစောင့်ခိုင်းပါနဲ့" ဆိုပြီးဝမ်းနည်းပက်လက်ပုံစံနဲ့ လှမ်းအော်ပြောလေတယ်။ ထိုနတ်သား မြင်ကွင်းကပျောက်ကွယ်သွားချိန်မှာတော့ ဖုန်းကျိုတစ်ယောက် ဝါးလုံးကွဲထရယ်ပါတော့တယ်။ ပြီးတော့ လက်ကိုင်ပုဝါတစ်ခုထုတ်ပြီး ပေကျံနေတဲ့ သူမရဲ့လက်နဲ့အင်္ကျီစတွေကို အေးအေးဆေးဆေးသုတ်နေခဲ့တော့တယ်။

နှစ်ပေါင်း ၂၀၀ လောက် ဒီလိုတွေတွေ့ကြုံပြီးတဲ့နောက် ဖုန်းကျိုရဲ့ လူတွေကိုခြောက်လှန့်နိုင်စွမ်းဟာ သဘာဝကျကျ သရုပ်ဆောင်နိုင်တဲ့ထိကို တိုးတက်လာပါပြီ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်အဝနဲ့ လာတွေ့တဲ့ ဒုတိယမြောက်နတ်သားလည်းပဲ ဖုန်းကျိုရဲ့ အံ့မခန်းအစွမ်းအောက်မှာ တပ်ခေါက်ပြီး ပြေးတော့တာပဲ။ နောက်ဆုံးတော့ စားပွဲပေါ်မှာ စားပြီးသားဟင်းခွက်လွတ်တွေပဲ ရှိတော့တယ်။

တစ်နာရီလောက်အတွင်းမှာ ဝက်ခြေထောက်နှစ်ချောင်းတောင် စားခဲ့ရတာဆိုတော့ ဖုန်းကျိုလည်း လုံးဝကိုဗိုက်ပြည့်သွားပြီလေ။ သူမ လက်ဖက်ရည်ခွက်ကိုကိုင်ပြီး ကြာဖြူကန်ကို မျက်နှာမူလိုက်တယ်။ ထို့နောက် အစာကြေမယ့်ချိန်ကိုစောင့်ဆိုင်းရင်း ထိုက်ချန်နန်းတော်ဘက်ဆီကို ထိုင်ငေးကြည့်နေခဲ့တယ်။

သုံဟွာ ငါးသေးသေးလေးနှစ်ကောင်ဖမ်းမိချိန်မှာ လက်ထဲကဖတ်လက်စ ၇၇၈၈ မျက်နှာရှိတဲ့ စာအုပ်လည်း နောက်ဆုံးမျက်နှာသို့ ရောက်ရှိလို့နေလေပြီ။ ကောင်းကင်ကိုမော့ကြည့်လိုက်တော့ မကြာခင်မှာ နေဝင်တော့မှာမို့ ယူလာတဲ့ပစ္စည်းတွေကို သိမ်းဆည်းပြီး ပြန်ဖို့ရန်ပြင်လိုက်သည်။ အပြန်လမ်းက ကန်ရဲ့တစ်ဖက်မှာရှိတဲ့ ထိုတွေ့ဆုံပွဲလေးဘေးက ဖြတ်ပြန်ရမှာ။
Page 15-17

Page-15

ဖုန်းကျိုတစ်ယောက် သူမရဲ့လက်ဖက်ရည်ခွက်ကို အဖွားအိုပေါက်စလေးကဲ့သို့ ငေးမောရင်းကိုင်ထားဆဲဖြစ်သည်။ ထိုချိန်မှာ ငြင်သာတဲ့ခြေလှမ်းသံကို ကြားလိုက်ရတော့ အသက်ကြီးကြီးအဘိုးအိုတစ်ဦးထက်တောင် နှေးကွေးလေးလံတဲ့မင်ဂူလို့ သူမ ထင်ခဲ့တယ်။ မိန်းမောနေရာကနေ သူမပြောလိုက်တယ် "ဒီလောက်အစောကြီး ဘာလို့လာတာလဲ? ငါသူတို့ကို အနိုင်ကျင့်မှာစိတ်ပူလို့လား?"

သူမ နောက်ထိုင်ခုံတစ်ခုကို နေရာရွှေ့ပေးပြီး ငြီးတွားတော့တယ် "ခုတလော ဒေါ်ဒေါ့်အကြိုက်တွေ ထူးဆန်းနေတယ် ဒီတစ်ခါ ပျော့တိပျော့ဖတ်ကလေးနှစ်ကောင်ကို ခေါ်လာတာယုံတောင်မယုံနိုင်ဘူး သူတို့ကိုရိုက်လွှတ်လိုက်ရမှာတောင် သနားလို့ ဒီတိုင်းဉာဏ်ဆင်ပြီးခြောက်လွှတ်လိုက်တာ ငါမောတောင်မောနေပြီ" သူမ လက်ဖက်ရည်ခွက်ကို ကိုင်ထားတုန်းပဲဖြစ်သည် "ငါနဲ့ခဏလာထိုင်အုန်း ကောင်းကင်ဘုံက နေဝင်နေထွက်ရှုခင်းကို မကြည့်ရတာကြာပြီမို့ လွမ်းတောင်လွမ်းမိတယ်"

သုံဟွာ့ခြေလှမ်းတွေ သူမစကားတွေကြောင့် ရပ်တန့်သွားကာ အေးဆေးစွာပဲ သူမနောက်ကခုံပေါ် ဝင်ထိုင်လိုက်တယ်။ စားပွဲပေါ်မှာရှိတဲ့ ရေနွေးအိုးနှစ်အိုးထဲက တစ်ခုကိုယူပြီး လည်ချောင်းရှင်းရန် လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်သည်။

ဖုန်းကျို ခဏတာမျှ အသံတိတ်သွားခဲ့တယ်။ အဖြူရောင်ကြာပန်းတွေက သူမရဲ့စိတ်ထဲမှာ တစ်စုံတစ်ခုကိုတွေးမိစေဟန်တူတယ်။ သူမရဲ့လက်ပေါ်ကို လက်ဖက်ရည်ခွက်တင်ကာ တွေဝေစွာပြောလေတယ် "ပြောကြတာတော့ ဒီကြာကန်ထဲက အဖြူရောင်ကြာပန်းတွေက လူသားတွေရဲ့နှလုံးသားနဲ့ ဖန်တီးထားတာတဲ့ လူသားတော်တော်များများနဲ့ ငါမရင်းနှီးပေမယ့် မင်ဂူ.. နင်ပြောကြည့် Qingti ရဲ့ကြာပန်းရော ဒီမှာရှိမယ်ထင်လား?" သူမ စကားခဏရပ်ကာ သံသယနှင့်ဆက်ပြောတယ် "တကယ်လို့ ရှိမယ်ဆိုရင် ဘယ်တစ်ခုဖြစ်မယ်ထင်လဲ?" ထို့နောက် သူမ အဘွားအိုတစ်ယောက်လို လေးလံစွာသက်ပြင်းချလိုက်တယ် "ဘယ်ပန်းလေးက သူ့နှလုံးသားရဲ့ကြာပန်းနဲ့ သွားတူမလဲ?" သူမလက်ဖက်ရည်သောက်ပြီး သက်ပြင်းချရင်းပြောလိုက်သည်။

သုံဟွာ ဘာမှပြန်မပြောဘဲ သူ့ရေနွေးခွက်ကိုသာ ထပ်ဖြည့်လေသည်။ မင်ဂူဆိုတာ အဲ့နေ့က သူမနဲ့အတူရှိနေတဲ့ နတ်ငယ်လေးပဲဖြစ်မယ်လို့ သူအလျင်အမြန်တွေးလိုက်တယ်။ Qingti ဆိုတဲ့နာမ်မည်ကတော့ သူတစ်ခါမှမကြားဖူးဘူး။

သစ်ပင်ရဲ့အရိပ်ဟာ မြေပြင်ပေါ်မှာကျလို့နေတယ်။ သူမရဲ့အသံက မသဲမကွဲဖြစ်လို့နေ၏ "လွန်ခဲ့တဲ့လဝက်လောက်က အနောက်ပင်လယ်က Su Moye ဦးလေး၄ကို သောက်ဖို့ဖိတ်ခဲ့တယ် ငါ့ကိုလည်းအတူခေါ်သွားဖို့ ပူဆာခဲ့တာ ငါတို့ လူ့ပြည်ကအဲ့ဒီနေရာကို ဖြတ်သွားတော့..." သူမ ခဏလောက် စကားရပ်လိုက်တယ် "Qingti ဆုံးပြီး ခုနှစ်နှစ်အကြာမှာ Jin တိုင်းပြည်ကြီးပျက်စီးသွားခဲ့တယ်" သူမ တုံ့ဆိုင်းစွာနဲ့ ဆက်ပြောတယ် "ဒီလိုဖြစ်မယ်ဆိုတာ အစတည်းကတိုင်သိနေတယ်"

Page-16

ဖုန်းကျို သက်ပြင်းချပြန်တယ်။ ထို့နောက် ပါးစပ်ကလည်း တတွတ်တွတ်ပြောရင်း လက်ဖက်ရည်ထပ်ထည့်ရန် အနောက်သို့လှည့်လိုက်တယ် "Su Moye လက်ဖက်ခြောက်အသစ်တစ်မျိုး လုပ်ထားတယ်တဲ့ နာမ်မည်ကဘာပါလိမ့် မျောလွင့်နေတဲ့အပြာရောင်စမ်းချောင်းလေးဆိုလား အဲ့ဒါအရမ်းသောက်လို့ကောင်းတယ် ငါ့ကိုဝါးခြင်းတောင်းလေးတစ်ခုရက်ပေးပါအုန်း နောက်တစ်ခါ အနောက်ပင်လယ်ဆီကိုသွားရင် ငါ..."

သူမ အပေါ်ကိုမော့ကြည့်လိုက်ချင်းပဲ ဆက်ပြောမယ့်စကားတွေအားလုံး လည်ချောင်းထဲမှာတင် တစ်ကုန်တယ်။ နောက်တော့ ရုတ်တရက်ကြီး ချောင်းတွေဆိုးပါလေရော။ ချောင်းဆိုးပြီးသွားတော့ ဣနြေ္ဒမပျက် ရေနွေးဆက်ငှဲ့တယ်။ အချိန်တော်ကြာတဲ့ထိ ဘာသံမှထွက်မလာတော့ဘူး။ (ကိုယ်ကမင်းအတွက် အကောင်းဆုံးသော ပါးစပ်ပိတ်ဆေးလေးပါတို့ဘာတို့😂)

သုံဟွာ သူ့ရဲ့သွယ်လျတဲ့လက်ချောင်းလေးတွေကို မိုးပြာရောင်ကြွေခွက်လေးပေါ်မှာ တင်လို့ထားတယ်။ အဖုံးပေါ်က လက်ချောင်းလေးတွေဟာ နေရောင်အောက်မှာ တောက်ပလျက်ရှိတယ်။ သူ့ရဲ့တည်ငြိမ်လှတဲ့မျက်လုံးတွေကတော့ ဖုန်းကျိုရဲ့ စွန်းပေနေတဲ့ အင်္ကျီလက်ပေါ်မှာရောက်လို့နေတယ်။ ထို့နောက် အသက်ရူကျပ်လောက်အောင် ချောင်းဆိုးလိုက်ရလို့ နီရဲသွားတဲ့ သူမရဲ့မျက်နှာလေးပေါ်ကို သူ့အကြည့်တွေ ပြောင်းလာခဲ့တယ်။ တကယ်ကို သူမရဲ့မျက်နှာလေးဟာ မေပယ်ရွက်လေးတွေလို နီရဲလို့နေလေတယ်။

တဖြည်းဖြည်းနဲ့ သူမမျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လွင်လာခဲ့တယ်။ ပြုံးတာ သဘာဝမကျသလိုဖြစ်နေတယ်ဆိုပေမယ့် ပြုံးနေတာတော့ အမှန်ပဲ(အရှက်ပြေအပြုံးလေ☺️) အနှစ်သာရမရှိတဲ့ ယဉ်ကျေးပျူငှာတဲ့အသံနဲ့ သူမပြောလေတယ် "အရှင်မင်းမြတ်ဒီမှာရှိနေတယ်ဆိုတာ ကျွန်မ မသိလိုက်လို့ပါ နမော်နမဲ့နိုင်လိုက်တာနော် ကျွန်မက ချင်းချူကဖုန်းကျိုပါ ကျွန်မရဲ့ဂါရဝပြုမှုကို လက်ခံပေးပါ"

သုံဟွာ သူမနှုတ်ဆက်တာကိုနားထောင်ရင်း သူမကို အချိန်တော်ကြာအောင် ငေးကြည့်နေခဲ့တယ်။ သူမခေါင်းငုံ့ဂါရဝပြုပြီး နေရာမှာပြန်ထိုင်တဲ့ထိစောင့်ပြီးမှ တည်ငြိမ်စွာမေးလိုက်တယ် "ငါ့ကိုတွေ့ရတာ အဲ့လောက်တောင်အံ့သြဖို့ကောင်းလား?"

သူမရဲ့ခြေလှမ်းအားလုံး သေချာတွက်ချက်ပြီးသားပါ။ သူမ အနှစ်သာရမရှိသလို ယဉ်ကျေးစွာပြုံးနေပေမယ့် အမှန်တကယ်အံ့သြသွားတဲ့ပုံစံလို့တောင် ထင်ရတယ် "အရှင့်ကို ထပ်ပြီးတွေ့ဆုံခွင့်ရတာ မယုံနိုင်စရာပဲ ကျွန်မဘယ်လောက်ပျော်နေလဲဆိုတာ စကားနဲ့တောင် ဖော်ပြလို့မရပါဘူး ဒါပေမယ့် အရှင်ကတော့ သဘောမကျတဲ့ပုံပဲ"

သုံဟွာ ခေါင်းငြိမ့်လိုက်ပြီး သူမရဲ့စကားတွေဟာ အရမ်းကိုကောင်းမွန်နေတယ်လို့ခံစားရတယ်။ ဒါပေမယ့် သူမရဲ့ မချိပြုံးပြုံးတွေရဲ့နောက်မှာတော့ သူမပြောတဲ့ပျော်ရွှင်မှုဆိုတဲ့အရာကို ဆန်းစစ်ဖို့ခက်လှတယ်။ သုံဟွာ လက်ဖက်ရည်နောက်တစ်ခွက် ထပ်ငှဲ့လိုက်တယ်။

Page-17

နှစ်ယောက်သား ကသိကအောက်အခြေအနေမှာပဲ တိတ်ဆိတ်လို့နေသည်။ မကြာမီမှာပဲ ဖုန်းကျို ရေနွေးသောက်လို့ ကုန်သွားတာကြောင့် ရှိုးတိုးရှန်းတန်းနဲ့ လက်ဖက်ရည်အိုးဆီလှမ်းကာ ရေနွေးထပ်ဖြည့်လေတယ်။ သုံဟွာ မော့ကြည့်လိုက်တော့ သူမရဲ့လက်ဖက်ရည်ခွက်ဆီကို အကြည့်ကရောက်သွားတယ်။ ခွက်ပြည့်သွားတဲ့အခါ ရေနွေးပူတွေလျှံကျလာပြီး သူမရဲ့အဖြူရောင်ဂါဝန်တွေပေါ်သို့ ဖိတ်ကျကုန်တော့သည်။ မုန့်လုံးကြော်လို သူမအသားလေး နီရဲလာတော့၏။

သုံဟွာ သူ့ရဲ့လက်ကို ကျောက်စားပွဲပေါ်တင်ကာ သူမကိုပဲ စူးစူးစိုက်စိုက်ငေးကြည့်နေတော့တယ်။
ပထမတော့ နေဝင်ဆည်းဆာကို တစ်လွမ်းတစ်ဆွေး ငေးနေတဲ့သူမကို စိတ်ဝင်စားမိတာ။ ဒီနေရာကကြည့်ရင် ရှုခင်းကတစ်မူထူးခြားနေလို့များလားတောင် တွေးမိသေးတယ်။ ဒါကြောင့်မို့ သူမကထိုင်ဆိုတော့ သူ မငြင်းခဲ့ဘူး။ ခုတော့ သူမတမင်တကာ ရေနွေးပူတွေလောင်းချနေတာကို မြင်လိုက်ရတော့ သူ ပြုံးမိတာပေါ့။ သူမကတော့ သူ့ကို မိတ်ဆက်ပေးဖို့စဉ်ထားတဲ့ သူတွေထဲကတစ်ယောက်လို့ ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမယ့် သူမ သူ့ရဲ့နောက်ခံကိုသိပြီးသားမို့ ရှေ့ကနှစ်ယောက်ကို ခြောက်လွှတ်ခဲ့သလိုတော့ လုပ်ရဲလိမ့်မှာမဟုတ်ဘူး။ ဒါကြောင့်မို့လဲ ဒီအခြေအနေကနေ ကျွမ်းကျွမ်းကျင်ကျင် ရှောင်ထွက်ဖို့အတွက် သူမကိုယ်သူမ စိုရွှဲသွားအောင်လုပ်နေတာပဲလေ။ ဖိတ်ကျသွားတဲ့ရေနွေးပူတွေက သူမဂါဝန်ပေါ်မှာ အငွေ့တထောင်းထောင်းထနေဆဲပဲ။ ဒါဘယ်လောက်တောင် ပူနေမလဲ သိသာပါတယ်။ သူမဒီအခြေအနေရောက်အောင် ပင်ပန်းကြီးစွာ ဟန်ဆောင်နေတာပဲ။

သူ ပါးလေးကိုလက်ပေါ်မှာမှီလျက် သူမတကယ်ပဲထွက်ပြေးတော့မှာလားဆိုတာ သိချင်နေခဲ့တယ်။ သူမနှုတ်ဆက်စကားပြောလာချိန်မှာ ရင်ထဲကပျာ်ရွှင်မှုကိုဖုံးကွယ်ရင်း နောင်တတွေ၊ လေစားမှုတွေ၊ ယဉ်ကျေးပျူငှာမှုတွေရောနေတဲ့ အမူအရာကို ကျွမ်းကျင်ပိုင်နိုင်စွာ သူမဖော်ပြနိုင်ခဲ့တယ် "လက်ဖက်ရည်တွေဖိတ်ကျကုန်ပြီ ကျွန်မသိပ်ကိုနမော်နမဲ့နိုင်တာပဲ ကျွန်မခု အရမ်းညစ်ပတ်နေလို့ အရင်သွားခွင့်ပြုပါအုန်း နောက်နေ့မှပဲ အရှင်နဲ့ဘာသာရေးကြောင်းတွေ ဆွေးနွေးဖို့လာခဲ့ပါအုန်းမယ်"

လေနဲ့အတူ ကြာပန်းဖြူတွေရဲ့ရနံ့ကိုပါ ယူဆောင်လို့လာတယ်။ သုံဟွာ မျက်လွှာပင့်ကြည့်ပြီး ပိုကြီးတဲ့ရေနွေးအိုးကိုလှမ်းပေးရင်း အေးဆေးစွာပဲ ပြောလိုက်တယ် "လက်ဖက်ရည်တစ်ခွက်က ဘာမှမပြောပလောက်ပါဘူး မင်းဒီအိုးကိုသုံးသင့်တာ ငါ ဒါကိုနောက်ဆုံးကိုင်ထားတုန်းကတောင် ရေနွေးတွေကအေးနေတာ ဒီရေနွေးတွေအကုန်လုံး မင်းအပေါ်ကိုဖိတ်ကျမှ တကယ်ညစ်ပတ်တယ်လို့ပြောလို့ရမှာ" (သီကျွင်းဟုအရာတစ်ခုမှမဟုတ်တာ။
Page 18-19

Page-18

သုံဟွာသီကျွင်းဟာ မိုးနတ်မင်းရာထူးကနုတ်ထွက်ပြီး ထိုက်ချန်နန်းတော်မှာပဲတံခါးပိတ်နေတာ ကြာပြီဖြစ်တယ်။ နတ်ငယ်လေးတွေကတော့ သူ့ရဲ့စူးရှလှတဲ့နှုတ်ရေးအကြောင်းကို မကြုံဖူးကြပေမယ့် နတ်မင်းကြီးတွေအတွက်တော့ လုံးဝမမေ့နိုင်စရာပါပဲ။ သီကျွင်းက စကားများများပြောတဲ့သူတစ်ယောက်မဟုတ်ပါဘူး။ ဒါပေမယ့် ပြောပြီဆိုရင်လည်း သူ့ရဲ့စကားတွေက သူ့လက်ထဲကဓားသွားလိုပဲ တိကျပြတ်သားတယ်။

ဒဏ္ဍာရီတွေတောင်ရှိသေးပါရောလား.. တစ်ခါက နတ်ဆိုးပြည်ကသခင်လေးတစ်ယောက်ဟာ သုံဟွာသီကျွင်းရဲ့ ဂုဏ်သတင်းကိုကြားတော့ နတ်ပြည်ကိုအတင်းဝင်ရောက်ကျူးကျော်ပြီး သုံဟွာကိုစိန်ခေါ်ခဲ့တယ်တဲ့။ မကြာမီမှာပဲ ထိုက်ချန်နန်းတော်တံခါးဝကိုရောက်တော့ အစောင့်တွေရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရတယ်။

အဲ့ချိန်မှာ သုံဟွာကတော့ ကြာကန်ရဲ့ဘေးမှာ တစ်ယောက်တည်းစစ်တုရင်ကစားနေတာပေါ့။

အတင့်ရဲလှတဲ့ သခင်ငယ်လေးဟာ သုံဟွာထွက်လာအောင် မျှားခေါ်တဲ့အနေနဲ့ မုန်တိုင်းတိုက်သလိုအသံအကျယ်ကြီးနဲ့ ဟစ်အ်ာခဲ့တယ်။ ဘာဖြစ်တာလဲလို့ သုံဟွာအစောင့်တွေကိုခေါ်မေးတဲ့အခါမှာ ပိုပြီးတော့တောင် အသံကျယ်ကျယ်နဲ့ အော်လိုက်သေးတယ်။ ပြီးတော့ ပြောသေးတယ် နတ်ပြည်ဆိုတာ ဂုဏ်သိက္ခာကြောင့် ကျော်ကြားတဲ့နေရာ၊ တကယ်လို့ သုံဟွာမှာသာ အရှက်သိက္ခာလေးနည်းနည်းကျန်သေးရင် ငါ့လိုတစ်ယောက်တည်းသမားကို အုပ်စုဖွဲ့အနိုင်ယူမယ့်အစား တစ်ယောက်ချင်းယှဉ်ဖို့ ထွက်လာပါလားဆိုပြီး အော်ပြောခဲ့တာလေ။

သုံဟွာ လက်ထဲမှာစစ်တုရင်ကျားကွက်ကိုကိုင်လျက် အနားကဖြတ်သွားရင်း နောက်ကိုခြေနှစ်လှမ်းလောက်ပြန်ဆုတ်ပြီး မြေပြင်ပေါ်ကလူငယ်လေးကို မေးလိုက်တယ် "မင်းဘာပြောလိုက်တာလဲ?"

လူငယ်လေးဟာ အံကြိတ်သံနဲ့ "အရှက်သိက္ခာ! အရှက်သိက္ခာကိုပြောတာ!"

သုံဟွာ ဖိနပ်စီးရင်း "အဲ့တာဘာလဲ? တစ်ခါမှမကြားဖူးဘူး" ဟုပြောကာ ဆက်လျှောက်သွားလေသည်။

လူငယ်လေးဟာ စိတ်ဆိုးလွန်းပြီး အသက်ပြင်းပြင်းရူရင်း နေရာမှာတင် သတိမေ့လဲသွားတော့သည်။ (မကြားဖူးလို့ပြောမိတာလေးကို..😥😝)

ဖုန်းကျို နောက်သုံးရက်ကြာတော့မှ Qing'yun နန်းတော်မှာ သူမရဲ့အဒေါ် သူ့သားတော်လေးကိုဆုံးမတာကိုကြည့်ရင်း ဒီအကြောင်းကိုသိခဲ့ရတာဖြစ်တယ်။

ဒါပေါ့ Qing'yun နန်းတော်ဆိုတာ ပိုင်ချန်းနဲ့ရဲ့ဟွာတို့ရဲ့ အရမ်းချစ်ရတဲ့သားတော်လေး နေတဲ့နေရာလေ။ သူဟာ မုန့်လုံးလေးလို့အသိများတဲ့ မင်းသားလေးအားလီပါပဲ။

အဝါရောင်တောက်တောက်ဝတ်စုံကို ဝတ်ထားတဲ့ မင်းသားလေးအားလီဟာ သူ့ရဲ့မယ်တော်နဲ့ မျက်နှာချင်းဆိုင် ထိုင်လျက်ရှိတယ်။ လူကြီးခုံပေါ်မှာထိုင်နေတာဖြစ်လို့ သူ့ရဲ့ခြေထောက်လေးတွေက မြေပြင်ဆီကိုတွဲလဲကျလို့နေတယ်။ သူ့ခမျာ ခြေထောက်ကို မြေပြင်ဆီထိအောင်ကြိုးစားသော်လည်း အရပ်ကနိမ့်ပြီး ထိုင်ခုံကရှည်လွန်းနေတာကြောင့် အချိန်တော်ကြာအောင် ကြိုးစားပေမယ့်လဲ မြေပြင်ကိုထိအောင်မလုပ်နိုင်သေးရှာဘူး။ နောက်ဆုံးတော့ အားလီတစ်ယောက် မခံချင်စိတ်နဲ့ပဲ လက်လျှော့လိုက်ရပြီး သူ့မယ်တော်ရဲ့ ဆိုဆုံးမမှုတွေကို ခေါင်းလေးပုကာနားထောင်နေတော့သည်။

Page-19

ပိုင်ချန်း သူမရဲ့သားကို ပြင်းပြင်းထန်ထန်အပြစ်ဆိုပါတော့တယ် "မင်းခမည်းတော်ငယ်ငယ်တုန်းကဆို ပိဋကတ်ကျမ်းတွေ ကောင်းကင်သြဝါဒကျမ်းတွေနဲ့ သံတမန်ကျမ်းတွေကို ကောင်းကောင်းကြီးအလွတ်ရွတ်ဆိုနိုင်နေပြီ မင်းကတော့ ငါတို့အလိုလိုက်ထားလို့ ပျက်စီးနေတာ အသက် ၅၀၀ တောင်ရှိနေပြီ ဒီ Huelin ကျမ်းလေးတောင် အလွတ်မရသေးဘူး ဒါမရလို့ပြဿနာတော့မရှိပေမယ့် မင်းရဲ့ခမည်းတော်နဲ့မယ်တော်ကို မျက်နှာပန်းလှအောင် လုပ်မပေးနိုင်ဘူးလား?"

မုန့်လုံးလေး သည်းတွားကာ အကြောင်းသင့်ပဲတုံ့ပြန်လိုက်ပါတယ် "သားတော်လည်း ဒီလိုမဖြစ်စေချင်ပါဘူး ဒါပေမယ့် သားတော်ရဲ့ထက်လွန်းတဲ့ဦးနှောက်က ခမည်းဆီကဆက်ခံလာတာမှမဟုတ်တာ မယ်တော့်ဆီကလေ"

ဖုန်းကျို ပါးစပ်ထဲကရေတွေတောင် ဖူးခနဲပန်းထွက်သွားတယ်။ ပိုင်ချန်း သူမကိုစွေပြီးကြည့်လိုက်တော့ ဖုန်းကျိုအရယ်ရပ်ကာ လက်လေးထောင်ပြီးရှင်းပြလိုက်တယ် "ဘာမှမဖြစ်ပါဘူး ခုတလော ဗိုက်မကောင်းဖြစ်နေလို့ပါ ဆက်ပြောကြပါ ဆက်ပြောကြပါ.."

ပိုင်ချန်းရဲ့အကြည့်တွေ မုန့်လုံးလေးဆီသို့ပြန်ရောက်သွားလေတယ်။ အကြောင်းတစ်ခုခုကြောင့် ဖုန်းကျို သုံဟွာသီကျွင်း နတ်ဆိုးပြည်ကသခင်လေးကို ဒေါသထွက်အောင်လုပ်ခဲ့တဲ့အကြောင်းကို သွားသတိရမိခဲ့တယ်။ သူမ ရေနောက်တစ်ငုံသောက်ရင်း သူမကိုယ်သူမတောင်သတိမထားမိဘဲ အလိုလိုပြုံးမိလေသည်။ သို့သော် သူမရဲ့ဝမ်းနည်းခြင်းဝတ်စုံကို ငုံ့ကြည့်မိလိုက်တဲ့အခါမှာတော့ အပြုံးတွေက ချက်ချင်းပဲပျောက်ကွယ်သွားခဲ့တယ်။ သူမ မျက်နှာပေါ်မှာ လွင့်ကျနေတဲ့ဆံနွယ်လေးတွေကို သိမ်းဖို့အတွက် လက်ကိုမြှောက်လိုက်တယ်။

ဘဝမှာတွေ့ကြုံရတဲ့ ဒုက္ခတွေက သူမရဲ့ခေါင်းပေါ်ကဆံပင်တွေလိုပဲ မရေမတွက်နိုင်ဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၇၀၀ က အဖြစ်အပျက်တွေကိုပြန်တွေးရင်း အတွေးထဲမှာနစ်မြောသွားတယ်။ တော်တော်များများ ဖြစ်ပျက်ခဲ့တဲ့အထဲက မှတ်မိတဲ့ကိစ္စတွေလည်းရှိသလို မေ့ချင်ယောင်ဆောင်ထားတဲ့အရာတွေလည်း အများကြီးပဲ။ တချို့သောအရာတွေက မေ့ချင်ယောင်ဆောင်ထားရင်းမှ အချိန်ကြာလာတော့ သူမရဲ့မှတ်ဉာဏ်ထဲကနေ တကယ်ပဲ ပျောက်ကွယ်သွားပုံရတယ်။ လွန်ခဲ့တဲ့နှစ် ၂၀၀ အတွင်းက ချင်းချူဟာ သိပ်ပြီးမငြိမ်းချမ်းခဲ့ဘူး။ ဒါ့ကြောင့် သူမ သုံဟွာ့အကြောင်းကို အရမ်းကြီးတွေးနေဖို့အချိန်မရှိဘူး။ ဒါပေမယ့် ခုတော့ ကောင်းကင်ဘုံမှာ သူနဲ့ခဏခဏဆုံတွေ့နေရတယ်။ သူကတော့ သူမကိုမှတ်မိပုံတောင်မရပါဘူး။ ဒါကလည်း သူမရဲ့အမြင်မှာ သိပ်ပြီးဆိုးဝါးလှတဲ့ အရာတစ်ခုမှမဟုတ်တာ။
Page 20-21

Page-20

သူမနဲ့သုံဟွာက ဗုဒ္ဓလမ်းစဉ်လိုက်သူများအတိုင်းပြောရမယ်ဆိုရင် မဖြစ်နိုင်ကြသူတွေပါ။ ဒါပေမယ့် 'မဖြစ်နိုင်ကြသူ' ဆိုတဲ့စကားလုံးက အကောင်းဆုံးဖော်ပြနိုင်တဲ့စကားလုံးတော့မဟုတ်ဘူး။ ကျိန်စာသင့်ကြမ္မာလို့ပြောရင် ပိုမှန်နိုင်ချေရှိတယ်။

လန်ရှန်းရဲ့ပန်းပွဲတော်တောင် နောက်ဆုံးရက်ကိုရောက်ရှိလာခဲ့ပြီ။ အရင်နေ့တွေကလိုပဲ ဒီနေ့မှာလည်း ပန်းပေါင်းစုံဟာ အရောင်အသွေးမျိုးစုံစွာနဲ့ ပွင့်လန်းနေကြတယ်။ အနောက်ဘက်ကောင်းကင်က ဗုဒ္ဓတောင် လန်ရှန်းဆီက ရှားပါးပန်းမျိုးစိတ်တွေကိုယူဖို့ တက်ရောက်ခဲ့တယ်။ နတ်ပြည်တစ်ခုလုံးဟာ ပွဲတော်သံတွေနဲ့ ဆူညံလို့နေတယ်။ ရာထူးအမြင့်ဆုံးကနေ ဟိုးအောက်ခြေထိ နတ်မင်းတွေအားလုံး ပန်းပွဲတော်ကိုတက်ရောက်ခဲ့ကြတယ်။

ဖုန်းကျိုကတော့ ဒီပန်းတွေ၊ မြက်ခင်းပြင်ကိစ္စတွေကို တစ်ခါမှစိတ်မဝင်စားခဲ့ဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်က လူ့ပြည်မှာနေတဲ့နတ်သားတစ်ပါးဟာ အိမ်ရှေ့စံရဲ့မင်္ဂလာပွဲမှာ ပြဇာတ်တစ်ပုဒ်နဲ့ ဖျော်ဖြေခဲ့တယ်။ အဲ့ချိန်မှာ နတ်ပြည်ခုနှစ်ထပ်မြောက်ရဲ့ Chengtian ကြည့်စင်မှာ မင်ဂူတစ်ယောက် 'စစ်သူကြီးနှင့်မိန်းမပျိုလေး' ပြဇာတ်ကိုပြသဖို့ ပြင်ဆင်နေခဲ့တယ်။

ဖုန်းကျို ဖရဲစေ့တစ်အိတ်ကိုသယ်ကာ မုန့်လုံးလေးကိုခေါ်ပြီး ပြဇာတ်ကြည့်ဖို့ နတ်ပြည်ခုနှစ်ထပ်ကို တက်လာခဲ့တယ်။

နူးညံ့ဖြူဖွေးလှတဲ့ ဒီမုန့်လုံးလေးကတော့ သူမရဲ့ဝမ်းကွဲမောင် အားလီလေးပဲပေါ့။

ခုနှစ်ထပ်မြောက်ကောင်းကင်ဂိတ်ဝတစ်ဖက်က တောက်ပရွှန်းစိုတဲ့ အလင်းရောင်းတွေအောက်မှာ သုံဟွာသီကျွင်းတစ်ယောက် ကြီးကျယ်ခမ်းနားလှတဲ့ပန်းပွဲတော်ကနေ တိတ်တဆိတ်လစ်ထွက်ခဲ့လေတယ်။ Miaohua မှန်ဘေးနားမှာ တစ်ယောက်တည်း အဖော်ပြုရင်း စာအုပ်ထိုင်ဖတ်နေလေရဲ့။

Miaohua မှန်ဆိုတာ ကောင်းကင်ဘုံရဲ့ အထွတ်အမြတ်ထားရာ နေရာတစ်ခုပေါ့။ မှန်လို့ခေါ်ဝေါ်ကြပေမယ့် တကယ်တမ်းက ရေတံခွန်တစ်ခုသာဖြစ်လေတယ်။ ကျယ်ပြောလှတဲ့ စကြဝဋ္ဌာကြီးထဲမှာ ကမ္ဘာပေါင်းသန်းချီရှိလေသည်။ အင်မတန်မှ တန်ခိုးစွမ်းအားကြီးမားသူများသာ ထိုကမ္ဘာတွေရဲ့ ဖြစ်ပေါ်မှု၊ ပျက်သုန်းမှုတွေကို မှန်ထဲကတစ်ဆင့်ကြည့်ရှုနိုင်သည်။

Page-21

ဒါတင်ဘယ်ကမလဲ ရေတံခွန်ရဲ့ မှော်စွမ်းအင်တွေက ဘေးကိုပျံ့လွင့်နေတာဖြစ်တယ်။ အမှန်တကယ်တန်ခိုးကြီးတဲ့ နတ်မင်းအနည်းငယ်သာ ထိုစွမ်းအင်ကို ခံနိုင်ရည်ရှိကြတယ်။ ရှေးကျတဲ့နတ်မင်းကြီးတွေတောင် ရေတံခွန်အနီးနားကိုရောက်လို့ရှိရင် ခေါင်းကိုက်ဝေဒနာ ခံစားရလေ့ရှိတယ်။ ဒါကြောင့်မို့ ဒီနေရာကို အပန်းဖြေနေရာအဖြစ် သုံဟွာတစ်ဦးတည်းကသာ အသုံးပြုလာတာ အတော်ကြာပြီဖြစ်တယ်။

ဖုန်းကျို ဂိတ်တံခါးဝကိုဖြတ်ပြီး မုန့်လုံးလေးကို ဦးဆောင်ခေါ်လာခဲ့ကာ သတိပေးလိုက်ပါတယ် "ဒီဘက်မှာပဲနေနော် Miaohua မှန်နားကို သိပ်မကပ်နဲ့ သူ့ဆီကစွမ်းအင်တွေကြောင့် မထိခိုက်မိအောင် သတိထားနေ"

မုန့်လုံးလေးတစ်ယောက် စကားကိုလိမ္မာစွာနားထောင်ပြီး မှန်နဲ့ခပ်ဝေးဝေးမှာပဲနေခဲ့တယ်။ မြေပေါ်က ကျောက်စရစ်ခဲလေးတွေကိုကန်ရင်း တတွတ်တွတ်ပြောလေတယ် "ခမည်းတော်က အရမ်းကပ်စေးနည်းတာပဲ ညတုန်းက အားလီ မယ်တော်ရဲ့ Changsheng နန်းတော်မှာ အိပ်ပျော်သွားတာကို သေချာမှတ်မိတယ် ဒါပေမယ့် မနက်အိပ်ရာနိုးတော့ Qing'yun နန်းတော်ကိုပြန်ရောက်နေပြီ ခမည်းတော်က အားလီလေး အိပ်နေရင်းလမ်းလျှောက်ပြန်တာလို့ ညာပြောတယ်" ထို့နောက် အကူအညီမဲ့စွာ ပုခုံးလေးတွန့်ကာ ထပ်ပြောတယ် "ခမည်းတော်က မယ်တော့်ကို တစ်ယောက်တည်းသိမ်းထားချင်လို့ အားလီအိပ်ပျော်သွားတော့ ချီပြီးနန်းဆောင်ကိုပြန်ပို့တာ အသိသာကြီးပဲဟာ ကိုယ့်သားတော်အရင်းကိုတောင်လိမ်တယ်ဆိုတော့ အရမ်းရက်စက်တာပဲ" (ရဲ့ဟွာတို့ အချစ်ကြမ်းတာဆိုရော🙈)

ဖုန်းကျို ဖရဲစေ့တွေကို မိုးပေါ်မြှောက်ရင်း ပြန်ပြောလိုက်တယ် "အဲ့တာဆိုလဲ ဘာလို့ Changsheng နန်းတော်ကိုပြန်ပြီး ငိုမပြတာလဲ? အဲ့ဒါမင်းအမှားပဲ"

မုန့်လုံးလေး အံ့အားသင့်စွာ တုန်လှုပ်သွားလေတယ် "မိန်းကလေးတွေပဲ ငိုတာ ရန်ဖြစ်တာ လုပ်လို့ရတယ်ထင်နေတာ" ထစ်အထစ်အနဲ့ မေးပါတော့တယ် "ယောကျာ်းလေးတွေရော.. အဲ့လိုလုပ်လို့ရတယ်လား?"

ဖုန်းကျို ကျလာတဲ့ ဖရဲစေ့တွေကိုဖမ်းရင်း မျက်နှာသေနဲ့ပြန်ဖြေလိုက်တယ် "ရတာပေါ့ ကလေးရာ ငါတို့ရဲ့ရှေးဘိုးဘေးဘီဘင်တည်းက ကောင်းကင်စည်းမျဉ်းတွေထဲမှာ ညီတူညီမျှခံစားခွင့်ရှိတယ်လို့တောင် ရေးထားတာပဲ"

သုံဟွာတစ်ယောက် ပါးလေးကိုလက်နဲ့ထောက်ရင်း မောင်နှမနှစ်ယောက်ရဲ့ပုံရိပ်လေး ပျောက်ကွယ်သွားတဲ့ထိ ငေးကြည့်နေခဲ့တယ်။ သူ့ရဲ့လက်ထဲမှာတော့ စာအုပ်တစ်အုပ်ကိုကိုင်လို့ထားတယ်။ Miaohua မှန်ထဲမှာ တိုင်းပြည်တွေရဲ့တိုက်ပွဲတွေ၊ လျင်မြန်စွာဖြစ်ပျက်မှုတွေကို မြင်တွေ့နေရတယ်။ ခေတ်တစ်ခေတ်ရဲ့အပြောင်းအလဲတွေအကြောင်း အသေးစိတ်ပြောပြပြီးတဲ့ခါမှာတော့ ကျောက်စားပွဲပေါ်မှာ တည်ထားတဲ့ရေနွေးအိုးလေးလည်း ဖြစ်လို့နေပါတော့တယ်။
Page 22-24

Page-22

ခုနှစ်ထပ်မြောက် ကောင်းကင်ဂိတ်ဝကနေ Chengtian ကြည့်စင်ဆီရောက်ဖို့ အဝေးကြီးလိုပါသေးတယ်။

ဖုန်းကျိုတို့နှစ်ယောက် ကျောက်ခတ်ပင်တွေနားရောက်တော့ မုန့်လုံးလေး ညည်းညူကာ ခဏနားဖို့ပြောပါတော့တယ်။ သူမတို့ထိုင်ချလိုက်ချင်းပဲ မျက်စိကျိန်းလောက်စရာ ငွေရောင်အလင်းတန်းတစ်ခု ကောင်းကင်မှာ ထွက်ပေါ်လာခဲ့တယ်။ ထိုအလင်းတန်းတွေရဲ့အလယ်မှာတော့ မြင်းရထားတစ်ခု ဒုန်းဆိုင်းမောင်နှင်လို့လာတယ်။ ရထားဘီးတွေဟာ တိမ်စိုင်တိမ်ခဲတွေကို တိုးဝင်မောင်းနှင်လို့နေ၏။ တိမ်စိုင်တွေကင်းစင်သွားတဲ့အခါမှာတော့ လေထဲမှာ မွှေးကြိုင်လွန်းလှတဲ့ ပန်းရနံ့တွေ မွှေးပျံ့နေလေတော့တယ်။

ခမ်းနားကြီးကျယ်လှတဲ့မြင်ကွင်းပါပဲ။ ထိုမြင်းရထားဟာ အောက်ဖက်တိုင်းပြည်ငယ်တစ်ခုကနေ ပန်းပွဲတော်ကိုလာတဲ့ နတ်တစ်ပါးရဲ့ရထားပဲဖြစ်ရမယ်။

မျက်စိတစ်မှိတ်အတွင်းမှာ မြင်းရထားကြီး ပျောက်ကွယ်လို့သွားတယ်။ ကြည့်ရတာ ကောင်းကင်ဘုံရှစ်ထပ်မြောက်ကို တက်သွားဟန်တူတယ်။ ကျောက်ခတ်ပင်တွေရဲ့ အနောက်မှာတော့ အစေခံငယ်လေးနှစ်ဦး တီးတိုးပြောနေလေတယ်။

"ရထားထဲကတစ်ယောက်က သုံဟွာသီကျွင်းရဲ့မွေးစားညီမ မင်းသမီး Zhi'he မလား?" တစ်ယောက်ကမေးလိုက်တယ်။

"ကြွားလိုက်တာဟယ်" တခြားတစ်ယောက်က ချက်ချင်းပဲမှတ်ချက်ချလေတယ် "အချိန်တွေအကုန်မြန်လိုက်တာ သူမကို သေမျိုးတိုင်းပြည်ဆီသွားဖို့ အပြစ်ပေးခံရတာ ခုဆိုနှစ်ပေါင်း ၃၀၀ တောင်ရှိသွားပြီ"

"ဘယ်လိုဖြစ်လို့ အပြစ်ပေးခံရတာလဲ? အဲ့တုန်းကနင် ဘုံ၁၃ထပ်မှာလုပ်ခဲ့တာဆိုတော့ သိမှာပဲ ပြောပြပါလား"

အချိန်တော်ကြာအောင် စဉ်းစားနေပြီးမှ အစေခံငယ်လေးပြန်ဖြေခဲ့တယ် "ငါလည်းသေချာတော့မသိဘူး ဒါပေမယ့် အဲ့ဒီနှစ်က တကယ်ကိုဒုက္ခများတဲ့နှစ်ပဲ ပြောကြတာတော့ နတ်ဆိုးတိုင်းပြည်ရဲ့ အကြီးဆုံးမင်းသမီးတစ်ပါးက ထိုက်ချန်နန်းတော်ဆီကို လက်ထပ်ဖို့ရောက်လာခဲ့တယ် ဒါပေမယ့် မင်းသမီး Zhi'he က သုံဟွာသီကျွင်းကို ကြိုက်နေတဲ့အတွက် အဲ့ဒီမင်္ဂလာပွဲကို ပျက်အောင်လုပ်ခဲ့တယ်တဲ့ ဒီအကြောင်းကို ကောင်းကင်မင်းကြီးကြားတော့ အရမ်းဒေါသထွက်ပြီး သူမကို သေမျိုးတိုင်းပြည်ဆီ ရာထူးချပြီးနှင်လိုက်တာတဲ့"

ပထမတစ်ယောက် အံ့သြမှုနဲ့ ငြိမ်သွားလေတယ် "ဘာပြောလိုက်တယ်? ထိုက်ချန်နန်းတော်? အရှင်သီကျွင်းနဲ့? ဒီအကြောင်းကို ငါဘာလို့တစ်ခါမှမကြားဖူးတာလဲ? အရှင်မင်းမြတ်က ဒီလိုလောကီကိစ္စတွေနဲ့ တစ်ခါမှမပတ်သက်ဖူးဘူးလို့ထင်နေတာ"

ခဏလောက်ကြာတော့ တခြားတစ်ယောက်လည်း ပြန်ပြောခဲ့တယ် "နတ်ဆိုးပြည်နဲ့ ကောင်းကင်ဘုံပေါင်းစည်းရေးအတွက် စီစဉ်တဲ့အဲ့ဒီအချိန်တုန်းက သခင်လန်ရှန်းနဲ့ အရှင်သီကျွင်းတို့နှစ်ယောက်ပဲ လက်မထပ်ရသေးတာ ဒါကလည်း ငါတို့အလုပ်မဟုတ်ပါဘူးလေ ပြီးတော့ အရှင်သီကျွင်းက ကောင်းကင်စည်းမျဉ်းတွေကလွဲပြီး တခြားဟာတွေကို သိပ်မှအာရုံမထားတတ်တာ လက်ထပ်တယ်ဆိုတာ ဘာလဲဆိုတာတောင် သိမှာမဟုတ်ပါဘူး" (ဟုတ်ကဲ့.. innocent သီကျွင်းလေးပါ☺️)

Page-23

ပထမတစ်ယောက် သက်ပြင်းချလိုက်တယ်။ ထို့နောက် စကားပြောတာ မရပ်ချင်သေးတဲ့ပုံစံနဲ့ တခြားအကြောင်းအရာတစ်ခုကို ပြောခဲ့တယ် "ခုမှ လွန်ခဲ့တဲ့နှစ် ၃၀၀ က ငါ အရှင်သီကျွင်းနဲ့ဆုံဖူးတာကို သွားသတိရတယ် အဲ့တုန်းက သူ့ဘေးမှာ အနီရောင်မြေခွေးလေးတစ်ကောင်ရှိတယ် ထိုက်ချန်နန်းတော်က အရာရှိတွေပြောတာတော့ သီကျွင်းက အဲ့ဒီမြေခွေးလေးကို အရမ်းချစ်တာတဲ့ သူသွားတဲ့နေရာတိုင်းကိုလဲ အမြဲခေါ်ဆောင်သွားလေ့ရှိတာတဲ့ ဒါပေမယ့် လွန်ခဲ့တဲ့ရက်က အိမ်ရှေ့စံရဲ့မင်္ဂလာပွဲမှာ အဲ့ဒီမြေခွေးလေးကို ငါမတွေ့မိသလိုပဲ"

အချိန်တော်ကြာ ရပ်တန့်သွားပြီးနောက် အခြားတစ်ယောက် သက်ပြင်းချပြန်တယ် "အဲ့ဒီမြေခွေးလေးက တကယ်ကို သီကျွင်းရဲ့အချစ်တော်လေးပါပဲ ဒါပေမယ့် ထိုက်ချန်နန်းတော်က သီကျွင်းရဲ့မင်္ဂလာပွဲအကြောင်း ကြေညာပြီးမကြာခင်မှာပဲ မြေခွေးလေး ရုတ်တရက်ကြီးပျောက်သွားခဲ့တယ် သီကျွင်းဆို ချက်ချင်း နတ်ပြည် ၃၆ထပ်လုံးမှာ သူ့ကိုရှာဖို့ စစ်သည်တွေစေလွှတ်ခဲ့တာလေ ဒါပေမယ့် နောက်ဆုံးတော့ မြေခွေးလေးကို ရှာမတွေ့ခဲ့ကြဘူး"

ဖုန်းကျို အနောက်ကကျောက်တုံးကြီးကိုမှီရင်း ဖရဲစေ့ထုပ်ကို အပေါ်မြှောက်လိုက် ဖမ်းလိုက်လုပ်နေခဲ့တယ်။ နောက်ဆုံးအကြိမ် မြှောက်လိုက်တဲ့အခါမှာ အားလွန်သွားပြီး ကြာကန်ရဲ့ဘေး ကျောက်ခတ်ပင်တွေကြားကို ပစ်မိသွားလေတယ်။ အစေခံငယ်လေးနှစ်ယောက် လန့်ဖြတ်ကာထွက်ပြေးကုန်ကြတယ်။ တော်တော်ဝေးဝေးကို ရောက်သွားတဲ့အခါမှာတော့ သူတို့ရဲ့ခြေသံတွေလည်း တိတ်ဆိတ်လို့သွားပါတယ်။

မုန့်လုံးလေး စိတ်တိုကာ မျက်နှာတွေနီရဲလာတော့သည်။ ကြာကန်ထဲက လှိုင်းတွန့်လေးတွေကိုကြည့်ရင်း မြည်တွန်လေတယ် "သွားပြီ ခု ပြဇာတ်သွားကြည့်တဲ့ခါ သားတို့ဘာစားရတော့မှာလဲ?"

ဖုန်းကျို အင်္ကျီပြန်ပြင်ရင်း ထွက်သွားဖို့ထလိုက်တယ်။ မုန့်လုံးလေးကတော့ ခေါင်းငိုက်စိုက်နဲ့ မှုန်သုန်နေရှာတယ် "ဒီမှာမြေခွေးလေးတစ်ကောင်ရှိတာ သားဘာလို့မကြားမိရတာလဲ?" ထို့နောက် သူ သံသယနဲ့ရေရွတ်ပြန်တယ် "အဲ့ဒီမြေခွေးလေးကရော ဘယ်ပျောက်သွားတာလဲ?

ဖုန်းကျို လမ်းလျှောက်တာရပ်ပြီး နောက်မှာကျန်ခဲ့တဲ့သူ့ကို စောင့်ရပါတော့တယ်။

မနက်ခင်းရဲ့နေရောင်ခြည်ဟာ ခုနှစ်ထပ်မြောက်ကောင်းကင်ဘုံမှာ ရွှေရောင်အလင်းတန်းတွေလို ဖြာကျလျက်ရှိသည်။

Page-24

ဖုန်းကျို မျက်နှာပေါ်ကျနေတဲ့နေရောင်ကို လက်နဲ့ကာရင်း ပြောလိုက်တယ် "သူ့အိမ်သူ ပြန်သွားတာနေမှာပေါ့" ထို့နောက် နောက်ကိုလှည့်ကာ မုန့်လုံးလေးကို လည်ပြန်ကြည့်လိုက်တယ် "ဟေး အပုလေး မြန်မြန်မလျှောက်နိုင်ဘူးလား?"

မုန့်လုံးလေး ခေါင်းရမ်းကာ ပြန်ဖြေလေတယ် "ဟင့်အင်း မလျှောက်နိုင်ဘူး"

Chengtian ကြည့်စင်ကို အဝေးကနေလှမ်းမြင်ရတဲ့အခါမှပဲ ခုနကနေရောင်တွေဟာ မနက်ခင်းနေမင်းကြီးရဲ့ နှင်းဆီရောင်တိမ်တိုက်တွေဆီက ဖြာကျလာတာမဟုတ်ဘူးဆိုတာ ဖုန်းကျို သိလိုက်ရတယ်။

သူမ Chengtian ကြည့်စင်နဲ့ မီတာ ၁၀၀ ကွာမှာ ရေခဲတုံးကြီးလိုတန့်သွားလေတယ်။

ရှေ့လက်တကမ်းအကွာမှာ ရေခဲကျောက်တွေနဲ့လုပ်ထားတဲ့ မီတာ ၁၀၀ လောက်ရှည်တဲ့ Chengtian ကြည့်စင်ဟာ မီးပင်လယ်ကြီးဝိုင်းနေတယ်လေ။ အကယ်၍မင်ဂူသာ အကာအကွယ်တံတိုင်းတစ်ခု အလျင်အမြန်မဖန်တီးခဲ့ဘူးဆိုရင် ခုလောက်ဆို မီးတောက်ကြီးတွေက စင်ပေါ်ကအကမယ်တွေ၊ ဖြေဖျော်သူတွေကို ဝါးမြိုပြီးသွားလောက်ပြီ။ စောစောက ဒုန်းဆိုင်းမောင်းနှင်သွားခဲ့တဲ့ မိန်းမပျိုလေးရဲ့ မြင်းရထားဟာလဲ မီးတောက်တွေရှေ့မှာ ရပ်တန့်သွားခဲ့တယ်။

ဟုန်းဟုန်းတောက်လောင်နေတဲ့ မီးတောက်တွေရဲ့နောက်မှာ ရုတ်တရက် စူးစူးဝါးဝါးအော်သံတစ်ခု ထွက်ပေါ်လို့လာတယ်။

ဖုန်းကျို မျက်မှောင်ကြုတ်ကာကြည့်လိုက်တော့ မီးပင်လယ်ကြီးဖြစ်ရတဲ့ အကြောင်းရင်းကို သိရှိသွားလေတယ်။ Chiyan မီးတောက်ငှက်ဟာ မင်းတောက်တွေကြားကနေ အတောင်တဖျတ်ဖျတ်ခတ်လျက်ရှိသည်။ သူ့ရဲ့သွေးဆာနေတဲ့ ပါးစပ်ထဲကနေ မီးတောက်တွေ တဝေါဝေါပစ်ခတ်လို့နေ၏။ ကြေးဝါရောင်ခေါင်းလောင်းကိုပတ်ပြီး မီးပင်လယ်ကြီးဆီကိုပြန်လာကာ မင်ဂူရဲ့အကာအကွယ်တံတိုင်းကို ရန်လိုစွာ တိုက်ခိုက်နေလေသည်။ အကာအကွယ်တံတိုင်းလည်း စတင်အက်ကွဲလို့လာတော့သည်။ မီးအဟုန်တွေ ပိုပြီးအင်အားကြီးမားလာတာနဲ့အမျှ အကမယ်တွေရဲ့မျက်နှာမှာ ကြောက်ရွံ့ထိတ်လန့်မှုတွေ ပြည့်နေတော့တယ်။ ကြောက်လွန်းလို့ ငိုကြွေးနေကြပေမယ့် အကာအကွယ်တံတိုင်းကြောင့် အသံတွေကို အပြင်ကမကြားနိုင်ပေ။ တွေ့မြင်နေရတဲ့မြင်ကွင်းဟာ ထိတ်လန့်ခြောက်ခြားဖွယ်အတိ ဖြစ်လို့နေပါတော့တယ်။
Page 25-28

Page-25

မင်းသမီး Zhi'he ရဲ့ ကောင်းကင်ဘုံကိုပြန်လာခဲ့တဲ့အကြောင်းပြချက်က လုံးဝကိုသိသာလွန်းပါတယ်။ အရှင်လန်ရှန်းရဲ့ပန်းပွဲတော်ကို တက်ရောက်တာကို အကြောင်းပြပြီး သူမနှလုံးသားကတောင့်တနေတဲ့ သူမရဲ့မွေးစားအစ်ကို သုံဟွာသီကျွင်းကို တွေ့လို့ရနိုင်တယ်လေ။ ပြီးတော့ အဆင့်မြင့်နတ်ဘုရားပိုင်ချန်းက ပြဇာတ်ကြည့်ရတာကို အထူးခုံမင်တယ်။ ဒီအချက်ကိုကောင်းကောင်းအသုံးချကာ သူမရဲ့ကချေသည်တွေ ဖျော်ဖြေရေးသမားတွေကိုခေါ်ပြီး ကပြဖျော်ဖြေစေတယ်။ ဒီလိုနဲ့ပဲ ဖျော်ဖြေရေးသမားတွေကို ကြီးကြပ်သူအဖြစ်နဲ့ ကောင်းကင်ဘုံမှာ ပေါ်ထွက်လာနိုင်ခဲ့တာပေါ့။

ဒါပေမဲ့ သူမခင်မျာလည်း ကံတော့အဆိုးရှာသား။ တစ်စုံတစ်ယောက်က Chiyan မီးတောက်ငှက်ကိုလွှတ်ပေးလိုက်လို့ သူမရဲ့မြင်းရထားကြီးရောက်တဲ့အချိန်မှာ စင်ကမီးလောင်လို့နေပြီ။

Zhi'he က တကယ်တော့ ရေနတ်သမီးဖြစ်သည်။ သူမ ထိုက်ချန်နန်းတော်မှာနေတုန်းကဆိုရင် ပင်လယ် ၄ ခုရဲ့ရေနတ်ဘုရားဖြစ်တဲ့ အရှင်လန်ရှန်းရဲ့ တပည့်ကျော်တစ်ယောက်ပါ။ တစ်နည်းပြောရရင် အနောက်ကုန်းမြေတွေအတွက် မိုးကိုခေါ်ပေးတဲ့ နတ်သမီးတစ်ပါးပဲ။ ကောင်းကင်ဘုံအတွက် ဒီလိုအသုံးဝင်လှတဲ့ နတ်သမီးမျိုးကိုကြုံရဖို့ အတော်ခက်ပါတယ်။ ဒါကြောင့်ပဲ သူမဟာ အဆင့်နှိမ့်ပြီး သေမျိုးတိုင်းပြည်ကိုနယ်နှင်ဒဏ်ပေးခံရတာတောင် ရေနတ်သမီးဆိုတဲ့ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားဆဲဖြစ်လေသည်။

သို့သော် ဒီလိုအထိတ်တလန့်အခြေအနေမှာတော့ သူမရဲ့မိုးကိုဆင့်ခေါ်နိုင်စွမ်းက သိပ်ပြီးအသုံးမဝင်လှဘူး။ သူမက သူမမျက်စိရှေ့က မီးတောက်ငှက်ကြီးရဲ့ ပြိုင်ဘက်မှမဟုတ်ဘဲ။ Zhi'he တစ်ယောက် အကူအညီတောင်းဖို့ပြင်နေတုန်းမှာပဲ အကာအကွယ်တံတိုင်းထဲမှာရှိနေတဲ့ နတ်သားတစ်ပါးက သူမကို တစ်ခုခုလှမ်းအော်ပြောလို့နေသည်။ သူ့မှာ အကြံတစ်ခုရှိပုံပေါ်တယ်။ ဒါပေမဲ့ ထိုနတ်သားဘာပြောနေလဲဆိုတာ သူမမှမကြားရတာ။

သူမ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေစဉ်မှာပဲ အဖြူရောင်ပုံရိပ်လေးတစ်ခု သူမရှေ့က ဖြတ်သွားလေတယ်။ လေထဲမှာ အဖြူရောင်ပိုးဖိနပ်လေးစီးထားတဲ့ ခြေထောက်လေးတစ်စုံဟာ လေဟုန်ကိုအရှိန်နဲ့ခွင်းလာပြီး ဝတ်ရုံလက်နားစကလဲ လေနှင်ရာလွင့်မြောနေတဲ့ ပဒုမ္မာပွင့်ချပ်နှယ် တဖျပ်ဖျပ်ခါရမ်းနေတော့သည်။

Zhi'he လည်း လေဟုန်ခွင်းလာတဲ့ ထိုပုံရိပ်ပိုင်ရှင်ကို မြင်လိုက်ရတော့ အံ့သြလွန်းလို့ ပင့်သက်တောင်ရှိုက်မိသွားတယ်။ ထို့နောက် မျက်တောင်မခတ်တမ်း ငေးကြည့်နေရင်းမှ မြင်ဖူးသလိုလိုခံစားလိုက်ရတယ်။ ပါးလွှာပြီး စွဲမက်ဖွယ်ကောင်းတဲ့ နှုတ်ခမ်းတစ်စုံ၊ ဖြောင်းစင်းနေတဲ့ နှာတံ၊ မက်မွန်သီးသဖွယ်ဝိုင်းစက်နေတဲ့ မျက်ဝန်းတွေ၊ ပြီးတော့ ကြော့ရှင်းလှတဲ့ မျက်ခုံးတစ်စုံရယ်နဲ့ ပြေပြစ်လှတဲ့နဖူးအလယ်မှာတော့ ဖီးနစ်ပန်းပုံစံအမှတ်တစ်ခုနဲ့။

Page-26

ဒါပေမဲ့ သူမမှတ်မိတဲ့ကောင်မလေးက ထိုက်ချန်နန်းတော်က အစေခံတစ်ယောက်ပဲ။ သူမအပျိုဖော်ဝင်စအချိန်တုန်းကဆိုရင် အဲ့ဒီချောမောလွန်းလှတဲ့ အစေခံမလေးကို အရမ်းပဲမနာလိုဖြစ်ခဲ့ရတာလေ။ အစ်ကိုသုံဟွာတောင် အဲ့ဒီကောင်မလေးရဲ့အလှမှာ နစ်မြောသွားမှာကြောက်လွန်းလို့ သူတို့နှစ်ယောက်ကို မဆုံမိစေဖို့အတွက် သူမလုပ်နိုင်တာမှန်သမျှလုပ်ခဲ့တယ်။ ဒီအစေခံကောင်မလေးကို သူများတွေမသိအောင် ဒုက္ခပေးခဲ့တာလဲ ခဏခဏပဲ။ တစ်ခါတစ်လေ တမင်သက်သက်ကို ရက်ရက်စက်စက် အလုပ်တွေခိုင်းခဲ့တာ။

"မင်းက..." သူမ မရေမရာရေရွတ်နေခဲ့တယ်။

ဒါပေမဲ့ သူမရှေ့မှာရပ်နေတဲ့ ကောင်မလေးဆီကအရင် စကားသံထွက်လို့လာတယ်။ သူမကို အေးစက်စက်အသံနဲ့ အပြစ်တင်ပြောဆိုလေတယ် "ရေနတ်သမီးဖြစ်ပြီး မီးလောင်နေတဲ့အချိန်မှာ ဘာလို့မိုးကိုဆင့်မခေါ်သေးတာလဲ? ဘာကြောင့်များ ရေနတ်သမီးဘွဲ့ကို ပေးထားကြပါလိမ့်?"

ဖုန်းကျိုတစ်ယောက် Zhi'he ရဲ့တုန့်ပြန်မှုကိုစောင့်မနေတော့ပဲ ခါးမှာချိတ်ထားတဲ့ ပုလွေကိုဆွဲဖြုတ်ကာ မီးတောက်တွေရှိရာဆီ တည့်တည့်မတ်မတ်ပြေးဝင်သွားတော့တယ်။

နှစ်တွေအများကြီး ကြာပြီးတဲ့နောက် ဖုန်းကျို သိသိသာသာတိုးတက်လာတာ နှစ်ခုရှိတယ်။ တစ်ခုကအချက်အပြုတ်ဖြစ်ပြီး နောက်တစ်ခုကတော့ အတိုက်အခိုက်ပါပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ လုံးလုံး ဘာတိုက်ပွဲမှမဆင်နွှဲခဲ့ရပဲ ချင်းချူဘုရင်မအနေနဲ့ တရားကျင့်ကြံနေတဲ့ ရသေ့ကြီးတစ်ပါးလို သိက္ခာတော်ကြီးနဲ့နေခဲ့ရတယ်။ ဘယ်လိုတောင် ပျင်းစရာကောင်းလိုက်တဲ့ ဘဝကြီးလဲ? ခုတော့ တိုက်တိုက်ဆိုင်ဆိုင် Chiyan မီးတောက်ငှက်က သူမမျက်စိရှေ့မှာ ပြသနာရှာနေပြီလေ။ သွေးပူလေ့ကျင့်ခန်းလေးဘာလေးလုပ်ဖို့တွက် သူမ စိတ်ထဲတရွရွဖြစ်မနေပါဘူးပြောရင် လိမ်ရာကျတော့မယ်။

ဖုန်းကျိုတစ်ယောက် မီးတောက်ထဲကို ကဆုန်ပေါက်ပြေးဝင်ရင်း ပုလွေကိုအသာမှုတ်ကာ မိုးကိုဆင့်ခေါ်လိုက်တယ်။

သူမရဲ့ပုလွေသံဟာ မီးလောင်ပြင်ကိုဖြတ်ပြီး ကောင်းကင်ဆီသို့ ပျံနှံ့သွားကာ ငွေရောင်မြစ်ကို နှိုးဆွလိုက်လေတယ်။ ဘုံ ၃၆ ထပ်ကမြစ်ရေတွေဟာ ချက်ချင်းပဲ သွန်ကျလာခဲ့တယ်။ မီးငြိမ်းသွားတာနဲ့တစ်ပြိုက်နက် Chiyan မီးတောက်ငှက်လည်း အသေဒါသူပုန်ထတော့တာပေါ့။ သူ နဂိုသဲကြီးမဲကြီးတိုက်ခိုက်နေတဲ့ မင်ဂူရဲ့အကာအကွယ်တံတိုင်းကို လျစ်လျူရှုပြီး ဖုန်းကျိုရှိရာကို အတင်းမီးတွေမှုတ်ထုတ်လေတော့တယ်။

ဒီလိုဖြစ်လာအောင်လည်း ဖုန်းကျိုကိုယ်တိုင်က 'ကျားကိုဂူထဲမှ မျှားခေါ်ခြင်း' ဆိုတဲ့နည်းဗျူဟာကို သုံးခဲ့တာပဲလေ။ မင်ဂူနဲ့တစ်ခြားသူတွေကိုသာ ကယ်ထုတ်ဖို့မလိုရင် ဒီသားရဲကြီးကို သူမကိုင်ဆောင်တဲ့ Taozhu ဓားနဲ့ တစ်ခါတည်းထိုးသတ်ပြီးလောက်ပြီ။ ဒါပေမဲ့ သူမရဲ့ပြိုင်ဘက်က သန်မာအားကြီးတဲ့ ငှက်ကြီးတစ်ကောင်ပဲ။ သူ့ကိုသတ်ဖို့ဆိုတာက အချိန်တော်ကြာယူမှရလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံးတော့ ဒီလိုသရေကျမှာ မဟုတ်ဘူး။

Page-27

အချိန်ကြာလှတာနဲ့အမျှ တိုက်ခိုက်ရတာ မသက်မသာဖြစ်လို့လာတယ်။ သူမတစ်ယောက်တည်းနဲ့ အလုပ်နှစ်ခုမလုပ်နိုင်တော့ဘူး။ တစ်ဖက်မှာ မိုးကိုဆင့်ခေါ်နေရသလို တစ်ဖက်မှာလည်း အဆက်မပြတ် တိုက်ခိုက်နေရတယ်။ Zhi'he တစ်ယောက်ကတော့ လုံးဝကို ကူဖော်လောင်ဖက်မရတာပဲ။ မုန့်လုံးလေး နန်းဆောင်ကိုမြန်မြန်ပြန်ပြီး အကူအညီခေါ်လာဖို့ကိုပဲ မျှော်လင့်နေရတော့တယ်။

ဒီကြားထဲ Chiyan ငှက်ရဲ့မီးတောက်တွေကိုလည်း အသဲအသန် ရှောင်နေရသေးတယ်။ ဝါးပုလွေကိုအဆက်မပြတ်မှုတ်ရင်း မိုးခေါ်နေရတာမို့ အကာအကွယ်မန္တာန် ရွတ်ဆိုဖို့ရာလဲ အခွင့်မသာပေ။ ဖုန်းကျိုတစ်ကိုယ်လုံး ခေါင်းစခြေဆုံး မိုးရေတွေနဲ့ရွှဲလို့နေလေပြီ။ အဆက်မပြတ်ရွာနေတဲ့မိုးကြောင့် Chengtian ကြည့်စင်မှာလောင်နေတဲ့ မီးတောက်တွေလဲ အားလုံးငြိမ်းသွားခဲ့တယ်။ Chiyan မီးငှက်ဟာ ဖုန်းကျိုတစ်ယောက်တည်းကိုပဲ သဲသဲမဲမဲတိုက်ခိုက်နေတာကြောင့် စင်ပေါ်ကလူတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်ပြေးလွတ်မြောက်နေတာကိုတောင် သတိမထားမိတော့ပေ။ ဒီလိုနဲ့ စင်ပေါ်မှာပိတ်မိနေတဲ့ သူတွေအားလုံး လွတ်မြောက်သွားခဲ့တယ်။

ဒီလိုပုံစံမျိုးနဲ့ နေ့တစ်ဝက်လောက်ကြာအောင် တိုက်ခိုက်ပြီးတဲ့အခါ ဖုန်းကျို စပြီးမောပန်းစပြုလာခဲ့တယ်။ သူမ ခုလိုမတိုက်ခိုက်ရတာ အတော်ကြာပြီ။ သို့သော် ပြန်တိုက်ခိုက်တဲ့ပထမဆုံးတိုက်ပွဲမှာတင် တစ်ကွက်တည်းနဲ့ ရှုံးရတော့မှာလား? ဒီလိုဆို ချင်းချူမှာ သူမမျက်နှာကို ဘယ်နားသွားထားရတော့မလဲ? အရှက်တကွဲ အဖြစ်မျိုးတော့ လုံးဝအဖြစ်မခံနိုင်ဘူး။ ပုလွေကိုဖယ်ပြီး သူမရဲ့ Taozhu ဓားကို ထုတ်သုံးရတော့မယ့်အချိန် ရောက်ပြီလို့ ဖုန်းကျိုတွေးလိုက်တယ်။ ဒါပေမဲ့ အရှေ့ကနေဝင်တိုက်ရင် ဒီငှက်လွတ်ဖို့ အခွင့်အရေးများတယ်။ အနောက်ကနေ တိုက်ပြန်ရင်လည်း တကယ်လို့သာ ဒီငှက်ပျံသန်းလွတ်မြောက်သွားခဲ့ရင် သူမကိုယ်တိုင်တောင် ရှောင်ပြေးဖို့တတ်နိုင်တော့မှာ မဟုတ်ဘူး။ သူမအခု ဘာလုပ်ရမလဲ?

ဖုန်းကျို ကြံရာမရဖြစ်နေချိန်မှာပဲ အေးစက်စက်ဓားသွားတစ်လက်က ဖုန်းကျိုရဲ့အနောက်ဘက်ကနေ အရှိန်နဲ့ ပြေးထွက်လာခဲ့တယ်။

Chiyan ငှက်က သူမဆီကို ဟုန်းဟုန်းထနေတဲ့ မီးလုံးကြီးတွေ မှုတ်ထုတ်လိုက်သည်။ ဒီအချိန်မှာ ဘာဆိုဘာမှ ဖုန်းကျိုခေါင်းထဲမှာမရှိတော့ပဲ လွတ်မြောက်ဖို့တစ်ခုသာ အာရုံရှိတော့တယ်။ အဲ့ဒီအချိန်လေးမှာပဲ အမည်မသိတဲ့လက်တစ်စုံက သူမရဲ့ခန္ဓာကိုယ်လေးကို ဝေးရာဆီခေါ်ဆောင်သွားပါတော့တယ်။

ရွေ့လျားနေတဲ့ဓားကလေအဟုန်ဟာ သူမရဲ့အင်္ကျီလက်လေးတွေကို ဖြတ်တိုက်သွားခဲ့တယ်။ လေကပြင်းထန်လွန်းတာမို့ ဧရာမမီးလုံးကြီးတွေအတွက် မမြင်နိုင်တဲ့ အကွာအကွယ်တံတိုင်းတစ်ခု ဖြစ်လို့သွားတယ်။ ငွေရောင်အလင်းတန်းလေးနောက်မှာ မီးတောက်ကြီးတွေဟာ Chiyan မီးငှက်ကြီးဆီ ပြန်လည်ဦးတည်သွားလေသည်။

သူမစိတ်ရှုပ်ထွေးနေတုန်း ခရမ်းရောင်ဝတ်ရုံတစ်ခုက သူမကိုယ်ပေါ်ကို လွှမ်းခြုံလာခဲ့တယ်။ ဝတ်ရုံအောက်က တွားတွားထွက်လာပြီး ဓားကိုင်ထားတဲ့ သူရဲကောင်းရဲ့နောက်ကျောကို ကြည့်လိုက်တယ်။ သူက တော်ဝင်ခရမ်းရောင်ကို ဝတ်ဆင်ထားပေမယ့် ဆံနွယ်တွေကတော့ ချင်းချူကနှင်းတွေလို ဖြူဖွေးနေလေရဲ့။

Page-28

ထိုက်ချန်နန်းတော်ထဲမှာဆို ဒီလက်ချောင်းသွယ်သွယ်လေးတွေက တရားစာအုပ်တွေကိုသာ ကိုင်ဆောင်လေ့ရှိတာ။ ခုတာ့ ထိုက်ချန်နန်းတော်ရဲ့အပြင်ဘက်မှာ Cang'he ဓားကို ဆွဲကိုင်လို့ထားတယ်။ ဒါပေမယ့် ဘာကိုပဲဆွဲကိုင်ထားထား ရင်သပ်ရှုမောဖို့ကောင်းနေတာကိုက သူ့ပုံစံပဲမလား?

Chengtian ကြည့်စင်ကတော့ သွေးအိုင်ထဲနစ်လို့နေလေပြီ။ သုံဟွာဘာလုပ်လိုက်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမမြင်လိုက်ရပေမဲ့ လက်ခနဲဖြစ်သွားတဲ့ ငွေရောင်အလင်းတန်းနောက်မှာ Chiyan မီးငှက်ဟာ ပြင်းပြင်းထန်ထန်အော်ဟစ်ပြီး ကောင်းကင်ဆီသို့ တဟုန်ထိုးပျံတက်လေတယ်။ တောင်ပံနှစ်ချက်ခတ်ပြီးချိန်မှာပဲ အရှိန်နဲ့ပြန်ပြုတ်ကျကာ Chengtian ကြည့်စင်ကြီးတောင် ပြင်းပြင်းထန်ထန်လှုပ်ခါသွားတော့တယ်။

သုံဟွာ ဓားကို ဓားအိမ်ထဲပြန်ထည့်လိုက်တယ်။ သူ့ရဲ့ခန္ဓာကိုယ်မှာတော့ သွေးတစ်စက်တစ်လေတောင် စွန်းပေခြင်းမရှိဘူး။

Zhi'he တစ်ယောက်ကတော့ မျက်နှာတစ်ခုလုံးဖြူဆုတ်နေပြီး ရထားလုံးကို မှီတွယ်ကာရပ်နေလေ၏။ သူမကြည့်ရတာ သုံဟွာရှိရာဆီလာချင်ပေမဲ့ ကြောက်စိတ်ကြောင့် လာဝံ့ဟန်မပေါ်ဘူး။

သေဘေးကလွတ်မြောက်သွားတဲ့ ကချေသည်တို့ကတော့ ခုချိန်ထိ အကြောက်ပြေသေးပုံမရဘူး။ တချို့များဆို ငိုတောင်ငိုနေကြလေတယ်။

မင်ဂူ Chengtian ကြည့်စင်ရဲ့ ပွဲကြည့်ခုံတစ်လုံးပေါ်မှာ ဖုန်းကျိုကိုထိုင်ခိုင်းရင်း နှစ်သိမ့်ပေးရှာတယ်။ တစ်ချိန်ထဲမှာလည်း ဆူပူနေပါသေးတယ် "အကျိုးနဲ့အကြောင်းနဲ့ စဉ်းစားပြီးမလုပ်ဘူး တကယ်လို့သာ အရှင်သီကျွင်း အချိန်မှီရောက်မလာခဲ့ရင် ဘာတွေဆက်ဖြစ်မလဲ တွေးကြည့်စမ်း ငါသေတာက အရေးမကြီးဘူး မင်းသာတစ်ခုခုဖြစ်သွားရင် ငါဘယ်လိုမျက်နှာနဲ့ ဒေါ်လေးကိုပြန်ပြောရမှာလဲ?"

"အခု ဘာမှမှ မဖြစ်တာ" ဖုန်းကျိုတိုးတိုးလေး ရေရွတ်လိုက်သည်။

သူမအနေနဲ့ သုံဟွာကိုကျေးဇူးတင်ပေမယ့် သူ မလာရင်တောင် သူမရဲ့ ဦးလေးနဲ့အဒေါ်ဖြစ်သူက ခဏနေရင်ရောက်လာမှာပဲဟာ။ ဒါကရေးကြီးကွင်ကျယ် ကိစ္စမှမဟုတ်ဘဲ။ ပြီးတော့ သူမကိုယ်တိုင်လည်း အသက်အန္တရာယ်နဲ့ ကြုံနေရတာမဟုတ်တာ။ သုံဟွာတစ်ယောက် ဓားကိုကိုင်ရင်း သူမတို့ရှိရာဆီ လာနေတာကိုမြင်တော့ မင်းသမီး Zhi'he ဆီသွားမယ်အထင်နဲ့ ဖုန်းကျိုနေရာပြောင်းထိုင်ပြီး လမ်းဖယ်ပေးလိုက်တယ်။ နောက်ပြီးမှ သူမကိုယ်ပေါ်မှာခြုံထားဆဲဝတ်ရုံကို သတိရသွားကာ မင်ဂူကိုတိုးတိုးလေးပြောလိုက်တယ် "မင်ဂူ နင့်ရဲ့အပေါ်ဝတ်ရုံချွတ်ပြီး ငါ့ကိုငှားအုန်း"

မင်ဂူ နှာချေလိုက်ကာ သူမကိုယ်ပေါ်မှာခြုံထားတဲ့ ခရမ်းရောင်ဝတ်ရုံကို လှမ်းကြည့်ရင်း မေးလိုက်တယ် "နင့်မှာ ရှိပြီးသားပဲလေ" ပြီးတော့မှ သတိရသွားပုံနဲ့ ထပ်ပြောလိုက်တယ် "အဲ့ဒါတွေအားလုံးက အတိတ်မှာကျန်ခဲ့ပြီလေ ဟုတ်တယ်မလား? ပြီးခဲ့တဲ့နှစ် ၂၀၀ ကျော်အတွင်းမှာတောင် နင်အဲ့အကြောင်းတွေမတွေးဘဲ ဒီနေ့ကျမှ ဘာလို့အသေးအဖွဲ့ကိစ္စလေးတွေကို လိုက်ဂရုစိုက်နေတာတုန်း?"

အဲ့ဒီနောက်မှာတော့ မင်ဂူ တစ်ထည်မှမငှားဘူးဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ သူ့အင်္ကျီတွေကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပါတော့သည်။
Page 29-33

Page-29

ဖုန်းကျို ကိုယ်ပေါ်မှာခြုံထားတဲ့ဝတ်ရုံလေးကို ခေါက်လိုက်ပြီး ပိုင်ရှင်ဆီကိုပြန်ပေးဖို့ ကြံလိုက်တယ်။

ဒါပေမဲ့ သူမခေါင်းလေးမော့ကြည့်လိုက်တဲ့အချိန်မှာပဲ လန့်ဖြတ်သွားပြီး အနောက်ကိုတောင် အနည်းငယ်ဆုတ်မိသွားခဲ့တယ်။

သုံဟွာ Cang'he ဓားကိုကိုင်လျက် သူမရှေ့မှာ ရပ်နေတယ်လေ။ ဖုန်းကျိုကို တည်ငြိမ်အေးစက်တဲ့ အကြည့်တွေနဲ့ စိုက်ကြည့်လို့နေတယ်။

သူမတစ်ကိုယ်လုံးရွှဲစိုနေပြီး ကိုယ်ပေါ်ကနေ တစက်စက်ကျနေတဲ့ရေတွေကြောင့် မြေပြင်မှာတောင် အိုင်ငယ်လေးထွန်းနေလေပြီ။ တကယ်တမ်းပြောရရင် သူမ အရမ်းကိုရှက်နေပါပြီ။ ရေတွေတစက်စက်ကျနေရင်း သူမသူ့ကို ပြန်ကြည့်လိုက်တဲ့အချိန်မှာ အခြေအနေက တော်တော်လေး အနေခက်တဲ့အနေအထားမျိုးမှာ ရောက်ရှိလို့နေ၏။ သူမရဲ့ရင်ထဲမှာ ရှက်တာရော ထူပူတာရော ဘာလုပ်လို့လုပ်ရမှန်းမသိတာရောနဲ့ ခံစားချက်မျိုးစုံ ဗလောင်ဆူနေလေပြီ။ သူမတို့ နောက်ဆုံးဆုံတွေ့ခဲ့တာကို ပြန်မြင်ယောင်လာရင်း စိတ်ထဲမှာ ကြောက်စိတ်တွေပါ ဝင်လာတော့တယ်။ (ကြောက်မှာပေါ့ သီကျွင်း ရွဲ့ပြီးတော့ ရေနွေးတွေသူမကိုယ်ပေါ်ကိူ လောင်းချလို့ပြောတာကိုး😏) သူမ ဒီလိုတွေတစ်ခါမှ မဖြစ်ဖူးဘူး။ သူ့ကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာလည်း ခုထိစဉ်းစားလို့မရသေးဘူး။ ပေါက်ကရတွေမလုပ်မိစေဖို့ သူနဲ့မဆုံဖြစ်အောင်နေတာက အကောင်းဆုံးတာ ဖုန်းကျိုသိတယ်။ အဲ့ဒါကြောင့်လဲ သူနဲ့ဝေးနိုင်သမျှဝေးအောင် နေခဲ့တာပဲ။ ဒါပေမဲ့ ပြေးလေမလွတ်လေ ရှောင်ပြေးလေ ပိုပိုပြီးဆုံမိလေဖြစ်နေတာကိုတော့ တကယ်ကိုနားမလည်နိုင်တော့ဘူး။

သုံဟွာ ဖုန်းကျိုကို ခေါင်းစခြေဆုံးတစ်ချက်ကြည့်လိုက်တယ်။ နောက်ဆုံးတော့ သူမလက်ထဲမှာ သပ်သပ်ရပ်ရပ်ခေါက်ထားတဲ့ ခရမ်းရောင်ဝတ်ရုံလေးဆီကို အကြည့်ရောက်သွားခဲ့တယ်။ ပြီးမှ ခါတိုင်းကလို တည်ငြိမ်တဲ့လေသံနဲ့ မေးလိုက်တယ် "ငါ့ဝတ်ရုံကို သဘောမကျလို့လား?"

သူမတို့နှစ်ယောက်သား ရပ်နေကြတာ အရမ်းနီးကပ်နေလို့ထင်တယ် စန္ဒာကူးအနံ့လေးကိုရူရင်း သူမခေါင်းတွေမူးလာခဲ့တယ်။ သူမ မသိမသာလေး အနောက်ကိုဆုတ်လိုက်တယ်။ သင့်တင့်တဲ့ အကွာအဝေးရောက်တော့မှ စိတ်မပါသလိုအပြုံးလေးနဲ့ ပြန်ပြောလိုက်တယ် "ဖုန်းကျို မလုပ်ရဲပါဘူး ခုအချိန်မှာ အရှင့်ရဲ့ဝတ်ရုံကိုသာ ငှားလိုက်ရင် ဒါကိုလျှော်ဖွတ်ပြီး ပြန်လာပေးရမယ် ဒီလိုနဲ့ ကျွန်မတို့ထပ်တွေ့နေရအုန်းမယ် အာ.. ကျွန်မပြောချင်တာက အရှင့်ကို ထပ်ပြီးအနှောင့်အယှက်ပေးမိမှာကို ပြောတာပါ" သူ့မျက်နှာ တည်တည်ကြီးဖြစ်သွားတာကို မြင်တော့ "အရှင်ငြိမ်းငြိမ်းချမ်းချမ်းနေနေတာကို အနှောင့်အယှက်ပေးမိမှာ စိုးလို့ပါ" ဆိုပြီး ထပ်ဖြည့်ပြောလိုက်တယ်။

သုံဟွာ Cang'he ဓားကို ကျောက်စားပွဲပေါ် ချွင်ခနဲမြည်အောင် တင်လိုက်တယ်။ (သုံဟွာ စိတ်ဆိုးပြတာရယ်😝)

Page-30

မင်ဂူ ချောင်းတစ်ချက်ဟန့်လိုက်ကာ ဝင်ပြောလေတယ် "အရှင်သီကျွင်း အထင်မလွဲပါနဲ့ ဘုရင်မလေးဖုန်းကျိုက အရှင်နဲ့မတွေ့ချင်ဘူးလို့ပြောတာ မဟုတ်ပါဘူး အရှင်က အရမ်းကိုကြီးကျယ်မြင့်မြတ်တော့ သူမ အရှင့်ကို နေ့တိုင်းတွေ့ခွင့်မရရင် စိတ်ပျက်သွားမှာစိုးလို့..." ဖုန်းကျို မင်ဂူ့ခြေထာက်ကို တက်နင်းလိုက်တယ်။ မင်ဂူခမျာ ဘာမှမတတ်နိုင်တော့ နာကျင်မှုရော ဆက်ပြောမယ့်စကားတွေရောကို ရင်ထဲမှာပဲ မျိုသိပ်လိုက်ရတော့တယ်။

သုံဟွာ ဖုန်းကျိုကို လှည့်ကြည့်လိုက်ပြီး နားလည်သဘောပေါက်ဟန်နဲ့ "ဒါဆိုရင်လည်း ဒီအင်္ကျီကို လက်ဆောင်အဖြစ်ပေးလိုက်မယ်လေ ငါ့ကို ပြန်ပေးစရာမလိုပါဘူး"

ဖုန်းကျိုမျက်နှာပေါ်က ရှိရင်းစွဲလုပ်ပြုံးလေးတောင် အေးခဲသွားလေတယ် "ကျွန်မပြောချင်တာက... အဲ့လိုမဟုတ်ပါဘူး"

သီကျွင်း ထိုင်ခုံပေါ် ဖြည်းဖြည်းချင်းထိုင်လိုက်တယ် "အဲ့ဒါဆိုလည်း လျှော်ပြီးပြန်လာပေးပေါ့"

ဖုန်းကျို ပြုံးလိုက်ပါတယ်။ ဒါပေမယ့် ထိုအပြုံးက ရေခဲတုံးကြီးတစ်တုံးလို မာတောင့်လို့နေတယ်။ ပြီးတော့ အဲ့ဒီရေခဲတုံးကလည်း သူမစိတ်တိုလာတဲ့အတွက်ကြောင့် ပျော်စပြုလာခဲ့တယ်။ ပြန်ပြောဖို့ရန်အတွက် သူမရဲ့နှုတ်ခမ်းလေးကို ပွင့်ရုံမျှသာဟလိုက်တယ် "ဒီနေ့ရာသီဥတုက သာယာလွန်းတော့ ကျွန်မသိပ်မချမ်းပါဘူး" သူမ ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တယ် "ပြီးတော့ အဲ့ဒီ့ဝတ်ရုံကိုလည်း မငှားချင်လို့ပါ ဟုတ်ပြီလား?" သူမ စိတ်ထဲမှာရှိတဲ့အတိုင်း ပြောပြီးကာမှ ရိုင်းသလိုဖြစ်သွားတယ်လို့ ခံစားလိုက်ရတဲ့အတွက် လေသံဖျော့ကာ ပြန်ပြောပြန်တယ် "ကျွန်မ ဒီဝတ်ရုံကို မငှားလို့မရဘူးလားဟင်?" သူမ ပြောပြီးရုံရှိသေး လေပွေတစ်ချက်တိုက်လိုက်တဲ့အတွက် အေးစိမ့်စိမ့်ဖြစ်လာခဲ့တယ်။

သုံဟွာ မင်ဂူငှဲ့ပေးတဲ့ လက်ဖက်ရည်ခွက်ကို တစ်ငုံလောက်သောက်လိုက်တယ် "မရဘူး"

ခုနကရှိနေတဲ့ ဖုန်းကျိုမျက်နှာပေါ်က အပြုံးလေးဟာ တစ်ချိန်လုံးကွယ်ပျောက်ချင်သလိုလို ဖြစ်နေခဲ့တာ။ ခုတော့ လုံးဝကိုကွယ်ပျောက်သွားခဲ့ပြီလေ။ ဘာပြန်ပြောရမှန်းလဲမသိတော့တာကြောင့် "ဘာလို့လဲ?" လို့ပဲ စိတ်မပါတပါ ပြန်မေးလိုက်တော့တယ်။

သုံဟွာ လက်ထဲကလက်ဖက်ရည်ခွက်ကို စားပွဲပေါ်တင်လိုက်ပြီး ဖြည်းဖြည်းချင်း အပေါ်ကိုမော့ကြည့်လိုက်တယ် "ငါက မင်းအသက်ကိုကယ်ခဲ့တာလေ ပုံမှန်အားဖြင့် တခြားသူတွေဆိုရင် ဒီလိုမျိုးအသက်ကြွေးအတွက် သူတို့အသက်ကိုတောင် အသေခံပြီးပြန်ဆပ်ကြသေးတာပဲ ဒီအဝတ်လေးတစ်ထည်လျှော်ပေးဖို့ ဘယ်လောက်များခက်ခဲနေလို့လဲ?"

ဖုန်းကျို အတိတ်ကနေ့တွေအကြောင်း ပြန်စဉ်းစားမိသွားတယ်။ သူမ မှတ်မိသလောက် သူက တစ်ဖက်သားကို ဒီလိုအနိုင်ကျင့်တတ်တဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ဒီလိုအပြုအမူမျိုးကို သူမကိုမမြင်စေတာလဲ ဖြစ်ရင်ဖြစ်နိုင်ပါတယ်။ အတွေးတွေရပ်လိုက်ပြီး ခုနကလို မာတောင့်တောင့် အပြုံးလေးနဲ့ မေးလိုက်တယ် "အရှင်သီကျွင်း ဘာလို့များ ကျွန်မကို ခက်ခဲအောင်လုပ်နေရတာလဲ?"

သုံဟွာ လက်ဖက်ရည်ခွက်ကို အသာအယာပုတ်လိုက်ပြီး သူမကို လှည့်ကြည့်လိုက်တယ် "ဒါ ငါ့ဝါသနာပဲလေ"

Page-31

ဖုန်းကျိုခင်မျာ ငိုရမလား ရယ်ရမလားတောင် မသိတော့ဘူး "အရှင်သုံဟွာ ရှင် တကယ့်ကိုပဲ..."

သုံဟွာ လက်ရည်ခွက်ကို အောက်ပြန်ချလိုက်တယ်။ သူ့ရဲ့ပါးလေးကို မေးပေါ်ထောက်လိုက်ပြီး သူမကို ခပ်တည်တည်နဲ့ စိုက်ကြည့်လိုက်တယ် "ငါက ဘာဖြစ်လဲ?" ဖုန်းကျိုတစ်ယောက် ဆံွ့အနေတဲ့ပုံစံကိုကြည့်ရင်း ခါတိုင်းက သူ့ရဲ့တည်ငြိမ်လှတဲ့မျက်လုံးတွေထဲမှာ အပြုံးရိပ်လေးသန်းလာခဲ့တယ် "ပြောပါအုံး မင်း သူတို့ကိုဘာလို့ကယ်ခဲ့တာလဲ?"

အမှန်တကယ်တော့ ဖုန်းကျိုဆွံအသွားတာမဟုတ်ပါဘူး။ သူ့ရဲ့ဖြစ်သွားတဲ့မျက်နှာအမူအရာလေးက အရမ်းကို ရင်းနှီးကျွမ်းဝင်နေတယ်လို့ ခံစားမိလိုက်လို့ပါ။ ဒါကြောင့်ပဲ ခဏလေးတွေဝေသွားခဲ့တာပါ။ သူမ ဘာပြန်ပြောရမှန်းမသိဖြစ်နေချိန်မှာပဲ သူ အခြားအကြောင်းအရာတစ်ခုကို ပြောင်းသွားခဲ့တယ်။ သို့သော် သူမ ထိုမေးခွန်းကို ကောင်းကောင်းကြားလိုက်ပါတယ်.. သူမ သူတို့ကိုဘာလို့ကယ်ခဲ့တာလဲ? ပထမတော့ သူမကိုယ်သူမလည်း သေချာမသိဘူး။ တစ်ခြားသူတွေရဲ့ သေရေးရှင်ရေးကို ဂရုစိုက်လို့တော့မဟုတ်ဘူး။ ဒါပေမဲ့ တစ်စုံတစ်ယောက်က သူမကိုပြောခဲ့ဖူးတဲ့အတွက်ကြောင့်ပဲဖြစ်တယ်။ အချိန်ခဏ ကြာသွားပြီးနောက် အသာအယာပဲ သူမ ပြန်ဖြေခဲ့တယ် "ကျွန်မရဲ့ ကွယ်လွန်သွားတဲ့ခင်ပွန်းက ပြောဖူးတယ် အင်အားကြီးတဲ့သူဆိုတာ အင်အားနည်းတဲ့သူကို ကာကွယ်ပေးဖို့ ဖြစ်တည်နေတာတဲ့ ကျွန်မသာ သူတို့ကိုမကယ်ရင် ကျွန်မကိုယ်တိုင်လည်း အင်အားနည်းတဲ့သူတစ်ယောက်ဖြစ်သွားမှာပေါ့ အဲ့လိုသာဆိုရင် ကျွန်မရဲ့တိုင်းသူပြည်သားတွေကိုကာကွယ်ပေးဖို့ ကျွန်မဘယ်ထိုက်တန်တော့မလဲ?"

နှစ်ပေါင်းများစွာကြာသွားသည့်တိုင် သုံဟွာတစ်ယောက် ဖုန်းကျိုရဲ့စကားတွေကို မေ့ပျောက်လို့မရနိုင်ခဲ့ဘူး။ သူမစကားတွေရဲ့အဓိပ္ပာယ်ကိုလဲ သူ သိပ်နားမလည်ခဲ့ဘူး။ သူမဘယ်သူလဲဆိုတာ မမှတ်မိပေမယ့် ဒီကလေးလေးကိုတွေ့တိုင်း သူမဟာ သူ့ကိုနှစ်သက်သဘောကျအောင် အမြဲလုပ်နိုင်တယ်ဆိုပဲ သူသိတယ်။ သူမှတ်မိသလောက်တော့ သူမကို ပထမဆုံးစတွေ့ခဲ့တာက ချင်းချူက ဝမ်ရှန်းကန်ရဲ့ဘေးမှာဖြစ်တယ်။ ပင်လယ်ရေမှော်တွေလို မည်းနက်ပြီး စိုရွှဲနေတဲ့ဆံနွယ်တွေနဲ့သူမဟာ လှိုင်းလုံးတစ်ခုကိုစီးပြီး ကမ်းစပ်နားကို ရောက်လာခဲ့တာလေ။ အဲ့ဒီနောက်တော့ ထိုနေ့က နေကြာပန်းလေးတွေ ဘယ်လိုလှပစွာဖူးပွင့်နေလဲဆိုတာ မမှတ်မိတော့သလိုပဲ သူမဘယ်လိုပုံစံရှိလဲဆိုတာ သူ မမှတ်မိတော့ဘူး။

____________

ဒီနေ့ရဲ့အဖြစ်ပျက်ဟာ နတ်ပြည်တစ်ခုလုံး နေရာအနှံ့ပျံ့နှံ့သွားခဲ့တယ်။ ဒါ့အပြင် ပျံ့နှံ့ပုံဇာတ်လမ်းတွေကလည်း အမျိုးမျိုးမရိုးနိုင်အောင်ပါပဲ။ စက္ကန့်ပိုင်းအတွင်းမှာပဲ သုံဟွာရဲ့ဂုဏ်သိက္ခာဟာ တာအိုဘာသာဝင်တို့ရဲ့ မြင့်မြတ်တဲ့ အထွတ်အထိပ်ကောင်းကင်ဘုံကနေ ဟိုးအောက်ခြေက နိမ့်ကျတဲ့နေရာထိအောင် ဆွဲချခြင်းခံလိုက်ရပါတော့တယ်။

Page-32

ပြောကြတာက Chengtian ကြည့်စင်မှာ Chiyan မီးတောက်ငှက် သောင်းကျန်းနေတဲ့အချိန်မှာ အရှင်သုံဟွာဟာ ပိဋိကတ်ကျမ်းတွေ ဝေဖန်သုံးသပ်နေတာတဲ့။ သူ့ရဲ့မွေးစားညီမ Zhi'he မီးထဲမှာပိတ်မိနေတဲ့သတင်းကိုလည်းကြားရော ချက်ချင်းပဲ အပြေးအလွှားရောက်လာပြီး မင်းသမီး Zhi'he ကိုကယ်ကာ သားရဲငှက်ကြီးကို သုတ်သင်ပစ်လိုက်တယ်တဲ့။ ဒါဟာ အရှင်သုံဟွာတစ်ယောက် သူ့ရဲ့မွေးစားညီမဖြစ်သူအပေါ်ဆက်ဆံပုံတွေဟာ အခြားသူတွေအပေါ်ဆက်ဆံပုံနဲ့ ဘယ်လောက်တောင်ကွဲပြားနေလဲဆိုတာ တွေ့မြင်နိုင်တယ်။ တစ်ချို့တွေပြောကြပြန်တာကလည်း Chengtian ကြည့်စင်ကြီး မီးလောင်နေတုန်း အရှင်သုံဟွာ တိုက်တိုက်ဆိုင်ဆိုင် အနားကနေဖြတ်သွားချိန်နဲ့ကြုံပြီး Chiyan မီးတောက်ငှက်နဲ့ ကောင်းကင်ဘုံကမိန်းမပျိုလေးတစ်ဦးတို့ အသေအကျေတိုက်ခိုက်နေတာကိုမြင်လိုက်ရတယ်။ မိန်းမပျိုလေး ရှုံးနိမ့်တော့မှာကို မကြည့်ရက်တာနဲ့ သူ့ရဲ့ Cang'he ဓားကိုဆွဲကာ မိန်းမပျိုလေးဘေးကနေ ကူတိုက်ပေးခဲ့တာတဲ့။ ကောင်းကင်မင်းကြီးကတော့ သီကျွင်းကို တပ်မက်မှုဆန္ဒကင်းတဲ့နတ်မင်းကြီးတစ်ပါးလို့ အမြဲယုံကြည်ထားခဲ့တာ။ တစ်ခါတစ်လေတော့လဲ ကောင်းကင်မင်းကြီး မှားတဲ့အခါလည်းမှားပေါ့။ ဒီလိုနဲ့ ကောလဟာလတွေဟာ တောမီးပမာ တစ်စနဲ့တစ်စ ဆက်ပြီးပျံနှံ့နေခဲ့တယ်။

လန်ရှန်း ဒီသတင်းလဲကြားရော ကျားထိုးဖို့လိုလို ဝိုင်သောက်ဖို့လိုလိုနဲ့ ထိုက်ချန်နန်းတော်ဆီ ရောက်ချလာပါရော။ တစ်ချိန်တည်းမှာပဲ သုံဟွာဆီကနေ သတင်းနှိုက်တော့တာပဲ "Chentian ကြည့်စင်မှာ အလှလေးတစ်ယောက် သားရဲငှက်ကြီးနဲ့တိုက်နေတာကို မင်းသွားကယ်လိုက်တဲ့အကြောင်းလေ ငါတကယ်မယုံပါဘူး" သူ အဖြူရောင်ကျောက်တုံးလေးကို ချလိုက်ပြီး ဆက်ပြောလေသည် "ဒါပေမဲ့ မင်းသိလား တစ်နေ့နေ့မှာ နှစ်ယောက်တူတူ ဘာသာရေးကြောင်းတွေလေ့လာဖို့ ဘုရင်မတစ်ပါးတင်မြှောက်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် မင်းသမီး Zhi'he က သိပ်ပြီးဆိုးတဲ့ရွေးချယ်မှုတော့မဟုတ်ဘူးနော် Zhi'he ကို နတ်ပြည်ပြန်ခေါ်ဖို့အတွက် ငါ့ခမည်းတော်ကို ပြောကြည့်ပေးရမလား?"

သုံဟွာ ဝိုင်ခွက်ကိုလှည့်နေရင်း စစ်တုရင်ခုံကိုကြည့်ကာ ပြောလိုက်တယ် "အလှလေး? သူတို့က သူမကို လှတယ်လို့ထင်တာလား?"

"ဘာပြောလိုက်တယ်?"

သုံဟွာ အေးဆေးစွာနဲ့ အနက်ရောင်ကျောက်တုံးလေးတစ်ခုကိုချကာ အဖြူရောင် ကျောက်တုံးတွေရဲ့ လမ်းကြောင်းကိုပိတ်လိုက်တယ် "သူတို့တကယ်ကို အမြင်ရှိကြတာပဲ"

လန်ရှန်း ကျောက်ရုပ်ကြီးတစ်ခုလို ရုတ်တရက် တန့်သွားတယ်။ သူပြန်သတိရလာတော့ လက်ထဲကယပ်တောင်ကိုပိတ်လိုက်ရင်း တအံ့တသြနဲ့ မေးလိုက်တယ် "Chentian ကြည့်စင်မှာ တကယ်ပဲ အလှလေးကိုတွေ့ခဲ့တာလား?"

သုံဟွာ စစ်တုရင်ခုံကိုပဲ စူးစိုက်ကြည့်နေခဲ့တယ် "မင်းကရော ဒီကို စစ်တုရင်ကစားဖို့ လာခဲ့တာလား?"

လန်ရှန်းတစ်ယောက် အားရပါးရရယ်ပါတော့တယ်။

Page-33

ဒီလိုကောလဟာလတွေကို သုံဟွာရဲ့သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ လန်ရှန်းလိုလူမျိုးကတောင် အယုံအကြည်မရှိတာ နတ်ပြည် ၇ ထပ်မှာရှိတဲ့တစ်ခြားသူတွေဆို ပိုဆိုးမှာပေါ့။ ပြက်လုံးတစ်ခုလိုတောင် ဖြစ်ချင်ဖြစ်နေမှာ။ သူတို့တွေ မင်းသမီး Zhi'he ရဲ့အနာဂတ်ကို ခန့်မှန်းခဲ့ကြတယ်။ ကြည့်ရတာ သူမရဲ့သောကရောက်ဖွယ် နေ့ရက်တွေကုန်လွန်ပြီးတော့ မကြာခင်မှာပဲ ကောင်းကင်ဘုံကို ပြန်လာပြီး သုံဟွာနဲ့အတူ ကြည်နူးဖွယ်ဇာတ်လမ်းလေးတစ်ပုဒ် ရေးကြတော့မယ်လို့ ခန့်မှန်းနေကြလေရဲ့။

ကောင်းကင်ဘုံမှာ စည်မျဉ်းတစ်ခုရှိတယ်။ မသေမျိုးတစ်ယောက်ဖြစ်ချင်ရင် စိတ်ခံစားချက် ၇ မျိုးနဲ့ တပ်မက်မှုဆန္ဒ ၇ မျိုးကို အရင်ဖယ်ရှားပစ်ရမယ်။ ဒါပေမယ့် ဒီစည်းမျဉ်းဟာ နတ်စွမ်းအင်နဲ့ မွေးဖွားမလာကြသူတွေအပေါ်မှာပဲ သက်ရောက်မှုရှိတာ။ ထိုသူတွေအတွက် မြင့်မြတ်တဲ့ကောင်းကင်နတ်ဘဝကို တက်လှမ်းခြင်းက မူမှန်တဲ့အရာမဟုတ်ဘူး။ ပုံမှန်အားဖြင့် ဒီလိုမသေမျိုးကျင့်စဉ်အတွက် ပေးဆပ်ရတဲ့တန်ဖိုးတော့ရှိတယ်။ ဒါပေမယ့် သုံဟွာကတော့ ယင်နဲ့ယမ် နှစ်ခြမ်းကွဲကတည်းက ပင်လယ်ပြာမှာ တည်ရှိနေခဲ့တာဖြစ်တယ်။ ကောင်းကင်နဲ့မြေကြီးတို့က မွေးဖွားလာတဲ့ နတ်ဝိညာဉ်အစစ်ဖြစ်တယ်။ ဒါကြောင့်မို့ ဒီလိုစည်းမျဉ်းတစ်ခုက သူ့အပေါ်မှာ သက်ရောက်မှုမရှိဘူး။ သူ့အတွက်တော့ ဘုရင်မတင်မြှောက်တယ်ဆိုတာဟာ အလွန့်အလွန်ကိုမင်္ဂလာရှိ ကောင်းမွန်မြင့်မြတ်တဲ့ကိစ္စပါပဲ။

Rating မြင့်အောင် အောက်နားက ကြယ်လေးကို နှိပ်ပေးခဲ့လို့ ရတယ်နော် 😒
မင်မင် စိတ်မဆိုးတတ်ဖူး 💖💖💖 အသည်းလေးတွေ မန့်မှာပေးခဲ့လို့ရတယ်နော် 💖💖

Comment