အခန်း ၄ (၁)

Page 88-91

Page-88

အခန်း (၄)

ဖုန်းကျို အိပ်ပျော်နေရင်းနဲ့မှ တရွှီးရွှီးတိုက်ခတ်နေတဲ့ လေသံတွေကို အဆက်မပြတ်ကြားနေရသည်။ သ်ို့သော် ဒါအိမ်မက်ပဲဖြစ်မယ်လို့တွေးကာ အေးဆေးစွာဆက်အိပ်နေခဲ့တယ်။ အိပ်နေရင်း ရုတ်တရက် မျက်လုံးဖွင့်မိလိုက်သောအခါ သူမ အလန့်တကြားထလာခဲ့တယ်။ မြင်းရထားနဲ့ မနက်ခင်းနတ်ဘုရားဟာ ကောင်းကင်တစ်ခွင်မှာ မနက်အလင်းရောင်တို့ကိုဖြန့်ကျဲလျက်ရှိသည်။ ထို့နောက် သုံဟွာကိုမြင်တော့ ဂါရဝပြုနှုတ်ဆက်ရန် ရထားထဲမှ ထွက်လာခဲ့တယ်။

နတ်ဘုရားတစ်ပါးဟာ တိမ်တိုက်တွေနောက်က ထွက်ပေါ်လာပြီး သူမရဲ့အောက်ခြေမှာ ဂါရဝပြုနှုတ်ဆက်နေတယ်။ ဖုန်းကျို ကြောင်သွားတယ်။ နောက်ဆုံးတော့ သူမ အသိပြန်ဝင်လာကာ သူမ လက်ကိုင်ပုဝါလေးပဲဖြစ်နေတုန်းဆိုတာ သတိထားမိလိုက်တယ်။ ပြီးတော့ ဘာလို့လေသံတွေတဝှီးဝှီးကြားနေရလဲလို့ ရှာကြည့်လိုက်တော့ သူမ သုံဟွာရဲ့ခါးမှာချိတ်ထားတဲ့ Cang’he ဓားမှာအချည်ခံထားရတာပဲ! သူမတို့ဟာ လေတွေနဲ့တိမ်တိုက်တွေကြားကို ဖြတ်ကာပျံသန်းနေတယ်။

သူမ စိတ်ရှုပ်ထွေးစွာနဲ့ ညကအဖြစ်အပျက်ကို ပြန်စဉ်းစားလိုက်တယ်။ သူမ သုံဟွာဆီကလွတ်မြောက်လာပြီလေ! ဘာလို့ဒီမှာရှိနေသေးတာလဲ? ဒါပေမယ့် သူမ တခြားအဖြစ်အပျက်တွေကိုတော့ မမှတ်မိတော့ဘူး။ သူမ သေချာထွက်မပြေးနိုင်ခဲ့လို့ပဲလား။ ဒါမှမဟုတ် သုံဟွာ သူ့ရဲ့ညဝတ်အင်္ကျီကိုလဲပြီးတော့ သူ့ရဲ့အင်္ကျီလက်ထဲမှာ သူမကိုဆက်ထည့်ထားလို့ သူမ သူနဲ့အတူ အိပ်ပျော်သွားလို့လား။ အရာအရာတိုင်းက အိမ်မက်တစ်ခုလိုပဲ။ သူမ စိတ်ငြိမ်ငြိမ်ထားပြီး သင့်တော်တဲ့အဖြေတစ်ခုကိုစဉ်းစားလိုက်တယ်။ အဲ့တာက ကြည်နူးဖွယ်အိမ်မက်လေးပါပဲ ပြီးတော့ ဝမ်းနည်းစရာလည်းကောင်းတယ်။

သူမရဲ့မျက်စိရှေ့မှာ Fuyu တောင်ကြီးပေါ်လာပြီး လေသံတွေရပ်သွားတော့မှ ဒီနေ့ သုံဟွာ ရန်ချီဝူနဲ့ တစ်ယောက်ချင်းယှဉ်ဖို့လက်ခံထားတယ်ဆိုတာ သတိရသွားခဲ့တယ်။ သူမကတော့ ကံဆိုးစွာနဲ့ ဒီတောင်းပိုင်းမြေကို ယူဆောင်လာခြင်းခံခဲ့ရတာပေါ့။

သုံဟွာနဲ့ရန်ချီဝူတို့ကြားက ရန်ငြိုးရန်စဟာ လွန်ခဲ့တဲ့နှစ် ၃၀၀ က အစပြုခဲ့တာဖြစ်တယ်။ ဒဏ္ဍာရီတွေအရဆို မိန်းမပျိုတစ်ဦးကြောင့် ဖြစ်ခဲ့တာတဲ့။

ဝမ်းနည်းစရာက ဒီအကြောင်းကို တော်တော်များများ သေချာမသိကြတာပဲ။ ဒါပေမယ့် သေချာအတွင်းကျကျသိတဲ့သူတွေကတော့ သုံဟွာမှာ အပြစ်မရှိဘူးဆိုတာ သိကြတယ်။

Page-89

အဲ့ဒီနှစ်က အနီရောင်နတ်ဆိုးဘုရင် Xuyan ဟာ သူ့ညီမ မင်းသမီး Jiheng ကို နတ်ပြည်ကနတ်တစ်ပါးနဲ့ ပေးစားဖို့ရည်ရွယ်ထားခဲ့တယ်။ သူသေချာရှာကြည့်လိုက်တော့ နောက်ဆုံးမှာ ထိုက်ချန်နန်းတော်က သုံဟွာသီကျွင်းကို မျက်စိကျသွားခဲ့တယ်လေ။ (ဪ ရွေးမှရွေးတတ်ပလေ😕) သူ မသိခဲ့တာက အပြာရောင်နတ်ဆိုးဘုရင် ရန်ချီဝူဟာ နတ်ဆိုးတိုင်းပြည်တစ်ခုလုံး ကျော်ကြားလှတဲ့ အလှလေး Jiheng ကို သဘောကျနေတယ်ဆိုတာပဲ။ သို့သော် Jiheng ကလည်း ထူးဆန်းတယ်။ ပျင်းစရာကောင်းလှတဲ့ အိုးဖုတ်ခြင်းအတတ်ကိုမှ ဝါသနာပါသလို ရှေးယောကျာ်းကြီးတွေ နှစ်သက်လေ့ရှိတဲ့ ကြေကွဲလွမ်းဆွေးဖွယ် သီချင်းမျိုးတွေကိုမှ သူမက နားထောင်လေ့ရှိတာ။ တစ်ဖက်ကလည်း ရန်ချီဝူကကျတော့ တောင်ပိုင်းမြေတစ်ခုလုံးမှာ အခန့်ညားဆုံးနာမ်မည်ကိုယူထားပေမယ့် တကယ်တမ်းက ရက်စက်ကြမ်းတမ်းတဲ့သူတစ်ယောက်လေ။ မင်းသမီး Jiheng သူ့ကိုလုံးဝဂရုမစိုက်တာကို အပြစ်ပြောလို့မရဘူး။ သူမကတော့ သူမရဲ့အစ်ကိုရွေးချယ်ပေးထားတဲ့ အိမ်ထောင်ဖက်ကိုပဲ သဘောကျခဲ့တယ်။ တစ်ခါတစ်ရံဆို ရန်ချီဝူရဲ့ရှေ့မှာတောင် သုံဟွာကိုချီးကျူးစကားတွေ ဆိုလေ့ရှိတာ။

အင်းပေါ့ ရန်ချီဝူလည်း ဘယ်ခံနိုင်မလဲ။ သူ့ရဲ့သဝန်တိုမှုကို မီးရှိုက်နေရုံပဲရောက်မယ်လေ။ သူ့ရဲ့အမျက်ဒေါသကို ဖြေသိမ့်ဖို့နေရာရှာလို့မရတဲ့နောက်ဆုံး ထိုက်ချန်နန်းတော်ကိုရောက်လာတော့တာပဲ။ အဲ့ဒီချိန်မှာ သုံဟွာကတော့ ထိုက်ချန်နန်းတော်ထဲမှာ တံခါးပိတ်နေတာကြာပြီဖြစ်တယ်။ သူ့ရဲ့ပြိုင်ဘက်က တံခါးဝအထိ လာရောက်စိန်ခေါ်နေတော့လည်း သူ့မှာငြင်းဆန်ဖို့ အခွင့်အရေးမရှိဘူးလေ။

Fuyu တောင်မှာ တစ်ဦးချင်းအပြင်းအထန် တိုက်ကြပြီးနောက် ရန်ချီဝူ မတတ်သာတော့ ကလိမ်ကကျစ်ကျခဲ့တယ်။ သူ ဝိဉာဉ်ပိတ်တဲ့ကျောက်စိမ်းပြားကိုသုံးပြီး သုံဟွာကို မီးစာကြာပန်းအိမ်ထဲကို ပိတ်ခဲ့တယ်လေ။ ဒီလိုနဲ့ ဖုန်းကျိုလည်း သုံးလတိုင်တိုင် သုံဟွာကို မြေခွေးလေးအဖြစ်နဲ့အဖော်ပြုပေးဖို့ အခွင့်အရေးရခဲ့တာ။ (အင်း ရန်ချီဝူမြှားနတ်မောင်ကြီး😍)

အဲ့ဒီအချိန်တုန်းက ဖုန်းကျိုဆိုရင် ရန်ချီဝူ ပြဿနာရှာပြီး သုံဟွာနဲ့နတ်ဆိုးမျိုးနွယ်တို့ ပူပေါင်းတော့မယ့် အခွင့်အလမ်းကို ဖျက်စီးပေးခဲ့လို့ သူ့ကိုအရမ်းကျေးဇူးတင်တာ။ သုံဟွာကလည်း ဒီစေ့စပ်ပွဲကို သိပ်ပြီးစိတ်ထဲထားတဲ့ပုံမပေါ်ပါဘူး။ ဒီတော့ သူမ စိတ်ချလက်ချနေနိုင်ခဲ့တယ်လေ။

Page-90

အဲ့ဒါကြောင့် သုံးလလောက်ကြာတော့ ထိုက်ချန်နန်းတော်တစ်ခုလုံးကို ဖူးပွင့်နေတဲ့ပန်းမျိုးစုံနဲ့ အရောင်မျိုးစုံလင်းထိန်နေတဲ့ မီးပုံးတွေနဲ့ လှပစွာအလှဆင်ထားတဲ့နေ့တစ်နေ့ကို ရောက်လာလိမ့်မယ်လို့ သူမ မမျှော်လင့်မိခဲ့ဘူးပေါ့။ နေ့ခင်းနေ့လယ် နွေးထွေးတဲ့နေရောင်အောက်မှာ ဝေါယာဉ်တစ်ခုဟာ နန်းတော်ထဲသို့ အရေးကြီးဧည့်သည်တစ်ဦးကိုတင်ဆောင်လာပါတယ်။ ဒီအရေးကြီးဧည့်သည်ဆိုသူက တခြားသူမဟုတ်ပါဘူး နတ်ဆိုးတိုင်းပြည်တစ်ခုလုံးမှာ ကျော်ကြားလှတဲ့အလှလေး Jiheng ပါပဲ။ အဖြူရောင်ကျောက်စိမ်းတံတားပေါ်မှာ မိန်းမပျိုလေးဟာ ခန်းဆီးလိုက်ကာကိုမကာ ဘေးကလက်တန်းပေါ် သူမရဲ့ကျက်သရေရှိလှတဲ့ လက်ချောင်းလေးတွေတင်လျက် ဝေါယာဉ်အောက်ကို ဆင်းလာခဲ့ပါတယ်။ နီသွေးနေတဲ့နှုတ်ခမ်းတွေ၊ ဖြူဖွေးနေတဲ့သွားလေးတွေနဲ့ ရွှန်းလဲ့နေတဲ့မျက်ဝန်းတွေဟာ အင်မတန်မှကို ကဗျာဆန်လွန်းလှပါတယ်။ မြူခိုးအနည်းငယ် အံု့ဆိုင်းနေတဲ့ကန်ရေမျက်နှာပြင်ပေါ်မှာလည်း သူမရဲ့သပ်ယပ်စွာဆင်ယင်ထုံးဖွဲ့ထားတဲ့ဆံနွယ်တွေ ရောင်ပြန်ဟပ်နေတယ်။ တစ်ချက်ကြည့်ရုံနဲ့ကို နောက်တစ်ခေါက်လှည့်ကြည့်ချင်အောင်ဆွဲဆောင်စေနိုင်တဲ့ သူမရဲ့ကျက်သရေရှိပြီး သိမ်မွေ့နူးညံ့တဲ့အလှဟာဆိုရင် ရပ်နေရုံနဲ့တင် သာယာလှပတဲ့မြင်ကွင်းတစ်ခုကို ဖန်တီးစေနိုင်တာအမှန်ပါ။

သုံဟွာရဲ့ခြေထောက်ကို မှီပြီးကြည့်နေတဲ့ ဘေးကဖုန်းကျိုတောင် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့တယ်။ (ဖုန်းကျိုရယ် နင်လည်းချောသားနဲ့😕)

ထိုနေ့က ဘာတွေဖြစ်နေလဲဆိုတာ သူမ နောက်ဆုံးသိခဲ့ရသူဖြစ်တယ်။ ဒါ့အပြင် ဒီသတင်းကိုယူဆောင်လာသူက Zhi’he လေ။ ပြီးတော့ သုံဟွာကလည်း ဒီလက်ထပ်မှုကို သဘောတူရုံမက အသေအချာတောင် ကြိုဆိုလိုက်သေးတယ်။ ထိုစကားတွေဟာ သူမနားထဲကို ရုတ်တရက်ကြီး မိုးကြိုးပစ်ချလိုက်သလိုပါပဲ။ ချက်ချင်းပဲ ကမ္ဘာကြီးပျက်သုန်းသွားသလို ခံစားခဲ့ရတယ်။

ဒါပေမယ့် မင်္ဂလာဦးညမှာ အနီရောင် သတို့သမီးမျက်နှာလွှားလေးကို မလိုက်တဲ့အခါ ထိုသတို့သမီးက Zhi’he ဖြစ်နေခဲ့တယ်။ ဖုန်းကျို သူမထွက်မသွားခင် ရက်အနည်းငယ်တစ်လျှောက်လုံး စိတ်တွေရှုပ်ထွေးနေတာ။ Zhi’he သူမကို ဒီကိစ္စမျိုးဟာ သေမျိုးတိုင်းပြည်မှာ အဖြစ်များတဲ့ကိစ္စလို့ ပြောလိုက်တယ်ဆိုတာပဲ သူမသိတော့တယ်။ ငယ်ရွယ်သေးတဲ့စုံတွဲဟာ အရမ်းခေါင်းမာလွန်းလို့ တစ်ဦးပေါ်တစ်ဦး နားလည်မှုပေးဖို့ မာနတွေထားနေကြတယ်။ လက်ထပ်ထိမ်းမြားခြင်းဆိုတာ တကယ်တမ်းကျတော့ အချစ်စစ်ရှိမရှိ စမ်းသပ်မှုတစ်ခုပဲ။ သူမနဲ့သုံဟွာအတွက်လည်း ဒီလိုပါပဲ။

အဲ့တုန်းက သူမ အတွေ့အကြုံမရှိသေးတော့ ဒီလိုအဓိပ္ပာယ်မရှိစကားတွေကို ယုံခဲ့မိတယ်။ သူမရဲ့ပြောတိုင်းယုံမိခဲ့တဲ့အဖြစ်ကြောင့် သူမနာကျင်ရတာပဲလေ။ သူမ သေချာသိတဲ့တစ်ခုတည်းသောအရာကတော့ သုံဟွာဟာ အဲ့လောက်မငယ်တော့ဘူးဆိုတာပဲ။ အဲ့ဒီတော့ ငယ်ရွယ်သေးတဲ့အချစ်ငှက်လေးတွေအတွက် ဒီစမ်းသပ်မှုဟာ သူ့အပေါ်သက်ရောက်မှုမရှိဘူး။

သူမ အချိန်လွန်ပြီးမှသိလာရတာက အားလုံးဒီလိုတွေဖြစ်အောင် Zhi’he ဖန်တီးခဲ့တာ။ မဟုတ်ရင် ကောင်းကင်မင်းကြီး သူမကိုစိတ်ဆိုးပြီး လူ့ပြည်ကို နှင်လွှတ်မှာမဟုတ်ဘူး။ အတွေ့အကြုံတော်တော်များများကို ဖြတ်ကျော်ခဲ့ပြီးနောက် သူမ(ဖုန်းကျုိ) အရင်ကလို ခေါင်းမမာတော့ပါဘူး။ တကယ်တမ်းသေချာတွေးကြည့်ရင် သုံဟွာ Zhi’he ကို တကယ်မချစ်ခဲ့ဘူး။ တကယ်သာချစ်ခဲ့ရင်လည်း သူ သူ့ညီမရဲ့ဒီလောက်အချိန်အကြာကြီးချစ်မှုကို မထိုက်တန်ဘူး။

Page-91

နောက်ဆုံးတော့ အမှန်တကယ်ဖြစ်ပျက်ခဲ့တာတွေကိုပဲ သူမ ခန့်မှန်းကြည့်နိုင်မယ်။ သို့သော် သေချာတော့ သူမ မသိနိုင်ဘူး။ သုံဟွာ Jiheng ကို လက်ထပ်ဖို့သဘောတူစဉ်က သူ သူမကို တကယ်ချစ်လို့လည်း ဖြစ်ရင်ဖြစ်နိုင်တာပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် သူမ(ဖုန်းကျို) မျက်လုံးထဲမှာတောင် မင်းသမီး Jiheng ဟာ အမှန်တကယ် ကြင်နာတတ်ပြီး သတ္တိရှိတဲ့သူတစ်ယောက်ပါ။ သူမရဲ့ အလှတွေ၊ ထက်မြက်မှုတွေနဲ့ စိတ်ကောင်းစေတနာရှိမှုတွေကို အသာထားအုန်း။ မီးစာကြာပန်းအိမ်မှာ သူမတို့နှစ်ယောက်ကို ကိုယ်ချင်းစာစိတ်နဲ့ လာကယ်တယ်ဆိုကတည်းကတိုင် သူမရဲ့မြင့်မြတ်မှုကို ဖော်ပြနေတာပဲ။ သို့သော် သူမ(ဖုန်းကျို)လည်း Jiheng လို သုံဟွာကို လာရောက်ကယ်ခဲ့တာပဲ။ ဒါပေမယ့် သူမအဒေါ်ရဲ့ပြဇာတ်တွေထဲမှာတောင် 'ယောကျာ်းတစ်ယောက်ကို မိန်းမပျိုတစ်ဦးနဲ့ အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်က ကယ်ခဲ့တယ် ဒါနဲ့ အဲ့ဒီယောကျာ်းဟာ မိန်းမပျိုလေးအစား ထိုအိမ်မွေးတိရစ္ဆာန်လေးကိုပဲ ရွေးချယ်ခဲ့တယ်' ဆိုပြီးမှ မရှိဘဲ။ ဒါကြောင့် သူမ Jiheng ဆီမှာရှုံးနိမ့်သွားခြင်းကို သူမ ကောင်းကောင်းကြီးလက်ခံနိုင်ပါတယ်။

လေပြေအေးတွေဟာ Fuyu တောင်ထိပ်မှာ တိုက်ခတ်လို့နေသည်။ မျက်စိတမှိတ်အတွင်းမှာ တိမ်လုံးကြီးတွေ တလှိမ့်လှိမ့်တက်လာခဲ့တယ်။ ကျယ်ပြန့်တဲ့မြေပြင်ကြီးဟာ စစ်မြေပြင်တစ်ခုကဲ့သို့ တိတ်ဆိတ်ခြေက်ကပ်နေတယ်။ ဖုန်းကျို အတွေးထဲမှာနစ်မျောနေရာမှ အသိဝင်လာခဲ့သည်။ သူမ ဝမ်းနည်းနေပေမယ့် ချက်ချင်းပဲ ဖြေဖျောက်နိုင်ခဲ့ပါတယ်။

တကယ်တမ်းဆို သူမဟာ ငြိမ်းချမ်းတဲ့ခေတ်ဘက်မှာ မွေးဖွားလာခဲ့တဲ့အတွက် သမိုင်းစာအုပ်တွေထဲက ကျော်ကြားတဲ့တိုက်ပွဲကြီးတွေကို ကိုယ်တွေ့မမြင်ခဲ့ရဘူး။ ရှားရှားပါးပါး လွန်ခဲ့တဲ့ နှစ် ၂၀၀ တုန်းက သူမရဲ့ဦးလေး ရဲ့ဟွာနဲ့ သရဲဘုရင် Qingcang တို့ရဲ့ တိုက်ပွဲကြီးတစ်ခု ပေါ်ပေါက်ခဲ့တယ်။ ထိုအချိန်က သူမ အသက်ကြွေးပြန်ဆပ်ဖို့ လူ့ပြည်ကိုရောက်နေတာဆိုတော့ ဝမ်းနည်းစွာပဲ ထိုတိုက်ပွဲကို မကြုံလိုက်ရဘူး။ အဲ့ဒါကြောင့် ဒီနှစ် ၂၀၀ လုံးလုံး Qingcang လို တိုက်ပွဲကြီးဖြစ်အောင် ပြဿနာရှာနိုင်တဲ့နောက်တစ်ယောက် ထပ်ပေါ်လာနိုင်ပါစေဆိုပြီး သူမမွေးနေ့ရောက်တိုင်း ဆုတောင်းလေ့ရှိတယ်။ (ဖုန်းကျိုစုတ် မဟုတ်ကဟုတ်ကတွေ🙄)  သို့သော် ကောင်းကင်က သူမရဲ့ဆုတောင်းကို ဂရုတောင်စိုက်ဖို့နေနေသာသာ မျိုးနွယ်စုတွေကြားမှာ ပိုပြီးတောင် စည်းလုံးညီညွတ်မှုရှိအောင် ကူညီလိုက်သေးတယ်။ သူမရဲ့ဆုတောင်းအတွက် မျှော်လင့်ချက်က မရှိသလောက်ပါပဲ။ ဒါပေမယ့် ကံကောင်းစွာနဲ့ သူမ ဒီနေ့ တိူက်ပွဲတစ်ခုကိုမျက်မြင်ကြုံရတော့မယ်။ ဒါ့အပြင် ဒီတိုက်ပွဲဟာ တစ်ဦးချင်းစိန်ခေါ်ပွဲလည်း ဖြစ်တယ်။ သူမ ဝမ်းသာတပန်း ပျော်မြူးလို့နေပါတော့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီနတ်ဆိုးဘုရင်လေးဟာ သုံဟွာကို တစ်ခါနိုင်ဖူးခဲ့တာပဲ။ သူ့ရဲ့အနိုင်ရရှိသွားတတဲ့နည်းလမ်းက မမှန်ကန်ဘူးဆိုပေမယ်လို့ သူဟာ ထက်မြက်သူတစ်ယောက် သုံဟွာနဲ့ထိုက်တန်တဲ့ပြိုင်ဘက်တစ်ယောက်ပဲဖြစ်ရမယ်။ ကောလဟာလတွေအရတော့ သူဟာ ပွင့်လင်းပြီး အင်အားကြီးမားလှသူတစ်ယောက်တဲ့။ ဘယ်လောက်တောင် အင်အားကြီးလဲဆိုရင် သူ့ရဲ့ကြီးမားလှတဲ့တူကြီးနဲ့ နှစ်ချက်ရိုက်ကာ ခြေဆောင့်နင်းလိုက်ရုံလေးနဲ့ တောင်ကြီးတွေကို တုန်ခါစေတယ်တဲ့။ ဒါတင်မကဘူး သူ့ရဲ့ကျယ်လောင်လှတဲ့ အော်သံကြီးဟာလည်း လေတွေတိမ်တွေကိုတောင် ရွေ့လျားသွားစေနိုင်တယ်တဲ့။ ဒီလိုသာဆိုရင် ဒီရန်ချီဝူဆိုတဲ့တစ်ယောက်ဟာ သုံဟွာအတွက် ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်မှာအသေအချာပဲ။ သူမ ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်နေခဲ့တယ်။ သူမ ထိုအင်အားကြီးလှတဲ့စစ်သူကြီးကို သေချာမြင်နိုင်ဖို့အတွက် သုံဟွာ ရှေ့ကမြူခိုးတွေကို ဖယ်ရှားပေးဖို့ စိတ်လှုပ်ရှားစွာစောင့်နေတော့သည်။
Page 92-96

Page-92

နတ်ဆိုးမျိုးနွယ်တွေအုပ်စိုးတဲ့ တောင်ပိုင်းနယ်မြေနဲ့ အဖြူရောင်မြေခွေးတွေအုပ်စိုးတဲ့ အနောက်ဘက်နယ်မြေနှစ်ခုကြား နယ်နိမိတ်စည်းမျဉ်းပေါ်မှာတည်ရှိနေတာကတော့ Fuyu တောင်ပဲပေါ့။ တိမ်တိုက်တွေကြားမှာတိုးဝင်ပျောက်ကွယ်နေပြီး နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေရဲ့နှုတ်ဖျားတိုင် နာမည်ကြီးတဲ့တောင်တစ်ခုဖြစ်လေတယ်။

တိမ်တိုက်တွေလွင့်ပါးသွားချိန်မှာတော့ Fuyu တောင်ထိပ်မှာရပ်နေတဲ့သူက တူကြီးကိုင်ထားတဲ့ယောကျာ်းတစ်ယောက်မဟုတ်ဘူး။ ထိုသူက အင်မတန်မှကိုငယ်ရွယ်ပုံရတဲ့ လူငယ်လေးတစ်ဦးဖြစ်တဲ့အပြင် မျက်နှာလေးဟာလည်း အရမ်းကိုချောမောလှပကာ နူးညံ့သိမ်မွေ့ပုံရပြီး အနက်ရောင်ဝတ်စုံကိုလည်း ဆင်မြန်းထားသေးတာ။ လူငယ်လေးဟာ တောင်ထိပ်မှာဆောင့်ကြောင့်ထိုင်ရင်း ဖရဲစေ့တွေကို စိတ်မရှည်စွာစားနေလေရဲ့။ အခွံတွေကလည်း မြေပြင်မှာပြန့်ကျဲလို့။ ဖုန်းကျို ဘေးပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်တယ်။ နေစမ်းပါအုန်း အဲ့ဒီနတ်ဆိုးဘုရင်က သူပဲစချိန်းပြီး ပွဲကိုဒီလိုနာရီနဲ့ချီနောက်ကျလို့ရတယ်လား။ ရုတ်တရက် ဖရဲစေ့ကိုက်နေတဲ့လူငယ်လေးဟာ တိမ်ပေါ်ခုန်တက်လိုက်ပြီး သူမတို့ရှိရာဆီ တည့်တည့်မတ်မတ်ပျံသန်းလာခဲ့တယ်။ ကြော့ရှင်းလှတဲ့ရုပ်ရည်၊ နှင်းဆီရောင် နှုတ်ခမ်းဖူးဖူး၊ ဖြူဖွေးညီညာနေတဲ့ သွားတန်းလေးနဲ့ ဒီချောမောလွန်းတဲ့နတ်သားလေးဟာ ဘယ်နယ်မြေကပါလိမ့်နော်။ ဖုန်းကျိုလည်း ထိုနတ်သားလေးကို မနေနိုင်မထိုင်နိုင် ငေးကြည့်နေမိတော့သည်။

ထိုနတ်သားဟာ သူမတို့နဲ့မလှမ်းမကမ်းက တိမ်တိုက်ပေါ်မှာရပ်လိုက်တယ်။ ပြီးတော့ ဓားရှည်တစ်လက်ကိုဆွဲထုတ်ပြီး စားတော့ဝါးတော့မယ့်ပုံစံနဲ့ သုံဟွာကိုလှမ်းအော်ပြောလေသည် "ဒီရေခဲမျက်နှာကြီးတော့ သေချင်နေပြီလား မင်းအဖိုးငါ စောင့်နေတာ နေ့တစ်ဝက်ကျိုးနေပြီကွ ခင်ဗျားလိုနှေးကွေးလေးလံတဲ့သူတွေကို အမုန်းဆုံးပဲ သိပ်လဲကြောက်မနေစမ်းပါနဲ့ ခင်ဗျားရဲ့ဓားကိုမြန်မြန်ထုတ်ပြီး ဒီပြိုင်ပွဲကိုမြန်မြန်လတ်စသတ်ကြတာပေါ့ ဒီနေ့ခင်ဗျားကို စိစိညက်ညက်ကြေအောင်မတီးရမချင်း အတိတ်ကအရှက်တကွဲအဖြစ်ကို ကျေအေးနိုင်မှာမဟုတ်ဘူး ဒီတစ်ကြိမ်တော့ ကျုပ်ကိုယ်တိုင် ခင်ဗျားရဲ့သမိုင်းကိုပြောင်းပြန်လှန်ပစ်မယ်"

ဒီတစ်ခါ ထိတ်လန့်သွားသူက ဖုန်းကျိုပါ။

သူ့ကိုယ်သူ 'အဖိုး' လို့အဆက်မပြတ်ခေါ်နေတဲ့ ထိုကောင်လေးကို သူမအံအားသင့်စွာကြည့်နေခဲ့သည်။ သူမ တံတွေးတစ်ချက်မြိုချမိလိုက်တယ်။ နောက်ဆုံးတော့ ပြောသွားတဲ့စကားတွေကတစ်ဆင့် သူမသဘောပေါက်သွားတယ်။ ဪ..ဒီကောင်လေးက နတ်ဆိုးတိုင်းပြည်ရဲ့ဘုရင် ၇ ပါးထဲက တစ်ပါးဖြစ်တဲ့ ရန်ချီဝူကိုး။ သို့သော် သူမစိတ်ထဲမှာ ဇဝေဇဝါဖြစ်နေတုန်းပဲ။ သူမ ရန်ချီဝူနဲ့ပတ်သတ်ပြီး တော်တော်များများဖူးပါတယ်။ အတိုချုံးပြီးပြောရရင် သူဟာ စိတ်ကြမ်းလူကြမ်းကြီးဆိုပြီး အကုန်လုံးက သတ်မှတ်ထားတဲ့သူတစ်ယောက်လေ။ ဒါကြောင့်ပဲ မင်းသမီး Jiheng သူနဲ့လက်မထပ်ချင်တာပေါ့။ မဟုတ်မှလွဲရော နတ်ဆိုးတိုင်းပြည်က အရိုင်းအစိုင်းတွေအကုန်လုံးက ဒီလိုမျိုးရုပ်ချောကြတာလား? သူမ ဒီအကြောင်းကိုမစဉ်းစားဘဲမနေနိုင်ဘူး။ ဒီလိုဆိုရင် ချောမောတယ်ဆိုတဲ့ ယောက်ျားတွေက ဘယ်လိုများဖြစ်မလဲနော်? ချောမောလှတဲ့စစ်သည်တစ်ယောက် နေဝင်ချိန်ကိုနောက်ခံထားပြီး လွမ်းမောဖွယ်ကဗျာတစ်ပုဒ်ရွတ်ဆိုနေပုံကို သူမမြင်ယောင်ကြည့်လိုက်တဲ့အခါ အစာအိမ်ထဲကပါထိုးပြီး အောင့်တက်လာတော့တယ်။

Page-93

အားလုံးက သုံဟွာခန့်မှန်းထားသလိုပါပဲ။ ရန်ချီဝူကို သူ့စိတ်ကြိုက်အော်ဟစ်စေပြီးတဲ့နောက် လက်အမူအရာလေးနဲ့ ယဉ်ကျေးစွာပဲပြောလိုက်တယ် "မင်းအရင်စပါ" သူ့ရဲ့အမှုမထားသလိုအပြုအမူက ရန်ချီဝူကို ပိုပြီးဒေါပွစေလေသည်။ ရန်ချီဝူလည်း သူ့ရဲ့ ကြမ်းတမ်းတဲ့စိတ်သဘောနဲ့လိုက်ဖက်ညီစွာ သုံဟွာကိုစူးစိုက်ကြည့်ရင်း အော်ပြောလေတယ် "မင်းအဘွားကိုပဲ အရင်စခိုင်းလိုက်" ခပ်ပြင်းပြင်းလေတစ်ချက်တိုက်ခတ်သွားပြီးနောက်မှာ အတိတ်နိမိတ်မကောင်းတဲ့ပုံရိပ်တွေ ထွက်ပေါ်လို့လာပါတယ်။ မှင်ရောင်တောက်တဲ့ အဆုံးအစမဲ့ကောင်းကင်ထက်မှာတော့ လက်နက်အပြည့်အစုံနဲ့တပ်သားနှစ်ယောက်ရှိလေသည်။

ဖုန်းကျိုခင်မျာ တစ်ခါမှမကြုံဖူးတဲ့မြင်ကွင်းကိုမြင်လိုက်ရတာကြောင့် အန်ချင်စိတ်ပေါက်လာသည်။ တစ်ဖက်မှာ သုံဟွာက အရမ်းကိုတည်ငြိမ်လွန်းနေတယ်။ သူ့လက်ကိုမလိုက်ပြီး လေပြင်းကြောင့်အဝေးကိုလွင့်ချင်နေသလိုဖြစ်နေတဲ့ လက်ကိုင်ပုဝါလေးသူမကိုတောင် ဓားရိုးပေါ်မှာ အေးအေးဆေးဆေး ပြန်ချည်လိုက်သေးတယ်။

ရန်ချီဝူကတော့ လှောင်ပြောင်နေတော့တာပေါ့။ သူ့မျက်နှာလေးဟာ လရောင်အောက်က နွေဦးပန်းတွေလို လှပလွန်းနေလေရဲ့ "ခင်ဗျားကို ဒီနေရာထိခေါ်ထုတ်ပြီးမှတော့ ဒီလောက်လေးတော့ ပြင်ဆင်ထားရမှာပေါ့" လို့ အေးစက်စက်အသံနဲ့လှမ်းပြောလေသည်။ အံသားသင့်တာလုံလောက်နေပြီမို့ ဖုန်းကျို စပြီးတွေးတောပါတော့တယ်။ Jiheng တစ်ယောက် ဒီရန်မျိုးနွယ်ကို သဘောမကျရတဲ့ တစ်ခြားအကြောင်းပြချက်ရှိအုန်းမယ်လို့ သူမတွေးလိုက်တယ်။ သူမထက်ပိုချောပိုလှနေတဲ့ခင်ပွန်းသည်ကို မလိုချင်တာလဲဖြစ်နိုင်တာပဲလေ။ ဘေးချင်းယှဉ်ရပ်တိုင်း သူမအလှကိုဖုံးကွယ်သွားမယ့်ခင်ပွန်းသည်ကို ယူချင်မှာတဲ့လား။ ဖုန်းကျို အပေါ်ကိုမော့ကြည့်လိုက်တော့ ရန်ချီဝူက သူ့လက်ကိုမြှောက်ပြီး အောက်ဘက်မှာရှိနေတဲ့တပ်ဖွဲ့ကြီးကို ညွှန်ပြလေတယ်။ ပီတိဖြာနေတဲ့အပြုံးတွေကြောင့် သူ့မျက်နှာချောချောလေးက ပိုလို့တောင်တောက်ပလာသေးတယ်။ သူမ စိတ်ထဲကနေ ခေါင်းတညှိမ့်ညှိမ့်လုပ်နေခဲ့သည်။ ဟုတ်လောက်မယ် ဒီအချက်ကြောင့် Jiheng က သူ့ကိုမရွေးခဲ့တာနေမှာ။

"ကြည့်လိုက်စမ်း ဒီနတ်ဆိုးတပ်ကြီးကို မကြာသေးခင်ကပဲ ကျုပ်ဖန်တီးထားတာ သေမျိုးဝိဉာဉ် ၇၀၀၀ ကနေဖွဲ့စည်းထားတာဆိုတော့ နည်းနည်းတော့အားစိုက်ရတာပေါ့ သူတို့အားလုံး မတရားသေခဲ့ရတဲ့ဝိဥာဉ်တွေချည်းပဲ ခင်ဗျားသာသူတို့ကိုဖျက်စီးပစ်လိုက်ရင် သူတို့ရဲ့ပြစ်ဒဏ်ခံယူပြီးပြန်လည်မွေးဖွားခွင့်ရမယ့် အခွင့်အရေးကို ဖျက်ဆီးပစ်လိုက်တာနဲ့အတူတူပဲ ခင်းဗျားတို့လို မေတ္တာရှင်နတ်ဘုရားတွေ ဒီတပ်ကြီးကို ဘယ်လိုများရှင်းထုတ်ပစ်မလဲ စောင့်ကြည့်သေးတာပေါ့" မျက်စိတစ်မှိတ်အတွင်းမှာပဲ သေမျိုးတွေရဲ့ဝိဥာဉ်တွေဟာ လက်နက်ကိုင်တပ်ဖွဲ့ကြီးအသွင် ကူးပြောင်းသွားတော့တယ်။ သူတို့နဲ့အတူ လေပြင်းမုန်တိုင်းတွေနဲ့ သည်းထန်တဲ့မိုးတွေကိုပါယူဆောင်လာခဲ့တယ်။

Page-94

စစ်သည်တွေအားလုံး လူသားပုံစံနဲ့ရှိနေပေမယ့် သူတို့ရဲ့ရန်လိုနေတဲ့မျက်လုံးတွေကတော့ ဝံပုလွေတွေလိုခက်ထန်လျက်ရှိသည်။ ကိုင်ဆောင်ထားကြတဲ့ လက်နက်တွေကလည်း သေစေနိုင်လောက်တဲ့အအေးဓာတ်တွေ ထုတ်လွှင့်လို့နေတယ်။ မျက်စိတစ်ဆုံးရေပြင်ထက်မှာ လှိုင်းထန်ကာ ဘောင်ဘင်ခတ်နေသည်။ ထိုလှိုင်းလုံးကြီးတွေထက်မှာတော့ ဝိဉာဉ်စစ်သည် ၇၀၀၀ ဟာ အတန်းလိုက်စီတန်းလျက်ရှိတယ်။ တကယ်ကို ကြောက်မက်ဖွယ်ရာမြင်ကွင်းပါပဲ။ ဖုန်းကျို ထိတ်လန့်ကာတုန်ယင်နေပြီး သုံဟွာ့ခါးနားကို တိုးကပ်လိုက်တယ်။ သူမ အမြဲတမ်း ဒီလိုပြွတ်သိပ်ကျပ်နေတဲ့နေရာတွေကို ကြောက်တတ်လေ့ရှိတယ်လေ။ ဒီမြင်ကွင်းမျိုးကို မျက်ဝါးထင်ထင်မြင်နေရတော့ ကြက်သီးတွေတောင်တဖြန်းဖြန်းထနေခဲ့တယ်။ အတွေ့အကြုံအသစ်ကို သင်ယူရမယ့်အစား သုံဟွာ့ဆီကနေသာ ထွက်ပြေးသွားချင်တော့သည်။

သူမ ဘာမှမကြံတတ်ဖြစ်နေချိန်မှာပဲ Cang'he ဓားဟာ ဓားအိမ်ထဲကထွက်လာပြီး သုံဟွာလက်ထဲရောက်ရှိလာခဲ့တယ်။ သူ့ရဲ့မျက်လုံးတွေနဲ့ Fuyu တောင်ပေါ်မှာပြည့်နှက်နေတဲ့ဝိဉာဉ်တွေကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် အလင်းတန်းတစ်ခုပေါ်လာခဲ့တယ်။ ထိုအလင်းတန်းဟာ ဘေးပတ်လည်မိုင် ၁၀၀ လောက်အထိ ဖြန့်ကျက်သွားတော့သည်။ မရေမတွက်နိုင်တဲ့ဓားပုံရိပ်တွေဟာ အမှောင်အင်အားထုကို စုပ်ယူလေတော့တယ်။ ဓားတွေရဲ့အလင်းရောင်ခပ်စူးစူးကြောင့် ဖုန်းကျို မျက်လုံးတွေကျိန်းပြီး ခေါင်းတွေထိုးကိုက်လာပါတယ်။ ဓားချက်တွေဘာလုပ်နေလဲမသိတော့ပေမယ့် သူမကိုယ်တိုင်ကတော့ တဟုန်ထိုးပျံသန်းနေသလိုခံစားရတယ်။ သူမနားထဲမှာလည်း လေတိုးသံတွေအပြင် ဆွဲဆွဲငင်ငင်အော်ဟစ်သံတွေကိုပဲ ကြားနေရတော့တယ်။ ပြန်ပြီးအသိဝင်လာချိန်မှာ သူမ သုံဟွာလက်ထဲပြန်ရောက်လို့နေပြီ။ အဲ့ချိန်မှာ မြစ်တစ်ခုလုံးလည်း သွေးရောင်ထနေခဲ့ပြီ။ ချက်ချင်းပဲ Sanguine ဖားတွေဟာ ကမ်းဘက်ကို ခုန်တက်လာကြတယ်။ ဖားအုပ်ကြီးဟာ အဆိပ်ပင်လယ်ကြီးတစ်ခုလို သူတို့သွားသမျှနေရာတိုင်းက အပင်ကြီးအပင်ငယ်တွေအားလုံး အစိမ်းရောင်အခိုးအငွေ့အဖြစ် လွင့်ပြယ်ပျောက်ကွယ်သွားတယ်။ ခဏလောက်ကြာတော့ သုံဟွာရဲ့ခံစားချက်ကင်းမဲ့တဲ့အသံ ထွက်ပေါ်လို့လာတယ် "ကျိုးပျက်သွားပြီ"

ဖုန်းကျို ခေါင်းနပန်းကြီးသွားတယ်။ ကျိုးပျက်တယ်? ဘာကကျိုးပျက်သွားတာလဲ?

ဪ ရန်ချီဝူ ဒုက္ခခံပြီးဖန်တီးထားတဲ့စစ်တပ်ကိုး......

သူမရဲ့မျက်လုံးက အလင်းရောင်ကိုခံနိုင်ရည်ရှိသွားပြီမို့ ဒေါပွနေတဲ့ရန်ချီဝူကို သေချာမြင်တွေ့ရပြီလေ "ဒီစစ်တပ်ဖန်တီးဖို့ ဝိဉာဉ် ၇၀၀၀ ကိုအသုံးပြုခဲ့တာမလို့ သေချာပေါက် ငါအပြစ်ပေးခံရမှာပဲ မိုးကြိုးဒဏ်တစ်ခုက ငါ့ကိုစောင့်ရင်စောင့်ကြိုနေလောက်ပြီ ဒါပေမဲ့ ခင်ဗျားလိုနတ်ဘုရားတစ်ပါးကတော့ သူတို့ကိုအခွင့်အရေးပေးဖို့ အကောင်းဆုံးကြိုးစားကြည့်သင့်တာလေ အခုတော့ သူတို့ရဲ့သွေးတွေ ခင်ဗျားဓားမှာစွန်းထင်းသွားပြီ ခွင့်လွှတ်လို့မရတဲ့အပြစ်ဒဏ်ကို ခင်ဗျားကျူးလွန်လိုက်တာပဲ ပြီးတော့ ညှာတာမှု တစ်စက်လေးမှမရှိဘဲလုပ်ခဲ့တာ တစ်နေ့မှာ ခင်များရဲ့လုပ်ရပ်ကြောင့် ကောင်းကင်ဘုံကဒဏ်ခတ်မှာ မကြောက်ဘူးလား"

Page-95

မောပန်းနေတဲ့ကြားကပဲ ဖုန်းကျို ဗုဒ္ဓကျမ်းစာတွေရွတ်ပြီး ဆုတောင်းနေခဲ့တယ်။ ရန်ချီဝူတစ်ယောက် သူမကိုလာမထိဘဲ ဓာခုတ်တဲ့နေရာမှန်ကန်ပါစေပေါ့။ ထိုရန်မျိုးနွယ် ဓားခုတ်ရာမှန်ကန်သော်ငြား ဓားလွှဲစဉ်ထွက်လာတဲ့အားအဟုန်ဟာ သူမကိုဒဏ်ရာရစေနိုင်တုန်းပဲ။ လက်ရှိမကောင်းမြင်စိတ်နဲ့ပြောရရင် သုံဟွာဒီလိုသိက္ခာမဲ့တဲ့လုပ်ရပ်ကို လုပ်တယ်ဆိုတာ သူမဘယ်လိုမှမယုံနိုင်ဘူး။ သူ့ကိုဝေဖန်လှောင်ပြောင်မိတာနဲ့ပဲ သူမကိုဒီလောက်ထိအပြစ်ပေးဖို့လိုလို့လား။ ထားလိုက်တော့။ သူမသာဒီနေ့သေသွားခဲ့ရင် သူ ချင်းချူကို ဘယ်လိုပြန်ပြောမလဲစောင့်ကြည့်သေးတာပေါ့။ သူမရဲ့ အဘိုး၊ အဘွား၊ အဖေ၊ အမေ၊ ဦးလေး၊ မရီး၊ ဒေါ်လေး၊ ခဲအို၊ ဦးလေးငယ်နဲ့ ခဲအိုငယ်တို့က သူမရဲ့တရားမျှတမှုကို ဘယ်လိုရှာကြမလဲ စောင့်ကြည့်ကြမယ်လေ။

ကိုယ့်အတွေးနဲ့ကိုယ်စိတ်လှုပ်ရှားနေတုန်း ကောင်းကင်ပေါ်မှာ ငွေရောင်အလင်းတန်းတစ်ခု လက်ခနဲထွန်းလင်းသွားတယ်။ တိမ်တိုက်မဲမဲတွေကို ဖြတ်ကျော်ထွန်းလင်းသွားခြင်းဖြစ်တယ်။ ရန်ချီဝူတစ်ယောက် နာနာကျင်ကျင် တစ်ချက်အော်ဟစ်လိုက်ပြီး အနောက်ဘက် ၁၀ မီတာ လောက်အကွာကို ယိုင်တိုင်တိုင်ဆုတ်သွားတော့သည်။ အလှမ်းကွာသွားတဲ့ စစ်မြေပြင်ကြားမှာ သုံဟွာရဲ့အေးဆေးတဲ့အသံထွက်ပေါ်လာပါတယ် "မညှာမတာသတ်ဖြတ်မှုလို့များ မင်းပြောလိုက်တာလား" သူ့အသံက တည်ငြိမ်နေသော်ငြား နောက်ကွယ်မှာအားကြီးမှုတစ်ခုရှိနေတယ် "ငါ ကောင်းကင်ဘုံရဲ့ငြိမ်းချမ်းရေးနဲ့စစ်ပွဲတွေကို အာရုံမစိုက်တော့တာ နှစ်ပေါင်းထောင်ချီနေပြီ ဒါပေမဲ့ ဟိုအရင်က တစ်လောကလုံးကို ငါဘယ်လိုအုပ်ချုပ်ခဲ့လဲ မင်းမေ့သွားပြီလား"

ဖုန်းကျို ခေါင်းတစ်ခြမ်းထပ်ကိုက်ရပြန်ပြီ "ဟိုအရင်က သုံဟွာ?  ဪ ဟိုးအရင်က သုံဟွာ့အကြောင်းပဲ!

ဒီအကြောင်းနဲ့ပတ်သတ်ပြီး သူမလောက် ဘယ်သူမှသိကြမှာမဟုတ်ဘူး။ ချင်းချူသမိုင်းကြောင်းပဲဖြစ်ဖြစ် သူမအမေရဲ့မျိုးနွယ်အကြောင်းပဲဖြစ်ဖြစ် သေချာမသိရင်တာမသိမယ် ဒါပေမယ့် သေချာပြောပြဖို့သုံးရက်လောက်အချိန်ယူရမယ့် သုံဟွာရဲ့ သမိုင်းကြောင်းကိုတော့ သူမအသေးစိတ်တစ်ခုမကျန် အလွတ်ရွတ်ပြနိုင်တယ်လေ။ ဒီလောက်ထိ သုံဟွာကိုစိတ်ဝင်စားခဲ့တာကြောင့်လည်း သမိုင်းဘာသာရပ်မှန်သမျှ သူမ ပထမရခဲ့တာပေါ့။ အခုတော့ သူမနဲ့သုံဟွာတို့ ပတ်သတ်မှုမရှိတော့ဘူးဆိုတော့ ထိုအကြောင်း တစ်ချို့တစ်လေမြန်း ပြန်မှတ်မိမလားဆိုပြီး ပြန်စဉ်းစားလိုက်တယ်။ ရယ်ချင်စရာပဲ! အားလုံးအသေးစိတ် သေချာရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားကြီးကို မှတ်မိနေသေးတာပဲကိုး။

ဒဏ္ဍာရီတွေရှိတယ်လေ။ Pangu ဆိုတဲ့သူဟာ သူ့ရဲ့ကြီးမားလှတဲ့ပုဆိန်ကြီးနဲ့ ကမ္ဘာကြီးကို ကောင်းကင်နဲ့မြေကြီးဆိုပြီး နှစ်ပိုင်းခွဲလိုက်တာလေ။ ပေါ့ပါးတဲ့အပိုင်းက လေပေါ်မြောက်တက်ကာ ကောင်းကင်ဖြစ်လာပြီ လေးလံတဲ့အပိုင်းက အောက်ကိုပြုတ်ကျကာ မြေကြီးဖြစ်သွားတယ်တဲ့။ အဲ့ဒီအချိန်တုန်းက ကမ္ဘာကြီးက အရမ်းရှုပ်ထွေးတာ။ Yin & Yan (ကောင်းကင်နဲ့ မြေကြီး) ပေါ်ပေါက်လာရာကတစ်ဆင့် နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေမွေးဖွားလာပြီး ကြီးစိုးဖို့နယ်မြေအတွက် ကုန်းမြေတွေနဲ့ ပင်လယ်တွေကိုလုကြရင်း တိုက်ပွဲများစွာ ဖြစ်ပေါ်ခဲ့တယ်။ ထိုသမိုင်းမတင်မီခေတ်ကဆိုရင် ကမ္ဘာကြီးက လုံးဝမငြိမ်းချမ်းခဲ့သလို အခုလိုလည်း စည်းမျဉ်းစည်းကမ်းတွေ မရှိကြသေးဘူး။ ပရမ်းပတာအခြေအနေတွေနဲ့ သွေးချောင်းစီးတဲ့ဖြစ်ရပ်တွေကတော့ နေ့စဉ်နဲ့အမျှဒုနဲ့ဒေးပေါ့။

Page-96

ထိုအချိန်တွေတုန်းကဆိုရင် လူသားမျိုးနွယ်တွေနဲ့ မှင်စာမျိုးနွယ်တွေဟာ အဆင့်နိမ့်တဲ့ အောက်ဘက်အရပ်ဆီကို နယ်နှင်မခံရသေးဘူး။ သို့သော် သူတို့ရဲ့အင်အားနည်းပါးမှုကြောင့် အင်အားကြီးတဲ့ နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေကိုမှီခိုခဲ့ရတယ်။ လက်အောက်ခံဘဝနဲ့ ကူရာကယ်ရာမဲ့ခဲ့ကြတာပေါ့။

မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်သန်းပေါင်းများစွာကုန်လွန်သွားပြီ။ လောကကြီးကတော့ မငြိမ်းချမ်းသေးပါဘူး။ တစ်လောကလုံးကို နတ်ဆိုးတွေကကြီးစိုးလိုက် နတ်ဘုရားတွေကအုပ်ချုပ်လိုက်နဲ့ တစ်ပြောင်းတစ်ပြန်ဖြစ်နေခဲ့တယ်။ တစ်ခါတစ်ရံများဆို သရဲမျိုးနွယ်တွေအုပ်စိုးတဲ့ခေတ်တောင် ရှိသေးတယ်။

ဒါကြောင့် အားလုံးက နယ်မြေ ၆ ခု လုံးကိုပေါင်းစည်းပြီး ဒီပရမ်းပတာအခြေအနေတွေကို အဆုံးသတ်ပေးနိုင်မယ့် သူရဲကောင်းတစ်ဦးပေါ်ထွက်လာဖို့ မျှော်လင့်နေခဲ့ကြတာ။ ပြီးတော့ အဲ့ဒီသူရဲကောင်းကိုလည်း သူတို့နဲ့ဆိုင်တဲ့မျိုးနွယ်စုထဲကပဲ ပေါ်ထွက်စေချင်ကြတယ်လေ။

နှစ်အနည်းငယ်အတွင်းမှာပဲ နယ်ပယ် ၆ ခုဖြစ်တဲ့ နတ်သူငယ်, သရဲ, နတ်ဘုရား, နတ်ဆိုး, လူနဲ့ မှင်စာမျိုးနွယ်တွေဟာ အကြီးအကျယ်ဝါဒဖြန့်တော့တာပဲ။ မျိုးနွယ်စုတွေကြားက ဒီဝါဒဖြန့်ပွဲဟာလည်း ပြင်းထန်သည်ထက်ပြင်းထန်လာတော့တယ်။ သို့သော် မိုးကောင်းကင်ဆိုတာ မထင်မှတ်တာတွေကိုပဲ ဖန်တီးတတ်တာမလား။ အားလုံးက သူရဲကောင်းအသစ်ကို ဘယ်လောက်ပဲအသည်းအသန်လိုက်ရှာနေကြပေမယ်လို့ ထိုသူရဲကောင်းဟာ အဖေမရှိ အမေမရှိ ကောင်းကင်ရဲ့အဆုံးက သန့်စင်မြင့်မြတ်တဲ့ပင်လယ်ပြာကနေ မွေးဖွားလာခဲ့တယ်။ ထိုသူဟာ မိုးကောင်းကင်ကိုယ်တိုင်စေလွှတ်လိုက်တဲ့ တမန်တော်စစ်စစ်ဖြစ်လေတယ်။

မွန်မြတ်တဲ့အရှေ့ပိုင်းနယ်မြေမှာ မွေးဖွားလာတဲ့ ထိုသူရဲကောင်းကို နာမ်မည်နှစ်လုံးနဲ့ သုံဟွာ(အရှေ့နယ်က ထွန်းတောက်ခြင်း) လို့ ခေါ်တွင်လေတယ်။ ဟုတ်ပါတယ် သူကတော့ သုံဟွာသီကျွင်းပါပဲ။

(အခုက သမိုင်းကြောင်းဆိုတော့ သုံဟွာအကြောင်းက မပါမဖြစ်ပေါ့နော်, အဲ့တော့ သုံဟွာအကြောင်းတစေ့တစောင်း မကြာမီလာမည်မျှော်😉)

Comment