ရွာလယ်သမထဲမှာတော့ လူတွေစုရုံးစုရုံးနဲ့ အကြောင်းအရာတစ်ခုကိုပြောဆိုနေကြသည်။ထိုအထဲတွင် မီးထဲပါသွားသော ပဲရိုးပုံပိုင်ရှင် ဒေါ်သိန်းကြည်ခဗျာ မျက်ရည်များကို ပုခုံးပေါ်တင်ထားသော ခေါင်းပေါင်းစအဖြူဖြင့် သုတ်ကာသုတ်ကာ ငိုချင်းချနေတော့သည်။
''ကျုတ်တို့ နွားပြာကြီးတော့ ဒီနှစ် ပဲရိုးငတ်ပြီထင်ပါရဲ့....ကျဲခါခွဲခါနီးမှ ဒီလိုဖြစ်ပျက်သွားရသလို့တော်.....ရှေ့တစ်ပတ်လေးကထင် ဦးစံချိန်ဆီ ဗေဒင်မေးတော့ နင်တို့အိမ်မှာအခိုက်တွေရှိတယ်တဲ့...ယတြာချေရမယ်လို့ပြောထားတာ....လူကမအားတာနဲ့ မချေဖြစ်လိုက်ဘူး.....အခုတော့ကြည့်ပါ့အုံး ကျုတ်တို့ နွားရှင်းတော့ ဒီနှစ် အရိုးပေါ်အရေတင်တော့မယ်ထင်ပါရဲ့´´
ဘေးမှ ရွာသူရွာသားများကလည်း စိတ်မကောင်းဖြစ်စွာ စာနာသနားကြသည်။တောင်သူတွေအတွက် 'နွား´ဆိုတာ သူတို့ရဲ့ ရင်သွေးတမျှ သံယောဇဥ်တွယ်ကြတဲ့ သတ္တဝါတွေဖြစ်တယ်။
တစ်ချို့ဆို ထိုကဲ့သို့ပင်ဆိုကြသည်။
''ညအိပ်တဲ့အခါ သန်မာဝဖြိုးတဲ့နွားတစ်ရှင်းကို တရိပ်ရိပ်ကြည့်ပြီး အိပ်တာလောက် စိတ်ချမ်းမြေ့စရာကောင်းတာမရှိဘူး´´လို့ သဘောရိုးဖြင့် ပြောတတ်ကြသေးသည်။ဖေ့သားကြီး ရုန်းလိုက်အုံးဟ...မေ့သားကြီး ဆွဲပါ့အုံးဆိုပြီး ချစ်စရာအခေါ်အဝေါလေးများဖြင့် အကြင်နာထားကြသည်။
''အခုကိစ္စနဲ့ပတ်သတ်ပြီး တောင်သူယာလုပ်တဲ့အိမ်ထောင်စုတွေက တတ်နိုင်သလောက် ပဲရိုးတစ်တောင်းပေးပေး၊နှစ်တောင်းပေးပေး ဒေါ်သိန်းကြည်တို့ကို ဝိုင်းဝန်းကူညီကြစေချင်တယ်´´
''လူလေး အလိမ္မာ ပြောတာကို ဘကြီးတော့ သဘောတူသကွယ်.....ကဲကဲ ကြာပါတယ်...ဘကြီးကပဲ လမ်းကြောင်းလိုက်တာပေါ့....ပဲရိုးလှည်းတစ်စီး ပေးမယ်ကွာ´´
လူအုပ်ကြီးက လက်ခုပ်သံ တဖြောင်းဖြောင်းဖြင့် အားပေးဂုဏ်ပြုလာသည်။
''ဒါမျိုးတော့ နောက်ကျကျန်ခဲ့လို့ ဘယ်ရမှာလဲ?...ကျုတ်တို့အိမ်ကလည်း ပဲရိုးလှည်းတစ်စီး ကူညီသတော်´´
နောက်ထပ် တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်ကာထပြောလာကြသည်။သူကတစ်တောင်း...ငါကတစ်ချင်းနဲ့...ကုသိုလ်ပြိုင်ကြတော့သည်။
''မင်းတို့ရွာက တယ်လည်းကူညီရိုင်းပင်းကြသကို...အားကျရသဗျာ´´
တစ်ဖက်ရွာမှ လူတစ်ယောက်က ထိုအဖြစ်ကိုမြင်တော့ ချီးကျူးလာသည်။
''ကူညီရိုင်းပင်းဆို...ကျုတ်တို့ဆယ်အိမ်ခေါင်းတွေက ဒီလိုမျိုး စိတ်ဓာတ်ကို ရွာသူရွာသားတွေရင်ထဲရိုက်ထည့်ပေးထားတာကိုဗျ´´
''အာဂ ဆယ်အိမ်ခေါင်းတွေ....တော်ပါပေတယ်ဗျာ....ချီးကျူးထိုက်ပါရဲ့´´
နွေရင်ခတ် ထိုချီးကျူးစကားများကို ပြုံးပြုံးကြီးနားထောင်ရင်း ထိုင်နေသောလူအုပ်ကြီးအလယ်မှာ မတ်တပ်ရပ်နေသည့် ထိုသူ့ကိုကြည့်နေမိသည်။
စကားပြောဟန်ကအစ လက်ကလေးမြှောက်လိုက်ချလိုက် ရယ်လိုက်မောလိုက်နဲ့ လူတိုင်းရဲ့စိတ်အာရုံကိုဖမ်းစားထားသည်။
''အလိမ္မာသွေးရှင်´´နာမည်နဲ့ လူနဲ့လိုက်ပါပေတယ်။နာမည်ပေးတော်လိုက်တဲ့ မိဘတွေ။မွေးရကျိုးနပ်လိုက်လေခြင်း။
လူစုပွဲပြီးသွားတော့ ဒေါ်သိန်းကြည်လည်း အပြုံးမျက်နှာဖြင့် ကျေးဇူးအထပ်ထပ်တင်ရင်း ပီတိမျက်ရည်ကျရတော့သည်။
နွေရင်ခတ် လက်နှိပ်ဓာတ်မီးကို တစ်ချက်နှိပ်လိုက်ရင်း အိမ်ပြန်လမ်းမှာ တစ်စုံတစ်ခုကိုသတိရသွားသည်။
သူနဲ့အလိမ္မာသွေးရှင် ပထမဆုံးသိကျွမ်းခဲ့ရသည့် တရားခံက အခုသူ့ကိုအလင်းပေးနေသော အနှီဓာတ်မီးပင်ဖြစ်သည်။
ဒီ့အရင်တွေကတည်းက တစ်ရွာထဲသားချင်းတွေဖြစ်သည့်အလျောက် ရွာရဲ့လမ်းမများပေါ် ခဏ,ခဏ ဆုံဖူးပါသည်။ အောက်ပြည်အောက်ရွာကနေ ကျောင်းပိတ်ရက်ရ၍ ပြန်လာသည့် ထိုသူက မင်းသားတစ်ပါးလိုပင်။လူတိုင်းကချစ်ခင်ကြသည်။အဝေးကနေကြည့်ပြီး မနာလိုခဲ့ဖူးသည်။အဲဒီဘဝ....အရာရာပြီးပြည့်စုံတဲ့ဘဝ တစ်နည်းပြောရရင်တော့ ကျွန်တော်မရနိုင်တဲ့ဘဝတစ်ခုပေါ့။မော်ကြည့်ရုံလေးပဲ။ကံတရားက အစကတည်းက ဘက်လိုက်ထားပြီးသားလေ.....
''ဘာလို့ ငါပေးထားတဲ့ဖိနပ်မစီးတာလဲ?´´
''အလိမ္မာသွေးရှင်!´´
ကိုယ့်အတွေးနဲ့ကိုယ်မို့ နောက်က အလိမ္မာသွေးရှင် ပါလာသည်ကို သတိမထားမိခဲ့။
''ခြေထောက်က ဘယ်လိုနေသေးလဲ?´´
''နေ့လည်ကလောက်တော့ မနာတော့ဘူး´´
''အိမ်လိုက်ခဲ့...ဆေးလိမ်းရအောင်´´
''သူ့ဘာသာပျောက်သွားလိမ့်မယ်....လိမ်းမနေတော့ဘူး...´´
သူ့အပြောကြောင့် အလိမ္မာသွေးရှင်ရဲ့ မျက်ခုံးနှစ်ဖက်အလယ်မှာလှိုင်းအတွန့်ပေါ်လာသည်။
''ကျစ်...ဖြစ်သလိုနေတတ်တဲ့ အဲ့အကျင့်...ထားလိုက်တော့!´´
အလိမ္မာသွေးရှင်က အကြည့်စူးစူးတစ်ချက်ပေးကာ သူ့အရှေ့မှထွက်သွားသည်။နွေရင်ခတ် အမှီလိုက်ပေမဲ့ ထိုသူရဲ့ကျောပြင်က ဝေးသထက်ဝေးလာသည်။
''အရေးထဲ ဒီ မသာခြေထောက်ကတစ်မျိုး´´ထော့နဲ့ ထော့နဲ့ နဲ့ သွားနေရသည်ကို အားမရသောကြောင့် ကိုယ့်ကိုယ်ကိုယ် ဆဲရေးပြုလိုက်သည်။
နွေရင်ခတ် မကျေမနပ်ဖြင့်သာ ကျန်ခဲ့ရသည်။အခုတော့ သူ့ကိုအမှီပြေးလိုက်ရလို့ ခြေထောက်က ပိုတောင်နာလာပြီ။နွေရင်ခတ် ပါးစပ်ကလည်းအနားမပေးခဲ့။တတွတ်တွတ်ပြောရင်းဆိုရင်းဖြင့်ပေါ့....
''စိတ်ဆိုးချင်လည်းဆိုးပါလေ့စေ....အဲဒီလို ထစ်ခနဲရှိ စိတ်ဆိုးကြေးဆို နေ့လယ်က´´
''နေ့လယ်က....ဆက်ပြောပါ့အုံး´´
မန်ကျည်းပင်အကွယ်မှ မထင်မှတ်ထားသည့်အသံကြောင့် သူ့ပါးစပ်သူ ပိတ်ရိုက်ပစ်ချင်မိသည်။အလိမ္မာသွေးရှင်က သစ်ပင်အကွယ်မှ ထွက်လာကာ ဆက်ပြောဆိုသောပုံစံဖြင့်ပင်။
''သြော်...နေ့လယ်က ဆေးထည့်ပေးလို့ကျေးဇူးတင်ပါလို့ပြောတာ...ဟုတ်တယ်...ဟုတ်တယ်´´
''ဟုတ်လို့လား?´´
''ဟုတ်ပါတယ်ဆို မယုံရင်နေကွာ´´
''အဟက်....အဲလိုဆိုလည်း ကျေးဇူးတင်ဖို့မလိုဘူး ကိုယ့်ဆရာ...နှလုံးသားထဲက ကျေးဇူးနားလည်ရင်ရပြီ´´
''ဘယ်သူ့စကားလာခိုးနေတာလဲ?သွားစမ်း!´´
''ဟားဟား...လာလိုက်ခဲ့´´
နွေရင်ခတ်ရဲ့ လက်ကောက်ဝတ်က အလိမ္မာသွေးရှင်ရဲ့လက်ချောင်းသွယ်သွယ်ကြားဆုပ်ကိုင်ခံလိုက်ရသည်။လက်မောင်းကသာ ကြွက်သားအဖုအထစ်နဲ့ဘာနဲ့ လက်ကောက်ဝတ်ကတော့ တစ်ဆုပ်စာသာရှိသည်။
''ဘာလဲကွာ?´´
မလိုက်ချင်ပေမဲ့ နွေရင်ခတ်ရဲ့ခြေလှမ်းတွေကတော့ အလိမ္မာသွေးရှင်စေရာအတိုင်း လှမ်းနေခဲ့သည်။
ခြေဖဝါးကလက်ကိုင်ပဝါအဖြူလေးက ဝါကျင့်ကျင့်အရောင်ဘက်ပြောင်းချင်နေသည်။နေ့လည်ဆေးထည့်ပြီးကတည်းက စည်းထားတာကြောင့် အဓိကနေရာက သွေးစနဲ့ရောကာ ပဝါစက ကပ်နေသည်။
''ဟူးးးးးး´´
အလိမ္မာသွေးရှင် နဖူးထက်ကချွေးများပင်ထွက်လာသည်။နာသွားမှာစိုး၍ ပဝါစကို ဖြည်းဖြည်းခြင်းခွာနေသည်။
''မင်းနာမှာလား ငါနာမှာလား?ရဲရဲတင်းတင်လုပ်စမ်းပါ....မင်းကြည့်ပြီး ငါတောင်အမောဆို့လာပြီ´´
''စေတနာကိုထားလို့မရပါလား...နွေရင်ခတ်´´
''ထားလို့မရရင် မထားနဲ့လေ´´
''ဟမ့်...ငါ့ရဲ့လက်ဖဝါးတွေက ဘယ်သူ့ခြေဖဝါးကိုမှ ယုယပေးခဲ့တာမဟုတ်ဘူး ဘောပင်နဲ့စာရွက်ကိုကိုင်ဖို့အတွက်ပဲဆိုတာသိရင် မင်းဒီစကားပြောထွက်လာမယ်မထင်ဘူး´´
''ဟုတ်ပါပြီ ဆယ်အိမ်ခေါင်းကြီးခင်ဗျ´´
အလိမ္မာသွေးရှင်ကတော့ ခေါင်းအခါခါရမ်းကာ ပြုံးလိုက်ရင်း ဆေးထည့်ပေးခြင်းကို ဂရုတစိုက်လုပ်ဆောင်နေသည်။
ဟုတ်သည်။အလိမ္မာသွေးရှင်ရဲ့ လက်ချောင်းလေးတွေက မွှေးညှင်းပေါက်လေးများမှ မွှေးညှင်းနုနုလေးများက လက်ဆစ်ကြားနေရာလေးများတွင် မြင်နေရသည်။လက်ဖမိုးက အကြောစိမ်းစိမ်းလေးကပင် ဆံချည်မျှင်သွေးကြောမျှင်များအကြားရောယှက်ကာ ခက်ခဲနက်နဲသော ပန်းချီကားတစ်ချပ်ရဲ့ စုတ်ချက်များကဲ့သို့ပင်။လက်ချောင်းထိပ်များမှာတော့ သွေးကြောများပေါက်ထွက်လာတော့မည်အတိုင်းနီရဲကာနေသည်။လက်အဆစ်ကဘေးသို့ထွက်နေခြင်းမရှိဘဲ အရင်းမှအဖျားထိ သွယ်လျဖြောင့်တန်းနေသည်။အားလုံးကိုခြုံငုံပြောရလျှင် လှုပ်ရှားလိုက်တဲ့ လက်ချောင်းတစ်ချောင်းချင်းစီက လူတစ်ယောက်ရဲ့ ကံကြမ္မာကို ရေးဆွဲနေသည့်နှယ် စိတ်ဝိဉာဥ်ကိုဖမ်းစားနိုင်သည်။
ခြေမွှေးမီးမလောင်...လက်မွှေးမီးမလောင်....
နွေရင်ခတ် ဘာရယ်မဟုတ် အလိမ္မာသွေးရှင်ရဲ့ ခြေထောက်ဆီသို့အကြည့်ရောက်သွားသည်။
''တော်ပြီ....နွေရင်ခတ်´´
''ဟမ်...ဘာကိုလဲ?´´
''ပြီးပြီ...ဆေးထည့်ပြီးပြီလို့ပြောတာ´´
''အော်´´
နွေရင်ခတ် သက်ပြင်းခိုးချရင်း ထိုခြေထောက်များဆီမှအကြည့်လွှဲလိုက်သည်။အခွင့်အရေးရရင်တော့....
''ဘာတွေငေးကြောင်နေတာလဲ?နွေရင်ခတ် အရူးလိုလို ဘာလိုလိုနဲ့´´
''ခြေထောက်´´
''ဘာ!´´
''ဟို ငါပြောတာက ခြောထောက်ကနာနေလို့ လမ်းမလျှောက်နိုင်ဘူးလို့´´
နွေရင်ခတ် ပြာတီးပြာယာနဲ့ ပါးစပ်ထဲရှိရာကိုအကြောင်းပြလိုက်သည်။ချောက်ကမ်းပါးစွန်းက သီသီလေးလွတ်လာရတာပဲ။ဟူးးးးး
အလိမ္မာသွေးရှင် နားထင်နှစ်ဖက်ကို လက်မဖြင့်ဖိချေလိုက်သည်။ဒီအရှုပ်ထုပ်ကို ကိုယ်တိုင်သယ်လာပြီးမှတော့ မထူးတော့ပါဘူးးးး
''အိမ်မှာအိပ်မလား?´´
''ရပါတယ်´´
''သေချာလို့လား?လမ်းမလျှောက်နိုင်ဘူးဆို ဘယ်လိုပြန်မှာလဲ´´
အတည်ပေါက်ဖြင့်ပြောနေသော အလိမ္မာသွေးရှင်ကို ကြည့်ပြီးကြိတ်ပြုံးပြုံးလိုက်သည်။အမှန်ထင်သွားတာပဲ....
''စတာပါ...ကိုယ့်ဆရာရဲ့.....ဒီခန္ဓာကိုယ်ဒီအနေအထားနဲ့ သံချွန်စူးတာလောက်ကို အရေးတယူလုပ်မဲ့လူမျိုးလား?သူများတွေလို ထန်းရေတစ်အိုးသယ်ရုံနဲ့ အရည်ကြည်ဖုထတတ်တဲ့ခန္ဓာကိုယ်မဟုတ်ပါဘူးဗျာ´´
''ဟမ်းးးးပြီးတာပဲ ....အိမ်ပြန်တော့ ငါလည်းသွားအိပ်တော့မယ်´´
အလိမ္မာသွေးရှင်က မကျေမနပ်နဲ့အပေါ်ထပ်သို့တတ်သွားလေတော့သည်။
နွေရင်ခတ် ရယ်ကျဲကျဲဖြင့် သီချင်းငြီးလိုက်သည်။
''🎶🎶🎶မင်းရဲ့မျက်လုံးလေးများက ပုလဲနဲ့မဟူရာပေါင်းစပ်ထားသလိုနှယ်....
ကော့ညွတ်သွယ် နှုတ်ခမ်းလေးများက
သိပ်လှအောင် ပတ္တမြားသွေးလိမ်းကာခြယ်....
ကိုယ်နေဟန်အချိုးကျသူရယ်
ရွှေရောင်လို အသားဝင်းဝါတယ်...
သွားလေးတွေဖွေးဖွေးနုတယ်
ပုလဲလေးတွေ သီကုံးထားသည့်နှယ် တကယ်...
မင်းရဲ့တစ်ကိုယ်လုံးပဲလှတယ်
အဖိုးထိုက်ရတနာ ပေါင်းစုထားသလိုနှယ်....
ရတနာလို လှဂုဏ်ကြွယ်သူရယ်...
မင်းရဲ့ အရင်အသည်းနှလုံးကတော့
စိမ်းကားကာ မာကျောလွန်းလှလေတယ်...🎶🎶🎶´´
အခန်းတံခါးဆောင့်ပိတ်သံကိုကြားလိုက်ရသည်။ထို့နောက် ကြည်လင်ပြတ်သားသော စကားသံထွက်ပေါ်လာသည်။
''မင်းကောင်မလေးဆီ သွားဆိုနေလိုက်´´
''မရှိလို့ပေါ့ ´´
အရာရာအဆင်ပြေနေရင် ကံကြမ္မာကကျီစယ်တတ်တယ်။ထိုကဲ့သို့ကျီစယ်မှုကို လူသားတွေက ခေါ်ဝေါ်သမှုတ်ကြတယ်....
''ဒုက္ခ´´တဲ့......