အပိုင်း(၉)

ဒီနေ့တော့ နေ့လယ်အိမ်မပြန်တော့ဘဲ တောထဲမှာပဲ နားနားနေနေ နေဖို့ဆုံးဖြတ်လိုက်သည်။

မြစ်ကြည့်ကုန်းပေါ်မှာနားရင်း အနောက်အရပ်ဆီသို့မျက်နှာမူလိုက်သည်။

ပုဂံပြည်ကြီးက လွမ်းမောစရာကောင်းလိုက်တာ...

ဘယ်အချိန်ကြည့်ကြည့် မြူခိုးများနဲ့ ရစ်ပတ်လွှမ်းခြုံထားသည်။ဒီလို ငေးကြည့်ရတာကို သဘောကျသည်။မိုးပေါက်ဖွဲဖွဲလေးတွေကိုဖြစ်ဖြစ်၊ညို့မှိုင်းနေတဲ့ တိမ်စိုင်တိမ်ခဲတွေကိုဖြစ်ဖြစ် ၊ညခင်းကောင်းကင်ယံကိုဖြစ်ဖြစ်၊မနက်အာရုံဦး၊ညနေဆည်းဆာချိန်တွေဖြစ်ဖြစ် တိတ်တဆိတ် လွမ်းမောရတာကိုသဘောကျသည်။

သူကဒီလိုမျိုးကဗျာဆန်တယ်.....သူကဒီလိုမျိုးလွမ်းတတ်တယ်.....

တစ်ချို့တွေက *ပျင်းရိစရာကောင်းသော၊အထီးကျန်ဆန်သော *လို့ ခေါင်းစဥ်တပ်ကြတယ်။

တောထဲလေတဖြူးဖြူးနဲ့ လွမ်းရင်းငေးရင်းတစ်မှေးအိပ်ပျော်ခိုက်....

''နွေရင်ခတ် ´´

''ဟမ်´´

နွေရင်ခတ်က အအိပ်ဆတ်တဲ့အထဲမှာပါတယ်။ခြေသံကြားတာနဲ့ အိပ်ပျော်နေရာမှ 'ငေါက်´ခနဲထထိုင်လိုက်သည်။လက်ထဲမှာ အိတ်အထုပ်များအပြည့်ကိုင်ထားသော ထိုသူ့ကိုမေးလိုက်သည်။

''ဘာတွေလဲ?´´

''မုန့်ပြားသလက်´´

''ပေး´´

''ညစ်ပေနေတဲ့လက်နဲ့ အခုမစားနဲ့!အလုပ်သမားတွေအနားရောက်မှ လက်ဆေးပြီးစား´´

''ငယ်ငယ်ကတည်းက ဒီလိုပဲစားလာတာ ရိုးနေပြီ´´
ရင်ခတ် လက်မှဖုန်ကိုခါရင်း ပြောလိုက်သည်။အလိမ္မာသွေးရှင်က ''မနိုင်ဘူး´´ဆိုတဲ့ အကြည့်နဲ့ ပေါ့....

''ညခါ သမာထဲ လူစုမယ်´´

''ဟင်း...ပျင်းလိုက်တာ´´

နွေရင်ခတ် လက်မောင်းတို့ကို အပေါ်သို့ဆန့်မြှောက်ရင်း ပျင်းကျောဆွဲလိုက်သည်။

''အယ်...စာရင်းစာအုပ် ဘယ်ရောက်သွားပါလိမ့်´´

''မိနွယ်တို့နားမှာ´´

''ဟင်...မင်းကဘယ်လိုသိ´´

''အခုနက မိနွယ်နဲ့တွေ့လို့ ​သူက မင်းကိုစာရင်းစာအုပ်သူတို့နားမှာကျန်ခဲ့ကြောင်း ပြောခိုင်းလိုက်တာ´´

''ဟူးးးတော်ပါသေးရဲ့´´

မေ့တတ်သော သူ့အကျင့်က ဖျောက်လို့ကိုမရ။အံမယ်လေး ကံသီပေလို့။လက်ဆော့တတ်တဲ့သူသာ စာရင်းစာအုပ်ကိုတွေ့သွားပါက မတွေးရဲစရာပင်။

''အလုပ်နဲ့ပတ်သတ်ရင် ငါက ခင်မင်မှုကိုလည်းထည့်မထွက်ဘူးနော်´´

''အင်း...နောက်မဖြစ်စေရပါဘူး...ကတိ...ကတိ´´

နွေရင်ခတ်က လက်သန်းကိုမြှောက်ပြီး သူ့ကိုမေးငေါ့ပြကာ ''မင်းလည်းလုပ်လေ´´ဟူသော အထာဖြင့် ကြည့်လာသည်။

''ကလေးဆန်လိုက်တာ´´

အလိမ္မာသွေးရှင် ပါးစပ်ကပြောသာပြောပြီး သူ့လက်သန်းကို နွေရင်ခတ်လက်သန်းနဲ့ ချိတ်ကာ ကတိပြုလိုက်ရသည်။

နွေရင်ခတ်က မုန့်များကိုအလုပ်သမားတွေအတွက်ယူသွားရင်း သူလုပ်ချင်တာကိုလုပ်ရသောကြောင့် ကျေနပ်နေသောရုပ်ဖြင့် နေ့လယ်ခင်း စာရင်းကောက်ရန် ယာတောဘက်သို့ မြှောက်ကြွမြှောက်ကြွဖြင့်ထွက်သွားလေသည်။

အလိမ္မာသွေးရှင် မြစ်ကြည့်ကုန်းပေါ်မှာ တစ်စုံတစ်ယောက်ကို စောင့်ရအုံးမည်။သူလာလောက်ပါရဲ့.....

စောင့်နေသူက ခေါင်းပေါ်မှာခမောက်လေးစောင်းကာ ကြွကြွလေးလျှောက်ရင်း လာနေသည်ကိုမြင်တော့ သဘောတကျပြုံးလိုက်သည်။သနပ်ခါးရေကျဲလိမ်းထားသော မျက်နှာလေးက မျက်နှာမြင်ချစ်ခင်ပါစေ....အသံကြားသနားပါစေ...ဆိုတဲ့ တောင်းဆု ပြည့်ခဲ့ပုံရသည်။

''ရွှန်းဝေ´´

''ဟယ်...အလိမ္မာ´´

သူ့ကိုမြင်တော့ အံ့သြသွားတဲ့မျက်နှာလေးက တစ်မျိုးလေးချစ်စရာကောင်းနေပြန်သည်။

''ကိုယ့်ကို မရှောင်ပါနဲ့တော့ကွာ´´

''မရှောင်ပါဘူး အလိမ္မာရဲ့´´

''ပေး ကိုယ်သယ်ပေးမယ်...´´

ရွှန်းဝေ လက်ထဲမှ ချင်းတောင်းကို ကူသယ်ပေးလိုက်သည်။ချစ်တော့လည်း အနစ်နာခံရမှာပေါ့....

''ဟိုနှစ်ယောက် စောင့်ပါအုံး´´

''ကျစ်....နွေရင်ခတ်´´

ဘုမသိဘမသိနဲ့ ထိုအနှောက်အယှက်ကောင်ကို တောနက်တစ်နေရာမှာ သွားမြှုပ်ထားလိုက်ချင်တယ်။တော်တော်အလိုက်ကမ်းဆိုး မသိတဲ့လူ!

''မောလိုက်တာ´´

အမှီပြေးလိုက်လာသော နွေရင်ခတ်က နဖူးမှချွေးစများကိုသုပ်ရင်း ဟောဟဲလိုက်နေသည်။

''ရွှန်းဝေမှာ ရေကျန်သေးတယ် သောက်မှာလား?´´

''နေ နေ...ရွှန်းဝေ ကိုယ်ပဲထည့်ပေးလိုက်မယ်´´

ရွှန်းဝေက ကိုယ်တိုင်ရေထည့်ပေးရန် လုပ်နေသည်ကြောင့် အလိမ္မာသွေးရှင်တားကာ ထိုသကောင့်သားအတွက် သူ့ကိုယ်သူအနစ်နာခံကာ ရေထည့်ပေးလိုက်သည်။

သူတောင်တစ်ခါမှ ရွှန်းဝေလက်နဲ့ ကိုယ်တိုင်ခပ်ပေးတဲ့ရေကို မသောက်ဖူးသေးဘူး။သူချစ်တဲ့သူက တစ်ခြားလူအတွက် ရေခပ်ပေးမှာကို ဘေးကနေ လက်ပိုက်ပြီး ဘယ်လိုလုပ်ကြည့်နေနိုင်မှာလဲ?

''အလိမ္မာသွေးရှင် ပေး....ငါသယ်ခဲ့မယ်´´

''ရတယ်´´

''နေပေါ့ လက်နာနေမှာစိုးလို့လည်းပြောရသေးတယ်´´

အချစ်အတွက်သူရဲကောင်းလုပ်ချင်နေသေးတယ်။လူကဖြင့် ထန်းရေအိုးလေးမတာတောင် အရေကြည်ဖုထတဲ့သူကများ။အလိမ္မာသွေးရှင်နဲ့ယူမယ့် မိန်းကလေးအတွက် ရင်လေးမိပါရဲ့...

''ဟုတ်သားပဲ အလိမ္မာ အရင်တစ်နေ့က လက်မှာပတ်တီးစည်းရတယ်ဆို...ပေးပါ....ရွှန်းဝေပဲ သယ်လိုက်ပါ့မယ်´´

''ရော့....နွေရင်ခတ်´´

*တော်တော်မျက်နှာပြောင်တိုက်တဲ့ကောင်*.....သူ့နှမတော်ချစ်သက်လျာလေးက သယ်မယ်ဆိုကာရှိသေး ဒီဆရာကို တန်းပြီးအသုံးချတော့တာပဲ...´´

''အလိမ္မာကလည်း အားနားစရာကွယ်´´

''သူက အားနာရမယ့်သူမဟုတ်ဘူး´´

ဟမ်း....အလိမ္မာသွေးရှင်တို့များ ဉာဏ်နီဉာဏ်နက်အပြည့်ပဲ။လုပ်ထားအုံးပေါ့......

နွေရင်ခတ် အလိမ္မာသွေးရှင်ရဲ့ဘေးသို့သွားကာ လေသံတိုးတိုးဖြင့် ခေါ်လိုက်သည်။

''ဟေးးး´´

''ဘာလဲ?´´

''*ကိုယ်*တဲ့လား အသုံးအနှုန်းလေးကအစ ယဥ်ကျေးနေလိုက်တာ....ငါနဲ့ပြောရင်ဖြင့် ဒီလိုမဟုတ်ပါဘူး´´

''မင်းက ငါချစ်တဲ့သူလား ချိုချိုသာသာပြောရအောင်´´

ကြည့်လိုက် ဒီဆရာနဲ့ပြောရင် ရိုက်ပေါက်ပဲထွက်လာတယ်။အချိန်တန်ရင် ဒီလူ့ဆီပဲ အပူလာကပ်တဲ့သူက နောက်မှတွေ့ကြတာပေါ့...ဟမ်းးးးး

''🎶🎶🎶🧒လူမြင်ရင်ချစ်ချင်ဖွယ်

ရူပါရုံ ချောလှတယ်

သဘောကောင်းတဲ့သူကလေးရယ်

အတူဆုံဖို့နဖူးစာရေးတယ်....

👧ယုံကြည်ဖွယ် မာယာနှောကာ

ပြောတတ်တဲ့ သက်လှယ်ရယ်

နောင်ခါဝယ် မေရှင်လေးကို

အရေးမစိုက်မှာ အလွန်စိုးတယ်....

🧒ချစ်မှာလားကွယ်

👧မေတ္တာထားတယ်

ရှေးရေစက်ကံဆုံတယ်

တူနှစ်ကိုယ်ဆုံစည်းရတယ်🎶🎶🎶´´

စုံတွဲသီချင်းကို တကိုယ်တော်ဆိုကာ အရှေ့မှ အေးအေးဆေးဆေး လျှောက်နေသော နွေရင်ခတ်ကြောင့် သူ့မျက်နှာဘယ်မှာထားရမယ်မသိ။နေကပိုပူလာသလိုပဲ....သူ့ပါးနှစ်ဖက်တောင် နေလောင်နေပြီ။

''နွေရင်ခတ်´´

''ငါ့ဘာငါ ငါ့ပါးစပ်နဲ့ဆိုတာ ဘယ်သူ့မှမထိခိုက်ပါဘူး...ဟဲဟဲ´´

ပိတ်ပြောလာသောစကားကြောင့် အလိမ္မာသွေးရှင်မျက်နှာက ဖရုံသီးပုပ်လှည်းနင်းထားသလိုရုပ်ဖြင့် နွေရင်ခတ်ဆီသို့အကြည့်စူးစူးကိုပစ်ခွင်းလိုက်သည်။

အရှေ့ကသူကတော့ နောက်မျက်စိမပါတာကြောင့် ထိုနဂါးအကြည့်များကို မမြင်နိုင်ပေ။အဲဒီ ပါးစပ်ကိုတစ်ခါထဲပိတ်သွားအောင် နတ်ကောင်းနတ်မြတ်များ မ,စကြပါဗျာ...

''အားးးး´´

''နွေရင်ခတ်´´

''ဖယ်စမ်း...ကြည့်ရအောင်´´

ဘယ်လိုလုပ် ပြေးသွားမိမှန်း သူ့ကိုယ်သူတောင်မသိလိုက်။ခြေဖမိုးကို အုပ်ထားသောနွေရင်ခတ် လက်ကိုဖယ်လိုက်တော့ ခြေသန်းရဲ့အောက်ဘက်မှာ သံချွန်က ခြေဖဝါးထဲ စိုက်ဝင်နေသည်။

''နာတယ်...´´

''ငြိမ်ငြိမ်နေ မဟုတ်ရင် ပိုနာလိမ့်မယ်´´

''သြော် မင်းကတော့ အဲလိုပြောနိုင်တာပေါ့...ငါကခံရသူကွ...ဘယ်လိုလုပ် တည်ငြိမ်နိုင်မှာလဲ?စဥ်းစားလေ...´´

သူ့အတွက် ပြောပေးတာတောင် လူကိုပြန်ဟောင်နိုင်သေးသည်။တကယ့် မလွယ်ကြော....

''အားးးးဘာမပြောညာမပြော ဆွဲနှုတ်ရလား?အလိမ္မာသွေးရှင် မင်းငါ့ကို အသေသတ်နေတာလား?´´

''သံဆိပ်တတ်မှာကြောက်လို့....ငါ့ကိုတွဲ အိမ်ရောက်မှဆေးထည့်ပေးမယ်´´

နွေရင်ခတ် ဘေးမှချင်းတောင်းကို ကောက်ယူလိုက်တော့ အလိမ္မာသွေးရှင်ရဲ့ အော်ငေါက်တာကိုခံလိုက်ရသည်။

''အခုလိုဖြစ်နေတာတောင် သယ်နိုင်သေးတယ်ပေါ့....ထားလိုက် သဒ္ဒါရွှန်းဝေသယ်ခဲ့ပေးလိမ့်မယ်´´

''ဟုတ်သားပဲ ရင်ခတ်...ရွှန်းဝေဘာသာသယ်ခဲ့ပါ့မယ်...ခြေထောက်ကိုသာ ဂရုစိုက်ပါ´´

နွေရင်ခတ် အလိမ္မာသွေးရှင်ရဲ့ ပုခုံးကိုတွဲခိုလိုက်ရသည်။အလိမ္မာသွေးရှင် ဘာလို့ စိတ်ဆတ်နေတာပါလိမ့်....

''ရင်ခတ်ကို ရွှန်းဝေတို့အိမ်မှာ ဆေးထည့်ပေးဖို့ခေါ်သွားရမလား?´´

''မင်းတို့ အိမ်ကဝေးလွန်းတယ်။သူ့ခြေထောက်က ကြာကြာလျှောက်နိုင်မှာမဟုတ်ဘူး။အိမ်မှာလည်းဆေးရှိတယ်။နီးလည်းနီးတယ်။သူ့ကို ကိုယ့်အိမ်မှာပဲခေါ်သွားလိုက်မယ်´'

နွေရင်ခတ် သူတို့ပြောတာတွေကြားနေပေမဲ့ ဝင်ပြောဖို့တောင် အားအင်မရှိ။ကြာလေ ခြေဖဝါးကနာလာလေဖြစ်တာကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး အလိမ္မာသွေးရှင်အပေါ် မှီခိုထားလိုက်သည်။

သဒ္ဒါရွှန်းဝေကို စိတ်မပူရန်ပြောကာ နွေရင်ခတ်ကို ဧည့်ခန်းထဲ ထိုင်ခိုင်းရင်း ဆေးလွယ်အိတ်ကို အပြေးအလွှားယူလိုက်သည်။

''သူများမကောင်းကြံ ကိုယ့်ဘေးရန်တဲ့´´

''မင်းစိတ်ထဲ ငါ့ကိုကျိန်ဆဲနေလို့နေမှာပေါ့´´

အလိမ္မာသွေးရှင်က သူ့ခြေထောက်ကို မ,ကာ ထွက်နေသောသွေးများကို အဖြူရောင်လက်ကိုင်ပဝါနဲ့သုတ်ပေးလာသည်။

''ငါဘာငါ လုပ်လို့ရပါတယ်´´

''မလိုဘူး´´

''တကယ်ပြောတာ´´

''နွေရင်ခတ်´´

''ဟုတ်ပါပြီ...ဒီဆရာ ငြိမ်ငြိမ်နေပါ့မယ်....အားးး....အလိမ္မာသွေးရှင် ငါ့ကိုဘာမကျေနပ်ချက်ရှိနေတာလဲ?´´

''ဟမ့်...အရက်ပြန်လေးနည်းနည်းပဲ လောင်းလိုက်တာကို....နာသွားလား?´´

''မနာဘူး...ပျင်းလို့အော်တာဟေ့´´

''ဟုတ်ပါပြီ ဆရာရယ်´´
.
.
.

အဆုံးသတ်အနေနဲ့ ခြေဖဝါးကို အသစ်ဆက်ဆက်ပဝါအဖြူလေးဖြင့် စည်းနှောင်လိုက်သည်။

''ငါ့အိမ်မှာပဲ ခဏနားဦး....ပြီးမှ မင်းအိမ်လိုက်ပို့မယ်´´

အလိမ္မာသွေးရှင်က မာနကြီးဘဝင်မြင့်သလိုနဲ့ အမှန်တကယ်က သူ့အနားက လူတွေကို ဂရုစိုက်တတ်တဲ့သူမျိုးဖြစ်တယ်။အ​ချေတော့ကြီးတာပေါ့...ဥပမာ...မြေကြီးပေါ်မထိုင်တတ်တာမျိုးတို့...ဖုန်ပေခံရတာမကြိုက်တာမျိုးတို့ပေါ့....

ခေါင်းကိုနောက်အမှီပေါ်မှီရင်း မျက်နှာကျက်ကို ငေးကြည့်နေမိသည်။အလိမ္မာသွေးရှင်က ဆေးအိတ်ကို အပေါ်ထပ်သွားထားပြီး ကတည်းက အခုထိ ပေါ်မလာတော့။ဧည့်ခန်းထဲမှာ သူတစ်ယောက်တည်း ငုတ်တုတ်ထိုင်နေရသည်မှာ အလွန်ပျင်းဖို့ကောင်းလှသည်။

အချိန်တွေက နှေးလိုက်တာ....နံရံမှာကပ်ထားသော နာရီသံတချပ်ချပ်က ငြိမ်သက်နေသော ပတ်ဝန်းကျင်မှာကြီးစိုးနေသည်။အလိမ္မာသွေးရှင် ငါ့ကိုများမေ့နေတာလား?.....

အိမ်ရှေ့မှ ဖိနပ်သံကြောင့် နွေရင်ခပ် သူ့ခန္ဓာကိုယ်ကို ပြင်ကာထိုင်လိုက်သည်။

''ဟော....ရင်ခတ်လေးရောက်လို့ပါ့လား?ဟယ်...ခြေထောက်ကဘာဖြစ်တာလဲ?သား´´

ဒေါ်ဒေါ်နုယဥ်က သူ့ခြေထောက်ကိုမြင်တော့ စိုးရိမ်တကြီးမေးလာသည်။

''ဟို သံချွန်စူးသွားလို့ပါ´´

''ဆေးရောသေချာထည့်ထားရဲ့လား?´´

''အလိမ္မာသွေးရှင်ထည့်ပေးထားပါတယ်ဗျ...ဒေါ်ဒေါ်နုယဥ် စိတ်မပူပါနဲ့´´

ဒေါ်ဒေါ်နုယဥ်က ဂရုစိုက်ရန်ပြောကာ အပေါ်ထပ်သို့တတ်သွားသည်။

နွေရင်ခတ် လှေခါးထစ်ကိုမော်ကြည့်နေပေမဲ့ မျှော်နေသူကတော့ပေါ်မလာခဲ့။ကိုယ့်ဘာသာပဲပြန်လိုက်ရမလား?...

သူတွေဝေနေစဥ်မှာပဲ လှေခါးထစ်မှခြေသံတစ်သံက အောက်ထပ်သို့ဆင်းလာနေသည်။ထိုသူတော့မဟုတ်ခဲ့....

''သား ရင်ခတ်....မင့်အစ်ကိုက အရေးကြီးတယ်လီဖုန်းဝင်လာလို့ အလုပ်ကိစ္စစကားပြောနေရတယ်...ဒါ့ကြောင့်...´´

ဒေါ်ဒေါ်နုယဥ်က သူ့ကိုအားနာနေပုံရသည်။

''ရပါတယ် ဒေါ်ဒေါ်...ကျွန်တော့ဘာသာပြန်လို့အဆင်ပြေပါတယ်´´

''ဒီမှာ...မင့်အစ်ကိုက ပေးခိုင်းလိုက်တာ....စီးသွားလိုက်နော်´´

ကတီပါ ဖိနပ်တစ်ရံက သူ့ဆီရောက်လာပြန်ပြီ။

သူ ထိုဖိနပ်ကိုစီးကာ ခုံဖိနပ်ကို လက်မှကိုင်ရင်း တရွေ့ရွေ့နဲ့သာ အိမ်သို့ပြန်လာလိုက်သည်။

နွေရင်ခတ်သာ စေ့စေ့စပ်စပ်တွေးခဲ့မယ်ဆိုရင် တယ်လီဖုန်းက အိမ်အောက်ထပ်မှာသာရှိကြောင်း ဒေါ်ဒေါ်နုယဥ်ရဲ့ စကားတွေက မမှန်ကန်ကြောင်း သိနိုင်ကောင်းရဲ့။

''သူပြန်သွားပြီလာ?´´

''အင်း ပြန်သွားပြီ´´

''ဆေးက ဘာလို့ပုံမှန်မသောက်တာလဲ?´´

ဒေါ်လှနုယဥ်က ဆေးဗူးကို လက်ထဲမှကိုင်ရင်းပြောလာသည်။

''ဘယ်ချိန်ထိ ဒီဆေးတွေသောက်နေရအုံးမှာလဲ?ဗျာ´´

''အလိမ္မာ...မေမေ သားရဲ့အဲလိုအကျင့်တွေကိုမကြိုက်ဘူးနော်´´

''သားကြောက်တယ် မေမေရ´´

မျက်ဝန်းနက်တွေက စီးကျလာသော မျက်ရည်တွေကိုမတားဆီးနိုင်ခဲ့။

''ဆယ်မိနစ်လောက်လေး မမြင်ရတာနဲ့ ကမ္ဘာပျက်သလို ထိတ်လန့်မနေနဲ့......မွေးကတည်းက အမြင်အာရုံချို့တဲ့သူတွေကြားရင် ဟားတိုက်ရီကြလိမ့်မယ်´´

''မေမေ´´

''စိတ်ဓာတ်ပျော့ညံ့တဲ့ ဒီလိုပုံစံကို နောက်ထပ်မမြင်ချင်ဘူးနော် အလိမ္မာ!´´

ဒေါ်လှနုယဥ် သူ့သားအခန်းတံခါးကိုဆောင့်ပိတ်ကာ တံခါးကို ကျောမှီရင်း ကျဆင်းလာသော မျက်ရည်တွေကို လက်ဖြင့်အကြမ်းပတမ်းသုတ်လိုက်သည်။

သား၊သမီး မျက်ရည်ကျရင် နှလုံးသား အစိတ်စိတ်အမွှာမွှာ နင့်သည်းအောင် ခံစားရတာမိဘတွေပါ......








Comment