''🎶🎶ဘုရားငုတ်တို ရောင်တော်လွှတ်မှ
ပုံတော်ဆင် ဝတ်ကြပါဆို့....
မောင်ကြီးရေ....တော့....
အောက်ပြည်ဆို လေတော်ထိုး
ပိုးမှာလိုက်တယ်...လေလေ့.....
အနား....တစ်ဖက်တစ်ချက်ရယ်က
စိမ်းနုခြယ်....စိမ်းနုခြယ်....
အလယ်ခေါင် သံရောင်ကွပ်တယ်
ချစ်တဲ့သူ ယက်ခဲ့တယ်...
လက်ခတ်သံ လက်ခတ်သံ
မလေးလက်ခတ်သံ...
လက်ခတ်သံ လက်ခတ်သံ
ပျိုလေးလက်ခတ်သံ...
လက်ခတ်သံ ကျွန်းဖိုသား
သောင်းတိုင်က ကြားသလေလေ့...
လက်ခတ်သံ ကျွန်းဖိုသား
သောင်းတိုင်က သောင်းတိုင်က
သောင်းတိုင်က ကြားသလေလေ့...🎶🎶🎶´´
ယက်ကန်းခတ်သမားလေးများရဲ့ ယက်ကန်းတေးက သာယာနာပျော်ဖွယ် နားဝင်ချိုလှသည်။
နန်းမြင့်ကျေးရွာလို့ခေါ်ဆိုသော ထိုဒေသလေးသည် မြင်းခြံမြို့အနီးက ရွာလေးတစ်ရွာဖြစ်သည်။အိမ်တိုင်းနီးပါး ယက်ကန်းလုပ်ငန်းကိုလုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်းပြုကြသည်။
သူရထက်သောင်း မရောက်တာကြာပြီဖြစ်သော နေရာတစ်ခုဆိုလည်းမမှားပေ။
''မမအေး´´
''ဟယ်.....အသောင်း...´´အံ့သြတကြီးနဲ့ ဝမ်းသာအားရဖြစ်သွားသော မမအေးဆိုသူသည် ယက်ကန်းယက်တာကိုရပ်ပြီး ခရီးဦးကြိုလေသည်။
''မတွေ့တာကြာတော့...ရွက်ကြမ်းရေကျိုဖြစ်လာတာပဲအသောင်းရယ်....ဒီနှစ်တွေအတွင်း သာကြောင်းမာကြောင်းတောင် မပါးဘဲနေနိုင်ချက်တော်...မမအေးတို့မှာဖြင့် အသောင်းကို သတိရနေတာ...မနေ့တုန်းကတောင် ကိုမောင်က အသောင်းကို သတိရကြောင်းပြောနေသေးတာ´´
''ကဲပါ...မမအေးရယ်...ကျုတ်မိတ်ဆွေတွေကို စကားနဲ့ချည်းပဲဧည့်ခံမနေနဲ့ဗျာ....အစားလေးဘာလေးလဲလုပ်ပါဦးဗျ´´
''အယ်...ဟုတ်ပ´´ဟုဆိုကာ မမအေးက အိမ်ထဲသို့ ကသီကရီဝင်သွားလေသည်။
သူရထက်သောင်း အလိမ္မာသွေးရှင်နဲ့နွေရင်ခတ်ကို တန်းလျားပေါ်ထိုင်ခိုင်းလိုက်သည်။ထို့နောက် ထိုသူနှစ်ယောက်ကိုချန်ခဲ့ကာမမအေးအား ကူရန်ထွက်လာခဲ့သည်။
နွေရင်ခတ် သူရထက်သောင်းထွက်သွားမှ အလိမ္မာသွေးရှင်လက်ဖဝါးကို လှမ်းယူကာ ဖွဖွလေးမှုတ်ပေးလိုက်သည်။
လက်ဖဝါးက နီရဲကာ အရေကြည်ဖုထလုနီးပါဖြစ်နေခြေပြီ....
အကြောင်းကတော့ မြင်းခြံမှ နန်းမြင့်ရွာအထိ စက်ဘီးနင်းလာခဲ့ရသည်ကြောင့်ဖြစ်သည်။တစ်ယောက်တစ်စီး စီးတယ်ဆိုပေမယ့် လမ်းခရီးက အတော်အတန်ဝေးတာကြောင့် အလိမ္မာသွေးရှင် လက်ဖဝါးတွေ ထိုခရီးဒဏ်ကိုမခံနိုင်ဘူးဆိုတာသေချာနေသည်။နွေရင်ခတ် သူ့နောက်ခုံကနေ အလိမ္မာသွေးရှင်ကို တင်ခေါ်ချင်ပေမဲ့ ထိုလောက်ခရီးကို လူတစ်ယောက်ကိုနောက်ကစီးခိုင်းပြီး မနင်းနိုင်ပေ။
''နာနေလား?´´
''မနာဘူး...´´
''လိမ်တယ်´´
''လွှတ်´´
''မလွှတ်ဘူး´´
''ဘာဖြစ်နေတာလဲ?နွေရင်ခတ် သူများအိမ်မှာ အနေအထိုင်ဆင်ခြင်စမ်းပါ´´
အလိမ္မာသွေးရှင်က သူ့လက်ကိုအတင်းရုန်းကာ ခန္ဓာကိုယ်ချင်း အကွာအဝေးတစ်ခုခြား၍ ဘေးဘက်သို့ ရွှေ့ထိုင်လိုက်သည်။
နွေရင်ခတ် ခပ်ညစ်ညစ်ပြုံးကာ အလိမ္မာသွေးရှင်ကို ကျောနောက်ကနေဖက်လိုက်သည်။လက်နှစ်ဖက်ကို ခါးမှာရစ်ပတ်လိုက်ပြီး ပုခုံးပေါ်မေးတင်လိုက်သည်။
''နွေ~~~~မလုပ်~~~´´
''မင်းကငါ့အပိုင်ဆိုတာကို မင်းမေ့နေတာလား?´´ဟုပြောကာ အလိမ္မာသွေးရှင်ရဲ့လက်ကောက်ဝတ်ကိုသွားရာပေါ်အောင်ကိုက်လိုက်သည်။ဖြူဖွေးသွယ်တန်းသည့် ကြွက်သွားလေးများက အပေါ်ယံအရေပြားကိုထိုးဖောက်ကာ ခပ်နက်နက်သွားရာပေါ်လာသည်။
''ငါ မင်းကိုနားမလည်နိုင်တော့ဘူး...´´
''နားလည်ဖို့မလိုဘူး....အားလုံးရဲ့ အမျက်ဒေါသတွေကိုအပေါ်စီးကနေ ကြည့်ခွင့်ရဖို့...ငါ့အပိုင်ဖြစ်ပေးရင်ရပြီ´´
''ဒီလောက်ပဲလား?သေချာလား?နွေရင်ခတ်!´´
''အင်း....´´
''ဒါဆိုငါတစ်ခုလောက်တောင်းဆိုချင်တယ်´´
''ဘာများလဲ?´´
''ငါ့ကိုမချစ်ရဘူး.....´´
ထိုစကားကို ကြားလိုက်တော့ နွေရင်ခတ်က အသံထွက်ရယ်လိုက်သည်။
''အခုရော ငါကမင်းကို ချစ်နေလို့လား?ဟာသပြောတတ်တယ်ကွာ...´´
နွေရင်ခတ် အလိမ္မာသွေးရှင်ရဲ့ မျက်တောင်ရှည်ရှည်လေးတွေကို လက်ညိုးဖြင့်ထိကာပြောလိုက်သည်။
မျက်ဝန်းများက သုံးလေးချက်ခပ်သွားပြီး သူ့လက်ကို ခါထုပ်လာသည်။
''စိတ်မဆိုးပါနဲ့...မင်းရဲ့တောင်းဆိုချက်ကိုလက်ခံဖို့ ငါ့အတွက်အကြောင်းပြချက်လိုတယ်´´
''မင်းကငါ့အချစ်နဲ့မထိုက်တန်လို့!´´
''ဟောဗျာ....မောင်က အပြောသိပ်ကြမ်းတာပဲ...ငါ့နှလုံးသားလေးနာကျင်သွားပြီ´´
''နွေရင်ခတ်! တည်တည်တံ့တံ့နေစမ်းပါ´´
နှင်းတောထဲရောက်သွားသလို ထုတ်လွှတ်လာသော အေးစက်စက်အကြည့်စူးစူးကြောင့် နေရင်ခတ် နှုတ်ခမ်းရွဲ့လိုက်ကာ....
''မင်းကိုမင်း သိပ်တန်ဖိုးရှိလှပြီထင်မနေနဲ့...ငါ့နှလုံးသားမှာ မင်းအတွက်နေရာမရှိခဲ့ဖူးဘူး....ဒါ့ကြောင့် ဒီတောင်းဆိုချက်ကို တောင်းဆိုစရာမလိုသလို ငါလက်ခံမှာလည်းမဟုတ်ဘူး...´´
သူရထက်သောင်း ကညွတ်သုတ်ကိုယူလာတော့ အေးစက်စက်လေထုကြောင့် သက်ပြင်းချလိုက်သည်။တစ်ယောက်နဲ့တစ်ယောက် ဘယ်အချိန်မဆို တည့်သည်ကရှားသည်။နှစ်ယောက်သား တစ်အိုးတစ်အိမ်တည်ထောင်ရင် ဘယ်လိုဘယ်ပုံဖြစ်မည်လဲဆိုတာ တွေးကြည့်ယုံနဲ့ ရင်လေးမိသည်။
အဖုအထစ်တွေနဲ့စခဲ့တဲ့ ခရီးလမ်းကို ဘယ်အချိန်ထိလျှောက်လှမ်းနိုင်မလဲဆိုတာ ကာယကံရှင်နှစ်ယောက်အပေါ်မူတည်နေလေသည်။
''အဟမ်းးးး´´သူရထက်သောင်းလည်ချောင်းရှင်းကာ...''မင်းတို့ကလည်း ဆူပုတ်မနေကြပါနဲ့ကွာ....ဘီလူးမသံပုရာသီးစားတဲ့ရုပ်ဖြစ်နေတော့ မမအေးကို အားနာစရာကြီး...လုပ်ပါ...အောင့်အီးပြီးတော့ဖြစ်ဖြစ် ပြုံးလိုက်ကြပါကွာ´´
''ဟမ့်´´နွေရင်မျက်လုံးလှိမ့်ပြကာ သွားသုံးဆယ့်နှစ်ချောင်းပေါ်အောင် ဖြဲပြလိုက်သည်။အလိမ္မာသွေးရှင်ကတော့ အနည်းငယ်ပြုံးရုံသာပြုံးပြလာသည်။
''နန်းမြင့်တောင်တတ်မလား?မမအေး လိုက်ပို့မယ်လေ´´မမအေးက ရေနွေးကြမ်းကို ငှဲ့ပေးရင်းပြောလာသည်။
''သူတို့လည်းတောင်ပေါ်မရောက်ဖူးဘူးဆိုတော့...သွားကြတာပေါ့´´
နန်းမြင့်တောင်က မြင်းခြံသို့ပြန်သည့်လမ်းနားဘေးမှာရှိသည်။တောင်ခြေရင်းရောက်တော့ စက်ဘီးကို ဇရပ်ထဲမှာရပ်ထားခဲ့သည်။
လှေခါးထစ်များက အဆင့်ဆင့် အဆင့်ဆင့်နဲ့ လှပတဲ့ပုံကားချပ်တစ်ခုနဲ့ဆင်တူသည်။ဘေးတစ်ဖက်တစ်ချက်တွင် ချိုင့်ခွက်များ ကျောက်ဆောင်များဖြင့် မြင့်တစ်လှည့်နိမ့်တစ်လှည့်ဖြစ်ပေါ်နေသည်။
ထိုကျောက်ဆောင်များပေါ်တွင် ရက်စွဲများဖြင့်ရေးသားထားသည့် အချစ်သင်္ကေတစာများလည်းရှိသည်။နန်းမြင့်တောင်ဟာ ကောလိပ်နဲ့နီးသည့်ဒေသလေးဖြစ်သည့်အလျှောက် အချစ်ကဗျာတွေဖွဲ့သီခဲ့တဲ့ နေရာလေးတစ်ခုလည်းဖြစ်သည်။နားမှာ စာရေးခြင်းသည်းခံပါဟူသော ဆိုင်းပုဒ်ရှိပေမဲ့ မည်သူကမျှ လိုက်နာပုံမရ။အချစ်အတွက် အမှတ်တရ တစ်စိပ်တစ်ပိုင်းကို ချန်ထားချင်ခဲ့ပုံရသည်။
သူရထက်သောင်း အသစ်အဟောင်းများဖြင့် ပြည့်နှက်ရောနှောနေသော ထိုကျောက်ဆောင်ပေါ်မှ စာများကိုကြည့်နေမိသည်။သူသည်လည်း စာမရေးရဟူသော စည်းကမ်းချက်ကို ဖောက်ဖျက်ခဲ့သော သူတစ်ယောက်ဖြစ်ခဲ့ဖူးသည်မဟုတ်ပါလား?
''အသောင်း...အဆင်ပြေရဲ့လား?´´
''အတိတ်ကအတိတ်ပဲလေ...ဘာများမပြေစရာရှိပ့´´
''အသောင်းရယ်....´´
မမအေးက ကရုဏာသက်ကာ ပြောလာသည်။သူရထက်သောင်း မေ့ဖျောက်ထားတဲ့ အတိတ်တွေထဲပြန်ထိတွေ့ရတော့ သူ့နှလုံးသားက ပုံမှန်ထက်ခုန်နေတုန်းပဲ။ဒါပေမဲ့ နာကျင်မှုကရောယှက်နေလို့ ဒီနှစ်တွေအတွင်း ထိုနယ်မြေလေးမှာခြေမချဖြစ်ခဲ့ဖူး။အတိတ်ဆိုတာ တစ်ခါတူးဆွတိုင်း တစ်ခါနာကျင်ရသည်မဟုတ်ပါလား။
မမြဲသောလက်တွေတွဲခဲ့လို့ ငါတို့ဝေးခဲ့ကြပြီးပြီ။
လောကမှာ ဘယ်အရာမှမတည်မြဲဘူးလို့ မြတ်စွာဘုရားရှင်ကဟောကြားထားခဲ့တယ်။
ငါတို့က ထာဝရတည်မြဲမယ်လို့ကျိန်ဆိုပြီး မတည်မြဲခြင်းတွေကိုဆန့်ကျင်ခဲ့တယ်။
ငါတို့ သိပ်ကိုမှားယွင်းစွာရွေးချယ်ခဲ့ကြတယ်...
နန်းမြင့်တောင်မှာ အတတ်အဆင်းလူများဖြင့် မကြာမကြာဆုံရသည်။လူသူမပြတ်သော နေရာလေးတစ်ခုပင်ဖြစ်သည်။တစ်ချို့ကချစ်ရသူလက်ကိုတွဲလို့၊တစ်ချို့ကျ သူငယ်ချင်းများနဲ့စလိုက်နောက်လိုက် ပျော်ရွှင်နေကြသည်။
အလိမ္မာသွေးရှင် လှေခါးထစ်ပေါ်ထိုင်ချကာ အသင့်ပါလာသောရေကိုမော့သောက်လိုက်သည်။
''ငါမတတ်နိုင်တော့ဘူး...ဒီနားကပဲစောင့်နေမယ်...မင်းတို့ဘာသာသွားလိုက်ကြတော့´´အရင်နေ့က ကြိုးချည်ခံထားရသော ခြေခြင်းဝတ်ကိုကိုင်ကာ ပြောလိုက်သည်။
နွေရင်ခတ် အလိမ္မာသွေးရှင်ဘေးသို့သွားကာ ကတီပါစီးထားသော ခြေဖဝါးကို သူ့ဒူးပေါ်တင်ပြီး ယောင်နေသောခြေခြင်းဝတ်ကိုကြည့်လိုက်သည်။လမ်းအလျှောက်များတာကြောင့် သွေးကျနေပြီး ခြေထောက်ကပို၍ယောင်နေသည်။အနီရောင်သန်းကာတင်းပြောင်နေသည်။
သူတို့ထိုင်နေတုန်း ဘေးမှဖြတ်သွားသော အမိငယ်လေးများက ပေါ်ထင်တစ်မျိုးမသိမသာတစ်မျိုး ပြုံးကာကြည့်သွားသည်ကြောင့် အလိမ္မာသွေးရှင် သူ့ပါးနှစ်ဖက်မီးထတောက်တော့မည်ဟုထင်ရလောက်အောင် ပူရှိန်လာသည်။
''နွေရင်ခတ် မနာတော့ဘူး...လွှတ်တော့´´
''ဟမ်...ဟုတ်လို့လား?´´နွေရင်ခတ်က ခြေထောက်ကိုငုံ့ကြည့်နေရာမှ မယုံသောအကြည့်တို့ဖြင့်ပြောလာသည်။
''အမ်းးး´´အလိမ္မာသွေးရှင်ရှက်ကိုးရှက်ကန်းနဲ့ မြန်မြန်ထရပ်ကာဆက်သွားရန်ပြင်လိုက်သည်။
''မောင်ရှက်နေတာကလည်း ချစ်စရာလေးဗျာ....ဒီဆရာကိုအသည်းယားအောင်လုပ်နေတာပဲ´´
''မင်း...နွေရင်ခတ်´´နားကြားရှက်စရာတွေပြောနေသော နွေရင်ခတ်ကိုအနောက်မှာချန်ထားခဲ့ကာ အပေါ်သို့အမြန်တတ်လိုက်သည်။ခြေထောက်ကနာတာတောင်အမှတ်မရတော့ပေ။
''ငါ မင်းကိုမချစ်ဖို့ မင်းကတောင်းဆိုတယ်...မင်းရောငါ့ကိုချစ်သွားမှာမကြောက်ဘူးလား?´´
''ဟမ်´´အလိမ္မာသွေးရှင် အနောက်ကသူကိုလှည့်မကြည့်ခဲ။
''ငါခဏလေးစမ်းသပ်လိုက်ရုံပဲ...မထင်ထားဘူး မင်းကအညှာလွယ်သားပဲ´´
အလိမ္မာသွေးရှင်ခြေလှမ်းတို့ရပ်တန့်သွားသည်။ငါမေ့နေခဲ့တာ။မင်းနှလုံးသားမှာ ငါ့အတွက် အချစ်ဆိုတာရှိတာမှမဟုတ်ဘဲ။
မင်းကငါ့အပေါ်တစ်ချက်လေးကောင်းပြလိုက်တာနဲ့ ဟောဒီအသုံးမကျတဲ့နှလုံးသားက အမှတ်မရှိယိမ်းယိုင်ချင်နေတော့တာပဲ....ငါခဏတာလေး ပျော်ရွှင်သွားခဲ့တယ်ထင်တယ်.....
''ဟက် စမ်းကြည့်လေ...ထင်သလောက်လဲငါ့အသည်းကမနုပါဘူး....တုံးအချင်ယောင်ဆောင်ထားရုံပဲ´´
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း ဝဲတတ်လာသောမျက်ရည်များကို ပြန်ထိန်းလိုက်သည်။နောက်ကျောပေးထားသော အနေအထားမှ သူရထက်သောင်းတို့ကိုမှီသည်အထိပြေးသွားလိုက်သည်။
''ငါမင်းကို အမြဲတမ်းချန်ထားခဲ့ဦးမှာ..နွေရင်ခတ်....´´
နွေရင်ခတ် ထိုကျောပြင်ကိုကြည့်ရင်း ခြေလှမ်းတို့ဆက်လှမ်းဖို့တွန့်ဆုပ်နေမိသည်။အခုနက သူ့ရင်မှာဖြစ်ပေါ်လာသော စိုးရိမ်မှုတို့ကို ပြန်တွေးရင်း ဘာကြောင့်လဲဆိုတာ ဝေခွဲဖို့ခက်လှသည်။အမြဲတမ်း အကြင်နာတရားကိုလိုအပ်နေတဲ့မျက်ဝန်းတွေနဲ့ဆုံလိုက်တိုင်း ငါမင်းကိုထွေးပွေ့ထားချင်မိတယ်။
ဟုတ်တယ်...
မင်းက သနားစရာ သတ္တဝါလေးပဲ...အလိမ္မာသွေးရှင်.....
ဒီလိုတွေးလိုက်တိုင်း ငါနှလုံးသားမှာ ဒေါသတွေက မုန်တိုင်းတိုက်လာပြန်တယ်။မင်းရဲ့ သနားစရာမျက်ဝန်းတွေနဲ့ ငါ့ကိုလှည့်စားလို့မရဘူး....
••••••
ဒီထဲမှာရှိတဲ့ နေရာလေးတွေက အပြင်ဘက်နဲ့ကွာခြားမှုအများကြီးရှိပါတယ်။စိတ်ကူးသက်သက်မို့ နားလည်မှုနဲ့ဖတ်ပေးကြပါနော