7

ကျောင်းပြန်ရောက်တော့ အရင်အတိုင်းပဲ ။ ကျောင်းသွားကျောင်းပြန် ပျင်းရိစွာနဲ့ပဲ ။ ကွန်ပျူတာအချိန် လစ်ထွက်ဆဲ ။ စိတ်ထဲထင့်နေတာတစ်ခုက ပိုင်ရှင် ။


ပိုင်ရှင် ခုရက်ပိုင်း တစ်ခုခု ပြောင်းလဲနေသလိုပဲဟု ခံစားနေရသည် ။ ညဘက်ဆို စောစောအိပ်သွားလို့လား ။ မနက်စာကို ခိုတောင်မုန့်တီ မစားတော့လို့လား ။ ခေါင်းမသုတ်ခိုင်းတော့လို့လား ။ သူ့ဘက်ကို ကျောပေးပြီး အိပ်လို့လား ။ ဟိုကောင်ကပဲ ပိုင်ရှင့်ကို အပိုင်စီးထားလို့ပဲလား ။ တစ်ခုခုတော့ တစ်ခုခုပဲဟုထင်သည် ။ အခန်းထဲ တစ်ယောက်တည်း ကျန်ခဲ့တဲ့ ရက်တွေ များလာပြီဖြစ်သည် ။


ခု ပိုင်ရှင်အဆောင်သို့ ပြန်မရောက်သေး ။ '၇နာရီ'ထိုးပြီ ။ ဆောင်းအခါဖြစ်သောကြောင့် ညစောစောရောက်သည်လေ ။ ပြောတုန်းကတော့ ခဏလေးဆိုပြီး ၄နာရီခွဲ ကတည်းက ဟိုသေနာကျနှင့် ထွက်သွားတာ ခုထိ ပြန်မလာလေး ။ မီးစိမ်းနေသော ပိုင်ရှင့် အကောင့်ကို စာပို့ရသည် ။


....ပြန်မလာသေးဘူးလား.....


Send ဖြစ်သွားသော်လည်း Seen မပြသေး ။ စိတ်တို့က မယိုးမယွဖြစ်ရသည် ။ သူပို့တာ မသိလို့လား ။


....ငါ ထမင်းဝယ်ထားပေးရမလား....


အပြင်သွားရင် စားလာမှာ သိပေမယ့် သူသတိထားမိအောင် mg ပို့မိပြန်သည် ။ သူ ထမင်းစားချိန် တစ်ယောက်တည်း မစားချင်၍


.....စားခဲ့မှာလား....


သူဘာလို့ ဖတ်မကြည့်သေးတာလဲ ။ ဟိုလဒက ပိုင်ရှင့်ဖုန်းကိုများ သိမ်းထားတာလား ။


လိုတ စိတ်ရှုပ်ထွေးစွာ အခန်းထဲမှ ထွက်လာခဲ့သည် ။ အခန်းထဲ ထမင်းတစ်ယောက်တည်းမစားချင် ၊ ပန်းကန်ဆေးရမှာလည်း ပျင်းသောကြောင့် ဆိုင်တွင် ထိုင်စားရန် ဆုံးဖြတ်လိုက်တော့သည် ။ တိတ်ဆိတ်သွားသော အခန်းလေးက ငြိမ်သက်စွာ ကျန်နေခဲ့ပါသည် ။


........................ ............


Ocean မှ ရုပ်ရှင်ကြည့်ပြီး အဆောင်ပြန်တော့မည် ။ ခန့်မင်းသူက ခုတလော ပိုင်ရှင့်အား အပြင်သို့အမြဲခေါ်ထွက်နေသည် ။
Yummy ဆိုင်တွင် ခေါက်ဆွဲထိုင်စားတုန်း wifi ချိတ်ထားသောကြောင့် လိုတထံမှ mg ဝင်လာသည် ။
သူ ပြန်ဖြေမယ်လုပ်တော့ တစ်ယောက်ယောက်၏ စူးရဲစွာ ကြည့်မှုကို ခံစားလိုက်ရသည် ။ ခန့်မင်းသူက သူ့ကို တစိုက်မတ်မတ်ကြည့်နေသည်လေ ။ ပိုင်ရှင်လည်း ဖုန်းကို ဘေးသို့အသာချလိုက်သည် ။


" ကိုက ပိတ်ပင်တာတော့ မဟုတ်ပါဘူး ။ ခင်မြဲတိုင်းခင်လို့ရပါတယ် ။ ဒါပေမယ့် ပတ်ဝန်းကျင်ရဲ့ အမြင်မှာ တစ်မျိုးမဖြစ်စေချင်ဘူး ။ ''


ခန့်မင်းသူက သူ့စိတ်ထဲရှိရာအတိုင်း ဖွင့်ပြောပြသည် ။ သူငယ်ချင်းများ၏ ' မင့်ကောင်မလေးလား ၊ ဟို ဘောပြားရဲ့ ကောင်မလေးလား မသဲကွဲဘူး ။ တစ်ပူးပူး တတွဲတွဲနဲ့' ဟူသော စကားများကြောင့် ခန့်မင်းသူ စိတ်ညစ်မိတာ အမှန် ။ နေခဲ့သော ပတ်ဝန်းကျင်တွင်လည်း ထိုသို့သော လူမျိုးများမရှိ၍ဖြစ်သည်။ 'ယောကျ်ားလေးခြောက်ရင် အဲ့လိုလူတွေနဲ့မပေါင်းနဲ့ မင်းကိုပါ အဲ့လိုထင်သွားမယ် ။ မိန်းကလေးက မိန်းကလေးလိုမနေဘူး ၊ ကိုးလိုးကန့်လန့်'ဟူသော စကားများ မိဘတို့၏ တားမြစ်မှုကြောင့် ခန့်မင်းသူတွင် ထိုကဲ့သို့ ယောကျ်ားမဟုတ် မိန်းမမဟုတ်သော သူငယ်ချင်းများမရှိပါချေ ။


" လိုတက ချစ်နဲ့ အထက်တန်းကတည်းက အတူတူတက်ခဲ့တာမို့ ခင်တာပါ...တက္ကသိုလ်ရောက်တော့လည်း အတူတူပဲဆိုတော့....''


" ထားပါ ကိုက သူနဲ့ရှောင်ခိုင်းတာမဟုတ်ပါဘူး ။ ကိုလဲ စိတ်ထဲထားနေရင် နေရခက်လို့ ပြောတာပါ ''


ပိုင်ရှင်လည်း တစ်လတောင် မပြည့်သေးတဲ့ ချစ်သူသက်တမ်းမှာ အထစ်အငေါ့ မရှိစေချင်၍ ခေါင်းသာငြိမ့်လိုက်သည် ။ စိတ်ရှိတိုင်းဆို ' သူနဲ့တွဲတာ ဘာဖြစ်လဲ'လို့ပြောလိုက်ပစ်ချင်သည် ။ လိုတနှင့် မရင်းနှီးသေး၍သာ ထိုသို့ပြော​ြခင်းဖြစ်မည်ဟု ယူဆပြီး နောက်ခါ လိုတအားခေါ်လာရန် စိတ်ကူးရလေသည် ။


...........................................


" စေ... ထမင်းစားတော့မလား ။ ''


" မငယ်...မစားသေးဘူး ။ ဒီမှာ customer တစ်ယောက် လက်စဖြတ်လိုက်ဦးမယ် ''


မငယ်ဆိုသည်မှာ သူ့ဘဝရဲ့ အရေးပါဆုံး လူတစ်ယောက်ဟုပင် ဆိုနိုင်သည် ။ ကျေးဇူးရှင်ဟုလည်း ဆိုနိုင်ပေမည် ။ အိမ်ကနေထွက်လာတုန်း ခြူးတစ်ပြားမှ မပါခဲ့စဥ် မငယ်ကသာ သူ့ကို ညီမရင်းသဖွယ် ခေါ်တင်ထားသည်လေ ။ ပတ်ဝန်းကျင်အပယ်ခံ လူနှစ်ယောက် တစ်ယောက်ကို တစ်ယောက် အမှီသဟဲပြုကာ ရုန်းကန်ခဲ့ကြရင်း S and N ဟူသော ဒီbeauty Salon လေးကို ဖွင့်နိုင်ခဲ့ကြသည်လေ ။ ခုပြောတော့တာ 'ရုန်းကန်' ခဲ့ကြခြင်း ဟူသော စကားလုံးနှစ်လုံးလေးနှင့်သာ ဖော်ပြလိုက်ရသော်လည်း လက်တွေ့ကြုံဆုံခဲ့ရသည်က ပုံပြင်မဟုတ်တဲ့ လက်တွေ့ဘဝတွင်ပင် ။


သက်လတ်ပိုင်း မိန်းမငယ်တစ်ယောက်က စေ့ရှေ့တွင် ။ သူမ၏လက်ကို စေပေးသော ခုံပုလေးပေါ်မှာ တင်ရင်း စေဆွဲပေးနေသော လက်သည်းအလှပုံများကို ကြည့်နေသည် ။


" ရှင့်ကို ဒီမှာ ခုမှ မြင်ဖူးတယ် ။ အသစ်ရောက်လာတာလား ''


" ဟုတ်တယ် တို့က ရန်ကုန်ကနေ ရှေ့တစ်လလောက်ကမှ ပြန်ရောက်တာ ''


" ​ေဩာ် ဒါကြောင့်ကိုး... ကျွန်မက ဒီဆိုင်ရဲ့ အမြဲတမ်းဖောက်သည်လိုဖြစ်နေပြီ ။ လမ်းနဲ့သင့်သလို မငယ်ကလည်း သဘောကောင်းတယ်လေ ။ ဒါနဲ့ ဒီကနာမည်......''


" အားလုံးခေါ်သလို စေစေလိုပဲ ခေါ်ပါ ''


လက်သည်းကို အပြာရောင်ဆိုးထားပြီး အပေါ်မှာ ကြယ် နက္ခတ်တာရာတို့ထည့်ဆွဲထားသောကြောင့် ဖြူဝင်းသောလက်မှာ မထိရက်မကိုင်ရက်ပင် ရှိနေလေသည် ။


" ပြီးပြီလား စေစေ... ​ေဩာ် ဘယ်သူများလားလို့ ကြာညိုပါလား ။ မလာတာတောင် ကြာလှပေါ့ ။ ဘယ်တွေများရောက်နေလို့ မလာနိုင်ရတာလား ။ ထမင်းတစ်ခါတည်း စားသွားလေ ။ ဒီနေ့ကတော့ ငါးဟင်းချက်တယ် ။ စေစေက ကြော်ချက်မှ စားတာကြောင့် ကြော်ချက်ပဲဟေ ။ စေစေက ဂျော်လကီး မျော်ကားတယ် သိလား ''


မငယ်၏ ဝသီအတိုင်း ဖော်ဖော်ရွေရွေပြောနေသည် ။ ကြာညိုဆိုသော အမျိုးသမီးက ပြုံးရွှင်စွာနှင့်ပင်


" အိမ်မှာ ကလေးတွေရှိသေးတယ် အစ်မရေ... နောက်ကျနေရင် ကလေးဗိုလ်ကြီးက အရင်ဆုံး ဂျီကျနေလိမ့်မယ် ။ ''


" အေးပါ... အေးပါ... ''


မငယ်က အားငယ်သော မျက်လုံးလေးနှင့် ပြုံးပြနေသည် ။ အမှန်တကယ် အားငယ်ခြင်းတော့မဟုတ် စနောက်ခြင်းဖြစ်သည်ကို နှစ်ယောက်လုံး သိကြသည်လေ ။ လက်သည်းနှစ်ဖက်လုံးတွင် ညကောင်းကင်က အနုပညာဆန်စွာ လှပနေခဲ့သည် ။


" သူတောင် ကလေးရနေပြီ... အားကျလိုက်တာဟယ်... ညဆိုရင် နင်းပေးပြုပေးမယ့်သူနဲ့ မနက်ဆိုရင် နဖူးလေးနမ်းပြီး နှိုးပေးမယ့်သူနဲ့ ''


" ခုမှ အားကျမနေနဲ့ ငယ်တုန်းက ရအောင်မယူခဲ့ပဲ ခုမှ တမ်းတနေ... ကြီးမှ ဝက်သက်ပေါက်ချင်နေတာလား မငယ် ''


" ဟုတ်ပါဘူးအေ... ဟဲ့... မိန်းမ ညဥ်းအဲ့လို ပြောရမဲ့ဟာ မဟုတ်သေးပါဘူး ။ ကြီးမှ ဝက်သက်ပေါက်ချင်နေတာ ဘယ်သူလဲ... ပုဂံမှာတွေ့ခဲ့တဲ့ သူငယ်လေးကရော... ငါ မသက္ာဘူးနော် ''


ထိုအခါကျ စေစေမှာ မျက်နှာလေးရဲပြီး လက်က မဟုတ်ပါဘူး ဟုသာ တွင်တွင်ငြင်းနေသည် ။ မဟုတ်ရအောင် Electric bike နဲ့ Express ကားနောက် တောက်လျှောက်လိုက်နေတာ ဘယ်သူပါလိမ့် ။ ခုနလေးကတောင် MUFL-mail-box ကို စာပို့ထားသည်လေ ။ ၂၈ နှစ်ရှိပြီဖြစ်သော သူမသက်တမ်းတစ်လျှောက်တွင် ယခုတစ်ခါလောက် ဘယ်တော့မှ အိန္ဒြရေ မပျက်ဘူးပါချေ ။


မငယ်ကတော့ မယုံပါဘူးအေဆိုသည့်သဘောက မျက်နှာမှာ အထင်းသား ။ စေစေမှာ ထမင်းစားပင် မဖြောင့်တော့ ။

Comment