15

နှစ်ယောက်တည်း အတူတူမလာရ မသွားရတာ ဘယ်လောက်ကြာပြီလဲ ။ ပိုင်ရှင် ရည်းစားရပြီးသွားကတည်းကလား ။ ခုတော့ city mart ထဲ နှစ်ယောက်သား ဝင်သွားကြသည် ။


ဆောင်းတွင်းမို့ စိုင်းဆိုင်မောဝ်ရဲ့ သီချင်းလေးက လွမ်းလွမ်းဆွေးဆွေးလေး သင်းပျံ့နေသည် ။ ' ဆောင်းနှင်းဖွေးဖွေးလေး တောင်တန်းများကြားက အေးမြတဲ့ ကျွန်တော်တို့ ရှမ်းမြို့လေးကို........... '


"Trollery လား ခြင်းတောင်းလား ''


" ခြင်းတောင်းကိုင်မယ် ''


လိုတ ခြင်းတောင်းကို ကောက်ဆွဲလိုက်သည် ။ သစ်သီးဝလံလိုင်းမှ စ၍ ဘာဝယ်ရင်ကောင်းမလဲ စဥ်းစားနေသည် ။


ပန်းသီးကလည်း သုံးမျိုးဖြစ်နေသည်။ အနီရင့်ရင့်အရောင်များနဲ့ ပန်းသီးသုံးမျိုးသုံးစား ။ ​ကြည့်ရတာ စနှိုးဝိုက်ကားထဲက စုန်းမကြီးပေးတဲ့ ပန်းသီးလိုလို ။ ပိုင်ရှင်က စပျစ်သီးအစိမ်းရောင်မျိုး တစ်ဘူး ဆွဲခြင်းထဲထည့်လိုက်သည် ။ နောက်ဘက် ရေခဲသေတ္တာက ပူတင်းငါးဘူး နှင့် နို့ချဥ် နှစ်ဘူး ထည့်လိုက်သည် ။


နောက်ကောင်တာကို သွားလိုက်ပြီး korea mochi ကို သွားကြည့်ပြန်သည် ။ အရောင်စုံတဲ့ mochi ၆ လုံးတစ်ဘူးကို မှာလိုက်ပြန်သည် ။ ဒီကောင်မလေးက အစားနှင့်ပတ်သတ်လျှင် စိတ်မပူရ ။ လိုင်း 2 က သရေစာအထုတ်တန်းရောက်သွားပြန်သည်။ နေကြာစေ့ ၊ အာလူးကြော် ၊ သီဟိုဠ်ခြောက်များကို ဝယ်ထည့်ပြန်သည် ။


ဆောင်းတွင်းအတွက် ရောင်စုံသိုးမွေးဦးထုပ်တွေလိုင်းထဲဝင်ကာ ဘယ်ဦးထုပ်လှသလဲ ကြည့်နေလေသည် ။ အဝါရောင် Hoodie ဝတ်လာသော သူမက အဝါရောင် အသီးလုံးပါ ၊ နေကြာပန်းပုံ ဖော်ထားသည့် သိုးဦးထုပ်လေးကို ဆောင်းလိုက်သည် ။


" ငါနဲ့လိုက်လား ''


ပိုင်ရှင်က မျက်လုံးလေး ပေကလပ်ပေကလပ် လုပ်ကာ မြူစွယ်နေသည် ။ လိုတက


" အွန်....မဖဲဝါလိုပဲ လှတယ် ''


ပိုင်ရှင်က နှာခေါင်းလေး ရှုံ့ပြလာပြီး မျက်စောင်းလှမ်းထိုးနေသည် ။


" နင်ရော ဘာထူးလဲ တစ်ခါလာလဲ အမဲရောင် တစ်ခါလာလဲ အနီရောင်နဲ့ ၊ တစ်ခြားအရောင်လေးတွေ ရွေးဝတ်ကြည့်ပါဦးလား ''


ပိုင်ရှင်က လိုတဝတ်လာသည့် Hoodie အမဲရောင်ကို ကိုင်ကာ ပြောလာသည် ။ တကယ်တော့ လိုတ မစဥ်းစားတတ်ခြင်းဖြစ်သည် ။ အရင်က အနီရောင် အမဲရောင်များသာ ရှိသည် ။ တစ်ခြားအရောင်ဝယ်ဖို့ရာက သူနဲ့လိုက်ရဲ့လား သူမသိ ။ တစ်ခြားအရောင်တွေ လှနေတယ်ဆိုရင်တောင် သူက အနီရောင်နှင့်အမဲရောင်ကိုသာ ရွေးလိမ့်မည် ။ ဘာကြောင့်ဆို သူသိတတ်စကတည်းက အနီနှင့် အမဲရောင်ကိုသာ ဝတ်ဆင်ခဲ့ခြင်းကြောင့်ပင် ။


" ငါက အမဲရောင်နဲ့ လိုက်တယ်လေ ''


" အဝါရောင်က စိတ်ကိုကြည်စေတယ် စိတ်ကုထုံးအနေနဲ့လည်း အသုံးဝင်တယ်လေ ။ မယုံရင် နေကြာခင်းကြီးကို ကြည့်ကြည့်လိုက် ေပျာ်ရွှင်မှုကို ခံစားရလိမ့်မယ် ''


" ဘာပဲပြောပြော အနက်ရောင်က ဂျီးမပေလွယ်ဘူးလေ ''


" နင် လျှော်ပျင်းလို့ဆိုတာ သိသားပဲ ။ ခေါင်းအုံးဖုံးလေး လျှော်ဖို့တောင် မနည်းပြောရတယ် ''


လိုတ တဟီးဟီးသာ ရယ်ပြလိုက်သည် ။ ပြန်ပြောဖို့ရန်ကျ အမှန်တရားတွေ ဖြစ်နေသည်လေ ။


" ရော့ ....ဒါဆောင်း.....''


လိုတ ခြင်းတောင်းဆွဲထားသောကြောင့် ပိုင်ရှင်ကပင် yellow beanie hat လေးကို ဆောင်းပေးလိုက်သည် ။ လက်နှစ်ဖက်က ဦးထုပ်ထဲ လျှိုဝင်ထားသောကြောင့် သူဆောင်းလိုက်သည့်ခါ ပိုင်ရှင့်လက်တို့က သူ့နားကို အုပ်ကိုင်ထားလေသည် ။ ေနွးနေလေရဲ့.........


လိုတ အဝါရောင်မကြိုက်သော်လည်း ငြင်း၍မရ ။ ပိုင်ရှင်က ချွတ်ရဲချွတ်ကြည့်လိုက်ဟူသော မျက်လုံးများနှင့်ကြည့်နေသောကြောင့်ပင် ။ ထို့နောက် အလှကုန်ပစ္စည်းတို့အတန်းကို ဝင်သွားသည် ။ ပိုင်ရှင်က face mask ထုပ်တွေကို ကိုင်ကြည့်နေသည် ။ ဘယ်ဟာက ဘယ်လို အရည်ထိန်းတာတွေ ဘာတွေ ရှင်းပြနေတာပဲ ။ နောက်ပြီး လိုတကို ဘယ်ဟာ ယူရင်ကောင်းမလဲဟု မေးနေသည် ။


" မေးချင်ရင် ဟို အစ်မတွေကို မေးလေ ။ ငါက အဲ့တာတွေ ဘယ်လို သိမှာတုန်း ''


ပိုင်ရှင် cosmatic တွေအကြောင်းမေးနေတုန်း သူ တစ်ခြားလိုင်းဘက် လျှောက်ကြည့်​ေနသည် ။
တော်တော်ကြာပြီးမှ Mask ထုပ်၂ထုပ်သာ ဝယ်လာခဲ့သည်လေ ။


ဦးထုပ်ဖိုးကို လိုတ တစ်ယောက်တည်းသာ ရှင်းလိုက်ပြီး ကျန်တာတွေက တစ်ယောက်တစ်ဝက် မှတ်ထားလေသည် ။
ပြန်ခါနီး


" နေဦးလေ.....ငါတို့ ကိုးရီးယား ထမင်းသုတ် (Bibimbap)လေး စားသွားရအောင် ''


အောက်ထပ်မှ ကိုးရီးယားအစားအစာဆိုင်တွင် ဝင်ထိုင်ဖြစ်ကြသည် ။ နှစ်ယောက်တစ်ပွဲသာ မှာကြသည် ။ တစ်ပွဲကိုမှ အများကြီးရသည် ။ တူတွေ ဇွန်းတွေ ချပေးလာတော့ ပိုင်ရှင်က တူကိုစိုက်ကြည့်နေရင်း


" တရုတ်တွေ ဘာလို့တူနဲ့စားတာလဲ သိလား ''


လိုတက သစ်ရှူးစ တစ်ရွက် ထုတ်ယူလိုက်ပြီး တူတွေ ဇွန်းတွေကို ပြန်သုတ်နေသည် ။ မပြောင်မှာ စိုး၍ မဟုတ်ဘဲ အမှာစောင့်ရင်း လုပ်စရာမရှိတတ်သောကြောင့်ပင် ။ ပိုင်ရှင့်အမေးကိုတော့ ခေါင်းတစ်ချက်ယမ်းပြလိုက်သည် ။


" ငါ ငယ်တုန်းက တရုတ်မ သူငယ်ချင်းအိမ် လိုက်လည်ဖူးတယ် ။ ထမင်းစားချိန်ဆိုတော့ ​ငါလဲ တူနဲ့စားတာမြင်ပြီး မေးကြည့်တာပေါ့ ။ အဲ့တာနဲ့ သူငယ်ချင်းက တိတ်တိတ်လေး ငါ့ကို ပြောပြတာ .....တရုတ်ပြည်က မြန်မာနိုင်ငံကို အမျိုးမျိုး ကျူးကျော်ဖူးတယ်လေ.....အဲ့မှာ တရုတ်တွေက မြန်မာကိုနိုင်အောင်မတိုက်နိုင်ဘူးတဲ့ ။ အဲ့ဒါနဲ့ သူတို့ရဲ့ခေါင်းဆောင်က ' သောက်သုံးကို မကျဘူး ။ မင်းတို့တွေ မြန်မာတွေရဲ့ ချီးကုန်းတဲ့တုတ်နဲ့ပဲ ထမင်းစားကြ' လို့ ပြောတာတဲ့ ။ အဲ့တာနဲ့ သူတို့ကလဲ စားရတာတဲ့ ။ နောက်ပိုင်း တူနဲ့စားတာ အရသာတွေ့သွားတာကြောင့် တူနဲ့ပဲ စားကြတော့တာတဲ့ ''


လိုတ ရယ်နေပေမယ့် ပိုင်ရှင့်ကို မယုံပေ ။


" နင့် သူငယ်ချင်းက တရုတ်ကော ဟုတ်လို့လား ''


" တရုတ်မို့ပေါ့ဟ တူနဲ့စားတာတွေ့တာ ''


တရုတ်- မြန်မာ စစ်ပွဲတွေ ဖြစ်ခဲ့တာလည်း အမှန် ဖြစ်ပြီး မြန်မာလူမျိုးတွေ တုတ်နဲ့ပဲ ချီးကုန်းတာကလည်း အမှန်ပင်ဖြစ်သည်လေ ။ ယခုထိအောင် အမေ့ရွာ ဗန်းမောက် ၊ စက်တောဘက်ကဆို အိမ်သာထဲ တုတ်ချောင်းတွေသာ ထားထားသည်လေ ။ ဆွေပြမျိုးပြသွားပြီဆို ထိုကိစ္စက တစ်ဒုက္ခပင် ။


စားမယ့် သောက်မယ့်ထဲ အိမ်သာ ကိစ္စပါလာတော့ နောက်ထပ်ဆက်မမေးတော့ချေ ။ ခဏကြာ Bibinbap ထမင်းသုတ် လာချလာသည် ။ ဝက်သားမစားသော လိုတကြောင့် ကြက်သားနှင့်သာ မှာလိုက်သည် ။ ထမင်းကို မနယ်ပဲ ထမင်းဖြူပေါ်မှ ကြက်ဥ မကျက်တစ်ကျက်ကို တင်ထားသည် ။ ဘေးတွင်တော့ ကြက်သားပါးပါးလှီးသည်က တစ်ပုံ ၊ ​​​ခြစ်ထားသော ခါကျက်ဥနီကတစ်ပုံ ၊ သခွားသီးအမျှင်မျှင်လေးတွေက တစ်ပုံ ၊ ပြုတ်ထားသော ပဲပင်ပေါက်က တစ်ပုံ ၊ ရေညှိပြားလေးတွေကိုတော့ အပေါ်မှ ဖြူးပေးထားသည် ။ ကိုးရီးယား ငရုတ်ဆော့ကိုလည်း ထည့်ထားပေးသည် ။


ပိုင်ရှင်က အားလုံးကို ပနော်လိုက်သည် ။ ကြက်ဥနှစ်အိအိလေးတို့ စီးကျသွားသည်ကို မြင်ရတာ လိုတ သွားရည်ပင် ကျချင်နေပြီဖြစ်သည် ။ အစားအသောက်ကို ဘယ်လိုကောင်းအောင်စားရမလဲက ပိုင်ရှင် ပိုသိသည် ။


နှစ်ယောက်စလုံး နှုတ်ခမ်း လျှာသပ်ကာ တစ်ပန်းကန်ထဲ ခေါင်းနှစ်လုံး မဖော်အောင် စားကြတော့သည် ။ ' စားကောင်းတယ်' ဟုပင် မပြောနိုင်ကြတော့ ။


............................................


စည်းလုံးခြင်းသည် အင်အားကို ဖော်ပြပါဆိုလျှင် ငယ်တုန်းက သင်ခဲ့ရသော အဖိုးအိုနှင့် သားသုံးယောက်ကို ပြေးမြင်မိမည်ထင် ။ ထင်းတစ်ချောင်းတည်းကို ချိုးနိုင်သော်လည်း ထင်းအစည်းကို မချိုးနိုင်ဘူးပေါ့ ။


တက္ကသိုလ် ရောက်လို့ စည်းလုံးခြင်းသည် အင်အားကို ဖော်ပြပါဆိုလျှင် Tutorial ဖြေရသည်ကို မြင်မိလာတော့မည် ။ အဖိုးအိုလို ထင်းစည်း ချိုးခိုင်းစရာမလိုတော့ ။ စာမေးပွဲ စစ်ကြည့်လိုက်ရုံပင် ။


တက္ကသိုလ် သဘာဝမို့ ထွေထွေထူးထူးမဟုတ် ။ အားလုံးက နားလည်ကြသည်ပင် ။ တစ်ချို့ဆရာမတွေကျ သိက္ခာရှိရှိဖြေ ဟုသာ ပြောသည် ။ တစ်ချို့ဆရာမတွေကျ Tutorial မှာ အမှတ်ဘယ်လောက်ကောင်းကောင်း လုပ်ငန်းခွင်မှာ အသုံးမချတတ်ရင် အလကားပဲဆိုပြီး စာမေးပွဲခန်း သိပ်မကြပ်ပေ ။


ခုတော့ MUFL ဘီဆောင်မှ တတိယနှစ်ကျောင်းသားများ Philosophy ဖြေနေကြသည် ။ အတန်းချိန်နောက်ဆုံးမှ ဖြေရသည့်တိုင် မေးခွန်းအားလုံးလည်း သိနှင့်နေပြီး ဖြစ်သည် ။ တစ်ခြားမေဂျာက ဘာမေးခွန်းမေးတယ်ဆိုတာ ပြောပြလာတာကိုး ။ ဒီနေရာမှာ အဆက်အသွယ်ကောင်းတဲ့ ပိုင်ရှင့်လို လူမျိုးလဲ အရေးပါသည်ပင် ။


မနေ့တုန်းက မုန့်စားလိုက် ဇာတ်ကားကြည့်လိုက်နှင့် စာမကျက်ခဲ့ကြသော လိုတတို့နှစ်ယောက်လည်း အဖြေမှန်များကို မှတ်နေကြသည် ။


ဒီလိုချိန်တွေဆို သိပ်ပျော်စရာကောင်းခဲ့သည် ။

Comment