23

လိုတ ကော်ဖီအေးတစ်ခွက်ကို ဝယ်လာရင်း အဆောင်သို့ပြန်လာခဲ့သည် ။ အတန်းသားများက သူကြားအောင် မပြောကြသော်လည်း တိုးတိုးချွတ်ချွတ် ကြားနေရသည် ။ သူနှင့်ပိုင်ရှင်ကြား အခန့်မသင့်မှုတွေကြောင့် ဘာဆက်ရှင်းရမှန်းမသိတော့ ။ ဒီနေ့ သေချာပေါက် ပိုင်ရှင့်ကို မေးရမည် ။ တကယ်ဆို လိုတမှာ ပိုင်ရှင် သူ့ရည်းစားနှင့် လမ်းခွဲလိုက်တာကိုပင် နောက်ကျမှ သိရသူဖြစ်သည် ။


အခန်းထဲ ဝင်လာတော့ ကုတင်ပေါ်တွင် အိပ်နေသော ပိုင်ရှင့်ကို တွေ့သည် ။ ေကျာင်းဝတ်စုံပင် မလဲရသေးပဲ လှဲအိပ်နေသော ပိုင်ရှင့်ကို နှိုးကြည့်သည် ။


" ပိုင်ရှင်........ပိုင်ရှင် ''


တကယ် အိပ်ပျော်နေသည်လား ။


" ပိုင်ရှင်.....''


အိပ်နေသည်မဟုတ် လှဲလျောင်းနေခြင်းသာ ဖြစ်သောကြောင့် ပိုင်ရှင်က မျက်လုံးဖွင့်ကာ သူ့ထံကြည့်လာသည် ။ သူကြည့်လာတော့လည်း လိုတမှာ ဘာဆက်ပြောရမလို ဆွံ့အနေမိပြန်သည် ။ ဒီကိစ္စကို ဘယ်လိုစမေးရင် ကောင်းမလဲဟု တွေးမိပြန်သည် ။


" ငါ ကော်ဖီအေး ဝယ်လာတယ် ''


လိုတ ဝယ်လာသော အော်ဖီအေးကို မြှောက်ပြလိုက်သည် ။


" တော်ပြီ... ငါ ဗိုက်ပြည့်နေတယ် ''


လိုတ စကားတို့ 'တိ' ကနဲ ပြတ်ကျသွားပြန်သည် ။ အော်ဖီအေးကို စားပွဲပေါ်တွင် တင်ထားလိုက်ပြီး ပိုင်ရှင့်ကို တစ်ဖန် ပြန်ကြည့်လိုက်သည် ။ ပိုင်ရှင်က မမျက်လုံး မှိတ်ထားသည် ။


" ပိုင်ရှင်... ငါတို့ စကားပြောဖို့လိုပြီထင်တယ် ''


". .........''


" နင့်ကို အော်မိတဲ့အတွက်လည်း တောင်းပန်ပါတယ်... ငါ့ကို စိတ်ဆိုးနေတာမလား...''


". ......''


" နောက်ပြီး...နင် ဘာလို့ ခန့်မင်းသူကို ဖြတ်လိုက်တာလဲ ''


". ........''


" ငါ့ကို စိတ်ဆိုးနေတာနဲ့ လုပ်ချင်တာ လုပ်ပစ်တော့တာလား...''


စကားပြန်ပြောသော ပိုင်ရှင့်ကို သူ စိတ်ညစ်စွာ ကြည့်နေမိသည် ။ လိုတ ကုတင်ပေါ် ထိုင်လိုက်ရင်း


" ဘာလို့... သူနဲ့ လမ်းခွဲလိုက်တာလဲ ''


လိုတ ခန့်မင်းသူကို ကြည့်မရပေမယ့် ပြတ်စေချင်သည်တော့မဟုတ် ။ သူ ကြည့်မရသော်လည်း ခန့်မင်းသူက ပိုင်ရှင့်ကို တော်တော် ချစ်ကြောင်း သူလည်းသိသည်လေ ။ ထို့ကြောင့် လိုတ ထိုကိစ္စ၏ အကြောင်းပြချက်အမှန်ကို သိချင်မိသည် ။


" ငါ.သူ့ကို မနာလိုပေမယ့် သူက နင့်ကို တကယ်ချစ်ပါတယ် ''


" ဘာလဲ နင်က သူ့ဘက်ကနေ ရှေ့နေလိုက်ပေးနေတာလား ''


ပိုင်ရှင်က ထထိုင်ကာ သူ့အားကြည့်ပြောလာသည် ။ မျက်နှာပေါ်တွင် မကြည်ကြည့်တို့က အထင်းသား ။


" မဟုတ်ပါဘူး...နင် ဘာကြောင့် သူနဲ့ လမ်းခွဲလိုက်တာလဲပဲ သိချင်တာ ''


" ငါ မတွဲချင်တော့လို့ ဖြတ်လိုက်တာ ဒါပဲ ''


လွယ်လား ။ relationship တစ်ခုကို မတွဲချင်တော့လို့ဆိုသည့် အကြောင်းပြချက်နှင့် ဖြတ်ပစ်လိုက်တာမျိုးက ခံရခက်စရာကောင်းသည် ။


" မတွဲချင်တော့လို့ ဆိုတာ ယုတ္တိမှ မရှိတာ ''


" ရှိရှိမရှိရှိ ... ငါ ဖြတ်ချင်လို့ ဖြတ်တာ ''


လိုတ စိုးထိတ်သွားရသည် ။


" ဒါကြောင့်ပဲလား... ''


စိတ်ထဲ အကြောက်တရားတစ်ခု ဝင်လာပြန်သည် ။ ပိုင်ရှင်သည် အကြောင်းပြချက် မရှိဘဲ လမ်းခွဲတတ်သည် ဟူ၍ ။ သူ ဖွင့်ပြောမှာ မဟုတ်ပေမယ့် အကြိမ်ကြိမ် အခါခါသော စိတ်ကူးထဲတွင်သော သူ ပိုင်ရှင့်ကို ဖွင့်ပြောနေမိသည်လေ ။ ယခင်က ဖွင့်ပြောလို့ ငြင်းခံရသည် ရှိသော် ဟူသော ကြောက်စိတ်တစ်ခု ။ ယခုက ပိုင်ရှင် ငြီးငွေ့သွားပါက ပစ်ပယ်သွားနိုင်သည် ဟူသော ကြောက်စိတ်တစ်ခု ။


ထို့နောက်တွင် လိုတ နှုတ်ဆိတ်လျက် ။ ကျောင်းအဝတ်အစားများကိုသာ ချွတ်လဲလိုက်ရင်း ။ ကော်ဖီအေးကတော့ အရသာကျဲနေတော့မလား ။ လိုတ ထားသည်အတိုင်း စားပွဲပေါ်တွင်သာ ။
.


.


ကျောင်းသွားသည့်အခါ ပိုင်ရှင်က သူ့ဆိုင်ကယ်နှင့်သူ အရင်သွားနှင့်ပြီ ။ လိုတ ပြိုင်ဘီးကြီးနှင့် ထဘီ ကိုးယို့ကားယား ဖြစ်နေမည်စိုး၍ ခြေလျင်သာ လျှောက်လာခဲ့သည် ။ သူ့ခြေလှမ်းတို့က ခဲဆွဲထားသလို လေးလံနေသည် ။ သူ ကျောင်းမသွားချင်တော့ ။ စပ်စုတတ်သော မျက်လုံးများ ၊ အဆိပ်ပါသော လျှာဖျားများကို သူရှောင်ကွင်းချင်သည် ။


ကျောင်းပေါက်တွင် မထင်မှတ်ထားသော သူနှင့် တွေ့လေသည် ။ ခန့်မင်းသူက သူ့ကို ရွံရှာသလိုကြည့်လာခဲ့သည် ။ မကျေနပ်သော မျက်ဝန်းများက မီးတောက်တစ်ခုလို ။ နားပါးသည် မဟုတ်သော်လည်း ''​ေ-ာက် ဘောပြားမ '' ဟူသော စကားသံ ကြားလိုက်မိသလား ။ လိုတ သူ့အား ဂရုမစိုက်ဟန်နေသောကြောင့် ကိုယ်ပဲ နားကြားမှားသလား ဟု စိတ်ထင့်သွားမိသည် ။ ကျောင်းဆောင်ပေါ်တက်မည့် လှေကားမှ သူလှည့်ထွက်လာခဲ့သည် ။ ကျောင်းပြေးရင် ကောင်းမလားဟု စဥ်းစားနေသည် ။


ကျောင်းမုန့်ဆိုင်က ပဲနို့ဘူး နှင့် ချောကလက် ဝယ်ပြီး ကန်ဘောင်တွင် ထိုင်စားနေလိုက်သည် ။ ကျောင်းတက်ချိန်နီးပြီဖြစ်သော်လည်း သူ အတန်းထဲ မသွားဖြစ် ။ လိုတ ကြောက်သည် ။ ဘယ်သူ့မှ ဂရုမစိုက်ဟန်နေခဲ့သော်လည်း အတန်းသားတစ်ချို့၏ မျက်လုံးများအား ရင်မဆိုင်ဝံ့သေး ။ ပိုင်ရှင်နှင့် ခန့်မင်းသူကိစ္စက သူ့အမှားမဟုတ်ပါဘဲနှင့် သူက ဘာကို ကြောက်နေရသနည်း ။


လိုတ ဘာကြောင့်ရှောင်ပုန်းနေသလဲ မေးခွန်းထုတ်ရင်းသာ ။ line ပေါ်တွင်လည်း MUFL မှ Yuri အတွဲဆိုပြီး နာမည်ကြီးနေလေသည် ။ လိုတ ' မဟုတ်ပါဘူး ' ဟု ဘယ်လိုနည်းဖြင့် ငြင်းရမလဲ ။ ပိုင်ရှင်ကလည်း ဘာမှ ဖြေရှင်းချက်မပေးပေ ။ လိုတ ကိုယ့်ကိုယ်ကို ဝန်မခံခြင်းတစ်ခုမှာ သူ့အား Popping လုပ်သည်ဟု ထင်ကြမှာ စိုး၍ပင် ။


" ဟေ့...ဟိုကန်ဘောင်က ကျောင်းသား အတန်းတက်ပြီ ။ အခန်းထဲ မသွားသေးဘူးလား ''


ပါချုပ်ကြီးများနှင့် ဆရာမများ round မလှည့်ခင် ကျောင်းသားများကို ကြို၍ မောင်းထုတ်နေသည် ။ တစ်ချို့လူများက ကန်သင်းဘက် ရှောင်ပုန်းသွားကြပြီ ။ လိုတက ထိုဆရာမအား ခေါင်းငုံ့ပြလိုက်ပြီး ကန်ဘောင်မှ ထလာခဲ့သည် ။


သို့သော် အတန်းထဲသို့ မဟုတ် ။


လိုတ အဆောင်ကို ပြန်ပြီး ဘောင်းဘီလဲကာ စက်ဘီးနှင့် ထွက်လာခဲ့သည် ။ Snow mart ဆိုင်ထဲသို့ ဝင်ကာ စီးကရက် ဝယ်လိုက်သည် ။ မျက်လုံးထောင့်မှ မြင်လိုက်သော ဘီယာဘူးကလည်း သူ့ကို ဆွဲဆောင်နေတာကြောင့် ထို ရေခဲသေတ္တာထဲမှ ဘီယာတစ်ဘူးကိုလည်း ယူကာ ငွေရှင်းလိုက်သည် ။


လိုတ ဆေးလိပ်သောက်ရန် ကျုံးရှေ့သို့သာ ထွက်လာခဲ့တော့သည် ။ ကားတွေ အမြောက်အမြားက လမ်းမထက် စုန်ဆန် မောင်းနှင်နေကြသည် ။ ဆေးလိပ် စီခံပိုင်းကို နှုတ်တွင်ခဲပြီးမှ မီးခြစ်မပါလာမှန်း သူသတိရသွားသည် ။ စက်ဘီးကို  အိပ်ငွေ့ပင်တွင်မှီကာ မီးမညှိထားသော ဆေးလိပ်ကို ခဲလျက် ကျုံးရေပြင်ကိုသာ ကြည့်နေလိုက်တော့သည် ။


နီကိုတင်းက လူကို စွဲလမ်းစေတတ်သော အာနိသင်ရှိသည် ။ ပိုင်ရှင်သည် နီကိုတင်းနှင့် တူနေမလား ။ နီကိုတင်းက အဆုပ်ကိုလည်း ဒုက္ခပေးသည် ။ ဒီခု ပိုင်ရှင်သည်လည်း လိုတနှလုံးသားအား ဒုက္ခပေးနေသည် ။ တကယ်ပင် ပိုင်ရှင်ဟာ သူသောက်နေကျ နီကိုတင်းပင်ဖြစ်လိမ့်မည် ။


လိုတက သူ၏ တကယ်လို့များ' ဟူသော ပုံပြင်များကို တွေးတောနေသည် ။ တကယ်လို့များ သူဟာ မိန်းကလေးစိတ်နှင့် ကောင်မလေးတစ်ယောက်သာ ဖြစ်ခဲ့လျှင် ၊ တကယ်လို့များ ပိုင်ရှင်နှင့်သူ သိပ်ပြီးမရင်းနှီးခဲ့ကြရင် ၊ တကယ်လို့များ ပိုင်ရှင်ကို ချစ်မိတာ မဟုတ်ဘူးဆိုလျှင် ၊ တကယ်လို့များ သူ ပိုင်ရှင့်အား ဖွင့်ပြောလျှင် ၊ တကယ်လို့များ သူနှင့် စေသာ မတွေ့ခဲ့ဘူးဆိုလျှင်....................


ယခုတလော ကိစ္စအဝဝများကြောင့် စေနှင့် အပြင်မထွက်တာ ​ကြာပြီဖြစ်သည်ကို လိုတ သတိရသွားသည် ။ စေနှင့်သူသည် ဒီကျုံးကြီးကို အကြိမ်ကြိမ် ပတ်ဖူးလေသည် ။ ဆေးလိပ် ဖင်စီခံမှာ လိုတ သွားနှင့်ကြိတ်၍ ပုံပျက်နေချေပြီ ။ လိုတ စေ့ဆီ သွားရမလား စဥ်းစားနေသည် ။ သူသွားလျှင် အနှောင့်အယှက် ဖြစ်သွားမလား တွေးနေသည် ။


သူ တစ်ယောက်တည်း နေချင်သေးသော်လည်း ဖိစီးလာသော စိတ်အခြေအနေကြောင့် တစ်စုံတစ်ယောက်ထံ ဖွင့်ဟပစ်ချင်သည် ။ စေနှင့်စတွေ့ခဲ့သည့်အချိန်ကို သတိရသွားပြီး ယခုတစ်ခါကော စေရောက်လာလေမလားဟု စိတ်က တွေးမိပြန်သည် ။ အဘယ်ကြောင့်ဆိုသော် စေသည် သူ၏ စိတ်ဝိဥာဥ်မှ ပြောသောစကားကိုပင် ကြားနိုင်သည့် လူတစ်ယောက်ဖြစ်သောကြောင့်ပင် ။


နေရောင်ဖြန်းထားသော ထိုသစ်ပင်အိပ်ကြီးမှ ထလိုက်ကာ စေ့ထံသို့ ဦးတည်လိုက်သည် ။ စေ့ဆီမှ စိတ်ပြေစေမည့် အားပေးစကားများကြားနာဖို့ သူ ထွက်လာခဲ့လိုက်တော့သည် ။


.
.
.
.
ပျင်းဖို့ကောင်းနေရင် တောင်းပန်ပါတယ်ဗျာ။ စာကရေးချင်တာ စာရေးရမှာလဲဘပျင်းနေတာကြောင့်။
အားပေးတဲ့အတွက် ကျေးဇူးပါဗျ



Comment