5

ထိုမနက်ကနေ ပုဂံခရီးစဥ်ပြီးသည်ထိ remove control နှင့် ကျော်ပစ်ချင်သည် ။ ဇာတ်လိုက်မဟုတ်သော သူမဇာတ်တွင် ဇာတ်ပို့အဖြစ်လေးနဲ့တောင် ရှိမနေတော့ ။ ကိုယ့်နေရာကို ထို ခန့်မင်းသူ ဟူသော ငနဲက ဝင်ကနေသည် ။ သူ့ကို ပိုင်ရှင် လိုက်ရှာမည်ဖြစ်သော်လည်း မမြင်ချင်ယောင်ဆောင်လိုက်သည် ။ သူတို့နှစ်ယောက် တစ် frame ထဲ ရှိနေသည်ကို ဝမ်းသာစွာ ကြည့်နေရလောက်တဲ့ထိ အသည်းမမာသေး ။ ပုဂံနန်းတော်ထဲတွင် မောင်မယ်သစ်လွင် ကြိုဆိုပွဲလေးလုပ်ပေးသည် ။ First year လေးတွေက ခါးနံပါတ်စဥ်အလိုက် ရှိုးလျှောက် ၊ လက်ဆွဲနှုတ်ဆက်ကြသည် ။ သူတို့ကိုယ်တိုင်လည်း ' queen က ငါများ ဖြစ်မလား ' ဆိုသည့် မျှော်လင့်မှု သေးသေး (သေးသေး)  လေး ရှိနေလိမ့်မည် ထင်သည် ။ လိုတ စိတ်လုံးဝမပါချေ ။ ဘယ်သူ့ကို မဲပေးမှာလည်းဆိုတော့ ရေးချင်သော နံပါတ်သာ ရေးချလိုက်သည် ။ ကစားပွဲတွေလုပ်ပေး ၊ guess game တွေ ဆော့လိုက်နှင့် ​ေပျာ်အောင်တော့ လုပ်ပေးသည် ။ သို့သော် လိုတ ပျော်တယ်ရယ်လို့ မခံစားရ ။ ထို့ကြောင့် ဒီအချိန်တွေကို ကျော်ပစ်ချင်သည် ။ ဆန္ဒနှင့်ဆန့်ကျင်စွာ နေ့ခင်းရှည်ကြီးကို ဖြတ်သန်းရဦးမယ် ။


နောက်ဆုံးဘုရားမလည်ခင် 'ဗူးဘုရား' ကိုရောက်လာသည် ။ နေဝင်ရန် အချိန်အနည်းငယ်လိုသေးပေမယ့် အလှတရားရှုစားသူများက ပြည့်နေလေပြီ ။ Tourist တွေကလည်း ကင်မရာ ကိုယ်စီနှင့် ။ ရှုံ့ကျောပိုးအိတ်ထဲက စီးကရက်ဗူးကို ဖောက်လိုက်ရင်း ဧရာဝတီမြစ်ကြီး၏ ကမ်းပါးဘေးတွင် ထိုင်လိုက်သည် ။ အချိန် ၄၅မိနစ် ပေးထားသောကြောင့် အေးအေးဆေးဆေးပင်။ ကမ်းပါးဘေးက အကြော်ဆိုင်တွင် ထိုင်စားသူတို့က ထိုင်စားနေကြသည် ။


လိုတကတော့ စီးကရက်တစ်လိပ်ကို ပါးစပ်တွင်ခဲကာ မီးခြစ်နှင့် မီးညှိလိုက်သည် ။ မီးခြစ်ကနေတောက်လာသာ မီးစလေးက လေတိုက်မှုကြောင့် ယိမ်းခါနေသည် ။ မီးညှိပြီး အိတ်ထဲပြန်ထည့်ကာ လက်ကို နောက်တွင် ထောက်လိုက်သည်  ။ ရေကျချိန်ဖြစ်သောကြောင့် ဟိုဖက်ကမ်းမှ ယာလုပ်နေသူများကိုပင် မြင်နေ ရသည် ။
နေလုံးမဝင်သေးပေမယ့် ညနေစောင်းက အေးအေးသာသာရှိလှသည် ။
ဆေးလိပ်ကို အားရှိပါးရှိ ရှူလိုက်ရင်း ပါးစပ်ထဲမှ ဖြည်းဖြည်းချင်းမှုတ်ထုတ်လိုက်သည် ။ မီးခိုးတို့က လေနှင်ရာ ပါသွားကြပြီ ။


" ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို အိမ်ပြန်ပို့ပါတော့ ''


ဘယ်သူရေးခဲ့မှန်းမသိသော ကဗျာတစ်ပုဒ်ကို သတိသွားရသည် ။ စပ်တဲ့သူက ထန်းရည်တောတွင် ရေချိန်လွန်နေပြီး အိမ်ပြန်ရန် အခက်အခဲဖြစ်နေသောကြောင့် ခဲထားသော ဆေးလိပ်ကလည်း ကုန်ပြီ ။ နေလည်း ဝင်တော့မည် ။ ငါ့ကို အိမ်ပြန်ပို့ကြဦးဟူသော အဓိပ္ပါယ်နှင့်ဖွဲ့ဆိုလိုက်သည် ။ သို့သော် သူ့ကဗျာက ဘယ်လိုကနေ ဘယ်လို သံဝေဂကဗျာ ဖြစ်သွားရသည်မသိ ။ ဘဝနေဝင်ချိန်နီးနေပြီ ဟူသော ဘာသာရေးဆိုင်ရာ ကဗျာဖြစ်သွားရသည်ဟု မြန်မာစာ ဆရာမ ပြောဖူးသည်လေ ။ နာမည်တွေ နံပါတ်တွေ မမှတ်မိတတ်သည်မှာ လိုတ အကျင့်ပင် ။


ကဗျာဆရာတွေ ပါးစပ်မှ ထွက်သော စကားမှန်သမျှ ကဗျာဆန်နေသလား ၊ သိမ်မွေ့နေသလား ။ ကဗျာလေး သုံးကြောင်းလောက် အဓိပ္ပါယ်ကလည်း တရားပေါက်စရာ သတိပေးချက် ဖြစ်နေတတ်ပြန်သည် ။ ဆရာကြီး မင်းသုဝဏ္ဏ ဘာသာပြန်ဆိုသော ဟိုက္ကုကဗျာများသည်လည်း ထိုနည်း၄င်းပင် ။


" မြန်မြန် ကြွေပေမယ့်
ကြာကြာ စောင့်မျှော်စေတတ်တဲ့
ချယ်ရီ့ စိတ်ထားကွယ်


.ဆိုးဂီ.''


Sakura တွေ ပွင့်လျှင် အလွန်တရာမှ လှပသည် ။  TV channel ဘယ်နေ့ဘယ်ရက် ပွင့်မယ် ကြေငြာပေးသည် ။ အဘယ်ကြောင့် Sakura တို့က ကြာကြာမခံသောကြောင့်ပင် ။ ဆိုးဂီ၏ကဗျာကို အဓိပ္ပါယ်အမျိုးမျိုး ဖော်ဆောင်ကြပြန်သည် ။ ဆိုးဂီမှာ ဘုန်းကြီးဖြစ်သည့်အလျောက် စည်းစိမ်တို့သည် ကြာကြာရှာဖွေစုဆောင်းရပြီး ချမ်းသာမှုကို ခံစားရသည်က တိုးတောင်းလှသည်ဟု သံဝေဂရကာ ရေးလေသလားဟု မှတ်ချက်ချကြပြန်သတဲ့ ။


လိုတ တစ်ယောက်တည်းရှိနေသည်ကို သဘောကျလာပြန်သည် ။ တစ်ယောက်တည်း ဟိုတွေးဒီတွေးနှင့် ပုညခင်၏ ' မကြွေပါနဲ့ ဆာကူရာ ' ဝတ္ထုကို စတင်တွေးတောနေပြန်သည် ။ မြင်းလှည်းစီးကာ ဘုရားဖူးမည် ။ တစ်နေ့ သုံးဆူလောက်သာ ဖူးမည် ။ ဘုရားကြို ဘုရားကြား လမ်းလျှောက်မည် ။ နောက်တစ်ခါလာရင် ဆရာဇော်ဂျီလို ရေကြောင်းကနေ လာရင် ကောင်းမလားဟုလည်း တွေးမိပြန်သည် ။ လေညှင်းတို့ သဲ့သဲ့ယူဆောင်သွားမှုက ဆေးလိပ်တံကို တိုစေသည် ။ နောက်တစ်လိပ်သောက်ရန် စိတ်မပါတော့သောကြောင့် ဘုရားပေါ်တက်ဖို့ စိတ်ကူးလိုက်သည် ။


" ဟဲ့...မိန်းမ မြန်မြန်လာအေ... နင့်ကိုစောင့်နေတာ ''


" လာပါပြီကွာ...နင်တို့ကလည်း... '' (သူ့နံဘေးနားက အသံ)


လိုတ လှေကားထစ်တွေကို ရေတွက်ကြည့်ဖို့ တစ်ထစ်ချင်း တက်လာသည် ။ စိတ်ထဲမှ


"၁၀ ၁၁ ၁.....''


" အမလေး....လေး ''


သူ့ခန္ဓာကိုယ်ရှေ့သို့ ယိမ်းကျလာသော သူတစ်ယောက် ။ မှောက်ရက် မကျသွားအောင် လိုတ လှမ်းထိန်းလိုက်သည် ။ ထိုသူကတော့ သူ့ရင်ခွင်တွင် ။ စိတ်က မရည်ရွယ်ပေမယ့် အန္တရယ်တစ်ခုခုကျရောက်လျှင် အလိုလိုသိစိတ်က လျက်တစ်ပြတ် တုန့်ပြန်မှုတစ်ခု ။ လှေကား အတက်အဆင်းတွင် ကို့ယို့ကားယား နိုင်လှသည် ။ ဆံနွယ်ခွေတို့ဖုံးအုပ်နေသောကြောင့် သူ့မျက်နှာကို အရှင်းမမြင်ရသေး ။


" အဆင်ပြေရဲ့လား...ဗျ ''


မျက်နှာလေး မော့လာတော့ မြင်လိုက်ရသည်က နှလုံးရပ်ဖွယ် ။ မျက်နှာလေးက ဘယ်နားက လှလို့လှတယ် ပြောရအောင် မသိပေမယ့် လှတယ် ။ တော့်တော့် တော်တော်ကိုလှတယ် ။ ဒါပေမယ့် သူ့ကို မြင်ဖူးသလိုပင် ။ ရင်ခွင်ထဲမှ သူမကလည်း အံ့ဩစွာ ပြန်ကြည့်နေသည် ။ သူလည်း 'ကျွန်တော့ကို တွေ့ဖူးမည်'ဟု ထင်နေသလား ' ။ လိုတ သတိထားမိချိန်ရောက်တော့ လက်ကို မြန်မြန်ဆန်ဆန် ရုတ်လိုက်သည် ။ သူမကလည်း အလိုက်တသိ ဖယ်ခွာပေးသည် ။ လိုတ နောက်တစ်ခေါက် မော့ကြည့်တော့ ဆံပင်ကို နားနောက်သပ်သိမ်းထားသောကြောင့် ပေါ်နေသော နားရွက်လေးက နီရဲရဲ ဖြစ်နေသည် ။


" ကျေးဇူးပဲနော်... ''


" ရပါတယ် ''


လိုတ လှေကားထစ် ဘယ်နှထစ်ရှိလဲ ရေကြည့်ရန် မေ့လျော့သွားခဲ့ပြီ ။ အရင်ကထက် နှစ်ဆပိုခုန်နေသော သူ့နှလုံးကို သတိထားမိလိုက်သည် ။ လှေကားထစ်တို့ကို နှစ်ဆင့်နှစ်ဆင့်စီ ကျော်ခွပစ်လိုက်သည် ။ လှေကားထိပ်ရောက်တော့ သူမအား နောက်ထပ်ကြည့်ချင်လာပြန်သည် ။ လိုတ စိတ်ဆောင်သည့်ဖက် လိုက်လုပ်ကြည့်သည် ။ သူမကို တမင်လည်ပြန်ကြည့်နှင့် မသိမသာ လှမ်း ကြည့်မိသည် ။ မမျှော်လင့်စွာ သူ့ကို တည့်တည့်မတ်မတ် စိုက်ကြည့်နေသော လှပသော မျက်ဝန်းတစ်စုံကို သူရရှိလိုက်သည် ။ လိုတ ရှက်ကိုးရှက်ကန်းနှင့်သာ ပြန်လှည့်ထွက်လာခဲ့သည် ။ သူမကတော့ ပြုံးပြနေခဲ့သည် ။
....
တစ်ဖက်တွင်တော့


" ဟဲ့...မိန်းမ... ဘယ်က သူငယ်လေးလဲ... ချောတော့ချောသား ''


" ဘယ်က သူငယ်မှ မဟုတ်ဘူး... ''


" ဟုတ်လို့လား... နင်တို့ကြည့်ရတာ သိနေကြသလိုပဲ... နင့်ဟာ မဟုတ်ရင် ငါ ဝိုက်လို့ရလား ''


" မိန်းမနော်... ဟွန်း... ''


" စမန်ခုတ်တာအေ ...နင်ကလည်း... နင့်ဟာလည်း မဟုတ်ဘဲနဲ့ ဥစ္စာကခြောက်နေသေးတယ် ''


" ဟဲ့... ခုမဟုတ်သေးပေမယ့် နောင် ဟုတ်ချင်ဟုတ်လာမှာပေါ့... ''


တစ်ဖက် မိန်းမလေးက မဲ့ရွဲ့ပြလာသည် ။


" စေစေ စေစေ ကိုယ့်ထက်ငယ်တာယူရင် ကလေးလို ထိန်းနေရမယ်သာမှတ် ''


သူမကတော့ ပြုံးလျက်သာပင် ။


..................................................


ပုဂံမှာ ဆာကူရာပန်း ပွင့်တော့မှာလား ။


လှိုက်ဖိုခြင်းတွေနဲ့
ရှိုက်ယူခြင်းတွေက
ချစ်မေတ္တာတွေ ဖြစ်ပါစေ ။



Comment