ခွန်းသူရိယ အခန်းထဲ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ဂနာမငြိမ်ဖြစ်နေမိသည်။ လက်တွေတောင် တုန်ချင်နေသလိုလို။
သူမ အခန်းဆီပြန်လာခဲ့သည်မှာ မိနစ်သုံးဆယ်လောက်ပင် ရှိတော့မည်။
အဲ့ဒီ အနှီမိန်းကလေးက သူမကို ဘယ်လိုလေသံနှင့် ပြောသွားတာပါလိမ့်။ နားထဲကို စွဲစွဲငင်ငင်ကို ဝင်ရောက်လာတာ။
'ဒီနေ့ ငါနဲ့လာအိပ်နော်'
'အိပ်ပျော်အောင် ချော့သိပ်မှာ' တဲ့လား။
အား! သူဘာဖြစ်ချင်နေတာလဲ! ..
အဲကွန်းခန်းထဲ၌ပင် ချွေးပြန်လာသလိုရှိသည်။ စိတ်ရော၊ ကိုယ်ရော၊ ရင်တွင်းမှာရော ဂနာမငြိမ်ဖြစ်လို့နေသည်။
ရတီခအသံက အဲ့လောက်ထိ စွဲဆောင်မှုရှိနေလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိဖူးခဲ့။ အခုတော့ ထိုင်မရ၊ ထမရနှင့် တလှပ်လှပ် လှိုက်ဖိုနေရလေသည်။
[ ဒေါက် ဒေါက်]
"သူရိယ. ခွန်းသူရိယ နင်ခဏအပြင်ထွက်ခဲ့စမ်းပါအုံး"
တံခါးခေါက်နှင့်အတူ အန်တီခိုင့်အသံကို ကြားလိုက်ရသည်မို့ ခွန်းသူရိယ ဘာမှန်းမသိသော်ငြား တံခါးသွားဖွင့်ပေးလိုက်သည်။ အန်တီခိုင့်လေသံသည် မည်သို့မျှ ပျော့ပျောင်းခြင်းမရှိ။
တံခါးဖွင့်ဖွင့်ချင်း အန်တီခိုင်၏ မချိုမချဉ်မျက်နှာနှင့်တွေ့သည်။ ဘာဖြစ်ပြန်ပြီလဲ။ အန်တီခိုင် အဲ့လိုမျက်နှာမျိုး လုပ်တာ သူမကို ဆူဖို့ပူဖို့ တွေးနေသည့်တစ်ချိန်သာ ရှိသည်လေ။ သူမ ဘာများလုပ်မိပြန်လို့လဲ။
"ပြောမယ်ပြောမယ်နဲ့ မပြောဖြစ်ပြန်ဘူး"
"ခွန်းသူရိယ ညည်းအခု နွယ်လေးကို ပြန်ခေါ်မလား ငါညည်းကို ညည်းအဖေနဲ့ တိုင်ရမလား"
မျက်ဝန်းတွေ လှုပ်လှုပ်ရှားရှားဖြစ်သွားရ၏။ တိုင်ပြောမည်ဆိုသည့် စကားတစ်ခွန်းနှင့်ပင် စိတ်အစဉ်ဟာ စတင်ပြိုပျက်သည်။
"တစ်စိတ်ရှိ တိုင်ဖို့ပဲပြောနေတော့တာပဲ ဒေါ်လေးရယ်. သမီး တောင်းပန်ပါတယ်"
"ဟဲ့ ငါကနင့်ကို တောင်းပန်ခိုင်းနေတာမဟုတ်ဘူးဟဲ့. အခုဘာလုပ်မှာလဲပြော. ငါမလုပ်ဘူးမထင်နဲ့ ခွန်းသူရိယ. ဖုန်းတစ်ချက်ဆက်လိုက်ရုံပဲသိလား. နွယ်လေးမရှိတော့ ငါ့မှာဘယ်လောက် ပင်ပန်းရတယ်ထင်လဲ. အခုဟာက ချွေးသုတ်ဖို့တောင် လက်မလည်ဘူးဖြစ်နေတာ. သူမရှိတာ နှစ်ရက်ပဲရှိသေးတယ်. ဟင်းချက်လည်းငါ. ပန်းကန်ဆေးလည်းငါ. စားဖို့သောက်ဖို့ခင်းကျင်းရလည်းငါပဲ"
အန်တီခိုင်က မျက်နှာကိုမဲ့ရွဲ့ကာ ပြောသည်။ ခွန်းသူရိယ အန်တီခိုင်၏ အေပရွန်ကို အကြောင်းမဲ့ငေးကြည့်လျက် ငြိမ်နေမိ၏။ ဘာပြောရမှန်းကို မစဉ်းတတ်တော့။
တုံ့ပြန်မှုမလာသည့် သူမကို အန်တီခိုင်က စုတ်တစ်ချက်သပ်၍ ...
"မရပါဘူးအေ. နင်က စကားနဲ့ပြောလို့ကောင်းတဲ့မိန်းမမဟုတ်ပါဘူး"
"ပြန်ခေါ်ပေးပါ့မယ်! သမီး အစ်မနွယ်လေးကို ပြန်ခေါ်ပေးပါ့မယ်! အဖေ့ကိုတော့ မတိုင်ပါနဲ့!"
လှည့်ထွက်မည်ပြင်သည့် အန်တီခိုင့်လက်မောင်းကို လှမ်းဆွဲကာ ပြောလိုက်သည်။ အန်တီခိုင်က မယုံသင်္ကာဖြင့် ကြည့်လာတော့ မသိမသာ တွံတွေးမြိုချမိပြန်သည်။
"ညည်းစကားသေချာလား"
သူမ ခေါင်းညိတ်လိုက်သည်။
"ဟုတ် သေချာပါတယ်"
"သမီး ပြန်ခေါ်ပေးပါ့မယ်"
အန်တီခိုင်က မျက်နှာကိုမော့ချီကာ သူမလက်ကို ဖြုတ်ချ၏။ 'နင့်စကားတည်ပါစေ' ဟူသော အကြည့်မျိုးဖြင့် ကြည့်လျက် ထွက်သွားတော့သည်။
အန်တီခိုင်မရှိတာ သေချာတော့မှ သူမ သက်ပြင်းမောချလိုက်မိသည်။
ဒေါ်လေးဟာလေ အမြဲတမ်း သူမကို အဖေ့နာမည်နဲ့ အကြပ်ကိုင်နေတာ။ တစ်ခါလာလည်း တိုင်ဖို့ တောဖို့ကိုသာ ပြောပြောနေသည်။ တစ်ကယ်လည်း သူမကိုနိုင်တာ အဖေပဲ ရှိသည်လေ။
ဘာပဲဖြစ်ဖြစ် အစ်မနွယ်လေးကို ပြန်ခေါ်မှပါ ..
မဟုတ်ရင် ထပ်ပြီး စိတ်ရှုပ်ရအုံးမယ် ..
စိတ်ညစ်ညစ်ဖြင့် ဆံပင်တွေကို ရှုပ်ပွနေအောင် ထိုးဖွလိုက်သည်။ အခန်းရှေ့မှာ ရပ်နေရင်းပင် သူမပုံစံမှာ အရူးမကြီးနှင့် တူနေလေပြီ။
"ဟူးး ဘယ်အရာမှ ပျော်စရာမကောင်းဘူး"
"ငါ့ဘဝမှာလည်း"
ပြောပြီးနောက် အခန်းထဲပြန်ဝင်ပြီး တံခါးပိတ်လိုက်တော့သည်။ မိုးတောင်ချုပ်တော့မှာပဲ။
~~ ✿ ~~
"အားလားလား နာတယ်လို့"
"နာတယ်လို့ဆိုဗျာ ဟေ့လူ!"
မြေကြီးပေါ်မှောက်လျက်သား အနေအထားဖြင့် အော်နေသည့် ကောင်လေးကို အောင်မြင့် မဲ့ပြုံးဖြင့် ငုံ့ကြည့်လိုက်သည်။ ကောင်လေးက ငြိမ်ငြိမ်မနေဘဲ အပေါ်မှနေ၍ အောင်မြင့်ချုပ်ကိုင်ထားသော သူ့လက်တို့ကို ရုန်းကန်နေသည်။
"ငါမင်းကို ဒီနေရာတွေမှာ ထပ်မတွေ့ချင်ဘူးလို့ မပြောထားဘူးလား"
ဆံပင်လိမ္မော်နုရောင်ဆိုးထားသော ကောင်လေးမှာ သူ့ထက်ငယ်ပုံရသည်။ ခန္ဓာကိုယ်က တောင့်တောင့်တင်းတင်းရှိသော်လည်း သူ့အားကိုတော့ ယှဉ်နိုင်ပုံမရချေ။
သူ့စကားကြောင့် ကောင်လေးက ဖြတ်ခနဲပြုံးသည်။ မှောင်ရီပျိုးစအချိန်မှာပင် သူ့အပြုံးက ထင်းလင်းနေသည်။
အောင်မြင့် ဂိုဒေါင်ကြီးကို တစ်ချက် လှမ်းကြည့်မိတော့ လူတစ်ချို့ အလောတကြီး ပြေးလွှားနေကာ တစ်စုံတစ်ခုကို ရှာဖွေနေဟန်ရှိသည်။
သူတို့ဘာကိုရှာနေမှန်း အောင်မြင့်သိပါသည်။ အကြည့်ကို သူ့အောက်က လိမ္မော်သီးခေါင်းဆီ ပြန်ပို့လိုက်သည်။
"ခင်ဗျားကသာ ကျုပ်နောက်ကို လိုက်နေတာမဟုတ်ဘူးလား. ကျုပ်ကတော့ အမြဲရှောင်ပါတယ်နော် ဟဟ. အာ့ အား!"
အဖမ်းခံထားရတာတောင် ရယ်နေနိုင်သေးသည့် အနှီကောင်လေး၏ လက်မောင်းနှစ်ဖက်ကို အောင်မြင့် ပိုတင်းတင်းဆွဲချုပ်ပစ်တော့ သူက ထိုသို့ အသံပြုလာသည်။ သို့သော် ဂိုဒေါင်နားမှ လူတွေကြားမည်စိုး၍ ခပ်တိုးတိုးသာ။
"ခင်ဗျား! အဲ့လိုပဲ ယုတ်မာတတ်လား ဟမ်!"
မျက်မှောင်အကျုံ့သားနှင့် ငြူစူစူပြောသည့် ကောင်လေးက သူ့ကို လည်ပြန်လျက်ပင် မရမက ကြည့်လာသည်။ ဆောင်းထားသည့် လျှာထိုးဦးထုပ်အနက်ကို ချွတ်ပြီး သူ့မျက်နှာပေါ် ပစ်ချလိုက်သည်။
"ဟေ့လူ! ခင်ဗျား ဘာတွေလုပ်နေတာလဲ!"
"ကျုပ်ကိုလွှတ်! ကျုပ်နဲ့ယှဉ်ထိုးစမ်းပါ!"
"တစ်ဖက်သတ်ကြီး ချုပ်မထားနဲ့! လွှတ် ကျုပ်ကို!"
လူးလွန့်ရင်း ဦးထုပ်ကို မျက်နှာပေါ်မှ ဖယ်ရန် ကြိုးစားနေပြန်သည်။ အောင်မြင့်သူ့ကို တစ်ချက်စိုက်ကြည့်ပြီးမှ ဂိုဒေါင်ဘက်ကို ထပ်အကဲခတ်လိုက်သည်။
သူတို့နှစ်ယောက်က သံချေးတက်စုတ်ပြတ်နေသော ကားကိုယ်ထည်ကြီး၏ အကွယ်မှာ ရှိနေတာဖြစ်သည်။ မှောင်လည်းမှောင်နေပြီမို့ ထိုလူတွေ သူတို့ကို လွယ်လွယ်မြင်ရမည်တော့မဟုတ်။
ဤကောင်လေးသည် ဂိုဒေါင် တစ်နည်းအားဖြင့် သိုလှောင်ရုံတွေကို ဗုံးလိုက်ထောင်နေသည့်သူ ဖြစ်သည်။ ဘာရည်ရွယ်ချက်နှင့် လုပ်သည်မှန်း မသိရသော်ငြား သူပစ်မှတ်ထားသည့် သိုလှောင်ရုံများမှာ ဦးမောင်မောင်ဦး၏ လျှို့ဝှက်ဂိုဒေါင်တွေချည်းပင်။
မမလေးခွန်း၏ အမိန့်ဖြင့် ဦးမောင်မောင်ဦး၏ ဂယက်တွေကို သူလိုက်စုံစမ်းနေခဲ့သည်။ သူသည် စုံစမ်းရုံသာ ဖြစ်ပေမဲ့ ဆက်တိုက်ဆိုသလို ဂိုဒေါင်ပေါက်ကွဲမှုများဖြစ်လာခဲ့သည့်အပေါ် မျက်ကွယ်ပြုထား၍ မဖြစ်တော့သည်မို့ နေ့ညမပြတ် စောင့်ကြည့်နေခဲ့ရာမှ ဤလိမ္မော်သီးခေါင်းနှင့် တွေ့ခဲ့ခြင်း။
ယခုတော့ သူနှင့်တွေ့တာ သုံးကြိမ်မြောက်ပင်။ ပထမတစ်ကြိမ်မှာတော့ အခြေအနေကို စောင့်ကြည့်ရုံသာ ဖြစ်၍ သူ့ကို လက်ပူးလက်ကြပ် မဖမ်းခဲ့။ ဒုတိယအကြိမ်မှာတော့ စောင့်ဖမ်းကာ သတိပေးခဲ့သည်။
သို့သော် သူကတော့ စကားနားမထောင်ဘဲ ထပ်ပေါ်လာပြန်သည်လေ။ ဒီတစ်ခါတော့ မေးစရာရှိတာ မေးမှဖြစ်တော့မည်။
အောင်မြင့် သူ့ကိုပြန်ငုံ့ကြည့်လိုက်ပြီး ...
"ကဲ ကိုယ့်ညီ. ဒီတစ်ခါတော့ ဒီတိုင်းလွှတ်ပေးလို့မဖြစ်တော့ဘူးဆိုတော့ ... ပြောပါအုံး မင်းဘာရည်ရွယ်ချက်နဲ့ ဒီလိုတွေ လိုက်လုပ်နေတာလဲ. မင်းအလုပ်ရှင်က ဘယ်သူလဲ"
ကောင်လေးက ဟက်ခနဲ ရယ်သည်။
"ဘာလို့ပြောပြရမှာလဲ"
"ကျုပ်မပြောရင် ကျုပ်ကိုသတ်မှာလား"
"သတ်လေ သတ်လိုက်"
ဦးထုပ်က သူ့မျက်နှာဘေးကို ကျသွားပြီးနေပြီ။ လည်ပြန်ကာ အတင်းလှန်ကြည့်နေသော သူ့ကိုကြည့်ရင်း အောင်မြင့်ပါ ဇက်ညောင်းချင်လာသည်။
"အဲ့တာမင်းပြောတာနော်"
"ငါလူသတ်သမားမဟုတ်ဘူး"
အောင်မြင့် သူ့မျက်နှာကို ရှေ့သို့ ပြန်လှည့်လိုက်သည်။ လက်တစ်ဖက်က သူ့လက်တို့ကို ဖိချုပ်ထားလျက်။ နောက်တစ်ဖက်က သူ့မျက်နှာကို ထပ်လှည့်မလာစေရန် ဖိထားသည်။
"ဘာပဲနေနေ မပြောနိုင်ဘူး"
တစ်ခွန်းသာပြောရင်း ထပ်ရုန်းပြန်သည်။ အောင်မြင့် ဇက်တစ်ချက်ချိုး၍ ထရပ်လိုက်သည်။ ထိုအခါ သူက အလစ်ထင်ကာ ချက်ချင်း ထရပ်မည်ပြင်သဖြင့် အောင်မြင့် သူ့ကျောကို ခြေတစ်ဖက်နှင့် ဆောင့်နင်းချလိုက်သည်။ မြေကြီးပေါ် ဘုန်းခနဲပြန်ကျသွားသည့်သူက ကျော့ကော့ကာ မျက်နှာမှာ ရှုံ့မဲ့သွားလေသည်။
"ရတယ်လေ မပြောလည်း"
"ငါမင်းကိုတော့ မသတ်ပါဘူး ဒါပေမဲ့ ..."
တစ်စုံတစ်ခုကို လက်ထဲကိုင်ကာ မြှောက်လိုက်သည့်အခါ ချွင်ခနဲ မြည်သံနှင့်အတူ ထိုအရာက အမှောင်ထဲ လက်ခနဲ။
ဒါကို ကောင်လေးက မျက်လုံးအပြူးသားဖြစ်သွားသည့်အတွက် အောင်မြင့် အောင်နိုင်သူအပြုံးဖြင့် ပြုံးလိုက်မိသည်။
"ခ-ခင်ဗျား ကျုပ်ဆိုင်ကယ်ကို ဘာလုပ်မလို့လဲ"
ဘောင်းဘီအိတ်ထဲမှ ဘယ်တုန်းကတည်းက နှိုက်ယူသွားမှန်းမသိသည့် ဆိုင်ကယ်သော့ကိုကြည့်ရင်း ထိတ်သွားမိတာ အမှန်။ ထိုလူဟာ လက်သွက်လိုက်လေခြင်း။ အရင်ဘဝက ခါးပိုက်နှိုက်များဖြစ်ခဲ့တာလား။
သူ့ဆိုင်ကယ် တစ်ခုခုဖြစ်မှာကိုတော့ သူမလိုလားပါ။ ထိုဆိုင်ကယ်ကို သူမည်မျှ တန်ဖိုးထားလိုက်သလဲ။ ဒါကိုလည်း ဒီလူဟာ သိနေပြန်သည်လား။ သူ့အားနည်းချက်ကိုလေ။
"နှမြောတော့နှမြောစရာပဲနော်"
"ဒီကောင်ကြီးက သိပ်လန်းတာ"
သော့ကို စေ့စေ့ကြည့်ရင်း မေးပွတ်ကာ ပြောလိုက်သည်။ ထိုကောင်လေး မျက်ဝန်းတွေ ပြာယာခတ်သွားပုံများ အားရစရာပင်။
သူ့ဆိုင်ကယ်ရပ်ထားတဲ့ နေရာကို အောင်မြင့် တွေ့ခဲ့ပြီးပြီ။ ဂိုဒေါင်နှင့် မလှမ်းမကမ်းက အပင်ကြီးတွေ အုံ့ဆိုင်းလျက်ရှိသော တောအုပ်ငယ်လိုနေရာမှာလေ။ ထိုနေရာမှ ဆက်ဝင်သွားလျှင် တောနက်ကြီးသာ ရှိတော့သည်။
ညဆို ပိန်းပိတ်အောင် မှောင်သလို မနက်ဆိုလည်း တော်ရုံလူမဖြတ်သည်မို့ ချောင်းမြောင်းဖို့ အကောင်းဆုံးနေရာပင်။
ကောင်လေးက အတော်ကြာသည်အထိ ဘာမှပြောမလာသေး။ အောင်မြင့် ထပ်ပြီး လည်ပင်းကို တဖျောက်ဖျောက်မြည်အောင် ချိုးလိုက်သည်။
"အဲ့လောက်တောင် ဖြေရခက်သွားလား"
"ဒါတောင် အလျှော့ပေါ့ဆုံး ရွေးချယ်ခွင့်ပေးထားတာကို"
သူ့ကျောပြင် တစ်ချက်တုန်သွားသည်။ ဘာမှတော့မပြော။ တမင်ပဲအချိန်ဆွဲနေသည်လား တစ်ကယ်ပင် ဘာပြောရမှန်း မသိဖြစ်နေသည်လား မပြောတတ်။
နောက်တော့ ဘာထဖြစ်သည်မသိ။ သူ ရိသဲ့သဲ့ ရယ်သံပြုလေသည်။
"အားဟားဟား ခင်ဗျားက ဒီလိုလား"
"ဟုတ်ပြီ ကျုပ်သဘောပေါက်ပြီ"
အောင်မြင့် ရုတ်ခြည်း နားမလည်နိုင်ဖြစ်သွား၏။ သူ့ခြိမ်းခြောက်မှုက သူ့အပေါ် အလုပ်မဖြစ်သွားဘူးလား။ အောင်မြင့် သူ့ကို မျက်မှောင်ကုပ်ကာ စိုက်ကြည့်ရင်း ဆက်ပြောလာမည်ကို စောင့်သည်။
"ရတယ်လေ ခင်ဗျားက ဒီလိုဆိုတော့လည်း"
"ကျုပ်ကလည်း အခုလို ..."
စကားကိုရပ်ကာ မဲ့ပြုံးပြုံး၏။ ထို့နောက် ...
"အားးး!! ကယ်ကြပါအုံးဗျာ!! ကယ်ကြပါအုံး!! ကျုပ်ကို သရဲခြောက်နေလို့!! ကယ်ကြပါအုံး!!"
မထင်မှတ်ထားသော သူ့အော်သံကျယ်ကြောင့် အောင်မြင့် လန့်ဖြန့်သွားသည်။ ချက်ချင်းပင် သတိကပ်၍ ဘေးဘီကို လှည့်ကြည့်သည့်အခါ ဂိုဒေါင်နားက လူတွေ ဒီဘက်ကို လှမ်းကြည့်နေကြကာ မကြာခင်မှာပဲ ပြေးလာကြတာကို မြင်လိုက်ရသည်။
ခံပြင်းစိတ်ဖြင့် အနှီကောင်လေးကို ပြန်ငုံ့ကြည့်လိုက်စဉ်မှာပဲ သူ့အငိုက်ကို ချောင်းနေသည့် ကောင်လေးက အားကုန်သုံးကာ ကုန်းထလျက် အောင်မြင့် သူ့ကို ဘာမှမလုပ်နိုင်ခင်မှာ နှာရိုးတည့်တည့်ကို ဆောင့်ထိုးသွားသည်။
"ခွေးကောင်!!"
အီစလန်ဝေနေသော နာကျင်မှုကြောင့် မျက်ရည်ပင် ဝဲလာရသည်။ နှာခေါင်းကို လက်ဖြင့် အုပ်ကာ သူ့ကို စူးရဲစွာ စိုက်ကြည့်နေသည့် အောင်မြင့်အား ထိုသကောင့်သားက လျှာထုတ်ကာ ပြောင်ပြပြီး ...
"အဲ့မှာတစ်ကွက်"
"ခံလိုက်ရပြီ အစ်ကိုကြီးရေ ဟားဟားဟား!"
လက်ထဲမှ ဆိုင်ကယ်သော့ကို ဆွဲယူကာ ထွက်ပြေးသွားတော့သည်။
"ဟိုနားမှာ လူရိပ်တွေ့တယ်ဟေ့!"
"ကားစုတ်ကြီးနောက်မှာ!"
အာရုံနောက်စရာတွေ ဖြစ်လာပြီမို့ ကိုယ့်ထိုက်နဲ့ ကိုယ်ကံ ပြေးရပေတော့မည်။ စိတ်ထဲမှလည်း လိမ္မော်သီးခေါင်းကို ကျိန်ဆဲရင်း ထိုကောင်လေးနှင့် ဆန့်ကျင်ဘက်အရပ်သို့ အချိန်မလင့်ခင် သုတ်ခြေတင်လိုက်တော့သည်။
"တောက်!"
ခံပေအုံးပေါ့ အောင်မြင့်ရေ ..
ဘဝမှာ ဒီတစ်ခါပဲ အလစ်ခံရဖူးတာ ..
ခံပေအုံးပေါ့ ..
~~ ✿ ~~
လီဗာကိုတစ်ဆုံးဆွဲပြီး လမ်းမထက် အရှိန်ပြင်းစွာ တဝူးဝူး မောင်းနှင်လာခဲ့သည်။ လူခြေပြတ်သော မြို့ပြင်က ပတ်ဝန်းကျင်ဖြစ်၍ ကတ္တရာလမ်းမပေါ် သူ့ဆိုင်ကယ်တစ်စီးတည်းသာ ရှိနေသည်။
တစ်လမ်းသွားဟု မဆိုနိုင်သော်လည်း ကားနှစ်စီး ယှဉ်မောင်းဖို့ မဖြစ်နိုင်လောက်အောင် လမ်းဟာ ကျဉ်းပါသည်။ လေအဟုန်ကြောင့် အပေါ်မှထပ်ဝတ်ထားသည့် ဂျင်းလက်ရှည်ခရမ်းရင့်ရောင်မှာ တဖျတ်ဖျတ် လွင့်နေသည်။
တော်ပါသေးရဲ့ သူ့ဆိုင်ကယ်လေး ဘာမှမဖြစ်လို့။ ထိုလူဟာ ဦးမောင်မောင်ဦးရဲ့ လူပေပဲလား။ သူမသိ။ ဦးမောင်မောင်ဦးရဲ့ လူသာဆိုလျှင် သူအော်လိုက်တာကို အဲ့လောက်ထိ လန့်သွားလိမ့်မှာမဟုတ်။
မဟုတ်ပါစေနဲ့လို့သာ ဆုတောင်းရသည်။ ဦးမောင်မောင်ဦးက လူ့ဂွစာ။ ပြီးတော့ သူကြည့်မရဆုံးလူတစ်ဦး။
ဗုံးထောင်တဲ့ကိစ္စလား။ ဟုတ်တယ်။ အဲ့တာက ကိုယ်ရေးကိုယ်တာ အကြောင်းအမျိုးမျိုးကြောင့် တမင်သက်သက်ကို လုပ်ကြံတာပါ။ ဘယ်လိုပဲနေနေ ထိုလူကြီး စိတ်ဆင်းရဲနေရတာကို သူက လိုချင်တာလေ။
သူခန့်ထားတဲ့ လူမိုက်တွေကလည်း အကုန်အီးပေါလောတွေ။ သူ ဂိုဒေါင်ထဲဘယ်ချိန်ဝင်ပြီး ဘယ်နေရာမှာ ဗုံးဆင်သွားမှန်းတောင် မသိကြဘူး။ ခွေးကမှ သူတို့ထက် အသုံးဝင်အုံးမယ်မဟုတ်လား။
Sport motorcycle ကြက်သွေးရောင်ကို ခန့်ညားစွာ စီးရင်း လေအလျင်လို ဝှီးကနဲဖြတ်သွားသည့် သူ့ကို လမ်းဘေးက ငါးဖမ်းပြန်လာသည့် ကလေးတစ်ချို့က ပါးစပ်အဟောင်းသားကြည့်ရင်း ကျန်ခဲ့လေသည်။
ဆိုင်ကယ်ဦးထုပ်ဆောင်းထားသည့် သူ့ပုံစံကို နှပ်ချေးတွဲလောင်းနှင့် ကလေးတစ်ယောက်က ...
"ပါဝါရိန်းဂျားကြီး!!" ဟု လက်ညှိုးထိုးကာ အံ့ဩနေ၏။
ဒါကို သူကတော့ မသိပေ။ မကြာခင် စေ့တော့မည့် အချိန်အတိုင်းအတာကို တွေးရင်း ကျေနပ်ပြုံးပြုံးနေမိသည်။
မိနစ်အနည်းငယ်သာ ကြာသည်။ အုန်းခနဲ ပေါက်ကွဲသံကြီးက ပတ်ဝန်းကျင်တစ်ခွင် မြည်ဟီးသွားပြီး မြေပြင်မှာ ငလျင်လှုပ်သကဲ့သို့ ခေတ္တမျှ တုန်ခါသွားသည်။ ငှက်တစ်ချို့မှာ အလန့်တကြား ထပျံကုန်လျက်။
~~ ✿ ~~
ယွန်းငယ် စတိုခန်းရှေ့ ရပ်နေသည်မှာကြာပြီ။ တစ်နေ့လုံး ကိုငယ့်ကို မတွေ့သည်မို့ သူရှိတတ်သည့် နေရာတွင် ရှာဖွေရန် ထွက်လာခဲ့ခြင်း။
စတိုခန်းက ကိုငယ်အမြဲလိုလိုရှိနေတတ်သောနေရာ။ စတိုခန်းမှာနေလျှင် အိမ်ပေါ်ကို တော်တော်နှင့် ပြန်မတက်လာတတ်။ သူမတို့အိမ်က နှစ်ထပ်တိုက်ဖြစ်ပြီး ခြံမှာ ကားလေးစီးယှဉ်ထားလို့ ရလောက်အောင် ကျယ်သည်။
စတိုခန်းက ခြံ၏ ဘယ်ဘက်ခြမ်းတွင် ဖြစ်သည်။
စတိုခန်းဟုဆိုသော်လည်း ကိုငယ့်အတွက်တော့ အိမ်လို၊ အခန်းလိုပင်။ အထဲကိုတော့ ယွန်းငယ် တစ်ခါမှ မရောက်ဖူးပေ။ ဘာတွေရှိလဲလည်း မသိ။
"ကိုငယ် ကိုငယ် အထဲမှာရှိလား"
အသံကိုမြှင့်ကာ ပြောလိုက်ပေမဲ့ အထဲက ဘာတုံ့ပြန်မှုမှ မကြားရ။ မျက်ခုံးတို့ကို တွန့်ချိုးပြီး သက်ပြင်းချလိုက်သည်။
"ဘယ်တွေလျှောက်သွားနေလဲမသိ_"
အလိုမကျ ညည်းတွားရင်း လှည့်ထွက်မည်အလုပ် ချောက်ခနဲ တံခါးပွင့်သံ ကြားလိုက်ရသဖြင့် အကြည့်ကို စတိုခန်းတံခါးဆီ ပို့မိတော့ တံခါးနောက်ကထွက်လာသူမှာ ...
"ကိုငယ်!"
အားတက်သရော စကားသံ၏နောက် ကိုငယ်က သူ့မျက်မှန်ကို ပင့်တင်လျက် အိပ်ချင်နေသည့် မျက်ဝန်းတို့ဖြင့် သူမကို ကြည့်လာလေသည်။
အဲ့ဒီ မျက်ကွင်းညိုတွေဟာ ကိုငယ့် ခပ်ချောချောမျက်နှာနှင့် ဘယ်လိုမှ မလိုက်ဖက်။
"ဪ ယွန်းငယ် ဘာဖြစ်လို့လဲ"
ကိုငယ်က ဘယ်ဘက်မျက်လုံးကို ပွတ်ရင်း ပြောသည်။ အသံသည်ပင် လန်းဆန်းမှုမရှိ။ ကိုငယ်က အမြဲလိုလို တက်ကြွမှုမရှိဘဲ အေးတိအေးစက်သာ ဖြစ်နေသော်ငြား သူမကိုတော့ ကောင်းရှာပါသည်။
"ကိုကြီး ပြန်ရောက်နေတယ် မနက်တည်းက"
"အဲ့တာ ဦးလေးက ညစာတူတူစားဖို့ ခေါ်ခိုင်းလိုက်လို့"
ကိုငယ်ရဲ့ မျက်ခုံးတွေ ဆတ်ခနဲတွန့်သွားသည်။ မထူးဆန်းတော့။ ကိုငယ်ဟာ ကိုကြီးနှင့်ပတ်သတ်လာရင် အဲ့လိုပဲ မကြည်မသာ ဖြစ်တတ်သည်။
"စိုင်းဇော်ကရော"
"ကိုလတ်လား အခုထိ အိမ်ပြန်မရောက်သေးဘူး"
ကိုငယ်နှင့် ကိုလတ်က တစ်နှစ်သာ ကွာကြသည်။ သို့သော် ကိုလတ်ကပင် ကို့ငယ်ထက် ပိုနုနေသေး၏။
ကိုငယ်က ခေါင်းညိတ်ရုံသာ တုံ့ပြန်လျက် ...
"အင်း ကိုယ်ပြီးရင် လိုက်ခဲ့မယ်နော်"
"အထဲပြန်ဝင်တော့"
ကိုငယ်က စတိုခန်းထဲပြန်ဝင်ပြီး တံခါးပိတ်ဖို့ ပြင်နေသည်။ ယွန်းငယ် ကိုငယ့်ကို ကြည့်ကာ ပြောသင့်မပြောသင့် စဉ်းစားနေပြီးမှ လှမ်းခေါ်လိုက်သည်။
"ကိုငယ် ခဏ"
"ကျွန်မ ပြောစရာရှိလို့"
တံခါးက အလုံးစုံပိတ်လုဆဲဆဲမှာ ပြန်ပွင့်လာသည်။ ကိုငယ့် မျက်နှာ ပြန်ထွက်လာမှ သူမ ဆက်ပြောလိုက်သည်။
"အဲ့အခန်းထဲမှာ ကိုငယ်တစ်နေ့လုံး ဘာတွေလုပ်နေတာလဲဟင်. စပ်စုတာမဟုတ်ပေမဲ့. ကိုငယ့်ကြည့်ရတာ တအားပင်ပန်းနေသလိုပဲ. ပြီးတော့ မျက်ကွင်းတွေက ..."
မိမိမျက်လုံးအောက်ဘက်ကို လက်ညှိုးဖြင့် အသာထိကာ ပြောလိုက်သည်။ ကိုငယ်က သူမ လုပ်သမျှကို ငြိမ်သက်စွာ ကြည့်နေ၏။
အတော်ကြာသွားသည်။ ကိုငယ်က သူမ မထင်မှတ်ထားတာကို ပြောလာတော့သည်။
"ဝင်ခဲ့"
"ရှင်?"
"သိချင်တယ်မလား အထဲဝင်ခဲ့"
ပြောရင်း သူမ တုံ့ပြန်တာကိုတောင် မစောင့်။ တံခါးကိုဟလျက်သား ထားခဲ့ကာ အထဲဝင်သွားသည်။
ယွန်းငယ် ကြောင်စီစီဖြစ်နေပြီးမှ သိချင်စိတ်က တိုက်တွန်းနေသဖြင့် စတိုခန်းထဲ ဝင်လိုက်သွားသည်။
ထို့နောက် ...
"ဟင် ကိုငယ် ဒါတွေက"
ယွန်းငယ် ရုတ်ခြည်း အံ့ဩမှုဖြင့် မျက်လုံးပြူးသွားသည်။ အခန်းသည် ထင်မထားလောက်အောက် သံတိုသံစများဖြင့် ရှုပ်ပွနေပြီး ယမ်းနံ့၊ ခဲနံ့များ မွှန်လို့နေသည်။
အထူးသဖြင့် ယွန်းငယ်ကို ထိတ်လန့်စေသည့်အရာက အခန်း၏ ခေါင်းရင်း သစ်သားစားပွဲရှည်ကြီးပေါ်မှ ...
"ဟုတ်တယ် ဗုံးတွေ"
ကိုငယ်ကိုယ်တိုင် အတည်ပြုပေးလိုက်သည့်အခါ ယွန်းငယ် အတော်တုန်လှုပ်သွားရသည်။ ကိုငယ်ကို အလျင်အမြန် လှည့်ကြည့်လိုက်ပြီး ...
"ဒါတွေက အန္တရာယ်ရှိတယ်နော် ကိုငယ်"
"ပြီးတော့ ခြံထဲမှာ အဲ့လိုတွေ လုပ်နေတာ မတော်လို့များ တစ်ခုခုမှားသွားရင် ဘယ်လိုလုပ်မလဲ! အကုန်သေကုန်လိမ့်မယ်သိလား!"
ထိတ်လန့်စိတ်ကို ဖုံးဖိ၍ပင် မထားနိုင်တော့။ ကိုငယ့်ကို အော်ပြောမိသည်။ ကိုငယ်က သူမကို အရေးမစိုက်သည့်နှယ် သူ့မျက်မှန်ကိုပင့်တင်ရင်း စားပွဲပေါ်မှ အရွယ်အစားစုံသော ဗုံးသီးများကို ငေးကြည့်နေသည်။
"ကိုငယ် ဒါတွေလုပ်နေတာ ဘယ်လောက်ကြာပြီလဲ"
"တစ်သက်လုံးပဲ"
ယွန်းငယ် ထပ်ပြီး ဆွံ့အသွားရသည်။ ကိုငယ် ဘာတွေပြောနေတာလဲ။ နောက်ပြီး ဒီလောက် ကိုယ့်အိမ်ကိုယ့်ဝန်းထဲမှာ ဗုံးတွေလုပ်နေတာကိုတောင် မသိရအောင် ဘယ်လောက်တောင် တုံးခဲ့ပါလိမ့်။ ဒါကို ဦးလေးကရော မသိဘူးလား။
"ငါနှစ်တွေအကြာကြီး ကြိုးစားလာခဲ့ပေမဲ့ တစ်ခုမှ ကောင်းကောင်းအလုပ်မဖြစ်ခဲ့ဘူး. ဒါပေမဲ့ အခုတော့ ငါ့ကြိုးစားမှုက အထမြောက်ခဲ့ပြီ. ပေါက်ကွဲအားပြင်းတဲ့ ချိန်ကိုက်ဗုံးကို ငါလုပ်နိုင်ခဲ့ပြီ. ပြီးတော့ ဒီဟာက မူရင်းပုံစံပဲ"
ဗလာစာအုပ်တစ်အုပ် အရွယ်အစားရှိသော လေးထောင့်ပုံစံ ပစ္စည်းကို ကိုငယ်က မြှောက်ပြလာသည်။ ယွန်းငယ် ပိုဒေါသဖြစ်သွားသည်။
"ကိုငယ် အခုဒီလိုတွေလုပ်နေတာကို ရပ်လိုက်ပါ"
"မဟုတ်ရင် တစ်နေ့ကျ အကုန်လုံးပြာဖြစ်ကုန်လိမ့်မယ်"
"အိုး အပြောမစောနဲ့လေ. ကိုယ်ဒီအထိရောက်လာခဲ့တာ အလကားသက်သက် လက်လျှော့လိုက်ဖို့ မဟုတ်ဘူး. မင်းအဲ့လောက် စိတ်ပူနေရင် ဘာလို့ တစ်နေရာရာကို ကိုယ်တိုင် သွားမပစ်တာလဲ. မင်းသာလုပ်ရဲရင် ကိုယ်ဒါတွေ မင်းလက်ထဲ အကုန်ပေးပစ်လိုက်မယ်"
သရော်သလို ခပ်ရွဲ့ရွဲ့ ပြောခြင်းဖြစ်သည်။ ကိုငယ့်နေရာမှာ တစ်ခြားသူသာဆိုရင် ယွန်းငယ် ဆွဲထိုးမိတော့မှာ အသေအချာပင်။
အစ်ကိုတွေကိုတော့ မယှဉ်နိုင်ပါလေ။ ဒီအစ်ကိုတွေကပင် သူမ သိသမျှ တတ်သမျှကို သင်ပေးထားသည် မဟုတ်ပါလား။
ဆိုင်ကယ်စက်သံတစ်ခုက ခြံထဲကို တလိမ့်လိမ့်ဝင်လာတာ ကြားရသည်။ ကိုလတ်ပြန်လာပြီထင်။ ကိုငယ့်မျက်နှာ ကွက်ခနဲ ပျက်သွား၏။
ဆိုင်ကယ်သံက တဖြည်းဖြည်း စတိုခန်းအနား နီးကပ်လာသည်။ စတိုခန်းရှေ့အရောက် လုံးဝ စက်ရပ်သွားသည်။ ထို့နောက် တံခါးချပ်ပွင့်လာပြီး ...
"Mission complete ပါဗျာ! လေးလုံးစလုံး အရည်အချင်း ပြည့်မှီကြောင်း ..."
ယွန်းငယ်ကိုမြင်သည့်အခါ ကိုလတ်အသံက တိမ်ဝင်သွားလေသည်။ ကိုလတ်က ခေတ္တမျှ ကြောင်ကြည့်နေပြီးမှ လန့်သွားဟန်ဖြင့် ကိုငယ့်ကို ဆတ်ခနဲကြည့်ကာ မေးဆတ်ပြလိုက်သည်။
ကိုငယ် မျက်စပစ်ကာ ခေါင်းခါလိုက်ကာမှ ကိုလတ်က နားလည်သလို ခေါင်းဆတ်ဆတ်ညိတ်တော့သည်။ ယွန်းငယ် သူတို့ကို ကြည့်ရင်း အလွန်စိတ်ရှုပ်လာသည်။
"ဘာတွေလဲ!! နှစ်ယောက်လုံး ဘာတွေလုပ်နေကြတာလဲ!! ဘာမှနားမလည်တော့ဘူး! ကျွန်မက မလောက်လေး မလောက်စား မွေးစားသမီးမို့လို့ အရေးစိုက်စရာမလိုဘူးလို့များ တွေးထားကြတာလား!"
သူမ ဒေါသတကြီး အော်တော့ ကိုလတ်က ဆတ်ခနဲ တုန်သွားသည်။
"ယွန်းငယ် နင်ဘာတွေပြောနေတာလဲ"
"မွေးစားသမီးနေနေ ဘာနေနေ နင်ကငါတို့ ညီမလေးပဲ. ဘယ်သူမှ အဲ့လိုမတွေးဘူး"
ကိုလတ်က ထိုသို့ပြောသည်။
"မဟုတ်ပါဘူး အစ်ကိုတို့က_"
"ယွန်းငယ်"
အသံအောအောကြီးတစ်ခုကြောင့် ပတ်ဝန်းကျင်မှာ ရုတ်ခြည်း အေးစက်သွား၏။ သူတို့သုံးယောက်လုံး ရေခဲရိုက်သလို တောင့်ခနဲ ဖြစ်သွားသည်။
ကိုကြီးက မျက်နှာသေနှင့် စတိုခန်းဝမှာ ရပ်နေသည်။ အရပ်မြင့်မြင့်နှင့် ကိုကြီးက လူဝံလို ကြီးမားသော ခန္ဓာကိုယ်ရှိသည်။ ဘယ်ဘက်မျက်ခုံးမှ ဓားခုတ်ရာလိုလို ကန့်လန့်ဖြတ်အမာရွတ်ကြီးက သူ၏ ဥပဓိရုပ်ကို ပို၍ ကြောက်ဖို့ကောင်းစေသည်။
"ဘာတွေလေရှည်နေလို့ အဲ့လောက်တောင်ကြာနေကြတာလဲ. အဖေနဲ့ ငါစောင့်နေတာကြာပြီ"
သူ့နောက်မှာ ရပ်ကာ ငုံ့ကြည့်ကာပြောသည့် ကိုကြီးကို ကိုလတ်က ကပျာကယာ မော့ကြည့်သည်။ လက်ထဲက ဆိုင်ကယ်ဦးထုပ်ကို ခါးနားသို့ ပြောင်းတင်လိုက်သည်။
"ကျွန်တော်တို့ အခုပဲလာတော့မလို့ပါ"
"လေမရှည်ပါဘူး"
ကိုငယ်ကတော့ မျက်နှာသာ လွှဲထားလျက်။ ဤအိမ်တွင် ဦးထွန်းမြတ်ဆိုသည့် သူမ၏ဦးလေးဖြစ်သူပြီးလျှင် ကိုကြီးကို အားလုံးက အကြောက်ရဆုံးပင်။
ကြောက်မက်ဖွယ် အာဏာညောင်းသည့် အသံအောအောကြီးနှင့် လူဝံသဖွယ် မြင့်မားကြီးမားသော အရပ်အမောင်းကြောင့် ကိုကြီးကို မြင်သည့်သူတိုင်း သိသိမသိ ကြက်သီးထသည်အထိ ကြောက်စိတ်ဝင်လာတတ်သည်။
"နောက်တစ်မိနစ်အတွင်း ထမင်းစားပွဲမှာ လူစုံနေတာ မြင်ချင်တယ်နော်. ငါထပ်မပြောဘူး"
ထိုသို့ပြောကာ ထွက်သွား၏။ ထိုအခါမှ သူမနှင့် ကိုလတ်တို့ တစ်ပြိုင်နက် သက်ပြင်းချလိုက်ကြသည်။
"ကြားတယ်နော် ယွန်းငယ်. နင်ပေါက်ကွဲချင်လည်း နောက်မှ ပေါက်ကွဲတော့ ငါတော့သွားပြီ"
ကိုလတ်က သူ့ကို လျှာထုတ်ပြောင်ပြကာ ဆိုင်ကယ်ဦးထုပ်ဆောင်း၍ အပြင်ထွက်သွားသည်။ သူမ သူ့ကို အံကြိတ်ကာ ကြည့်လိုက်ပြီး မျက်စောင်းထိုးလိုက်သည်။
သူမ ကိုငယ့်ကို ပြန်ကြည့်စဉ်မှာပဲ ကိုငယ်က မဆိုင်းမတွ သူမကို ဖြတ်လျှောက်လျက် အပြင်သို့ ထွက်သွားသည်။
သူမ ပြောသလိုပဲ အစ်ကိုတွေကိုတော့ မနိုင်ပါလေ။
ယွန်းငယ် အပြင်သို့ လိုက်မထွက်ခင် စတိုခန်းတစ်ခုလုံးကို သိမ်းကျုံးကြည့်ပစ်ခဲ့သည်။
ဘုရား .. ဘုရား ..
မတော်လို့များ တစ်ခုခုမှားသွားခဲ့ရင် မတွေးရဲစရာ ..
အစ်ကိုတွေနဲ့ နေရတာလည်း သေမင်းနှုတ်ခမ်းဝမှာ လမ်းလျှောက်နေရသလိုပဲ။ တစ်ယောက်တစ်မျိုး လန့်စရာကောင်းတာတွေချည်းသာ။
__
P-43 end.
A/n အဟွတ် အဟွတ်။ ဒီficကိုလေ အပိုင်း 50 သို့မဟုတ် 60 မှာ အဆုံးသတ်ပါမယ်ဗျ။ အဆုံးသတ်မယ်ဆိုတာကလည်း ရပ်တော့မယ်လို့ပြောချင်တာပါ။ ကျွန်တော်ပြောတဲ့ အပိုင်းတစ်ခုခုမှာ ရပ်လိုက်ပြီး complete တပ်လိုက်တော့မှာပါ။ တစ်နည်းပြောရရင် Vol 1အဖြစ် ဖြတ်လိုက်တဲ့သဘောပါ။ အခုဟာက အဲ့လိုလုပ်မှပဲဖြစ်တော့မှာ။ အရမ်းကြီးရှည်သွားရင် ကျွန်တော်လည်း သိပ်မကြိုက်လို့။ အဲ့တော့ကျ ကျွန်တော် Vol 2 အနေနဲ့ နောက်ပိုင်းမှာ ဆက်ရေးသွားပါမယ်ခင်ဗျ။ ကျေးဇူးပါခင်ဗျ။