Part-16

အဖြစ်အပျက်အားလုံးကို မလှမ်းမကမ်းမှာရှိနေသည့် ရန်နိုင်လင်းတစ်ယောက် အကုန်မြင်နေရသည်။မမလေးခွန်း ဆိုင်ထဲဝင်သွားသည်ကိုရော၊ အပြင်မှာကျန်နေခဲ့ရင်း ထိုင်ငိုနေသည့် မမလေးရတီခကိုပါ သူအကုန်မြင်နေရသည်။

သိပ်မကြာလိုက်ပါ။မမ‌လေးအနားသို့ ကောင်လေးတစ်ယောက်ရောက်လာသည်။ပုခုံးကိုပုတ်ကာခေါ်လိုက်ရင်း တစ်စုံတစ်ရာကို ပြောနေပြီးနောက် သူတို့နှစ်ယောက် ဆိုင်အနောက်ဘက်ကို ထွက်သွားသည်ကို မြင်လိုက်ရသည်။

ထိုကောင်လေးနှင့် စကားပြောနေစဉ်တွင် မမလေးမျက်နှာ ပြုံးရွှင်နေသည်ကြောင့် အသိမိတ်ဆွေတစ်ယောက်သာဖြစ်လိမ့်မည် ဟုတွေးထင်လျက် အခြေအနေကိုသာစောင့်ကြည့်နေခဲ့၏။

မမလေးခွန်းပြန်ထွက်လာတော့ တစ်ခုခုကိုရှာဖွေနေပုံရတာကြောင့် သေချာသည့်အထင်တို့ဖြင့် မမလေးရတီခ ရှိနေသည့် နေရာကိုသာ လက်ညှိုးထိုးကာ ညွှန်ပြလိုက်မိသည်။

ထိုနောက်တော့....

"ငါနင့်ကိုဖယ်လို့ပြောနေတယ်!"

အော်သံတစ်ခုရဲ့အဆုံးမှာတော့ အမျိုးသားငယ်ဟာ ဆောင့်တွန်းခံလိုက်ရသည်။သူ့မျက်နှာ‌တွင်လည်း ဖြစ်ပျက်သွားသည်ကိုပင် မယုံနိုင်စွာ မျက်လုံးများအနည်းငယ်ပြူးကျယ်နေ၏။

"မင်း"

မျက်မှောင်ကျုံ့လျက် မာန်မဲသလို လက်ညှိုးဖြင့်ရွယ်တော့ သူ့ရှေ့ကမိန်းကလေးက ဟက်ခနဲရယ်သည်။

"ဘာလဲ မကျေနပ်ဘူးလား"
"အဲ့တော့ နင်ကဘာလုပ်ချင်လို့လဲ"

ထိုမိန်းကလေးအား ဘာမှပြန်မပြောဖြစ်ပါ။
မိန်းကလေးနှင့်ယှဉ်၍ စကားအချေအတင်လည်း မဖြစ်ချင်သည်မို့ စိတ်ကိုလျှော့ရန်သာ ကြိုးပမ်းလိုက်ရသည်။

"သူကပတ်တီးကြီးနဲ့လေ မင်းအဲ့လို အကြမ်းပတမ်း
မလုပ်ပါနဲ့"

ရတီခအား ရည်ရွယ်‌လိုက်သည်ကို ထိုမိန်းကလေး
မသိစရာအကြောင်းတော့မရှိပါ။သိကိုသိသင့်ပါသည်။

ရုတ်တရက်အော်သံကျယ်နှင့်အတူ ရောက်လာပြီး ရုတ်တရက်ပင် ဆောင့်ဆွဲကာ ရတီခအားအတင်းအကြပ်အပါခေါ်နေခြင်း မဟုတ်ပါလား။

ရပ်ကြည့်မနေနိုင်တော့တဲ့အဆုံး ရတီခအား လက်မှအသာဆွဲကာ အရမ်းမလုပ်ဖို့ ပြောလေတော့ ထိုမိန်းကလေးဆီက ဒေါသတကြီး စကားသံများကိုသာ ပြန်ကြားလိုက်ရသည်။

"တော်တော့လို့ပြောနေတယ်လေ"
"နင်ဘယ်လိုဖြစ်နေတာလဲ"

ရတီခရဲ့စကားသံ‌တိုး‌ဖျော့ဖျော့က တင်းမာစပြုနေသည့် အခြေအနေကြား ဝင်ရောက်လာသည်။ထိုအခါမှ ထိုမိန်းကလေးက ရတီခကိုလှည့်ကြည့်သည်။

"အဲ့အကောင်က နင့်ကိုလာထိနေတာလေ"

မကြာသေးခင်ကမှ ငိုထားခဲ့သည့် မျက်ဝန်းတို့မှာ အနည်းငယ်ပင် နီရဲနေ၏။ရတီခကို မျက်နှာတင်းတင်းဖြင့်ပင် သူမကြည့်နေလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် နင်သူ့ကိုတွန်းစရာမှမလိုတာ"

"သူကငါတို့ကိစ္စကိုလာဝင်ပါချင်နေတာလေ"
"လုပ်ကိုလုပ်သင့်တယ်"

ရတီခက ခပ်ယဲ့ယဲ့သာ သက်ပြင်းချသည်။ထို့‌နောက်အမျိုးသားငယ်အား တောင်းပန်စကားဆိုသည်။

"မင်းသုတ ငါတောင်းပန်ပါတယ်"
"ငါဘယ်လိုရှင်းပြရမလဲတောင် မသိတော့ပါဘူးဟာ"

အမျိုးသားငယ်၏ အမည်နာမကိုသိလိုက်ရသောအခါ ခွန်းသူရိယ မျက်နှာတွင် ခနဲ့ပြုံးတစ်ခုဖြစ်ပေါ်လာသည်။

"အဟက် ဒီကောင် ဒီလောက်ရောင့်တက်နေရတဲ့ အကြောင်းအရင်းကို ငါသိသွားပြီ ထင်တာပဲ"

ထိုစကားကို ခပ်တိုးတိုးသာဆိုလိုက်သော်လည်း
ရတီခက ကြားဖြစ်အောင်ကြားသွားသည်။ခွန်းသူရိယအား ဖြတ်ခနဲလှည့်ကြည့်မိတော့ သူကမြေပြင်ကိုသာငုံ့ကြည့်နေသည်။

အခြေအနေကို အကဲခတ်နေဟန်ရှိသည့် မင်းသုတက စကားတစ်ခွန်းမျှပင် ဝင်မပြောသေးပါ။သူ့လည်ပင်းကိုသာ ခပ်ဖွဖွပွတ်သပ်နေသည်။

"ပြန်မယ်"

ရတီခဆီက ရုတ်တရက်စကားကြောင့်အူကြောင်ကြောင်ဖြင့် ခွန်းသူရိယ မော့ကြည့်မိသည်။
ရတီခက သူမကိုကြည့်မနေပါ။ပြုံးရင်းပင် မင်းသုတအား နှုတ်ဆက်စကားဆိုလျက် နောက်တစ်ကြိမ်ထပ်တောင်းပန်ပြန်သည်။

"တစ်ကယ်တောင်းပန်ပါတယ်နော် မင်းသုတ"
"မလုံလောက်သေးဘူးဆိုရင်လည်း နောက်မှပဲထပ်တောင်းပန်ပါ့မယ်..အခုတော့ငါတို့ကိုခွင့်ပြုပါအုံး"

ပြောစရာရှိတာပြောပြီးသည်နှင့် မင်းသုတ ပြန်ပြောလာမည့် စကားတို့ကို စောင့်မနေတော့ပဲ ခွန်းသူရိယလက်ကိုဆွဲလျက် ထွက်လာလိုက်သည်။မင်းသုတဘယ်လိုမျက်နှာနဲ့ ကျန်ခဲ့မလဲဆိုတာကိုလည်း မသိချင်တော့။

ဆိုင်နောက်ဘက်ကို‌ ကျော်လွန်လာပြီး ထောင့်ချိုးတစ်နေရာကိုအရောက် တိတ်ဆိတ်စွာလိုက်ပါလာခဲ့သည့် ခွန်းသူရိယ စကားစပြောသည်။

"သိပ်ပျော်နေမှာပဲ ငိုနေတဲ့အချိန် ပျော်ရွှင်မှုလေးက ကိုယ့်ဆီရောက်လာတာဆိုတော့လေ ဟက်"

‌ရွှဲ့စောင်းချင်နေသည်ကိုသိတာကြောင့် သူ့စကားကို မည်သည့် တုံ့ပြန်မှုမှမပေးပဲ တိတ်ဆိတ်နေလိုက်သည်။ပြန်ပြောလိုက်လျှင်လည်း ရန်ဖြစ်ရအုံးမည်ထင်၏။မင်းသုတကို သူသိနေသည်ကိုလည်း မအံ့ဩတော့ပါ။သူမအကြောင်း စုံစမ်းထားသည်ဟု ပြောဖူးသည် မဟုတ်ပါလား။

"ငါမေးနေတယ်လေ"
"နင်သိပ်ပျော်နေတယ်မလား ဟမ်"

ကားရပ်ထားရာနေရာနှင့် နီးကပ်လာတော့ ကိုရန်နိုင်လင်းကို တွေ့လိုက်ရပြန်သည်။သူမတို့ကိုမြင်သည်နှင့် ကိုရန်နိုင်လင်းက ပြုံးပြလာကာ လက်ပြနေ၏။

"အဲ့လိုလုပ်တာ ငါမကြိုက်ဘူးနော် ရတီခ"
"စကားပြန်ပြောလေ"

ထိုသို့ဆိုလိုက်မှ ရတီခက မျက်မှောင်အကျုံ့သားနှင့်လှည့်ကြည့်‌လာတော့သည်။သူမထိုသို့ပြောတိုင်း သိသာလွန်းသည့် တုံ့ပြန်မှုကိုပေးတတ်သော သူ့ကြောင့် ကျေနပ်စွာပြုံးလိုက်မိ၏။

"အခုလောလောဆယ် ငါ့မှာနင့်ကိုဘာမှ‌ ရှင်းပြချင်စိတ်မရှိသေးဘူး ခွန်းသူရိယ"

ခပ်ပြတ်ပြတ်ထွက်ပေါ်လာသည့် စကားဟာ ခွန်းသူရိယရဲ့အပြုံးကို ပို၍ပင်ဖြစ်ထွန်းလာစေသည်။ထိုသို့ပြုံးနေသည့် သူ့အား ရတီခက မျက်နှာတည်ဖြင့်သာ ကြည့်နေလျက်။

"နင့်ကိုဘယ်သူကရှင်းပြခိုင်းနေလို့လဲ"
"နင်ပျော်နေလားဆိုတာကိုပဲမေးနေတာ"
"ဖြေလေ နင်ပျော်နေရဲ့လား"

ဘာရည်ရွယ်ချက်ဖြင့် ထို‌သို့မေးနေသည်လဲ ရတီခ
မသိပါ။အဖြေတစ်ခုခုကို ပြန််ပေးလိုက်ဖို့ရာလည်းတွန့်ဆုတ်နေမိသည်။ခွန်းသူရိယ၏ စိတ်အခြေအနေကို မခန့်မှန်းတတ်သည့်တိုင် ဘယ်လိုအဖြေမျိုးက သူ့အား စိတ်ကျေနပ်စေနိုင်မည် ဆိုတာကိုလည်း မစဉ်းစားတတ်တော့ပေ။

ထိုသို့အတွေးများပြီး ပြူးကြောင်ကြောင်ဖြစ်နေသည့် ရတီခအား သတိထားမိသွားတဲ့ ခွန်းသူရိယကသဘောတကျပင် ရယ်မောလိုက်သည်။

"တိတ်နေတယ်ဆိုတော့ နင်ပျော်နေတယ်လို့ပဲ ယူဆလိုက်မယ် ဟုတ်ပြီလား"

ခပ်သဲ့သဲ့ ရယ်မောရင်းပင် ခွန်းသူရိယက ကားဆီကို ဆက်လျှောက်သွားလေသည်။။ထိုအခါမှ ရတီခလည်း သတိပြန်ဝင်ကာ သူ့နောက်က လိုက်ရတော့သည်။

အိမ်ခြံဝင်းထဲကိုပင် ကားဝင်လာချေပြီ။တစ်လမ်းလုံးလည်း သူမတို့နှစ်ယောက် ဘာစကားမှမပြောဖြစ်ပါ။ငြိမ်သက်လျက်သာ လိုက်ပါလာခဲ့သည်။

Mini martတွင် ဖြစ်လာသည့် ကိစ္စကြောင့်
ရတီခစိတ်ထဲ နောက်ကျိနေသော်လည်း ထိုသကောင့်သမီးကတော့ ဘာမှမဖြစ်ခဲ့သလို သီချင်းပင်ညည်းနေသေး၏။

"ကောင်းကင်ပြာကို ဘယ်သူက ဆေးရောင်ခြယ်~"

ရတီခနှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး သူ့ကိုဆက်မကြည့်နေတော့ပဲ မျက်နှာသာလွှဲလိုက်တော့သည်။

အိမ်ရှေ့တွင် ကားရပ်လိုက်သည်နှင့် သူမတို့အလာကို ကြိုစောင့်နေဟန်ရှိသည့် နွယ်လေးက ကားနားကို အပြေးရောက်လာကာ တံခါးလာဖွင့်ပေးသည်။
နွယ်လေးနှင့်အတူ အန်တီခိုင်လည်းရှိနေ၏။

"မမလေးရတီခ.."

ရတီခကိုမြင်သည့်အခါ ‌နွယ်လေးမှာ အသက်ရှူပင် ရပ်တန့်သွားသယောင်။စကားလုံးများလည်း လေထဲမှာပင် ရပ်တန့်သွားလေသည်။

သူမ အတော်ကို စိတ်ပူနေခဲ့သည် မဟုတ်ပါလား။
ဆေးရုံတက်နေသည့် တစ်လျှောက်လုံး စိတ်နှင့်ကိုယ်ပင်မကပ်ခဲ့။နေ့စဉ်လုပ်နေရသည့် အိမ့်ဝေယျာဝေစ္စများကိုပင် အလွဲလွဲအချော်ချော် လုပ်မိသေး၏။
မမလေးခွန်း၏ တစ်ချက်လွှတ်အမိန့်ကြောင့်သာ မဟုတ်ရင် သူမဆေးရုံကို အပြေးလာမိမှာပင်။

"သမီး‌ဖြည်းဖြည်းဆင်းနော် ခေါင်းမူးနေအုံးမယ်"
"မိနွယ် နင်ရှေ့ကဖယ်စမ်းပါအေ"

ငိုမဲ့မဲ့ဖြစ်နေသည့် မမနွယ်၏မျက်နှာအား ငေးနေမိစဉ်မှာပင် အန်တီခိုင့်အသံထွက်လာ၏။အန်တီခိုင်သည်လည်း မျက်ရည်များဝဲနေပါသည်။

ထို့နောက် မမနွယ်က အယောင်ယောင်အမှားမှားဖြစ်လျက် ချက်ချင်းပင် သူမရှေ့ကဖယ်ပေးလာသည့်အခါ အပြင်ကိုဖြည်းဖြည်းချင်း ထွက်လာလိုက်သည်။

"မမလေး_"

စကားအစပြုပြီးမှ တစ်ခုခုကြောင့် တန့်သွားသည့် မမနွယ်ကိုကြည့်ရင်း နားမလည်နိုင်စွာ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်မိသည်။ကား‌နောက်နားတွင်ရပ်ကာ ပြုံးနေသည့် ခွန်းသူရိယကို တွေ့သည်။

‌မျက်လုံးကိုမှေးပြီး ပြုံးနေပုံက လူယုတ်မာနှင့်ပင်တူသေး၏။မမနွယ်ကို စကားမဆက်နိုင်အောင် လုပ်သည့် တရားခံဟာလည်း သူပဲဖြစ်ပါလိမ့်မည်။

အမြင်ကိုကပ်တယ်..

"သူရိယလေး ပေးပေး အန်တီသယ်ပေးမယ်"

ခွန်းသူရိယလက်ထဲက ကော်ခြင်းတောင်းနှစ်ခုကို လက်လွှဲယူရင်း အန်တီခိုင်ကပြောသည်။သူမဂရုတစိုက်ကိုင်ရင်းပင် ခြင်းတောင်းတစ်ခုကို အန်တီ့ခိုင်လက်ထဲ ထည့်ပေးလိုက်၏။

"တစ်ခုပဲယူ ဒေါ်လေး"
"ဒီဟာ သမီးသယ်လိုက်မယ်"

နောက်တစ်ခုကိုပါ ထပ်ယူဖို့ပြင်နေသည့် အန်တီ့ခိုင်ကို လက်ကာပြရင်း သူမပြောလိုက်၏။အန်တီခိုင်က မယုံသင်္ကာအကြည့်ဖြင့် "ရလို့လား" ဟုပြန်မေးသည်။

"အော် ဒေါ်လေးရယ်"
"ဒီခြင်းတောင်းကိုမှ မနိုင်ရင်လည်း သမီးလူလုပ်မနေတော့ဘူး"

သူမထိုသို့ပြောတော့ ရန်နိုင်လင်းနှင့်နွယ်လေးက ခပ်တိုးတိုးရယ်လိုက်ကြသည်။အန်တီခိုင်ကလည်း ‌မလွယ်ဘူးဆိုသည့်အပြုံးဖြင့် ပြုံးလေသည်။

"အေးပါတော် ရတယ်ဆိုလည်း ပြီးတာပါပဲ"
"ကျွန်မကရှင်လေး လက်နာမှာစိုးလို့ ပြောတာပါရှင်"

အန်တီခိုင်ကထိုသို့ပြောရင်း ခြင်းတောင်းကိုဆွဲလျက် အိမ်ထဲဝင်သွားတော့သည်။ကားထဲတွင်ကျန်‌နေသေးသည့် အဝတ်အစားအိတ် နွယ်လေးဆီ ရန်နိုင်လင်းကလွှဲပေးလိုက်သည်။

"ရော့ မိနွယ် ဒါကိုယူသွား"

"အယ် ရပါတယ်"
"ကျွန်မဘာသာသယ်ပါ့မယ်"

မိမိ၏အဝတ်အစားအိတ် ဖြစ်နေသည်မို့ သယ်ခိုင်းရမှာ အားနာသည်ကြောင့် မမနွယ်ကို ရတီခလှမ်းတားလိုက်သည်။မမနွယ်က ကြောင်ကြည့်နေပြီးမှ ခပ်သဲ့သဲ့ရယ်လိုက်ကာ...

"‌ရပါတယ်..မမလေးရယ်..အားမနာပါနဲ့"

"ဟုတ်တာပဲ မမလေးရဲ့"
"မမလေးက အခန်းထဲပြန်ပြီး အနားယူပါ"
"ဒါတွေဦးတို့လုပ်ပေးမယ်"

"ဟုတ်..ဟုတ်ကဲ့ ကျေးဇူးပါ"

နှစ်ယောက်စလုံးက ပြောနေကြသည်မို့ အားနာနာဖြင့်သာ သူမခေါင်းညိတ်လိုက်တော့သည်။

သူ့ကိုယ်သူ"ဦး" လို့သုံးနှုန်းလိုက်သည့် ကိုရန်နိုင်လင်းအား ခွန်းသူရိယ မယုံနိုင်စွာပင် ကြည့်လိုက်မိ၏။တစ်ချိန်လုံး"ကျွန်တော်"ဟုသာ သုံးနှုန်းနေခဲ့သည့်သူက ဘာလို့ယခုမှ ပြောင်းလဲသွားရသနည်း။

ရတီခနှင့်အစ်မနွယ်လေးတို့ အထဲဝင်သွားတာ သေချာမှ သူမ ကိုရန်နိုင်လင်းဆီ တိုးကပ်သွားလိုက်ရင်း သိလိုသည်ကိုမေးကြည့်လိုက်သည်။

"ကိုရန်နိုင်"

"ဟုတ် မမလေး"

"ဘာလို့ကိုယ့်ကိုကိုယ်"ဦး"ဆိုပြီးပြောတာလဲ"
"အရင်ကဆို"ကျွန်တော်"ပဲပြောတာမလား"

ကိုရန်နိုင်လင်းက စဉ်းစားဟန်ဖြင့် ခေါင်းကုပ်သွားသည်။အတန်ကြာမှ သူမကိုပြန်ကြည့်လာပြီး..

"ကျွန်ဝောာ်လည်းသေချာမသိဘူးရယ်"

‌ခွန်းသူရိယ မျက်ခုံးပင့်သွား၏။

ဟော..အခုကျတော့လည်း'ကျွန်တော်'
ဖြစ်သွားပြန်ပြီ..

"ကြည့်ရတာ ရတီခကိုပဲ အဲ့လိုပြောတာထင်တယ်ဟုတ်လား"

"အဲ..အဲ့တာတော့ဟုတ်တယ်ဗျ"
"ဘာလို့လဲတော့မသိဘူး ကျွန်တော်သူ့ကိုသွားကြိုလာကတည်းက အဲ့လိုပဲပြောနေမိတာ"

မေးကိုကုပ်လျက် ပြောလာသည့် ကိုရန်နိုင်အား စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေပြီးနောက် ခွန်းသူရိယခေါင်းကိုအသာညိတ်လိုက်သည်။ထို့နောက် ဘာမှပြန်ပြောမနေတော့ပဲ အိမ်ထဲကိုသာဝင်လိုက်တော့၏။

"မမလေး မမလေး"

ကုတင်‌ပေါ်တွင်ထိုင်နေစဉ် မမနွယ်၏အသံအား ကြားလိုက်ရသည်မို့ ချက်ချင်းပင် တံခါးဆီ သူမသွားလိုက်သည်။

"ဟုတ် မမနွယ်"

တံခါးဖွင့်ဖွင့်ချင်းပင် အတန်ငယ်ပြူးကျယ်သွားသည့် မမနွယ်ရဲ့မျက်ဝန်းများကို အရင်မြင်လိုက်ရသည်။ထိုအမူအရာမှာ သူ့မူပင်ဖြစ်သည်ကို ရတီခသိပြီးပြီ ဖြစ်တာကြောင့် စိတ်ထဲတွင်ဘာမှတော့မရှိပါ။

"မမလေး..ဆေးရုံတက်နေတုန်းက..မမလေးရဲ့ဖုန်းက ခဏခဏလာတယ်..ဆက်တဲ့နံပါတ်ကလည်းတစ်ခုတည်းပဲရှင့်"

ဖုန်းလာသည်ဟူသော စကားကြောင့် ရတီခမျက်ခုံးပင့်သွား၏။

"ဟုတ်လား ဘယ်သူတဲ့လဲ မမနွယ်"

"‌လမင်းတဲ့ မမလေး"

ထိုအမည်နာမကိုအကြား ရတီခမျက်နှာတွင် အပြုံးသေးသေးလေးတစ်ခု ဖြတ်ပြေးသွားတော့သည်။သို့သော် တစ်ချိန်တည်းမှာပဲ စိုးထိတ်လာပြန်ကာ အပြုံး‌ပျက်သွားသည်။

"ကိုင်လိုက်သေးလား မမနွယ်"
"ကျွန်မဆေးရုံတက်နေရတယ်ဆိုတာကိုရော ပြောလိုက်သေးလား"

နွယ်လေး ခေါင်းကိုအသာခါလိုက်ကာ..

"ဟင့်အင်း ကိုင်တော့မကိုင်မိဘူး မမလေး"
"မမလေးပစ္စည်းမို့ ကျွန်မဘာမှမလုပ်ရဲပါဘူး"
"ဒါ..ဒါတောင်မှ..ဖုန်းခဏခဏမြည်နေတော့ နံပါတ်ကိုကြည့်လိုက်မိတာပါ..မမလေး"

မရဲတရဲအကြည့်တို့ဖြင့် မမနွယ်ကပြောလေတော့ ရတီခ စိတ်မကောင်းပင် ဖြစ်သွားသေးသည်။သက်ပြင်းချလိုက်ပြီးနောက်..

"ရပါတယ် မမနွယ်ရယ် ကျွန်မစိတ်မဆိုးပါဘူး"
"အဲ့လောက်ထိ နှိမ့်ချပြီးပြောမနေပါနဲ့"
"မမနွယ်ကအဲ့လိုဖြစ်နေတော့ ကျွန်မစိတ်ထဲတစ်မျိုးခံစားရတယ်..ကျွန်မကိုသာမန်ပဲပြောပါ မမနွယ်"

ထိုအခါမှ ခေါင်းငုံ့နေသည့် မမနွယ်က မော့ကြည့်လာတော့သည်။မျက်ဝန်းထဲတွင်တော့ မဝံ့မရဲအကြည့်များရှိနေသေးသည်။

"ဒါ..ဒါပေမဲ့ မမလေးရယ်"

"ရပါတယ်ဆို မမရယ်..ကျွန်မတစ်ကယ်မနေတတ်လို့ပါ..ကျွန်မကိုသာမန်လိုပဲပြောပေးပါလား"

နွယ်လေးက မျက်လွှာချသွားပြန်သည်။ကြမ်းပြင်ကိုငေးကြည့်နေရင်းပင် တစ်စုံတစ်ခုကိုတွေးတောနေဟန်။ထို့‌နောက် ခေါင်းပြန်မော့လာကာ ရတီခကိုကြည့်သည်။

"သာမန်ဆိုတာ ဘယ်လိုမျိုးကို ပြောတာလဲရှင်"

ထိုအမေးကြောင့် ရတီခနှုတ်ခမ်းများခပ်ဟဟဖြစ်သွားသည်။မေးကိုလက်ညှိုးဖြင့်ပွတ်ကာ တစ်ချက်စဉ်စားပြီးသည့်နောက် ပြုံးလိုက်ပြန်၏။

"ညီမလေးတစ်ယောက်လိုပေါ့ မမနွယ်"
"ကျွန်မကို မမရဲ့ညီမလေးလိုမျိုး ပြောဆိုလို့ရတယ်"
"ဆူသင့်တဲ့အခါဆူပါ မမနွယ်"

"ဟုတ်..ဟုတ်ကဲ့ပါ"

ထိုသို့ပြောလိုက်သည့်တိုင် မမလေးအား ညီမလေးတစ်ယောက်လို မဆက်ဆံချင်ပါ။မမလေးအား မမလေးတစ်ယောက်လိုသာ ဆက်ဆံချင်ပါသည်။
သူမဟာ အစေခံတစ်ယောက်ပဲ မဟုတ်ပါလား။အစေခံတစ်ယောက်ဟာ သခင်ကို မည်သည့်စိတ်ဖြင့် ညီအစ်မစိတ်နှင့် ဆက်ဆံပြောဆိုနိုင်မည်နည်း။

ဟုတ်သည်။သူမဟာ အစေခံတစ်ယောက်။
ဒီအိမ်ကိုအလုပ်အကျွေးပြုဖို့ ရောက်လာခဲ့တဲ့ အစေခံတစ်ယောက်။မမလေး၏တောင်းဆိုချက်အား ခေါင်းညိတ်လိုက်သည်မှာလည်း ငြင်းဆိုပိုင်ခွင့်မရှိဘူးဟု ယူဆထား၍ပင်ဖြစ်သည်။

နွယ်လေးဟာ ထိုသို့ သခင့်အပေါ်သစ္စာရှိရမည့် ကျွန်ဟုသာ ဦးနှောက်ထဲတွင် သံမှိုစွဲသလို သူ့ကိုယ်သူမှတ်ယူထားလေ၏။

နွယ်လေးကို ထိုသို့ဖြစ်လာစေသည့် အရာက သူမ၏ အတိတ်တို့ထဲ ရှိနေပါသည်။နွယ်လေးကိုယ်တိုင်တောင် မမှတ်မိသည့် ထိုအတိတ်ထဲမှာပေါ့..။

__

P-16 end.


































Comment