Part-21

"နင့်ပါးစပ်ကိုပိတ်ထား ငါ့ကိုဘာမှလာမမေးနဲ့"

လက်ညှိုး‌ငေါက်ငေါက်ထိုးလျက် ခွန်းသူရိယက ဒေါသတကြီး အံကြိတ်ကာပြောသည်။ အဝတ်ဆိုင်က ထွက်လာပြီးကတည်းက ဆွဲဆောင့်‌ခေါ်လာသည့် လက်ကိုလည်း ယခုတိုင်မလွှတ်သေးပေ။

လက်ကောက်ဝတ်အား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်ကြောင့် နာကျင်စပြုလာသည့်အခါ အောက်နှုတ်ခမ်းကိုသာ ခပ်ဖွဖွဖိကိုက်မိ၏။

အမိန့်ဆန်ဆန် စကားကြောင့် ဘာစကားမှလည်း ထပ်မပြောမိတော့။ ရတီခဆိုသည့် ဖြစ်တည်မှုသည် သူ့အားမလွန်ဆန်နိုင်တော့မည့် ဖြစ်တည်မှုမျိုး ဖြစ်လာတော့မည်လား။

ရှုးရှုးရှဲရှဲဖြစ်နေသည့် ‌သူ့မျက်နှာသည် ဒေါသကြောင့် နီရဲနေ၏။ ဒါဟာ မင်းသုတကို တွေ့လိုက်ရ၍လား။ဝတ်စုံကိစ္စနှင့်ပတ်သတ်ပြီး သူ့ဆန္ဒကို မလိုက်လျော၍လား။ တစ်ယောက်တည်း မေးခွန်းများစွာ ထုတ်နေမိသည်။

ဘာကြောင့် ရုပ်ရှင်ရုံကို သွားသလဲ မေးသည့်အခါ ဒေါသတကြီး တုံ့ပြန်မှုကိုသာ ပြန်ရလိုက်၏။

သူ့လက်အထိအတွေ့က နွေးထွေးနေသည်။ ပူနွေးနေသည် ဆို ပိုမှန်လိမ့်မည်။ သွေးပူနေ၍သာ ဖြစ်နိုင်ပါမည်။

မကြာခင်မှာ သူမတို့ကားလေး ရုပ်ရှင်ရုံရှိရာ အဆောက်အဦဝန်းထဲ ဝင်ရောက်လာသည်။

ကားပါကင်တွင် နေရာယူပြီးသည်နှင့် တစ်ပြိုင်နက် အချိန်ဖြုန်းခြင်းမရှိ ခွန်းသူရိယက ဇိုးဇိုးဇက်ဇက်နှင့် ကားပေါ်ကဆင်းသည်။

ထို့နောက် ရတီခကို မညှာမတာ သူရပ်နေရာ တစ်ဘက် ကားတံခါးနားမှ ဆောင့်ဆွဲပြန်သည်။

"အ"

အာမေဋိတ်သံပင် ပြုမိသွားလောက်အောင် သူ့ဆက်ဆံပုံသည် ကြမ်းတမ်း‌လွန်းသည်။ နာကျင်စေသည်။

ခက်ခက်ခဲခဲ ရုန်းကန်ထွက်ပြီးတဲ့နောက် အပြင်ကို ရတီခ ရောက်လာသည်။ ကိုယ့်လက်ကိုငုံ့ကြည့်မိတော့ လက်ကောက်ဝတ်တွင် လက်ချောင်းရာ နီရဲရဲတို့က အထင်းသား။

ရတီခ ကိုယ့်ကိုကိုယ် စိတ်မကောင်းဖြစ်မိလျက် မျက်ခုံးများ တွန့်ချိုးမိသည်။

သူဘာဖြစ်နေသလဲ..။

ခွန်းသူရိယ ဘာစကားမှမဆိုပဲ ရတီခကို အ‌ဆောက်အဦ အတွင်းသို့ ဆက်လက်ဆွဲခေါ်လာ၏။ သူမအမူအရာများ တစိုးတစိမျှ ကြင်နာမှုမရှိ။ ညှာတာမှုမရှိပါ။

ရင်ထဲတွင် တစ်စုံတစ်ခုက ပြင်းပြင်းထန်ထန် လောင်ကျွမ်းနေသလို ခံစားရသည်။ ထိုအရာကပဲ သူမကို ထိုသို့‌လုပ်မိအောင် တွန်းပို့နေခြင်းသာ။

နာနေလောက်မည်ကို သိသော်လည်း စိတ်ကညှာဖို့ ခွင့်မပြု။ တစ်ချက်တစ်ချက် ကြားရတဲ့ အာမေဋိတ်သံတို့ကိုလည်း ဂရုမစိုက်နိုင်ပဲ လျစ်လျူရှုနေမိသည်။

ရုပ်ရှင်ရုံကို ရောက်လာရတာကလည်း အစကတည်းက စီစဉ်ထားပြီးသားကိစ္စ။ တစ်ရက်လုံးလုံး အချိန်တွေပိုနေမှာကြောင့် လျှောက်လည်ဖို့ အစီအစဉ်တွေ ဆွဲထားခဲ့သည်။

သို့သော် ဟိုသကောင့်သားကြောင့် ဒီအချိန်ဟာ အလျင်ရောက်လာခဲ့ပြီး ‌ပျော်ရွှင်နေသင့်သည်ကို ပူလောင်မှုများဖြင့် ဖြတ်သန်းရတော့မည်။

‌လက်မှတ်အရောင်းကောင်တာကို ရောက်သည်နှင့် ရရာ ခုံနှစ်ခုံ ယူလိုက်သည်။ ဘေးကပ်ရပ် ဖြစ်သည်မို့ သူမတို့ အတူထိုင်ရသည်။

ရုံအတွင်းရောက်တော့ သိပ်မကြာခင်မှာပင် မီးများမှိတ်သည်။ သူမတို့နှစ်ယောက်အပါအဝင် ရုံထဲမှလူတိုင်း နိုင်ငံတော်သီချင်းဖွင့်၍ မတ်တပ်ရပ်ကြသည့်တိုင် လက်ဆွဲ၍ တစ်ယောက်မျက်နှာတစ်ယောက် မကြည့်။

ပိတ်ကားထက်တွင် ရုပ်ရှင်စပြနေပြီသော်လည်း ခွန်းသူရိယက လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသေးသည်။

ကြာတော့ ရတီခ ငိုချင်လာသည်။ လက်ကောက်ဝတ်နေရာကလည်း ပူထူပြီး တဆစ်ဆစ်နဲ့ ကိုက်ခဲနေ၏။

သို့သော် ဘာဆိုဘာမှ‌ မပြောမိ။ အောင့်အီး သည်းခံကာ နေသည်။ အကြောင်းအရင်းကို မသိပေမဲ့ သူ့ကိုထပ်ပြီး စိတ်ဆိုးအောင် မလုပ်ချင်ပါ။

အကြည့်တို့က ပိတ်ကားမှာ ရှိနေသော်လည်း အာရုံကတစ်ခြားကို ရောက်နေသည်။ ပူနွေးနွေး အထိအတွေ့သည် ရတီခသည်သာ ခံစားနေရသည်မဟုတ်။ သူမလည်း ခံစားရသည်။

ဆုပ်ထားတဲ့ လက်ကလည်း ထုံကျင်နေပြီ။ သို့သော် လွှတ်လိုက်ရမည့်အစား ခေါင်းမာမာနှင့် ပိုပြီးတင်းကြပ်သထက် တင်းကြပ်အောင် ဆုပ်ကိုင်ထားမိသည်သာ။

ထိုအနေအထားနှင့်ပင် ထိုင်နေကြရင်းမှ ရုပ်ရှင်ဇာတ်ကားပင် တစ်ဝက်ကျိုးလာသည်။

ပိတ်ကားတွင် ပြ‌သနေသည်မှာ လင်မယားနှစ်ယောက် ရန်ဖြစ်ခန်း။ စကားအချေအတင်လေး တစ်ခုမှ စလိုက်ရာ မင်းသားနှင့် မင်းသမီးမှာ တဖြည်းဖြည်း အော်ကြီးဟစ်ကျယ် ဖြစ်လာ၏။

မင်းသားက မင်းသမီးကို မျက်ထောင့်နီဖြင့် ကြည့်ကာ
အော်သည်။ မင်းသမီးကလည်း ‌တစ်ခွန်းမကျန် ကန့်လန့်တိုက်သည်။

တွေ့ကရာ ပစ္စည်းများကို ပေါက်ခွဲကြသည်။
မင်းသား နံရံကို ပစ်ပေါက်လိုက်သည့် ကြွေပန်းအိုးစများ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲကျသွားသည်။

ရတီခပင် ထိုဇာတ်ဝင်ခန်းအား စိတ်ဝင်တစား ကြည့်မိသည်။ သရုပ်ဆောင်ချက်များ ပီပြင်လွန်းလှသည်မှာ အပြင်လောကမှ တစ်ကယ့်ရန်ပွဲသည် ကိုယ်ရှေ့တွင် တစ်ကယ် ဖြစ်ပျက်နေသလို။

ထိုသို့ရုပ်ရှင်ကို စိတ်ဝင်တစားကြည့်နေရာမှ စိတ်ထင်၍လားတော့မသိ။ လက်ကောက်ဝတ်ဆီမှ ခွန်းသူရိယရဲ့ ဆုပ်ကိုင်အားသည် လျော့ရဲသလို ဖြစ်လာ၏။

ပူနွေးနွေး အထိအတွေ့မှ အေးစက်‌စက် ခံစားရ၏။
အဲကွန်း‌လေကလည်း အနည်းငယ် အေးစိမ့်လာနေပြီဖြစ်တာကြောင့် ရတီခ ခပ်ပေါ့ပေါ့သာ နေလိုက်မိသည်။

သို့သော် ထိုသို့ခပ်ပေါ့ပေါ့ တွေးလိုက်မိသည်မှာ အမှားတစ်ခုအဖြစ် ပြောင်းလဲသွားမည်ကို သူမ မသိလိုက်။

ရန်ဖြစ်ခန်းက ပို၍ပင် ဆိုးရွားလာသည်။ မင်းသမီးက မင်းသားပါးကို ပြင်းထန်စွာရိုက်၏။ ထိုရိုက်ချက်ပြင်းထန်လွန်းလှသည်က မင်းသားမျက်နှာပင် တစ်ပတ်လည်သွားအောင် သက်ရောက်သွားပြီး ရတီခအပါအဝင် ကြည့်ရှုသူတိုင်းကို ကြက်သီးထသွားစေသည်။

ထို့နောက် မင်းသားက မယုံနိုင်သည့်အကြည့်၊ ဒေါသအကြည့်တို့ဖြင့် မင်းသမီးအား ကြည့်လိုက်ပြီး ပြန်ရိုက်ရန်လက်ကို မြှောက်ရွယ်လိုက်စဉ်...

"ဟင့်..."

အသက်ရှိုက်သံ တစ်ချက်နှင့် အတူ လက်ကောက်ဝတ်ဆီမှ တင်းကြပ်ကြပ် ဆုပ်ကိုင်မှုသည်လည်း အပြည့်အဝ လျော့ထွက်သွားတော့သည်။

ထိုရှိုက်ငင်သံသည် မင်းသမီးဆီမှ မဟုတ်။ မင်းသားက မင်းသမီးကို မရိုက်ပဲ သူ့လက်သီးချက်များ နံရံဆီကိုသာ ကျရောက်သွားသည်။ ထိုသည့်တိုင် မင်းသမီးက ကြောက်ရွံ့ဟန်မရှိ၊ တုန်လှုပ်ဟန်မပြ။ ရယ်တောင် ရယ်နေပါသေးသည်။

ထိတ်သွားသည့် စိတ်နှင့်အတူ ကယောင်ကတမ်းဖြင့် ဘေးတွင်ရှိနေသည့် သူ့ကို ဝိုင်းစက်သော မျက်ဝန်းအစုံဖြင့် ရတီခ လှည့်ကြည့်လိုက်သည်။

မျက်လုံးများ ပြူးကျယ်သွားရသည်။ မြင်နေရသည်ကို မည်သို့တုံ့ပြန်ရမည်မသိပဲ မျက်လုံးသာ ပြူးသွားသည်။

ခွန်းသူရိယက ထိုင်ခုံထဲနစ်ဝင်တော့မည့်နှယ် ကျောကိုကုပ်ကပ်မှီကာ ထိုင်နေသည်။ လက်တစ်ဖက်သည် ထိုင်ခုံလက်တန်းကို ကျစ်နေအောင် ဆွဲဆုပ်ထား၏။

မျက်နှာသည် သွေးမရှိသည့်အလား ဖြူဖျော့နေသည်။ ပိတ်ကားထက်တွင် ရှိနေပုံရသည့် အကြည့်တို့သည် သတိမရှိသည့် အသေကောင်တို့ မျက်ဝန်းနှင့်ပင် တူနေသေးသည်။

အသက်ကိုထစ်ငေါ့စွာ ရှိုက်မိရင်းပင် ရတီခ ဘုရားတမိလျက်..

ဘုရား..ဘုရား..
အသက်တောင်ရှူနေရဲ့လား..

ရင်ခုန်နှုန်းသည် အဆမတန် မြန်လာ၏။ သူ့ကြောင့် ခဏခဏ ရင်ခုန်ခဲ့ဖူးသည့်တိုင် ဤရင်ခုန်ခြင်းသည် စိုးရိမ်ခြင်း၊ ပူပန်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်းစသည့် မကောင်းသဘောဆောင်သော စိတ်ခံစားချက်များ ရောပြွန်းကာ ဖြစ်ပေါ်လာသည့် ရင်ခုန်ခြင်းပင်။

"ခွန်း..ခွန်းသူရိယ. ဟဲ့.. ငါ..ငါပြောတာကြားလား"

ထိတ်ပြာပြာနှင့် သူ့လက်ဖဝါးကို ဆွဲကိုင်လှုပ်ရမ်းရင်း‌ မေးလိုက်သည်။ သူပြန်မဖြေသလို တစ်ချက်ကလေးတောင် လှုပ်ရှားခြင်းမရှိ။ ကြားသည့်‌ဟန်လည်းမရှိ။

"ခွန်းသူရိယ..‌ငါပြောတာကြားလားလို့..ဟဲ့..ကြားလားလို့"

တုံ့ပြန်မှု တစ်စုံတစ်ရာမရှိသည့် သူ့ကိုကြည့်ရင်း အပူမီးက ဟုန်းဟုန်းတောက်လာသည်။

ဘယ်တုန်းကတည်းက ဤသို့ဖြစ်နေခဲ့သည်လဲ..။

တစ်စုံတစ်ရာကို ကြောက်ရွံ့နေသည့်ဟန်၊ ထိတ်လန့်နေသည့်ဟန်နှင့် ကလေးတစ်ယောက်သဖွယ် ခုံကိုကုပ်ကပ်ထားသည်။ သူဘာကြောင့် ဒီလိုဖြစ်နေသလဲ ရတီခ မသိ။

လျော့တိလျော့ရဲ ဖြစ်သွားသည့် အေးစက်စက်လက်။ ထိုအသိက ချက်ချင်းပင် ခေါင်းကို ဆစ်ခနဲ ထိုးကိုက်သွားစေသည်။

သတိမထားမိလိုက်တဲ့ ကိုယ့်ကိုကိုယ်သာ ထုရိုက်လိုက်ချင်တော့သည်။ မကြာပါ။ ရတီခ မျက်ရည်တွေကျလာသည်။

လျစ်လျူရှုမိလိုက်သည့် ကိစ္စသေးသေးလေးက ဒီလိုထိတ်လန့်စရာ အခြေအနေကို ဖန်တီးပစ်လိုက်သည်။

ခွန်းသူရိယက ဘယ်လိုခေါ်ခေါ် ဘယ်လိုပဲလုပ်လုပ် တစ်စက်ကလေးမှ မတုံ့ပြန်၊ မလှုပ်ရှားလာ။ သူ့အကြည့်များကလည်း ပိတ်ကားထက်တွင်သာ။

ရတီခ၏ စိုးရိမ်စိတ်သည် ငယ်ထိပ်ထိဆောင့်တက်လာ၏။ ပူထူလာသည့် ခန္ဓာကိုယ်။ အဆက်မပြတ်ကျလာသည့် မျက်ရည်များ။

ပေါင်ပေါ် လက်နှစ်ဖက် ထောက်လျက် ခေါင်းငုံ့ချလိုက်သည်။ သူ့အား ကူညီနိုင်မဲ့ နည်းလမ်းတိုင်းကို စဉ်းစားသည်။

ဘေးလူတွေဆီက နားမလည်သည့်အကြည့်၊ စူးစမ်းသည့် အူတူတူအကြည့်တို့ကိုလည်း ဂရုမစိုက်အား။ ကိုယ့်အာရုံနှင့်ကိုယ် ရှုပ်ထွေးနေ၏။

အတော်ကြာ ခေါင်းခြောက်‌ခံပြီးနောက် ခေါင်းကိုပြန်မော့ရင်း သူ့မျက်နှာကို ဝမ်းနည်းညှိုးငယ်စွာ ကြည့်လိုက်သည်။

အလုပ်ဖြစ်နိုင်ကောင်းသည့် နည်းလမ်းတစ်ခုကို စဉ်းစားမိချေပြီ။ သို့သော် အောင်မြင်‌ဖို့ကလည်း မသေချာနေ။

စိတ်အစဉ်ကို သေချာပြင်ဆင်။ ဆုံးဖြတ်ချက်ကို ဒုန်းဒိုင်းချပြီးမှ သူမ ခါးကိုမတ်လိုက်သည်။ ကိုယ်ကို သူ့ဘက်သို့ လှည့်လိုက်ရင်း သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် ဆွဲယူလိုက်လျက်...

ပြန်လာပါတော့.. ဟု ဆုတောင်း၍သာ သူ့နှုတ်ခမ်းအား ဖိကပ်နမ်းရှိုက် လိုက်တော့သည်။

တစ်စက္ကန့်..နှစ်စက္ကန့်..ထိုသို့ဖြင့် ငါးစက္ကန့်မျှ ကြာရှည်သွားခဲ့သည်။ မျက်လုံးကို မှိတ်ထားသည်ကြောင့် သူ့မျက်နှာကို မြင်မနေရ။

ထိုစဉ် ရုတ်တရက် လက်‌ကိုလာထိတဲ့ အထိအတွေ့ကြောင့် ဆတ်ခနဲ မျက်လုံးကိုဖွင့်လိုက်ရာ မိမိလက်ပေါ်က လက်ချောင်း ရှည်သွယ်သွယ်လေးတွေကို မြင်လိုက်ရသည်။

သူပြန်ရောက်လာပါပြီ။

သူ့ဆီမှ မျက်နှာကိုခွာလိုက်ပြီး ပြန်ကြည့်တော့လည်း အငိုမျက်လုံးဖြင့်သာ။ သူကတော့ ယခုမှ လူ့လောကထဲပြန်ရောက်လာသလို ကြောင်စီစီဖြစ်နေရှာသည်။

"ခွန်း..နင်ပြန်လာပြီနော်..ငါလေ..အရမ်းစိတ်ပူ_"

စကားပင်ဆုံးအောင်မပြောနိုင်တော့။
သူ့ကိုဆွဲဖက်ကာ ငိုချလိုက်မိသည်။

ခွန်းသူရိယသည် ဒုက္ခပေးလွန်းသည်..။
နည်းလမ်းမျိုးစုံနဲ့ကို ဒုက္ခပေးလွန်းသည်..။

သူ့အိမ်ကို စရောက်ကတည်းက ဝမ်းနည်းလိုက်၊ ‌ဒေါသထွက်လိုက်နှင့် စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ အစတောင် ရှာမရခဲ့။ တော်ရုံစိတ်မာတဲ့ သူမ,တောင် တငိုငို တရီရီ ဖြစ်နေရသည်။

ထိုသို့လုပ်ရသည်ကို သူဟာ ပျော်နေသည်လား..။
သူတစ်ပါး မျက်ရည်ကျအောင် လုပ်ရသည်ကို သူဟာ ပျော်နေသည်လား..။

တသိမ့်သိမ့်ရှိုက်ကာ ငိုနေသည့် သူ့ကိုကြည့်ရင်း ခွန်းသူရိယ ပို၍ပင် နားမလည်နိုင်ဖြစ်ရသည်။

စိတ်လွတ်သွားသည့် ဖြစ်စဉ်ကို သတိပြုမိသည့်တိုင် ခန္ဓာကိုယ်ဟာ ဦးနှောက်ကို မတုံ့ပြန်။ စောစောကထိ လေဟာနယ်ထဲ ရောက်နေသလို၊ ဗလာကျင်းထဲကျနေသလို ခံစားနေရသေးသည်။

တွေးမြင်ခဲ့သည့် ပုံရိပ်တစ်ချို့မှာ မထင်မရှားနှင့်။ ထိုအထဲ လူငယ်အရွယ် အမျိုးသားနှင့် အမျိုးသမီးလည်း ပါသည်။

သူတို့က ရန်ဖြစ်နေတဲ့ပုံပင်။ အိမ်ထောင့်က နားနှစ်ဖက်ပိတ်ကာ ကြောက်ရွံ့တုန်လှုပ်နေသည့် ကလေးမလေးကို သတိထားမိတော့ ဘာကြောင့်မှန်းမသိ သနားစိတ်ဝင်ကာ ထိုနေရာမှ ကယ်ထုတ်ရန် ကြိုးစားခဲ့သည်။ ထိုကလေးမက သူမ ခေါ်သည်ကို ကြားပုံမရ။ ခြေလှမ်းတို့က ထိုကလေးမဆီ လှမ်းနေပေမဲ့ ပိုဝေးသွားသလိုသာ ခံစားရသည်။

ထိုအဖြစ်အပျက်အား မျက်မှောင်ကုပ် စိုက်ကြည့်နေရင်းမှ တစ်စုံတစ်ခုရဲ့ ဆောင့်ဆွဲခံရခြင်းနှင့်အတူ အမှောင်ထုထဲက လွတ်မြောက်လာ၏။

သတိပြန်ဝင်လာသော် ပထမဦးဆုံးမြင်လိုက်ရသည်က မှေးမှိတ်ထားသော မျက်လုံးတွင် မျက်ရည်တွေဝိုင်း‌နေသည့် ရတီခကိုပင်။

ပြီးတော့ သူဟာ ဘာလုပ်နေခဲ့သည်လဲ..။

မိမိနှုတ်ခမ်းကို ကျူးကျော်နေခဲ့သည် မဟုတ်လား..။

ပုခုံးပေါ်မျက်နှာအပ်ကာ ငိုလို့ယိုလို့မပြီးသေးသော သူ့ကို ခွန်းသူရိယ စိတ်ရှုပ်ဟန်ဖြင့် စောင်းငဲ့ကြည့်လိုက်သည်။

နားကြားသာ မမှားလျှင် ရတီခက "ခွန်း" ဟုခေါ်လိုက်သည်။ ရုတ်တရက် ဆန်လွန်းသော အခြေအနေကြောင့် စဉ်းစား၍ပင် လိုက်မမှီတော့။

အထူးသဖြင့် ရတီခကို..။

"နင်မပြီးသေးဘူးလား ဟမ်"
"ပြောစမ်းပါအုံး ငါဘာမှနားမလည်တော့ဘူး"
"ဘာလို့ငိုနေရတာလဲလို့"

ကျောကိုခပ်ဖွဖွပုတ်ကာ သူမပြောတော့ ရတီခကခေါင်းထောင် လာ‌သည်။ နှာဖျားသည်ပင် အငိုလွန်၍ နီရဲရဲ ဖြစ်နေတာကို မြင်၏။

ရတီခ နှာတစ်ချက် ရှုံ့လိုက်ပြီး...

"နင်..ဟို..အာ..ငါလည်းမသိတော့ဘူး. နင်ကရုတ်တရက်ကြီး တောင့်တောင့်ကြီးဖြစ်သွားတာပဲ. ငါလည်း ဘာဖြစ်မှန်းမသိဘူး"

ထိုစကားကြောင့် မျက်ခုံးပင့်လိုက်ရင်း...

"အဲ့တာနဲ့ နင်ကငိုရောလား"

"ငါဘယ်လောက်စိတ်ပူသွားတယ်ထင်လဲ. စကားလည်း ပြန်မပြော၊ လှုပ်လည်းမလှုပ်ဘူးဆိုတော့ တစ်ကယ် ပူထူသွားတာ"

"ရှက်လည်းမရှက်ဘူးနော်. ဟိုမှာနင့်ကို ကြည့်နေကြတယ်"

သူ့ဘေးခုံကလူဆီ မျက်စပစ်ရင်း ပြောလိုက်တော့ ရတီခက မျက်ရည်တွေ သုတ်နေရင်းမှ နှုတ်ခမ်းစူသွားလျက်...

"ဟွန့် ကြည့်ကြည့်ပေါ့ ဘာဂရုစိုက်ရမှာ"

ခွန်းသူရိယက ပြန်မပြောသေးပဲ ခဏမျှတိတ်ဆိတ်သွားသည်။ ထို့နောက် ရိသဲ့သဲ့ မျက်နှာထားဖြင့် ပြုံးလိုက်ရင်း ပိတ်ကားဆီ အကြည့်ပို့လိုက်၏။

"အဲ့လောက်တောင် စိတ်ပူတာလား ငါ့ကို"

ရတီခက ဘာမှပြန်မပြော။ သူ့ကိုမကြည့်နေတာမို့ သူ့မျက်နှာကိုလည်း မမြင်ရ။ တော်တော်ကြာတဲ့အထိ အဖြေပြန်မရတာကြောင့် ထပ်မေးလိုက်မိသည်။

"ပြောလေ ငါ့ကိုအဲ့လောက်တောင် စိတ်ပူတာလားလို့"

"....."

"ရတီခ"

"အ..အင်း..စိတ်ပူတယ်"

အသံမာမာနဲ့ နာမည်ကိုခေါ်လိုက်မှပဲ သူ့ဆီကအသံထွက်လာတော့သည်။ သို့သော် တိုးလွန်းသည်။
သေချာကြားလိုက်ရသည့်တိုင် အားမရသည်မို့ လှည့်ကြည့်လိုက်တော့ ငုံ့ချထားသည့် သူ့မျက်နှာက ဆံပင်ရှည်များဖြင့် ဖုံးကွယ် ကာဆီးနေသည်။

မျက်နှာကို မြင်ချင်လို့ လှည့်ကြည့်ပါမှ မြင်ကွင်းကို ပိတ်ဆို့နေပြန်သည့် သူ့ဆံပင်ရှည်တွေအား စိတ်တိုင်းမကျဖြစ်မိရင်း အလျင်စလို ဆွဲဖယ်လိုက်၏။

ပေါ်ထွက်လာသည့် မျက်နှာလေးက အမှောင်ထဲတွင် မသဲမကွဲနှင့်။ သို့သော် ဖိကိုက်ထားသည့် နှုတ်ခမ်းနှင့် နှာဖျားရဲရဲလေးကိုတော့ မြင်နေရသည်။

ဆံပင်‌ကို နားကြားထဲ သပ်ထည့်လိုက်ပြီး သူ့မျက်နှာအား မေးထောက်လျက် ငေးကြည့်လိုက်သည်။

"ငါ့ကိုကြည့်ပါအုံး"

နှစ်ခါပင် မပြောရပါ။ ရတီခက ချက်ချင်းကို လှည့်ကြည့်လာသည်။ စကားနားထောင်လွန်းသော သူ့ကိုသဘောတကျဖြစ်စွာ ခွန်းသူရိယ ပြုံးမိသွားသည်။

ထို့နောက် နှာခေါင်းလေးကို ဆွဲညှစ်လိုက်ရင်း..

"စိတ်ပူပေးလို့ ကျေးဇူးပါတဲ့ရှင်"

ထိုနေ့ကအဖြစ်အပျက် ပြီးကတည်းက လေးရက်ပင် ရှိပြီ။ ခွန်းသူရိယက ဝတ်စုံအပ်ရန် နောက်အပတ် ပိတ်ရက် သွားမည်ဟု ပြောထားပါသည်။

ရုပ်ရှင်ရုံကနေ သူမတို့ ဘယ်မှဆက်မသွားဖြစ်ပဲ ပြန်ရောက်လာခဲ့ပြီး ထိုနေ့ကတည်းက ခွန်းသူရိယဟာ ရှောင်ဖယ်ရှောင်ဖယ်နှင့်။ စတွေ့ကတုန်းက ရွှတ်နောက်နောက် ခွန်းသူရိယကို မြင်ရခဲသလိုတောင် ဖြစ်လာ၏။

စကားလည်း သိပ်မပြောတော့သလို မျက်နှာချင်းဆိုင်မိရင်တောင် သူ့ဘက်ကအရင် အကြည့်လွှဲသွားတတ်မြဲ။

အခုတစ်လော သူ့ကို လက်ထဲဖုန်းတစ်လုံးနှင့် အမြဲတွေ့သည်။ ထမင်းစားရင်တောင် ဖုန်းကိုလက်ထဲက မချ။ ဘယ်အချိန်ကြည့်ကြည့် လက်ထဲတွင် ဖုန်းရှိနေသည်။

ယခုလည်း အတွင်းဘက်ဧည့်ခန်းတွင် မျက်မှောင်အကျုံ့သားနှင့် ဖုန်းကိုစူးစိုက်ကြည့်နေသည့် သူ့အား ရတီခ အကြောင်းမဲ့ ‌ငေးနေမိပြန်သည်။

လျစ်လျူရှုခံ ရသလိုလို၊ ပစ်ပယ်ခံရသလိုလို ခံစားချက်အား သူမ မကြိုက်။ အပြန်လမ်း ကားပေါ်မှာတောင် သူ့ကိုနမ်းလိုက်မိသည့် ကိစ္စနှင့်ပတ်သတ်ပြီး သူမကို စနောက်နေသေးတာ။

အဲ့ဒီအချိန်တုန်းကဖြင့် သူမဆို မျက်နှာတောင် ဘယ်နားထားရမှန်းမသိ ပူထူပြီး ရှက်နေခဲ့ရသေးသည်မလား။

ဒီနေ့ကျောင်းပိတ်ရက် ဖြစ်သည်မို့ ရတီခ အိမ်မှာရှိနေသည်။ အားယားနေသည့်အပြင် ရေရေရာရာလည်း လုပ်စရာ မရှိတာမို့ ထပ်ဆောင်းပျင်းရပါသည်။

အမေတို့အိမ်မှာ ဆိုရင်တောင် တံမြက်စည်းလှည်း၊ မီးပူတိုက်ဖြင့် လှုပ်လှုပ်ရှားရှား ရှိပါသေး၏။

သက်ပြင်းကို ဟူးခနဲ ချလိုက်လျက် ဧည့်ခန်းဝမှ လှည့်ထွက်လာလိုက်သည်။ ခြံထဲကို ဆင်းလိုက်တော့ ခပ်အုံ့အုံ့ဖြစ်နေတဲ့ ကောင်းကင်ကို အလိုလိုမော့ကြည့်မိသွားရင်း။

ကောင်းကင်ကြီး ထိုသို့ဖြစ်လျှင် ပူသလိုလို၊ အေးသလိုလို ခံစားရပြီး လူကိုတောင် စိတ်အိုက်စေသည်ပဲ။

ခြံဝန်းတစ်ဖက်ကို ဆက်လျှောက်လာတော့ ပန်းဥယျာဉ်လေးနားတွင် မမနွယ်ကို တွေ့သည်။ ဒန်းပေါ်ထိုင်ရင်း တစ်ခုခုကို တွေးတောနေဟန်နှင့် အနေအထားသည် လန်းလန်းဆန်းဆန်း မရှိလှ။

"မမနွယ်"

မမနွယ်ထိုင်နေရာ ဒန်းလေးနားထိ လျှောက်သွားလိုက်ပြီး ပြုံးပြလှမ်းခေါ်လိုက်သည့်အခါ မမနွယ်က ဆတ်ခနဲတုန်သွား၏။ ပြီးမှ ဒန်းပေါ်က ပြာပြာသလဲ ထရပ်လိုက်ကာ...

"မ..မမလေး"

"ထိုင်ပါ မမနွယ်ရဲ့ ရပါတယ်"

ပြောပြောဆိုဆိုနှင့် မမနွယ်ကို လက်မှကိုင်ကာ ဒန်းပေါ် ပြန်ထိုင်စေလိုက်ပြီး သူမလည်း မမနွယ်ဘေးတွင် ဝင်ထိုင်လိုက်သည်။

နွယ်လေးက ရတီခကို မအူမလည်ရုပ်ဖြင့် ကြည့်နေသည်။ သူမထင်တာက မမလေးမှာ ပြောစရာတစ်ခုခုများ ရှိသလားဟု။

သို့သော် မမလေးက ဘာမှပြောမလာသေးပဲ ထိုင်ရုံသာ ထိုင်နေသည်ကြောင့် အတွေးများသွားပြန်၏။

"ကျွန်မဒီဘက်ကို လျှောက်လာတော့ မမနွယ် ငူငိုင်ငိုင်နဲ့ ထိုင်နေတာတွေ့တယ်"

နွယ်လေး မမလေးအား လှည့်ကြည့်လိုက်ရင်း...

"အယ် ဟုတ်လား. ကျွန်မပုံစံက အဲ့လိုဖြစ်နေတာလား"

"အင်း ဟုတ်တယ်. မမနွယ် ဘာတွေ တွေးနေတာလဲဟင်"

ထိုအမေးအား ပြန်ဖြေဖို့ရာ နွယ်လေးတစ်ယောက် တွေဝေသွားသည်။ အကြောင်းမဲ့ တွေဝေနေခြင်းမဟုတ်ပဲ ကိုယ်တိုင်တောင် သေချာမသိသည့် မရောရာသော အကြောင်းကိစ္စကို တွေးနေခဲ့ခြင်းကြောင့်။

အမှန်တိုင်းပြောရလျှင် နွယ်လေးမှာ အဖြေကိုမရှိပါ။
မမလေးအား ခေါင်းငုံ့နေရာမှ မော့ကြည့်လိုက်တော့ အဖြေကို စောင့်စားနေဟန်ရှိတဲ့ မမလေးရဲ့အကြည့်နှင့် ဆုံသွားသည်။

ခဏမျှ တိတ်ဆိတ်နေပြီးမှ နွယ်လေး စကားစလိုက်သည်။

"အိပ်မက်ထဲက လူတွေက အပြင်မှာ တစ်ကယ်ရှိလား မမလေး"

ထိုရုတ်တရက်အမေးကို မမလေးက မျက်ခုံးများပင့်တက်သွားလျက် တုံ့ပြန်လာ၏။

"ရှိတယ်ထင်တာပဲ မမရဲ့. အဲ့လို အိပ်မက်ထဲက လူ‌တွေ အပြင်မှာ တစ်ကယ်ရှိတယ်လို့ ကျွန်မဖတ်ဖူးတယ်. တစ်ခါတစ်လေ ကိုယ်ကသာသူတို့ကိုမသိလို့ မမြင်ဖူးလို့ တစ်ကယ်မရှိဘူးလို့ ထင်ကောင်းထင်လိမ့်မယ် ဒါပေမဲ့ ရှိချင်လည်းရှိနေနိုင်တာပဲလေ. မမနွယ် မသိတဲ့သူတွေကို အိပ်မက်မက်လို့လား"

မမလေးရဲ့ နောက်ဆုံးစကားကြောင့် နွယ်လေးက မှင်သက်သွားသလို အသက်ကို ဆွဲငင်ကာရှူသည်။ ရတီခက ဒါကို သတိထားမိကာ စကားကိုထပ်ဆက်လိုက်၏။

"တစ်ခါတစ်လေဆို ကိုယ့်ငယ်ဘဝက အကြောင်းတွေကိုလည်း အိပ်မက်အဖြစ် ပြန်မက်တတ်တယ်.."

"ငယ်ဘဝ"

"အင်း ကိုယ့်မမှတ်မိတဲ့ ငါးနှစ်၊ခြောက်နှစ်သား‌လောက်က မှတ်ဉာဏ်တွေလိုမျိုးပေါ့. ကျွန်မဆိုရင် ကျွန်မသုံးနှစ်လောက်တုန်းက ဆုံးသွားတဲ့ အဖိုးကို အိပ်မက်ပြန်မက်ဖူးတယ်. အိပ်မက်ထဲမှာ အဖိုးက ကျွန်မကို လေပေါ်မြှောက်ရင်း မြှူနေတာလေ. အဖေနဲ့အမေက အိမ်ရှေ့ကခုံတန်းပေါ်မှာ ထိုင်နေကြတာ. နောက်နေ့ကျတော့ အဲ့တာကို အဖေတို့ကိုပြန်မေးတော့ သူတို့ကအဲ့ဒီနေ့က ကျွန်မပြုတ်ကျမလိုတောင် ဖြစ်သွားသေးတယ်ဆိုပြီး ပြောပြတယ်"

"အဲ့တာဆို တစ်ကယ်ဖြစ်ခဲ့တာကို မက်တာပေါ့ မမလေး"

"ဟုတ်တယ် မမနွယ်ရဲ့. အိပ်မက်ဆိုတာမျိုးက တစ်ခါတစ်လေ ကိုယ်မမှတ်မိတာတွေ မေ့နေတာတွေကိုလည်း သတိပေးတတ်သေးတယ်"

နွယ်လေးထပ်ပြီး အတွေးများသွားပြန်၏။ မမလေးပြောသည့် အိပ်မက်အကြောင်းတွေနဲ့ သဘောသဘာဝကို ကြားတော့ ရင်ထဲက မသိုးမသန့်နှင့်။

ညတိုင်းလိုလို မြင်မက်တတ်သော အိပ်မက်ထဲမှ မိန်းကလေးသည် အပြင်မှာတစ်ကယ် ရှိနေနိုင်သည်။
အတွေးထဲ ရုတ်တရက် ရောက်လာတတ်သည့် ပုံရိပ်ထဲမှ မိန်းကလေးသည် အပြင်လောကတွင် ရှိနေနိုင်သည်။

ဖြစ်နိုင်ချေများကို ဂယောက်ဂယက် တွေးမိနေသည်။
လျစ်လျူရှုဖို့ ကြိုးစားလေ ပိုတွေးမိသည်ဖြစ်ပြီး မသိချင်ယောင်ဆောင်ဖို့ ကြိုးစားတိုင်းလည်း သူ့ဖြစ်တည်မှုကို ပိုပြီးသိချင်လာမိသည်။

တစ်ခါတစ်ရံ ထိုမိန်းကလေးရှိနေသည့် ပတ်ဝန်းကျင်၊ အနေအထားတို့က မှတ်ဉာဏ်ထဲ ရင်းနှီးနေသယောင် ထင်ရသော်လည်း တစ်ကယ်တမ်း ဘာအစအနမှမသိ။

အိပ်မက်ဆိုရင်တောင် နိုးလာသည့်မနက်တွင် မေ့သွားလိုက်ဖို့ ကောင်းသည်။ ထိုသို့ဖြစ်ရမည့်အစား ဦးနှောက်ထဲ ရိုက်ထည့်ထားသည့်နှယ် စွဲစွဲမြဲမြဲ မှတ်မိနေပြန်သည်။

"မမနွယ်. မမနွယ်"

ပုခုံးလာပုတ်သည့်အခါ ဆတ်ခနဲဖြစ်ကာ အသိပြန်ကပ်၏။ တစ်ယောက်တည်း အတွေးနယ်ချဲ့နေသည်မှာ ဘယ်လောက်တောင်ကြာသွားပြီမသိ။ အုံ့မှိုင်းမှိုင်းဖြစ်နေခဲ့သည့် ကောင်းကင်ကြီးတောင် မဲမှောင်နေပြီဖြစ်သည်။

"မိုးရွာတော့မယ်လို့ မမနွယ်ရဲ့"
"အထဲဝင်ရအောင်"

"ဪ ဟုတ်. ဟုတ်ကဲ့"

~~

"မိနွယ်ရေ နောက်ဖေးကို ခဏလာအုံးဟေ့"

အိမ်ထဲရောက်တော့ အန်တီခိုင်ရဲ့ အော်သံကျယ်ကို ကြားလိုက်ရသည်။ နွယ်လေးက မီးဖိုခန်းဆီသွားမယ် ပြင်တော့ ရတီခက လက်ကိုအသာလှမ်းဆွဲလိုက်ရင်း...

"ကျွန်မလည်းလိုက်မယ်"

ထို့နောက် နှစ်ယောက်အတူတူ မီးဖိုခန်းထဲ ရောက်လာကြသည့်အခါ အမဲသားဟင်းနံ့ မွှေးမွှေးက နှာဖျားကိုလာရိုက်သည်ကြောင့် မျက်လုံးကအလိုလို မီးဖိုပေါ်က အငွေ့တထောင်းထောင်း ထနေသည့် ဟင်းအိုးဆီရောက်သွားသည်။

ထို့နောက် နောက်ဘက်တံခါးနားတွင် ကောင်းကင်ကိုမော့ကြည့်ရင်း ခါးထောက်နေသည့် အန်တီခိုင့်ကို တွေ့သည်။ ထိုအနေအထားနှင့်ပင် သူမတို့အား လှည့်မကြည့်ပဲ အားမလိုအားမရ လေသံဖြင့် စကားပြောလာ၏။

"မိုးကလည်း အချိန်မဟုတ်အခါမဟုတ် ရွာအုံးမယ်ထင်တယ်. အမဲသားအိုးကို တစ်ချက်ကြည့်ထားပေးပါလား မိနွယ်. ငါ‌ဈေးပြေးလိုက်အုံးမယ်"

"ဟင် မိုးရွာတော့မှာကို.."

နွယ်လေးက ထိုသို့ပြောသည့်အခါ အန်တီခိုင်ကခေါင်းအသာခါရင်း...

"အိမ်မှာ မနက်ဖြန်အတွက် ရိက္ခာမလောက်တော့ဘူး. ပစ္စည်းတွေကလည်း အားလုံးမှာထားပြီးသား သွားယူရုံပဲ"

"ဒါဆိုလည်း ကျွန်မသွားယူပေးပါ့မယ်. အန်တီခိုင်က အိမ်မှာနေပါ"

"ဟာ မမနွယ်ကလည်း. ဘာများထူးသွားမှာမို့လဲ. မိုးရွာမယ့်ဟာကို ဘယ်သူမှ အပြင်မထွက်တာအကောင်းဆုံးပဲ"

နွယ်လေးရဲ့စကားကို ဟန့်လိုက်သည့် ရတီခအသံကြောင့် အန်တီခိုင်က ကျောပေးရပ်ထားရာမှ လှည့်ကြည့်လာသည်။

"သမီးရတီခ. ဒီမှာဘာလုပ်နေတာလဲ"

"ကျွန်မ ဘာမှလုပ်စရာမရှိတာနဲ့ မီးဖိုခန်းထဲလိုက်လာတာပါ အန်တီ. ဟိုလေ ဖြစ်နိုင်ရင် နောက်နေ့မှ သွားယူလို့ မရဘူးလား. ကြည့်ရတာ မုန်တိုင်းလားမသိဘူး"

ရတီခ မျက်မှောင်ကုပ်လျက် ပြတင်းပေါက်မှ လှမ်းမြင်ရသော အပြင်ကို အကြည့်ပို့ရင်း‌ပြောလိုက်သည်။ ပိန်းပိတ်အောင် မှောင်နေသော မိုးကောင်းကင်နှင့် ပတ်ဝန်းကျင်သည် မုန်တိုင်းတိုက်မည့် နမိတ်ကို ပြသနေသယောင်။

အန်တီခိုင်က အပြင်ကိုခပ်ဆဆ ငေးကြည့်လိုက်ရင်းမှ သက်ပြင်းကိုချသည်။

"တစ်ကယ်ပြောတာသမီးရဲ့. ချက်စရာက ဒီနေ့အတွက်ပဲ ကျန်တော့တာ. ရှိတဲ့နည်းနည်းကလည်း မနက်ဖြန် မနက်စာလောက်ပဲရလိမ့်မယ်. အန်တီမှားတာပါ. ရှိသေးတယ် ရှိသေးတယ်နဲ့ ပေကပ်နေပြီး ဈေးမသွားမိလိုက်တာ. ပြီးတော့ သိတဲ့အတိုင်း သူရိယက အဆာခံရင်...."

"ဟင် ဟုတ်လား. အဲ့တာဆို ကျွန်မသွားပေးရမလား အန်တီခိုင်"

အန်တီခိုင့် စကားပင်မဆုံးသေး ရတီခက ဖြတ်ပြောလိုက်သည်။ အစာအိမ်ရှိသည့် ခွန်းသူရိယသာ တစ်နေ့သုံးနပ် ဝဝလင်လင် မစားရလျှင် မဖြစ်ချေ။

"မမလေးပဲ ဘယ်သူမှ အပြင်မထွက်တာ ကောင်းတယ်ဆို"

မမနွယ်က အလိုက်မသိစွာ ထိုသို့ပြောသည့်အခါ ချက်ကောင်းထိသွားသည့်နှယ် ရတီခမှာ ရှက်အမ်းအမ်းဖြစ်သွားလျက်...

"မ..မနွယ်ကလည်း. သူကအဆာခံလို့ မရတဲ့သူလေ. ကျွန်မတို့က ကိစ္စမရှိပေမဲ့ သူကတော့ရှိတယ်"

"ဟုတ်တယ် နွယ်လေး. အဲ့တာကြောင့် အမဲအိုးကို ခဏလောက်ကြည့်ပေးပါလို့ ပြောနေတာပါ. နင်လုပ်တာနဲ့ မိုးကရွာတော့မယ် တစ်ကယ်တည်း"

ပြောရင်းပင် အန်တီခိုင်က အေပရွန်ကို ချွတ်နေသည်ကြောင့် နွယ်လေး အလိုမကျစွာ မျက်ခုံးအားအနည်းငယ် တွန့်ချိုးမိသည်။ ထို့နောက် မီးဖိုခန်းမှ ချာခနဲ လှည့်ထွက်လိုက်ရင်း...

"ကျွန်မ အမဲအိုးမကြည့်တတ်ဘူး. ဈေးပဲသွားမယ်"

"ဟဲ့ မိနွယ် ဪ ဒီကလေးမကလည်းလေ"

အမဲအိုးမကြည့်တတ်ဘူး ဟုဆိုကာ လိမ်‌ပြောပြီး တဇွတ်ထိုးထွက်သွားသည့် နွယ်လေးကြောင့် အန်တီခိုင်က မနိုင်ဘူးဆိုသည့်ဟန်ဖြင့် သက်ပြင်းချကာ ကျန်ခဲ့ပါသည်။

ရတီခလည်း မမနွယ်၏ ကလေးဆန်သည့်အပြုအမူကြောင့် ခပ်ပြုံးပြုံးဖြင့်။

"အန်တီ လိုက်မခေါ်ဘူးလား"

"မခေါ်ဘူးပါသမီးရယ်. သူကသူလုပ်ချင်ရင် ဘယ်သူဘာပဲပြောပြော နားထောင်မှာကိုမဟုတ်ဘူး"

~~

မိုးကာအင်္ကျီ ကောက်ဝတ်ပြီး အလျင်စလို အပြင်ထွက်လာတော့ ကိုရန်နိုင်လင်းနှင့် သွားတိုးသည်။

ဈေးသွားရမည့် အကြောင်းပြောတော့ သူလိုက်ပို့မည်ဟု ဆိုကာ ကားသွားထုတ်၏။ ကိုရန်နိုင်လင်းနှင့်သာ မတွေ့ရင် သူမ လိုင်းကားနဲ့ သွားဖို့လုပ်ထားသည်။

နောက်မှ ကိုယ့်အတွေးနဲ့ကိုယ် ရယ်ချင်သွားသည်။
လိုင်းကားစီးလျှင် အသွားကအဆင်ပြေနိုင်ပေမဲ့ အပြန်ဆို တစ်လစာ ဈေးပစ္စည်းတွေ ပါလာအုံးမည်မဟုတ်လား။

တစ်ယောက်တည်းလည်း မသယ်နိုင်သည်မို့ ဒုက္ခလှလှကြီး တွေ့သွားနိုင်သည်။ အန်တီခိုင်သည်ပင် ထိုသို့ ဈေးမှပြန်လာတိုင်း တက္ကစီငှားလာတတ်သည်ပဲ။

ကားထွက်လာပြီး နာရီဝက်လောက်နေတော့ ဈေးရှေ့ကို ရောက်လာပါသည်။ မိုးကလည်း သည်းကြီးမဲကြီးကို ရွာနေချေပြီ။

အနီးနားက မိုးလုံတဲ့ သစ်ပင်ကြီးအောက်မှာ ကားကိုရပ်လိုက်ပြီး ရန်နိုင်လင်း ကားနောက်ခန်းမှ နွယ်လေးအား လှည့်ကြည့်လိုက်သည်။

"‌ဈေးခြင်းတောင်းဘယ်မှာလဲ မိနွယ်"

"ဟယ်.."

ထိုအခါမှ ဈေးခြင်းတောင်းမပါလာသည်ကို သတိထားမိသွားကာ နွယ်လေး မျက်လုံးပြူးသွားသည်။ မိုးရွာမည်စိုး၍ အလျင်လိုနေခဲ့တာကြောင့်။

"နင်တစ်ယောက်နဲ့လည်း. ဈေးလာတာဈေးခြင်းတောင်းမပါပဲနဲ့ ဘာလုပ်မလို့လဲ"

"အစ်ကိုကလည်း ကျွန်မလည်း လောနေလို့ကို"

"ထားပါတော့. ငါအပေါက်ဝနားမှာ ကားရပ်ထားပေးမယ်. ရော့ ထီးယူသွား. ထီးလည်းမပါလာဘူးမလား"

ရန်နိုင်လင်းက ထိုင်ခုံဘေးတွင် ထိုးထားသည့် ထီးရှည်ကို လှမ်းပေးလိုက်ရင်းမှ ပွစိပွစိ ပြောသည်။

"တော်ပါတော့ရှင် တစ်စိတ်ရှိဆူဖို့ပဲ"

"နင်ကရော ဟုတ်လို့လား"

"တောင်းပန်ပါတယ်လို့ အစ်ကိုရန်နိုင်လင်းရဲ့"

ကျီစယ်သံနှင့်ပြောတော့ ကိုရန်နိုင်လင်းက လက်သီးပြသည်။ နွယ်လေး သဘောတကျ ရယ်လိုက်ရင်း ထီးကိုဖွင့်လျက် ကားထဲက ထွက်လိုက်တော့၏။

~~

ဈေးထဲရောက်တော့ ဖောက်သည်ဆိုင်များဖြစ်တဲ့ အသားငါးဆိုင်၊ အသီးအရွက်နှင့် ကုန်ခြောက်ဆိုင်တိုင်းကို ခပ်သုတ်သုတ်သွားရသည်။

ပျံကျဈေးဖြစ်သော်ငြား အမိုးအကာအပြည့်ရှိသည်မို့ မိုးရေ သိပ်မထိပေ။ ယူရမဲ့ပစ္စည်းက တစ်ခါတည်း ထုတ်ပေးထားသည်မို့ တစ်ဆိုင်နှင့်တစ်ဆိုင် ကူးရသည်မှာလည်း မြန်ဆန်ပါသည်။

မကြာခင်တွင် လက်ထဲအထုပ်အပိုးများ အပြည့်ဖြစ်သွားသည်။ အဓိကဖြစ်သည့် သားငါး၊ ဟင်းသီးဟင်းရွက်များ အကုန်စုံအောင်ရပြီးချိန်မှာတော့ အိမ်ပြန်တော့မည် ဖြစ်သည်။ ကျန်တာက နောက်မှ လာယူလည်း ရသည်ပဲ။

မနိုင့်တနိုင်နှင့် သယ်လာရင်း ထွက်ပေါက်ဆီ လျှောက်လာလိုက်သည်။ ထိုသို့လျှောက်လာရင်းမှ မုန့်ဟင်းခါးဆိုင်ရှေ့က အဖြတ်တွင် အမျိုးသမီးကြီး နှစ်ယောက်ရဲ့ စကားသံကို မိုးသံနှင့်အတူ မကျယ်တကျယ် ကြားလိုက်ရ၏။

"ငိုနေတာများ တစ်လုပ်တောင်ဝင်အောင်မစားနိုင်ရှာဘူးဟယ်. သနားပါတယ်. ငယ်ငယ်ရွယ်ရွယ်‌နဲ့ ဘာတွေများ အဲ့လောက်အပူများနေတာလဲ မသိဘူး"

"ဟုတ်ပါ့ အစ်မရယ်. ဘေးကထိုင်ကြည့်နေတဲ့ ကျွန်မတောင် ရင်ထဲစို့တက်လာတယ်"

စိတ်ဝင်စားသည်လည်းမဟုတ်၊ ကိုယ်နဲ့မဆိုင်သည့်တိုင် ထိုနေရာမှာ နွယ်လေး အတော်ကြာ ရပ်နေမိသွားသည်။

မုန့်ဟင်းခါးသည် ဖြစ်ပုံရသည့် အမျိုးသမီးကြီးက ဘာဖြစ်လို့လဲ သမီးဟု လှမ်းမေးမှ အသိဝင်ကာ ခေါင်းရမ်း ပြုံးပြလိုက်ရင်း ဆိုင်ရှေ့မှ ထွက်လာခဲ့၏။

ထိုသို့ဖြင့် ဈေးထွက်‌ပေါက်ကို လှမ်းမြင်ရသည့် နေရာအထိ သူမရောက်လာခဲ့သည်။ အပေါက်ဝတွင်လည်း ကိုရန်နိုင်လင်းရဲ့ ကားအပြာလေးက အသင့်ရှိနေလျက်။

ပလတ်စတစ်အိတ် အထုပ်ကြီးအထုပ်ငယ်ကို သက်တောင့်သက်သာ ဖြစ်စေရန် အနည်းငယ်မြှောက်၍ ပြန်ပြင်ကိုင်လိုက်သည်။ ထို့နောက် ဆက်သွားဖို့ ခြေလှမ်းပြင်လိုက်သည်။

သို့သော် လူက ရှေ့မရောက်ပဲ ခါးကို တင်းကြပ်နေအောင် ဆွဲဖက်လိုက်ခြင်းအား ခံလိုက်ရ၏။ ပြေးလာသည်ကြောင့်ထင် ကျောကအောင့်ခနဲ။

နောက်ကျောဘက်ဆီမှ သိုင်းဖက်ထားသည်ကြောင့် မည်သူမည်ဝါ မသိရ‌။ ထို့နောက် မိမိခါးကိုသိုင်းဖက်ထားသည့် လက်အား ငုံ့ကြည့်လိုက်မိသည်။

မိန်းကလေးလက် ဖြစ်နေသည်မို့ အနည်းငယ်တော့ စိတ်သက်သာရာ ရသွားသလို။ စိုးရိမ်စိတ်တော့ ရှိနေသေး၏။

မနိုင်မနင်းဖြစ်နေတာကြောင့် နောက်ကိုလှည့်လိုက်ဖို့ကလည်း မဖြစ်နိုင်ပြန်။ ထိုမိန်းကလေးကလည်း တင်းကြပ်နေအောင် ဖက်ထားခြင်းကြောင့် လှုပ်လို့လည်းမရချေ။

"ဟိုလေ ဘယ်..ဘယ်သူ_"

"နွယ်"

"ဟင်"

တိုးဖျော့လွန်းသော အသံသည် ထိုမိန်းကလေးဆီကထွက်လာပါသည်။

ဟင်ခနဲ အာမေဋိတ်ပြုသံနှင့်အတူ သူဟာ မိမိနာမည်ကို သိနေသည်လား ဆိုကာ သံသယလည်းဖြစ်၏။

ဇဝေဇဝါဖြစ်လျက် ငြိမ်သက်မိစဉ် နွယ်‌လေး ရင်ကို
နင့်ခနဲ ဖြစ်သွားစေသည့်စကားကို တုန်ရီအက်ကွဲသော တိုးဖျော့ဖျော့ လေသံဖြင့် သူထပ်ပြောလာပြန်သည်။

"နောက်ဆုံးတော့ မိပြီ နွယ်.."
"ဆယ်နှစ်ကြီးများတောင်..နင်မို့ပုန်းနေရက်တယ်"
"ငါ့...ငါ့မှာရူးမတတ်ပဲသိရဲ့လား.."

__

P-21 end.



































































Comment