အချစ်တောမှာ တဝဲလည်လည်🍒စဆုံး

အချစ်တောမှာ တဝဲလည်လည် (စဆုံး🌻)

အပိုင်း ၁

   တဝေ့ဝေ့ ကြွေကျနေတဲ့ မန်ကျည်းရွက် တချို့နဲ့
ခိုးခိုးခစ်ခစ်ရယ်နေကြတဲ့ ကလေးတွေရဲ့ ရယ်သံ။

   ဒီ အရာတွေကနေ ဖန်တီးခဲ့တဲ့ မိန်းကလေး
တစ်ယောက်ရဲ့ ဘဝ အစ။

''အစ်မရေ အရွက်သုပ်လေး ပေးနော်''

''ရမယ် ရမယ်''

''အိုးပုတ်တွေက လှလိုက်တာ လှလေးပို''

''အမေ ဝယ်ပေးတာလေအေ''

''ငါလည်း အမေ့ကို ဝယ်ခိုင်းမယ်''

''အလကား အပေါစားတွေပါ''

''မိဂျစ် ညည်း ဘာစကား ပြောလိုက်တာလဲ''

''လူစကား ပြောလိုက်တာလေ မကြားဘူးလား''

''ကြားတယ် ကြားလို့ မေးနေတာလေ
ငွေလေး မဆိုသလောက်ရှိတာများ
​မာနက မိုးတောင် ထိတော့မယ်''

''ထိထိအေ နုရင် လာ တို့အိမ် လိုက်ဆော့လှည့်
ညည်းဆော့ချင်တာ အကုန် ဆော့ခိုင်းမယ်
တို့ဖေဖေက မနေ့ကမှ အိုးပုတ်ခွက်တွေ အသစ်
ဝယ်ပေးထားတာ''

'' အို မဆွဲပါနဲ့ ဂျစ်ဂျစ်ရယ်''

''မိဂျစ် နင် သောက်ကျင့် မယုတ်နဲ့နော်''

''အို ဘာဖြစ်လဲ လာပါ နုရင်ကလည်း''

''ဖယ်စမ်း အဲ့လက်''

''ထွီ ရွံတာ ငမွဲမတွေ ငါ့လက်များ လာပုတ်
ရတယ်လို့ အော့''

''အော့ မနေနဲ့ သေလိုက်''

''နင်သေပါ့လား''

''ဆွဲလုပ်လိုက်ရ သေတော့မယ်''

''လုပ်ကြည့်စမ်းပါ အင့်ဟယ်''

''ဟယ်ကြည့်စမ်း ညည်း ငါ့ညီမကို လုပ်တယ်''

''လုပ်တယ်ဟာ ဘာဖြစ်လဲ''

''ပြန်လုပ်မယ် သေမယ် နင် သေမယ်''

  လုံးထွေးသတ်ပုတ်ကြပြန်တဲ့ ရွယ်တူ
မတိမ်း မယိမ်း ကလေးမတွေ။

   အငယ်မလေး ဖြစ်တဲ့ လှထွေးပိုက မိဂျစ်မ
ဆံပင်ကို ပုတက်တက်ပေမဲ့ ခုန်ခုန်ပြီး ဆွဲနေ
လေသည်။ ရန်ပွဲက လူကြီးတွေပါမှ ရပ်တန့်
သွားခဲ့သည်။

'' ပွန်းသွားတာပဲ ''

''သူ့လည်း လုပ်ပစ်တာ အေးတာပဲ''

''လာ သိမ်းစို့ အမေပြန်မလာခင် ထမင်းချက်ရမှာ
မဟုတ်ရင် တို့တွေ အထောင်းခံရလိမ့်မယ်''

''အ အစ်မ မမလို့''

''ဟယ် ဘာဖြစ်တာတုန်း အမှိုက်ဝင်သွားတာလား''

''လုပ်ပါအုံး နာတယ် နာတယ်တော့''

''နေနေ''

    လှလေးပို မသိခဲ့။ ရှည်နေတဲ့ လက်သည်းနဲ့
ညီမငယ် မျက်လုံးထဲက မန်ကျည်းအမှိုက်ကို
ကုတ်ယူလိုက်သလိုဆိုတော့ လှထွေးပို ငယ်သံ
ပါအောင် အော်ရှာသည်။

   မျက်လုံးတစ်ဖက်က တိမ်လို ဖြစ်သွားခဲ့သည်။
မိန်းကလေးတစ်ယောက်အတွက် အကျည်းတန်
စေတော့မှာမို့ မအေခမျာ ရှိစုမဲ့စုနဲ့ ကုရှာသည်။

'' အမေ ကျုပ် မျက်လုံးကြီး ယောင်ကိုင်း
လာတယ်တော့ နာလည်း နာတယ်''

  တောထဲ လိုက်မိတော့ အညှော်ခံမိတာတွေနဲ့
အနာက ရင်းရင်း နောက်ဆုံးလှထွေးပိုရဲ့ မျက်လုံး
တစ်ဖက် ပျက်စီးခဲ့ရသည်။

''ဟဲ့''

''အမလေး -ို့သီး ဆွဲတယ်တော့
ဟောတော်အေ မိကြွက် ညည်းအေ
ဟိုးမှာ လယ်ထွန်နေတဲ့ ကောင်တွေ
ရှိတာ ညည်း အရမ်းယွတာပဲ ''

  အပျိုရွယ် ရောက်တော့ သူတကာလို
ရှက်မိပေမဲ့ လှထွေးပို မမ လှလေးပိုလို
မလှတော့တဲ့ အပြင် ယောင်တတ်တဲ့
အကျင့်ကပါ ရှိနေလေသေး။ အမေ့ဆီက
အမွေရခဲ့တယ် ပြောရမည်။

'' ဟိတ် နင်က ဒီရွာကလား''

''ဟုတ်တယ်တော့ ဘာလို့တုန်းတော်
တော့လည်း ကျုပ်သိတာ မဟုတ်''

''သိချင်လို့ စကားလာပြောတာပေါ့ဟ
နင်က လှတယ်နော်''

''အလိုတော် ကိုဟိုအဝှာကလည်း''

''ဘာဟိုအဝှာလဲဟ ငါ့နာမည်
ချစ်ရွှေတဲ့ မှတ်ထား''

''အိုတော် ဘာကိစ္စက ကျုပ်က
တော့နာမည်ကို မှတ်ထားရမှာလဲတော့''

''ဟ လိုလိုမယ်မယ်ပေါ့ဟ သေချာတာကတော့
နင်ဟာ မျက်လုံးတစ်ဖက် မပြေတာတောင်
လှတာက ဖုံးဖိထား မရတာပဲ''

''အပိုတွေ ပြောပြီ ဖယ်ပါ ကျုပ် ဆူးပုပ်ရွက်
ခူးပြီးပြီ ပြန်တော့မယ် အစ်မတွေကလည်း
လှမ်းကြည့်နေတယ်တော့''

''ငါ ဒီတောမှာ အငှား ထယ်ထွန်ဖြစ်အုံးမှာဟ
ဒီဘက်တောတွေဆီ နင် လာ လုပ်အုံးမှာ မလား''

''အို ကျုပ်မပြောတတ်တော့ဘူးတော်''

''ဟာ ဟေး''

''ဘာတုန်းတော့ သွားတော့မလို့ဟာကို''

''နာမည်က ဘယ်လိုခေါ်တုန်း ပြောပြသွားလေ''

''လှထွေးပိုတဲ့''

''ဟုတ်ပါပြီဗျာ ငါ့ နာမည် ချစ်ရွှေနော်
ညမအိပ်ခင် သတိရပေး ဟေး ကြားလားလို့''

  ရှက်ပြေးလေး ပြေးမိခဲ့တဲ့ ခြေလှမ်းတွေကို
မုန်းသည်။ ရှက်တက်တက်လေးနဲ့ ကိုချစ်ရွှေ
ရင်ခွင်ထဲ တိုးဝင်မိခဲ့တာကို နောင်တရသည်။

  တကယ်တော့ ကိုချစ်ရွှေဟာ အရက်သမား
တစ်ယောက်။

''ဘာပြောတယ် ထွေးပို''

''ဟုတ်တယ် အမေကော အစ်မတွေကပါ
သဘောမတူနိုင်ဘူးတဲ့''

''ထွေးပို ကျုပ်ကို မချစ်ဘူးလား
ကျုပ် လုပ်နိုင်ကိုင်နိုင် ရှာကျွေးနိုင်ပါတယ်''

''ဒါတော့ ဒါပေါ့ ထွေးပိုမက အားနည်းချက်
တစ်ခုနဲ့ မိန်းမတစ်ယောက်လေတော်
တော်က ချစ်စခင်စမို့ ဒီလို ပြောပေမဲ့ ဟို
နောင်အခါကြမှ.....''

''ဒီစကားတွေက ထွေးပို အစ်မတွေ
သင်လိုက်တာမလား ဟေး ပြောလေကွာ''

''အို့ ကိုချစ်ရွှေနဲ့ ငါနဲ့ညား
အို ကိုချစ်ရွှေကလည်း ခါးကို မ တို့နဲ့လေ
သူများ ယောင်တတ်တာ သိသားနဲ့''

''ယောင်မနေတော့ပဲ ကျုပ်နဲ့ ခိုးပြေးကြမယ်လေ
ထွေးပိုရယ် ကျုပ်လည်း ရက်က ပြည့်တော့မယ်
ဒီဘက်ကို တောင်းမရလည်း ကျုပ်ရွာမှာ
လက်ဖက်ရည်တိုက်ပြီး တောင်းမယ်ကွာ
ယုံပါ ထွေးပိုရယ် နော်''

''ကိုချစ်ရွှေသိလား''

''ဘာကိုလဲ ထွေးပို ကျုပ်ကို သိပ်သိပ်ချစ်တာကိုလား''

''အင်ဟင့် လျှောက်ပြောပြီ
သွား သိပ်ဆိုး''

''နမ်းမိရင်ရော ယောင်အုံးမှာလား''

''ဟောတော် မစပါနဲ့ဆို''

''ချစ်လိုက်ရတာ ထွေးပိုလေးရယ်''။

...///...

''အေ့ ဂေ့ ဟဲ့ကောင်မ ထွေးပို ဟ
လှထွေးပို ငါ ပြန်လာပြီလေ''

''တော်ကတော့လေ သောက်လာပြန်ပြီ
မူးရင်လည်း ငြိမ်ငြိမ်ပြန်လာစမ်းပါ
ကျုပ်သိပ်ရှက်တယ်တော့ သိရဲ့လား''

''ဘာ ဘာပြောလိုက်တယ် ကောင်မ
အတော်ဇောင်းကြွ ကဲဟာ.... ဖြောင်း...ဖြောင်း...
ဖြန်း ဖြန်း.....''

  စတင်လာခဲ့တဲ့ စရိုက်ဆိုး။ အသားတွေ
တဆတ်ဆတ် တုန်​နေမိတုန်း။ ချစ်လို့ ခိုးရာ
လိုက်ခဲ့မိတာဆိုတော့ အိမ်ကိုလည်း မပြန်ရဲ။
ပြန်လည်း မပြန်နိုင်။ စားရတာက ခွေးစာ
ကြောင်စာသာသာ။

    ခြံတစ်ခြံမှာ ညားပါပြီဆိုကတည်းက
ခြံစောင့်လုပ်ရင်း ကောက်စိုက် ပျိုးနုတ်
ငရုတ်ဆွတ်လိုက်ရင်း သေလောက်အောင်
ပင်ပန်းခဲ့ရသည်။

   ကိုချစ်ရွှေကို ချစ်သည်။ ဒါပေမဲ့လည်း
ရိုက်နှက်ခံရတာကို မုန်းသည်။ ရင်ထဲကပါ
နာသည်။

''ထွေးပိုရေ ဟေ့ ထွေးပို''

''ရှင် ကိုလေးစိုး''

''နင့်ယောက်ျား မူးပြန်လာပြီဟေ့ ပုန်းထား
လာလေဟာ အမြန်''

''ဟုတ်ပါ့ ငါ့ညီမ လာလာ အစ်မတို့
နှင်းဆီခြံတန်းဘက် ပြေးခဲ့''

   ထွေးပို ထမင်းအိုးကို မီးကြီးခဲရဲရဲပေါ်
နှပ်လက်စ တန်းလန်း တူးလည်း တူး
ပလေ့စေဆို​ပြီး ထပြေးလာမိသည်။

   ဘဝတူ ခြံစောင့် လင်မယားအကူအညီနဲ့
ထွေးပို တစ်ဖက်ခြံဘက် ပြေး။ နှင်းဆီချုံ
တွေကြား တိတ်တိတ်လေး ပြေးပုန်းမိသည်။

''အာ မလာပါဘူး ချစ်ရွှေရာ လာ မင်းဖာသာ
ရှာကြည့် မင်းမိန်းမ အိပ်နေတာများလား''

''ဂေ့ အေ့ မသိဘူးဗျာ ခင်ဗျားတို့ ဖွတ်ထားရိုး
မှန်ရင် မလွယ်ဘူးသာ မှတ်''

''အံမယ် ငမူးကများ ဖြဲပြနေရသေး
ငါ လုပ်ထည့်လိုက်ရ''

  ကိုလေးစိုး ဆူသံတစ်ချက်နဲ့ ကိုချစ်ရွှေ
ငြိမ်သွားသည်။ တခြားလူဆို ကိုချစ်ရွှေ
ဖြဲ မခြောက်ရဲ။ အဟန့်လေးလုပ် ဖင်ကျယ်
ရတဲ့သူအပေါ်မှ ဗိုလ်ကျတတ်သည်။

  အထူးသဖြင့် လှထွေးပိုအပေါ်ဆို
အမြဲအနိုင်ယူတတ်သည်။ တည်မိတဲ့
ဘုရား လင်းတနားနား ကျီးနားနား
နားပါစေတော့။

''ဟဲ့ ဘာဝယ်လာတာလဲ မထွေးပို''

''ဆီလေး ဆန်လေးပေါ့တော်ရေ
ဘာလဲ အိမ်ကလူနဲ့ ဖဲရိုက်ပြန်လာတာလား''

''နင့်လင် ငွေ ပြန်လာယူတာလေ''

''အမလေး ဖဲရိုက်ဖို့ကြ ငွေက စုတတ်တယ်''

''မထွေးပို''

''တော်''

''ကျုပ်လက်ထဲ ဘာကိုင်ထားလဲ''

''ဖိနပ်လေတော်''

''ဟောဒီလိုပစ်လိုက်ရင်ရော ပစ်ကြည့်စမ်း လုပ်''

  ထွေးပို ယောင်တတ်သည်။ လက်ထဲ ကိုင်ထားတဲ့
ကြက်ဥနှစ်လုံးနဲ့ ကြွပ်ကြွပ်အိတ်ထဲ ထည့်ဝယ်
လာတဲ့ ဆီထုပ်ကို ယောင်ပြီး ပစ်လိုက်မိသည်။

''ဟင် အောင့်မလေး ကုန်ပါပြီ''

''ဟား ဟားဟား ''

''ကုန်ပါပြီတော် မသာကြီး အီဟီး''

   ဖုန်လုံးထဲ ပြုတ်ကျသွားတဲ့ ဆန်၊ ကောက်မရ
တော့တဲ့ ဆီ၊ ကွဲကြေသွားတဲ့ ကြက်ဥတွေနား
ဖင်ထိုင်ချလို့ ကုန်းသာ ငိုမိသည်။ ကားမောင်းလို့
ထွက်ပြေးသွားတဲ့ အကောင့်ကိုတော့ ဆဲနည်း
ပေါင်းစုံနဲ့ ကျိန်ဆဲနေမိသည်။

   တကယ်ဆို နေ့လယ်စာတောင် ဆန်မရှိလို့
စားရတာမဟုတ်။ လုပ်ဖော်လုပ်ဖက်ဆီက
အကြွင်းအကျန်လေး ကပ်စားခဲ့ရင်း လုပ်ခ
ရတာနဲ့ အိမ်ပြန် ဝယ်ခြမ်း ချက်မယ်ဆိုပါမှ.....

''ကွာ ဒီ ခွေးမက တစ်မျိုး နင်လာစမ်း လာ''

  ဆံပင်ကနေ တရွတ်တိုက် ဆောင့်ဆွဲ
ခေါ်ပါလေသော ချစ်လင်။ ဝမ်းကဆာ
နေလို့လား၊ ရင်ထဲက နာကျင်နေလို့လား
မပြောတတ်။

   မြေပြင်ကိုသာ လက်သီးလေးဆုပ်
အားရှိသလောက် ထုနှက်မိရင်း
လင်တော်မောင်ရဲ့ ရိုက်နှက်ချက်တွေအောက်
အသက်ပျောက်မတတ် အောင့်အီးခံမိရင်း....။

#အပိုင်း၂ မျှော်ရန် ။
#ဦးငယ်

(သခင်မအမိန့်တော်ခံသတို့သားက လှလေးပိုရဲ့
ညီမဖြစ်သူရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို
ရေးသားဖန်တီး တင်ပြသွားပါအုံးမယ်ခင်ဗျာ။🙏)

7:44PM...July2.2023.....Sun

💜
အချစ်တောမှာ တဝဲလည်လည်

အပိုင်း ၂

    '' ဟင် ဒီလူက ''

   စီးကျနေတဲ့ နဖူးထက်က ချွေးတွေကို
သုတ်ရင်း လှထွေးပို တစ်နေရာကို ထပြေး
လာမိသည်။

  တစ်စုံတစ်ယောက်ကို မြင်လိုက်တာကြောင့်....၊

'' ဦးလင်းအောင်များလား အို ငါ မျက်စိ
အမြင်မှားတာ နေမှာပါ''

     ကားပေါ်တက် မောင်းသွားကြသူတွေကို
မီအောင် မလိုက်နိုင်တော့ နားနေကြတဲ့
နေရာကိုသာ ပြန်လာလိုက်သည်။

''ဟဲ့ လှထွေးပို''

''အမလေးတော့ ဦးလင်းအောင်နဲ့ ငါနဲ့ညား
အို ဒီမသာမနဲ့ ခါးကို မတို့ပါနဲ့ဆို''

''အဲ့ဒီလူက ဘယ်သူလဲ ပြောလေဟာ
ဘာလဲ ကိုချစ်ရွှေကြီးနဲ့ မညားခင်က
ဖူးစာမဆုံလိုက်ရတဲ့ အချစ်ဦးကြီးလား ပြောစမ်း''

''မဟုတ်ပါဘူးဟယ် လုပ် ဆင်းကြစို့
နေပူလာရင် မလွယ်ဘူး ပန်းတယ်အေ့''

''စကားကို လမ်းကြောင်းလွှဲပစ်တယ် လူလည်မ''

''မလည်ပါဘူးတော် ကျုပ် မျက်လုံးတစ်ဖက်ကို
တော် ကြည့်၊ အညိုမည်းကွက်က ပြေသေးတာမဟုတ်
ကျုပ်ယောက်ျား လက်ဆ ကျုပ်အသိဆုံး''

''အမလေး ညည်းလင်က ညည်းကို
တခြားယောက်ျားနဲ့ ယိုးစွပ်ရင် သဝန်တိုတတ်
သေးတာလား အံ့သြပ ဒီလောက် မယားကို
သတ်ပုတ်နေတာ''

''စကားလည်းပြော လက်ကလည်း အလုပ်လုပ်
လယ်ရှင် အော်တာ ခံနေရမယ်''

''ခူးနေတာပဲလေတော် ကဲ ပြောစမ်းပါ''

''သဝန်တိုတယ် တော်ရယ် တကယ်တော့
အခုလို ရိုက်နှက်နေတာတွေကလည်း
ကျုပ်အပြစ်မကင်းပေါင်''

''အလို ပြောစမ်းပါအုံး ကျုပ် စိတ်တောင်
ဝင်စားလာပြီ''

''အဖြစ်က ဒီလိုအေ့ ညားစ မကြာပါဘူး
ကိုယ်ဝန်ရှိတယ်လေ ဒါကို ကျုပ်က မသိဘူးတော်
ကလေးတွေနဲ့ ကြိုးခုန်ကြေး ဝင်ဆော့တာ
ကလေးက ပျက်ကျပါလေရော အဲ့ဒီက စတယ်
ပြောရမလား''

''ဟယ် အဲ့လိုကြီးလား ညည်း အတော်
ကမြင်းခဲ့တာပဲ''

''ကိုချစ်ရွှေက ကလေး အရမ်းလိုချင်တာလေ
ကိုယ်ဝန်မပျက်ကျခင်တုန်းကတော့
ကျုပ်ကို သိပ်ချစ်ရှာတယ် အလုပ်တောင်
ချင့်ချိန်ပြီး လုပ်ခိုင်းတာ ဂရုစိုက်တယ်တော့''

''ကလေးပဲ ထပ်ယူပေါ့အေ ဘာဆန်းသလဲ''

''ဘယ် ဆန်းသပါ့ ဆန်းဆန်း ဆန်းဆန်းပဲတော်ရေ့
ကလေးက ဆင်နင်းတောင် ရတော့မယ် မထင်
ဘာလို့လည်း ကျုပ်လည်း မသိတော့ဘူး
ငယ်သေးတာပဲဟာကို''

''ဒါဆို ညည်းလင်က အငြိုးနဲ့ ရက်စက်တာပေါ့''

''အဲ့လိုထင်ပါရဲ့ဟယ်
အရက်တောင် အဲ့နောက်ပိုင်း လူသောက် သောက်တာ
မဟုတ်ဘူး ခွေးသောက်ဝက်သောက်
မနက်လင်းတာနဲ့ မော့တာတော်ရေ့''

    စကားတပြောပြောနဲ့ အလုပ်လုပ်တော့
အချိန်က ကုန်လို့ ကုန်မှန်း မသိလိုက်ရ။
သိလိုက်တာက ​မျက်စိထဲက မထွက်လေ
တဲ့ ဦးလင်းအောင်နဲ့ တူတဲ့လူ။

   တကယ်ပဲ ဦးလင်းအောင်လား။ မြန်မာ
နိုင်ငံကို ပြန်ရောက်နေတာလား၊ အိမ်ထောင်
ရက်သား ကျနေခဲ့ပြီလား။

  အတွေးဂယက်က အသိဥာဏ်ထဲ တဝဲလည်လည်။
လင်တော်မောင် မလာခင် စားသောက်ပြီး အိပ်ချင်
ယောင်ဆောင်ထားမိတော့ အော်ဟစ် ဆူညံသံ
မကြားလိုက်ရပဲ အနားကို လဲချလာတဲ့ သူ။

    ခဏကြာတဲ့အထိ ဟောက်သံ မကြားရ။
အထူးတဆန်းမို့ လှည့်ကြည့်ချင်ပေမဲ့ ထုသတ်
ခံရမှာ ကြောက်မိသား။

  အတော်ကြာမှ ဟောက်သံ ကြားရချိန်
ထကြည့်မိသည်။ အိပ်ပျော်နေတဲ့ လင်
တော်မောင် နဖူးမှာက ဖြူဖြူဖွေးဖွေး
ပတ်တီးနဲ့။

  စိတ်ပူပေမဲ့ နိူးသွားမှာလည်း စိုးရိမ်သည်။
ဒီပုံစံအတိုင်းဆို နက်ဖြန် ကိုချစ်ရွှေ ထမှ
ထနိုင်မည်။ စိတ်ပူရင်း အိပ်မပျော်၊ လသာသာ
အောက် ချင့်ချိန် တွေးမိနေသည်။ မနက်ဖြန်
အလုပ်မသွားရင် ထမင်းငတ်လိမ့်မည်။
ဟင်းမချက်ထားရင် လင် အရိုက်ခံရမည်။

''ထွေးပို''

''ရှင် အို ကိုချစ်ရွှေ တော် နိူးပြီးလား
လာပြီ လာပြီတော်''

''နင် မအိပ်သေးဘူးလား''

''ကျုပ်တွေးနေတာ တော် သက်သာရဲ့လား''

''လက်ပါထိထားတော့ အဆင်မပြေဘူးဟာ
ဘာဖြစ်လို့လဲ နင် ငါ့အနား မနေချင်လို့လား''

''မဟုတ်ပါဘူး တော်ကလည်း
ကျုပ် မနက်ဖြန် အလုပ်မသွားလို့
ထမင်းငတ်မှာ တွေးမပူပေမဲ့
တော်ကြီး ရိုက်တာ ခံရမှာတော့
သိပ်သိပ်ကြောက်တယ်''

''ရတယ် တစ်ပတ်လောက် အလုပ်မလုပ်လည်း
ဘာမှမဖြစ်ဘူး ဟိုးက အိတ်ထဲမှာ
လျှော်ကြေးငွေရလာတယ်''

''ဟင် တော်ပါသေးရဲ့''

''ဘာလဲ ငါ့ ဆေးဖိုးအတွက်ပါ
နင် တွေးပူနေတာလား''

''ကျုပ်တို့က တစ်နေ့လုပ် တစ်နေ့စားလေတော်
အခုထိ ကျုပ်မှာ ဝတ်စရာ သုံးလေးစုံပဲ ရှိတာ
ပေါင်နှံကုဖို့ကလည်း မရှိ''

''တော်ပြီ ညီးညူမနေစမ်းနဲ့ သွားယူ''

''ဟုတ်''

  ငွေတွေက အတော်များသည်။

''ဒါက တိုက်တဲ့လူရဲ့ လိပ်စာပဲ အဲ့ဒီလူက
ပြောတယ် ​အလုပ်လိုရင် သူ့ဆီလာတဲ့
လူပုံက သဘောကောင်းမဲ့ပုံပဲ''

''ရှင် ခေါင်းထိလာတာမလား''

''အေးလေ ဘာဖြစ်လို့လဲ''

''ဟင့်အင်း ဘာမှမဖြစ်တော့ဘူး''

''ငါ အိပ်တော့မယ်''

''အိပ်အိပ် ကျုပ် စောင့် အိပ်ပေးမယ်''

  ကိုချစ်ရွှေအိပ်ပျော်သွားပြန်​တော့ လိပ်စာကတ်က
နာမည်ကို ဖတ်ကြည့်မိသည်။ မိန်းမတစ်ဦးနာမည်။
ဒေါ်တင့်ဝေတဲ့။ ဒေါက်တာ ဒေါ်တင့်ဝေ။

  ဒီနာမည်ကို ရင်းနှီးနေမိတာ အမှန်။

....//....

  အတိတ်တုန်းဆီက....၊

''ကျုပ်လုပ်မယ် အမေ''

''ဖြစ်ပါ့မလား သမီးရယ် ညည်းက အမေ့လို
အယောင်ကောင်းကောင်းနဲ့ သူဌေးတွေဆိုတာ
စားတဲ့သောက်တဲ့ ပန်းကန်တောင် တန်ဖိုး
သိပ်ကြီးတာ ငါ့နှယ် စိတ်မချပါဘူးအေ''

''ကျုပ် ငယ်တော့တာမှ မဟုတ်တာ
အမေ့မှာလည်း ရောဂါနဲ့ ကျုပ် ကျေးဇူးဆပ်
ပါရစေတော် နော်''

''အမလေး ဒါဆိုလည်း မိစန်း ခေါ်သာသွား
ညည်း ကျုပ်သမီးကို ရောင်းတော့ မစားနဲ့နော်''

''စိတ်မချ တော် ကိုယ်တိုင်လိုက်ခဲ့လေတော်''

''အို တော်ပါပြီအေ ဘယ်နေ့သွားမှာလဲ''

''မနက်ဖြန်တော့''

     လှထွေးပို သူဌေးအိမ်မှာ အိမ်ဖော် လုပ်ရမယ်
ဆိုတော့ အောက်ကျတယ် မထင်မိ။ အရေးကြီးတာ
က တောမှာ လယ်လုပ်ရတာထက် ရတဲ့ လစာငွေ
က သိပ်များသည်။

    အိမ်ကြီးဆီ ကြီးကြီးစန်းက လိုက်ပို့ပြီး ပြန်သွား
သည်။ လှထွေးပိုက မျက်တစ်ဖက်လပ်မလို
အိမ်ရှင်တွေက ဆက်ဆံကြသည်။ ငယ်ကတည်းက
အပြောခံခဲ့ရလို့လား မပြောတတ်။ နေသားကျနေ
လေပြီ။

  ဒါပေမဲ့ တစ်ရက်တော့ နေသားမကျခဲ့တာက.....၊

''ဟေး ကလေးမ''

''ဘာတုန်းတော့ ရှင် ဘယ်သူတုန်း
ဘာလို့ သူများ အိမ်တံခါးရှေ့ ယောင်တောင်​တောင်
ရပ်နေတာတုန်း''

'' အိမ်တံခါး ဖွင့်ပေးစမ်း''

''အို ရှုပ်ရှုပ်ယှက်ယှက် အစ်မကြီးတို့ အန်တီတို့က
မှာသွားတယ် အခုကာလက သူခိုးဂျပိုး သိပ်ပေါ
တယ်တဲ့ ဘယ်သူလာလာ တံခါးဖွင့်မပေးနဲ့''

''ဟေ ငါ့ရုပ်က သူခိုးရုပ် ပေါက်နေလို့လား''

''အင် နည်းနည်းဆင်သလိုလိုပဲ''

''အောင်မာ လေမရှည်နဲ့ အခုဖွင့်''

''မဖွင့်ပေးပါဘူးဆိုနေ မြင်လား ရေနဲ့ ပက်မှာတော့
လူကို ဘာမှတ်နေလဲ တောသူဆိုပြီး အ မယ်
ထင်နေလား''

''အာ တယ်လေကြောရှည်တဲ့တောသူမ''

''ဘာဖြစ်လဲ ဟင်း...''

       ဦးလင်းအောင် မမတို့ ပြန်အလာကို
စောင့်နေရသည်။ တယ်ဆိုးတဲ့ ကလေးမ။
မမတို့ ပြန်လာမှ ပိတ်ဆူပစ်အုံးမည်။

''ကျွီ ဂလောက်''

''ဘာလုပ်နေတာလဲ ဝင်လေတော်''

''မဝင်ဘူး မမတို့ ပြန်လာတဲ့ အထိ စောင့်မယ်
ပြီးမှ မင်းကို အလုပ်ထုတ်မယ်''

''အစ်မကြီးတို့က ဖုန်းဆက်တယ်
အရပ်ရှည်ရှည် ခပ်ချောချောလူကြီး လာရင်
တံခါးဖွင့်ပေးလိုက်ပါတဲ့''

''အမ်း အဟမ်း ပြီး ပြီးရော''

''တကယ် အန်တီကြီး မောင်လား''

''ဘာဖြစ်လို့လဲ''

''ဦးလေးကြ သိပ်ချော နုဖက်နေလို့''

''အောင်မယ် ငါ့များ ဦးလေးတဲ့
ဘာစားစရာရှိလဲ ပြင်ထားနှင့် ငါ ဗိုက်ဆာလာတယ်''

''ရှိတာနဲ့ ချက်ထားပေးမယ်လေတော့''

''အရင် ရေခပ်ပေးခဲ့ အေးအေးလေးနော်''

''ဟုတ်ကဲ့''

    ကောင်မလေးက ပျာတာတာ။ ဘယ်လို
အိမ်ဖော်မျိုး ခေါ်ထားတယ်မသိ။ အရေးထဲ
ဖိုင်တွဲကို ဖတ်နေရင်း ရေခပ်လာတဲ့ မိရွှေပျာ။
ပျာယာခတ်တဲ့ အပြင် သူ့လုပ်ပုံကြောင့်
ကိုယ့်မယ် ရယ်ရခက်ခက် ဒေါကန်ရခက်ခက်။

''ရေ ရပါပြီ ဦးလေး''

''ကောင်းရော ''

''ဘယ်နားထားရမှာလဲ''

''ဟာ တယ် ငါ့သာ လောင်းသွားတော့ဟေ''

''ဟုတ်ကဲ့''

''ဟ ဟ ဟာ မင်း ဘာလုပ်လိုက်တာလဲ''

''လောင်းဆိုလို့လေတော် တော်ကလည်း
တကတည်း အာဏာတွေ သိပ်ပြတယ်''

''အောင်မယ် အောင်မယ် နင်ကများ''

''ဂွပ်''

''အား အား နာလိုက်တာတော့
တော်နော် လူကြီးဖြစ်ပြီး ကျုပ်ကို
အနိုင်မကျင့်နဲ့တော့''

''ကျင့်တော့ ဘာဖြစ်လဲ မင်း လုပ်ပုံက
ဟုတ်လို့လား''

''ဦးလေးပဲ လောင်းလိုက်ဆို''

''ငါ့ကို ဦးလေးလို့ ဘာလို့ခေါ်လဲ
လူတကာ ငါ့ကို နုတယ်ပြောကြတာ
ပြီးတော့ စားပွဲအကျယ်ကြီး ချထားခဲ့ပါ့လား''

''မသိဘူးလေတော်''

''အဲ့လောက်တုံး ကျန်တဲ့ရေ နင့်ခေါင်းသာ
နင် လောင်းလိုက်တော့''

   တကယ်လောင်းချသည်။

''ဘာလုပ်တာလဲ အဲ့တာ''

'' သခင်ပဲ လောင်းဆိုလို့လေ''

''ဟာ ​တော် တော်ပြီ စိတ်တောင် ရှုပ်လာပြီ''

       အတိတ်တစ်ခု။ ဒီနေ့ အိမ်ကို ပြန်ရောက်တာ
နဲ့ တွေးမိခဲ့တဲ့ အတိတ်။ အစ်မလည်း မရှိတော့
သလို တူမတွေတောင် အိမ်ထောင်ကျကုန်လေပြီ။
အခုတော့ ညီဝမ်းကွဲ မိသားစုနဲ့ နေရသည်။

  ဒါကြောင့်လည်း တောသူမလေးကို သတိရရင်း
အပြင်က အပြန် တွေးရင်း မောင်းပြန်လာတော့
မတော်တဆ ယာဥ်တိုက်မှု ဖြစ်သည်။ တစ်ဖက်က
ငွေကြောင့် ခွင့်လွှတ်ရှာလို့ တော်ပေရော့သည်။

''ဒေါက် ဒေါက်''

''ဟော အေး သမီးလေး''

''ဦးဦး ဒီပန်းချီကားထဲက မိန်းကလေး
မျက်လုံးတစ်ဖက်က ဘာလို့ မလှတာလဲဟင်''

''ဟေ''

''အပြင်မှာလည်း ဒီလောက်လှတဲ့သူ
ရှိလားဟင် မျက်လုံးလေးသာ လှလှလေး
ပြင်ဆွဲရင် အရမ်း အရမ်းကို လှမှာပဲနော်''

''သူက အပြင်မှာလည်း အဲ့ဒီလိုပဲ သမီးရဲ့
သိပ်လှတယ် မျက်လုံးလေးတစ်ဖက်က
ကြည့်မကောင်းပေမဲ့ သူ့အပြုံး သူ့မနောက
အနားနားက လူတွေကို ပြုံးပျော်စေတယ်''

''ဟင် ဘာဖြစ်လို့လဲ ဦးဦး''

''သူက ယောင်တတ်တယ် အတော်ရယ်ရတယ်
အိမ်က ပန်းကန်တွေဆို တစ်နေ့တစ်ချပ်
ကွဲတယ်''

''ရှင်''

''ဟုတ်တယ် ဦးဦးတို့က စတာလေ
ဟော့ဒီလို ချလိုက်စမ်းလို့ သူရှေ့တစ်ခုခု
ပစ်ချကြည့် သူ့လက်ထဲ ကိုင်ထားတာ
လိုက်ချတာ အဲ့တာနဲ့ သေသွားတဲ့ ဦးဦး
အစ်မ ဆူရိုက်တာ အမြဲခံရတယ်''

''သနားစရာပဲနော်''

''ဟေ''

''သမီး ဒီပုံလေး လိုချင်တယ် ဦးဦး''

''သမီး သဘောကျရင် ယူဗျာ''

''ဒါဆို သမီးသွားမယ်နော်''

  သမီးလေပြောမှ နှလုံးသားထဲ တိုးဝင်လာတဲ့
ခံစားချက်တချို့။

''ဟဲ့ လှထွေးပို''

''ပြောလေတော် ထမင်းစားတော့မှာလား
အန်တီကြီးတို့လည်း စားတော့မယ်တဲ့''

''ဟင်းခွက်တွေ ကူသယ်ရမလား''

''အို နေပါစေ ရပါတယ်တော်''

''နင် ခြံစောင့် ဖိုးကျော်ကို ​ကြိုက်နေတာလား''

''ပေါက်ပေါက်ရှာရှာ ကြိုက်စရာလား
သူကတော့ ကျုပ်ကို ကြိုက်နေတယ် ထင်တယ်''

''မကြိုက်နဲ့''

''အို ကိုယ့်ဖာသာ ကြိုက်ချင်ကြိုက်မှာပေါ့
ဘာဖြစ်လဲ သခင့် အပူပါလား''

''အေး နင်နင် ဟေ့ လှထွေးပို''

''ဘာတုန်းတော် ကျုပ်နာမည်ကို
အလကားခေါ်လို့ရတိုင်း ခဏခဏ မခေါ်စမ်းပါနဲ့''

''ဟော့လို ပစ်ချလိုက်စမ်း''

''ပစ်လိုက်ပြီ''

''ခလွမ်း''

''ဟောတော် ကုန်ပါပြီ အန်တီကြီး ကြိုက်တဲ့ဟင်း
ဒီဖေ.... သခင်စုတ်''

  အဲ့ဒီနေ့က စနောက်ပြီး အပြင်ထွက်လာမိခဲ့သည်။
ည မှောင်မှ ပြန်လာတော့ မီးဖိုချောင်ဘက်က ငိုသံ
သဲ့သဲ့ကို ကြားရသည်။

''ဟင် လှထွေးပို အမှောင်ကြီးထဲ ဘာလို့
ငိုနတောလဲ''

''ငိုမှာပဲ မနက်ဖြန် ကျုပ် ရွာပြန်မယ်
ကျုပ်က လူတော့ အခုဟာက တော်တို့
ကျုပ်အပေါ် ရက်စက်နိုင်လွန်းတယ်
အပြောခံရတာ အသားပဲ့ပါမသွားပေမဲ့
အရိုက်ခံရရင် အသားနာတယ်တော့ အီဟီး''

''ဘာလို့လဲ မမ ညည်းကို ဆူပြန်ပြီလား
ပြစမ်း ခြေသလုံးကို ရိုက်တာလား''

''အို ဖယ်ပါ သခင်နော် ပြောနေတယ်လို့''

''ပြစမ်းလို့''

  ဇွတ်အတင်း ဆွဲထူ မ မိတော့ ဖက်လျက်သား
ဖြစ်သွားသလို ပါးထက်က အထိအတွေ့။ လှထွေးပို
သူ့ပါးကို မတော်တဆ နမ်းမိသွားတယ်ထင်သည်။

  ဒါပေမဲ့ ဖြစ်ချင်တော့ ဘယ်က ဘယ်လို
ရောက်လာတယ် မသိရလေသော မမ။
လှထွေးပိုကို ဆောင့်တွန်းပြီး ပါးကို ပစ်ရိုက်
လေ​တော့ လန့်ထိတ်သွားသည်။

  ကားသမားကို ခေါ်ပြီး ညတွင်းချင်း အိမ်ပေါ်က
နှင်ချသည်။

''ဟူး.....''

  အတိတ်ကို တွေးမိလေလေ ယောက်ျားမဆန်ပဲ
ရပ်ကြည့်နေမိခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းမိသည်။

''လှထွေးပိုရယ် နင် ဒီလူကြီးကို သိပ်မုန်းသွား
ခဲ့မှာပဲနော်''

  ရှက်ရှက်နဲ့ တိုင်းတစ်ပါးအထိပါ ထွက်သွားခဲ့
မိသည်။ မမ မရှိတော့လေမှ ပြန်ရောက်ခဲ့သည်။

  အခုထိတော့ သနားချစ်နဲ့ ချစ်မိခဲ့သူကို
ရှာဖွေနေမိဆဲ။

....//....

'' မင်္ဂလာပါဗျ ကျုပ်နာမည် ချစ်ရွှေပါ
ဟိုး တလောက တိုက်မိတာ အဲ့တာ''

''အို ရှင်ကိုး ထိခိုက်တာတွေကော သက်သာရဲ့လား''

''သက်သာပါတယ် ဒေါက်တာ
ဟို ကျုပ်အလုပ်လေး လိုချင်လို့ပါ''

''ရှင် ဘာလုပ်တတ်သလဲ ပြောပါ
ကျွန်မ သင့်တော်တာလေး စီစဥ်ပေးပါမယ်''

''ဘာဖြစ်ဖြစ်ပါ ချုံခုတ် ပန်းစိုက် လယ်ထွန်
ကျုပ် လုပ်တတ်ပါတယ် မွေးမြူရေးဖြစ်ဖြစ်''

''အင်း ဟိုလေ ကျွန်မပြောတာကို တစ်မျိုးတော့
မမှတ်ပါနဲ့ ကိုဟိုအဝှာ ဟို ကိုချစ်ရွှေနော်''

''ဟုတ်ကဲ့ ဒေါက်တာ''

''ခြံရှင်းဖို့ရယ် ပြီးတော့ ထမင်းချက်ဟင်းချက်
လိုနေတာ အဲ့တာ ခြံစောင့်များ လုပ်နိုင်မလား''

''သိပ်ရတာပေါ့ ထမင်းချက်လိုချင်ရင် ကျုပ်မိန်းမ
ကျွမ်းတယ် အလျှော်အဖွပ်ကော လိုသလား''

''လိုတယ်ရှင့်''

''ကောင်းလိုက်တာဗျာ ကျုပ်တို့ လုပ်မယ်''

''ဒါဆို ညနေကြ ဒီကိုပဲ လာခဲ့လိုက်နော်
အလုပ်လုပ်ရမဲ့ ကျွန်မ မတ်ကလေး အိမ်ကို ခေါ်သွား
ပေးပါ့မယ်''

''ဟုတ်ကဲ့ ဒေါက်တာ ဒါဆို ကျုပ်သွားပါအုံးမယ်''

  အလုပ်ရတော့ ပျော်သည်။ တစ်ရက်က
သူငယ်ချင်းစလို့ ဖဲရှုံးတာ တစ်မျိုး ငိုယိုနေ
တဲ့ မိန်းမက တစ်မျိုးဆိုတော့ စိတ်လွတ်
မတတ် မိန်းမအပေါ် ဒေါပုံကျသွားခဲ့သည်။

'' တော်ပါတော့ ချစ်ရွှေရာ ရော့ရော့ ဒါ
ငါ​ နောက်ပြီး စလိုက်လို့ ပြန်ပြီး အစားဝယ်
ပေးတာ မင်းမိန်းမလည်း မူးမေ့နေပြီ''

  ဒီလိုပြောမှ သတိဝင်လာသည်။ သေပြီတောင်
ထင်ထားမိသည်။ သူငယ်ချင်းက ပြောမှ
ငိုယိုနေပုံလေးကို မြင်ယောင်ရင်း သနားမိသည်။

နောက်နေ့များ အရက်လေး အာခေါင်စိုရုံ
သောက်ပြီး ပြန်မိသည်။ နံဘေးမှာ ကျော
ပေး အိပ်နေတဲ့ ထွေးပိုခမျာ ကိုယ်လေးက
တဆတ်ဆတ်တုန်နေတယ် ထင်ရဲ့။

''ဘယ်ကိုသွားနေတာလဲတော် လူက
အားယုတ်နေတုန်းဟာ ကျုပ် လယ်စိုက်လိုက်ပါ့မယ်
ရှင် အိမ်တင် နားနားနေနေ နေအုံး သိလားလို့''

''တော်ပြီ လုပ် လုပ် လိုတဲ့အဝတ်တွေ
ထည့်တော့ ငါ အလုပ်ရခဲ့ပြီ''

''ရှင်''

''နင်က ထမင်းချက် ဟင်းချက် ငါက
ခြံစောင့်လုပ်ရမှာ သူဌေးတစ်ဦး အိမ်ပဲ
ဖြစ်မယ်''

  ထွေးပို စကားအတွန့်မတက်။ အကြည့်ချင်းဆုံ
စိုက်ကြည့်လိုက်တော့ မပြောလည်း နားလည်
ရှာသည်။ အထုပ်တွေ သယ်တော့ သူ့ မသယ်
ခိုင်း။ ဒီလိုဆိုတော့ လူကို သူခိုးကျင့်သူခိုးကြံ
ကွက်ကြည့်ကွက်ကြည့်။

  တကယ်တော့ ထွေးပိုက ချစ်ဖို့
ကောင်းလွန်းတဲ့ မိန်းမ။

#အပိုင်း ၃ ​မျှော်ရန်။
#ဦးငယ်

7:53PM....July4.2023...Tue

💜

အချစ်တောမှာ တဝဲလည်လည်
အပိုင်း ၃

''စိတ်မကောင်းပါဘူး မတ်လေးက
ဘာလို့မှန်းမသိဘူး''

''ဟာ ဘာကြောင့်လဲ ကျုပ်တို့
အလုပ်မရတော့ဘူးလား''

''ဒီအိမ်ဒီခြံက မတ်လေး ပိုင်တာလေ
သူ ဒီမှာ နေဖို့ ဆောက်ထားတာ
မကြာသေးခင်က ပြန်လာတာကို အခုလေးတင်
ခရီးကောက်ထွက်သွားတယ်တဲ့''

''ဟင်း...''

''ဒီတော့ အိမ်ထဲက အလုပ်သမားနေတဲ့
အိမ်ဘက်မှာ ကိုချစ်ရွှေတို့ နေနှင့်ပါ
ခဏတဖြုတ်နေမှာပါ''

''တော်ပါသေးရဲ့''

    ချစ်ရွှေတို့ နေခဲ့ကြသည်။ ထွေးပိုကို သနားမိရင်း
လိမ္မာဖို့ ကြိုးစားရလေမည်။ ခြံကို ရောက်တဲ့နေ့မှာ
ရှင်းမိသည်။ အလုပ်ကတော့ အလုပ်ပေးသူ အမျိုးသမီး
အိမ်မှာ ကားမောင်းရသည်။ ထွေးပိုကတော့ အိမ်
သန့်ရှင်းရေးလုပ်စရာရှိတာ လုပ်၊ နေခဲ့ရုံသာ။

'' ဟေး ''

''အို ဘယ်သူလဲ''

'' မင်းကို မေးရမှာ လှထွေးပို''

''ဟင် ဘယ်သူလဲ မသိ ကျုပ်နာမည်ကို
သိနေတာလားတော်''

''မသိချင်ယောင်ဆောင်နေတာလား
လှထွေးပို ငါလေ ဦး​လင်းအောင်''

''အို မသိတော့ပါဘူး''

    အိပ်ရာကနေ လန့်နိူးတော့ ချွေးတချို့က
နဖူးထက်မှာ ရွှဲနေသည်။ အပြင်ဘက် ထွက်
လာမိတော့ ပင်လယ်ရေလှိုင်းသံက နားဝင်ချို
စေတာလား လွမ်းစရာကောင်းနေတာလား
မပြောတတ်။

     စိတ်ကူးပေါက်တာရယ် သူငယ်ချင်းတွေ
မြှူဆွယ်တာရယ်ကြောင့် ဗြုန်းစားကြီး
ထွက်လာမိတဲ့ ခရီး။ ဘာလိုလိုနဲ့ ဒီရောက်တာ
တောင် အတော်ကြာခဲ့ပြီ။

  ဒါပေမဲ့ ထူးဆန်းတာက အမြဲလိုလို မက်လာတဲ့
အိပ်မက်တစ်ခု။ စိတ်အစွဲလန်းလွန်နေလို့လား
မပြောတတ်။

'' လှထွေးပိုလေးရယ် ဘယ်ကို ရောက်လို့
ဘယ်မှာများ နေ နေသလဲ''

  တစ်ဖက်သတ် ချစ်ခဲ့မိလို့လား ၊ တစ်ဖက်သတ်
အချစ်ပိုမိခဲ့လို့လား မသိ။

''ဟဲ့လို မောင်လေး''

''အစ်မပြောလေ''

''ဘယ်နေ့ပြန်လာမှာလဲကွယ် အစ်မတော့
မင်းအတွက် ငှားပေးထားတဲ့ အလုပ်သမား
လင်မယားကို အိမ်ခေါ်ထားလိုက်ပြီ''

''ခေါ်ပေါ့ဗျာ ကျွန်တော် ဒီမှာ
အနေကြာအုံးမယ်ထင်တယ်''

''အလွန်အကျွံတွေ သောက်မနေနဲ့အုံးနော်''

  ဖုန်းကို ချလိုက်သည်။ ဒေါ်တင့်ဝေ ဆုံးဖြတ်
လိုက်သည်။ အင်မတန်လှပလွန်းသော မိန်းကလေး
ကို ကယ်တင်ဖို့ ဆုံးဖြတ်လိုက်သည်။

'' မငိုပါနဲ့တော့ ညီမရယ်''

''အစ်မရယ် ညီမ ငိုတာဟာ အစ်မသမီးလေးရဲ့
သူငယ်ချင်း ကလေးတွေ လှောင်ရယ်လို့
မဟုတ်ရပါဘူး ကိုချစ်ရွှေ​ကြောင့်ပါ''

''အစ်မ ပယောဂလည်း မကင်းဘူးလေ
ကိုချစ်ရွှေက အိမ်က ယောက်ျား
ပြောသမျှ နားထောင်တာကိုး
ဟိုလိုမိန်းမနဲ့ ဖြစ်နေတယ် ဆိုတာကလည်း
အစ်မယောက်ျား စနက် ပါနေမှာပဲ''

''ကံက ဆိုးတာကိုး အစ်မရယ်
ညီမလေ ပျောက်ကွယ်သွားချင်မိ​တော့တယ်
မျက်လုံးတစ်ဖက် ပျက်စီးနေတာ
ကလေးတွေ မြင်လို့ လန့်လည်း လန့်သင့်ပေမဲ့''

''အခုလည်း ညီမယောက်ျားက ညီမကို
နှိပ်စက်တုန်းပဲလား''

''မူးလာတဲ့နေ့ဆို ရိုက်နှက်တုန်းပါ
အသံမထွက်ရဘူးအစ်မ ထွက်လေ
ရိုက်လေပဲ ''

''ရက်စက်လိုက်တဲ့ယောက်ျား ငါ့ညီမကို
အစ်မဆေးစစ်ကြည့်ရသလောက်
ကလေး မရနိုင်တော့ဘူး ညီမလေး
အခု ညီမလေး ဘယ်လိုလုပ်ချင်လဲ''

''ခွဲစိပ်တယ်ဆိုတာ မဖြစ်နိုင်တာကြီးပါ
မျက်မှန်တပ်လည်း မျက်ကန်းမ လို့
အပြောခံရမှာ စိုးတယ်''

''ဒါဆို ဘယ်လိုလုပ်မလဲ ဒီမနက်
ဖြစ်သွားတာတွေအတွက် သမီးကလည်း
စိတ်မကောင်းဖြစ်နေတယ်''

''အို ကလေး အပြစ်မှ မဟုတ်တာ
ညီမလေ ကိုချစ်ရွှေမသိအောင် ထွက်ပြေး
သွားချင်တယ် အစ်မ ကြောက်လို့သာ''

'' ညီမရယ် အစ်မလည်း အိမ်ထောင်သည်မို့
ကိုယ်ချင်းစာတယ် ဒါပေမဲ့ အန္တရာယ်များတယ်လေ
ကွယ်''

''အစ်မ တစ်ခုပဲ ခွင့်ပေးပါ ညီမကို
ထွက်ပြေးခွင့်ပေးပါနော် ဘာပစ္စည်းမှ
ညီမ မယူသွားပါဘူး''

''ညီမမျက်လုံးကို ကုသပေးချင်ပေမဲ့
အခုလို လုပ်ချင်လည်း ညီမ သဘောပါ
ဒါက အစ်မ ညီမအတွက် လမ်းစရိတ်လေး
ပေးတာ ကိုချစ်ရွှေလိုလူနဲ့ ထပ်မဆုံပါစေနဲ့ကွယ်''

''ကျေးဇူးတင်ပါတယ် အစ်မရယ်''

  ဒီမနက် ကျောင်းပိတ်ရက်ဆိုတော့ သမီးလေး
ကြွားလုံးထုတ်ဖို့ လှထွေးပိုလေးကို ပွဲထုတ်ရှာ
သည်။ ​ဟင်းချက်လက်ရာ ကောင်းလွန်းတော့
စားဖိုမှူးကို ခေါ်လာဖို့ သမီး သူငယ်ချင်း ကလေး
တွေ တောင်းဆိုရာက ဖြစ်ပျက်သွားတဲ့ ပြဿနာ။

မှန်ရာကို ပြောတတ်ကြတဲ့ အရွယ်တွေဆိုတော့
တားမြစ်ဖို့ မမီလိုက်။ ဟင်းချက် လက်ရာ
ကောင်းလွန်းတာရယ် မြင်ဖူးသလိုလို ရှိတာ
ကြောင့် အိမ်ကို ခေါ်ခဲ့ပေမဲ့ တူရာစုတယ် ဆိုရမလား။
အိမ်က ကျေးဇူးရှင် လင်တော်မောင် ကောင်းမှုနဲ့
လှထွေးပို ထပ် ကံဆိုးသွားရှာလေသည်။

မနက်လင်းတော့ သမီး နားပူလို့ လှထွေးပို
ဆီ လာခဲ့ပေမဲ့ အခန်းတံခါး ဖွင့်လာတာက
ကိုချစ်ရွှေ။ ပြီးတော့ တခြားမိန်းမတစ်ယောက်။

   စိတ်တို့ ဆောင့်တိုသွားသည်။ ကိုချစ်ရွှေကိုရော
မယားငယ်မကိုပါ အိမ်ထဲက မောင်းထုတ်ပစ်သည်။

    လှထွေးပိုလေးတော့ ထွက်သွားရှာပြီ ထင်
သည်။ ဒါပေမဲ့လည်း...

''အမေ အမေ့''

''သမီး ယုဝေ ဘာတုန်းကွယ်''

''ဇွန်ပန်းရုံနားက မြက်ခင်းမှာ ဒေါ်လေး အိပ်
ပျော်နေတယ်''

''ဟင်''

      ဒီလိုဆိုတော့ ပြေးကြည့်မှ အဖျားတက်ပြီး
မေ့မြောနေရှာသည်။ တစ်ညလုံး ဒီမှာ ပုန်းရှောင်
အိပ်နေခဲ့လေသလား။

''သတိရလာပြီလား လှထွေးပို''

''ကိုချစ်ရွှေကော ဟင် အစ်မ ညီမကို
အလုပ်ထုတ်မှာလား ဟင်''

''အို ဘာကြောင့်လဲ''

''သူ ညက နောက်မိန်းမကို ခေါ်လာတယ်
ညီမက စိတ်တိုလို့ ပြောတော့ ရိုက်တယ်
ကြောက်လို့ ထွက်ပြေးတော့ လိုက်ရှာ ရိုက်မှာ
စိုးတာနဲ့ ပုန်းနေခဲ့တာ သူပြောတယ်
အစ်မ အမျိုးသားက ညီမကို အိမ်ပေါ်က
ကန်ချမှာတဲ့''

''အိုကွယ် ရာရာစစ အစောကပဲ ဒင်းတို့ကို
နှင်ချလိုက်ပြီ အခုမှသိတယ် မဟုတ်မှ
ညီမလေး မမကို ဟိုးအရင်က တွေ့ဖူးသလား''

''အမှန်တိုင်း ပြောရရင် တွေ့ဖူးပါတယ်''

''လင်းအောင်ကိုရော သိသလား''

''ဟုတ် ဦးလင်းအောင်ကို သိပါတယ်
တောင်းပန်စကားတောင် မဆိုလိုက်ရတော့
အစ်မကို မေးချင်ပေမဲ့ မမေးရဲခဲ့လို့ပါ
အဲ့ဒီဦးလေးကြီးကော သက်ရှိထင်ရှား
ရှိသေးလားဟင်''

''ရှိတာပေါ့ အတော်ပဲ သူကလည်း
ညီမကို လိုက်ရှာ နေခဲ့တာ''

''ဘာလို့လဲ ဟင်''

''နေအုံး ဖုန်းဆက်အုံးမယ် ခဏနော်''

      လှထွေးပို အတိတ်က လူကြီးကို
သတိရမိသည်။ အိပ်မက် စိတ်ကူးထဲ
က ယောက်ျားတစ်ယောက်။

  ဦးလေးကြီးက ချောသည်။ ကြင်နာတတ်သလို
ရယ်လိုက်ရင် ​ပေါ်သွားတတ်တဲ့ သွားစွယ်လေး
တွေက အစ ချစ်စရာကောင်းလွန်းသည်။ အမြဲ
စနောက်တတ်လို့ အမြင်ကတ်ပေမဲ့ သက်ရှိ
ပန်းပုရုပ်ထုလို ခေါင်းအစ ခြေအဆုံး ချောမော
လွန်းသူမို့ ဦးလေးကြီး အပါးတော်အမြဲ ခစားလို
စိတ်က တားမရ ဆီးမရ။

    ညနေအချိန် မမတင့်ဝေတို့ ရန်ဖြစ်ကြသည်။
ကြောက်လွန်းလို့ အနောက်ဖေးဘက် ပြေးထွက်
လာမိသည်။

''ယုဝေလေး''

''မမနဲ့ သိပ်တူတာပဲ''

''ဟင် ဘာကိုလဲကွဲ့''

''ဒီပုံလေ''

''အို လှလိုက်တာ ဒေါ်လေးနဲ့တောင်
ဆင်တူနေသလိုပဲ''

''မင်းရဲ့ပုံကို ဆွဲခဲ့တာပဲလေ''

''ရှင်''

ဒီအသံကို နှလုံးသားထဲက သိနေခဲ့သည်။
ချာခနဲ လှည့်ကြည့်တော့ မြင်လိုက်ရတဲ့သူ။
ဦးလင်းအောင်။    

  ''ဟို ဟို ဒါက''

''ဒါဘယ်ကိုလဲ လှထွေးပို''

''ဟို လုပ်စရာလေးရှိလို့''

'' ဦးကို မမှတ်မိတော့တာလား လှထွေးပို''

''အင်း''

''ဘာအင်းလဲကွ''

''ဟို တောင်းပန်ပါတယ် ဦးလင်းအောင်
တကယ်တော့လေ နမ်းချင်တဲ့စိတ်နဲ့
ကျုပ် အိမ်ပေါ်က နှင်ချမခံရခင် နမ်းမိခဲ့တာ
မဟုတ်ပါဘူး မတော်တဆ နမ်းမိခဲ့ရုံပါ''

''မလိုပါဘူး''

''ဟယ် ဖန်ခွက်ကျကွဲသံတွေ ရန်ပွဲက
ဆိုးနေပြီ ထင်တယ်''

  အပြေးလေး သွားလေသူ။ လိုက်သွားမိတော့
အစ်ကိုဖြစ်သူက မူးနေလေပြီ။ ဝင်ထိန်းရင်း
လှထွေးပိုကို ကြည့်မိသည်။ အရင်အတိုင်းလေးသာ။

    ထူးထူးခြားခြား ညက လသာသာနဲ့
ဖြစ်သလို လရောင်အောက်မှာ နှစ်ကိုယ်သား
စကားပြောဖို့ ထိုင်နေကြတော့....

''ဦးလည်း တောင်းပန်ပါတယ် အခု လှထွေးပို
ဘာတွေလုပ်နေတာလဲ''

''ဒီမှာတော့ အိမ်ဖော်လိုပါ အစက
အစ်မက သူ့ မတ်လေး အိမ်မှာ ထားဖို့ပါ''

''ကျုပ်က မတင့်ဝေရဲ့ မတ်ပဲ''

''အော်''

''ဟိုဟာ လှထွေးပို အိမ်ထောင်ရ​က်သား
ကျနေပြီလား တစ်မျိုးမထင်နဲ့နော်''

''ကျပါပြီ ဦးလင်းအောင်
ဒီနေ့ပဲ နေမကောင်းဖြစ်ထားတော့
နားပါရစေနော်''

''အင်း နားလေ ဦး ဒီအိမ်မှာ ရှိနေအုံးမယ်''။

   နောက်တစ်နေ့ မနက်မှာ နိူးနိူးချင်း ကိုယ်လက်
သန့်စင်ပြီး အိမ်အောက်ဆင်းလာတော့ တွေ့ချင်
သူကို မြင်ရသည်။ ဖြစ်နိုင်ရင် စကားတွေ
တဝကြီး ပြောချင်ပေမဲ့ လှထွေးပိုဟာ သူတစ်ပါး
ပိုင်ဆိုင်ထားနှင့်ပြီးသား မိန်းကလေးတစ်ယောက်
ဖြစ်လို့နေလေပြီ။

''ဦးလင်းအောင် ဒီမှာ နေရင် ကျုပ်ကို
မစနဲ့နော် အစ်မလည်း နေမကောင်းဘူးတော့
အိပ်နေတာမို့ အဲ့တာ''

''လှထွေးပို အမျိုးသားကော ဘယ်သွားလဲ''

''သူလား သူ အစ်မအမျိုးသား ခိုင်းလို့ အင်း....
အဲ့တာ ခရီးသွားနေတာ''

''အော် ဟုတ်ပြီ''

     ဦးလေးကြီးကို ထမင်းခူးခပ် ကျွေးပြီးနောက်
ခြံထဲ ပြေးဆင်းလာမိသည်။

  တကယ်တော့ ဦးလင်းအောင်ကို သိပ်ချစ်ခဲ့
သည်။ ဒါပေမဲ့ လှထွေးပိုဆိုတာ ရုပ်ဆိုးမ။
အခြေခံလူတန်းစားမလေးနဲ့ နန်းထိုက်တော်ဝင်
ရွှေအိမ်စံမင်းသားတို့ဆိုတာ ဘယ်လိုမှ မလိုက်ဖက်။

   အိမ်ပေါ်က အနှင်ချခံရပြီးတဲ့နောက် နာကျင်
ဒဏ်ရာက မပျောက်ခဲ့။ နှလုံးသားနုနုမို့လား
မပြောတတ်။ ဒဏ်ရာက ဆိုးရွားခဲ့သည်။ တစ်ရက်
ဦးလင်းအောင်လို ခပ်ဆင်ဆင် လူတစ်ယောက်
ကိုချစ်ရွှေ မပေါ်လာခင် အထိပေါ့။

    ဘေးတိုက်ကြည့်ရင် တူသယောင်ရှိတဲ့
ကိုချစ်ရွှေကို ဦးလင်းအောင် အမှတ်နဲ့
ချစ်မိခဲ့သည်။ ဒါပေမဲ့လည်း အရိုးကွဲအောင်
ရိုက်နှက်သူကို စိတ်နာကြည်းသည်။

    ပန်းပင် ရေဖျန်းနေရင်း တွေးမိတော့
တစ်ဖက်က လာနေသူကို မမြင်။ ရေစိုလို့
တစ်ဖက်က အော်မှ လန့်သွားမိသည်။

'' ကောင်မ နင် ဘာတွေ တွေးနေတာလဲ''

''ဟင် ရှင် ကိုချစ်ရွှေ ရှင်''

''ဘာလဲ ဘာလို့လဲ နင့်လင် ငါမသေသေးဘူးဟ
ဘာလဲ ကြိတ်ပျော်နေတာလား ပြုံးပါအုံး
အစောက မခို့တရို့ပြုံးပုံလေး''

''အို ရှင် လက်မပါနဲ့နော်''

''ပါတော့ ဘာဖြစ်လဲ မင်းနဲ့ငါက
ကွာရသေးတာမှ မဟုတ်တာ လာ ငါနဲ့လိုက်ခဲ့''

''အို လွှတ်နော် ရှင် ရှင်''

''လာစမ်းပါ''

''ဟေ့လူ လက်ကို လွှတ်''

''ဘာလဲ ခင်ဗျား ဘယ်သူလဲ
ဘာတွေ ဝင် လျှာရှည်ချင်တာလဲ
ဒါ ကျုပ်မိန်းမ''

    လက်ကို ဖယ်ချလိုက်ရသည်။ ရင်ဘတ်ထဲ
စူးအောင့် ကျန်ခဲ့ရင်း ခွန်းတုန့်မပြန်နိုင်ခဲ့သလို
မျက်ရည်ဝဲလို့ ခေါ်ရာနောက် ပါသွားသူလေးကို
ငေးရပ်နေခဲ့ရုံသာ...။

   ဦး လှထွေးပိုကို ချစ်မိခဲ့တာ သေချာ
ခဲ့ပါပြီ။ ဒါပေမဲ့လို့......၊

#အပိုင်း ၄ မျှော်ရန်
#ဦးငယ်

8:14PM....July 6.2023....Thu 

💜
  
အချစ်တောမှာ တဝဲလည်လည်
အပိုင်း ၄

    ဖတ်လက်စ ဝတ္ထုကို ဆက်ဖတ်လို့ မရတော့
အပြင်ထွက် လမ်းလျှောက်မိသည်။ အောက်ကို
ငုံ့ကြည့်မိတော့ ချစ်ရတဲ့ မိန်းကလေးကို တွေ့
မိသည်။

   အောက်ကို ဆင်းသွားဖို့ ဦးလင်းအောင်
တွေးတောချိန်ဆနေမိသည်။ ညသန်းခေါင်
ကြီး အိမ်ထဲ မဝင်တာ ဘာကြောင့်ပါလိမ့်။

တရုတ်စံကားပင်အောက် ထိုင်နေသူလေးက
လရောင်အောက်မှာ အလှသွေးကြွယ်ပြနေ
သည်။ ရင်ကို လှုပ်ခတ်စေတော့ ပန်းချီကားချပ်
တစ်ချပ် ဖန်တီးဖို့ ပြင်ဆင်လိုက်သည်။

     အာရုံအစုံနစ်မြောလို့ ဆွဲမိရင်း ပုံကို
လက်စသတ်တော့ လှထွေးပိုလေး အိပ်
ပျော်နေလေပြီ။ ဒီအချိန်မှ ခိုးကြောင်ခိုးဝှက်
တံခါးဖွင့် ထွက်သွားတဲ့ ဆံပင်အရှည်နဲ့
မိန်းမတစ်ယောက်။

   တစ်ညမက နှစ်ည သုံးည။ လရောင်အောက်မှာ
ချစ်ရသူကို မြင်ရဖန်များတဲ့နောက်....

''မအေးဘူးလား လှထွေးပို''

''အို သခင်''

''ဦးလင်းအောင်လို့ပဲ ခေါ်ပါ သခင်လို့
မခေါ်ပါနဲ့တော့ ဘာလို့ အိမ်ထဲ ဝင်မအိပ်တာလဲ''

''ဟို ပူ ပူလို့ပါ ရာသီဥတုက ပူတယ်လေ
အဲ့တာကြောင့်ပါ''

''မဖြစ်နိုင်တာ ကြာရင် ရောဂါရလိမ့်မယ်
လာ မီးဖိုချောင်အနားက အခန်းမှာ အိပ် လာပါ''

''မဖြစ်ဘူးထင်ပါတယ် နေပါစေတော့''

''လှထွေးပို ယောက်ျား ဖောက်ပြန်နေတာမလား''

''ဟုတ် အဲ မဟုတ် မဟုတ်ပါဘူး''

''မျက်နှာက အမာရွတ်တချို့က အဲ့ဒီလူ လက်ရာလား''

''ဘာလို့ ဒီလိုတွေ လာပြောနေတာလဲ ရှင်''

''စိတ်ပူလို့ပါ ဦး သွားပြီ''

''ဟိုလေ''

''ပြောလေ လှထွေးပို''

'' ဟို ဗိုက်က အရမ်းဆာလာလို့ပါ အဲ့တာ
ခြံထဲက မာလကာပင်လည်း ကုန်ပြီလေ''

''ညတိုင်း ဗိုက်ဆာတာကို ထမင်းမစားဘူးလား
မာလကာသီးပဲ ခူးစားနေတာလား''

''ပြောရင် ညီးတယ်ထင်မလား ပင်ပန်းတယ်လေတော်
ညကြ ပြန်ဆာလာတာတော့၊ ဖြစ်နိုင်ရင် ရွာကိုသာ
ပြန်ချင်တော့တယ်''

''ပြန်ပေါ့ကွ ဘာပူစရာလိုလဲ''

''အိုတော် ကျုပ်ယောက်ျားက ကျုပ်ကို
သတ်မှာပေါ့တော့''

''ဟင်း.... ခဏစောင့်''

    မုန့်သွားယူပြီး ပြန်လာတော့ လူချင်းဝင်တိုက်လုလု။
သူစိမ်း အမျိုးသမီးကို ဆွဲခေါ်ကာ မမတင့်ဝေဆီ
ခေါ်ခဲ့လို​က်သည်။ ဒါပေမဲ့ ခက်တာက ကိုကြီးက
လူမိုက်ဘက်နေလို့ ရှေ့နေလိုက်ချင်တော့လည်း....

      လူယုတ်မာလို မျက်နှာဘေးနဲ့ လှထွေးပို
ယောက်ျားကို ပစ်ပစ်သာ ထိုးလိုက်ချင်တော့
သည်။ ဒါကို ညနေရောက်တော့ လှထွေးပိုကို
မျက်နှာမှာ ဒဏ်ရာတချို့နဲ့ တွေ့ရသည်။

''ဒါ ဘာဖြစ်တာလဲ လှထွေးပို''

''ဦးနဲ့ ဘာမှမဆိုင်ပါဘူး''

''ကွာလိုက်တော့''

''ရှင်''

''လှထွေးပိုအပေါ် ရက်စက်တဲ့ကောင်နဲ့
မပေါင်းတော့နဲ့လို့ ကွာလိုက်တော့လို့''

''မမက ပြောတယ် သူလည်း သူ့ကလေးအတွက်နဲ့
သူ့ယောက်ျားကို သည်းခံလိုက်တာပါတဲ့''

''လှထွေးပိုမှာကြ ကလေးမှ မရှိပဲ''

''ကလေးမရှိပေမဲ့လည်း''

''အင်း ဘာဖြစ်တုန်း''

      ဦးအနားမှာ ထာဝရ ရှိချင်လို့ပေါ့
ဦးရယ်။ ဘာဖြစ်ဖြစ် ဦးကို မြင်ရတာနဲ့
တင် ဒီဟာမလေး ဘဝက ပြီးပြည့်စုံနေ
ပါပြီ။

    စိတ်ထဲက ဖြေမိရင်း ပြေးထွက်လာမိသည်။
အိမ်မှာ လင်သား မရှိခိုက် စိတ်က ဖောက်ပြန်
နေတယ် ဆိုရမလား။ တကယ်ဆို အချစ်ဦးနဲ့
ပြန်ဆုံတော့ ရင်ခုန်သံတွေက ဟန်မဆောင်နိုင်ခဲ့။

  ဒါကြောင့် ကိုချစ်ရွှေရဲ့ နှိပ်စက်ချက်တွေက
လှထွေးပို အပေါ်  မနာကျင်စေ။ ထုံတေတေ
ဖြစ်နေခဲ့သည်။

   နောက်တစ်နေ့ ယုဝေလေး ပူဆာလို့ အပြင်
လိုက်ခွင့်ရချိန် ယုဝေရယ် ဦးရယ် လှထွေးပိုရယ်
သုံးဦးတည်းသာ။

  ပျော်လို့မဆုံးတပြုံးပြုံး ဖြစ်ခဲ့ရသလို အဝတ်တွေ
ရတော့ လှထွေးပို ပျော်လွန်းလို့ ငိုပါ ငိုမိသည်။
ဒါပေမဲ့ ရယ်မော ဆိုတဲ့အတိုင်း ရယ်ပြီး မောရပြန်တာ
က အပြစ်မရှိ အပြစ်ရှာ ပြန်လေတဲ့ ကိုချစ်ရွှေ ။

''ဘာကြောင့်လဲ ကိုချစ်ရွှေ
ကျုပ် ရှင့်လို ပေါ်တင်ကော တိတ်တိတ်ပုန်းပါ
ဖောက်ပြန်နေတာမှ မဟုတ်တာ''

''အပိုတွေ မပြောနဲ့ သူဌေးရဲ့ညီကို
နင် အပိုင်ချိုင်ချင်နေတာမလား
ဟိုငနွားကလည်း နင် မျက်နှာသာ ပေးတော့
ဖြီးနေတာ လူမြင်လို့ကို မကောင်းဘူး''

''ရှင် အဲ့ဒီလို မပြောနဲ့''

''ပြောတော့ ဘာဖြစ်လဲ ဘာလဲ နင်က နင့်လင်
ထိတော့ နာတယ်ပေါ့လေ ဟုတ်လား ဟုတ်လား
ပြောလေ''

  တံခါး ပိတ်သည်။ မျက်နှာကို တည်တည်ပြီး
ပစ်ထိုးနေသည်။ လှထွေးပို နာကျင်ပေမဲ့
ဘယ်ကဘယ်လို ခွန်အားတွေ ရနေမိတာလဲမသိ။
တတ်စွမ်းသလောက် ပြန်ကုပ်ခြစ်ပစ်သည်။
လက်သည်းမှာ သွေးတွေစွန်းတော့ ကိုချစ်ရွှေ
က ယောက်ျားမတန် အားသုံးလို့ လုံးသတ်သည်။

  တံခါးကို ဖျက်လို့ မမတင့်ဝေတို့သာ လာ မကယ်ရင်
လှထွေးပို သေပြီ ထင်ပါရဲ့။

     မမတင့်ဝေ ဘာမှမပြော။ လှထွေးပိုနဲ့
ယုဝေလေးကို လက်ဆွဲလို့သာ အိမ်ပေါ်က
ဆင်းခဲ့ကြသည်။

''မဖြစ်သင့်တာ မမရယ် မမတို့ မိသားစုလေး
ညီမအတွက်နဲ့ ပျက်ရတော့မယ်''

''အို ညီမတို့တွေ သတ်ကြရန်ဖြစ်ကြလို့
မမ ဆင်းခဲ့တာမဟုတ်ဘူး ဖောက်ပြန်နေတဲ့
ယောက်ျားကြောင့် သိပ်မုန်းတယ်''

  မမတင့်ဝေ ငိုသည်။ ယုဝေလေးကတော့
မျက်နှာမကောင်း။ ကံကောင်းတာက မမ
တင့်ဝေ မိသားစုက နွေးထွေးစွာ ကြိုဆိုကြ
သည်။ လှထွေးပိုလည်း အလုပ်ရခဲ့သည်။

   နောက်ရက်တွေမှ သိရသည်။ ဦးလင်းအောင်
လည်း သူ့အိမ်သူ ပြန်နေသတဲ့လေ။

''မလိုက်ရဲပါဘူး မမတင့်ဝေရယ်''

''အမလေး မမတို့ တရားဝင် ကွာရှင်းလိုက်ပါပြီ
သူတို့နဲ့ ဘာမှ ပတ်သက်စရာ မရှိတော့ဘူး
ပြီးတော့ မမရှိတယ် မမကာကွယ်ပေးမယ်''

''မဖြစ်နိုင်ပါဘူး မမရယ် အိမ်မှာပဲ
အေးအေးဆေးဆေးနေပါ့မယ်''

''ဟော ကြည့် တစ်အိမ်လုံး ဘုရားဖူး ထွက်ကြမှာ
ညည်း တစ်ယောက်ထဲ ကျန်ခဲ့လို့ ဟိုအကောင်
လာ ဒုက္ခပေးမှ ဟုတ်ပေ့ ဖြစ်နေမယ်''

  ဒီလိုဆိုတော့ ကျောချမ်းသွားသည်။ မတော်
လာသတ်နေမှာစိုးရသည်။ ဒါပေမဲ့လည်း.....
သတင်းတစ်ခုကြောင့် ဘုရားဖူးအပြန် နေခဲ့ဖို့
အကြောင်းဖန်လာခဲ့သည်။

  အမေဆုံးပြီတဲ့လေ။ မင်္ဂလာဆောင်ပြီး
ကတည်းက အိမ်ကို ပြန်မရောက်ဖြစ်ခဲ့။

''ညီမ သဘောပါကွယ် ညီမရပ် ညီမရွာဆိုတော့
မကြောက်ရတော့ဘူးပေါ့ ဟိုခွေးတိရစ္ဆာန်ကောင်
က ပြောရတာ မဟုတ်''

   ဘုရားဖူးကနေ အပြန် ဝင်နေခဲ့မိသည်။
အစ်မတို့ကတော့ ရောက်ရောက်ချင်း မခေါ်။
ဘယ်က ဘယ်လို သိသွားတယ် မသိလေတဲ့
မမြင်ချင်သူက လိုက်လာခဲ့သည်။

   ကိုချစ်ရွှေဟာ လှထွေးပိုကို ချစ်ခဲ့တာလား
ရက်စက်ချင်တာလား မဝေခွဲတတ်။
အိမ်ပေါ် တက်ပုန်းနေတဲ့ လှထွေးပိုကို
ကိုချစ်ရွှေ အစ်မကို တွန်းဖယ်လို့ တက်ရိုက်
သည်။

    ချိန်းကြိုးကြီးကို ကောက်ကိုင်လို့ ရိုက်မယ်
ဆိုတော့ အစ်မကြီးက ​ငြိမ်မခံ။ တွေ့တဲ့ တုတ်
နဲ့ ကောက်ရိုက်သည်။ အစ်မစောရင်တို့ပါ
လာတော့ ခွေးကောင် မလှုပ်ရဲ။ နောက်တစ်ခါ
လာ သတ်ပစ်မယ် ပြောတော့ တစ်ခါတစ်လေ
ပေါ်လာရာက နောက်တော့ ပေါ်မလာတော့။

  သေသွားပြီလို့လည်း ကြားခါမှ လှထွေးပို
ဘဝက လှောင်ချိုင့်အိမ်ထဲက လွတ်မြောက်
သွားတဲ့ ငှက်ကလေးလို။

**/**

  ''ဟဲ့ ရွှေအ''

  ပျိုးနုတ်ကောက်စိုက် တောအလုပ် လုပ်ရင်း
လှထွေးပို ဆက်လက်ရှင်သန်ခဲ့သည်။

''နင် ဘာပြောချင်တာလဲ
နင်ပြောတာ ငါမှ မသိတာဟာ''

  ဒီလိုဆိုတော့ ရွှေအက မြေပြင်ပေါ် တုတ်ချောင်း
နဲ့ ခြစ်လို့ စာရေးပြသည်။

'' နင် ထမင်းစားအုံးမှာလား အမ်း ဘာလို့လဲ
ငါ ဆာတော့ ဆာတယ် ထမင်းချိုင့်မပါဘူး''

  ဒီလိုပြောတော့ ရွှေအက သူ့ချိုင့်ကို ပေးသည်။

''တော်ပါပြီဟာ နင်စားလေ စားပါ''

    နင်စားပါတဲ့လေ ။ ရွှေအတို့က ခြံပိုင်မြေပိုင်။
ညီအစ်ကိုနှစ်ယောက်ရှိပြီး ရွှေအက ပိုကြည့်
ကောင်းသလို စိတ်ထားလည်း ကောင်းမဲ့ပုံ။

''နင်သိလား ရွှေအ နင် ငါ့ကို
ချစ်ကျွမ်းဝင်နေမှန်း ငါ ရိပ်မိပါတယ်
ဒါပေမဲ့ ငါလေ ထပ်မချစ်ရဲတော့ဘူး သိလား
ပြီးတော့ ငါက အခုဆို မုဆိုးမလေ
နင့်အမေက တစ်ဖက်ကန်းမ မုဆိုးမနဲ့
သူ့သား လူပျိုကို ဘယ် သဘောတူမှာလဲ''

  ရွှေအ မြေပေါ် စာရေးပြသည်။

သူ လှထွေးပိုကို ချစ်သတဲ့။ လှထွေးပို
ခေါင်းခါရမ်းပြသည်။ ဒီလိုဆိုတော့
မျက်ရည်ဝဲလို့ ကျန်ခဲ့သူ။

   နှလုံးသားက အချစ်ဦးကြောင့် နာကျင်ကွဲအက်
ခဲ့သလို ခန္ဓာအထက် သေရာပါ ဒဏ်ရာတွေဟာ
လည်း အချစ်ဦးကြောင့် လက်ဆောင်ရခဲ့သည်။

''စာတဲ့အေ စာ ညည်းနော် ရှုပ်ရှုပ်ယှက်ယှက်
လုပ်မယ် မကြံနဲ့တော်ရေ့''

  စာ ရခဲ့သည်။ ဦးလင်းအောင်ဆီက
စာတစ်စောင်။ သူရေးထားတာက
မသေခင် ရေးခဲ့ဟန်။

   '' ဦး လှထွေးပိုကို သိပ်ချစ်ခဲ့မိတယ်
ဦးရဲ့ ရောဂါကြောင့် မသေခင် တွေ့ဖို့
ဆုတောင်းခဲ့တာ ပြည့်ခဲ့ပေမဲ့ လှထွေးပိုဟာ
ပိုင်ရှင်ရှိ မိန်းကလေးတစ်ယောက် ၊
ပိုင်ရှင်မဲ့သွားချိန် လာရှာချင်ခဲ့ပေမဲ့
ဦး အတွက်နဲ့ တစ်ပါးသူကို ဒုက္ခမပေးချင်
တော့လို့ပါ လှထွေးပိုရယ်၊ ဦး ချစ်ခဲ့မိတယ်
ဆိုတာလေးကို ဒီစာလေးနဲ့ ချန်ရစ်လို့
အသိပေးခဲ့ပါရစေ။

    စာနဲ့အတူ ပေးပို့လိုက်တဲ့ ငွေကတော့
လှထွေးပို ပုံတူပန်းချီကား ရောင်းရငွေပါ။
ရှင်သန်ရမဲ့ ဘဝမှာ ပျော်ရွှင်ပါစေကွယ်''။

    အချစ်ဦးတစ်ယောက် ဘယ်ကို လွင့်ပါးသွားမလဲ တစ်စက်ချင်းကျနေတဲ့ မျက်ရည်စက်တွေကိုသာ မေးလိုက်ချင်တော့သည်။

   လှထွေးပို အချစ်တောထဲ ပြန်ဝင်ခဲ့သည်။
ရွှေအဟာ ကိုယ့်နှုတ်ဖျားတစ်ခွန်းတိုင်း
လိမ္မာလွန်းစွာ ချစ်အားပိုခဲ့သည်။ ယောက္ခမကြီး
ရောဂါရလေတော့ သွေးပြည်ပုပ်တွေကို
မရွံမရှာသုတ်သင်ပေးလေတော့ အမွေတချို့
ရခဲ့သည်။

   ငွေဟာ လူကို ဒုက္ခရောက်စေတဲ့ အမျိုးဆိုတော့
ကံကြမ္မာဆိုးဟာ အချစ်တောအလယ် တဝဲဝဲ
လည် လမ်းပျောက်နေသူကို ရက်စက်ခဲ့ပြန်ပါသည်။

    ''ဇာတ်လမ်းက ဒါပဲလား ဗျာ''

  ဒီဇာတ်လမ်းဟာ ရိုးရှင်းပေမဲ့ ခံရသူအဖို့
တော့ သေရာပါ နာကျင်စရာ အတိတ်တွေ
ဖြစ်လေတာမို့.....။

''ရွှေအ အစ်ကိုက ယုတ်တာလေ ငါ့မြေးရယ်
ထွေးပိုများ ရူးမတတ်ပါဆို၊ ဟိုလိုကြီး ရူးတာ
မျိုး မဟုတ်ပဲ တစ်ခါတစ်ခါ ထ ထ ဖောက်တာ
မျိုးကွဲ့''

   ဇာတ်လမ်းကို သိရတော့ စိတ်မကောင်း။
အမွေပေးခဲ့တာချင်းတူတာတောင် အစ်ကို
ဖြစ်သူ အမွေကိုပါ ထိပါးချင်တော့ ညီဖြစ်သူက
အောက်လမ်းတွေနဲ့ ပြူစားလုပ်ကြံခဲ့သည်။

    အခုတော့လည်း ဘာမှမဟုတ်ခဲ့သလို
လှထွေးပိုဆိုသူတစ်ယောက် ရှင်သန်နေဆဲ
ဖြစ်သည်။

   ကုန်ကြမ်းယူခဲ့ရာက အပြန် ညီမနှစ်ယောက်
ဖြစ်ရပ်တိုင်းမှာ ရင်နင့်စရာတချို့တွေ ရှိနေစမြဲ။

   လှလေးပို ရက်စက်ခံခဲ့ရသလို လှထွေးပိုလည်း
ခံစားခဲ့ရသည်။ လှလေးပိုလောက် ဇာတ်က
နာလွန်းလှတယ် မဆိုသာပေမဲ့​လည်း ချို့ယွင်းချက်
တစ်ခုနဲ့ ရှေ့ဆက်နေဆဲ အဖွားလှထွေးပို
ဇာတ်လမ်းက ဤမျှတင်သာ။

#ပြီးပါပြီဗျာ။
#ဦးငယ်

(ဤဇာတ်လမ်းတွင် ဖန်တီးရေးသားမှု
အနည်းငယ် ပါဝင်ခဲ့ပါသည်။ ဇာတ်အိမ်ခိုင်တဲ့
လူရွယ်လူငယ်မိန်းကလေးတစ်ဦးရဲ့ ဇာတ်လမ်းသစ်နဲ့
ပြန်လာခဲ့ပါအုံးမည် စာပေချစ်သူများခင်ဗျာ🙏
အားပေးမှုအတွက် အတိုင်းမသိ ကျေးဇူးတင်လျက်ပါခင်ဗျာ။ စာရေးဆရာဖြစ်ဖို့ အိပ်မက် မက်နေသူမို့
သည်းခံအားပေးဖတ်ရှုပေးသွားကြပါအုံးခင်ဗျ🙏)

7:51PM...July10.2023.....Monday

Comment