ဟော့ဒီက ပန်းသည်🍊စဆုံး

ဟော့ဒီက …… ပန်းသည် (စဆုံး)

#ဦးငယ်

*************************

အပိုင်း ၁

    " ဖြန်း "

"အို မေမေကြီး ငြိမ့်ပါးကို ရိုက်တယ်"

" အေး ရိုက်တယ် ရိုက်တယ် ဖြစ်လဲ
  ညည်းလိုကောင်မကများ အရိုးများသည်လေး
  ချေးခါးသည်လေး လုပ်နေရသေး "

"မုန်းစရာ ကောင်းလိုက်တဲ့လူ"

"ညည်း ဘာပြောလိုက်တယ်"

"အဲ့ဒီလူကို ပြောလေ"

"အို ဟဲ့ ငြိမ့်နွဲ့မူ ညည်း ဒါက ဘယ်ကိုတုန်း"

  ထွက်ခွာခဲ့မိသည်။ ယောက်ျားတစ်ယောက်
ကို မုန်းပြီးရင်း မုန်းစွာဖြင့်။ ငြိမ့်နွဲ့မူ ဘဝတက်
လှမ်းမှန်သမျှကို ရိုက်ချိုးခဲ့လေသော သူအတွက်
ထွက်လာခဲ့မိခြင်းပင်။

   " အလကားလူ ယောက်ျားဖြစ်ပြီး
မိန်းမတစ်ယောက်ကို ရှေးရိုးစွဲနဲ့ အတင်း
လက်ထက်ယူချင်တဲ့လူ၊ မိန်းမတစ်ယောက်
ကို မမြင်ဖူးဘဲနဲ့ လက်သင့်ခံသတဲ့လား
ရယ်စရာတောင် ကောင်းနေသေး "

  တောင်စဉ်ရေမရ တွတ်ထိုးပြောကာ ရောက်
ရာ ပေါက်ရာ လျှောက်လာခဲ့မိလေသူ။

"တီ …… တီ ……"

"အို……"

ထွက်လက်စ ဒေါသတွေကား မြည်လာသည့်
ကားဟွန်သံအောက် ပျောက်ဆုံးသွားလေ
တော့သည်။ ငြိမ့်နွဲ့မူအမြင်အာရုံတို့ ဝေဝါး
သွားတော့သည်။ သည်ကမ္ဘာကို ငြိမ့်နွဲ့မူ သိနိုင်
တော့မည် မဟုတ်။ တဆစ်ဆစ်ကိုက်သော
ဝေဒနာဖြင့် လက်မောင်းလေးပေါ် ခေါင်းလေး
အသာမှေးတင်ကာ မျက်ဝန်းတို့ကို မှိတ်စက်
ချလိုက်မိတော့သည်။

     အတိတ်က အမည်မသိ ယောက်ျား
တစ်ယောက်ကို ငြိမ့်နွဲ့မူ သိပ်သိပ်မုန်း
သည်။

******************************အပိုင်း ၂

      ၂ နှစ်ခန့်အကြာ။

    " ဟော့ဒီက ပန်းသည် ပန်းသည် "

"ဟေး ဟာ စိုကုန်ပြီကွာ"

"အလို ဟုတ်ပါ့တော် နွဲ့အပြစ်ပါ
နွဲ့တောင်းပန်ပါတယ် ရှင်"

"အလို ငိုတော့ မငိုလိုက်ပါနဲ့ အမိရယ်
  ကျုပ် ရင်ဘတ်ပေါ်က အဝတ်ပဲ
စိုထိုင်းသွားတာပါ နေနေ"

"ဟုတ်ကဲ့ရှင့်"

"နေအုံး ပန်းတစ်စည်းပေး ညီမငယ်
ရောင်းနေတာက ကိုယ့်ဆိုင်ရှေ့ပဲ
စည်းကမ်းတကျ ရောင်းနေလို့
သဘောကျတယ်"

"ရှင်"

"ဟိုမယ်လေ ဇွတ်တိုးဝှေ့ ရောင်း
နေတာ အဲ့တာမျိုးကို ဦးသဘောမကျလို့"

"ဟုတ်ကဲ့"

   ဦးလေးကြီး မျက်ဝန်းတွေက စကား
တွေ ပြောသွားသလိုပင်။ ကောင်းကင်
ပြာပြာအောက် မျက်ဝန်းလင်းလင်းလေး
တွေဖြင့် ချောရက်နိုင်လွန်းသူ။ ခန့်ညား
ခြင်းလေးကိုပါ အဆစ်ပိုထည့်ကာ ချစ်
စဖွယ်ထက် ရင်ဖိုစုံမက်ဖွယ်ရာ။

  ငေးကောင်းတွေးကောင်းရောင်းကောင်း
ပြီးနောက် ပန်းသည်လေး နွဲ့ အစ်ကိုဖြစ်
သူ ရှိရာထံ လာမိလေသည်။ အချဉ်ပေါင်း
ရောင်းနေသော အစ်ကို့ထံ ပြေးလာမိခဲ့
သည်။

"ဒီမှာ ဒီမှာ ပန်းသည်အမိ"

"အို ရှင်ကိုး"

"ကျုပ်ကို ပုံလေး ရိုက်ပေးပါ့လားဗျာ
လုပ်ပါ ဒီနားပဲ"

"ရှင် ဟုတ်ကဲ့"

     ပြုံးမိသည်။ ဖုန်းဖြင့် ဓာတ်ပုံရိုက်ပေး
ပြီးသည့်နောက် ပြန်ပေးစဉ် ပြုံးမိသော
နွဲ့ကို ဦးလေးကြီး မေးငေါ့မေးသည်။ မဖြေ
မိခဲ့။ အစ်ကိုဖြစ်သူရှိရာသာ ပြေးလာမိ
ခဲ့တော့သည်။

"ဟဲ့ ငြိမ်းနွဲ့မူ နင့်ဟာကလေ
လဲကုန်မယ်ဟ ဘယ့်နှယ်ကွယ်"

"အစ်ကိုကြီးကလည်း တွေ့တာနဲ့
ဆူဖို့ပဲ ကျွေးအုံးနည်းနည်း"

"ဟဲ့ ဟဲ့ အော် ဒီကောင်မလေး"

    အစ်ကိုကြီး ဆူအော် လေလေ နွဲ့
ပျော်လေလေပင်။ လွန်ခဲ့သော ၂နှစ်
ခန့်မှ အစ်ကိုဖြစ်သူထံ နွဲ့ ပြန်ရောက်
ခဲ့ခြင်းပင်။ အစ်ကိုကြီး ဖိုးငိုပြုံး ပြောပုံ
အရဆို နွဲ့ဟာ ပထွေးဖြစ်သော အမေ့နောက်
ယောက်ျားဖြင့် ရခဲ့သည် ဆို၏။ အစ်ကိုကြီးနှင့်
သာဆို မအေတူ ဖအေကွဲ တော်သော်လည်း
အတိတ်မေ့နေသော နှမဖြစ်သူကို တွေ့
သည့်အခါ ခြေရာဖျောက် ထွက်ပြေးခဲ့
မိကြသည်တဲ့လေ။ သူဋ္ဌေးသမီးလေးဘဝ
မှ အစ်ကိုကယ်ထုတ်ကာ ခေါ်လာခဲ့သည့်
ပန်းသည်မလေးတဖြစ်။

"ဘာတွေးနေတာလဲ ညည်းလေးကို
ကိုကြီး ခေါ်လာမိလို့ စိတ်အခဲမကြေ
ဖြစ်နေပြန်ပြီလား"

"အာ မဟုတ်ပါဘူး အစ်ကိုကြီး
မတရားဘူး သူများကို တစ်ယောက်ထဲ
လွှတ်လိုက်တယ်"

"ဟော ပြောထားသားမလား ငြိမ့်နွဲ့မူရယ်
ညည်းကျောင်းတတ်စအရွယ်မှာတော့
ညည်း အဖေဖြစ်သူက လူလွတ်ပဲလေ
နောက်အိမ်ထောင်မှ မပြုသေးတာ
နောက်မှပေးစားသူနဲ့ ယူလိုက်တာ"

"အဲ့မိန်းမကြီးက သိပ်ဆိုးလောက်မယ်နော်"

"ညည်းကို ပြန်တွေ့တော့ ကံကောင်း
တယ် မှတ်တယ် အစ်ကိုကတော့ ပျော်တာပေါ့
ပြန်ဆုံတွေ့ရလို့"

"မေမေ့ကို မတွေ့ရတာ သိပ်ဝမ်းနည်းတယ်"

"ဖြစ်ပြီးတာတွေ တွေးမနေပါနဲ့ကွယ်
လုပ် ဗိုက်ဆာရင် ချိုင့်ဖွင့်စား"

သတိတရရှိတိုင်း ထိုသို့ ပြောမိခဲ့သည်။

"ဘာဖြစ်ဖြစ် ပန်းသည်ဘဝမှာ
သိပ်ပျော်တယ် အစောကတောင်လေ"

"အေး ပြောပါအုံး မလေပေါ"

"အစ်ကိုကြီးကလည်း ပြောမဲ့လူ အရှိန်
ပျက်အောင်နော် ဒီလိုသိလား
လူတစ်ယောက် သိပ်ချောခန့်တယ်
အဲ့တာ ဟို ပန်းရေဆွတ်နေရင်း
လူကို မကြည့်မိဘူး တစ်ဖက်လှည့်
ခါတုန်း အဲ့လူပေါ် ရေစက်တွေ ခါမိလိုက်တာ"

"လုပ်လိုက်မှဖြင့်"

"တောင်းပန်လိုက်တာပေါ့ သဘောကောင်း
ရှာပါတယ် ပန်းတောင် ဝယ်သွားသေး"

"ကောင်းပါတယ် ဒါနဲ့ ညည်း အဝတ်ချုပ်
တာ အဆင်ပြေနေတာပဲကွယ် စက်ချုပ်သမပဲ
လုပ်ပါတော့လား"

"စိတ်နာလို့ပါဆို အတိတ်ကို ရေးရေးလေး
မြင်ရသလောက်တော့ ဘာလို့မှန်းမသိ
စက်ချုပ်ရတာကို မုန်းတယ်ထင်တာပဲ"

"ဖြစ်ရမယ် လာ ညည်းလေး မဆာသေးလည်း
ဝယ်သူလာရင် ထ လုပ်ပေး အစ်ကိုကြီး
ထမင်းစားအုံးမယ်"

"အိုကေ စားစေသတည်း"

     အစ်ကိုကြီး ထမင်းစားနေခိုက် စျေးက
အသင့်အတင့် ရောင်းကောင်းနေဆဲပင်။

"ဒီမှာဗျ ဒါဘယ်လိုရောင်းသလဲ"

"ဘယ်လောက်ဖိုးဝယ်မလဲရှင့်"

"တစ်ထောင်ဖိုးရသလား"

"ဟုတ်ကဲ့ရှင့် ဘာတွေ ထည့်မလဲရှင့်"

"အစုံသာထည့်လိုက်"

"ဟုတ်ကဲ့ အော် ရှင်ကိုး နွဲ့တို့
အတော်ရေစက်စုံလေသား"

"မစုံပါဘူး ခင်ဗျားလေးကို တွေ့လို့
လာအားပေးတာ အဟင်း"

"အို ဘယ်လိုတုန်း တော်ကလည်း"

"ဒီလိုလည်း ရောင်းတတ်သေးတယ်နော်
အား ကျစ် ကျစ် ချဉ်တာ"
     လူကြီးဖြစ်ပြီး လူငယ်ဆန်ပြနေ
ပုံလေးကလည်း ချစ်စဖွယ်ပင်။ ဘယ်
လိုလူကြီးမှန်းမသိ။

"အချဉ်စားမှတော့ ချဉ်မှာပေါ့"

"အချစ်ကရော ချဉ်လေသလား မသိဘူးနော်"

"သူက ချဉ်ငံစပ်"

"အဟား ဟား ကျေးဇူး
ရောင်းကောင်းပါစေ"

"ဘယ်လိုလူမှန်းလဲ မသိဘူး"

"အောင့်မလေးလေး မူနွဲ့နေလိုက်တာများ
နေပူထိတဲ့ ဖယောင်းလိုပါ့လားဟေ
ညည်း လင်လိုချင်ပြီလားဟေ"

"အိုတော် အစ်ကိုကြီးနှယ်
မသိဘူးသွား အိမ်ပြန်တော့မယ်
ချက်ပြုတ်လျှော်ဖွပ်စရာတွေ ရှိသေးလို့
ပြီးတော့ နက်ဖြန်ကြလည်း မီးပွိုင့်တွေဘက်
တိုးဂိတ်တွေဘက် ပန်းရောင်းရအုံးမှာ"

"အေးပါဟာ သွား သွား
ဟဲ့ အိမ်ကိုပဲ ပြန်နော် စိတ်ချမယ်"

"အစ်ကိုကြီးလို့ဆိုနော် ဟွန်း"

  ငြိမ်းနွဲ့မူလေး မူနွဲ့နွဲ့ဖြင့် ပြေးသွားလေသည်။
တစ်သွေးတစ်မွေးလှလာလွန်းသူလေး။ သူဋ္ဌေး
သမီးလေး အတိတ်ကို သတိပြန်လည်လာခဲ့
လျှင်တော့ ရွှေဘုံနန်းကိုသာ ပြန်ပို့ဆောင်ရ
လေမည်။ အမေမှာခဲ့သမျှကို မေ့၍ မဖြစ်။

  ပျော်ရာမှာထက် တော်ရာမှာစံပါကွယ်။

*****************************အပိုင်း ၃

  " ညောင်းနေသလား ငြိမ်းနွဲ့မူ "

"ဘာမှ မူမနေနဲ့ လုပ် ဟိုမှာ
မန်နေဂျာကြည့်နေပြီ ဝိုင်ခွက်တွေ
သယ်ပို့ကြစို့"

"အေးပါဟာ"

    မောင်နှမနှစ်ယောက် မနားအားချေ။
အိမ်လခ စားရေးဝတ်ရေးအတွက် နေ့ညမအား
ရုန်းကန်ရလေသည်။ သည်ညလည်း မွေးနေ့တစ်ခု
တွင် စားပွဲထိုးလာလုပ်မိကြသည်။

   " အို လှလိုက်တာ မွေးနေ့ရှင်မမလေးလိုသာ
   ဝတ်လိုက်လို့ကတော့"

          
ဖြတ်သွားဖြတ်လာမြင်မိ၍
တောင်းတမိလိုက်ရုံသာ။

"မကြိုက်ဘူး လုံးဝကို မကြိုက်ဘူးသိလား"

"ရွှေယမင်းရယ် မပွေစမ်းနဲ့ကွယ်
ငယ်တော့တာလည်း မဟုတ်"

"မဟုတ်ဘူးလေ ဒီမှာ ကြည့်ပါ့လား
အဝတ်ကြီးက ရှည်ပြီး တုပ်နေတာဟာကို"

နှမငယ်၏ မမူးပဲ ရစ်ခြင်းပင်။

   အလို ဟိုမှာ ဒီဇိုင်နာမလေးပါ့လား။
အတော်ပဲ။ ဘုရား မ တာပဲ။

"ဒီမှာ ပန်းသည်"

"အလို ရှင်က"

"ဒါ ကျုပ်အိမ် လာ ခဏလိုက်ခဲ့ပေး
ထားခဲ့လိုက်အဲ့တာတွေကို"

"အလိုလို ဘယ်ကို ဆွဲခေါ်သွားတာတုန်း
ရှင်နော် ရှင် ဖယ်ဆိုနေ"

"အသာလိုက်ခဲ့စမ်းပါကွာ မဟုတ်ရင်
ပွေ့ချီ ခေါ်လိုက်မှာနော်"

"အို့…… ဟင်း……"

  မရုန်းပဲ လိုက်လာလေသော မိန်းမပျို။

"ဒီမှာ ဒါလေး ပြင်ပေး"

"ဟင် ဘာကိုတုန်း"

"ဒီဂါဝန် ဒီဇိုင်းကို သေသပ်ပေါ့ပါး
လှပသွားအောင် ပြင်ဆင်ပေး"

"အို့ ဘယ်ဖြစ်မလဲ ကျွန်မက ပန်းသည်"

"မင်း တတ်ပါတယ် ငြိမ့်နွဲ့မူ လုပ်ပါကွာ"

"ရှင် ဘယ်လိုလုပ် ကျွန်မနာမည်ကိုသိလဲ"

"အစောက မန်နေဂျာကို မေးကြည့်လိုက်တာ"

"အော် အဲ့သလို ထားပါ ဒီဟာက
အဟင်း တကယ်လို့ ကျွန်မစိတ်ထဲရှိသလို
ကိုက်ထုတ်ပြီးမှ မကြိုက်ရင် ဘယ်လိုလုပ်မလဲ
ရှင့် ရှင့်  ဟို"

"ဝမ်းကွဲနှမ"

"အော် အော် အိုကေလေ ခဏစောင့်"

      ဦးရတုဂုဏ် ထိုင်ကြည့်နေမိသည်။
အခန်းတွင်း သူရယ် မိန်းမပျိုရယ်သာ။
အတိတ်မေ့သူ ဖြစ်နေသော်ငြား ထင်ထား
သည့်အတိုင်းပညာကတော့ ဇာတိပြနေဆဲ
ပင်။

"ကျွီ……"

"ဟယ် ဒါ ဘယ်သူတုန်း ယမင်းအဝတ်ကို
ဟယ် ကြည့်ပါအုံး လှသွားပါ့လား ရှင် ဘယ်သူလဲ"

"ပန်းသည် လစ်တော့ ရပြီ"

"ရှင် ဟုတ် သွားပြီ"

  ပြေးထွက်သွားလေသော ကောင်မလေး။

"ကိုကိုလေး အဲ့တာက"

"နင့် မတော်လိုက်ရတဲ့ ယောက်မလေ"

"ဟယ် ဟို စွာစိမ ဒီဇိုင်နာဆိုတာလား
သူက ဘာဖြစ်လို့ အခုလို"

"ငါ့ကို စိတ်ဆိုးပြီး အိမ်ကထွက်သွားပြီး
ပျောက်သွားတာလေ ငါတောင် ဟိုတလောက
မှ ဒီကို လာရင်းတွေ့တာ"

"ဘယ်လိုဖြစ်ကြတာလဲ လက်ထပ်ပွဲ
ပျက်သွားတယ်လို့ ဖေဖေတို့ပြောကြတယ်"

"ဒါတွေထားလိုက်ပါ လုပ် ဝတ်တော့
အဆင်ပြေတယ်မလား"

"ဝတ်ပြီလေ လိုတိုးပိုလျော့ ဖြတ်တောက်
ပေးသွားတာ သိပ်ဆရာကျတယ်"

"အဆင်ပြေပြီဆိုရင် ငါ့ကို သွားခွင့်ပြုအုံး
အပျိုလေးကို သွားပိုးပမ်းလိုက်အုံးမယ်"

   ပြုံးလျက် ကျန်နေခဲ့သူ ရွှေယမင်း။
ခြံဝန်းထဲက ပါတီပွဲလေးထဲ မျက်လုံးဝေ့
ကြည့်မိသည့်အခါ မြင်လိုသူကို ရှာမတွေ့။
ပါတီ ခုံဝိုင်းတွေဘက် လျှောက်မိမှသာ
တစ်နေရာတွင် ကုပ်ကုပ်လေး လုပ်နေသော
လူတစ်ယောက်။ အတိအကျဆိုလျှင်
တစ်စုံတစ်ခုကို စားနေသလိုပင်။

"အဲ့တာ ဘာလုပ်နေသလဲ"

"ဟွန် အွန် ဟင်း အဟီး ဟို ဟို"

"ဖြည်းဖြည်းစား မျိုချ နင်နေမယ်
လာရော့ ဒါပါ သောက်လိုက်"

  မုန့်ခိုးစားနေသော ကောင်မလေးပင်။
သနားစရာ။ ချစ်ချင်မိ၍ လက်ထပ်ဖို့
အထိ ရည်ရွယ်ခဲ့လေမှ အိမ်အထိ ရန်
ထောင်ကာ ပြန်သွားခဲ့လေသူ။

"ဆော ဆောရီးရှင်ရယ် နွဲ့ ဗိုက်အရမ်းဆာ
နေလို့ပါ"

"လာ ဒါဆို ဒီမှာ အိန္ဒြေ​ရရ ထိုင်စား နော်"

"ဟွန် ဟုတ်ကဲ့"

   သဘောကောင်းလိုက်ပါဘိ။ မွေးနေ့ရှင်
မိန်းကလေးထံ လျှောက်သွားသည့်အခါ
စမတ်ကျလွန်းသော ကျောပြင်နှင့် အရပ်
မောင်းကို နွဲ့ ငေးကြည့် ကျန်ခဲ့မိသည်။

"   ဦးရတုဂုဏ်ရယ် ရှင် ယောင်ဆောင်
နေတာများလားနော်၊ မေမေကြီးကတော့
နွဲ့ စည်းစိမ်ကို လိုချင်လို့ နွဲ့ကို မုန်းပေမဲ့
ဦးရတုဂုဏ်ကြတော့ရော ………
ဟင်း  မဖြစ်တော့ မဖြစ်နိုင်စရာ ငွေမက်တယ်
ဆိုရအောင်လည်း ရှင်ဟာ လူချမ်းသာတစ်ဦး
ပဲဟာ"

  အတွေးတွေဖြင့် တီးတိုးပြောနေမိလေသူ။
သတိရ၍ မြင်လိုသူကို ရှာမိသည့်အခါ မတွေ့
ရလေတော့ချေ။

  " ဟင် ဟို………"

"တို့ မင်းနဲ့စကားပြောချင်တယ် တစ်စိတ်
လောက်နော် အချိန်လေးပေးပါ"

     နောက်ကျောဆီမှ ပေါ်လာသူ။ ပြောမိသော
စကားသံတွေကို ကြားသွားမည်လားမသိ။ စိုးထိတ်
မိသည်။ သို့သော် မျှော်နေသူမဟုတ်။

"ရှင် ဘာကိုလဲဟင်"

"လာပါ ဒီမှာ ယမင်းတို့ ထိုင်ပြောကြတာပေါ့"

"ဟုတ်ကဲ့"

"မင်း တို့ရဲ့ ဝတ်စုံတွေကို ချုပ်ပေးမလား"

"ရှင် ဘယ်လို"

"အံ့သြသွားသလား ဒီကမ်းလှမ်းမှုက
တို့အတွက် ပမွှားပါ"

"ဟင့်အင်း မဟုတ်ဘူးရှင့် ကျွန်မ ဒီဇိုင်နာ
လည်း မဟုတ်ပါဘူး"

"အို မဖြစ်နိုင်တာ"

"မဖြစ်ပါဘူးရှင် နော်"

လက်တကာကာငြင်းကာ ထပြေးလာမိ
လေသည်။ နာကျင်မှုလိုလိုအရာက
ရင်ကို ပူလောင်စေသည်။

"မပေးနိုင်ဘူး မေမေကြီး ဒါ ကျွန်မဝေစုပဲလေ"

"ငါ့လင်ရှာထားတာ ငါ့ငွေပဲ အခုပေးစမ်း"

"တောက် လူယုတ်မာ အဲ့တာ ရှင့်ကြောင့်
အို ဖယ်စမ်းပါ ပေးဆို ပေးပါ့မယ်"

"ဟင်း  ဒီလိုမှပေါ့အေ"

"ရှင် သဘောတူတဲ့လူကို
ကျွန်မ သိပ်ရွံ့တယ် ဟင်း တွေ့မယ်"

ထိုနေ့က သွားခဲ့မိသောအချိန်။ သည်လို
တော့လည်း မှိန်ဖျဖျမီးရောင်ဟပ်နေသည့်
ဦးရတုဂုဏ်မျက်နှာက ရှင်းသန့်ကြည့်လင်
လွန်းနေပေသည်။ အထင်မှားခဲ့သည်များ
လားမသိ။

  "ကြည့်လှချည်လားကွ လာ ပြန်စို့"

"ရှင် အွန် ဟုတ် အစ်ကိုကြီး"

အစ်ကိုကြီး ဇွတ်အတင်းခေါ်၍ နွဲ့ပြန်
လိုက်လာမိသည့်အခါ အတွေးပေါင်း
ထောင်သောင်းမက တွေးမြင်ယောင်လာ
မိတော့သည်။ အဓိကအားဖြင့် ဦးရတုဂုဏ်
၏ အချစ်စစ်ကို သိဖို့ပင်။ အရယူဖို့ပင်။

     ဦးရယ် နွဲ့ပဲ တလွဲတွေ ထင်မိခဲ့
လေသလား ရှင်ရယ်။

  အိမ်ကို ပြန်ရောက်သော်လည်း အိပ်မပျော်နိုင်။
ထိုလူ၏ ပုံရိပ်တွေကိုသာ မြင်ယောင်နေမိသည်။
သူ့ဘက်ကသာ တစ်ဖက်သတ်အထင်လွဲနေခဲ့
သလားဟု ထင်မြင်မိနေသည်။ ကျောပူခေါင်းပူရင်း
ဖြင့် အိပ်မောကျသွားခဲ့ရသည်။

  နောက်တစ်နေ့မနက်။

     တဝီဝီမောင်းနှင်နေသော ကားတန်းတွေ
အနားမှ ပန်းသည်မလေး ငြိမ့်နွဲ့မူ။ လူကိုသာ
ရှုမြင်၍ ဝယ်ကြသူက ပိုများသောကြောင့် လက်
ထဲတွင် ရောင်းစရာ ပန်းက ' ဟောဒီက ပန်းသည်'
တစ်ခါ အော်ရောင်းလိုက်သည်နှင့် ကုန် ကုန်သွား
တတ်စမြဲ။ အိပ်ရေးမဝ၍ ခေါင်းမူးနေ၍ လက်ကျန်
ပန်းကုံးလေးတွေ ရောင်းဖို့ အား အတော်ယူ
ရောင်းနေရလေသည်။ အစ်ကိုကြီး ဖြစ်သူကလည်း
မအားလပ်။ သူ့အရောင်းနှင့်သူသာ။

   " အကုန်ပေး "

"အို တွေ့ပြန်ပြီ ရှင်ပါပဲလား"

"ဘာလဲကွယ် လူကို သူခိုးဓားပြကြ
နေတာပဲ ဘာလို့လန့်နေသလဲ"

  တကယ်လည်း ရှင်ဟာ နွဲ့နှလုံးသားကို
မသိမသာ ခိုးယူနေသူပဲဟာ။

"ဟေး ဘာတွေးနေသလဲ ရော့လေ
အလကားပေးမလို့လား မအမ်းတော့နဲ့"

"ကျေးဇူးပါ ဦး"

"နေမကောင်းလို့လား ညတုန်းက
သေချာတောင် ကျေးဇူးမတင်လိုက်ရဘူး
အခုတောင် ဘုရားသွားပြီး လာရှာမလို့"

"ရှင်..... ဘယ်သူ့ကို ဘာလုပ်ဖို့လဲ"

"မင်းကိုလေ ပန်းသည် ညကလို ကူညီပေးရင်
လက်ခကို တန်အောင် ပေးပါ့မယ် ဟိုးက
ပန်းသည်ရဲ့ အစ်ကိုကိုတော့ ပြောလာခဲ့ပြီး
ပြီ  ဟော ပြောရင်းဆိုရင်း လာပြီ"

"ငြိမ်းနွဲ့မူ လုပ်ဟာ တက် သူဋ္ဌေးက
သဘောတကျခေါ်တာ ညည်းတစ်ယောက်ထဲ
လည်းမဟုတ် အစ်ကိုကြီးပါ ပါတယ် လာ လာ"

   ကားတံခါးကို ဖွင့်ကာ အစ်ကိုကြီး
ဇွတ်တက်ခိုင်းသည့်အခါ အလိုလို
ရောက်သွားသော ဦးရတုဂုဏ်၏ ကား
ပေါ်။ တရွေ့ရွေ့ကျန်ခဲ့သော မြင်ကွင်း
တို့ လွန်ခဲ့သည့်နောက် ထပ်မံ ရောက်ရှိ
လာရပြန်သော အိမ်ကြီးဆီ။

   " လာပါ ဘာမှ မလန့်ပါနဲ့ "

  အကောင်းစား အိမ်ကြီးထဲ ဝင်ရသည့်အခါ
ပြုံးပျော်နေလေသော အစ်ကိုကြီး။ ထင်ထား
သလိုပင်။ ဦး၏ နှမဖြစ်သူလည်း ရှိနေလေ
သည်။

"အို လိုက်လာသား ကိုကိုတို့ကတော့
စွမ်းလိုက်တာနော် လာ ဒီဇိုင်နာလေး
တို့တွေ မတတ်နိုင်လို့ နောက်ဆုံးလက်နက်
ကို သုံးလိုက်တာ"

   နောက်ဆုံးလက်နက်တဲ့လား။ ဦးဟာ
နောက်ဆုံးလက်နက်သာဆိုရင်……။

  "တို့လေ ညပွဲတက်စရာ ရှိတာ အဲ့တာ
   ရက်ပိုင်းပဲ လိုတာလေ အချိန်ပိုင်းနဲ့ လာပြီး
   ချုပ်ပေးနိုင်မလားလို့ လိုအပ်တာအကုန်ကို
   တို့ ပြင်ဆင်ပေးထားပေးမှာပါ"

" လှလိုက်တာဗျာ ညတုန်းက သေချာ
မကြည့်မိဘူး ဟို ကြေငြာမင်းသမီး
မဟုတ်လားဗျ"

"အို ရှင်က ယမင်းကို သိတယ်လား"

"ဟုတ် ဟုတ်ကဲ့ တီဗွီကြည့်ရင်
လာတတ်တဲ့ ကြေငြာတွေကို မုန်း
ပေမဲ့ ဟို ဟို ခင်ဗျားကြေငြာဆိုရင်
တော့ သိပ်ကြိုက်တယ်"

"ကျေးဇူးရှင် အော့ ဒါနဲ့ ဟို အော်
ကိုကိုဆိုတာလေ စာအုပ်ဖတ်နေပြီထင်ရဲ့
အဲ့လိုပဲ ညီမရေ ကိုကို့အဖြစ်ကလည်း
သနားစရာ"

"ဟွန် အကောင်းကြီးပဲဟာ ဘာဖြစ်
နေလို့လဲ ရှင့်"

"ဘာဖြစ်ရမှာလဲ ကောင်မလေးတစ်ယောက်
က အထင်လွဲပြီး မုန်းတာ ခံခဲ့ရသူလေ အလုပ်ကနေကို
အနားယူပြီး စာပဲ လိမ့်ဖတ်နေတော့တာ"

"ဟွန်"

"ဒါတွေ ထားပါ အခု တို့ပြောတာကို
သဘောတူလိုက်ပါကွာနော် ဟို ဒါက
စရံ သိန်း ၂၀"

"အများကြီးပါ့လားဟေ"

     နွဲ့ မတုန်လှုပ်။ နွဲ့လက်ရာတွေဟာ
အရင်တုန်းကသာဆို ကမ္ဘာကျော်လက်ရာ
ပင်။ အသက်တမျှချစ်သော အနုပညာဖြင့်
ရှာရသလောက် ငွေအပေါ် လုယူဗိုလ်ကျတတ်
သောကြောင့်လည်း မိထွေးဖြစ်သူကို မုန်းမိ
ခဲ့ခြင်းပင်။ ထို့နောက် မိထွေးနှင့် လက်ဝါးချင်း
ရိုက်ကာ အပိုင်ချိုင်ချင်သည့် ယောက်ျားယုတ်
ကိုလည်း ရွံ့မုန်းမိခဲ့ခြင်းပင်။

  ငွေမက်ကာ မိထွေးဖြစ်သူနှင့် လက်ဝါးချင်း
ရိုက် အပိုင်ချိုင် လက်မထပ်ဘူးဆိုလျှင် နွဲ့
ဟာ သည်ချိန်ဆို ကမ္ဘာ့အလယ်မှာ ကျော်ကြားအောင်မြင်
နေမည့် ဒီဇိုင်နာတစ်ဦးဖြစ်နေပေလိမ့်မည်။

" ဟဲ့ ငြိမ့်နွဲ့မူ စကားလေး ပြန်အုံးလေဟာ
တစ်ဖက်သားကို သနားစရာ"

"ဟွန် အွန်း နွဲ့လေ မနက်ပိုင်း ပန်းရောင်း
ပြီးရင် ဒီကို လာလိုက်ပါ့မယ် အဆင်ပြေမလား
မသိ"

"အို ရတယ် ရတယ်"

"ဟုတ်ကဲ့ ဒါဆိုရင် ပြန်ခွင့်ပြုပါအုံး"

" ဟယ် နေပါအုံး နေ့လယ်စာစားဖို့လည်း
  နီးနေပြီ စိတ်မရှိရင် ထမင်းလိုက်ကျွေးချင်
မိတယ် အဆင်ပြေမလားဟင်"

"ဟင့်အင်း နွဲ့ ခေါင်းမူးနေလို့ပါ
အစ်ကိုကြီးကိုတော့ အားနာတယ်"

"အို ဒါဆိုလည်း သဘောပါ"

" ဟုတ် နောက်နေ့ကစပြီး လာခဲ့ပါ့မယ်
ညပိုင်း နေကောင်းရင်တော့ ဒီဇိုင်းဆွဲထား
လိုက်ပါ့မယ်"

"ပျော်မိပါတယ် ရှင်ရယ်
ခဏနော် ကိုကိုရေ ကိုကို"

   နတ်သားတစ်ယောက်ပမာပင်။ ဘာရယ်ကြောင့်
သည်လောက် ဟန်ဆောင်ကောင်းနေသလဲ
မတွေးတတ်။ ခေါင်းစခြေအဆုံး ဝတ်ဆင်ထား
သမျှက အဖြူရောင်ချည်းပင်။ ချောမောသန့်ပြန့်
လှပါ၏။

" အဆင်ပြေသွားပြီလား"

"ပြေတယ်ကိုကို သေချာပြန်လိုက်ပို့
လိုက်အုံးနော်"

"ကောင်းပြီ"

  ထိုကဲ့သို့လူပင်။ ပြောလိုက်သော စကားလုံး
တွေက တိကျသလို လုံးလုံးလုံလုံ အသံ
သြသြ​ပြောဟန်တွေက နွဲ့ကို ရင်ခုန်စေသလိုပင်။

"အို လမ်းမှားနေတယ်ရှင့်"

"မမှားပါဘူး ဆေးရုံခဏ ဝင်မလို့ပါ
ပန်းသည်ကြည့်ရတာ ပင်ပန်းနေတယ်
ထင်လို့ နေမကောင်းဘူးမလား"

  ကြည့်ပါ့လား။ ဘာလို့များ နွဲ့စိတ်ကို
သိနေသလဲ။ တမင် ဂရုစိုက်ပြချင်နေ
တာလား။ ၂နှစ်ဆိုတဲ့ကာလအတွင်း သေ
စာရင်းသွင်းလိုက်ပြီး ပိုင်သမျှ မိထွေး သုံး
၍ အကုန်ပြောင်သလင်း ခါလောက်မည်ပင်။
ဒါကို သူက ဘာကို အလိုရှိသလဲ။

ဆေးရုံရောက်ခိုက်။ ဒေါက်တာဖြင့် ဆွေးနွေး
ဖို့ ခေါ်သွားလေသော သူဋ္ဌေး။ ကျန်ခဲ့သူ
က ရိုးအအ ဖိုးငိုပြုံး။ ဆေးရုံဆေးခန်းဆိုသည်
ကား သူ့အတွက် စိမ်းသက်ချင်လွန်းသော နေရာ
ပင်။

"ဒီမှာရှင့်"

"အော် ဟုတ်ကဲ့ဆရာမလေး"

"ဒီဘက်ကို ကြွပါနော်"

"အော် ဟုတ်ပြီ"

"ဒီကိုပါ"

  ခပ်တည်တည်ဖြင့် ဝင်သွားခဲ့မိသည်။

"ဒုတ် ဒုတ် ဒုတ်"

ရင်ခုန်သံတွေက ကျယ်လောင်နေသည်။
ရင်ဘတ်က အင်္ကျီကို လှန်ကာ နားကြပ်
ဖြင့် စမ်းသပ်ခံနေချိန် ရင်ခုန်သံက ပုံမှန်ထက်
ပိုခုန်နေသည်။ ကြေးနီရောင် တက်နေ
သော ရင်ဘတ်သားပေါ် ဖြူဥနေသော လက်
နုနုဖွေးဖွေးလေး ရောက်ချိန် ထိတွေ့မိချိန်
ခုန်ရလွန်းရသည်မှာ ရူးမတက်။

"အို ဘာလို့ ရင်တွေ မတအားခုန်
နေသလဲ ရှင် ဘာမှတော့ မဖြစ်ပါဘူး"

"ဗျာ"

"ရှင်က လူနာလား"

"ဟင့် ဟင့်အင်း"

"ဟော ခက်ပြီ တလွဲစိန်ကတော့
လုပ်ချလိုက်ပြန်ပြီ"

"ဗျာ ဘာကိုလဲဗျ"

"ရှင်ကလည်း အ လိုက်တာ ဟိုကလည်း
တလွဲမ ဟဲ့ မုံရေ မုံ လူမှားနေတယ် ဟဲ့
အခုလာ တောင်းပန်"

"ဗျာ နေ နေပါစေ ဟင်း……
သိပ်လှပါတယ်"

"ဘာပြောတယ်ရှင့်"
"အော် အော် ဟို ဟို လူရုပ်ကြီးက
အဲ့တာ ဟို"

"အဟင်း"

  တောသားတစ်ယောက်ပင် ဖြစ်ပေမည်။
ဒေါက်တာကြွေခုနစ်ခက် ပြုံးမိသည်။
တုံးအကြောင်လွန်း၍ တောသားဟု သုံး
သည်မဟုတ်။ ရိုးသားဖြူစင်သော မျက်ဝန်း
အကြည့်တွေနှင့် ရှက်အားသန်နေသော
ကြောင့် သုံးခြင်းပင်။ တစ်ခဏအကြာမှ
လူနာစင်စစ် ရောက်လာသည့်အခါ အခန်းထဲ
က ထွက်သွားသူကို မသိမသာ ပြေးထွက်
ကြည့်မိလိုက်လေသည်။

  ကံမကုန်ရင်တော့ ပြန်ဆုံချင်မိတယ် ရှင်။

******************************အပိုင်း ၄

     " သက်သာသလား ဟေ "

"ဟုတ် ဦး ကျေးဇူးပါ"

"မလိုပါဘူးကွ လာ ပြန်ကြစို့
ဟိုမှာ အစ်ကိုဖြစ်သူလည်း စောင့်နေပြီ"

    ကြင်နာလွန်းသူပင်။ ထိုတစ်နေ့က နွဲ့
စိတ်တိုတိုဖြင့် ရန်ထောင်ခဲ့သည့် နေ့
ကို သတိရသွားမိသည်။ ထို့နေ့ကလည်း
ပြုံးလျက်သာ လက်ပိုက်ကြည့် ကျန်ခဲ့သူ
သာ။ ပိုင်နက်ကျူးလွန်ကာ ရန်တွေ့ ပြော
နေသည်ကိုပင် ရယ်ပြုံးစ လုပ်နေ၍ ပိုလို့
ဒေါကန်ခဲ့မိသည်။ မိန်းမတစ်ယောက် ချွေး
နဲစာဖြင့် စုဆောင်းထားသည်ကို လိုချင်သူ
ဟု အထင်ဖြင့် မုန်းပြီးရင်း မုန်းခဲ့မိသည်။

" ဟဲ့ ဘာတွေ တွေးနေသလဲ
ငါလေ နင့်ကို အတိတ်ပြန်သတိရစေချင်
ပြီ ဟိုလေ နင်တို့နှစ်ယောက်က အတော်
လိုက်ဖက်တယ်သိလား"

  တိုးတိုးတိတ်တိတ်ဖောက်သည်ချနေသော
အစ်ကိုဖြစ်သူ။ ရှက်၍ အစ်ကိုကြီးကို ဗိုက်
တင်းကြောဖွဖွလိမ်ကာ တားမြစ်လိုက်သည်။
အိမ်အရောက်ပို့ကာ ပြန်သွားသည့် ဦးကို လွမ်း
လျက် ကျန်ခဲ့သလိုပင်။

" အို စိတ်ချစမ်းပါ ဂုဏ်လေးရယ်
မမက ပိုင်ပြီးသားပါ ဒီဟာမလေးကို
မင်း ယူလိုက်နိုင်ရင်သာ မမအတွက်ဝေစု
ကို မမေ့နဲ့နော် အမှန်တော့လေ ဒီဟာမ
လေးက ရွှေဥ ဥပေးတဲ့ ငန်းမလေးပဲ သိရဲ့လား
ဟွင်းဟွင်း"

   လွန်ခဲ့သော အတိတ်တုန်းက ကြား
ခဲ့ရသော စကားလုံးတွေကို ပြန်ကြား
ယောင်လာမိသည်။ ရင်းနှီးနေသော လူ
ကို တွေးမိရင်း ပုံဖော်စဉ်းစားမိရင်း ခေါင်း
ကို တဆစ်ဆစ်ကိုက်ခဲသမျှ ခံယူပြီးသည့်
နောက် အတိတ်ကို သတိရလာမိခဲ့လေပြီ။

  အတွေးဖြင့် အိမ်ထဲ ဝင်လာစဉ် ထမင်းအိုး
တည်ရင်း ပြုံးနေသော အစ်ကိုကြီး။ မီးအရှိန်
က ဟုန်းထတောက်လောင်နေသည်နှင့်အညီ
အစ်ကိုကြီး ပုဆိုးစကို မီးစွဲလောင်နေလေပြီ။

"ဟင်း ဟင်း အညှော်နံ့ပါ့လား
နင် အနံ့မရဘူးလား"

"အစ်ကိုကြီးဆိုတာလေ အဲ့မယ် အဲ့မယ်
ကိုယ့်ပုဆိုးစကို ပြန်ကြည့်"

"အာ အား အားလားလား ပူ ပူ"

"အတော်ဆိုး"

  ရိုးသားအေးဆေးသော မအေတူဖအေကွဲ
အစ်ကိုဖြစ်သူသာ ချစ်စရာပင်။ ဖအေဆုံး
သည့်နောက် ပထွေးဖြစ်သူနှင့် ရလာခဲ့သော
နွဲ့ကို အချစ်ပိုရှာလွန်းသူသာ။ အစ်ကိုကြီး
ပုံက ကြံ့ခိုင်ကျစ်လစ်သည်။ ကာယဗလ
မောင်လို ကြွက်သားအစိုင်အခဲတွေဖြင့်
ကျစ်လစ်ပိန်သွယ်လွန်းသူ။ အထူးသဖြင့်
မျက်အိမ်ကျယ်ကြီးတွေနှင့် ကွေးညွှတ်သော
မျက်တောင်မွှေးတွေဖြင့် ချောလွန်းတယ်မဆို
သာပဲ လှသည်ဟုသုံးလျှင် ပိုမှန်ပေမည်။

"ဘာကြည့်တာလဲဟ"

"အကဲခတ်နေတာလေ အစ်ကိုကြီး အချစ်နဲ့
တွေ့နေပြီထင်လို့ ဟုတ်တယ်မလား"

"ဟာ ဟာ မဟုတ်ပါဘူး ဟို ဟို
ငါက ညည်းကို ရှာကျွေးရအုံးမှာပဲဟာ
ညည်း လင်ရမှ ရှာ ရှာမယ်"

"ဘာရှာမှာလဲ ဘိုးဘွားရိပ်သာလား"

"ဒီကောင်မလေးနော် ပြောင်တောင်တောင်နဲ့
နို့မို့ အစ်ကိုပြောတာ ဘယ်လိုသဘောရလဲ"

"ဘာကိုတုန်း"

"ဟိုသူဋ္ဌေးကိုလေ ညည်းနဲ့ဆို
လုံးဝ လိုက်ဖက်တယ်"

"အစ်ကိုကြီးနော်"

"ဟိုဟာ ဆင်ဖြူတော်မှီပြီး ကြံစုတ်ချင်လို့
အခုလို ပြောတာမဟုတ်ပါဘူး နင် အဆင်ပြေ
ရင် ငါ တစ်နေရာထွက်သွားမှာပါ"

"အို မသွားရပါဘူး ဘယ်လိုပြောလိုက်သလဲ
မေမေ မှာခဲ့တယ်ဆို အစ်ကိုကြီးအဖရာ
ပီသရမယ်လို့"

"မိဘတာဝန်အဆုံးသတ်က ထိမ်းမြားခြင်း
မလား ညည်းက အရွယ်ရောက်ပြီ ရင့်ကျက်
နေပြီ ဟော ပညာလည်းတတ် အမ်း အတိတ်
ပြန်သတိရရင်တော့ ညည်းပညာတတ်တာ
ပြန်မှတ်မိမှာပါ"

"အခုကစပြီး အစ်ကိုကြီး အပင်ပန်းသိပ်မခံ
ပါနဲ့တော့ ဟိုးက ပိုက်ဆံအထုပ်တွေမျိုး
နွဲ့ ရှာပေးပါ့မယ် ပြီးခဲ့တဲ့ ၂နှစ်အတွင်း
အစ်ကိုကြီး ဆေးရုံစရိတ်နဲ့ လုံးပမ်းခဲ့ရတာ
ပဲဟာ"

"ဒါတော့ဟာ အဲ့တုန်းကတည်းက
အဟင်း အမှန်တိုင်းပြောရရင်
ငွေကုန်လွန်းလို့ ဆေးရုံဆိုတာကြီးကို
လန့်သွားခဲ့ရတာ အခုတော့ အင်း"

"ဘာဖြစ်လာလို့ အခုလည်း"

"ဘာ ဘာမှ မဟုတ်ပါဘူးဟ
သွား နားအုံးလေ ထမင်းအိုးလည်းဆူပြီ
ဟင်းချက်ရအုံးမှာဆိုတော့ နည်းနည်း
စောင့်ရအုံးမှာ"

"ဟုတ်ကဲ့ပါ"

  နှမသွားလေမှ အတွေးစကို ပြန်ဆက်မိ
သည်။ လှလွန်းသူလေးကို မြင်ယောင်ရင်း
ထမင်းအိုးတည်သည်မို့ ပျော့ပင် ပျော့သွား
သေး။

  ထို့နောက်တွင်တော့ ……

"ဟဲလို"

"ဟဲလို ဦးပါ"

"ဟွန်"

"နက်ဖြန် ကားဂိတ်မှာပဲ လာခေါ်ရမလား"

"ဟုတ်ကဲ့ အဲ့ဆီကပဲ စောင့်ပါ
ဦး လာကြိုမလို့လားဟင်"

"ဆိုပါတော့ အွန်း"

"ဟုတ်ကဲ့ ဘာပြောအုံးမလို့လဲဟင်"

"မဟုတ် မဟုတ်ပါဘူး ဒါပဲကွယ်"

  ဖုန်းကိုသာ ချလိုက်သည်။ သို့သော် လွမ်းစိတ်
က မပြေ။ တစ်ချိန်တုန်းကတော့ အထင်လွဲမှုက
စတင်ခဲ့သော အချစ်ဇာတ်လမ်းလေး။

"ဒီမှာ ဒီမှာရှင့်"

"ခင်ဗျာ"

"ရှင် ယောက်ျားမဟုတ်ဘူးလား"

"အလို ဘာဆိုင်လို့လဲ"

  အလုပ်နားရပ်မှ ကားတစ်စင်းဖြင့် ဖွင့်လျက်သား
တံခါးအတိုင်း ဝင်ချလာလေသူ။ ထိုင်ခုံတွင် နေပူ
ဆာလှုံ စာဖတ်နေခိုက် ကြောင်နေမိသည်။

"ရှင် မေမေကြီးနဲ့ ပေါင်းကြံနေတာ မသိဘူး
ထင်နေသလား အလကား အောက်တန်းကျတဲ့
စိတ်နဲ့လူ မုန်းပစ်ချင်စရာ ရှင့်ကို သိပ်မုန်းတယ်
သိရဲ့လား ရှင့်ကြောင့် အိပ်မက်တွေအကုန်ပျက်
ကုန်ပြီ"

"အလိုလေး ရန်လည်း လာတွေ့သေး
ကိုယ့်ဖာသာပဲ ငိုနေရပြန်သလား မင်းလေးကို
ဦး ဘာမှ  မလုပ်ဘူးနော် ဟား "

"ရှင်နော် ရှင်"

ခပ်စွာစွာ ရန်လာတွေ့ခဲ့ဖူးသော
ကောင်မလေး။ ဖူးစာက အိမ်ထိ
ပါ လိုက်လာခဲ့သည်ထင်၏။ ခါးသေး
ရင်ချီအလှနှင့် ပစ်ရက်စရာ တစ်ကွက်
မှ မရှိ။ ချစ်စဖွယ်အစုံ တစ်ပုံတစ်ပင်အလှ
နှင့် မိန်းကလေးပင်။

အကြောင်းသိလို၍ စုံစမ်းမိသည့်အခါ မိထွေး
ဖြစ်သူ၏ လုပ်ကွက်ဟု သိခဲ့ရလေသည်။ ထို့
ကြောင့်လည်း အတည်ပေါက်ဖြင့် ရောက်လာ
သော အခွင့်အလမ်းကို အသုံးချကာ စေ့စပ်
ဖို့ လုပ်သည့်အခါနောက်မှ ပျောက်သွားလေသူ။
မြင်မြင်ချင်းချစ် တွေ့တွေ့ချင်း အသည်းကွဲခဲ့
ရသည့် သူ့အဖြစ်။

****************************အပိုင်း ၅

   စောင့်နေလေသူကို နွဲ့ အားနာမိသည်။
သည်နေ့မှ အရောင်းကလည်း ပါးနေသေး။
နေပင် မြင့်လာသည့်အခါ လမ်းတစ်ဖက်
ကားရပ် စောင့်နေရာက အနားကို ရောက်လာ
လေသူ။

"ဦးကို ပေး"

"အို မလုပ်ပါနဲ့"

"ပေးပါ ဦး ဝယ်လိုက်တော့မယ် ဒါနဲ့
အစ်ကိုဖြစ်သူ မပါဘူးလား"

"ဟုတ် အစ်ကိုက အသိနေမကောင်းလို့
လူနာသွားမေးတယ်"

"အော်... လာ "

"ဟွန်"

"လာပါကွယ် ဦး စိတ်မရှည်တော့လို့"

"ရှင်"

    အကြည့်ချင်းစုံမိသွားလေသည်။
အချိန်တစ်ခုအကြာမှ အကြည့်လွှဲမိကြ
ကာ ကားလမ်းကူးလျက် ဦး ခေါ်ဆောင်
ရာနောက် လိုက်ခဲ့မိလေသည်။

"ကျေးဇူးပါ ဦး"

"အနွဲ့လေးက ပန်းသည်မလေးအနေနဲ့
မသင့်တော်ဘူး"

"ရှင်"

"ဟော့ဒီက ပန်းသည်မလေးမှာ
ချစ်သူရည်းစား မရှိလောက်ပါဘူးနော်
ဟို အခုမှ သတိရလို့ မေးကြည့်တာပါ"

"ဟုတ် မရှိပါဘူး ဦး"

"ကောင်းလေသား ယမင်းက ပျော်နေ
ရှာတာ ဝတ်စုံအတွက် အနွဲ့ ကူညီမယ်ဆိုတော့"

  အနွဲ့ တဲ့လား ဦးရယ်……။

"ဟိုလေ ဦးမှာရော"

"မရှိပါဘူး"

"အို နွဲ့ ဘာပြောရသေးလို့ ဘူးခါနေသလဲ"

"မသိဘူးလေကွယ် အဟား ဟား"

  ယောက်ျားဆန်လွန်းသော ရယ်သံက
လှိုင်တက်သွားသည်။ချစ်စရာကြီးပင်။

"ဟိုလေ ဦး"

"အွန်း ပြောလေ"

"နွဲ့ကို ဘယ်လိုမြင်လဲဟင်"

"မိန်းကလေးတစ်ယောက်လို့
မြင်တယ်လေ"

"အော် ဟုတ်"

   ရှေ့မဆက်လိုတော့။ ဆက်ပြောလျှင်
လည်း ခံစားချက်တွေ မဖုံးမဖိနိုင်အောင်
ပေါ်ကုန်လိမ့်မည်။ အသာငြိမ်လျက်သာ
လိုက်လာမိခဲ့တော့သည်။ အိမ်ကို ရောက်
သည့်အခါတွင်လည်း ဦး တစ်နေရာသွား
အနားယူနေသည် ထင်၏။ လုပ်စရာအလုပ်
ကို အာရုံစိုက် လုပ်ပြီးသည့်နောက် အညောင်း
ညာပြေ ရေကူးကန်ဘက် ထွက်လာမိသည့်
အခါ မြင်လိုက်ရသည်က……

  အို ……

   အပေါ်ထက် အခန်းဆီတွင် ခါးကို တဘတ်
ပတ်ထားလျက်သားနှင့် ဦး။ ရေကန်နားမှ
မြင်မိသည်ကို ခေတ္တမျှ ငေးပြီးနောက် စိတ်ကို
ထိန်းကာ အကြည့်လွှဲလိုက်ရလေသည်။

   အိမ်ထဲ ပြန်ဝင်လာသည့်အခါ ဖြူဝင်း
သော ဦး ဘော်ဒီ အသားစိုင်အထင်းသားက
နွဲ့ အတွေးအာရုံထဲက မထွက်။

"အနွဲ့ လာ တစ်ခုခု စားရအောင်"

"ဟုတ်"

      ဒူးကျော်ကျော်စတိုင်ပင်လေး ဝတ်ကာ
ချိုင်းပြတ်ကို ဝတ်ထား၍ ဖုထစ်သော ရင်အုံ
နှင့် လက်မောင်းက ရင်ဖိုစရာ။

" ထမင်းစားချင်လည်း စား အနွဲ့
ဒါကတော့ အဆာပြေ မုန့်တွေ
အငယ်မ စီစဉ်ထားတာပဲ ဦးလည်း သေချာမသိ"

"ဦး"

"ပြောလေ အနွဲ့"

"ဦးတို့ မိဘတွေကရော အတူမနေဘူးလား"

"စိတ်ကောက်သွားတာ"

"ရှင်"

"ဟုတ်တယ် ကောင်မလေးရလို့
စေ့စပ်မယ်ဆိုပြီး ကြွားလုံးထုတ်ထားလေမှ
ကြင်သူသက်ထားငယ်က ပျောက်သွားတယ်
လေ တယ်ဆိုးတဲ့ ကောင်မလေး"

"အို ဦးက ဒီလောက်ချောသူဟာကို
ထားခဲ့တယ်လား"

"ရုပ်နဲ့ မဆိုင်ပါဘူးကွယ် ဦးအမှားပါ"

"ဘာလို့လဲ"

"မခေါ်ပဲ ရောက်လာသူက မနှင်ပဲ
ထွက်သွားရုံလေ ဧည့်သည်လို လာခဲ့သူကို
ချစ်မြတ်နိုးသွားမိတာ ဦးရဲ့အပြစ်"

"အဲ့ဒီမိန်းကလေးက တစ်ခုခု
အထင်လွဲလို့ နေမှာပေါ့ ဦးရယ်
ဟို နွဲ့က မိန်းမချင်းမို့ ဖြည့်တွေးပြတာပါ"

"လွဲတာတော့ အတော်လွဲမယ် ထင်ပါတယ်
အဲ့ဒီနေ့က ခြံထဲဆင်း စာဖတ်နေတုန်း
ရောက်ချလာတာလေ ရောက်တာနဲ့ ပါးစပ်
စက်တပ်ပြီး ပြောနေသလိုပဲ ဦးဟာ အတော်ကို
မကောင်းတဲ့ သူ ဖြစ်သွားသလိုပဲ"

"အော် ……"

    နွဲ့ ယဲ့ယဲ့လေး ပြုံးမိသည်။ ကိုယ့်အဖြစ်
ကို မြင်ယောင်သလို ကြောင်အမ်းအမ်းနှင့်
ဦးအဖြစ်ကိုလည်း တွေးမိသည်။

" ဦး အလုပ်နားလိုက်ပြီး ပျော်သလို
နေတော့မယ်လို့ ဆုံးဖြတ်ထားတဲ့ နေ့မှာ
ဘဲ ရောက်လာတယ်လေ ဟော ချစ်လို့ ဖွေရှာ
မယ်ဆိုတော့ ပျောက်သွားလေရော"

"အို ချစ်လို့တဲ့လား"

"အွန်း မြင်မြင်ချင်း ချစ်မိသွားတာ အခုဆို
သူ ဘယ်ရောက်နေမယ်မသိ"

       ဦး ပြောတာက ဘာသဘောလဲ။
ခဏတာ တစ်ခါလောက်သာ ဆုံခဲ့ဖူး
တာမို့ ငါ့ကို မမှတ်မိလေသလား။ ချစ်မိမှ
တော့ မေ့နိုင်မှာမှ မဟုတ်တာ။ မဖြစ်နိုင်
တာ။ ဒါပေမဲ့ အွန်း ဒါပေမဲ့လို့လည်း
၂ နှစ် တောင်ဆိုတော့ ဟင်း………
မတွေးတာ ကောင်းပါတယ်လေ။

   စဉ်းစားခန်းဖွင့်နေသူကို မသိမသာ
ခိုးငဲ့ကြည့်ရင်း ဦးရတုဂုဏ် ကြိတ်ရယ်
နေမိသည်။ အနားကနေ အနွဲ့ထသွား
လေမှ သက်ပြင်းချရင်း အားပါးတရ ရယ်
ရင်းဖြင့် ကျန်ခဲ့လေသည်။

"ဝတ်စုံက သိပ်လှတာပဲကွယ်"

"အဲ့လောက်လည်း မဟုတ်ပါဘူး"

"ဦးကို အပ်ထားခဲ့တာဆိုတော့ အနားက
ကြည့်နေမယ်နော် မယုံလို့တော့ မတွေးပါနဲ့
လိုအပ်တာဆို ကူညီပေးဖို့ပါ"

"ရပါတယ် ဟိုနားမှာသာ အေးဆေး
သက်သာ ထိုင်နေပါ"

"အိုကေ……"

   ဆိုဖာထက် ခြေလက် အငြိမ်နေလျက်
မထိုင်ဝံ့။ ချစ်မိသူအနားတွင်သာ ဝဲလည်
လှည့် ပတ်လျှောက်နေမိလေသည်။ အသည်း
ယားနေမိသည်က ပို၍ ဆိုးလေသေး။

"ဘယ်လိုဖြစ်နေသလဲ ဦး
မညောင်းဘူးလား ထိုင်နေပါ ရပါတယ်"

"ပန်းသည်"

"ရှင်"

"ဘာ ဘာမှ မဟုတ်တော့ဘူး"

"အို ဦးကလည်းလေ''

  အချိန်က တရွေ့ရွေ့သာ ကုန်သွားသည်။
အိမ်ပြန်ချိန်ကျသည့်အချိန်တိုင်အောင်
ပြောမထွက်။ နောက်တစ်နေ့သာဆိုလျှင်
ရိုးရှင်းသော ဝတ်စုံမို့ ချုပ်လုပ်ပြီးစီးတော့
မည်။ အချိန်က မရှိလေပြီ။ ပို၍ ဆိုးရွား
သည်က နှမဖြစ်သူ ပြန်လာသည့်အခါ ပြော
ဆိုခွင့်က ပိုနည်းသွားရလေသည်။

"ဟဲလို''

"ဟဲလို ဘယ်သူပါလဲ"

"ကျုပ်ပါ ငြိမ့်နွဲ့မူအစ်ကို"

"အော် ဟုတ်ကဲ့ နည်းနည်းတောင်
မှောင်သွားတယ် ခဏနေဆို ပြန်လာပို့
ပါ့မယ် ဆောရီးဗျာ"

"မဟုတ်ပါဘူး သူဋ္ဌေး အကူညီတောင်း
ချင်လို့ပါဗျာ"

"အော ဟုတ် ပြောပါ"

"ကျုပ် ဒီည ပြန်မလာနိုင်လို့ပါ အဲ့တာလေ
ဟို ဖြစ်နိုင်ရင် အလုပ် လုပ်နေရတဲ့အတူတူ
ညီမကို အခုည ခေါ်ထားပေးနိုင်မလားလို့ အရွယ်ရောက်
သူဆိုတော့ တစ်ယောက်ထဲ အိပ်ခိုင်းဖို့ကြ
မဖြစ်နိုင်လို့ပါ အခုမှပဲ ဒါမျိုးကြုံဖူးလို့ ပြော
ကြည့်တာပါ"

"ကောင်းပြီ ညီမနဲ့အတူတူ အိပ်ခိုင်းလိုက်
ပါ့မယ် စိတ်မပူပါနဲ့ ဟုတ်ပြီ"

  ဖုန်းချသွားသည့်နောက် လက်သီးတစ်ဖက်
ဆုပ်ကာ ပျော်မိလိုက်လေသူ။ ဦးရတုဂုဏ်။

"အနွဲ့"

"ရှင် ဟုတ် ဒါလေး လက်စသတ်နေလို့နော်"

"မပြန်ရတော့ဘူး"

"ရှင်"

"အနွဲ့ အစ်ကိုကြီး ဖုန်းဆက်တယ်
ပြန်လာလို့ မဖြစ်လို့တဲ့ ဟိုမှာ အိပ်ရမယ်
ထင်တယ် အဲ့တာကြောင့် ဒီအိမ်မှာပဲ
ဒီည အိပ်လိုက်ပါတဲ့"

"ဖြစ်ရလေ ရိုးမှရိုးရဲ့လားမသိ"

"ဘာကိုလဲ"

"ဟင့်အင်း ဘာမှ မဟုတ်ပါဘူး ဦး
ဒီလိုဆိုတော့လည်း ဒီလိုပေါ့ ကွက်တိပဲ
အလုပ်ကို တန်းလုပ်ချင်နေတာနဲ့"

"အေးဆေးသက်သာ လုပ်ပါ ကျောက်ပုလဲ
တွေကလည်း ကြိုစီထားပြီးသားတွေပဲဟာ"

"ဟုတ်"

     တစ်နေကုန်၍ တစ်ညရောက်သည့်အခါ
ချုပ်တည်းမှုတို့က ရွှေယမင်းကြောင့် ပွင့်အန်
လာလေတော့သည်။ ဧည့်ခန်းထဲဝယ် တီဗွီ
ကြည့်နေစဉ် အခန်းထဲတွင် အလုပ် လုပ်နေရာ
က ကြားလိုက်ရသော စကားသံအချို့။ စပ်စု
စိန်၏ အမွှေဇယား ခင်းနေခြင်းပင်။ထလာကာ
မသိမသာ လာ၍ နားထောင်မိသည့်အခါ……

" ယောက်မ "

"အို ဘယ်လိုခေါ်သလဲ မယမင်းရယ်"

"ချစ်လို့လေ တို့ကိုကိုက ဒီလောက်သန့်တာ
တာဝန်ယူလိုက်ပါတော့လားကွာ ယူတို့တွေ
အဆင်ပြေသွားရင် အေးဆေးပဲ ဟော့လို
လှလှလေးတွေ အမြဲ ဝတ်လို့ ရမှာလေ"

"အို မယမင်းကလည်း နွဲ့က
ကားလမ်းဘေးက ပန်းသည်လေးဟာကို"

"ပန်းသည်က ပန်းသည်နဲ့ မတူအောင်ကို
လှနေတဲ့ဟာကို တို့ကိုကိုက ကြွေတာပေါ့လို့
နော် တို့ကိုကိုတအားဟိုင်းမသွားခင် ယူလိုက်
ပါလားနော်"

"ခက်ပါကောလား နေ့လယ်တုန်းက
ဦး ပြောပုံအရသာဆို ဦးမှာ ချစ်တဲ့ ကောင်မလေး
ရှိနေလိမ့်မယ် ထင်တယ်နော်"

"အဟဲ အကွက်ရပြီ အဲ့အကြောင်းကို
တို့ အကုန်အစင်သိအောင် ယူ့ကို
ပြောပြရမလား ဘယ်လိုလဲ"

"အွန်း ပြောလေ မယမင်း မဟုတ်
အလုပ်လုပ်ရတာ မငြီးငွေ့တော့တာပေါ့
အပျင်းပြေ"

"ဒီလိုလေ အဲ့အချိန်တုန်းက ကုမ္ပဏီအလုပ်
ကနေ ကိုကိုအနားယူစပေါ့ စာပေတွေ
ဖတ်မယ် သွားလိုရာသွားမယ်ဆိုပြီး ကြွေး
ကြော်ထားသူလေ အင်း အချစ်ကိုလည်း မရှာ
ခဲ့သူ"

"အင်း"

"မရှာချင်ဘူးလို့လည်း ခံယူသဘောပိုက်
ထားသူလေ တစ်နေ့ ဒီအိမ်ကို ပြောင်းလာ
နေတော့ ဟော မိန်းမလှတစ်ယောက် ဗြောင်
တင်းကြီး အိမ်အထိ ရန်လာတွေ့တာ ခံရ
လေရော သိပ်လှတာနော် အသံကြားလို့
ပြေးထွက်လာကြည့်တာ နောက်ပိုင်းပဲ မြင်
လိုက်ရတယ်"

"မယမင်းက မမြင်ဖူးဘူးပေါ့"

"နောက်တော့ ကိုကိုစုံစမ်းတာနဲ့
သိလိုက်ရတယ် အဲ့ဒီမိန်းမလှလေးဟာ
နာမည်ကြီးဒီဇိုင်နာဆိုတာလေ ဟိုဘက်
နိုင်ငံကို သင်တန်းတက်ပြီး ကမ္ဘာအနှံ့
ခြေဆန့်ဖို့ တွေးထားသူ"

"သိပ်တော်တာပါ့လား"

"ပြောအုံးမယ်သလား အထင်လွဲတာလေ"

"အွန်း"

"တင်စားပြောရင်ကောင်မလေး
အဲ့ဒီမိန်းကလေးအဖြစ်က စင်ဒရဲလား
ဆန်ဆန်ပဲ မိထွေးဖြစ်သူက သမီးရှာသမျှ
ကို ဖြုန်းတယ် လက်ဝါးကြီးအုပ်တယ်
နောက်ဆုံး ဟို လင်ပေးစားပစ်ဖို့တောင်
ကြံတယ်လေ အဲ့ဒီလူကလည်း လူလိမ်လူညစ်"

   အိုလေလေ အစ်ကိုဖြစ်သူကို ပြန်ပြော နေ
တာပါ့လား၊ သနားစရာ……

ထိုသို့ အကြောင်းမသိ၍ ကရုဏာသက်မိ
သည်က နွဲ့တစ်ယောက်။ အကြောင်းသိ၍
အကွက်ကြီးကို ချပြဖို့ ဟန်ပြင်နေလေသူ
က ရွှေယမင်းပင်။

"ဟေး ဟိုနှစ်ယောက် ညစာ စားကြ
ရအောင်ကွယ် လာကြတော့"

"ဟာ ကိုကိုကတော့နော် ဟွန်း ဟွန်း"

"ညည်းအကြံမသိဘူးထင်နေသလား
ဟင် ဖုန်းလာတယ် ခဏ နေအုံး"

"ဟဲလို ဟို ငြိမ့်နွဲ့မူနဲ့ ဖုန်းပြောပါရစေ"

"အနွဲ့ ဖုန်း ပြောလိုက်အုံးနော်"

"ဟုတ်ကဲ့ ဦး"

   နွဲ့ ဖုန်းကိုသာ ကိုင်မိချိန် အစောတလျင်
က အကြောင်းကို မေ့ဖျောက်လိုက်တော့
သည်။

"ဟဲလို အစ်ကိုကြီး အဆင်ပြေရဲ့လား"

"ပြေပါတယ် ပြောရမယ် အခုမှလေ
ဖိုးလေးသမီးဖြစ်သူလား မသိဘူး
သူ ရောက်လာမယ် ပြောတယ်
လူမမာနဲ့ စကားပြောရင်း စောင့်နေတာ
ဖိုးလေးအားရှိအောင် မပြန်လာတော့တာ
နင်ကော အဆင်ပြေရဲ့လား"

"ပြေပါတယ် အစ်ကိုကြီးရယ်"

"ဟေ တကယ်လား"

"ဘာတုန်း ဟွန်း အစ်ကိုကြီးနော်"

"ငါ ဘာပြောလို့လဲ ကဲ ဟော ဒါပဲဟေ
လာနေပြီ မျှော်နေသူ"

      တစ်ဖက်က ပြန်ပြောသည့် စကားကိုပင်
မစောင့်နိုင်တော့။ အခန်းတံခါးဖွင့် ဝင်လာသူကို
ဖိုးလေးကော သူပါ မျှော်လင့်တကြီး ကြည့်
နေမိကြလေသည်။ ဖိုးလေးဆိုသူကား
ပန်းရောင်းရင်း ခင်မင်ခဲ့ရသော ကားသမား
ဦးလေးကြီးပင်။

"ဖေဖေ"

"အလိုလေး ခက်ပြီ"

  သမီးနှင့် ဖအေ တွေ့ဆုံခန်းက သိပ်လှ
သော်လည်း ဖိုးငိုပြုံးအဖို့တော့ မကြည့်
ဝံ့နိုင်အားချေ။ အခန်းပြင်သို့သာ ထွက်
ထိုင်နေမိတော့သည်။ အေးလာသည့်အခါ
ခုံပေါ် ခြေထောက်ပါ စုတင်ကာ ထွေး
ပိုက် ထိုင်နေမိလေတော့သည်။
တစ်ခဏအကြာ ……

"ကျွီ……"

"အို ဟို ဒီမှာရှင့်"

"ခင်ဗျာ ဟုတ်"

"အခန်းထဲကို ဝင်လာခဲ့ပါ"

"ဟုတ်ကဲ့"

"ဟိုလေ ချမ်းနေသလားဟင်"

"ဟုတ် နည်းနည်း အေးစိမ့်စိမ့်"

"ကြွေခက်လေ စကားပြောချင်မိလို့ပါ"

"အော် ပြောပါ ရပါတယ် ဒေါက်တာ"

"အို ရှင် ကျွန်မကို မှတ်မိသေးသား"

  တစ်သက်စာကို မှတ်မိသွားတယ်
ဆိုရင် ကျွန်တော် ရူးတယ် ဖြစ်သွား
မလား ဒေါက်တာမလေးရယ်……

"ဟို လေ ကျေးဇူးပါ အမှန်တော့
အဖေနဲ့ ကွဲနေခဲ့ရတာ ကြာပါပြီ"

"ဖိုးလေးက ပြောပါတယ် ဒေါက်တာ
မိဘဆိုတော့ သားသမီးကောင်းစားရေး
ရှေးရှုရတာမို့ ထွက်လာခဲ့ရှာတာပါ
ဒေါက်တာ စိတ်မကောင်းမဖြစ်ပါနဲ့"

"ဟိုလေ ကျွန်မ နေရာအနှံ့လိုက်ရှာ
ပါသေးတယ် နောက်မှ သိလိုက်ရတယ်
မွေးစားမိဘတွေ သိက္ခာကြောင့် ဖေဖေ
ပြေးရှောင်ထွက်သွားတယ်ဆိုတာ"
  ပြောရင်း မျက်ရည်ကျနေလေသူ။

"ဟိုလေ မငိုပါနဲ့တော့ ကျွန်တော်က
မချော့တတ်ဘူး ဒေါက်တာရ နော်
တိတ်ပါ အခုလည်း ဖိုးလေး နေမကောင်းဖြစ်တာ
ရိုးရိုးပါ ဆေးကုဆေးသောက်ရင် ပျောက်မှာ
ပါ အင်း ဒေါက်တာက ဆရာဝန်ပဲဟာ
ပိုသိမှာပါ"

"ရှင့်ကိုလည်း ကျွန်မ ကျေးဇူးအရမ်းတင်ပါတယ်"

"မလိုပါဘူးဗျ အစကတော့ ခဏလာတွေ့
ပြီး ပြန်မလို့ပါ ဖိုးလေးက သူ တစ်ယောက်
ထဲ သမီးကို မတွေ့ရဲလို့ ဆိုတာနဲ့ စောင့်နေပေးတာ
အခုတော့ ကျွန်တော်ပါ ဒုက္ခများပြီ"

"ရှင် ဟို ဘာလို့လဲ ကျွန်မကိုပြောပါ"

"ဟင့်အင်း ရိုးသားတဲ့ အရေးအရာမဟုတ်လို့
မပြောပါရစေနဲ့ဒေါက်တာရယ် ဒေါက်တာ
ပြန်မှာလားဟင် "

"ဟင့်အင်း"

"ဒါဆို အခန်းထဲက ဆိုဖာပေါ် အိပ်လိုက်
နော် ကျွန်တော်ကတော့ ကြမ်းပြင်ပေါ်
အဝတ်ခင်း အိပ်လိုက်မယ် ဖိုးလေးရှိတော့
တင့်တယ်ပါတယ်"

"အို ရပါတယ်" 

   ရှက်မူ ပြောပုံလေးက နှလုံးသားကို
နှုတ်ခမ်းဖျားဖြင့် လာကိုက်လိုက်သလိုပင်။
ချင်စဖွယ်ရာအတိ။အသည်းယားလှပါ၏။

***************************အပိုင်း ၆

        ချစ်စရာကောင်းလွန်းသူပင်။ အဖေ့
ခုတင်နံဘေး အဝတ်ခင်းကာ ခွေခွေလေး
အိပ်ပျော်နေလေသူ။

"သမီး"

"အို ဖေဖေ တစ်ရေးနှိုးသလား"

"သမီး ပြန်သွားမှာ စိုးတာနဲ့"

"ဟင့်အင်း သမီး ဘယ်ကိုမှ မသွားတော့
ပါဘူး ဖေဖေရယ် နော်"

"သမီး"

"ပြောလေအဖေ"

"ဒီကောင်လေးနာမည်က ဖိုးငိုပြုံးတဲ့
သိပ်ကို ဘဝနာရှာသူလေး"

"ဟုတ် အဖေ"

"မအေဖြစ်သူက ကောင်လေး ဖအေဆုံးတော့
နောက်တစ်ပင်ထူပေမဲ့ သူဋ္ဌေးနဲ့ ဖြစ်လေ
တော့ အငယ်အနှောင်းသာ ဖြစ်ခဲ့ရတယ်၊
အွန်း ကလေးရလာတော့လည်း သွေးသား
ရင်းလို မအေတူ ဖအေကွဲနှမလေးကို ချစ်ပေး
ရှာတယ်"

"ဟုတ် "

  အဖေ ဘာကြောင့် ပြောနေသည်ကို
နားမလည်မိသေး။

"မောင်နှမ နှစ်ယောက် နောက်ဆုံး
ချစ်အားပိုမိကြာရှာလေမှ ပထွေးက
နှမဖြစ်သူကို ခေါ်သွားတော့ သနားစရာကွယ်
မအေကိုလည်း ရိုးသားစွာ လုပ်ကျွေးတယ်

အဖေ ကားမောင်းရင်း ပန်းဝယ်ရင်း ဒီကောင်လေးကို
တွေ့တယ် တစ်ခါတစ်လေ ကားနောက်
လိုက်ပြီး ရသမျှ အလုပ်အကုန် လုပ်ရှာသေးတာ
မအေဆုံးတော့ ပိုလို့ဆိုးသေး အရူးလေးလိုပဲ"

"သနားစရာနော်"

"သူများကို ကူညီတာကြောင့်ထင်တယ် သမီး
သမီးနဲ့ ဖေဖေတို့အဖြစ်တွေ နေ့ချင်းညချင်း
ပျက်စီးပြိုလဲတော့ ဒီကောင်လေးကပဲ ဦးလေး
အရင်းလို လုပ်ကိုင်ကျွေးမွေး ဖေးမရှာတယ်"

"ဟင်"

"သမီးကို မွေးစားမိဘအိမ် အပ်ပြီး
ထွက်လာတဲ့နောက် ဒီကောင်လေးနဲ့
အတူနေဖြစ်တယ် သမီး၊ လုပ်ကိုင်စားသောက်
ရင်း ကြီးပြင်းလာကြတာ နောက် အရွယ်
အတော်ရောက်လာလေမှ နှမငယ်ကို
ဘယ်က ဘယ်လို ခေါ်ပြေးလာတယ် မသိ
ဘူးကွယ် သူတို့မောင်နှမတတွေ တပျော်
တပြုံး အတူနေကြတော့တယ် "

"အခု သူ့နှမကရော"

"အလုပ်ကြောင့် နေခဲ့တယ်ပြောတယ်
ဒီတော့ ဖေဖေ့သဘောက အင်း သမီး
ဖေဖေ့ဆီ ပြန်လာတဲ့ တစ်နေ့ သမီးနဲ့
လက်ဆက်ပေးမယ်ပေါ့လေ"

"အို ဖေဖေကလည်း"

"ဒါပေမဲ့ အခုဟာက သမီးက
ဒေါက်တာမကြီး ဖြစ်နေပြီလေ စာမတတ်
ပေမတတ် လမ်းဘေးက ကောင်လေးကို
သမီး ဘယ်နှစ်သက်မလဲ ဒါလေး ပြော ပြော
ပြတာ ဟို ပြီးတော့ ခင်မင်ခွင့်လေးတော့
ပေးဖို့ပါ"

"ဖေဖေရယ် အိပ်လိုက်ပါအုံး အားပြည့်
လာအောင်လို့နော်"

   စကားသံတွေကြောင့် အိပ်ချင်ယောင်
ဆောင်ထားရင်း ရင်ထဲ ခံစားရခက်သွား
လေသည်။ ရင်ခုန်သံတို့ကိုလည်း ဆူပစ်
မိသည်။ မတူမတန်သော ပန်းကို နမ်းရှိုက်
လိုသည်ကား အပြစ်တစ်ခုဟုသာ စိတ်တွင်း
မှ ပြောဆိုနေမိလေသည်။

   အချိန်တစ်ခုအကြာ အခန်းတွင်း အသံ
တို့ တိတ်ဆိတ်သွားလေမှ ငြင်သာစွာ ထ
ကြည့်မိသည့်အခါ မြင်လိုက်ရလေသော
မိန်းမလှလေး။ အိပ်စက်နေပုံလေးကအစ
ဖြူစင်နူးညံ့လွန်းသည်။ သည်ဘဝအတွက်
တော့ မတူမတန်လှ၍ နီးစပ်နိုင်တော့မည်
မဟုတ်။ ငေးမြင်မိရုံဖြင့်သာ ရင်တွင်းက
အချစ်ရောဂါရူးကို ဆေးကုရလေတော့မည်။
  ထို့နောက်……
   ထို့နောက်တွင်တော့……၊
ခေါင်းအုံးလေးထက် ပြန်လည်ကာ လှဲချ
မှေးတင်ကာ အိပ်စက်မိလိုက်တော့သည်။
***************************အပိုင်း ၇

        ညလေအေး တိုက်ခတ်ဖြူးနေချိန်
လေသာဆောင်တွင် မြင်ရလေသူလေးထံ
ကော်ဖီကာ ဖျော်ကာ လျှောက်လာမိလေ
သူ။

" အနွဲ့ မအိပ်သေးဘူးလား "

"အို ဟုတ်ကဲ့ ဦး ဟိုတွေးဒီတွေးမို့"

"အစ်ကိုဖြစ်သူအတွက်ကို စိတ်ပူနေသလား"

"အွန် အဟင်း နည်းနည်း"

"ဒီမှာ ကော်ဖီဖျော်လာပေးတာ
သောက်တတ်သလားတော့ မသိ"

"ဟုတ် ကျေးဇူး ဦး၊ ဒါနဲ့ ဟိုလေ
ဦးကို နွဲ့ မေးစရာလေး ရှိနေလို့"

"မေးလေ အနွဲ့"

"မယမင်းပြောတာလေး ဆက်သိချင်မိတာ
မို့ပါ ဟိုလေ ဦးရဲ့ ကောင်မလေးက
ဦးကို အထင်လွဲတယ်ဆိုတဲ့ ကိစ္စ "

"ဒါကလား အနွဲ့သိချင်တာ
အတည်လား"

"အွန်း အဆင်ပြေရင်ပေါ့
စပ်စုတယ်လည်း မထင်စေလို"

"ဘာလို့ အနွဲ့က သိချင်တာလဲ"

"ရင်ခုန်လို့"

"ဟေ"

"ဦးလို လူခန့်ချောတစ်ယောက်ကို ရင်ခုန်မိ
လို့ ဦး မျက်ဝန်းတွေက ကျီစယ်မှုတွေကို
အားမလိုအားမရ ဖြစ်မိလို့"

"ပန်းသည်လေးကတော့ကွာ
မဟုတ်မှ သဝန်တိုနေသလား"

"ဘာလို့လဲဟင် ဦး နွဲ့ကို အခုလို
ပြောထွက်မိတဲ့အတွက် အထင်သေးသွား
သလားဟင်"

"အိုကွယ် မဟုတ်တာ မဟုတ်တောင်
အခုည အနွဲ့ကို ဖွင့်ပြောမလို့ပါပဲ နော်
ဦး ပြောပြပါ့မယ်"

"ဟုတ်ကဲ့"

"လာ ဒီနားက ခုံပေါ် ထိုင်"

"အို ဟို"

"အတူကပ်ထိုင်ရုံပါကွယ် အနွဲ့ကို
ကိုက်မစားပါဘူးကွ"

"အဟင်း ရင်ခုန်လို့ပါ ဦးရယ်"

"ဦး ပြောပြမယ်နော် ဒီလိုကွဲ့ ဒီအိမ်ကို
လာလည်တုန်းပေါ့ ကောင်မလေးတစ်
ယောက် ဦးကို လူမှားပြီး လာရန်တွေ့တယ်
ဆိုရမလား တစ်ပတ်ရိုက်ခံလိုက်ရတယ်
ဆိုရမလားပဲ"

"ဘယ်လိုလဲဟင် ဦး"

"ကောင်မလေး မိထွေး ဖန်တီးတဲ့
အကွက်ပေါ့လေ ဦးအမည်နဲ့ဒီအိမ်ကို
အသုံးချသွားတာ၊ ကောင်မလေး မိထွေး
ဖြစ်သူ ထင်ထားတာက အဲ့ဒီမိန်းကလေး
ကို အအ အတုံးလေး ထင်ထားပုံပဲကွဲ့
အင်း ပြဿနာပေါင်းစုံ ဖန်တီးပြီး တက်လှမ်း
မှန်သမျှ ပိတ်ပင်ခဲ့တဲ့ ဒေါသစိတ်က အဲ့မှာ
ပုံသွားတယ် ထင်ပါရဲ့ ဦးက မဆီမဆိုင်ကြား
ထဲက လာ ရန်တွေ့တာ ခံရတယ် ဒီတော့
ဆီဆီဆိုင်ဆိုင်ဖြစ်ချင်လို့ ဦးဘက်က ကမ်းလှမ်း
စကားဆိုတဲ့အခါ ကောင်မလေးက ပျောက်သွား
တယ်"

"ဘယ်ရောက်သွားသလဲဟင်"

"သိချင်လား"

"ဟုတ် ပြောပြလေ မဟုတ် သူများက
ဦးကို ရင်ဖွင့်ထားခဲ့ပြီဟာ"

"အွန်း ဦး နှစ်ချီလိုက်ရှာခဲ့မိတယ်
တစ်ရက်တော့ ပြန်တွေ့ခဲ့တယ်"

"ဟွန် တကယ်"

"ဟော့ဒီက ပန်းသည်ပါရှင့်
ဝယ်ကြပါအုံးရှင့်တဲ့ အော်အော်ပြီး
စျေးရောင်းနေတာလေ ဦး ပြန်တွေ့တော့
ဦးကို မသိရှာဘူးထင်တယ်"

"အို ဘယ်နားလဲဟင် ဒီနယ်ပိုင်းဆို
နွဲ့ သိချင် သိနေမှာ"

"အနွဲ့ရယ် သရုပ်ဆောင် သိပ်ညံ့တယ်ကွယ်"

"ရှင်"

"အကြောင်းစုံသိပြီးပြီပဲ တော်ပြီကွယ်
အနွဲ့ကို ဖွေရှာပြီး မျှော်တလင့်လင့်နဲ့
စောင့်နေခဲ့ရတာ ချစ်ခဲ့ရတာ မတန်ဘူး
အနွဲ့သိမလား ဦးဟာလေ ဟန်ဆောင်တတ်
သူဆိုရင် သိပ်မုန်းတယ်"

"ဟင် ဟို……"

အနားကနေ ထ ထွက်သွားလေပြီ။ နွဲ့
ဘာလုပ်ရမည်မသိ။ မတွေးတောတတ်။
ကြောင်အမ်းအမ်းကျန်နေခဲ့၍သာ ထိုင်နေ
မိခဲ့လေသည်။ အေးသော ညလေကို
ပင် အလေးမမူမိခဲ့။

"ရှပ် ရှပ်…"

   အချိန်မည်မျှ ကြာသွားသလဲ မသိ။
ခြေသံကြား၍ လှည့်ကြည့်မိသည့်အခါ
စောင်အပါးလေးကို ကိုင်ကာ လျှောက်
လာသူ။

" ဘယ်အချိန်ထိ နေ နေမှာလဲ ဟေ "

"ဟင့်အင်း"

"ငိုနေတာလားကွယ် လာပါအုံး"

  ဦး ရင်ခွင်ထဲ ပိုင်စိုးပိုင်နင်း ထကာ တိုးဝှေ့
ပွေ့ဖက်မိလိုက်သည်။

"ဦးကို အထင်လွဲမိတယ်"

"ပြီးခဲ့ပါပြီ အတိတ်ကို သတိရနေရဲ့သား
နဲ့ ဦး သမာဓိကို ထပ်စမ်းချင်နေတာမျိုးကို
ဦး မလိုလားရုံပါ အနွဲ့ထင်သလို ဦးဟာ
ဘယ်တုန်းကမှ မကောင်းစိတ် မွေးခဲ့သူမှ
မဟုတ်တာ"

" နွဲ့ တောင်းပန်ပါတယ် ဟိုလေ
နွဲ့တို့ ဘုရားမှာ ပြန်တွေ့ချိန်က
စလို့ ဦးကို ချစ်ခင်စိတ် ဖြစ်မိတာပါ"

"ဦးကတော့ နှစ်ချီပြီး အသည်းနာနာ
နဲ့ စောင့်နေခဲ့ရသူပါ ဖွေရှာခဲ့ရသူပါ"

"ဦးကို ထပ်ပြီး တောင်းပန်ပါတယ်"

"တောင်းပန်ဖို့ထက် ဟော့ဒီက ပန်းသည်
လေးက ဦးရဲ့ ကြင်သူဇနီးကလေး အဖြစ်
လက်ခံပေးရမယ်နော် အစ်ကိုဖြစ်သူ ပြန်
လာရင်လည်း မိဘတွေနဲ့အတူ သေချာ
လာပြီး လူကြီးချင်း ပြောလှည့်ပါမယ်"

"ဦးကို ကြွေမိသွားတာနဲ့ အတိတ်ကို
ခေါင်းကိုက်ခံစဉ်းစားပြီး သတိပြန်လည်
လာတာပါ ဦးရယ်"

"အသည်းနာဓာတ်ခံကြောင့် စိတ်ဒေါသထွက်
မိခဲ့တာကိုလည်း နားလည်ပေးပါ အနွဲ့လေးရယ်"

"ဟုတ်ကဲ့"

"လာ အိပ်ရာဝင်လိုက်တော့နော်
နောက်နေ့တွေဆို ဦးနဲ့ အနွဲ့တို့
အချစ်ခရီးလမ်းဟာ သာယာဖြောင့်ဖြူးတော့
မှာပါ"

"ပန်းသည်မလေးနဲ့ ဦးသူဋ္ဌေးတို့
အချစ်ဇာတ်လမ်းပေါ့နော်"

"အနွဲ့"

"ရှင်"

"လမင်းကြီးသာနေတယ်"

"ဟုတ် မြင်တယ်လေ ဦး"

"ဦး ရင်တွေလည်း အခုန်မြန်နေတယ်
အနမ်းတစ်ချက်တော့ နမ်းခွင့်ပြုကွယ်နော်"

"နှုတ်ခမ်းလေးကိုလား ပါးလေးကိုလား"

"အနွဲ့ရာ"

"အွန် ဟွန့်……"

   လသည်ပင် ရှက်သွားပေလိမ့်မည်။ တစ်ဦး
ကား အချစ်ကြောင့် ကြေကွဲစွာ အိပ်ရာဝင်ခဲ့
သော်လည်း တစ်ဦးကတော့ အချစ်၏ ပျော်စရာ
နယ်မြေဝန်းတွင် ပျော်မွေ့စွာဖြင့်………

  နောက်နေ့များစွာတွင်တော့ ငြိမ့်နွဲ့မူ
ဆိုသော ကောင်မလေး နှုတ်ခမ်းဖျားမှ
'ဟော့ဒီက ပန်းသည်'ဆိုသော စကားလေး
ပျောက်ကွယ်သွားနိုင်သော်လည်း ဘဝသမား
လေး ဖိုးငိုပြုံး၏ ဘဝခရီးကား မည်သည်အထိ
ရှည်လျှားနေဦးမည် မသိပါတော့ချေ။

#ပြီးပါပြီဗျာ
ဦးငယ်

[ ဤဇာတ်လမ်းသည် စိတ်ကူးယဉ် ဇာတ်လမ်း
  သာ ဖြစ်ပါသည်။ အပျင်းပြေစေဖို့သာ ရည်ရွယ်
  ရေးသားခဲ့ပါသည်။ အချိန်အားဖြင့် တစ်ရက်ကျော်
  လောက်သာ အချိန်ယူ၍ ရေးခဲ့ပါသည်။ လိုအပ်
  သမျှအတွက်သည်းခံဖတ်ရှုအားပေးပါအုံးခင်ဗျာ။ ]

#6:41pm / 20-3-2022/Sun

Comment