Love in the dark

၂၀၁၈ ခုနှစ် ၊ မတ်လ ၊ ၁၉ ရက် ။

ည ၁၁ နာရီ ၄၅ မိနစ် ။


" ဂယူ အဲ့တာက ဆားတွေ ၊ သကြားက ဒီမှာ ကလေးရဲ့ "

" အာ .. ဟုတ်သား ၊ တော်သေးတာပေါ့ဗျာ ။ ဆားသာ မှားထည့်မိရင် အကုန် ငန်ကုန်တော့မှာ "


မီးဖိုချောင်ဝင်လေ့မရှိသူမို့ အစအဆုံး တစ်ကိုယ်တော် လက်စွမ်းပြချင်ပါသော်လည်း ဒေါ်ကြီး၏ အကူအညီကိုတော့ မဖြစ်မနေ ယူရပါသေးသည် ။ ဂယူ မှာထားသော ပါဝင်ပစ္စည်းအတိအကျကို တံဆိပ်မလွဲ ၊ အရေအတွက်အတိအကျ ဝယ်လာသော ဒေါ်ကြီးကြောင့် သူ့တာဝန်ဟာ မနက် ‌နေမထွက်ခင်လေး အပြာရောင် ကိတ်မုန့် လှလှ တစ်လုံး ရဖို့ အဆင်သင့် ပြင်ဆင်ရုံသာ ရှိသည် ။


" ဒေါ်ကြီးလုပ်လိုက်မယ် "


ကြက်ဥမွှေစက်၏ အသုံးပြုပုံ အညွှန်းစာကို အသေးစိတ်ဖတ်ကြည့်နေသော ဂယူ့အား သူမက ခေါင်းတခါခါနှင့် ပြုံးပြလာသည် ။ ထို့နောက် ကြက်ဥအစိမ်းများထည့်ထားသော ဇလုံကို လက်လှမ်းယူဟန်ပြင်လျက်ပင် ခပ်သွက်သွက် ထပ်ဆိုရှာသည် ။


" ပင်ပန်းပါတယ် ကလေးရယ် ။ ဂယူက ဒါတွေ တစ်ခါမှ မလုပ်ဖူးတာကို "

" ရတယ် ရတယ် ‌၊ ဒါတွေကို ကျွန်တော်လုပ်လို့ရတယ် ။ မေမေ့ကိုပဲ ကူပေးလိုက်ပါနော် ၊ မေမေတစ်ယောက်တည်း အပေါ်မှာ အလုပ်ရှုပ်နေလိမ့်မယ် "

‌အိမ်အောက်ထပ် မီးဖိုချောင်တွင် စားပွဲအပြည့် ပေပွကာ ကိတ်မုန့်တစ်လုံးဖြစ်အောင် ဖန်တီးနေသော ဂယူနှင့် မတိမ်းမယိမ်းပါပင် ၊ မေမေသည်လည်း သူမ၏ အခန်းထဲတွင် မအားမလပ် ဖြစ်နေလိမ့်မည်ဆိုတာ သူ သိသည် ။

ဒေါ်ကြီးက တော်တော်နှင့် စိတ်ချသေးပုံမရဘဲ ဂယူ့ထံ တစ်ခေါက် လှည့်ကြည့်သေး၏ ။ ထိုအခါ လှေကားတစ်ဝက်ထိ ဆင်းလာ၍ မျက်နှာငယ်နှင့် သူတို့ရှိရာအရပ်သို့ လှမ်းအော်သော မေမေကြောင့် ဒေါ်ကြီးက လန့်ပြီး ပုခုံးတွန့်သွားသည် ။


" ကျောင်းတစ်ရက်လောက် ခွင့်ယူလိုက်လို့ မရဘူးလား အချစ်လေးရယ် ။ မေမေ့ဟိုတယ် ဖွင့်ပွဲက မင်းမပါရင် ဘယ်လိုလုပ် ပြီးပြည့်စုံပါ့မလဲ ။ ပွဲပြီးပြီးချင်း မှီတဲ့ Flight နဲ့ ပြန်ဖို့ စီစဉ်ပေးမယ်လေ ၊ မနက်ဖြန်တစ်မနက်ခင်းလေးပဲ အချိန်ပေးလို့မရဘူးလားဟင်"


သူမ အကြောင်း တွေးနေတုန်းပင် လှမ်းအော်လာသော မေမေ့အသံဟာ ခပ်စူးစူးရယ် ။ ဂယူ ဒေါ်ကြီးကိုသာ ပြုံးပြရင်း အပေါ်ထပ်သို့ သွားပေးဖို့ မျက်စပစ်လိုက်ရသည် ။ မေမေကတော့ သူမ၏ ဂျယ်ဂျူကျွန်းမှ ဟိုတယ်ဖွင့်ပွဲအတွက် မနက်စောစော လေဆိပ်ဆင်းရန် ညကတည်းက ဗြောင်းဆန်နေပြီဖြစ်သည် ။


" အဲ့ဟိုတယ်ကလည်း တစ်ချိန်ကျရင်လည်း မင်းပဲ ဦးဆောင်ရမှာလေ ။ မေမေ့မိတ်ဆွေတွေကြားမှာ စိမ်းမနေအောင် တစ်ခါတည်း မျက်နှာပြထားသင့်တာ .. ဒါမှ အီမီရာရဲ့ တစ်ဦးတည်းသော သားလေးက ဆိုးလ် အမျိုးသားတက္ကသိုလ် တက်နေကြောင်းပါ သိသွားကြမှာ "

မေမေဟာ ဂယူ တက္ကသိုလ်စတက်သည့် နှစ်မှစ၍ သူမ၏ အလုပ်ခွင်ထဲသို့  တဖြည်းဖြည်း ခေါ်သွင်းကာ ထိုအသိုင်းအဝိုင်းတွင် မျက်နှာပြ ၊ မိတ်ဆက်ပေးသည့် အကျင့်ရှိလာသည် ။

အောင်မြင်သော အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် အီမီရာ၏ သား ၊ နောက်တစ်ချိန်တွင် ဘီလျံချီသော မိသားစုအမွေကို ဆက်ခံမည့် ကင်မ်ဂယူဘင်း ဆိုသော ဂုဏ်ပုဒ်တစ်ခုကို ဂယူ့အနေနှင့် အထူးတလည် နှစ်ခြိုက်ခြင်းမရှိသည့်တိုင် ခေါင်းခါငြင်းဆိုစရာလည်း မရှိပါပေ ။

မေမေကတော့ ဂယူဘင်း၏ အမည်နာမ နှင့် ကပ်လျက်တည်ရှိသော ဆက်ခံသူ ရာထူးကို အလွန် သဘောတွေ့နေသည့်ပုံပါပင် ။ အခုလည်း ဂယူလိုက်ပါခြင်း ၊ မလိုက်ပါခြင်းက ထူးခြားမသွားသည်ကို မေမေကိုယ်တိုင် သိပါလျက်ပင် ရနိုးနိုး တောင်းဆိုနေပြန်သော ဇွဲကြီးသည့် အမျိုးသမီးအား သူ အားနာပါးနာ ခေါင်းခါရပေဦးမည် ။


" အချစ်လေး ဖြေပါဦး ၊ မေမေ့ကို တစ်ယောက်တည်း လွှတ်ရက်တော့မှာလားလို့ "

" မနက်ဖြန်တော့ တကယ်ကို မဖြစ်ဘူးဗျ "

" အိုကွယ် ၊ အချစ်လေးကို လိုက်စေချင်တာကို "


လွန်ခဲ့သော တစ်နှစ် ၊ မေမေနှင့်ဖေဖေ အတိအလင်း ကွာရှင်းပြတ်စဲခဲ့သော ကာလလောက်က စခဲ့သည် ထင်၏ ။ မေမေဟာ အရင်ကထက်ပိုပြီး လွတ်လပ်ပေါ့ပါးစွာနေတတ်လာသည် ။ တစ်နှစ်ပတ်လုံး အလုပ်တွေသာ ဖိလုပ်နေခဲ့ပေမဲ့ တော်ရုံတွေ့ရခဲသော ချွဲနွဲ့မှုတချို့ကိုတော့ ဂယူ့အား ထုတ်ပြလာခဲ့သည် ။

ဖေဖေရှိတုန်းကလို မျက်နှာချင်းဆိုင်တိုင်း ရန်ဖြစ်ကြပြီး သောကအပူတွေ ပြည့်နေသော မေမေ့ပုံစံထက် ယခုလို ပျော်ရွှင်နေပုံရသော မေမေ့ပုံစံကို ပိုသဘောကျသည် ။ မေမေ့ကို ရွေးချယ်ခဲ့သည့် သူ့ဆုံးဖြတ်ချက်ဟာလည်း အမှန် ဖြစ်ခဲ့သည်ဟု ယုံကြည်လာသည် ။ ဖေဖေလည်း ယခုလောက်ဆို သူ အဖြစ်ချင်ခဲ့ဆုံး ဆန္ဒလေးတစ်ခု ဖြစ်မြောက်ခဲ့လေရောပေါ့ ။ 


" အဲ့လိုမှန်းသိ ကြားရက်ကြီးမလုပ်ပါဘူး ။ မင်းရဲ့ ကျောင်းပိတ်ရက်ကို ရွေးခဲ့သင့်တာ ၊ အခုက အင်္ဂါဆိုတော့ မေမေလည်း ရက်ရွှေ့လို့မရလေ .. အကုန်စီစဉ်ပြီးနေပြီ "

ဂယူ ခံစားမိပါသည် ။ ငယ်စဉ်ကတည်းက မြင်တွေ့လာရသော မိဘနှစ်ပါး၏ ဆက်ဆံရေးတွင် မေမေ့ဘက်က အချစ်ပိုခဲ့သည်မှာ ဂယူ့မျက်မြင်ဖြစ်သည် ။ ဖေဖေဟာ စကားနည်းသူ ၊ ခပ်အေးအေးနေတတ်သူ ဆိုသော အကျင့်စရိုက်တို့ထက် မေမေ့အပေါ်မှာ ပိုအေးစက်ခဲ့သည်ကိုလည်း စိတ်ထဲမှ ခံစားတတ်ခဲ့သည် ။

ပြက္ကဒိန် အုပ်ရေ နှစ်ဆယ်ကျော်စာ တစ်ယောက်တည်းအားဖြင့် ဆွဲထားခဲ့ရသော ကြိုးတစ်ချောင်းကို လွှတ်ချခဲ့သည့်အချိန်တွင် ပြိုလဲမသွားသော မေမေ့ကိုသာ စိတ်ဓာတ်ခိုင်မာလွန်းသူဟု ချီးကျူးသင့်ပါသလား ။

ထို့ကြောင့်ပါပင် ၊ သူ စိတ်ပျော်သလို ရှင်သန်ရင်း တစ်ခါတရံမှာ လူငယ်တစ်ယောက်လို ပြောဆိုနေထိုင်တတ်သော မေမေ့ကို ကြည့်ကာ ဂယူ့မှာ စိတ်ချမ်းသာရသည် ။ 

အင်းလေ .. ဖေဖေရော မေမေရော ကိုယ်စီ ဘဝအသစ်မှာ နေသားကျပြီး အဆင်ပြေနေကြဖို့ အရေးကြီးသည်ပဲ ။ နောက်ပြီး သူလည်းပဲ ပျော်ရွှင်မှုစာမျက်နှာအသစ်လေးကို စတင်ဖို့ ခြေလှမ်းပြင်နေပြီပဲကိုး ။ ဖြစ်ပြီးခဲ့သမျှ မိသားစု ကိစ္စတွေအတွက် စိတ်ဒဏ်ရာတွေ ချန်လှပ်မထားသင့်တော့ဘူး မဟုတ်လား ။


" ဖွင့်ပွဲတော့ မမီတာသေချာတယ် မေမေ ၊ မလိုက်ချင်လို့ မဟုတ်ပါဘူး ။ မေမေ မပြန်သေးဘူးဆို ကျွန်တော် သဘက်ခါ အစောဆုံး flight နဲ့လိုက်ခဲ့ရင်ရော "


စကားအဆုံးတွင် ဂယူ ကြက်ဥမွှေစက်ကို ဝူးခနဲ ဖွင့်လိုက်သောအခါ မေမေက လက်လျှော့လိုက်သည့်နှယ် ခေါင်းခါပြပြီး အိမ်ပေါ်ထပ်သို့ တစ်ဖန်ပြန်၍ ခြေလှမ်းပြင်သည် ။


" အချစ်လေးသုံးဖို့ မင်းအခန်းထဲမှာ ကတ်ထားပေးခဲ့မယ် "


မွှေစက်သံဖြင့် မေမေ့စကားကို သူ ဗလုံးဗထွေးသာ ကြားလိုက်ပါ၏ ။ အာရုံဟာလည်း အပြာရောင် ကိတ်မုန့် လှလှလေးတစ်လုံး အကောင်အထည်ပေါ်ဖို့ကိုသာ စိတ်ဝင်စားနေသည် ။

မေမေ့ကို လေးစားရမည့်အချက်တွင် မေမေဟာ တော်ရုံဆို အရွယ်ရောက်ပြီးသား သူ့အပေါ် လွှမ်းမိုးချုပ်ကိုင်ဖို့ မကြိုးစားတော့သည့် သဘောထားကိုသာ ထိပ်ဆုံးတွင် ညွှန်ပြရမည် ။

သည်အခြေအနေလောက်ဆို သူ အနာဂတ်တွင် ခွင့်ပန်ရမည့် အရေးကြီးဆုံး ဆုံးဖြတ်ချက်တစ်ခုကိုလည်း မေမေက လက်ခံစဉ်းစားပေးနိုင်သည့်သဘောဟု သတ်မှတ်၍ ရနိုင်လောက်မလား ။

မေမေ ဒေါသထွက်တတ်သည်က ဖေဖေ နှင့် ပက်သက်ရာပက်သက်ကြောင်းကိုပင် ။ ဖေဖေ့အကြောင်း တစ်ခုတလေမျှ စကားစမိလျှင်တော့ သူမမျက်နှာဟာ တင်းခနဲ ဖြစ်သွားတတ်သည် ။ ဤသည်မှာ အလွန်ရှားပါသည် ။ သူမသည်လည်း ဂယူ့ကို အရင်လို အချိန်မပေးနိုင်တော့သလို လမ်းခွဲခြင်း၏ အဆုံးသတ်၌  အတိတ်ခြေရာတို့အပေါ် သွေးအေးသွားခဲ့ပြီဟု ဆိုနိုင်လောက်သော အခြေအနေရယ်ပါ ။ 


" ၁၂ နာရီ အတိဆို ဖုန်းဆက်ရမယ် "


သူနှင့် ခြေနှစ်လမ်းအကွာမှ တိုင်ကပ်နာရီကို အမြန်လှမ်းကြည့်မိသောအခါ ည ၁၁ နာရီ ၅၀ မိနစ် တိတိကို ညွှန်ပြသည် ။ နောက်ထပ် ၁၀ မိနစ် အကြာတွင် ယူဂျင်း၏ မွေးနေ့ကို ရောက်တော့မည် ။

မွေးနေ့ရှင်အစား သူက လက်ဖျားများအေးစက်ကာ စိတ်လှုပ်ရှားမှု အထွတ်အထိပ်ကို ရောက်နေခဲ့ပြီမို့ ကြက်ဥဇလုံကို စားပွဲပေါ်တင်ထားရပြန်သည် ။ အရင်ဆုံး အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ထားရတော့သည် ။

ထိုကလေး၏ ၁၈ နှစ်ပြည့် မွေးနေ့ဆုတောင်းတွေထဲမှာ သူသာလျှင် ပထမဆုံး ဖြစ်ရမည် ။ မည်သူတစ်ဦးတစ်ယောက်ဆီကိုမှ အလုမခံနိုင်ပါသဖြင့် ၁၀ မိနစ်ကလေးကို လက်ချိုးရေရင်း ရင်ခုန်သံဟာ မူမမှန်တော့ ။

အနှီကောင်လေး အသက်ပြည့်ဖို့ စောင့်ခဲ့ရတာ ဘယ်နှနှစ်တောင်ကြာခဲ့ပြီလဲ ။ ၅ နှစ်တင်းတင်းပြည့်ခဲ့ပြီ ။ သို့ရာတွင် သူ့မျက်လုံးထဲမှာ ကလေးပေါက်စန အရွယ်ဟန်ယူဂျင်း ၊ ဂျစ်လွန်းလို့ ဖက်နမ်းပစ်ချင်စရာကောင်းသော ဟန်ယူဂျင်း ဆိုသည့် ပုံစံကလေးကတော့ ဘယ်တုန်းကမှ ပျောက်မသွားခဲ့ပါပေ ။ 

မိသားစု အိမ်တွင်းရေးမှာ ကတောက်ကဆတွေဖြစ်ခဲ့ရသည့် ကာလများတွင် သူ၏ ခိုနားရာ ပုခုံးတစ်ဖက်ဟာ ထိုကလေးလေး ဖြစ်ခဲ့ပေမဲ့ သူကတော့ ယူဂျင်းအပေါ် အရင်လို ဂရုမစိုက်နိုင်ဘဲ ပေါ့လျော့နေခဲ့ရတာတွေ များပြီ ။

ထို့အတူ သည်တစ်ပတ်လုံးလည်း တမင်တကာ အဆက်အသွယ်ဖြတ်ထားခဲ့ပြီး မွေးနေ့ကိုပါ မေ့ချင်ယောင်ဆောင်ထားမိသေး၏ ။ မဟုတ်လျှင် ယူဂျင်းအပေါ် သူ ကြာကြာ ဖုံးကွယ်နိုင်မှာမဟုတ်ပါဘဲလေ ။ မွေးနေ့အတွက် ရည်ရွယ်ပြီး ကိုယ်တိုင် စပရိုက်စ်လေး စီစဉ်ပေးချင်လွန်းလို့ ကိတ်မုန့်သင်တန်း‌တောင် အပြေးလေး သွားတက်ထားခဲ့သော ကြိုးစားမှုများကို ထိုကောင်လေးကတော့ သိမည်မထင်ပါ ။


ချစ်တယ်ဆိုသော စကားတစ်ခွန်းကို ဝန်ခံဖို့ ၅ နှစ်တာ အချိန်ယူခဲ့ရသည်မို့ ၅ မိနစ်အတွင်း ၊ ၅ စက္ကန့်အတွင်း အဖြေလိုချင်မိသော ကိုယ့်အတွေးကိုယ် ဂယူ ဟက်ခနဲ ရယ်လိုက်ရသည် ။ အပိုဆိုခြင်းတော့မဟုတ် ၊ အမှန်တကယ်လည်း ထို ယုန်ဖြူကောင်လေးကို ပိုင်ဆိုင်ရဖို့ မနက်မြန်မြန်ရောက်ပါစေ ဟူ၍ အခါခါ ဆုတောင်းနေမိသည်ကို သူ့ကိုယ်သူသာ အသိဆုံးပါ ။ 


' အကယ်၍များ ကောင်လေးဘက်က ငြင်းခဲ့လျှင် .. ' 


အင်း .. ထိုသို့သော စိတ်ကူးမျိုး မရှိခဲ့ပါဘူးဟု ဝင့်ကြွားစွာ ဆိုရပါလျှင် ဂယူဟာ ယုံကြည်မှု လွန်ကဲနေသူတစ်ဦး ဖြစ်ရပေမည် ။

ထိုကလေးနှင့် ရည်းစားသာ ဖြစ်ခွင့်ရပါက အာခီမေဂျာဝန်းတစ်လျှောက် စန္ဒရားတီးသော ချစ်သူကောင်ကလေး၏ လက်ချောင်းလှလှလေးများကို ဆုပ်ကိုင်ကာ ကျောင်းတစ်ပတ်ပတ်ပစ်ဖို့ စိတ်ကူးထားသည် ။ ပထမနှစ်ကတည်းက မက်ခဲ့သော အိပ်မက်ကို အကောင်အထည်ဖော်ခွင့်ရတော့မှာမို့ ပီတိစိတ်တို့ဖြင့် အောက်နှုတ်ခမ်းများကို အိခနဲ ကိုက်မိပြန်တော့ အတွင်းနှုတ်ခမ်းသားများထံသို့ နာကျင်မှုဟာ စိမ့်ခနဲ ။

သို့ရာတွင် ထိုကဲ့သို့ နာသော ခံစားချက်ကိုတောင် အရူးကလေး ဂယူက နာသည်ဟုမထင် ၊ ဂယူ သိသည်က နောက် ၈ မိနစ်အကြာတွင် ယူဂျင်း၏ စိတ်ကောက်သံဖြင့် ထူးသော ' ဟယ်လို '  ဆိုသည့်အသံကလေးကို ကြားရဖို့ပါပင် ။

ကိုယ်တိုင်လုပ်ထားသော ကိတ်မုန့်ဖြင့် ချစ်စရာကောင်းအောင် ဖွင့်ပြောဖို့ ကြိုးစားနေခြင်းအပေါ် သူငယ်ချင်းလေး ရီခီကတော့ ဖုန်းဆက်အားပေးရှာသည် ။ ' မင်းလက်ရာကိုတစ်ခါမြည်းပြီးတာနဲ့ တန်းငြင်းလောက်မှာ ' ဆိုပဲလေ ။

ခက်သည် ။ ကိုယ်ဟာ ထိုကလေးကြိုက်တတ်သည့် တန်ပူရာကိုတောင် ကျွမ်းကျွမ်းကျင်ကျင်ကြော်တတ်အောင် ဆီပူလောင်ခံပြီး ဒေါ်ကြီးထံမှ သင်ယူခဲ့ကြောင်း အပြင်လူတွေ မသိတော့လည်း ခက်ချေပြီ ။ ဟန်ယူဂျင်းသာ တောင်းဆိုပါလျှင် ကဗျာစာတွေထဲက ပြောသလို မိုးပေါ်က ကြယ်ကိုတောင် တက်ယူပေးဖို့ ဝန်မလေးကြောင်းပြောရင်လည်း အနှီသူငယ်ချင်းဟာ ရယ်နေပါဦးမည် ။


နောက်ထပ်တစ်ခါ ဖုန်းထဲမှ နာရီကို ကြည့်မိရာ ည ၁၁ နာရီ ၅၅ မိနစ်သာရှိသေး၏ ။ ယနေ့ညမှ ညတာရှည်လွန်းသည်မှာ အသည်းယားချင်စဖွယ်ပါ ။

လုပ်လက်စများကို ချကာ ဂယူ ဝရံတာသို့အမြန်တက်ဖို့ စိတ်ကူးမိသည် ။ စောစောအိပ်တတ်သောကလေးလေးကို မွေးနေ့ဆုတောင်းပေးရင်း မျက်နှာဝိုးတဝါးလေးမြင်ပြီး ချစ်ချင်လွန်းလို့ ဝရံတာထွက်ခိုင်းရမည် ။


" ဂယူဘင်း .. !! "


လှေကားထစ်တစ်ဝက်တွင် ကျယ်လောင်သော နာမည်ခေါ်သံကြောင့် သူ ဆတ်ခနဲ လန့်သွားရသည် ။

တစ်သက်နှင့်တစ်ကိုယ် ပြန်မကြားရလောက်ဘူးဟု မှတ်ယူထားသော မေမေ့အော်သံကို အတော်ကြာမှ ပြန်ကြားရသည်မို့ ဂယူ ချောင်းတစ်ချက်ဟန့်ကာ တွေဝေသွားမိပါသည် ။ ထိုအနေအထားဟာ မေမေ အတော်လေး စိတ်ဆိုးနေသည့်အခြေအနေကို ရောက်မှ ဖြစ်တတ်သော ဒေါသထွက်ခြင်းမျိုးပင် ။


" ဒေါ်ကြီး အောက်ခဏဆင်းနေလိုက်အုံးမယ်နော် ဂယူ "


လှေကားထစ်အ‌ပေါ်ဆုံးတွင် သူနှင့် ဆုံသော ဒေါ်ကြီးကလည်း တစ်ကိုယ်လုံးတုန်ကာ ကြောက်ရွံ့နေပုံရသည် ။ မေမေ့အသံ၏ လားရာနေရာဟာ တံခါးတစ်ချပ်လုံးပွင့်နေပါသော သူ့အခန်းဆီမှ ဖြစ်နေသယောင် ။

သိလိုစိတ်နှင့် အစပြုသောစိုးရိမ်ခြင်းတို့သည် တရိပ်ရိပ်တက်လာသည့် သူ့ခြေလှမ်းများကဲ့သို့ ထိတ်လန့်စွာ လှုပ်ရှားသည် ။ ခန့်မှန်းချက် အနည်းငယ်တွင် မရေရာခြင်းတို့ ပိုင်စိုးသောအခါ လက်ထဲမှ ဖုန်းကိုသာ တင်းသထက်တင်းအောင် ဆုပ်ကိုင်မိသည် ။ ထို့နောက် သန်းခေါင်ယံအချိန်ရောက်ရန် ဘယ်နှမိနစ်မှ မလိုတော့သော ဖုန်းနာရီကလေးကိုသာ တစ်ချက်ကြည့်လိုက်မိပါ၏ ။


၁၁ နာရီ ၄၇ မိနစ် ။


ငါးမိနစ်၏ တိုတောင်းမှုဟု သတ်မှတ်ရမလား ၊ စက္ကန့်လက်တံတို့က နောက်တစ်ရက်ကိုကူးဖို့ တိုက်တိုက်ဆိုင်ဆိုင် အရှိန်တင်ပစ်သည်ဟု ဆိုရမလား ၊ စောင့်ရတုန်းက ကြာညောင်းလွန်းသော မိနစ်များသည် ယခုတွင်တော့ မျက်တောင်တစ်ခါခတ်နှုန်းဖြင့် ပြိုင်ဆိုင်ပြေးလွှားနေသည့်အလား မြန်ဆန်လွန်းသည် ။


" ဘာဖြစ်လို့လဲ မေမေ "


အခန်းတံခါးဝတွင် မျက်မှောင်ကြုတ်ဟန်ဖြင့် ခပ်တောင့်တောင့်ရပ်ကာ ရေရွတ်သောသူ့ကို မေမေက မျက်နှာတည်ဖြင့် လှည့်ကြည့်လာသည် ။


" ဒါတွေက ဘာတွေလဲ ၊ ဘာတွေလဲ ဂယူဘင်း .. ငါ့ကို နားလည်အောင် ရှင်းပြစမ်းပါအုံး "


မေမေက သူမ၏ ညာလက်တွင် စာလေးတစ်စောင်ကို လုံးချေပစ်မတတ် ကြမ်းတမ်းစွာ ဆုပ်ကိုင်ထားသည် ။ ထိုစာလေးက ဂယူ့ ခံစားချက်တွေကို ယူဂျင်းထံဖွင့်ဟဝန်ခံထားသည့် လက်ရေးသက်သေတွေ မဟုတ်ပါလား ။


" ကျွန်တော် ဘာကို ရှင်းပြရမှာလဲ မေမေ "


‌ထို့နောက် သူမဟာ တုန်ရီစွာဖြင့် ဂယူ့အိပ်ရာပေါ်သို့ လက်ညှိုးညွှန်သည် ။


သူ့ကုတင်ပေါ်တွင် သူကိုယ်တိုင်ရိုက်ပေးထားသော ယူဂျင်း၏ ပိုလာရွိုက်ပုံကလေးတွေ မွစာကြဲလျက်ပင် ။ မနက်ဖြန်အတွက် ရည်ရွယ်ထားသော အစီအစဉ်တစိတ်တစ်ပိုင်းရယ်မို့ အသည်းပုံဘုတ်ပြားအကြီးကြီးပေါ်တွင် စီစီရီရီ စုကပ်ရန်ပြင်ဆင်ထားခြင်းဖြစ်သည် ။

ဂယူ့အတွက်တော့ ကြည်နူးစရာ ‌ဖြစ်နေပေမဲ့လို့ မေမေ့အမြင်ကတော့ သူနှင့် ထပ်တူကျသည့်ပုံမပေါ် ။


" ငါ့ကို ပြတ်ပြတ်သားသားငြင်းလိုက်စမ်းပါ အချစ်လေးရယ် ၊ မင်း ယောက်ျားလေးတွေကို မကြိုက်ဘူးမလား ။ မင်းကတော့ မင်းအဖေလို မဟုတ်ဘူးမလား ။ မင်း သူ့ကို စိတ်နာတယ်မလား ၊ ဒါဆို သူ့လို မဖြစ်ရဘူးလေ ။ ငြင်းပေးစမ်းပါ ၊ ငါ့မျက်နှာကို ကြည့်ပြီး ခေါင်းခါပြစမ်းပါ ဂယူဘင်းရယ် "


နင့်နင့်သီးသီး ဆိုသော မေမေ့စကားကြောင့် သူ့အဖို့ ရုတ်တရက်တွင် တစ်ခုခုပြန်ဖြေဖို့ရာ တွန့်ဆုတ်နေမိသည် ။ မေမေပြောသမျှ အပြတ်သတ်ငြင်းဆန်ရမည်ကိုတော့ သိပါလျက်နှင့် ကြောက်စိတ်ဝင်နေခဲ့သည်ဆိုလျှင် ပိုမှန်ပါသည် ။

မေမေ ရော ၊ သူရော ဖေဖေ့ကို စိတ်နာခဲ့သည်က ဖေဖေ သူတို့ကို ထားရက်နိုင်သည့်အတွက် ၊ ဖေဖေ သူတို့အပေါ် သံယောဇဉ်နည်းခဲ့သည့်အတွက်သာ ဖြစ်သည်မဟုတ်လား ။ ဂယူ နားလည်ထားသည်က သည်နှစ်ချက်ရယ်သာလေ ။ သို့သော် သူထင်ထားခဲ့သလို မေမေ့ နှင့် သူက ခံယူချက်ချင်း တူ‌‌ပုံမရပေ ။


" ကျွန်တော်က ဘာကို ငြင်းရမှာလဲမေမေ "


မေမေက သူမ၏ ပြိုလဲကျခါနီး ဆံပင်ထုံးကို စိတ်ရှုပ်ထွေးစွာ ပင့်တင်ပစ်သည် ။ ထို့နောက် ညာလက်မှ စာစောင်လေးအား အဖိုးမထိုက်တန်သည့် သာမန်စက္ကူစကလေးလို ပို၍ စုဆုပ်ပစ်လိုက်သည် ။

ဂယူ့မှာ လက်ကာပြရုံမှတစ်ပါး တားလိုက်ချိန်မရခဲ့ချေ ။ ထိုစာက ဂယူ့အတွက် ဘယ်လောက်တောင် အရေးကြီးသလဲ မေမေ မသိခဲ့လေရော့ ။


" ချစ်တယ်ဟုတ်လား ။ ယောက်ျားတစ်ယောက်ကိုလေ ၊ နောက်တော့ အိမ်ရှေ့အိမ်က ကလေးကိုမှလေ ။ ငါ မုန်းလိုက်တာ အချစ်လေးရယ် ၊ ဘာလို့ မင်းအဖေရဲ့ အသိုင်းအဝိုင်းနဲ့ကိုမှ ဆက်စပ်ချင်နေရတာလဲ ။ ဘာလို့ မင်းအဖေလို ရူးသွပ်ချင်နေရတာလဲ "


" နေပါအုံးဗျာ .. ခဏလေး နားထောင်ပါအုံး မေမေ ။ ကျွန်တော် ပြောချင်တာ မေမေ .. ဖေဖေ့ကို အမြင်မကြည်တာကို ကျွန်တော် နားလည်နိုင်တယ် ။ ဒါပေမဲ့ ဖေဖေက ဘာဖြစ်နေလို့လဲ ၊ ကျွန်တော်တို့ကို ထားခဲ့တယ် ၊ ဟုတ်တယ် ကျွန်တော်တို့ နာကျည်းခွင့်ရှိတယ် ။ သူ့ ခံစားချက်ကိုတော့ ကျွန်တော်တို့ စွက်ဖက်လို့မှမရတာ ၊ တားလို့လည်း မရဘူး ၊ ပုတ်ခတ်လို့လည်း မရဘူး ၊ မုန်းလို့လည်းမရ "


" မင်း ပါးစပ်ကို ပိတ်ထားလိုက်တော့ အချစ်လေး ၊ ငါအခု ဒေါသအရမ်းထွက်နေတာနော် ။ မင်း မရပ်ရင် ငါ  မင်းကို ဘာလုပ်မိမလဲ မသိဘူး "


ဂယူ အိပ်ခန်းထဲရှိ သူ့မျက်လုံးတည့်တည့်မှ တိုင်ကပ်နာရီကို လှမ်းကြည့်သောအခါ ၁၂ နာရီ အတိ ဖြစ်နေပြီ ။ ပြောလက်စ စကားဟာ ရပ်သွားခဲ့ပေမဲ့ သူ မေမေ့ရှေ့က ချက်ချင်း ထထွက်လာလို့လည်း မရတာမို့ ဖုန်းကိုသာ မသိမသာ ဖွင့်ကြည့်မိသည် ။


" မင်းပြောသလိုသာဆို ငါက မင်းအဖေရဲ့ အရူးထမှုကို သဘောထားကြီးကြီးနဲ့ လက်ပိုက်ကြည့်နေပေးရမှာပေါ့လေ ။ ရယ်ရတယ် ၊ သားအဖ နှစ်ယောက်လုံး တစ်ချိုးတည်းပဲ "

" ခဏလေး မေမေ ။ သုံးမိနစ်ပဲ "


သူ့နားထဲတွင် မေမေ့စကားတွေက ဘယ်လိုမှ တိုးမပေါက်တော့ချေ ။ သားအမိနှစ်ယောက် ဖြစ်တောင့်ဖြစ်ခဲ ကတောက်ကဆ ဖြစ်နေသော်လည်း လိုလိုလားလား ဆန္ဒပြုခဲ့သော အရာတစ်ခုကို မလုပ်လိုက်ရမှာထက် ကျန်တာ သူ့အတွက် အရေးမကြီးတော့တာ အမှန်ပင် ။

အခန်းထဲက ထွက်သွားပြီး ခြံထဲ အမြန်ပြေးဆင်းဖို့ အနေအထားအသင့်ဖြစ်နေသော ဂယူ့အား မေမေက  လက်မောင်းသို့ ခပ်ကြမ်းကြမ်း လှမ်းဆွဲသည် ။

ယိုင်နဲ့ကာ ဟန်ချက်ပျက်ခါနီး ဖြစ်သွားသော ဂယူက မေမေနှင့်ပို၍ နီးကပ်သွားသောအခါ အသက်ရှူသံ ပြင်းပြင်းနှင့် မျက်လုံးများ နီရဲကာ ပေါက်ကွဲထွက်တော့မည့် ဗုံးတစ်လုံးလို ကြောက်စရာကောင်းသော မေမေ့မျက်နှာကို ထင်ရှားစွာ မြင်လိုက်ရ၏ ။


" မသွားရဘူး ။ ဘာလဲ ၊ မွေးနေ့ဆုတောင်းပေးမလို့လား ။ ငါ့ဆုတောင်းကို အရင်နားထောင် ၊ ငါကတော့ အဲ့ကလေးလေး မင်းမျက်စိရှေ့က ပျောက်သွားပါစေပဲ ဆုတောင်းတယ် ။ ဒီအရွယ်လေးရှိသေးတယ် .. ငါ့သားကို ဘယ်လို မာယာတွေ သုံးလိုက်တာလဲ "

" မေမေ့ စကားတွေ လွန်လွန်းနေပြီ .. ! "


ပထမဆုံး အကြိမ် ဖြစ်လိမ့်မည် ။ မေမေ့ကို သည်လောက် အသံမာမာပြန်အော်မိခြင်းဟာ သည်တစ်ခါ ပထမဆုံး ဖြစ်ပါလိမ့်မည် ။ ယူဂျင်းကိုပါ ထိပါးလာသည်မို့ သူ့သည်းခံနိုင်စွမ်းက အတိုင်းအတာ တစ်ခုရောက်ခဲ့ပြီ ။

မေမေ ‌နှစ်ခါမေးခွန်းထုတ်လျှင် သူ့ သဘောထားကို ချက်ချင်းပြောင်းလိုက်နိုင်သည်အထိ လိမ္မာခဲ့သော ဂယူ့ထံမှ ဒါမျိုး လေသံကို ကြားရတော့ သူမသည်လည်း အံ့ဩသွားသည့်နှယ် ၊ နှုတ်ခမ်းကို မဲ့ကာ ခေါင်းတညိတ်ညိတ်လုပ်နေသည် ။

သူ ချက်ချင်း တောင်းပန်သင့်သည့်အချိန်မှန်းသိပါ၏ ၊ သို့သော် စက္ကန့် ခြောက်ဆယ်ဟာ ဂယူ့ကို ထိုသို့ လုပ်ခွင့်ပေးသည့်တိုင် သဘောမကောင်းခဲ့ပေ ။ နောက်တစ်ရက်မစွန်းခင် နှစ်တိုင်း မွေးနေ့ဆုတောင်းပေးနေကြ သူ့ရဲ့ အစဉ်အလာလေး ပျက်သုဉ်းသွားတာမျိုး မဖြစ်ချင်ပါလေ ။


‌၁၂ နာရီ ၁ မိနစ် ။


သူ့ဖုန်းကို မျှော်နေခဲ့ပုံရသော ယူဂျင်းက ဖုန်းဆက်လာသည် ။ ဂယူ့လက်ထဲတွင် စခရင်လင်းကာ တဝီဝီမြည်နေသော ဖုန်းကို မေမေက အကြည့်ရောက်သွား၍ ဂယူ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည် ။

တံခါးဘောင်နှင့် ကပ်သွားသည့် သူ့အား မေမေက ငြိမ်သက်စွာ စိုက်ကြည့်နေဆဲ ။ သန်းခေါင်ယံ ညနက်ချိန် တိတ်ဆိတ်ရာ ဝန်းကျင်တွင် အိပ်စက်နေသော ကြောက်စိတ်တို့ကို ဆင့်ခေါ်လိုက်သလို ရေသေမျက်နှာပြင်အတိုင်း ခန့်မှန်းရခက်သည့် မေမေ့မျက်ဝန်းများကို ဂယူ ထပ်ပြီး ဆုံမကြည့်ဝံ့တော့ချေ ။


" အချစ်လေး စာထဲမှာ ရေးထားတယ်မလား ။ ယူဂျင်း တက်ချင်တဲ့ အနုပညာတက္ကသိုလ် ဝင်ခွင့်ရပါစေ ဆို "


ဂယူ မျက်လုံးများ ငြိမ်ကျသွားသောအခါ မေမေက ပါးတစ်ဖက် လှုပ်ခတ်သွားရုံသာ ပြုံးသည် ။


" မေမေ ကူညီပေးနိုင်တယ် ။ မင်း အခု လုပ်နေတာတွေသာ ရပ်လိုက် "

" မဆိုင်တာပဲ မေမေရာ ။ ယူဂျင်းက မေမေ ကူမှ တက္ကသိုလ်ဝင်နိုင်မယ့် ကလေးမဟုတ်ဘူး "

" ဝင်ခွင့်ရအောင် လုပ်ဖို့က ခက်ပေမဲ့ ဝင်ခွင့်ကျအောင်လုပ်ဖို့က လွယ်တယ်နော် ။ အချစ်လေးက မေမေ့ကို အထင်သေးတာလား ၊ မေမေ မလုပ်နိုင်ဘူး ထင်တာလား "


မေမေက သူမ ဆုတ်ချေထားသည့် စက္ကူစကို ဂယူ့ရှေ့သို့ ဖြန့်ပြကာ သူမအတွက် အရှုံးမရှိသော ညှိနှိုင်းချက်ချက်တစ်ခုကို ကမ်းလှမ်းလာသည် ။

ကမ်းလှမ်းချက်ဆိုသည်ထက် ဖိအားပေးမှုတစ်ခုဟု ညွှန်းဆိုလျှင် ပိုသင့်လျော်ပါလိမ့်မည် ။ အင်အားမမျှသော ပြိုင်ဖက်ကို ဂယူဟာ ပထမဆုံးအကြိမ် စိန်ခေါ်မိခဲ့သည့် အပြစ် ၊ ထို အပြစ်အတွက်တစ်သက်စာ ရှုံးနိမ့်ဖို့ အကြောင်းဖန်လာတော့မည်ကို ကြိုသိခဲ့ပါလျှင် မေမေ မသိအောင် ဖုံးဖိထားဖို့ စဉ်းစားခဲ့မိမှာ သေချာသည် ။


" အတွင်းရေးမှူးကို ခေါ်လိုက်တော့မယ် ၊ မေမေနဲ့ လိုက်ပြီး အောက်ဆင်းဖို့ပြင် ။ ဘာမှယူမနေနဲ့ ၊ ဂျယ်ဂျူကို တစ်ခါတည်းလိုက်ခဲ့ ။ နောက်မှ လိုက်လာမယ် ဆိုတာမျိုး မရှိဘူး ။ မင်းကို လွှတ်ထားလို့ မရတော့ဘူး ဂယူဘင်း ။ တစ်ခါတည်း ကားနဲ့ သွားမယ် ၊ နောက်ကျလို့ အချိန်နောက်ဆုတ်ရလည်း ဖြစ်တယ် ။ မနက်ဖြန် ဖွင့်ပွဲကို မင်းပါမှ လုပ်မှာ အချစ်လေး "


အဆက်မပြတ် တုန်ခါနေခဲ့သော ဖုန်းကလေးသည်လည်း မိနစ်ပိုင်းတစ်ခုအကြာမှာတော့ ဇွဲလျှော့သွားခဲ့‌ဟန်ရှိသည် ။ ၁၂ နာရီ ၅ မိနစ် သို့ ရောက်သည့်တိုင် အခန်းတွင်း အပူချိန်မဲ့ကာ အေးစက်နေမြဲပင် ။


မီးဖိုချောင်စားပွဲမှာ ရှုပ်ပွနေသော ပါဝင်ပစ္စည်းများကို ရှင်းပစ်ဖို့ ဒေါ်ကြီးကို ‌ပြောရဦးမည် ။ မေမေ့လက်ထဲတွင် ကြေမွသွားသော သူ့ခံစားချက်တွေကို တစ်သက်လုံး သိမ်းဆည်းထားဖို့ ပြင်ဆင်ရဦးမည် ။ ပိုလာရွိုက်ပုံလေးများကို မေမေ ဖျက်စီးပစ်ဖို့ သတိမရခင်မှာ အကုန် သိမ်းထားရဦးမည် ။

နှစ်တိုင်း ၁၂ နာရီ အတိ မွေးနေ့ဆု‌တောင်းပေးသော ကတိကို ပထမဆုံးအကြိမ် ဖျက်ခဲ့မိသူမို့ နှစ်စဉ် မတ်လ ၁၉ ရက်‌နေ့ ညတိုင်းမှာ အိပ်ဆေးသောက်အိပ်ဖို့ ကြိုးစားရဦးမည်ပေါ့ ။


" ဒီအရွယ်မှာ ဒီလိုပဲ ဖြစ်တတ်တယ် ၊ အခုကတည်းကတားထားမှ တော်ကာကျမှာပေါ့ အချစ်လေးရဲ့ ။ မေမေက မင်းကောင်းဖို့ လုပ်တာပါ ၊ မဟုတ်ရင် မင်းအဖေလို မေမေ မျက်ရည်ကျရအောင် မင်း လုပ်မိတော့မှာ "


ဆုံးဖြတ်ချက် ပြောင်းမည့်အရိပ်အယောင် ဟူသည် မေမေ့မျက်နှာတွင် ရှာမတွေ့ခဲ့ ။

မေမေ ကျက်မှတ်ထားသော အယူဝါဒသည် သူမ ကိုယ်တိုင်မှ ပြောင်းလဲဖို့ မကြိုးစားပါလျှင် သက်ဆုံးတိုင် ပြင်ရခက်သော အစွဲများ ဖြစ်နေတော့လည်း တရားမျှတမှု မရှိပေမဲ့ လက်ခံဖို့ရာကလွဲ ဂယူ လုပ်နိုင်သည်က ဘာထပ်ရှိပါဦးမလဲ ။

ယူဂျင်းက ထို အနုပညာတက္ကသိုလ်ကို ဝင်နိုင်ဖို့ ဘယ်လောက် ကြိုးစားနေခဲ့ရသလဲ ‌ဂယူ အသိဆုံး ။

ချစ်သော ကောင်လေး၏ အိပ်မက်တစ်ခုလုံးကို သူ၏ ဆန္ဒတစ်ခုကြောင့်နှင့် မေမေက ရိုက်ချပစ်တော့မည်တဲ့လေ ။ ဂယူ့မှာ ရွေးချယ်စရာရော ရှိခဲ့ပါသလား ။ ထိုကောင်လေး သူ့ကြောင့် ဒုက္ခရောက်ရတော့မှာကို မဆိုင်သလို မျက်ကွယ်ပြုရလောက်သည်အထိ မိုက်ရူးရဲ မဆန်နိုင်ပါ ။ အနည်းဆုံးတော့ သည်တစ်ခါမှာရော သူ့ရွေးချယ်မှုတွေ မှန်ကန်နေဆဲပဲ မဟုတ်လားဟင် ။ 


🍀


" မနက်ဖြန် အတူသွားဖို့ စီစဉ်ထားတဲ့ သူတွေကို mail ပို့ထားလိုက် ။ ငါ ကားနဲ့ပဲ ကြိုသွားနေပြီလို့ "

" ဟုတ်ကဲ့ "


ဖုန်းနာရီက ဖော်ပြသော ၁၂ နာရီ ၃၀ မိနစ် ဆိုသည့် အချိန်ကြောင့် ဂယူ သက်ပြင်းချလိုက်ရသည် ။ မေမေ့ အိတ်များကို ကားပေါ်သို့ တင်ပေးနေသည့် ဒေါ်ကြီးနှင့် မျက်လုံးချင်းဆုံမိတော့ ဒေါ်ကြီးက ဂယူ ကျောခိုင်းထားသော မျက်နှာချင်းဆိုင်တိုက်ဘက်ကို မသိမသာ လက်ညှိုးထိုးပြသည် ။


" ယူဂျင်း "


သူ ခပ်တိုးတိုး ရွတ်မိသော နာမည်လေး ။


ခြံရှေ့ ကားဘေးတွင် ရစ်သီ ရစ်သီ လုပ်နေသော သူ့ထံ ဝရံတာမှ စိုးရိမ်တကြီး ငေးကြည့်နေသော ကောင်လေးကို မြင်သောအခါ ငိုဖို့ မေ့နေသော သူ့မျက်လုံးများဟာ စတင် ဝေဝါးလာသည် ။


သို့သော် ချက်ချင်းပင် မျက်လုံးအကြည့်လွှဲလိုက်၏ ။ ခြံထဲမှ ပန်းပင်များသို့ ငေးမိငေးရာ လှမ်းငေးမိ‌ပါသော် စိုစွတ်သွားသော မျက်ဝန်းတစ်ဝိုက်ဟာ သူ၏ ပြိုလဲရခြင်းကို သက်သေတည်နေသလို ။ မြေပြင်ပေါ် အတုံးအရုံး သက်ဆင်းသွားသော မျက်ရည်တွေကို လွတ်လပ်စေလိုခြင်းငှာ ခေါင်းကို ငိုက်စိုက်ထားမိသည် ။

ဝမ်းနည်းမှု နှင့် ခံပြင်းမှု၏ အရောအယှက်ဟာ လွန်စွာ ခံရခက်လွန်းသည်မို့ ပေါက်ကွဲထွက်မသွားအောင် ပြန်မျိုသိပ်ထားရ၏ ။ သိပ်မကြာလိုက်ပါ ။ တောင်ပံကျိုးနေသော ငှက်တစ်ကောင်ဟာ ဘယ်လောက် ဝေးဝေးဆီများ ပျံသန်းနိုင်ဦးမှာတဲ့လဲ ။ မျှော်လင့်ထားသော ထောင်ချောက်ကလေးဟာ ဂယူ့ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည် ။

စောင့်ကြည့်ခံရသူအဖို့ ငြင်းဆန်စရာ အကြောင်းအရင်းလည်း မရှိပေတာမို့ သူ့အနေနှင့် ထောင်ချောက်တွင် အဖမ်းခံဖို့သာ ဖြစ်လာခဲ့သည် ။


" ဟယ်လို "

" ကိုကိုတို့ ဘယ်သွားမလို့လဲဟင် "


မွေးနေ့တိုင်း သူနှင့်အတူ ကိတ်မုန့်ခွဲနေကျ ကလေးရယ်မို့ စိတ်လှုပ်ရှားစွာ မေးလာသော အသံဟာ ဂယူ့အား ပိုတိုး၍ ဝမ်းနည်းလာစေသည် ။ 


" မေမေ့အလုပ်ကိစ္စကြောင့် ကိုယ် ခရီး တစ်ခု လိုက်ရလိမ့်မယ် "

ယူဂျင်းရှိရာ အရပ်သို့ တစ်ခါပြန် ကျောခိုင်းရင်း သက်ပြင်းရှည်တစ်ချက်တွင် မျက်ရည်သံကို ရုတ်သိမ်း၍ ဖြေရသည် ။

" အာ .. "

ခဏတော့ တွေဝေသွားဟန်ရှိသည် ။ အာမေဋိတ်စကားလုံးနှင့်အတူ ယူဂျင်းက စက္ကန့်ပိုင်းကလေး ငြိမ်နေပြီးမှ ဘာမှမဖြစ်သလို နောက်တစ်ခွန်းဆိုရှာသည် ။

" လမ်းခရီးမှာ အန္တရာယ်ကင်းပါစေနော် ကိုကို ။ ခရီးက ဝေးလားဟင် ၊ ကျွန်တော် အိမ်မှာ ရှိတဲ့ မုန့်တွေ လာပို့ချင်တယ် ။ ခြံရှေ့ထွက်ယူပေးမလား "

မွေးနေ့ကို ဆုတောင်းပေးဖို့ မေ့နေခဲ့သလား ဟု ယူဂျင်း သူ့ကို မမေးခဲ့ပါ ။ မနက်ဖြန် မွေးနေ့မှာ အရင်တုန်းကလို ကိတ်မုန့်အတူတူ ခွဲဖို့ အဆင်မပြေတော့ဘူးလားဟုလည်း ယူဂျင်း သူ့ကို မမေးခဲ့ပါ ။ ၁၂ အတိ ဆုတောင်းပေးတတ်သော တာဝန်ကို ပျက်ကွယ်ခဲ့သူဖြစ်ပါလျက်နှင့် အပြစ်စကားတစ်ခွန်း မဆိုခဲ့ပါ ။

ထိုစကားတွေအစား သူ့အတွက် လမ်းခရီးအဆင်ပြေစေဖို့ ဆုတောင်းသည် ။ ခရီး ဝေးသလားဟု စိတ်ပူသည် ။ သူ့ကိုယ်သူထက် ဂယူ့ကို ပိုအရေးပေးတတ်သော ထိုကောင်လေးကို ချစ်မိသည့်အတွက် အပြစ်တစ်ခု ဖြစ်ရလေသတဲ့လား ။ 

ထိုကောင်လေးအား ပေါ်ပေါ်ထင်ထင် မြတ်နိုးပိုင်ခွင့် ၊ ချစ်ပိုင်ခွင့် မပေးသော မေမေ့ကို မုန်း၍လည်းမရသလို နားလည်ပေးဖို့ တောင်းဆိုနိုင်ခြင်းလည်းမရှိသော သူ့ဘဝဟာ ဘာကြောင့်များ သည်လောက် မွန်းကျပ်စရာကောင်းနေရသလဲ ။ 


" မယူတော့ဘူး ။ ယူဂျင်း စားဖို့ပဲ သိမ်းထားလိုက်နော် "

" မဟုတ်ပါဘူး ကိုကိုရဲ့ ။ ကျွန်တော် အောက်ဆင်းနေပြီ .. မုန့်က ဘယ်လောက်မှလည်း မများပါဘူးဗျာ "

" ကိုယ် အခု သွားရတော့မှာမလို့ ယူဂျင်း ခြံထဲဆင်းမလာနဲ့တော့ "


သူတို့ကြားတွင် ထပ်မံ တိတ်ဆိတ်သွားရပြန်သည် ။ ဟန်ယူဂျင်းဆိုသော ကလေး၏ စကားကို တော်ရုံ ငြင်းလေမရှိသော ဂယူ့ထံမှ အငြင်းစကားတွေချည်း ဆက်တိုက်ကြားနေရသောအခါ ကောင်လေးက ဘာမှ ဆက်မပြောရဲတော့ပုံရသည် ။


" ယူဂျင်း "

ဖုန်းမချသေးပေမဲ့ ယူဂျင်းက ပြန်မထူးပါ ။ သည်ကလေးလေးသူ့ကို စိတ်ကောက်သွားပြီနှင့်တူပါသည် ။ ဟုတ်ပါသည်လေ ။ ဂယူ့ဘက်က ပျက်ကွက်တာတွေ သိပ်ကို များနေခဲ့ပြီပဲကိုး ။ 


" Happy Birthday "


သူ့ မွေးနေ့ဆုတောင်း စကားလေးအဆုံး တစ်ဖက်မှ တုံ့ပြန်ချက်ကလေးကို ကြားခွင့်မရှိသေးခင်မှာပင် မေမေသည် ဂယူ့လက်ထဲမှ ဖုန်းကို ဆွဲယူသွားသည် ။ သူမ သဘောနှင့် ဖုန်းချလိုက်ပြီးနောက် ဖုန်းကို အိတ်ထဲသို့ ထည့်ကာ ကားပေါ်တက်ဖို့ မျက်လုံး အချက်ပြလာ၏ ။

မာန်တင်းထားသော မေမေ့မျက်နှာကြောင့် မဝံ့မရဲ ဖြစ်နေသည့်တိုင် အရဲစွန့်ကာ တစ်ဖက် ဝရံတာလေးကို တိတ်တခိုးလှမ်းမျှော်ကြည့်လိုက်ပါသော်လည်း ကောင်လေးက ရှိမနေတော့ချေ ။ ကောင်လေးက ပြောခဲ့သည်ပဲလေ ။ သူက ဂယူ့အတွက် မုန့်တွေ အောက်ဆင်းယူမလို့ပါတဲ့လေ ။

သံယောဇဉ်တွယ်မိခြင်းများတွင် ထိုကလေး၏ သူ့အပေါ် အသေးအဖွဲ ကြင်နာမှုနှင့် ဂရုစိုက်မှုကလေးများက ပဓာန ဖြစ်လိမ့်မည် ။ ရုန်းရခက်သော မေတ္တာကြိုးများကို ချက်ချင်းဖြတ်တောက်ဖြစ်ဖို့ ကြိုးစားခိုင်းသည်က ရက်စက်လွန်းရာများ ကျမနေခဲ့ဘူးလားဟု ဂယူ မေမေ့ကို တစ်ခါလောက်ဖြစ်ဖြစ် မေးချင်သည် ။


လူကြီးစကားနားထောင်တတ်သူပေမဲ့ ဂယူ နှင့် ပတ်သက်လာလျှင် ခေါင်းမာတတ်သော ကောင်လေးပင်မို့ ခြံတံခါးလေးကို ဖြည်းဖြည်းတွန်းဖွင့်ရင်း မုန့်ထုတ်ကလေးပိုက်ကာ ရပ်စောင့်နေသော ကောင်လေးကို တွေ့လိုက်ပါသေးသည် ။ မေမေ မမြင်လိုက်တာ ကံကောင်းသည်ဟု ဆိုရမလို ၊ မေမေသာသိရင် ယူဂျင်းကိုပါ မဆီမဆိုင် စွဲချက်တင်ဖို့ ကြိုးစားနေဦးမည်မဟုတ်လား ။


" ကြိုက်တဲ့ မိန်းကလေးနဲ့တွဲ ။ မတူဘူး .. မတန်ဘူးဆိုတာ မရှိဘူး ၊ မင်း အဖေလိုသာ ငါလက်မခံနိုင်တာတွေ မလုပ်စမ်းနဲ့ အချစ်လေးရယ် "


အနက်ရောင်ကားမှန်၏ အပြင်ဘက်တွင် တိုးတိတ်သော သူတို့ရပ်ကွက်၌ မြင့်မားထည်ဝါစွာ ဆောက်လုပ်ထားသော တိုက်အိမ်ကြီးများကို မြင်ရသည် ။ မှန်ကိုသာ ခေါင်း ဖွဖွမှီထားရင်း ကိုက်ခဲစပြုလာသော မျက်ရိုးတစ်လျှောက်ကို လက်ချောင်းများနှင့် နှိပ်နယ်နေမိ၏ ။

အေးစက်သော အဲကွန်းလေကြောင့်သာလား ၊ ခမ်းခြောက်သွားသော ပါးပေါ်မှ မျက်ရည်များကြောင့်သာလားတော့ အတိအကျမသတ်မှတ်နိုင် ။ ပျော့ခွေကာ ချမ်းစိမ့်သွားသော ခန္ဓာတွင် အဘက်ဘက်မှ လစ်ဟာနေသည့် လေဟာနယ်ကြီးတစ်ခု ကြီးစိုးနေသည် ။


ငါးနှစ်တာ အားခဲထားသမျှ လွှတ်ချလိုက်ရသည့်အခိုက်အတန့်ဟာ ထိုမျှ သက်ရောက်မှု ကြီးမားခဲ့၏ ။ သူ လက်လွှတ်လိုက်ရသည်က သာမန် ကိတ်မုန့်တစ်လုံး ၊ စာတစ်စောင်မှ မဟုတ်ပါဘဲ ၊ ယူဂျင်းနှင့် သက်ဆိုင်သမျှအားလုံးကိုသာပင် ။

အေးခဲနေသည့် လက်ချောင်းများကို ဝတ်ထားသော ဟူဒီ အိတ်ကပ်လေးထဲသို့ ထည့်လိုက်ချိန်တွင် အထဲမှာ ပိုလာရွိုက်လေးတစ်ခုရှိနေသည် ။

သွေးရူးသွေးတန်း ထည့်လာမိသော ပိုလာရွိုက်ကလေးအား သူ့ ကိုယ်နှင့် ကွယ်ကာ ကားအမှောင် မမြင်မစမ်းတွင် ခက်ခက်ခဲခဲ ပုံဖော်ကြည့်ရသည် ။ ပုံထဲမှ မင်းသားငယ်လေးကတော့ လက်ကလေး နှစ်ချောင်းထောင်လျက် အပြစ်ကင်းစွာ ပြုံးပြနေရဲ့လေ ။



သည်နေ့တွင် အရာအားလုံး စတင် ခဲ့ပါ၏ ။ ပြိုလဲသွားသော မိသားစု ဆက်ဆံရေးမှသည် အဖျားခတ်လာသော သူ့ အချစ်ရေးထိတိုင် ဂယူဟာ မြေစာပင်ဖြစ်နေဆဲပါပင် ။

ကွယ်ပျောက်သွားသော သူနှင့် ဟန်ယူဂျင်းတို့၏ အနာဂတ် ရှေ့ရေးတွင် ဂယူဟာ ထိုကလေးလေးနားမှာ နေရဖို့ ဘာတွေကိုများ ထပ်မံ စွန့်လွှတ်ရလိမ့်ဦးမည်နည်း ။ သူ ကြောက်ပါသည် ။ ယူဂျင်းမှ မရှိတော့လျှင် လေနှင်ရာလွင့်သော စွန်ကြိုးတစ်ချောင်းလို အဓိပ္ပါယ်မဲ့နေတော့မည့် သူ့ဘဝမှာ အဲသည်ကောင်လေး မရှိတော့ဘဲ ဖြတ်သန်းရမှာကို ကြောက်ပါသည် ။ 


မည်သည့်အချိန်တွင် မည်သည့်နေရာမှာ မည်သို့သော ပုံစံဖြင့် အဆုံးသတ်သွားမည်ကို မည်သူမျှ မသိနိုင်သလို ၊ အဓိပ္ပါယ်မဲ့သော လူတစ်ယောက် ဖြစ်သွားဖို့ မဝေးတော့သည်မို့လေ ။

 

" ကိုယ် မင်းကို ချစ်တယ် ယူဂျင်းရယ် "


စိတ်ထဲတွင်သာ အခါ ထောင်သောင်းမက ရေရွတ်ခဲ့ပြီးသော စကားတစ်ခွန်းကို သူ့ တစ်ကိုယ်စာလေး ကြားရုံသာ ပြောမိသည် ။ မျက်ရည်တို့ဖြင့် လေးလံသွားသော မျက်လုံးအိမ်ကတော့ ထိုကလေး၏ ပုံကို အကြည့်မပြတ်ခဲ့ပါပေ ။


၂၀၁၈ ခုနှစ် ၊ မတ်လ ၂၀ မှာ သူ့ ခံစားချက်တွေကို ယခုလိုမျိုး ယူဂျင်းထံ သေချာပေါက် ဝန်ခံခဲ့ပါရဲ့ လေ ။

ကောင်လေး ကြားနိုင်မှာ မဟုတ်ပေမဲ့လည်းပေါ့ ။

 


" I can't love you in the dark
It feels like we're oceans apart
There is so much space between us
Baby, we're already defeated
Ah-yeah-yeah-yeah-yeah-yeah-yeah-yeah
Everything changed me "

_ Love in the dark , Adele _

ဒီနေ့အပိုင်းကို အရှည်ကြီးသာ ရေးထားပေမဲ့ မရေးတာကြာတော့ သေချာ မရေးလိုက်နိုင်ဘူးထင်လို့ နည်းနည်းပြောပြချင်ပါတယ် ။ ဂယူက ဘာလို့ သူ့မေမေ ပြောတာနဲ့ မငြင်းတော့တာလည်းဆို မငြင်းရဲဘူးဆိုတာထက် ငြင်းဖို့ကိုတောင် မကြိုးစားချင်တဲ့စိတ် ရှိနေလို့ပါ ။ အဲ့တာကို သေချာ မဖော်ပြလိုက်နိုင်မှာစိုးလို့ တစ်ခါပြန်ရှင်းပြတာပါ ။

တော်ရုံဆို အဲ့အရွယ်မှာ အချစ်နဲ့ ပက်သက်လာရင် ရသလောက်တော့ တဇွတ်ထိုးလုပ်ချင်စိတ် ရှိမှာပါပဲ ၊ ငယ်ငယ်ကတည်းက တုန်နေအောင် ကြောက်ရတဲ့ မိဘမျိုးလည်း မဟုတ်တာကိုလေ ။ အဓိကက သူ့မေမေ ရက်စက်ထားတာတွေကို မြင်ထားဖူးတော့ ယူဂျင်းကို ထိခိုက်မှာစိုးတာကြောင့်ပဲ မဟုတ်ပါဘူး ။

ဒီအပိုင်းမှာ ဂယူက ၂၀ ပြည့်ခါစအရွယ် ငယ်သေးတုန်းပေမဲ့ သူ ၂၆ နှစ်အရွယ်မှာကျတော့ ယူဂျင်းကို သူကိုယ်တိုင် ကာကွယ်ပေးမယ်ဆိုတဲ့ စိတ်မျိုး ရှိနိုင်တာပဲလေနော် ။ ဒါပေမဲ့ ဘာကြောင့် ငြိမ်နေတာလဲဆို အသိစိတ်ထဲမှာ အမေနဲ့ စိန်မခေါ်ချင်တာပါ ။ အမေ့ရန်သူမဖြစ်ချင်တာ ၊ အမေနဲ့ ထိပ်တိုက် မတွေ့အောင်ရှောင်တာပါ ။ ဘာလို့ဆို မေမေ့မှာ ဂယူပဲ ရှိတယ်ဆိုတာကို ဂယူပဲ သိလို့ပါ ။ မေမေ့ကို မကောင်းတဲ့အရာတွေထပ်လုပ်မှာကို မမြင်စေချင်တဲ့ သားတစ်ယောက်အနေနဲ့ ကြားညပ်နေရတယ်လို့ပဲ ဆိုရမလားလေ ။ ဒါလေးပဲ ပြောပြချင်လို့ပါရှင် ။

Comment