Chasing Pavements

This whole chapter is only for a fictional purpose. Nothing here is reflected in the respective characters in real life and everything here is based on the author's imagination as well as a work of entertainment.

There's no intolerance towards any religion.




လွန်ခဲ့သော ၁၀ နှစ် ခန့် ။

၂၀၁၃ ခုနှစ် ။

ကျောင်းပိတ်ရက် ၊ အလုပ်ပိတ်ရက် ဖြစ်သော အားလပ်ရက် ဖြစ်သည့်အားလျော်စွာ ဘုရားကျောင်းတက်ရက်လည်းဖြစ်သည့် တနင်္ဂနွေနေ့တွင် Church အတွင်း၌ လူပြတ်တယ်လို့ မရှိချေ ။ 

ဂယူ့အတွက်တော့ ဤဘုရားကျောင်းဝန်းထဲသို့ ဒုတိယ အကြိမ်မြောက် ပြန်လည် ရောက်ဖြစ်ခဲ့ခြင်းဟု ဆိုရပေမည်  ။ လွန်ခဲ့သောနှစ် ၊ ယူဂျင်း ၁၂ နှစ်ပြည့်တုန်းက နှစ်ခြင်းခံမင်္ဂလာပြုခဲ့သည့်ကျောင်းပင်မို့ ဂယူ ထိုတစ်ခါက ပထမဆုံးအကြိမ် ရောက်ခဲ့ခြင်းဖြစ်သည် ။ 

အဲသည်ကတည်းက တစ်နှစ်ကြာပြီးမှ ပြန်ရောက်လာခဲ့သော်လည်း ဘုရားကျောင်းလေးဟာ မည်သို့မှ  ပြောင်းလဲသွားခြင်းမရှိခဲ့ ။ သူ့ နဂိုအတိုင်း အုံ့ဆိုင်းသော အငွေ့အသက်ကလေးနှင့် တိတ်ဆိတ် အေးချမ်းနေမြဲပါပင် ။ 



" ကိုကို " 


ရေဘူးသွားဝယ်တုန်းလေးခဏ မျက်စိရှေ့က ပျောက်သွားလို့ သူ့နောက်သို့ မမောတမ်း ပြေးလိုက်လာပါသော ယူဂျင်း ။


" ကိုကို့ကို ကျွန်တော် သွားနေကျ အခန်းကြီးထဲ ခေါ်သွားမယ်လို့ဆိုနေ "


နှစ်နှစ်  ဆိုသော ကာလအတွင်း သူကသာ လူပျိုပေါက်အရွယ်ကို ကူးပြောင်းလာခဲ့ပေမဲ့ ဟန်ယူဂျင်းဆိုသည့် ကောင်လေးကတော့ စတွေ့ခါစ ၁၁ နှစ်သားမှာတင် ရပ်တန့်နေခဲ့သည့်နှယ် သူ့မျက်စိထဲ ခပ်သေးသေးကလေးငယ်‌လေးအဖြစ် ကျန်ရှိနေဆဲပါပေ ။ 


" အန်တီရော "


ယူဂျင်းက နှစ်ခါတောင်မတွေးဘဲ ခေါင်းခါပြလေ၏ ။ သည်ကလေး သိပ်ကို ဆော့ချင်ဇောအားကြီးနေမှန်းသိသာပါသည် ။ ဘုရားကျောင်းဆင်းသည်နှင့် အမေကိုပင်မစောင့်တော့ဘဲ သူ့နောက်သို့ ပြေးလိုက်လာတော့သည်ပဲ ။ 


" ဟင် .. အဲ့လို မသိလို့မရဘူးလေ ၊ တကယ်လို့များ ကိုကို့သာ ရှိမနေရင် ယူဂျင်းတစ်ယောက်တည်း မေမေ မရှိဘဲ ဘယ်လိုလုပ်မလဲ " 


ထိုအခါမှ အကောင်ပေါက်လေး ဟန်ယူဂျင်းဟာ ဟီးခနဲ ရယ်ရင်း တစ်နေရာသို့ လက်ညှိုးထိုးပြသည် ။ ညွှန်ပြသော နေရာလေးကို လှမ်းကြည့်တော့လည်း ယူဂျင်း၏ မေမေ ရှိမနေပါ ။ 


" ဘာပဲဖြစ်ဖြစ် အခု ကိုကို ရှိနေတယ်လေ " 


ဟန်ယူဂျင်းဟာ အမှန်ပင် မလွယ်သောကောင်လေး ဖြစ်သည်ပဲ ။ သူက စိတ်ပူလို့ ပြောပေမဲ့ မဖြုံသလို ညစ်ကျယ်ကျယ်လည်း ပြုံးတတ်သေး၏ ။ သို့ပေမဲ့ ၁၃ နှစ်သားကလေး၏ မစုံလင်သေးသော သွားတစ်ချောင်းစာ ပြတင်းပေါက်ကလေးဟာတော့ ထင်းလို့ရယ်ပါ ။ 

အကြီးကို နောက်ပြောင်နေသော ကလေးလေးအား ဂယူ အသည်းယားသွား၍ ဖောင်းအိနေသော ပါးတုန်တုန်လေးကိုသာ ဖွဖွဆွဲလိုက်သည် ။ 

ထို့အခါ ဖြူဖွေးနေသော ယုန်သွားကလေးများနှင့် ချစ်စရာကောင်းစွာ ထပ်ရယ်ပြလာသောပေါက်စလေးဟာ ဘာကိုမှ ဂရုမစိုက်သလိုနှင့် သူ့လက်ကို လာဆွဲပြီး တစ်နေရာသို့ ထွက်သွားမည့်ဟန် ပြင်နေပါသည် ။


သူ ထိုကလေးလေးအပေါ် ဘယ်လောက်တောင်မှ အလိုလိုက် အလျှော့ပေးထားမိသလဲ ဆိုတာ သည်မှာတင် သက်သေ ။ သူတို့ ခင်တာ ၂ နှစ်ကျော်သာ ကြာဦးမည်ပေါ့ ။ ထိုအချိန်လေးအတွင်းမှာပဲ ယူဂျင်းက သူ့ကိုဆို လုံးဝ မကြောက်တော့ဘဲ ဟန်ဆောင်ပြီး ဆူပူလိုက်လျှင်တောင် ပြုံးစိစိသာ လုပ်တတ်တော့သည် ။ နောက်ဆုံးမှာတော့ သူ လုပ်ချင်တာမှန်သမျှ ဂယူက ဦးစားပေး လိုက်လျောမယ်ဆိုတာကို သိနေလို့လည်း ယခုလို ယုန်ဆိုးလေး ဖြစ်နေရခြင်းပါပင် ။ 


အင်းပေါ့လေ .. တတ်နိုင်တုန်းတော့ လုပ်ထားဦးပေါ့ ဟန်ယူဂျင်းလေးရာ ။ 


" ခဏလေးနော် .. အန်တီ့ကို ရှာရမယ်လေ ၊ တော်ကြာ စိတ်ပူနေအုံးမယ် "


နောက်ဆုံးတော့ လူကြီးတစ်ယောက်နီးပါး အရပ်မြင့်လာပြီဖြစ်သော ဂယူက လူကြီးတွေကြားထဲမှာ ယူဂျင်း၏ မေမေကို ရှာတွေ့ခဲ့ချေပြီဖြစ်သည် ။ သူမက နေအကွယ်သစ်ပင်ရိပ်မှာ စစ်စတာကြီးတစ်ဦးနှင့် စကားပြောနေခဲ့၏ ။ 

သူမကို မနှောင့်ယှက်ချင်တာမို့ ထိုကလေးကို သူသာ ထိန်းပေးဖို့ ဆုံးဖြတ်လိုက်တော့သည် ။ အန်တီကလည်း သူ့ကို ယုံလို့သာ ယူဂျင်းလေးကို စိတ်ချထားခဲ့သည်မဟုတ်ပါလား ။ 

ဒါ့အပြင် သည် အလုပ်က သူကိုယ်တိုင်လည်း လိုလိုလားလား ဆန္ဒရှိခဲ့သော အရာတစ်ခုဖြစ်သည်ပဲလေ ။ ယူဂျင်းနှင့် အတူတူရှိနေလျှင် ဂယူ့အတွက်တော့ စိတ်ညစ်စရာတွေ အလိုလို ပျောက်ဆုံးသွားတတ်သည် ။ ၁၆ နှစ်ဝန်းကျင် သူ့အရွယ် အထက်တန်းကျောင်းသား လူငယ်အများစုမှာ စိတ်ပင်ပန်းစရာတွေရှိတတ်တာက ထုံးစံပါပင် ။ သူ လေ့လာရသလောက်တော့ ထိုသူတွေအတွက် စိတ်ပင်ပန်းစရာအများစုဟာ ကျောင်းစာ ၊ သူငယ်ချင်း ပြဿနာ ၊ အချစ်ရေးရာ စသဖြင့်ပေါ့ ။ 

သူ့အဖို့က အဲသည်အရာတွေမှာ ပြဿနာကင်းသလောက် လူတိုင်း ခုံမင်သော နေရာတွင် ပြဿနာ အကြီးကြီး ရှိနေသည် ။ လူတိုင်းအတွက် စိတ်လုံခြုံမှု အပေးနိုင်ဆုံး ၊ ဘယ်အချိန်ဖြစ်ဖြစ် အကောင်းဆုံး ၊ အနွေးထွေးဆုံး နေရာတစ်ခုဟု ယူဆထားသော ' အိမ် ' ဆိုသည့် နေရာတွင် သူ့ ပြဿနာတွေ အားလုံး စုပြုံနေသည် ။ 


လူတိုင်းအတွက် အဖိုးတန်ဆုံးလူနှစ်ယောက်ဖြစ်သည့် မိဘနှစ်ပါးထံမှာ သူ့စိတ်ညစ်စရာတွေ ဖြစ်တည်နေရသတဲ့လေ ။ သဘာဝ မကျလွန်းဘူး မဟုတ်လား ။ သို့ပေမဲ့ ခါးသီးချင်စရာကောင်းစွာ မှန်ကန်နေခဲ့ပါသည် ။ 


ဒါဟာ ဂယူဘင်းဆိုသည့် သူ့အဖို့ ၁၆ နှစ်လုံး ကြုံတွေ့ခဲ့ရသော ဘဝအစိတ်အပိုင်းဟု ဆိုရမည်ပေါ့ ။ အဲသည်လို နေထိုင်လာရင်း အသက် ၁၄ နှစ်အရွယ်မှာတော့ ကံကောင်းမှုလေးတစ်ခု ပေါ်လာခဲ့သည်လေ ။ ကောင်းကင်က လက်ဆောင် ပေးသနားလိုက်သော စိတ်ချမ်းသာစရာ သုခဘုံသေးသေးလေးတစ်ခုဟု ဆိုရပေမလား ။ 


ထိုလက်ဆောင်လေးဟာ သက်ရှိကောင်လေးတစ်ယောက်ဆိုပေမဲ့ ဂယူ့အတွက်တော့ အဖိုးမဖြတ်နိုင်သော လက်ဆောင်လေး ဖြစ်ပါသည် ။ 


" အဲ့ အခန်းထဲမှာ ‌ကျွန်တော်က ကိုကို့ကို အော်လိုက်ရင် လှိုဏ်ဂူကြီးထဲမှာလို အသံ အကျယ်ကြီး ဖြစ်သွားမှာ ။ စန္ဒရားအကြီးကြီးလည်း ရှိတယ် ၊ ခုံတွေလည်း အများကြီး "


မြို့ထဲမှ ဧရိယာ ကျယ်ဝန်းသည့် ဘုရားကျောင်းမျိုးမဟုတ်ပါဘဲ မြို့ပြင်တော်တော်ရောက်သည်အထိ မောင်းရသော ဘုရားကျောင်း ခပ်သေးသေးက ယူဂျင်းတို့ မိသားစုလာနေကျ နေရာလေးဖြစ်ဟန်ရှိသည် ။ ထို့ကြောင့် ဂယူပင် မပြောနှင့် ၊ ယူဂျင်းအဖို့ပင် အခေါက်ခေါက်အခါခါ လာဖို့ ခဲယဉ်းပေလိမ့်မည် ။ 

သို့ပေမဲ့ သူ့ထက်ဆိုင်လျှင်တော့ အခေါက်ရေများများ ရောက်ဖူးထားသော ယူဂျင်းက သည်နေရာတွင် စီနီယာကျနေသည် ။ ယခုလည်း ထိုကလေးလေးကပဲ ရှေ့ဆောင်လမ်းပြကာ ဘုရားကျောင်း၏ ဘေးဘက်ခြမ်းမှ အဆောင်ငယ်တွေကြားသို့ ဆွဲခေါ်သွားလေသည် ။

ယူဂျင်း၏ လက်ဖဝါးလေးက သူ့လက်တစ်ဆုပ်စာသာ ရှိပေမဲ့ ထိုသေးသေးလေးခေါ်ရာနောက်သို့ မငြင်းဝံ့ဘဲ လိုက်သွားရချေသူက ဂယူသာ ။ 


ဟောင်းနွမ်းသော ကျောင်းအိုကြီးဟု ခေါ်ရလောက်သည့်တိုင် နှစ်ရှည်ကြာပြီဖြစ်သော ခေတ်ဟောင်းအဆောက်အဦတွေရယ်မို့ ကျသလို မြေနေရာကျယ်ပြီး အဆောင်သေးလေးများ တစ်ခုနှင့်တစ်ခုကြားတွင် အကွာအဝေး အတော်လှမ်းသည် ။ 

လူလာနည်းသော အဆောင်များဘက်တွင် သစ်တိုစများ ၊ သစ်ရွက်ခြောက်များ တချို့တလေ ပြန့်ကျဲနေတတ်ပြန်သေး၏ ။ ဟန်ယူဂျင်းလေးကတော့ သည်နေရာမှာ တောတွင်းမုဆိုးကြီးတစ်ဦးလို သွက်လက်စွာ ပြေးလွှားနေသည် ။ ထိုကျေးဇူးရှင်လေး တစ်ခုခုခိုက်မိမှာကို စိတ်မအေးနိုင်ဖြစ်နေရသော ဂယူကတော့ သူတို့၏ ဒီဂရီပတ်ပတ်လည်ကို မျက်စိရှင်ရှင်ထားနေရ၏ ။ 


" အရမ်းဝေးရင်တော့ မသွားဘဲနေရအောင်လား ။ ကိုကိုတို့ကို အန်တီ လိုက်ရှာနေရရင် စိုးရိမ်စရာ ဖြစ်နေမှာ "

" ဟို အဆောင်ကြီးလေ .. သရဲအိမ်ကြီးနဲ့ တူတယ်မလား "


ဪ .. သရဲအိမ်ကြီး ဆိုပါပဲ ။ 


သရဲကားပင် မကြည့်ဖူးသော ကောင်လေးထံမှ သရဲအိမ်ကြီးဆိုသော စကားလုံးကို ကြားလိုက်ရ၍ ဂယူ ရုတ်တရက် ရယ်ချင်သွားသည် ။ 

ယူဂျင်း စိတ်လှုပ်ရှားစွာ လက်ညှိုးညွှန်ပြနေသည်မှာ အဖြူရောင် ဘောင်ကွပ်ထားသော အုတ်ခဲ ၊ အုတ်ကြွပ်နီတို့ဖြင့် ညီညာစွာ စီတန်းဆောက်လုပ်ထားသည့် သာမန် အဆောင်ကြီးတစ်ခုပါပင် ။ အလှမ်းဝေးလို့ ဘုရားကျောင်းတက်သူတွေ လာလေ့မရှိပုံရပြီး တဖြည်းဖြည်း နေရာလွတ်ကြီးတစ်ခု ဖြစ်လာခဲ့ပုံရသည် ။


ကင်မ်ဂယူဘင်းဘဝမှာ ၁၃ နှစ်ကောင်လေး၏ ခေါ်ဆောင်မှုကြောင့် ဘုရားကျောင်းသိုလှောင်ခန်းဆီသို့လည်း ရောက်ဖူးခဲ့လေပြီကိုး ။


" အထဲမှာ လူရှိသားပဲ "


သော့ခတ်ထားမည်ဟု ထင်ထားပေမဲ့ တံခါးဝမှာတော့ သော့မရှိချေ ။ အထဲမှာ လူရှိနေသယောင်လည်း ထင်ရပြန်သည် ။ တံခါးကို လုံးဝ ပိတ်ထားမသလို ၊ ဟာလာဟင်းလင်း ဖွင့်ထားတယ်ရယ်လည်းမဟုတ်ဘဲ လှစ်ခနဲလေး မြင်ရတယ်ဆိုရုံလောက် မဟတဟလေး လုပ်ထားသည် ။


သူတို့ နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် အကဲခတ်လိုက်ရင်း တူညီသော အတွေးတစ်ခု တွေးမိခဲ့သည် ။ ဒါမျိုးဆိုလျှင်တော့ ဂယူကလည်း ထိုကလေးနှင့် နှစ်ခါတိုင်ပင်စရာမလိုဘဲ စိတ်တူကိုယ်တူ ရှိတတ်သည်လေ ။ အထဲသို့ နှစ်ယောက်သား မသိမသာလေး ချောင်းကြည့်လိုက်ကြသည် ။

အဆောင်တွင်းမှာတော့ လူသုံးယောက်သာရှိနေသည် ။ သူထင်ထားသလို မသုံးတော့သည့် ပစ္စည်းအတိုအစတွေပဲ ရှိနေသည်မျိုးတော့မဟုတ် ။ သုံးနေမြဲအတိုင်း သစ်လွင်နေသေးသော YAMAHA စန္ဒရားကြီးတစ်လုံးလည်း ရှိနေခဲ့ပါသည် ။ 

မျက်နှာကျက်မှာ ချိတ်ဆွဲထားသော မီးဆိုင်းတွေကတော့ မသုံးတော့တာ ကြာနေသည့်အလား ဖုန်တထောင်းထောင်း,ထနေသည် ။ သို့ပေမဲ့ နေရောင်ခြည်ကောင်းကောင်းဝင်ရောက်နိုင်အောင် ပြတင်းပေါက်များ ဖွင့်ထားသည်မို့ အတွင်း၌ အဝါရောင်သန်းကာ လင်းနေခဲ့သည် ။ 

သူတို့ နှစ်ဦး လှမ်းချောင်းနေသော ဝင်ပေါက်တံခါး၏ လျှောက်လမ်းအဆုံးတွင် ကျမ်းစာအုပ်ကိုင်ထားသော ဘုန်းတော်ကြီးတစ်ဦးရှိနေခဲ့သည် ။ သူ့ရှေ့တွင်မူ suit ဝတ်ထားသော အမျိုးသားနှစ်ယောက် ယှဉ်တွဲကာ ရပ်နေ၏ ။


" သူတို့တွေ အဲ့တာ ဘာလုပ်နေကြတာလဲ ကိုကို "


အကယ်၍များ ဤအခန်းထဲမှာ ထိုသူတို့ကို အားပေးဂုဏ်ပြုမည့် နှစ်ဖက်မိဘများနှင့် ဧည့်ပရိသတ်အပေါင်းသာရှိနေခဲ့ပါလျှင် ဂယူ ဤ အခြေအနေကို ' အဲ့တာ မင်္ဂလာအခမ်းအနား ကျင်းပနေတာလေ ယူဂျင်း ' ဆိုပြီး ပြန်ဖြေခဲ့မိမှာ အမှန်ပင် ။


ဘုန်းတော်ကြီး ရွတ်နေသော စကားများကိုတော့ သူတို့ နှစ်ယောက် ကွဲကွဲပြားပြားမကြားရပေ ။ ယူဂျင်းက ဘုရားကျောင်း မင်္ဂလာဆောင်ကို ယခုမှ ပထမဆုံး မြင်ဖူးပုံရပါသည် ။ သူ့ ရင်ခွင်ထဲတွင် ခေါင်းလေး ပြူတစ်ပြူတစ်လုပ်ကာ စူးစမ်းနေခဲ့တော့၏ ။ သူကတော့ ယူဂျင်းအနောက်မှာသာ ရပ်နေပြီး အကဲခတ်နေမိသည် ။


ခဏအကြာတွင် ထိုအမျိုးသားနှစ်ယောက် အချင်းချင်းပူးကပ်ပြီး နမ်းကြတော့မည့်ဟန်ပြင်သောအခါ ယူဂျင်း၏ မျက်လုံးနှစ်ဖက်ကို လက်ဖြင့် အလျင်စလို ကာလိုက်မိသည် ။ သူ့စိတ်ထဲမှာတော့ ဟန်ယူဂျင်းလေးဟာ ဘယ်အချိန်မဆို ကလေးတစ်ယောက်သာ ဖြစ်နေဦးမည်မို့ အသက်ပြည့်သွားလျှင်တောင် ဒါတွေ ပေးမြင်ဖို့ စိတ်မချဖြစ်နေမိဦးမည်ထင်ပါသည် ။


" အား !! ကိုကို ဘာလို့ ကာထားတာလဲ "


ယူဂျင်း၏ အသံစူးစူးကြောင့် အဆောင်ထဲမှ လူများ၏ မျက်လုံးအစုံသည် သူတို့ထံသို့ တည့်တည့်မတ်မတ် ရောက်ရှိလာသည် ။ ရုတ်တရက်ရယ်မို့ ရှောင်ပြေးဖို့အတွေးကသာ ခေါင်းထဲဝင်လာ၏ ။ ပွဲဖျက်သူတွေလို့ အထင်မခံချင်စိတ်ကသာ အစိုးရနေသည် ။ 

သူ တစ်ယောက်တည်းဆို ဘာမှမဖြစ်ပေမဲ့ ယူဂျင်း လည်း ပါနေတော့ ကလေးတွေ ဆော့တယ်ဆိုပြီး ဆူကြမှာကို မလိုချင်ရုံပါပင် ။ မအားလပ်သော လူကြီးတွေထံမှ အာရုံစိုက်ခံရလျှင်လည်း ကောင်းနိုင်စရာအကြောင်းမှမရှိပါဘဲလေ ။


သည်တစ်ခါတော့ ယူဂျင်း လက်ကို ဆွဲပြေးရသည်က သူကိုယ်တိုင် ဖြစ်လာခဲ့ပါသည် ။ သစ်တိုစများကို သူ့ဖိနပ်နှင့် တတ်နိုင်သလောက် ရှင်းခဲ့ပြီး ယူဂျင်းကို ပွေ့ချီမတတ် အရှိန်နှင့် ပြေးလာခဲ့ကြသည် ။ သူ့ခြေတံရှည်တွေကို မီအောင် ပြေးလိုက်နေရတဲ့ ကလေးကို သနားသောအားဖြင့် ဟိုအဆောင်ကြီးနှင့် နည်းနည်းလှမ်းလာသည်နှင့် အရှိန်ကို လျှော့ပစ်လိုက်၏ ။ ထိုလူကြီးတွေ မင်္ဂလာဆောင်နေတုန်း တန်းလန်းကြီးတော့ သူတို့နောက် ပြေးလိုက်မလာလောက်ပါဘူးလေ ။  


" သူတို့ သုံးယောက်လုံး ကိုကိုတို့ဘက် ကြည့်လာတော့ တကယ် လန့်သွားတာ ။ အဲ့တာမှ သရဲအိမ်လို ခံစားချက်ပဲ "

" ဟီး .. ကိုကိုကလည်း ကြောက်တတ်လိုက်တာ "


ပြေးရလို့ မောနေပုံသာပေါက်ပေမဲ့ အပြုံးမပြတ်သော ကောင်လေးကို ဂယူ့မှာ ဘောင်းဘီအိတ်ကပ်ထဲမှ လက်တစ်လုံးစာ ရေဘူးလေး အသင့်ဖောက်ပေးရသည် ။ သူ့အတွက်တော့ သည်လောက် ပြေးရတယ်ဆိုတာ သွေးပူလေ့ကျင့်ခန်းတောင်မရှိပေမဲ့ အားကစားဝါသနာမပါသော ယူဂျင်းအတွက်တော့ ဤမျှပြေးရုံနှင့် ချွေးတရွှဲရွှဲဖြစ်နေခဲ့လေပြီ ။ 

မိမိ ဝတ်ထားသော အင်္ကျီလက်ရှည်နှင့်သာ ယူဂျင်း၏ နဖူးပေါ်မှ ချွေးစလေးတွေကို သုတ်ပေးနေမိတော့ ကောင်လေးဟာ ပိုပြီး ပြုံးပျော်လို့ရယ် ။ 

ဘယ်လိုလေးမှန်းကို မသိပါဘူး ။ သူ သဘောကျတတ်မှန်းသိလို့လားမသိ ၊ ဟန်ယူဂျင်းဟာ အမြဲတမ်းကို ပြုံးနေတော့သည်ပဲ ။ 


သည်လိုနှင့် ယူဂျင်း မေမေ ရှိနေမည့် ဘုရားကျောင်းဆောင် အရှေ့ဘက်နေရာသို့ သူတို့ ဖြည်းဖြည်း ပြန်လျှောက်လာခဲ့ကြသည် ။ လမ်းတစ်ဝက်တွင် သူ့လက်ထဲတိုးဝင်လာသော ယူဂျင်း၏ လက်ဖဝါးလေးကို အလွတ်မပေးတော့ဘဲ ကျေကျေနပ်နပ် လက်ခံပစ်လိုက်ပါ၏ ။ 


ခဏကြာတော့ ဂယူ့ မျက်လုံးထဲတွင် အစောတုန်းက လက်ထပ်ပွဲကို ထပ်မံမြင်ယောင်လာပြန်သည် ။ အမှန်တော့ ထိုအခြေအနေက ထူးဆန်းနေသည်မဟုတ်ပါလား ။ သူလည်း အထက်တန်းကျောင်းသား ဆိုသော အရွယ်မှာ အချစ် အကြောင်းကို နားလည်သင့်သလောက်နားလည်နေပါပြီ ။ 

သို့ပေမဲ့ သူသိထားသော လက်ထပ်ပွဲအခမ်းအနားဆိုသည်မှာတော့ အမျိုးသားနှင့် အမျိုးသမီးကသာ အဓိက ဇာတ်ဆောင်အဖြစ် ရှိနေခဲ့သည် ။ သူ အမြင် မမှားခဲ့ပေ ။ ယူဂျင်းလည်း သူ မြင်သလို မြင်ခဲ့သည်ပဲ ။ ကလေးကိုတော့ ထိုအကြောင်းတွေ အစမဖော်ချင်တော့ပါ ။ 

ရှေးရိုးစွဲသည်တော့ မဟုတ်ပေမဲ့ သူ တစ်ခါမှ မတွေးကြည့်ဖူးသည့် အချစ်တစ်ခုကို လက်တွေ့မှာ ပထမဆုံး ကြုံတွေ့ဖူးခဲ့သည်မို့ ခေါင်းထဲမှာ အကြာကြီး စွဲကျန်ခဲ့ဟန်ရှိပါသည် ။ ပူပူနွေးနွေးမြင်ခဲ့ရသော အမျိုးသားနှစ်ယောက်၏ လက်ထပ်ပွဲအတွက် ပေါ်လာသော မေးခွန်းတွေဟာ ဆက်တိုက် ။ 


" ယောက်ျား နှစ်ယောက် လက်ထပ်တာကို မြင်ခဲ့ရလို့ ထူးဆန်းနေတာလား "


သူတို့နားသို့ရောက်လာသော ဝတ်ကောင်းစားလှ အမျိုးသမီးကြီးတစ်ဦးကြောင့် ဂယူ ဘာမှ ပြန်မဖြေဖြစ်ပေမဲ့ ယဉ်ကျေးသမှုနှင့် ခေါင်းညိတ်ပြလိုက်ပါသည် ။ ထိုအခါ အမျိုးသမီးက နှုတ်ခမ်းတစ်ဖက်ကွေးကာ ခပ်မဲ့မဲ့ပြုံးလျက် မနှစ်မြို့ဟန် ဖြစ်သွားသည် ။ 


" ဒါ ဘုရားကို ဆန့်ကျင်နေတာ ။ ဘုရားပညတ်ထားတာ ရိုးရိုးလေးပဲ ။ ယောက်ျားရဲ့ နံရိုးရှင်ဟာ မိန်းမပဲ ဖြစ်သင့်သလို မိန်းမရဲ့ နံရိုးရှင်ကလည်း ယောက်ျားပဲ ဖြစ်သင့်တယ် ။ ဒါကြောင့်လည်း အာဒံနဲ့ဧဝကို ဖန်ဆင်းထားခဲ့တာလေ "


သူမ၏ စကားကို ဂယူ ဘဝင်မကျလှပါ ။ သူ့ထက် အများကြီး အသက်ကြီးသော အန်တီတစ်ယောက်ဖြစ်နေ၍သာ ဘာမှ ပြန်မပြောဖြစ်ပေမဲ့ သဘောမကျဘူးဆိုသည့် ခံစားချက်ကြောင့် သူ့မျက်နှာဟာ သိသိသာသာ ပျက်ယွင်းသွားရ၏ ။ စိတ်ထဲမှာလည်း မအီမလည် ဖြစ်သွားပြီး မွန်းကျပ်သွားသလို ရင်ထဲ တကယ် မောဟိုက်လာသည် ။ 

ယူဂျင်းလေးမှာတော့ လူကြီးသူမ၏ စကားကို ငြိမ်၍သာနားထောင်နေပါသည် ။ ကောင်လေးခမျာ ဆိုလိုရင်းကို နားလည်ပုံမပေါ်လို့ ထွေထွေထူးထူးမတုံ့ပြန်ပေမဲ့ ဂယူ့အတွက်တော့ သူစိမ်းအမျိုးသမီး၏ စကားတွေက မေးခွန်းတွေ ပြည့်နှက်နေပြီးသား သူ့စိတ်အစဉ်ကို ပိုလို့တောင် ရှုပ်ထွေးလာစေသည် ။

နွမ်းလျသွားသော သူ့မျက်နှာကို မြင်တော့ အန်တီကြီးက မျက်ခုံးများပင့်ကာ နှုတ်ခမ်းကို ပိုမဲ့သည် ။ ထို့နောက် ခေါင်းတညိတ်ညိတ်လုပ်ရင်း ယူဂျင်းကိုပါ မသတီသလို တစ်ချက် ကြည့်လာ၍ သူ ဒေါသ ထောင်းခနဲ ထွက်လာသည် ။


" သူငယ်ချင်းလား ။ ညီလေးလား "

" အန်တီ သိစရာမလိုဘူးထင်တယ် ။ ကျွန်တော်တို့ကို ခွင့်ပြုပါအုံး .. ဒီလောက်နဲ့ပဲ "


---


နေလုံးသည် တဖြည်းဖြည်း အားကောင်းစပြုလာပြီ ။ မနက်ဝေလီဝေလင်းမှ စထွက်လာခဲ့သော သူတို့က ၁၀ နာရီ ဝန်းကျင်မှ ဘုရားကျောင်းသို့ ရောက်ခဲ့သည်လေ ။ ယနေ့က အမှန်တော့ ယူဂျင်းဘိုးဘိုး၏  နှစ်ပတ်လည်မို့ တနင်္ဂနွေနေ့လည်း ဖြစ်၍ ဒါနပြုရန် ရောက်လာခဲ့ခြင်းဖြစ်ပါသည် ။ 

တစ်မနက်ခင်းလုံး ကြည်လင်အေးချမ်းနေသော စိတ်မှာ အခုမှပဲ ညစ်ထွေးသွားရချေပြီမို့ ဂယူ့မျက်နှာက ကြာလေ ၊ ခပ်တင်းတင်းဖြစ်လာလေပင် ။ 


" ကိုကို "


မရဲတရဲ ခေါ်သော ယူဂျင်းက သူ့လက်ကိုတော့ မဖြုတ်ပစ်သေးဘဲ မထိတထိလေး ဆုပ်ကိုင်ထားရှာသေးသည် ။ သူ့ မျက်နှာ တည်နေတာမြင်ရင် မနေတတ်သော ကောင်လေးရယ်မို့ ကြောက်လန့်သွားဟန်ရှိပါသည် ။ 

ပုလဲနက်တွေလို လုံးဝန်းတောက်ပနေသော မျက်လုံးများနှင့် အားငယ်စွာ ခေါ်လာလေတော့ ဂယူ့ ရင်ထဲ ကရုဏာသက်ရပြန်ပါ၏ ။ သူ မျက်နှာကို ချက်ချင်း ပြင်ပြီး ခပ်အေးအေး ပြုံးပြလိုက်ရသည် ။ ဘာမှမသက်ဆိုင်သော ယူဂျင်းကတော့ စိတ်ညစ်သွားဖို့မလိုပါဘဲလေ ။


" အပြန်မှာ ရေခဲမုန့်စားချင်လား "


လက်ကို ကလေးတွေဆော့သလို လွှဲရင်းမေးလိုက်တော့ ယူဂျင်းက သူ့ကို ငေးမော့ကြည့်လာသည် ။ သည်အရွယ်လေးနှင့် ဂယူ့မျက်နှာကို ဘာသာပြန်ဖို့ ကြိုးစားနေတတ်သည့် ကလေးလေးကို သူ ခင်တွယ်မိတာ မှားသလား ။ လမင်းစန္ဒာလို အေးမြသော ယူဂျင်း၏ မျက်နှာကို သူကြာကြာ မကြည့်နိုင် ။ ရုတ်တရက် ဖြစ်သွားတတ်သော ရင်ထဲမှ တုန်ခါမှု အငွေ့အသက်ကို အသားမကျသေးတာကြောင့် ဖြစ်ရမည် ။


သည် ခံစားချက်က ယခုနှစ်မှာ ပိုဆိုးလာသလိုပင် ။ ယူဂျင်းနှင့် အတူရှိနေတုန်းမှာလည်း မကြာခဏ ရင်ထဲမှာ တုန်လှုပ်နေတတ်သည် ။ တစ်ခါတလေများဆို အရူးတစ်ယောက်သဖွယ် စိတ်ကစဉ့်ကလျားလည်း ဖြစ်တတ်သေး၏ ။ သူဟာ ဖွံ့ဖြိုးဆဲ အရွယ်ပင်မို့ နှလုံးခုန်နှုန်းကို အဆိပ်အတောက်ဖြစ်စေသည့် ဟော်မုန်းတွေများ ထုတ်နေမိသလား ဆိုသော ကြောင်တောင်တောင် အတွေးတွေတွေးမိသည် အထိပင် ။


" စတော်ဘယ်ရီ နဲ့ ဗနီလာရောမှာ "


ယူဂျင်းဆီမှ တိုးတိုးလေး ထွက်လာသော အဖြေစကား ။ နောက်ပြီး ဂယူ့ကို မော့ကြည့်ရတာ ညောင်းသွားသည်ထင်၏ ။ ခေါင်းကို ငုံ့ပြီး နည်းနည်း ညိုညစ်သွားသော သူ့ဖိနပ်ထိပ်တွေကို ကြည့်နေသည် ။ အပြုအမူ စက္ကန့်ပိုင်းလေးကအစ ချစ်စရာကောင်းလွန်းလို့ ရင်ခွင်ထဲမှာ မြုပ်နေလောက်မည့် အရွယ်အစားလေးကို ပွေ့ဖက်ထွေးပွေ့ထားချင်စိတ်ဟာ တဖွားဖွား ။


" အိုခေ .. ကိုကို ဝယ်ကျွေးမှာပေါ့ ။ အရင်ဆုံး အန်တီ့ဆီသွားရအောင်နော် "


ယခု သူ့လက်ထဲတွင် နူးညံ့စွာ ရစ်နွယ်နေသော အရာလေးဟာ ဂယူ ဘယ်တော့မှ မလွှတ်ပေးချင်ခဲ့သည့် ယူဂျင်း၏ လက်ဖဝါးကလေးဖြစ်ကြောင်း ဝန်ခံရမည် ။

အမျိုးသား နှစ်ယောက်၏ လက်ထပ်ပွဲကို ဦးနှောက်ထဲမှာ တစ်စွန်းတစ်စ ထပ်တွေးမိလေတော့ ရှက်စိတ်ဟု ဆိုနိုင်လောက်မလားမသိ ။ သူ့ပါးတွေ ရှိန်းတိန်းတိန်းဖြစ်သွားတာကို ခံစားမိသည် ။

ထို့နောက်ယူဂျင်းကို တစ်ဖန်ပြန်ကြည့်မိရာ ဘိုဘာစေ့လို ခေါင်းလုံးလုံးလေးကို မြင်လိုက်ပြီးနောက် သူ အမှုမဲ့ အမှတ်မဲ့ ပြုံးလိုက်မိ၏ ။ ပြန်သတိရလိုက်သော တစ်ခဏတွင်မူ သူ့ နှလုံးအိမ်မှာ အဆမတန် ချောက်ချားသွားရလေသည် ။  ထို့နောက် ရုတ်ချည်း နှင်ထုတ်လိုက်ရသော အတွေးတွေဟာ မိမိကိုယ်တိုင်အတွက်ပင် လက်ခံဖို့ ခဲယဉ်းစေသည် ။ 


ဧကန္တ သူ့ဘေးမှာ ရှိနေသော ထိုကလေးကို သူတို့ အရွယ်ရောက်လာတဲ့အခါမှာ အဲသည် အမျိုးသား နှစ်ယောက်လိုမျိုး လက်ထပ်ချင်တယ်လို့ တွေးလိုက်မိတာလား ။ 


မဖြစ်သင့်ပေ ၊ လုံးဝ မဖြစ်သင့်ပါပေ ။ 

ထို့အတူ တစ်ဖန်ပြန် ကြားယောင်လာသော သူစိမ်းတစ်ယောက်၏ စကားလုံး ဆန်းဆန်းတွေ .. ထိုစကားလုံးတွေက သူ့ အတွေးတွေကို အချိန်မလွန်ခင်မှာ တားဆီးဖို့ အသိပေးလိုက်ခြင်းများလား ။ သို့မဟုတ် မပေါ်လွင်သေးသော စိတ်ဆန္ဒတွေကို ကြိုတင်ပြီး ထိုးနှက်လိုက်ခြင်းမျိုး ဖြစ်ပေလိမ့်မလား ။ ဂယူ မဝေခွဲတတ်တော့ပေ ။ 


" ဒါ ဘုရားကို ဆန့်ကျင်နေတာ ။ ဘုရားပညတ်ထားတာ ရိုးရိုးလေးပဲ ။ ယောက်ျားရဲ့ နံရိုးရှင်ဟာ မိန်းမပဲ ဖြစ်သင့်သလို မိန်းမရဲ့ နံရိုးရှင်ကလည်း ယောက်ျားပဲ ဖြစ်သင့်တယ် ။ ဒါကြောင့်လည်း အာဒံနဲ့ဧဝကို ဖန်ဆင်းထားခဲ့တာလေ "


သူ မျက်လုံးများကို အဆုံးစွန်အထိ အားယူမှိတ်ချလိုက်ရင်း ခေါင်းကိုသာ အသေအလဲ ခါယမ်းလိုက်မိသည် ။





➖➖➖


၂၀၂၃ ခုနှစ် ။ 


" မောင် ! အဆင်ပြေရဲ့လား ။ အာရာတို့က ဘရိတ်အုပ်တာ နည်းနည်း များသွားတာပါ ။ မောင်က တအားလန့်သွားတာပဲ "


ညီမဖြစ်သူ ပါသွားသောကားလေး မတော်တဆ ဖြစ်တော့မလို ကြုံခဲ့ရတာကိုတောင် သေချာစိတ်မပူနိုင်ဘဲ သွေးမတော် သားမစပ်သည့် ဂယူ့ကို ပြန်နှစ်သိမ့်နေရသည်က တစ်ခုခုလွဲမှားနေတာတော့ အမှန် ။ 

မမတောင် ဘေးကနေ လှမ်း နှစ်သိမ့်ရတဲ့အထိကိုပင် ထိုမျှ သိသိသာသာ ပုံပျက်နေခဲ့လေသလား ။ အသက်ကို လုရှူနေရသော သူ့အဖို့ မျက်လုံးအိမ်ဟာ စိုစွတ်စပြုနေပြီး စတီယာတိုင်ကို ဖိကိုင်ထားသော လက်များဟာ တဆတ်ဆတ် တုန်ရီလာသည် ။ ဘေးမှာ ဆက်တိုက်စကားပြောပေးနေသော မမ၏ အသံကိုလည်း ကြားသလို ၊ မကြားသလိုနှင့် သူ့အာရုံကတော့ အပြင်ဘက်က ကားတစ်စီးထံမှာ ဖြစ်သည် ။ 


" ကျွန်တော် ဘာမှမဖြစ်ပါဘူး "


ယူဂျင်း ဆီကို သွားချင်တယ်လို့ တောင်းဆိုနေသည့် သူ့ ခန္ဓာကိုယ်ကို ဂယူဟာ ဦးနှောက်ကနေ ပြန်ထိန်း ဖြစ်ခဲ့‌သည် ။ ဘာတွေ တွေးနေလို့ သည်လောက်အထိ ဖြစ်သွားရတာလဲ ။ ဘာလို့ ကိုယ့်အသက်ကိုယ်တောင် ဂရုမစိုက်ချင်ရတာလဲ ။ ဘာလို့လဲ ၊ ဘာကြောင့်လဲ ၊ ဘာဖြစ်လို့လဲ .. ယူဂျင်းကို ပြောချင်သော စကားတွေဟာ သူ့ စိတ်ထဲမှာ ပြည့်ကျပ်နေခဲ့၏ ။ 


ထိုကလေး တစ်ခုခု ဖြစ်သွားမှာကို အကြောက်ဆုံး ဖြစ်သည့် သူ့ စိုးရိမ်စိတ်ကို သည်နှစ်တွေအတွင်းမှာ တတ်နိုင်သလောက် ဖုံးဖိခဲ့ရတာ ဘယ်လောက်များ ခက်ခဲခဲ့သလဲ ၊ ဒါတွေကိုရော မိမိကိုယ်တိုင်ကလွဲလို့ မည်သူကများ သိနိုင်ဦးမည်လဲ ။ ငယ်ငယ်ကတည်းက ထိုကောင်လေးဆီမှာ ဒဏ်ရာ သေးသေးလေး တစ်ခု ဖြစ်သွားမှာကိုတောင် မလိုလားသော သူ့ နှလုံးသားကို မည်သူကများ နားလည်နိုင်ပါလိမ့်မလဲ ။ 

ယူဂျင်းကတော့ မသိစိတ်က ခံစားမိနိုင်မှာပေါ့ ။ အဲသည်လို သိနေလို့သာပဲ သူ့ စိတ်ကို တမင် လာဆွနေသည်မျိုးလား ။ 


" ရေသောက်မလားဟင် ။ ဟိုးတစ်နေ့ကလား မသိ ၊ မောင့်ကားထဲမှာ ရေဘူးအပြာလေးတွေ့လိုက်ပါတယ် "

" ရတယ် ။ ကျွန်တော် မသောက်တော့ဘူး "


ထိုရေဘူး အပြာလေးက သူ ယူဂျင်းကို အထက်တန်းတုန်းက ဝယ်ပေးခဲ့တဲ့ ရေဘူးလေး ။ ဘယ်ရက်တုန်းက ကျန်နေခဲ့လဲ မသိပေမဲ့ နှစ်ကြာသွားတာတောင် သူ့လက်ဆောင်ကို စည်းကမ်းရှိရှိ သုံးနေတုန်းလား ဆိုသော စိတ်နှင့် ကျေနပ်ခဲ့ရသေးသည် ။

ရေဘူးကို လွန်ခဲ့သည့်ရက်တုန်းက ကားထဲမှ ထုတ်ပြီး ဆေးကြောကာ‌ သေချာ သိမ်းထားပြီမို့ သူ့အိပ်ခန်းထဲမှာသာ ရှိနေလောက်မည် ။ မမ တစ်ကားလုံးနှံ့အောင်ရှာလည်း တွေ့မှာ မဟုတ်ပေလို့ သူ ကြိုငြင်းခဲ့ပေမဲ့ မမက ဘာမှမသိဘဲ ရေဘူးကို ဇွဲကြီးကြီးနှင့် ရှာဖွေနေဆဲ ။

တစ်ယောက်တည်း အလုပ်ရှုပ်နေသော သူမကို တားဖို့လည်း အင်အားမရှိတာကြောင့် သည်အတိုင်း လွှတ်ထားလိုက်ရသည် ။ သူ့စိတ်ထဲမှာ ဘာဖြစ်နေသလဲ ပြောပြလို့ကလည်း မဖြစ်ပြန် ။ ဒါတွေအားလုံးက မလိမ်ညာစတမ်း ရှင်းပြချင်တိုင်း ရှင်းပြချင်လို့ရသော ကိစ္စလည်း မဟုတ်ပါဘဲလေ ။ 

ကားထဲမှာ နေရာအနှံ့ လိုက်စစ်ကြည့်နေသော သူမဆီ မျက်လုံးရောက်သွားတတ်သော်လည်း ဂါဝန်ကြောင့် လစ်ဟသွားသော နေရာများကို မြင်မိလျှင် သူကပဲ မနေနိုင်လို့ မျက်နှာလွှဲရပြန်သည် ။


" မရှာနဲ့တော့နော် မမ ။ တကယ် အဆင်ပြေတာမလို့ "


တစ်ဆက်တည်းမှာပင် သူမထံ ဖုန်းတစ်ကောဝင်လာသည် ။ ထိုဖုန်းဟာ သူ့အတွက်တော့ ကယ်တင်ရှင်လို့ ဆိုရပေမည် ။ အာရာက ရှောပင်းမော မဝင်တော့ဘဲ သူမအိမ်ကိုသာ လိုက်တော့မည်ဖြစ်ကြောင်း သတင်းပါးလာတော့မှ အာရုံပြောင်းသွားပြီး ငြိမ်ငြိမ်လေး ပြန်ထိုင်ချေတော့သည် ။


" အဆက်အစပ်မရှိဆိုပေမဲ့ .. ခုမှ သတိရလို့ မောင့်ကို ပြောရအုံးမယ် ။ ရေစက်လို့ပဲဆိုရမလား မသိဘူး ၊ တို့ဒယ်ဒီရဲ့ ဟိုတယ်ကို မောင့်မာမီရဲ့ construction နဲ့ဆောက်တာတဲ့လေ "


ဂယူ ခေါင်းသာညိတ်ပြမိသည် ။ သူမ ပြောသလို အမှန်ပင် မသက်ဆိုင်သော သတင်းတစ်ပုဒ်ဖြစ်ပါသည် ။ သည်လို အချိန်မှာ ကြားရတော့ အပူပေါ် အပူဆင့်သွားသလိုပင် ။ သူသည်လည်း မကြာခင် မေမေ့စီးပွားရေးလုပ်ငန်းတွေမှာ တစ်ပိုင်းတစ်စ ပါဝင်ပက်သက်ရတော့မည်ပဲ ။ မေ့ချင်ယောင်ဆောင်ထားပေမဲ့ မေ့လို့မဖြစ်သော ထိုအမှန်တရားကြီးက မွန်းကျပ်လှသော လက်ရှိလေထုအငွေ့အသက်ကို ပိုမို လောင်မြိုက်စေခဲ့လေသ‌ည် ။ 


" နောက်ပြီး တို့ ကြားတာတော့ ဒယ်ဒီနဲ့ မောင့်မာမီက ရင်းနှီးပြီးသားတဲ့ရှင် ။ အစက လန့်သွားတယ် သိလား ၊ construction တွေ အများကြီးထဲကမှ တိုက်တိုက်ဆိုင်ဆိုင် မောင့် မာမီနဲ့ အဆင်ပြေခဲ့တာဆိုတော့လေ " 


ကားမောင်းနေသည်ကို အခွင့်ကောင်းယူပြီး သူ စကားတစ်ခွန်းမှ ပြန်မပြောခဲ့ချေ ။ ခေါင်းကိုသာ ဆက်တိုက်ညိတ်ပြနေမိသည် ။ 


" ဒယ်ဒီ့ဟိုတယ်က တကယ်တော့ ကြာပါပြီ ။ လွန်ခဲ့တဲ့ .. ၁၄ နှစ်လောက်ကတည်းက ‌ဆောက်ထားတာ ဖြစ်မယ် ။ ဒါပေမဲ့လည်း ထူးဆန်းတာကို ပြောချင်တာပါ ၊ ဒီ စီးပွားရေးနယ်ပယ်လေးက ကျဉ်းကျဉ်းလေးဆိုတာ အမှန်ပဲနော် " 


" အင်း .. ဟုတ်တယ်နော် မမ " 


" အဲ့တုန်းက မောင် ဘယ်နှနှစ်ရှိဦးမလဲ ။ တို့က ၁၄ နှစ် သမီးဆိုတော့ မောင်က ၁၂ နှစ်ပဲ ရှိအုံးမှာပေါ့ "


သွေးပျက်သွားမတတ် ကြောက်လန့်ခဲ့ရသော အခိုက်အတန့်မှ လွတ်မြောက်လာတာ ဘယ်လောက်မှ မကြာသေး ။ ယခုလေးတင် ထပ်စိတ်ညစ်ရပေပြီ ။ 

သူ့ ရင်ထဲက တုန်လှုပ်မှုက အရှင်းငြိမ်သက်သေးတာတောင် မဟုတ်သေးပါ ။ အစောကတည်းက အေးဆေး ဖြစ်နေသော သူမကပဲ သွေးအေးလွန်းနေသည်လား ၊ ဂယူကသာ အကဲပိုနေမိသည်လား မသဲကွဲတော့ပေ ။ မိန်းကလေးတွေ၏ စိတ်ကို သူနားမလည်သေးတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ သူမ အာရာ့အတွက် စိတ်မပူဘူးလားဟုသာ တည့်တိုး မေးလိုက်ချင်ပါတော့သည် ။ 

မမ စကားကို သူ ခေါင်းညိတ်တာ တစ်မျိုးတည်းလုပ်ရင်း ‌ဖြေလာခဲ့သည် ။ ဆက်တိုက်ပြောနေသော သူမ၏ စကားတွေကိုလည်း ဂယူ လိုက်မမီချင်တော့ချေ ။ တစ်ခွန်းတလေတော့ အလိုက်သင့်ပြောပေးနေပေမဲ့ ကားမောင်းရင်းတစ်ဖက် ၊ အာရာတို့ကားအတွက် ရင်ပူရသည်က တစ်မျိုးနှင့် အလွန် ပင်ပန်းလာသည် ။ ဖြစ်နိုင်လျှင် ခဏလောက် အငွေ့‌ပျံပြီးတော့ပဲ ဖြစ်ဖြစ် ပျောက်ကွယ်သွားလိုက်ချင်ပါသည် ။


ကံဆိုးချင်တော့ မီးပွိုင့်နှင့်လည်း ကွက်တိ ကြုံလေသောအခါ ကားပေါ်က ဆင်းပြေးလိုက်ရမလားတောင် စိတ်ကူးမိသေး၏ ။ ကားမောင်းနေလျက်တောင် တရစပ် အပြောခံရလွန်းလို့ နားငြီးနေခဲ့ရသည်မဟုတ်လား ။ မီးပွိုင့်မိတော့ စောင့်နေတုန်း ပြန်မဖြေဖြစ်ရင်‌လည်း မကောင်းပြန်ဘူးလေ ။ 


သို့ပေမဲ့ ကားငြိမ်သွားတုန်းမှာတော့ မမ စကားပြော ခဏရပ်သွားသည် ။ ပိုက်ဆံအိတ်လေးထဲမှ နှုတ်ခမ်းနီတောင့်ကို ထုတ်ဆိုးနေချိန်မှာတော့ သူ့ရင်ထဲက ငြိမ်းချမ်းမှုကို နှိုင်းယှဉ်စရာစကားလုံးပင် မရှိတော့ ။ 


" အာ့ "


မမ၏ အော်သံဟာ သေနတ်ဖောက်သံတစ်ချက်လို ကျယ်လောင်သွားသည် ။ နောက်ကားက လမ်းကြောပြောင်းဖို့ အချက်ပြနေ၍ ရှေ့တိုးပေးနေတုန်းတွင် မရည်ရွယ်ပါဘဲ ဘရိတ်တစ်ချက် ဆောင့်နင်းလိုက်မိလေသော သူ့အပြစ်ဟု ဆိုရမလို ။ ယခုဆို မမ၏ ပါးပေါ်မှာ နှုတ်ခမ်းနီအရာတစ်ချက် စွန်းထင်းနေခဲ့လေပြီ ။  


" ဆောရီး မမ ၊ ကျွန်တော်တို့ ရှေ့ကို နည်းနည်းတိုးမှရမှာမို့ .. "

" မောင် ! မောင် တစ်သျှူး .. တစ်သျှူး မြန်မြန်ပေး ။ အမလေး ! ဒါက waterproof "


ညနေကျရင် သူ့ ခေါင်းတည့်တည့်ကို မီးကြိုးများ ပစ်ချဖို့ ရှိဦးမလားဟု မေးလျှင်တောင် လွန်မည်မထင်ပါ ။မနက်ကတည်းက ပျော်ရွှင်မှုသုည ဖြစ်နေခဲ့သော သူ့ကမ္ဘာတွင် ကံဆိုးမှုဟာ နံပါတ်စဉ်နှင့်များ ရောက်လာသလား ထင်ရအောင် အမှားတွေချည်း ဆက်နေခဲ့သည် ။

အခါခါ လွဲချော်နေသော သူ့ ဘဝကြီးက အသက်ဆက်ရှင်နေလည်း လွဲနေဦးမည့်အတူတူ မိုးကြိုးသာပစ်သွားပါစေဟု ဆုတောင်းလိုက်လျှင်တောင် အမှန်တကယ် ပစ်သွားမည့် အခြေအနေမှာရှိသည် ။





" မဟုတ်ပါဘူး အာရာရယ် ။ နင်‌ ‌အတွေးလွန်နေတာ "

တစ်လမ်းလုံး ဆက်တိုက်ငြင်းလာရသော်လည်း သူ့ခံယူချက်သူ လုံးဝ မပြင်နိုင်ဘူးဆိုသည့် အာရာ့လို လူမျိုးနဲ့ တွေ့တော့ ယူဂျင်းလည်း အရှုံးပေးရတော့ပေမည် ။


အာရာက ယူဂျင်း ကိုကို့ကို သဘောကျနေမှန်း ဘယ်လိုလုပ်ပြီး သိသွားခဲ့တာပါလိမ့် ။


ယူဂျင်းရဲ့ အပြုအမူတွေက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားလောက်တဲ့ အထိ အမူအရာပျက်နေခဲ့လို့လား ။ ဒါမှမဟုတ် အနုပညာ မျက်စိလည်း ရှိသလို အမြင်စူးရှပုံပေါ်ပြီး အရာရာကို ပါဝါမျက်မှန်ကလေး၏ ဘောင်အတွင်းမှ စေ့စပ်စွာ ကြည့်တတ်သော သူငယ်ချင်းမလေး၏ တုနှိုင်းမဲ့စွမ်းရည်ကြောင့်ပင်လား ။


ထိုသာလိကာမလေး သူ့အကြောင်းကို ဘယ်လိုများ ရိပ်မိသွားသလဲကို ယူဂျင်း မသိချင်တော့ပါ ။ အရေးကြီးဆုံးက ခေါင်းခါနေဖို့သာပင် ။ သည်အခြေအနေကြီးဟာ ဘယ်လောက်ပဲ မှန်ကန်နေပါစေ ၊ ငြင်းရမည်ဆိုတာကိုတော့ ယူဂျင်း ကောင်းကောင်းသိပါသည် ။


" ဘာဖြစ်လို့လဲ ငါသိသွားရင် ငါက လိုက်ဖျက်မယ့်ရုပ်ပေါက်လို့လား ။ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတွေထဲကလိုလေ "

" အာ .. မဟုတ်ပါဘူး ။ အဲ့လို မဟုတ်ဘူးလေ "



အငြင်းစကားတစ်ခွန်းကိုသာ သစ္စာရှိရှိ ရွတ်မိရင်း ကားကို သေချာ ဂရုစိုက်မောင်းရသေးသည် ။ အစောကလို ထပ်ဖြစ်လျှင် သည်တစ်ခါတော့ ရဲစခန်းမှာ ရှင်းမှရတော့မည် ။ အကယ်၍များ ' ကိုကိုရှိပါတယ်လေ ' ဆိုသည့်စိတ်နှင့် ထပ်ဖြစ်သွားခဲ့လျှင်တောင် ငယ်ငယ်ကလို ကာကွယ်ပေးတော့ဖို့ မသေချာ ။ လက်ရှိ ကိုကိုက ယူဂျင်းကို ဆူရုံကလွဲလျှင် ဘာမှလုပ်ပေးမည့်ပုံမပေါ်ပါချေ ။ 

ကိုကို့ကားလေး တစ်ဖက်မှာ ထိုးရပ်သွားတာမြင်တော့ ငယ်ငယ်တုန်းကလို သူ့အပေါ် ဂရုတစိုက်ရှိတုန်းပဲလား ၊ အများကြီး စိုးရိမ်သွားလေသလားဟု တွေးမိပြီး စိတ်လှုပ်ရှားသွားခဲ့ရပါသေးသည် ။ ဘေးမှာလည်း အာရာ့စကားကြောင့် မလုံမလဲ ဖြစ်နေရသော စိတ်ကြောင့် မျှော်လင့်ချက်ဟာ နှစ်ဆ တိုးခဲ့ရပါသည် ။ 

သို့ပေမဲ့ ကားမှန်ချကာ တစ်ချက်သာ လှမ်းကြည့်သွားရင်း အာရာ ဘာမှမဖြစ်တာတွေ့တော့ ရှေ့ကနေ ကျော်မောင်းထွက်သွားသည့် ကိုကို့ကြောင့် ဝမ်းနည်းစိတ်တို့ပိုတိုးလာရသည် ။ 

တစ်မနက်လုံးလည်း ကိုကို့မျက်နှာကို ကြုံသလိုလေး ခိုးကြည့်ရရုံတင် လုံလောက်ချင်ယောင် ဆောင်ခဲ့ရသည်မဟုတ်လား ။ အဲသည်လို အခွင့်လေးရဖို့အတွက် ကိုကို့အပေါ် စိတ်မနှစ်ထားတော့သယောင် မျက်နှာဖုံးတပ်ထားခဲ့ရသည်မဟုတ်လား ။ 

ထိုအရာတွေကပင် ယူဂျင်းအတွက် အလွန် ပင်ပန်းစရာကောင်းနေပြီကို သည်လို ထပ်ပြီး လျစ်လျူရှုထားလို့ရကြေးလား ။ ယူဂျင်း စိတ်ဆင်းရဲနေတာတွေ ကိုကို ဘယ်သိမှာလဲ ။ သိဖို့ရော ကြိုးစားမှာတဲ့လား ။ ကိုကိုဟာ ယူဂျင်းကို အရင်လို သံယောဇဉ် မရှိတော့ဘူး ထင်ပါသည် ။ စိတ်ကုန်နေခဲ့ပြီ ထင်ပါသည် ။ 

ယူဂျင်းထက် အရာရာ သာလွန်ပြည့်စုံသော အမျိုးသမီးတစ်ယောက်ကို သူ့ တစ်ဘဝလုံးစာ ပုံအောပေးဖို့ ဆုံးဖြတ်လိုက်ပြီနှင့်တူပါသည် ။ ကိုကို့ဘဝမှာ ယူဂျင်းဟာ မြူမှုန်တစ်မှုန်စာလေးလောက်တောင် အရေးမပါတော့ဟန်ရှိပါသည် ။ 


" ငါ့အစ်မက အစ်ကို ဂယူဘင်းနဲ့ ဘာမှမဖြစ်သေးဘူးနော် .. နင်သိလား "

" ဟမ် "

ကိုယ့်အစ်မအကြောင်းကို စိတ်လွတ်လက်လွတ် ဖောက်သည်ချနေသော အာရာက ယူဂျင်းကို ညာပြောနေဟန်မရှိပါ ။ စိတ်ထဲရှိသည့်အတိုင်း အတည်ပေါက်ပြောနေကြောင်းကို မျက်မှန်အောက်က ရိုးစင်းသော သူမ၏ မျက်လုံးတွေက ဝန်ခံနေသည် ။

ယူဂျင်းအတွက်တော့ ဇဝေဇဝါ ဖြစ်ချင်စရာကောင်းသည် ။ ကိုကို့ဘေးမှာ အီစီကလီ မိန်းကလေးတွေကို ယူဂျင်း အများကြီး တွေ့ဖူးပေမဲ့ အာရာ့အစ်မလို လူသိရှင်ကြား တွဲသွားတွဲလာလုပ်ပြီး အိမ်ကိုပါ ဖိတ်ကြားခံရသူမျိုးတော့ လုံးဝ မရှိခဲ့ဖူးတာမို့ တစ်ချိန်ချိန်မှာ စွန့်လွှတ်ရမည့်လူအပေါ်မှာ မျှော်လင့်ချက်တွေကို တဖြည်းဖြည်း လျှော့ဖို့ တွေးနေခဲ့တာမှ မကြာသေးဘဲကို ။ 


" ငါလည်း တိတိကျကျတော့ မသိဘူး ။ ဒါပေမဲ့ ဒီနေ့ သေချာမေးပေးမယ် ။ ဒါဆို Mall မသွားတော့ဘူး ၊ မမအိမ်ကိုပဲ မောင်းပေးတော့ဟာ ။ ရှေ့ လမ်းမှာ ကွေ့လိုက် .. လမ်းကြောတည့်တည့်ပဲ "


အာရာက စိတ်အားထက်သန်စွာ ပြောနေခဲ့တော့ ယူဂျင်း နည်းနည်း အားတက်ချင်သွားသည် ။


" ငါ ထင်နေတယ် တစ်ခုခုက လိုနေတယ် ။ လိုကို လိုနေတာ .. ဟာတာတာကြီး ဖြစ်နေတယ်လေ ၊ မမသိရင်တော့ ငါ့ကို ဆူမှာပဲ ။ ဒါပေမဲ့ သူတို့က မလိုက်ဘူးလို့ ငါခံစားရတယ် ။ ငါက မမကို သူ့ရည်းစားဟောင်းနဲ့ပဲ သဘောတူနေတုန်း "


သူ့သူငယ်ချင်း သာလိကာမလေး သည်လောက် သဘောကောင်းမယ်မှန်း ကြိုသိခဲ့လျှင် စောစောစီးစီး သူငယ်ချင်းလုပ်ဖြစ်ခဲ့ဖို့ ကောင်းပါသည် ။ ယူဂျင်း နည်းနည်းလေး နောက်ကျသွားသည် ။ တစ်ရက်လောက် စောစီး၍များ သိခွင့်ရခဲ့လျှင် သည်နေ့လို ကိုယ့်ကိုယ်ကိုယ် စိတ်ဒုက္ခပေးပြီး အလွမ်းဆိပ်ကို ကုသဖြစ်မှာမဟုတ်ပေ ။ 


" နင် ဒီလောက် ပွင့်လင်းနေတာ ငါနဲ့ ဘယ်အချိန်ကတည်းက ညီအစ်ကို လုပ်‌ချင်နေတာလဲ အာရာရယ် "

" မဟုတ်ပါဘူး ။ ငါနင့်ကို ကြိုက်တယ်လေ "

" ဟမ် "

ထပ်မံ ဆွံ့အသွားရပြန်သူက ယူဂျင်း ။ အာရာဟာ သူမ စိတ်ကို ခန့်မှန်းရလွယ်မလိုနဲ့ တော်တော်ကို မှန်းရ ခက်သော မိန်းကလေး တစ်ဦးဖြစ်နေခဲ့ပြန်သည် ။

ခေတ်နှင့်အညီ စည်းတွေဘောင်တွေ မထားတတ်ဘဲ အရှိကို အရှိအတိုင်းပြောဆို ဆက်ဆံတတ်သော သူမ၏ အကျင့်ကိုတော့ ယူဂျင်း တကယ် လေးစားသည် ။ အားလည်း အားကျသည် ။ ယူဂျင်းမှာက သိမ်းထားတာတွေ များပေမဲ့ အကုန်လုံးကို ဖွင့်ဟပြဖို့သတ္တိမရှိသူမို့ နောက်ကျသွားခဲ့ရပေါင်းလည်း မနည်းပါပေ ။ ကြေးအများဆုံး အကြွေးတစ်ခုဟာ ၈ နှစ်တောင်ကြာမြင့်ခဲ့ရသည်အထိပင် ။ 



" ယုံတယ်ပေါ့ ဒီကောင်လေး "


မီးပွိုင့်တွင် ကိုကို့ ကားနံပါတ်ကိုတွေ့သောအခါ အာရာ့အသံကို မကြားတော့ဘဲ ကိုယ့်ကမ္ဘာလေးနှင့် ကိုယ် ဖြစ်သွားခဲ့လေသော ယူဂျင်းကို အာရာ ဘယ်လို ထင်နေလောက်မလဲ မပြောတတ်တော့ချေ ။ ယူဂျင်း၏ ပုံစံက အသေးစိတ်ကြည့်လျှင်တော့ ကိုကို့အပေါ်မှာ ရှိနေသည့် သူ့ခံစားချက်တွေက သိသာလွန်းတာထက်ကို ပိုပါသည် ။ ကိုကို့အပေါ်မှာဆို အာရာ့အစ်မပြောခဲ့သလို မျက်လုံးအရောင်တွေ ပြောင်းလဲ သွားတတ်သည်မှာလည်း အမှန်တရား ။ 

ယနေ့ ကျင့်သုံးခဲ့သော ချစ်ရသူကို လျစ်လျူရှုဟန်ဆောင်သည့် ဝိရောဓိနည်းလမ်းမှာတောင် အောင်မြင်သလို ထင်ရပေမဲ့ တာထွက်မှာကတည်းက ရှုံးနိမ့်နေခဲ့သော စိတ်ရင်းကိုတော့ မိမိကိုယ်တိုင်သာ သိသည် ။ 


" တစ်ယောက်ကလည်း ရည်းစားဟောင်းကို move on ဖို့ အသစ်ရှာတာ ။ တစ်ယောက်ကတော့ အင်း .. မသိသေးပါဘူး ။ ဒါပေမဲ့ ငါထင်နေသလိုသာဆို သူတို့ ချစ်သူတွေ မဟုတ်သေးဘူး ။ ဒါကြောင့် ငါ ဒီနေ့ မမဆီသွားပြီး လူကိုယ်တိုင် အတည်ပြု .. "


" နေပါစေ .. အတည်ပြုစရာမလိုတော့ပါဘူး အာရာရယ် "


အာရာက သူ့ ခွန်းတုံ့ပြန်စကားကြောင့် မျက်လုံးများ မှေးကာ နားမလည်ဟန် ဖြစ်သွားသည် ။ သို့သော် ယူဂျင်း မျက်နှာမူ‌ထားသော နေရာကို သူမပါ လိုက်ငေးလေမှ သူတို့ပြန်စစ်ဆေးချင်သည့် သံသယအမှုအခင်းအတွက် မျက်မြင်သက်သေဟာ သူတို့ ကာယကံရှင် နှစ်ယောက်သာ ဖြစ်သွားခဲ့သည့် သဘောပင်ပေါ့ ။


" ဟယ် "


မီးပွိုင့်စောင့်ချိန် စက္ကန့်ပိုင်းလေးကိုတော့ ကိုကိုဟာ စောင့်ဆိုင်းနိုင်ခဲ့ဖို့ ကောင်းပါ၏ ။ ယူဂျင်း၏ကားကို မမြင်မှာစိုး၍ တမင် ရှေ့က ကျော်ပြီး နေရာဦးခဲ့တာကိုလည်း ကိုကို သတိထားမိခဲ့ပုံမပေါ်ပါ ။ အစောတုန်းက အရှိန်နှင့် ဘရိတ်အုပ်မိပေမဲ့ ဘာမှမဖြစ်ကြောင်း ပြောပြပေးချင်သည့်စိတ်ကလည်း အပိုတွေသာ ဖြစ်နေခဲ့သည် ။


ကိုကို့စိတ်ထဲမှာတော့ ဟန်ယူဂျင်းဆိုသည့် သူ့ကို စိတ်ပူဖို့ ဘယ်ရှိနိုင်ပါ့မလဲ ။ မောင်းသူဘေးနေရာက မမကို အုပ်မိုးပြီး အနမ်းပေးဖို့ကသာ ပိုအရေးကြီးနေခဲ့မှာပေါ့ ။ ကိုကို သူ့နေရာသူ ပြန်ရောက်တော့ မှ ယူဂျင်းလှမ်းမြင်လိုက်ရတဲ့ သူမရဲ့ မျက်နှာမှာ နှုတ်ခမ်းတစ်ဝိုက်တွင် နီဆွေးဆွေးအရောင်တချို့ ပေပွ‌လျက်ရှိပြီး သူမက လက်မနှင့် အလျင်အမြန် ဖိသုတ်နေသည် ။


" ငါ သူ့ကို သဘောကျစရာ အကြောင်းတွေ ရှိခဲ့ရင်တောင် အခုချိန်မှာတော့ အားလုံးကို ရပ်တန့်ပစ်ဖို့ပဲ  ကြိုးစားနေတယ် ။ ဒါပေမဲ့ ငါ မလုပ်နိုင်ဘူးဆိုတာလည်း ငါ သိတယ် ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ငါ့ မှတ်ဉာဏ်ထဲမှာ သူ လုံလုံလောက်လောက် ကျန်ရစ်နေခဲ့မယ့် အချိန်ကျရင်တော့ ငါ သူ့ကို ဒီ့ထက်ပိုပြီး ကပ်တွယ်မနေတော့ပါဘူး ။ သူ့ကို သဘောကျတဲ့ အဲ့ဒီ့စိတ်ကို ငါတစ်ယောက်တည်းပဲ သိမ်းထားလိုက်တော့မှာ ။ အဲ့အထိပဲ .. အချိန် ခဏပဲ လိုတော့တယ် "


သူနှင့် နှစ်ခါသာဆုံဖူးသော အာရာ့ရှေ့မှာပါ ယူဂျင်း မျက်ရည်များ ထိန်းမရအောင် ဝေ့သီလာသည် ။ သည် တစ်ခဏလေးအတွင်းမှာပဲ သူ့ ချုပ်တည်းနိုင်စွမ်းတွေ အားလုံး ပြိုလဲသွားခဲ့သလိုပင် ။ ကမ္ဘာ့ဆွဲအား၏ သဘောတရားကို လွန်ဆန်ချင်သော ဆန္ဒဖြင့် ခေါင်းကို မော့ထားမိသည် ။


သူ မျက်ရည်တွေ ကျလာလို့ မဖြစ်ပါ ။ ထပ်ပျော့ညံ့နေလို့ မဖြစ်ပါ ။ ရှေ့လျှောက် သူ့အနားမှာ ကိုကိုမရှိတော့မည့် ရက်တွေက ဘယ်နှရက်လဲ ၊ ဘယ်နှလလဲ ၊ ဘယ်နှနှစ်လဲ ၊ တစ်ဘဝလုံးလား ။ သူ မသိတာလည်း မဟုတ်ဘဲကို ။ 


လိမ်ညာခြင်းတွေထဲမှာ မိမိကိုယ်ကိုယ် လိမ်ညာခြင်းဟာ နာကျင်စရာအကောင်းဆုံး ၊ ခံရအခက်ဆုံး နှင့် ဝမ်းနည်းစရာအကောင်းဆုံးပဲတဲ့လေ ။ ကိုကို သူ့ကို ပြောပြဖူးသော စကားလေးပါပဲ ။ ဒါပေမဲ့ ယူဂျင်း ကိုယ့်ကိုယ်ကိုယ် အကြိမ်ပေါင်းများစွာ လိမ်နေမိတုန်းပဲ ကိုကိုရယ် ။ ကိုကို ဘယ်တော့မှ အဝေးကို ထွက်မသွားပါဘူးလို့ ၊ ယူဂျင်း အနားမှာပဲ အမြဲရှိပေးမှာလို့ ၊ ယူဂျင်းကိုပဲ ချစ်ပေးမှာလို့ ကိုယ့်ကိုယ်ကိုယ် ရူးရူးမိုက်မိုက် လိမ်ညာနေမိတုန်းပါပဲ ။ 


မီးပွိုင့်စောင့်ချိန် စက္ကန့် ၆၀ က သည်နေ့တော့ နာရီ ၆၀ မက ကြာညောင်းသည် ။ မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း အသက်ပြင်းပြင်း ရှူကာ မျက်ရည်ထိန်းနေသည့် သူ့ကို အာရာက သနားသွားလို့ပဲလား မသိ ၊ ဘာစကားမှ ဆက်မပြောဘဲ ဘေးမှာသာ ငြိမ်ငြိမ်လေးထိုင်နေသည် ။

ကိုကိုသာ သူ့ လက်ရှိပုံစံကို မြင်လျှင် ထုံးစံအတိုင်း စူးစူးစိုက်စိုက်ကြည့်ပြီးတော့ မျက်နှာလွှဲ‌သွားလောက်မလား ။ ဟန်ယူဂျင်းက စိတ်ရှုပ်စရာ ကောင်းပါတယ်ဆိုပြီး ပိုလို့တောင် စက်ဆုပ်သွားလေဦးမလား ။ 


" ယူဂျင်းရယ် မငိုပါနဲ့ဟာ ။ နင်ငိုတော့ ငါဘယ်စိတ်ကောင်းမလဲ ။ ငါမှားတာပါ ။ တကယ်ဆို Mall ပဲ သွားလိုက်ရင် အေးဆေးကို "


ဒါဟာ ယူဂျင်းဖို့တော့ ဒုက္ခသံသရာလို့ ဆိုရမလိုပါပင် ။ ယူဂျင်း ကိုကို့ကို ဘာလို့ သည်လောက်အထိ ချစ်မိသွားရသလဲကို သိပ်သိချင်လှပါသည် ။

ငယ်ဘဝ၏ ကောင်းခြင်း ၊ ဆိုးခြင်းတိုင်းမှာ ပါဝင်နေခဲ့ပြီးမှ ယူဂျင်း အဆမတန် တွယ်တာသွားလေခါမှ သူတို့ဟာ ဘယ်တုန်းကမှ လေးလေးနက်နက် သံယောဇဉ်မတွယ်ခဲ့ကြသလို လွယ်လွယ် ဖယ်ထုတ်ပစ်ဖို့ ကြိုးစားပစ်ခြင်းကရော သဘာဝကျသည်ဟု ကိုကိုက ထင်လေသရော့လား ။


ထိုသို့ ဆုံးဖြတ်ထားခဲ့မည်ဆိုလျှင် ကိုကိုဟာ ယူဂျင်းကို အစကတည်းက ကောင်းမပေးဘဲ နေခဲ့သင့်ပါသည် ။ ဂရုမစိုက်ဘဲ နေခဲ့သင့်ပါသည် ။ ဟန်ယူဂျင်းဆိုသည့် ဖြစ်တည်မှုကို အိမ်ရှေ့အိမ်က ကောင်လေး တစ်ယောက်အနေနှင့်သာ သတ်မှတ်ထားခဲ့ပြီး လုံးဝ မပတ်သက်ခဲ့ဘဲ နေခဲ့သင့်ပါသည် ။


" နင့် အမှား မဟုတ်ပါဘူး အာရာရယ် ၊ ဒါပေမဲ့ ဒီနေ့ ငါဖြစ်ခဲ့သမျှကို ငါတို့နှစ်ယောက်ပဲ သိထားလို့ ဖြစ်မလား ။ မျက်နှာပြောင် တိုက်သလို ဖြစ်နေလောက်မလား မသိဘူး ၊ ငါ သူ့ကို နည်းနည်း ထပ်တွေ့ဖို့ လိုသေးတယ် ။ ဒါပေမဲ့ နင့်အစ်မနဲ့ သူနဲ့ ကြားကို ငါဝင်မရှုပ်ဘူးလို့ ကတိပေးပါတယ် "


" အင်းပါ ။ မငိုနဲ့တော့နော် .. တိတ်တော့ ။ စိတ်ကို အေးအေးထား "


သူဟာ မျက်ရည်ထိန်းရာမှာတော့ ဆရာတစ်ဆူဖြစ်လာခဲ့လေပြီကိုး ။ လွန်ခဲ့သော တစ်မိနစ်မပြည့်ခင်လေးမှာပင် မျက်ရည်ဥတို့ ဝဲခိုနေခဲ့သော မျက်လုံးအိမ်သည် ယခုတော့ မိုးဖွဲဖွဲရွာပြီးနောက် ကျန်နေခဲ့သော မြက်ခင်းပြင်လို မစို့မပို့ သာ ကျန်ရစ်ခဲ့ချေတော့သည် ။

ယူဂျင်း ကိုကို့ကို အပြီးတိုင် မေ့ပစ်လိုက်ချင်သည် ။ သို့ရာတွင် ထိုအရာဟာလည်း သူ့အသက်သေဆုံးသွားမှ ဖြစ်နိုင်တော့မည့် စိတ်ကူးတစ်ခုပင်မို့ ကိုကိုဟာ ယူဂျင်း အချစ်ရဆုံး အမှတ်တရ အတိတ်စက်ဝန်း တစ်ခုအဖြစ် ကျန်ရစ်ခဲ့ပြီး ယူဂျင်းကို နာကျင်စေနိုင်သော ပစ္စုပ္ပန်ရပ်ဝန်းတစ်ခုအဖြစ် ဆက်လက်တည်တံ့နေဦးမည် ထင်ပါသည် ။




" Should I give up?
Or should I just keep chasing pavements?
Even if it leads nowhere
Or would it be a waste?
Even If I knew my place, should I leave it there?
Should I give up?
Or should I just keep chasing pavements?
Even if it leads nowhere "

_ Chasing pavements, Adele _


Don't forget to vote for GYUJIN !!!!!

Comment