P_7 (Uni)

အဆုံးအစမရှိတဲ့ ကောင်းကင်ပြာပြာကြီးနဲ့ စိမ်းစိုနေတဲ့ အစိမ်းရောင်လွင်ပြင်ကြီးတစ်ခု၊ ပြီးတော့ ဟိုး အဝေးမှာမြင်နေရတဲ့ မှုန်ဝါးဝါးမြစ်ကလေးတစ်စင်းက သက်ဝင်ပန်းချီကားတစ်ချပ်လိုမျိုးပဲ အရမ်းကို လှပလွန်းတယ်။ ကျွန်တော် ဒီရွာကို ရောက်ပြီးတဲ့နေ့တွေထဲမှာမှ ဒီနေ့ဟာ အလှပဆုံးဖြစ်တယ်။ မြင်ရတာလှပလွန်းလို့ နေပူတာကိုလည်း ကျွန်တော် သတိမမူမိတော့ပါ။

"မြစ်ကိုရောက်ဖို့ ဘယ်လောက်ကြာကြာ လမ်းလျှောက်ရလဲ"

ကျွန်တော်မေးတော့ "တစ်နာရီလောက်ပါပဲ"တဲ့ အမြစ်တော်က ပြန်ဖြေတယ်။ "အင်း.. ဝေးတယ်နော်"လို့
ကျွန်တော်က ထပ်ပြောတော့ အမြစ်တော်က ခေါင်းညိတ်ပြတယ်။ ပြီးတော့ "သူကြီး လျှောက်နိုင်တာသေချာရဲ့လား"တဲ့ သူကပြန်မေးတယ်။

" လျှောက်နိုင်ပါတယ်ကွာ။ ဒါနဲ့ မင်းတို့ရွာမှာ ချမ်းသာတဲ့သူတွေ များလား"

"အင်း။ များတော့များတယ်"

"ဒါဆို ဒီကပြန်ရင် ဒါမှမဟုတ် မနက်ဖြန်ဖြစ်ဖြစ် ငါ့ကို သူတို့အိမ်တွေ လိုက်ပို့စမ်းပါ... ငါ သူတို့နဲ့ စီးပွားရေးအကြောင်းလေး ပြောချင်လို့"

"ဘာစီးပွားရေးတုန်း"

"အင်း... အဲ့ဒါက.."

ကျွန်တော် အမြစ်တော်ကို ကျွန်တော်လုပ်ချင်နေတဲ့ ရေပေးဝေရေးအကြောင်းကို ရှင်းပြလိုက်တယ်။ အမြစ်တော်ကလည်း သေသေချာချာလေး နားထောင်တယ်။ အဲ့ဒါနဲ့ ရွာကိုတိုးတက်အောင်လုပ်ဖို့အတွက် ကျွန်တော်ချထားတဲ့ ပလန်တွေကိုပါ ဆက်ပြီးပြောပြလိုက်တယ်။

"ဘယ်လိုလဲ။ ငါပြောတာ ဖြစ်နိုင်မယ်လို့ မင်းထင်လား"

"မသိဘူး။ ရွာကသူဌေးတွေက ကပ်စေးကုတ်တယ်။ ဒါပေမဲ့ သူကြီးကိုတော့ ကျုပ်တကယ်အံ့သြတယ်သိလား။  အရင်နေ့တွေတုန်းကတော့ လဒ(လင်းတ)မှိုင်,မှိုင်နေပြီး ဒီအကြောင်းတွေကို ဘယ်အချိန်ကများ စဥ်းစားလိုက်တာတုန်း"

"………"

ဒီကောင် စကားပြောရင် ညင်ညင်သာသာလေး မပြောတတ်ဘူးလား? ကျွန်တော်ကဖြင့် သူ့ထက် (၇)နှစ်တောင်ကြီးတဲ့ဟာကို။ စောက်ပျင်းလို့ပြောလိုက်၊ လင်းတလို့ပြောလိုက်နဲ့။ နည်းနည်းလေးမှ ရိုသေမှုမရှိဘူး။

ကဲ.. ထားပါတော့လေ။ အဲ့ဒါက အရေးလည်းမကြီးလှပါဘူး။ တောသားမို့ ရိုင်းတာလို့ပဲ မှတ်လိုက်ပါမယ်။

"မင်း ယုန်နဲ့လိပ်တို့ အပြေးပြိုင်ကြတဲ့ပုံပြင်ကို သိတယ်မဟုတ်လား"

ကျွန်တော်မေးတော့ အမြစ်တော်က ခေါင်းယမ်းပြတယ်။

"ကျောင်းစာမှာ သင်ရတယ်လေကွာ"

"ကျုပ်တို့ရွာမှာ ကျောင်းမရှိဘူး"

"ဟမ်!! ဒါဆို မင်း စာမတတ်ဘူးလား"

"တတ်တယ်။ ဆရာတော်ဘုရားက ရေးတတ်ဖတ်တတ်အောင် သင်ပေးထားတယ်"

"တခြားရွာသူရွာသားတွေကရော"

"သူတို့ကိုလည်း ဆရာတော်ဘုရားက သင်ပေးတယ်"

"ငါ နားလည်ပြီ။ ဒီငါးနှစ်အတွင်းမှာ စာသင်ကျောင်းတစ်ကျောင်း ဖြစ်မြှောက်အောင်လုပ်ပေးမယ်လို့ ငါ မင်းကို ကတိပေးတယ်"

ကျွန်တော်ပြောတော့ အမြစ်တော်က ရယ်တယ်။

"ဘာလဲ။ မယုံတာလား"

"မဟုတ်ပါဘူး။ သူကြီးပြောတာကို ကျုပ် သဘောကျလို့ပါ"

ကျွန်တော် သူပြောတာကို နားမလည်ဘူးဆိုတဲ့သဘောနဲ့ မျက်မှောင်ကုတ်ပြီး ပခုံးတွန့်ပြလိုက်တော့ သူက ခပ်ပြုံးပြုံးမျက်နှာပေးနဲ့ပဲ

"သူကြီးက ကျုပ်ကို ကတိတွေဘာတွေ လာပေးနေတော့လေ... မသိရင် ကျုပ်က သူကြီးအဖေကျနေတာပဲလို့ တွေးမိသွားလို့"

"ငါ-ိုး ... အမြစ်တော် မင်းက ငါ့ထက်ငယ်တယ်နော်"

စိတ်တိုတိုနဲ့ ကျွန်တော်က ပြန်ပြောတော့ အမြစ်တော်က တဟဲဟဲလုပ်နေလေတယ်။ ပြီးမှ ယုန်နဲ့လိပ်တို့ အပြေးပြိုင်တဲ့အကြောင်းပြောပြလေတဲ့... အဲ့ဒါနဲ့ ကျွန်တော် သူ့ကို ငယ်ငယ်ကသင်ခဲ့ဖူးတဲ့ ယုန်နဲ့လိပ်ပုံပြင်ကို ပြောပြရတယ်။

"အဲ့ဒီပုံပြင်ထဲက လိပ်ကလေးလိုပေါ့ကွာ ဇွဲရှိရမယ်လို့ တွေးမိတာနဲ့ ငါလည်း ထလာတော့တာ"

"အင်း။ သူကြီးပုံပြင်က မဆိုးပါဘူး။ လိပ်ကလေးက ဇွဲရှိတယ်။ ဒါပေမဲ့ ကြောက်ချီးပမ်းနော်"

"ဟမ်! ဘာလို့တုန်း"

နားမလည်သလိုမျိုး ကျွန်တော်က ပြန်မေးတော့ လိပ်ရဲ့ အကျွမ်းကျင်ဆုံးအရာက ဘာလဲတဲ့ သူက ထပ်မေးတယ်။

"လိပ်ရဲ့အကျွမ်းကျင်ဆုံးအရာ... ရေငုတ်တာလား"

"ဟုတ်တယ်"

"အဲ့ဒါနဲ့ လိပ်က ငကြောက်ဖြစ်တာနဲ့ ဘာဆိုင်လို့တုန်း"

"အ,ပါ့ သူကြီးရယ်... လိပ်က ရေငုတ်ကျွမ်းနေမှတော့ ယုန်ကနေပြီး 'ဟျောင့်လိပ် မင်းနဲ့ငါ အပြေးပြိုင်မလား'လို့ မေးလာတာနဲ့ လိပ်က 'သတ္တိရှိရင် မင်း ငါနဲ့ ရေငုတ်ပြိုင်မလား'လို့ ပြန်မေးမှာပေါ့ဗျ။ အဲ့လိုပြန်မမေးဘဲ ယုန်ပြောတာကို အေးဆေးလက်ခံလိုက်တယ်ဆိုကတည်းက အဲ့ကောင်ငကြောက်ပဲ။ သူသာ သတ္တိရှိရှိနဲ့ ပြန်မေးခဲ့ရင် အဲ့ဒီအပြေးပြိုင်ပွဲဆိုတာကြီးလည်း ရှိလာစရာ အကြောင်းမရှိတော့ဘူးလေ"

"အေး... မင်းပြောမှစဥ်းစားမိတော့တယ်။ ဟုတ်သားပဲနော်။ သူသာ ရေငုတ်ပြိုင်မယ်လို့ပြောရင် ယုန်က လက်ခံမှာမဟုတ်ဘူး၊ အဲ့မှာ ငြင်းကြခုံကြရင်းနဲ့ အပြေးလည်း ပြိုင်ဖြစ်မှာမဟုတ်တော့ဘူး။ မင်းက ဘယ်ဆိုးလို့လဲ အမြစ်တော်... မင်း အင်္ဂလိပ်စာတွေဘာတွေ သင်ချင်လား။ ငါအားတဲ့အခါတိုင်း သင်ပေးမယ်လေ"

ကျွန်တော်ပြောတော့ ခက်လားတဲ့ ပြန်မေးတယ်။ မခက်ပါဘူး.. အရမ်းလွယ်တာလို့ ကျွန်တော်က ထပ်ပြောလိုက်မှ အင်း၊ သင်မယ်လေတဲ့...

နောက်တော့ ကျွန်တော် အမြစ်တော်နဲ့ ငယ်ငယ်ကသင်ခဲ့ဖူးတဲ့ စင်ဒရဲလားတို့ ပုလွေမှုတ်သမားတို့ စတဲ့ ပုံပြင်တွေအကြောင်းကို ဆက်ပြောဖြစ်တယ်။ စင်ဒရဲလားအကြောင်းပြောတော့ ဒီမင်းသား တော်တော်တုံးတာပဲနော်တဲ့ အမြစ်တော်က ပြောတယ်။ အဲ့ဒါနဲ့ ဘာလို့တုန်းလို့ ကျွန်တော်က ပြန်မေးလိုက်တော့...

"ဖိနပ်က သူ(မ)နဲ့မတော်လို့မှ ကျွတ်ကျနေခဲ့ပါတယ်ဆိုနေ သူက ဖိနပ်နဲ့တော်တဲ့သူကို လိုက်ရှာနေတယ်လေ"

"………"

"မဟုတ်ဘူးအမြစ်တော်ရဲ့ အဲ့ဖိနပ်ကို နတ်သမီးက ဖန်တီးပေးထားတာမို့ သူမနဲ့အကိုက်ပဲ"

"ကိုက်ရင် ဘာလို့ကျွတ်ကျမလဲ"

"………"

"သူကြီး.. ကျုပ်တို့ တစ်ခါတည်း ရေချိုးသွားကြမလား"

"ရေချိုး... အယ် မြစ်ကိုရောက်နေပြီပဲ"

ပြောပြောဆိုဆိုနဲ့ပဲ ကျွန်တော် ကမ်းစပ်ကို အမြန်ပြေးသွားလိုက်တယ်။ ကမ်းစပ်ရောက်တော့ ဝတ်လာတဲ့ဘောင်းဘီရှည်ကို ဒူးအထိခေါက်တင်ပြီး ရေထဲကို ဆင်းတယ်။ မျက်နှာသစ်တယ်။ ပြီးတော့ အမြစ်တော်ကိုခေါ်ဖို့ ကုန်းပေါ်ကို လှည့်ကြည့်လိုက်တယ်ဆိုရင်ပဲ...

"ဟာ... မင်းဘာလုပ်နေတာတုန်း"

အင်္ကျီရော၊ ပုဆိုးပါမကျန် အကုန်ချွတ်နေတဲ့ အမြစ်တော်ကြောင့် ကျွန်တော်လန့်သွားရတယ်။

"ရေချိုးမလို့လေ... သူကြီးရော တစ်ခါတည်း ချိုးလိုက်ပါလား"

"ချိုးတော့ချိုးချင်သားပဲ.. ဒါပေမဲ့ အဝတ်အစားက အပိုပါမလာဘူးလေ"

"တုံးလုံးချိုးလေဗျာ... ကျုပ်လို"

ကျုပ်လိုဆိုပြီး သူ့ကိုယ်သူ လက်ညှိုးညွှန်ပြနေတဲ့ အမြစ်တော်။ ကျွန်တော်က ရယ်ပြီး ခေါင်းယမ်းပြတော့ ဘာလဲ ရှက်လို့လားဆိုပြီး ကိုယ်တုံးလုံးနဲ့ပဲ ကျွန်တော့်အနားကို ရောက်လာပါတယ်။

"ရှက်ရင်ဘောကပ်နဲ့ချိုးလေဗျာ... သူကြီးဘောင်းဘီရှည်အောက်မှာ ဘောကပ်ပါတယ်မလား"

"ဘောကပ်? အတွင်းခံကိုပြောတာလား"

ကျွန်တော့်အမေးကို အမြစ်တော်က ခေါင်းညိတ်ပြတာကြောင့် ကျွန်တော် အတော်လေးကို ရယ်မိပါတော့တယ်။ ဘယ့်နှယ် ဘောကပ်တဲ့လား။ အင်းပေါ့လေ... တကယ်တော့ သူပြောတာလည်း မမှားပါဘူး။ မထူးလည်း အဲ့ဒါက ဘောကပ်ပဲဟာကို...

"အေး... ချိုးတာပေါ့"

မြစ်ထဲ ရေချိုးကြည့်ချင်တာနဲ့ အမြစ်တော်ပြောသလို အတွင်းခံနဲ့ပဲချိုးဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ရေက အတော်လေး ချိုးလို့ကောင်းတယ်။ အေးလည်းအေးပြီး အားရပါးရလည်း ရှိစေတာကြောင့် ကျွန်တော်ပျော်တယ်။

_____***_____

"ဟိုဘက်တိုး... ငါဝိုင်းတွန်းပေးမယ်"

"တစ်ကိုယ်လုံးပေါင်းမှ ထွားတာဆိုလို့ အရပ်ပဲရှိတဲ့လူက ဘာကိုလာပြီး ဝိုင်းတွန်းချင်နေတာတုန်း"

"အမြစ်တော် မင်း..."

"ရှက်မနေပါနဲ့ဗျာ... ကျုပ်သေချာကြည့်တာမဟုတ်ပါဘူး။ ဒီလိုပဲ သူကြီးဘောင်းဘီလဲနေတုန်း မျက်စိကရောက်သွားတာ... လုပ်လုပ် လှည်းပေါ်တက်လိုက် ကြာတယ်။ လမ်းလျှောက်နေရင် ချွေးတွေထွက်ပြီး သူကြီး ပြန်အိုက်နေလိမ့်မယ်"

"………"

"တက်လေဗျာ"

"အေး... မင်းတက်ခိုင်းတာနော်"

"ဟုတ်ပါတယ် တက်ပါ"

သူက အတင်းတက်ခိုင်းနေတော့လည်း ကျွန်တော် ဘာမှ အတွန့်တက်မနေတော့ဘူး။ သူပြောသလို ရေစည်လှည်းပေါ်ပဲ တက်ထိုင်လိုက်တယ်။ မျက်နှာကိုတော့ သူ့ဘက်လှည့်ထားတာပေါ့လေ။ စကားကပြောချင်သေးတာကိုး..

19.7.2022

Comment