အခန်း ၂။ ခင်ဗျား လှည့်ထွက်သွားတယ်!

ထိုသို့ ကြီးမားသည့် ဖြစ်ရပ်ကြီး ဖြစ်ပြီးသည့်နောက်တွင်တော့ ချောင်ယွမ်သည် ယခု အပြင်ထွက်၍ ကျည်ဆန်ကိုက်ရန် ရင်မဆိုင်ရဲ‌ပေ။ ယနေ့သည် ဒီနေရာ၌ သူ၏ပထမဆုံးနေ့ဖြစ်ပြီး သူချိန်ညှိရန်နှင့် လိုက်လျောညီထွေဖြစ်ရန် အချိန်လိုသေးသည်။ သူနေလို့သိပ်မကောင်းသေးဘူးဟု အကြောင်းပြပြီး အခန်းထဲတွင် ပုန်းနေရင်း မုန်တိုင်းကို ရင်ဆိုင်ရန် မနက်ဖြန်ကိုစောင့်ဖို့ ကြံစည်လိုက်တော့သည်။

ချောင်ယွမ်ထပ်ပြီး သေကြောင်းကြံစည်ရန် ကြိုးစာသည်ကို ကြိုတင်ကာကွယ်ရန်အတွက် ယွီသာ့မုန်သည် လွန်ခဲ့သည့် ရက်တွေအတွင်း၌ အခန်းထဲကို စောင့်ကြည့်နေခဲ့သည်။ ဤညလည်း ပုံမှန်အတိုင်း ဖြစ်သော်လည်း ချောင်ယွမ် တကယ်တမ်း နိုးနေခဲ့သည်။ ယွီသာ့မုန်သည် အနည်းငယ်ရှက်သလို ခံစားရပြီး နောက်ဆုံးတွင် သူ၏အခန်းသစ်ဆီသို့ မသွားမီ အိမ်သားအားလုံး အိပ်ရာဝင်သည်အထိ အချိန်ဆွဲနေခဲ့သည်။

"အိမ်မှာ အခန်းပိုမရှိဘူး" ယွီသာ့မုန် ခြောက်ကပ်ကပ်ဖြင့် ရှင်းပြလိုက်သည်။

ချောင်ယွမ်သည် ‌မျက်မှောက်ခေတ်၏ စဉ်းစားပုံနှင့် အတွေးများ၏ လွှမ်းမိုးခြင်း ခံထားရသူဖြစ်သည့်အတွက် ယောက်ျားနှစ်ယောက် အတူအိပ်သည်မှာ လွဲမှားနေသည်ဟု မထင်မိပေ။ ဒီတော့ သူအကြောက်အလန့်ကင်းစွာဖြင့် ဘေးကိုဖယ်လိုက်ပြီး သူ့ဘေးကနေရာကို ပုတ်ကာ ယွီသာ့မုန်ကို ဖိတ်ခေါ်လိုက်သည်။
"ဒီကိုလာ"

ယွီသာ့မုန်မျက်နှာသည် နီရဲသွားပြီး သူ့ခေါင်းကို ငုံ့လိုက်ကာ တိုးတိုးပြောလိုက်သည်။
"ငါကြမ်းပြင်ပေါ်မှာ အိပ်လိုက်ပါ့မယ်"

ချောင်ယွမ် ယွီသာ့မုန် သူ့ဘာသာ ခေါက်တုံ့ခေါက်ပြန်နှင့် အလုပ်ရှုပ်နေသည်ကို ကြည့်နေရင်း သူက အခုကောတစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက်က တစ်ကုတင်တည်း အိပ်ဖို့ မသင့်တော်တာကို သတိရသွားရန် အချိန်တချို့ ကြာသွားခဲ့သည်။ သို့သော် ယွီသာ့မုန် တိတ်ဆိတ်စွာနှင့် အိပ်ရာပြင်ပြီး သူ့ကိုကျောပေးကာ အိပ်လိုက်သည့်အခါတွင်တော့ သူ၏နှလုံးသားထဲတွင် ချဉ်တူးသွားလေသည်။ ယွီသာ့မုန်သည် အမှန်တကယ်ကို ဖြူစင်၍ ပိုကောင်းသည့် လက်ထပ်ခြင်းနှင့် ထိုက်တန်သော်လည်း အဆုံးတွင်တော့ ယခုကဲ့သို့ ကမောက်ကမတွေဖြစ်ကုန်ပြီး မဖော်ပြနိုင်သည့် ခါးသီးခြင်းများလည်း ရရှိလိုက်သည်။

ချောင်ယွမ် တောက်ပသည့်လရောင်အောက်တွင်ပဲ ကုတင်ပေါ်မှဆင်းလိုက်ပြီး ယွီသာ့မုန်၏ ကြမ်းခင်းပေါ်မှ အိပ်ရာဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ ယွီသာ့မုန်၏ မာကျော၍ ထိလို့ကောင်းသည့် လက်မောင်းကို တို့လိုက်သည်။ ချောင်ယွမ် ဂရုတစိုက် မမေးမီ မလွယ်ကူသလို ခံစားရ၍ သူ့နှာခေါင်းကို ထိလိုက်သည်။
"ယွီသာ့မုန် ခင်ဗျား စိတ်ဆိုးနေတာလား?"

ယွီသာ့မုန် ညင်သာစွာ နှာမှုတ်လိုက်ပြီး စောင်ခေါင်းမြီးခြုံလိုက်ကာ ပြန်မဖြေခဲ့ပေ။

ချောင်ယွမ် သူ့နှလုံးသားထဲတွင် မလွယ်ကူသလို ခံစားရ၍ တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ်"

အချိန်အနည်းငယ်အကြာတွင် ယွီသာ့မုန်သည် စောင်အောက်မှ ဖြည်းညင်းစွာဖြင့် ခေါင်းထွက်လာပြီး ရိုးသားစွာ ပြောလိုက်သည်။
"ငါမင်းကို အပြစ်မတင်ပါဘူး"

ပြောပြီးသည့်နောက် သူဒေါသတကြီး ဖြည့်စွက်ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် မင်းက ငါ့ခင်ပွန်းပဲလေ အဲဒီတော့ တကယ့်ကို မနက်ဖြန်အကြောင်း မစဉ်းစားဘဲ ဖြစ်လာသမျှကို ရင်ဆိုင်ရုံပေါ့"
(ဒီနေရာမှာ မူရင်းအော်သာက  当一天,算一天 လို့ သုံးထားပါတယ်။ ကိုယ့်ရဲ့ တရုတ်စာလယ်ဗယ်ကလည်း အခြေခံပဲ ရှိသေးတာမို့ e-trans ကနေ နားလည်သလို ပြန်ထားတာပါ။ မှားနေခဲ့ရင် လာပြောပေးပါနော်။)

ချောင်ယွမ် သူ့ကိုရိုက်မှာ ကြောက်နေသည့်အတိုင်း စောင်အောက်သို့ ခေါင်းအမြန် ပြန်ဝင်သွားတော့သည်။

ချောင်ယွမ် : "..."

အဓိပ္ပာယ် မရှိလိုက်တာ!

လွန်ခဲ့သော ရက်အနည်းငယ်က ထိခိုက်ဒဏ်ရာများကြောင့် သူအလွန်အမင်း အိပ်ခဲ့၍ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဒီညတွင် ချောင်ယွမ် အရမ်းမအိပ်ချင်ခဲ့။ ထိုနေ့၏ အဖြစ်အပျက်များကို တစ်ဖန်ပြန်၍ စဉ်းပြီးနောက်တွင် သူသိလိုက်ရသည်က မျက်မှောက်ခေတ်သို့ သူပြန်မသွားနိုင်တော့ပေ။ ယွီသာ့မုန်အပေါ် သူ၏ပထမဆုံး ထင်မြင်ချက်မှာ အတော်လေးကောင်းပြီး အနာဂတ်တွင် သူတို့ တစ်ယောက်နှင့်တစ်ယောက် ချစ်မိသွားပါက ပို၍ကောင်းလေသည်။

မချစ်မိကြဘူးဆိုလျှင်လည်း သူယွီသာ့မုန်ကို ထားခဲ့ရုံပင်။ ဒီခေတ်တွင် ကောတစ်ယောက်အတွက် လွတ်လပ်စွာ ရပ်တည်ရန်မှာ မလွယ်ကူသော်လည်း ငွေက အရာရာကို ပြုလုပ်နိုင်စွမ်းရှိသည်လေ။ ထို့ကြောင့် သူ့အတွက် အရေးကြီးဆုံးတာဝန်သည် ဒီလုံးဝမရင်းနှီးတဲ့ခေတ်မှာ သူ့ကိုယ်သူ အခြေခိုင်အောင်မလုပ်မီ ငွေရှာရန်ဖြစ်သည်။

မျက်မှောက်ကာလတွင် သူ့မိဘများ စောစီးစွာကွာရှင်းလိုက်ပြီး မည်သူကမျှ သူ့ကို ဂရုမစိုက်၍ သူ့အဘိုးအဘွားတို့နှင့်သာ ကြီးပြင်းခဲ့ရသည်။ သူ့အဘိုးအဘွားများ သေဆုံးပြီးနောက်တွင် ကျောင်းတက်နေစဉ် သူ့ကိုယ်သူထောက်ပံ့ရန် သူ့ဆွေမျိုးတစ်ဦး၏ စားသောက်ဆိုင်တွင် အလုပ်လုပ်ခဲ့ရသည်။  တက္ကသိုလ်တွင် အစားအသောက်သုတေသန ဘာသာရပ်အား လေ့လာခဲ့ပြီး ဂရုတစိုက်ပြင်ဆင်ထားသော အရည်အသွေးမြင့် အစားအစာများကို စိတ်ဝင်စား၍ သူ့ဘာသာ အများအပြားလေ့လာခဲ့သောကြောင့် အလုပ်တွင် ကျွမ်းကျင်လာခဲ့သည်။

ထို့အပြင် မျက်မှောက်ကာလတွင် သာမန်ဖြစ်၍ ရှေးခေတ်ဝတ္ထုများတွင် မရှိသော ပစ္စည်းတချို့ကို စူးစမ်းရှာဖွေခြင်းဖြင့် ငွေရှာရန်လည်း စိတ်ကူးထားသည်။ သို့သော်လည်း ထိုအရာများကို သိရရန် သူကမ္ဘာကြီးကို ထွက်ပြီးကြည့်ရန် လိုအပ်သည်။ သူ့မှတ်ဉာဏ်များထဲတွင် မူလကိုယ်သည် ရွာထဲတွင် ပိတ်လှောင်ခြင်းခံထားရပြီး သူ့အသိပညာနှင့် အတွေ့အကြုံများသည်လည်း ကန့်သတ်ခံထားရလေသည်။

ဟိုဟိုသည်သည်စဉ်းစားပြီးနောက် မူးဝေလာကာ နောက်ဆုံးတွင်တော့ ချောင်ယွမ်အိပ်ပျော်သွားလေတော့သည်။

နောက်တစ်ရက်တွင် တစ်စုံတစ်ယောက်၏ အင်္ကျီဝတ်နေသည့် အသံကြောင့် ချောင်ယွမ်နိုးလာသည်။ သူသည် ယိမ်းယိုင်နေပြီး အပြည့်အဝ မနိုးသေးသောကြောင့် သူ့လို အခုမှနိုးလာပြီး အဝတ်လဲနေသော ယွီသာ့မုန်ကို ငေးကြောင်ကြောင်နှင့် စိုက်ကြည့်နေခဲ့သည်။

တစ်ယောက်ယောက် သူ့ကိုကြည့်နေသည်ဟု ယွီသာ့မုန် ခံစားလိုက်ရသည်။ သူအမှုမဲ့အမှတ်မဲ့ လှည့်ကြည့်လိုက်သောအခါ ချောင်ယွမ်နှင့် အကြည့်ချင်း ဆုံသွားသည်။

ညစ်ညမ်းသွားသည့် အပျိုစင်လေးကဲ့သို့ သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ရန် အဝတ်များကို ဆုပ်ကိုင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ သူရှက်ရွံ့ပြီး ရှင်းလင်းစွာ စကားမပြောနိုင်ခဲ့။
"မင်း... မင်း ဟိုဘက်လှည့်!"

ချောင်ယွမ် ရုတ်တရက် ခေါင်းရှင်းသွားပြီး ကိုးရိုးကားရားနိုင်စွာ သူ့ခန္ဓာကိုယ်ကို လှည့်လိုက်သည်။ သူဘယ်လို ရှင်းပြရပါ့? သူတကယ်ကို အဲ့လိုလုပ်ဖို့ မရည်ရွယ်ခဲ့! သူနိုးလာခါစမို့ အဲဒီအခြေအနေအတိုင်း ရှိနေပြီး အချိန်မီ မတုံ့ပြန်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယွီသာ့မုန်၏ သန်မာကြံ့ခိုင်သော ကိုယ်လုံးကိုယ်ပေါက်ကို သူ့စိတ်ထဲတွင် လုံးဝမမေ့နိုင်ခဲ့။ ကျယ်ပြန့်တဲ့ ပခုံးနဲ့ သူ့လက်မောင်းပေါ်က ပြေပြစ်တဲ့ ကြွက်သားလိုင်းတွေက အတော်လေးကို... ဖြားယောင်းနေတာပဲ...

ယွီသာ့မုန်သည် အဝတ်ကို ပို၍လျင်မြန်စွာ လဲလိုက်ပြီး အခန်းထဲမှ အပြေးအလွှားထွက်သွားပုံမှာ ထွက်ပြေးလွတ်မြောက်သွားသည့် အတိုင်းပင်။

ချောင်ယွမ် ကိုးရိုးကားရားနိုင်စွာ နှာခေါင်းကို ထိလိုက်ပြီး ယွီသာ့မုန်က အတော်လေးတော့ ချစ်စရာကောင်းတယ်ဟု ခံစားလိုက်ရသည်။ သူ့လမ်းမှာ ဘာစိန်ခေါ်မှုပဲလာလာ ရင်ဆိုင်ရမယ်ဆိုတာ သိလိုက်ပြီး အလျင်အမြန်ပဲ သူ့ကိုယ်သူအားပေးကာ အိပ်ရာထလိုက်သည်။

မူလကိုယ်၏မှတ်ဉာဏ်များထဲတွက် သူစေ့စပ်ကြောင်းလမ်းတုန်းက သူ့အဘွားနှင့် အောင်သွယ်တော်တို့ထံမှ ယွီမိသားစုအကြောင်း သတင်းတချို့ သူသိထားလေသည်။

ယွီမိသားစု ဘိုးဘေးများသည် ပန်းပဲဆရာများ ဖြစ်ကြသည်။ ယခင်မင်းဆက်တွင် လက်မှုပညာသည်များသည် လူနေမှု အဆင့်အတန်း နိမ့်ကျကြသည်။ သို့သော်လည်း ယွီသာ့မုန်၏ အဘိုးမျိုးဆက်တွင် သူတို့အတွက် ကြီးမားသောကံကြမ္မာကို သယ်ဆောင်လာပေးသော အင်ပါယာရုံးတော်မှ အဆင့်မြင့်အရာရှိတစ်ဦးအတွက် အဖိုးတန်သော အရာတစ်ခုကို ပြုလုပ်ပေးခဲ့ရသည်။ မူလအတိုင်း သူတို့၏ချမ်းသာခြင်းနှင့် ရိုးရှင်းသောဘဝတွင် နေထိုင်ခြင်းအားဖြင့် မျိုးဆက်များစွာ သက်သောင့်သက်သာ နေထိုင်နိုင်လေသည်။

သို့သော်လည်း ယွီသာ့မုန်၏အဘိုးသည် လုပ်ငန်းကို လွှဲယူပြီးနောက်တွင် မိသားစုစီးပွားရေး ဆုံးရှုံးရရုံသာမက များစွာသော လောင်းကစားကြွေးများလည်း တင်ခဲ့ပြီး ဒုက္ခရောက်စေခဲ့သည်။ ကံကောင်းစွာဖြင့် ယွီသာ့မုန်၏ ဖခင်သည် စွမ်းဆောင်နိုင်ပြီး နှစ်များစွာ ကုန်လွန်ပြီးနောက်တွင် သူသည် လောင်းကစားကြွေးများကို ဖြည်းဖြည်းချင်း ပေးချေနိုင်ရန်အတွက် ကုတ်ကုတ်ကျစ်ကျစ်နှင့် စုဆောင်းခဲ့သည်။ နှစ်သစ်ကူးမတိုင်မီတွင် သူတို့သည် စီရင်စုမြို့တော်တွင် ဆိုင်လေးတစ်ဆိုင်ကို တိတ်တဆိတ် ပိုင်ဆိုင်ခဲ့ပြီး ယခုအခါ ယွီမိသားစု သံထည်အလုပ်ရုံကို မြို့ထဲတွင် ဖွင့်လှစ်ထားလေသည်။

ထို့နောက် ယွီမိသားစုတွင် စုစုပေါင်း ကလေး ၆ ယောက်ရှိပြီး သား ၅ ယောက်နှင့် ကော ၁ ယောက် ဖြစ်သည်။

သားအကြီးဆုံးမှာ ယွီရှန့်ရွှယ်ဖြစ်သည်။ သူအသက် ၁၇ နှစ်အရွယ်တွင် ထုံရှန်းစာမေးပွဲ အောင်မြင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူ့အဘိုးအဘွားများ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားခဲ့သည်။ တာ့ချူ၏ စည်းမျဉ်းများအရ သားသမီးတို့၏ ဝတ္တရားကို ခြောက်နှစ် ဂရုပြုရန်လိုအပ်ပြီး အင်ပါယာစာမေးပွဲအား ဖြေဆိုခွင့်မရှိပေ။ ထို့ကြောင့် သူအင်ပါယာစာမေးပွဲ နှစ်ကြိမ်ကို တစ်ဆက်တည်း လွဲချော်ခဲ့လေသည်။ ယခု သူသည် ၂၅ နှစ်ဖြစ်ပြီး ထုံရှန်းတစ်ယောက်သာ ဖြစ်နေသေးသည်။ သူသည် စီရင်စုမြို့တော်ရှိ ပုဂ္ဂလိကကျောင်းတစ်ခုတွင် ‌စာလေ့လာခဲ့ပြီး စီရင်စုမြို့တော်မှ ကောတစ်ယောက်အား လက်ထပ်ခဲ့သည်။ သို့သော်လည်း ကလေးတစ်ယောက်မျှ မရသေးပေ။
(童生 - tongsheng - ရှေးခေတ်တရုတ်ပြည်တွင် စီရင်စုအဆင့် အင်ပါယာစာမေးပွဲ အောင်မြင်သူအား ခေါ်ဆိုခြင်းဖြစ်သည်။ မင်းမှုထမ်းစနစ်၏ အနိမ့်ဆုံးအဆင့်ဖြစ်သည်။)

ယွီလောင်အာ့က လမ်းဘေးပျံကျဈေးသည်တစ်ယောက် ဖြစ်သည်။ သူသည် အသက် ၂၃ နှစ်ဖြစ်ကာ ယခင်ခင်ပွန်းသည်မိသားစုနှင့် ကွဲနေသော အိမ်နီးချင်းရွာမှ မုဆိုးမတစ်ဦးနှင့် လက်ထပ်ထားသည်။ သူတို့သည် ယွီမိသားစုနှင့် အဆက်အသွယ် မရှိပေ။

ယွီသာ့မုန်သည် တတိယသားဖြစ်ပြီး ယခုနှစ်တွင် ၂၁ နှစ်ပြည့်ကာ ချောင်ယွမ်ထက် ၃ နှစ် ကြီးသည်။

စတုတ္ထနှင့် ပဉ္စမသားတို့သည် အမွှာများဖြစ်ကြကာ ယွီရှန့်ဝမ်နှင့် ယွီရှန့်ဝူဟူ၍ အသီးသီးခေါ်တွင်ကြသည်။ သူတို့သည် ယခုနှစ်တွင် ၁၀ နှစ်ပြည့်ကာ မျောက်ရှုံးအောင် ဆော့သည့် အရွယ်များဖြစ်ကြသည်။
(ဒီနေရာမှာ 猫狗都嫌 - mao gou dou xian - ကြောင်ရော ခွေးရော မကြိုက်တာကို ဖော်ပြတာမို့ အဓိပ္ပာယ် ဆင်တူတယ်ထင်မိတာကို သုံးလိုက်ပါတယ်။ မှားနေရင် လာပြောပေးပါနော်။)

မိသားစုတစ်ခုလုံး၏ မျက်ရှုလေးဖြစ်သည့် ယွီလျိုကတော့ ကောလေးတစ်ယောက်ဖြစ်ပြီး ယခုနှစ်တွင် ၆ နှစ်ဖြစ်လေသည်။

ချောင်ယွမ် အခြေအနေကို အကြမ်းဖျင်းနားလည်လိုက်သည်မှာ အနာဂတ်တွင် ယွီလောင်အာ့အကြောင်းအား အိမ်မှာမပြောမိစေရန်ဖြစ်သည်။

မူလကိုယ်၏မှတ်ဉာဏ်များ သူ့ထံတွင်ရှိသော်လည်း ‌ရှေးခေတ်လူ‌များ၏ ဝတ်စားပုံနှင့် ဆံပင်ပုံစံများကို ချောင်ယွမ် မကျွမ်းကျင်ပေ။ သူ့ကိုယ်သူ သေသေသပ်သပ် ဖြစ်သွားစေရန် အချိန်အကြာကြီးယူ၍ များစွာ အားထုတ်လိုက်ရသည်။

အခန်းထဲမှ သူထွက်ထွက်ချင်း စင်္ကြံတွင် အစောကြီးနိုးနေသော သူ၏ယောက္ခမ လင်ချွေ့ဖန်းနှင့် ဆုံလေသည်။ မင်္ဂလာဦးညတွင် ကြိုးဆွဲချသူမှာ သူမဟုတ်သော်လည်း ယခုတွင်တော့ ဒီခန္ဓာကိုယ်ထဲကို သူရောက်နေသည့်အတွက် အကျိုးဆက်များကို သူသည်းခံရမည်ဖြစ်သည်။ ရှေးခေတ်တွင် ယောက္ခမက ချွေးမကို အရေးယူအပြစ်ပေးရန် လွယ်သည်။ ၎င်းမှာ သားသမီးတို့၏ ဝတ္တရားသည် ပထမဦးစားပေး ဖြစ်သောကြောင့် ချွေးမတို့သည် သည်းခံရုံမှလွဲ၍ ရွေးချယ်စရာ မရှိပေ။

ချောင်ယွမ်သည် ဖိအားနှစ်ဆ ခံစားလိုက်ရကာ အတင်းအကြပ်လုပ်ယူထားသော အပြုံးဖြင့် "အမေ" ဟု ခေါ်လိုက်ကာ သူ(လင်ချွေ့ဖန်း)ကျေနပ်စေရန် ကြိုးစားလိုက်သည်။

လင်ချွေ့ဖန်းက သူ့ကို ချက်ချင်းမတုံ့ပြန်ခဲ့ဘဲ အချိန်တစ်ခဏကြာ သူ့ကို မရပ်မနားကြည့်နေခဲ့သည်။

သူ့အမူအရာက အရင်လောက် မည်းမှောင်‌မနေတော့ဘဲ ခေါင်းညိတ်ပြီး သူ့ကို "အင်း" ဟူ၍ တုံ့ပြန်လိုက်သည်။

သူ့ယောက္ခမသည် သူ့အပေါ်တွင် တော်တော်ကလေး အေးစက်သော်လည်း ချောင်ယွမ် သူ့နေရာမှ စဉ်းစားကြည့်လိုက်ရာ ပျော်ရွှင်တက်ကြွသည့်သူတို့မိသားစု၏ ရွှင်လန်းဝမ်းမြောက်ဖွယ် အခါသမယလေးသည် လူတိုင်းကို မပျော်ရွှင်စေမည့် အသုဘတစ်ခုအဖြစ်သို့ပြောင်းသွားနိုင်တာကို ချောင်ယွမ်နားလည်သည်။ ထို့အပြင် ထိုညတွင် သူသည် မူလကိုယ်အတွက် ဆေးဆရာပင့်ခဲ့သော်လည်း သူစိတ်မကောင်းသည်က ထိုကိစ္စသည် ရှန်ဟယ်ရွာတစ်ခွင်လုံးသို့ ပျံ့နှံ့ခဲ့ပြီးဖြစ်လေသည်။ ဒါဟာ ယောက္ခမသည် သူ့အား အပြင်ကိုဆွဲထုတ်ပြီး ဆူဆဲမနေတာနဲ့တင် လုံလောက်လှပြီဖြစ်သည်။

အဆုံးတွင်တော့ သူသည် တစ်ပါးသူ၏ အမိုးအောက်တွင် နေနေခြင်းဖြစ်သည်။ ချောင်ယွမ် တစ်ခဏခန့် စဉ်းစားလိုက်ပြီး သူကောင်းမွန်စွာပြုလုပ်ပြီး သူ၏ နှစ်သက်မှု တိုးလာအောင် လုပ်ရန် ဆုံးဖြတ်ချက် ချလိုက်လေသည်။

မူလကိုယ်သည် လက်ထပ်ပြီးနောက် အိမ်အသစ်သို့ တိုက်ရိုက်ပင် ပြောင်းရွှေ့လာခဲ့ပြီး သူ့ကိုယ်သူ ကြိုးဆွဲချခဲ့သည်။ ထို့ကြောင့် မူလကိုယ်၏ မှတ်ဉာဏ်ထဲတွင် ‌ယွီမိသားစု၏ ခြံဝင်းပုံပန်းသဏ္ဍာန် မရှိချေ။

ချောင်ယွမ် လှည့်ပတ်ကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် အကြမ်းဖျင်း တွက်ချက်လိုက်သည်။

မြောက်ဘက်တွင် ဟောခန်းတစ်ခုရှိပြီး ထမင်းစားရန်နှင့် ဧည့်သည်များကို ဧည့်ခံရန်အတွက်သုံးသည်။ ဟောခန်းနှင့်ကပ်လျက်တွင် အဖေယွီနှင့် အမေယွီ၏ အိပ်ခန်းဖြစ်နိုင်သည်။ သူနှင့်ယွီသာ့မုန်၏ အခန်းသည် အရှေ့ဘက်ခြမ်းတွင် တည်ရှိပြီး ဘေးချင်းကပ်လျက်တွင်တော့ အခန်း နှစ်ခန်းရှိပြီး အမွှာနှစ်ယောက်နှင့် ကောတို့ အသီးသီး ပိုင်ဆိုင်ပုံရသည်။

အနောက်ဘက်တွင်တော့ မီးဖိုခန်းနှင့် စတိုခန်းတစ်ခန်း ရှိသည်။ ခြံဝင်းကို နံရံမပါဘဲ ခြံစည်းရိုးဖြင့်သာ ခတ်ထားသည်။ ထိုနေရာတွင် အသီးများနှင့် ပြည့်နေသည့် အလွန်ရှည်သော တရုတ်ဆီးသီးပင် တစ်ပင်နှင့် နွားတင်းကုပ်တစ်ခု ရှိသည်။ အသီးအရွက်စိုက်ခင်း၊ အိမ်မကြီးနှင့် တွဲထားသည့် အိမ်ကလေးတွင်တော့ ဝက်ခြံနှင့် ကြက်ခြံတို့သည် အိမ်၏ အနောက်ဘက်တွင် တည်ရှိလေသည်။

ခြံဝင်းလေးသည် အလွန်သန့်ရှင်းသပ်ရပ်ပြီး ချောင်ယွမ်နှစ်သက်သော ပျော်ရွှင်ဖွယ် လေထုလည်း လွှမ်းခြုံထားလေသည်။

မျက်မှောက်ခေတ်တွင် လျင်မြန်သောအဟုန်နှင့် ဖိအားများသော ဘဝဖြစ်ပြီး ချောင်ယွမ်သည် သူ၏ စာလေ့လာမှုနှင့် အလုပ်တို့ဖြင့် မအားလပ်ခဲ့ဘဲ အနားမယူခဲ့ရပေ။ ကမ္ဘာကြီးထံမှ သူထွက်ပြေးနိုင်ပြီး သူချစ်ရသူနှင့် ရိုးရှင်းသည့်ဘဝကို အတူကုန်ဆုံးနိုင်သည့် ခြံဝင်းသေးသေးလေးကို သူအမြဲစိတ်ကူးယဉ်ခဲ့ရသည်။

ကောင်းကင်ဘုံက ပြက်လုံးထုတ်လိုက်သည်နှင့် တူသည်။ သူ့အိပ်မက်၏ ပထမအပိုင်းသည် အမှန်တကယ် ဖြစ်လာခဲ့ပြီး ဖြစ်သော်လည်း ဒုတိယအပိုင်းကမူ... ချောင်ယွမ် ရေတိုင်နားတွင် သွားထိုင်တိုက်နေသော ယွီသာ့မုန်ကို ကြည့်လိုက်သည်။ အရမ်းဝေးကွာလွန်းတဲ့ပုံတော့ မပေါ်ပါဘူး။ သူ့ခေါင်းကို ခါယမ်းလိုက်ပြီး အတွေးလွန်နေခြင်းမှ သူ့ကိုယ်သူ ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။

ယွီသာ့မုန်သည် မိုးမခကိုင်းခက်တစ်ခုနှင့် သွားတိုက်နေပြီး မျက်မှောက်ခေတ်မှ ချောင်ယွမ်အတွက်တော့ ဆန်းသစ်ပြီး ပျော်စရာကောင်းသည်ကို တွေ့ရ၍ အချိန်အကြာကြီး စောင့်ကြည့်ရန်အတွက် ယွီသာ့မုန်ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ ယွီသာ့မုန်သည် စောင့်ကြည့်ခံရခြင်းကြောင့် မသက်မသာခံစားလာရပြီး စိတ်ဆိုးလွန်း၍ စကားပင်မပြောနိုင်တော့ချေ။

ရေထဲမှ ပုံရိပ်မှတဆင့် သူ၏ခန္ဓာကိုယ်ကို ချောင်ယွမ် အကြမ်းဖျင်းမြင်လိုက်ရသည်။ ဖရဲစေ့ပုံမျက်နှာ၊ သေးငယ်ပြီး အနုစိတ်သော နှာခေါင်း၊ ဗာဒံစေ့ပုံ မျက်လုံးတို့နှင့် ဖြစ်သည်။ အံ့ဩစရာက မျက်မှောက်ခေတ်က သူနဲ့ တစ်ပုံစံတည်းပဲ! သို့သော်လည်း သူသည် အလွန်ပိန်ပြီး ချည့်နဲ့နေကာ ယောက်ျားဆန်သည့် ရုပ်သွင်မရှိဘဲ လေတစ်ချက်အဝေ့နှင့်တင် လဲကျသွားမည့်ပုံပေါက်နေသည်။ ချောင်ယွမ် ယွီသာ့မုန်၏ ကြံ့ခိုင်ပြီး ယောက်ျားဆန်သော သွင်ပြင်ကို တစ်ချက်ကြည့်လိုက်ပြီး သူပိုမိုကြံခိုင်လာစေရန် ကိုယ်ခန္ဓာလေ့ကျင့်ခန်းလုပ်ဖို့ တိတ်ဆိတ်စွာ မှတ်သားထားလိုက်သည်။

ထို့နောက် မူလကိုယ်၏ မှတ်ဉာဏ်ထဲတွင် ရှာဖွေရင်း၊ ယွီသာ့မုန်ထံမှ လေ့လာရင်းနှင့် မိုးမခသစ်ခက်လေးဖြင့် သူ့ပါးစပ်ကို ဖြည်းညင်းစွာ ဆေးကြောလိုက်သည်။ ထိုအရာသည် အသုံးပြုရန် တကယ်ကို ခက်ခဲပြီး ချောင်ယွမ်သည် မကျွမ်းကျင်သည့်အတွက် ရံဖန်ရံခါ သူ့ပါးစပ်ကို ထိုးမိခဲ့သည်။ သူမျက်မှောက်ခေတ်မှ သွားတိုက်တံကို ဖန်တီးရန် နည်းလမ်းရှာဖို့ တွေးနေလိုက်သည်။

ယွီသာ့မုန်သည် သူ့ကို အကြိမ်များစွာကြည့်လိုက်ပြီး စကားပြောရန် တွန့်ဆုတ်နေသည်။ အဆုံးတွင်တော့ သူစူစူအောင့်အောင့်နှင့် တိုးတိုးပြောလိုက်သည်။
"ငါထင်းသွားခုတ်လိုက်ဦးမယ်" ဟုပြောပြီး ထွက်သွားခဲ့သည်။

ချောင်ယွမ် ထိုသူ၏ မှုန်မှိုင်းနေသော နောက်ကျောကို စိုက်ကြည့်လိုက်ပြီး အံ့ဩသွားခဲ့သည်။
"ဒီတုံးအတဲ့ ဝက်ဝံကြီးက စိတ်ဆိုးနေတုန်းလား?"

**********************************************************************

သူငယ်ချင်းလေးတို့ အားလုံးပဲ Happy New Year ပါ
2024 နှစ်သစ်မှ စ၍ ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေရှင့်
╰(^3^)╯

Comment