1 - မင်းနားဆွဲ ကျိုးထားတဲ့တပိုင်းပြတ်ကို ငါယူလိုက်ပြီ

"ကတိပေးနိုင်မယ်မလား သား"

"ဟုတ်ကဲ့.. ပေးပါတယ်ခင်ဗျာ"

ရွှေရောင်လင်းသည် ဆရာများနားနေခန်းထဲဝင်ကာ စာရွက်ဝယ်ရန် မေးမည်အပြု၊ အထဲက ကြားရသောစကားသံတို့ကြောင့် သူ့ခြေလှမ်းကို အသာရို့ပြီး နံရံအပြင်ဘက်တွင် ပြန်ကပ်ရပ်လိုက်သည်။ ဆရာမသည် ကျောင်းသားတယောက်ယောက်နှင့် စကားပြောနေသေးတာဖြစ်လိမ့်မည်။ သူကိုယ်တိုင်ကလည်း အထဲတွင် ဘာတွေများ ပြောနေကြမည်ဆိုတာကိုလည်း လူသားတို့၏ သဘာဝအရ မသိစိတ်မှ စိတ်ဝင်စားမိတာလည်း ပါသည်ပေါ့။

"ဒါဖြင့် Majorချိန်တော့ လာတက်ဖို့ မလိုပါဘူး.. သားမှာ စာနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ် ဆွေးနွေးစရာရှိရင်တော့ ဌာနကို အချိန်မရွေးလာလို့ရတယ်.. ဒီလောက်ပါပဲ.. သွားလို့ရပြီ.. ဒီတနှစ်တော့ အောင်အောင်ဖြေနော်"

ဆရာမ၏ စကားသံအဆုံးတွင် တဖက်လူ၏ ခွန်းတုံ့ပြန်စကားသံကို မကြားရသော်လည်း ထိုင်ခုံကို တရွတ်ဆွဲထုတ်သံကြောင့် စကားဝိုင်းက ပြီးလောက်ပြီဟု ခန့်မှန်းမိသည်။ သို့သော် သူ မဝင်ဖြစ်သေး။ အခန်းထဲမှ ဆရာမ,ထွက်လာဦးမည်အထင်နှင့် ရပ်နေမြဲဖြစ်သည်။ အပြင်ရောက်မှပဲ သူ စာရွက်အကြောင်း မေးစရာရှိတာမေးတော့မည်။ ထိုအချိန် ဆရာမက အခန်းပေါက်ဝရှိလိုက်ကာစ,ကို တွန်းဖယ်ပြီးထွက်လာသဖြင့် -

"တီချယ်.. ကျွန်တော်-"

"အ! Shit!"

ကျောင်းသားတယောက်၏ မတိုးမကျယ်ဆဲသံကြောင့် သူမျက်ခုံးပင့်မိသည်။

'ဆရာမ မဟုတ်ဘူးပဲ'

ထို့အတူ ကာလံဒေသံမရွေး ပီပီသသရွတ်လိုက်သော ဆဲသံပိုင်ရှင်ကို မျက်မှောင်ကြုတ်၍ သေချာမျက်နှာချင်းဆိုင်လိုက်တော့ သူ့မြင်ကွင်းတည့်တည့်တွင်ရှိနေသည်က အနှီကျောင်းသား၏မျက်နှာ ဟုတ်မနေခဲ့။ မျက်နှာအစား လက်စွပ်တကွင်းကို လျှိုထည့်ထားသော ဆွဲကြိုးရှည်တကုံး ခုန်ပေါက်လှုပ်ရမ်းနေသည့်၊ ရှပ်အဖြူနှင့် ရင်ဘတ်တခုကိုသာ မြင်လိုက်ရပါသည်။ ဆရာများနားနေခန်း၏ ကြမ်းမျက်နှာပြင်သည် သူရပ်နေသော ကော်ရစ်ဒါလျှောက်လမ်းအထက် (၁)ပေခန့် ပိုမြင့်သည်ကိုး။ ထို့ကြောင့် ကျောင်းသားက သူ့ထက် သိသိသာသာပိုမြင့်သွားခြင်း ဖြစ်မည်။

"ဟေ့ ငါ့ကို ကူပါဦး"

မိနစ်အနည်းငယ်မျှ ကြာပြီးသည့်နောက် လှုပ်ရှားမှုတချို့နှင့်အတူ ကျောင်းသားဆီမှ ထွက်လာသော အက်ရှရှအသံ။ အမှန်ကတော့ သူသည် ထိုကျောင်းသားထွက်မလာမချင်း ရပ်စောင့်နေခြင်းဖြစ်သည်။ တံခါးပေါက်က နှစ်ယောက်ဝင်ရန်အတွက် အနည်းငယ်ကျဉ်းနေသည်မို့။
ကူညီပေးပါဟု ပြောလာသဖြင့် မော့ကြည့်လိုက်တော့ သည်တခါပြန်ဆဲမိမည့်သူက သူပဲဖြစ်တော့သည်။

ခန်းဆီးလိုက်ကာစ၏ ဇာနားကွပ်တွေနှင့် ငြိနေသည့် ထိုကျောင်းသား၏ နားရွက်၊ မဟုတ်သေး သူ့နားကပ်တွေဟုပြောရမည်ဖြစ်သည်။ ဘယ်လိုတွေများ ကြံကြံဖန်ဖန်ဖြစ်ပျက်နေရတာလဲ။ နားတခုလုံးတွင် အတော်အတန်နေရာယူထားသော နားကွင်းတွေ၊ နားကပ်တွေ။ ထိုနားကွင်းတွေများစွာကြားမှာ နားဆွဲအမျှင်ရှည်တခုက လိုက်ကာဇာနားကွပ်တွေနှင့်ငြိကာ ချိတ်မိနေခြင်းဖြစ်သည်။ မကြာသေးမီကလေးကဖြစ်ပျက်ခဲ့သောလှုပ်ရှားမှုတို့သည် နားကပ်ငြိခြင်းဖြစ်ပြီး ထိုကျောင်းသားက ဖြုတ်ဖို့ကြိုးစားနေခြင်းဖြစ်မည်။ ပြုတ်လုနိုးနိုးဖြင့် အနောက်ပြန်ဆုတ်ကာ အရှိန်နှင့်ဆွဲနေတော့ ခဏအတွင်း နားရွက်က နီနေသည်ကို မော့ကြည့်ရင်းလှမ်းမြင်နေရပြီ။ စုကျုံ့ထားသည့် ထူထဲထဲမျက်ခုံးတွေဆီ တချက်မျှမော့ကြည့်မိပြီး 'ပရမ်းပတာကောင်' ဟု သူ့မသိစိတ်က လွှတ်ခနဲ တွေးမိ၏။

ကျောင်းသားသည် ကိုယ်တိုင်ဖြုတ်နေရင်း မရတော့သည့်အခါ စိတ်ပျက်သွားဟန်ဖြင့် မြှောက်ထားသည့်လက်နှစ်ဖက်အား ဘုတ်ခနဲ ပြန်ချလိုက်သည်ကို မြင်ရ၊ကြားရ၏။

"ဟေး .. ငြိမ်ငြိမ်နေ"

ကြည်လင်စွာထွက်လာသော ရွှေရောင်လင်း၏အသံနောက်တွင်ကျောင်းသား၏ "အင်း"ဟူသော တိုးရှရှအသံက ဆက်တိုက်ကပ်ပါလာသည်။

မကျဉ်းမကျယ်တံခါးဝတွင် လိုက်ကာကြားမှ မြင်နေရသည့် အထဲတွင်ရပ်နေသော ထိုကျောင်းသား၊ အပြင်ဖက်တွင် ရပ်နေသည်က သူ။ သူတို့အကြား၌ အစိမ်းဖျော့ဖျော့ လိုက်ကာစသည် လေအရှိန်ကြောင့်လား၊ လူအရှိန်ကြောင့်လား ဝေခွဲရခက်စွာ လှုပ်လဲ့လဲ့။

"ဟိုဖက် နည်းနည်းကပ်"
ဟု ဆိုကာ ရွှေရောင်လင်းက အခန်းတွင်းသို့ တက်နင်းဝင်လိုက်သည်နှင့်တပြိုင်နက် ကျောင်းသားသည် နောက်သို့ တလှမ်းဆုတ်ပေး၏။ သူ မတက်၍လည်း မရ။ အဲ့သည်နားရွက်ဆီက နားကပ်ကိုဖြုတ်ရဖို့ဆိုလျှင် ကော်ရစ်ဒါတွင်ရပ်နေရုံဖြင့် (သူ့အရပ်က မပုလှသော်လည်း) မမီနိုင်ပါချေ။

ရွှေရောင်လင်းသည် မျက်စိရှေ့တွင် ရှုပ်ထွေးနေသော လိုက်ကာစကို တွန်းဖယ်လျက် ကျောင်းသားအနားသို့ တိုးကပ်လိုက်၏။ ထိုကျောင်းသားသည် သူ့နားတွင် ဖောက်လို့ရသမျှနေရာတွေအကုန် အပြည့်၊ နားတခုလုံး၌ နားကပ်တွေ၊ နားကွင်းတွေနှင့် လေးလံမနေဘူးလား။ ထိုနားကပ်တွေကိုသာချွတ်လိုက်လျှင် အတော်ရုပ်ဆိုးသောနားရွက်ဖြစ်နေလိမ့်မည်။

"အာ......... ပြတ်သွားပြီ!"

ကြိုးမျှင်လေးဖြစ်သည့်အပြင် သူကလည်း ဇာပန်းခက်တွေကြားမှ မဆွဲဖြုတ်တတ်တာရောကြောင့် နားဆွဲသည် ပြတ်ထွက်သွား၏။ မနိုင်လို့ ကူတွန်းကာမှ လှည်းဘီးကျိုးတယ်ဆိုတာ ဒါမျိုးပဲဖြစ်မည်။ ပြတ်သွားတာသိလိုက်သော်လည်း ကျောင်းသားသည် မည်သို့မျှထူးခြားမှုမပြ။
"ရသွားပြီလား" ဟုသာ မေးသည်။

"အင်း"

သူ့အဖြေအဆုံး ထိုကျောင်းသားက သူ့နံဘေးမှ ထွက်သွား၏။ အလျင်စလိုထွက်သွားရသည့်ဟန်လည်း မရှိဘဲ ကျေးဇူးစကားပင် ဆိုမသွား။ သည်လောက်ဆိုမှတော့ လူမှုရေးမသိ၊နားမလည်သူပဲလား။ တံတွေးတချက်မျိုချလျက် ဆရာနားနေခန်းအတွင်းပိုင်းထိဝင်ပြီး ကြည့်တော့ စာအုပ်များထားသည့်စင်တွေဆီ၌ စာတချို့ရေးနေပုံပေါ်သော ဆရာမကိုလှမ်းတွေ့၏။ သူသည် ဆရာမဆီသို့သာ ဦးတည်၍သွားလိုက်တော့သည်။

လူတွေသည် ဆုံဖို့ကံပါလျှင် လိုက်ကာတစနှင့်ပင်လျှင် လိမ်ကောက်ရှုပ်ထွေးတတ်၏။
နားဆွဲအပြတ်တပိုင်းကိုတော့ အိပ်ကပ်ထဲ ထည့်လိုက်မိခဲ့ပါသည်။
____________________________________

ကျောင်းဖွင့်သည်မှာ သုံးရက်မျှသာ ရှိသေးသဖြင့် အရာအားလုံးက သစ်လွင်နေသည်။ မြင်မြင်သမျှ မျက်နှာချင်းဆိုင်မိသော ကျောင်းသားတိုင်းသည်လည်း မျက်နှာစိမ်းတွေဖြစ်သည်။ ပိုမိုတိကျစွာဆိုရလျှင် ပထမနှစ်ကျောင်းသားများ။ သူတို့အဖို့ ပထမနှစ်အချင်းချင်းသည်လည်း မျက်နှာစိမ်း။ စီနီယာကျောင်းသားများသည်လည်း မျက်နှာစိမ်း။

"ဟေ့ .. မင်းက ရွှေရောင်လင်းမို့လား"

နာမည်ထည့်ပြီးမေးလာသဖြင့် တချက်မျှ မော်ကြည့်တော့
ရှေ့ခုံက ကျောင်းသားသည် သူ့ဖက်လှည့်ကာ စကားပြောနေခြင်းဖြစ်၏။ သည်မတိုင်ခင် နာမည်စာရင်းကောက်စဉ်က သူ့နာမည်က လှသည်ဟု တီချယ်က ချီးကျူးသွား၍ ယင်းကျောင်းသားက မှတ်မိနေခြင်းဖြစ်မည်။ ရွှေရောင်လင်းသည် လက်အရှိန်ရပ်သွားမည်စိုးသဖြင့် ဆွဲလက်စပုံကို အာရုံစိုက်ထားရင်းပင် -
"အွန်း.." ဟု
မပွင့်တပွင့်ဖြေသံနှင့်အတူ သူ ခေါင်းငြိမ့်ပြလိုက်သည်။

"ငါက မြတ်မင်းလွင်.."

ရုပ်ရှင်တွေထဲကလို မိတ်ဆက်နေကြခြင်းနှင့်တူသည်ဟု စိတ်ထဲတွေးမိရုံမှတပါး အခြား ထူးခြားဟန်မပြမိ။ သို့သော် 'မြတ်မင်းလွင်' ဘာဆက်ပြောမည်လဲဆိုတာကိုတော့ နားစွင့်ပေးထားပါသည်။

"အဆောင်ကို ဒီနေ့မှ ရောက်တာမလား.. ငါက မင်းအခန်းဖော်လေ"

"သြော.. အဲ့လို .."

စာရွက်ကိုငုံ့ကြည့်နေသဖြင့် မြတ်မင်းလွင်နှင့် အကြည့်ချင်းမဆုံဖြစ်သော်လည်း ခေါင်းငြိမ့်ကာ အသိအမှတ်ပြုလိုက်သည်။

"ညနေ ငါတို့ အတူပြန်ကြမလား"

ဆိုင်ကယ်မပါတတ်ကြသေးသည့် ပထမနှစ်ကျောင်းသားအတော်များများ၏ထုံးစံအတိုင်း ဌာနမှ အဆောင်သို့ လမ်းလျှောက်ပြန်ရမည်ဖြစ်သည်။ ထို့ကြောင့် အတူပြန်ရန် အဖော်ညှိခြင်းဖြစ်ရမည်။

"ဆောရီးကွ.. ငါ သွားစရာရှိသေးလို့"

"ရတယ်လေ.. မင်းပစ္စည်းတွေ ငါရွှေ့ပေးထားရဦးမလား "

မြတ်မင်းလွင်က အရင်ရောက်နှင့်သူဖြစ်သဖြင့် အခန်းတံခါးသော့ကို တဦးတည်းကိုင်နေရာ နေ့လည်ပိုင်းမှ ရောက်လာသူရွှေရောင်လင်းအနေဖြင့် အခန်းရှေ့ကော်ရစ်ဒါတွင်သာ နံရံဖက်သို့ကပ်စီပြီးထားခဲ့ရမည်ကို တွေးမိသောကြောင့် မေးလိုက်ခြင်းဖြစ်ပါသည်။

"နေ .. နေ .. ငါပြန်လာမှ ထည့်ပါ့မယ် .. အခန်းရှေ့မှာ အရမ်းတော့ရှုပ်မနေလောက်ပါဘူး"

ဝန်ခံရလျှင်တော့ သပ်သပ်ရပ်ရပ်စီထားခဲ့သည်မှန်သော်လည်း နေရာယူကာ ရှုပ်ကျန်နေခဲ့ပါသည်။ အခန်းနှစ်ဖက်မျက်နှာချင်းဆိုင်ထားသည့်ကြားက အဆောင်ကော်ရစ်ဒါသည် ဘယ်လောက်ကျယ်နိုင်မှာမို့လို့လဲလေ။ သူ့ပစ္စည်းပစ္စယတွေကို တပါးသူ လာထိကိုင်မည်ကိုမကြိုက်သဖြင့်သာ တမင်ဟန့်လိုက်ခြင်းဖြစ်ပါသည်။

"အေးပါ.. ဟုတ်ပါပြီ"

မြတ်မင်းလွင်က ထိုသို့မှတ်ချက်ပြုလျက် ရှေ့ကိုပြန်လှည့်သွားကာ၊ ခဏခဏဖိမိပြီး ကျိုးနေသော သူ့ခဲတံတွေကို တစ်ရှူးစတခုပေါ်သို့တင်၍ ဓားဖြင့် ချွန်နေ၏။ ရွှေရောင်လင်းသည် '4H ခဲတံဖြင့် ဖိဆွဲမိလျှင် ခဲရာတွေက ဖျက်ရခက်သဖြင့် မုန်းစရာကောင်း'ကြောင်း ညည်းညူနေသော သူ့နံဘေးခုံက ကျောင်းသူတယောက်၏ အသံကို ကြားဖြစ်အောင်ကြားပြီး ပြုံးမိသေးသည်။

သူတို့ ညနေအတန်းဆင်းတော့ (၄)နာရီခွဲ ကျော်ရုံသာရှိသေးသော်လည်း နေရောင်သည် အပူရှိန်မကျန်တော့ပြီ။ ဒီဇင်ဘာလနှင့် တက္ကသိုလ်ဝင်းထဲမှ အပင်ကြီးတွေ၏ အာဝါသအောက်တွင် ဗိသုကာဌာနအဆောက်အဦငယ်သည် ဌာနဝန်းတခုလုံး၏ ထောင့်ကျကျ၊ ချောင်ကျကျနေရာ၌ ငြိမ်သက်အေးစက်လျက်။ အတန်းသားတွေ၏ တဦးနှင့်တဦး မိတ်ဖွဲ့စကားသံ၊ အဆောင်အတူပြန်ရန်အဖော်ညှိသံတို့ကတော့ ဝန်းကျင်နှင့်မလိုက်အောင် နွေးထွေးနေ၏။

"ဟေ့ကောင်. . ငါပြန်ပြီ.. "

ပြန်ပြီဆိုသည့်အကြောင်း ရွှေရောင်လင်းအား တခုတ်တရ နှုတ်ဆက်လာသော မြတ်မင်းလွင်သည် တချိန်လုံး ခေါင်းကဆံပင်တွေကို ဆွဲဖွပြီး အသည်းအသန် ပုံဆွဲထားရပုံပေါ်သဖြင့်၊ ကြာသပတေးတညနေတည်းနှင့်ပင် တနှစ်စာ ပိုမိုအိုမင်းသွားသယောင်ဖြစ်နေသည်။

"အေး.."

မြတ်မင်းလွင်က လက်ထဲက လျှာထိုးဦးထုပ်ကို ရှုပ်ပွပွခေါင်းပေါ် ဖိဆောင်းပြီး ထွက်သွားနှင့်သည်။ သူကတော့ နံဘေး၌ချထားသည့် စာအုပ်ထပ်ကြီးကို ခါးကိုင်းကာ မ,ယူပြီးမှ Archiဌာနအရှေ့တည့်တည့်က ကွန်ကရစ်လမ်းအတိုင်း ထွက်လာခဲ့သည်။ ဌာနသို့မဝင်မီက ပင်မဆောင်ရှိ ပါမောက္ခချုပ်ရုံးခန်းဆီသွားပြီး ပုံနှိပ်စာအုပ်ထူထူကြီးတွေ သွားထုတ်ခဲ့ရသည်မှာ အထပ်လိုက်။

'အဆောင်ကိုတန်းပြန်ရင် ကောင်းမလား'

ဗိသုကာဌာနထဲမှထွက်ပြီးနောက် ဘယ်ဖက်ခြမ်းကလမ်းဆီ ချိုးကွေ့ရနိုးနိုးဖြင့် မတ်တပ်ရပ်ကာ တွေဝေနေပါသည်။ မနိမ့်မမြင့်ထင်းရှူးပင်တို့ခြံရံထားသော ထိုလမ်းသွယ်ကလေးသည် ဌာနတခုလုံး၏အပြင်သို့ထွက်သည့် ပင်မလမ်းဆီ ဦးတည်နေ၏။ သို့သော် သူသည် ဘယ်ဆီမှမချိုးကွေ့ဘဲ ဌာနရှေ့တည့်တည့်ရှိလမ်းပေါ်ကိုသာ ထွက်လိုက်ပါသည်။

ဖြည်းဖြည်းလေးလေး လမ်းလျှောက်ရင်း ကျောပိုးအိတ်၏ကိုင်းကြိုးကို ခပ်ဆဆကလေးပြန်ထိန်းရသေးသည်။ မြန်မြန်လျှောက်၍လည်း အဆင်မပြေပါ။ သူ့လက်ထဲရှိ စာအုပ်တအုပ်ချင်းစီတိုင်းသည် လေးလံနေသည်။ လက်ဖျံပေါ်တွင် လေးလေးလံလံစာအုပ်တွေ အထပ်လိုက်ဖြစ်သဖြင့် ဖြည်းဖြည်းချင်းပဲ ရင်ခွင်ပိုက်ပိုက်ကာ လမ်းလျှောက်ဖြစ်သည်။

ဆယ်လှမ်းစာမျှ လှမ်းပြီးသော် ကွန်ကရစ်လမ်းပေါ်မှ နံဘေးမြေသားဆီသို့ဆင်းလိုက်၏။ လမ်းနံဘေးရှိ တမာပင်ကြီး၏အောက်တွင် သစ်သားကွပ်ပျစ်တခုရှိနေသည်။

ခပ်လှမ်းလှမ်းတွင် အခြားမေဂျာ၏ ဌာနဆောင်တခုရှိနေပြီး ကျောင်းသူ၊ ကျောင်းသားတွေ ဝင်ချည်ထွက်ချည် ပြုနေကြဆဲဖြစ်သည်။ မြင်နေရသောစာတန်းအား သူလှမ်းဖတ်တာ မမှားလျှင်တော့ CEIT (Computer Engineering and Information Technology)ဌာနဖြစ်လိမ့်မည်။

မြတ်မင်းလွင်နှင့် အတူမပြန်လိုသေးသဖြင့် 'ငါ သွားစရာရှိသေးလို့ကွ' ဟု နှုတ်တွေ့ရာကောက်ပြောပြီးနောက် သည်ကွပ်ပျစ်ဆီရောက်လာရသဖြင့် ပြုံးမိသွားပါသည်။

ညနေစောင်းပြီဖြစ်၍ နေရောင်သည် ခပ်ပျော့ပျော့သာ တိုးဝှေ့နေသည်။ သူသည် စာအုပ်တွေကို ကွပ်ပျစ်ပေါ် သေချာစွာတင်ပြီးသော် နံဘေးမှ တင်ပါးလွှဲတက်ထိုင်လျက် လက်ဝါးတို့ကို ဆုပ်ချည်ဖြန့်ချည်ပြုလိုက်၏။ သယ်ရတာ လက်ညောင်းခဲ့ပြီကိုး။ ထို့နောက် ဖုန်းကိုဖွင့်ကာ တစုံတဦးဆီ ဖုန်းခေါ်လိုက်သည်။ သူ့မျက်နှာပေါ်သို့ လေပြည်အေးတချို့က ဖြတ်တိုက်သွားပါသည်။ ထိုအခါ လှိုင်းပြေပြေပြေးသော ဆံနွယ်တချို့က ဝေ့ခနဲလွင့်၏။

တဖက်က အတော်နှင့်ဖုန်းမကိုင်ပါ။ နှစ်ကြိမ်တိုင်တိုင်ခေါ်သည်အထိ ဖုန်းမကိုင်သေး။ သို့သော် သူစောင့်နိုင်ပါသည်။ သုံးကြိမ်မြောက် ဖုန်းကောလ်ကိုတော့ ခေါ်ရနိုးနိုး၊ ဝေခွဲမရဖြစ်နေစဥ်မှာ တဖက်လူက ဖုန်းပြန်ခေါ်လာပါသည်။

"Hello..."

"Hello.. သား"

ထုံးစံအတိုင်း အလောတကြီးဖြစ်နေတတ်သည့် မေမေ့အသံကို စတင်ကြားရပြီ။ အပြင်မှာလည်း ခပ်လောလော၊ ဖုန်းပြောသည့်အခါတွင်လည်း ထိုနည်းနှင်နှင်။

"Hello မေမေ.. ကျွန်တော် ဒီနေ့ပဲ အတန်းစတက်လိုက်တယ်"

"အဆင်ပြေရဲ့လား"

သည်ရက်ပိုင်းအတွင်း မေမေ အရင်ကထက်ပိုပြီး မအားလပ်နေသည်က သူ့မျက်မြင်ဖြစ်သဖြင့် သူက ကျောင်းတက်ရန်အတွက် မန္တလေးအထိ တယောက်တည်းလာရခြင်း၊ အဆောင်မှူးနှင့် ကိုယ်တိုင်စကားပြောဆိုကာ အဆောင်ဝင်ရခြင်းတို့သည် အစစအရာရာ တယောက်တည်းဖြစ်နေသဖြင့် ကြံဖန်တွေးရလျှင် အနည်းငယ်တော့ အားငယ်စရာကောင်းသည်။ သားအမိချင်း အထူးတလည် ပြောစရာစကား များများစားစားမရှိလျှင်တောင် အမေ အတူပါလာသည်ဆိုသောအသိက သားသမီးအဖို့ အားဖြစ်စရာပဲမဟုတ်လားလေ။
သို့သော် -

"ဟုတ် ပြေတယ်" ဟုသာ ခပ်တိုတို ပြောလိုက်သည်။

"နောက်တပတ်ကျရင် မေ- "

"အခန်းဖော်ပြန်ရောက်လာလို့ အခန်းထဲ ပစ္စည်းတွေ ရွှေ့ဦးမယ်နော် ကျွန်တော်ဖုန်းချပြီ မေမေ"

သူသည် ကြာရှည်စကားမပြောလိုတော့သဖြင့် မြန်မြန်ဆန်ဆန်ပင် စကားကိုအဆုံးသတ်ကာ ဖုန်းချပစ်လိုက်၏။ ပြီးနောက် မကြာခဏဆိုသလို သက်ပြင်းချနေမိပြီး ယခုလည်း ဘယ်နှကြိမ်မြောက်မှန်းမသိနိုင်တော့သော သက်ပြင်းမောတခုကို ရွံရွံရှာရှာနှင့် မှုတ်ထုတ်ပစ်လိုက်သည်။ အကြောင်းအရင်းမဲ့စွာ၊ စိတ်အလိုမကျ။

ထိုင်နေရင်းမှပင် အခြားဌာနမှ ကျောင်းသားအတော်များများလည်း အတန်းဆင်းကာ ပြန်ကုန်ကြသည်ကို လှမ်းမြင်နေရသည်။ ဌာနဝန်းသည် ခဏမျှ ဆူညံသွားပြီး မကြာမီတွင် ပြန်လည်တိတ်ဆိတ်သွားပြန်၏။

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် သစ်ရွက်တို့လေတိုးသံမှအပ အခြားမရှိ။
အာရုံပြောင်းနိုင်ရန် သူ့ခြေထောက်ထားချရာမြေပြင်ပေါ်က ဆောင်းကြွေတမာတွေကို ငုံ့ကြည့်မိသည်။ မြောက်ပြန်လေက စောစောကထက် အဆပြင်းစွာ ခပ်သော့သော့ဝင်တိုးတိုက်လာသယောင်။ မောနေအောင်သုတ်ခြေတင်ခဲ့ရသည့်အပြင်၊ သုံးနာရီကျော်မျှ ပုံထိုင်ဆွဲခဲ့ရသဖြင့် ညီးစီစီဖြစ်နေသူအဖို့ ညနေလေအေးသည် လတ်လတ်ဆတ်ဆတ်ရှိလှသည်။

သို့သော် ထိုအခိုက်အတန့်သည် သူထင်သလောက် မကြာလိုက်ပေ။ မြေပြင်ကိုငုံ့ကြည့်နေသော သူ့အာရုံထဲ ဝင်လာသည်က ခပ်ဖွဖွခြေသံနှင့် ခြေလှမ်းတွေဖြစ်သည်။ ကွပ်ပျစ်၏ တခြားဖက်ခြမ်းဆီမှ လျှောက်လာပုံရ၏။

မြေပြင်ဆီမှအကြည့်မလွှဲသေးဘဲ နေမိတော့ သူ့ရှေ့တည့်တည့် လာရပ်သည်က၊ နက်ပြာရောင်ကတ္တီပါဖိနပ်နှင့် ပနံရစွာ ကြည့်ကောင်းနေသည့် ဖြူစွတ်စွတ်ခြေထောက်တစုံ.. ပြီးတော့ ခြေကျင်းဝတ်အထိဖုံးနေသော နက်ပြာပုဆိုး၏အောက်နားစ။ အထူးဆန်းဆုံးက ညာဖက်ခြေထောက်၏ ခြေညှိုး၌ ပလက်တီနမ်(ဖြစ်မည်ထင်ရသော)လက်စွပ်မျှင်တကွင်း ရှိနေခြင်းဖြစ်သည်။ ကြံကြံဖန်ဖန်မြင်နေရသော မြင်ကွင်းသည် သူ့အာရုံကို လေးစက္ကန့်မျှ ဖမ်းစားသွား၏။ နက်ပြာပုဆိုး အနားစအောက်မှ ခြေထောက်ဖြူဖြူသည် မြေသားအညိုပေါ်က ရွက်ခြောက်ဝါဝါတွေနှင့်လည်း တွဲဖက်ပြီး ကြည့်ကောင်းနေပါသည်။

"မီးတတို့လောက် ရနိုင်မလား"

မော့ကြည့်လိုက်တော့ နေ့လယ်တုန်းက နားဆွဲတွေနှင့်ကောင်ဖြစ်သည်။ အတော်စောင်းသွားပြီဖြစ်သော နေရောင်လက်ကျန်က ခြံထောင့်ကုက္ကိုပင်၏ အရွက်အကိုင်းတို့ကြားမှ တိုးဝင်ကာ နားဆွဲကောင်၏ ကတုံးဆံပင်ပေါက်ကေပေါ်၌ ကွက်ပြီးကျနေသဖြင့် သူပြုံးမိတော့မလိုဖြစ်သွား၏။

နားဆွဲကောင်သည် တိတ်ဆိတ်စွာမော့ကြည့်နေသည့်သူ့အား နောက်တကြိမ် ထပ်မေးလာပြန်ပါသည်။

"မင့်မှာ .. မီးခြစ် ပါသလားလို့"

"ဒီမှာက ကျောင်းသားတိုင်း ဆေးလိပ်သောက်နေတာလား"
သူသည် ဇဝေဇဝါလေသံဖြင့် နားဆွဲကောင်ကို ပြန်မေးမိသည်။

"ဘာဖြစ်လို့လဲ"

"မင်းက တွေ့ရာလူဆီ မီးခြစ်ရှိမရှိလိုက်မေးနေလို့"

"ဒီတိုင်း မင်းကို မေးကြည့်တာပါ .. မရှိဘူးလား"

"အေး"

နားဆွဲကောင်သည် သူ့အိတ်ကပ်ထဲကို မွှေနှောက်နေ၏။ သည်လောက်ပါးလျနေသောအိပ်ထဲ သူ့ကို လာမမေးခင်ကလည်း ရှာခဲ့ဦးမည်ပဲမဟုတ်လား။ စောစောတည်းက မတွေ့ခဲ့သောမီးခြစ်သည် ခုရော ရှိနေမတဲ့လားလေ။

သူ ဘာမှထပ်မပြောဖြစ်ပါ။ ဗလာကျင်းသောအကြည့်ဖြင့် မြေပြင်ကိုသာ ဆက်လက်ငုံ့ကြည့်နေမိသည်။ ပြီးတော့ တဖက်ကျောင်းသား၏ တုန့်ပြန်မှုကို စောင့်ကြည့်နေလိုက်သည်။ ဘယ်ကမှ မီးခြစ်မရနိုင်မှန်း သိတော့ နားဆွဲကောင်သည် လှည့်ထွက်ဖို့ပြင်၏။ ရွှေရောင်လင်းသည် စိတ်မရှည်စွာဖြင့် နှာတချက်မှုတ်ကာ ရှပ်လက်ရှည်၏ ဘယ်ဖက်အိပ်ကပ်ထဲက ရွှေအိုရောင်မီးခြစ်ကို နှိုက်ယူလိုက်၏။ ထိုအခါ မီးခြစ်အပြင် အိတ်ထောင့်တွင် နားဆွဲအပိုင်းအစတဖက်ကို စမ်းမိသည်။

သူ ပြန်ပေးလိုက်သင့်သလား။

"ဟေး .. ရော့.. "

'ဘာလဲ'ဟူသောအကြည့်ဖြင့် လှည့်ကြည့်လာကာ သူ့မျက်နှာကိုတလှည့်၊ သူ့လက်ထဲကမီးခြစ်ကိုတလှည့် ကြည့်နေသော နားဆွဲကောင်။

"ယူလေ"

သူက မီးခြစ်၏ အောက်ခြေပိုင်းမှကိုင်ပြီး လှမ်းပေးလိုက်ချိန်တွင် နားဆွဲကောင်သည် မီးခြစ်၏ခေါင်းပိုင်းအဖျားလေးမှ လှမ်းယူ၏။ ထိုအခါ လက်မမြဲသဖြင့် မီးခြစ်သည် ပြုတ်ကျ၏။ သို့သော် မြေပြင်ပေါ်သို့ကား မရောက်။ ရွှေရောင်လင်းတယောက် 'လက်ဖျားလေးနဲ့ ယူနေမှတော့ ပြုတ်မကျဘဲ နေနိုင်ရိုးလား'ဟူသော အငေါ်တူးအတွေးပင် ဆုံးအောင်မတွေးနိုင်ဘဲ ခါးကိုင်းကာ မီးခြစ်အားအမိဖမ်းလိုက်ရခြင်းကြောင့်ဖြစ်သည်။ အခန့်မသင့်လျှင် ဟန်ချက်ပျက်ပြီး သူပါ ရှေ့သို့ ဟပ်ထိုးပြုတ်ကျသွားနိုင်သည်။

"သေချာယူ"

"အေးပါ"

သည်တကြိမ်တွင်တော့ မီးခြစ်ကို အသေအချာလှမ်းယူပြီးနောက် နားဆွဲကောင်သည် စလွယ်သိုင်းလွယ်ထားသည့် ဘေးလွယ်အိတ်ထဲက စီးကရက်ဘူးကို ထုတ်သည်။ ပြီးတော့ ဆေးလိပ်တလိပ်ကို ဘူးထဲမှဆွဲနှုတ်၍ အစီခံအပိုင်းကို အသာဖိကိုက်ကာ ပခုံးအနည်းငယ်ရို့၍ မီးညှိနေပုံက ဟန်ကျကျ။ တမင်တကာပင် ဟန်လုပ်နေသလော။

"ရော့"

လှမ်းပေးလာသော မီးခြစ်ကို အင်္ကျီအိပ်ကပ်ထဲပြန်ထည့်ရင်း ရွှေရောင်လင်းက တံတွေးမျိုချလိုက်သည်။

"ငါ့ကို ကျေးဇူးတင်ကြောင်းတော့ ပြောသင့်ပြီနော်"

အတည်ပေါက်ပြောသလား၊ စနောက်ပြီးပြောသလားမှန်းရခက်သော ရွှေရောင်လင်း၏စကားအဆုံး၍ နားဆွဲကောင်သည် ခပ်တိုးတိုးလေသံဖြင့် -

"ဘာလုပ်တဲ့ 'ငါ'တုန်း... ငါ့ထက်တနှစ်ငယ်မှာပေါ့.. first yearမို့လား"

"တနှစ်ကျထားတဲ့ မင်းကတော့ ငါနဲ့အတန်းတူတူပါပဲ"

နားဆွဲကောင်ငြိမ်သွား၏။
ဒါဆို သူထင်တာမှန်သည်ပဲ။ နေ့လည်က တီချယ်ပြောနေသော စကားအသွားအလာကို ကြည့်ခြင်းအားဖြင့် အဲ့သည်ကျောင်းသားသည် အတန်းတခုခုမှ တနှစ်ကျထားသော ကျောင်းသားပဲဟု ခန့်မှန်းမိခဲ့သည်။ ကိုယ့်တွက်ကိန်းနှင့်ကိုယ်အဖြေထုတ်ထားပြီး မှန်နေခဲ့လျှင် အနည်းငယ်တော့ပျော်စရာကောင်းသည်။

အဲ့သည် ကတုံးဆံပင်ပေါက်ကေနှင့်ကောင်က "အသက်အရတော့ ငါကကြီးတာပဲ" ဟု တစခန်းထလာပြန်သည်။

"ငါ ၂၀၀၀ခုနှစ်ဖွား"

ရွှေရောင်လင်းဆိုလိုလိုက်သည်က 'ငါက မင်းထက် အတန်းတနှစ်ငယ်ပေမဲ့ အသက်က အတူတူပဲ'ဟု အဓိပ္ပာယ်ရပါသည်။ နားဆွဲကောင်တို့အတန်း(5th Batch of MTU)က 2000ခုနှစ်ဖွားများ အများဆုံးစုဝေးရာဖြစ်ဖို့များသည်မဟုတ်လား။ အဲ့သည်တယောက်လည်း ဖြစ်နိုင်ခြေရှိလှ ၂၀၀၀ခုနှစ်ဖွားပေါ့။

အခြေအတင်ပြောနေရသည်နှင့်တူသော်လည်း နားဆွဲကောင်ရော သူ့မျက်နှာမှာပါ စိတ်တိုသည့်အမူအရာ ရှိမနေ။

သူတို့ စကားစ ရပ်သွားပြီး နားဆွဲကောင်က သူ့ရှေ့တွင် ခါးတဖက်ထောက်၍ရပ်ကာ ဆေးလိပ်ကို တဖွာနှစ်ဖွာစာမျှ သောက်နေ၏။ မီးခိုးငွေ့ကိုကား အခြားဖက်သို့လှည့်၍ မှုတ်ထုတ်၏။ သောက်စရာဆေးလိပ်နှင့် ပြောစရာစကားမရှိသူရွှေရောင်လင်းကတော့ အပင်ပေါ်ကတမာရွက်တွေကို ငေးမော့ကာကြည့်နေမိပြန်သည်။ မြေပြင်ကရွက်ခြောက်တွေကို ငေးစဉ်ကတော့ နားဆွဲကောင်ပေါ်လာသည်။ အမြင့်မှ ရွက်ဝါတွေကို လှမ်းကြည့်ချိန်တွင်တော့ မီးခြစ်လာတောင်းမည့် နောက်ထပ်ကျောင်းသား မရှိလောက်တော့ဘူးမလားဟု ကြံဖန်တွေးမိသည်။

ခဏအကြာ၌ နားဆွဲကောင်သည် ဆေးလိပ်မီးအား ကွပ်ပျစ်ကြမ်းပေါ်၌ ထိုးခြေ၏။ မီးသေသွားသောဆေးလိပ်ကို လွယ်အိတ်၏ဘေးအိပ်ကပ်ထဲသို့ ထိုးထည့်သည်။ ဤသို့ အစဉ်လိုက်ဖြစ်စဉ်အား ပြုပြီးနောက် -

"ငါပြန်ပြီ" ဟု နှုတ်ဆက်လာ၏။

ရွှေရောင်လင်းနှုတ်မှ ဘာမှပြန်မဖြေသော်ငြား လှမ်းကြည့်၍ ခေါင်းငြိမ့်ပြလိုက်ပါသည်။

"စာအုပ်တွေ သယ်သွားပေးမယ်"

နားဆွဲကောင်သည် ထိုသို့ ကမ်းလှမ်း၏။ သူတပါးဝင်ရှုပ်သည်ဟု ခံစားရသဖြင့် ရွှေရောင်လင်းက -

"မလိုဘူး.. ရတယ်" ဟု ငြင်းလိုက်၏။ ထိုအခါ တဖက်ကလည်း

"ရတယ်" ဟု ပြန်ပြောလာပြန်သည်။

"ရတယ်လို့.. မကူနဲ့"

"အေး.. ငါလည်းရတယ်.. သယ်ပေးမယ်"

"ရတယ် .. ငါ့ဘာငါ ပြန်တော့မှ သယ်မယ်"

"ဟား!"

နားဆွဲကောင်သည် ထအော်ကာ သူ့နဖူးသူ လက်ဝါးဖြင့်ရိုက်၏။ ရွှေရောင်လင်းသည်လည်း နံဘေးသို့အကြည့်လွှဲကာ လေပူတွေ ဟူးခနဲမှုတ်ထုတ်၏။

လူကြီးတွေပြောကြသလိုပါပင်။ သူတို့ဘာသာစကား၏ 'ရတယ်'သည် အဓိပ္ပာယ်နှစ်ခွပေး၏။ တယောက်၏ "ရတယ်"သည် အငြင်းဖြစ်ပြီး ကျန်တယောက်၏ "ရတယ်"က အဆိုဖြစ်၏။ ရွှေရောင်လင်းသည် ဤကြောင်တောင်တောင်စကားပွဲမှ နှုတ်ထွက်လို၏။ ထို့ကြောင့် ဘာမှထပ်မပြောတော့ဘဲ လက်နှစ်ဖက်ကို နောက်ပစ်ထောက်လျက်သား အနေအထားဖြင့်သာ ခပ်ငြိမ်ငြိမ်ထိုင်နေလိုက်တော့သည်။

နားဆွဲကောင်သည် သူ့ရှေ့၌ ရပ်နေရင်း လည်ပင်းတွင်စွပ်ထားသော ဆိုင်ကယ်သော့၏ကြိုးကွင်းကို ချွတ်သည်။ ပြီးနောက် ရွှေရောင်လင်းနံဘေးက စာအုပ်တွေကို လက်ဖျံပေါ် ထပ်ကာစီကာ တင်၏။

"ကျန်တဲ့ဟာ ကိုယ့်ဘာကိုယ်သယ်"

ပြောပြီးလျှင် ပြီးချင်း ခြေလှမ်းကျဲတို့ဖြင့် ရှေ့တည့်တည့်ကုက္ကိုရိပ်က ဆိုင်ကယ်ရပ်ထားရာဆီ သွားနေပြီဖြစ်သည်။

"ဟေး"

သူခေါ်လိုက်သည့်အခါ နားဆွဲကောင်၏ ခြေလှမ်းတွေ ရပ်သွားပါသည်။

"မင်းနားဆွဲ ကျိုးထားတဲ့တပိုင်းပြတ်ကို"

"---"

ဘာမှပြန်မဖြေသေးဘဲ၊ လည်ပြန်လှည့်ကြည့်ခြင်းလည်း မရှိပါဘဲ သူ့ အပြောအား ရပ်စောင့်နေဟန်ရှိသည်။ ရွှေရောင်လင်းသည် သူ၏ အသံကြည်ကြည်ဖြင့် ထပ်မံ၍ အော်ပြောလိုက်၏။

"ငါ ယူလိုက်ပြီ"

ထိုကျောင်းသားက သူ့ကို ဘာမှပြန်မဖြေခဲ့ပါ။ စလွယ်သိုင်းထားသောအိတ်ကိုသာ ကျကျနနပြင်၍လွယ်ကာ ဆိုင်ကယ်ကို လက်တဖက်တည်းဖြင့် ထိန်းစီး၍ ထွက်သွားပါသည်။

"နားကပ်ဖြုတ်ပေးတာနဲ့
စာအုပ်သယ်ပေးတာနဲ့
နားကပ်ပြတ်ကို ယူလိုက်တာနဲ့မှာ
ဘယ်သူက ကျေးဇူးကြွေးပိုတင်နေလောက်သလဲ"

သူသည် နားဆွဲကောင်ချန်ထားခဲ့သော မြန်မာစာအုပ်နှစ်အုပ်ကိုစိုက်ကြည့်ရင်း တွေးတောစရာမရှိ ကြံဖန်တွေးတော၍သာ ကျန်နေခဲ့တော့သည်။

____________________________________

****စာကြွင်း****

ပထမနှစ် စာသင်နှစ် တနှစ်လုံး(Semester နှစ်ခု)စာအတွက် ကျောင်းသားတိုင်းသုံးရတဲ့ textbookတွေက -

မြန်မာစာ - 2အုပ်

English Course Book - 1အုပ်
English Work Book - 1အုပ်

Thomas Calculus (Maths) - 2 အုပ်
Erwin Kreyszig (Maths) - 2အုပ်

Engineering Chemistry - 1အုပ်

Engineering Physics - 2အုပ်

Technical Drawing
(Civil Engineering နဲ့ အခြားမေဂျာမှာသုံးကြပြီး Architectual Majorအတွက် ဒီစာအုပ်ကို ချန်လှပ်ပါတယ်။)

မြန်မာစာအုပ်နှစ်အုပ်နဲ့ အင်္ဂလိပ်စာအုပ်တွေကလွဲရင် ကျန်တဲ့စာအုပ်တိုင်းက (၁)လက်မခွဲနဲ့အထက် ထူပါတယ်။

--------------

ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကောင်းသောနေ့ပါ။

Comment