Chapter 10/U: Empire Conference (1)


(မှတ်ချက်။ ။ အဆဲအဆိုစကားလုံးတွေကို ဆင်ဆာမဖြတ်ထားတာကတော့ ဇာတ်ကောင်တွေရဲ့စရိုက်ဆိုးဆိုးကြမ်းကြမ်းတွေကို reality နဲ့ သဘာဝကျကျလေး ပိုနီးစပ်အောင်၊ ပိုပေါ်လွင်ပီပြင်အောင်လို့ တမင်ဆင်ဆာမဖြတ်ဘဲ ဖန်တီးထားတာပါ။ ဒီလိုဆိုတော့လည်း ဟာသမြောက်အောင် တမင်သက်သက်ကြီးထည့်ထားတယ်ဖြစ်မှာစိုးလို့ over မဖြစ်ရလေအောင် အဆဲအဆို dialogue လေးတွေကို နည်းနည်းပါးပါးပဲ ထည့်ထားပါတယ်ရှင့်။

အမြင်မတော်ဘဲ တအားရိုင်းသွားခဲ့ရင်လည်း တောင်းပန်ပါတယ်။ သားအဆိုး မျောက်လောင်းလေးတွေကို သည်းခံပေးပါဦးလားကွယ်။ )

အခန်း (၁၀)
အင်ပါယာညီလာခံ

ဟယ်ရီရှိန်းနောင်က ကျွန်းနက်ထိုင်ခုံပေါ်မှာ ပျင်းရိပျင်းတွဲဖြင့် ဒူးထောင်ပေါင်ကား ထိုင်နေသည်။ ယနေ့သည် သူ​၏အားလပ်ရက်ဖြစ်သည်။ ထို့ကြောင့် အင်ပါယာရွှေနန်းတော်၌ ကိုယ်ရံတော်မှူးအဖြစ် တာဝန်ထမ်းဆောင်ရန် မလိုနေပေ။

သို့သော် သူ့အား ကျွန်ကောင်ဟု သတ်မှတ်ထားသော လင်တော်မောင် ရာဇသိင်္ဂါထံမှ အချိန်မရွေးဆင့်ခေါ်ခံရလျှင် သွားရောက်ခစားရပေမည်။ ယခုအချိန်ထိ ဆင့်ခေါ်ခြင်းမခံရသေး၍ သူ့တွင်အချိန်များစွာ ပိုလျှံနေ​၏။ ပုံမှန်အားဖြင့် ပျင်းလျှင် ဂိမ်းဆော့နေကျဖြစ်သော်လည်း ဖြောင်ခေတ်တွင်မူ ဆော့စရာ ဂိမ်းစက်ပစ္စည်းများ၊ ဟန်းဖုန်း၊ လက်တော့ပ်နှင့် ကွန်ပျူတာများ မရှိနေ၍ ဘဝကြီးတွင် တစ်ခုခုလိုအပ်နေသကဲ့သို့ လှစ်ဟာနေပေသည်။ ဤသို့ဖြင့် ဆန်းကြယ်သည့် သူ့ဝအကြောင်းကိုထိုင်တွေးနေရာကနေ ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ ထို့နောက် သူ့ဘေးက ကျွန်းနက်စားပွဲခုံပေါ်တွင် အိပ်ငိုက်နေသော စာအုပ်ကြီးကို သူ့လက်များနှင့် ဆက်တိုက်ပုတ်နိူးလိုက်သည်။

"စာအုပ်ကြီးရေ...ဆရာဒုံရေ"

စာအုပ်ကြီးလည်း ဟယ်ရီရှိန်းနောင်လက်ချက်ဖြင့် မျက်လုံးစင်းစင်းလေးနှင့် တဝါးဝါးသန်းဝေကာ နိုးလာ၏။

"ဟေ...ဘာဖြစ်လို့လဲ။"

"ဖြောင်ခေတ်ကိုစစရောက်တုန်းက ခင်ဗျား ကျွန်တော့် ကျောပိုးအိတ်ကို သိမ်းပေးထားခဲ့တယ်ဆို။"

"အေးလေ"

"အဲဒါ...ခု ထုတ်ပေးတော့လေ။ ဒီခေတ်ရဲ့ဇာတ်ရှုပ်တွေကြောင့် ကျွန်တော်ဖြင့် ဖုန်းမကြည့်ရတာတောင် ကြာနေပြီ။ ဪ...ဖုန်းဆိုတာ ဘာလဲရော ခင်ဗျား သိမှသိရဲ့လား။ ဟန်းဖုန်း၊ တယ်လီဖုန်းကိုပြောတာလေ...ခင်ဗျားလို ရှေးဟောင်းသက်ကြားအိုကြီးကတော့ သိလိမ့်မယ်လည်း မထင်ပေါင်။"

ထိုအခါ စာအုပ်ကြီးမှာ အထင်အမြင်သေးခံလိုက်ရသည့်အတွက် မျက်နှာမှုန်ကုပ်သွားလျက် လေသံမာဆတ်ဆတ်နှင့် တရစပ်ပြန်ချေပတော့သည်။

"အောင်မယ်...သိပါတယ်ဟ။ ငါလည်း လိုက်လေ့လာထားခဲ့တဲ့ ဗဟုသုတတွေမှ အများကြီးပဲ။ ငါဆိုတဲ့ ဒုံဒါဒီဒူဘူဘူက မသိဘူးဆိုတာ ရှိမနေဘူး။

အဲဒီ'ဟန်းဖုန်း' ဆိုတာကိုလည်း ငါ ကိုယ်တိုင်မသုံးဖူးပေမဲ့ သူများတွေသုံးဖူးတာ ခဏခဏမြင်ခဲ့လို့ ကိုယ်ယောင်ဖျောက်ပြီး အနီးကပ်လေ့လာကည့်ခေတ်သစ်လူသားတွေရဲ့ လက်လုပ်မှော်ပညာပစ္စည်းတစ်မျိုးပဲလေ။ အချင်းချင်း အချိန်မရွေးစကားပြောဆက်သွယ်နိုင်တယ်။ အဲဒါကို ဘာတဲ့။ ချက်တင်း (chatting) ထိုင်တယ်၊ ချက် (chat) တယ်လို့ ခေါ်သေးတယ်မလား။

နောက်ပြီးတော့ အရာဝတ္ထုပစ္စည်းတွေအားလုံးကို မှန်သေတ္တာပြားပြားလေးထဲမှာ ထည့်သိမ်းလို့ရသေးတယ်။ မိန်းမလှလေးတွေ အုပ်စုလိုက်စုံကြပြီဆိုရင် ဆယ်လ်ဖီဆွဲကြမယ်၊ ဆယ်လ်ဖီဆွဲကြမယ်နဲ့ ပြောကြတာလည်း တွေ့ဖူးကြားဖူးခဲ့တယ်။

ထပ်ပြောရင် အဲ့ဟန်းဖုန်းဆိုတဲ့ မှန်ပြားသေတ္တာလေးထဲကနေ ဂီတသံလေးတွေပါ နားထောင်လို့ရတယ်။ ဘက်စုံစွယ်စုံသုံးလို့ရတဲ့ မှော်ပစ္စည်းကောင်းလေးပဲ။ ငါလိုချင်နေခဲ့တာ ကြာပြီပေါ့ကွာ။ ငါ့မှော်အစွမ်းနဲ့ ဖန်ဆင်းလို့ရရင်ကောင်းသား။ ဘယ်လိုပဲဖြစ်ဖြစ် ခေတ်သစ်လူသားတွေပြောကြတဲ့ တက်ခနိုလော်ဂျီ မှော်ပညာတွေကို တုပဖန်တီးဖို့ လိုက်မမီနေပါဘူး။

အဲဒါကြောင့် ကျိန်စာတွေပြယ်လို့ ငါ လူပြန်ဖြစ်သွားရင် မင်းငါ့ကို အဲ့ဟန်းဖုန်းလို့ခေါ်တဲ့ မှန်သေတ္တာပြားလေးဝယ်ပေးရမယ်။ "

"ဟမ့်...ဘာကျေးဇူးရှိလို့ ခင်ဗျားဝယ်ခိုင်းတိုင်း ကျုပ်ကဝယ်ပေးရမှာလဲ။ တအားဝယ်ပေးစေချင်ရင်တော့ ကျွန်တော့်ကို အဖေဆိုပြီး ရိုရိုသေသေထိုင်ကန်တော့မယ်ဆို စဥ်းစားပေးမယ်လေနော့်။"

"မင်းမေဇောက်ဘုတ်ကို အဖေခေါ်ရမှာလား..."

"ဟ...ခင်ဗျားကလည်း ဒါပဲဆဲတတ်တာလား။ ဆဲတာကအစ လိုက်လေ့လာထားပုံရတယ်။ ဒီအဆဲစကားလုံးက သိပ်မော်ဒန်ဆန်လွန်းနေတော့ နားဝင်ဆိုးတယ်ဗျ။ ခုဖြောင်ခေတ်ကလို နန်းဆန်ဆန်လေး ပြောင်းဆဲကြည့်ပါရော့လား။"

"ငါ....ပြန်ပြောလိုက်ရင် မကောင်းဖြစ်တော့မယ်။ ဒီမျိုးမစစ်လေးကတော့...ဖြောင်ခေတ်က လူတွေဆဲတယ်ဆိုတာ မင်းပြန်လူဝင်စားတဲ့ ခေတ်ကလူတွေဆဲတာလောက်ကို မမီနေပါဘူးကွာ။"

"အဲဒါတွေ အသာထား။ ကျွန်တော့်ကျောပိုးအိတ်လေးသာ မြန်မြန်ထုတ်ပေးပါတော့။"

ထိုအခါ စာအုပ်ကြီးလည်း စိတ်မကြည်တကြည်ဖြင့် သူသိမ်းပေးထားသည့် ကျောပိုးအိတ်ကို မှော်ဂါထာရွတ်ကာ ထုတ်ပေးဖို့ပြင်တော့သည်။

"ကိုင်း...လာလေ့ရော့...ဥုံ အိစိပိစိ ပိပိစိ...စိစိပိပိပိ စိပိစိ"

"ခင်ဗျားဂါထာက စောက်ဆန်းကြီး"

စာအုပ်ကြီး​၏အစွမ်းထက်ဂါထာရွတ်ဆိုမှုအပြီးမှာ ဟယ်ရီရှိန်းနောင်၏ကျောပိုးအိတ်က ဘွားခနဲ ပေါ်ပေါက်လာတော့သည်။ အဆိုပါ ဂျင်းကျောပိုးအိတ်ကိုမြင်လျှင် ဟယ်ရီရှိန်းနောင်လည်း အားရဝမ်းသာစွာ အမြန်ဆွဲယူလိုက်လျက်။ ပြီးလျှင် ကျောပိုးအိတ်နောက်က အကန့်တစ်ခု​၏ဇစ်ကို အမြန်ဆွဲဖွင့်လိုက်ကာ အိတ်အတွင်းထဲက သူ့ဟန်းဖုန်းကို နှိုက်လိုက်သည်။ နောက်ဆုံးတွင် သူ့ဟန်းဖုန်းအပြာရောင်လေးကိုတွေ့သွား၍ မျက်နှာရွှင်ပြသွားသည်။

"ဟဟ...long time no see my baby.. အူမွ"

တန်ဖိုးငွေမြင့်မားသည့် ရှောက်သီးတစ်ခြမ်းကိုက်တံဆိပ်လေးနှင့်ဖုန်းလေးအား တယုတယဖြင့် နမ်းရှိုက်နေ၏။ ထို့နောက် ဖုန်းမျက်နှာပြင်ကိုကြည့်လိုက်လျှင် ရက်စွဲမှာ 2023 ဖြစ်နေသည်ကိုတွေ့သောအခါ အံ့သြသွားသည်။ ဟယ်ရီရှိန်းနောင် ကျောင်းစာကြည့်တိုက်တွင် အိပ်ရန်ပြင်ဆင်နေခဲ့စဉ် စာအုပ်ကြီး​၏အတိတ်သို့ ခေါ်ဆောင်ခံခဲ့ရသည့်နေ့စွဲကို တွေ့လိုက်ရသောကြောင့်။

[Tuesday, 25 July
11:33 AM]

"ဟ ဖုန်းရဲ့နေ့စွဲက အဲဒီနေ့ကအတိုင်းပဲဖြစ်နေတယ်...ထူးထူးဆန်းဆန်း ရပ်နေပါလား။"

စာအုပ်ကြီးကလည်း ဟယ်ရီရှိန်းနောင်အနားကို ဝဲပျံလာပြီး ပြူးကြည့်၏။

"မှန်းစမ်း...ဘာတွေလဲ။"

စာအုပ်ကြီးမှာ ဖုန်းမျက်နှာပြင်ကို သေချာစိုက်ကြည့်ခဲ့၏။ သူ့အနေဖြင့် မိန်ဓိရာဇ်အဖြင့် ပြန်လည်မွေးဖွားလာမည့် ဟယ်ရီရှိန်းနောင်ကို စောင့်ဆိုင်းနေခဲ့စဥ်ကာလပတ်လုံး ခေတ်သစ်နိုင်ငံခြားဘာသာစကားများစွာကိုလည်း လေ့လာသင်ကြားပြီးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဖုန်းမျက်နှာပြင် Screen ပေါ်က ခေတ်သစ်နိုင်ငံခြားအက္ခရာဗျည်းစာသားများကို အလွယ်တကူ ဖတ်ရှူနိုင်သည်။

"ဪ...ဒါလား။ မင်း ဒီအတိတ်ကမ္ဘာကနေ ပြန်ထွက်နိုင်ခဲ့တဲ့အခါ မင်းပြန်မွေးဖွားခဲ့တဲ့ အရင်ခေတ်က အဲဒီအချိန်ကိုပဲ ပြန်ရောက်သွားမှာ။ မဟုတ်ရင်လည်း အဲဒီအချိန်ထက် ကျော်လွန်ပြီး ရောက်သွားလိမ့်မယ်။ ပြန်ထွက်လို့ရခဲ့ရင် ပြောပါတယ်။ မဟုတ်ရင် မင်း ဒီကမ္ဘာမှာတင် တစ်သက်လုံးပိတ်နိုင်ချေရှိတယ်။"

ဟယ်ရီရှိန်းနောင် ပါးတစ်ခြမ်းရွဲ့ကာ မျက်ခုံးများ ပင့်တက်သွားသည်။

"ကျွန်တော် ဒီကမ္ဘာမှာ ကိုယ့်ကိုယ်သေသွားရင် ဟိုဘက်ကမ္ဘာပြန်မရောက်နိုင်ဘူးလား စာအုပ်ကြီး။"

"ဟ မင်းက ဒီကစားပွဲကို လွယ်လွယ်လေးထင်နေသေးတာလား။ မင်းမိထွေး ခေါင်းကိုင်မိခင် အချိန်ခရီးသွားနတ်ဘုရားမဘက်ကလေ...မင်းအတွက် အဲဒီလောက်လွယ်လွယ်ကူကူ အခွင့်အရေးတွေ ပေးထားမှာမဟုတ်ဘူး လူကလေးရယ်။ လျော့တွက်မနေနဲ့။"

စာအုပ်ကြီးလည်း လေသံမာမာဆတ်ဆတ်နှင့် ပြန်ပြော​၏။

"ဟွန်း...ဒါပေမဲ့လည်း ကျွန်တော်ကြည့်ဖူးတဲ့ အချိန်ခရီးသွားရုပ်ရှင်ကားတွေထဲမှာဆိုရင် မော်ဒန်ခေတ်သစ်ကနေ ရှေးခေတ်ဟောင်းတွေဆီရောက်သွားခဲ့ရင် နေကြတ်၊ လကြတ်တဲ့အချိန်မှာ ရေကန်ထဲ ခုန်ချလိုက်တာနဲ့ ပစ္စုပ္ပန်ခေတ်ဆီ ပြန်ရောက်သွားရော... ကျွန်တော် စမ်းကြည့်လိုက်ရမလား။"

စာအုပ်ကြီးက စိတ်လေသောမျက်နှာပေးဖြင့် ဟယ်ရီရှိန်းနောင်ကိုကြည့်လိုက်ရင်း ချစ်စရာဟန်ဆောင်အပြုံးတစ်ခုကို တွန်းအားပေး၍ချိတ်ဆွဲလိုက်သည်။

"စမ်းကြည့်လိုက်လေ... မိကျောင်းတွေ၊ ငါးမန်းတွေ၊ ထူးခြားဆန်းပြား အသားစားရေနေသတ္တဝါကြီးတွေပေါလောနေတဲ့ အရှေ့ပင်လယ်ဆီကို ခေါ်သွားပေးမယ်။ အဲဒါမှ မင်းမြန်မြန်သေပြီး သိပ်ပြန်ချင်နေတဲ့ မော်ဒန်ခေတ်ဆီ ရောက်သွားအောင် စေတနာနဲ့..."

ဟယ်ရီရှိန်းနောင်လည်း စာအုပ်ကြီး​၏စေတနာအရင်းခံစကားလုံးများကြောင့် အသံတိတ်သွားသည်။ မေးခွန်းများလည်း ဆက်မမေးတော့ပေ။ သူ့ဟန်းဖုန်းလေးကိုသာ ညာလက်မ၏ လက်ဗွေနှင့် lock screen ဖွင့်လိုက်သည်။ ထို့နောက် ဖြောင်ခေတ်မှာ အင်တာနက်မရှိ၍ ဂိမ်းဆော့မရ၊ ဆိုရှယ်မီဒီယာနှင့် ဖျော်ဖြေရေး အကိပလီကေးရှင်းများ သုံးမရတော့သည်ကို သိလျှင် သီချင်းနားထောင်ရန် "ချပေါ်လီပိုင်း" ဟူသည့် သီချင်းအက်ပလီကေးရှင်းထဲ ဝင်မွှေတော့သည်။

အလွန့်အလွန် ပျင်းရိနေသောကြောင့် သီချင်းအေးအေးများအား နားမထောင်လိုပေ။ ထို့ကြောင့် နိုင်ငံခြားသီချင်းခပ်မြူးမြူးများကိုနားထောင်ရန် ဆုံးဖြတ်လိုက်တော့သည်။ ဤသို့ဖြင့်

"ရော်ဂီဘူတော်ရာ မိုဒူမိုရော်ရာ
ဝီဂုန်ဖာတေလိုက်ခ် လီလီလီလာလာလာ
မာမိုလ်ရော်ရိုရာ မော်လ်ဝီလ်ဘီဝေါ်လာ
ဘူဝူဂျီဖြော်ရာ လီလီလီလာလာ

ချုန်းဒါးဘွန် မြူ့ဂျီမယ်လ် ဂိုးဂုဒယ်လို
ဘာ့ဒါ ဒူလ်ရယ်နူကင်ဒယ်ရိုဂါ Alright
ဟာနူဝေါ် မာ့ဂျုဟာဂို ဒူဆိုနူ
ဒါလ်ဝီဝို ဂျိုဝီဝို နော်ထရီးဂို ရှစ်ဖော် အိုး"


စာအုပ်ကြီးမှာလည်း သူမကြားစဖူး၊ ကြားလေ့ကြားထမရှိခဲ့သော တီးလုံးသံစဥ်နှင့် ဂီတအမျိုးအစားကိုကြားလျှင်ကြားချင်း မျက်လုံးမှေးမှေးနှင့် မှုန်ကုပ်ကုပ်နားထောင်နေသည်။ မိန်ဓိရာဇ် ခေါ် ဟယ်ရီရှိန်းနောင်ကတော့ ဒူးထောင်ပေါင်ကား ထိုက်လျက်အနေအထားမှာတင် စတင်ပြီး ခြေလှုပ်၊ ဒူးလှုပ်လာသည့်အပြင် ခန္ဓာကိုယ်ကပါ သီချင်း၏စည်းချက်အလိုက် လှုပ်ရှားနေခဲ့လျက်။

ဟယ်ရီရှိန်းနောင် ခေါ်  မိန်ဓိရာဇ်လည်း စာအုပ်ကြီးနှင့်အတူ သီချင်း၏မြူးကြွကြွ စည်းချက်များအတိုင်း ခန္ဓာကိုယ်ယိမ်းထိုးနေသည်။

"နာ့နာနာ နာ့နာ နာ့နာနာ နာ့နာ
ဝါး ဖန်တက်စတစ် ဘေဘီ
ဒန်းစ် (အို ဝူး အို) အိုင်ဝမ်နာ ဒန်းစ် ဒန်းဒစ် ဒန်းစ် ဒန်းစ် ဒန်းစ်
ဖန်တက်စတစ် ဘေဘီ
ဒန်းစ် (အို ဝူး အို) အိုင်ဝမ်နာ ဒန်းစ် ဒန်းဒစ် ဒန်းစ် ဒန်းစ် ဒန်းစ်
ဝါး ဖန်တက်စတစ် ဘေဘီ

အီးနမ့်ဂျန်းဖာ့နဲ (ဟေး)
ဂွတ်ဒ်ဖန်းဝမ်ချားရယ် (ဟေး)
တန်းဂူလ်ဟန်ဒွယ်လ်ဂို
စန်းဘွန်နူဝန်း ဘူချွန်းဘွန်းဟန် ရေ့စ် ဝိတ်
ဘူနီဂီနမ်ဂွါယို (ဟမ်)
ကတ်ရှ်မီအွန် ဖားရား (ဟမ်)
ဂျင်းဂျားဂါ့ နာ့တနာ့
ဒါးနာ့နာနားနား"

ထိုစဥ် အစေခံ ဗဘုံလေးက အိပ်ခန်းဆောင်အရှေ့က မိန်ဓိရာဇ်ကို အော်ခေါ်ခဲ့သည်။

"သခင်မိန်ဓိရာဇ် သခင်မိန်ဓိရာဇ် .... ဧကရာဇ်မင်းတရားမှ အင်ပါယာရွှေနန်းတော်ထံသို့ ချက်ချင်းလာရောက်ရန် ဆင့်ခေါ်လာပါကြောင်း။"

စာအုပ်ကြီးလည်း ဗဘုံ​၏အသံကိုကြားလျှင်ကြားချင်း မိန်ဓိရာဇ်​၏ဖကျောပိုးအိတ်ကို မြန်မြန်ဖျောက်လိုက်သလို သူလည်းကိုယ်ရောင်ဖျောက်ထားလိုက်သည်။ မိန်ဓိရာဇ်ကလည်း သီချင်းကိုချက်ချင်းပိတ်ပြီး တင်ပါးအောက်ထဲသို့ ထိုးထည့်ခဲ့သည်။ ထို့နောက် ဒူးထောင်ပေါင်ကားထိုင်နေရာကနေ သိမ်မွေ့နွဲ့နှောင်းစွာ မိန်းမထိုင်ပုံစံဖြင့် ထိုင်လိုက်သည်။ ပြီးလျှင် အခန်းဆောင်အတွင်းသို့ ဝင်ချလာသောဗဘုံလေးကို ခပ်တည်တည်ကြည့်လိုက်ရင်း မရှိမဲ့နှုတ်ခမ်းမွှေးရေးရေးလေးများကို လက်ဖြင့်သနေခဲ့​၏။

ဗဘုံလေးက မိန်ဓိရာဇ်​၏ရှေ့မှောက်တွင် တရိုတသေ ထိုင်ချလိုက်ပြီးနောက် သူ့သခင်အား လျှောက်တင်ခဲ့သည်။

"ဧကရာဇ်မင်းတရားကြီးက ယခုကျင်းပပြုလုပ်နေသည့် မနက်ခင်းညီလာခံသို့ သခင်မိန်ဓိရာဇ်အား တက်ရောက်ခစားရန် ပန်ကြားလိုက်ပါသည်။ အကြောင်းအရင်းကိုမူ သေချာမသိလင့်ကစား အလျင်လိုနေပုံရပါသည်။"

မိန်ဓိရာဇ်လည်း စာအုပ်ကြီးအား စိတ်ဖြင့်ဆက်သွယ်နေခဲ့သည်။

(မိန်ဓိရာဇ်။ ။ စာအုပ်ကြီး...နန်းတော်မှာ ပြဿနာဖြစ်နေတဲ့ပုံပဲ။ မဟုတ်မှလွဲရော ဟိုကောင် ရာဇသိင်္ဂါ လက်ချက်လားမသိဘူးနော်။ ကျွန်တော်တော့ ညီလာခံတက်ရမှာ အတော်လေး မျက်ခုံးလှုပ်နေမိပြီ။ ဖင်တွေလည်းတုန်၊ ရင်တွေလည်း ခုန်နေပါရော။)

(စာအုပ်ကြီး။ ။ ရင်တွေခုန် ဖင်တွေတုန်နေလည်း ညီလာခံက မတက်လို့ကိုမရဘူး။ အချိန်ဆွဲမနေဘဲ ညီလာခံ တက်ကြစို့လေး....။)

(မိန်ဓိရာဇ်။ ။ အိုခေတော်မူပါကြောင်း...။)

သို့ဖြစ်လျှင် မိန်ဓိရာဇ်လည်း ချက်ချင်းဆိုသလို ကိုယ်ရံတော်မှူးဂုဏ်ဆောင်သည့် နန်းဝတ်နန်းစားများဝတ်ဆင်ကာ မနက်ခင်းအင်ပါယာညီလာခံသို့ အခစားဝင်ရောက်ခဲ့သည်။

ဖြောင်အင်ပါယာ​၏မနက်ခင်းညီလာခံတွင် ရာချီသော ပညာရှိသုခမိန်အမတ်များ၊ မှူးမတ်စစ်သေနာပတိများစွာက နေရာတကျ ရောက်ရှိနေခဲ့ကြ​၏။ မိန်ဓိရာဇ်မှာ ညီလာခံကျင်းပနေရာ ခန်းမဆောင်ကြီးအတွင်းသို့ စတိုင်ကျကျဖြင့် ရင်ကော့ဖင်ကော့လျက် ဝင်လာသည်။ ထိုအခါ တစ်လောကလုံးသည် သူ့အားအထင်အမြင်သေးသောအကြည့်များစွာဖြင့် နှာခေါင်းရှုံ့ကုန်ကြ​၏။

မိန်ဓိရာဇ်လည်း သူ့အတင်းအဖျင်းအား အတိုင်အဖောက်ညီညီပြောနေကြသောလူများ၏ပါးစပ်ပေါက်များအား မကြားချင်ယောင်သာဆောင်ခဲ့သည်။ ရာဇသိင်္ဂါက မျက်မုန်းကျိုးနေသူ မိန်ဓိရာဇ်ဝင်လာသည်ကိုမြင်လျှင် မှင်သေသေ အကြည့်စိမ်းဖြင့် မျက်နှာတည်နေခဲ့သည်။

══════ ◈ ═══════

ဒီတစ်လတော့ ရေးနိုင်သလောက် အပိုင်းများများတင်ပေးသွားပါ့မယ်လို့။ Edit ver မဟုတ်လို့ စာလုံးပေါင်းသတ်ပုံအမှား၊ Typing Error လေးတွေ ပါနိုင်ပါတယ်။ ဖတ်ရအဆင်မပြေတာ၊ ဇာတ်လမ်းအဆင်မပြေတာရှိခဲ့လည်း ပြန်ပြောပေးပါဦးနော်။

16.4.2024 (Tue)
5:23 AM

Comment