H Y P E B O Y [Unicode]

ဒုန်းဒုန်း!! ဒုန်းဒုန်း!!

ကွန်ဒိုတိုက်ခန်းရဲ့တံခါးမကို အဆက်မပြတ်ထုသံကြားတာနဲ့ သူမအိပ်နေရာကနေ ဆတ်ခနဲလန့်နိုးလာသည်။ သူမရင်ထဲဗလောင်ဆူနေပြီး တံခါးမရဲ့အပေါက်လေးကိုဖွင့်ကာ ချောင်းကြည့်လိုက်တော့ တံခါးကိုတဒုန်းဒုန်းထုနေတဲ့ အမည်းရောင်ဝတ်စုံပြည့်နဲ့လူနှစ်ယောက်။ သူတို့လက်ထဲမှာလည်း ပစ်စတိုသေနတ်တစ်လက်စီကိုင်ထားသေးသည်။ သူမ တစ်ယောက်တည်းလည်းဖြစ်နေတော့ အရမ်းကိုတုန်လှုပ်ခြောက်ခြားနေပြီ။ အခုချိန်မှာ သူမ‌သတိရတောင်းတမိတဲ့လူက တစ်ယောက်တည်းပဲရှိသည်။ အိပ်ရာပေါ်က သူမရဲ့ဖုန်းကိုကောက်ကိုင်လိုက်ပြီး တစ်စုံတစ်ယောက်ထံ message တစ်စောင်ကို အလျင်အမြန်ပို့လိုက်သည်။

| နင်ဘယ်မှာလဲ? ငါအခုအရမ်းကြောက်နေပြီ။ အိမ်တံခါးကို လူနှစ်ယောက်က အဆက်မပြတ်ထုနေတာ။ ပြီးတော့ သူတို့မှာ သေနတ်တွေလည်းပါတယ်။ |

စက္ကန့်ပိုင်းအတွင်း seen ဖြစ်သွားတဲ့ message လေး။

ထို့နောက်မှာတော့ တံခါးအပြင်ဘက်ကနေ သူမ သေနတ်သံနှစ်ချက်ဆက်တိုက်‌ကြားလိုက်ရသည်။ သေချာတယ် အဲ့ဒီ‌ကျည်ဆံနှစ်ဆံပိုင်ရှင်က Jake ပဲဆိုတာ။

Jake က အခန်းလျှို့ဝှက်ကုဒ်နံပါတ်ကို အမြန်ရိုက်ထည့်လိုက်ပြီး တံခါးဖွင့်ဝင်လိုက်သည်။ Jake ဘဝအတွက်အရေးအပါဆုံးလူသားက သူမဖြစ်တာမို့ လုံးဝအထိအခိုက်မခံနိုင်ဘူး။ တိုက်ခန်းထဲဝင်ဝင်လိုက်ချင်းမှာပဲ သူ့ရဲ့ရင်ခွင်ထဲကို တစ်စုံတစ်ယောက်ကတိုးဝှေ့လို့လာသည်။ အရမ်းနွေးထွေးသွားတဲ့ခံစားချက်လေး။ ဒီခံစားချက်ကို Jake တအားခုန်မှင်သည်။

" Jake နင် လူရောဟုတ်ရဲ့လား "

" haha.. ဘာလို့လဲ "

" ငါအကူညီမဲ့နေတဲ့အချိန်တိုင်း နင်ကအလင်းထက်မြန်တဲ့အလျင်နဲ့ ငါ့ဆီရောက်ရောက်လာပေးတယ်လေ "

" အင်း ဘာလို့ဆို ကိုယ်ကနတ်သားလေ "

" အဓိပ္ပာယ်မရှိတာတွေ၊ စူပါဟီးရိုးမဟုတ်ဘူးလား? "

" စူပါဟီးရိုး?? အဲ့ဒါကမှ ပိုလို့တောင်အဓိပ္ပာယ်မရှိတာကြီး... "

ဒီလိုသေရေးရှင်ရေးအချိန်မှာ ရယ်ရယ်မောမောနဲ့တောင်စဉ်ရေမရစကား‌တွေပြောပြီး သူမစိတ်တည်ငြိမ်အောင်လုပ်ပေးရသည်။ လောလောဆယ်တော့ အခန်းရှေ့ကလူနှစ်ယောက် Jake လက်ချက်နဲ့ ငရဲပြည်ကြွသွားလေပြီ။

" Dennis ရဲ့ apartment ရှေ့မှာ တစ်ချက်လောက်လာရှင်းပေးပါဦး "

ကိစ္စရှင်းဖို့ကိုတော့ Jake အတွက် ဖုန်းလေးတစ်ချက်လှမ်းဆက်လိုက်ပြီး အိပ်နေရုံသာရှိသည်။ နာရီဝက်ကြာတဲ့အခါ သူမအခန်းရှေ့မှာ ခြေရာလက်ရာတင်မက သဲစတစ်မှုန်တောင်မကျန်ဘဲ အကုန်ပြောင်ရှင်းသွားသည်။

Jake ပစ်သတ်ခဲ့တဲ့ လူနှစ်ယောက်က Yang မျိုးနွယ်လက်အောက်ကလူတွေပဲဖြစ်သည်။ တစ်ခုရှိတာက Jake ကိုယ်တိုင်ကိုက Yang မျိုးနွယ်ရဲ့အရေးပါတဲ့လူတစ်ယောက်ဖြစ်နေခဲ့တာပဲ။

_
" အခုဆို Yang မျိုးနွယ်စုက အချင်းချင်း တဖြည်းဖြည်းသွေးကွဲစပြုလာပြီ "

" ငါတို့အဖွဲ့ဝင်တွေ ပန်းတိုင်ရောက်ခါနီးနေပြီ။ အဖွဲ့မှူး Jun ကတော့ အဓိကဇာတ်ဆောင်ပေါ့ fighting! "

လျှို့ဝှက်ထောက်လှမ်းရေးဌာနတစ်ခုမှာ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များက ကော်ဖီသောက်ရင်း တက်ကြွလန်းဆန်းစွာ စကားစမြည်ပြောနေကြသည်။ ထိုတက်ကြွနေကြတဲ့လူငယ်တွေထဲ Jun မပါ။ ခုနကတည်းက သူမရဲ့ကြိုးစားမှုကို အသိမှတ်ပြုချီးကျူးနေကြတဲ့ စီနီယာ၊ဂျူနီယာတွေကြားထဲ စိတ်မပါတဲ့အပြုံးနဲ့ဟန်ဆောင်နေမိသည်။ ဒါကိုရိပ်မိတဲ့သူကတော့ ဌာနမှူးအီဒိုဟျွန်းဖြစ်သည်။ ဌာနမှူးအီက အဖွဲ့မှူး Jun ရဲ့ပွင့်လျက်သားရှိနေတဲ့ရုံးခန်းတံခါးကို သုံးချက်ဆင့်ခေါက်လိုက်သည်။

" ဟုတ်ကဲ့ပါ၊ ဌာနမှူးအီ တစ်ခုခုပြောစရာများရှိလို့လား "

ဌာနမှူးအီက အခန်းတံခါးကိုပြန်ပိတ်လိုက်ပြီးမှ စကားစလိုက်သည်။

" အဖွဲ့မှူး Jun.. ဒီနေ့ Jun ကိုကြည့်ရတာ သိပ်မလန်းသလိုပဲနော်။ တစ်ခုခုစိတ်ညစ်စရာများရှိနေလို့လား? "

" မဟုတ်ပါဘူး နည်းနည်းပင်ပန်းနေလို့ပါ "

" Jun.. အခု ထောက်လှမ်းရေးဌာနတစ်ခုလုံးရဲ့အသက်က Jun လက်ထဲမှာကိုင်ထားတဲ့ ဖန်ခွက်ထဲကရေတွေလိုပဲ။ Jun ခြေလှမ်းလေးတစ်ချက်တိမ်းစောင်းမိတာနဲ့.. ဖြစ်လာမယ့်အကျိုးဆက်က.. "

" သိပါတယ် ငါအတတ်နိုင်ဆုံးကြိုးစားပါ့မယ် "

" အာ.. ပြီးတော့ Jun ဒီနေ့ညနေ Heaven ရဲ့ပန်းချီပြပွဲကိုသွားမယ်မလား "

" သွားရမှာပေါ့။ Yang မျိုးနွယ်ရဲ့အငယ်ဆုံးသား JW လည်း ပွဲတက်မယ်ဆိုတဲ့အကြောင်း မနက်ကသတင်းစာထဲပါလာတာ ဌာနမှူးလည်းသိရဲ့သားနဲ့။ သေချာပေါက်သွားရမှာပေါ့ "

" အင်း ပြပွဲရောက်ရင် ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် JW ရဲ့အာရုံစိုက်တာခံရအောင် အတတ်နိုင်ဆုံးကြိုးစားလာခဲ့ပါ။ fighting Jun! "

_
" Jake hyung..ကျွန်တော်အခုပြောမယ့်အကြောင်းကို hyung နားထောင်ပြီးရင် ကျွန်တော့်ကိုသေနတ်နဲ့မချိန်ပါဘူးလို့ အရင်ဆုံးကတိပေး "

" အရင်နားထောင်ကြည့်တာပေါ့ Jungwon "

" ကျွန်တော် မနေ့ညနေကပန်းချီကားပြပွဲမှာ Dennis နဲ့ဆင်တဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့ခဲ့တယ် "

" အဲ့တော့.. "

" ဘာကိုအဲ့တော့လဲ hyung! Dennis ဆိုတဲ့မိန်းမ hyung အနားကို စပြီးရောက်လာကတည်းက ကျွန်တော်သိပ်ပြီးဘဝင်ကျတာမဟုတ်ဘူး။ သူမပုံစံက ရိုးအ,သလိုလိုနဲ့ တစ်ခုခုကိုဖုံးကွယ်ထားတဲ့ပုံမျိုး "

" Jungwon မင်းပါးစပ်ကိုပိတ်ထားလိုက်တော့! "

Jake တို့ဒေါသကြီးချက်က စကားမပြောခင် လက်ကအရင် သေနတ်ကိုမောင်းဆွဲတင်လိုက်ပြီး Jungwon နဖူးတည့်တည့်ကို အသင့်ချိန်ရွယ်ထားပြီးသား။

" ပစ်ချင်ရင်သဘောနော် hyung.. ဒါပေမယ့် hyung ကျွန်တော့်ကိုမပစ်ရဲပါဘူး။ ဘာလို့လဲ? စည်းမျဉ်းနံပါတ်(၁)အရ သွေးသားအရင်းအချာကို သစ္စာဖောက်တဲ့သက်သေမရှိဘဲ အကြောင်းမဲ့ဘလိုင်းကြီး သတ်ပိုင်ခွင့်မရှိ။ hyung က ဘယ်လောက်တောင် စည်းစနစ်ကျတဲ့လူလဲ။ ဒါကြောင့်မို့ hyung ကျွန်တော့်ကို သတ်ပစ်ချင်ရင်တောင်မှ လက်မဆော့ရဲဘူးမလား haha.. "

" အဲ့တော့ မင်းပြောချင်တာကဘာလဲ? စကားကိုကွေ့ပတ်ပြီးပြောမနေနဲ့။ ငါ့မှာမင်းလို အချိန်ပိုမရှိဘူး "

Jake က သေနတ်မောင်းကိုပြန်ချလိုက်ပြီး ဂျာကင်အင်္ကျီအိတ်ကပ်ထဲ ပြန်ထည့်ထားလိုက်သည်။

" hyung လည်းသိမှာပါ။ ကျွန်တော် ပေါင်းသင်းဆက်ဆံနေရတဲ့ 95%‌ သော စီးပွားဖက်ပါတနာတွေက Yang မျိုးနွယ်စုရဲ့ပြိုင်ဘက်တွေချည်းပဲဆိုတာ။ အဲ့ဒီလူတွေထဲမှာ Dennis နဲ့တူတဲ့အမျိုးသမီးလည်း ပါဝင်နေတယ်။ တော်တော်လေး ထူးဆန်းမနေဘူးလား "

" မင်းက အဲ့ဒီပန်းချီပြခန်းမှာ‌တွေ့ခဲ့တဲ့မိန်းမကို Dennis ပါလို့ စွပ်စွဲချင်တာလား Jungwon "

" အဲ့ဒါကတော့ hyung ရဲ့အံ့ဖွယ်IQကြီးနဲ့ စိတ်အေးအေးထားပြီး သေချာစဉ်းစားကြည့်ပေါ့။ မဟုတ်တောင် hyung က ခေါင်းဆောင်တစ်ယောက်ပဲမဟုတ်လား။ Yang မျိုးနွယ်ရဲ့အရာအားလုံးက hyung လက်ထဲမှာနော် "

Jungwon ထွက်သွားတော့မှ ဆုံလည်ကုလားထိုင်ပေါ်ထိုင်ကာ Jake တစ်ယောက်တည်း အချိန်အတော်ကြာထိစဉ်းစားနေခဲ့သည်။ ထို့နောက် ကိစ္စတချို့ကို ဆုံးဖြတ်ချက်ချလိုက်သည်။

_
Jake က Dennis ရဲ့ apartment ကိုမလာခင် သူမအတွက် Limited Edition Perfume လက်ဆောင်လေးကို ဆိုင်မှာဝင်ယူလိုက်‌သေးသည်။ ဟိုတလောက သူမပြောဖူးတယ်။ လာဗန်ဒါကိုယ်သင်းရနံ့မျိုးကို နှစ်သက်တယ်တဲ့။

သူမက Jake ရဲ့အဓိပ္ပာယ်မရှိတဲ့ဘဝကြီးထဲကို တိုးဝင်လာတဲ့ ဖြူစင်တောက်ပတဲ့ အဖြူထည်ဒေစီပန်းလေးတစ်ပွင့် ဆိုလည်းမမှားပါဘူး။ ဒါပေမယ့် Jake ရဲ့အချစ်ရေးက ရိုမန့်တစ်လည်းမဆန်သလို ကြည်နူးစရာလည်းကောင်းမနေ။ ဘာလို့ဆို အမြဲလိုလို သေရေးရှင်ရေးတွေကြားမှာပဲ ချစ်ခဲ့ရတာမလို့လေ။

" Dennis! ကိုယ်ရောက်ပြီ! "

" Dennis? babe! "

Jake က တိုက်ခန်းတစ်ခုလုံးရဲ့အခန်းစုံအောင် လိုက်ရှာခဲ့ပေမယ့် သူမကို အရိပ်အယောင်တောင်မတွေ့။ သူမရဲ့အိပ်ခန်းက လူမနေသလိုမျိုးသပ်ရပ်နေပြီး ဗီဒိုထဲမှာဆိုရင်လည်း အဝတ်အစားအနည်းအကျင်းသာရှိသည်။ မှန်တင်ခုံနဲ့စာရေးစားပွဲမှာဆို ပစ္စည်းမရှိသလောက်ကိုရှင်းသည်။ မီးဖိုချောင်လည်း ဒီလိုပဲ။ ခေါက်ဆွဲထုပ်နဲ့ ဒယ်အိုး၊ပန်းကန် ၂လုံး၃လုံးကလွဲရင် ကျန်တာဘာမှမယ်မယ်ရရရှိမနေ။ သူမတိုက်ခန်းအခြေအနေက မသိရင် တစ်ခါတစ်လေမှလူလာနေတဲ့ပုံစံမျိုး။ Jake ဒါကို ဘာလို့အရင်ကတည်းက သတိမထားမိခဲ့တာပါလိမ့်။ သေချာပြန်စဉ်းစားကြည့်ရင်လည်း သူမနဲ့တွေ့ရတဲ့အချိန်တိုင်းက သူမဒုက္ခရောက်နေတဲ့အချိန်ဟုတ်ရင်ဟုတ် မဟုတ်ရင် တခြားကိစ္စနဲ့ဂယက်ထနေတဲ့အချိန်မျိုးနဲ့သာ ကြုံခဲ့ရတာ။

ဖုန်းဆက်ကြည့်တော့လည်း စက်ပိတ်ထားတယ်ပဲပြောနေတာ။ တစ်နေရာရာသွားနေပုံရတဲ့သူမကို Jake ဒီတိုင်းထိုင်စောင့်နေရမယ့်တူတူ သူမအိပ်ခန်းထဲကစာရေးစားပွဲမှာထိုင်ပြီး ဟိုကိုင်ဒီကိုင်နဲ့စပ်စုနေလိုက်သည်။ အံဆွဲကိုဆွဲဖွင့်လိုက်တော့ သူမရဲ့ဖုန်းနဲ့အတူ မှောက်ထားတဲ့လည်ဆွဲကဒ်ပြားလေးတစ်ခုလည်းရှိနေသည်။ ကုမ္ပဏီဝန်ထမ်းတွေဆွဲတဲ့ ဝန်ထမ်းကဒ်လိုပုံစံလေး။

အစက ဒီတိုင်း မကြည့်တော့ဘဲ အံဆွဲကိုပြန်ပိတ်လိုက်မလို့ပဲ။ ဒါပေမယ့် ရုတ်တရက်ကြီး နားထဲ Jungwon ရဲ့စကားသံတွေကို ကြားယောင်လာသည်။

' Dennis ဆိုတဲ့မိန်းမ hyung အနားကို စပြီးရောက်လာကတည်းက ကျွန်တော် သိပ်ပြီးဘဝင်ကျတာမဟုတ်ဘူး '

' ကျွန်တော် မနေ့ညနေကပန်းချီကားပြပွဲမှာ Dennis နဲ့ဆင်တဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့ခဲ့တယ် '

ထို့နောက်မှာတော့ Jake လက်ထဲက ရေမွှေးပုလင်းလေး ကုတင်အောက်ကို ပြုတ်ကျသွားခဲ့သည်။

_
" Jun! ဘယ်လဲ? "

" Dennis ရဲ့ apartment "

" ဘာ! Jun နင်ရူးနေပြီလား? ဒီအချိန်ကြီး ဒီလိုပုံစံနဲ့ danger zone ထဲဝင်မလို့လား။ ပြီးတော့ တစ်ယောက်တည်းလေ? "

ဒိုဟျွန်းကတော့ သူမကိုနားမလည်နိုင်ဖြစ်နေသည်။ ဒီလိုနေ့ခင်းကြောင်တောင်ကြီး ရုပ်မဖျက်ဘဲ အန္တရာယ်တွင်းထဲခုန်ဆင်းတော့မယ့် Jun က သရုပ်ဆောင်ရတာများသွားလို့ သူမစိတ်တွေပုံမှန်မဟုတ်တော့တာများလား။

" မတတ်နိုင်ဘူး ဒိုဟျွန်း။ ငါအခုမသွားရင် နင်အရင်တစ်ခါကပြောသလိုမျိုး ငါတို့ဌာနတစ်ခုလုံး စောစောစီးစီးနတ်ပြည်တက်နေရလိမ့်မယ် "

" ငါအဖော်လိုက်ခဲ့ပေးမယ် Jun.. ငါ နင့်ကိုစိတ်မချဘူး။ အမိန့်ကိုမလွန်ဆန်နဲ့! ဒါ ဌာနမှူးအီဒိုဟျွန်းအနေနဲ့ပေးတဲ့အမိန့်ပဲ "

" လိုက်ချင်သပါ့ဆိုလည်းလိုက်ခဲ့ပေါ့။ ဒါပေမယ့် တစ်ခုရှိတယ်နော်။ apartment ရှေ့ထိတော့မရဘူး။ နင်ကားပါကင်မှာပဲနေခဲ့ရမယ် မဟုတ်ရင်.. "

" သိတယ်သိတယ် ငါ နင့်ဌာနမှူးပါ။ ဘယ်သူက ဘယ်သူ့ကို ဆရာလာပြန်လုပ်နေတာလဲ! စကားကိုများတယ်။ ကဲ သွားမယ် တက်! "

အီဒိုဟျွန်းက driver seat မှာဝင်ထိုင်လိုက်ပြီး Jun ကတော့ ဘေးက passenger seat မှာထိုင်လိုက်သည်။ ဒိုဟျွန်း သူမကိုစိတ်မချဘူးပြောလည်းပြောချင်စရာ။ သူမက ထိုင်ခုံခါးပတ်,ပတ်ဖို့တောင်သတိမရတဲ့အထိ နမော်နမဲ့တအားနိုင်တာ။ ဒိုဟျွန်းရဲ့အလုပ်က ဌာနမှူးအကြီးအကဲဆိုပေမယ့်လည်း သူမနဲ့ကားတူတူစီးပြီဆိုရင် သူမကိုထိုင်ခုံခါးပတ်လှမ်းပတ်ပေးရတာနဲ့တင် အလုပ်ကြီးတစ်လုပ်လိုဖြစ်နေပြီ။

" ဒါနဲ့ နေစမ်းပါဦး..မနက်ပိုင်းကြီးကို နင်က Dennis ရဲ့ apartment ထဲ ဘာဝင်လုပ်မလို့တုန်း? "

" အဲ့ဒါက.. ဟို.. ငါ့အလုပ် ID card ပြားကျန်ခဲ့လို့.. "

" ဘာ!!! "

အီဒိုဟျွန်းလည်း ဖြစ်နိုင်ရင် ဒီလိုအန္တရာယ်တွေဝိုင်းနေတဲ့အသိုင်းအဝိုင်းထဲက ဌာနမှူးဘဝကနေ အငြိမ်းစားယူပြီး တောပြန်လယ်စိုက်သာ လုပ်လိုက်ချင်တော့သည်။ အဖွဲ့မှူး Jun ကို ယုံကြည်ကိုးစားမိကာမှ နေ့မကူးခင်အသက်ပျောက်ရမယ့်အဖြစ်မျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရသည်။

Jun က ရုပ်ဖျက်ဖို့ ဆံပင်ကောက်စက်လည်းပါမလာသလို၊ Dennis အနေနဲ့ဝတ်နေကျ hoodie one set လည်းပါမလာ။ သူမ ပါလာတာတစ်ခုတည်းပဲ။ မျက်မှန်အဝိုင်း.. Dennis ပုံစံပြောင်းဖို့ပစ္စည်းတွေထဲ မျက်မှန်က သယ်ရတာအလွယ်ကူဆုံးလေ။

Jun က ပိုက်ဆံအိတ်ထဲက မျက်မှန်ကိုင်းအဝိုင်းလေးကိုထုတ်ပြီး တပ်လိုက်သည်။ ဒီလောက်ဆို သူမက Dennis ပဲမဟုတ်လား။ ဆံပင်ပုံစံနဲ့ အင်္ကျီဒီဇိုင်းကတော့.. Dennis လည်းလူပဲလေ။ တခါတလေ စိတ်အပြောင်းအလဲလေးတော့ရှိမှာပေါ့။ ကိုယ်ဘာကိုယ်ပဲဖြည့်တွေးလိုက်ပြီး apartment ဆီ ခြေလှမ်းခပ်သွက်သွက်လေး လျှောက်လိုက်သည်။ အခန်းရှေ့ရောက်တော့ လိုလိုမယ်မယ်ထည့်လာတဲ့ ကုတ်အင်္ကျီထဲကသေနတ်ကို လှမ်းစစ်ကြည့်လိုက်ပြီး တံခါးဖွင့်ဖို့အတွက် လျှို့ဝှက်ကုဒ်ကိုဖြည့်လိုက်သည်။

အပြင်ဘက်ကနေ တိုက်ခန်းတံခါးဖွင့်နေတဲ့အသံကြားတော့ Jake က Dennis အိပ်ခန်းထဲက မှန်တင်ခုံပေါ် ID card ကိုပြန်တင်ထားလိုက်ပြီး တံခါးနားမှာရပ်စောင့်နေလိုက်သည်။ ဘယ်သူဝင်လာမလဲဆိုတာ Jake သိသည်။ ဒါ Dennis မဟုတ်ရင်.. ခုနကတွေ့လိုက်တဲ့ ID card ထဲက Jun ဆိုတဲ့အမျိုးသမီးပဲဖြစ်ရမည်။ Jake က ဂျာကင်ထဲကပစ်စတိုကို တစ်ချက်ကိုင်စမ်းကြည့်လိုက်သေးသည်။ ဒါပေမယ့် သူမက Dennis မဟုတ်ဘဲ Jun ဆိုရင်တောင် Jake မှာ ‌သေနတ်နဲ့ချိန်ရွယ်ဖို့ အားအင်ရှိပါ့မလား။

Jun apartment ထဲဝင်လိုက်တဲ့အခါ အနက်ရောင်ရင်ခွင်တစ်ခုက သူမရှေ့မှာစီးလို့ကြိုနေသည်။ ဒီအချိန်မှာ သူမခေါင်းထဲသိတာက ဒီ apartment ထဲခြေချလိုက်တာနဲ့ သူမဟာ Dennis ပဲဆိုတာ။

" J..Jake "

Jake သူ့အရှေ့က မျက်မှန်ဝိုင်းဝိုင်းနဲ့သူမကို ရင်ခွင်ထဲဆွဲသွင်းထားလိုက်သည်။ မုန်တိုင်းမစခင် လေပြေအရင်လာတယ်ပြောရမလား။

" Jake.. အဆင်ပြေရဲ့လား "

သူမပြောတော့ Jake က ပိုလို့တောင် တင်းကြပ်စွာ ထွေးဖက်ထားလိုက်သေးသည်။ သူ အရမ်းနှစ်ခြိုက်မြတ်နိုးရတဲ့ ဒီလိုနွေးထွေးမှုလေးက Dennis ဖြစ်ဖြစ် Jun ဖြစ်ဖြစ် ကွာခြားမသွားဘူး။ သူမက အစစ်အမှန်မဟုတ်ခဲ့ရင်တောင်မှ Jake က ရူးမိုက်စွာနဲ့ဆက်ချစ်နေမိဦးမယ်ထင်ပါရဲ့။

Jun ကတော့ သူများကိုသာ အဆင်ပြေရဲ့လား သွားမေးနေတာ။ တကယ်က သူမကိုယ်တိုင်တောင် အဆင်ပြေမနေဘူး။ Jake သာ Jun ရဲ့ ID card ကိုမြင်သွားခဲ့ရင်ဆိုတဲ့အတွေးက သူမကိုတုန်လှုပ်စေသည်။

" ဘယ်တွေသွားနေတာလဲ? ကိုယ်ကစိတ်ပူနေတာ ဖုန်းလည်းယူမသွားဘူး "

" အာ ဟိုနားဒီနား.. သူငယ်ချင်းတွေနဲ့တွေ့ပြီးပြန်လာတာ "

သူမ ပြောသာပြောနေရတယ်။ နားထင်စပ်မှာလည်း ချွေးစေးတွေပြန်လို့။ ဝတ်ထားတဲ့အပေါ်ထပ်ကုတ်ကိုချွတ်ကာ ကုတင်ဘေးကတိုင်မှာ လှမ်းချိတ်လိုက်သည်။ Jake ကတော့ သူမလုပ်သမျှအပြုအမူတိုင်းကို ကုတင်ပေါ်မှာထိုင်ပြီး ထောင့်စေ့လိုက်ကြည့်နေသည်။

" ဘာဖြစ်လို့လဲ Jake.. "

Jun ကိုမျက်စိထောင့်ထောက်လိုက်ကြည့်နေတဲ့ Jake ကြောင့် သူမကိုယ်ထဲ ကြောက်စိတ်တွေပါ ဝင်လာသည်။ ခါတိုင်းဆို Dennis အဖြစ်နဲ့ ပင်ပင်ပန်းပန်းသရုပ်ဆောင်နေစရာမလိုဘဲ ပေါ့ပေါ့ပါးပါးနေတတ်တဲ့သူမက ဒီနေ့မှ mood မကောင်းဘဲ လုံးဝကွဲပြားနေသည်။

သေရေရှင်ရေးကိစ္စက တကယ်တော့ အခုမှစတင်တာ။ သူမ မှန်တင်ခုံကိုလှမ်းကြည့်လိုက်တော့ သူမရဲ့အသက်ဖြစ်တဲ့ work ID card က မှောက်လျက်သားလေးရှိနေသည်။ သူမ သက်ပြင်းချမိခါနီးလေးမှ သတိရမိတာက သူမ ID card ကို အံဆွဲထဲထည့်ပြီးမှောက်ထားခဲ့တာပါ။ အခု ဘယ်လိုဖြစ်ပြီး မှန်တင်ခုံပေါ်ရောက်နေရတာလဲ။ မဟုတ်မှလွဲရော Jake.. သူ ကြည့်မိလိုက်သေးလား? မြင်သွားပြီလား? ဒါဖြင့် ငါသေရတော့မှာလား..ဒီလိုပုံစံမျိုးနဲ့လေ။

သူမလည်းဖြစ်ချင်ရာဖြစ်ဆိုပြီး မှန်တင်ခုံပေါ်ကကဒ်ပြားကိုလှမ်းယူနေတုန်း သေနတ်မောင်းတင်သံကြားလိုက်ရသည်။

Shii!! သွားပါပြီ..

ဟုတ်နေပါတယ်။ သူမအနောက်မှ Jake က သူမ,ထင်ထားတဲ့အတိုင်း သူမခေါင်းတည့်တည့်ကို သေနတ်နဲ့ချိန်ရွယ်ထားသည်။ Jun က လက်ထဲကကဒ်ပြားကိုပါကိုင်ထားရင်း သူမလက်တွေကို လေပေါ်မြှောက်ထားလိုက်သည်။ ဒါက တစ်စုံတစ်ယောက်က ကိုယ့်ကိုသေနတ်နဲ့ပစ်ဖို့ချိန်လာတဲ့အခါ ပြုလုပ်မိတဲ့ ခန္ဓာကိုယ်ရဲ့အလိုအလျောက်တုန့်ပြန်မှု။

Jake က နှလုံးသားအရေးကိုပိုဦးညွှတ်တတ်ပေမယ့် ဖြစ်သင့်တာနဲ့ မဖြစ်သင့်တာကြားရဲ့ ကွာဟချက်ကိုလည်း ကောင်းကောင်းကြီး နားလည်သဘောပေါက်သည်။ ဒီတော့ သူအခု သေချာပေါက်ရှင်းပစ်ရမယ့်လူက သူအရမ်းမြတ်နိုးတန်ဖိုးထားရတဲ့ တစ်ပွင့်တည်းသောဒေစီဖြူလေး။

Jake က သေနတ်ခလုတ်ကိုနှိပ်ဖို့အရေး တုန်လှုပ်နေမိပြန်သည်။ အခု သူ့ရဲ့တွေဝေနေတဲ့ပုံစံက Yang မျိုးနွယ်တစ်ယောက်ရဲ့ Image နဲ့ လားလားမျှမသက်ဆိုင်။ Jun ကတော့ မျက်လုံးတွေစုံမှိတ်ထားကာ ပါးပြင်ပေါ်သို့ အရည်ပူတချို့လည်းကျဆင်းလာသည်။

" ပစ်လိုက်ပါ Jake.. ငါကငါ့အလုပ်ကို သေချာလုပ်ချင်ခဲ့ရုံပါ။ အဲ့အတွက်လည်း နောင်တမရပါဘူး "

Jun က သူမဘဝရဲ့နောက်ဆုံးအချိန်ကို ရောက်နေပြီလို့တွေးလိုက်ပြီး စိတ်ကိုအဆုံးစွန်ထိလျှော့ချလိုက်သည်။ လူဆိုတာသေချိန်တန်လို့ သေကြရတာချည်းပဲဆိုပေမယ့် ဒီတစ်ခါက သူမရဲ့ပေါ့ဆမှုတစ်ခုကြောင့်ဖြစ်ရတာ။ ဒါ့အပြင် သူမတစ်‌ယောက်အသုံးမကျမှုကြောင့်နဲ့ ဌာနကအဖွဲ့ဝင်တွေအားလုံးကိုပါ ဆုံးရှုံးရတော့မည်။

Jake က သူမကိုချိန်ရွယ်ထားတဲ့သေနတ်ကို ကြမ်းပြင်ပေါ်ပစ်ချလိုက်သည်။ Jake သူမကို သေနတ်နဲ့ပစ်မသတ်ရက်ခဲ့ပါဘူး။ တစ်ခါမှမမြင်ဖူးခဲ့တဲ့ Jake ရဲ့အခြားတစ်ဖက်ခြမ်းကပုံစံကို သူမမြင်တွေ့လိုက်ရတာကိုတောင် မယုံနိုင်ဖြစ်ရသည်။ Jake က သေနတ်နဲ့ချိန်ပြီး တစ်ခါမှမပစ်နိုင်တာဆိုလို့ သူ့ညီ Yang Jungwon တစ်ယောက်ပဲရှိတာ။ ကျန်တဲ့ Jake ရဲ့သေနတ်နဲ့ချိန်တာခံရတဲ့လူတိုင်း ဘဝမကူးတဲ့လူဆိုတာမရှိ။

" အခု မင်းမှာရွေးချယ်စရာနှစ်ခုရှိတယ်။ ပထမတစ်ခုက ကိုယ့်ကိုလက်ထပ်ပါ။ နောက်တစ်ခုက ပထမတစ်ခုကိုပယ်ရင် မင်း‌နဲ့မင်းလုပ်ဖော်ကိုင်ဖက်တွေရဲ့အသက်ကို ကိုယ်အာမခံနိုင်မယ်မထင်ဘူး "

Jake သူမကို ဘယ်လောက်ပဲချစ်တယ်ပြောပြော အရမ်းထုတ်ပြလိုက်လို့မဖြစ်ဘူး။ အချင်းချင်းက ရန်သူတွေမလား။ ရန်သူမှန်းမသိခဲ့ဘဲချစ်မိသွားတာလောက် ကိုယ့်သေတွင်းကိုယ်တူးမိတဲ့ဖြစ်ရပ်မျိုးမရှိနိုင်ဘူး။ ဒီတစ်လျှောက်လုံး သူ့ကိုအရူးလုပ်ထားနိုင်တဲ့သူမကိုလည်း Jake လေးစားမိသည်။ ဆိုတော့ သနားစရာကောင်းအောင် Jake ရဲ့အချစ်က တစ်ဖက်သတ်ဆန်သွားတာပေါ့။

" အဲ့အစား တစ်ခါတည်း ပစ်သတ်လိုက်ပါတော့လား "

" အဟက်! စကားကိုပြီးစလွယ်မပြောနဲ့ Dennis! အာ Jun လို့ပဲခေါ်ရတော့မလား? ဒါ ကိုယ် မင်းကိုအခွင့်အရေးပေးနေတာမဟုတ်ဘူးနော်။ မင်းနဲ့အပေးအယူလုပ်နေတာ "

" ကောင်းပြီလေ။ ငါ Yang မျိုးနွယ်အသိုင်းအဝိုင်းထဲကိုဝင်ပါ့မယ် "

သူမရဲ့အဖြေကိုနှစ်ခြိုက်တာကြောင့် Jake မဲ့ပြုံးတစ်ချက်ပြုံးမိလိုက်သည်။

_
Jun တိုက်ခန်းထဲဝင်သွားတာ ကြာနေပြီဆိုပေမယ့် ကားထဲစောင့်နေတဲ့အီဒိုဟျွန်းကတော့ သူမကို နည်းနည်းလေးမှ စိတ်ပူပန်နေပုံမရဘူး။ အကြောင်းက လက်တော့တစ်လုံးနဲ့အလုပ်ရှုပ်နေခြင်းကြောင့်ပင်။ ဌာနမှူးလို့ပြောနေစရာမလိုအောင် ‌အကွက်စေ့ထောင့်စေ့တာမို့ apartment မလာခင် ကားပေါ်မှာတည်းက Jun ရဲ့အပေါ်ဝတ်ကုတ်အင်္ကျီကြယ်သီးထဲ လျှို့ဝှက်ကင်မရာအသေးလေးတပ်ပေးလိုက်ခြင်းဖြစ်သည်။ apartment ထဲ Jake နဲ့ Jun ရဲ့ဖြစ်ရပ်အားလုံးကို ဒိုဟျွန်းက လက်တော့ကနေတစ်ဆင့် စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။

ခဏကြာတော့ Jun ဆီက message တစ်စောင်ကိုလက်ခံရရှိခဲ့သည်။

From Team Leader Jun : ငါ့ရွေးချယ်မှုမှန်ကန်ပါစေလို့ဆုတောင်းပေးနော်။ ပန်းတိုင်မရောက်မချင်း ငါပြန်လာနိုင်မယ်လို့မထင်ဘူး။ ဒါပေမယ့် အမြဲ သတင်းပို့ပေးနေမယ်။ ‌ယုံကြည်မယ်နော် အီဒိုဟျွန်း!!

Jun က သူမလုံခြုံရေးအတွက် ဒိုဟျွန်းဆီပို့ထားတဲ့ message ကိုဖျက်ဖို့ delete ခလုတ်ကိုနှိပ့်ဖို့ပြင်နေတုန်း ဌာနမှူးအီဆီမှ ပြန်စာတစ်စောင်ရောက်လာခဲ့သည်။

From Dohyun : တာဝန်ကျေပါတယ် Jun ။ အစက ငါနင့်ကိုသေတော့မယ်လို့တောင်ထင်သွားတာ။ နင့်ရွေးချယ်မှုမှန်တယ်ဆိုတာ ယုံကြည်တယ်။ အဓိကအနေနဲ့ J ရဲ့ယုံကြည်မှုကိုပဲ ရအောင်ပြန်ကြိုးစားပါ။ ဂရုစိုက်! တစ်ခုခုဆို နင့်အတွက်ပဲနင်ကြည့်ပါ။ ငါတို့ကိုခေါင်းထဲထုတ်ထားလိုက်။ နင်ပြန်လာမှာကို ငါတို့စောင့်နေမယ်! "

[ ထောက်လှမ်းရေးအဖွဲ့အစည်းမှာ အင်အားကြီးမျိုးနွယ်စုနာမည်တွေကို တိုက်ရိုက်ထုတ်ပြောပိုင်ခွင့်မရှိဘူး။ ]

သူမ အလျှင်အမြန်ဖတ်လိုက်ပြီး ဒိုဟျွန်းဆီက message ကိုပါ ပေါင်းဖျက်လိုက်သည်။

သန့်စင်ခန်းခဏသွားမယ်ဆိုပြီး တကယ်က သူမ ဌာနမှူးအီဆီ message နဲ့အကြောင်းလှမ်းပြန်ခြင်းဖြစ်သည်။ Jun သန့်စင်ခန်းထဲက ပြန်ထွက်လာတော့ Jake က သူမကုတင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်တောင်ပျော်နေလေပြီ။ Jake က ခေါင်းအုံးပေါ်ခေါင်းချလိုက်ပြီဆိုတာနဲ့ စက္ကန့်ပိုင်းအတွင်း အိပ်ငွေ့မိသွားသလားထင်ရသည်။

အိပ်နေတဲ့ပုံစံလေးက ဝံပုလွေပေါက်စလေးလိုပဲမို့ ဩဇာတိက္ကမနဲ့ အရှိန်အဝါကြီးမားတဲ့ Yang မျိုးနွယ်ရဲ့အကြီးဆုံးသားကို ' အရမ်းချစ်စရာကောင်းတယ် ' ဆိုပြီး မနေနိုင်မထိုင်နိုင်သွားပြောမိရင် သေနတ်နဲ့များထချိန်ခံရမလားမသိ။

" Jake.. ဒီလိုနဲ့ ငါနင့်အပေါ် တကယ့်စိတ်ရင်းဖြစ်သွားခဲ့ရင်.. ဘယ်လိုလုပ်မလဲ? ရန်သူက ရန်သူပဲမလား "

Jake ကအိပ်မောကျပြီဆိုရင် လောကကြီးကိုတောင်မသိတော့တဲ့လူမျိုးဆိုတာ သူမကောင်းကောင်းသိသည်။ အဲ့ဒါကိုအခွင့်ကောင်းယူပြီး တစ်ချက်တစ်ချက် Jake နဖူးပေါ်ကျလာတဲ့ဆံပင်လေးတွေကို Jun ကသူမရဲ့လက်နဲ့သပ်တင်ပေးပြီး ပါးစပ်ကလည်းပွစိပွစိလုပ်နေသေးသည်။

" အိမ်မက်ကောင်းနေတဲ့ပုံပဲ။ ခုနကပဲ ငါ့ကို သေနတ်နဲ့ရွယ်ပြီးချိန်းခြောက်ခဲ့တဲ့လူကများ။အခုကျတော့ အေးအေးဆေးဆေးအိပ်ပျော်နိုင်သေးတယ်နော်။ ရာရာစစ ပြုံးတောင်ပြုံးနေလိုက်သေးတယ်။ စိတ်တိုလိုက်တာ! "

အဲ့အချိန်မှာသာ Jake တကယ်အိပ်ပျော်နေတာမဟုတ်မှန်း သူမ,သိသွားခဲ့ရင် ဘာတွေဖြစ်သွားမလဲမသိဘူး။ Jake ကတော့ သူမ‌ပွစိပွစိနဲ့တွတ်ထိုးသမျှကို မသိချင်ယောင်ဆောင်ပြီး ကျေကျေနပ်နပ်ကြီးနားထောင်နေလေရဲ့။

_
" အခုလောလောဆယ် အဖွဲ့မှူး Jun က အလုပ်လာနိုင်ဦးမှာမဟုတ်သေးဘူး။ အကြီးစားပြဿနာရယ် ဖြေရှင်းနိုင်ဖို့နည်းလမ်းရယ် အဲ့ဒါတွေနဲ့လုံးပန်းရဦးမှာ။ ပန်းတိုင်ကိုရောက်နိုင်မယ့် အချိန်အထိပေါ့။ သိပ်လည်းစိတ်မပူကြပါနဲ့။ ဒီအတောအတွင်း ငါတို့တွေ Jun နဲ့အချိတ်အဆက်မိနေဦးမှာမို့ "

" အင်း ဘယ်တတ်နိုင်ပါ့မလဲ။ မီးစင်ကြည့်ကကြတာပေါ့ "

အဓိကပြဿနာက Sim မျိုးနွယ်ခေါင်းဆောင်တွေရဲ့ တိတ်တဆိတ်ပျောက်ဆုံးနေမှုကနေ စတင်သည်။ လွန်ခဲ့တဲ့၂၂နှစ်ခန့် Sim မျိုးနွယ်စုပျက်သုဉ်းခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သတ်ပြီး တရားခံဘယ်သူဆိုတာသိပေမယ့် ဘယ်သူမှအရေးယူခြင်းမပြုနိုင်ခဲ့တဲ့အပြင် လျှို့ဝှက်အမှုအဖြစ်နဲ့ပါ အမူရပ်ဆိုင်းခြင်းခံလိုက်ရသည်။

၂၀၀၀ခုနှစ် ဒီဇင်ဘာလ၊ ဆိုးလ် ဂန်နမ်မြို့။
ည ၁၀နာရီဝန်းကျင်။

ရွှေကွပ်ထားတဲ့သစ်သားတောင်ဝှေးကိုမြေပေါ်ချကာ အနက်ရောင်ကားပေါ်မှဆင်းလာသူကတော့ Yang မျိုးနွယ်စုရဲ့အရှိန်အဝါအကြီးမားဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဥက္ကဌကြီးယန်းဂျူမွန်းဖြစ်သည်။

ဥက္ကဌယန်းကို ခါးကျိုးမတတ်အရို‌အသေပေးပြီး လာရောက်ကြိုဆိုဧည့်ခံနေသူတွေကတော့ Sim မျိုးနွယ်စုရဲ့ခေါင်းဆောင်နှစ်ယောက်ဖြစ်ကြတဲ့ ဥက္ကဌရှင်းမ်ဂျွန်‌ယောန်းနဲ့ ဇနီးသည်ရှင်းမ်ယူဂျောင်။

ဒါပေမယ့် Sim မျိုးနွယ်စုရဲ့ရို့ကျိုးမှုက အရာမထင်ခဲ့ပါဘူး။ ဥက္ကဌယန်းရဲ့ရက်စက်မှုက အနှိုင်းမဲ့သည်။ ဥက္ကဌယန်းလက်နဲ့ကိုယ်တိုင်သတ်ခြင်းကိုခံလိုက်ရတဲ့ Sim မျိုးနွယ်နှစ်ဦးဟာ တွဲလက်မြဲစွာနဲ့ပဲ သွေးအိုင်ထဲလဲလို့နေသည်။

အကြောင်းအရင်းက မကြာမီ Yang မျိုးနွယ်စုကုမ္ပဏီဒေဝါလီခံရတော့မယ့် ဥက္ကဌယန်းရဲ့ တုန်လှုပ်ခြောက်ခြားမှုနဲ့အတူ အတောမတတ်နိုင်တဲ့လောဘနဲ့အမုန်းတရား အစရှိတဲ့မကောင်းမှု‌စိတ်ဝိဉာဏ်တွေ နိုးထလာခြင်းကြောင့်ဖြစ်သည်။ ‌တစ်ဟုန်ထိုးတိုးတက်အောင်မြင်လာတဲ့ Sim မျိုးနွယ်စုကသာ ဥက္ကဌယန်းရဲ့ရက်စက်မှုပေါင်းစည်းရာ ပစ်မှတ်ဖြစ်သွားခဲ့ရသည်။

Sim မျိုးနွယ်လက်အောက်က လူယုံတစ်ဝက်လောက်ကပါ ဥက္ကဌယန်းရဲ့စိတ်တိုင်းကျချယ်လှယ်ထားခြင်းခံခဲ့ရတဲ့ နယ်ရုပ်လေးတွေအဖြစ် သေဆုံးကြရရှာသည်။ ဥက္ကဌယန်းရဲ့ဖုန်းတစ်ကောလ်က အာရုဏ်မတက်မီအချိန်ပိုင်းအတွင်း Sim မျိုးနွယ်နဲ့အတူ Simအိမ်တော်ကိုပါ ခြေရာလက်ရာမကျန်အောင် မီးလောင်တိုက်သွင်းပြီး လက်စဖျောက်ပစ်နိုင်ခဲ့သည်။ ဒီလို တစ်ပါးသူရဲ့မျိုးနွယ်ပျက်ဆီး‌တဲ့အထိ သတ်ဖြတ်မှုကိုဖန်တီးနိုင်ဖို့အတွက် ဥက္ကဌယန်းက အထက်လူကြီးတွေသူ့ဘက်ပါလာအောင် ဘယ်လောက်ထိထိုးကျွေးထားလဲမှမသိတာ။

ဆိုးရွားလွန်းတဲ့ထိုငရဲကနေ လွတ်မြောက်လာနိုင်တဲ့တစ်ဦးတည်းသောသူကတော့ Sim မျိုးနွယ်စုရဲ့နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ Sim အိမ်တော်ရဲ့တစ်ဦးတည်းသောသား ရှင်းမ်ဂျယ်ယွန်းပင်ဖြစ်သည်။ ဂျယ်ယွန်းရဲ့အသက်အရွယ်က ၆နှစ်သားမို့ ရိုးရိုးရှင်းရှင်းသာတွေးလိုက်သည်။

Yang မျိုးနွယ်က ယန်းဂျူမွန်းဆိုတဲ့လူဆိုးကြီးက သူ့ရဲ့မိဘတွေကိုသတ်လိုက်တာ။ ဂျယ်ယွန်းသေရာပါတဲ့အထိ သူ့ခေါင်းထဲရိုက်သွင်းထားလိုက်တာက အဲ့စာသားတစ်ကြောင်းတည်းပဲ။

ယန်းဂျူမွန်းက မျက်နှာပြောင်တိုက်စွာနဲ့ IQမြင့်တဲ့၆နှစ်သားရှင်းမ်ဂျယ်ယွန်းကိုပါလှည့်စားပြီး တစ်ဖက်လှည့်နဲ့ Yang မျိုးနွယ်စုထဲဆွဲသွင်းခဲ့သည်။ ယန်းဂျူမွန်းမှားယွင်းခဲ့တာက ၆နှစ်သားကလေးလေးရဲ့အမုန်းတရားနဲ့ လက်စားချေလိုတဲ့ဆန္ဒကို သတိမမူမိခဲ့ခြင်းပဲဖြစ်သည်။ အနှစ်၂၀ကျော်ကြာသွားတာတောင် အဲ့ကလေးရဲ့ဆန္ဒတွေက ပြောင်းလဲခြင်းမရှိ ပူလောင်စွာနဲ့ပြင်းပြနေဆဲပင်။ အခုအဲ့ဒီကလေးနာမည်က Jake တဲ့။ Yang Jake.. လိုက်ဖက်မှုမရှိဆုံးသော ပေါင်းစပ်မှုတစ်ခုပေါ့။

ဒါပေမယ့် Yang Jake အဖြစ် ဘဝအသစ်မှာနေထိုင်နေတဲ့ ရှင်းမ်ဂျယ်ယွန်းဟာ ပျက်ဆီးသွားတဲ့ Sim အိမ်တော်ရဲ့နောက်ဆုံးမျိုးဆက်ဖြစ်တယ်ဆိုတဲ့အဖြစ်မှန်ကို ယန်းဂျူမွန်းနဲ့သူ့လူယုံတော်နှစ်ယောက်ကလွဲလို့ ဘယ်သူမှမသိလိုက်ကြရရှာဘူး။

_
" Yang မျိုးနွယ်က အခုချိန်ထိလည်း ဒီလိုယုတ်ညံ့တဲ့တိတ်တဆိတ်လူသတ်မှုတွေကို ဖန်တီးနေတုန်းပဲလား? ဘယ်နှယ့် နေရာတကာ သူတို့သောက်ပြဿနာတွေချည်းပဲ! အခုပဲကြည့်။ ငါတို့ဌာနက လွန်ခဲ့တဲ့အနှစ်၂၀လောက်က ချိတ်ပိတ်ထားတဲ့လျှို့ဝှက်အမှုကို အခုမှ အသည်းအသန်ပြန်လိုက်နေရတယ်လို့! အဲ့တုန်းက အမှုစစ်၊ရဲနဲ့စုံထောက်တွေရော ဘယ်မှာသွားသေကြနေတာလဲ "

" အဲ့ဒါပြောတာပေါ့။ အထက်လူကြီးတွေလက်ထက်က မရှင်းချင်လို့ပစ်ထားတဲ့ပြဿနာတွေမှန်သမျှ ကျွန်တော်တို့ခေတ်ရောက်မှအကုန်တန်းစီပြီး အမှိုက်ရှင်းသလိုမျိုးကိုလိုက်ရှင်းနေရတော့တာ။ လူငယ်တွေကိုဒုက္ခပေးနိုင်တာ အဲ့ဒီအိုကြီးအိုမလူကြီးတွေပဲ "

" တစ်ခါလာလည်း အမိန့်အမိန့်နဲ့။ တကယ်တမ်းကျတော့ အာဏာရူးတွေပဲ "

ထောက်လှမ်းရေးဌာနထဲမှာထိုင်ပြီး အထက်လူကြီးတွေကို အားရပါးရအတင်းထိုင်တုပ်နေတဲ့လူတွေကတော့ ဘယ်သူမှမဟုတ်ဘူး။ ဌာနမှူးအီဒိုဟျွန်းနဲ့ လက်ထောက်ချွဲမင်ဟျွန်းပဲဖြစ်သည်။

" Jun သာ တစ်စုံတစ်ခုဖြစ်သွားရင် ငါဒီလျှို့ဝှက်အမှုကို သတင်းစာရှင်းလင်းပွဲမှာ ကိုယ်တိုင်ဖော်ထုတ်ပစ်မှာ! "

" ကျွန်တော်တို့တစ်ဖွဲ့လုံးလည်း ငြိမ်ခံနေမှာမဟုတ်ဘူး "

_
လက်ထက်ပွဲမတိုင်ခင် ရက်၃၀အလို။

" အင်း အဲ့ဝတ်စုံလေးနဲ့လိုက်တယ် Dennis Jun "

" Dennis Jun? ဘာကြီးလဲ.. Dennis ဆို Dennis, Jun ဆိုလည်း Jun တစ်ခုခုတော့ခေါ်ပေါ့။ ဂွမ်းလိုက်တာ "

" မင်းက ကိုယ့်အတွက် Dennis လည်းဟုတ်သလို Jun ဆိုလည်းမမှားဘူးလေ။ မကြိုက်ဘူးလား ဒီလောက်လှတဲ့ပေါင်းစပ်မှုကို "

" ....... "

သူမဘာမှပြန်မပြောပုံထောက်ရင် ဒါစိတ်ကောက်သွားတာ။ အဖြူရောင်လိုက်ကာနောက်ကိုပြန်ဝင်သွားတဲ့သူမက Jake ရွေးပေးတဲ့ဝတ်စုံကို တခြားတစ်စုံနဲ့ပြန်လဲဝတ်နေတာပဲဖြစ်ရမည်။ ခဏကြာတော့ အဖြူရောင်လိုက်ကာကြားထဲ အမည်းရောင်ဂါဝန်ရှည်ကြီးနဲ့ပြန်ထွက်လာသည်။ ဒါကမှ ဘယ်လိုဂွမ်းမှုမျိုးလဲ?

" အယ်.. babe တကယ်ပဲ ဒီဝတ်စုံဝတ်ပြီး ကိုယ်နဲ့မင်္ဂလာဆောင်မလို့လား? ကိုယ် recommend မပေးဘူးလို့ပြောရင်ရော စိတ်ဆိုးမှာလား.. "

" နင်ပြောတော့ အမည်းရောင်က နင့်ရဲ့ favourite colour ဆို။ ငါက သူများနဲ့မတူချင်ဘူး။ ပုံမှန်က အဖြူပဲဝတ်ကြပေမယ့် ငါက အမည်းဝတ်ချင်တယ်ဆိုရင်ရော.. "

" babe သဘော "

" ဟမ်? စိတ်မဆိုးဘူးလား? "

" ကိုယ်က မင်းစိတ်ဆိုးမှာပဲစိုးရိမ်တာ။ တော်ကြာ မင်္ဂလာပွဲပျက်နေရင် သက်သက်မဲ့ကိုယ့်လက်က ညစ်ပတ်ရဦးမယ် "

" ငါနင့်ကိုမကြောက်ဘူး Jake.. နင်ငါ့ကိုယူချင်ယူ၊ မယူချင်နေ နင်သတ်ချင်ရင်သပါ့ဆိုလည်း သတ်ပစ်လိုက်၊ ဆင်ခြေဆင်လက်တွေလာပေးမနေနဲ့။ အဲ့လိုစကားမျိုးတွေနားထောင်ရတာ တကယ်အဆင်မပြေဘူး။ လုံးဝမကြိုက်ဘူး "

Jake နဲ့ Jun မှာ ဘယ်သူက ဗီလိန်အစစ်လဲဆိုတာတောင် ဝေခွဲမရဖြစ်နေရပြီ။ သူမက Jake ကိုအလုပ်တာဝန်သဘောအရချဉ်းကပ်လာရင်းနဲ့မှ အချင်းချင်းရင်းနှီးလာတာ ၁နှစ်ပြည့်တော့မည်။ ဆိုတော့ Jake ကဘယ်လောက်ပဲရက်စက်တတ်တဲ့လူမျိုးဖြစ်နေပါစေ သူမ,မဖြုံတော့ပါ။ သူမကပဲ Jake ကို ၁၀၀% အပြည့်အဝယုံကြည်နေလို့လားတော့မပြောတတ်။

" မကြိုက်ဘူးဆို နောက်မပြောတော့ပါဘူးဗျာ။ ကိုယ့်ကို နည်းနည်းလေးတော့ ရှိန်ပေးပါဦးလား။ Yang မျိုးနွယ်တွေကြားထဲ ကိုယ့်ဂုဏ်သိက္ခာတွေ တစ်စက်ကလေးမှအကျခံလို့မဖြစ်တာမို့ "

" Yang Jake က ဘယ်လိုပဲနေနေ လူတိုင်းကမော်တောင်မကြည့်ရဲကြတာကို။ Yang မျိုးနွယ်ရဲ့အကြီးဆုံးသားက အဲ့လိုကြောက်စရာကောင်းလောက်အောင်ရှိန်‌ရတာလေ။ အဲ့လူတွေထဲ ငါမပါတာတော့ ဆောရီး "

" ဟုတ်ပါပြီ။ မင်းက ကိုယ့်ကိုကြောက်ဖို့မလိုဘူး ချစ်ပေးရင်ရပြီ။ ကိုယ် မင်းကိုယုံကြည်ချင်တယ်။ ကိုယ့်မှာ မင်းတစ်ယောက်တည်းပဲရှိတာ။ အချိန်ကျလာတဲ့အခါ မင်းသိလာမှာပါ "

Jake ဘာကိုဆိုလိုချင်မှန်း သူမသေချာနားမလည်နိုင်သေးပေမယ့် Jake ရဲ့လေးနက်တဲ့အဓိပ္ပာယ်နဲ့ပြည့်နှက်နေတဲ့မျက်ဝန်းတွေကြောင့် သူမရင်ထဲစို့တက်လာသည်။

ဘာလဲ ဒီဝမ်းနည်းစရာကောင်းတဲ့ခံစားချက်က..။

_
လက်ထက်ပွဲမတိုင်ခင် ရက်၂၀အလို။

ဥက္ကဌကြီးယန်းဂျူမွန်းရဲ့ အသက်၆၀ပြည့်မွေးနေ့အခမ်းအနား။

" ဂုဏ်ပြုပါတယ် ငါတို့ရဲ့ဥက္ကဌကြီး! သက်တော်ရာကျော်ရှည်ပါစေ! "

မွေးနေ့ဂုဏ်ပြုပွဲကို Yang မျိုးနွယ်စုသီးသန့်ဖြင့်သာ ကျင်းပပေမယ့်လည်း Yang မျိုးနွယ်စုက နည်းနည်းနှောနှောမှမဟုတ်လား။ ပွဲတက်တဲ့ထိပ်သီးအကြီးပိုင်းနေရာမှာ Jake နဲ့အတူ သတို့သမီးလောင်း Jun က အခန့်သားထိုင်ကာ ဟန်မပျက်လက်ခုပ်လက်ဝါးတီးကာ ဂုဏ်ပြုပေးလိုက်ကြသည်။

" ငါ့ရဲ့သားကြီး နောက်ဆုံးတော့ အဖေ့ဆန္ဒအတိုင်း လက်ထပ်တော့မှာပဲ။ အဖေ့ရဲ့မြေးဦးလေးသာ သားယောက်ျားလေးဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ haha... ငါ့သားကြီးလိုမျိုး ထက်မြတ်ပြီးအရည်အချင်းရှိတဲ့မြေး‌ဦးမျိုး..မကောင်းဘူးလား Jake "

ကျန်းမာနေတဲ့သက်ဆိုးရှည်ဥက္ကဌကြီးယန်းက သူ့ရဲ့မွေးစားသား Jake ကို မာယာဆန်တဲ့အရယ်အပြုံးများဖြင့် တောင်းဆိုနေပြန်သည်။ တနည်းပြောရရင် ခွေးစကားတွေလာပြောနေတာ။

" ဥက္ကဌယန်းစကားမှာ မမှန်ဘူးဆိုတာရှိတတ်လို့လား? သေချာပေါက် သားယောက်ျားလေးက အကောင်းဆုံးပဲပေါ့။ ဒါဆို..ကိုယ်တို့ကြိုးစားရတော့မှာပဲ hahaha.. "

" ဥက္ကဌကြီးရဲ့လာမယ့်၆၁နှစ်ပြည့်မွေးနေ့ကျရင် Jake နဲ့တူတဲ့မြေးဦးလေးကို လက်ဆောင်အနေနဲ့ပေးပါ့မယ် "

သူမ ဒီလိုနေရာမျိုးတွေမှာဆို သရုပ်ဆောင်ပီပြင်တာမို့ ဟိုဘိုးတော်ကြီးတော့ အရွဲ့တိုက်ခံလိုက်ရတာတောင် သိမှာမဟုတ်ဘူး။ Jake ကတော့ သူမအကြောင်းသိနေတော့ ရယ်ချင်စိတ်ကိုမနည်းထိန်းသိမ်းထားလိုက်ရသည်။

Jake မျှော်လင့်ထားခဲ့တဲ့အိမ်မက်က သူ့ရဲ့သာမန်ဘဝမှာ ချစ်ရတဲ့သူနဲ့လက်ထပ်ပြီး ကိုယ်ပိုင်မိသားစုလေးတစ်စုကိုဖန်တီးမယ်။ မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ ကိုယ့်ရင်သွေးပဲမို့ တန်းတူညီမျှချစ်ပေးနိုင်သည်။ အခုကျတော့ သူ့အိမ်မက်တွေက အကောင်အထည်မဖော်နိုင်သေးဘဲ သူ့အရှေ့ကလူယုတ်မာကြီးကိုသာ ပြန်လည်လက်စားချေနိုင်ဖို့အတွက် မီးကုန်ယမ်းခဲကြိုးပမ်းနေရသည်။

ဘေးနားမှသူမကတော့ ထိုဘိုးတော်ကြီးကို တရားဥပဒေအရ ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးနိုင်ဖို့အရေး ဒီအထိရောက်အောင် သေမတတ်ကြိုးစားလာခဲ့ရတာမို့ သူမအစီအစဉ်အောင်မြင်ဖို့အရေးသာ ခေါင်းထဲရိုက်ထည့်ထားလိုက်သည်။ သူမရဲ့အိမ်မက်က အောင်မြင်တဲ့ ACE ထောက်လှမ်းရေးသမားတစ်ယောက်ဖြစ်လာဖို့ပဲ။ ဒီအတွက် သူမရင်းခဲ့ရတာ အချိန်နဲ့အသက်၊ ပြီးတော့ ယုံကြည်မှု။

တစ်ယောက်အိမ်မက်ကို တစ်ယောက်မသိကြပေမယ့် ဦးတည်ချက်ချင်းဆင်တူတာမို့လို့ သူတို့နှစ်ယောက်က အခုချိန်ထိအတွဲညီနေကြတာများလား။

_
လက်ထပ်ပွဲမတိုင်ခင် ၁၀ရက်အလို။

" သခင်လေးယန်းရဲ့အစ်ကိုက သွေးသားအရင်းမဟုတ်ခဲ့ဘူးဆိုရင် ဘယ်လိုဆက်လုပ်မလဲ "

" အင်း.. စိတ်ဝင်စားဖို့ကောင်းတဲ့မေးခွန်းပဲ။ Jake hyung သာ ငါ့အစ်ကိုအရင်းမဟုတ်ဘူးဆိုရင်.. Yang မျိုးနွယ်ရဲ့အရိုက်အရာကို ငါတစ်ယောက်တည်းကပဲ ဆက်ခံနိုင်မှာပေါ့။ ကျန်တာကိုတော့ ဥက္ကဌယန်းကြည့်စီစဉ်လိမ့်မယ်။ ငါကဘာကိစ္စလက်ညစ်ပတ်ခံရမှာလဲ? မဟုတ်ဘူးလား "

" ဒါဆို ကျွန်တော်က ဒီလိုပြောမယ်။ သခင်လေးအစ်ကိုက Yang Jake မဟုတ်ဘဲ Sim Jake ဆိုရင်ရော? အင်း.. ပိုပြီးပြည့်စုံသွားအောင်.. ရှင်းမ်ဂျယ်ယွန်းပေါ့ "

" ဘာ? မင်းပြောချင်တာက? မုသားစကားကိုဆိုရင်ဘာဖြစ်မလဲ သိတယ်မလား လူယုံတော်မင် "

" ကျွန်တော့်လိုလူတစ်ယောက်က မုသားစကားဆိုရဲပါ့မလား။ သခင်လေးယန်း မယုံကြည်ရင် DNA စစ်ကြည့်တာမျိုးလုပ်လို့ရပါတယ် "

" အဲ့အစား ဥက္ကဌကြီးယန်းကို သွားမေးကြည့်လိုက်ရင်ရော? အဲ့လိုသာဆိုလည်း လူယုံတော်မင်က တိုင်ပတ်ဦးမယ်။ ဘယ်လိုလဲ? စစ်ကြည့်တာထက် ‌စကားလေးတစ်ခွန်းထုတ်ပြောလိုက်တာကမှ ပိုမြန်မလားလို့လေ "

" အ..အယ်.. "

" အဟက်.. ဘာလဲကွာ ပျော်စရာလည်းမကောင်းဘူး! ကျွန်တော်ကစတဲ့ဟာကို။ ကြောက်သွားတာလား? ကြောက်တတ်တယ်ဆိုရင်လည်း အစကတည်းက ကိုယ့်ဘာကိုယ်တိတ်တိတ်လေးငြိမ်နေသင့်တယ်။ ပါးစပ်လေးပိတ်ပြီးတော့ပေါ့ "

" သခင်လေးယန်း ကျွန်တော့်စကားကိုမယုံကြည်ရင် တစ်နေ့နောင်တရပါလိမ့်မယ် "

တကယ်တော့ Jungwon က ရူးချင်ယောင်ဆောင်နေခဲ့တာ။ သူ့အစ်ကိုက Yang အိမ်တော်ရဲ့သွေးသားအစစ်အမှန်မဟုတ်ဘူးဆိုတဲ့အဖြစ်မှန်က Jungwon နားထဲလုံးဝမကြားချင်ဆုံးအရာ။

နောက်တစ်နေ့မနက်ရောက်တော့ လူယုံတော်မင် ပျောက်ချင်းမလှပျောက်ဆုံးသွားလေသည်။ ဒါဖြင့် လူယုံတော်မင်ကိုလက်စဖျောက်သွားတဲ့လူက ဘယ်သူဖြစ်မလဲ။ မဟုတ်မှလွဲရော သူ့အစ်ကို Jake လား? ဒါမှမဟုတ် အဲ့ကိစ္စကိုဖုံးကွယ်ထားတဲ့ ဥက္ကဌကြီးယန်းဂျူမွန်းပဲလား?

" ဥက္ကဌကြီးယန်း သွေးတက်ပြီးသတိလစ်သွားလို့ ယန်းအိမ်တော်ရဲ့ပင်တိုင်ဆေးဆရာကင်မ်ကိုခေါ်ထားပါတယ် "

" ကောင်းပြီ လူယုံတော်ချွဲ။ ဒီအတောအတွင်း ဥက္ကဌယန်းအနားမှာ သေချာစောင့်ရှောက်ပေးပါ "

Jungwon က Yang အိမ်တော်ရဲ့ပန်းဥယျဉ်ထဲ ဟိုလျှောက်ဒီလျှောက်နဲ့ ဦးနှောက်ကိုလည်းအနားမပေးနိုင်ဘဲ တစ်ချိိန်လုံးတွေးတောနေခဲ့သည်။

ဒါဆိုသေချာသွားပြီ။ Jake hyung လက်ချက်ပဲနေမှာ။ မဟုတ်ရင် ဥက္ကဌယန်းက ဒီလိုအိပ်ရာထဲလဲတဲ့အခြေအနေထိ ဖြစ်လာနိုင်စရာအကြောင်းမှမရှိတာ။ Jake hyung က Yang မျိုးနွယ်အတွက် လုံးဝအန္တရာယ်ရှိတဲ့အင်အားကြီးရန်သူပဲ။ ဘာလို့လဲ? ဘာအကြောင်းပြချက်ရှိလို့လဲ? ဥက္ကဌယန်းလိုလူရဲ့သားဦးအဖြစ် မွေးစားခြင်းကိုတောင် ခံခဲ့ရတာပဲ။ hyung မှာ ဘာနစ်နာစရာတွေများဖြစ်သွားလို့လဲ?

Jungwon လုံးဝနားမလည်နိုင်ရဲ့အကြောင်းအရာတွေဟာ ပဟေဠိပုစ္ဆာတစ်ပုဒ်လို အဖြေရှာရခက်သည်။ အသက်၂၀စွန်းစွန်းသာရှိသေးတဲ့ Jungwon လို ကလေးတစ်ယောက်က Yang အိမ်တော်ရဲ့အရေးကိစ္စမှန်သမျှကို ဝင်စွက်ဖက်နိုင်ခွင့်မရှိခဲ့ဘူး။ ဒီတော့ သူလုပ်နိုင်တာကတစ်ခုပဲရှိတယ်။ တိတ်တဆိတ်စောင့်ကြည့်နေခြင်းပဲ။

_
လက်ထပ်ပွဲမတိုင်ခင် တစ်ပတ်အလို။

" ဒီနေ့ည ငါတို့ Jun နဲ့လူချင်းတွေ့ပြီးဆွေးနွေးဖို့ရှိတယ်။ တည်နေရာကို gp chat ထဲမှာ ပို့ပေးထားတယ်။ concept က ကျောင်းသားဟောင်းများတွေ့ဆုံပွဲ။ အဖွဲ့ဝင်အချင်းချင်း သူငယ်ချင်းလိုမျိုးပြောဆိုဆက်ဆံရမယ့် concept.. "

" J ကရော ယုံယုံကြည်ကြည်နဲ့လွှတ်ပေးပါ့မလား။ တော်ကြာ စိတ်မချဘူးဆိုပြီး သူပါ Jun နဲ့အတူလိုက်လာရင် ဒုက္ခ "

" အဲ့ဒါကြောင့်ပြောတာလေ။ ဒီနေ့ညရဲ့ concept က ကျောင်းသားဟောင်းများပြန်လည်ဆုံစည်းမယ့်ပွဲပါဆို။ J ကအဲ့လောက်ထိ Jun ကို မချုပ်ချယ်ထားပါဘူး။ ဒီကိစ္စကိုလည်း Jun ကပဲ အကြံပြုခဲ့တာ "

" အာ.. ငါတို့အဖွဲ့မှူး Jun က J ကို အခုတည်းကပိုင်နေပြီပဲ haha... "

" ဟုတ်ပြီဟုတ်ပြီ။ ဒါဆို ညနေ၆နာရီ restaurant မှာ ပြန်ဆုံကြမယ် "

ညနေ၆နာရီ။ Location : Haeri Restaurant

ပုံမှန်ထက်ပိုပြီး အထက်တန်းလွှာဆန်တဲ့အဝတ်အစားနဲ့ အနက်ရောင်ကားပေါ်ကဆင်းလာတဲ့ Jun ။ ထိုအနက်ရောင်ကားက ပြန်ထွက်မသွားဘဲ စားသောက်ဆိုင်ရဲ့ကားပါကင်မှာ နေရာယူထားလေသည်။

Jun ကတော့ ဟန်မပျက်ဘဲ တည်ငြိမ်စွာနဲ့ ကျောင်းသားဟောင်းများပြန်လည်ဆုံစည်းရာပွဲအတွက် ကြိုတင်ဘိုကင်လုပ်ထားတဲ့အခန်းထဲဝင်သွားလိုက်သည်။

" hey အဖွဲ့မှူး...အဲ.. မဟုတ် Jun! "

" နောင်ဘဝမြန်မြန်မကူးချင်သေးဘူးဆိုရင် အပြောအဆိုလေးတွေဆင်ခြင်မှဖြစ်မယ်နော် အားလုံးပဲ "

ထုံးစံအတိုင်း အဖွဲ့ထဲမှာ အဲ့လိုထ,ထဖောက်တတ်တဲ့ဂျူနီယာပေါက်စတစ်ယောက်လောက်ကတော့ ပါတတ်စမြဲမဟုတ်လား။ ဌာနမှူးအီဒိုဟျွန်းလည်း အကင်းမပါးတဲ့ဂျူနီယာတွေကိုလိုက်ထိန်းရင်း အငွေ့ပါပျံချင်လာသည်။

လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ဝင်လူစုံပြီဆိုမှ လက်ထောက်မင်က အခန်းတံခါးကိုလော့ခ်ချလိုက်သည်။

" အခြေအနေ "

" အင်း ဘယ်လိုပြောရမလဲ။ နီးရက်နဲ့ဝေးနေတုန်းလို့ပဲပြောရမလား။ Yang နဲ့ Sim မျိုးနွယ်နှစ်ခုရဲ့ပတ်သတ်မှုသက်သေ စာရွက်စာတမ်းတွေက Y ရဲ့ရုံးခန်းထဲမှာရှိတယ်ဆိုတာသိရပြီ။ အဲ့အခန်းရဲ့လျှို့ဝှက်နံပါတ်ကိုလည်း ဒီနေ့မနက်ပဲ J နဲ့အတူဝင်ရင်းနဲ့မှသိလာခဲ့ပြီ။ ဒါပေမယ့် Y ရဲ့ရုံးခန်းထဲ J မပါဘဲ ငါတစ်ယောက်တည်း‌ဝင်ဖို့ကတော့ အဆင်ပြေမှာမဟုတ်ဘူး။ ဒါပေမယ့်လည်း စိတ်တော့မပူပါနဲ့။ ဘာတွေပဲဖြစ်လာဖြစ်လာ သေချာပေါက်ရအောင်ဝင်မွှေမှာမလို့ "

" ငါတို့အလျှင်မလိုဘူး Jun ။ ဖြေးဖြေးချင်းအချိန်ယူလို့ရတယ်။ အလောတကြီးစိတ်လိုက်မာန်ပါတွေလုပ်မိလို့ အရင်ဆုံးနစ်နာမှာက နင်ပဲနော် "

" စိတ်ချပါ။ ACE ဆိုတဲ့နာမည်က ငါနဲ့လိုက်ဖက်တယ်ဆိုတာ သေချာသက်သေပြပေးမှာမလို့ "

အတုအယောင်ကျောင်းသားဟောင်းတွေ့ဆုံပွဲလည်းပြီးပြီမို့ အဖွဲ့ဝင်တွေအားလုံး သဘာဝဆန်ဆန် ဆိုင်ရှေ့မှာပဲတစ်ယောက်တစ်လမ်းစီ လမ်းခွဲလိုက်ကြသည်။

ကားပါကင်မှာစောင့်နေခဲ့တဲ့ကားက သူမအရှေ့ကိုအသင့်လာရပ်ပေးသည်။ driver seat ဘက်က အနက်ရောင်မှန်ကိုချလိုက်တဲ့အခါ သူမအံ့အားသင့်သွားသည်။

" Jake ? ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ "

" စိတ်ပူလို့.. ဘေးပတ်ဝန်းကျင်မှာ‌ ကိုယ်တို့ကိုစောင့်ကြည့်နေတဲ့မျက်လုံးတွေများတယ်။ အထူးသဖြင့် ဥက္ကဌယန်းရဲ့လူတွေ.. "

Jake ပြောတာမှန်တယ်။ ခုနက သူမကို ဒီအထိလိုက်ပို့ပေးတာလည်း ဥက္ကဌယန်းရဲ့တစ်ဦးတည်းသောလူယုံတော်ချွဲပင်။ အစကတော့ လူ‌ယုံတော်မင်နဲ့ လူယုံတော်ချွဲ နှစ်ယောက်ရှိခဲ့သည်။ ဒါပေမယ့် လူယုံတော်မင်က Jake အကြောင်းနဲ့ပတ်သတ်လို့ Jungwon ကိုသွားပြီး ပါးစပ်ဆော့မိရာက လက်စဖျောက်ခံလိုက်ရသည်။ အခုချိန်ထိတော့ လူယုံတော်မင်ကိုလက်စဖျောက်သွားတဲ့တရားခံက Jake လား ယန်းဂျူမွန်းလားဆိုတာ Yang အိမ်တော်ကလူတွေလည်း တစ်ယောက်မှမသိကြသေးပါဘူး။

သူမ,တွေးမိတာက ဥက္ကဌယန်းရဲ့လူတွေကလည်း Jake ရဲ့လူတွေပဲမဟုတ်ဘူးလား။ ဒါဖြင့် Jake က ဘာကိုစိုးရိမ်နေတာလဲ။ မသိရင် အဖေနဲ့သားက နှစ်ဖွဲ့ကွဲနေသလိုပဲ။ Jun သတိထားမိနေတာကြာပြီ။ Jake ဥက္ကဌယန်းကိုကြည့်တဲ့အကြည့်တွေမှာ စူးရဲပြီးတစ်ခုခုကိုမုန်းတီးနေသလိုအဓိပ္ပာယ်မျိုးခံစားရသည်။

Jake က သူမကို တစ်နေရာရာဆီ ခေါ်သွားနေတာဖြစ်သည်။ သေချာတာကတော့ မရောက်တာကြာပြီဖြစ်တဲ့ သူမ Dennis အဖြစ်ဟန်ဆောင်ခဲ့တုန်းက apartment လေးပေါ့။

" wow.. ဒါဘယ်လောက်တောင်မှကြာနေပြီလဲ "

" ၁လတောင်မရှိသေးပါဘူး babe ရဲ့ haha.. "

over reaction လုပ်နေတဲ့သူမကို Jake ကြည့်ရင်း ရယ်မိသည်။ သူမတစ်ယောက်တည်းကသာ Jake ကို အပြုံးလှလှလေးတွေနဲ့ရယ်မောနိုင်အောင်လုပ်နိုင်သည်။

" ၁လလည်းနည်းလားလို့.. ဘာပဲဖြစ်ဖြစ်ပါ ဒီတိုက်ခန်းလေးမှာ အမှတ်တရတွေအများကြီးရှိတာမို့ ငါတော့သဘောကျတယ်။ ဖြစ်နိုင်ရင် Yang အိမ်တော်မှာမနေချင်ဘူး။ ဒီမှာပဲလာနေချင်တယ်။ တကယ်လို့ ငါသာနမော်နမဲ့နဲ့ work ID card မကျန်ခဲ့ဘူးဆိုရင်.. "

" ဘာလို့လဲ ? ကိုယ်နဲ့လက်ထပ်ရမှာကို ဒီလောက်တောင်အလိုမရှိတာလား "

" အမှန်တိုင်းပြောရရင် ငါနင့်အပေါ်သံယောဇဉ်ရှိတယ်။ ဒါပေမယ့် နင်သိတယ်မလား။ ငါတို့က လုံးဝရန်သူတွေလေ။ လက်သာထပ်ရမှာ အခုထိနင်ငါ့အပေါ် ဘယ်လိုခံစားချက်မျိုးရှိနေလဲဆိုတာလည်း သေချာမသိရသေးဘူး။ ဒီကိစ္စကြောင့် နင် ငါ့ကိုမုန်းသွားတာလည်းဖြစ်နိုင်တာပဲ။ ငါကတော့ နင် ငါ့ကိုထိန်းချုပ်ချင်ရုံသက်သက်နဲ့ လက်ထပ်ပွဲကိုစီစဉ်တာလို့ပဲထင်တယ်။ နင်ငါ့ကိုတကယ်မချစ်ပေးနိုင်ပါဘူး Jake "

" Jun.. ဒီလိုအထင်မှားနေမယ်ဆိုတာ ကိုယ်သိတယ်။ ဒီလက်ထပ်ပွဲက ထိန်းချုပ်ချင်ရုံသက်သက်လို့တွေးလိုက်ရင် မင်းမှားသွားမှာပေါ့။ တကယ်က ကိုယ် မင်းကိုကာကွယ်ပေးချင်ရုံပါ။ ကိုယ့်အတွက် မင်းကမင်းဖြစ်နေလို့ကို မြတ်နိုးတာ။ ထောက်လှမ်းရေးအဖြစ်နဲ့ချဉ်းကပ်ခဲ့တာတောင် ကိုယ်မင်းကိုအပြစ်မမြင်နိုင်ခဲ့ဘူး။ အဓိက,က ကိုယ်ဒီလိုမှမလုပ်ဘူးဆိုရင် ဥက္ကဌယန်းဘက်ကလူတွေက တနည်းနည်းနဲ့တော့ မင်းကိုအပြတ်ရှင်းပစ်မှာမလို့။ ကိုယ်ပြောတာတွေကို အခုချိန်ထိတော့ မင်းကောင်းကောင်းနားလည်နိုင်သေးမှာမဟုတ်ပေမယ့် အချိန်တန်တဲ့အခါ သဘောပေါက်လာမှာပါ "

ဒီနေ့တစ်ညတာကိုတော့ Jake နဲ့ Jun က ဒီ apartment မှာပဲ စကားတွေအများကြီးပြောကြရင်း ဆွေးနွေးတိုင်ပင်ကြရင်းနဲ့သာ ကုန်ဆုံးစေခဲ့သည်။ ထူးဆန်းတာလေးတစ်ခုရှိသည်။ သူမအိပ်ခန်းက လာဗန်ဒါရနံ့လေးတွေလည်း သင်းလို့။ သူမ,မသိလိုက်တဲ့ ဟိုတစ်ခါ Jake ယူလာတဲ့ ရေမွှေးပုလင်းလေး ကျကွဲသွားတာကြောင့် ဖြစ်နေနိုင်သည်။

_
လက်ထပ်ပွဲမတိုင်ခင် ၅ရက်အလို။

" hyung.. ဒီအခါ ကျွန်တော်က hyung ကို စွပ်စွဲမယ့်စကားမျိုးတွေပြောလာခဲ့ရင်ရော hyung ကျွန်တော့်ကို သေနတ်နဲ့ချိန်ဦးမှာလား? ဒါမှမဟုတ် ချိန်တာထက်ကိုပိုမှာလား "

" ဘာပြောချင်တာလဲ Jungwon.. hyung မှာ မင်းနဲ့စနောက်နေဖို့အချိန်မရှိဘူး "

" မဟုတ်မှလွဲရော.. hyung လက်ချက်လား? လူယုံတော်မင်ကိစ္စက.. "

" မင်းကြိုက်သလိုလွတ်လပ်စွာတွေးမြင်လို့ရတယ် Jungwon ။ ဒီအတွက်လည်း ငါ့စိတ်ထဲ ဘယ်လိုမှမနေဘူး "

" အာ.. ဒါဆို hyung က ကျွန်တော်တို့ Yang မျိုးနွယ်ရဲ့အတု‌အယောင်သားဦးပါလို့ ထင်လိုက်ရင်ရော? "

" ......... "

" ဘာလဲဘာလဲ? တကယ်ကြီးဟုတ်နေတာပဲ! စိတ်မပူပါနဲ့ hyung ။ Jake ရဲ့ ရှင်းမ်ဂျယ်ယွန်းဆိုတာက အတိတ်မှာကျန်နေခဲ့ပြီပဲလေ။ အခုကျွန်တော်တို့က တစ်သားတည်းပဲမလား? ဟုတ်တယ်မလား? hyung ဟုတ်တယ်လို့ပြောပေးနိုင်မလား? ဘာပဲဖြစ်ဖြစ် hyung က ကျွန်တော့်ရဲ့အစ်ကိုဆိုတာ ပြောင်းလဲမသွားဘူးမလား? ဟင်.. "

" တောင်းပန်ပါတယ် Jungwon.. hyung က မင်းလိုချင်တောင့်တခဲ့တဲ့ အစ်ကိုမျိုးမဟုတ်ခဲ့လို့.. "

ထို့နောက် Jake က Jungwon ကို ကျောခိုင်းပြီးလှည့်ထွက်လာခဲ့သည်။ Jungwon ကတော့ ကျန်နေခဲ့တဲ့နေရာမှာပဲ ကလေးတစ်ယောက်လို အလိုမကျမှုတွေအပြည့်နဲ့ အော်ဟစ်ငိုကြွေးလို့နေသည်။

သူချစ်ရတဲ့သူ့အစ်ကိုက ဒီတစ်ခါတော့ သူ့ခေါင်းကိုသေနတ်နဲ့တောင် ချိန်မသွားခဲ့ဘူးလေ။

_
လက်ထပ်ပွဲမတိုင်ခင် ၃ရက်အလို။

Jun က Yang အိမ်တော်ကလူတွေ အိပ်မောကျနေတဲ့အချိန်ကိုရွေးပြီး ဥက္ကဌကြီးယန်းရဲ့ကိုယ်ပိုင်ရုံးခန်းထဲ ခိုးဝင်ဖို့ကြိုးစားသည်။ ယန်းဂျူမွန်းရဲ့ရုံးခန်းကို Jake တောင် ဥက္ကဌကြီးအမိန့်မရှိဘဲ ဝင်ခွင့်မရှိဘူး။ ဒါပေမယ့် Jake ကတော့ အခုတလော ဥက္ကဌယန်းသတိလစ်မေ့မျောနေတဲ့အချိန်မှာ မကြာမကြာဝင်ဖြစ်တာကို သူမသိသည်။ ဒီတော့ သူမလည်း Jake လမ်းစဉ်အတိုင်း မသိမသာလိုက်ရတော့တာပေါ့။ အခုချိန်ဆို Jake လည်း သူ့အခန်းထဲမှာသူ အိပ်မောကျနေလောက်ပြီမို့ သူမအတွက်အခွင့်ကောင်းပေါ့။

လျှို့ဝှက်ကုဒ်ကိုရိုက်ထည့်ပြီး ရုံးခန်းထဲခိုးဝင်ခြင်းအောင်မြင်သည်။ မီးခံသေတ္တာကိုအရင်ရှာရမယ်။ အရင်ခေတ်ကလူကြီးတွေက အရေးကြီးတဲ့စာရွက်စာတမ်းတွေကို လျှို့ဝှက်မီးခံသေတ္တာထဲ ထည့်သိမ်းထားတတ်ကြတယ်မလား။ ဒီဘိုးတော်ကြီးလည်း အတူတူပဲနေမှာ။ ဒါမှမဟုတ်လည်း ဘိုးတော်ကြီးရဲ့ရုံးခန်းထဲ လျှို့ဝှက်အခန်းတွေဘာတွေများရှိနေလောက်မလား။

သူမ ရုံးခန်းတစ်ခုလုံးကိုမွှေနှောက်ကြည့်တော့ ဘာလျှို့ဝှက်ခန်းမှရှိမနေ။

" ဟူး...အလကားသက်သက် အထင်ကြီးမိတာတောင် ပင်ပန်းသွားပြီ "

အဲ့အစားသူမ,တွေ့လိုက်ရတာက အလုပ်စားပွဲခုံအောက်ဆုံးထပ်‌က မီးခံသေတ္တာတစ်လုံး။ လျှို့ဝှက်ကုဒ်နံပါတ်နဲ့ဖွင့်လို့ရသလို လျှို့ဝှက် qr code scan ဖတ်ရတဲ့ကဒ်ပြားသော့နဲ့လည်းဖွင့်နိုင်သည်။ ခက်တာက သူမမှာ scan card လည်းမရှိသလို လျှို့ဝှက်ကုဒ်နံပါတ်ကိုလည်း သိ‌မနေ။ အဲ့တော့ သူမ,လုပ်နိုင်တာတစ်ခုပဲရှိသည်။ အခုပဲ Jake ရဲ့အခန်းထဲခိုးဝင်ရမယ်။ ဟိုနေ့တနေ့က Jake နဲ့အတူ ဒီထဲဝင်တော့ သူ့လက်ထဲကိုင်ထားတဲ့ကဒ်ပြားလေးကို သူမသတိရသွားလို့ဖြစ်သည်။ အဲ့ကဒ်ပြားက Jake ဆီမှာရှိနေမယ်ဆိုတာ သေချာသည်။

Jake ရဲ့အိပ်ခန်းကအစ လျှို့ဝှက်ကုဒ်နဲ့ဖွင့်မှဝင်လို့ရသည်။ နားလည်ပေးနိုင်ပါတယ်။ သူတို့မျိုးနွယ်အချင်းချင်းတောင် ယုံကြည်လို့ရတဲ့လူတွေမှမဟုတ်ဘဲ။ သူမတစ်ယောက်တည်းကသာ Jake အခန်းရဲ့လျှို့ဝှက်နံပါတ်ကိုသိသည်။ ဒီလောက်မှသူမကိုမပြောပြထားရင် သူမဘက်ကလည်း သေရင်သေပါစေ Jake ကိုအတင်းငြင်းလွှတ်ပစ်မယ့်လူစားမျိုး။

အိပ်မောကျနေတဲ့ Jake က တအားဖြူစင်ပြီးချစ်စရာကောင်းလွန်းလို့ သူမအသည်းယားမိသည်။ စိတ်ရှိတဲ့အတိုင်းသာဆို သူမ Jake ရဲ့ပါးတွေကို ဆွဲညစ်မိမယ်ထင်သည်။ ‌ဒါပေမယ့် အခုကတော့မဖြစ်သေးဘူး။ ဒါတွေလုပ်နေရမယ့်အချိန်မဟုတ်ဘူး။

သူမ Jake ရဲ့အဝတ်ဗီဒိုကို အရင်မွှေလိုက်သည်။ ရှာမတွေ့။ ကုတင်အောက်‌ရော မီးအိမ်တင်ထားတဲ့စားပွဲခုံရော တစ်ခန်းလုံးအနှံ့ အသံတိတ်ဝင်မွှေသည်။ ဒါပေမယ့်ရှာမတွေ့။ ဒီတော့ သူမရှာဖို့ကျန်တာတစ်ခုပဲရှိတော့သည်။ အဲ့ဒါ Jake ပဲ။ Jake က ညအိပ်ရင်တောင် ညအိပ်ဝတ်စုံလဲအိပ်တတ်တဲ့လူမျိုးမဟုတ်ဘူး။ တစ်ခုခုဆို ချက်ချင်းအပြင်ထထွက်နိုင်အောင် အသင့်တစ်ခါတည်းပြင်ဆင်ထားသလားအောင့်မေ့ရသည်။

Jun က Jakeရဲ့ဂျာကင်အိတ်ကပ်တွေထဲလိုက်ရှာဖို့အတွက် Jake ရဲ့အနားကို သတိကြီးစွာတိုးကပ်လိုက်သည်။ ထို့နောက် သူမရဲ့လက်တွေကမဝံ့မရဲနဲ့ Jake ရင်ဘတ်နားက အိတ်ကပ်ကိုထိကိုင်လိုက်သည်။ အဲ့အချိန်မှာပဲ အိပ်မောကျနေတဲ့ Jake က ရုတ်တရက်ဆန်စွာ သူမရဲ့လက်ကိုလှမ်းပြီး ဖမ်းဆုပ်ထားလိုက်သည်။ သူမကတော့ လိပ်ပြာလွင့်မတတ်လန့်ဖြန့်သွားပေမယ့်ပေါ့။

" babe? "

Jakeက ချက်ချင်းဆိုသလို ကုတင်ဘေးက မီးအိမ်ခလုတ်ကြိုးကိုလှမ်းဆွဲလိုက်သည်။ မီးအလင်းရောင်က သူမရဲ့ငိုမဲ့မဲ့ဖြစ်လာတဲ့မျက်နှာကို လင်းသွားစေသည်။

shii.. သောက်ပြဿနာပဲ။

" babe ဘာလုပ်နေတာလဲ? အိပ်ချိန်ကြီးကို.. တစ်ယောက်တည်းအိပ်ရမှာ ကြောက်လို့လား? "

" ဟို.. အင်း! "

မတတ်နိုင်တာမို့ သူမ ခေါင်းကိုတွင်တွင်ညိမ့်ရင်း ဟန်ဆောင်လိုက်ရသည်။

" ကိုယ်ဖက်ထားပေးမယ် အိပ်ပျော်အောင်အိပ်နော် "

ဒါက ဘယ်လောက်တောင်မှကြာပြီလဲ။ Jake ရဲ့နွေးထွေးတဲ့ရင်ခွင်ထဲ တိုးအိပ်ခွင့်မရတာ။ ဒီလိုနဲ့ပဲ သူမလာရင်းအကြောင်းကိစ္စကိုတောင်မှ မေ့သွားတော့မလို့။ နေပါဦး ငါ ကဒ်ပြားကိုရအောင်ရှာရဦးမယ်။ ထုံးစံအတိုင်း ခေါင်းအုံးနဲ့ခေါင်းထိတာနဲ့ တစ်ချိုးတည်းပြန်အိပ်ပျော်သွားတဲ့ ဝံပုလွေပေါက်လေး။ သူမက Jake ကို ဖက်သလိုလို ဘာလိုလိုနဲ့ ရှိသမျှဂျာကင်အိတ်ကပ်ကို အကုန်လိုက်စမ်းကြည့်သည်။ ဟိုစမ်းဒီစမ်းလုပ်ရင်းနဲ့မှ လက်ကမတော်တဆ Jake ရဲ့ဂျင်းဘောင်းဘီအနောက်အိတ်ကပ်နားကို သွားထိမိသည်။

အယ်! ကဒ်ပြား?

သူမလည်း ကဒ်ပြားလို့ထင်ရတဲ့အရာကို Jake ရဲ့ဂျင်းဘောင်းဘီအနောက်အိတ်ကပ်ထဲကနေ အသာဆွဲထုတ်လိုက်သည်။

" ကဲ ဒါဖြင့် အိပ်မက်လှလှလေးဆက်မက်နေလိုက်ပါဦး Jake "

Jun က အခန်းထဲကထွက်မသွားမီ Jake ရဲ့နဖူးပြင်လေးကို အကြင်နာဖွဖွပေးလိုက်သေးသည်။ သူမဘာတွေလုပ်သွားလဲ အကုန်သိနေတဲ့ Jake က ဒီတစ်ခေါက်မှာလည်း အိပ်ချင်ယောင်ဆောင်နေခဲ့‌တာတဲ့။

Jun ကတော့ ဘိုးတော်ကြီးရုံးခန်းဘက်ကို ကုပ်ချောင်းကုပ်ချောင်းနဲ့ လူခိုးလူမမိအောင် သိုင်းကွက်နင်းပြီးသွားနေရသည်။ အခန်းတံခါး‌ရဲ့လျှို့ဝှက်ကုဒ်ကိုနှိပ်ပြီးရုံရှိသေး အနောက်ကနေလူတစ်ယောက်က သူမကိုအခန်းထဲတွန်းပို့ပြီး အတူလိုက်ဝင်လာသည်။ ထို့နောက်အခန်းထဲရောက်တော့ သူမကို တံခါးဘက်မှီခိုင်းထားပြီး ထိုလူကတိုးတိုးနေဆိုတဲ့သင်္ကေတဖြင့် သတိပေးသည်။

အခန်းမီးခလုတ်က သူမလက်တစ်ကမ်းအလိုမှာမို့ မီးလုံးတွေက အခန်းတစ်ခုလုံးကို ထိန်းလင်းသွားသည်။ သူမမျက်နှာချင်းဆိုင်မှထိုလူကတော့ တခြားလူမဟုတ်။ သူမရဲ့သတို့သားလောင်း Jake ပင်။

" Jake! "

" အင်း ကိုယ်သာအချိန်မီရောက်မလာရင် မင်း လူယုံတော်ချွဲဆီမှာ မိသွားတော့မလို့။ ပြီးတော့ ကိုယ့်ဘောင်းဘီအိတ်ထဲကကဒ်ပြား ယူသွားတယ်မလား လျှို့ဝှက်အေးဂျင့် Jun "

" အဲ့ဒါက....ဒီမှာ "

သူမလည်း ပြဿနာကြီးကြီးမားမားမတက်ချင်တာကြောင့် သူမလက်ထဲကကဒ်ပြားကိုပြလိုက်သည်။

" babe အလုပ်ကိုအရမ်းကြိုးစားနေမှန်း ကိုယ်သိပါတယ်။ ဒါပေမယ့် ဒါက အရမ်းမိုက်လွန်းရာကျမနေဘူးလား? တကယ်လို့ ကိုယ်သာ တကယ့် Yang မျိုးနွယ်ဆိုရင်ဘယ်လိုလုပ်..."

" ဟင်? အဲ့ဒါ ဘာကိုဆိုလိုချင်တာလဲ Jake.. နင်က Yang မျိုးနွယ်ရဲ့အကြီးဆုံးသားမဟုတ်ဘူးတဲ့လား.. "

" ............ "

" ဖြေလေ Jake! ငါတော့ သိသင့်တယ်မလား "

Jake က ဘာမှရှည်ရှည်ဝေးဝေးတွေပြောပြမနေတော့ဘဲ ဥက္ကဌယန်းဂျူမွန်းရဲ့မီးခံသေတ္တာကို ကဒ်ပြားနဲ့ဖွင့်လိုက်ပြီး အထဲမှာရှိတဲ့စာရွက်စာတမ်းတစ်ချို့နဲ့ ဒိုင်ယာရီစာအုပ်တစ်အုပ်ကိုပါယူပြီး သူမကိုပြလိုက်သည်။

အရင်ဆုံးသူမစိတ်ဝင်စားတာက စာရွက်စာတမ်းတွေ။

၁၉၉၀ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့။
ဥက္ကဌကြီးယန်းဂျန်ဟွန်းမှ Yang မျိုးနွယ်ရဲ့စီးပွားရေးလုပ်ငန်းစုအားလုံးကို Yang အိမ်တော်ရဲ့အကြီးဆုံးသားဖြစ်သူ ယန်းဂျူမွန်းထံ လွှဲပြောင်းပေးအပ်ခြင်းတဲ့။ ဒါက သူမပထမဦးဆုံးကိုင်ကြည့်လိုက်တဲ့စာချုပ်တစ်ခု။

ဒုတိယစာချုပ်။
၂၀၀၀ခုနှစ် အောက်တိုဘာလ ၃၀ရက်နေ့။
Yang အဖွဲ့အစည်းရဲ့စီးပွားရေးလုပ်ငန်းစုတစ်ဝက်ကို Yang အိမ်တော်ရဲ့အငယ်ဆုံးသမီးဖြစ်သူယန်းယူဂျောင် a.k.a (လက်ရှိ Simမျိုးနွယ်စုအဖြစ်ကူးပြောင်းပြီး) Sim အိမ်တော်ရဲ့ဒုဥက္ကဌ ရှင်းမ်ယူဂျောင်မှလက်ခံရရှိကြောင်းသဝန်လွှာ။

တတိယစာချုပ်။
၂၀၀၁ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့။
Sim အိမ်တော်မှပိုင်ဆိုင်ခဲ့သည့် Yang မျိုးနွယ်စုရဲ့စီးပွားရေး group များအား ဥက္ကဌကြီးယန်းဂျူမွန်းမှ ပြန်လည်လက်လွှဲရယူခြင်း။
[ဒီစာချုပ်မတိုင်ခင်ညမှာ ရှင်းမ်ဂျယ်ယွန်းရဲ့မိဘတွေကို ဥက္ကဌယန်းဂျူမွန်းက လက်စဖျောက်ရှင်းလင်းခဲ့သည်။]

ဒါကတော့ နောက်ဆုံးစာချုပ်ဖြစ်ပုံရသည်။
၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်။
ဥက္ကဌကြီးယန်းဂျူမွန်းမှ Yang Jake ထံသို့ Yang လုပ်ငန်းစုအားလုံးနှင့်တကွ Yang မျိုးနွယ်ထိပ်တန်းအကြီးအကဲအရိုက်အရာအပ်နှံခြင်း။

စာရွက်စာတမ်းတွေက အားလုံးပေါင်းမှ ၄ရွက်သာရှိသည်။ စာချုပ်ပါအကြောင်းအရာတွေကလည်း ရိုးရှင်းလှသည်။ ဘိုးတော်ကြီးရဲ့ဒိုင်ယာရီမှတ်စုကိုမဖတ်ဘဲ ဒီစာရွက်၄ရွက်နဲ့တင် အဖြေမှန်သိနိုင်သည်။

တကယ်တော့ ဒီကိစ္စတွေက ဥက္ကဌကြီးယန်းဂျန်ဟွန်းရဲ့ Yang မျိုးနွယ်စုကစခဲ့တဲ့စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သည်။ ဒါကို အကြီးဆုံးသားဖြစ်တဲ့ယန်းဂျူမွန်းကိုလွှဲပေးခဲ့သည်။ အငယ်ဆုံးသမီးယန်းယူဂျောင်ကတော့ ဒီလိုအမွှေဆက်ခံမှုမှာ သူမအတွက်တရားမျှတမှုမရှိသလိုခံစားခဲ့ရတာတွေအတွက် ၁၀နှစ်အကြာမှာ သူမအစ်ကိုယန်းဂျူမွန်းဆီကနေ စီးပွားရေးgroup‌ တွေထဲကလုပ်ငန်းတစ်ဝက်ကို တစ်ဖက်လှည့်နဲ့ပြန်လည်လုယူခဲ့ခြင်းဖြစ်သည်။ ဒါ့အပြင် ယန်းယူဂျောင်က Sim မျိုးနွယ်ထဲဝင်ပြီး ရှင်းမ်ယူဂျောင်အဖြစ်နဲ့ ရပ်တည်နိုင်ခဲ့သည်။

သူ့ရဲ့လုပ်ငန်းစုတွေကိုမတရားတဲ့နည်းနဲ့ခိုးယူခံခဲ့ရတဲ့ယန်းဂျူမွန်းက ညီမအရင်းဖြစ်သူရှင်းမ်ယူဂျောင်အပေါ် အမုန်းတရားတွေပေါက်ဖွားလာခဲ့သည်။ ဒီလိုနဲ့ ယန်းဂျူမွန်းခဗျာ ညီမဖြစ်သူလုသွားတဲ့လုပ်ငန်းစုတွေက တကယ့် greatတွေချည်းဖြစ်တဲ့အပြင် ကျန်ရှိနေတဲ့လုပ်ငန်းစုတွေကလည်း မကြာမီဒေဝါလီခံရတော့မယ့်အဖြစ်နဲ့ပါ ကြုံတွေ့လာရတာကြောင့် ဘယ်လိုမှသည်းခံခွင့်မလွှတ်နိုင်ဘဲ Sim မျိုးနွယ်ကို လက်စဖျောက်ကာလက်စားချေမုန်းခဲ့ခြင်းဖြစ်သည်။

ဒီတော့ ဥက္ကဌကြီးယန်းဂျူမွန်းက Yang Jake ရဲ့အဖေမဟုတ်ဘဲ ဦးရီးတော်ပေါ့။ ရှင်းမ်ဂျယ်ယွန်းရဲ့အမေဖြစ်သူက ယန်းဂျူမွန်းရဲ့ညီမ ယန်းယူဂျောင်ဖြစ်နေခဲ့သည်။ ရှင်းမ်အိမ်တော်က သားဖြစ်သူရှင်းမ်ဂျွန်ယောန်းနဲ့လက်ထပ်ပြီးနောက်မှာ ရှင်းမ်ယူဂျောင်အဖြစ်ပြောင်းလဲခဲ့သည်။

အဖြစ်မှန်အားလုံးကို နားလည်သဘောပေါက်သွားတဲ့ Jun က Jake ကိုထွေးဖက်လိုက်သည်။ သူ့ဘဝရဲ့သက်တမ်းတစ်လျှောက်လုံး အသည်းမာချင်ယောင်ဆောင်နေခဲ့တဲ့ အဖြူထည်ဝံပုလွေပေါက်လေးက အခုတော့ သူမရင်ခွင်ထဲမှာ ငိုနေရှာသည်။ သူမက Jake ရဲ့ခေါင်းကိုဖွဖွလေးသပ်ပေးကာ နှစ်သိမ်ပေးလိုက်သည်။

" ဘာမှမစိုးရိမ်နဲ့ Jake.. အခု ငါတို့လက်ထဲမှာ သက်သေအထောက်အထားတွေလည်းရှိနေပြီလေ။ ဒိုင်ယာရီထဲမှာလဲ ယန်းဂျူမွန်းက သူ့ညီမရဲ့ Sim မျိုးနွယ်မိသားစုကိုပျက်ဆီးစေခဲ့တဲ့အကြောင်းလည်း ဝန်ခံပြီးရေးထားသေးတယ်။ နင်ဘယ်လောက်ထိနာကြဉ်းနေမလဲ ငါနားလည်ပါပြီ။ တရားဥပဒေနဲ့အညီ ယန်းဂျူမွန်းကျူးလွန်ခဲ့တဲ့အပြစ်တွေနဲ့ထိုက်တန်တဲ့ပြစ်ဒဏ်ကို ချမှတ်သွားမှာမို့ "

" Jun.. "

" အင်း "

" တကယ်လို့ ငါက သူ့ကို သွေးကျွေးပြန်ဆပ်စေချင်တယ်ဆိုရင်ရော? တရားဥပဒေဘောင်အတွင်းမဟုတ်တဲ့ သွေးကျွေးမျိုး.. ငါ့မိဘတွေနာကျင်ခံစားခဲ့ရသလိုမျိုး အဲ့လူကြီးကို တထေရာတည်းအကျိုးပြန်ခံစားစေချင်တယ် "

တကယ်တော့ သူ့မိဘတွေကလည်းမှန်ကန်နေတာမျိုးမဟုတ်ပေမယ့် ယန်းဂျူမွန်းထက်စာရင်တော့ သူ့မိဘတွေကလူမသတ်ခဲ့ဘူးမလား။

"Jake ဒီမှာ ငါ့ကိုကြည့်ပါဦး.. နင်လည်းသိမှာပါ။ ရန်ကိုရန်နဲ့တုန့်ပြန်တာဟာ အသိဉာဏ်မဲ့တဲ့လုပ်ရပ်ဆိုတာ။ တကယ်လို့နင်က အဲ့လိုလုပ်ရမှကျေနပ်နိုင်မယ်ဆိုရင်တောင် နင်ကအဲ့ယန်းဂျူမွန်းလိုလူမျိုးနဲ့ ဘာများကွာခြားနေဦးမှာလဲ? အဲ့လိုသာဆို နင်လည်းသူ့လိုလူမျိုးပဲဖြစ်လာလိမ့်မယ်။ ပြီးတော့ ယန်းဂျူမွန်းခံစားရမယ့်တရားဥပဒေရဲ့ဒဏ်‌ခတ်မှုတွေကိုလည်း နင်ကပဲသူ့ကိုယ်စား ပြန်ခံစားနေရဦးမှာလေ။ ငါနင့်ကို ဒီတစ်ခုလေးပဲမေးချင်တယ်။ နင်ငါနဲ့လက်မထပ်တော့ဘူးလား Jake.. "

" ကိုယ်နားလည်ပါပြီ။ သေချာပေါက် မင်းကို ကိုယ့်အပိုင်ဖြစ်လာအောင်လုပ်မှာမို့ စိတ်မပူပါနဲ့။ babe မကြိုက်တဲ့အရာတွေမှန်သမျှ ကိုယ်လုပ်ဖို့စိတ်ကူးလည်းမရှိဘူး။ ပြီးတော့ သူ ကိုယ့်လက်နဲ့မသေရင်တောင် ယန်းဂျူမွန်းက မကြာခင်ငရဲသွားရတော့မယ့်လူပဲလေ။ သူ တရားဥပဒေကိုတောင်ရင်ဆိုင်နိုင်ဖို့ အချိန်ရှိပါတော့မလားပဲ "

" ဒါဆိုဘယ်ဖြစ်မလဲ။ ဒီသက်သေခံပစ္စည်းတွေကို ဌာနမှာအမြန်အပ်မှဖြစ်မယ်။ ဒါမှလည်း ငါက ACE အဖြစ်နဲ့ အကြီးအကဲရာထူးကိုရမှာ။ အာ.. ပြီးတော့ နင့်ညီလေးယန်းဂျောင်ဝန်းနဲ့ တခြားအပြစ်မဲ့တဲ့ Yang မျိုးနွယ်တွေအတွက်တော့ စိတ်ချပါ။ သူတို့လုံးဝမထိခိုက်စေရဘူးလို့ ကတိပေးတယ် "

" အင်း အရာအားလုံးအတွက်ကျေးဇူးပါ Jun.. "

_
ဥက္ကဌယန်းဂျူမွန်းရဲ့ကျန်ရှိနေတဲ့လူယုံတော်ချွဲမှာ‌ တရားဥပဒေနှင့်အညီရင်ဆိုင်လိုက်ရသည်။ ယန်းဂျူမွန်းကတော့ သူ့လူယုံတော်မင် အသတ်ခံရတဲ့သတင်းကြားပြီးကတည်းက သတိလစ်မေ့မျှောသွားခဲ့ရာကနေ သတိလုံးဝပြန်လည်မလာတော့ဘဲ ဇီဝိန်ချုပ်ငြိမ်းသွားခဲ့သည်။ ဒါပေမယ့် ယန်းဂျူမွန်းရဲ့ဝိဉာဥ်ကိုတော့ အရေးပိုင်ထောင်ပိုင်မင်းရဲ့အမိန့်အာဏာစက်နဲ့ နှစ်၁၀၀တိုင်တိုင် တိုက်ပိတ်ပြီးချုပ်နှောင်ထားမှာဖြစ်သည်။

လူယုံတော်ချွဲကတော့ ယန်းဂျူမွန်းရဲ့ Simမျိုးနွယ်ကိုသတ်ဖြတ်မှုမှာ အလိုတူအလိုပါဖြစ်ခဲ့တဲ့အပြင် လူသတ်မှုကြောင့် တစ်သက်တစ်ကျွန်းအမိန့်ကိုချမှတ်ခံလိုက်ရသည်။ လူသတ်မှုဆိုတာပြောရရင် ဟိုတလောတုန်းက လက်စဖျောက်ခံခဲ့ရတဲ့လူယုံတော်မင်က တကယ်တမ်းတော့ လူယုံတော်ချွဲရဲ့လက်ချက်ဖြစ်နေခဲ့သည်။

ဒီလျှို့ဝှက်အမှုအတွက်ချမှတ်ဖို့ပြစ်ဒဏ်တွေလည်း စီရင်ပြီးပြီမို့ သက်ဆိုင်ရာလူကြီးတွေနဲ့ သူမတို့လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ဝင်များအတွက် စိတ်အေးသွားနိုင်ခဲ့သည်။

ရှင်းမ်ဂျယ်ယွန်းက သတင်းစာရှင်းလင်းပွဲမှာ တည်ငြိမ်စွာထိုင်ကာ အတိတ်ကဖြစ်ရပ်များနှင့်ပတ်သတ်ပြီး အများပြည်သူလူထုရှေ့မှာ အကုန်ဖွင့်ထုတ်ပြလိုက်သည်။ အဲ့နောက်ပိုင်းမှာတော့ ၂ပတ်အကြာထိ သတင်းမီဒီယာတွေမှာ မျိုးနွယ်နှစ်စုရဲ့ရှုပ်ထွေးမှုအကြောင်းတွေချည်းသာ ရေပန်းစားနေတော့သည်။

" ၂၂နှစ်အကြာမှဖြေရှင်းအောင်မြင်နိုင်ခဲ့တဲ့ Yang နဲ့ Sim အင်အားကြီးမျိုးနွယ်နှစ်စုကြားက စီးပွားလုပ်ငန်းစုအပြိုင်လုခြင်းနှင့် ကိုယ်ရေးကိုယ်တာလျှို့ဝှက်ချက်ပဋိပက္ခများ "

" လာဘ်ပေးလာဘ်ယူလုပ်ခြင်းနှင့် Yang မျိုးနွယ်ရဲ့ရက်စက်ကြမ်းကြုပ်မှုများ "

" Yang မျိုးနွယ်ရဲ့ Sim မျိုးနွယ်အပေါ်လက်စဖျောက်သတ်ဖြတ်မှု "

" ဒုဥက္ကဌ Yang Jake က Yang နဲ့ Sim မျိုးနွယ်နှစ်စုရဲ့ပေါင်းစပ်မှုဆုလဒ်ဖြစ်နေခြင်း "

" Yang Jake ရဲ့ သရုပ်မှန် ရှင်းမ်ဂျယ်ယွန်းဘဝအကြောင်း "

ဒီကိစ္စကြောင့်နဲ့ Jun နဲ့ Jake ရဲ့လက်ထပ်ပွဲကို ‌၁၁ရက်လောက်နောက်ဆုတ်လိုက်ရသည်။

_
D-Day wedding day

ဂျယ်ယွန်း တကယ်တော့ သူမတကယ်ကြီး အဲ့အနက်ရောင်သတို့သမီးဝတ်စုံကို ဝတ်လိမ့်မယ်လို့မထင်ထားခဲ့ဘူးလေ။

" အတည်လား babe? ကိုယ်ရွေးပေးတဲ့အဖြူလေးရော "

" အင်းလေ ငါတို့ဒီကိစ္စကိုဝတ်စုံရွေးတဲ့နေ့တည်းက ပြောခဲ့ပြီးသားလေ။ နင့်ဘာနင် ပိုက်ဆံပေါလို့ အဖြူရောင်တစ်စုံထပ်ဝယ်ပေးခဲ့ပြီးတော့။ အဲ့အဖြူနင်ကြိုက်တယ်ဆိုလည်း ကိုယ့်ဘာကိုယ်ဝတ်လိုက်ပါလား "

" ဟုတ်ပြီဟုတ်ပြီ။ ကိုယ်ဘာမှမပြောတော့ပါဘူး babe သဘောပဲနော်။ အနက်ရောင်လေးနဲ့လည်း လှတယ်။ ကိုယ်ဆိုလိုတာက မင်္ဂလာပွဲမို့ ကိုယ့်မိန်းကလေးကို အဖြူရောင်လေးနဲ့တွဲမြင်ချင်ရုံပါ။ babe က အနက်မှအနက်ဆိုတော့လည်း babe သဘောပဲပေါ့။ ဒါဆို ခဏနေ Jungwon လက်ကိုတွဲပြီးဝင်ခဲ့နော်။ ကိုယ်စောင့်နေမယ် "

" အင်း "

သူမအရမ်းစိတ်လှုပ်ရှားနေတာမို့ ကဏာမငြိမ်ဖြစ်နေသည်။ မင်္ဂလာပွဲလည်းစတော့မှာမို့ သူမရဲ့မတ်ဖြစ်သူ ယန်းဂျောင်ဝန်းတောင် လာခေါ်နေပြီ။ ဒီမင်္ဂလာပွဲမှာ သူမနဲ့ဂျယ်ယွန်းရဲ့နှစ်ဖက်မိဘတွေမရှိကြတော့တာကြောင့် တခြားသတို့သမီးတွေလိုမျိုး အဖေဖြစ်သူရဲ့လက်မောင်းကိုချိတ်ပြီးလည်း ခန်းမထဲမလျှောက်နိုင်ဘူးလေ။ ဒီတော့ ဂျယ်ယွန်းရဲ့ညီလေးယန်းဂျောင်ဝန်းကပဲ သူမကို ခန်းမထဲကသတို့သားဆီတွဲခေါ်လာပေးရသည်။

ယန်းဂျောင်ဝန်း သူ့အစ်ကိုလက်ထဲ သတို့သမီးကိုကျေကျေနပ်နပ်ကြီး အပ်နှံပေးလိုက်သည်။ သတို့သားနဲ့သတို့သမီးနှစ်ယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မျက်နှာပိုးမသတ်နိုင်အောင် လှပစွာရယ်မောနေကြသည်။

" Dear Sim Jaeyun , ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ နာမကျန်းသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ အစဥ်အမြဲချစ်ခင်မြတ်နိုးစွာနဲ့ စောင့်ရှောက်ပေးမယ်လို့ ထာဝရကတိပြုပါတယ် "

" Dear Jun, ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ နာမကျန်းသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ အစဥ်အမြဲချစ်ခင်မြတ်နိုးစွာနဲ့ စောင့်ရှောက်ပေးမယ်လို့ ထာဝရကတိပြုပါတယ် "

ဂျယ်ယွန်းက သူမရဲ့ဘယ်ဘက်လက်သန်းကြွယ်ထက်မှာ စိန်စီခြယ်ထားတဲ့ငွေရောင်လက်စွပ်လေးကို ချစ်မြတ်နိုးစွာ ပန်ဆင်ပေးလိုက်သည်။ Jun ကလည်း ဂျယ်ယွန်းရဲ့မျက်နှာလေးကိုပဲ ကြည်နူးစွာပြုံးကြည့်ရင်း ဂျယ်ယွန်းဘယ်လက်သန်းကြွယ်လေးမှာ လက်ထပ်လက်စွပ်လေးအား စွပ်ပေးလိုက်သည်။ မင်္ဂလာမောင်နှံနှစ်ဦးက လက်ထပ်လက်စွပ်တွေကို အပြန်အလှန်ဖလှယ်လိုက်ကြသည်။

" သတို့သားက သတို့သမီးကို ချိုမြိန်တဲ့အကြင်နာပေးနိုင်ပါပြီ "

" အကြင်နာပေးပါ! "

မင်္ဂလာပွဲကိုကြွရောက်လာကြတဲ့ Jun ရဲ့အဖွဲ့ဝင်တွေရဲ့အသံကတော့ အဆိုးဆုံးပေါ့။ အောက်ကနေ ဝိုင်းပြီးအားပေးအားမြှောက်ပြုနေကြသည်။

ဂျယ်ယွန်းက သူ့ရှေ့မှာရှက်နေတဲ့သတို့သမီးလေးရဲ့ ပါးပြင်ကိုလက်ဖဝါးနဲ့အသာဆွဲယူကာ သူမနှုတ်ခမ်းထက် နူးညံ့တဲ့အနမ်းလေးတစ်ပွင့်ကိုခြွေလိုက်သည်။

ထို့နောက်မှာတော့ စင်ပေါ်မှာဖျော်ဖြေကြမယ့် သူမရဲ့‌အဖွဲ့ဝင်တွေက နေရာယူလိုက်ကြသည်။ သူမဘဝမှာ အပျော်ရွှင်ဆုံးသောနေ့ရက်လေးဖြစ်ခဲ့ပြီး ကောင်းမွန်တဲ့အမှတ်တရတွေကိုလည်း ဖန်တီးနိုင်ခဲ့သည်။

ဂျယ်ယွန်းကတော့ သူ့ရဲ့ပူပူနွေးနွေးသတို့သမီးလေးကို အထိမခံရွှေပန်းကန်ဖြစ်နေပြီး သူမအနားကနေပီကေလိုပဲ မခွဲနိုင်ဖြစ်နေလေသည်။ Jun က ဂျယ်ယွန်းရဲ့ဘဝထဲကို မထင်မှတ်ထားတဲ့ကံကြမ္မာမျိုးနဲ့ ရောက်လာခဲ့ပြီး ဒီလောက်ထိကြီး မြတ်နိုးမိသွားမယ်မှန်းတောင် သူ မထင်ထားခဲ့ဘူး။ အမြဲသူ့ဘက်မှာပဲရှိနေပေးခဲ့တဲ့ Jun က ဂျယ်ယွန်းအတွက်တော့ တန်ဖိုးဖြတ်မရနိုင်လောက်အောင် ချစ်မိသွားခဲ့တဲ့တစ်ဦးတည်း‌သော ဒေစီဖြူလေးပဲဖြစ်သည်။

• THE END •

Extra Short cut

လွန်ခဲ့သော၂၂နှစ်ခန့်။ ၂၀၀၀ခုနှစ် မေလ။

မယ်ရီမူကြိုကျောင်းအခမ်းအနားတစ်ခုတွင် ၆နှစ်အရွယ်ကလေးလေးများ ပြဇာတ်ကနေကြသည်။ ဒီလိုနဲ့ပြဇာတ်မှာ မင်းသားလေးနဲ့ဘုရင့်သမီးတော်လေးတို့ လက်ထပ်ထိမ်းမြားကြတဲ့ ဇာတ်သိမ်းခန်းလေးရောက်လာတဲ့အခါ ဘုရင့်သမီးနေရာမှာသရုပ်ဆောင်ရတဲ့ကလေးလေးက မင်းသားနေရာမှာဝင်ရတဲ့ကလေးလေးကို ခေါင်းလှမ်းခေါက်လိုက်သည်။
အကြောင်းကတော့ မင်းသားက ဘုရင့်သမီးအတွက် လက်ထပ်လက်စွပ်ကို လက်ကနေလွတ်ကျသွားလို့တဲ့လေ။ အဲ့ဒါကနေစပြီး မင်းသားလေးနဲ့ဘုရင့်သမီးတော်တို့ အချင်းချင်းထရိုက်ကြရင်း မယ်ရီမူကြိုကျောင်းရဲ့ပြဇာတ်ကြီးလည်း ဂယက်တွေထပြီး ဇာတ်သိမ်းလိုက်ရသည်။

ထိုကလေးလေးနှစ်ယောက်ရဲ့မိဘတွေက မအားလပ်ကြတာမို့ သူတို့ကလေးရဲ့ပြဇာတ်ကိုလည်းလာမကြည့်နိုင်ကြပါဘူး။ ဒီတော့ ကလေးနှစ်ယောက်က ပွဲပြီးလို့မိဘတွေလာကြိုမှာကိုပဲ ထိုင်စောင့်နေလိုက်ကြသည်။ ထိုကလေးနှစ်ယောက်နာမည်က ရှင်းမ်ဂျယ်ယွန်းနဲ့ ဂျွန်တဲ့လေ။ ဂျယ်ယွန်းလေးရဲ့နှဖူးမှာ ဂျွန်လေးရဲ့လက်သန်ပြောင်မှုကြောင့် နီရဲနေတဲ့ဘုလေး၂ဘုထွက်နေရှာသည်။ ဂျွန်လေးရဲ့ပါးမှာတော့ ဂျယ်ယွန်းလေးကုပ်ဆွဲထားလို့ လက်သည်းခြစ်ရာ အနီစင်းကြောင်းလေးထနေရှာသည်။ ထိုကလေးနှစ်ယောက်ရဲ့ကံကြမ္မာက နှစ်ပေါင်း၂၀ကျော်ကြာတဲ့အခါမှာတော့ နူးညံ့လှပတဲ့ဇာတ်သိမ်းလေးအဖြစ်နဲ့ အဆုံးသတ်ကိုဖန်တီးနိုင်ခဲ့ကြသည်။

Comment